Wednesday 19 October 2011

မတရားဘူး

   လောကကြီး မတရားဘူးဗျာ။ ဘယ့်နှယ်ဗျာ။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ပါဦးတော့။ ကျုပ်သား အငယ်ကောင် ဖြိုးလွင် ဆေးတက္ကသိုလ် ဝင်ခွင့်ရတာကို ''ကံတရားကလည်း မတရားဘူး'' တဲ့။ သူတို့တစ်တွေ ပြောကြတာတွေလေဗျာ။ ဟင်း... ကျုပ် ပြောလိုက်ရ မကောင်းဘူး။ သူတို့တွေ မတရားတာတွေကျ မပြောကြဘူး။ တော်တော် လိပ်ကျတဲ့သတ္တဝါတွေ။
    တကယ်ဗျာ။ ကျုပ်တို့မိသားစုကို က ကံဆိုးပါတယ်ဗျာ။ အဲ ဖြိုးလွင်ဆိုတဲ့ ကျုပ်သားကတော့ ကံကောင်းတယ်တဲ့။ သူ့ ဆင်ခြေနဲ့သူကတော့ ဟုတ်တုတ်တုတ်ဗျို့။ ကျုပ်တော့ ဘာပဲပြောပြော သည်ကောင့်ကို အထင်ကြးတယ်။ အားထားတယ်ဗျာ။ ကျုပ်က ပညာတတ်မဟုတ်တော့ ပညာတတ်ဖြစ်မယ့် ကျုပ်သားကို အထင်ကြီးတာ၊ အားထားတာ အဆန်းတော့ မဟုတ်ပါဘူးနော်။ အေးဗျ။ သည်ကောင်ပြောတဲ့ စကားကတော့ အဆန်းဗျို့။
    ''အဖေရာ... ကျွန်တော်တို့ ဆင်းရဲတာကပဲ၊ ကံကောင်းတာ တစ်ခုဗျ။ ဆင်းရဲလို့ ချမ်းသာချင်ပြီး ပညာကြိုးစားသင် အလုပ်ကြိုးစားလုပ်နဲ့ နိုးနိုးကြားကြား ရှိတယ်လေ အဖေရာ။ ချမ်းသာရင်တော့ သည်စည်းစိမ်တွေ စားမကုန်ဘူးဆိုပြီး ဘာမှ ကြိုးစားပမ်းစား လုပ်မယ်မထင်ဘူး။ ခုတော့ ဆင်းရဲတာမို့ ကြိုးစားတယ်။ ရိုးရိုးသားသား ကြိုးစားတော့ အောင်မြင်တာပေါ့ဗျာ။ ကျွန်တော်ကတော့ ကံကောင်းတယ်လို့ ထင်ထားတာပဲ အဖေရာ''
    ကျုပ်တော့ သည်ကောင့်ကို တအံ့တသြ ဖြစ်သွားတာပဲ။ သူ့အပြောက ဆင်းရဲတာပဲ ကောင်းသလိုလို။ အဲ... သူဒီလိုတွေး ပြီး သူ့ဘဝသူ ရောင့်ရဲပြီး စိတ်ချမ်းသာသလို တွေးတတ်တာကပဲ ကံကောင်းဗျို့။ တချို့ လူငယ်တွေလို လိုချင်တာမရတိုင်း အဖေကို အပြစ်ဖို့ရင် မခက်လာ။ ကျုပ်က အရပ်ပုတယ်ဗျာ။ ကြားဖူးရဲ့ မဟုတ်လား။ ''လူပုစိတ်တို'' တဲ့။ ကျုပ်ကို လာအပြစ်ဖို့လို့ကတော့ သည်ကောင် မလွယ်ဘူးမှတ်။
    ကိုင်းဗျာ။ ပြောရင်းဆိုရင်းနဲ့ လမ်းချော်ကုန်ပါပြီ။ ပြန်ပြောရရင် ကျုပ်တို့ မိသားစု ကံကောင်းလို့ ဆင်းရဲတယ်ပေါ့ဗျာ။ (ဖြိုးလွင်လေ အရလေ) သည်တော့ ကံကောင်းစွာပဲ ကျုပ်က ဆိုက်ကားနင်းတယ်။ အငှား နင်းရတာပေါ့ဗျ။ ဆင်းရဲပါတယ်ဆို ဆိုက်ကားတစ်စီး အပိုင်ဝယ်နိုင်ပါ့မလားလို့။ အပိုင်ဝယ်နိုင်မှတော့ ကျုပ်ကိုယ်ကျုပ် ဆင်းရဲတယ်လို့ မပြောပါဘူး။ ခုတော့ ကျုပ်က ဆိုက်ကားကို အငှားနင်း။ ကျုပ်မိန်းမက မုန့်စိမ်းပေါင်းကို မနက်ယူ နေ့လည်ရောင်း။ ညပေးနေ့ချင်း အကျေဆပ် အမြတ်ကိုသုံး စနစ်နဲ့ရောင်း။ ကျုပ်သမီးအကြီးက မူလတန်းပြ ဆရာမလေ။
    ပြောရဦးမယ်။ ကျုပ်တို့ လင်မယားကသာ စာမတတ်ပေမတတ် ဖြစ်တာ။ ကျုပ်သမီးတွေ အားလုံးကတော့ စာတော်ပါ့ဗျာ။ အဲဒီ ကျုပ်သမီးကြီး နှင်းခင် ဆယ်တန်းအောင်တုန်းကပေါ့။ ကျုပ်ဖြင့် ဝမ်းသာလိုက်တာလေ ဘာပြောကောင်းမတုန်း။ အောင်စာရင်း ကြည့်တာ ကျုပ်ဗျ။ အောင်စာရင်းကြည့်ပြီး အပြန် ဆိုက်ကား လူမတင်ပဲနဲ့ တရကြမ်းမောင်းပြီး အိမ်ပြန်ပြေး။ သတင်းပေး၊ တစ်အိမ်လုံးလည်း ပျော်လိုက်ကြတာလေ။ ကျုပ် အဲဒီနေ့က ဆိုက်ကားသိမ်းတော့ ညဥ့်နက်ပြီ။ ဟုတ်တယ်လေ။ ကျုပ်သမီး တက္ကသိုလ် ရောက်တော့မှာဆိုတော့ ကျုပ် ကြိုးစားရတာပေါ့ဗျာ။
    ကျုပ်တို့ ဝမ်းသာနေတုန်းမှာပဲ မကောင်းသတင်းမို့ထင်ရဲ့။ ကြားရ မြန်လိုက်တာလေ။ ကျုပ်တို့ကို ပတ်ဝန်းကျင်က ပြောပြ တာ။
    ''အမလေး... နွေကလျာဝင့်ရယ်... ညည်းတော့ သေလိုက်ဖို့သာ ကောင်းတော့တာပဲဟယ်။ ဟို ဆိုက်ကားသမီး နှင်းခင် တောင် အောင်သေးတာ။ နင်က ကျူရှင်တွေ အများကြီးတက်ပြီး ကျရတယ်လို့ဟယ်။ ကျော်မကောင်း ကြားမကောင်း''တဲ့။
    ကျုပ်တို့အိမ်နဲ့ မျက်စောင်းထိုး နှစ်အိမ်ကျော်က ပြောတာလေ။ သူတို့ကို သူတို့ အနောက်တိုင်း မဆန်ဆန်အောင် နေတတ်တဲ့ မိသားစုတဲ့။ ဖြိုးလွင် နာမည်ပေးထားတာလေ။
    သူတို့သမီး ရှပ်တေးမ၊(ကန်တော့ဗျာ) ဆတ်ဆလူးမ ကျတာနဲ့ ကျုပ်သမီးအောင်တာနဲ့ ဘာဆိုင်လို့လဲ။ သူ့သမီးကို ဆုံးမချင်လည်း ရိုးရိုးဆုံးမရောပေါ့ဗျာ။ ခုတော့ ကျုပ်သမီးအောင်တာကိုများ ဘာလိုလို ညာလိုလို။ ကျုပ်ဖြင့် မုန်းလိုက်တာလေ။ ကျုပ်သား ဖြိုးလွင်ကတော့ အိမ်မှာပဲ အာကျယ်ရဲလို့ ကျုပ်ကို လှမ်းပြောတယ်။
    ''အဖေ ကျွန်တော်တော့ ခန္တီပါဝါ
အပြတ်မြှင့်ထားရတယ်'' တဲ့။
    ပထမတော့ ကျုပ် ကြောင်သွားတယ်။ သည်ကောင် လမ်းသရဲစကားတွေ သုံးနေသလားလို့။ ခုခေတ် လူငယ်တွေသုံးတဲ့ လမ်းသရဲစကားတွေက မကြားဝံ့မနာသဗျာ။ ကျုပ်သားသာ သုံးရင်တော့ နားရင်းထကျင်းမလို့။
    နောက်မှ ''ခန္တီ''ဆိုတဲ့ စကားလုံးကို တွေးမိလို့။ ကျုပ်က မြန်မာလူမျိုး။ ဗုဒ္ဓဘာသာလေဗျာ။ စာမတတ်ပေမယ့် ''ခန္တီ'' ဆိုတာ သည်းခံတာ။ ဒါဖြင့် ပါဝါဆိုတာကကော။ ဒါက အင်္ဂလိပ်စကားပဲ။ ကျုပ်တို့တွေ ''ပါဝါပြတယ်'' ဆိုပြီး ပြောပြောနေသား။ သည်ကောင့်ဟာက ဘယ်လိုကြီးလဲ။ အရှေ့တစ်လုံးက ပါဠိ။ နောက်ကတစ်လုံးက အင်္ဂလိပ်နဲ့ ကပြားစကားပဲ။
    ''သား ဖြိုးလေး၊ မင်းစကားထဲက ခန္တီပါဝါဆိုတာ ဘာလဲ။ ခန္တီက ပါဠိ၊ ပါဝါက အင်္ဂလိပ်၊ ငါတော့ ရှုပ်ကုန်ပြီ''
    ''အဲဒါ ကျွန်တော့် ကိုယ်ပိုင်စကားပေါ့ အဖေရ။ အင်္ဂလိပ်လို ညှပ်ညှပ်ပြောတဲ့ လူတွေနဲ့ ပါဠိလို ညှပ်ညှပ်ပြောတဲ့ လူတွေတွေ့ရင် သရော်ပြီးသုံးရင်း အကျင့်ပါသွားတာပါ။ ဒါပေမယ့် သူတို့နဲ့တော့ ကိုက်တယ်ဗျာ။ ဟိုတစ်ပိုင်းဒီတစ်ပိုင်းနဲ့ ဟိုမရောက်ဒီမရောက် တွေခည်းပဲလေ''
    ''နေပါဦးကွ။ ခန္တီက သည်းခံတာ။ ပါဝါက အဲ... ငါသိသလိုပဲ။ အင်း... အာဏာပြတာ၊ ဆရာလုပ်တာ၊ သြဇာပေးတာ။ မင်းဟာက ဆန့်ကျင်ဘက်နှစ်ခုပဲ''
    ''ဟာ... မဟုတ်ဘူး အဖေရ၊ ခန္တီကတော့ သည်းခံတာပါပဲ။ ပါဝါက စွမ်းအားတဲ့''
    ''စွမ်းအား''
    ''အင်း... အဖေသိအောင် ရှင်းရှင်းပြောရရင် အားပဲဆိုပါတော့။ ခန္တီပါဝါဆိုတော့ သည်းခံတဲ့အားပေါ့။ ကျွန်တော် မနည်း သည်းခံနေရတယ်လို့ ပြောတာပါ''
    ''အေး... ဟုတ်တယ်ကွ။ ငါလည်း ခန္တီပါဝါ။ အဲ... အဲဒီ ခန္တီပါဝါ များများထားနေရတယ်ဟေ့''

+ + + +

    ကျုပ်နဲ့ ကျုပ်သား စကားပြောနေတာကို ကျုပ်မိန်းမက လန့်နေတယ်ဗျ။ ကျုပ်တို့ကလည်း အသံက ခပ်ကျယ်ကျယ်နဲ့ မတော်လို့ သူတို့အိမ်က တစ်ယောက်ယောက်များ ကျုပ်တို့အိမ်ရှေ့က ဖြတ်သွားပြီးကြားသွားရင် မျက်နှာပူစရာကြီးတဲ့။ သူတို့က မျက်နှာပူရမှာ မပူဘဲ ကျုပ်တို့က ပူရမတဲ့လား။ ရေခဲရေတစ်ခွက် ပြားနှစ်ဆယ်နဲ့ ငါးခွက်လောက်ဝယ်ပြီး ကျုပ်မျက်နှာကို ပက်ထားပြ လိုက်ချင်သေး။
    အဲဒီကတည်းက ကျုပ်တို့အိမ်ကို သူတို့ ကြည့်မရထင်ပါရဲ့ဗျာ။ ကျုပ်သားအကြီးကောင် ဝေစိုး ဆယ်တန်းအောင်တော့ လည်း ထစ်ခါ။ အလုပ်သင်ဗိုလ် အရွေးခံရတော့လည်း တစ်ခါ။
    တိုက်လည်းတိုက်ဆိုင်ပါရဲ့ဗျာ။ ကျုပ်သားသမီးတွေနဲ့ သူ့သားသမီးတွေက ရွယ်တူတွေတဲ့လေ။ ရွယ်တူမဟုတ်ဘဲ ကြီးနေလည်း သူ့သားသမီးတွေ စာမေးပွဲ တဗုန်းဗုန်းကျတာနဲ့ပဲ ကျုပ်သားသမီးတွေနဲ့ တူသွားတာဖြစ်မှာပါ။ ပြောလို့ပြောတာ မဟုတ်ဘူး။ မမှန်ဘဲနဲ့လည်း ကျုပ်ကြွားမပြောဘူးဗျ။ ကျုပ်သားသမီးတွေက နကိုကလည်း တော်တယ်။ ကြိုးလည်း ကြိုးစားတယ်ဗျ။
    ကျုပ်သား ဝေစိုး ဆယ်တန်းအောင်တဲ့နှစ်က သူ့သားလည်း အောင်တယ်လေ။ အမယ်လေးဗျာ အောင်တာပေမယ့် ''ဒီ'' ကိစ္စက လာပြန်ရော၊ ကျုပ်သား ဝေစိုးက သင်္ချာဒီပါတယ်လေ။ ကျုပ် အပြတ် ဝမ်းသာနေတုန်းရှိသေး ကြားရပြန်ပြီ။ သူ့သား ကျောင်းဆွေးမောင်မောင်က ရိုးရိုးပဲအောင်လို့တဲ့။ အကျင့်ပါနေလို့ပဲလားတော့ မသိပါဘူးဗျာ။ သူ့သားသမီးတွေကို ပြစ်တင်ကြိမ်း မောင်းတိုင်း ကျုပ်သားသမီးတွေရဲ့ နာမည်က ကန့်လန့်ကန့်လန့် ပါလာတယ်ဗျ။
    အဲဒါက ကျုပ်တို့သာ နားညည်းပြီး စိတ်ပျက်ဖို့ကောင်းရုံလားဆိုတော့ မဟုတ်ဘူးဗျို့။ သူ့သားသမီးတွေက ကျုပ်သားသမီး တွေနဲ့ သူတို့နဲ့ နှိုင်းပြောတာ မခံနိုင်လွန်းလို့တဲ့။ ဟိုးတစ်လောက ဖြိုးလွင်တို့ ကြက်ခြေနီအသင်းက ရန်ပုံငွေ ပြက္ခဒိန်တွေ သူတို့အိမ် သွားရောင်းတာ သူ့သား 'ကျောင်းဆွေး' မောင်မောင်က ''အိမ်မှာ တခြားပြက္ခဒိန်တွေများနေလို့ ဒီပြက္ခဒိန်ချိတ်ဖို့ နေရာတောင် မရှိဘူး'' လို့ ပြောလိုက်သတဲ့။ ကျုပ်က စာသာမတတ်တာ ဒီလောက်ကတော့ နပ်ပါ့ဗျာ။ ကျုပ်တို့သားသမီးတွေကို နှိမ်ချင်သလို ချိုးချင်သလိုနဲ့။ နောက်ပြီး သူတို့မို့ တခြားကြက်ခြေနီ အသင်းဝင်တွေကို အားမနာတယ်။ အဲ... ဖြိုးလွင်ကတော့ ခပ်ချဉ်ချဉ်ဖြစ်လာ လို့ ''ချိတ်စရာမရှိလဲ ပြန်ပေးလိုက်ပါလား၊ ရန်ပုံငွေပဲထည့်ပေါ့၊ ကျွန်တော့်အိမ်မှာတော့ နံရံလွတ်ချည်းပဲ'' လို့ ပြောခဲ့သတဲ့။ မှတ်ရော။
အဲ... ဆက်ရဦးမယ်။ ဝေစိုး အလုပ်သင်ဗိုလ် အရွေးခံရတော့လည်း မကျေနပ်သလိုလို ဘာလိုလို ပြောသေးဆိုပဲ။ ကျုပ်တော့ ဖြိုးလွင်ကို ပြောလိုက်တယ်။ သူတို့ပြောသမျှ ပြန်ဖြေရှင်း၊ ပြန်ပြောမနေနဲ့လို့၊ ခပ်ရိုင်းရိုင်းပြောရရင် ကန်တော့ဗျာ၊ အိပ်ရေးအပျက်မခံနဲ့တော့လို့။
    ဒါပေမယ့် မရဘူးဗျ။ ဘယ်ဘဝက ရေစက်လည်း မသိပေါင်ဗျား။ ဟော... အခု ဖြိုးလွင် ဆယ်တန်းအောင်ပြန်ပြီလေ။ ဒီသုံးလုံးတဲ့။ သူ့သားအငယ် သန်းကျော်ဦးက ကျသတဲ့။ အကြီးကောင် သိန်းဇော်ဦးကတော့ ရိုးရိုးပဲအောင်သတဲ့။
    ပြောရရင် သူ့သားသမီးတွေက စည်းစိမ်ယစ်နေကြတာကိုး။ ဖြိုးလွင် ပြောသလိုပေါ့။ ကျူရျင်တွေ ဘယ်လောက်ထားထား ကိုယ်ကိုယ်တိုင်ကမှ စာမကျက်ရင် စာမဖတ်ရင် ဘယ်စာမေးပွဲမှ မအောင်ဘူး။ ကျုပ် စာမတတ်တဲ့လူတောင် သိသေးဗျာ။
    သူ့သားသမီးတိုင်းလိုလိုက စာမှမကျက်တာ။ နွေကလျာဝင့်(အခေါ်ရထောက်လိုက်တာကွာ) ဆိုလည်း ကျုပ်မြင်နေသားပဲ။ အပြင်တစ်ခါထွက်ရင် အချိန်နှစ်နာရီတော့ အနည်းဆုံးကုန်မယ်။ မိတ်ကပ်ဖိုးလည်း မနည်းဘူးကုန်မှာပဲ။ သည်လောက် ကိုယ့်ကိုယ်ကို လှပနေအောင် ပြင်ဆင်ခြယ်သနေမှတော့ ဘယ်မှာ စာကျက်ချိန် ရှိပါတော့မလဲလို့။
    အဲ... သန်းကျော်ဦးတို့၊ သန်းဇော်ဦးတို့၊ ကျောင်းဆွေး မောင်မောင်(သန်းဇော်ဦး)တို့ဆိုလည်း တစ်နေ့တစ်နေ့ အိမ်ပြင်မှာ ပဲ တွေ့နေရတာပဲ။ သူငယ်ချင်းတစ်အုပ်နဲ့ ဂစ်တာတီးကြ၊ သီချင်းဆိုကြ။ တစ်နေ့တစ်နေ့ ဆိုလို့အော်လို့ တီးလို့ကို ပြီးတယ်လို့ မရှိပါဘူး။ ဆိုလိုက်တဲ့ သီချင်းတွေကတော့ အဓိပ္ပာယ်ရှိပါရဲ့။ လုပ်နေတဲ့ အလုပ်က အဓိပ္ပာယ်ရှိအောင် မလုပ်ဘူး။ သီချင်းဆိုပေမယ့် အချိန်တချို့ပဲ စာကျက်ဦးတော့ သည်လိုနှစ်တိုင်း သက်စေ့နေရမှာ မဟုတ်ဘူး။
    ကျုပ်ကတော့ သူတို့က ပြန်ပြောဦးမယ်ထင်တယ်။ သူတို့က ကျုပ်တို့ကို ပြောတုန်းက ကျုပ်တို့မကျေနပ်သလို သူတို့လည်း မကျေနပ်ဘူးလို့။ ကျုပ်ကသာ ဒီလို ကိုယ်ချင်းစာပြီး တွေးတာပါ။ သူတို့ကတော့ ဒီလိုတွေးမယ် မထင်ပါဘူး။
    မလွယ်ပါဘူး။ ခုလည်း ဖြိုးလွင်ကို မျက်စိစပါးမွေး စူးနေပြန်ပြီလေ။ ဖြိုးလွင်က နှစ်စကတည်းက ကျိတ်ပြီး လွှတ်ကြိုးစား တဲ့ကောင်။ ကျောင်းမှန်မှန်သွားတယ်။ မသိရင် မတတ်ရင် ကျောင်းက ဆရာတွေကို မေးတယ်။ အိမ်မှာလည်း စာပဲကျကကျက်နေ တာ။ သည်ကောင်က ဉာဏ်လေးကလည်းကောင်းတော့ အိမ်အလုပ် ဝိုင်းလုပ်ရတဲ့ကြားက ဒီသုံးလုံးထွက်တာ (သည်ကောင်အပြော အရဆို) နည်းတောင်နည်းသေး။
    ခုတော့ တက္ကသိုလ်ဝင်ခွင့်တွေ ထွက်ပြီလေ။ ဖြိုးလွင် ဆေးတက္ကသိုလ်ဝင်ရမယ်။ သည်ကောင်က လျှောက်လွှာရေးတုန်းက ကျုပ်ကို မဝံ့မရဲမေးတယ်။
    ''အဖေ... ပထမဦးစားပေး ဘာလျှောက်ရမလဲ''
    ''ဆေးကွာ''
    ''မဖြစ်ပါဘူး အဖေရာ''
    ''ရေးသားရေးကွာ... မဖြစ်ဖြစ်တဲ့နည်းနဲ့ ထားမယ်၊ မင်း ဝါသနာပါတာ ငါသိတာပေါ့ကွ၊ ဖြိုးလေးရာ မင်းကလဲ သိပ်ဝါသနာ ပါနေ၊ ငါလဲ ကြိုက်တယ်ကွာ။ ကျန်းမာရေးက သိပ်အရေးကြီးတယ်ကွ။ ဆရာဝန်တစ်ယောက်ရဲ့ အသုံးဝင်တာတွေ ငါသိတယ်။ အိမ်မှာလဲ ငါနဲ့ မင်းအမေ နေမကောင်းရင် အပြင်ဆေးခန်းပြရတာ ပိုက်ဆံသိပ်ကုန်တယ်ကွာ။ ရေးသာရေးစမ်းပါ''
    ကျုပ်က သိပ်စကားပြောတတ်တဲ့ကောင် မဟုတ်ဘူး။ စကာမတတ်တော့ ကျုပ်စကားပြောရင် ဝိုင်းတောင် ရယ်ကြသေး တယ်။ ဆတ်တောက်တောက်နဲ့ လိုရင်းကို ဒေါက်ကနဲ ပြောလိုက်ရော၊ ဘာတွေညာတွေ ချဲ့မနေ၊ သိုင်းဝိုင်းမနေတတ်ဘူး။ ခုလည်း ကျုပ်သားအငယ် ကျုပ်အားအထားဆုံးလေးမို့ ဘာကြီးဖြစ်ဖြစ်ဆိုပြီး ဆေးလျှောက်ခိုင်းလိုက်တယ်။ သူ့ကိုတော့ ပညာကောင်းကောင်း တတ်စေချင်တယ်။ သူ့အောက်က သမီးသုံးယောက်က သိပ်ထူချွန်မယ့်ပုံ မပေါ်ဘူးဗျ။
    ကျုပ်က သိပ်တော့ နားမလည်ပါဘူး။ လူတွေက 'ဆေး'၊ 'ဆေး'နဲ့ ပြောနေကြတော့ 'ဆေး'မှ ပညာကောင်းကောင်း တတ်မလားလို့ပေါ့။ ပြီးတော့ ဆရာဝန်တွေကုငိ ကျုပ် သဘောကျတယ်။ ဘာကြောင့်မှန်းတော့ ကျုပ် မသိဘူး။ သဘောကျတာ ကတော့ ကျတာပဲ။
    ပြီး ကျုပ်သားကပြောတယ်။ 'ဆေး'က အမှတ်အမြင့်ဆုံးတဲ့။ ကျုပ်က ကျုပ်အချစ်ဆုံးသားကို ဖြစ်နိုင်သရွေ့ အမြင့်ဆုံး ဖြစ်စေချင်တယ်။ သည်တော့ ဆေးကျောင်းတက်ရင် ငွေသိပ်ကုန်တာပဲ ဆိုတာတွေ ကျုပ်မသိတော့ဘူး။ သည်လောက်တော့ ကျုပ် ရှာနိုင်မယ်ထင်တာပဲလေ၊ ကြိုးစားရမှာပေါ့။
    တစ်ခုတော့ရှိတယ်။ ကျုပ် အားကိုးတာလေ။ အစိုးရက ထုတ်ပေးတဲ့ စတိုင်ပင်ခေါ်တဲ့ ထောက်ပံ့ကြေးပေါ့။
    ကျုပ် စိတ်မညစ်ပါဘူး။ ကျုပ်သား ဆရာဝန်ဖြစ်မှ ကျုပ် အပေါင်းအသင်း ရောင်းရင်းတွေထဲက အိုနာကျိုးကန်းတွေကို အရင်ဆုံး ကုခိုင်းရမယ်။ ခြူးတစ်ပြားမှတော့ ရမှာမဟုတ်ဘူး။ ဒါပေမယ့် ကျေးဇူးတင်လိုက်တာဆိုပြီး ဆိုက်ကား အလကားစီးရမှာ ပေါ့။ ဟား...ဟား ကျုပ် သိပ်ပျော်နေသလိုပဲ။
    တောက်။ ကျုပ် စိတ်တိုလိုက်တာလေ။ ကျုပ်တို့အိမ်နား ပတ်ဝန်းကျင်တွေကပါ ပြောကြသတဲ့။ ကျုပ်တို့လို ဆင်းရဲသားက ဆေးဝင်ပြီး သူတို့လို သူဌေးသားက အောင်ရုံလေးတင်ဆိုတော့ ''ကံတရားက မတရားလိုက်တာ'' တဲ့။ ကျုပ်တို့က ကျုပ်သားကို ကျောင်းထားပေးဖို့ အခက်အခဲ ဖြစ်နေတဲ့လူမှ ငွေသိပ်ကုန်တဲ့ 'ဆေး' ၇တယ်ပေါ့။ သူတို့သားကျတော့ သူတို့သားကို ဆေးမကဘူး နိုင်ငံခြားမှာတောင် သွားထားနိုင်တဲ့ငွေတွေ ရှိနေပေမယ့် သူ့သားက 'ပုတတ်' ဖ်ြစနေတယ်လေ။ ဒါကိုပဲ ''ကံတရားက မတရားဘူး'' တဲ့။
    ဖြစ်ရဖြစ်ရလေဗျာ။ ကျုပ်ဖြင့် ဒီတစ်ခါ ကြားဖူးပါရဲ့။ 'ကံ' ကပဲ မတရား ရှိရသေးတဲ့။ ကျုပ်သိတာကတော့ သူရော မတရားတာပဲ။ 'ကံ' က ဘယ်သူ့ကိုမှလည်း မျက်နှာမလိုက်ဘူး။ ဘယ်သူ့ဘယ်သူ့ကိုမှလည်း ဘက်မလိုက်ဘူး။ ကံတရားမှာ မတရားဘူးတို့ ဘာတို့ ဘယ်မှာရှိလို့လဲ။ ခက် ခက်ရချည့်သေးရဲ့ဗျာ။ သူတို့သား အသုံးမကျတိုင်းနဲ့ ရှိရှိသမျှအားလုံးကို အပြစ်ဖို့နေ ကြတာပဲကိုး။
    အဲဒီသူတို့ မကျေမနပ်ပြောတဲ့ စကားကို ကျုပ်သား ဖြိုးလွင်ရဲ့သူငယ်ချင်း သီဟဆိုတဲ့ကလေးက ပြောပြတာ။ ပြီးတော့ အဲဒီကလေးကပဲ ဆက်ပြောလိုက်သေးတယ်။ ကျုပ်တော့ သဘောကျသွားတာပဲဗျာ။ သည်ကောင်လေးက ကျုပ်တို့လို ဆင်းရဲတယ် လေ။ ဒါကြောင့် ထင်ပါရဲ့။ သူပြောတကာ သဘာဝကျတယ်။
    ''ဦးလေးရာ... သူတို့က ခေါင်းမရှိလို့ ပြောတာပါဗျာ။ ဦးလေးပဲ စဉ်းစားကြည့်လေ။ သူတို့ပြောသလို ပြောရရင် အဲ...တရား ဘယ်မှာ မတရားလုပ်လို့လဲဗျ။ ဖြိုးလွင်တို့ ကျွန်တော်တို့က ဆင်းရဲတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆေးတက္ကသိုလ် တက်ရမယ်။ ဒီတော့မှ ကျွန်တော်တို့ ပညာတတ်ဖြစ်လာမယ်။ ဂုဏ်သိက္ခာ ကြီးလာမယ်။ ဒါမှ ဆင်းရဲသားဆိုပြီး အထင်သေး အနှိမ်ချခံရတာတွေ လျော့ပါး ပျောက်ကွယ်သွားမှာပေါ့။ အဲ သူတို့က သူဌေးသား။ ဒါပေမယ့် ရိုးရိုးပဲအောင်တယ်။ ဂုဏ်သိက္ခာ သိပ်မကြီးတဲ့ ပညာတတ် ဖြစ်မယ်။ ဒါမှ သဌေးသားဆိုပြီး လွှတ်အထင်ကြီးလို့ မရတော့ဘူး။ ဒါမှ သူဌေးသားလဲ ဆင်းရဲသား ပညာတတ်ကို အထင်ကြီးပြီး တလေးတစား ရှိတော့မှာပေါ့။ ဒါမှ ရေစီးတစ်ခါ ရေသာတစ်လှည့် ဆိုတဲ့စကားက ပိုမှန်ပေမပေါ့ဗျ။ မဟုတ်ဘူးလား ဦးလေးရဲ့နော်။ ကျွန်တော်ကတော့ ကံတရားက တရားတယ်ထင်တာပဲ''
    ''အေး... မင်းပြောဆိုတော့ မဆိုးဘူးကွ၊ တော်တော် ကတ်သီးကတ်သတ် လျှောက်တွေးတဲ့ကောင်ပဲကွ၊ ဟုတ်တယ်၊ ဟုတ်တယ်၊ ကံတရားက တရားတယ်။ မတရားတာက လူတွေက၊ လူတွေ''
    ကျုပ်သား ဖြိုးလွင်က ကျုပ်ကိုကြည့်ပြီး ပြုံးပြတယ်။ ကျုပ် ပြန်ပြုံးပြရင်း ထပ်ပြောလိုက်တယ်။ အာတွေ့လွန်းလို့လေ။
    ''ကံတရားက တရားတယ်၊ မတရားတာက လူတွေကွ''
မသီတာ(စမ်းချောင်း)
၁၉၈၆ ခု၊ ဧပြီ လ၊ ပေဖူးလွှာ မဂ္ဂဇင်း

No comments:

Post a Comment