Monday 24 October 2011

မသီတာ၊စမ်းချောင်း၊

မသီတာ၊စမ်းချောင်း၊
  • ၁၉၆၆ ခုနှစ်မှာ အဖ ဦးမြင့်သောင်း၊ အမိ ဒေါ်တင်တင်မြင့်တို့မှ မွေးဖွားခဲ့ပါတယ်။
  •  ၁၉၉ဝ ခုနှစ်မှာ ဆေးတက္ကသိုလ်(၁)မှ ဆရာဝန်ဘွဲ့ ရရှိခဲ့သူပါ။ 
  • ၁၉၈၄-၈၅ ခုနှစ်ကတည်းက စတင်ပြီး မဂ္ဂဇင်းဝတ္ထုတိုတွေ ရေးသားခဲ့ရာမှာ ၁၉၈၈ စက်တင်ဘာလ အထိ မဂ္ဂဇင်းဝတ္ထုတိုပေါင်း ၆၆ ပုဒ် ရေးသားခဲ့ပြီးဖြစ်ပါတယ်။
  • ၁၉၉ဝ ခုနှစ်ထုတ် ပေဖူးလွှာမဂ္ဂဇင်းမှာ ကလောင်ငယ်ကဏ္ဍနဲ့ အယ်ဒီတာတာဝန်တွေကို အမည်မခံပဲ ထမ်းဆောင်ခဲ့သလို လေးနက် ကလောင်နာမည်နဲ့ ခေတ်ပြိုင်ဝတ္ထုတို၊ စာတမ်းစာရေးဆရာတွေ နဲ့ တွေ့ဆုံခြင်းကဏ္ဍကို တာဝန်ယူခဲ့ပါတယ်။
  • ၁၉၉၂ ခုနှစ်မှ စတင်ကာ မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံမှာ စေတနာဆရာဝန်အဖြစ် ဆောင်ရွက်ရင်း ၁၉၉၃ ခုနှစ်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ်အနှစ်နှစ်ဆယ် ချမှတ်ခံခဲ့ရပါတယ်။ ပထမဆုံးလုံးချင်းဝတ္ထုဖြစ်တဲ့ အရောင်စစ်နေကြာမှာ ပုံနှိပ်ဆဲအခြေအနေတွင် ရပ်နားခဲ့ရပါတယ်။
  • ၁၉၉၅-၉၆ ခုနှစ်များမှာ အကျဉ်းကျနေစဉ်အတွင်း Reebok Human Rights award, Barbara Goldsmith Freedom to Write PEN award, Honor award from AAAS(American Association of Arts and Science) ဆုများ ချီးမြှင့်ခံခဲ့ရပါတယ်။
  • ၁၉၉၉ ခုနှစ်မှာ အင်းစိန်ထောင်မှ လွတ်မြောက်လာခဲ့ပြီး အရောင်စစ်နေကြာ လုံးချင်းစာအုပ်၊ ချိုရှရှပျားရည်နွံအပါအဝင် မဂ္ဂဇင်းဝတ္ထုတိုများစာအုပ်၊ ရောင်စဉ်များရဲ့ အဇ္ဈတ္တနှင့် ရသနယ်ခြား အတွင်းရေးအမည်ရှိ ဝတ္ထုတိုနှင့်ရသစာရေးဆရာများအင်တာဗျူးစာအုပ်တွေ ထုတ်ဝေခဲ့ပါတယ်။ မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံ၊ ခွဲစိတ်ဆောင်မှာ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့တာ ၂ဝဝ၈ ခုနှစ် ဇူလိုင်လအထိ ဖြစ်ပါတယ်။
  • အဲဒီနောက် ၂ဝဝ၄ ခုနှစ်မှာ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့တဲ့ ဆောင်းပါးတွေကို စုစည်းထုတ်ဝေတဲ့ တစ်၊ သုည၊ တစ်ဆယ်နှင့် ဆယ်ကျော်သက်တို့ ဖတ်ဖို့ စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။
  • ၂ဝဝ၄ ခုနှစ်တွင် လန်ဒန်တက္ကသိုလ်မှ ကျန်းမာရေးစံနစ်များစီမံခန့်ခွဲမှုဘာသာရပ်ဖြင့် ဘွဲ့လွန်ဒီပလိုမာ ရရှိခဲ့ပြီး ၂ဝဝ၅ ခုနှစ်မှာ ဘွဲ့အခမ်းအနားအတွက် လန်ဒန်ကို သွားရောက်ရာကနေ နိုင်ငံခြားခရီးတွေ စတင်သွားရောက်ခဲ့ပါတယ်။ အဲဒီထဲမှာ အမေရိကန်နိုင်ငံ၊ အိုင်အိုဝါတကသိုလ်ရဲ့ နိုင်ငံတကာ စာအရေးအသားစီမံချက်လည်း ပါဝင်ပါတယ်။
  • ၂ဝဝ၅ နှစ်ကုန်မှ စတင်ကာ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း၊ အယ်ဒီတာတစ်ဦးအဖြစ် တာဝန်ယူလာခဲ့ကာ ကလောင်နာမည်အမျိုးမျိုးနဲ့ လူငယ်တို့အတွက် ဆောင်းပါးများစွာ ရေးသားလာခဲ့တာပါ။
  • ၂ဝဝ၇ ခုနှစ်မှာတော့ ဂရိနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာစာရေးဆရာတွေနဲ့အတူ 'တရားမျှတမှု'ခေါင်းစဉ်နဲ့ စာပေဆွေးနွေးပွဲတစ်ခု တက်ရောက်ခဲ့ပါတယ်။
  • ၂ဝဝ၈ ခုနှစ်နှစ်ဆန်းမှာ အင်္ဂလန်နိုင်ငံ၊ ယောက်ခ်တက္ကသိုလ်၊  ပဋိပက္ခများ ဖြေရှင်းရေးနှင့် စီမံခန့်ခွဲမှုသင်တန်း တက်ရောက်ခဲ့သလို ၂ဝဝ၈-၂ဝဝ၉ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံ၊ ဘရောင်းတက္ကသိုလ်မှာ ဌာနေစာရေးဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂ဝဝ၉ နှစ်ဆန်းက အယ်လ်ဂျီးရီးယားမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာဘာသာပြန်စာပေဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါသေးတယ်။ 
  • ၂ဝဝ၉ ဧပြီ ဘရောင်း တက္ကသိုလ်မှာ ကျင်းပတဲ့ မြန်မာစာပေပွဲတော်ကို ဦးဆောင်ကျင်းပရာ စာပေရေးရာများအပြင် ဝိပဿနာတရားအားထုတ်မှု အကြောင်းကိုပါ ဟောပြောပို့ချပေးခဲ့ ပါတယ်။
  • ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်က အမေရိကန်နိုင်ငံ၊ ဟားဗတ်တက္ကသိုလ်မှာ စာပေသုတေသန လုပ်ဆောင်ဖို့Radcliffe Fellowship  ရက်ဒ်ကလစ်ဖဲလိုးရှစ် ချီးမြှင့်ခံခဲ့ရပါတယ်။ အဲဒီကာလအတွင်း ဟားဗတ်တက္ကသိုလ်မှာသာမက အခြားမြို့များမှာရှိတဲ့ တက္ကသိုလ်တွေနဲ့ အလယ်အမေရိကနိုင်ငံဖြစ် တဲ့ ဟွန်းဒူးရပ်စ်နိုင်ငံမှာပါ ဝိပဿနာတရားအားထုတ်မှု အကြောင်း ဟောပြောပို့ချ သရုပ်ပြခဲ့ပါတယ်။
  • ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်မှာ အိန္ဒိယနိုင်ငံကို ကိုဗလမ်နဲ့ ဂျေပူရ်စာပေပွဲတော်တွေ တက်ရောက်ခဲ့ပါတယ်။ ၂ဝ၁ဝ ခုနှစ် အောက်တိုဘာမှာတော့ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာရှိတဲ့ အူဘုဒ်စာပေပွဲတော်ရဲ့ ဖိတ်ကြားချက်အရ သွားရောက်ကာ စာပေရေးရာများ ဟောပြောခဲ့ပါတယ်။
  • ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖူးငုံဆယ်ကျော်သက်မဂဇင်း၊ message to teen ခေါင်းစဉ်အောက် တွင် ရေးသားခဲ့သည့် ဆောင်းပါး ၄၉ ပုဒ်အား စုစည်းပြီး 'မှာတမ်းလက်ဆင့်ကမ်း'အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့ပါတယ်။
  • ၂ဝ၁၁ ခုနှစ် မတ်လအတွင်းက နော်ဝေးနိုင်ငံ စာရေးဆရာအသင်းမှ လွတ်လပ်စွာပြောဆိုခွင့်ဆုကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။
  • ၂ဝ၁၁ ခုနှစ် မေလမှာတော့ ဆဌမအကြိမ်မြောက် ရွှေအမြုတေစာပေဆု၊ ဆောင်းပါးဆု ချီးမြှင့်ခံခဲ့ရပြီး ဆုရဆောင်းပါးမှာ ၂ဝ၁၁ ဧပြီလ ဖူးငုံ ဆယ်ကျော်သက်မဂဇင်းပါ 'အပြန်အလှန် နားထောင်ပါ' ဆောင်းပါး ဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ် စက်တင်ဘာလဆန်းမှာ 'နေဝန်းနီ ကာရန်များ' အမည်ရှိ ရှေးခေတ်ဂျပန်အမျိုးသမီးကဗျာရှင်များရဲ့ ကဗျာများစုစည်းမှု ဘာသာပြန်စာအုပ် ကို ထုတ်ဝေပါတယ်။
  • အခုအခါ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းမှာ အယ်ဒီတာနဲ့ ပင်တိုင်စာရေးဆရာအဖြစ် လည်းကောင်း ၊ ရွှေအမြုတေမဂ္ဂဇင်းမှာ ရွှေအသစ် ကဏ္ဍကိုလည်းကောင်း၊ အလင်းတန်းဂျာနယ်၊ ရွှေအမြုတေ မဂ္ဂဇင်းနဲ့ မြန်မာသစ်မဂ္ဂဇင်းတွေမှာ ပင်တိုင်ဆောင်းပါးများကိုလည်းကောင်းရေးသား တာဝန် ထမ်းဆောင်လျှက်ရှိသလို နာရေးကူညီမှုအသင်း(ရန်ကုန်)က ဖွင့်လှစ်ထားတဲ့ သုခ ကုသိုလ်ဖြစ်ဆေး ခန်းမှာ စေတနာဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ဆဲဖြစ်ပါ တယ်။

    6 comments:

    1. ဆရာမရဲ့ လုပ်ဆောင်မှုတွေ အသေးစိတ် သိရတော့ ပိုပြီး လေးစားအားကျမိရပါတယ်။ စာပေခရီးလမ်းမှာ မိမိလိုရာကို ကျန်းမာချမ်းသာစွာနဲ့ အရောက်လျှောက်လှမ်းနိုင်ပါစေရှင်..။

      ReplyDelete
    2. ဆရာမ ရဲ့ စေတနာ အကျိုးပေးပါစေလို့ 

      ReplyDelete
    3. ဆ၇ာမအကြောင်း ဖတ်ပြီး လေးစားအားကျမိပါတယ်။ ဆ၇ာမ ကျန်းမာပြီး ဆန္ဒအားလုံး ပြည့်စုံနိုင်ပါစေ။

      ReplyDelete
    4. ဆရာမအကြောင်းဖတ်ပြီးလေးစားရပါတယ်.။

      ReplyDelete
    5. ဆရာမ မသီတာရဲ့ ကြိုးပမ်းအားထုတ်မှုတွေ သေသေချာချာ သိလိုက်ရတာ အများကြီး ဂုဏ်ယူလေးစားမိပါတယ်။
      လေးစားအားကျမိပါတယ်။
      ဆရာမ စာပေခရီး၊ တာဝန်ဝတ္တရားတွေအားလုံး စိတ်ဆောင်တဲ့အတိုင်း လုပ်ကိုင်နိုင်ပါစေ။
      ချမ်းမြေ့ပျော်ရွှင်ပါစေ။

      လေးစားစွာဖြင့်
      ဖြိုးဖြိုး

      ReplyDelete
    6. အားကျစရာ စွမ်းဆောင်မှုတွေပါပဲဗျာ။ မြန်မာပြည်ပြန်ရောက်မှပဲ မသီတာရဲ့ စာအုပ်တွေ ရှာဝယ်ပြီး ဖတ်ဦးမယ်လို့ တေးထားလိုက်ပါတယ်။ ပိုမို အောင်မြင်ပါစေ။

      ReplyDelete