Sunday 9 October 2011

ထုံးစံပေမို့

 
ပြတင်းပေါက်မဲ့ အခန်းကျဉ်းထဲတွင် လူလေးဆယ်ခန့် စုပြုံနေရသောကြောင့်ထင်သည်။ တစ်ခု တည်းသော မျက်နှာကြက် ပန်ကာမှ လေသည် အသက်ရှူမဝစေခဲ့။ အကယ်၍ ထိုင်ခုံနေရာများကို အခြား တစ်ယောက်ယောက်က ဝင်ထိုင်မသွားဘူးဆိုလျှင် လက်ယာဘက်အပေါက်ငယ်မှ ထွက်ကာ လေကို တစ်ဝကြီး ရှူပစ်မိမည်ဖြစ်သည်။ ခုတော့ ထိုင်ခုံမဲ့ ရပ်စောင့်သူတွေက အခန်းများ မှ ထွက်လာမည့် သူနာပြုဆရာမကိုရော၊ နေရာလွတ်ကိုပါ တစ်ပြိုင်တည်း မျက်ခြည်မပြတ် ကြည့်နေကြသည်။
    မျက်မှန်နှင့် လူတစ်ယောက် ဝင်လာကာ အပေါက်နားရှိ မှတ်ပုံတင်ဌာနတွင် ''ဆရာဦးသန်းအောင် ဘယ်မှာထိုင်လဲ''ဟု ခပ်ပြတ်ပြတ် မေးသည်။ မှတ်ပုံတင်ဌာနမှ မိန်းမကြီးကလည်း မျက်မှန်နှင့် လူနှင့်အတူ ပါလာသော ခေတ်ရှေ့ချော်လဲ ကောင်းမလေးကို ငေးရင်း ''အပေါ်ထပ်မှာ၊ ဒီဘက်လှေကားက တက်သွား'' ဟု လက်ယာဘက်ကို ညွှန်သည်။
    မျက်မှန်နှင့်လူသည် ရှေ့ကလူများကို စိတ်မရှည်သလို ကွေ့ကာ ရှောင်ကာနှင့် ကျော်တက်ရန် ကြိုးစားသည်။ သူ့နောက်က စလင်းဘက်ကို ပခုံးတစ်ဖက်စောင်းကာ လွယ်ရင်း ဆင်မယဉ်သာ လျှောက်လာသော ကောင်မလေးကိုတော့ နောက်ဘက်မှ ခပ်ဝဝ မိန်းမကြီးက အတင်းကျော်တက်လိုက်သည်။ လေးပေ မပြည့်တပြည့် လူသွားလမ်း ပိတ်ဆို့သွားကာ ရုတ်တရက် ရပ်လိုက်ကြသည်။ နောက်မှ မိန်းမ ဝဝကြီးက ကောင်မလေးကို တွန်းတွန်းတိုက်တိုက်လုပ်ပြီး လှေကားပေါ် တက်သွားသည်။
    ''ဘယ်က တင်မြင့်လဲ၊ ဒီထဲမှာ ဘယ်က တင်မြင့်မှ မရှိဘူး...၊ စာအုပ်ရော ထပ်ထားရဲ့လား''
    ''ထပ်တယ်မား၊ တင်မြင့်လေ ညောင်တန်းဆိပ်က တင်မြင့်ပါ အမား''
    ''မရှိဘူး၊ မရှိဘူး၊ ညောင်တန်းက တင်မြင့်လဲ မရှိဘူး၊ ကြက်တန်းက တင်မြင့်လဲ မရှိဘူး၊ စာအုပ်ထပ်ရင် ဒီမှာ နာမည်ရှိ ရမှာပေါ့၊ ခါတမာဘီဖြင့် ခါတမာဘီ၊ အမီနာဖြင့် အမီနာပေါ့''
    ''ထပ်တယ်မား၊ မရတာတော့ မသိဘူး၊ အမား စကားကောင်းကောင်းပြောပါ၊ နားလည်ပါတယ် အမား''
    ''အမလေးဟဲ့၊ ကဲ...ကဲ ပြမှာလား၊ ပြမှာဆို စာအုပ်လုပ်ပေး၊ စာအုပ်ဖိုး ငါးမူး''
    မှတ်ပုံတင်ဌာနက မိန်းမသည် စောစောက ပျော့သလောက် ခုတော့ မာနေသည်။
    ''အဖေကတော့ မာတာပါပဲ၊ အမေသာ ခဏခဏ ဟိုဟာဖြစ်လိုက်၊ သည်ဟာဖြစ်လိုက်နဲ့၊ ခုမှ တော်တော်ကျန်းမာလာတာ''
    ''ဒီလိုပေါ့၊ အသက်တွေလဲ နည်းမှ မနည်းတော့ပဲကိုး''
    ''ဟုတ်ကဲ့၊ အဖေက ရှစ်ဆယ့်ခွန်၊ အမေက ရှစ်ဆယ်လေ''
    ''သြော်...သြော်''
    အခန်း (၁)ရှေ့တွင် ထိုင်စောင့်နေသော မိန်းမကြီး နှစ်ယောက်က ခပ်ကျယ်ကျယ် ပြောနေကြသည်။ သူတို့နားတွင်ထိုင်နေသော အဘွားကြီးမှာ ခြေထောက်များ ဖောယောင်နေသည်။ အသက်ကြီး လာ၍ ကျောက်ကပ်၏ လုပ်ငန်းဆိုင်ရာ အစိတ် အပိုင်းများ ပျက်ဆီးကုန်ခြင်းကြောင့်ဟု ကျောင်းစာတွေကို သတိရနေမိသည်။
    ''ခဏကြာ မိုင်နာအော်ပရေးရှင်း ရှိတယ်၊ အဲဒါ နင် အပေါ်တက်ခဲ့နော်၊ မေ့မနေနဲ့ဦး''
    ''ဟုတ်ကဲ့၊ မမေ့ပါဘူး၊ အစ်မကလဲ''
    ကုလားမ ခပ်ငယ်ငယ်သည် ထဘီပြာနှင့် သူနာပြုဆရာမ ပြောသမျှကို နားထောင် ကာ ခေါင်းတဆတ် ဆတ် ညိတ်သည်။
    ''သမီး ဟိုမှာ သွားထိုင်ရအောင်''
    ဖေဖေ့ စကားကြောင့် အဘိုးကို ထရန်ပြောပြီး ဝိုင်းထူကာ မျက်နှာချင်းဆိုင်ရှိ ဓာတ်မှတ်ဌာန အခန်းရှေ့ရှိ ခုံတန်းရှည်သို့ ပြောင်းထိုင်သည်။ မူလက နေရာနှင့် ပြောင်းပြန်။ တံခါးပိတ်ထားသော အပြင်ဘက်သို့ မျက်နှာမူသည်။
    လက်ယာဘက် အခန်းများ၏ အပေါ်တွင် ထပ်ခိုးတင်ထားသည်။ လူနာများ စောင့်ရန်နေရာ ကို မြင်နေရသည်။ ထပ်ခိုးမှာ မျက်နှာကြက်နှင့် ဦးခေါင်း အလွန်ကပ်နေသည်။
    ''ဦးတင်မောင် ဓာတ်မှန်ရိုက်မယ်''
    အဘိုးနာမည် ခေါ်သဖြင့် ဓာတ်မှန်ခန်းထဲ ဝင်သည်။ နောက်ဘက်မှ မိန်းမတစ်ယောက်လည်း လိုက်ဝင်လာသည်။
''အဘ အင်္ကျီချွတ်မယ်၊ ပြီးရင် စားပွဲပေါ် တင်လိုက်ပါ၊ အစ်မ နားကျပ်ချွတ်ရမယ်၊ အိတ်ထဲထည့်ထားပေါ့၊ ကဲ အဘ ဒီကိုလာ၊ အဘ...အဲ ဟုတ်ပြီ၊ အဲဒီမှာရပ်၊ ရှေ့ကို နည်းနည်းတိုးပါ၊ ရပြီ...ရပြီ၊ လက်ကို ဒီလိုချထား၊ အဲ...တစ်ယောက်ယောက် ကိုင်ပေးထားပါလား၊ ကဲ အဘ ကျွန်တော်က အသက်အောင့်ဆို အောင့်ထားပါနော်''
    ဓာတ်မှန်ဆရာက ခုံဖိနပ် တဂွပ်ဂွပ်နှင့်လျှောက်ရင်း ပါးစပ်မှလည်း အဘိုးကို ပြောလိုက်၊ ဖေဖေ့ကို ပြောလိုက်၊ နောက်မှ မိန်းမကို ပြောလိုက်နှင့် အလုပ်ရှုပ်နေသည်။ ဘာမှမလုပ်ဘဲ ရှုပ်နေမိမည်စိုး၍ ဓာတ်မှန်ဆရာကို တတ်နိုင်သလောက် ရှောင်နေရ သည်။ အခန်းကျဉ်းလေးဖြစ်၍ ကိုယ်အနေမတတ်လျှင် ခုံဖိနပ်စာ မိသွားနိုင်သည်။
    ''အသက်အောင့်ဆို အောင့်နော်''
    ဖေဖေက နားလေးသော အဘိုးကို အော်ပြောရသည်။
    ''အစ်မက ခေါင်းကို ရိုက်ရမှာဆိုတော့ နားကပ်ချွတ်ရမယ်၊ ချွတ်ပြီးပြီလား၊ ခဏစောင့်နော်''
    ''နားကပ်ချွတ်ပါ ဟူသော စကားကြောင့် မျက်နှာအနည်းငယ် ပျက်သွားသော မိန်းမကို ဖြေရှင်းချက်လှည့်ပေးပြန်သည်။
    ''အဘ...အသက်အောင့်ပါ''
    ''အသက်အောင့်တော့တဲ့''
    ''ကဲ...ပြီးပြီ၊ အဘ အင်္ကျီ ပြန်ဝတ်လို့ရပြီ''
    ဓာတ်မှန်ဆရာက အခန်းထောင့် တစ်နေရာကို အပြေးဝင်သွားပြီးသည်နှင့် ဓာတ်မှန်ရိုက်ခြင်း ပြီးတော့သည်။
    ''ဘယ်တော့ရမှာလဲ''
    ''နောက် နာရီဝက်ဆို ရမယ်၊ ခဏစောင့်ပါလား''
    ''အင်း...စောင့်မယ်လေ''
    ''ဟုတ်ကဲ့၊ ရှစ်ဆယ်ကျပါတယ်''
    ဓာတ်မှန်ခန်းက ထွက်တော့ ထိုင်စရာနေရာ ရှာရပြန်သည်။
    ''နောက် ဘာလုပ်ရဦးမှာလဲ''
    အဘိုးက စိတ်မရှည်တော့သလို မေးသည်။
    ''ဒီအပေါ်မှာ နှလုံးစမ်းရမယ်''
    ဓာတ်မှန်ခန်းအပေါ်တွင် ထပ်ခိုးတင်ကာ ဓာတ်ခွဲခန်းနှင့် နှလုံးစမ်း လျှပ်စစ်ကိရိယာ (အီး စီ ဂျီ) အခန်း လုပ်ထားသည်။
    ဖေဖေ အလျင်တက်သွားသည်။ လှေကားက ကျဉ်းလွန်းသည်မို့ အဘိုးနှင့် အောက်မှာ ပင် စောင့်နေရ သည်။ လာခဲ့တော့ ဟူ၍ ဖေဖေက လက်ယပ်ခေါ်မှပင် အဘိုးကို ပြောပြကာ အပေါ်ထပ် တက်ရန်ပြင် သည်။
    လှေကားထစ် သေးသေးလေးများနှင့် လက်ရန်းတစ်ဖက်တည်းရှိသော လှေကားသည် အဘိုးနှင့်မကိုက်၊ အဘိုးက ဝသည်မို့ တွဲရသည်မှာ မနိုင်ချင်။ အဘိုး ယိုင်ရာ လိုက်ယိုင်နေသည်။
    ''အိပ်ပါ...အဘ''
    ''အား...ကျွတ်...ကျွတ်၊ ခါးနာလိုက်တာ''
    အဘိုးက ခါးနာနေသည်မို့ ရုတ်တရက် အိပ်ခြင်း၊ ထခြင်း မပြုနိုင်။
    ''ခဏလေးနော်...အဘ''
    လေးပေ x ဆယ်ပေ အခန်းမို့ အသက်ရှူမဝသလို ဖြစ်လာပြန်သည်။ ဆရာဝန်မကတော့ လုပ်စရာ ရှိသည်ကို အဆက်မပြတ် လုပ်သွားသည်။ ဓာတ်ခဲက ကုန်သွားသဖြင့် တစ်နည်းတစ်လမ်း ကြံဖန်ရပြန် သည်။
    အောက်မှ လူအချို့ တက်လာပြီးမှ ရပ်စရာ နေရာမရှိသဖြင့် ပြန်ဆင်းသွားကြသည်။
    စက်မှထွက်လာသော စက္ကူပေါ်မှ လှိုင်းများကို ကြည့်နေရင်းမှ ပုံမှန်လှိုင်းများ အကြောင်း ကို တွေးပြန် သည်။
    အောက်ရောက်အောင် မနည်းသတိထား၍ ပြန်ဆင်းရသည်။ လူကြီးတစ်ယောက်က ကူညီဖေးမကာ သူ့နေရာတွင် အဘိုးကို ထိုင်စေသည်။ အဘိုးနားမှ ချာတိတ်တစ်ယောက်နှင့် လူကြီးတစ်ယောက် ထသွားမှ ဖေဖေနှင့်အတူ ထိုင်ရတော့ ဓာတ်မှန် စောင့်ယူရဦးမည် ဖြစ်သည်။
    ''ကျွန်မက သမိုင်းဆို မုန်းကိုမုန်းတယ်၊ သမိုင်းနဲ့ကျတာပဲ၊ ကျက်လို့ကို မတတ်တာ၊ ခုနှစ် သက္ကရာဇ်တွေ မှတ်ရတာကိုကမုန်းစရာကြီး''
    ''ဟဲ့ သမိုင်းက ခုနှစ်ပဲ အရေးကြီးတာ''
    ဆေးခန်းအမှုထမ်း ကုလားမနှင့် မှတ်ပုံတင်ဌာနမှ မိန်းမတို့ စကားဖောင်ဖွဲ့နေသည်။
    ''ဟော...သားလေးလာ၊ ဘာဖြစ်လို့လဲ''
    ''သြော်...ဒီမှာလေ...ခွဲရတာ''
    အမေးခံရသော တရုတ်မက သူ့ကလေးဘောင်းဘီကို လှစ်ပြသည်။ ပေါင်ခြံရင်းတွင် ချုပ်ရာကို လှမ်းမြင်ရသည်။
    ''အူကျတာပေါ့လေ၊ အဲဒါ...ဒီနေ့ ချုပ်ရိုးကို ဖြည်မယ်''
    အူ၏ အစိတ်အပိုင်းအချို့ ပေါင်ရင်းရှိ နေရာလွတ်ထဲသို့ ကျွံကျလာခြင်းဟု ဦးနှောက်နယ်ကျွံလိုက်မိသည်။
    ငယ်ငယ်ရွယ်ရွယ်နှင့် ဝေဒနာဖိစီးခံရရှာသည်ဟု စိတ်မကောင်းဖြစ်နေမိသည်။ ကလေးအထူး ကု ဖြစ်ချင်သည်ကိုလည်း သတိရသည်။ ဝေဒနာမဲ့နေသလို ပြုံးရွှင်ရယ်မောကာ ခြေလှုပ်လက် လှုပ်နှင့် ဆော့နေသည်။
    ''အင်း...ငါဘွဲ့ရရင်ကော ဆေးခန်း ဖွင့်ဖြစ်မှာလား၊ ဆေးခန်း ဖွင့်ရင်ကော ခုလို အဆင်ပြေနေမလား၊ ကြိုးစားရမှာပေါ့၊ ဘွဲ့တွေ တစ်သီကြီး၊ အကြံဥာဏ်တွေ တစ်ပုံတစ်ခေါင်းကြီးနဲ့ စေတနာတွေ အများကြီး ပွေ့ပိုက်ပြီး ကြိုးစားရမှာပေါ့။ ဒီခန္ဓာကိုယ်ကြီး ရှိနေသရွေ့ ကြိုးစားရမှာပေါ့''ဟု လေတွေ လိုက်ဖမ်းနေမိသည်။
    ''သမီး ကြည့်စမ်း၊ ကလေး...လူငယ်...လူကြီး...အဘိုးကြီး အားလုံးပဲ ရောဂါနဲ့ ဝေဒနာနဲ့ ဒုက္ခနဲ့။ ရောဂါဟာ အရွယ်၊ ပညာ၊ ဂုဏ်၊ ငွေရယ်လို့ ခွဲခြားမနေဘူး။ မျက်စိရှိတဲ့သူမှာ မျက်စိနဲ့ ပတ်သက်တဲ့ရောဂါ၊ ဒုက္ခခံရတာပဲ။ နားရှိလဲ နားပေါ့၊ ဒီခန္ဓာကိုယ် ကြီး ရှိနေသရွေ့ ဒုက္ခကတော့ ကင်းကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီ တရားသဘောကို သေချာ သိနားလည်တဲ့ သူတော်ကောင်း သူတော်မြတ်တွေဟာ ဒီခန္ဓာကိုယ်ကြီးကို မလိုချင်တာပေါ့''
    ဖေဖေက တရားသမားပီပီ ကြုံတုန်းကြုံခိုက် တရား သံဝေဂ ရနေသည်။ ဆေးခန်းမှာ ဖေဖေ ကြာကြာနေလျှင် သည့်ထက် တရား ရပေမည်ဟု တွေးမိသည်။
    ဖေဖေ့ကို ခေါင်းအသာညိတ်ပြရင်း စိတ်ထဲမှာ ''ဖေဖေရေ၊ သမီးတော့ သူတော်မကောင်း သူတော်မမြတ်ဘဲ ဖြစ်နေဦးမှာ ပဲ၊ ဒီ ဒုက္ခခန္ဓာကိုယ်ကြီးကိုပဲ ရင်းပြီး ခုလို ဒုက္ခသည်တွေကို ဒုက္ခတွေ လျော့နိုင်သလောက် လျော့အောင် ပြုစု ကုသတဲ့ ဘဝမျိုးကို အရယူရဦးမှာပဲ။ ဒီ ဒုက္ခခန္ဓာကိုယ်ကြီးကို လိုလိုချင်ချင်နဲ့ ဒုက္ခမများအောင် ဂရုစိုက်ရဦးမှာပဲ''ဟု ပြန်ပြောနေမိသည်။
    ''ကိုတိုးမြင့်၊ ကိုတိုးမြင့် ညီက သိပ်ချောတာပဲဆို၊ ညီမလေးတွေက ပြောတယ်၊ အဲဒါ...မြင်ချင်လိုက်တာ''
    ဆေးခန်းအမှုထမ်း ကုလားမသည် လူသံတွေကို ကျော်လွန်အောင် အော်ပြောနေကျ ထုံးစံအတိုင်းပင် ဖုန်းဆက်တော့လည်း အော်ကျယ် အော်ကျယ်နှင့် ပြောနေသည်။
    ''အဟင်းဟင်း...ကိုတိုးမြင့်ထက် ပိုချောတယ် ပြောတာပဲ၊ အပြတ် သားနားတယ်တဲ့''
    ''...''
    ''နိုင်ငံခြားမှာ ဟုတ်လား၊ ခေါ်ခဲ့ပါလား၊ မြင်ချင်လို့၊ ချောတယ် ဆိုလို့လေ၊ အဟင်းဟင်း''
    ''...''
    ''ဓာတ်ပုံ၊ ဓာတ်ပုံ ဘာလုပ်မှာလဲ၊ လူကိုယ်တိုင်မြင်ချင်တာ၊ ဒါပေမယ့် ခုမလာပါနဲ့၊ မိုင်နာအော်ပရေးရှင်း ရှိတယ်၊ အားမှာ မဟုတ်ဘူး''
    ''...''
    ''သြော်...ဟုတ်ကဲ့...ဟုတ်ကဲ့၊ ဒါဆို ဒါပဲနော်''
    ကုလားမ ဖုန်းချလိုက်သံသည် ထုံးစံအတိုင်း ကလင်ဟု ခပ်တိုးတိုးသာ မြည်သွားသော်လည်း နားထဲတွင်တော့ ''ဒီဒုက္ခ ခန္ဓာကိုယ်ကြီး''ဟု ကျယ်လောင်စွာ ကြားမိလေသည်။
    ထိုစဉ်မှာပင် ''ဦးတင်မောင်...ဓာတ်မှတ်ရပြီ''ဟူသော အသံကို ကြားလိုက်ရလေသည်။

မသီတာ(စမ်းချောင်း)
၁၉၈၆ ခု၊ ဖေဖော်ဝါရီလ၊ စံပယ်ဖြူ မဂ္ဂဇင်း

No comments:

Post a Comment