Friday 11 November 2011

ကိုင်းကူးကိုင်းဆက် လက်မများ

''ဒီလိုလေ အမေရဲ့...၊ ကလေးရဲ့သွေးထဲမှာ ဘီလီရူဘင်ဆိုတဲ့ အသားဝါစေတဲ့ဓာတ်တစ်မျိုးက မတန်တဆများလွန်းနေတယ်၊ အခု အခြေ အနေအတိုင်းဆို အမေ့ကလေးကလည်း ခုမှ ရက်နုနုလေး... လေးရက် သားနော်၊ အဲဒါ ဦးနှောက်ထိခိုက်ပြီး အမြဲတမ်း ဉာဏ်ရည်မမီဖြစ်သွားနိုင် တယ်၊ အဲဒီလိုမဖြစ်အောက် ကာကွယ်ဖို့ဆိုရင် သွေးလဲပစ်ဖို့တစ်ခုပဲ တတ် နိုင်မယ်၊ အဲဒါကြောင့် ရှင့်ဆီက သဘောတူညီကြောင်းလက်မှတ်ကို လို တယ်၊ ရှင် သဘောမတူဘူးဆိုရင်တော့ တခြားနည်းလမ်းတွေနဲ့ပဲ ကုပေး မယ်၊ ဒါပေမဲ့ သွေးလဲသလို ဦးနှောက်ကို ကာကွယ်တဲ့နည်းကတော့ မရှိ ဘူး၊ ကျွန်မတို့ဆန္ဒကတော့ လုပ်ချင်တယ်၊ အမေလုပ်တဲ့ရှင်ကသာ သဘော တူပါတယ်လို့ လက်မှတ်ထိုးရင်ပေါ့''
သည့်ထက်ရှည်ရှည်ဝေးဝေးလည်း ထပ်မရှင်းချင်။ ရှင်းလည်းမရှင်း တတ်တော့။ ဘာသာရပ်ဆိုင်ရာဝေါဟာရတွေနှင့် ရှုပ်သထက်ရှုပ်ဖို့ပဲ ရှိ သည်။ ကလေးအမေကတော့ မျက်ရည်တွေကတပေါက်ပေါက်ကျလို့။
''အို... မငိုနဲ့လေ၊ ကလေးက ဆေးရုံမှာမွေးတာမဟုတ်ဘူးလား''
''ဟုတ်... မှာပါ''
'ဟင်၊ ဒါနဲ့များတောင်...''
ဟုတ်... ဟင့်... ရွှတ်...''
''ကဲ...ကဲ၊ ပြော၊ သဘောတူလား၊ တိုင်ပင်ချင်သေးလား၊ ယောက်ျား ရော၊ သွားခေါ်တိုင်ပင်လေ''
''ဟို... ခရီးသွားနေတယ်''
''အလုပ်မလုပ်ရဘူးပေါ့''
ကိုယ်ချင်းစာစွာ မေးမိသည်။ မိတ်ဆွေတွေဖြစ်နေမလား။
''ဟင့်အင်း... အလုပ်နဲ့ ခရီးသွားနေတာ၊ အဲဒါ...''
''သြော်...''
မိတ်ဆွေ မဟုတ်ပါလား။
''ကဲပါလေ၊ ရှင့်သဘောပဲ၊ ကျွန်မတို့ကတော့ ရှင့်ကလေးကို အကောင်း ဆုံးဖြစ်စေချင်လို့ပြောတာပဲ''
စည်းစည်းရုံးရုံးလေသံကို ရင်ထဲက ထွက်မလာ။
''သဘောတူရမှာပေါ့ ဆရာရယ်''
''အင်း... ဒါဆို၊ ဒီနေရာမှာ လက်မှတ်ထိုး''
ကလေးအမေက ကမ်းပေးသည့်ဘောလ်ပင်ကို မယူ။ မင်နှိပ်ပြားပေါ် မှာ တစ်ချက်လှိမ့်ပြီး ညွှန်ပြရာနေရာမှာ လက်ဗွေရာထင်အောင် မြန်မြန် ဆန်ဆန် ကျွမ်းကျွမ်းကျင်ကျင် ဖိချလိုက်သည့်ကလေးအမေ၏ လက်မ လှုပ် ရှားမှုက အသားကျစွာ တိတိကျကျ၊ မှန်မှန်ကန်ကန်။ ဘောလ်ပင်ကမ်းထား သည့် ကိုယ့်ညာလက်မှာ အားတုံ့အားနာ၊ ဇဝေဇဝါ။
x x x
''ဟင်း...၂၂ ကျော်ကျော်လေးများ၊ ရေထိုးကြည့်ပြီး ပြန်စစ်၊ Cheek  ပြီးမှလုပ်တာမဟုတ်ဘူး၊ ခုပဲ ည ၁ဝနာရီရှိပြီ၊ သွေးတောင်းမှာနဲ့ ဘာနဲ့...''
မှန်သည်။ သည်လိုပုံနှင့်ဆို သည်ညအိပ်ရမှာ မဟုတ်။ သွေးတောင်း တာက တစ်နာရီနီးပါးကြာနိုင်သည်။ ပြင်မှာဆင်မှာနှင့် ၁၁နာရီခွဲပဲထား။ သွေးလဲကုသခြင်းExchange Transfusion  တစ်ခါလုပ်လျှင် အနည်းဆုံး နှစ်နာရီဆိုတော့ ည တစ်နာရီခွဲ၊ ဟိုလုပ်သည်လုပ်နှင့် နှစ်နာရီ။ မနက် ခြောက်နာရီလောက်မှာလည်း အခြားအသားဝါကလေးပေါက်စ ဆယ် ယောက်လောက်ကို သွေးဖောက်စစ်ဆေး လုပ်ရဦးမည်။ အိပ်ချိနိ သိပ်မရ နိုင်။

အို... ဒါ ဂျူတီလာဆင်းတာပဲ ဖြစ်သည်။ လာအိပ်တာမှမဟုတ်ဘဲ၊Kernicterlis  ဝင်လျှင် (ဦးနှောက်အစိတ်အပိုင်းအချို့အတွင်း၌ ဘီလီရူဘင် အဆိပ်ကြောင့် ပျက်စီးယိုယွင်းခြင်း) တစ်သက်လုံး ဉာဏ်ရည်မမီ လူစဉ် မပီ ဖြစ်သွားနိုင်သည် မဟုတ်လား။ ကိုယ်က တစ်ညတာ။ ကလေးအတွက် ကတော့ တစ်ဘဝတာ။ ဘာမအိပ်ဘဲ မနေနိုင်စရာရှိမလဲ။ ကိုယ်ချင်းစာ မှပေါ့။ ကိုယ့်ဆွေမျိုးသားချင်းထဲက ကလေးဆိုလျှင်...၊ ကိုယ့်မိတ်ဆွေ ကလေးဆိုလျှင်...။
ဟင်း... သူ့အဖေက ကိုယ့်မိတ်ဆွေထဲကမှ မဟုတ်ဘဲ။ ရန်သူ။ အင်း... တိုင်းရင်းသားချင်း ရန်သူသတ်မှတ်စရာလည်း မဟုတ်။ ဟာ... ဘာပဲဖြစ်ဖြစ် သူတို့က ကိုယ့်မိတ်ဆွေတွေအပေါ် ကောင်းခဲ့သူတွေမှ မ ဟုတ်ဘဲ။ ဆဲရေးဖူးသည်။ တိုင်းထွာဖူးသည်။ နှိပ်စက်ဖူးသည်။ ညှင်းပန်း ဖူးသည်။ အလုပ်မဲ့စေသည်။ ဘဝပျက်စေသည်။ ကိုယ့်မှာ မိတ်ဆွေတွေ အတွက် ပူပန်ရသည်။ ဆွေးမြေ့ရသည်။ ဝမ်းနည်းရသည်။ ဒေါသနှင့် သောက ဖြစ်ရသည်။ နေပေ့စေ။ သူ့သွေးအတွက် ကိုယ်အိပ်ရေးပျက်မခံ နဲ့၊ တန်ပြန်ခံစားလိုက်စမ်း။
ဟင့်အင်း...။ မဟုတ်သေးဘူး။ သည်ကလေးရဲ့အဖေက်ု ကိုယ်မှ မမြင်ဖူးဘဲ။ ကိုယ့်မိတ်ဆွေ မဟုတ်ပေမဲ့ ရန်သူလည်း ဟုတ်ချင်မှ ဟုတ် မည်။ ကိုယ့်မိတ်ဆွေတွေကို ရန်ပြုသူတွေထဲမှာ သူပါသည်ဟု ကိုယ်အတတ် မသိနိုင်။ သူသည် ကိုယ့်လူသူ့ဘက်သားလို လူတစ်ယောက်ရော မဖြစ်နိုင် ဘူးလား။ အို... သူဟာ ကိုယ့်မိတ်ဆွေတွေကို ရန်သတ္တုပြုဖူးရင်ရော သူ့သားဟာ ကိုယ့်ကြောင့်ဘဝတုံးသွားသင့်မလား။ ကိုယ်ဟာ သမားသာ ဖြစ်ရမည်။ ကြေးစားမဟုတ်စေရ။ ဘယ်သူတွေ ကြေးစားဖြစ်ဖြစ် ကိုယ်မ ဖြစ်စေရ။ ဂလဲ့စားဆိုတာ ကိုယ်နှင့် ကိုယ့်မိတ်ဆွေတို့၏ ဝေါဟာရ မဟုတ်။
အို... ဂလဲ့စား မဟုတ်တောင် အတုံ့အလှည့်ကတော့ ရှိသင့်မှာပဲ လေ။ ဘာဖြစ်လဲ၊ သူတို့ကြောင့် ကိုယ့်မိတ်ဆွေတချို့ ဘဝပျက်၊ ဦးနှောက် ပျက်၊ ခန္ဓာပျက် ပျက်ကြရတာပဲ။ ခုဟာက သူတို့ဘာသာသူတို့ ဖြစ်ချင်ရာ ဖြစ်လာပြီး လွန်ခါနီးမှ နောက်သည်လိုလုပ်ရင် ကောင်းမယ်မှန်း သိလျက် နဲ့တောင် သဘောတူလက်မှတ်ထိုးဖို့အရေး သူတို့မှာ ဖြစ်နေကြတာ။ ရေ များများ တိုက်ပေးရင် နောက်နေ့မနက် ၁၇ရာခိုင်နှုန်းလောက်ထိ ကျချင် ကျသွားမှာ။ ဒါဆို သွေးလဲစရာမလိုဘူး။ ကိုယ်လည်း သည်ညအိပ်ရမယ်။ လုပ်ဖော်ကိုင်ဘက်တွေကလည်း ကိုယ့်ကို ကြည်ဖြူသွားမယ်။ မသကာ ဦး နှောက်ထိသွားရင်ရော သူတို့ဟာ လက်မှတ်တောင်မထိုးတတ်တာ ဦးနှောက် ကောင်းလို့မှ အသုံးချလို့ ရမှာတဲ့လား။ သူ့သားဟာ သူ့အဖေလိုပဲ ဦးနှောက် မသုံးရတဲ့ အသက်မွေးဝမ်းကျောင်းနဲ့ဘဝကို ရပ်တည်သွားမှာပေါ့။ အို... ဦးနှောက် သုံးရတောင် ကောင်းကောင်းကန်းကန်း သုံးမှာတဲ့လား''
ဟာ... မဟုတ်သေးပါဘူး။ ကိုယ် ဘာဖြစ်နေတာလဲ။ ကလေးက ခမှ လေးရက်သား။ သိပ်နုသေးတယ်။ ဒီနေ့ ၂၂ရာခိုင်နှုန်းကို ဘာမှမလုပ် ဘဲ ထားရင် နက်ဖြန် ၂၉-၃ဝထိ မတက်သွားဘူးလို့ ကိုယ်တို့အာမခံနိုင် မလား၊ အဲဒီလို တက်သွားတော့မှ ကိုယ်တို့ရဲ့ သိပ်တော်သိပ်ကောင်းတဲ့ ဦးနှောက်က သွေးလဲမယ်လို့ ဆုံးဖြတ်မှာလား။ လေးရက်သားဘဝကနေ အသက်နဲ့ခန္ဓာသာ ကြီးထွားလာပြီး ဦးနှောက်၊ ဉာဏ်ရည်ကတော့ ဆက် တက်မလာဘဲ သူတစ်ပါးအပေါ် မှီခိုရတဲ့ဘဝတစ်ခုကို ကိုယ်က ဇွတ်ဖန် တီးတော့မှာလား။ သူ့သားပေမဲ့ သူ့အဖေလို အိုမင်းသေဆုံးသွားပါ့မလား။ သူ့ကောင်းတဲ့ဦးနှောက်လေးဟာ ကိုယ်တို့အတွက် အကျိုးမရှိလာဘူးလို့ရော ပြောနိုင်မလား။ နောက် သူ့အဖေအမေ၊ အို... သူတို့တွေ ဘာပဲဖြစ်ဖြစ် သည်လေးရက်သားလေးမှာ ဘာအပြစ်ရှိလို့လဲ၊ သူက ဘယ်သူ့ကိုမှ ဘဝ ပျက်စေတာမှမဟုတ်ဘဲ၊ ဘာလို့ သူ့ဘဝကို ပျက်စေရမှာလဲ''
သည်လိုနှင့် ကိုယ်တစ်ယောက်တည်း စွဲချက်တင်တစ်လှည့်၊ အယူခံ ဝင်တစ်ခါ၊ စီရင်ချက်တစ်ဖုံ ကိုယ့်ခုံရုံးမှာ ကိုယ်သာလျှင် တရားသူကြီး၊ ကိုယ်သာလျှင် တရားလို၊ ကိုယ်သာလျှင် သက်သေလုပ်ကာ လေးရက်သား တရားခံအပေါ် သွေးလဲကုသရန် အဆုံးသတ်စီရင်ချက်ချဖြစ်ခဲ့ပါသည်။ (တကယ်တော့ သွေးလဲကုသဖို့ ကိုယ့်လုပ်ဖော်ကိုင်ဘက်က ဆုံးဖြတ်မှ အတည်ဖြစ်ပြီး သူကလည်း ဆုံးဖြတ်ပြီးသား၊ ကိုယ်က ကိုယ့်ဘာသာ အတွေးတွေခေါင်နေခြင်း ဖြစ်သည်။)
သည်တော့ သွေးဘဏ်မှာ သွေးတောင်းရသည်။ မိနစ်လေးဆယ်ကြာ သွားသည်။ ဘာမှအကြောင်းမပြန်။ ကိုယ် ကိုယ်တိုင်သွားတွေ့တော့မှ ဒီမှာ သွေးမရှိ။ ဆေးရုံကြီးမှာတောင်းပါဟု ဆိုသည်။ တစ်ဆက်တည်းမှာ အဲဒီ မှာလည်း မရနိုင်ဘူး။ ရှားမယ့်သွေးမျိုးဟု ပြောသည်။ ထားတော့။ ကိုယ် ဆုံးဖြတ်ပြီးသား။ ဆေးရုံကြီးကိုသွေးတောင်းဖို့ ကိုယ့်ဘာသာ အစအဆုံး စီစဉ်သည်။ ညသန်းခေါင်မှ အလုပ်ရှုပ်ရသည့်အတွက် မကြည်လင်ချင် သော လုပ်ဖော်ကိုင်ဘက်တွေ၏မျက်နှာကို ကိုယ်မကြည့်တော့။ ဆေးရုံကြီး ကို သွေးတောင်းဖို့ ကားထွက်သွားမှ ကိုယ့်အတွက် တာဝန်ချိန်အတွင်း နားရန် ပေးထားသောအခန်းထဲ ဝင်သည်။ အားဖြည့်ရန် မုန့်အနည်းငယ် စားပြီး ရေသောက်သည်။ ပြီးတော့ မှန်ထဲက ကြည်နူးမျက်နှာနှင့် ကိုယ့်ကို ကိုယ်လက်မထောင်ကာ အားပေးလိုက်သည်။
အပြင်က ကိုယ့်ဘယ်လက်မဖြောင့်စင်းထောင်မတ်သည် မှန်ထဲမှာ ညာ လက်မ ဖြောင့်စင်းထောင်မတ်။
x x x
ကိုယ်သည် မဝေးသော အတိတ်က လက်မနှစ်ချောင်းကို လွမ်းနေမိ လေသည်။
ကိုယ့်မိတ်ဆွေတစ်ဦး။ အတိအကျဆိုရလျှင် ဆရာတစ်ယောက်လို လေးစားရသော ကိုယ့်မိတ်ဆွေတစ်ဦး။ သူ့ညာလက်မနှင့် ကိုယ့်ညာလက်မ။
တကယ်တော့ သူနှင့်ကိုယ်သည် ကာလအတန်ကြာ မတွေ့ဖြစ်ခဲ့ကြ။ တစ်ခါက နေ့စဉ်ရက်ဆက်လို တွေ့မြင်နေခဲ့ရာမှ ကာလအတန်ကြာ ဝေး ကွာသွားသောအခါ ကိုယ်သည် သူ့ကို လွမ်းဆွတ်နေမိတာလည်း အမှန်။
တကယ်တော့လည်း ကိုယ်နှင့်သူ တွေ့ဆုံခြင်းက သိပ်ကို ကြေကွဲစရာ ကောင်းခဲ့တာလည်း အမှန်ပင်။
သူနှင့်ကိုယ် ပြန်တွေ့တော့... ကိုယ်က သမား။ သူက လူနာ။ နောက် ထပ် ဝမ်းနည်းစရာကောင်းတာကတော့ သူသည် ကိုယ့်လူနာမဟုတ်။ ကိုယ် ကြည့်ရှုကုသပေးရမည့်လူနာမဟုတ်။ သူနှင့်ပတ်သက်၍ ကိုယ်နှစ်မျိုးပဲ လုပ် နိုင်မည်။ အဲဒါက တဒင်္ဂအားပေးနှစ်သိမ့်ခြင်းနှင့် ကုသမှုမဲ့အပေါ်ယံစမ်း သပ်ခြင်း။
''နေကောင်းလား''
သူ ဝေဒနာခံစားနေရပုံကို မြင်လိုက်ရခြင်းကြောင့် ကိုယ်သည် သူခံ စားနေရသည့် နှလုံးသားဒဏ်ရာဝေဒနာလို မွန်းကြပ်ဆုပ်ဆွဲနာကျင်မှုကို ခံစားလိုက်ရကာ သည်စကားတစ်ခွန်းကိုသာ ပြောထွက်နိုင်ခဲ့သည်။
သို့သော် ကိုယ့်ညာလက်က သူ့ညာလက်ကောက်ဝတ်သွေးခုန်နှုန်းကို စမ်းလိုက်သည်။ သည်မှာ သူ့ညာလက်မက ကိုယ့်လက်ဖဝါးကို လာထောက် သည်။ ကိုယ်ခေါင်းငုံ့ကြည့်တော့ ထောင်မတ်ဖြောင့်စင်းနေသည့် သူ့ညာ လက်မ။ ကိုယ့်ညာလက်မကို ထောင်ပြီး သူ့လက်ဖျံပေါ်တင်ကာ ကိုယ် ခေါင်းပြန်မော့သည်။ အသိအမှတ်ပြုမှုတွေ၊ နားလည်မှုတွေပြည့်လျှမ်းနေ သည့် သူ့မျက်ဝန်းကို ကိုယ်ရင်ဆိုင်ရသည်။ ဒါပါပဲ။ နောက် ဘက်တော့ မှ မတွေ့ရတော့ဘဲ သူသည် ကိုယ့်ကို လက်မကတစ်ဆင့် မျက်ဝန်းက တစ်ဆင့် စကားများစွာ ပြောခဲ့လေသည်။
ကိုယ်သည် သူ့သွေးခုန်နှုန်းကို စမ်းသော်လည်း ကိုယ်ထိတွေ့ခံစားရ သည်က သူနှင့်ကိုယ်တို့၏ နှလုံးသွေးစေးပြစ်တွန်းကန်နှုန်းသာ ဖြစ်ခဲ့လေ သည်။
x x x
ဆေးရုံကြီးမှ သွေးတောင်းပြီး ပြန်ရောက်လာတော့ နံနက် တစ်နာရီ ထိုးခါနီးပြီ။ ကိုယ့်လုပ်ဖော်ကိုင်ဘက်က သွေးလဲခြင်းကို တာဝန်ယူလုပ်ရ မည့်သူ။ ကိုယ်က သွေးလဲစဉ် တစ်လျှောက်လုံး ကလေး၏နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း၊ အထွေထွေအခြေအနေနှင့် သွေးလဲသည့်ပမာဏ မည်၍ မည်မျှရောက်ပြီကို မှတ်တမ်းတင်ရမည့်သူ။ ကိုယ်က အဓိကတာဝန်ယူ လုပ်ကိုင်ရမည့်လုပ်ဖော်ကိုင်ဘက်ကို အကြောင်းကြားပြီး အားလုံးအဆင် သင့်ဖြစ်တော့ တစ်နာရီ၁၅မိနစ်။
ကလေးက လက်ဝါးကပ်တိုင်လို ပိတ်ဖြူစတွေ အထပ်ထပ်ပတ်ထား သည့် ပုံစံအိပ်ယာပေါ်မှာ လက်နှစ်ဖက်ဆန့်တန်းပြီး လက်ကောက်ဝတ် အသီးသီးမှာ အနှီးနှင့် ခပ်တင်းတင်း ချည်နှောင်ခံထားရလို့။ မရုန်းရအောင် ပေါ့။ မကန်ရအောင်ကတော့ ခြေနှစ်ဖက်ပူးကပ်ပြီး အနှီးနှင့် ပုံစံအိပ်ယာ အောက်ဘက် လက်ဝါးကပ်တိုင်၏အခြေဘက်ကို ခပ်တင်းတင်းချည်ထား ပြန်။ ဘာမှမစရခင်မှာပင် ကလေးက အာခေါင်ခြစ်ငိုကျွေး။ ကိုယ်ကတော့ ဝဋ်ဆိုတာရယ်၊ သူ့အမေရဲ့မျက်ရည်ပေါက်တွေကရယ်ကို သတိရပြီး ဝဋ်ြေ<ွကးနဲ့သွေးမျိုးဆိုတာကို တွေးနေမိသည်။
ချက်က ပုပ်နေသည်မို့ ချက်ဘေးကနေပဲ အထဲကချက်ကြိုးအတွင်း သွေးပြန်ကြောကို ရှာတော့ ထုံဆေးသုံးလျှင် ရှာရခက်တာ၊ အနာကျက်ခဲ တာနှင့် အန္တရာယ်များသည်မို့ အစိမ်းအတိုင်းဓားတင်လိုက်လျှင်ပင် ကလေး  က အသံပျောက်မတတ် ငိုကျွေးတော့သည်။ သို့သော် ရုန်းမရ၊ ကန်မရ။ ဘုရားရေ ဒါဟာဝဋ်ပဲလား။
တက်မတတ် ချက်မတတ် ငိုနေသည့်ကလေးကို ကိုယ်ဘယ်လိုချော့ မြှူရပါ့။ ရှင်းပြရပါ့။ ခဏလေးပါ သားရယ်လို့ ကိုယ်ဖြေသိမ့်ရင်ရော သူ သိမှာလား။ သိရင်ရော ယုံမှာလား။ ကိုယ်တို့ခဏလေးက သူ့အတွက် သိပ် ကြာချင်ကြာနေမှာပေါ့။ မနာပါဘူးကွာလို့ မကြီးတကြီးကလေးတွေ တင်ပါး ဆေးထိုးခါနီး မာန်တင်မြှောက်ပင့်သလိုလည်း အားပေးလို့မဖြစ်။ နာမှာ သေချာနေမှတော့ ကိုယ်က သံယောင်လိုက်ကာ မညာလို။ ဘယ်လိုလုပ်ရ မလဲ။
ပိုးသန့်အဝတ်တွေလွှမ်းထားသည့် အောက်ဖက်ကနေလက်လျှိုကာ နဖူးပြင်လေးကို ပွတ်သပ်ပေးမိသည်။ မရ။ ငိုမြဲ၊ ငိုဆဲ၊ မျက်နှာတွေ နီမြန်း လို့၊ ပါးလေးတွေကို ပွတ်သပ်။ ငိုမြဲ။ နားရွက်လေးကို ပွတ်သပ်။ ငိုမြဲ။ ရေ စက်လေးတွေ တိုက်ကြည့်။ မစို့ဘူး၊ ငိုမြဲ။
လုပ်ဖော်ကိုင်ဘက်က ချုပ်စရာရှိတာကို ချုပ်ရပြန်သည်။ ကလေးက တော့ မောမောနှင့်တောင် မနား။ မောတောင်မမောအားဘူး ထင်ရဲ့။ နာ ရတာက များတော့ မောတာကို မေ့လို့အော်နေရှာသည်။ ဟုတ်တယ်။ တော် ကြပါတော့။ ပြီးတော့မယ်လေ။
နားရွက်လေးကို ပွတ်သပ်။ ဖတ်ခနဲ၊ ဖျတ်ခနဲ၊ အေးခနဲ၊ ဆုပ်ခနဲ၊ လန့်  သွား၊ အံ့သြသွား၊ ရုန်းကြည့်၊ မရ၊ တင်းကြပ်လှချည့်၊ ခိုင်မြဲလှချည့်။ အို အားကိုးလှချည့်။ တကယ်ပါပဲ။ ဖျတ်ခနဲလှမ်းဆွဲလိုက်တဲ့အနှီးကြိုးနှောင် အောက်က ကလေးရဲ့လက်ငါးချောင်းဟာ သန်လိုက်တာ။ ကိုယ့်ညာလက်မ ဟု ကလေးရဲ့လက်သီးဆုပ်ထဲမှာ နွေးထွေးလို့၊ ကြပ်သိပ်လို့။ ကိုယ်ရုန်း ကြည့်။ မရ။ မရုန်းမိတော့။ အို... ကလေးရယ်။ ငိုသံဟာ ရုတ်တရက် တိုးညှင်းသွား။
ဘုရားရေ...၊ ကလေးဟာ လက်မကို စောင့်နေခဲ့တာလား။ဟော... ကလေးရဲ့လက်ငါးချောင်းဟာ အားကောင်းလှချည့်။
ဟော... ကိုယ့်လုပ်ဖော်ကိုင်ဘက်ရဲ့လက်အစုံကြောင့် ကလေးဟာ ကလေးရဲ့သွေးတွေ၊ ကလေးဖေဖေနဲ့မေမေတို့ရဲ့သွေးတွေ၊ ကလေးတို့ရဲ့ ဘီလီရူဘင် အဆိပ်သင့်နေတဲ့သွေးတွေ၊ အဆိပ်သင့်သွေးတွေကို ဖောက် ထုတ်၊ အဆိပ်ကင်းတဲ့သွေးတွေကို ကလေးရဲ့ကိုယ်ထဲကို ထည့်။ ကိုယ်ဆု တောင်းနေတယ် ကလေးရယ်၊ မင်း နေကောင်းသွားပါစေ။ မင်းရဲ့ဦးနှောက် လေးဟာ အသုံးကျတဲ့အလုပ်တွေကို ဆုံးဖြတ်နိုင်ပါစေ။ မင်းရဲ့နှလုံးသွေး တွေ သန့်ပါစေ။ ကိုယ့်ရဲ့လက်မကနေ ကလေးရဲ့လက်ငါးချောင်းကို ဖြတ် သန်း။ ကိုယ်နဲ့ကိုယ့်မိတ်ဆွေတွေရဲ့သစ္စာများ ကလေးရဲ့သွေးသားထဲမှာ စီး သွား...။
ကိုယ်ယုံလိုက်တော့မယ် ကလေးရေ...။ နက်ဖြန်မှာ ကလေးနဲ့ကိုယ် ဟာ မိတ်ဆွေ။ ကိုယ့်ညာလက်မနဲ့ ကလေးရဲ့ ဘယ်လက်မတို့ ဖိကပ်။ အနာဂတ်မှာ ကိုယ်တို့ဟာ မိတ်ဆွေ....။
မသီတာ(စမ်းချောင်း)
ဆူးဒဏ်မဲ့သစ်ရွက်များဝတ္ထုတိုပေါင်းချုပ်မှ

No comments:

Post a Comment