Friday 11 November 2011

အညိုမှသည် ကြက်သွေးနီသို့ (၇)


နာမည်ကျော် ဟောပြော ပို့ချမှုများ ကြက်သွေးနီ့ ရင်သွေး ဖြစ်ရသည့် အားသာချက် တစ်ခုမှာ နာမည်ကျော် ပုဂ္ဂိုလ်ကြီး များ၏ ဟောပြော ပို့ချချက် များကို အချိန်မရွေး တက်ရောက် နားထောင်နိုင်ခွင့် အရယူနိုင် ခြင်းပင်။
ဟားဗတ်ကား နာမည်ကျော် တက္ကသိုလ်ကြီး ဖြစ်သည်နှင့် အညီ ဌာနပေါင်း များစွာမှ ပညာရေး ဆိုင်ရာ လှုပ်ရှားမှုပေါင်း များစွာကို တစ်ပြိုင်နက် ကျင်းပနေလေ့ ရှိရာ ဌာန တစ်ခုခုတွင် နာမည်ကျော် ပို့ချချက် တစ်ခုမဟုတ် တစ်ခု ရှိနေတတ် လေသည်။ အများစုမှာ ဌာနတွင်း ဆရာများ၊ ပြည်တွင်း ပညာရှင်များ၏ ဟောပြော ပို့ချမှုများ သာမက ကမ္ဘာ ဒေသ အသီးသီးမှ ပညာရှင် ကြီးများ၊ ကမ္ဘာကျော် စာရေးဆရာ အနုပညာရှင် ကြီးများ၏ ဟောပြောပို့ချ မှုများလည်း ဖြစ်ပါသည်။

အချို့သော ဟောပြော ပို့ချမှု များမှာ ဌာနတွင်း အဆောက် အဦများတွင် ကျင်းပသော်လည်း အချို့ကိုမူ လူအများ သိပြီး အရေအတွက် များများဆံ့သော ခန်းမကျယ် ကြီးများရှိရာ အဆောက် အဦတွင် ကျင်းပတတ်ကြ ပါသည်။ အထူးသဖြင့် ကမ္ဘာကျော် စာရေးဆရာ အနုပညာရှင်နှင့် ဘာသာရပ် ဆိုင်ရာ ပညာရှင်ကြီးများ ဟောပြောမည့် ဟောပြောမှု များတွင် တက်ရောက် လိုကြသော ပရိသတ် ဦးရေ များလွန်းသည့် အတွက် အခမဲ့ တက်ရောက် နားထောင်နိုင် သည့်တိုင် စီစဉ်သည့် ဌာန ဆိုင်ရာမှ ဖိတ်စာ ရမှသာ ထိုင်ခုံနေရာ သေချာသည်ထိ စည်ကားလှ ပါသည်။ ကိုယ့်အတွေ့ အကြုံထဲမှာ အထင်ကရ အဖြစ်ရဆုံး ဟောပြော ပို့ချ မှုမှာ Norton Iecture ဖြစ်ပြီး ကမ္ဘာကျော် စာရေး ဆရာကြီး အိုဟမ် ပါမောက်ခ်၏ ပို့ချချက် ဖြစ်သည်။

ထိုပို့ချ ချက်ကို စီစဉ်သည့် ဌာနမှာ Humanities Center ဖြစ်ပြီး ပို့ချချက်ပေါင်း ခြောက်ခုကို စာရေးဆရာ တစ်ဦးတည်းမှ တစ်ပတ်ခြား တစ်ခါ ကျင်းပပေးခြင်း ဖြစ်ပါသည်။ ပို့ချချက် တစ်ခုချင်းစီ အတွက်ခေါင်းစဉ် သီးခြားပေးကာ အမေး အဖြေကဏ္ဍ အပါအ၀င် အချိန် နှစ်နာရီ ဟောပြောခြင်း ဖြစ်ပါသည်။ တူရကီသား စာရေးဆရာ ပါမောက်ခ်၏ နာမည်ကျော် နှင်း (Snow) ၀တ္ထုကြီး အပါအ၀င် ၀တ္ထုအများ အပြားမှာ ကမ္ဘာကျော် သကဲ့သို့ နိုဘယ်ဆုရ စာရေးဆရာ လည်းဖြစ်ရာ သူ့ဟော ပြောပွဲကို တက်ရောက် နားထောင် လိုသူများ အလျှံပယ် များပြား လှပါသည်။ ထို့ကြောင့် ဟောပြော ပွဲနေ့တွင် ဟောပြောချိန် မတိုင်မီ တစ်နာရီ နီးပါးခန့် မှာပင် ပွဲကျင်းပရာ “အောက်မေ့ဖွယ်” ခန်းမကြီး ရှေ့တွင် ပရိသတ်များက တန်းစီစောင့်ဆိုင်း နေကြပါပြီ။ ကိုယ်ကမူ ကံကောင်း ထောက်မစွာ ဖိတ်ကြားစာ ရရှိခဲ့ ပါသည်။ Humanities Center ၏ ဌာနမှူး မှာ ဟိုမီဘာဘာ ဖြစ်ပြီး သည်ဘာသာရပ် အကြောင်း သင်ကြား လေ့လာနေသူ မည်သူမဆို သူ့နာမည်ကို မသိလျှင် မဖြစ်လောက် သည်ထိ နာမည်ကြီးသည့် ဘာသာရပ် ဆိုင်ရာ ဂုရုကြီးက သည်ပို့ချ ချက်ကို အဓိက ပါဝင်ဆွေးနွေး ပါသည်။

ဟိုမီ ဘာဘာက ပညာရှင် ဆန်လွန်းပြီး ပါမောက်ခ်က အနုပညာရှင် ဆန်လွန်းရာ သူတို့ နှစ်ယောက်၏ အမေးအဖြေ ခန်းသည် တစ်ဘာသာ စိတ်ဝင်စားဖွယ် ဖြစ်ခဲ့သည်။ သို့သော် ပါမောက်ခ် တစ်ဦးတည်း ပို့ချချက်များ ဆောင်ရွက်သည့် အခါများတွင် စာတမ်း ဖတ်ကြားသကဲ့သို့ ဖတ်ကြားသွား သည့်တိုင် သူ့အရေး အသားကြောင့် တက်ရောက်နားထောင် ရသူများမှာ စိတ်မျက်စိတွင် လိုက်ပါမြင် ယောင်လျက် စိတ်ကူးကွန့်မြူး နိုင်ကြသဖြင့် အလွန် သဘောကျ စရာကောင်း လှပါသည်။ အမေး အဖြေများတွင် မေးမြန်းကြသူ အပေါင်းမှာလည်း ပါမောက်ခ်၏ စာဖတ် ပရိသတ် အစစ်များ ဖြစ်ရာ သူ့စာအုပ် အသီးသီး အကြောင်း မေးမြန်း ဝေဖန်ကြ၊ မျှဝေ ဂုဏ်ဖော် ကြဖြင့် အလွန်ကြည် နူးစရာ ဟောပြောပွဲလည်း ဖြစ်ခဲ့ပါသည်။ ခန်းမ ပြည့်ရုံမက လျှံထွက်နေသည့် ပရိသတ်မှာ ပါမောက်ခ် ဖတ်ကြားပို့ချ နေစဉ်အချိန် တစ်လျှောက်လုံး တုတ်တုတ်မျှ မလှုပ်လောက်အောင် ငြိမ်သက် နေသည်မှာလည်း အလွန်အဆင့် အတန်းရှိသော ကြက်သွေးနီ ပရိသတ် ပီသလှ ပါသည်။ တက်ရောက်သော ပရိသတ် အများစုမှာ ကြက်သွေးနီမှ ဆရာများနှင့် ကျောင်းသားများသာ ဖြစ်ပြီး ပြင်ပမှ ပညာရှင် အချို့နှင့် ဧည့်ပရိသတ် အချို့လည်း ပါပါသည်။

ကြက်သွေးနီ၏ အောက်မေ့ဖွယ် ခန်းမ


ထိုပို့ချချက် ကျင်းပရာ “အောက်မေ့ဖွယ် ခန်းမ”မှာ ဟားဗတ်၏ အထင်ကရ ဖြစ်လွန်းလှသော အဆောက်အဦ ဖြစ်ပါသည်။ ဗစ်တိုး ရီးယန်းခေတ်၊ ဂေါသစ် လက်ရာဖြစ်ကာ အလွန် လှပသည့် အဆောက်အဦ ကြီးပင်။ သည်အဆောက် အဦက အမေရိကန် ပြည်တွင်းစစ်မှာ တိုက်ပွဲဝင်ခဲ့ ကြသည့် ဟားဗတ် ကျောင်းသားဟောင်း ကြက်သွေးနီ ရင်သွေးများမှ စုဆောင်းငွေ များဖြင့် တည်ဆောက်ခဲ့ ခြင်းပင်။ ဘွဲ့နှင်းသဘင် အခမ်းအနား အပါအ၀င် ကျောင်း၏အခမ်း အနားများ ကျင်းပနိုင်ရန် ရည်ရွယ်ခဲ့ပြီး ၁၈၀၂ ခုနှစ်ဆင်း ကျောင်းသားဟောင်း Charles Sanders မှ အလှူငွေ အများဆုံး ပါဝင်ခဲ့သည်။ အဆောက်အဦ ဒီဇိုင်းကို ကြက်သွေးနီ ရင်သွေးများ ကြားတွင် ပြိုင်ပွဲကျင်းပ ရွေးချယ်ကာ ၁၈၆၅ တွင် စတင် ပြင်ဆင်ကာ အဆောက်အဦ အစိတ်အပိုင်း အားလုံး ပြီးစီးချိန်မှာ ၁၈၇၇ ဖြစ်သည်။ သည်အဆောက် အဦထဲတွင် သစ်သားဖြင့် ဆောက်လုပ်ထားသော သီရေတာ ပုံစံ နှစ်ထပ်ခန်းမ ကြီးကို Sanders Theatre ဟု ခေါ်ဆိုကာ ၁၁၆၆ ခုံဆံ့သည်။ ပါမောက်ခ်၏ ပို့ချချက်တွင် အချို့မှာ ထိုင်ခုံနေရာ မရဘဲ မတ်တတ်ဖြင့်ပင် နားဆင်ခဲ့ရ သဖြင့် လူတစ်ထောင့် နှစ်ရာမျှ တက်ရောက်သည့် ပို့ချချက်ဟု ဆိုနိုင်ပါသည်။ ရှေးခေတ် လက်ရာကို အထပ်ထပ် မွမ်းမံ ထားသဖြင့် သည်ခန်းမ ကြီးထဲမှာ တက်ရောက် ဟောပြောသူရော နားထောင်သူ များပါ အလိုလိုပင် စိတ်အားမာန် တက်ကြွဖွယ်ပင်။

သည်အဆောက် အဦ၏ အတွင်းပိုင်းသည် ခရစ်ယာန် ဘုရား ရှိခိုးကျောင်း အသွင် ဖြစ်နေကာ မှန်ပန်းချီ ရေးခြယ်ထားသော မှန်ချပ်ကြီး များ၏ အလှအပ၊ သစ်သားထိုင်ခုံ များ၏ ခံ့ညားမှု၊ ပြည်တွင်းစစ် အတွင်း ကျဆုံးခဲ့ ရသူများ အတွက် အမှတ်တရ ထွင်းထုထားသော စကျင်ကျောက်ပြား မှတ်တိုင်များ၏ အဟန့်၊ စသဖြင့် ထူးခြားမှု များဖြင့် ပြည့်နှက် နေပါသည်။ ထို့ကြောင့်သည် အဆောက် အဦကို ကျောင်းစားသောက် ခန်းမအဖြစ် သုံးစွဲခွင့် ရနေသည့် ကြက်သွေးနီ၏ တက်သစ်စ ကျောင်းသားများ အားလုံးအား မနာလို ဖြစ်ရမည်လား ဟုပင် တွေးချင် စရာပါ။ ကြက်သွေးနီ၏ ဆရာများ အပါအ၀င် ကိုယ်တို့ကဲ့သို့ Fellow ပညာရှင်များ အတွက် သတ်မှတ် ပေးထားသော စားသောက် ခန်းမမှာလည်း ဥရောပဟန် အဆောက် အဦဟောင်း တစ်ခုဖြစ် သည့်တိုင် ယခုခန်းမနှင့် ယှဉ်လျှင် မပြောပ လောက်ချေ။ ကြက်သွေးနီသည် နာမည်ကျော် တက္ကသိုလ်ကြီး ဖြစ်သည့် အားလျော်စွာ ဌာန အသီးသီးတွင် ဌာနပိုင် စားသောက် ခန်းမမျိုး ရှိနေသော်လည်း ဟားဗတ် တက္ကသိုလ် တစ်ခုလုံးမှ Faculty များအတွက် သတ်မှတ် ပေးထားသော စားသောက်ခန်းမ (တစ်နည်းအားဖြင့် Faculty Club )မှာကား Humanities Center နားရှိ အဆောက် အဦသာ ရှိလေသည်။ Faculty အများစုမှာ သည်ကလပ်၏ အဖွဲ့ဝင်များ ဖြစ်ကာ ဟားဗတ်၏ ဌာန အသီးသီးမှ တရားဝင် ဖိတ်ကြားထားသော ဧည့်သည်များနှင့် အချို့သော ဆွေးနွေးပွဲ အသေးစား များအား သည်ကလပ် တွင်သာ ကျင်းပလေ့ ရှိလေသည်။ ကိုယ့်အနေဖြင့် သည်ကလပ်ကို အကြိမ်ပေါင်း များစွာရောက်ရ၊ စားရသည့်တိုင် “အောက်မေ့ဖွယ်” ခန်းမထဲမှ စားသောက်ခန်းမ တွင်မူ တစ်ခါ တစ်ရံမျှ စားသောက်ခွင့် မကြုံခဲ့ရ ပါချေ။

ကြက်သွေးနီနှင့် ရေစက်


အမှန်မှာ ကိုယ့်ကို ရက်ကလစ်ဖ်မှ ဖိတ်ကြားသည် ဆိုရာတွင် သူတို့ပိုင် ရန်ပုံငွေ သက်သက်ဖြင့် ခေါ်ယူခဲ့ခြင်း မဟုတ်မူဘဲ အခြားဌာန အချို့မှ အထောက်အပံ့ ကိုလည်း ရယူခဲ့လေသည်။ သို့ဖြစ်ရာ ကိုယ့်အနေဖြင့် ထိုအထောက် အပံ့မျှ ခံသော ဌာနများ၏ လှုပ်ရှားမှု များနှင့် ပွဲလမ်းများ တွင်လည်း ပါဝင် ဆင်နွှဲ ရပါသည်။ ထိုဌာနများ အနက် အဓိက အကျဆုံး ဌာနမှာ Humanities Center ဖြစ်ပါသည်။ ကျန်ဌာန များမှာ JFK School ဟု လူသိများသော ပြည်သူ့ စီမံ ခန့်ခွဲမှု ရေးရာ ဌာနနှင့် Divinity School ဟု သိကြသော အပြည်ပြည် ဆိုင်ရာ ဘာသာရေး အသီးသီးအား လေ့လာရေး ဌာနတို့ ဖြစ်ကြပါသည်။

Humanities Center ဌာနမှာမူ ကိုယ့်ကို ရက်ကလစ်ဖ် Fellow အဖြစ် ကမ်းလှမ်းရန် ထောက်ခံ ရုံမက အထောက်အပံ့ ပေးသောဌာန ဖြစ်ပြီး ဌာနမှူး ဟိုမီ ဘာသာ၏ ဇနီးနှင့် ဆရာမ ဖြစ်သူ ဂျက်ကီဘာဘာ ကလည်း ကိုယ့်ကိုအလွန် လေးစား ခင်မင်သူ ဖြစ်ပါသည်။ သို့ဖြင့် ကိုယ့်အတွက် ရက်ကလစ်ဖ်သည် မိခင် ဌာနဟု ဆိုလျှင် Humanities Center ဌာနသည် ဖခင် ဌာနဟု ဆိုနိုင်သည့် ဌာန ဖြစ်ပေသည်။ Humanities Center ဌာနမှ နှစ်စဉ် ရောက်ရှိလာသည့် ဆရာ အသစ်များ၊ ပညာရှင် အသစ်များနှင့် ပါရဂူတန်း ကျောင်းသား အသစ်များ ကြိုဆိုပွဲကို ကျင်းပရာ နေရာမှာ Faculty club ဖြစ်ကာ Divinity School မှ အပြည်ပြည် ဆိုင်ရာ ဘာသာရေး ဆွေးနွေးပွဲ အသေးစား တစ်ခုအား ကျင်းပရာ နေရာမှာလည်း သည်နေရာ မှာပင် ဖြစ်လေသည်။

Divinity School မှ ဆွေးနွေးပွဲသည် အမျိုးသမီး များနှင့် ဘာသာရေး အခန်း ကဏ္ဍအကြောင်း ဆွေးနွေးပွဲ ဖြစ်ကာ ထိုပွဲအတွက် Keynote speech ဖြစ်သည့် အဖွင့် မိန့်ခွန်းကို ကိုယ့်အား ပြောကြားပေးရန် တောင်းဆိုသဖြင့် ပြောခဲ့ရ ပါသေးသည်။ ရက်ကလစ်ဖ်မှာ ကိုယ်ဟောပြော ခဲ့သည့် ရာမာ မထာပို့ချ ချက်အား တက်ရောက် နားထောင်ခဲ့သည့် ဌာနများ အနက် Divinity School မှ ဌာနမှူးလည်း ပါဝင်ခဲ့ရာ ထိုသို့ ကမ်းလှမ်းလာ ခဲ့ခြင်း ဖြစ်ပါသည်။ ထိုရာမာ မထာပို့ချချက် အပြီး ကြက်သွေးနီ၏ အခြားဌာန များသာမက မက်ဆာချူးဆက် ပြည်နယ် တစ်ခွင်ရှိ အခြားသော တက္ကသိုလ်၊ ကျောင်းများမှ ဟောပြောပွဲ နှင့်အဖွင့် မိန့်ခွန်းပြောကြား ပေးပါရန် ဖိတ်ကြားမှု အများအပြား ပေါ်ပေါက် လာခဲ့ရာ ရက်ကလစ်ဖ်မှ သည်ကိစ္စအား သဘော အကျကြီး ကျနေ ခဲ့ပါသည်။

ထိုသို့သော ပွဲများအနက် အမှတ်ရ စရာပွဲ နောက်တစ်ခုမှာ JFK School ၏ ဆရာမ တစ်ဦးဖြစ်သော၊ တစ်ခါက အမေရိကန် နိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ် ကမ္ဘာ့ နိုင်ငံ အချို့တွင် တာဝန်ထမ်း ဆောင်ခဲ့ဖူးသော ဆွာနီဟန်မှ စီစဉ် ကျင်းပသည့် ပွဲတစ်ပွဲလည်း ပါပါသည်။ ဆွာနီဟန် သည်လည်း ၂၀၀၅ ခုနှစ် အမေရိက ခရီးမှာ ကတည်းက သိကျွမ်း ခဲ့ဖူးသူမို့ ထိုပွဲကို မဖြစ်မနေ တက်ရောက်ရန် ဖိတ်ခဲ့ခြင်းသာ ဖြစ်ပါသည်။  ထိုဆွေးနွေး ပွဲမှာ ပဋိပက္ခ ရှိသော ကမ္ဘာ့ နိုင်ငံ အချို့မှ ထူးချွန် တက်ကြွသော အမျိုးသမီး များ၏ အတွေ့အကြုံနှင့် အမြင်ဖလှယ် ဆွေးနွေးပွဲ ဖြစ်ပါသည်။

ထိုပွဲကို တက်ရောက်ရာတွင် အိန္ဒိယရှိ ကိုဘလမ် စာပေ ပွဲတော်သို့ သွားရောက် ရန်ရက်နှင့် တိုက်ဆိုင်နေရာ ရက်အပြည့် မတက်ရောက် နိုင်ခဲ့ပါ။ သို့သော် ထိုပွဲသည် ပြည်သူ့စီမံ ခန့်ခွဲမှု ရေးရာ ဌာနတွင် တက်ရောက် ပညာ သင်ကြားနေသော ကျောင်းသားများ အတွက် ရည်ရွယ်သဖြင့် ရ၀မ်ဒါ၊ လက်ဘနွန်၊ ပါကစ္စတန် နိုင်ငံတို့မှ တက်ရောက်လာသည့် အမျိုးသမီး အဖွဲ့များနှင့် သာမက JFK School သူ၏ ကျောင်းသား၊ ကျောင်းသူ အများအပြား နှင့်ပါ တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့ပါသည်။ ထို့ထက်ပိုသော အမှတ်ရစရာကား ကိုယ့်ရာမာ မထာ ပို့ချချက် အရ ၀ိပဿနာ တရားအကြောင်း စိတ်ဝင်စားသူ ပါမောက္ခ ဆွာနီဟန်က သူ့ကျောင်းသူ တစ်ဦး၏ စိတ်ဖိစီးမှု ပြဿနာ တစ်ခုအား ကူညီဖြေရှင်း ပေးရန် အကူအညီ တောင်းခံခဲ့ ခြင်းပင်။ ကျောင်းသူမှာ အလယ် အမေရိက နိုင်ငံလေး တစ်နိုင်ငံမှ ဖြစ်ကာ သူ့နိုင်ငံနှင့် မိသားစု ပြဿနာကြောင့် စိတ်ဖိစီးမှု အကြီး အကျယ်ဖြစ်ကာ ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်လေ့ ရှိသူ ဖြစ်ပါသည်။ အိန္ဒိယ သွားခါနီးမို့ သူ့အား ရသမျှ အချိန်လေး မှာပင် အင်းစိန် တောရမှာ ငါးနှစ်ခွဲကြာ ဧကစာ ကျင့်ခဲ့ရသည့် ကိုယ်တွေ့ဘ၀ အခက်အခဲ၊ အကျပ်အတည်း၊ အနာ ဘယများ၊ ၀ိပဿနာ အားထုတ်မှု များကို ရှင်းလင်း ပြောကြားကာ အားပေးစကား ဆိုခဲ့ရ ပါသည်။ သူတို့ဆီမှာ Counselling ဆွေးနွေးတိုင်ပင် ခြင်းများ ရှိသည့်တိုင် ထိုကျောင်းသူ လေးမှာ စိတ်မအေးနိုင် ခဲ့ရသူပင်။ ထိုကဲ့သို့ JFK School ၏ ကျောင်းသူအား အားပေး နေလျက်မှ ကိုယ်သည် ကြက်သွေးနီနှင့် ကိုယ့်ကြားမှ ရေစက်ကို တွေးမိသွားရ ပါသည်။

အင်းစိန်မှ ပြန်ရောက်ခါစ ၁၉၉၉ ခုနှစ်တွင် စာရေးဆရာ တစ်ဦးမှ သူတက် ရောက်ခဲ့သည့် JFK School ၏ ပြည်သူ့စီမံ ခန့်ခွဲမှု ရေးရာ ဌာနတွင် မာစတာ ဘွဲ့လွန် တက်ရောက်ပါရန် တိုက်တွန်းအားပေး ခဲ့လေသည်။ ကိုယ်က စာရေးသည့် အလုပ်နှင့် ဆေးကု၊ ခွဲစိတ်သည့် အလုပ်များ ကိုသာ အသက်မွေး လုပ်ငန်းများ အဖြစ် လုပ်ကိုင် လိုသဖြင့် ထိုဘာသာ ရပ်အားစိတ် မ၀င်စားဟု ငြင်းဆန်ခဲ့ဖူး ပါသည်။ သူက စိတ်မ လျှော့မူဘဲ ထိုအစီ အစဉ်အတွက် တာဝန်ရှိသူ တစ်ဦး ရန်ကုန်သို့ လာခိုက်တွင် ကိုယ့်အား တွေ့ဆုံပါရန် ကြိုးစား ခိုင်းခဲ့ပါသည်။ ထိုတာဝန် ရှိသူမှလည်း ကိုယ့်ဘက်မှ အကြိမ် ကြိမ်ငြင်းဆိုသည့် ကြားမှ ကျောင်းတက်ရန် တိုက်တွန်း ပြန်ပါသည်။ သို့ဖြင့် နောက်နှစ်နှစ် အကြာမှာ ကိုယ့်ဘက်က သဘော တူခဲ့ကာ ကျောင်းဘက်မှလည်း ကျောင်းသားအဖြစ် လက်ခံကြောင်း လိုအပ်သမျှ အထောက်အထား တို့ကို ပေးပို့ခဲ့ ပါသည်။

သို့သော် ထိုစဉ်က နိုင်ငံကူး လက်မှတ် မရခဲ့ ရကား ကျောင်းကို မတက်ဖြစ်ခဲ့ချေ။ ထို့နောက် ၂၀၀၅ ခုနှစ် နောက်ပိုင်း နိုင်ငံကူး လက်မှတ်ရပြီး နိုင်ငံခြား ခရီးများ တသွင်သွင်သွား ဖြစ်ခိုက် JFK ကျောင်းကို ရောက်ခဲ့ပါ သေးသည်။ ပြည်သူ့ စီမံ ခန့်ခွဲမှု ရေးရာ ဌာနမှ ကိုယ့်အား ကျောင်းသားအဖြစ် လက်ခံပြီး ဖြစ်သဖြင့် မည်သည့်နှစ်တွင် မဆို လျှောက်လွှာကို အလုပ်သဘော ပြန်တင်ကာ ကျောင်းတက်နိုင်ကြောင်း ဆိုခဲ့ပါသည်။ သို့သော် အကြောင်းကြောင်း များကြောင့် ထိုကျောင်းကို ပြန်မဆက်သွယ် ဖြစ်ချေ။ သို့ဖြင့် လူတကာ ကြိုက်သည့် ဟားဗတ်ခေါ် ကြက်သွေးနီနှင့် ကိုယ့်ကြားမှာ ရေစက်ကုန် သွားပြီဟု အတွေး ရှိနေခဲ့ပါသည်။

သို့သော် ရက်ကလစ်ဖ် ကျေးဇူးဖြင့် ကြက်သွေးနီ ရင်ခွင်သို့ ခြေချ ရပြန် ပါပြီကော။ ကြက်သွေးနီ၏ လမ်းများပေါ်တွင် လျှောက်သွားခိုက် ရန်ဖန် ရံခါတွင် ကြက်သွေးနီကြီးမှ “မင်း ငါ့လက်က ပြေးမလွတ် ပါဘူးကွာ။ ဟိုတုန်းက အင်တင်တင် ဖြစ်ခဲ့ပေမယ့် နောက်ဆုံးတော့လည်း ရောက်လာ ရတာပဲ မဟုတ်လား”ဟု ပြောနေသယောင် ခံစားမိရ ပါသည်။ ကြက်သွေးနီနှင့် ကိုယ့်ကြားမှာ “ရေစက်” ဟူ၍ ရှိနေသည် ဟုပင် ဆိုရမည်လား မပြောတတ်။ ဘွဲ့လွန်ကျောင်းသူ အဖြစ် မတက်ရောက် ဖြစ်သော်လည်း ပညာရှင် အဖြစ်တော့ ရောက်လာရ ပြီကိုး။

ဌာနတွင်း ဆွေးနွေးပွဲများ ကြက်သွေးနီနှင့် ရေစက်ကို ထင်ရှား စေခဲ့သည့် ရက်ကလစ်ဖ်၏ ရင်ခွင်တွင် ပညာကုံထံ တို့အကြား ဆွေးနွေး ဟောပြောပွဲ များက ရက်သတ္တပတ် တစ်ပတ်လျှင် နှစ်ပွဲနှုန်းဖြင့် ကျင်းပနေကျ။ အချို့ ပညာရပ် များမှာ ကိုယ့်အတွက် စိမ်းလွန်း နေသော်လည်း Fellow များ၏ ဟောပြောမှု အတတ် ပညာကြောင့် စိတ်ဝင်စားမှု အပြည့်ဖြင့် နားထောင်ဖြစ် ခဲ့သည်။ ယေးလ် တက္ကသိုလ်မှ နက္ခတ္တ ဗေဒပညာရှင် Debra Ann Fischer ဆိုလျှင် “ဂြိုဟ်မုဆိုး”ဟု နာမည်ဝှက် ရသည်ထိ နေဂြိုဟ်ကြီး တစ်ဝိုက်ရှိ အခြားသော ဂြိုဟ်ကြီးဂြိုဟ်သေး များကို အဝေးကြည့် မှန်ပြောင်း တစ်လက်ဖြင့် ရှာနိုင်သူပင်။ သူ့အခန်း ကလည်း ကိုယ့်အခန်း ရှိသည့် တတိယထပ် တွင်ဖြစ်ကာ ကိုယ်တို့အခန်း များထက် နှစ်ဆကျော် ကျယ်ဝန်းသည့် အခန်းကို ရထားသူပါ။ သူ့အလုပ် လက်နက် ကိရိယာ မှန်ပြောင်းမှာ ကြီးမား လွန်းသဖြင့် သူ့ကို ထိုအခန်းအား နေရာချ ပေးထားခြင်းသာ။ သူ့ဟောပြော မှုကား အလွန် စိတ်ဝင်စားဖွယ် ကောင်းလှသည်။

ဒယ်ဘရာကား ထာဝစဉ် နှစ်လိုဖွယ် အပြုံးနှင့် နူးညံ့ သိမ်မွေ့လှသည့် သိပံ္ပပညာ ရှင်ပီပီ ခက်ခဲနက်နဲ အပြောကျယ် လှသော စကြ၀ဠာ ကြီးအကြောင်းအား တက်ရောက်သူများ အားလုံး စိတ်ဝင်စား နားလည်သွားရန် ပဉ္စလက်နည်း မသုံးဘဲ ရိုးရှင်း အေးဆေးစွာ ရှင်းပြသွား လေသည်။ ၁၉၉၅ ခုနှစ်နောက်ပိုင်း နေစနစ် ပြင်ပမှ ဂြိုဟ်များကို စတင်ရှာဖွေ တွေ့ရှိ ခဲ့ရာ ယခု အချိန်ထိ နေပြင်ပ ဂြိုဟ်ပေါင်း ၃၅၀ကို ရှာဖွေ တွေ့ရှိခဲ့ပြီး ထိုဂြိုဟ်များ အနက် ၁၈၆ လုံးကိုမူ  ဒယ်ဘရာနှင့် လုပ်ဖော်ကိုင်ဖက် များမှ ရှာဖွေတွေ့ရှိ ခဲ့ကြခြင်း ဖြစ်ပါသည်။ သည်နှစ်ရက်က လစ်ဖ်ကာလ အတွင်း သူသုတေ သနပြု လုပ်မည့်အကြောင်း အရာမှာ ကမ္ဘာနှင့် အနီးဆုံး နေရာ အတွင်း ကမ္ဘာဂြိုဟ် ကဲ့သို့ ဂြိုဟ်များကို ရှာဖွေခြင်း ဖြစ်လေသည်။ သူ့ လုပ်ဖော် ကိုင်ဖက် အချို့မှာ ထိုသုတေ သနကိုပင် ဥရောပ တိုက်တစ် နေရာမှာ ပြုလုပ် နေသေးသည်။ သူ့ သုတေသနအား အထောက်အပံ့ ပေးသောနောက်ထပ် ဌာန တစ်ခုမှာ နာဆာ NASA ပင် ဖြစ်ပါသည်။

သူကဲ့သို့ စိတ်ဝင်စားဖွယ် ပညာရှင် အမျိုးသမီး တစ်ဦးမှာ အိန္ဒိယ နိုင်ငံ၊ နယူး ဒေလီရှိ ဂျမီးယား မီလီးယား အစ်စလမ်း မီးယား တက္ကသိုလ်မှ သမိုင်း ပညာရှင် စီမာအလာဝီ Seema Alavi ဖြစ်ပါသည်။ သူ့စိတ်ဝင် စားမှုကား အလယ်ခေတ်နှင့် ယခုခေတ် အစောပိုင်း တောင်အာရှ ဒေသ၏ သမိုင်းနှင့် ယဉ်ကျေးမှု ဖြစ်ပါသည်။ စီမာကား Fellow များ အားလုံးအနက် နှုတ်အရွှင်ဆုံး၊ အရယ် အသန်ဆုံး၊ ခင်မင်စရာ အကောင်းဆုံး ဖြစ်လေသည်။ ကိုယ့်မိဘများ ကပင် သူ့ကို ရာမာမထာ ဧည့်ခံပွဲတွင် ဆုံဖူးရာ သဘောကျ ခင်မင် ခဲ့ကြသည်ထိ စီမာ၏ ပေါင်းသင်း ဆက်ဆံရေး အစွမ်းထက် လှလေသည်။ ပညာသည် ဖြစ်သည့်တိုင် အသက်အရွယ် ငယ်ရုံမက ဟိတ်ဟန် မာန်မာန အလျှင်း မရှိသူ ဖြစ်သဖြင့် သိပံ္ပ ပညာရှင်များနှင့် အနုပညာရှင် များသာမက သူကဲ့သို့ ၀ိဇ္ဇာပညာရှင် အချင်းချင်း ကပါ သူ့ဆိုလျှင် ဖက်လှဲတကင်း ခင်မင်ကြ ပါသည်။ ကိုယ့်အတွက်လည်း သူသည် ယခု အချိန်ထိ အဆက်အသွယ် မပြတ်တတ်သော သူငယ်ချင်းကောင်း ဖြစ်လာခဲ့ လေ၏။

အကြောင်းမှာ စီမာ၏ တက္ကသိုလ် ကျောင်းနေဖက် အခင်မင်ဆုံး သူငယ် ချင်းနှစ်ဦးမှာ အမီတာဗ်ဂို့ရှ်နှင့် မူကူးလ် ကာရှီဗန်တို့ ဖြစ်ခြင်းကြောင့်ပင်။ မူကူးလ်မှာ စီမာလုပ်သော တက္ကသိုလ်တွင် သမိုင်း ဆရာဖြစ်ကာ စီမာ၏ လုပ်ဖော်ကိုင်ဖက် လည်းဖြစ်လေသည်။ သူက အိန္ဒိယတွင် ထင်ရှားသော စာရေး ဆရာလည်းဖြစ်ရာ ကိုဘလမ် စာပေ ပွဲတော်တွင် ကိုယ်နှင့် ဆုံစည်းခဲ့ပြီး ခင်မင်သွားခဲ့ သူဖြစ်ရာ စီမာနှင့် ကိုယ့်မှာလည်း ဘုံသူငယ်ချင်း များရှိနေသော သူငယ်ချင်း ဖြစ်ရပြန် ပါတော့သည်။ သို့သော် စီမာ၏ ပင်ကို စရိုက်အရ ပညာကို အလေးထား လွန်းကာ မည်သူ့ကို မဆို လှိုက်လှဲဖော်ရွေ ချစ်ခင်တတ်ခြင်း ကြောင့်သာ ကိုယ်က သူ့ကို ပိုမိုခင်မင် မိခြင်းပင်။ သူကပါးရှန်း ခေတ်နောက်ပိုင်း ဗြိတိသျှ အုပ်စိုးမှုကြောင့် တောင်အာရှ တစ်ခွင်တွင် ဖြစ်ပေါ်ခဲ့သော ဆေးပညာ ဆိုင်ရာ၊ ယဉ်ကျေးမှု ဆိုင်ရာနှင့် စစ်ဘက်ဆိုင်ရာ သက်ရောက်မှု များအား အထူးပြု လေ့လာသူ ဖြစ်သည်။ သူ့ဆွေး နွေးပွဲမှာ ဌာနတွင်း ဆွေးနွေးပွဲ ဖြစ်သော်လည်း သူတင်ပြ သွားသည့် အကြောင်း အရာရော  ဓာတ်ပုံများပါ အလွန် စိတ်ဝင်စားဖွယ် ဖြစ်လေသည်။

စီမာနှင့် မတူဘဲ ဟိတ်ဟန်ကြီးသည့် Fellow နောက်တစ်ဦးကား Peter Galison ပီတာ ဂယ်လီဆွန် ဖြစ်ပါသည်။ ပီတာကား ဟားဗတ်မှာပင် စာသင်နေသော သမိုင်း ပါမောက်္ခပင်။ သူက ကြက်သွေးနီ၏ သမိုင်းဝင် သိပံ္ပ ဆိုင်ရာပစ္စည်း ကိရိယာများစု ဆောင်းသည့် အဖွဲ့တွင် ပါဝင် သကဲ့သို့ သိပ္ပံ၊ ၀ိဇ္ဇာ၊ ဗိသုကာ၊ ဒဿနိက ဆိုင်ရာ စာအုပ်များအား ရေးသား တည်းဖြတ်သူလည်း ဖြစ်ပါသည်။ သူ၏ နောက်ထပ်ထူးခြား သောဆောင်ရွက်မှု တစ်ခုမှာ မှတ်တမ်းတင် ရုပ်ရှင်ကား ရိုက်ကူးခြင်းပင်။ သူ ရိုက်ကူးခဲ့သည့် ပထမဆုံး မှတ်တမ်း တင်ရုပ်ရှင်မှာ ဟိုက်ဒရို ဂျင်နှင့် ပတ်သက်သည့် အငြင်းပွားမှု အကြောင်းဖြစ်ပြီး အောင်မြင်သော ရုပ်ရှင်ကားမှာ ကား Secrecy ဖြစ်ပါသည်။ ထိုရုပ်ရှင်မှာ အမေရိကန် နိုင်ငံ၏ အမိမြေ လုံခြုံရေးဆိုင်ရာ လျှို့ဝှက်ချက်များ အကြောင်း ဒီမို ကရေစီ သဘောတရား ရှုထောင့်မှ ချဉ်းကပ် အဖြေ ရှာပြထားခြင်း ဖြစ်ပြီး အမေရိကန်၏ စစ်ဘက် နယ်ဘက်မှ အငြိမ်းစား တာဝန် ရှိသူ ကြီးများ သာမက လက်ရှိ တာဝန် ထမ်းဆောင်နေသူများ ကိုပါ မေးမြန်း မှတ်တမ်း တင်ထားခြင်း ဖြစ်ပါသည်။

ထိုကားကို ကိုယ်တို့အားလုံး အတွက် ပြသ ပေးခဲ့ရာ သူပေးချင်သော အနှစ်သာရမှာ မှတ်တမ်း သဘောအရ ခွန်အား ရှိလွန်းသကဲ့သို့ အနုပညာ သဘော အရလည်း အမှန်ပင် သဘောကျ နှစ်လိုဖွယ် ဖြစ်ပါသည်။ ပီတာက အမြဲတစေ မျက်နှာထား တည်သူ ဖြစ်သော်လည်း ကျန် Fellow များအပေါ် နှိမ်ချ လိုဟန်ဖြင့် မရှိသူပါ။ ရုံးခန်း အောက်ဆုံးထပ် ဧည့်ခန်းမှာ နယူး ယောက်တိုင်းမ်ကို ထိုင်ဖတ်နေလေ့ ရှိသူ အဖြစ်လည်း သူ့ကို သတိထား မိရပါသည်။ သူ့သုတေ သနမှာ Building Crushing Thinking ဟူသည့်စာအုပ် တစ်အုပ် ရေးရန်ဖြစ်ပြီး Wastelands ဆို သည့် မှတ်တမ်း ရုပ်ရှင်ကား တစ်ကားကိုလည်း အစပျိုး ရိုက်ကူးမည်ဟု ဆိုပါသည်။ သို့သော် သူ့ သုတေသန မည်မျှ ပြီး၊ မပြီးကိုမူ မသိခဲ့ရပါ။ သုတေသနပြီး၊ မပြီးထက် ရုံးခန်းကိုပင် ရောက်မလာ ဘဲနေကာ ကျန် Fellow များ၏ ဟောပြောမှု များအားလည်း မည်သည့် အခါမျှ မတက်ရောက်သော ပညာရှင်ကား Uri Alon ပင်။ သူ့ ကို ကျန် Fellow များနှင့် ဌာနမှ အမြင် မကြည်လင် သည်ထိ သူကကိုယ်ယောင် ဖျောက်သူပင်။ သုတေသန အချို့မှာ ဓာတ်ခွဲခန်း များတွင်သာ ပြုလုပ်နိုင် သဖြင့် မိမိတို့၏ မူလ တက္ကသိုလ် များမှ  ဓာတ်ခွဲခန်း များနှင့် ရုံးခန်းများတွင် အထိုင်များပြီး ရက်ကလစ်ဖ်သို့ ရောက်ခဲကြ သူများ ရှိသော်လည်း ယူရီကား သူ့ဟောပြောပွဲ အချိန်နှင့် အခြားပွဲလေး နှစ်ခု သုံးခုမျှ တွင်သာ ပေါ်လာပြီး အချိန်ပြည့် ပျောက်နေသူပင်။
သူတက်ခဲ့သည့် ပွဲတွင် ကိုယ်ဟောပြောသော ရာမာ မထာလက်ချာ ပါဝင်ခဲ့သည့် အတွက် ကိုယ်ကပင် ကျေးဇူး တင်ရမည်လား မသိ။ သူ့ဟောပြောမှုမှာ သူလုပ်မည်ဟု ဆိုထားသော သုတေသနနှင့် မဆိုင်ဘဲ သိပံ္ပဆိုင်ရာ သုတေသန သမားတိုင်း ရင်ဆိုင်ရမည့် လုပ်ငန်းပိုင်း၊ အတတ်ပညာပိုင်း ဆိုင်ရာ ယေဘုယျ ပြဿနာ များကိုကိုင်တွယ် ဖြေရှင်းနည်း ဖြစ်နေပါသည်။ သို့သော် ယူရီက ဂစ်တာ တစ်လက်ပါ ယူလာပြီး အဆိုအပြော များဖြင့် တင်ဆက် သွားသဖြင့် စိတ်ဝင်စား ဖွယ်တော့ ဖြစ်ပါသည်။ သို့တိုင် ကျန် Fellow များက သူ့ကို မည်သို့မျှ သဘော မတွေ့နိုင် ကြပါ။ ဌာနမှ ပံ့ပိုးမှုကို အပြည့်အ၀ ရယူပြီး ဌာနသို့ မလာဘဲ သုတေသန ကိုပင်လုပ်နေ၊ မလုပ်နေ မသိနိုင်လောက် သည်ထိ ခြေရာ ဖျောက်ခြင်းသည် ပညာရှင် မပီသဟု သူတို့က သတ်မှတ်သည်ကိုး။ အထူးသဖြင့် သူများ တကာ၏ ဟောပြောမှု များတွင် မပါဝင် မတက်ရောက်ခြင်းသည် ဌာနတွင်း မိသားစု စိတ်ဓာတ်မျိုး ခေါင်းပါးရာလည်း ရောက်သည်ဟု ယူဆကြ ပါသည်။ သူက အစ္စရေး နိုင်ငံ Weizmann Institiute of Science မှ ဇီဝဗေဒ ပညာရှင် ဖြစ်ပါသည်။ သူက ဆေးဘက်ဆိုင်ရာ ဆရာဝန် တစ်ဦး ဖြစ်သော်လည်း သင်္ချာနှင့် ကွန်ပျူတာပညာ အကူအညီ များဖြင့် ဇီဝ ဗေဒကို လေ့လာသူပင်။ သူ့ကိုကြည့် ရသည်မှာ အတွေးလွန် နေသူနှယ်ဖြစ် ပြီးကိုယ့်ကို တွေ့လိုက်တိုင်း ၀ိပဿနာ ကိုသူ အလွန် စိတ်ဝင်စားကြောင်း၊ သင်ယူချင်ကြောင်း၊ သူ့စိတ်တွေ အလွန်ပင်ပန်း နေကြောင်း ပြောတတ်သဖြင့် သုတေသန အတွက် ဖြစ်ချင် ဇောများကာ လက်တွေ့မှာ ပီပြင်အောင် မစွမ်း နိုင်သေးသည့် အတွက် စိတ်ဓာတ်ကျ နေသူဟုသာ ကိုယ်က မြင်မိ ခဲ့ပါသည်။   

ယူရီအပြင် နောက်ထပ် အစ္စရေးသား တစ်ဦးမှာ Roy Kreitner ဖြစ်ကာ ရွိုင်ကမူ အေးဆေးသော်လည်း ကျန် Fellow များနှင့် ခင်ခင်မင်မင် နေတတ်သူပင်။ တဲလ်အယ်လ်ဗီး တက္ကသိုလ်၏ ဥပဒေရေးရာ ဌာနမှ ဆရာဖြစ်သူ ရွိုင်၏ သုတေသနမှာ ၁၈၆၂ ခုနှစ်မှ ၁၉၁၃ ခုနှစ်ကြားတွင် ဒေါ်လာ ငွေကြေး၏ နိုင်ငံရေး ဆိုင်ရာ အခန်း ကဏ္ဍကို လေ့လာခြင်း ဖြစ်ပါသည်။ သူက ဥပဒေ များ၏ သမိုင်းကြောင်းကို လေ့လာနေသူ လည်းဖြစ်ကာ စီးပွားရေး ဆိုင်ရာ ဥပဒေ များကို အထူးသဖြင့် စိတ်ဝင်စားသူ ဖြစ်သည်။ သူက ဟားဗတ်ကျောင်းဆင်း လည်းဖြစ်ရာ ရက်က လစ်ဖ်သည် သူ့အတွက် ပို၍ မိခင်ဌာန ဆန်နေသည်။ သူက ကျန် Fellow များ နှင့်လည်း ပုံမှန်သာ ဆက်ဆံလေ့ ရှိပြီး အနေအထိုင် ရိုးစင်းလွန်းသူ တစ်ဦးလည်း ဖြစ်လေသည်။ သူ့ကိုတွေ့သည့် အခါတိုင်း တီရှပ် တစ်ထည်နှင့်သာ ရှိနေကာ မော်ရိုကို ယဉ်ကျေးမှု ရေးရာကို စိတ်ဝင်စား လေ့လာနေသော ဘော်စတွန် တက္ကသိုလ်မှ ဆရာမ စင်သီယာနှင့် သမိုင်းဆိုင်ရာ အကြောင်းအရာ များကိုဆွေးနွေး နေတတ်သည်။ သူ့ဟောပြော မှုမှာလည်း စိတ်ဝင်စား စရာအပြည့် ဖြစ်သည်။ ရှေးဟောင်း ကာလကို အခြေခံသော သုတေသန ဖြစ်သဖြင့် မျက်မှောက် ကာလနှင့် အလှမ်းဝေး သည့်တိုင် အတိုင်းအတာ တစ်ခုအထိ ရိုက်ခတ်မှု ရှိသော ဟောပြောမှုလည်း ဖြစ်ပါသည်။ ရက်ကလစ်ဖ် မှာကား ပညာရှင် ပေါင်းစုံတို့၏ ဘာသာရပ် အသီးသီးအား ခေတ်ကာလ အသီးသီး အားဖြင့် ပိုင်းခြားကာ သုတေသန ပြုမှုတို့ဖြင့် စည်ကားသက်ဝင် နေတော့သည်။

ဘော်စတွန်မှ ကြော်ငြာ
ထိုသို့ အမျိုးမျိုး အထွေထွေသော ထူးခြားမှုများနှင့် ပြည့်စုံနေသည့် ရက်ကလစ်ဖ် မိသားစု ပညာရှင် များ၏ ဟောပြောဆွေးနွေး ပွဲများအား တက်ရန် မလိုသည့် အချို့ ရက်များတွင် ဖေဖေနှင့် မေမေ မပြန်သေးသည့် အချိန်များ၌ သားအမိ သားအဖ သုံးယောက် အတူတကွ ထွက်လည် ဖြစ်ခဲ့သည် များမှာလည်း အမှတ်ရ စရာများပါ။ ကြက်သွေးနီ ပရ၀ဏ် အတွင်းမှ ချားလ်စ်မြစ် ကမ်းပါးမှာ အမေရိကန်များ ကဲ့သို့ ကော်ဖီခွက် ကိုယ်စီကိုင်ကာ လမ်းလျှောက်ရင်း စကား ပြောကြသည့် ဆောင်းဦး နေ့ရက်များ၏ ပုံရိပ်များသည် ယခုတိုင် စိတ်မျက်စိတွင် အမှတ်ထင်ထင် ရှိနေဆဲပင်။ အများအားဖြင့် ဘတ်စ်ကား တစ်တန်၊ မြေအောက်ရထား တစ်တန်ဖြင့် ဘော်စတွန်မြို့ ထဲဘက် လျှောက်လည်ဖြစ်သည့် နေ့များကလည်း မမေ့စရာ။ ဘော်စတွန် ကော်မွန်းခေါ်သည့် မြို့လယ် ပန်းခြံနား တစ်ဝိုက်သည် လူစည်ကား သကဲ့သို့ ဈေးဝယ် ထွက်စရာ၊ ရုပ်ရှင် ကြည့်စရာ နေရာ များပြားသည့် နေရာပင်။

သည်နေရာများမှာ ကြော်ငြာဆိုင်းဘုတ် များစွာ ရှိနေတတ်ကာ အပြည်ပြည် ဆိုင်ရာမှ ဧည့်သည်များ ကလည်း ခြေချင်းလိမ်ကာ လည်ပတ် နေတတ်သည်မို့ မနှစ်က နေခဲ့သော ပရောဗီ ဒင့်စ်မြို့ငယ် လေး၏ တိတ်ဆိတ်မှု ကိုမူ မတွေ့ရ နိုင်ဘဲ စည်ကားလှသည့် မြို့ပြပုံရိပ် ကိုသာ ခံစားနိုင်ကြ လေသည်။ အမေရိက တစ်ခွင်မှာ ကြီးစိုး ထားနိုင်သည့် မေစီ ကုန်တိုက်ကြီး ကလည်း ဘော်စတွန် မြို့လယ်မှာ အထင်အရှား။ ကြီးမားလှသည့် ကုန်တိုက်ကြီးမှာ ဈေးနှုန်းများ ကလည်း ကြီးလှရာ ဧည့်အများ စုမှာ ကိုယ်ဝယ်လိုရာ အနည်းအကျဉ်း ကိုဝယ်ပြီး တပိုတပါး သွားရန်အတွက် မေစီ့ကို အားကိုးကြရ ပါသည်။ အများသုံး အိမ်သာများထက် မေစီ့ အိမ်သာက ပိုမို သန့်ရှင်းကာ ထိုင်နား နေနိုင်သည့် အတွက်လည်း မြို့ထဲရောက်သည့် အခါတိုင်း မေစီကို ၀င်ဖြစ်ရ ပြန်ပါသည်။

မြောက် အမေရိက တစ်ခွင်မှာ ဆောင်းဦး ကာလသည် အပင် အသီးသီးမှ အရွက်များ အရောင်ပြောင်း ချိန်ဖြစ်ရာ အလွန်လှပ သည့်ကာလပင်။ အစိမ်းမှသည် အ၀ါ၊ လိမ္မော်၊ အနီ၊ ကြက်သွေး ရောင်များဖြင့် တစ်ပင်နှင့် တစ်ပင် အလှချင်း ပြိုင်နေကြသည့် သစ်ပင်များကို ကြည့်ရသည်မှာ လွန်စွာပင် စိတ်လက် ချမ်းသာစရာ ဖြစ်လေသည်။ ရက်ကလစ်ဖ်သည် ဟားဗတ် တက္ကသိုလ်တည် ရှိရာ ကိန်းဘရစ်ခ်ျ မြို့လေး၏ ပန်းခြံဖြစ်သော ကိန်းဘရစ်ခ်ျ ကော်မွန်းနှင့် မျက်နှာချင်းဆိုင် တွင်ရှိပြီး မက်ဆာချူး ဆက်လမ်းမကြီး ပေါ်တွင် ရှိနေသော သင်္ချိုင်းလေး၏ အနောက်ဘက်တွင် ရှိရာ သစ်ပင်ကြီးများ ရှိနေသည့် သင်္ချိုင်းလေး၏ အလှအပ ကိုလည်း ဆောင်းဦးကာလ တစ်လျှောက် ကျောင်းသွားကျောင်းပြန် အချိန်များတွင် တ၀ကြီး ခံစားရ နိုင်ပေသည်။ ထိုကဲ့သို့ ကျောင်းဝင်းအတွင်း သင်္ချိုင်းဟောင်း တစ်ခုရှိ နေသည်မှာ ကြက်သွေးနီ မှာချည်း မဟုတ်မူဘဲ အင်္ဂလန်ရှိ အောက်စ်ဖို့ တွင်လည်း ကျောင်းများအနီး တစ်ဝိုက်တွင် သင်္ချိုင်းဟောင်း တစ်ခု ရှိသည်ကို သတိရ မိကာ ရှေးခေတ်ဟောင်းမှ ကျောင်းများနှင့် မြို့များ၏ သဘော သဘာဝကို အတွေးပွားမိ ရပြန်ပါသည်။ ကြက်သွေးနီ တစ်ဝိုက်တွင် ကြော်ငြာ ဆိုင်းဘုတ် အများအပြား မရှိသော်လည်း ဘော်စတွန်မြို့ ဘက်မှာတော့ ဆိုင်းဘုတ်က အများသားပင်။

သို့သော် ထူးခြားသော ဆိုင်းဘုတ် တစ်ခုကိုမူ ကြက်သွေးနီမှ မြို့ပြင်ဘက် အထွက် အဝေးပြေး လမ်းမဘေးတွင် သတိထား မိခဲ့ဖူး ပါသည်။ ထိုကြော်ငြာမှာ “ရာဇ၀တ်သား နှင့် အကြမ်းဖက် သမားများအား ကြိုဆိုပါ၏။ မည်သည့် မှတ်ပုံတင် မျိုးမှ ပြစရာမလို၊ မည်သည့် နောက်ကြောင်း ရာဇ၀င် ကိုမျှ စုံစမ်းမည် မဟုတ်။ ကျွန်တော်တို့ သေနတ် ရောင်းနေပြီ” ဟူသည့် ကြော်ငြာပါ။ ထိုကြော်ငြာမှာ မည်သည့် သေနတ်မျိုးကို ဆိုလိုကြောင်း မသိခဲ့ ရသော်လည်း ဖတ်မိသူ လူအပေါင်းအား ဆွဲဆောင်မှု အပြည့်အ၀ ပေးသော ကြော်ငြာ ဖြစ်သည်ကိုမူ ၀န်ခံ ရပါသည်။ သို့ဖြင့် မြို့ပြအရိပ် အငွေ့များနှင့် မက်ဆာ ချူးဆက်၏ ကြက်သွေးနီ အ၀န်းအ၀ိုင်းတွင် ကိုယ့်ဘ၀ ဇာတ်ထုပ်တစ်စိတ် တစ်ဒေသအား မွေးထုတ်ရ ပေဦးတော့မည်။
မသီတာ၊စမ်းချောင်း၊
(ရွှေအမြုတေ မဂ္ဂဇင်း၊အောက်တိုဘာလ ၂၀၁၁)

No comments:

Post a Comment