Wednesday 23 November 2011

ကြယ်ညမတိုင်မီ

မိုးတွေ... မိုးတွေသည်းလိုက်တာ ဖေကြီးရယ်။ မိုးတွေသည်းလိုက် တာလေ။ မီးတို့ အိမ်လေးဟာ မိုးရေတွေနဲ့ရွှဲလို့။ မီးကိုယ်မှာလည်း မိုးရေ တွေ စင်လို့။ ဖေကြီး ခြုံထားတဲ့ စောင်မှာတောင် မိုးရေတွေ နည်းနည်းစို သွားသေးတယ်။ ခုနက လေတွေတအားတိုက်လိုက်လို့ မီးတို့အိမ်ကလေး တုန်သွားတုန်းကပေါ့။ ဖေကြီးက ဘယ်သိမလဲ။ ခုလည်း ဖေကြီး ဘာမှမသိ ဘူးမဟုတ်လား။ ဒီလိုပါပဲ ဖေကြီးက မီးကိုတော့ 'မီးလေး ဘာမှမသိဘူး ကွယ်' လို့ ပြောပြောပြီး ဖေကြီးလည်း ဘာမှမသိပါဘူး။ ခုဆို ဖေကြီးက အိပ်မက်ထဲမှာ မေကြီးကို မီးလေးအကြောင်း မဟုတ်တဲ့အကြောင်းတွေ ပြောချင်ပြောနေမှာနော်။ မီးကတော့... မီးကတော့ ဖေကြီးရယ်... မီး လေ အိမ်လေးလိုပဲ တုန်နေတယ်။ ဖေကြီး မီး တစ်ခုသိတယ် သိလား။ လူ တွေဟာ ချမ်းရင်လည်း တုန်တယ်။ ကြောက်ရင်လည်း တုန်တယ်နော်။ မီးလေ အခု ချမ်းလည်းသိပ်ချမ်းတာပဲ၊ ကြောက်လည်းသိပ်ကြောက်တာပဲ။ ချမ်းတာပေါ့ ဖေကြီးရယ်။ မိုးတွေက တအားကို ရွာနေတာ။ မိုးသံကလည်း အကျယ်ကြီးပဲ။ မိုးကလေ ကြောက်ဖို့လည်း သိပ်ကောင်းတာပဲ။ မီးစဉ်းစား မိတယ်။ သိကြားမင်းကြီးကြောင့် မိုးရွာတယ်ဆို ဖေကြီး။ ဒါဆို သိကြားမင်း က တစ်ခုခုကို ဒေါသဖြစ်နေလို့ဖြစ်မှာပဲ။ ဘာလို့လဲဆိုတော့ သိကြားမင်း ကြီးက ဒေါသနဲ့ တအားကြီးအော် အော်ပြီး မိုးတွေရွာချနေလို့ပေါ့။ တစ်ခါ တစ်ခါ ဖေကြီးဒေါသဖြစ်ရင် အော်သလိုပေါ့နော်။ ခုလည်း မိုးတွေအော် နေလိုက်တာ ဖေကြီးရယ်။ မီးနားထဲမှာ ဆူညံနေတာပဲ။ လေတွေကလည်း တိုက်လိုက်တာ။ မီးတို့ အိမ်လေးတောင် ချမ်းလို့လား ကြောက်လွန်းလို့လား မသိဘူး။ တုန်တုန်သွားတယ်။ မီးလည်း တုန်တုန်သွားတာပဲ။ မိုးကလေ ဘာလို့ဒီလောက်ဒေါသကြီးလဲ မသိဘူးနော်။ မီးလေ မီးတို့အိမ်လေး တုန် ရင်းတုန်ရင်နဲ့ လဲသွားမှာကို ကြောက်လိုက်တာ။ အပြင်မှာက မိုးရွာထား လို့ ရေတွေအများကြီးဖြစ်နေမှာ။ လမ်းထိပ်က တံတားလေးအောက်က ရေ တွေလည်း အပြည့်ကြီးဖြစ်နေမှာ။ အို... မီးတို့အိမ်လေးလဲသွားရင် မီး ရော ဖေကြီးရော ရေတွေထဲ မျောပါသွားကြရင် ဘယ်လိုလုပ်မလဲ။ ရေတွေ က အရမ်းပြေးနေကြမှာ။ မီးရယ်၊ ဖေကြီးရယ် ရေကလည်းမကူးတတ်ဘူး နော်။
ပြီးတော့ ဖေကြီးက အဲဒီအချိန်မှာ အိပ်ချင်နေသေးရင် ဘယ်လိုလုပ် မလဲ။ မနိုးရင်ရော ဘယ်လိုလုပ်မလဲ။
မီးတို့တွေ ရေထဲမျောပါပြီး နာနာတွေအများကြီး ဖြစ်ကြရတော့မှာ။ ဟိုလေ... ရေတွေရော သွေးတွေရော၊ မီးကြောက်တယ် ဖေကြီးရယ်။ မီး ကြောက်တယ်။
''အား...''
မီး ကြောက်လိုက်တာ ဖေကြီးရယ်။ မီးတို့အိမ်လေးထဲကို မိုးပေါ်ကနေ ဓာတ်မီးကြီးနဲ့ ထိုးလိုက်သလိုပဲ။ ဖေကြီးရဲ့ စောင်ဝါဝါကြီးကိုပဲ မြင်နေရ တဲ့ သိပ်မှောင်နေတဲ့ မီးတို့အိမ်လေးဟာ သိပ်ကို လင်းသွားတာပဲ။
ဟိုဘက်လမ်းထိပ်က ကားပြင်တဲ့ဦးဦးတွေလုပ်တဲ့အခါ လင်းတာမျိုး၊ အသံကြီးကလည်း မြည်တယ်။ လင်းလိုက်တာလည်း အရမ်းပဲ။ မီး မျက်စိ ကို ကျိန်းသွားတာပဲ။
မီးလေ မှောင်မှောင်ကြီးထဲမှာ ထိုင်နေတုန်း ခုလိုဖြုန်းခနဲ လင်းသွား တော့ သိပ်လန့်သွားတာပေါ့။ ဒါပေမဲ့ ဖေကြီးရယ် မီးလေ အော်လည်း မ အော်ရဲဘူး။
ဖေကြီးက ပြောတယ်မဟုတ်လား။ 'ဖေကြီးတို့မှာ အလုပ်တွေလုပ်ရ တာ အများကြီးပဲ၊ ပင်ပန်းနေပြီ၊ မီးလေး စကားတွေအများကြီး လာလာ မ ပြောနဲ့၊ ဖေကြီး အေးအေးဆေးဆေး အိပ်ချင်တယ်'လို့လေ။
ဖေကြီးက ခုအိပ်ပျော်နေတယ် မဟုတ်လား။ ခေါခေါနဲ့ ဟောက်သံ တောင် မီးကြားရသေးတယ်။ မီးလေ ဖေကြီး နိုးသွားမှာကိုလည်း ကြောက် တာပဲ။ နောက်ပြီး ဖေကြီးပြောသလိုပေါ့။
'မကြောက်ရဘူး မီးလေးရဲ့၊ ကြောက်ရင် ပိုပြီးခြောက်တတ်ကြတယ်' လို့ ဖေကြီး ဘယ်တုန်းကလည်းမသိဘူး မီးကို ပြောဖူးတယ်။
အဲဒါကြောင့် မီးလေ ကြောက်ပေမဲ့ 'အား...'လို့ အကျယ်ကြီး မအော် လိုက်ပါဘူး။ ကြောက်တာကတော့ မီးအူတွေကလီစာတွေထဲကကို ကြောက် တာ။
ဒါကြောင့် မီးလေ မီးလက်နှစ်ဖက်ကို ပိုပြီး ဖျစ်လိုက်တာပေါ့။ မီး ဒူး ခေါင်းထဲမှာ ခေါင်းကိုဝှက်ထားလိုက်တယ်။ ပါးစပ်ကို အတင်းပိတ်ထား လိုက်တယ်။
ဒါမှ သိကြားမင်းကြီးက မီးမျက်နှာကို မမြင်ရမှာ။ မီးအသံကို မကြား ရမှာ။ ပြီးတော့ ဖေကြီးလည်း မနိုးမှာပေါ့။
'ဒိန်း... ဒိန်း... ဒိန်း''
ဖေကြီးရယ် မီးမှာ ကြောက်လိုက်တာ။ မီး ပိုပိုပြီး ကြောက်လာတယ် ဖေကြီးရယ်။ မိုးခြိမ်းသံတွေက သိပ်ကြောက်ဖို့ကောင်းတာပဲ။ မိုးကြိုးက လည်း ခဏခဏပစ်နေတာပဲ ဖေကြီးရယ်။
မိုးကြိုးတစ်ခါတစ်ခါပစ်လိုက်ရင်လေ မီးတို့အိမ်လေးရော မီးရောအရမ်း ကို တုန်တုန်သွားတာပဲ သိလား။ ပြီးတော့ မိုးကြိုးပစ်တဲ့အသံကြီးက ကြောက် စရာကြီးနော်။ ဟိုလေ ဟိုဘက်ရပ်ကွက်ထဲက အရက်မူးသမားကြီး မူးပြီး လိုက်ဆဲလိုက် ရန်ဖြစ်ရင် အော်လတယ် မဟုတ်လား။
အဲဒီတုန်းက မီး သိပ်ကြောက်တာ၊ ခု မိုးကြိုးပစ်တာက ပိုပြီး ကြောက် ဖို့ကောင်းတယ် ဖေကြီးရဲ့၊ ခု ဒေါသထွက်နေတာ သိကြားမင်းလေ၊ မိုးကြိုး ပစ်တာက ရွေးပြီး ပစ်တာဆို၊ ဖေဖေ တစ်ခါ ပြောဖူးတယ်နော်။
ဟုတ်တယ်၊ မီး သတိရတယ်။ ငါးပါးသီလ မလုံတဲ့လူတွေကိုမှ မိုးကြိုး က ရွေးပြီးပစ်တာတဲ့။
ခုတော့ သိကြားမင်းကြီး ဒေါသထွက်ထွက်နဲ့ ဘယ်သူ့ကိုဖြစ်ဖြစ် လိုက် ပစ်နေလားမသိဘူးနော်။
ပြီးတော့ မိုးကြိုးပစ်ရင် မပစ်ခင်မှာ လျှပ်စီးလက်တယ် မဟုတ်လား။ လင်းခနဲ ဖြစ်ဖြစ်သွားတယ်လေ။ အဲဒါ သိကြားမင်းကြီးက မိုးကြိုးပစ်ရမယ့် လူကို လိုက်ရှာတာပေါ့နော်။ ဒါဆို ခုန လင်းခနဲ ဖြစ်သွားတုန်းက မီးခေါင်း ငုံ့လိုက်တာဆိုတော့ မီးကို တွေ့သွားမှာ မဟုတ်ဘူးနော် ဖေကြီး။ အင်း လေ...မီး မသိပါဘူး။
ဖေကြီးရယ် မီးလေ ဘယ်သူ့အသက်ကိုမှ မသတ်ပါဘူး။ ခြင်တို့၊ ပုရွက် ဆိတ်တို့တောင် မီးက လက်နဲ့ဖယ်လိုက်တာပဲ။ လေနဲ့မှုတ်လိုက်တာပဲ။ ဒေါသတော့ ထွက်တာပေါ့။
ဒါပေမဲ့ မသတ်ပါဘူး။ ဘယ်သူ့ပစ္စည်းကိုမှလည်း မခိုးပါဘူး။ ဘယ် သူ့ကိုမှလည်း မပြစ်မှားပါဘူး။ ဘယ်သူ့ကိုမှလည်း မညာပါဘူး။ ဆေးလိပ် တွေ ဘာတွေလည်း မီးမှ မသောက်တာ။
မီးလေ ငါးပါးသီလ လုံပါတယ် ဖေကြီးရယ်။ မီး လိမ္မာပါတယ်နော်။ မီး လိမ်လိမ်မာမာနေတယ်နော်။ မီးကို မိုးကြိုးပစ်မှာ မဟုတ်ဘူးနော်။
ဖေကြီးရောဟင်။ ဖေကြီးလည်း ငါးပါးသီလ လုံပါတယ်နော်။ ဖေကြီး လည်း ခြင်မသတ်ဘူး မဟုတ်လား။ ဘယ်သူ့ပစ္စည်းမှလည်း မခိုးဘူး မဟုတ် လား။ ဘယ်သူ့ကိုမှလည်း မပြစ်မှားဘူး မဟုတ်လား။ ဆေးလိပ်တွေ အရက် တွေလည်း ဖေကြီးက သောက်မှ မသောက်တာ။
မီးသိပါတယ်။ ဖေကြီးလည်း လိမ္မာတာပဲ။ ငါးပါးသီလလုံတာပဲ။ ဖေ ကြီးကိုလည်း မိုးကြိုးပစ်မှာ မဟုတ်ဘူးနော်။
''ဒိန်း''
ဖေကြီးရေ၊ ဖေကြီးကလည်း အိပ်လို့ကောင်းနေလိုက်တာ။ မီး သိပ် ကြောက်တာပဲ ဖေကြီးရယ်။ မိုးကြိုးတွေပစ်နေသေးတယ် ဖေကြီးရဲ့၊ သိကြား မင်း သိပ်ဒေါသထွက်နေပြီ ဖေကြီးရဲ့။ အဲဒါဆို သူကလေ ငါးပါးသီလ လုံ တဲ့လူရော၊ မလုံတဲ့လူရော ဘယ်သူဖြစ်ဖြစ် မိုးကြိုးပစ်ထည့်လိုက်မယ်ဆို ပြီး ပစ်နေတာ ထင်တယ် ဖေကြီးရဲ့။ ခု ဖေကြီးအိပ်နေလို့ပေါ့။
မီးဖြင့်လေ မီးရယ်၊ ဖေကြီးရယ်၊ မီးတို့အိမ်လေးရယ် ကမ္ဘာကြီးထဲမှာ ဒါပဲ ကျန်တော့တယ်လို့တောင် ထင်တယ်။ မိုးကြိုးတွေ လျှောက်ပစ်လိုက် လို့ အားလုံး မရှိတော့ဘဲ မီးတို့ချည်းပဲ ကျန်တော့တယ်လို့ မီးထင်တယ် ဖေကြီးရယ်။
မီးကြောက်လိုက်တာ ဖေကြီးရယ်။ ဒီမိုးက ဘယ်တော့မှ တိတ်မှာလဲ ဟင်...။ မိုးကြိုးကရော ဘယ်အချိန်ထိ ဆက်ပစ်နေမှာလဲဟင်။
မှောင်လည်း သိပ်မှောင်တာပဲ။ ချမ်းလည်း သိပ်ချမ်းတာပဲ။ ကြောက် လည်း သိပ်ကြောက်တာပဲ။
ဖေကြီးရေ။ မီးတို့ ဘာလုပ်မိကြလို့လဲဟင်။ မီးတို့ ငါးပါးသီလ မဖောက် ကြပါဘူးနော်။ နော်... ဖေကြီးနော်။ သိကြားမင်းကြီး စိတ်ဆိုးရင်လည်း မီးတို့ကို မိုးကြိုးကြီးနဲ့ မပစ်ပါနဲ့လို့။
နောက်ပြီးတော့ သိကြားမင်းကြီး သိပ်စိတ်ဆိုးရင် ငါးပါးသီလမလုံတဲ့ လူဆိုးတွေကိုပဲ ပစ်ပါလို့...။ မိုးတွေလည်း အရမ်းမရွာပါနဲ့တော့လို့။
မီးချမ်းလှပါပြီ။ ဖေကြီးလည်း ချမ်းနေမှာပဲနော်။ အိပ်နေရင်းနဲ့ ဖေကြီး ကိုယ်ကြီးက တုန်တုန်နေတယ်။
မီး ဘာလုပ်ပေးရမှန်းလည်း မသိဘူး။ မီး ဘာမှ မသိတော့ဘူး။
မိုးမရွာပါနဲ့တော့...။ လေမတိုက်ပါနဲ့တော့...။ လျှပ်စီးမလက်ပါ နဲ့တော့..။ မိုးကြိုးမပစ်ပါနဲ့တော့...။
မီး အဲဒါပဲ သိတယ်။ မီး ကြောက်တယ်။
x x x
''မီးလေး ဘာဖြစ်လို့ ငိုနေရတာလဲ မီးလေရယ်၊ ဘာလဲ မိုးတွေ ရွာလို့ လား''
''အင်း...''
''ဒါပဲ မီးလေး၊ မိုးတွေရွာရင် ပျော်မယ်ဆို၊ မိုးတွေ မြန်မြန်ရွာပါစေ ဆို၊ မီးဆုတောင်းတယ်ဆို''
''မိုးမရွာလို့ ဖားတွေအော်ကြတယ်ဆို ဖေကြီးပဲ ပြောတာ''
''အင်းလေ အဲဒါဘာဖြစ်လဲ''
''ဖားတွေကို မီး သနားတယ် ဖေကြီးရယ်၊ ဖားတွေအော်နေတာ သိပ် သနားဖို့ ကောင်းတာပဲ၊ ဖားတွေ မအော်ကြရတော့အောင် မိုးရွာပါစေလို့ မီး ဆုတောင်းတာပေါ့''
''ဟော... ခု မိုးရွာပြီလေ၊ အဲဒီတော့လည်း မီးက ငိုပြန်ရော''
''မီး ကြောက်တယ်''
''ဘာကြောက်တာလဲ မီးရယ်၊ မီးနားမှာ ဖေကြီးရှိတာပဲ၊ တိတ်ပါ မီး ရယ်၊ ခုနက ဖေကြီးက မောပြီး အိပ်ပျော်သွားတာကိုး၊ မီးလေး ဘယ်တုန်း ကတည်းက နိုးနေတာလဲဟင်၊ ငိုနေတာရော ကြာပြီလား၊ ကြည့်စမ်း... ဖေကြီးမှ မသိဘူး၊ ခု တိတ်တော့နော်''
''ဖေကြီး''
''ပြောပါ မီးလေးရဲ့''
''မိုးတွေ ဘယ်တော့မှ မတိတ်တော့ဘူးလားဟင်၊ မီးက ဖားတွေကို သနားလို့ မိုးရွာပါစေလို့ သိကြားမင်းကြီးဆီမှာ ဆုတောင်းတာပါ၊ ခုတော့ သိကြားမင်းကြီးက မိုးတွေလည်းအရမ်းရွားပစ်တယ်၊ မိုးကြိုးတွေလည်း အရမ်းပစ်တယ်၊ ဖားလေးတွေ သေကုန်မှာပဲနော်၊ ဖားလေးတွေ အများကြီး သေကုန်မှာပဲ၊ မီးနဲ့ဖေကြီးတောင် ကံကောင်းလို့ မသေတာ ဖေကြီးရဲ့၊ လျှပ် စီးလက်တုန်းက သိကြားမင်းကြီးက မြင်မသွားလို့၊ မြင်သွားရင် ပစ်မှာပဲ သိလားဖေကြီး၊ သူက မီးတို့ကောင်းကောင်းနေတာ သိပေမဲ့ ဒေါသထွက် နေတာ၊ မီးကြောက်တယ် ဖေကြီးရယ်၊ မီးကြောက်တယ်''
''ဒီမှာ သေချာနားထောင်စမ်း မီးလေးရယ်၊ သိကြားမင်းကြီးက အမြဲ တမ်း ဒေါသထွက်မနေနိုင်ပါဘူး မီးလေးရဲ့၊ မိုးတွေလည်း ခဏကြာရင် တိတ် သွားတော့မှာ၊ မိုးဆိုတာ ကောင်းတုန်းပဲရွာတယ်တဲ့ မီးရဲ့ အချိန်တန်ရင် တိတ်သွားတာပဲပေါ့၊ အမြဲတမ်း မိုးရွာနေတယ်လို့ ဘယ်ရှိမှာလဲ၊ မိုးကြိုးပစ် တာလည်း မကောင်းတဲ့လူတွေပဲ ထိမှာပါ၊ မီးတို့ ဖေကြီးတို့က လူကောင်း ပဲ၊ ဘယ်ထိမှာလဲ၊ ဖားလေးတွေလည်း အကုန်ဘယ်သေမှာလဲ၊ ဆိုးတဲ့ဖား ပဲ သေမှာပေါ့၊ မီးလေး မီးလေး'ကြယ်' လေးတွေကို သိတယ် မဟုတ်လား''
''ကြယ်လေးတွေ၊ မီးသိပ်ချစ်တဲ့'ကြယ်'လေးတွေလေ... 'ကြယ်'လေး တွေကို မီးက သိပ်ချစ်တာ''
''အေးပေါ့၊ ဟိုး... ကောင်းကင်မှာ 'ကြယ်'လေးတွေလည်းရှိသေး တာပေါ့၊ နက်ဖြန် ဒါမှမဟုတ် တစ်ရက်ရက်ကျတော့ မိုးတွေ တိတ်သွားတဲ့ အခါတော့ ဟိုး... ကောင်းကင်ပေါ်မှာ 'ကြယ်'တွေ အများကြီးရှိနေမှာ၊ တိမ်တွေလည်း မရှိတော့ဘူး၊ မိုးတွေလည်း မရွာတော့ဘူးဆိုတဲ့နေ့ကျရင် မီးချစ်တဲ့ 'ကြယ်'လေးတွေက ဟိုး... ကောင်းကင်ပေါ်မှာ အများကြီး သိပ်လှတယ် မီးရဲ့၊ မီး မပျော်ဘူးလား၊ မီး ကြယ်လေးတွေကို မချစ်ဘူး လား''
''ချစ်တာပေါ့ ဖေကြီးကလည်း၊ မီးက ကြယ်လေးတွေကို သိပ်ချစ်တာ''
''အေးပေါ့၊ အဲဒါဆို ဘာငိုနေစရာရှိလဲ မီးလေးရဲ့၊ ကြောက်စရာလည်း ဘာမှမရှိဘူး၊ ရွာပစေပေါ့၊ သိကြားမင်းကြီး စိတ်ပဲဆိုးဆိုး၊ စိတ်ပဲတိုတို မိုး တွေအရမ်းရွာချင်ရွာ၊ မိုးကြိုးတွေ လျှောက်ပစ်ချင်ပစ်၊ ခဏပဲရွာမှာ၊ ခဏပဲ ပစ်ရမှာ၊ ပြီးတော့ ဖေကြီးတို့က လူကောင်းတွေပဲ ဘယ်ထိမလဲ၊ ဟော မိုး တိတ်သွားတဲ့အခါကျရင် မီးလေးချစ်တဲ့ ကြယ်လေးတွေအများကြီးရှိလာမှာ မီးရဲ့၊ ကဲ... မိုးလည်း သိပ်မသည်းတော့ဘူး၊ မိုးကြိုးလည်း သိပ်မပစ်တော့ ဘူး၊ လေတွေလည်း သိပ်မတိုက်တော့ဘူး၊ မီးလေးလည်း မောပြီ၊ လာ- ဖေ ကြီးနဲ့ မီးလေးနဲ့ စောင်အတူခြုံပြီး အိပ်ကြမယ်၊ ပြီးတော့ နိုးလာတဲ့အခါကျ မှ ဖေကြီးနဲ့မီးလေးနဲ့ မီးလေးချစ်တဲ့ကြယ်လေးတွေကို ကြည့်ကြမယ်နော်၊ ကဲ... မီးလေး မငိုနဲ့တော့၊ အိပ်တော့''
''ဟုတ်တယ်နော် ဖေကြီး၊ မီးလေးတို့ကြယ်လေးတွေကိုပဲ စောင့်ကြ မယ်နော်''
''ဒါပေါ့၊ ကြယ်လေးတွေလည်း ထွက်လာတော့မှာ၊ မီးလေး မငိုနဲ့တော့ နော်''
(အသည်းထန်ဆုံး ထစ်ချုန်းသွန်းဖြိုးခဲ့သော '၈၉'၏ ပထမဆုံးမိုးည ကို ခံစားခြင်း)
မသီတာ(စမ်းချောင်း)

No comments:

Post a Comment