Saturday, 31 December 2011

အညိုမှသည် ကြက်သွေးနီသို့ ၁၀

အဝေးရောက် တိုင်းရင်းသားများ တွေ့ဆုံပွဲ ကြက်သွေးနီ ရှိရာ မက်ဆာချူး ဆက်၏ မြို့များတွင် မြန်မာပြည်မှ ပြောင်းရွှေ့ အခြေချ လာသော တိုင်းရင်းသား ပေါင်းစုံလည်း ရှိနေရာ သူစိမ်းများ အလယ်တွင် တိုင်းရင်းသား အချင်းချင်း ချစ်ကြည် ပေါင်းစည်းနိုင်ရန် အခြေချနှင့် ပြီးသော တိုင်းရင်းသား များက ဦးဆောင်ပြီး ချစ်ကြည်ရေး ပွဲလမ်းလေးများ ကိုလည်း ကျင်းပတတ် ပါသေးသည်။

မနှစ်က အညိုရှိရာ ရို့ဒ်အိုင်းလန်း ပြည်နယ်တွင်မူ အခြေချ လာသော မြန်မာ တိုင်းရင်းသား အရေ အတွက်မှာ ပြောပလောက်အောင် မများသဖြင့် ထိုကဲ့သို့ ပွဲမျိုး မရှိခဲ့ဘဲ အညိုနှင့် နီးသောမြို့တွင် အခြေချ နေထိုင်သည့် ဆရာဒေါက်တာ ညီညီနှင့် မမဒေါက်တာ နယ်လီတို့ မိသားစုကိုသာ အဝေးရောက် မိသားစု သဖွယ် အားကိုး ခင်မင်ခဲ့ ရပါသည်။ ကြက်သွေးနီတွင် ရှိစဉ်မှာမူ အခြေချ မြန်မာ တိုင်းရင်းသားများ များပြားသည့် အပြင် ဖေဖေနှင့် မေမေ အာရှသို့ ပြန်မသွား မီက အမှတ်မထင် တွေ့ရှိခဲ့သော မြန်မာမိတ်ဆွေ ဒေါ်မြင့်မြင့်စိန်ကို အကြောင်းပြုကာ မတင်တင်ညို၊ မတင်တင်လေးတို့ ညီအစ်မနှင့် မိသားစု၊ မမေရီ၊ ပိစိ၊ မဂျဲနီ၊ ကိုမောင်မောင်ထွေး စသဖြင့် ပြည်ပရောက် မြန်မာများကို မကြာခဏ တွေ့ဆုံဖြစ်ခဲ့ ပြန်ပါသည်။

မြန်မာဘုန်းကြီး ကျောင်းတစ်ကျောင်းမှာ မော်လ်ဒန် အရပ်တွင် ရှိနေပြန်ရာ ထိုကျောင်းမှာ ပြုလုပ်လေ့ ရှိသော ဘာသာရေးနှင့် ယဉ်ကျေးမှု အလှူအတန်း များတွင်ပါဝင် ကုသိုလ်ယူ ဖြစ်သဖြင့်လည်း ကြက်သွေးနီ ကာလများတွင် မြန်မာ ရနံ့များ လှိုင်ခဲ့ ပြန်ပါသည်။ ထို့ပြင် ကိုယ်နေထိုင်ရာ တိုက်ခန်းသည် ခရစ်ယာန် ဘာသာဝင် မြန်မာများ တက်ရောက်လေ့ ရှိသော ခရစ်ယာန် ချာ့ခ်ျကျောင်းနှင့် အလွန်နီး သဖြင့်လည်း ထိုကျောင်းတွင် ပြုလုပ်သည့် ပွဲများကိုလည်း အလွတ် မပေးဘဲ တက်ရောက်ဖြစ်ခဲ့ ပြန်ပါသည်။ ပြည်ပကို ရောက်သည့်အခါ မြန်မာ တိုင်းရင်းသား အားလုံးမှာ ဘာသာရေး အရ ကိုးကွယ် ယုံကြည်မှု မတူညီ ကြသည့်တိုင် လူမှုရေး အရ စည်းစည်း လုံးလုံးနှင့် ရိုင်းပင်းနိုင်ရန် ဘာသာရေး အခြေခံ ပွဲများကို မိသားစု တွေ့ဆုံပွဲများ အသွင် သဘောထားကာ သွားရောက် ကြစမြဲပင်။

သို့ဖြစ်ရာ ကရင်၊ မွန်၊ ချင်းစသည့် တိုင်းရင်းသား များအား လူဝင်မှုကြီး ကြပ်ရေး ခွဲတမ်းအရ အမေရိက တစ်ခွင် ပြည်နယ် ပေါင်းစုံအား ပေးပို့နေရာ ချထားရာတွင် မက်ဆာချူးဆက် ပြည်နယ်သို့ ရောက်လာသော မြန်မာ တိုင်းရင်းသား များကို မက်ဆာချူးဆက် နယ်ခံ မြန်မာများက ကြိုဆို နှုတ်ဆက်သည့် အခမ်းအနား တစ်ခုကိုလည်း ပြည်နယ်တွင်း မြို့လေး တစ်မြို့မှာ ကျင်းပခဲ့ ကြပါသည်။ ထိုပွဲမှာ ခရစ်ယာန် ဘာသာဝင် အများအပြား ပါရှိသည့် ပြောင်းရွှေ့ အခြေချ တိုင်းရင်းသား များအတွက် ကျင်းပခြင်း ဖြစ်သဖြင့် ခရစ်ယာန်ချာ့ခ်ျ တစ်ခုတွင် ကျင်းပခဲ့ပြီး မော်လ်ဒန်ကျောင်းမှ ဘုန်းတော်ကြီး ကလည်း တက်ရောက်ကာ နှုတ်ဆက်စကား ဆိုခဲ့ပါသည်။ ကိုယ့်မှာလည်း ဒေါ်မြင့်မြင့်စိန်၊ မညို၊ မလေးတို့ကြောင့် သည်အခမ်း အနားကို ရောက်ဖြစ်ခဲ့ရ ပါသည်။ ထိုအခမ်း အနားတွင် တိုင်းရင်းသား အများစုမှာ မြန်မာ စကားကိုလည်း နားမလည်၊ အင်္ဂလိပ် စကားကိုလည်း မတတ်ကျွမ်း ကြသော်လည်း တိုင်းရင်းသား ကလေးများ မှာမူ အချင်းချင်း အပေါင်းအသင်း ပြုကာ ပျော်ရွှင်ဆော့ ကစားနိုင် နေကြသည် ကိုလည်း သတိပြုမိ ပါသည်။ သို့သော် မေရီလင်း ပြည်နယ်မှာ ကျောင်းတက်နေသည့် သမီးငယ် တစ်ဦးမှ ပြောခဲ့ဖူးသည့် စကား တစ်ခွန်းကို သတိရမိ ရပြန်ပါသည်။ ထိုနေ့က တွေ့ခဲ့ရသော ကလေးငယ် များသည် အမေရိကန် များအပေါ် မည်သို့သဘော ထားမည်ကို မမှန်းတတ် သော်လည်း သူတို့ နားလည်အောင် မပြောတတ်သော ကိုယ်တို့ကိုလည်း ဆွေမျိုးသားချင်းဟု သဘောထားကာ ချစ်ခင် ပျူငှာလိုဟန် မျိုးလည်း မရှိသည်ကို သတိ ထားမိရာမှ ထိုစကားကို သတိရသွား မိခြင်းပါပင်။

မေရီလင်းမှ မြန်မာ မလေးမှာ အထက်တန်း ကျောင်းသူ ဘ၀တွင်မှ ဖခင် ဖြစ်သူ၏ ပြဿနာကြောင့် အမေရိ ကသို့ ရောက်လာရကာ ကျောင်းတက်သည့် အခါ မွန်တိုင်းရင်းသား အချို့ကို တွေ့ဆုံခွင့် ရသဖြင့် ၀မ်းသာ သွားခဲ့သော်လည်း ကျောင်းမှာ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက် ရသည့်အခါ ထို မွန်တိုင်းရင်းသူ ကျောင်းသူလေးမှ သူသည် မြန်မာပြည်မှ လာခြင်း မဟုတ်ကြောင်း၊ Mon Land ဟူသည့် နိုင်ငံမှ လာခြင်းဖြစ်ကြောင်း အခိုင်အမာ အထပ်ထပ် ပြောသွားသည်ကို ကြားရသည့် အခါဝမ်းသာ ခဲ့သမျှ ပျောက်ဆုံးသွားကြောင်း၊ သူ့ကိုလည်း ခင်မင်လိုဟန် မပြသဖြင့် ၀မ်းနည်းရကြောင်း ပြောခဲ့ခြင်းပင်။ ပြည်တွင်းစစ် မပြီးဆုံး သေးသမျှ၊ ပြည်တွင်း ငြိမ်းချမ်းရေးအား တိုင်းရင်းသား အားလုံး တစ်ပြေးညီ မခံစား နိုင်သေးသမျှ သည်စစ်၏ ဒဏ်ရာ ဒဏ်ချက်သည် နောင်လာနောက်သား မျိုးဆက်များသို့ တိုင်ရိုက်ခတ် နေဦးမည်ပင်။ သည်အရေးကို တွေးမိလျှင် ကိုယ့်မှာ မည်သို့မျှ စိတ်မအေး နိုင်ပါ။ အကြောင်းကြောင်းကြောင့် အမိမြေကို ခွဲခွာခဲ့ကြ ရပြီးသည့်တိုင် အကြောင်းကြောင်း ကြောင့်ပင် ဆွေမျိုး တိုင်းရင်းသား အချင်းချင်း ကိုပင် နှုတ်မဆက်ဘဲ ခွဲခွာရန် အသင့် ပြင်နေသည့် မျိုးဆက်များ ပေါ်ပေါက်နေ ပေဦးမည်လား။ အမျိုးသား ပြန်လည်သင့်မြတ် ရေးဟူသည် လူတစ်ဦးချင်း၊ အဖွဲ့ တစ်ဖွဲ့ချင်း၊ လူမျိုးစု တစ်စုချင်း ဆောင်ရွက်ရမည့် အမှုကိစ္စ မဟုတ်သည်ကို နိုင်ငံသားတိုင်းမှ ခံယူကြရေး အတွက် ကိုယ်တို့ အလုပ်များစွာ လုပ်ကြရ ပေဦးမည်။ အချိန်များစွာ ရင်းကာ ကြိုးပမ်း ရဦးမည်ပင်။

ခင်မင်ခွင့် ရခဲ့သော မြန်မာ မိသားစုများ
ကြက်သွေးနီ ရင်ခွင်မှာ နေရသည့် ကာလများ၏ အစပိုင်းတွင် မိဘနှစ်ပါး ရှိနေခဲ့ သဖြင့် အိမ်လွမ်းစိတ် အတော့်ကို နည်းပါးခဲ့ရ သကဲ့သို့ နောက်ပိုင်းတွင်လည်း ညီအစ်မ ဆွေမျိုးများ သဖွယ် ခင်မင်ရင်းနှီး ခဲ့ရသော အစ်မကြီး ဒေါ်မြင့်မြင့်စိန်၊ အစ်မမညို၊ မလေး၊ မမေရီ တို့ကြောင့် အဝေးရောက် အိမ်ကလေးအား မြန်မာ့လေ၊ မြန်မာရနံ့ သင်းပျံ့ထုံစေ ဖြစ်ခဲ့ပါသည်။ အညို့ ရင်ခွင်မှာ ရှိစဉ်ကမူ မမ နယ်လီတို့ မောင်နှမ များနှင့် တွေ့ရသည့် အချိန်မှ လွဲပြီး ကျန်အချိန် များမှာ မြန်မာ ရနံ့ကို မရခဲ့ချေ။ ရို့ဒ်အိုင်းလင်း၏ အများ ပြည်သူသုံး ဘတ်စ်ကား များဖြင့်သာ သွားလာ နိုင်သဖြင့်လည်း ခရီးမတွင် သကဲ့သို့ ပြည်နယ်တွင်း နေထိုင်သော မြန်မာ တိုင်းရင်းသား မှာလည်း အရေအတွက် အလွန်နည်းပါး ခဲ့သဖြင့်လည်း ပြည်နယ်တွင်းတွင် လမ်းမများ ဖြစ်ခဲ့ပေ။ ကြက်သွေးနီ ရှိရာ မက်ဆာချူး ဆက်မှာမူ အများ ပြည်သူသုံး ယာဉ်ရထားများ များပြား လှသဖြင့် ကိုယ်ပိုင်ကား မမောင်းနိုင်သော ကိုယ့်အဖို့ စိတ်သွားတိုင်း ကိုယ်ပါအောင် အားထုတ် ရသည်မှာလည်း လွယ်ကူလွန်း လှသည်။ ဘတ်စ်ကားဂိတ်ရော မြေပေါ်မြေအောက် ရထားဂိတ် များပါ ကိုယ်နေသည့် အိမ်နှင့် နီးသဖြင့် ကားခ၊ ရထားခငွေ ကုန်သည်မှ လွဲလျှင် သွားချင်ရာသို့ အဆင့်ဆင့် ပြောင်းစီးကာ သွားနိုင်ခဲ့သည်။

မညိုနှင့် မလေးတို့ ညီအစ်မ ကလည်း ကားမောင်း ကျွမ်းကျင်ကာ မညည်း မညူလာခေါ်ြ ပန်ပို့ဖြင့် ဂရုစိုက်ပေး သည့်အတွက်လည်း ကြက်သွေးနီ ကာလ တစ်လျှောက်မှာ လမ်းအလွန်များ ဖြစ်ခဲ့ ပြန်ပါသည်။ ထို့ပြင် ဂျိန်းနှင့် ရှရီရာ ကဲ့သို့ စာရေးဆရာ သူငယ်ချင်းများ နှင့်လည်း ရံဖန်ရံခါ ထွက်လည်ဖြစ်ခဲ့ ပြန်သဖြင့် အလည် ခရီးကို မမောမပန်း နိုင်အောင် သွားဖြစ် ခဲ့ပေသည်။ ဆေးကျောင်းဖော် သူငယ်ချင်း မို့မို့နှင့်လည်း ရင်းနှီးသည့် တက္ကသိုလ် ဆရာမ တစ်ဦးဖြစ်သော အားဒက်သ်ကဲ့သို့ ပညာရှင် မိတ်ဆွေ အချို့ကြောင့်လည်း လမ်းများ ဖြစ်သည်များ ရှိခဲ့ရာ ထိုခရီး များတွင် မက်ဆာချူး ဆက်၏ တစ်ရာကျော်သော တက္ကသိုလ်၊ ကောလိပ်များ အနက် ဂျေအက်ဖ်ကေ ကျောင်းသို့ လာတက်နေသော တလိန်းနှင့် ဆိုင်းဆီနော် ခညီအစ်မ၊ အခြား ကျောင်းများတွင် ဖူးလ်ဘရိုက်၊ ဟမ်ဖရီ ပရိုဂရမ် များဖြင့် ရောက်နေသည့် ၀င်းကိုကိုကဲ့သို့ မြန်မာ တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများ နှင့်လည်း ခရီးတိုလေးများ သွားဖြစ်ခဲ့ ပါသည်။ ထို့ကြောင့် ရံဖန် ရံခါတွင် ကိုယ်က အပျော်သဘော ပြောမိသည်မှာ ကိုယ့်အနေဖြင့် သည်ကာလ များတွင် ဂိုဏ်းပေါင်းစုံနှင့် ခရီး ပေါင်းစုံအား အလှည့် မထပ်အောင် သွားကာ ခြေရှည်ခွင့် ရအောင် ထိုမြန်မာ တိုင်းရင်းသား၊ နိုင်ငံ ခြားသားများက ကျေးဇူး ပြုခဲ့သည်ဟု ဖြစ်ပါသည်။ အမှန်လည်း တစ်ဖွဲ့ဖွဲ့မှ ချိန်းသည့်အခါ “ဟိုဘက် ဂိုဏ်းနဲ့ ချိန်းထားပြီးလို့ နောက်ရက် ပြောင်းချိန်း ရအောင်နော်”ဟု ကိုယ်က ပြန်ပြောရ သည်ထိ ပြည်တော်ပြန် ခါနီးလေ ဂိုဏ်း အသီးသီးနှင့် ခြေရှည်မိလေ ဖြစ်ခဲ့ရ ပါသည်။ သို့ဖြင့် ကြက်သွေးနီ၏ နေ့ရက်များသည် မြန်မာ စကားကို အားရပါးရ ပြောဖြစ်ဆုံး နေ့ရက်များလည်း ဖြစ်ခဲ့ပြန် ပါသည်။ ရက်ကလစ်ဖ် ၀င်းနှင့် ဌာနမှ သူငယ်ချင်းများ ကပင် အံ့သြ သဘောကျ သည်ထိ မြန်မာချင်း ရိုင်းပင်းမှုကို အပြည့်အ၀ ရခဲ့သည် မှာလည်း ကိုယ့်အဖို့ ကျေနပ်စရာ ကျေးဇူး တင်စရာပင်။

စီးပွားရေး အကျပ်အတည်း များနှင့် အမေရိက
ကြက်သွေးနီသည် ကမ္ဘာကျော် တက္ကသိုလ်ပီပီ ဘဏ္ဍာရေး အခြေအနေ အလွန် တောင့်တင်းသည့် တက္ကသိုလ်ဟု သိထားသည့်တိုင် ယခင် နှစ်များတွင် Fellow အရေအတွက် ၆၀ ကျော် ခေါ်ယူ ခဲ့သော်လည်း သည်နှစ်တွင် ၄၀ အထိ လျှော့ချခဲ့သည့် အကြောင်းမှာ အမေရိက၏ ကျဆင်းလာသော စီးပွားရေး အနေ အထားကြောင့်ဟု ဆိုရပါမည်။ အစ်မကြီး မညိုနှင့် ငယ်သူငယ်ချင်း အချို့ဖြစ်သော မြိုင်၊ စု တို့ကဲ့သို့ အနှစ် ၂၀ နီးပါး အမေရိကမှာ အခြေချ နေသည့် မြန်မာများ ထံမှလည်း အစိုးရ ဌာနပိုင်း ဆိုင်ရာတွင် ဖြစ်စေ၊ ပုဂ္ဂလိက ဆိုင်ရာ လုပ်ငန်းများတွင် ဖြစ်စေ သူတို့ အမေရိကန်များ ဘ၀တွင် မကြားခဲ့ ဖူးသော ခြိုးခြံ ချွေတာရေး ဝေါဟာရကို ကြားလာ ရပြီဟု ဆိုပါသည်။ အမေရိက၏ အိမ်တိုင်းတွင် လျှပ်စစ် ပလပ်ပေါက်များ တပ်ဆင် ထားသော်လည်း ထိုပလပ်ပေါက် များအား ဖွင့်ပိတ်သည့် ခလုတ်ဟူ၍ မတပ်ဆင်၊ မထားရှိ သဖြင့် လျှပ်စစ်အား ထာဝရ စီးနေသည် ကိုက စွမ်းအင်ကို မချွေတာရာ ရောက်နေသည်မှာ ကိုယ့်အတွက် အလွန် အသည်းယား သောအရာ ဖြစ်ပါသည်။ ထို့ကြောင့် မီးချောင်း၊ မီးလုံးများအား အဖွင့်အပိတ် မပြုလုပ်ဘဲ နေ့လုံးပေါက်၊ ညလုံးပေါက် ထွန်းထားကာ ပစ်ထားသည့် အိမ်နှင့် ရုံးဌာန များကို မြင်ရတိုင်းလည်း သည်မျှ စွမ်းအင်ကို သုံးဖြုန်းရန် အတွက် သည်မျှပင် ရေနံကို လိုအပ် နေရခြင်း အကြောင်း တွေးမိရ ပြန်ပါသည်။

စီးပွားရေး ကျဆင်းလာသည့် အတွက် လုပ်ငန်းရှင်များ၏ ဖြေရှင်းချက်မှာလည်း လေလွင့်နေသည့် စွမ်းအင်များကို ချွေတာရေး မဟုတ်ခဲ့။ လုပ်အားခ ကို လျှော့ချရေးသာ ဖြစ်လေသည်။ ထို့ကြောင့် အချို့ရုံးဌာနများက တစ်ပတ်လျှင် သုံးရက် ရုံးပိတ်ခြင်းအားဖြင့် လုပ်အားခကို တစ်ရက်စာ ထပ်သက် သာရန် ကြံစည်လာခဲ့သည်။ အလုပ် အများစုမှာ တစ်နာရီကို လုပ်အားခ မည်ရွေ့မည်မျှဟု သတ်မှတ်သဖြင့် အလုပ်ချိန် နာရီ သက်သာသွားလျှင် လုပ်အားခ ပေးရန်လည်း သက်သာသွား တတ်သည်ကိုး။ ထို့ပြင် ရှော့ပင်းမောလ် များတွင် လူအလာ နည်းသွားသည့် အခါ အချိန် တစ်နာရီ နောက်ကျမှ ဖွင့်ကာ တစ်နာရီ စောပိတ်သည့် နည်းလမ်းကိုလည်း သုံးစွဲလာကြ ပါသည်။ ထိုအခါ လုပ်အားခ ပေးရသက်သာ သွားလေ၏။ သို့သော် မော်လ်ထဲရှိ လျှပ်စစ်မီးပွင့် များအား မပိတ်သဖြင့် မီတာခကား ပိုနေမြဲ ကျားနေမြဲ။ ပုံနှိပ်လုပ်ငန်း တစ်ခုမှာ ထိုကဲ့သို့ပင် ဖွင့်ရက်ရော ပိတ်ရက်မှာပါ ရှိသမျှ မီးချောင်းနှင့် ကွန်ပျူတာ စက်ပစ္စည်း များအား ခလုတ် မပိတ်ဘဲ ထားတတ်ရာ ငွေကြေး အကျပ်အတည်း ဖြစ်လာချိန်တွင် ထိုလုပ်ငန်းမှ မြန်မာဝန်ထမ်း တစ်ဦးက ပိတ်ရက်များတွင် မီးခလုတ်များ ပိတ်ထားခြင်း၊ စက်များကို ခလုတ် မရှိသည့် ပလပ်ပေါက် များမှ ဖြုတ်ထားခြင်းတို့ လုပ်သင့်ကြောင်း အကြံ ပေးရာမှ တစ်လလျှင် လျှပ်စစ်မီ တာခ ဒေါ်လာငွေ ထောင်ချီပြီး သက်သာ ခဲ့ရသည်။ သို့ဖြင့် မည်သည့်အခါ ကမျှ မကျင့်သုံး ခဲ့ဖူးသော ချွေတာရေးအား အမေရိကန်တို့ မြည်းစမ်းစ ပြုလာ ခဲ့ပါပြီ။

သို့သော် အမေရိကန် တို့ကား ကိုယ်ထူကိုယ်ထ ကိုလည်းကောင်း၊ စက်ပစ္စည်း တီထွင်မှု ကိုလည်းကောင်း အလွန်စိတ်အား ထက်သန်ရာ လုပ်ငန်း တော်တော် များများတွင် အလုပ်သမား များအစား သုံးစွဲသူများ ကိုယ်တိုင် ကိုယ်ထူကိုယ်ထ လုပ်ဆောင်ရန် အကူ အညီပေးမည့် စက်သစ်များကို တီထွင် ထည့်သွင်း အသုံးချလာ ကြပြန်ပါသည်။ ဥပမာ ဆိုရလျှင် အမေရိကရှိ ပြည်တွင်း လေကြောင်းလိုင်းများ အားလုံး လိုလိုသည် ခရီးသည် အပေါ် အလေးအနက် မထားကြတော့။ လေယာဉ် လက်မှတ်ကို အွန်လိုင်းမှ ၀ယ်ရပြီး ခရီးစဉ် အတွက် ထိုင်ခုံ နံပါတ်နှင့် ချက်အင်ဝင်သည့် ကိစ္စ မျိုးကိုပင် လေကြောင်းလိုင်း ၀န်ထမ်းများက မလုပ်ဆောင် ပေးကြတော့ဘဲ စက်များ ထားရှိကာ ကိုယ့်ထိုင်ခုံ လက်မှတ် (Boarding Pass)ကို စက်မှာ ကိုယ်တိုင် ထုတ်နိုင်ရန်သာ စီစဉ် ပေးလာကြ တော့သည်။

ခရီးဆောင် အိတ်များကို တန်ဆာ ပြုလုပ်လျှင်လည်း အခကြေးငွေ သီးခြား ကောက်ခံ ထားသဖြင့် အများစုမှာ ကိုယ်နှင့် တစ်ပါတည်း ယူသွားနိုင်သည့် ခရီးဆောင် အိတ်နှင့်ပင် ခရီးသွားရန် ကြိုးစား ကြရသည်။ ထို့ပြင် လေယာဉ်ပေါ်တွင် မည်သည့် အစား အသောက်ကိုမျှ အခမဲ့ ကျွေးမွေးခြင်း မပြုကြ တော့ပါ။ ဆာလျှင် ၀ယ်စားနိုင်ရန် စီစဉ်ပေးထား သော်လည်း ကြေးက ကြီးပြန်သည်။ အိမ်မှ ထုပ်ပိုးယူဆောင် လာလျှင်လည်း အ၀င်ဂိတ် မှာပင် ထားပစ်ခဲ့ ရဦးမည်။ အစား အသောက်များကို ပထမ ဂိတ်မှာ စိစစ်ပြီး ပယ်ခံရမည်။ အထူးသဖြင့် အရည်များဆို လုံးဝ ခွင့်မပြု။ သည်တော့ လေယာဉ်ပေါ်မှာ ၀ယ်မစား ချင်လျှင် ပထမ ဂိတ်အလွန် လေယာဉ်ပေါ် မတက်မီ နားနေဆောင်မှ ဈေးအတန် ကြီးသော အစား အသောက်များအား ၀ယ်ရမည်။ သည်ကဲ့သို့သော အဆင် မပြေစရာ လေကြောင်း ၀န်ဆောင်မှုများ အပြင် သည့်ထက် စိတ်အနှောင့် အယှက် ဖြစ်စရာ လေဆိပ် စည်းကမ်းများကြောင့် လေယာဉ် ခရီး သွားရသည့် အခါတိုင်း လူ့သိက္ခာကို စော်ကား ခံရသလို ငွေကြေးကိုလည်း ခေါင်းပုံဖြတ် ခံရသည်ဟု ခံစားရ လေသည်။ လုပ်ခအလျှော့ ခံရရန် အားလပ်ရက် များများ (မယူချင် သော်လည်း) ယူထားရသော ၀န်ထမ်းများ မှာလည်း ခရီးသည်ကို စားသုံးသူလို မမြင်တတ်ကြ။ အမေရိကမှာ လေယာဉ် စီးရခြင်းသည် ရန်ကုန်မှာ ဘတ်စ်ကား စီးရခြင်းနှယ် ခံစားရသည် ချည်းဖြစ်သည်။

အမေရိကမှာ ဘတ်စ်ကား၊ ရထားများ စီးရသည့် အခါတွင်ကား မြန်မာပြည်တွင်း လေယာဉ်စီး ရသကဲ့သို့ ဖြစ်နိုင်မည်လား မပြောတတ်။ မြန်မာပြည်တွင်း လေယာဉ်ကို ဟုတ်တိပတ်တိ မစီးဖူး သေးသဖြင့် မနှိုင်းပြ နိုင်သော်လည်း အမေရိက စီးပွားရေး သမားများ၏ လေကြောင်းလိုင်းလောက် မဆိုးနိုင်ဟု ယူဆ ရပေသည်။ အခ ကြေးငွေများများ ယူထားသဖြင့် ထိုက်တန်သော ၀န်ဆောင်မှုကို ပေးမည်ဟု မျှော်လင့် ရပါသည်။ အမေရိက၏ ဘတ်စ်ကား လုပ်ငန်း အချို့နှင့် ရထား လုပ်ငန်းမှာမူ အစိုးရ များက အမြတ် အစွန်းကို ပဓာန မထားဘဲ လျှော့ပေါ့ကာ ၀န်ဆောင်မှု ပေးသည့်အတွက် ခရီးသည် အပေါ် အလွန် ဂရုတစိုက် ရှိလှသည်။ သို့တိုင် ချွေတာရေးသည် ရထားများ ပေါ်တွင်ပါ မသက်ရောက်။ အများစုသော အမေရိကန် များမှာ အင်တာနက်၊ ကွန်ပျူတာ၊ ဆဲလ်ဖုန်း၊ အိုင်ပေါ့ပ်များနှင့် အချိန်မလပ် မကင်းနိုင် ကြရကား စားသုံးသူ၏ လိုအင်နှင့် အညီ ဖြည့်စွမ်းရသော လုပ်ငန်းဖြစ်သည့် ရထား ပို့ဆောင်ရေး တွင်လည်း ထိုင်ခုံ အသီးသီး၌ လျှပ်စစ် ပလပ်ပေါက်များ တပ်ဆင် ပေးထားရ ပြန်ပါသည်။ ထိုပလပ်ပေါက် အားလုံးမှာလည်း ခလုတ် မပါရှိသော လျှပ်စစ်အား အမြဲစီးဆင်း နေသည့် ပလပ်ပေါက် များပင်။ ထို့ကြောင့် ချွေတာရေး စကားလုံးကို မြည်တမ်း လာသည့်တိုင် အစစ်အမှန် ချွေတာရေးသည် အမေရိက၏ အိမ်ပေါက်စေ့သို့ မရောက်နိုင်သေး။ သို့ဖြင့် လျှပ်စစ် စွမ်းအင်သုံး ပစ္စည်းများ အသုံးတွင်ကာ လူ့စွမ်းအား ရင်းမြစ်များကို အလုပ်ဖြုတ်၊ အချိန်လျှော့ ခိုင်းစေသည့် ချွေတာရေး ကသာ လုပ်ငန်း ဌာနစေ့၊ ကျောင်းတက္ကသိုလ် စေ့သို့ ရောက်နေတော့သည်။

ကိုယ့် အနေဖြင့်မူ ၂၀၀၅ ခုနှစ်တွင် တွေ့မြင် ခဲ့ရသော အမေရိက၊ အညို့ ရင်ခွင်မှာ ရှိခိုက်တွေ့မြင် ခဲ့ရသည့် အမေရိက များနှင့်ခြားနား သထက်ခြားနား လာသည့် အမေရိ ကကို မြင်ရသည်မှာ စိတ်မချမ်း မြေ့စရာ။ ကိုယ့်မိတ်ဆွေ အချို့မှာ လုပ်ငန်းရှင်က “သင့်အား အလုပ်ဖြုတ်ခြင်း မဟုတ်ပါ။ သင်လက်ရှိ တာဝန်ယူ ထားသော ရာထူးမှာ သည်လုပ်ငန်းတွင် မရှိတော့ ခြင်းသာ ဖြစ်ပါသည်”ဟု လွန်စွာ ယဉ်ကျေးသည့် အလုပ်ပြုတ် စာကို လက်ခံ ရသူများ၊ အလုပ် လုပ်ချင်သည့်တိုင် အားလပ်ရက်ကို တိုးယူရန် ညွှန်ကြား ခံရသည့် သူများ စသဖြင့် ဖြစ်လာနေရာ စိတ်မကောင်း သည့်တိုင် မည်သို့မျှလည်း မကူညီ နိုင်ပေ။ အလုပ်ပြုတ် သွားပြီဟု ပြောလာလျှင် မအံ့သြတော့ သည်အထိ အလုပ်ပြုတ်သူ အရေအတွက် မှာလည်း များလာနေသည်။ သည်ကြားမှာ ကိုယ့်မိတ်ဆွေ ရင်းချာများ မပါသေးလျှင် စိတ်အေး ရသကဲ့သို့ အလုပ်ချိန် တိုးလုပ်နေရ သဖြင့် မတွေ့ နိုင်သေးဟု ဆိုလာသူ မျိုးကို တွေ့ရလျှင် သူ့အတွက် မုဒိတာ ပွားကာ ကျေနပ် နေရသည် မှာလည်း ကြက်သွေးနီ ကာလအတွင်း ကြုံတွေ့ရသည့် အတွေ့အကြုံ သစ်ပင်။

အမျိုးသမီး ပညာကုံထံ အချို့
ကြက်သွေးနီ၏ ရင်ခွင်မှာပင် ငွေကြေးအကျပ် အတည်းကို ညည်းညူသံ ကြားနေရ သည်မှာ အဆန်း တကြယ်ဟု ဌာနေပညာ ကုံထံတို့ ထံမှ ကြားသိ နေရသည့် အတွက်လည်း ယခင့်ယခင် နှစ်များတွင် သည်ရင်ခွင်သို့ ရောက်ခဲ့လျှင် မည်မျှ ချွေတာရေး ကင်းနေမှာ ပါလိမ့်ဟု တွေးဆမိရ ပြန်ပါသည်။ ချွေတာရေးနှင့် ဖွားဖက်တော် ဖြစ်သည့် ကိုယ့်အတွက်မူ ယခု ရရှိနေသော အခြေအနေ၊ အထောက် အပံ့တို့မှာ လူကုံထံ အခွင့် အရေးများ ဟုပင် ဆိုနိုင်နေသည့် အတွက် သူတို့သူတို့ ဌာနေ ပညာကုံထံ များက ညည်းသံကြားလျှင် ကျိတ်၍သာ မဲ့ပြုံးများ ပြုံးခဲ့ မိလေ၏။ သို့သော် သူတို့ဆီမှ ဆရာ ပါမောက္ခ ဆိုသည့် ပညာ ကုံထံများမှ တာဝန် ယူထားရသော ပညာကုံထံ မှုသည် အလွန်ကျယ်ပြန့် နက်ရှိုင်းရကား သူတို့ ရခဲ့သော အခွင့်အရေး များသည် သူတို့ ပေးဆပ်ခဲ့သော တာဝန် ကျေပွန်မှု များနှင့် ထိုက်တန်သည် ဆိုရုံသာ ရှိခဲ့ကြောင်းလည်း သတိပြုမိ ရပါသည်။ သည်ရက် ကလစ်ဖ်မှာ ပညာကုံထံ ဘ၀နှင့် နေရသည့် တစ်နှစ်တာ ကာလသည် သူတို့ အတွက်လည်း အထူး အခွင့်အရေး တစ်ခု ဖြစ်နေပါသည်။ သည်ကာလအား ထူးချွန်ဆုရ ကာလသဖွယ် သဘော ထားကြသဖြင့် သူတို့မှာ သူတို့အလုပ် ရှိရာ တက္ကသိုလ်၊ ဌာန အသီးသီးမှ ပေးအပ်သော ပုံမှန် လစာ၏ အချိုးအစား ကိုလည်း ရုံးမတက်ဘဲ ခံစားနိုင် သကဲ့သို့ ရက်ကလစ်ဖ်မှ ပေးအပ်သော လစဉ် ချီးမြှင့်ငွေ ကိုလည်း ခံစားနိုင် ပေသည်။ ဗဟိုနှင့် ပြည်နယ် အစိုးရ အသီးသီးသို့ ပြန်ပေးရသော အခွန်မှာမူ ၀င်ငွေ နှစ်ခုလုံး ပေါ်တွင် အချိုးကျ ဖြစ်ပေသည်။ ထို့ကြောင့်လည်း သူတို့ အထွာနှင့် သူတို့ ကုန်စရာ သုံးစရာများသည့် အလျောက် ဖြစ်ပေါ်လာသည့် စီးပွားရေး အကျပ်အတည်း အပေါ် ညည်းညူ ကြခြင်းမှာ မဆန်းလှချေ။ ကိုယ့်အထွာနှင့် ကွာနေသည် ကမူ ကိုယ့် ကံတရားပင် မဟုတ်ပါလား။

သည်နှစ်ရက် ကလစ်ဖ်မှာ အမျိုးသမီး ပညာကုံထံ အများစု ပါသည့်ပြင် စီးပွားရေး အကျပ် အတည်းကြောင့် ပြောင်းရွှေ့ နေရာချ စရိတ် သိပ်များများ ထောက်ပံ့ရန် မလိုမည့် ပြည်ပပညာ ရှင်များထက် ပြည်တွင်း ပညာရှင် များကို ပိုမို ဖိတ်ကြား ရွေးချယ်မှု ကြောင့်လည်း မက်ဆာချူး ဆက်တစ်ခွင်မှ အမျိုးသမီး ပညာ ကုံထံများ အတော်များများ ပါလေရာ သူတို့ချင်း ခံစားချက်နှင့် အတွေ့ အကြုံချင်း အလွယ်တကူ ဖလှယ်ကြ လေသည်။ အမေရိ ကမှာ ကြီးမား ကျယ်ဝန်းသည့် နိုင်ငံကြီး ဖြစ်သည့် အားလျော်စွာ ပြည်နယ် တစ်ခုနှင့် တစ်ခုသည် နိုင်ငံ တစ်နိုင်ငံ သဖွယ် ကွဲပြား လေ့ရှိရာ အဝေးပြည် နယ်များမှ လာရောက်သည့် အမျိုး သမီးပညာ ကုံထံများထက် အရှေ့ မြောက်ပိုင်း တစ်ခွင်မှ အမျိုးသမီးပညာ ကုံထံများအချင်းချင်းမှာ ပိုပြီး တရင်း တနှီး ဆက်ဆံတတ်ကြလေသည်။

သို့သော် အမျိုးသမီး ပညာကုံထံများမှာ နိုင်ငံအသီးသီး၊ ပညာရပ် အသီးသီးမှ ပါဝင်ခဲ့သည်မို့ ကိုယ့်အတွက်မူ အားကျ စရာချည်းပင်။ သူတို့ထဲမှာ ထူးခြားသူ ကလစ်ဇ်ဟု ခေါ်ကြသည့် Elizabeth Dyrud Lyman ပင်။ သူက သုတေသန လက်ထောက် ကျောင်းသားလေးဦး အထိ ခေါ်ယူကာ သုတေသန လုပ်သူပင်။ ဟားဗတ်၏ အင်္ဂလိပ် စာပေ ဌာနမှ ပါမောက္ခ ဖြစ်သည့်ပြင် အလွန် နူးညံ့ သိမ်မွေ့သော လစ်ဇ်မှာ ကိုယ့်ဟောပြောမှု နောက်ပိုင်း ကျန် Fellow များ၏ တောင်းဆိုမှုကြောင့် ဌာနတွင်း မှာပင် တစ်လတစ်ခါ၊ နှစ်ခါနှုန်းဖြင့် ဟောပြော ပေးဖြစ်သည့် ၀ိပဿနာ တရားအား ထုတ်ခြင်း အကြောင်းကိုလည်း အတော် စိတ်ဝင်စားကာ အလွတ်မခံ တက်ရောက် လေ့ရှိသူ ဖြစ်ပါသည်။ သူက စတန်းဖို့ တက္ကသိုလ်မှ ဂီတ ပညာဖြင့် ဘီအေ ဘွဲ့ရကာ ဗာဂျီးနီးယား တက္ကသိုလ်မှ အင်္ဂလိပ် စာပေဖြင့် ပါရဂူဘွဲ့ ရထားသူ ဖြစ်ကာ ရှေးခေတ် အင်္ဂလိပ် စာပေမှ ပြဇာတ် စာပေတွင် ပါရှိသည့် စင်အပြင် အဆင် အတွက် ဇာတ်ညွှန်း စာသားများအား သုတေသန ပြုနေသူပါ။ သူက အော်ပရာ အဆိုတော် အဖြစ် ဆယ်စုနှစ် တစ်စုစာ အသက် မွေးခဲ့ဖူး သူလည်း ဖြစ်ရာ သူ့အသွင် အပြင်မှာပင် သူ၏ ပညာသည် ဟန်ပန်သည် ပေါ်လွင် နေတတ်သူလည်း ဖြစ်ပါသည်။

သူနှင့် မတူဘဲ ယောက်ျားဆန်ကာ ဟောဟော ဒိုင်းဒိုင်း ကျားကျားလျားလျား ဟန်ရှိသူက မူဂျွိုင်း Joy H.Calico ပင်။ သူက ဂျာမန်တစ်ဦး ဖြစ်ကာ ဂျာမနီရှိ ဗန်ဒါဘတ် တက္ကသိုလ်တွင် ဂီတ ပညာကို သင်ကြားပို့ချ နေသူပင်။ သူက ၂၀ ရာစု အလယ်တွင် ဥရောပ၌ ဂီတဆိုင်ရာ နိုင်ငံရေး အကြောင်း အရာများကို လေ့လာလေ့ ရှိသူဖြစ်ပြီး သည်နှစ်အတွက် သူ့သုတေ သနမှာ ကမ္ဘာစစ် အပြီး ဥရောပတွင် ဂီတ ပြောင်းလဲရွေ့ လျောခြင်း အကြောင်းအား အမေရိကန် နိုင်ငံသား ဖြစ်လာသူ ဂျူးလူမျိုး ဂီတ သီကုံးပညာရှင် ရှောန်ဘတ်ဂ်၏ “၀ါဆောမှ ရှင်သန်ကျန်ရစ်သူ”အား အခြေခံကာ လေ့လာခြင်း ဖြစ်ပါသည်။ သူက ဥရောပ နိုင်ငံများ ဖြစ်ကြသော ပြင်သစ်၊ နော်ဝေး၊ အနောက် ဂျာမနီ၊ ချက်ကိုစလို ဗက်ကီးယား၊ အရှေ့ ဂျာမနီ နှင့် ပိုလန်တို့ ကဲ့သို့ နာဇီဒဏ်ခံ နိုင်ငံ များနှင့် နာဇီဒဏ်နှင့် မတွေ့ ခဲ့ရသော နယူးဇီလန် နိုင်ငံများတွင် ၁၉၅၀ ခုနှစ် များ၌ ထို“၀ါဆောမှ ရှင်သန် ကျန်ရစ်သူ” တေးသွားအပေါ် မည်ကဲ့သို့ သဘောထား ကြကြောင်း လေ့လာမည် ဖြစ်သည်။

သူက ပျော်ပျော် နေတတ်သူ လည်းဖြစ်ရာ ညည်းညူသည် ဟူ၍ မတွေ့စဖူး။ အမြဲ ပျော်ပျော်ပင် ပြောဆိုတတ်ကာ သူ့သုတေသန မှာလည်း သည်နှစ်မှာပင် အတော်လေး ခရီးပေါက်ပုံ ရလေသည်။ သူတို့နှစ်ယောက် စလုံးကဲ့သို့ ကိုယ်တို့ သုံးထပ်တွင် ရုံးခန်း ရှိနေသူ နောက်ထပ် အမျိုးသမီး ပညာကုံထံ တစ်ဦးမှာအန် Ann Pearson ပင်ဖြစ်သည်။ သူက ကမ္ဘာမြေနှင့် အာကာသ သိပံ္ပဆိုင်ရာ ပညာရှင် ဖြစ်ကာ ချောမွေ့လှပ သူလည်း ဖြစ်ပါသည်။ သူပါ ရဂူဘွဲ့ ရထားသော ပညာရပ်မှာ လွန်စွာမှ သိပံ္ပပညာ ဆန်လွန်းသည့် ပထ၀ီ ဓာတု ပညာရပ် ဖြစ်ကာ အလွန် သေးငယ်သည့် ကလာပ်စည်း များ၏ အကြောင်းကို အသေး စိတ်လေ့လာ မည့်သူ ဖြစ်ပါသည်။ သူက အမ်အိုင်တီခေါ် မက်ဆာ ချူးဆက်နည်း ပညာ တက္ကသိုလ်မှ သမုဒ္ဒရာ ဆိုင်ရာ ဓာတုဗေ ပညာဖြင့် ပါရဂူဘွဲ့ရခဲ့သူ ဖြစ်ပါသည်။ သူကမူ သူ့ဌာန ရုံးခန်းတွင်သာ အနေများပြီး အလွန် တိတ်ဆိတ်သူ လည်းဖြစ် သဖြင့်ကိုယ်နှင့် အခန်းချင်း ကပ်လျက်တွင် ရုံးခန်း ရှိသူဖြစ်လင့် ကစား ရင်းနှီးသည့် အဆင့်သို့ပင် မရောက်ခဲ့ ပါချေ။ သူနှင့် မတူဘဲ သွက်လက်ပြီး ရိုးစင်းသည့် နောက်ထပ် အမျိုးသမီး ပညာကုံ ထံမှာကား Jennie E. Pyers ဖြစ်သည်။ သူက မက်ဆာချူးဆက်ပြည် နယ်တွင်းရှိ အမျိုးသမီး ကျောင်းအဖြစ် နာမည်ကျော်သော ၀ဲလ်က်စလီ ကောလိပ်မှာ စိတ္တဗေဒ ပို့ချနေသူ ဖြစ်သည်။

သူက အခန်းဖော် အမျိုးသမီး တစ်ဦးနှင့် အတူ နေထိုင်သည့် အမျိုး သမီးချင်း ချစ်သူ ထားရှိသည့်သူ ဖြစ်သော်လည်း သူ့အခန်းဖော်ကို ကိုယ်တို့ အားလုံးနှင့် အကျွမ်းဝင်အောင် မိတ်ဆက် ပေးထားရာ အားလုံးက သူတို့ နှစ်ဦးနှင့် ခင်မင်နေကြ ပါသည်။ သူလေ့လာ နေသော သုတေသန မှာလည်း အလွန်ပင် စိတ်ဝင် စားဖွယ်ပင်။ သူက လူသားများ၏ သူတို့ အသုံးပြုသော ဘာသာ စကားမှ သူတို့၏ အတွေးများအား မည်ကဲ့သို့ ပြောင်းလဲ ပုံဖော်သက် ရောက်မှုကို လေ့လာ နေသူပင်။ သူက နိုက်ကာရာဂွါ နိုင်ငံတွင် ရှိနေသည့် နားမကြား သူများမှ အသုံးပြုသောလက် အသုံးပြု ဘာသာ စကား၏ အကျိုး သက်ရောက်ပုံကို ကာလရှည်ကြာ လေ့လာ နေသူလည်း ဖြစ်ပါသည်။ သူက စမစ်သ် ကောလိပ်မှ ဘီအေဘွဲ့ ရကာ ကယ်လီ ဖိုးနီးယား၊ ဘာကလေမှ စိတ်ပညာ ပါရဂူဘွဲ့ ယူခဲ့သူပင်။ သူ၏ မိန်းမ မဆန်သော်လည်း ဖော်ရွေသော အပြု အမူများက ကိုယ်တို့ အားလုံးနှင့် ခင်မင်မှုကို အရ ယူနိုင်ခဲ့ သကဲ့သို့ နားမကြား သူများ အသုံးပြုသည့် လက်အသုံးပြု ဘာသာ စကားအား ဗီဒီယိုဖြင့် တင်ပြကာ ခွဲခြမ်း စိတ်ဖြာသုံးသပ် ထားသော သူ့တွေ့ရှိချက် များကို ဟော ပြောသည့် သူ့ဟောပြောချက် မှာလည်း လွယ်ကူ ရှင်းလင်းသဖြင့် အားလုံးက သဘောကျ ခဲ့ရပါသည်။

သူကဲ့သို့ မဟုတ်မူဘဲ မိန်းမဆန်သည့် နောက်ထပ် ပညာကုံထံ တစ်ဦးမှာ ကဗျာ ဆရာမ လည်းဖြစ်၊ ကျောင်းဆရာမ လည်းဖြစ်သော ကေတီ Katie Peterson ပင်။ သည်နှစ်အတွက် သူပြုလုပ်မည့် သုတေသနမှာ Strange Litany ဖြစ်ကာ ကယ်လီဖိုးနီးယားမှ အိုင်ဒါဟိုနှင့် မွန်တားနား ပြည်နယ်များ တိုင်အောင် အမျိုးသား လမ်းမကြီး များကို ဖြတ်သန်းကာ သွားရသည့် လမ်းခရီး တစ်လျှောက် ခံစားချက် များအား ရေးဖွဲ့ထားသော ကဗျာများကို စုစည်းသည့် စာတစ်အုပ် ပြုစုခြင်းပင်။ သူက ဟားဗတ်မှ အမေရိကန် စာပေနှင့် အင်္ဂလိပ် ဘာသာအားဖြင့် ပါရဂူဘွဲ့ ရခဲ့သူလည်း ဖြစ်ပါသည်။ သူသည်လည်း ကိုယ့် ၀ိပဿနာ စကားဝိုင်း များတွင် လာရောက်လေ့ ရှိသူပင်။ သို့သော် သူကား အသိရ ခက်သော စရိုက်ရှင် ဖြစ်ကာ ပေါ်ချင်သည့် အချိန်မှာ ပေါ်လာကာ ပြုံးချင်လျှင် ပြုံးတတ်ပြီး ရံဖန် ရံခါတွင် ခပ်စိမ်းစိမ်း လုပ်နေ တတ်သည်မို့ ရင်းနှီးသူ မပေါများ လှချေ။ ကျန်ပညာရှင် များနှင့် စိမ်းနေတတ်သော နောက်ထပ် ပညာကုံထံ တစ်ဦးမှာ ဂျိုအန်း Joanna Aizenberg ဖြစ်သည်။ သူကဟားဗတ် တက္ကသိုလ်မှာပင် သဘာဝ သိပံ္ပနှင့် သင်္ချာ ဘာသာကို ပို့ချနေသူ ဖြစ်ပြီး အနေအထိုင် အေးချမ်း လှသူပင်။ သူ့သုတေ သနမှာ ကျယ်ပြန့်လှသည့် ဘာသာရပ်ပင်။ “Biomimetics အားဖြင့် အင်ဂျင် နီယာ၊ ရူပဗေဒ ၊ ဓာတုဗေဒ ၊ ဇီဝဗေဒ နှင့် ဗိသုကာ ပညာတို့ကို လေ့လာခြင်း” ဟု အမည်ပေး ထားသည်။ သူက Biomimetics ဘာသာရပ်တွင် စွန့်ဦး တီထွင် လေ့လာသူ အဖြစ် သတ်မှတ် ခံထား ရသူလည်း ဖြစ်ပါသည်။ မော်စကို တက္ကသိုလ်မှ ဓာတုဗေဒ ပညာဖြင့် သိပံ္ပဘွဲ့ ရကာ ၀ိဇ် မန်သိပံ္ပ တက္ကသိုလ်မှ ကလာပ်စည်း ဇီဝဗေဒ ပညာဖြင့် ပါရဂူ ဘွဲ့ရ ခဲ့သူပင်။ သူကမူ အနေအထိုင် အေးဆေးကာ အမြဲလိုပင် အပြုံးများဖြင့် အေးချမ်းနေသူ ဖြစ်သည်။

သည်နှယ် ပညာကုံထံ များကြားတွင် ကုန်ဆုံး ခဲ့ရသော နေ့ရက်များ ကိုကား ကိုယ့်မှာ တန်ဖိုးထား ရပါသည်။ ကျန်အချိန်များတွင် ဂိုဏ်းပေါင်းစုံနှင့် နေရာ ပေါင်းစုံသို့ လည်ခြင်း၊ အချို့ အချို့ သော အရေး ကိစ္စများအား ဆောင်ရွက်ခြင်းများ ပြုသကဲ့သို့ ဌာန၏ အချိန်များ ကိုမူ ပညာကုံထံ ပေါင်းစုံနှင့် စကား ဖလှယ်ရ သဖြင့်လည်း ကြက်သွေးနီ၏ နေ့ရက်များသည် အဖိုးထိုက်တန် ခဲ့ရ ပြန်ပါပြီ။
(ဆက်လက်ဖော်ပြပါမည်။)

မသီတာ၊စမ်းချောင်း၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂

No comments:

Post a Comment