Friday 14 October 2011

ဗာဒံရိပ်

    ''ဟေ့ကောင်... သွားလေကွာ၊ ရေသွားယူချေ''
    ''ဘယ်မှာလဲကွာ၊ မင်း... ရေ''
    ''ဟိုမှာလေကွာ... ဟိုနားက ဘုံဘိုင်မှာ၊ သတိထားနော်၊ ငါတို့ကို အဲဒီလူကြီးက မှတ်မိတယ်ကွ၊ ဒါကြောင့် မင်းကို ယူခိုင်းတာပေါ့''
    ''ပေးဦးလေ... ရေထည့်ဖို့''
    ''ရော့ ရော့... ဒီကြွပ်ကြွပ်မြည်တဲ့အိတ်ပဲယူသွား၊ သေချာ ယူခဲ့နော်''
    ''ဟာ... ခုမှ သတိရတယ်၊ အောက်ကခင်းဖို့ အရွက်သွားခူးလေဟာ၊ မိန်းကလေးတွေခူးပေါ့၊ ရေက ငါတို့ယောက်ျားလေး တွေ ခပ်တာပဲဟာ'
    ''အေး...အေး လာကြဟေ့၊ တို့ သွားခူးရအောင်၊ ပန်းလေးတွေပါ ခူးခဲ့မယ်၊ ဒါမှ ငါတို့ပန်းခြံလေး ပိုလှမှာပေါ့''
    ''ဟာ...သိပ်စကားများတာပဲ၊ လာ...လာ သွားမယ်''
    တောင်သူလယ်သမားနေ့ ရောက်တော့မည်။အလယ်တန်းနှင့် မူလတန်းကလေးတချို့ စာမေးပွဲဖြေပြီးကြပြီ။ ထို့ကြောင့် ငြိမ်းတို့အိမ်ရှေ့ မြေကွက်လပ်တွင် လာရောက်ကစားနေကြသည်။
    သည်နေ့တွင် ငြိမ်းတို့အိမ် မီးဖိုချောင်ပြင်သည်။ လိုအပ်သော သဲများကို အိမ်ရှေ့တွင်ပင် ပုံထား၏။ ထို့ကြောင့် သဲပုံကြီး ရှိသော၊ ဗာဒံပင်ကြီးရှိသော ငြိမ်းတို့အိမ်ရှေက မြေကွက်လပ်ကို ကလေးများက သဘောကျကြသည်။
    မနက်မိုးလင်းသည်နှင့် သဲပုံရှိရာသို့ ကလေးတစ်သိုက် ရောက်လာကြသည်။ သူတို့အားလုံး ညစ်ပတ်ပေတူးကာ ဝမ်းဟာလာ မှ သို့မဟုတ် အိမ်ကလူကြီးများ အတင်းလာခေါ်မှ ပြန်ကြသည်။ အကြီးအကျယ် အနှောင့်အယှက် မဖြစ်၍ ငြိမ်းတို့က ကလေးများကို မအော်မငေါက်။ နောက်တစ်ကြောင်းကလည်း ကလေးအုပ်ထဲတွင် ငြိမ်း၏မောင်လေး အငယ်ဆုံး ညီထွေးလည်း ပါနေသည်။ ညီထွေးကိုယ်တိုင်က သဲပုံပေါ် တက်ဆော့မှတော့ သူ့အပေါင်းအဖော်များလည်း အငြိမ်မနေတော့။
    ''သားငယ်... ညီထွေး၊ ကောင်းကောင်းကစားနော်။ မငြင်းနဲ့၊ ရန်မဖြစ်နဲ့၊ ကိုယ်က အလျှော့ပေး။ ကြားလား... ညီထွေး''
    ''ဟုတ်ကဲ့ပါ... မေမေကလဲ''
    မေမေ ဈေးမှပြန်လာပြီ။ အငြင်းသန်၊ ရန်ဖြစ်သန်သော ညီထွေးကို မေမေ စိတ်မချ။ ညီထွေးကတော့ သူငယ်ချင်းတွေရှေ့မှာ ဆုံးမခံရ၍ သိပ်ကျေနပ်ပုံမပေါ်။ 'ဟုတ်ကဲ့' နောက်မှာ 'ပါ' တစ်လုံးက ကပ်ပါလာသည်။ သိပြီးသား၊ နားလည်ပြီးသားကို ထပ်ပြောဖြင့် စိတ်မရှည်သလို 'မေမေကလဲ' ဟု မကျေမခမ်း ပြန်ပြောသည်။ အငယ်ဆုံးမို့ ညှာနေတာကို သိပ် အခွင့်ကောင်းယူတဲ့ကောင်။
    ''မေမေ... သရက်သီးပါလား''
    ''အေး... ဒါပေမယ့် သရက်သီးက ပေါ်ခါစမို့ ရှားလိုက်တာ၊ နည်းနည်းပဲ ဝယ်ခဲ့တော့တယ်''
    ''အင်း... ငြိမ်းက သရက်သီးပေါက်စားမလို့''
    ''ဒီအချိန်ဆို သရက်ကင်းပဲ ရမှာပေါ့၊ နောက်ပိုင်း ပေါလာမှစားချေ''
    နွေရောက်လျှင် အချဉ်သီးကို ဦးဦးဖျားဖျား သတိရမိသည်။ 'နိုင်' သရက်သီးများကို ငါးပိရည်၊ ငံပြာရည်ဖျော်ကာ တို့စားချင်သည်။ စိမ်းစားသရက်သီးများကို အခွံသင်၊ ဓားနှင့်ပေါက်ပြီး ဆား၊ သကြား၊ ငရုတ်သီးတို့နှင့် ချိုချဉ်စပ် စိမ်စားချင်သည်။ မချစ်စုဝမ်းရောင်ကို သည်အတိုင်း တစ်လုံးလုံးကုန်အောင် စားပစ်ချင်သည်။ မန္တလေးရင်ကွဲ၊ သနပ်ဖက်၊ တံစုမြိတ်၊ နော်နွယ်၊ ထိပ်ပေါက်တို့လို မှည့်မှ ပို၍စားကောင်းသော သရက်သီးများကို အစေ့ပါ စုပ်လိုက်ချင်သည်။ 'အသီးမှာ သရက်' ဟု ဆိုရိုးပြုကြသည်။ ငြိမ်းကတော့ သစ်သီးမှန်လျှင် ကြိုက်သည်ချည်း။ သရက်သီးရာသီမို့ သရက်သီးကို ပို၍တောင်းတမိသည်။
    အိမ်ရှေ့ ကွက်လပ်လေးတွင် ဗာဒံရွက်အချို့ကို တွေ့ရသည်။ အိမ်ထောင့်ရှိ ဗာဒံပင်မှ ကြွေကျခြင်းဖြစ်သည်။ ဗာဒံပင် သည် ငြိမ်းတို့သည်အိမ်ကို ရောက်စက သိပ်မကြီးလှသေး။ အိမ်ပေါ်ထပ် ဝရန်တာလောက်ပင် မမြင့်သေး။ သည်အိမ်ရောက်တော့ ငြိမ်းသည် ဂါဝန်တိုလေးနှင့် ဆော့ကောင်းတုန်း။
    ငြိမ်းတို့လုပ်သော လက်သုပ်စုံ၊ ချင်းသုပ်၊ ခေါက်ဆွဲကြော်၊ ဆီချက်ခေါက်ဆွဲတို့ကို ဗာဒံရွက်နှင့် ထုပ်ကြသည်။ တစ်ဖနဗာဒံရွက်ကို သေးသေးလှီး၍ အသုပ်စုံ၊ အကြော်စုံများတွင် အမျိုးအမည်မဖော်ပြသော အရွက်လှလှအနေဖြင့် ထည့်ရသည်။ ဗာဒံရွက် သေးသေးလေးများကို ကွမ်းရွက်လုပ်ရသည်။ ပုရစ်ဖူးလို နုလွန်းသည့် ဗာဒံရွက်လေးများကို သေးသေးလှီးကာ ကွမ်းယာ ထဲတွင် ထည့်ရသည်။ ဗာဒံဖူး လုံးလုံးလေးများကိုလည်း ကွမ်းယာထဲတွင် ထည့်ရသည်။ တစ်ခါတစ်ရံ ကံကောင်းထောက်မ၍ ကိုကိုကြီး ခူးပေးသော ဗာဒံကိုင်းငယ်လေးသည် ရိုးတံရှည်ရှည်လေး ဖြစ်နေလျှင် ထိပ်ဆုံးပိုင်းရှိ ဗာဒံရွက်များကို လှလှပပဖြစ်အောင် ပြုပြင်ပြီး ယင်ကောင်မောင်းသည့် ယပ် လုပ်ရသည်။ ဗာဒံသီး ဝါညိုညိုများကို အဆန်ထုတ်၍ စားကြသည်။
    ဤမျှ အသုံးဝင်သော ဗာဒံပင်လေးကို မြန်မြန်ပင် ကြီးစေချင်သည်။ မြန်မြန်ကြီးမှ အိမ်ပေါ်ထပ် ဝရန်တာဆီမှ ဗာဒံရွက် များကို လှမ်းခူး၍ရပေမည်။ ဗာဒံပင်လေး နိမ့်နေသမျှ ကိုကိုကြီးကို ခခယယနှင့် တောင်းတောင်းပန်ပန်ပြောကာ ခူးခိုင်းရပေမည်။ သူ စိတ်ပါလျှင် ငြိမ်းတို့အတွက် ကစားစရာအမျိုးစုံ လုပ်ပေးတတ်သော်လည်း သူ စိတ်ရှုပ်နေလျှင် ဆူသည်။ အော်သည်။ ခုတော့ ပျဉ်းမနားတွင် ဆရာဝန်ပေါက်စအဖြစ် အလုပ်လုပ်နေပေပြီ။
    ဗာဒံပင်လေးသည်လည်း အိမ်ခေါင်မိုးကိုပင် ကျော်သွားပေပြီ။ အိမ်ပေါ်ဝရန်တာမှ လက်လှမ်းလိုက်လျှင် ဗာဒံကိုးရိုးကို ထိနေသည်။ ငြိမ်း ကလေးမဟုတ်တော့ပါ။ စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူ ဖြစ်နေပါပြီး ညီထွေးတို့လို ဗာဒံရွက်များ နှင့် မကစားလိုတော့ပါ။ သရက်သီးတော့ စားချင်ပါသည်။
    ဟိုယခင်က သည်ဗာဒံပင်နေရာတွင် သရက်ပင်ရှိလျှင် ကောင်းစမည်ဟု တွေးမိသည်။ မဖြစ်နိုင်တာကိုမှ ငြိမ်း တွေးသည်။ ဟုတ်တယ်လေြုဖစ်နိုင်တာဆိုလျှင် ထလုပ်လိုက်မည်။ ခုတော့ မဖြစ်နိုင်၍ တွေးရုံတွေးမိသည်။
    ''အံမာ... ဘာလို့ မဖြစ်ရမှာလဲ၊ ပေး... ငါ လုပ်ပြမယ်''
    ''ကဲ...ကဲ... ဒီလောက် ဆရာလုပ်ချင်တာ လုပ်ချေ။ ရော့...ရော့... အပင်လေး နွမ်းသွားရင်တော့ နင်လုပ်လို့ပဲ၊ ဟွန်း...''
    မိသက်လေးနှင့် ပေါက်စလေးတို့၏ အသံက အတော့်ကို ကျယ်သည်။ ငြိမ်းအတွေးများ ပြတ်သွားသည်။ သူတို့နှစ်ယောက် ဘာတွေများ ငြင်းနေပါလိမ့်။
    ငြိမ်း အိမ်ရှေ့ဘက်သို့ ထွက်ခဲ့သည်။ ကလေးများက သဲပုံကိုသာ စူးစိုက်ကြည့်နေကြသည်။ ငြိမ်းကို သတိမထားမိကြ။ သဲပုံနားရောက်တော့မှ ကလေးတွေ ဘာလုပ်နေသည်ကို သိလိုက်ရသည်။
    သဲပုံလေးသည် ကလေးတို့၏ မြို့တော်လေးဖြစ်နေသည်။ သဲပုံအလယ်တွင် တြိဂံပုံ တောင်ကုန်းလေးတစ်ခု လုပ်ထားသည်။ တောင်ကုန်းလေး၏ အောက်ဘက်တွင် 'ဂ' ငယ်ပုံ အပေါက်လေးနှစ်ခု ဖောက်ထားသည်။ အပေါက်နှစ်ပေါက်သည် တစ်ဆက်တည်း တိုးလျှိုးပေါက်ဖြစ်သည်။ ဥမင်လှိုဏ်ခေါင်းကလေးလို ဖြစ်၏။
    တောင်ကုန်းလေးသည် အချိန်ကုန်ခံကာ စိတ်ရှည်လက်ရှည် လုပ်ထားသောကြောင့် ထင်သည်။ ရေဖျန်းကာ လမ်းကလေး ကို ဖြူးအောင်လုပ်ထားသည်။ လမ်းကလေး၏ ဘေးတစ်ဖက်တစ်ချက်တွင် သဲတံတိုင်းလေး ကာထားလိုက်သေးသည်။ လမ်းကလေး သည် မန္တလေး၊ ပြင်ဦးလွင်ကားလမ်းရှိ ခြောက်ထပ်ကွေ့လို သဲပုံအနေအထားအရ အကွေ့အဝိုက် များလှသည်။
    ကျန် ပေါက်လေး၏ရှေ့မှ လမ်းဖြူးဖြူးလေးသည် သဲတံတိုင်းလေးနှင့် သပ်သပ်ရပ်ရပ် ရှိလှသည်။ ထိုလမ်းကလေးသည် ကွေ့ကာဝိုက်ကာနှင့် သဲပုံနှင့် အခြေပိုင်းသို့ ဆင်းသွားသည်။ သဲလမ်းလေးအဆုံးတွင် ပန်းခြံလေးတစ်ခု ရှိသည်။
    ပန်းခြံလေးကို သဲတံတိုင်းနှင့်ပင် ကာထားသည်။ သို့သော် အချို့နေရာများတွင် အုတ်နီခဲ အပိုင်းအစငယ်လေးဖြင့် ကာထားသေးသည်။ ပန်းခြံ၏ ဝင်ပေါက်သည် လေးပေါက်ရှိသည်။ ဝင်ပေါက်များ၏ တစ်ဖက်တစ်ချက်တွင် အပင်ငယ်လေး တစ်ပင်စီ စိုက်ထားသည်။ သို့သော် အပင်လေးများသည် ဝင်ပေါက်နှင့်စာသော် ကြီးလွန်းလှသည်။ စကေးနှင့်တွက်လျှင် ဝင်ပေါက်၊ ငါးပေအကျယ်၏ ဘေးရှိ အပင်ကြီးများသည် ပေ တစ်ထောင်ခန့် မြင့်နေကြသည်။ ပန်းခြံသည် အတော်လေးကြီးသည်။ ပန်းခြံ၏ အလယ်တွင် ရေကန်လေးရှိသည်။ ရေကန်လေးသည် ခပ်ဝိုင်းဝိုင်းလေး ဖြစ်သည်။
    ခုနက ရေသွားခပ်ခြင်းသည် ထိုရေကန်လေးထဲသို့ ရေဖြည့်ရန် ဖြစ်သည်။ ရေကန်၏ အတွင်းပိုင်းကို ဗာဒံရွက်လေး နှစ်ရွက်၊ ပလတ်စတစ်ငယ်လေး တစ်ခုဖြင့် ကာထားသည်။ သို့သော် ရေကန်ထဲသို့ ရေများကို ဝမ်းသာအားရနှင့် လောင်းထည့်လိုက် သောအခါ ဗာဒံရွက်နှင့် ပလတ်စတစ်ကြားမှတစ်ဆင့် သဲထဲသို့ ရောက်သွားသည်။ ရေကန်လေးမှာ ငါးခါတိတိ ရေဖြည့်သော်လည်း မပြည့်နိုင်ဘဲ ရှိနေသည်။ သို့သော် ကလေးအားလုံး စိတ်မပျက်ကြပေ။ တစ်ယောက်တစ်လှည့် ရေသယ်ထွက်ကြသည်။ ဝမ်းသာ အားရ ရေဖြည့်ကြသည်။ ဖြည့်ပြီးကာစတွင် ရေကန်အပြည့် ရေများကို တွေ့ရသော် 'ဟေး' ကနဲ အော်လိုက်ကြသည်။ လက်ခုပ်
လက်ဝါးတီး၍ ပျော်နေကြသည်။ 'ငါတို့လုပ်တဲ့ ရေကန်လေးကွ' ဟု အချင်းချင်းပြောရင်း ပျော်နေကြသည်။ ငြိမ်းပင် ရောယောင်ကာ ပျော်နေမိသည်။
    မိငယ်လေးသည် ပန်းခြံဝင်ပေါက်တစ်ခု၏ ဘေးရှိ အပင်ငယ်လေးကို နှုတ်နေသည်။ အလွန်ကြီးကျယ်သော ခဲယဉ်းသော အလုပ်တစ်ခုကို လုပ်နေရသည်ဟု ထင်နေပုံရသည်။ မျက်လုံးအစုံသည် အပင်ငယ်လေးထဲမှ မရွေ့။ စူးစူးစိုက်စိုက်နှင့် သတိထားနေပုံ ရသည်။ မိငယ်လေး ထိုင်နေသည်မှာ ပန်းခြံငယ်လေး၏ တံတိုင်းနားတွင် ဖြစ်သည်။ ဆောင့်ကြောင့်လေး ထိုင်၍ လက်နှစ်ဖက်လုံးကို ပန်းခြံလေးထဲတွင် ထောက်ထားသည်။ သူ့ကိုယ်သူ ထိန်းနေရသည်။ အကယ်၍ အားလွန်သွားပါက ဂရုတစိုက် လုပ်ခဲ့ရသော ပန်းခြံလေးသည် သူ့ခြေထောက်အောက်တွင် ဘဝဆုံးသွားပေမည်။ ရေကန်လေးသည် ကောသွားနိုင်သည်။ နောက် သူ့သူငယ်ချင်း များက ဝိုင်း၍ အပြစ်ဆိုကြပေမည်။ ခုတောင် သူတတ်နိုင်ပါသု ပြောလွန်း၍သာ ကျန်သူငယ်ချင်းများက ဝင်မစွက်ကြချေ။ သို့သော် သူတို့အားလုံးသည် မိငယ်လေးလိုပင် အသက်ဝဝမရှူကြ။
    မတော်တဆများ၊ မိငယ်လေး တစ်ခုခုလုပ်ပစ်လိုက်လျှင် သူတို့အားလုံး မျက်စိကို စုံမှိတ်လိုက်ကြသည်။ သူတို့၏ သဲပုံမြို့ တော်လေးတွင် ဤပန်းခြံလေးသည် အဓိကပင် ဖြစ်သည်။ တစ်မြို့လုံးတွင် ဤပန်းခြံလေးသာ လှလှပပရှိသည်။ ထို့ကြောင့် ပန်းခြံလေး ပျက်စီးသွားမည်ကို သူတို့ သိပ်ကြောက်ကြသည်။
    မိငယ်လေးသည် မိမိကြောင့် ပန်းခြံလေး ပျက်စီးသွားမည်ကို ပို၍ပင် ကြောက်နေသည်။ မိမိက တာဝန်ယူပြီးမှ ဖြစ်မလာ ပြန်လျှင်လည်း မိမိ အစွမ်းအစမရှိဟု ထင်သွားကြမည်။ နောင် ယခုလို သဲမြို့တော်လေးတည်လျှင် မိမိသည် လက်ပိုက်ကြည့်နေရုံသာ ကြည့်ရတော့မည်။ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်လက်စွမ်းပြခွင့် ရှိတော့မည်မဟုတ်ချေ။
    ''မိငယ်... နင်လုပ်နေတာက အသည်းယားစရာဟာ၊ မြန်မြန်လုပ်တာလဲ မဟုတ်ဘူး''
    နေရာတကာ ပူတတ်ပြီး ဆရာလုပ်တတ်သော အောင်ထူးကြွယ်က မနေနိုင်တော့သဖြင့် ဝင်ပြောလာသည်။ နဂိုကမှ ခပ်လန့်လန့်ဖြစ်နေသော မိငယ်လေးသည် ဆတ်ကနဲတုန်သွားသည်။ တစ်ဆက်တည်းမှာပင် အထင်သေးခံလိုက်ရသဖြင့် မခံချင် စိတ်က ထောင်းကနဲ ထလာသည်။
    ''အံမာ... ငါက ပိုပြီးကောင်းသွားအောင် သေသေချာချာ လုပ်နေတာများ၊ နင်တို့ဖြင့် မလုပ်ရဲဘဲနဲ့''
    အားကျမခံပင် ညာလိုက်သည်။
    ''ဟား...ဟား...။ နင်ကလား၊ ငါက မလုပ်ချင်လို့။ ငါသာလုပ်ရင် ဒီပန်းခြံလေး အရမ်းကိုလှသွားမှာ။ ဟို... ဗန္ဓုလပန်းခြံ ထက်တောင် လှဦးမှာ''
    ''ဟား...ဟား...ဟား...ဟား''
    အောင်ထူးကြွယ်က ခပ်ကြွားကြွား လေလုံးထွားလိုက်သဖြင့် ကျန်ကလေးများက ဝိုင်းရယ်လိုက်ကြသည်။ အောင်ထူးကြွယ် နည်းနည်းရှက်သွား၏။ ကားလမ်းလေးများကို လှသည်ထက်လှအောင် သွားလုပ်နေလိုက်သည်။ မိငယ်က မျက်နှာကို အစွမ်းကုန် ရှုံ့လိုက်သည်။ နောက် အသက်ကို တစ်ဝကြီးရှုလိုက်သည်။ ပြီးမှ ထောက်ထားသော လက်တစ်ဖက်ကို ကြွ၍ အပင်လေးဆီသို့ လှမ်းလိုက်သည်။
    ''ဟာ''
    ''ဟယ်''
    ''မိငယ်... နင်က အရမ်းချည်းပဲ''
    လက်တစ်ဖက်တည်း အားပြုထားရသဖြင့် မိငယ်လေးသည် ရှေ့သို့လဲတော့မလို ဖြစ်သွားသည်။ ပေါက်စက ထိန်းထား ၍သာ ဘာမှ မဖြစ်သွားချေ။ နဂိုကမှ တထိတ်ထိတ် တလန့်လန့်ဖြစ်နေသော ကလေးများက ဝိုင်းအော်လိုက်ကြသည်။ ငြိမ်းပင် ရုတ်တရက်မို့ ဆတ်ကနဲ ဖြစ်သွားသည်။ မိငယ်လေးသည် လက်နှစ်ဖက်လုံးကို ကြွ၍ ကိုယ်ကို နောက်ဆုတ်လိုက်သည်။ 'ဟူး' ကနဲ လေများကို မှုတ်ထုတ်လိုက်သည်။ စိတ်မောသွားပြီ ထင်ပါရဲ့။
    ''မိငယ်လေး... ဘာလုပ်ချင်လို့လဲ''
    ''ဟို... အဲဒီအပင်လေးနေရာမှာ ဒီအပင်လေး ထားချင်လို့။ အဲဒါ အဲဒီအပင်လေးကို နှုတ်နေတာ''
    ''သူက တွန့်ဆုတ်တွန့်ဆုတ် လုပ်နေတာကိုး၊ ဘယ်ရမလဲ''
မိငယ်က စိတ်ရှည်တော့သလို ဝင်ပြောလာသည်။
    ''မမငြိမ်း လုပ်ပေးရမလား''
    ပထမတော့ ကလေးတွေက တိတ်နေကြသည်။ အံ့သြသည်လား၊ ဝမ်းသာသည်လား၊ အားနာသည်လား မသိ။ မိငယ်လေး ကတော့ ''သူလုပ်ရင် ရမယ်'' ဟု ထင်နေသေးသည်။
    ''အင်း... မိငယ် ထပ်လုပ်ချင်သေးတယ်''
    တစ်ခါတည်းနှင့် စိတ်မပျက်တတ်သော မိငယ်လေးပင်။ ကျိတ်၍ ချီးကျူးမိသည်။
    ''ဟာ... နင်က တတ်တာလဲ မဟုတ်ဘဲနဲ့၊ မမငြိမ်းက လူကြီးဟ၊ နင့်ထက်တတ်တယ်''
    ''အေးလေ... နင်လုပ်နေတာ အကြာချည်းပဲ။ ခဏကြာရင် မေမေခေါ်တော့မှာ။ ငါလဲ ဗိုက်ဆာလာပြီဟာ၊ မြန်မြန်ဆော့ချင် လှပြီ၊ မမငြိမ်းကလဲ လုပ်ပေးမယ်ပြောသားပဲ''
    ''အလကားပါဟာ၊ သူက မူယာမာယာ ပိုနေတာ''
    ညီထွေး၏စကားကြောင့် ကလေးတစ်သိုက် ဝိုင်းရယ်လိုက်ကြပြန်သည်။ ငြိမ်းပင် လိုက်ပြုံးမိသည်။
    ''တစ်ခါတည်းပါဟယ်၊ ဒီတစ်ခါဆို ရမှာပါ''
    မိငယ်လေးက အလျှော့မပေးသေး။ ဆက်၍ ကြိုးစားချင်သေးသည်။ ငြိမ်း ဘာမျှမပြောတော့ဘဲ ကြည့်နေလိုက်သည်။ မူလကအတိုင်းပင် မိငယ်လေးက ပြန်ထိုင်သည်။ အတန်ကြာထိုင်၍ ငြိမ်နေပြီးမှ ငြိမ်းကို လှမ်းကြည့်သည်။
    ''မမငြိမ်း... တကယ်လုပ်ပေးမှာလား ဟင်''
    မိငယ်လေး လက်လျှော့သွားပြီ ထင်သည်။
    ''မိငယ်လေး လုပ်လို့မရရင် လုပ်ပေးမယ်လေ''
    ''ရတော့ ရမှာပါ၊ ဒါပေမယ့် မမငြိမ်းလုပ်ရင် ပိုကောင်းမှာပဲနော်''
    ငြိမ်းသည် အပင်ငယ်လေး၏ အရင်းပိုင်းကိုကိုင်ကာ မ,ယူလိုက်သည်။ အပင်ငယ်လေး၏ နံဘေးရှိ သဲတံတိုင်းလေးသည် အနည်းငယ် ပျက်စီးသွား၏။ မိငယ်လေးလုပ်၍ ပျက်စီးသွားလျှင် ဝိုင်းအော်ကြမည်ဖြစ်သော်လည်း ငြိမ်းလုပ်၍ ပျက်စီးသွားသောအခါ တွင်မူ ဘာမျှ မပြောကြ။ 'ဟင်' ဟူသော တီးတိုးသံလေးကိုတော့ စိုးရိမ်ဝမ်းနည်းမှုစွက်ကာ ကြားလိုက်ရသည်။
    ငြိမ်း မ,ယူလိုက်သော အပင်လေးနေရာတွင် မိငယ်လေးပေးသော အပင်ငယ်လေးကို ထားလိုက်သည်။ ရေစိုနေသော သဲများဖြင့် အပင်လေး၏ အရင်းပိုင်းကို ဖိလိုက်သည်။ ယခု အပင်သစ်လေးသည် ခုနက အပင်လေးလောက် မကြီးသဖြင့် ပန်းခြံလေး နှင့် အနေတော်ပင် ဖြစ်သည်။ ပျက်သွားသော သဲတံတိုင်းလေးကို ပြန်ပြင်ပေးလိုက်သည်။ ကလေးများ၏ မျက်နှာတွင် ဝမ်းသာရိပ်များ သန်းနေကြသည်။ ကြည်နူးရိပ်များ လွှမ်းနေကြသည်။ ငြိမ်း၏ မျက်နှာသည်လည်း ပြုံးရိပ်သန်းနေမည်ကို ငြိမ်း သိနေသည်။
    ''တို့ပန်းခြံလေး လှသွားပြီဟေ့''
    လေးလေးလှိုင်က ဝမ်းသာအားရ အော်ကာ က,နေသည်။
    ''မမငြိမ်း''
    ပေါက်စက ခပ်တွန့်ဆုတ်ဆုတ် ခေါ်သည်။
    ''ဘာလဲ ပေါက်စလေး''
    ''ဟို... ဒီရေကန်လေးထဲ ရေဖြည့်ချင်လို့၊ အဲဒါ ရေတွေက သဲထဲ ရောက်ရောက်သွားတယ်၊ မမငြိမ်း လုပ်ပေးပါလားဟင်''
    ငြိမ်းပြုံးပြီး ခေါင်းညိတ်လိုက်သည်။
    ''ကလေးတွေ ငြိမ်ငြိမ်နေနော်၊ မမငြိမ်း ပြန်လာခဲ့မယ်''
    အိမ်ထဲဘက်သို့ ငြိမ်း ပြန်ဝင်လာခဲ့သည်။ ကလေးတစ်သိုက်သည် ''ဘာလုပ်မလို့ပါလိမ့်'' ဟူသော မျက်လုံးများဖြင့် ငြိမ်း၏ နောက်ကျောကို ငေးကြည့်နေမည်ကို ငြိမ်း သိနေသည်။ ဟိုတစ်နေ့က ကုန်သွားသော ထေပတ်ဘူးခွံ အလွတ်ကို ငြိမ်း ပြန်ရှာနေ မိသည်။
    ''ငြိမ်း... အုန်းဖတ်တွေ ပစ်ပေးစမ်းပါ''
    အုန်းနို့ခေါက်ဆွဲချက်နေသော မေမေက ငြိမ်းကို အုန်းရည်ညှစ်ပြီးသား အုန်းဖတ်များကို လှမ်းပေးသည်။ ငြိမ်း လှမ်းယူ လိုက်ပြီး မီးဖိုချောင်၏ ထောင့်တစ်နေရာတွင် တင်ထားလိုက်သည်။ ပုရွက်ဆိတ် မတက်အောင်လည်း ကြိုးစားရသည်။ မေမေကတော့ ငြိမ်းကို နားမလည်စွာ ကြည့်နေသည်။ စကားများများ မပြောချင်၍ ထင်သည်။ ဘာမျှတော့ မပြော။ ငြိမ်းကလည်း ငြိမ်းအကြံနှင့် ငြိမ်းမို့ ခပ်မဆိတ်ပင် နေလိုက်သည်။
    ထောပတ်ဘူးခွံ အဝိုင်းလေးကို ကိုင်ကာ ငြိမ်း အိမ်ရှေ့ဘက်ထွက်ခဲ့သည်။ ကလေးများ၏ မျှော်နေသောမျက်နှာများ ပြုံးလာကြသည်။
    ရေကန်ငယ်လေးထဲသို့ ထောပတ်ဘူးခွံ အလွတ်လေးကို ထည့်လိုက်သည်။ ဘူးခွံသည် အပေါ်မှ သံပြားလုံးဝမရှိတော့ သဖြင့် ခွက်လေးဖြစ်နေသည်။ တစ်နည်းအားဖြင့် ကလေးတို့၏ သဲမြို့တော်လေးအတွက် ရေကန်ငယ်လေး၊ နောက် ဘူးခွံပတ်လည် တွင် သဲများကို ခပ်ကြမ်းကြမ်း ဖို့လိုက်သည်။ ဘူးခွံထဲသို့ သဲများမဝင်နိုင်အောင် လပတ်စတစ်စလေးဖြင့် ကာလိုက်သည်။ ညီထွေးကို ရေယူသခိုင်းကာ ဘူးခွံလေးထဲသို့ ထည့်လိုက်သည်။ ရွှေဝါရောင် ကန်မျက်နှာပြင်ကြောင့် ရေကန်လေးသည် အတော့်ကို လှနေသည်။ ရေကြည်ကြည်လေးနှင့် စိတ်အေးဖွယ်ဖြစ်သည်။
    ''ကလေးတွေ ကောင်းကောင်း ကစားကြနော်''
    ငြိမ်း အိမ်ပေါ်သို့တက်ခဲ့သည်။ ဝရန်တာမှနေ၍ ဗာဒံဖူးလေးများပါသော ကိုင်းသန့်သန့်လေးများကို ချိုးလိုက်သည်။ အောက်သို့ ပြန်ဆင်းကာ သဲမြို့တော်သို့ လျှောက်လှမ်းလာသည်။ ရေကန်လေးဘေးတွင်  ဗာဒံဖူးလေးများပါသော အညှာလေးများကို စိုက်လိုက်သည်။ ရေကန်လေးသည် အတော့်ကို လှပ၍ ပန်းခြံလေးသည် နေချင့်စဖွယ် ဖြစ်သည်။ မိမိတို့ ပိုင်ဆိုင်သမျှ ပလတ်စတစ် ကား၊ ကော်ကား၊ သံကားလေးများနှင့် ကလေးတစ်သိုက် ပျော်နေကြသည်။ ကုန်းတက်ကုန်းဆင်း လုပ်လိုက်၊ ပန်းခြံသို့ အနားလာယူ လိုက်နှင့် သဲမြို့တော်လေး အသက်ဝင်နေသည်။ လမ်းတစ်ဝက်တွင် ကားဘီးပေါက်သူလည်း ရှိသည်။ လမ်းကြုံသူများက ဝင်ကူသဖြင့် ကျေးဇူးအခါခါ တင်ကြပြန်သည်။ သဲမြို့တော်တစ်ခုလုံး ကားဘီးရာနှင့် လူခြေရာများဖြင့် ရှုပ်ပွနေသည်။
    ငြိမ်း အိမ်ထဲပြန်ဝင်ကာ အုန်းဖတ်များကို ယူသည်။ အုန်းမှုတ်ခွက် နှစ်ခွက်ကိုယူကာ အုန်းဖတ်များကို အညီအမျှ ခွဲထည့် သည်။ နောက်တစ်ဖန် အုန်းမှုတ်ခွက်တစ်ခုရှိ အုန်းဖတ်အနည်းငယ်ကို ခွက်ငယ်တစ်ခုတည် ထည့်သည်။ နနွင်းမှုန့်အနည်းငယ်ကို ရေခပ်ကြဲကြဲဖျော်ကာ အုန်းဖတ်အနည်းငယ် နှုတ်ထားသော အုန်းမှုတ်ခွက်တွင် ထည့်ပြီး သမလိုက်သည်။ အုန်းဖတ်အားလုံး အဝါရောင်သန်းလာသည်။
    နနွင်းရည်နည်းနည်း ထပ်ဖျော်ကာ ထုံးအနည်းငယ်ထည့်ဖျော်သည်။ အနီရောင်ရဲရဲလေး ရလာသည်။ ခွက်ငယ်ထဲရှိ အုန်းဖတ်များ ထည့်လိုက်သည်။ အုန်းဖတ်နီနီလေးများ ဖြစ်လာသည်။ အုန်းဖတ်ဝါဝါလေးများနှင့် ရောကာ သမလိုက်သည်။ ငြိမ်းတို့ ငယ်ငယ်က ကစားသော ဒံပေါက်ထမင်းပင်တည်း။
    မီးဖိုထဲမှ အာလူးနှစ်လုံးကို ယူပြီး အရွယ်တော် အတုံးကလေးများ တုံးလိုက်သည်။ ကြက်သားစင်စစ် ဖြစ်သွားပေပြီ။ ထို ကြက်သားတုံးလေးများ (အာလူးတုံးလေးများကို) ဗာဒံရွက်ပေါ် တင်လိုက်သည်။ ဗာဒံရွက်အချို့ကို ခပ်သေးသေးလှီးလိုက်သည်။ ခွက်ငယ်တစ်ခုထဲ ထည့်၍ ရေအနည်းငယ် ဖျန်းလိုက်သည်။ ကြက်သွန်ချဉ်၊ဂေါ်ဖီချဉ်လည်း အဆင်သင့်ဖြစ်သွားသည်။ ဒံပေါက်ဆိုင် ဖွင့်၍ရပေပြီ။
    အားလုံးပြီးသွားတော့ ငြိမ်း ပျော်နေသည်။ ကလေးတွေသာသိလျှင် ပို၍ပျော်ကြမည်။ လုံခြုံ စိတ်ချရမည့်နေရာတွင် ဒံပေါက်ထမင်း၊ ကြက်သားဟင်းနှင့် ချဉ်တို့ကို သေချာစွာသိမ်းလိုက်သည်။ လက်ဆေး၍ ကလေးတို့၏ သဲမြို့တော်ဆီ ထွက်လာခဲ့ သည်။
    သဲမြို့တော်လေးသည် သိပ်မလှတော့ပါ။ အချို့နေရာများတွင် သဲတံတိုင်းလေးများ မရှိတော့။ ရေကန်လေးသည်လည်း သဲတချို့ဝင်ကာ ခပ်နောက်နောက် ဖြစ်နေသည်။ မီးဖိုချောင်ဆောက်နေသော အလုပ်သမားအချို့ လိုအပ်သမျှ သဲများကို လာယူ ကြသည်။ ကလေးတစ်သိုက်သည် ကစားရပ်ကာ တီးတိုးတိုင်ပင်နေသည်။ နောက်တော့ သဲမြို့တော်လေးကို ဖျက်ဆီးပစ်လိုက်ကြ  သည်။ တောင်ကုန်းလေးလည်း မရှိတော့။ ဥမင်လိုဏ်ခေါင်းလည်း သဲအောက်ရောက်သွားသည်။ ကားလမ်းလေးများသည် ကလေးခြေရာများအဖြစ် ပြောင်းလဲကုန်သည်။ ပန်းခြံလေးသည် အမှိုက်ပုံလေးသဖွယ် ဖြစ်နေပြီ။ ရေကန်လေးမှာ ပိန်ရှုံ့သွားပြီ ဖြစ်သည်။ ကလေးများ၏ မျက်နှာတွင် ဝမ်းနည်းဟန်ကို မတွေ့ရချေ။ နောက်တစ်မျိုး ပြောင်းဆော့ရန် တိုင်ပင်နေကြသည်။
    ငြိမ်းသည် သူ၏ ဒံပေါက်လုပ်ငန်းကို မူပိုင်လွှဲပေးလိုက်သည်။ ကန့်ကွက်မည့်သူ မရှိ။ သတင်းစာောက်ာငြာခ မကုန်။ရှေ့နေငှားရန်လည်း မလို။ ဒံပေါက်လုပ်ငန်းကို ပေါက်စနှင့် လေးလေးလှိုင်က ပိုင်သွားသည်။ ဗာဒံရိပ်တွင် ဆိုင်ဖွင့်နေပေပြီ။ ညီထွေးနှင့် အောင်ထူြး<ွကယ်က အသုံးမလိုတော့သော ဗလာစာအုပ်အဟောင်းများ သွားရှာနေကြသည်။ သန်ြး<ွကယ်သူဌေးလုပ်ရန် ကြံစည်ထားပြီထင့်။
    မိငယ်လေးက ဗာဒံရွက်လိုချင်သည်ဟု ပြောလာသည်။ ဒံပေါက်ထုပ်ရန်အတွက် ဗာဒံရွက်ကို ဆိုင်သွင်းချင်၍ဟု ဆိုသည်။ ရှိပြီးသား ဗာဒံရွက်က နည်းနေသည်ပဲ။ ကျန်ကလေးများကလည်း ဗာဒံရွက်ကို ပုံစံအမျိုးမျိုးပြောင်းကာ ခေါက်ဆွဲကြော်၊ ဆီချက် ခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ အအေးဆိုင် ဖွင့်လိုသည်တဲ့။
    ငြိမ်း အိမ်ပေါ်ကို တက်ခဲ့သည်။ အရိပ်အတွက် မလိုသော အကိုင်းခပ်ကြီးကြီးနှစ်ကိုင်းကို ချိုးလိုက်သည်။ ''ဟေး'' ကနဲ ဝမ်းသာအားရ အော်လိုက်သောအသံသည် ကလေးတို့၏ ရင်တွင်းမှ ဖြစ်လာသည်ဟု ငြိမ်း ထင်သည်။ ရင်တွင်း အေးကနဲ ဖြစ်သွားရ သည်။ ဗာဒံရိပ်မှ ကလေးများကိုကြည့်ယင်း ငြိမ်း တွေးနေမိသည်။
    ငြိမ်း တော်တော် တစ်ကိုယ်ကောင်းဆန်မိပြီကော။ ဘာလို့များ ဗာဒံပင်ကို သရက်ပင် ဖြစ်စေချင်ပါလိမ့်။ ဗာဒံပင်နေရာမှာ သရက်ပင်သာ ယခင်ကရှိခဲ့လျှင်...။
    ငြိမ်း ငယ်ငယ်ကပျော်ခဲ့ရမည် မထင်ပါ။ ခူကောင်များစွာ နေတတ်လေ့ရှိပြီး ပိုးစားလွယ်သော သရက်ပင်ရိပ်တွင် ငြိမ်းတို့ မကစားနိုင်ပါ။ နောက် သရက်ရွက်နုနု၊ သရက်ပင့်လှလှ၊ သရက်ဖူးသေးသေးလေးများကို ငြိမ်းတို့ ကစား၍ ရမည်မထင်ပါ။
    စောစောကပင် ငြိမ်း တွေးခဲ့သေးသည်ပဲ။ မဖြစ်နိုင်တာမို့ ငြိမ်းတွေးသည်တဲ့။ ဖြစ်နိုင်တာဆိုလျှင် ထ,လုပ်လိုက်မည်တဲ့။
    ခုကော။ ခုချိန်မှာ သရက်ပင်ပျိုးလေးတစ်ပင် စိုက်ရလျှင် မဖြစ်နိုင်ဘူးလား။ သိပ်ဖြစ်နိုင်ပါသည်။ အလွန်ပင် ဖြစ်နိုင်ပါသည်။
    ငြိမ်း ငယ်ငယ်ကတည်းက ချစ်ခဲ့ရသော ညီထွေးတို့ အချစ်တော် ဗာဒံပင်ကြီးကို အားနာသလို ကြည့်လိုက်မိသည်။ အမှန်တော့ ဗာဒံပင်ကြီးတွင် အရွက်များများ ဝေနိုင်ရေးအတွက် ငြိမ်းက ဆုတောင်းရမည် မဟုတ်ပါလား။
    ''ဗာဒံပင်ကြီး သက်တော်ရာကျော်ရှည်၍ အရွက်များများ ဝေပါစေသတည်း။ အရွက်များများ ဝေပါစေသတည်း။''

မသီတာ(စမ်းချောင်း)
၁၉၈၅ ခု၊ ဖေဖော်ဝါရီ လ၊ သဘင် မဂ္ဂဇင်း

1 comment:

  1. ပထမဆုံး လက်ရာမို့ စိတ်ဝင်စားစွာ နဲ့ ဖတ်သွားပါတယ်..။ ရိုးရိုးရှင်းရှင်း နဲ့ နှစ်သက်ဖွယ်ရာ။ မြုပ်ထားဟန်ပေါ်တဲ့ အချက် ( message) ကတော့၊ မှန်းဆရ အနည်းငယ် ခက်ခဲ သလို..

    ခင်မင်စွာဖြင့်-
    ကေသွယ်

    ReplyDelete