Sunday 16 October 2011

ဟိုတုန်းက

  တိုက်ရှေ့ရောက်ပြီဟု သိလိုက်သည်နှင့် စိတ်တွေလှုပ်ရှားလာသည်။ အပေါ်ဘက်ကို မော့ကြည့်လိုက်စဉ်မှာပင်...
    ''ဟေ့...ရှိတယ်...ရှိတယ်၊ ဟိုမှာ ကလေးအနှီးတွေ လှန်းထားတယ်''ဟူသော နေကြာ့အသံကို ကြားလိုက်ရသည်။
    ''ဟား...ဟား''
    ''ဟင်း...ဟင်း''
    အားလုံးက သဘောကျသလို ရယ်လိုက်ကြသည်။ စိတ်ထဲမှာ ''ကလေးအနှီးကိုကြည့်ပြီး နင်ရှိမရှိ ဆုံးဖြတ်ရတယ်ဆိုတော့ ခက်တာပဲ စိုးစိုးရယ်''ဟု ညည်းလိုက်မိသည်။
    ဟိုအရင် သုံးလေးနှစ်လောက်က ရင်းနှီးနေကျ လှေကားထစ်များမို့ ပျက်စီးနေသော လှေကားလက်ရန်းကိုပင် မကိုင်ဘဲ တက်ခဲ့သည်။ အရာရာဟာ သိပ်မပြောင်းလဲသေးဟု သတိထားမိစဉ်မှာပင် ''နင်ကလွဲလို့ပေါ့ စိုးစိုးရယ်''ဟု တွေးနေမိသည်။
    မြိုင်က တံခါးရွက်ကို လှမ်းထုရင်းမှ...
    ''စိုးစိုး နေကောင်းရဲ့လားတောင် မသိဘူးနော်''ဟု လှမ်းပြောသည်။ မည်သူကမျှ ပြန်မထားကြချေ။
    တံခါးရွက်တွင် ဖောက်ထားသော အပေါက်နှစ်ပေါက်မှ မျက်လုံးနှစ်လုံးကို တွေ့လိုက်ရသည်။ သို့သော် တိတ်ဆိတ်လွန်းလှ ပါတလား။
    တံခါးရွက်အလှစ်တွင် အဒေါ်ကြီးကို တွေ့လိုက်ရသည်။ စိုးစိုးက အဒေါ်ကြီးဟုခေါ်သော အဒေါ်ကြီး။
    ''စိုးစိုး ရှိလားဟင်''
    ''ရှိတယ်၊ ဝင်လေ''
    ဧည့်ခန်းသည် အတန်ငယ် ပြောင်းလဲနေသည်ဟု ထင်သည်။ ဟိုအရင် သုံးလေးနှစ် စိုးစိုးနှင့်အတူ စာကျက်ခဲ့သော စားပွဲခုံနေရာတွင် ရုပ်မြင်သံကြားထည့်ထားသော ဗီရိုလေးက နေရာယူထားသည်။
    ''ထိုင်ဦးနော်၊ ကလေး အနှီးလဲနေလို့''
    ''ဟုတ်ကဲ့''
    စိတ်ထဲတွင် မကျေမနပ် ဖြစ်နေမိသည်။ ဟိုတုန်းကလို ''ဟယ် နင်တို့ကိုး၊ လာကြ...လာကြ၊ မိန်းမတွေ ငါ့ဆို သတိရကြ တာမဟုတ်ဘူး၊ အမလေး၊ ခုမှပဲ နင်တို့မျက်နှာတွေ မြင်ရတော့တယ်''ဟူသော စိုးစိုး၏ အသံကျယ်ကျယ်လေးကို မကြားရ၍လားမသိ။
    မြိုင်၊ နေကြာနှင့် မျိုးဥမ္မာ တို့ကပါ တိတ်ဆိတ်နေကြသည်။
    ခြေသံဖွဖွကိုကြားရ၍ ခေါင်းကို လှည့်လိုက်သည်။
    ''သြော်...ဘယ်သူတွေလဲလို့၊ ဟင်း ဟင်း၊ နင်တို့ကို ထင်ကို မထင်ထားတာ''
    ရုတ်တရက် ဘာပြောရမှန်းပင်မသိ။ ပါးစပ်အဟောင်းသားနှင့် ''စိုးစိုး ဝလာလိုက်တာ''ဟု တွေးနေမိသည်။
    ''နင် ဟယ်...မျက်နှာတွေဘာတွေ ပြည့်လို့၊ ဝလာလိုက်တာ၊ နေကောင်းရဲ့လား''
    မျိုးဥမ္မာက စ,ပြောမှပင်...
    ''အေးဟယ်...နင့်ကလေး ဘယ်နှစ်ရက်လောက် ရပြီလဲ''ဟု ကောက်ကာငင်ကာ မေးချလိုက်မိသည်။
    ''တစ်လကျော်ပြီလေ''
    စိုးစိုး ပြောပုံ ဆိုပုံတွေ ပြောင်းလဲသွားလို ရှိသည်ဟု သိနေသည်။ ဟိုတုန်းကလိုသာဆိုလျှင် တစ်လတောင်ကျော်ပြီ မိန်းမရဲ့၊ နင်တို့က ဘာခုမှလာကြရတာလဲ၊ နင်တို့ဟာလေ၊ ငါ့ဆို သိပ်ပစ်ပယ်တာပဲ၊ ဘာညာနှင့် ပြုံးပြုံးရွှင်ရွှင် ရန်တွေ့မည်ဟု သိနေသည်။
    ''ကလေး ဘယ်မှာလဲ၊ သွားကြည့်ရအောင်''
    နေကြာ မေးမှပင်...
    ''လာလေ''ဟု စိုးစိုးက ခပ်တိုတိုပြန်ဖြေရင်း အိမ်အတွင်းခန်းဘက်သို့ ဦးဆောင်ကာ ဝင်သွားသည်။
    ''သမီးလေး''
    ''စိုးစိုးတစ်ယောက် ပျော့ပျောင်းသွားလိုက်တာ''ဟုလည်း တွေးမိပြန်သည်။
    ''ဝတုတ်လေးဟယ်၊ ထွားလိုက်တာ''
    စိုးစိုးသမီးသည် စိုးစိုးလိုပင် အသားဖြူဖြူ၊ မျက်လုံးဝိုင်းဝိုင်းလေးနှင့် ဖြစ်သည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်မှာ ချစ်စရာကောင်းသလို သနားစရာလည်း ကောင်းနေလေသည်။
    ''နာမည် ပေးပြီးပြီလား''
    ''သိမ့်စိုးဟန်...တဲ့''
    စိုးစိုး ပြန်ဖြေပုံသည် တစ်မျိုးဖြစ်နေသည်ဟု ထင်သည်။ တစ်မျိုးတော့ တစ်မျိုးဖြစ်နေသည်။ အဓိပ္ပာယ်မဖော်ပြတတ်သော တစ်မျိုးဖြစ်သည်။
    ''ဟယ်...လှတယ်ဟ''
    ''သူ့အဖေနာမည်က မောင်မောင်ဟန်နော်''
    ''သောကြာသမီးလား''
    ''အင်း...မနက်ရှစ်နာရီနှစ်ဆယ်လေ''
    ''ဒါဆို စကားများမှာပဲ၊ နင်နဲ့တူရင် ပိုတောင်စကားများဦးမယ်''
    ''ပြီးတော့ ချွဲလဲချွဲမယ်ဟေ့''
    ''ရန်တွေ့လဲကောင်းမှာဟ''
    စိုးစိုးက ရယ်မြဲရယ်နေသည်။ ပြီးမှ ''ငါနဲ့တူပါတယ်နော်''ဟု ဖြည်းဖြည်းချင်းဆိုသည်။
    ''သိပ်ငယ်လွန်းတော့ ပြောလို့ရဘူးဟ။ များသောအားဖြင့်တော့ သမီးကြီးက အမေနဲ့တူတာပဲ''
    ''ဟေ့ ကလေးနိုးလာလိမ့်မယ်၊ အိမ်ရှေ့ ပြန်သွားရအောင်''
    နေကြာကပင် အလိုက်တသိနှင့် ဦးဆောင်ကာ ဧည့်ခန်းဘက် ပြန်ထွက်လာခဲ့သည်။
    ''သမီးကို ဗိုက်ခွဲမွေးရတာ''
    စိုစိုးက ပြုံးတုံ့တုံ့နှင့် ဖွင့်ပြောမှပင် အားလုံး တအံတသြဖြစ်မိသည်။ နောက်မှ ''အင်းလေ ဆယ်တန်းအောင်ပြီးကတည်းက လိုင်းကွဲသွားကြတာ၊ စိုးစိုး ခိုးရာလိုက်တာတောင် ငါက နောက်အကျဆုံး သိခဲ့တဲ့လူပဲ။ ပြီးတော့လဲ ကျောင်းနဲ့အိမ်တင် ပြီးနေတော့ ခုလို ကလေးတစ်နှစ်မပြည့်ခင် သိတာကပဲ ခပ်တော်တော်ရယ်'' ဟု စဉ်းစားမိသည်။
    ''ဆရာဝန်မ ပြောတဲ့ရက်မှာ မမေးဖြစ်ဘူးလေ၊ နောက်တစ်ပါတ်လောက်နေတော့ ဆရာဝန်မက ဆေးရုံတင်တော့တာပေါ့၊ အဲဒီနောက်ပိုင်းလဲ မမွေးပြန်ဘူး၊ ဗိုက်လဲ မနာဘူးဟ၊ ငါလဲ သိပ်နားမလည်ပါဘူး၊ ဆေးတွေဘာတွေ ထိုးပေးတယ်၊ ဗိုက်နာမယ်လဲ ပြောတယ်၊ ဒါပေမယ့် ငါက မနာဘူးဟ၊ နောက် ကြာလာတော့ ဆရာဝန်မက ဒီလောက်ဆို မကောင်းတော့ဘူး၊ ခွဲမွေးမယ်ပေါ့၊ သဘောတူလားတဲ့၊ ဘယ်တတ်နိုင်မှာလဲ၊ တူတယ်ပဲပေါ့၊ မွှေးတော့ ထုံဆေးအရင်ထိုးတာဟ၊ ဟာ...ခါးတစ်ခုလုံး ထုံနေတာပဲ၊ ခွဲတော့ သိနေတယ်လေ၊ နာလဲ နည်းနည်းနာတာနဲ့ ကျွန်မနာတယ်၊ မေ့ဆေးပေးပါလို့ တောင်းလိုက်ရတာပေါ့၊ သမီးကထွးတယ်၊ ခုနစ်ပေါင် ရှစ်အောင်စ''
    ခုလိုဆိုတော့လည်း ညည်းညူသံတွေ မပါတော့တာကလွဲ၍ စိုးစိုး သိပ်မပြောင်းလဲသလိုပင်။ ခေါင်းခါလိုက်၊ ဆံပင်တွေကို လက်နှင့် သပ်တင်လိုက်၊ ရယ်လိုက်ပြုံးလိုက်၊ မျက်မှောင်ကြုတ်လိုက်နှင့် ဟိုတုန်းကလိုပုံမျိုးပင် ပြန်ဖြစ်နေသည်။
    ''ခွဲမွေးတော့ နင် သက်သာတာပေါ့''
    ''အေး...ဒါပေမယ့် နောက် ကလေးတွေကျတော့ ခက်မှာပေါ့''
    ''အင်းပေါ့လေ''
    အသံတွေ တိတ်သွားပြန်သည်။ စိုးစိုး၏ နနွင်းရောင်ခြေထောက် မို့မို့လေးများကို ငေးနေမိသည်။
    ''ဝါဝါ...နင်တို့ ဘယ်ကလာတာလဲ၊ ကျောင်းကလား''
    ''အေး...စာမေးပွဲပြီးလို့ ထွက်လာခဲ့တာ၊ အားတဲ့အချိန် လရတာလေ''
''အေးပေါ့''
    ''နင်ကော ကျောင်းက ခွင့်ယူထားတာလား''
    ''အင်း''
    ''ဒီအိမ်မှာ ဘယ်တော့လောက်ထိ နေမှာလဲ''
    ''မေမေကတော့ နောက်လကုန်မှာ ပြောင်းစေချင်တယ်တဲ့၊ သူကလဲ မေမေ့ သဘောပဲလေ၊ သူတို့အိမ်မှာက အာစးလုံး အလုပ်သွား၊ ရုံးသွား၊ ကျောင်းတက်ဆိုတော့ အဖော်မရှိဘူးလေ၊ ဒီမှာကတော့ မေမေက အစစအရာရာလည်း လုပ်ပေးနိုင်တယ် မဟုတ်လား''
    ''အေင်းပေါ့...ဒီမှာပဲကောင်းပါတယ်၊ ငါတို့ကလဲ ဒီအိမ်ပဲသိတယ်''
    ''အေး...သူတို့အိမ်က ဝေးလွန်းအားကြီးတယ်''
    ''ဒါနဲ့ ဟိုတစ်ခေါက် နင်နဲ့ခဏပဲ တွေ့ရတုန်းက နင့်ကို အိမ်နံပါတ်မေးတာ မသိဘူးပြောတယ်၊ ခုတော့ သိသွားပြီလား''
    ''အေး...ဟင်း...ဟင်း၊ အဲဒီတုန်းက သူတို့အိမ်ကို ရောက်ကာစကိုး ဟ၊ ဟင်း...ဟင်း၊ ခုတော့ သိသွားပါပြီ''
    အားလုံး ဝိုင်းရယ်လိုက်ကြသည်။ ဟိုတုန်းကလိုပင် လွတ်လွတ်လပ်လပ် ရယ်မိကြသည်။ ပျော်ပျော်ရွှင်ရွှင် ရယ်မိကြသည်။ စ-ိုးစိုးတစ်ယောက် ကလေးစိတ်တော့ လုံးလုံးလျားလျား ပျောက်သေးဟန်မတူ။
    ''စာတွေကလဲ ခက်လိုက်တာဟာ၊ ဘ်ာတွေမှန်းလဲ မသိဘူး၊ အကုန်ဖတ်ဖို့တောင် မနည်းကျိုးစားရမှာ''
    စိုးစိုးက ဟိုတုန်းကလို လေသံမျိုးဖြင့် ညည်းလိုက်သည်။ သို့သော်...''
    ''ငါတို့ညည်းဖို့လဲ ချန်ထားပါဦး'' ဟု အားလုံးက ပြန်မအော်ကြတော့ချေ။
    ''ဒီနှစ် ဆယ်တန်းရော၊ ရှစ်တန်းရော လွယ်တယ်ဆို''
    စိုးစိုး ဒါတွေ စိတ်ဝင်စားသေးတာပဲဟု တွေးပြီး ဘာကြောင့်မှန်းမသိ ပျော်လာသည်ထင်သည်။
    ''အေးဟဲ့''
    ''ဟဲ့...ဟဲ့ ကြည့်စမ်းပါဦး၊ ကလေးအိပ်နေတာနဲ့ မပေးမိတော့ဘူး၊ ရော့...ရော့၊ ငါတို့လဲ ခုမှပဲ မီးနေဝင်ရတော့တယ်''
    မျိုးဥမ္မာက အလန့်တကြား ပြောလိုက်မှပင် အားလုံးလည်း သတိရတော့သည်။ သည်တော့မှ စိုးစိုး သမီးဖို့ ရည်စူးပြီး ဝယ်လာခဲ့သော သိုးမွေးဦးထုပ်၊ ခြေစွပ်၊ ဝိုငအိုလက်ပေါင်ဒါဘူး၊ ဂျွန်ဆင်ဆပ်ပြာခဲ၊ သွားရည်ခံ...စသည်ဖြင့် ထုတ်ပေးမိတော့သည်။ စိုးစိုးကပါ သဘောတကျ ရယ်လိုက်ကြသည်။
    ''နင်နဲ့ သမီးလေးမျက်နှာ၊ မြင်လိုက်ရလို့ မေ့သွားတာ'' ဟု မိုင်က အထွန့်တက်သည်။
    ''ကြာလဲ အိမ်ထဲရောက်ရောက်ချင်းတော့ သတိရတယ်၊ နောက်မှ မေ့သွားတယ်'' ဟု နေကြာကပင် ဝင်ပြောသည်။
    ''ဟုတ်တယ်... ငါလဲ စိုးစိုးကိုကြည့်ပြီး အားလုံးမေ့သွားတယ်''
    ''ဖြစ်ရလေဟယ်၊ စိုးစိုးက ဘာဖြစ်နေလို့လဲ၊ စိုးစိုးက အရင်လိုပါပဲနော်၊ ဝါဝါကသာ ပြောင်းလဲသွားတာပါ'' ဟုသာ ပြုံးပြီး ပြန်ပြောဖြစ်သည်။ စကားမဆက်လိုတော့။ ဆက်မိလျှင်လည်း ဘာတွေ ပြောဖြစ်မည်လဲ မသိတတ်။
    ''အင့်...အင့်''
    သိမ့်စိုးဟန်၏ ငိုသံသဲ့သဲ့ကို ကြားလိုက်ရသည်။
    ''စိုးစိုး... သွားလိုက်ဦး၊ ငါတို့က အရေးမကြီးဘူး၊ နင် လုပ်စရာရှိတာသာ လုပ်''
    အားနာသလို ရှိလာသည်မို့ ပြောလိုက်မိသည်။
    ''ရပါတယ်...ခဏပါ၊ မေမေ ရှိတာပဲ၊ သူက ဒီလိုပဲ''
    ''စိုးစိုး...နင်ကလဲ ဒီလိုပါပဲလား''
    မြိုင့်စကားကြောင့် အားလုံး ဝိုင်းရယ်လိုက်ကြသည်။ နေကြာက လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်ပြီး...
    ''ကြာတို့ ပြန်ကြရအောင်၊ တော်တော်ကြာသွားပြီပဲ'' ဟု ပြောသည်။
    ''ပြန်တော့မလို့လား၊ အင်း...ငါတကယ် ဝမ်းသာတယ်ဟယ်၊ နင့်တို့ကို မျှော်လဲ မမျှော်လင့်ထားတော့ အံ့လဲ အံ့သြတယ်၊ ဝမ်းလဲဝမ်းသာတယ်၊ ကျေးဇူးလဲတင်တယ်ဟ သိလား''
''အေး...အားလုံးပဲပေါ့၊ နင့်မေမေကို ပြောလိုက်ပါဦး၊ ငါတို့ ပြန်တော့မယ်ဆိုတာ''
    ''အေး...''
    ''သွားမယ်နော်...စိုးစိုး''
    ''တာ့တာ...သိမ့်စိုးဟန်ကိုလဲ ပြောလိုက်ပါ၊ ကြာ နှုတ်ဆက်ခဲ့တယ်လို့''
    ''ဟင်း...ဟင်း၊ ပြောလိုက်မယ် စိတ်ချ''
    ''သွားမယ် စိုးစိုး၊ အားရင်တော့ လာခဲ့ဦးမယ်လေ၊ နေကောင်းအောင် ဂရုစိုက်နေဟ...သိလား''
    ''အေးပါ... လာဦးနော်''
    ''အင်း...''
    တိုက်အောင် ပြန်ရေက်ြမှပင် စကား စ,ပြောဖြစ်သည်။
    ''စိုးစိုးက ဟိုတုန်းကလိုပါပဲလား''
    မြိုင်က သည်လိုပင် မှတ်ချက်ချ၏။
    ''ဟင့်အင်း...လုံးဝ ဟိုတန်းကလို မဟုတ်တော့ပါဘူး၊ မချွဲတော့ဘူး၊ သိပ်လဲ မညည်းတော့ဘူး''
    မျိုးဥမ္မာက ပြန်ငြင်းသည်။
    ''ဒါပေမယ့် ကလေးငိုတော့ မေမေ ရှိတယ်ဆိုတာ ဟိုတုန်းကလိုပေါ့''
    ငြင်းချက်တွေ ရှုပ်လာသည်။ နေကြာက ငြင်းခုံခြင်းကို အဆုံးတ်စေမည့် စကားတစ်ခွန်းကို ခပ်ဖြည်းဖြည်း ပြောလိုက်လေ သည်။
    ''ဟိုတုန်းကလို မဟုတ်တော့တာ သေချာပါတယ်၊ ဘာလို့လဲဆိုတော့ အခုဟာ ဟိုတုန်းက မဟုတ်တော့လို့ပဲ''
မသီတာ(စမ်းချောင်း)
၁၉၈၅ ခု၊ စက်တင်ဘာ လ၊ စံပယ်ဖြူ မဂ္ဂဇင်း



No comments:

Post a Comment