Sunday 16 October 2011

အညိုမှသည် ကြက်သွေးနီသို့ ၎


ဟားဗတ်မှာ ကျင်းပသည့် အပြည်ပြည် ဆိုင်ရာ စာပေ ဆွေးနွေးပွဲ
တစ်ခါက အညို၏ ရင်သွေး ဖြစ်ခဲ့ပြီး ကူးဗား၏ တပည့်လည်း ဖြစ်ခဲ့ဖူးသော၊ Experimental Writer ခေါ် တီထွင်စမ်းသပ် အရေးအသား ဆရာမ တစ်ဦးဖြစ်သည့်
Jane Unrue က အညိုတွင် ကျင်းပသော စာပေ ဟောပြောပွဲ အပြီး၌ သူ လက်ရှိ စာသင်ကြား နေသော ဟားဗတ် တက္ကသိုလ်၏ Humanities မှ ကြီးမှူး ကျင်းပမည့် စာပေ ဆွေးနွေးပွဲ တစ်ခုသို့ ပါဝင် ဆင်နွှဲရန် ဖိတ်ကြား ခဲ့ပါသည်။ အညိုရှိရာ ပရောဗီဒင့်စ်မြို့နှင့် ဟားဗတ် တက္ကသိုလ်ရှိရာ ကိန်းဘရစ်ခ်ျမြို့တို့မှာ ပြည်နယ် တစ်ခုစီတွင် ရှိသော်လည်း ခရီး အကွာအဝေးအားဖြင့် တစ်နာရီစာ ကားမောင်းသမျှသာ ကြာမြင့်ပါသည်။ ထို့ကြောင့် ခရီးရှည် ထွက်ရန် မလိုဘဲ နေ့ချင်းပြန် သွားရုံဖြင့် ထိုဆွေးနွေးပွဲသို့ တက်ရောက်နိုင်မည် ဖြစ်သဖြင့် ဂျိန်း၏ ဖိတ်ကြားမှုကို လက်ခံ ဖြစ်ခဲ့ပါသည်။

အမှန်တော့ အညို့ရင်ခွင်မှာ နေဖြစ်စဉ် အတွင်း စာပေ ဆွေးနွေးပွဲလေးများ၊ ဟောပြောပွဲလေးများ၊ ကျောင်းစာ သင်ခန်း အတန်းများကို ဖိတ်ကြားတိုင်း မငြင်းမဆန် လက်ခံ ဖြစ်ခဲ့သည်သာ ဖြစ်သော်လည်း ယခုပွဲမှာ ဟားဗတ်ကဲ့သို့ နာမည်ကျော် တက္ကသိုလ်ကြီး၏ နာမည်ကျော် စာကြည့်တိုက် တစ်ခုဖြစ်သော လာမောင့် စာကြည့်တိုက်တွင် ကျင်းပမည် ဖြစ်ကာ ပါဝင် ဆွေးနွေးကြမည့် သူများမှာလည်း အီရန်၊ အီရတ်၊ တရုတ်၊ ဒီမိုကရက်တစ် ရီပတ် ဘလစ်ကွန်ဂို၊ ကျူးဘား နိုင်ငံတို့မှ ဖြစ်သဖြင့် အတော်ကြီး စိတ်ဝင်စား မိခဲ့ပါသည်။

ထို့ပြင် ဆွေးနွေးပွဲ အမည်ကို စီစဉ်သူ ဂျိန်းက In Other Wor(l)ds  ဟု ပေးထားရာ ကဗျာဆန်သကဲ့သို့ အနက်ကြွယ်နေသဖြင့် ပိုပြီး စိတ်ဝင်စားခဲ့ ရပါသည်။ သို့ဖြင့် ထိုဆွေးနွေးပွဲ အတွက် မည်သည့် ပြင်ဆင်မှုများ ပြုလုပ် ရပါမည်နည်းဟု မေးရာ ဂျိန်းက ကိုယ့်ဝတ္ထုများကို ရထားပြီး ဖြစ်သဖြင့် မည်သည့် ပြင်ဆင်မှုမျိုးမျှ ပြုလုပ်ရန် မလိုကြောင်း၊ ထိုနေ့တွင် သူက စကားဝိုင်းကို ဦးဆောင်ကာ စာရေး ဆရာများ အားလုံး ၀ိုင်းဆွေးနွေး ဖြေဆိုနိုင်ရန် မေးမြန်းသွားမည် ဖြစ်ကြောင်းတို့သာ ပြန်ဖြေလေသည်။

သို့သော် စာရေးဆရာ အသီးသီးကို မိတ်ဆက်ပေးရန် ကျောင်းသား၊ ကျောင်းသူ များကို တာဝန် ပေးလိုသဖြင့် ကိုယ့်အား မိတ်ဆက်ပေးရန် အညို၏ စာပေ အနုပညာ ဌာနတွင် တက်ရောက် သင်ကြားနေသော ကျောင်းသား တစ်ဦးဦးအား တာဝန်ပေး ပေးပါရန် ဆိုလေသည်။

သို့ဖြင့် ခန်းလုံးပြည့်မျှ တက်ရောက်နေကြသော လာမောင့် စာကြည့်တိုက်၏ စာပေ ဆွေးနွေးပွဲ အချိန် ကျရောက် လာခဲ့ပါသည်။ ပါဝင် ဆွေးနွေးမည့် စာရေးဆရာ ၆ ဦးအနက် အီရန်မှ ရှာရီရာမဒါနီပါးရှ်Shahriar Mandanipour နှင့်ကွန်ဂိုမှ ပြဲမွန်ဂျိုဘာ Pierre Mujumba တို့မှာ လွန်ခဲ့သည့် နှစ်များက ဘရောင်း တက္ကသိုလ် ၏ အပြည်ပြည်ဆိုင်ရာ စာရေးဆရာ စီမံကိန်းမှ ရွေးချယ်ခံ စာရေးဆရာများ ဖြစ်ကြပြီး အမေရိကတွင် အခြေချ နေထိုင်ခဲ့ဖို့ ဆုံးဖြတ်ခဲ့သူများ ဖြစ်လေ သည်။ ထို့ပြင်တိုက်ဆိုင်စွာ တရုတ်မှ ဆွာဒီ Xue Di ကလည်း လက်ရှိမှာ အညို၏ မီဒီယာဌာန၀န်ထမ်းတစ်ဦး ဖြစ်နေပြန်ပါသည်။

ထို့ကြောင့် ကျူးဘားမှ ပက်ဘ လိုမရီဒါ Pablo Maridar နှင့်အီရတ်မှ မေဆလမ်ဟာဒီ Mayselun Hadi တို့သာ အညိုနှင့် တိုက်ရိုက် ဆက်စပ်မှု မရှိသူ များပါ။ ထိုသို့ အညို့ရင်ခွင်နှင့် မကင်း သူများဟု သိရသည့် အသိကြောင့်လည်း ကိုယ့်မှာ ထိုဆွေးနွေးပွဲ မစမီကပင် စိတ်လက်အေးချမ်း နေမိလေသည်။ အညိုမှပေးသော လုံခြုံ အေးချမ်းမှုကား ကြက်သွေးနီ၏ ရင်ခွင်ထိတိုင် လတ်ဆတ်နေကြောင်း ထိုစဉ်ကတည်း က ကိုယ်သိ နေခဲ့သည်ဟု ဆိုရမည်လား မပြောတတ်ပေ။
ဆွေးနွေးပွဲမှာ စီစဉ်သူ ဂျိန်း၏ ထက်မြက်ပြီး အထောက်အကူ ပြုလှသည့် မေးခွန်းများကြောင့် အဆင်ပြေ ခဲ့သည်ပင်။ ထိုနေ့က တက်ရောက် လာကြသည့် ပရိသတ်မှာလည်း စာရေးဆရာ အသီးသီး၏ အပြောများ အပေါ် အာရုံ အပြည့်အ၀ စူးစိုက် နားထောင်ကာ ဆွေးနွေးခဲ့ကြသည့် အတွက် အပြန်အလှန် ဆွေးနွေးရသည့် အရသာက ပိုမို ချိုမြိန် ခဲ့ပါသည်။ အီရန်၊ အီရတ် အကြောင်းကား အမေရိကန် ပရိသတ် အတွက် စိတ်ဝင်စားစရာ ဖြစ်သည်မှာ မှန်သော်လည်း ကြားဖူးနားဝ ရှိပြီးသား ဖြစ်နေသလောက် မြန်မာ အကြောင်းမှာမူ သူတို့အဖို့ ကြားရခဲသဖြင့် အတော်ကြီး စိတ်ဝင်တစား မေးမြန်းခဲ့ကြရာ ကိုယ့်မှာလည်း မြန်မာ စာရေးဆရာ များ၏ အကြောင်းအရာ ရွေးချယ်ပုံ၊ ရေးဖြစ်လေ့ ရှိသော တင်ပြပုံနှင့် စာနယ်ဇင်း ဈေးကွက် အပါအ၀င် ပရိသတ် တုံ့ပြန်မှုတို့ အကြောင်း အတော်ကြီး ကျယ်ကျယ်ဝင့်ဝင့် ဖြေကြား ဆွေးနွေး ဖြစ်ခဲ့ပါသည်။ ဂျိန်း၏ အမေးများကလည်း ကိုယ့်အတွက် ဖြေချင် စရာများ ဖြစ်ခဲ့လေသည်။

ထို့နောက် ဆွေးနွေးပွဲ ပြီးဆုံးသဖြင့် အညိုရှိရာကို ပြန်ရောက် လာခဲ့သည့်တိုင် ဂျိန်းက မကြာခဏ ဖုန်းဆက် လာတတ်သည်။ တစ်ဖန် သူ့ကျောင်းသားများ အတွက် ကိုယ့်ဝတ္ထုတိုများကို သင်ကြားလိုသဖြင့် ထိုဝတ္ထုများ အကြောင်းနှင့် ကိုယ်စာရေးပုံ တို့ကို အင်တာဗျူး လုပ်လိုကြောင်း ပြောလာပြန်ပါသည်။ အင်တာဗျူးမှာ လည်း ထိုလာမောင့် စာကြည့်တိုက်တွင်ပင် အသံဖိုင် အဖြစ် သိမ်းဆည်းထားကာ သူ့ကျောင်းသားများ အတွက်သာ ရည်ရွယ်သည်ဟု ဆိုသဖြင့် ကိုယ်လည်း သဘောတူ ဖြစ်ခဲ့သည်။

ဟားဗတ်ရှိရာ ကိန်းဘရစ်ခ်ျသို့ တစ်ခေါက်ပြန်သွားကာ ထိုအင်တာဗျူးကို လုပ်ရပြန်သည်။ သည်တစ်ခါမှာတော့ ဂျိန်းက ဆရာမလည်းဖြစ်ကာ ကိုယ်တိုင်လည်း တီထွင် ဆန်းသစ်သော ပုံစံဖြင့် စာရေးတတ်သူပီပီ စာရေးနည်းနှင့် တင်ပြပုံပေါ် အခြေခံ သည့် စစ်စစ်ပေါက်ပေါက် မေးခွန်း မြောက်မြားစွာကို မေးလာတော့သည်။ ကိုယ်ကတော့ ကိုယ့်ဝတ္ထု အကြောင်း ယခုလောက် စစ်စစ်ပေါက်ပေါက် ရှင်းပြခွင့် မရခဲ့သူပီပီ ၀မ်းသာအားရ စိတ်ရှည်လက်ရှည် ဖြေကြားပေးဖြစ်ရာ ဂျိန်းမှာ အကျေနပ်ကြီး ကျေနပ် နေလေသည်။
ထိုနေ့က အချိန် အတော်ကြာ အင်တာဗျူး လုပ်ပြီးသည့်တိုင် နေ့လယ်စာစား ခိုက်မှာလည်း အခြားထွေရာ လေးပါး ဘ၀ အတွေ့အကြုံများကို ဖလှယ် ဖြစ်ကြကာ တစ်ဦးနှင့် တစ်ဦး ပိုမိုရင်းနှီး သွားခဲ့ရပါသည်။  ထိုနေ့က နေ့လယ်စာကို အီရန်မှ စာရေးဆရာ ရှရီရာကိုပါ ဖိတ်ကြား ထားသဖြင့် ဆွေးနွေး ပွဲနေ့ကတည်းက  တစ်ဦးနှင့် တစ်ဦး  အပေးအယူ တည့်စွာ ဆွေးနွေး ဖြစ်သူတစ်ဦး ဖြစ်သည့် ရှရီရာနှင့်ပါ ပိုမို ရင်းနှီးခွင့် ရလာလေသည်။ ရှရီရာမှာ Dark Humour ဟုခေါ်ရမည့် ချောက်ချားစရာ ဟာသမျိုးကို ပြောတတ်သူမို့ တစ်ခါက ခင်မင်လေးစားကာ တစ်ခရီးတည်း အတူ သွားခဲ့ဖူးသည့် ကွယ်လွန်သူ စာရေးဆရာ မောင်သော်ကကို သတိ ရနေမိခဲ့ပြန်သည်။ ရှရီရာနှင့် ဂျိန်းကိုပင် ဆရာမောင်သော် ကအကြောင်း ပြောပြဖြစ်သေးသည်။  သို့ဖြင့် စာအကြောင်း ပေအကြောင်းကို နှံ့နှံ့စပ်စပ် ပြောဆို ဆွေးနွေးနိုင်မည့် စာရေးဆရာ သူငယ်ချင်းနှစ်ယောက် ရရှိလာခဲ့လေသည်။

အညို၏ ထူးခြားလှပသော ဘွဲ့နှင်းသဘင် အခမ်းအနား

အမေရိကရှိ တက္ကသိုလ်များတွင် မေလသည် စာသင်နှစ် ကုန်ဆုံးသည့် လဖြစ်သဖြင့် စာမေးပွဲများ ရှိသကဲ့သို့ ဘွဲ့နှင်းသဘင်များ ကျင်းပသည့်လလည်း ဖြစ်လေသည်။ သူတို့က ဘွဲ့နှင်းသဘင် အခမ်းအနားများကို Commencement Ceremony ဟု ခေါ်ဆိုကြသည်။ ကျောင်းပြီးပြီး ဘ၀စသည့် အထိမ်း အမှတ် ဖြစ်သဖြင့် ထိုသို့ ခေါ်ဆိုကြခြင်း ဖြစ်ရာ ကျောင်းမှ ခွာရတော့မည် ဖြစ်သဖြင့် ၀မ်းနည်းရသည့် ခံစား ချက်ထက် ဘ၀ပင်လယ် အပြောကျယ် ကျယ်အား စတင် ကူးခတ်ရတော့မည် ဖြစ်သဖြင့် စိတ်လှုပ်ရှား တက်ကြွရသည့် ခံစားချက်က ပိုများ နေတတ်လေသည်။

ထို့ကြောင့် အညို၏ ဘွဲ့နှင်း သဘင် အခမ်းအနားသည်လည်း စိတ်လှုပ်ရှား တက်ကြွစရာ ကောင်းလှသည်။ အညို၏ ပင်မ တက္ကသိုလ် အဆောက်အအုံသို့ ၀င်ရမည့် ၀င်ပေါက်ကား တစ်နှစ်တွင် တစ်ခါသာ ဖွင့်သည့် ၀င်ပေါက်ဖြစ်ပြီး ထိုတစ်ခါမှာ ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပသည့် နေ့တွင် ဖြစ်လေသည်။ အညို၏ ဆရာ၊ ဆရာမ အားလုံးနှင့် အတူ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများ အားလုံးက တစ်နှစ်ပတ်လုံး ပိတ်ထားခဲ့ပြီး ထိုနေ့တွင်မှ ဖွင့်လှစ်ပေးသော ထိုဂိတ်တံခါး ကိုဖြတ်ကာ လမ်းလျှောက်ကြသည့် ဓလေ့မှာ အညို၏ ထူးခြားချက် ဖြစ်လေသည်။ မိမိတို့ ရရှိထားသည့် ဘွဲ့များ၊ ရာထူးများနှင့် သက်ဆိုင်သည့် ၀တ်ရုံ ကြီးများ ၀တ်ဆင် ထားကြသော ဆရာ၊ ဆရာမများက ထိုဂိတ်တံခါးကို ဖြတ်သန်းကာ ဘွဲ့နှင်းသဘင် ကျင်းပရာ ပင်မမြက်ခင်းဆီ ၀င်ကြသည့်အခိုက် လမ်းဘေးဝဲယာမှ ဘွဲ့ဝတ်စုံ အသီးသီး ၀တ်ဆင်ထားသည့် ဘွဲ့ရကျောင်းသူ၊ ကျောင်းသားများ၊ တစ်နည်း ဆရာ၊ ဆရာမတို့၏ တပည့်များက မိဘဆွေ မျိုး ဧည့်ပရိသတ် အပေါင်းနှင့် အတူ လက်ခုပ် သြဘာများဖြင့် ပျော်ရွှင်ဝမ်းမြောက် ဂုဏ်ယူစွာ ပြန်လည်ချီးမြှောက် ကြသည့်မြင်ကွင်းမှာ မထူးသော်လည်း ဆန်းသည့်၊ မဆန်းသော်လည်း လန်းသည့် မြင်ကွင်းပင် ဖြစ်လေသည်။

တစ်နှစ်ပတ်လုံးက ပညာဗဟုသုတ၊ ဇွဲ၊ ၀ီရိယ အပြည့်ဖြင့် သင်ကြား မျှဝေ ပေးထားသည့် ဆရာ၊ ဆရာမတို့၏ စေတနာနှင့်ပညာကို အသိအမှတ်ပြု၊ လေးစား ဂုဏ်ပြုသည့် အနေဖြင့် တပည့်ဖြစ်သူ ကျောင်းသူ၊ ကျောင်းသားများက မိဘဆွေမျိုးများနှင့် အတူ လက်ခုပ်သြဘာ ပေးကြခြင်းကို ဖရဏာပီတိ ဂွမ်းဆီထိသည့် ပီတိမျိုးဖြင့် ခံယူခွင့် ရသည့် ဆရာ၊ ဆရာမများကို ကြည့်ရသည်မှာ အလွန်ပင် မုဒိတာ ပွားစရာ ဖြစ်လေသည်။
အမှန်တော့ ကိုယ့်ကိုလည်း ၀တ်ဆင် အပြည်ပြည် ဆိုင်ရာဌာန၏ Faculty ဆရာ အဖြစ် အသိအမှတ် ပြုထားရာ ထိုလျှောက်လမ်းပေါ်တွင် သက်ဆိုင်ရာ ဘွဲ့ဝတ်ရုံဖြင့် ၀င်ရောက် လျှောက်လှရာ ဘွဲ့ဝတ်ရုံလည်း ပါမလာသကဲ့သို့ ငှားရမ်း ရန်မှာလည်း ကိုယ်ရထားသည့် ဘွဲ့များ၏ ၀တ်ရုံများမှာလည်း သည်အညို့ဝန်းကျင်တွင် မရှိနိုင်ဖြစ်ရကာ ထိုလျှောက်လမ်းပေါ် လမ်းမလျှောက်ဖြစ်ခဲ့ပါချေ။

ကိုယ်နှင့် မိသားစုသဖွယ် ခင်မင် ရင်းနှီးသွားသည့် မနုဿဗေဒနှင့် အရှေ့တောင် အာရှသမိုင်း ပါမောက္ခ ပက်ထရစ်ရှာဆိုင်မွန်က ဖြစ်သည့်နည်းဖြင့် ကိုယ်ဝတ်နိုင်မည့် ဘွဲ့ဝတ်စုံတစ်ခုကို အရရှာကာ သူနှင့်အတူ လျှောက်လှမ်းရန် တိုက်တွန်းခဲ့သည့်တိုင် စာသင်တန်းလေး သုံး၊ လေး၊ ငါးတန်းလောက်သာ ၀င်သင်ဖြစ်ခဲ့သည့် ကိုယ့်ကိုယ် ကိုယ် လက်ခုပ်သြဘာ ခံယူထိုက်သည့် ဆရာအဖြစ် မြင်ယောင် မရသဖြင့် ထိုတိုက် တွန်းမှုကို ငြင်းပယ်ဖြစ်ခဲ့ပါသည်။

မည်သို့ပင်ဖြစ်စေ အညို၏ ထိုထူးခြားသော ဘွဲ့နှင်းသဘင် အခမ်းအနားမှာ စာပေ အနုပညာဌာန၏ ဌာနတွင်း အခမ်းအနားတွင် Commencement speech  ခေါ် ကျောင်းကိုခွဲ ဘ၀ကို နွှဲမည့် အားပေး မိန့်ခွန်းကို အညို၏ ကျောင်းသူဟောင်းလည်းဖြစ်၊ အမေရိကရှိ အပြည်ပြည်ဆိုင်ရာ စာရေးဆရာ အသင်းကြီး၏ နာယက အဖွဲ့ဝင်လည်း ဖြစ်သည့် ဂျိုအန်းက မိန့်ခြွေရာမှာတော့ ကိုယ်က ကိုယ့်ကိုယ်ပိုင် “ကိုယ်ရေးအကျဉ်း” စာမူမှ စာသားများဖြင့် ပူးတွဲ တင်ဆက်ကူညီပေးခဲ့ ဖြစ်ပါသည်။

အညိုမှ မဟုတ်မူဘဲ အခြားအခြားသော အမေရိက တက္ကသိုလ်များတွင် 

ထို Commencement speech ခေါ် ကျောင်းကိုခွဲ ဘ၀ကို နွှဲမည့် အားပေး မိန့်ခွန်းအား ပြောကြား သူများအား နိုင်ငံရေး၊ အနုပညာနှင့် ပညာရပ်ဆိုင်ရာ အောင်မြင်ကျော်ကြား ထင်ရှားသူများကို ဖိတ်ကြား တတ်ကြရာ တစ်ကျောင်းနှင့် တစ်ကျောင်း၊ တက္ကသိုလ် တစ်ခုနှင့် တစ်ခု အပြိုင်အဆိုင် ဖြစ်ကြလေသည်။

ထိုနှစ်က သမ္မတ အိုဘားမား၏ ပထမဆုံးနှစ် ဖြစ်သည့်အလျောက် သူ့ကို ထိုမိန့်ခွန်း ခြွေပေးရန် တောင်းဆိုသည့် တက္ကသိုလ်များ အများအပြား ပေါ်ပေါက်ခဲ့ သေးသည်။ ကျန်တက္ကသိုလ်များတွင် သက်ဆိုင်ရာ ဌာနအလိုက်သာ ဘွဲ့နှင်းသဘင်  အခမ်းအနားကို ကျင်းပ တတ်ကြပြီး စုရုံးကာ ကျင်းပတတ်သည့် အခမ်းအနားမျိုး ရှိလျှင်လည်း အညို့မှာကဲ့သို့ ဆရာများကို လျှောက်လမ်းပေါ် လျှောက်စေကာ လက်ခုပ်ကြဘာ ပေးခြင်းမျိုး၊ တစ်ဖန်ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူ အသီးသီးအား ဆရာ၊ ဆရာမများ ခြံရံကာ အညို့ပရိဝုဏ်၏ လမ်းများပေါ်မှာ စီတန်း လမ်းလျှောက်ကာ မိဘဆွေမျိုးများ၏ လက်ခုပ် သြဘာကို ခံယူ ကြခြင်းမျိုး၊ အနှစ်နှစ် အလလက အညို့ထံမှ ဘွဲ့ရပြီး သွားသည့် ကျောင်းသား၊ ကျောင်းသူဟောင်းများက အစုအဖွဲ့နှင့် ပြန်လာကာ စီတန်း လမ်းလျှောက်ပွဲ၏ နောက်ဆုံးမှာ စာတန်း အသီးသီး၊ ၀တ်စုံ အမျိုးမျိုး၊ ဖျော်ဖြေရေး တစ်နည်းတစ်ဖုံဖြင့် လိုက်ပါကြခြင်းမျိုး၊ တစ်နှစ်မှ တစ်ခါသာဖွင့်သည့်ဂိတ်တံခါးမှာ အညို၏ ရင်ခွင်သားများက ပွင့်နေသည့် ဂိတ်တံခါး နှင့် အမှတ်တရ ဓာတ်ပုံများ ရိုက်ကြခြင်းမျိုးကား အညို့မှာသာ တွေ့ရနိုင် သည့်မြင် ကွင်းမျိုးမှန်း မသိနိုင်သေးပါလျက် အညို၏ ရင်ခုန်လှုပ်ရှား ပျော်ရွှင်ဖွယ် ကောင်း သော ထိုတစ်နေ့ကို သဘော အကျကြီး ကျကာ ကြည်နူး နေမိပါသည်။

ကိုယ်က ပထမ ဘွဲ့ဖြစ်သော ဆေးပညာ ဘွဲ့ကို ကိုယ်တိုင်တက်ရောက် မယူ ဖြစ်ဘဲ လန်ဒန် တက္ကသိုလ်မှ ကျန်းမာရေး စနစ်များ စီမံ ခန့်ခွဲမှု ဒီပလိုမာကိုသာ ကိုယ်တိုင် တက်ရောက်ယူဖူးပါသည်။ လန်ဒန် တက္ကသိုလ်၏ ဘွဲ့နှင်းသဘင် ခန်းမ မှာလည်း တော်ဝင်မင်းသမီး အန်းက တက္ကသိုလ်၏ ဂုဏ်ထူးဆောင် နာယကအဖြစ် ချိုသာသင့်မြတ် အနက်ကြွယ်သည့် မိန့်ခွန်းမျိုး ပြောကြားသည်မှ အပ အခြား ထူးခြားမှု မျိုး မရှိသော ဘွဲ့နှင်းသဘင် အခမ်းအနားမျိုး ဖြစ်ရကား ကိုယ့်အဖို့ အညို၏ ဘွဲ့နှင်းသဘင် အခမ်းအနားသည် အမှန်တကယ် စွဲမက်ဆင်နွှဲ ပျော်ရွှင်ဖွယ် ဖြစ်ခဲ့ပါသည်။ ကိုယ်ကိုယ်တိုင် ဘွဲ့ယူကျောင်းသူတစ် ယောက် ဖြစ်ချင်စိတ်ကိုပင် မွေးဖွား ပေးနိုင်သည် အထိ စိတ်လှုပ်ရှားခဲ့ရသည်ကိုလည်း ၀န်ခံရပေမည်။
ခုတော့ ဆရာအဖြစ် လျှောက်လှမ်း ခွင့်ရသည့်တိုင် အကြောင်းကြောင်း ကြောင့် လက်ခုပ်ခြွေ ပရိသတ် တစ်ယောက် အဖြစ်သာ ကျေနပ်ခဲ့ရပေ သည်။  မည်သို့ပင် ဖြစ်စေ အများအားဖြင့် အေးချမ်း တိတ်ဆိတ်လှသည့် အညို့ ပရိဝုဏ်မှာ ထိုနေ့က မထင်မှတ် လောက်အောင် သံစုံမြည်ဟည်း ပဲ့တင် ထပ်ခဲ့သည်ကတော့ အညို၏ မမြင်သာသည့် စည်းလုံးမှုကို ကိုယ်စားပြုခဲ့ သည်ဟု ဆိုရပေမည်။

အညို၏ အခြား မှတ်မိစရာ

အညို့ပတ်ဝန်းကျင်မှာ သာမန်အားဖြင့် ပညာရပ် ဆိုင်ရာဌာနများ အလိုက်သာ လူစုရုံး စုရုံး ရှိခဲ့သော်လည်း ဘွဲ့နှင်း သဘင် အခမ်းအနားမတိုင်မီ ကာလ တစ်ခုက သိသာ ထင်ရှားသည့် စည်းလုံး မှုမျိုးကို မြင်တွေ့ခဲ့ ရဖူးကြောင်းလည်း ပြန်ပြောင်း အမှတ်ရမိပါသည်။ ထိုနေ့က ၂၀၀၉ ခုနှစ် ဇန်န၀ါရီ ၂၀ ရက်ဖြစ်ကာ ပထမဆုံး လူမည်း သမ္မတ အဖြစ် တက်ရောက်လာမည့် သမ္မတ အိုဘားမား၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲနေ့ ဖြစ်ပါ သည်။ ထိုနေ့က ခန်းမကျယ်ကြီး တစ်ခုတည်းမှာ အညို့ရင်ခွင်သားများ အတော် များများက စုစည်းကာ ပိတ် ကားပြင်ကျယ်မှာ ပြသနေသည့် ကျမ်းသစ္စာ ကျိန်ဆိုပွဲ တိုက်ရိုက် ထုတ်လွှင့်မှုကို အားပေး ကြည့်ရှုခဲ့ရသည်မှာလည်း အမှတ်ရစရာပင်။

ထိုစဉ်က လူမုန်း များနေသည့် သမ္မတဟောင်း ဘုရှ်မှ သမ္မတ တာဝန် လွှဲအပ်ပေးရန် စင်ပေါ် တက်လာရာတွင်ပင် အညို့ရင်ခွင်သားများက အော်ဟစ် ရှုတ်ချကာ မနှစ်မြို့ဟန်ကို တစ်ပြိုင်တည်း ပြခဲ့ကြသကဲ့သို့ မည်သည့် စွမ်းဆောင်မှုမျိုးမျှ မထမ်းဆောင် ပေးရသေးသည့် သမ္မတသစ် အိုဘားမားက ကျမ်း သစ္စာ ကျိန်ဆိုကာ သမ္မတ တာဝန် လွှဲပြောင်းရယူရန် ထွက်လာသည့် အခါ တွင်တော့ အားလုံး လိုလိုက တစ်ပြိုင်တည်း သဲသဲလှုပ် အားပေး အော်ဟစ်ခဲ့ ကြပါသည်။

ရေခဲမှတ်အောက် အတော်ကြီး ရောက်နေအောင် အေးလှသည့် အအေး ဒဏ်အောက်မှာ တက်ကြွ အားပေးနေသည့် ၀ါရှင်တန်မှ ပရိသတ် လေးသိန်းကျော်၏ နဖူးတွေ့ ဒူးတွေ့ အပျော်ကို အနွေးဓာတ် ပေးထားသည့် ခန်းမထဲမှ မျှဝေ ခံစားနေကြရသည့် ကိုယ်တို့ အားလုံးမှာ ထိုစဉ် ခဏက အညို၏ ဆန္ဒကို တညီ တညွတ်တည်း ပြခွင့်ရသည့် အတွက်လည်း အားလုံး တစ်သားတည်း ဖြစ်ကာ အပျော် ကူးခဲ့ကြသည်မှာလည်း အညို့အကြောင်းတွေးလျှင် မှတ်မိနေ သေးသည့် အကြောင်းပင် ဖြစ်ပါသည်။

ဟားဗတ် ဖိတ်ကြားစာကြောင့် ငိုပွဲ ဆင်ခဲ့ရခြင်း

ငယ်စဉ် ဆယ်ကျော်သက် ဘ၀မှာကတည်းက အချစ်ဆုံး သူငယ်ချင်း ဖြစ်ခဲ့ကြ သူများက သည်အမေရိက တစ်ခွင်မှာ အခြေချ နေထိုင် နေကြရာ သူတို့နှင့် အတူ ခရီးရှည် တစ်ခုထွက်ရန် လပေါင်း များစွာတည်းက ကြိုတင်စီစဉ် ထားခဲ့ကြလေသည်။

ထိုသူငယ်ချင်းများနှင့် မြောက်ပိုင်း မိန်းပြည်နယ်ရှိ အကေးဒီးယား အမျိုးသား ဥယျာဉ်ကြီးရှိရာသို့ ၂၀၀၉ ခုနှစ် ဇွန်လဆန်းတွင် ခရီးရှည် တစ်ခု မထွက်မီမှာ ဟားဗတ် မှ ဂျိန်းက “ဟားဗတ်မှာ စာသင်နှစ်တစ်နှစ်စာလောက် လာနေရင်း စာရေးဖို့ စိတ်ဝင်စားသလား”ဟု အီးမေးလ်ဖြင့် မေးခဲ့ဖူးရာ ကိုယ်က “စိတ်ဝင်စားသားပဲ။ အခု လောလောဆယ်တော့ ဇွန်လထဲမှာ သူငယ်ချင်းတွေနဲ့ မိန်းသွားမယ်။ ဇူလိုင် လဆန်းမှာ ရန်ကုန် အပြန်ကို လော့စ်အိန်ဂျလိစ်မှာ နားရင်း နာမည်ကျော်ဂရင်းကန်ညွှန်ကို သွားလည်မယ်”ဟု ဖြေထားပစ်ခဲ့သည်။

အထက်တန်းကျောင်းနှင့် ဆေးကျောင်း အတူတက်ဖော် ငယ်သူငယ်ချင်း သုံးယောက်နှင့် သွားရသည့် ခရီးမှာ ကားတစ်စီးငှားပြီး စိတ်ကြိုက် လည်သကဲ့သို့ တည်းစရာကိုလည်း ကော့်တစ်ခ်ျတစ်လုံး ငှားကာ ချက်ပြုတ် စားသောက်ကြသဖြင့် အလွန်အကြူး ပျော်ခဲ့သည့် ခရီးလည်း ဖြစ်ပါသည်။

ခရီးမှ ပြန်ရောက်ပြီး မကြာမီမှာ ဟားဗတ်ရှိ Radcliffe Institute for Advanced Study  မှ ကမ်းလှမ်းစာက ရောက်လာခဲ့သည်။ အညိုက ပေးသော ဉာဏ်ပူဇော်ခထက် နှစ်ဆမက များပြားသော ငွေကြေး၊ အခွင့်အရေးများကို ဖော်ပြထားသည့် အလွန် ယဉ်ကျေး ပျူငှာသော ကမ်းလှမ်းစာကို အသေအချာ ဖတ်ကြည့်ရာ ၂၀၀၉-၂၀၁၀ စာသင်နှစ်အတွက်ဖြစ်သည်မို့ စက်တင်ဘာလဆန်းတွင် ဟားဗတ်သို့ ရောက်ရပေ မည်။ ကိုယ် ရန်ကုန်ပြန်ဖို့ ပြင်ဆင်ထားသည်မှာ ဇူလိုင်လလယ်။ နှစ်လမပြည့် နိုင်မည့် အချိန် ကာလတိုလေးမျှသာ ရန်ကုန်မှာ နေနိုင်မည်။ ပြီးလျှင် နောက်ထပ် စာသင်နှစ် တစ်နှစ်စာကို အေးခဲမှုန်ဝါးလှသည့် နယူး အင်္ဂလန်မှာ လာနေရဦးမည်။

အညို့ဆီ မထွက်လာမီက နာဂစ်ကြောင့် လိုအပ်ချက်များစွာနှင့် ကျန်ရစ်ခဲ့သော ဧရာဝတီဒေသများ၊ ဆယ်လကျော်ကြာ လျစ်လျူ ရှုဖြစ်ခဲ့ရသော လူနာများ၊ တစ်နှစ်စာ ကြိုဖတ်ခဲ့သည့်တိုင် နှစ်နှစ်ခွဲစာ အကြွေး ကျန်နေသေးသည့် ရွှေအသစ် စာမူများ၊ အဝေးရောက် အယ်ဒီတာ ဘ၀ဖြင့် အနီးကပ် မစွမ်းဆောင် ဖြစ်ခဲ့သည့် ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်း၏ အယ်ဒီတာ အလုပ်များ၊ အာမဘန္တေ ခံထားပြီး မစီစဉ် မဆောင်ရွက် ပေးရသေးသည့် မီဒီယာ-အန်ဂျီအိုသင်တန်း၊ လူချင်း မဆုံတွေ့နိုင်သည့်တိုင် မိသားစု ၀င်များမှ တစ်ဆင့် သတင်းမလပ် နားစွင့် နေရဦးမည် ဖြစ်သည့် ရဲဘော်ရဲဘက်များ၊ အလွမ်းအပြည့် အသိပ်ဖြင့် ကိုယ့်အိမ် အပြန်ရက်ကို လက်ချိုး ရေတွက်ကာ စောင့်နေကြသည့် ဖေဖေနှင့် မေမေ။

သည်အကြောင်းအရာများက ခေါင်းထဲမှာ စီပြီး ပေါ်လာသည်။ တစ်ခါ ကိုယ့်အနေအထားကို ကိုယ်ပြန် စဉ်းစား မိပြန်သည်။ ၂၀၀၈ နှစ်ဆန်းကတည်းက မိုးများပြီး လေထန်ကာ အအေးပို သည့် အင်္ဂလန် မြောက်ပိုင်းကို ရောက်နေခဲ့သည်မှာ လေးလနီးပါး။ ရန်ကုန်မှာ ပြန်နားမည် ကြံခိုက် နာဂစ်ကြောင့် ခရီးစဉ်တွေများ၊ အလုပ်တွေရှုပ်။ ၂၀၀၈ စက်တင်ဘာမှာ အညို့ရင်ခွင်ရောက် လာခဲ့ရပြန်သည်။

ထိုစဉ် ကတည်းက အေးစက်စက် မှုန်ပျပျ ပတ်ဝန်းကျင်မှာ နေပြီး အိမ်အပြန် နေ့ရက်များကို လက်ချိုး ရေတွက်ကာ ပြင်ဆင်ခဲ့မိသည်က အမှန်တရား။ ပုရစ် ဖူးသစ်ရွက်စိမ်းများနှင့် အတူ နွေဦးကို ချဉ်းကပ် လာခဲ့စဉ်ကပင် ကိုယ့်မှာ အိမ်ပြန်ချိန် နီးပြီဟု ပျော်နေခဲ့ ရလေခြင်း။    

စာပေပွဲတော်ကို လာသည့် ဆရာ ဦးမျိုးမြင့်ညိမ်းတို့ အိမ်အပြန်မှာ ကတည်းက ဇူလိုင်လဆန်း ပြန်လျှင် ၀န်ပေါ့ရန် ဆောင်းဝတ် အချို့ကို လူကြုံ ထည့်ပေးခဲ့ပြီးသား။ အိမ်အပြန် ခရီးစဉ်ကို လွန်ခဲ့သည့် နှစ်လနီးပါးကပင် အသေးစိတ် ပြင်ဆင်ကာ အပျော် သံစဉ်တွေ ကြိုးညှိခဲ့ပြီးသား။ အညိုကလည်း အပြန် လေယာဉ် လက်မှတ်ကို ၀ယ်ပေးပြီးသား။

ခုတော့....
“ငါ...ငါ အိမ်ပြန်ချင်တယ်ဟာ။ နင်တို့ကို ပြောရတာ အားနာတယ်။  ဒါပေမဲ့ ငါ မခံစားနိုင်ဘူး။ ငါ အပြင် မှာ ဒီ့ထက် ပိုကြာကြာကြီး မနေနိုင်ဘူး။ ငါ မြန်မာပြည်ကို မခွဲနိုင်ဘူး။ ငါ့ဘ၀မှာ ငါချစ်တဲ့နေရာနဲ့ ဝေးနေရ မယ့်ကံက ဘာလို့ ပါလာပြန်တာလဲ”

ဟု နှုတ်မှ တတွတ်တွတ် ရေရွတ်ရင်း အဆက်မပြတ် ငိုကြွေးနေမိသည့် ကိုယ့်ကို ငယ်ပေါင်းကြီးဖော် သူငယ်ချင်းနှင့် အတူ ကိုယ်က ပက်ဟု ချစ်စနိုး ခေါ်သော၊ ကိုယ့်ကို သံယောဇဉ် ကြီးလွန်းသော ပါမောက္ခ ပက်ထရစ်ရှာ ဆိုင်မွန်တို့က အပြည့်အ၀ နားလည်ပေးကာ နှစ်သိမ့် ပေးခဲ့ကြသည်။
သို့သော် ထိုနေ့က တစ်နေ့လုံးငိုမဆုံး။ နောက်နေ့မှာတော့ ဆက်မငိုအား။ ဟားဗတ်ကို ရွှေ့ရန် အစီအစဉ်ကို စတင် စဉ်းစား ရပြန်သည်။ မည်သို့ပင် ဖြစ်စေ၊ မည်သည့် အခက်အခဲကို ကြုံကြုံ ကြိုတင်ပြင် ဆင်ထားသည့် အစီအစဉ်များကို မဖျက်ဘဲ ရန်ကုန်ကို အရောက်ပြန်ပြီးမှ သည် ကို ပြန်လာရန် စိတ်ပိုင်း ဖြတ်ပြီးမို့ သည်မှာ ချန်ထား ရစ်ရမည့် ပစ္စည်း ပစ္စယများ အတွက် အစီအစဉ်ကိုလည်း ကောင်း၊ နောင်နှစ် နေရေးထိုင်ရေး အတွက် အခန်း ငှားရန်ကို လည်းကောင်း၊ ဗီဇာ အလွှဲအပြောင်းနှင့် သက်တမ်းကိစ္စ ကိုလည်းကောင်း၊ လက်ကျန်ရက်နှစ် ဆယ်မှာ အပြီး လုပ်ရမည် ဖြစ်သဖြင့် ငိုမနေ အားခြင်းလည်း ဖြစ်ပါသည်။ ထုံးစံအတိုင်း သူငယ်ချင်း ပေါသူ ပီပီ ဟားဗတ်ရှိရာ ကိန်းဘရစ်ခ်ျနားမှ အော်လ်စတွန်မြို့လေးမှာ နေသော ဆရာဝန် သူငယ်ချင်း၏ အိမ်တွင် ကိုယ့် ပစ္စည်းပစ္စယများကို ထားရစ်ခဲ့ရန် စီစဉ် ရသည်မှာ အခက်အခဲ မရှိလိုက်ချေ။

မိုင်လေးရာကျော် ဝေးသည့် နေရာမှ ငယ်သူငယ်ချင်းက ကိုယ့်အငိုကို နားမခံသာစွာ စိတ်ပူပန်သူ ပီပီ ကားကို တစ်ကိုယ်တော် မောင်းလာကာ ကိုယ့်ပစ္စည်းတွေကို နောက်ထပ် မိုင်ခုနစ် ဆယ်ကျော် ဝေးရာဆီ ကူသယ်ပို့ပေး ခဲ့သည်။

ပြဿနာက နှစ်ခု ကျန်သေးသည်။ အိမ်ခန်း ငှားရေးနှင့် ဗီဇာ ကိစ္စ။ ပထမဦးဆုံး အိမ်ခန်းကို ဟားဗတ်၏ ရက်ကလစ်ဝင်း အပိုင် အဆောင်အခန်းကိုပင် ယူမည်ဟု ဆုံးဖြတ်လိုက်သည်။ ကျောင်းပိုင် အခန်းများမှာ ဈေးနှုန်း ကြီးမြင့်လှသည့် အတွက် သူငယ်ချင်းများက သေချာ စဉ်းစားပြီးမှ ဆုံးဖြတ်ရန် တိုက်တွန်းကြသည်။

ထိုစဉ်မှာ မနှစ်က ရက်ကလစ် ဖဲလိုးအဖြစ် အရွေးခံရသော ကိုယ်တို့ ၀တ်ဆင် အပြည်ပြည်ဆိုင်ရာ လေ့လာရေး ဌာနမှ ပါမောက္ခ အမျိုးသမီး တစ်ဦးအား တိုင်ပင်ရန် ပက်က တိုက်တွန်းလာသည်။ ပက်ကား ကိုယ်ရန်ကုန် ပြန်မှာကို မလိုလားသူပီပီ နယူး အင်္ဂလန်ကို ပြန်လာရမည့် အတွက် ပျော်ရွှင်မြူးထူးကာ အစစ အရာရာကို လိုက်ပူပန် ကူညီပေးနေသူပင်။

ထို့ကြောင့် သူညွှန်းသည့် ပါမောက္ခအား တိုင်ပင်ကြည့်ရာမှ ကျောင်းဝင်းမှ အခန်းကို မငှားဖြစ်တော့ချေ။ သူငယ်ချင်းများနှင့် အတူ ဂျိန်းကိုပါ အကူအညီ တောင်းသကဲ့သို့ အမေရိကတွင် သာမက ကမ္ဘာမှာပါ နာမည် ကြီးလာနေသည့် ကုမ္ပဏီ တစ်ခု၏ အင်တာနက် စာမျက်နှာ ဖြစ်သော Craiglist မှလည်း ငှားမည့် အခန်းများကို ရှာဖွေကာ ဟားဗတ် တစ်ခွင်မှ အခန်းအတော် များများအား နေ့စဉ်လိုလို လိုက် ကြည့်ရှာဖွေ ရပြန်သည်။ နောက်ဆုံးမှာ တစ်လလျှင် ဒေါ်လာ ခြောက်ရာခန့် သက်သာမည့် အော်လ်စတွန် တိုက်ခန်းကို ငှားရန် ဆုံးဖြတ်လိုက်နိုင်သည်။

ထို တိုက်ခန်းမှာ ဟားဗတ်မှ ကားဖြင့် ဆယ့်နှစ်မိနစ်စာ အကွာအဝေးတွင် ရှိသော်လည်း ဘတ်စ်ကားဂိတ်နှင့်ရော မြေအောက် ရထားဂိတ်နှင့်ပါ နီးသည့်အတွက် အဆင်ပြေသည်။ ကိုယ့်ပစ္စည်းတွေ သိမ်းထားပေးသည့် သူငယ်ချင်း၏ တိုက်နှင့် ကပ်လျက် တိုက်မှာ ဖြစ်သဖြင့် နောင်အခါ ရန်ကုန်မှ ကိုယ်ပြန်လာလျှင်လည်း မည်သူ့ အကူအညီမှ အထူးတလည် မပါဘဲ အိမ်ပြန် ပြောင်းနိုင်မည်ကိုး။

ထိုသို့ အခန်းငှားသည့် ကိစ္စကြောင့် စိတ်မအား၊ လူမအား၊ အီးမေးလ်မအား၊ ဖုန်းမအား ဖြစ်ရသည့်အထဲ ဗီဇာ ကိစ္စကလည်း အတော်ကြီး ခေါင်းခဲရပြန်သည်။ တက္ကသိုလ် အချင်းချင်း ဗီဇာ သက်တမ်းကို လွှဲပြောင်း လက်ခံနိုင်သော်လည်း ကိုယ်က ရန်ကုန်ကို ပြန်ရန် စီစဉ်ပြီး ဖြစ်နေသည်မို့ နောက်ထပ် ဂျေဗီဇာ စာရွက် စာတမ်းအသစ် ထွက်လာလျှင် ကိုယ်ရှိရာ အချိန်မီပို့ပြီး နောက်ထပ် ဂျေဗီဇာ အသစ်ကို ရန်ကုန်ရှိ အမေရိကန် သံရုံးမှာ ထပ်လျှောက်ရမည်မို့ ထွက်လာသည့် စာရွက် အသစ်အား ကိုယ့်ဆီ အချိန်မီ ရောက်ရန် အရေး ကြီးလာပြန်သည်။ အနာဂတ်အား ကြိုတင် မမြင်နိုင်သည့် အတွက် အစစ အရာရာ စိတ်အေးချင်သည့် ကိုယ့်မှာ အညိုနှင့် ကြက်သွေးနီ(ဟားဗတ်၏အရောင်မှာ ကြက်သွေးနီ ဖြစ်သည်။) တို့၏ အပြည်ပြည် ဆိုင်ရာ စကော်လာဌာနများနှင့် အီးမေးလ်ပေါင်းရာ ချီပြီး အပြန်အလှန် ပို့သည့်အပြင် ရန်ကုန်ရှိ အမေရိကန် သံရုံးဗီဇာ ဌာနသို့လည်း အီးမေးလ်ဖြင့် အကြောင်းအကျိုး မေးမြန်းကာ ရန်ကုန်လည်း အသေအချာ ပြန်ဖြစ်ပြီးသည်ကိုလည်း အခက်အခဲမရှိ ပြန်လာနိုင်ရန် စီစဉ်ရပြန်ပါသည်။

ထို့အတွက် အညို့ရင်ခွင်မှာ ဆယ်လတိုင်တိုင် အေးချမ်းစွာ နေခဲ့သော ကိုယ့်မှာ ရန်ကုန်ပြန်ရန် ရက်နှစ်ဆယ် အလိုတွင် အပူ သောကနှင့် ရှုပ်ပွမအား၊ မနားနိုင်အောင် ဖြစ်ခဲ့ရပါတော့သည်။ ကြက်သွေးနီသို့ ခြေလှမ်းအစကား မျက်ရည်မခြောက် စိတ်နောက်နောက်ဟုပင် ဆိုရမလို။  ဟားဗတ်မှ ဖဲလိုးရှစ်(Fellowship) ရသည့်အတွက် မျက်ရည်မိုး စွေခဲ့ကြောင်း သိထားသူများကလည်း ကိုယ့်အဖြစ်ကို နားလည်ပေးသည့်တိုင် ရယ်ဟဟဖြင့် တအံ့တသြ။
မည်သူမျှ ဟားဗတ်မှ ဖဲလိုးအဖြစ် ကမ်းလှမ်းစာ ရသည့်အခါတွင် စိတ်ညစ်ကာ ငိုလိမ့်မည်မဟုတ်ဟု သူတို့က ပြောကာမှလည်း အညို့ခရီး အစမှာကတည်းက လွဲနေခဲ့သည့် ကိုယ့်အဖြစ်ကို ကိုယ်တွေးမိပြီး ကိုယ့်ခံစားချက်များကို ကိုယ့်ဘာသာပင် နာမည် မတပ်တတ်တော့။
မည်သို့ပင်ဖြစ်စေ ကြက်သွေးနီသို့ ချီရပေဦးတော့မည်။
(ဆက်လက်ဖော်ပြပါမည်)
မသီတာ၊စမ်းချောင်း၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၁)

No comments:

Post a Comment