Sunday 16 October 2011

အညိုမှသည် ကြက်သွေးနီသို့ (၃)


အညို၏ တစ်ခုတည်းသော တောင်းဆိုမှု
အညို့ရင်ခွင်မှာ လွတ်လပ်မှုတွေနှင့် အသား ကျနေပြီး ခရီးယာယီတွေ များပြား လာခဲ့သည်မှာ ၂၀၀၈ စက်တင်ဘာမှသည် ဖေဖော်ဝါရီလတိုင် ဖြစ်ခဲ့လေသည်။
သည့်နောက်မှာတော့ ခဏငြိမ်ကာ စာရေး ဖြစ်ခဲ့ပြန်သည်။ ထို့နောက် မတ်လကုန်မှာ ၀ါရှင်တန် ဒီစီ၏ ချယ်ရီပန်း ပွဲတော်ကို သွားနွှဲဦးမည်ဟု တွေးဆမိသည်။

အမှန်တော့ ထိုစဉ်က အလုပ်တွေ အများသားပင်။ အညိုက လွတ်လပ်မှုတွေ အပြည့်အ၀ ပေးသော်လည်း စာပေပွဲတော် တစ်ခုကို ဦးစီး ကျင်းပပေးပါဟု တောင်းဆို ထားသည်ကိုး။ ၂၀၀၈-၂၀၀၉ စာသင်နှစ် တစ်နှစ်လုံးတွင် အညို့အတွက် ကိုယ့်အနေဖြင့် ဆောင်ရွက်ပေးရန် အလုပ်မှာ ထိုတစ်ခုတည်းသာ ရှိသဖြင့် ပေါ့ပေါ့တန်တန်လည်း မလုပ်ပေးလိုပါ။

ထို့ပြင် သည်စာပေ ပွဲတော်မှာ စင်စစ်အားဖြင့် ကိုယ့်ကို လက်ခံထားသော ၀တ်ဆင် အပြည်ပြည်ဆိုင်ရာ လေ့လာရေးဌာနနှင့် စာပေ အနုပညာ ဌာနတို့မှ သူတို့ ရွေးချယ်ထားသော စာရေး ဆရာကို ပွဲထုတ်ပြသသော ပွဲတော်မျိုးလည်း ဖြစ်နေသဖြင့် ကိုယ့်မှာ အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် ကူညီဆောင်ရွက် စီစဉ်ပေးဖို့လည်း စိတ်ပိုင်းဖြတ် ထားရပါသည်။

ဝတ်ဆင် အပြည်ပြည်ဆိုင်ရာ ဌာနမှ ဌာနတွင်း တင်ဆက်မှု တစ်ခုနှင့် စာပေနှင့် အနုပညာဌာနမှ ဌာနတွင်းစာပေ ဟောပြောပွဲ အချို့ကို ဆောင်ရွက်ပေးရန် တောင်းဆိုမှုမျိုး ရှိသော်လည်း ဌာနတွင်း ပွဲများပေမို့ လူအနည်းငယ်သာ တက်ရောက်ပြီး ကျယ်ပြန့်ခြင်း မရှိချေ။ အညို၏ အခြား ဌာနများ ဖြစ်သည့် အရှေ့တောင် အာရှ လေ့လာရေး ဌာနနှင့် ပြည်သူ့ ကျန်းမာရေး ဌာနတို့မှ ဖိတ်ခေါ်ချက်များ အရ အချို့ စာသင်တန်းများသို့ တက်ရောက်ပြီး ဟောပြော ပို့ချပေးမှုများ ရှိခဲ့သော်လည်း ယခု ကျင်းပမည့် စာပေ ပွဲတော်ကဲ့သို့ မည်သူမဆို တက်ရောက် နားထောင်နိုင်မည့် ကျယ်ပြန့်သော ပွဲမျိုး မဟုတ်ချေ။ အညိုမှ တစ်ခုတည်းသော တောင်းဆိုမှုမှာ စာပေပွဲတော် ဖြစ်ပြီး ကိုယ့်ရှေ့က လာရောက်ခဲ့သည့် စာရေးဆရာ ၅ ဦးမှာလည်း ယခုကဲ့သို့ စာပေပွဲတော်များကို စီစဉ်ပေးခဲ့ကြရသည် ချည်းပင်။

အမှန်တော့ ၂၀၀၈ ခုနှစ် ဧပြီလက ကျင်းပခဲ့သည့် စာပေ ပွဲတော်မှာ ၂၀၀၇-၂၀၀၈ စာသင်နှစ် အတွက် ရောက်ရှိနေသည့် ဇင်ဘာဘွေမှ Chenjerai Hove ကို အကြောင်းပြုပြီး ကျင်းပခြင်း ဖြစ်သော်လည်း ထိုပွဲတော် ကျင်းပချိန်တွင် ကူးဗားရော ကိုယ်ပါ လန်ဒန်သို့ ကိုယ့်အကြောင်းနှင့် ကိုယ်ရောက် နေခဲ့ကြသဖြင့် ထိုပွဲတော် ကျင်းပ နေချိန်တွင် လန်ဒန်ရှိ တက္ကသိုလ်တစ်ခု၏ အသံသွင်းခန်းမ တစ်ခုသို့ သွားရောက်ကြကာ ဗီဒီယို ကွန်ဖရင့် နည်းပညာ အားဖြင့် ပါဝင်ဆင်နွှဲ ဖြစ်ခဲ့သေးသည်။

ထိုစဉ်က ၀တ်ဆင်၏ ဂျူကော့စတီး ခန်းမကြီးတွင် ကျင်းပနေသော ပွဲတော်၏ မြင်ကွင်းကို ကိုယ်တို့က ပိတ်ကားပေါ်တွင် လှမ်းမြင်နိုင်သကဲ့သို့ ကူးဗားနှင့် ကိုယ်တို့ကိုလည်း အညို့ပရိသတ်များက ဗီဒီယိုပိတ်ကားမှ တစ်ဆင့် လှမ်းမြင်ခဲ့ကြသည်။

ထိုစဉ်က ကိုယ်က ၀တ္ထုတစ်ပုဒ်၏ အပိုင်းအစ တစ်ခုကို ဖတ်ပြကာ နောက်နှစ်မှာ လူကိုယ်တိုင် အရောက်လာမည့် အကြောင်း နှုတ်ခွန်းဆက်သခဲ့ ဖြစ်သည်။ ထို့ကြောင့် အညို၏ စာပေ ပွဲတော်သည် ကိုယ်နှင့် မစိမ်းလှဟု ဆိုရပေမည်။

အညို၏ မြန်မာစာပေ ပွဲတော်အတွက် ပြင်ဆင်ခြင်း

အညိုက တောင်းဆိုထားသော မြန်မာစာပေ ပွဲတော် ကျင်းပနိုင်ရေး အတွက် အစီ အစဉ်များနှင့် ပတ်သက်သမျှကို ကူးဗားနှင့် အတူ ဖေဖော်ဝါရီလ ကတည်းက ညှိနှိုင်း ပြင်ဆင်ကြရသည်။ အညို၏ စာပေ အနုပညာ ဌာနနှင့် ၀တ်ဆင် အပြည်ပြည်ဆိုင်ရာ လေ့လာရေး ဌာနတို့၏ ပူးတွဲ တင်ဆက်မှု ဖြစ်သဖြင့် ဌာနေ စာရေးဆရာ သဘော ရောက်ရှိနေသည့် စာရေးဆရာနှင့် ပတ်သက်သော စာပေပွဲတော်တွင် မြန်မာ စာရေးဆရာ အချို့နှင့် အတူ မြန်မာပြည် အကြောင်း ရေးသားဖူးသူ စာရေးဆရာများကိုပါ ဖိတ်ကြားမည် ဖြစ်ပြီး ပွဲတော်ပိုမို စည်ကားရေး အတွက် နာမည်ကျော် အမေရိကန် စာရေးဆရာ အချို့ကိုလည်း ဖိတ်ကြားမည် ဖြစ်ပါသည်။

ထို့ကြောင့် မည်သည့် စာရေးဆရာများကို ဖိတ်ကြားမည့် အရေး ကူးဗားနှင့်အတူ ခေါင်းစားဖြစ်ကြသည်။ ကူးဗားက အမေရိကန် စာရေး ဆရာများ အဖြစ် Paul Auster နှင့် Siri Hust-vedt တို့ဇနီးမောင်နှံ၊ အမေရိကန် PEN မှ Joanne Lee-Acker နှင့် Larry Siems, အမေရိကရောက် အိန္ဒိယ စာရေးဆရာ Amitav Ghosh ကနေဒါစာရေး ဆရာ Karen Connelly တို့ကို ဖိတ်ကြားမည်ဟု ဆိုသည်။

အမီတာ့ဗ်ကို ဖိတ်ကြားမည် ဆိုသည့်အတွက် မြန်မာ စာရေးဆရာထဲမှ ဆရာ နေ၀င်းမြင့်ကို ဖိတ်ကြားရန် ပြောဖြစ်သည်။ အမီတာ့ဗ်ရေးသည့် မှန်နန်း တော် The Glass Palace စာအုပ်ကို ဆရာနေ၀င်းမြင့်မှ ရေကန်သာ ကြာတိုင်းအေး အမည်ဖြင့် ဘာသာပြန် ထားကြောင်းလည်း ပြောပြဖြစ်သည်။

ထို့ပြင် လွတ်လပ်စွာ ပြောဆို ရေးသားမှု ခေါင်းစဉ်အောက်တွင် ဂျိုအန်း၊ လယ်ရီ၊ ပေါလ်၊ စီရီ၊ ကျွန်မတို့နှင့် အတူ ၀င်ရောက် ဆွေးနွေးမည့် မြန်မာ စာရေးဆရာ၊ အယ်ဒီတာ အဖြစ် ဆရာ မျိုးမြင့် ညိမ်းကို ဖိတ်ကြားရန် ပြောဖြစ်သည်။ သို့ဖြင့် ဟောပြောမည့် စာရေးဆရာ စာရင်း အတည်ပြုလိုက်ကြသည်။

ထိုမျှဖြင့် မပြီးသေးဘဲ ပွဲတော် ကာလ လေးရက်အတွင်း တင်ဆက်သွားမည့် အစီအစဉ်များကိုလည်း ကူးဗားနှင့် ညှိနှိုင်းရပြန်သည်။ အမှန်တော့ သည်ပွဲတော်ကို စာပေ ပွဲတော်အသွင် ကျင်းပမည်ဖြစ်သည့်တိုင် ၀ိပဿနာတရားကို စိတ်ဝင်စားသူတွေ ရှိနေသည့် အတွက် တရားပြသမှု အစီအစဉ် တစ်ခုကို ထည့်သွင်းပေးပါရန် ကူးဗားက တောင်းဆိုသဖြင့် ကိုယ်က လည်း လှိုက်လှဲစွာ သဘောတူ ဖြစ်ခဲ့သည်။ ထိုအစီအစဉ်ကို နေ့လယ်စာ မစားမီ နံနက် စောစောပိုင်း အချိန်များ တွင် ကျင်းပမည်ဟု သဘော တူဖြစ်ကြသည်။

ထို့ပြင် မြန်မာ့ စာနယ်ဇင်းများတွင် မပါမဖြစ်သည့် ကာတွန်းများနှင့် ပတ်သက်ပြီး နယူးယောက်သို့ ရောက်ရှိ နေသော ကာတွန်း မောင်မောင်အောင်နှင့် သူ့မိတ်ဆွေကိုချိုထွန်းတို့ကိုလည်း အကူအညီ တောင်းကာ ကာတွန်း ပြပွဲလေးကို ဖွင့်ပွဲနေ့တွင် ကျင်းပရန် ဆုံးဖြတ်လိုက် ကြသည်။

တစ်ဖန် မှန်နန်းတော် စာအုပ် ဘာသာပြန်ကို ရေကန်သာကြာတိုင်းအေး အမည်ဖြင့် အခန်းဆက် ဖော်ပြခဲ့ ရာတွင် လစဉ်သရုပ်ဖော်ပုံ ရေးပေးခဲ့သည့် ပန်းချီဆရာဝသုန်၏ ဘ၀ဇာတ်ကြောင်းအား ဒါရိုက်တာ ကြည်ဖြူသျှင်မှ မှတ်တမ်းရုပ်ရှင် ရိုက်ကူးထားသည့် ရုပ်ရှင်ကားတိုလေးကိုလည်း ပွဲတော်မှာ ပြသနိုင်ရန် စီစဉ်ဖြစ်ပါသည်။

ကိုဝသုန်၏ လက်ရာများကို ရန်ကုန်မှ ဒီဂျစ်တယ် ကော်ပီအဖြစ် ပေးပို့ လာရာတွင် ကူးဗားမှာ အံ့သြဘနန်း ဖြစ်ကာ သဘော အကျကြီး ကျနေခဲ့ပြန် သည်။ ထိုကဲ့သို့ လက်ရာမျိုးကို မဂ္ဂဇင်း သရုပ်ဖော် ပန်းချီအဖြစ် တွေ့ရသည်မှာ လည်း သူ့အဖို့ အထူးတဆန်း ဖြစ်နေခဲ့ ပြန်သည်။ သရုပ်ဖော်ပုံများ အနက် တစ်ပုံ ကို ရွေးချယ်ပြီး ပွဲတော် ကျင်းပမည့် ခန်းမကြီး ၀င်ပေါက်နှင့် စာပေနှင့် အနုပညာ ဌာနတို့တွင် ချိတ်ဆွဲ ထောင်ထားပြသဖို့ ကူးဗားက တက်ကြွနေခဲ့သည်။  အမှန်တော့ သည့်ထက် ကျယ်ပြန့်သော မြန်မာ စာပေပွဲတော် တစ်ခုကို စီစဉ်မည် ဆိုလျှင် စီစဉ် နိုင်သော်လည်း ထိုစဉ်က အမေရိကန်၏ စီးပွားရေး ကျခါစမို့ ထောက်ပံ့ငွေ ပြည့်ပြည့်၀၀ မရနိုင်ရကား ထိုမျှလောက်ဖြင့်ပင် တင်းတိမ် လိုက်ကြရသည်။

သည့်နောက်မှာတော့ မြန်မာပြည်မှ လာမည့် ဆရာ မျိုးမြင့်ညိမ်းနှင့် ဆရာ နေ၀င်း မြင့်တို့၏ ခရီးစဉ်အတွက် လေယာဉ်လက်မှတ်မှ အစ အမေရိကန် ပြည်တွင်း ခရီးစဉ်များ အဆုံး အသေးစိတ်ကို ကူးဗား၊ ခရီးသွား အေးဂျင့်မှ ၀န်ထမ်းတို့နှင့် အကျေအလည် ညှိနှိုင်းရသကဲ့သို့ ပြည်ပသို့ အနှစ် နှစ်ဆယ်ကျော် ရောက်ရှိနေသဖြင့် သားအဖချင်း မတွေ့နိုင် ဖြစ်နေခဲ့သည့် ဆရာ မျိုးမြင့်ညိမ်း၏ သမီးဖြစ်သူ ဒါလီ မျိုးမြင့်ညိမ်းနှင့်လည်း အသေးစိတ် ညှိနှိုင်း တိုင်ပင်မှုများ ပြုလုပ်ရပြန်သည်။

ဒါလီက ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဖရန်စစ္စကိုနားတွင် နေနေသူမို့ ဆရာ မျိုးမြင့်ညိမ်းတို့ လာလျှင် ဆန်ဖရန်မှာ တစ်ပတ်ခန့် နားနေ လည်ပတ်နိုင်ရန်လည်း အစီအစဉ်ကို ထည့်သွင်း ရေးဆွဲဖြစ်ပြန်သည်။ ထို့ကြောင့် မြို့တစ်မြို့တည်းမှာ လေယာဉ်ကွင်း တစ်ခုမက ရှိနေသည့် အမေရိကန် မြို့ကြီးများအကြား လေယာဉ် ခရီးစဉ်များကို အချိန်ကိုက် အဆင်ပြေရန် စီစဉ် ရသည်မှာ အီးမေးလ်တစ်ဖုံ၊ ဖုန်းတစ်သွယ်ဖြင့် ဦးနှောက်လည်းခြောက်၊ စိတ်လည်းနောက် ဖြစ်ရပါသည်။

အမှန်တော့ စာပေ ပွဲတော်တွင် ကိုယ်တာဝန် ယူထားရသည့် အစီအစဉ်များမှာ ပွဲတော်နေ့တိုင်း ဖြစ်နေသော်လည်း မည်သည့်စာတမ်းကိုမျှ ချမရေးနိုင်လောက်အောင် အခြားဗာဟီရများ များနေခဲ့သည့် ကာလလည်း ဖြစ်ပါသည်။ ပွဲတော်ကာလ ရောက်မှသာ အရေးပေါ် ချရေးပြီး ပြောတော့မည်ဟု ဆုံးဖြတ်ကာ ပွဲတော် အစီအစဉ်များ ချောမောရေးနှင့် မြန်မာပြည်မှ လာမည့် ဆရာများ၏ ခရီးစဉ် ချောမွေ့ရေးကို ဇောက်ချ ကူညီဖြစ်တော့သည်။

အညို့မှာ ကျင်းပသည့် မြန်မာစာပေပွဲတော်


၂၀၀၉ ခုနှစ်၊ မတ်လ ကုန်မှာတော့ ကိုယ်က ၀ါရှင်တန် ဒီစီ၏ ချယ်ရီပွဲတော်ကို မဖြစ်ဖြစ်အောင် သွားပြီး ချယ်ရီပန်းတွေ ငွားငွားစွင့်စွင့် ပွင့်စမှာပင် ပရောဗီဒင့်စ်သို့ အရောက် ပြန်လာခဲ့ရသည်။ မြန်မာပြည်မှ လာမည့် ဆရာနှစ်ဦးက ဆန်ဖရန်ကို ဧပြီလ ၉ ရက်နေ့မှာ ရောက်မှာ ဖြစ်သော်လည်း စခရင်မင်တိုတွင် အမျိုးမိသားစု တစ်စု ရှိနေသကဲ့သို့ လော့စ်အိန်ဂျလိစ် ၀န်းကျင်နေ ဆေးကျောင်း အတန်းဖော် သူငယ်ချင်း လင်မယားနှင့် အတန်းဖော် နောက်တစ်ဦးကလည်း ဆန်ဖရန်ဘက် လာရင်း ကိုယ်မရောက်ဖူးသေးသည့် နီဗားဒါးပြည် နယ်ဘက်၊ တာဟို ရေကန်ကြီးဘက် ခရီးအတူ ထွက်ကြမည်ဟု စီစဉ် ထားသဖြင့် ဧပြီလ ၄ ရက်နေ့မှာကတည်းက ကိုယ့်မှာ ဆန်ဖရန် အရောက် သွားဖြစ်ခဲ့သည်။

ထို့နောက်မှ ဧပြီလ ၉ ရက်နေ့တွင် ဆန်ဖရန် လေဆိပ်မှာ ဆရာနှစ်ယောက်ကို  ဒါလီမျိုးမြင့်ညိမ်းနှင့် အတူ အကြိုထောက်ရင်း ယိုဇမ်းမတီ အမျိုးသား ဥယျာဉ် ခရီးစဉ်နှင့် တကွ ဆန်ဖရန်နှင့် အနီးတစ်ဝိုက် ခရီးစဉ်များကို အတူ လိုက်ပါဖြစ်ပြန်သည်။
ထို့နောက် ဆရာ နှစ်ယောက်နှင့် အတူ ပရောဗီဒင့်စ်သို့ ပြန်လာကာ တစ်ညသာ အိပ်ပြီးနောက် တစ်နေ့မနက်မှာ နယူးယောက်မြို့သို့ ဆင်းခဲ့ကြပြန်သည်။ နယူးယောက်၏ လည်သင့် လည်ထိုက်သည့် နေရာများကို ဆရာများအား ပို့ပေးပြီးနောက် ကာတွန်း မောင်မောင်အောင်နှင့် သူ့မိတ်ဆွေ ကိုချိုထွန်းကို ခေါ်ကာ ပွဲတော်အမီ ပရောဗီဒင့်စ်ကို ပြန်လာဖြစ်ခဲ့သည်။ ထိုသို့ ခရီးသွားနေစဉ် ကာလအတွင်း ကူးဗားနှင့် အီးမေးလ်ဖြင့် အဆက်အသွယ် မပြတ်လုပ်ကာ ပွဲတော် အမည်နှင့် အစီအစဉ်လေးများ၏အမည် များ ရွေးချယ်ရေး အတွက် နပန်း လုံးနေခဲ့ရသည့် အတွက်လည်း ကိုယ့်အစီအစဉ် များအတွက် ဘာမျှ ချမရေး ဖြစ်ပြန်ချေ။

ကူးဗားနှင့် စာပေ အနုပညာဌာနမှ ဆရာ၊ ဆရာမများရော ကိုယ်ပါ အပြန်ပြန် အလှန်လှန် ဦးနှောက် စားကြပြီးနောက် နောက်ဆုံးမှာ ပွဲတော် အမည်ကို-
“There  will still be Light”
ဟု ပေးဖြစ်ခဲ့လေသည်။

ထိုစာသားမှာ ကဗျာဆရာ တင်မိုး ၏ ကဗျာ တစ်ပိုင်းတစ်စလည်း ဖြစ်ပါသည်။  သို့နှင့် ၂၀၀၉ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် ပွဲတော်ကို ကာတွန်းပြပွဲနှင့် အတူ ဖွင့်လှစ်လိုက်ကြသည်။ ကူးဗား ကတော့ တက်ရောက်လာသမျှ ပရိသတ် အပေါင်းကို ဧည့်ဝတ် ကျေပွန်လွန်းစွာ ၀မ်းသာအားရ ဧည့်ခံခဲ့လေသည်။ မြန်မာ ကာတွန်း ဆရာကြီးများ ဖြစ်သည့် ရွှေတလေး၊ ဦးဘဂျမ်း၊ ဦးဟိန်စွန်းနှင့် ဦးဖေသိန်းတို့၏ လက်ရာများကို ဆရာ ဦးဖေသိန်း၏ ပုံတူ လက်ရာများနှင့် တကွ ပြသထားပြီး ကာတွန်းများကို ရှင်းပြသည့် အင်္ဂလိပ် စာတန်းများအား ပုံအောက် ခြေတွင် ကပ်ထားပေးသဖြင့် တက်ရောက်လာသော ပရိသတ်များက မြန်မာကာတွန်း ဆရာများ၏ အတွေးနှင့် အရေး လက်ရာကို အပြည့်အ၀ ခံစားနိုင်ခဲ့ရာ ကိုမောင်မောင် အောင်နှင့် ကိုချိုထွန်းကို အထူးကျေးဇူး တင်ရလေသည်။

ထို့ပြင် ကာတွန်း မောင်မောင်အောင်နှင့် ကိုချိုထွန်းတို့မှ တက်ရောက်လာသည့် ပရိသတ်များအား ကယ်ရီကေးချား ပုံတူများကိုပါ အခမဲ့ ရေးဆွဲ ပေးခဲ့ပြန်သည်။ ထို့ကြောင့် ထိုနေ့ညနေက ဖွင့်ပွဲမှာ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှသည်။ နောက်တစ်နေ့ မနက်မှာတော့ ကိုယ်ပို့ချပေးသည့် ၀ိပဿနာ တရား အားထုတ်ပုံ သရုပ်ပြမှုဖြင့် အစီအစဉ်များကို စတင်လိုက်ကာ ၀တ်ဆင်ရှိ ဂျူကော့စကီး ခန်းမ ကြီးထဲတွင် “လွတ်လပ်စွာ ပြောဆို ရေးသားခြင်း” အစီအစဉ်ကို ဆက်လက် ကျင်းပခဲ့သည်။ ထိုအစီအစဉ်တွင် ပါဝင် ဆွေးနွေးသူများမှာ အမေရိကန် စာရေးဆရာများ အဖြစ် Paul Auster နှင့် Siri Hust-vedt တို့ ဇနီးမောင်နှံ၊ အမေရိကန် PENမှ Joanne Leedom- Ackerman နှင့် Larry Siems, ဆရာမျိုးမြင့်ညိမ်းနှင့် ကိုယ်တို့ ဖြစ်ကြသည်။

ကိုယ့်မှာ အလုပ်များ ရှုပ်ထွေးနေခဲ့သဖြင့် ထိုနေ့က ပွဲတွေ့ လွတ်လပ်စွာ ပြောဆိုခြင်း ဟောပြောမှုကို ခေါင်းထဲမှာပင် စီစဉ်ပြီး အချိန်ကျမှ လက်တန်းထ ပြောခဲ့ရသော်လည်း တက်ရောက်လာသူ အပေါင်းက နှစ်ထောင်းအားရ အားပေးကြသဖြင့် တော်ပါသေးဟု အောက်မေ့ လိုက်ရပါတော့သည်။

ပေါလ်နှင့် စီရီတို့ ဇနီးမောင်နှံကတော့ သူတို့ စုဆောင်းထားသည့် မြန်မာ စာရေးဆရာ အချို့၏ ကဗျာစာသား အချို့ကို ရွတ်ဖတ် ပေးခဲ့ကြပြီး ဂျိုအန်းနှင့် လယ်ရီမှာ ကိုယ့်ကို လူချင်း မမြင်မတွေ့ ဖူးစဉ်ကတည်းက သူတို့မှာ ကိုယ့်ကျန်းမာ ရေးနှင့် အစစအရာရာ အတွက် မည်ကဲ့သို့ ပူပန်ကြောင့်ကြ အားထုတ် ဖြစ်ခဲ့ကြပုံများနှင့် ကိုယ့်ကို ပထမဆုံး ဆုံတွေ့ခဲ့သည့် ၂၀၀၅ ခုနှစ်က အတွေ့အကြုံများကိုပါ ထည့်
သွင်း ပြောကြားခဲ့ကြသည်။

ဆရာ မျိုးမြင့်ညိမ်းမှလည်း သူ့ကိုယ်တွေ့ လွတ်လပ်စွာ ပြောဆို ရေးသားခြင်း ဆိုင်ရာ အကြောင်းအရာများကို ဝေေ၀ဆာဆာ ဖတ်ကြား တင်ပြခဲ့ပါသည်။ ထို့နောက် နောက်ထပ် သုံးရက်ဆက် ကျင်းပသည့် အစီအစဉ်များတွင် မှတ်တမ်း ရုပ်ရှင်ကားများ ဖြစ်ကြသော ရို့ဒ်အိုင်းလန်း ပြည်နယ်သား တစ်ဦးမှ ရိုက်ကူးတင် ဆက်သည့် ဇာတ်မင်းသား ဦးဖိုးစိန် အကြောင်း မှတ်တမ်းရုပ်ရှင်ကားနှင့် မြန်မာ အမျိုးသမီး ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးသည့် ပန်းချီဝသုန် အကြောင်း မှတ်တမ်း ရုပ်ရှင်ကားများကို ပြသခြင်း၊ မြန်မာ့ အနုပညာများ အကြောင်း ဆွေးနွေးပွဲများ ကျင်းပခြင်း၊ ၀ိပဿနာ တရားအားထုတ်မှု သရုပ်ပြအစီအစဉ်ကို ဆက်လက် ပြသခြင်းတို့နှင့် မှန်နန်းတော် တံခါးပေါက်မှ တစ်ဆင့် ကိုလိုနီခေတ်နှင့် ခေတ်လွန် မြန်မာနိုင်ငံကို ချောင်းကြည့်ခြင်း အစီအစဉ်များကိုလည်း တင်ဆက်ခဲ့ကြပါသည်။

မှန်နန်းတော် တံခါးပေါက်မှ တစ်ဆင့် ကိုလိုနီခေတ်နှင့် ခေတ်လွန် မြန်မာ နိုင်ငံကို ချောင်းကြည့်ခြင်း အစီအစဉ်တွင် အမီတာ့ဗ်နှင့် အတူ ကျွန်မတို့ မြန်မာ စာရေးဆရာ၊ အယ်ဒီတာ သုံးဦးက ပါဝင်ဆွေးနွေးပြီး တင်ဆက်သူအဖြစ် မနုဿဗေဒ ဌာနမှ ပါမောက္ခ ပက်ထရစ်ရှာ ဆိုင်မွန်က ဆောင်ရွက်ခဲ့ရာ ပရိသတ်များ အထူး စိတ်ဝင်စား ခဲ့ပါသည်။

စာပေမိတ်ဆက် ဖတ်ကြားမှု အစီအစဉ် အဖြစ် ပေါလ်နှင့် စီရီက တစ်ရက်၊ ကရင်ကော်နဲလီနှင့်ကိုယ်က တစ်ရက်၊ အမီတာ့ဗ်နှင့် ဆရာ နေ၀င်းမြင့်က တစ်ရက် ကျင်းပ ပေးခဲ့ပါသေးသည်။ တက်ရောက်ကြသူ များတွင် ရိုဒ့်အိုင်းလန်း ရောက်နေသည့် ကိုအယ်ဒီနှင့် ၀င်းဝင်းတို့ ဇနီးမောင်နှံ အပြင် အယ်လ်ဘေနီမှ လာသည့် ဒေါက်တာ ကျော်ကျော်ဝင်း၊ မအမာကြည်တို့ ဇနီးမောင်နှံလည်းပါသည့် အပြင် စာပေ အနုပညာ ဌာနမှ မဟာဝိဇ္ဇာ ကျောင်းသားများက အများစု ဖြစ်ခဲ့ပါသည်။ ကိုယ့်အမေရိကန် မိတ်ဆွေ အချို့လည်း နယူးယောက်မှ လာတက်သဖြင့် ပွဲတော်မှာ လူအလွန်အမင်း မများသော်လည်း အတော်လေး စည်ကားခဲ့သည်ဟု ဆိုရပါမည်။

သည်ပွဲတော်မှာ အထူးအမှတ်ရစရာကား မှန်နန်းတော် ကို ဖန်တီးသူ အမီတာ့ဗ်ဂို့ရှ်ကို ခင်မင် ရင်းနှီးခွင့် ရခဲ့ ခြင်းပင် ဖြစ်ပါသည်။ အမီတာ့ဗ်က အာရှစိတ် ကြီးသူ စာရေးဆရာလည်း ဖြစ်သည်မို့ ကိုယ်နှင့် အတော်ကြီး ခင်မင် ရင်းနှီးကာ ယခုတိုင် အဆက် အသွယ် မပြတ်သကဲ့သို့ သူ့ကို ဖိတ်ကြားလာသည့် နိုင်ငံတကာ စာပေပွဲတော် ကျင်းပ သူများကိုပင် ကိုယ့်ကို ဖိတ်ပါမည့် အကြောင်း ရည်ညွှန်း ပေးနေသည်မှာ ယနေ့တိုင်ပင် ဖြစ်ပေတော့သည်။

အမီတာ့ဗ်က မြန်မာပြည်ကို လာခဲ့ဖူးသည့် အတွေ့အကြုံများတွင် ဆရာ မြသန်းတင့်ကဲ့သို့ စာရေးဆရာမျိုးနှင့် ခင်မင် ရင်းနှီးခွင့် ရခဲ့ခြင်း အပေါ် အလွန် သဘောကျ နှစ်သက်ခဲ့ရကြောင်း၊ မြန်မာ့စာပေ ဟောပြောပွဲများတွင် လူများ ရာထောင်ချီ တက်ရောက်သည်ကို သူမြင်တွေ့ခဲ့ရသဖြင့် အလွန်သဘော ကျခဲ့ရကြောင်း၊ မြန်မာ့ ပုဆိုးများကို အလွန် သဘောကျကြောင်းများ တခုတ်တရ ပြောပြနေခဲ့ပါသေးသည်။

ထို့ပြင် တက်ရောက်လာ သူများထဲမှ သူ့စာဖတ် ပရိသတ် တချို့က သူ့စာအုပ် အချို့တွင် ပါဝင်သည့် အိန္ဒိယ အခေါ်အဝေါ်များကို ဝေါဟာရ အနက်ပြန်များ ထည့်သွင်း ပေးစေလိုကြောင်း ပြောကြားရာ သူသည်လည်း  အင်္ဂလိပ် စာအုပ်များတွင် ပါဝင်သည့် အခေါ်အဝေါ်အချို့ (အထူးသဖြင့် အစားအသောက်အမည်များ)ကို ယခင်က နားမလည်ပါဘဲ ဖတ်ခဲ့ကြောင်း၊ သို့သော် မည်သို့မျှ အနှောင့်အယှက် မဖြစ်ပါကြောင်း၊ ရသစာပေအတွက် အချို့ဝေါဟာရ အမည်များကို အနက် ပြန်ဆိုရန် မလိုဟု ယူဆ ကြောင်း ပြန်ကြားခဲ့ရာ ကိုယ့်မှာ သဘော အကျကြီး ကျခဲ့ရပါသည်။

အများအားဖြင့် အနောက် တိုင်းသားတို့မှာ သူတို့ ယဉ်ကျေးမှုနှင့် အခေါ်အဝေါ်များကို အရှေ့တိုင်းသားတို့က အလိုလို နားလည်အောင် ကြိုးစားလိမ့်မည်ဟု မျှော်လင့် တတ်ကြပြီး သူတို့ကမူ အရှေ့တိုင်းသားတို့၏ ယဉ်ကျေးမှုနှင့် အခေါ်အဝေါ် များကို ယဉ်ပါး နားလည်အောင် မကြိုးစားလိုကြဘဲ နေရာတကာ ဖွင့်ဆို ရှင်းပြပေး ရမည်ဟု တောင်းဆို တတ်ကြခြင်းကို သဘာဝ မကျဟု ကိုယ်တိုင်က ထင်မြင်မိသည်မို့ အမီတာ့ဗ် အဖြေကို သဘော ကျရခြင်းလည်း ဖြစ်ပါသည်။

စာပေ ပွဲတော် ကာလတွင် တက်ရောက်သူ အားလုံး အထူး သတိထားမိသည်မှာ ကူးဗား၏ ဧည့်ဝတ် ကျေပွန်မှုနှင့် တက်ကြွ ထက်သန်မှု ဖြစ်ပြီး အမီတာ့ဗ်၏ စကားပြော ကောင်းမွန်မှုနှင့် ဖော်ရွေ ချိုသာမှုတို့ကိုလည်း ကူးဗားက သဘော ကျခဲ့ပါသည်။ ကူးဗားက အထူးသဖြင့် ဆရာ မျိုးမြင့်ညိမ်းကို လေးစား ချစ်ခင်ကာ မြန်မာ သီချင်းကြီး တစ်ပိုင်းတစ်စကို ဟဲပြခဲ့သည့် ဆရာ နေ၀င်းမြင့်ကိုလည်း သူက သဘော ကျနေခဲ့ပါသည်။

ပွဲတော်အပြီး နှုတ်ဆက် ဧည့်ခံပွဲ ညတွင်တော့ ကိုယ့်ကို အညို၏ တာဝန်ရှိ လူကြီးမင်းများ အပါအ၀င် အားလုံးသော လူပုံ အလယ်မှာ ကူးဗားက ကျေးဇူးတင် စကားကို အထူးမြှောက်ပင့် ကာပင် ဆိုခဲ့ပြန်ပါသည်။ သည်ပွဲတော် ဖြစ်မြောက်ရေး အတွက် ခရီးသွား ၀န်ဆောင်မှု လုပ်ငန်းမှ ၀န်ထမ်းနှင့်ပင် တိုက်ရိုက် စကား ၀င်ပြောကာ အမှားအယွင်း အလစ်အဟာ မရှိအောင် စီစဉ် ပေးခဲ့သဖြင့် သူ့မှာ အလုပ်တာဝန် အတော်ကြီး သက်သာ ခဲ့လေသောကြောင့် ကိုယ့်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေခြင်းပင်။

အမှန်တော့ ကိုယ်ကလည်း ဧည့်ဝတ် ကျေပွန်လှကာ အစစ နားလည်ဖော် ဂရုစိုက်ဖော် ရလှသော ထိုနာမည်ကျော် အမေရိကန် စာရေးဆရာ၊ တီထွင်သူကြီးကို ရင်ထဲ အသည်းထဲမှ ညွတ်နူးလှိုက် လှဲစွာ ကျေးဇူး တင်ခဲ့သည်မှာ ယနေ့ တိုင်ပါပင်။

သူကလည်း အမီတာ့ဗ်လိုပင် အမေရိကန် တစ်ခွင်က သူ့တပည့် အချို့အား ကိုယ့်အကြောင်း ပြောပြကာ တက္ကသိုလ် အသီးသီးမှ စာပေ အနုပညာ ဌာနများနှင့် မိတ်ဆက် ပေးတာမျိုး လုပ် ပေးခဲ့သူ ဖြစ်ပါသည်။ သူမိတ်ဆက် ပေးခဲ့သည့် သူ့တပည့် တစ်ဦးမှာ ဂျိန်းဖြစ်ပြီး အညိုမှ မဟာဝိဇ္ဇာဘွဲ့ ရပြီးနောက် ဟားဗတ် တက္ကသိုလ်တွင် အခြေခံ အရေးအသား အတတ်ပညာကို သင်ကြား ပေးနေသူပါ။ ဂျိန်းကို သူက အီးမေးလ်ဖြင့် မိတ်ဆက် ပေးခဲ့ခြင်း ဖြစ်ပါသည်။ ဂျိန်းသည် နောင်အခါတွင် ကိုယ့်ဘ၀အတွက် အလွန်ကို အရေးပါသည့် အဆစ်အချိုး တစ်ခုကို ဖန်တီး ပေးခဲ့သူလည်း ဖြစ်လာ ခဲ့ပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အညို၏ စာပေပွဲတော် အပြီး မကြာခင်မှာပင် ဂျိန်း၏ ဖိတ်ကြားချက် အရ ဟားဗတ်တက္ကသိုလ်၊ လာမောင့် စာကြည့်တိုက်တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ စာရေးဆရာ ဆွေးနွေးပွဲမှ အစပြုခဲ့ခြင်းလည်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့် “အညို”မှ သည် “ကြက်သွေးနီ”သို့ ကူးပြောင်း ရမည့် နိဒါန်း၏ အဦးအစ အဖြစ်အပျက်လည်း ဖြစ်ပါတော့သည်။

(ဆက်လက်ဖော်ပြပါမည်)
မသီတာ၊စမ်းချောင်း၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၁)

No comments:

Post a Comment