Sunday 16 October 2011

အညိုမှသည် ကြက်သွေးနီသို့ ၂


အညို့ပရ၀ဏ်နှင့် လုံခြုံ အေးချမ်းမှု အမှန်မှာ အညို့ ၀န်းကျင်သည် အလွန်ပင် အေးချမ်း လှပသည့် ၀န်းကျင်ဖြစ်သည်။ အမေရိကရှိ တက္ကသိုလ်ကြီး အများစုမှာ မြို့နှင့် အတန်ငယ် အလှမ်းဝေးရာ တောင်ကုန်းများ ပေါ်တွင် ရှိနေ တတ်သည်မို့ အညိုသည်လည်း တောင်ကုန်းလေးပေါ်မှ တက္ကသိုလ် တစ်ခု ဖြစ်သည်။ အမေရိကမှာ အိုင်ဗီလိခ်ခေါ် ပညာရေး၊ အားကစားနှင့် လူမှုရေး အရ ထိပ်တန်း အကျဆုံး တက္ကသိုလ် စုစုပေါင်း ၈ ခု ရှိရာ အညိုက တစ်ခု အပါအ၀င် ဖြစ်သည်။

ထိုထိပ်တန်း တက္ကသိုလ် ၈ ခုစလုံးက အရှေ့မြောက်ပိုင်း နယူး အင်္ဂလန် ဒေသမှာ ရှိနေပြီး ဟားဗတ် တက္ကသိုလ်၊ ယေးလ် တက္ကသိုလ်၊ ကော်နဲတက္ကသိုလ်၊ ကိုလံဘီယာ တက္ကသိုလ် ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ်  ပရင့်စ်တန် တက္ကသိုလ်နှင့် ဒါးမောင့်သ် ကောလိပ်တို့ ပါဝင်သည်။

ထိုကြောင့် ဘရောင်း တက္ကသိုလ်မှာ မည်သည့် တာဝန်မျှ ကြီးကြီးမားမား မရှိဘဲ သူတို့အခေါ် Faculty ပညာရှင်အဖြစ် နေခွင့် ရခြင်းသည် အေးချမ်းသည့် အခွင့်ထူးပင် ဖြစ်လေသည်။ အညို၏ ပရ၀ဏ်ကား ကျန်အမေရိကန် တက္ကသိုလ်များနှင့် ယှဉ်လျှင် ကျယ်ဝန်းလှချည့် မဟုတ်သော်လည်း အတော် အတန် ကျယ်ဝန်းသည်။ ဥရောပများ ကြီးစိုး နေထိုင်ခဲ့သည့် အတွက်လည်း ဥရောပ ဟန်ဆန်သည်။ ပရ၀ဏ် အတွင်းရှိ အဆောက်အအုံအချို့မှာ ၁၉ ရာစု ကတည်းက ဆောက်ထားသည့် အတွက်လည်း ဥရောပမြို့ငယ်လေး သဖွယ် ဖြစ်နေသည်။ ထူးခြားချက် တစ်ခုမှာ ပရ၀ဏ် အတွင်းရှိ ပုဂ္ဂလိကပိုင် အိမ်များ၏ ရှစ်ဆယ် ရာခိုင်နှုန်းခန့်မှာ Faculty ပညာရပ် ဆိုင်ရာ ဆရာများ၊ Tenure အမြဲတမ်း ပါမောက္ခများ စသည့် ဆရာ၊ ဆရာမများ ပိုင်ဆိုင်သည့် အိမ်များ ဖြစ်နေခြင်းပင်။

အညိုကို ၁၇၆၄ ခုနှစ်ကတည်းက တည်ထောင်ခဲ့ခြင်း ဖြစ်ရာ နောက်ပိုင်း တက္ကသိုလ် ချဲ့ထွင်လာသည့် အခါ တက္ကသိုလ် ၀န်ထမ်းများ ဖြစ်ကြသည့် ဆရာ၊ ဆရာမများကို ပရ၀ဏ်နှင့် အနီးဆုံးတွင် နေထိုင်ကြစေ ခြင်းဖြင့် အားလုံးအတွက် အကျိုးများမည်ဟု ဆုံးဖြတ်ကြရာမှ ဆရာ၊ ဆရာမများကို ဈေးနှုန်းသင့်စွာ ရောင်းချပေးရန် အညိုက စီစဉ်ခဲ့လေသည်။ ထို့ကြောင့်လည်း စာပေအနု ပညာဌာနမှ အမြဲတမ်း ပါမောက္ခဖြစ် သော ရောဘတ်ကူးဗားက သူ့ဌာနရှိရာ ၆၈ နှစ်ပိုင်းတစ်ပိုင်း၊ အညိုလမ်းနှင့် ထောင့်မှန် ကျနေသည့် လမ်းချိုးလေးထဲမှာ အိမ်ရှိနေသည်။

ထိုသို့ဖြင့် အညို၏ ဆရာ၊ ဆရာမများသည် အညို၏ ကျောင်းသားများ နည်းတူ အညိုရင်ခွင် ထဲမှာပင် ရှိနေတော့သည်။ အညို၏ နောက်ထပ် ထူးခြားပြီး အခွင့်ထူးမှု တစ်ခုမှာ သယ်ယူပို့ဆောင်ရေး ဖြစ်သည်။ အညိုသည် ရို့ဒ်အိုင်းလင်း ပြည်နယ်ဟု ခေါ်သော အမေရိက၏ အသေးငယ်ဆုံး ပြည်နယ်လေးတွင် ရှိရာ အညိုမှ ထုတ်ပေးထားသည့် ကျောင်းသားကတ်၊ ဆရာကတ်၊ ၀န်ထမ်းကတ် များဖြင့် ထိုပြည်နယ် တစ်ခွင် ပြေးဆွဲသော လိုင်းကားဘတ်စ်ကားများ အားလုံးကို အခမဲ့ စီးနင်းနိုင်ခြင်းပင်။ ထိုအခွင့်အရေးက ကိုယ်တို့ကဲ့သို့ နိုင်ငံခြားသားများ အတွက် ပိုပြီး အကျိုးများစေသည်။ ကိုယ်တို့မှာ ကိုယ်ပိုင်ကား ငှားခြင်း၊ ၀ယ်ခြင်း မလုပ်ကြ သည့်အတွက် လိုင်းကားကို အားထား စီးကြရသည်။ လိုင်းကားနံပါတ်က အများအပြား ရှိပြီး ကိုယ်ပိုင်ကား စီးသူများသည့် အတွက်လည်း လိုင်းကားများမှာ နာရီဝက်၊ တစ်နာရီမှ တစ်စီးဆိုသကဲ့သို့ ပြေးတတ်ကြရာ အမှားမခံ၊ မှားစီးလျှင် အချိန်ရော ငွေပါ ကုန်သွားနိုင်သည်ကိုး။

ထို့ကြောင့် လိုင်းကားစီးကာ သွားလိုရာကို သွားခါနီးလျှင် အခမဲ့ စီးခွင့်ရသည့်တိုင် မည်သည့်နံပါတ်ကို မည်သည့်ကားဂိတ်တွင် စီးသင့် ကြောင်း ဂူဂဲလ်မြေပုံမှာ ၀င်ရှာပြီးမှသွားရသည်။ လိုင်းကားစာရင်းနှင့် အချိန်ဇယားကို သူတို့ ၀က်ဘ် စာမျက်နှာမှာ ၀င်ကြည့်နိုင်သော်လည်း ကိုယ်သွားလိုသည့် လိပ်စာ သိရုံဖြင့် မည်သည့်လိုင်းကားနံပါတ်ကို စီးရမည်မှန်း လွယ်လွယ်ဖြင့် မသိနိုင်ရကား ဂူဂဲလ်၏ အကူအညီ မပါလျှင် အလုပ် မတွင်ချေ။ ဂူဂဲလ်မြေပုံ ၀က်ဘ်စာမျက်နှာမှာက ကိုယ့်အိမ်လိပ်စာနှင့် သွားလိုသည့် လိပ်စာကို ရိုက်ထည့်လိုက်လျှင် သွားနိုင်သည့်လမ်း သုံးသွယ်လောက် ပြထားတတ်သည်။

မည်သည့် အချိန်တွင် မည်သည့် ကားဂိတ်မှ မည်သည့် နံပါတ် လိုင်းကားကို စီးပြီး လိုအပ်လျှင် မည်သည့်ဂိတ်မှာ နောက်ထပ် မည်သည့် ကားနံပါတ်ကို ပြောင်းစီးကာ မည်သည့်ဂိတ်တွင် ဆင်းပြီး မည်မျှကြာ အောင် မည်သို့ လမ်းဆက်လျှောက်ပါက ရောက်နိုင်ကြောင်း၊ ခရီးစဉ် အစအဆုံး အတွက် မိနစ်မည်မျှ ကြာမြင့်မည် ဖြစ်ကြောင်း အဖြေပေးတတ်သည်ကိုး။ ထို့ကြောင့် အမေရိကမှာ နေခဲ့သည့် နှစ်နှစ်လုံးလုံး ဂူဂဲလ်မြေပုံ၏ အကူအညီ ဖြင့်သာ လိုင်းကားရော၊ ကိုယ်ပိုင်ကား ဖြင့်ပါ ခရီးတိုရှည်ပေါင်း ရာထောင်ချီ သွားဖြစ်ခဲ့ရပါသည်။

ထိုသို့ လိုင်းကားများကို ပြောင်းပြီး စီးရလျှင် အညိုမှ ထုတ်ပေးထားသည့် ကတ်ကလေးကို ဘတ်စ်ကား မောင်းသူနားရှိ လက်မှတ် ၀ယ်စက်ကလေး၏ သတ်မှတ်ရာ နေရာတွင် ထိလိုက်ရုံဖြင့် ရို့ဒ်အိုင်းလန်းပြည် နယ်တစ်ခွင်မှာ တရားဝင် ကားစီးခွင့် ရခြင်းကလည်း အညို့ရင်ခွင်ဖွားများ အတွက် ကောင်းခြင်းတစ်ချက် ဖြစ်လေတော့သည်။

အညိုကား အမေရိကန် ကျောင်းပီပီ ညနက်ပိုင်းမှာ မလုံခြုံတတ်သည့် အခိုက် အတန့်မျိုးလည်း ရှိနေပြန်ပါသည်။ စိတ်မမှန်၍ ဖြစ်စေ၊ အကြမ်းဖက်လို၍ ဖြစ်စေ အကြမ်းဖက်သူများက အညို့ ပရ၀ဏ်မှာ ရှိနေတတ်သည်။ သည်တော့ အညိုက သူ့ရင်သွေးများကို လုံခြုံအောင် ထားရန် အခမဲ့ အကြိုအပို့ အစီ အစဉ်တစ်ခုလည်း လုပ်ပေးထားပြန် သည်။ ထိုအစီအစဉ်ကတော့ အညိုရှိရာ ပရောဗီဒင့်စ်မြို့၏ နောက်ထပ် နာမည်ကျော် ကျောင်းတစ်ကျောင်းဖြစ်သည့် Rhode Island School of Design  ဒီဇိုင်းကျောင်းနှင့် တွဲဖက် အစီအစဉ် ဖြစ်သည်။ ဒီဇိုင်းကျောင်းက အညိုရှိရာ တောင်ကုန်း၏ အခြေပိုင်းတွင် ရှိပြီး နှစ်ကျောင်း လုံးရှိ ဆရာ၊ ကျောင်းသား၊ ၀န်ထမ်းများမှာ ထိုအနီးနားတစ်ဝိုက်တွင် နေထိုင်ကြသည်မို့ ကျောင်းနှစ်ကျောင်းက ထိုအစီအစဉ်ကို စီစဉ်ထားကြခြင်း ဖြစ်သည်။ ထိုအစီအစဉ်မှာ ည ၇ နာရီမှ နံနက် ၅ နာရီကြားအတွင်း ကျောင်းနှစ်ကျောင်း တံဆိပ်ပါသည့် ဆလွန်းကားများက တက်စီသဖွယ် ပတ်လမ်းနှစ်မျိုးမှာ ၁၅ မိနစ်တစ်ကြိမ် ပတ်မောင်း ကြကာ အကူအညီ လိုအပ်နေသည့် ကျောင်းသားကတ်၊ ဆရာကတ်၊ ၀န်ထမ်းကတ် ပြနိုင်သူများကို သွားလိုရာအရောက် လုံခြုံ စိတ်ချစွာ အခမဲ့ ပို့ဆောင် ပေးကြခြင်းပင်။

အမေရိက ရောက်ကတည်းက ရန်ကုန်ကျင့် ပျောက်ကာ မှောင်လာချိန် စရိုက်ထူးခြား သည့် လူမျိုးများမြင်လျှင် ရဲကားကို အားကိုးတကြီး ရှာနေမိတတ်သည့် ကိုယ့်အဖို့ ထိုအစီအစဉ်ကား ကြီးစွာသောအားကိုးရာပင်။ ထို့ကြောင့်လည်း ၂၀၀၅ ခုနှစ်က နာမည်ကျော် ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်မှာ နေခဲ့စဉ်က နာမည်ကျော် ဘော်လ်တီမိုး၏ ညနေခင်းများကို တစ်ကိုယ်တော် မဖြတ်သန်းရဲခဲ့သမျှ အညို၏ ညနေခင်း၊ ညခင်း များကို တစ်ကိုယ်တော် ဖြတ်သန်းဖြစ်ခဲ့ရပါသည်။ အညိုကား ထိုကဲ့သို့လည်း ကိုယ့်အပေါ် လုံခြုံမှုကို ပေးပြန်သည်ကော။

သေယာလမ်းမနှင့် အညို့အလှ

အညိုသည် တောင်ကုန်းပေါ်မှာ တည်ထားသော ကျောင်းဖြစ်သဖြင့် ဘတ်စ်ကား များနှင့် ကိုယ်ပိုင်ကားများ၊ လူများရောထွေးပြီး သွားလာလျှင် ရှုပ်ထွေးနိုင်သဖြင့် အညိုရှိရာတောင်ကုန်းကို တက်သည့်လမ်းအား နှစ်မျိုး ဖောက်လုပ်ထားလေသည်။ တစ်မျိုးမှာ တောင်ကုန်းအသားကိုထွင်းပြီး ဥမင်ဖောက်ထားကာ ထိုလမ်းကို ဘတ်စ် ကားများသာ သုံးသည်။ နောက်လမ်းမှာတော့ သာမန်ကားလမ်းဖြစ်ကာ ကိုယ်ပိုင်ကား များနှင့် လူများအသုံးပြုရန်ဖြစ်သည်။ ထို့ကြောင့် အညိုရှိရာဝန်းကျင်သည် ပရောဗီ ဒင့်စ်မြို့ကို လှမ်းမြင်နေရပြီး ဘတ်စ်ကားတွေလည်း ရှုပ်ယှက်ခတ် မနေချေ။ အညို့ ပရ၀ဏ်မှာ အထူးထင်ရှားပြီး လူအစည်ကားဆုံး နေရာကား သေယာ လမ်းမကြီး ဖြစ်သည်။

ကိုယ်နေရန် စီစဉ်ပေးထားသော အခန်းမှာ သေယာလမ်းမကြီးအား ထောင့်မှန်ကျနေသော လမ်းသွယ်တစ်ခုဖြစ်သည့် ဘိုဝင်န်လမ်းမှာဖြစ်ပြီး ကိုယ့်ရုံးခန်း ရှိရာ ၀တ်ဆင် အပြည်ပြည်ဆိုင်ရာ ဌာနမှာ သေယာလမ်းမကြီးပေါ် ၁၂ မိနစ်မျှ လမ်း လျှောက်လျှင် ရောက်နိုင်သော နေရာတွင်မို့ ကိုယ့်မှာ သေယာကို နေ့စဉ် ယဉ်ပါးခဲ့ရ လေသည်။ ၀တ်ဆင်အဆောက်အအုံနှင့် ကိုယ်နေထိုင်ရာ ဘိုဝင်န်လမ်းထိပ်တို့မှာ အညို့ပရ၀ဏ်၏ ဘယ်နှင့် ညာ အစွန်တစ်ဖက်စီတွင် ရှိလေသည်။ သေယာလမ်း ပေါ်မှာ ကော်ဖီဆိုင်များ၊ အလှပြင်ဆိုင်၊ ဖက်ရှင်ဆိုင်များ၊ စာအုပ်ဆိုင်၊ စတိုးဆိုင် စသဖြင့် ဆိုင်ပေါင်း မြောက်မြားစွာ ရှိသဖြင့် ကျောင်းဖွင့်ရက်များတွင်သာမက ကျောင်းပိတ်ရက်များတွင်ပါ လူစည်ကား နေတတ်သည်။ လမ်းမကြီးမှာ အကွေ့အကောက် မရှိသလောက်ဖြစ်ကာ ကုန်းပြင်အနိမ့်အမြင့် ဆင်ခြေလျှော လောက်သာ ရှိသည့် လမ်းမ ဖြစ်လေသည်။

အညို၏ ကျောင်းအဆောက်အအုံ အသီးသီးမှာ ဥရောပခေတ် လက်ရာမျိုး ဖြစ်နေသည်မို့ ထုနှင့်ထည်နှင့် ရှေးဟောင်းအဆောက်အအုံများ ဖြစ်ကြကာ ကျောင်းပရ၀ဏ် အတွင်း လမ်းလျှောက်ရသည့် အခါမှာပင် စိတ်ထဲတွင် ခမ်းနားကြီးကျယ်မှု၊ ရှေး ဟောင်းဆန်မှုတို့ကို ခံစားရနိုင်သည်။ ဆောင်းကာလများဆိုလျှင် နှင်းခဲနှင်းမှုန်များ ဖုံးလွှမ်းနေသည့် အညို့ပရ၀ဏ်သည် လွမ်းမောချင်စရာ ဖြစ်သည်။ အပင်များ အားလုံးတွင် အရွက်များ မရှိတော့သော်လည်း နှင်းခဲနှင်းချောင်းများ တွဲသီခိုနေလေ့ ရှိပြီး နေမွန်း တည့်ခါနီးမှ ထွက်လာတတ်သည့် နေရောင်ခြည်ဖျဖျအောက်မှာ အ၀တ်အစား ထူထူကြီးများ ၀တ်ထားသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ရှေးဟောင်းနှင့် ခေတ်သစ်လက်ရာ အဆောက်အအုံများကို တွေ့ရသည်မှာ မည်သည့် အရာကို လွမ်းရမှန်း မသိဘဲ လွမ်းရသကဲ့သို့ ဖြစ်တတ်လေသည်။ ရာသီအလွန် အေးလာလျှင် ၀တ်ဆင်ရှိ ရုံးခန်းသို့ပင် မသွားချင်တော့ဘဲ ကိုယ့်အိမ်ခန်းလေးထဲမှာသာ ကုပ်နေကာ ပြတင်းမှ တစ်ဆင့် ပြင်ပက နှင်းကမ္ဘာ ကိုလှမ်းကြည့်ပြီး သက်ပြင်းမော တွေချနေဖြစ်ခဲ့သည်။ တစ်ကိုယ်တော် ဖြစ်နေရသည့် အပြင် အလင်းရောင်မှာလည်း မှုန်ပျပျသာ ဖြစ်နေသဖြင့် အလိုလို နေရင်းကပင် ဆွေးလွမ်းလွမ်းကြီး ဖြစ်နေတတ်သည့် ဆောင်းရက်များသည် အညို့အကြောင်း တွေးလျှင် ပေါ်လာမြဲတည်း။

အမှန်မှာ နွေဦး ကာလ တစ်လျှောက်လုံး အညို့ပရ၀ဏ်၏ အလှအပနှင့် စိမ်းစိုဝေဆာမှုကို ယနေ့တိုင် မမေ့သေးသော်လည်း ဆောင်းရက်များမှ အညို ရုပ်ပုံလွှာက အိမ်လွမ်းနာကို မီးလောင်ရာ လေပင့်ပေးနိုင်သဖြင့် ပိုပြီး စွဲထင်နေခဲ့ခြင်းလည်း ဖြစ်ပေမည်။ နွေဦးရောက်သည့်အခါ ထိုကိုယ်လုံးတီး သစ်ပင်အသီးသီးမှာ စိမ်းနုနုအရွက် အနည်းငယ်နှင့် ရောင်စုံအသွေးစုံ ပန်း များ ပေါ်ထွက်လာတတ်သည်။ သည် ရောက်မှ သတိထားမိသည်မှာ နွေဦးတွင် အရွက်စိမ်းစိမ်းများ အရင် မထွက် လာဘဲ အရောင်စုံသည့်အပွင့်များက အရင်ထွက်လာတတ်ခြင်းပင်။ ရွန်ဒန် ဒရွန်၊ ဒက့်ဖိုဒေးလ် စသည့် အပွင့်များ အပြင် ကိုယ် မသိသော အပင်များမှာ အ၀ါ၊ အနီ၊ ဒန်းရောင်၊ လိမ္မော်ရောင်၊ ခရမ်းရောင် စသဖြင့် အရောင်စုံပန်းများ က အရွက်စိမ်းစိမ်းများ စုံအောင် မထွက်မီကပင် ထွက်လာခြင်းကလည်း ကိုယ့်လို အာရှသားအတွက် ဆန်းနေ သည်လေ။ ကိုယ်တို့ဆီမှာတော့ အပင် များက အရွက်ဝေပြီးမှ အပွင့်ဝေကြသည် ကိုး။ အညို့ဝန်းကျင်မှာတော့ အပွင့်ဝေ ပြီးမှ အရွက်စုံလေသည်။ မည်သို့ပင်ဖြစ် စေ ရိုးတံပြိုင်းပြိုင်းနှင့် ၀တ်လစ်စလစ် ဖြစ်နေသည့် အပင်များထက် အပွင့် ရောင်စုံ၊ အရွက်စိမ်းစိမ်းများကို မြင်ရ သည်က စိတ်ကို အလွန်ပင်လန်းဆန်း စေသည်။

အညို၏ နောက်ထပ်ကောင်းသော အချက်မှာ အညိုမှ ထုတ်ပေးထားသည့် ကတ်ဖြင့် အညိုပိုင်အားကစားရုံကြီးမှာ နှစ်သက်ရာ အားကစားများကို အခမဲ့ ကစားနိုင်ခြင်း ဖြစ်လေသည်။ ထိုအား ကစားရုံကြီးမှာ ကိုယ်နေသည့် လမ်း ထိပ်မှာပင်ရှိသော်လည်း ရာသီအေး သည့်ကာလများတွင် အိမ်တွင်း အောင်း နေမိသကဲ့သို့ အခြေအနေပေးသည်နှင့် လမ်းများနေခဲ့သည့်အတွက် အားကစား မပြောနှင့်၊ ကိုယ်လက်လှုပ်ရှားမှုကိုပင် မှန်မှန်မပြုလုပ်ဖြစ်ခဲ့ချေ။ ထိုအကြောင်း ပြန်တွေးလျှင် ခုထိ နောင်တရမိသေး သည်။ အမေရိကမှာ ဂျင်မ်တစ်ခုကို အသုံးပြုခွင့် ရရေးသည် အခကြေးငွေ အတော် သုံးရသည်။ အညိုမှာကဲ့သို့ အခမဲ့ အသုံးပြုခွင့်ကား ကျန်တက္ကသိုလ်များ မှာပေးခဲဘိခြင်း။

ထို့ကြောင့် အခွင့်အရေးကို ရသည့် အခိုက်မှာ မသုံးဖြစ်ခဲ့ ခြင်းကား နောင်တရမိရုံသာ။ အညို့ ပရ၀ဏ် ကိုယ်တိုင်ကပင်လျှင် လမ်းလျှောက်ရန် အလွန် သင့်လျော်သည့် ပရ၀ဏ် ဖြစ်လေသည်။ တောင်ကုန်း လေးပေါ်မှာတည်ထားသည့် ပရ၀ဏ်မို့ အဆင်း အတက်လေးများနှင့် အေးချမ်းသည့် ပရ၀ဏ်မှာ ငယ်ရွယ် နုနယ်သည့် အညို့ရင်သွေးများကို ငေးမောရင်း၊ အရောင် စုံလျှင်စုံ၊ မစုံလျှင် ရိုးတံပြိုင်း ပြိုင်း၊ နှင်းမှိုင်းမှိုင်းနှင့် ဖြစ်နေသည့် အပင်များကို ကြည့်ငေးရင်း လမ်းလျှောက်ရသည့် အရသာမှာ ငယ်စဉ်က ရန်ကုန်ဝိဇ္ဇာနှင့် သိပံ္ပ တက္ကသိုလ် ၀င်းထဲကို လမ်းလျှောက် ထွက်ခဲ့ရသည့် အရသာအား ပြန်လည်တမ်းတ မိစေသည်။ တက္ကသိုလ် ပရ၀ဏ် တစ်ခု အတွင်း လမ်း လျှောက်ရသည့် အရသာနှင့် ပတ်သက်လျှင် ကိုယ့်မှာ ဆယ်ကျော်သက် လူငယ် ဘ၀မှာ ရခဲ့သည့် အရသာထက် မူကြိုနှင့် မူလတန်း အရွယ်က အဖေ့ လက်ဆွဲကာ လျှောက်ခဲ့ရသည့် အရသာကို ပိုပြီး အမှတ်ထင်ထင် ဖြစ်ခဲ့ရသည်မို့ အညို့ ပရ၀ဏ် တစ်နံတစ်လျား လျှောက်ခွင့်ရ သည့်အခါ စိတ်ထဲတွင် ပြန်ငယ်သွား သကဲ့သို့ လန်းဆန်း ခဲ့ရပြန်ပါသည်။

ရေပြင်ပေါ်က မီးထွန်းပွဲ

အညို၏ ရင်ခွင်ကို ရောက်စမှာ အမေရိက အတွက် နွေရာသီအကုန် ဆောင်းဦးသို့အ၀င် ဖြစ်သဖြင့် အညို ရှိရာ ပရောဗီဒင့်စ် မြို့လေးမှာ လေဟာပြင် ပွဲလမ်းသဘင်များ ရှိနေဆဲ အချိန် ဖြစ်သည်။ အညို့ဝန်းကျင်မှာမူ ကျောင်း ဖွင့်စဖြစ်သဖြင့် ကျောင်းသားများ၏ အသင်းအဖွဲ့ ဖွဲ့စည်းခြင်း လှုပ်ရှားမှု များရှိနေတတ်သည်။ ပရောဗီဒင့်စ်မြို့ လယ်သည် အညိုရှိရာ တောင်ကုန်းလေးမှ ဆင်းကာ လမ်းအတန်ငယ် လျှောက်သွားသည်နှင့် ရောက်နိုင်သဖြင့် လည်း ကိုယ့်မှာ မိနစ် ၂၀၊ ၃၀ မှ တစ်စီး လာတတ်သည့် ဘတ်စ်ကားများကို စောင့်မနေတော့ဘဲ အညောင်းပြေ အညာပြေ လမ်းလျှောက်လည် တတ်ခဲ့ပြန်သည်။ ဆောင်းဦး ကာလများတွင် ရာသီဥတုမှာ ကြည်လင် နေတတ်ကာ အပူချိန်မှာလည်း နွေးထွေးဆဲမို့ လူအများကလည်း အိမ်ပြင်ထွက်လေ့ ရှိကြသည်လေ။

ပရောဗီဒင့်စ်သည် ရို့ဒ်အိုင်းလန်းပြည်နယ်၏ မြို့တော် ဖြစ်သဖြင့် ပြည်နယ် အစိုးရ ရုံးစိုက်သည့် အဆောက်အအုံလည်း ရှိနေပေသည်။ ထိုအဆောက် အအုံမှာ အညိုရှိရာ တောင်ကုန်းနှင့် မလှမ်းမကမ်းမှာ အပြိုင် ရှိနေသည့် တောင်ကုန်းပေါ်တွင် တည်ရှိပြီး ကက်ပီတောလ်ဟု ခေါ်ကြသည့် ၀ါရှင်တန်ဒီစီရှိ အမေရိကန် အစိုးရ ရုံးစိုက်ရာ အဆောက်အအုံနှင့် ပုံစံတူလည်း ဖြစ်သည်။

ထိုအဆောက်အအုံမှာ ပြည်နယ် အစိုးရရုံး စိုက်ရာမို့ အခွန်ရုံး ရှိသကဲ့သို့ အခြား ရုံးပေါင်းများစွာ ရှိနေသည်။ သို့သော် ထိုအဆောက်အအုံကို ရုံးသူ ရုံးသားများ သာမက ပြည်နယ်သူ ပြည်နယ်သားများကလည်း အသုံးချနိုင် ကြသည်။ ရင်သား ကင်ဆာနှင့် ပတ်သက်သည့် လှုပ်ရှားမှု တစ်ခုကို မြို့ခံအဖွဲ့အစည်း အသီးသီးမှ ကျင်းပကြရာ ထိုအဆောက်အအုံကို ထည့်သွင်း အသုံး ပြုခဲ့ကြသေးသည်။

ပရောဗီဒင့်စ်၏ ထူးခြားသော လေဟာပြင်ပွဲ တစ်ပွဲမှာ ရေပေါ်တွင် မီးထွန်းသည့်ပွဲ ဖြစ်သည်။ သူတို့က Waterfire ဟု ခေါ်ဆိုပြီး ဆောင်းဦးနှင့် နွေရာသီတို့တွင် ကျင်းပတတ်သည်။ ကျင်းပသည့် နေ့ရက်မှာ ရာသီဥတု ကောင်းမွန်နေသည့် စနေနေ့ တိုင်းဖြစ်ပြီး ပရောဗီဒင့်စ်မြို့၏ ရေမြောင်းကြီး အသွင်ရှိ မြစ်နှင့် ဆက်နေသည့် တူးမြောင်းကြီး တစ်လျှောက် မီးဖိုစရာ နေရာလေးများတွင် ထင်းမီးများ ဖိုကာ ညအလှကို ပိုစည်ကားအောင် ပြုကြလေသည်။ အချို့မီးထွန်းပွဲ နေ့များကို ပွဲလမ်းသဘင် တစ်ခုခုဖြင့် တိုက်ဆိုင်ကာ ပြုလုပ်ကြပြီး ထိုနေ့များတွင် ဧည့်သည်များ သိန်းချီထိ လာရောက် ကြည့်ရှုတတ်လေသည်။ ရင်သား ကင်ဆာကို လူပိုသိပြီး ဝေဒနာရှင်များကို ပိုကြင်နာရန်နှင့် ဝေဒနာ မဖြစ်သေးသည့် အမျိုးသမီးများလည်း ကင်ဆာ၏ အန္တရာယ်ကို အမှုမဲ့ အမှတ်မဲ့ မနေဖြစ်ရန် ရည်ရွယ်ကာ ကျင်းပသည့် ထိုလှုပ်ရှားမှုတွင် မြို့တော်ဝန် အပါအ၀င် လှုပ်ရှားမှုတွင် ပါဝင်သူများ အားလုံးက ရင်သားကင်ဆာ အထိမ်းအမှတ် စလွယ်ပန်းရောင်၊ ရင်ထိုး ပန်းရောင်များ တပ်ဆင် ထားကြပြီး ထိုရေပေါ် မီးထွန်းပွဲ အတွက် မီးစတင် ထွန်းညှိရန် စီတန်း လမ်းလျှောက် ခဲ့ကြသည်။

ထိုနေ့က မီးထွန်းပွဲ၏ ကုန်ကျ စရိတ်များကိုလည်း ဆေးရုံ၊ ဆေးကုမ္ပဏီများ အပါ အ၀င် အခြားသော ကုမ္ပဏီအသီးသီးမှ ကျခံပေးခဲ့သဖြင့် ရေပေါ်မီးထွန်းပွဲမှာ အထူး စည်ကား အောင်မြင်လှသည်။ မီးထွန်းသည့်အချိန်ကို နေ၀င်ပြီး အမှောင် စတင်ချိန် အဖြစ် သတ်မှတ် ထားသော်လည်း နေညိုသည့်အချိန်ကတည်းက ဧည့်သည် အများအပြားက နေရာယူနှင့် ကြကာ တူးမြောင်းထဲမှာ လှေစီးသူစီးကြနှင့် ခါတိုင်းနေ့များမှာ အိမ်တွင်း အောင်းနေခဲ့ကြသလောက် ထိုနေ့တွင်ဖြင့် မြို့လယ်လမ်းပေါ်မှာ စည်ကား သိုက်မြိုက်လှပေသည်။ အမှန်တော့ ပရောဗီဒင့်စ် မြို့လေးမှာ ဥရောပ ဟန်ဖြင့် လှပနေသောမြို့ဖြစ်ပြီး အမေရိကတွင် ပထမဆုံး ဖြစ်သော နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း အဆောက်အအုံလည်း ရှိ လေသည်။ မြို့လယ်ရှိ အစိုးရရုံးများ အားလုံးလိုလိုမှာ ရှေးဟောင်းအဆောက် အအုံများမို့ အခြားအမေရိကမြို့များကဲ့ သို့မဟုတ်ဘဲ တစ်မူထူးနေသည့်မြို့လေး လည်း ဖြစ်ပေသည်။

ခရီးများ

အညို့ရင်ခွင်သည် လွတ်လပ်အေး ချမ်းသော်လည်း တာဝန် ဟူ၍လည်း သတ်သတ်မှတ်မှတ် ယူစရာမရှိ၊ တစ်ကိုယ်တော်လည်း ဖြစ်ပြန်၊ ရာသီဥတုကလည်း အေးနေသည်က များသဖြင့် ကိုယ်က အညို၏နေ့စွဲများတွင် လမ်း သလားလို့သာ နေခဲ့ဖြစ်လေသည်။ အမေရိက တစ်ခွင် ခရီးစဉ်များ အပြင် အယ်လ်ဂျီးရီးယားနှင့် ပွာတိုရီကိုကဲ့သို့ ပြည်ပနှင့် ပြည်နယ်ပ ခရီးများပင် ထွက် ဖြစ်ခဲ့သည်။ ထိုခရီးများအနက် အထူး တန်ဖိုး ထားမိသော ခရီး တစ်ခုမှာ ငယ်သူငယ်ချင်းများနှင့် ပြန်လည် ဆုံတွေ့သော ခရီးဖြစ်သည်။ ကိုယ်က ၁၉၈၂-၉၀ စာသင်နှစ်များတွင် ဆေးတက္ကသိုလ်သို့ တက်ရောက်ခဲ့ရာ ထိုစဉ်က ကိုယ်တို့ အတန်းမှာ ကျောင်းသား ၂၅၀ ၀န်းကျင်သာ ရှိခဲ့သည်။ ကျောင်းမပြီးမီ၊ အလုပ်သင် ဆရာဝန် တာဝန်များ မထမ်းဆောင်မီကပင် အချို့အတန်းဖော်များမှာ ရန်ကုန်ကို ခွဲခွာ သွားခဲ့ကြသကဲ့သို့ အများစုမှာမူ ဆရာဝန် ဖြစ်ပြီးခါမှ ပြည်ပသို့ ထွက်သွားခဲ့ကြလေသည်။

ယခုအခါ အမေရိက တစ်နိုင်ငံ တည်းမှာပင် အတန်းဖော် ၅၀ ဦးမျှ ရောက်ရှိနေကြပြီး အများစုမှာ အမေရိက၏ အရှေ့မြောက်ပိုင်းနှင့် အနောက် တောင်ပိုင်းတို့တွင် နေကြသည်။ သူငယ်ချင်းများမှာ ကျောင်းပြီးစကတည်းက ကွဲကွာ သွားခဲ့ကြပြီး အဆက်အသွယ် ပြတ်သွားခဲ့ကြရာမှ နည်းပညာ အကူအညီ ဖြစ်သည့် ယာဟူးအုပ်စု အီးမေးလ်ဖြင့် အဆက်အသွယ် ပြန်ရ လာကြသည်။ ထို့နောက် တိုင်ပေ၊ စင်ကာပူနှင့် အင်္ဂလန်မှ သူငယ်ချင်းအချို့က နယူးယောက်ကို လာလည်ရန် အစီအစဉ် ရှိသဖြင့် ပြန်လည် ဆုံတွေ့ပွဲ အသေးစား လေးလုပ်ကြရန် စိတ်ကူး ရကြရာမှ နယူးယောက် အနီးတစ်ဝိုက်မှ သူငယ်ချင်းများ၏ အစီအစဉ်ဖြင့် ထိုပွဲလေးကို ဖြစ်မြောက်အောင် ကြိုးစားနိုင်ခဲ့ကြလေသည်။

နယူး ယောက်ပြည်နယ်ထဲရှိ ဟတ်ဆန်မြစ်ဘေးမှ သူငယ်ချင်း အိမ်တွင် ပြုလုပ်ခဲ့သည့် ထိုတွေ့ဆုံပွဲလေးသည် ကိုယ်တို့အားလုံး ကို အနှစ်နှစ်ဆယ်မျှ ပြန်လည်နုပျို သွားအောင် ဖန်တီး နိုင်ခဲ့ပေသည်။ ထိုနေ့က အထူးကုဆရာဝန်များ ဖြစ်နေ ကြပြီဖြစ်သည့် သူငယ်ချင်းများ အပါအ၀င် ဌာနအသီးသီး၊ ကျွမ်းကျင်မှု အသီးသီးဖြင့် နေရာ အသီးသီးမှာ နေထိုင် နေကြသည့် သူငယ်ချင်း ၂၀ ခန့် ဆုံတွေ့ရရာ အတူ လိုက်ပါလာသည့် အိမ်ထောင် ဖက်များနှင့် သားသမီးများပါ အံ့သြ ရလောက်အောင် အပျော်ကြူးခဲ့မိကြ လေသည်။

နောက်ထပ် ခရီးများသွားဖြစ်ခဲ့ သည်မှာလည်း ပြည်နယ်ပေါင်း ၂၀ ကျော်သည်အထိ ဖြစ်သည်။ ထိုကဲ့သို့ တစ်သွားတည်း သွားနေသည့် အတွက် ၀တ်ဆင်ကရော စာပေ အနုပညာဌာန ကပါ မည်သည့်အမေးအမြန်း၊ အစပ် အစုမှ မပြုကြသည်ကလည်း ကိုယ့်ဘ၀မှာ မရခဲ့ဖူးသည့် လွတ်လပ်မှုကို ရခဲ့ရ ခြင်းပင်။ အမှန်တော့ ကိုယ့်မှာ အလည် သွားစရာ သူငယ်ချင်း၊ မိတ်ဆွေများ ပေါများလွန်းနေသကဲ့သို့ ဖိတ်ကြားကြသည့် တက္ကသိုလ်နှင့် အဖွဲ့အစည်းများ ရှိနေသည်ကို ၀တ်ဆင်ကရော၊ စာပေနှင့် အနုပညာဌာနကပါ တအံ့တသြနှင့် ၀မ်းပမ်း တသာပင် ဖြစ်ခဲ့ကြသေးသည်။ ကိုယ့်အစီအစဉ်များနှင့် ကိုယ် ရှုပ်ယှက် ခတ်နေသည်ကိုကြည့်ကာ သူတို့က မုဒိတာတွေ ပွားခဲ့ကြသည်။

ကိုယ်ကလည်း ပြည်နယ်များများ ရောက်ဖူးရေး စီမံကိန်းကို အပီ ရေးဆွဲကာ လက်ခံမည့် အိမ်ရှင် မိတ်ဆွေ သူငယ်ချင်းများကို လှမ်းချိတ်လိုက်၊ မည်သူမျှ မရှိသည့် နေရာများ အတွက် ခရီးသွား ကုမ္ပဏီများကို လှမ်းဆက်သွယ်လိုက်နှင့် အလုပ် များနေခဲ့သည်။ ထို့ပြင် စင်ကာပူမှာ နေသည့် မောင်လေး အပါအ၀င် အခြား ပြည်နယ်များမှာ နေထိုင်သည့် သူငယ်ချင်းအချို့နှင့် ပညာတော်သင်ဖြင့် ရောက်နေ သည့် ကျောင်းသူ အချို့ကိုလည်း ကိုယ့်အခန်းလေးတွင် ဧည့်ခံဖြစ်ရာ ကိုယ့်မှာ စာရေး ဖြစ်သည့်တိုင် လူမှုရေး အများဆုံး၊ လမ်းသလားဆုံး စာရေးဆရာလည်း ဖြစ်ခဲ့ပြန်လေသည်။ မည်သို့ပင် ဆိုစေ အညိုက ပေးသော လွတ်လပ်မှုထဲမှာ ကိုယ်သည် အစွမ်းကုန် ပျော်ပိုက်ကာ နေဖြစ်ခဲ့ပေပြီ။

(ဆက်လက်ဖော်ပြပါမည်)
မသီတာ၊စမ်းချောင်း၊
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၁)

No comments:

Post a Comment