Sunday 16 October 2011

အညိုမှသည် ကြက်သွေးနီသို့ ၁


အညို။ အမှန်တော့ အညို့ကို ကိုယ်က မေ့မေ့လျော့လျော့ ဖြစ်ခဲ့သည်။ အညိုကသာ ကိုယ့်ကို မမေ့စတမ်း။
အညိုကား ကိုယ့်အတွက် လွတ်လပ်မှုတွေ ဖောဖောသီသီ ပေးအပ်ခဲ့သည်။ ဖန်တီးမှုတွေ ဝေေ၀ဆာဆာ ဖြစ်စေခဲ့သည်။ ထို့ပြင် အညိုသည် ကိုယ့်အတွက် တံခါးတစ်ချပ် လှေကားထစ် တစ်ဆင့်လည်း ဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် ကိုယ်သည် အညို့ကို မမေ့နိုင်တော့။

အညို၏ ကြေးများသော စာရေးဆရာ

၂၀၀၈ နှစ်ဆန်းမှာ ကိုယ်က အင်္ဂလန်နိုင်ငံ၊ ယော့ခ် တက္ကသိုလ်၏ ပဋိပက္ခများ ဖြေရှင်းမှု စီမံ ခန့်ခွဲရေး သင်တန်းကို တက်ရောက်နေချိန်။ သင်တန်း၏ လေ့လာရေး ခရီး အဖြစ် နယ်သာလန် နိုင်ငံ၊ အမ်စတာဒမ် မြို့လေးကို ရောက်နေခိုက် ကိုယ့်ဆီကို လျှပ်ချော စာတစ်စောင် ရောက်လာသည်။အညို့ဆီကပင်။ အညို၏ စာပေ အနုပညာ ဌာန တာဝန်ခံ ရောဘတ်ကူးဗားမှ ရေးလာသည့် လျှပ်ချောစာမှာ သည်သို့။ အညို၏ Watson ၀တ်ဆင် အပြည်ပြည် ဆိုင်ရာ လေ့လာရေး ဘာသာရပ်နှင့် သူတို့ စာပေ အနုပညာဌာန တို့မှ ပူးပေါင်းစီစဉ်သည့် IWP International Writers Project အပြည်ပြည်ဆိုင်ရာ စာရေးဆရာ အစီအစဉ် အတွက် ကိုယ့်ထံမှ ကိုယ်ရေး အကျဉ်းကို မျှော်နေပါသည်ဟု။ ကိုယ်က သည်အစီအစဉ် အတွက် လျှောက်ရန် စိတ်ကူး မရှိခဲ့။

ထို့ပြင် ကိုယ့်လျှပ်ချောစာ လိပ်စာကို ကူးဗားက မည်ကဲ့သို့ ရရှိသွားမှန်းလည်း မသိ။ ထိုစဉ်က အိမ်လွမ်းနာက လည်း သည်းနေချိန်။ သည်တော့ သည်အကြောင်းကို ကိုယ် မသိရှိခဲ့ပါဟု စာခပ်တိုတို ပြန်လိုက်သည်။ ကူးဗားက ချက်ချင်း စာပြန်လာသည်။ ၂၀၀၅ ခုနှစ် အိုင်အိုဝါ တက္ကသိုလ်မှာ IWP International Writing Program အပြည်ပြည်ဆိုင်ရာ အရေးအသား အစီအစဉ် အပြီး ၂၀၀၆ နှစ်ဆန်းမှာကတည်းက သူတို့ကို ထိုအစီအစဉ်၏ ဒါရိုက်တာ ခရစ်မာရေးလ်က ညွှန်းခဲ့သဖြင့် ကိုယ့်ကို ဆက်သွယ်ခဲ့ဖူးကြောင်း၊ ထိုစဉ်က ကိုယ့်ထံမှ ထိုနှစ်အတွက် မလာလိုသေးကြောင်း၊ ဂျေဗီဇာ၏ သဘာဝ အရလည်း နောင် နှစ်နှစ်ကြာမှ လာနိုင်မှာဖြစ် ကြောင်းတို့ဖြင့် အကြောင်း ပြန်ကြားခဲ့ သဖြင့် ယခုမှ ပြန်လည် ဆက်သွယ်ရခြင်း ဖြစ်ကြောင်း စာပြန်လာခဲ့သည်။ ထိုအခါမှ ကိုယ့်ကို အညိုက မမေ့စတမ်း ဖြစ်ခဲ့သလောက် ကိုယ်က မေ့နေခဲ့ကြောင်း သဘော ပေါက်မိသွားသည်။ သည်တော့ သူတို့ ၀က်ဘ်စာမျက်နှာကို ရှာကြည့်မိသည်။

အစီအစဉ် အတွက် လျှောက်လွှာ ခေါ်ထားသော နောက်ဆုံးနေ့က ကျော်လွန်၍ပင် သွားခဲ့ပြီ။ သည် တော့ လျှပ်ချောစာ ပြန်ပို့လိုက်သည်။ ကိုယ့်ဆီက လျှောက်လွှာကို မေ့လိုက်ပါ တော့ဟု။ အကြောင်းက သင်တို့၏ လျှောက်လွှာပိတ်ရက် ကုန်ဆုံး သွားပြီကိုး။ ထိုအခါ ကူးဗားဆီမှ စာပြန်လာသည်။ လျှောက်လွှာ ပိတ်ရက်ကို မေ့လိုက်ပါ၊ သူတို့မှာ နိုင်ငံ အချို့မှ လျှောက်လွှာ အချို့ လက်ခံထားရပြီး ဖြစ်ကြောင်း၊ သို့သော် ကိုယ့်ထံမှ လျှောက်လွှာကို မျှော်နေသေးကြောင်းတဲ့။ သည်တော့မှ ကိုယ်က လှုပ်လှုပ်ရှားရှား ဖြစ်လာရပြီ။ အညိုသည် ကိုယ့်ကို အလေးအနက် ထားသည်ကိုး။

သို့သော် အိမ်လွမ်းနာကို ပက်ပက်စက်စက် ခံစားနေရဆဲ ဖြစ်သော ကိုယ်က ဥာဉ်မကောင်းစွာ တွေးနေမိသည်။ သည်သင်တန်းက ဧပြီလလယ်မှ ပြီးကာ ရန်ကုန်ကို လကုန်ခါနီးမှ ရောက်မည်။ အညို၏ အစီအစဉ်က အမေရိက၊ ရို့ဒ် အိုင်းလန်းပြည်နယ်၊ ပရောဗီဒင့်စ်မြို့ကို ဇူလိုင်လဆန်း အရောက် သွားရမည်။ ပြီးတော့ ရန်ကုန်ုမှာ နေဖို့ ကိုယ့်အတွက် အချိန်သိပ် မရှိ။ သည်တော့ အညိုက မခေါ်လည်း ကိုယ်က ပျော်မြဲ။ သည်တော့ ကိုယ်ရေး အကျဉ်းနှင့် အတူ ပေးပို့ရမည့် ကိုယ့်လက်ရာ စာပေ နမူနာကို သမားရိုးကျ ရေးဟန် မဟုတ်တာတွေ ရွေးပေးဖို့ စိတ်ကူး မိတော့သည်။ စာတမ်းလား၊ ၀တ္ထုလား၊ ကဗျာလား မသဲကွဲပါဟု ပြောလေ့ ရှိကြသော ကိုယ့်လက်ရာ အချို့ကို ရွေးဖြစ်သည်။

ထိုအချိန်က ကိုယ်က အလုပ်များ နေသဖြင့် ကိုယ့်ထံ လျှပ်ချောစာဖြင့် အဆက်မပြတ် ဆက်သွယ်နေသော ကူးဗား အကြောင်း မလေ့လာဖြစ်သေးသလို အညို၏ ထိုအပြည်ပြည် ဆိုင်ရာ စာရေးဆရာ အစီအစဉ် အကြောင်းလည်း အသေးစိတ် မလေ့လာ ဖြစ်သေး။ သည်လိုနှင့် ကိုယ် ယော့ခ်မှမပြန်မီ အညိုက စာပြန်လာသည်။ ၂၀၀၈-၂၀၀၉ ခုနှစ်အတွက် ဘရောင်း တက္ကသိုလ်(သို့) အညို၏ အပြည်ပြည် ဆိုင်ရာ စာရေးဆရာ အစီအစဉ်အတွက် ကိုယ့်ကိုသာ ရွေးချယ် လိုက်ပါသည်ဟု။

သည့်နောက်မှာ ကိုယ်က ဇူလိုင်အစား စက်တင်ဘာမှ လာပါရစေဟု ဈေးဆစ် ပြန်သေးသည်။ အလုပ်တွေပစ်ပြီး တစ်နှစ်လောက် ပြည်ပမှာ နေဖို့ကို ကိုယ်က အလွန် တွန့်ဆုတ် နေခဲ့သည်ကိုး။ ကိုယ့်ဆီက ကြေးများမှု တွေကို ကူးဗားက ဒိုင်ခံဖြေရှင်းသည်။ ကိုယ့်အဖြစ်က ပြောင်းပြန်ကြီး ဖြစ်နေမှန်း မသိ လောက်အောင် ကိုယ်က ရန်ကုန်မှာ အချိန်ပို နေရရေးကို အသည်းအသန် ဈေးဆစ်ခဲ့ သည်။ ၂၀၀၈ ခုနှစ်၊ မေလမှာ နာဂစ်ဖြစ်တော့ ကိုယ်က ရန်ကုန် ပြန်ရောက်နေပြီး အဖြစ်ဆိုး အတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ လုပ်အားပေးလိုခိုက်မို့ သည်လိုသာ နာဂစ် ဖြစ်မည်မှန်း ကြိုသိခဲ့လျှင် အညို၏ အစီအစဉ်ကို လက်ခံခဲ့မှာ မဟုတ်ဟုပင် သွေးရူးသွေးတန်း လျှပ်ချောစာ တစ်စောင် လှမ်းပို့ခဲ့သေးသည်။ ထိုကဲ့သို့ ကိုယ့်ဘက်က တောင်းဆိုချက်တွေ တသီတတန်းကို ကူးဗားက သည်းခံခဲ့ရုံမက သည့်ထက် ထပ်ပြီး တောင်းဆိုစရာတွေ ရှိသေးလျှင် ယခုကပင် အကုန်အစင် ပြောထားနိုင် ကြောင်းပင် စာပြန်ခဲ့လေသည်။

အညိုနှင့် ကူးဗားကို ကိုယ်က သည်သို့သည်နှယ် ကြေးများ၊ ဈေးဆစ်ခဲ့သမျှ သည် ကူးဗားကို လူချင်း မတွေ့ရခင် အထိသာ ခံခဲ့ပေသည်။ ကူးဗားကို မည်သူ မည်ဝါဟု အသေအချာ သိလိုက်ရပြီးမှာတော့ အညိုနှင့် သူ့အပေါ် အားနာစိတ်သည် ယခုအချိန်ထိ ကျန်တုန်းပင်။ သည်နေရာမှာ ကိုယ့်စိတ်ကူး အလွဲကိုလည်း ၀န်ခံရပေမည်။ ကိုယ်က သမားရိုးကျ စာပေလက်ရာမျိုး မဟုတ်သည်ကို ပေးလိုက်လျှင် ကူးဗား နှင့်အညိုက စိတ်ဝင်စားချင်မှ ၀င်စားမည်ဟု တလွဲ တွေးခဲ့ခြင်းသာ။ အမှန်မှာ ရောဘတ်ကူးဗားဟူသည် အမေရိကန် စာပေသမိုင်း တစ်လျှောက် စာအရေးအသားနှင့် ပတ်သက်လျှင် စွန့်ဦး တီထွင်သူ ဖြစ်လေသည်။ သည်နေရာမှာ ကိုယ့်စာဖတ် အားကလည်း ကူးဗား စာတွေကို စွဲမှတ်မိနေအောင် မထက်သန်ခဲ့၊ မနက်နဲခဲ့ဟု ကိုယ့်ဘာသာ စိတ်ပျက်မိရပြန်သည်။ ကူးဗားသည် ဈေးကွက်ဝင် လက်ရာမျိုးကို သဘော မကျသော၊ စာပေကို ခေတ်နှင့်အညီ အနှစ် သာရရော ပုံသဏ္ဌာန်ပါ ပြောင်းလဲ တီထွင်တတ်သော၊ အသစ်အသစ် တီထွင် ဖန်တီးမှုကို ခုံမင်လှသော၊ စာအရေးအသား ဆန်းသစ်မှု အရာမှာ စွန့်ဦးတီထွင်သူအဖြစ် အသိအမှတ်ပြု ခံရသော၊ အညို၏အပြည်ပြည်ဆိုင်ရာ စာရေး ဆရာအစီအစဉ်အတွက် ဖခင် တစ်ဦးဟု ဆိုအပ်သော စာရေးဆရာ ရင့်မာကြီး ဖြစ်သည်ကိုး။

စာပေပုံသဏ္ဌာန်သစ်ရှင် ရောဘတ်ကူးဗားနှင့် Robert Coover ကူးဗားက ၁၉၃၂ ခုနှစ်ဖွားပါ။ သူ့စာများမှာ အကြောင်းအရာထက် အရေးအသားကို ဂရုတစိုက် တီထွင်ဆန်းသစ် ထားသည့်အတွက် စာရေး စမှာပင် အမေရိကန် စာပေလောက၏ အသိအမှတ်ပြုမှုကို ခံရပါသည်။ သူ့ကို Fabulation နှင့် Metafiction စာပေပုံ သဏ္ဌာန်များ၏ ဖခင်ကြီးဟုလည်း ဆိုကြသည်။ သူက ပို့စ်မော်ဒန် ၀တ္ထုတို များကို အစောဆုံး ရေးသားခဲ့သူ အဖြစ်လည်း နာမည်ကျော်သည်။ သူ၏ နာမည် အကျော်ဆုံး လက်ရာမှာ Magic Realism အမျိုးအစား ဖြစ်သော The Public Burning ဖြစ်သည်။ သူ့လက်ရာ တချို့မှာ ဘာသာရေး၊ နိုင်ငံရေးနှင့် လိင်မှု ရေးရာများကို ရှုထောင့်တစ်မျိုး၊ တင်ပြဟန် တစ်ဖုံဖြင့် ရေးသားထားခြင်း ဖြစ်သည်။ သူသည် သည်ဘရောင်း တက္ကသိုလ်၏ စာပေ အနုပညာ ဌာနမှာ အကြီးဆုံး ဖြစ်သကဲ့သို့ အပြည်ပြည် ဆိုင်ရာ စာရေးဆရာ အစီအစဉ်ကို စတင် ဖန်တီး ထူထောင်ခဲ့သူလည်း ဖြစ်သည်။

ဘရောင်း၏ စာပေ အနုပညာ ဌာနမှာ အမေရိကန် တက္ကသိုလ်များရှိ MFA (Master of Fine Arts) ဘွဲ့လွန် သင်တန်းများ အားလုံးအနက် ထူးခြားသော လျှပ်စစ်စာရေးနည်း သင်တန်းကို ပို့ချ ပေးနေသည်မှာလည်း ကူးဗား၏ ကြိုးစား တီထွင်မှုပင်ဖြစ်သည်။ စာပေဆုပေါင်း မြောက်မြားစွာ ရရှိထားသော် လည်း သူက အနေမကြွား။ သူ့တီထွင်မှု အားလုံးထဲမှာ နောက်ဆုံး ဖြစ်သကဲ့သို့ အဆန်းသစ်ဆုံးနှင့် အခက်ခဲဆုံး တစ်ခုမှာ The Cave ဖြစ်သည်။

အညိုကို ကိုယ်ရောက်သည့် အချိန်မှာ ကူးဗားက လန်ဒန်မှာ နေနေချိန် ဖြစ်သည်။ သည်တော့ ကိုယ်က ကိုယ့်ရုံး ခန်းရှိရာ ၀တ်ဆင် အပြည်ပြည်ဆိုင်ရာ လေ့လာရေး ဌာန အဆောက်အအုံမှာပင် အချိန်ပေးနေ ဖြစ်သည်။ သည်ဌာနနှင့် ဌာနမှ ဖိတ်ကြားလေ့ ရှိသော အပြည်ပြည်ဆိုင်ရာ ပညာရှင်များ အကြောင်း ကလည်း စိတ်ဝင်စားစရာ ကောင်းလှသည်။ ကိုယ်မရောက်မီ ၂၀၀၇-၂၀၀၈ ခုနှစ်က သည်ဌာနမှာ မြန်မာနိုင်ငံ အတွက် ကုလသမဂ္ဂ ဆိုင်ရာ အထူး ကိုယ်စားလှယ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသော မစ္စတာ ပေါင်လိုဆာဂျီရိုပီညဲရိုး ရှိနေခဲ့သည်။ သူ့ရုံးခန်းက အောက်ဆုံးထပ်မှာ ဖြစ်ခဲ့သည်။ ကိုယ့်ရုံးခန်းကတော့ သုံးထပ်၊ အပေါ်ဆုံးမှာ။ ကိုယ်က ရန်ကုန်မှာ ရှိခဲ့စဉ် တစ်လျှောက်လုံး မနက် ဆေးရုံ၊ နေ့လယ် မဂ္ဂဇင်းတိုက်ဖြင့် အချိန်ပိုင်း အလုပ်နှစ်ခု လုပ်ခဲ့သည်မို့ ကိုယ်ပိုင် ရုံးခန်းနှင့် စားပွဲပင် ရှိခဲ့သူ မဟုတ်သော်လည်း အခု အညို့ရင်ခွင်မှာတော့ မှန်ပြတင်းကြီး ရှိသည့် ခေတ်မီ ရုံးခန်းကြီးနှင့် ဖြစ်နေသည်။

သို့သော် မစ္စတာပီညဲရိုး အပါအ၀င် အခြား ပညာရှင်များ အဖို့ ဌာနမှာ တက်ရောက်နေသည့် နိုင်ငံတကာ ကျောင်းသားများကို စာသင်ပေးရ၊ အတန်းယူ ပေးရသည့် အလုပ် ရှိသော်လည်း ကိုယ့်မှာတော့ ကိုယ့်စာကိုယ် ရေးရုံမှအပဌာန အတွက် မည်သည့် အလုပ်ကိုမျှ လုပ်ပေးစရာ မလိုခဲ့ချေ။ အခြား ဌာနများမှ Faculty ခေါ် ဆရာ များက သူတို့၏ စာသင်တန်းများ အတွက် ဧည့်ဆရာ အဖြစ် ဖိတ်ကြားမှုကိုလည်း ကိုယ့်သဘော အတိုင်း လက်ခံလိုက လက်ခံ၊ ငြင်းဆန်လိုက ငြင်းဆန်နိုင်သည်ဟု ကူးဗား၏ လက်ထောက် ဆရာတစ်ဦး ဖြစ်သော စာရေးဆရာ ဂေးလ်နယ်လ်ဆင်က ပြောပြန်သည်။

သူက စာပေ အနုပညာ ဌာနမှ ဖြစ်သည်။ ၀တ်ဆင်ကလည်း ကိုယ့်ကို မည်သည့် တောင်းဆိုမှုမျှ မရှိသေးဘဲ ရက်သတ္တပတ် အချို့ ကုန်ဆုံး လာချိန်မှာ ကိုယ်က အငြိမ် မနေချင်တော့။ စာရေးရသည်မှာလည်း အတန် ညည်းငွေ့လာသည်။ သည်တော့ အညို့ရင်ခွင်ကို ပြန်မရောက် လာသေးသည့် ကူးဗားကို လျှပ်ချောစာ လှမ်းပို့ပြီး ခရီး ခဏတစ်ဖြုတ် ထွက်ဦးမည်ဟု အကြောင်း လှမ်းကြားသည်။ ကူးဗားက ခပ်ရွှင်ရွှင် လျှပ်ချောစာ တစ်စောင် ပြန်လာသည်။ သည်ကာလများ အတွင်း ကိုယ့်စိတ်ကြိုက် ကိုယ့်သဘော လုပ်ချင်ရာ လုပ်နိုင်ကြောင်း၊ စာမရေးလိုကလည်း ရကြောင်း၊ ခရီး ထွက်လိုကလည်း အကြောင်းကြားစရာမလိုကြောင်း၊ ထင်ရာကို စိတ်ကြိုက်စိုင်းနိုင် ကြောင်းတဲ့။သည်မှာတင် အညိုကပေးသော အစွမ်းကုန်လွတ်လပ်မှုကို ကိုယ့်မှာ တအံ့တသြ မယုံနိုင်လောက်အောင် ခံစားလိုက်ရသည်။ အချိန်ပြည့် မည်သည့် တာဝန် ၀တ္တရားကိုမှ ထမ်းဆောင်စရာမလိုသကဲ့သို့ မည်သည့် အနှောင်အဖွဲ့မှ မရှိပါ ဆိုသော သည်ဘ၀ အခြေအနေမျိုးကို ကိုယ်က မည်သည့်အခါကမှ အိပ်မက်ပင် မမက်စဖူး၊ မပိုင်ဆိုင်စဖူးမို့ အညို၏ စေတနာကို ကိုယ့်မှာ မနေတတ်မထိုင်တတ်စွာ လက်သင့် ခံခဲ့ရပြန်သည်။  အညို။ ထိုစဉ်ကတည်းက အညို၏ အနှစ်သာရသည် လွတ်လပ်မှုဟု ကိုယ်က မုချ ဆိုနိုင်ခဲ့ပြီလေ။

ကလောင်မကိုင်သည့် စာရေးဆရာများနှင့် စာပေဂူ


အညို၏ ထူးခြားချက်မှာ လွတ်လပ်မှုချည်း သက်သက် မဟုတ်ချေ။ ဆန်းသစ် တီထွင်မှုလည်း ဖြစ်လေသည်။ သည်အကြောင်းကို အညို့ရင်ခွင်ထဲ ရောက်ပြီး မကြာမီ မှာပင် ကိုယ် စသိလာရသည်။ အညိုက Interrupt ဆိုသည့် ပွဲတော်လေး တစ်ခုကို ကျင်းပခဲ့သည်။ သည်ပွဲတော်က စာပေ ပွဲတော်ဟု ဆိုနိုင်သော လျှပ်အနုပညာ ပွဲတော်ပင် ဖြစ်သည်။ အညို၏ စာပေ အနုပညာ ဌာနမှ ပို့ချပေးသော စာပေ အနုပညာရပ် များတွင် လျှပ်စာရေးနည်း ပါဝင်သည်။ ကူးဗားက စတင် တီထွင်သော စာရေး နည်းမို့ အမေရိကန် တစ်ခွင် အခြားသော တက္ကသိုလ်များမှာ သည်ပညာရပ်ကို သင်လေ့သင်ထ မရှိသော်လည်း အညို့ မှာတော့ သည်ပညာရပ်ကို အထူးတလည် သင်ပေးသည်။

နည်းပညာ ခေတ်ကြီးတွင် စာကို စာအုပ်အဖြစ် မဖတ်ကြတော့ဘဲ လျှပ်ဖိုင်များ အဖြစ် ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် ဖတ်လေ့ဖြစ်လာချိန်တွင် သည်စာရေးနည်းက အတော်ကြီး ခေတ်မီသည့်နည်း ဖြစ် နေပါတော့သည်။ ထိုနည်းပညာကို မိတ်ဆက်ကာ ထိုနည်းပညာမှ ပေးသော ရသကို အထောက်အကူပြု ပစ္စည်းများ ဖြစ်သော ကွန်ပျူတာ၊ အင်တာနက် များဖြင့် တင်ဆက် ပြသမှုများသည် Interrupt ၏ အဓိက ကျသော အရာများ ဖြစ်ပေသည်။

ကွန်ပျူတာတွင် အသုံး ပြုတတ်သော ကုတ်ဝေါဟာရ IRQ ကို အခြေခံ ထားခြင်း ဖြစ်ပေသည်။ ထိုကုတ်မှာ ကွန်ပျူတာ၏ အဓိက အလုပ်လုပ်သည့် ယူနစ်ကို အမိန့် ပေးပါသည်။ ထိုအမိန့်က လက်ရှိ အလုပ်ကို ရပ်ပြီး နောက်အလုပ်ကို လုပ်ခွင့်ပေးဖို့ပါဆိုသည့် သဘောဆောင်သည်။ ကြားဖြတ်သည် ဆိုသော သဘော သက်ရောက်သည်။ IRQ ၏ နောက်အသံထွက် အနက်တစ်ခုမှာ Iargue လည်း ဖြစ်သကိုး။ ပွဲတော်၏ ရည်ရွယ်ချက်မှာ စာအရေးအသား ပုံစံသစ်နှင့် ပတ်သက်ပြီး ပြောဆိုငြင်းခုံကြဖို့ပင်။ အိုင်တီခေတ်မှာ စာအရေးအသား  တင်ဆက်ပုံသည် လက်ရှိ နည်းပညာ အသုံးအဆောင်များကို အသုံးချပြီး လူများ၏ ရှိရင်းစွဲ ယဉ်ပါးပြီးသား အနုပညာ ပုံသဏ္ဌာန်များ ကြားသို့ တိုးဖြတ် နှောင့်ယှက်သကဲ့သို့ ဖြစ်အောင် ကြိုးစားလာခြင်း ဖြစ်သည်။

ထိုနည်းပညာကို အသုံးပြုပြီး စာရေးသူ များကား ကလောင် မကိုင်ကြတော့။ အမှန်တော့ ကိုယ်သည်ပင်လျှင် ကလောင် မကိုင်ဘဲ ကီးဘုတ်ကိုင်ကာ စာရေး လာခဲ့သည်မှာ ဆယ်စုနှစ်တစ်စု ကျော်ခဲ့လေပြီ။ သို့သော် ကိုယ်တို့က ကီးဘုတ်မှာ လက်ကွက်ကို အသုံးချပြီး စာစီစာရိုက် ရုံသာ။ သူတို့ကတော့ စကားလုံးများ အပြင် နည်းပညာ အကူအညီဖြင့် အရုပ်ကိုလည်း ပေါင်းစပ်သည်။ အသံကိုလည်း ထည့်သွင်း သည်။ သည်တော့ အရသာကား မတူတော့။ သည်ပွဲမှာ လူကြိုက်များ စိတ်ဝင်စားခံရသော အဖွဲ့က Young-Hae Cheng Heavy Industries ဖြစ်သည်။ ကိုရီးယားမှ စာရေးဆရာ အမျိုးသမီး တစ်ဦးနှင့် အမေရိကရောက် ကိုရီးယား ကျောင်းသား တစ်ဦးတို့ ပူးပေါင်း တင်ဆက်ကြခြင်း ဖြစ်သည်။ ပါဝါပွိုင့် တင်ဆက်ပုံမျိုး ခပ်ရိုးရိုး တင်ဆက်မှုတွင် ပြကွက်ပြချက်များကို အဖြူရောင် နောက်ခံတွင် စာလုံး အရွယ်အစား ကြီးကြီး မားမားဖြင့် ၀ါကျများကို တင်ဆက်ပြီး နောက်ခံက ထိုဝါကျများထက် အနည်းငယ် ပိုရှည်သော စာပိုဒ်များကို အသံထွက် တင်ဆက်ကြခြင်း ဖြစ်သည်။ သူတို့ နှစ်ယောက်၏ တင်ဆက်မှုမှာ နည်းပညာ၏ အကူအညီကို အလွန်အကြူး မသုံးထားသဖြင့် ပွဲတော်လာ ပရိသတ် အများစုက နားလည်နိုင်ကြသည့် အတွက်လည်း ကမ္ဘာ အရပ်ရပ်မှာ သူတို့ တင်ဆက်မှုက အောင်မြင် နေလေသည်။ နောက်ထပ် တင်ဆက်သူ အချို့မှာ ကမ္ဘာ့ နိုင်ငံ အသီးသီးကဖြစ်ကာ လူငယ်များ ပီပီ နည်းပညာကို ကောင်းကောင်းကြီး အသုံးချထား ကြသဖြင့် စကားလုံးများ၊ ဝေါဟာရများဖြင့် တင်ဆက်ထားသည့် ရုပ်ရှင်ဆန်ဆန် ကြည့်စရာ၊ ခံစားစရာ အနုပညာတစ်ခုကဲ့သို့ တွေ့မြင် ကြရလေသည်။

ထိုတင်ဆက် သူများထဲမှာ Cris Cheek က ခေါင်းတုံးပြောင်ပြောင်၊ စကော့တလန်စကတ် ၀တ်ထားပြီး ကိုယ်ခန္ဓာက ကျားစီးဖားစီးမို့ မြင်ရရုံနှင့် ထူးခြား နေသူပင်။ သူ့တင်ဆက်မှုများကလည်း ထူးခြားသည်။ သူက မြင်ကွင်းပေါ်ကို ဒြပ်မဲ့ဆန်သည့် ပုံရိပ်များကို အရောင် မှောင်မှောင်မိုက်မိုက်များဖြင့် ပြထားပြီး သူက ပရိုဂျက်တာ ရှေ့မှာ တစ်စိတ်တစ်ပိုင်း ကာပြီး ရပ်လိုက်ပြန်သဖြင့် သူ့ခေါင်းတုံးအရိပ်က ပိတ်ကားပေါ်မှာ ကျနေပြန်သည်။ သူ ရွတ်သွားသည့် အကြောင်းအရာ အများစုက ကဗျာဆန်သော အတွေးအမြင်များပင်။ ထို့ကြောင့် လတ်တလော ပြသနေသည့် စက်ရပ် သတင်းဆိုး တစ်ပုဒ်ကို ကဗျာဆန်ဆန် ခံစားနေရသည့် ရသမျိုး ဖြစ်စေပြန်သည်။

နောက်ထူးခြားသူ တစ်ဦးကတော့ Marco Niemi ဖြစ်သည်။ သူက ဥရောပမှ လာသူဖြစ်ပြီး လူငယ်ပီပီ ဂိမ်းနည်းပညာကို အားပြုကာ စကားလုံးနှင့် ဝေါဟာရများကို ဂိမ်းတင်ဆက်မှု တစ်ခုမှာကဲ့သို့ လှုပ်ရှား ပြောင်းလဲသွားခိုက် အနက်များ၊ ခံစားချက်များ ကွဲပြားသွားရန် အားထုတ်ထားလေသည်။ ထိုသို့ နိုင်ငံတကာမှ လျှပ်စစ် စာရေးဆရာများ၏ လက်စွမ်းကို ခံစားကြပြီးသည့် အခါ အညို့ရင်သွေး၊ စာပေ အနုပညာ ဌာန၏ မဟာဝိဇ္ဇာ ကျောင်းသား၊ ရောဘတ် ကူးဗား၏ တပည့် တစ်ဦးမှလည်း လက်စွမ်းပြပြန်ပါသည်။ သူ့လက်စွမ်းပြမှုကတော့ အင်တာနက်နှင့်ပါ ချိတ်ဆက်ပြီး ပရိသတ်ကပါ ပူးပေါင်းပါဝင်ကြရသည့် တင်ဆက်မှု ဖြစ်နေသည်မို့ တစ်မူ ထူးခြားသွားပြန်ပါသည်။ သူက အင်တာနက် ၀က်ဘ်ဆိုက်လိပ်စာ တစ်ခုကို ပရိသတ် အားပေးကာ ထိုဝက်ဘ်ထဲသို့ အားလုံး ၀င်ရောက်ပြီး အသင့် စောင့်နေစေသည်။

သူကလည်း ထိုဝက်ဘ် စာမျက်နှာပေါ်မှာ ရှိနေသည်မို့ သူက စကားလုံးတစ်လုံး၊ ဝေါဟာရ တစ်ခု၊ စာကြောင်း တစ်ကြောင်းကို အလျင်ဦးဆုံး ရိုက်ထည့်လိုက်ပြီး ပရိသတ်မှလည်း အဆင်ပြေသည့် စကားလုံး၊ ဝေါဟာရ နေရာများမှာအပေါ်က ထပ်ရိုက်ကာ ပြင်ကြ၊ ဖြည့်ကြ လုပ်ကြရန် တိုက်တွန်းသည်။ ထိုအခါ စကားလုံးတွေ၊ ဝေါဟာရတွေက အစဉ်အမြဲ ပြောင်းလဲနေသည်။ ထိုပြောင်းလဲသမျှကို သူက အသံဖြင့် လိုက်ဖတ်သည်။ တက်ရောက် လာသည့် ပရိသတ်တွေကလည်း စာရေးဆရာ ဖြစ်လျှင် ဖြစ်၊ မဖြစ်လျှင် စာပေ အနုပညာကို လေ့လာနေသည့်ကျောင်းသားများ ဖြစ်သကဲ့ သို့ စာပေ ၀ါသနာ ပါသူများ ဖြစ်ရာ ပေါ်လာသည့်ဝေါဟာရတစ်ခုနှင့် ဆက်စပ်မည့် တွဲဖက်အနက်၊ ဆန့်ကျင်ဘက် အနက် ရှိနေသည့် ဝေါဟာရများကို ဆက်တိုက်ဆိုသလို ဖြည့်ကြပြင်ကြ ၀င်စွက်ကြ တော့သည်။ အမှန်တကယ်ပင် Interrupt လုပ်ကြတော့သည်။

ထိုအခါ တင်ဆက်သူက အတတ်နိုင်ဆုံး အမြန်နှုန်းဖြင့် ပေါ်သမျှ ဝေါဟာရများကို လိုက်လံရွတ်ဖတ်ရာမှ အလွန် လှပပြီး အနက်ကြွယ်သည့် လက်တန်း ကဗျာတစ်ပုဒ် ဖြစ်လာတော့သည်။ ထိုကဗျာကား သိမ်းထား၍လည်း မရ။ နောင်တစ်ချိန်မှာ ပြန်ရှာ၍လည်း မရနိုင် သည့်အပြင် မူပိုင် ကဗျာရှင်ဟူ၍လည်း တစ်ဦး တစ်ယောက်တည်း မဟုတ်မူဘဲ တင်ဆက်သူနှင့် ပရိသတ်တို့အားလုံး၏ စုပေါင်း ဖန်တီးမှု အဖြစ် ခံစားလိုက်ကြရသည်။

သည်တင်ဆက်မှုအပြီးမှာတော့ ကိုယ်သည်လည်း အညို၏ ထူးခြားမှုနှင့် လွတ်လပ်မှုကို အရသာ အတွေ့ကြီး တွေ့သွားတော့သည်။ ကူးဗား၏ တီထွင်မှုများ အနက် အများက ဝေဖန်ချင်စရာ အကောင်းဆုံး၊ စာပေ ပုံသဏ္ဌာန်အရ အထူးခြားဆုံးနှင့် ဖန်တီးမှု စရိတ် အကြီးဆုံး တီထွင်မှုကို ပြရလျှင် The Cave ဖြစ်ပါမည်။ ထိုတီထွင်မှုမှာ နာမည်အတိုင်း စာပေ ရသကို လျှပ်စစ် ဂူတစ်လုံးထဲ ၀င်ခံစားရသည့်တီထွင်မှု ဖြစ်ပါသည်။ ထို့ကြောင့် ထိုတီထွင်မှုကိုခံစားမည့် ပရိသတ်ဦးရေမှာ အကန့်အသတ် ရှိနေတော့သည်။ လျှပ်စစ်ဂူထဲကို တစ်ချိန်တွင် ပရိသတ် ၅ ဦးထက် ပိုဝင်၍မရချေ။ ဂူဆိုသည့် အတိုင်း အကျယ်အ၀န်းက ခြောက်ပေပတ်လည်လောက်ရှိသည့် အခန်းတစ်ခန်း ဖြစ်ပြီး နံရံလေး ဘက်နှင့် အမိုးကို ကွန်ပျူတာ ဖန်သားပြင်သဖွယ် ဖန်တီးထားလေသည်။

ဂူအပြင်မှာက ထိုဖန်သားပြင် နံရံများပေါ်တွင် ပေါ်မည့် ပုံရိပ်နှင့် အသံများကို ကွပ်ကဲထိန်းချုပ်ပေးမည့် ကွန်ပျူတာကြီးများ ရှိနေသည်။ ဂူအတွင်းမှာ ရံဖန်ရံခါ ကြမ်းခင်းပေါ်(သို့မဟုတ်)ကြမ်းပေါ်တင် ထားသည့်စားပွဲပုတစ်လုံးပေါ် ပုံရိပ်များ ထင်နိုင်အောင်လည်း စီစဉ် ထားပြီး ထိုကဲ့သို့ မျက်နှာပြင် ၅ ဖက်တွင် ပေါ်လာမည့် ပုံရိပ်များကို ပကတိ မျက်စိဖြင့်လည်း ကြည့်၍မရပေ။ ၃ ဖက်မြင် မျက်မှန်ဖြင့်သာ ထိုပုံရိပ်များကို ကြည့်နိုင်လေသည်။ ၃ ဖက်မြင် မျက်မှန်ဖြင့် ကြည့်ရသည် ဆိုသည့် အခါမှာလည်း ပင်မ မျက်မှန်တစ်လက်ကို ကွန်ပျူတာ ကြီးဖြင့် ဆက်သွယ်ထားပြီး ထိုမျက်မှန် တပ်ထားသော ပရိသတ်က ဂူကြည့် စာဖတ်ပရိသတ် ၅ ဦးအနက် အရေး အကြီးဆုံးသူ ဖြစ်လာလေသည်။

ထိုသူတပ်ထားသော မျက်မှန်ကိုမှ ကျန်ပရိသတ်များ၏ မျက်မှန်များက ချိတ်ဆက်ထားသဖြင့် ထိုသူက ဂူအတွင်း ရှေ့တိုးနောက်ဆုတ်လုပ်ကာ စူးစမ်းသည်နှင့် အမျှ ကျန် လူများ မြင်ရမည့် ပုံရိပ်များမှာ အပြောင်းအလဲ ဖြစ်သွား တတ်လေသည်။ ကိုယ်ကြည့်ခဲ့ရသည့် ဂူပွဲ တစ်ပွဲမှာ မိနစ် ၃၀ ခန့် ကြာမြင့်ပြီး ပြဇာတ်ဆရာအဖြစ် ကမ္ဘာကျော်သော ဆယ်မျူရယ်ဘက်ကက်၏ ပြဇာတ်တစ် ပုဒ်မှ စာသားများကို စကားလုံးများ၊ ဝေါဟာရ လျှပ်ပုံရိပ် များအဖြစ် အသွင် ပြောင်းထားသကဲ့သို့ နောက်ခံစကား ပြောမှာလည်း တကယ့်ပြဇာတ် တစ်ပုဒ်အသွင် တင်ဆက် ထားလေသည်။ ကွန်ပျူတာ စကရင်ဆေဗာမှာ ပေါ်လာ တတ်သည့်စကားလုံးများ လှုပ်ရှားနေသည့် ပုံရိပ်များထက် ထူးခြားဆန်းကြယ်သော အလင်းအမှောင်၊ အရောင်အသွေး၊ အပြေးအလွှား၊ အနှေးအငြိမ် စုံလင်လှသော ဖန်တီးချက်များ၏ ညှို့ယူဖမ်းစားမှုနှင့်အတူ အသံ၏ပံ့ပိုးမှုကြောင့်လည်း ဆယ်မျူရယ်ဘက်ကက်၏ အရေးအသားသည် မျက်ဝန်းနှင့်နား တို့တွင်သာ ရပ်တန့်မနေမူဘဲ ရင်ထဲ၊ အသည်းထဲ၊ ဦးနှောက်ထဲ အထိ ၀င်လာ ရပေတော့သည်။ ဂူအတွင်းမှာ ရပ်ကြည့် ခံစား ရသဖြင့်လည်း ပြင်ပအနှောင့် အယှက်လုံးလုံး မရှိမူဘဲ ပြဇာတ် စာသား များထဲသို့သာ စိတ်ကို နှစ်ထားနိုင်သည်မို့ အတော်ကြီး သဘောကျဖွယ် ဖန်တီးမှုသာ ဖြစ်ပါလေသည်။ ထိုဖန်တီးမှုမှာ စရိတ်စက အကုန်အကျ များသည့် အပြင် လူအများစုလည်း တစ်ပြိုင်နက်တည်း မခံစားနိုင်သဖြင့် အချို့သော ဝေဖန်ရေး ဆရာများကတော့ လူကုံထံ ပညာတတ် ပရိသတ် အတွက်သာ အကျိုးရှိမည့် ဖန်တီးမှု အဖြစ် ဝေဖန်ကြပြန်ပါသည်။

မည်သို့ပင်ဖြစ်စေ အသက် ၈၀ နား နီးကပ်လာသည့် အခိုက်အတန့်မှာပင် ခေတ်နှင့် လျော်ညီသော နည်းပညာကို အသုံးချကာ ဂန္ထ၀င် စာပေကို(လူကုံထံပညာတတ်)ပရိသတ်များ ခံစားနိုင်ရန် ကြိုးပမ်းသည့် တီထွင်နိုင် သူကြီး ရောဘတ်ကူးဗား၏ အစွမ်းကိုလည်း အောချချီးကျူး မိရပြန်ပါသည်။ တီထွင် ဖန်တီးမှုကို မရပ်မနားပြုသကဲ့သို့ ခေတ်၏ အပြောင်းအလဲကို မျက်ခြည်မပြတ်ရုံမက ခေတ်ရှေ့ကပင် ပြေးနေသည့် ကူးဗားလို စာရေးဆရာကြီး၏ တပည့်ဖြစ်ခွင့် ရသော အညို၏ ရင်သွေး ကျောင်းသားများ ကံကောင်းကြသကဲ့သို့ သူ့ကို ခင်မင်ရင်းနှီးကာ နောင်မှာ အလုပ်တွေ အတူတွဲဖက် လုပ်ကိုင်ခွင့်ရသည့် ကိုယ့်မှာလည်း အလွန်ကံ ကောင်းလှဟု တွေးလာမိပါသည်။ အညို့ရင်ခွင်ကို မရောက်မီက ကူးဗားကို ဈေးဆစ် လိုက်၊ ကြေးများ လိုက်လုပ်ခဲ့မိသမျှ အားလည်း အလွန်အကြူး အားနာလာမိရပါတော့ သည်။                    
(ဆက်လက်ဖော်ပြပါမည်)

မသီတာ၊စမ်းချောင်း၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဧပြီလ ၂၀၁၁)

No comments:

Post a Comment