Sunday 16 October 2011

စိမ်းပြီးမစိမ်းသော ဘာလီ

 
ဘာလီကို သွားမလို့ လို့ဆိုတော့ မိတ်ဆွေ နိုင်ငံခြားသား တစ်ယောက်က “ကမ်းခြေကိုမသွားဘဲ တောင်တွေပေါ်ကို သွားဖြစ်အောင် သွားစမ်းပါ။ သူတို့ အိမ်တိုင်းမှာ ဘုရားကျောင်း တစ်ခုစီ ရှိနေတာမို့ သိပ်စိတ်ဝင်စားစရာ ကောင်းတယ်”လို့ ပြောခဲ့ပါတယ်။ သူ ပြောတုန်းက အလေးအနက် မထားခဲ့ပေမယ့် ဘာလီရဲ့ အပြည်ပြည် ဆိုင်ရာ လေဆိပ်ရှိတဲ့ ဒန်ပါဆာ မြို့စွန်လောက်ကတည်းက သူ ပြောတာတွေ မှန်နေတာကို တွေ့ရပါ တော့တယ်။ အိမ်ဝင်းတိုင်းမှာ ဘုရား ကျောင်းဆောင် သဘောမျိုး၊ သေဆုံး သွားကြတဲ့ လူကြီး သူမတွေနဲ့ ဟိန္ဒူနတ် ဘုရားတွေ အတွက် ရည်ရွယ်တဲ့ ကျောင်းဆောင်လေးတွေကို တွေ့ရပြီး ကျန်တဲ့ နေရာမှာမှ လူနေအိမ်၊ ဧည့်ခန်းမ အိမ်နဲ့ မီးဖိုချောင် အိမ်တွေကို သူ့နေရာ နဲ့သူ အရပ်မျက်နှာ အတိုင်း အတိအကျ ဆောက်ထားတာကို တွေ့ရတာဟာ ထူးခြား လှပါတယ်။ ဘာလီသား အများစုဟာ ဟိန္ဒူ ဘာသာကို ကိုးကွယ်သူတွေ ဖြစ်တာမို့ အေးချမ်း လှပါတယ်။ ဘာလီမှာ ထူးခြားတာ ရှိနေတယ် ဆိုရင် အဲဒါဟာ ဘာလီရဲ့ စိမ်းစိုလွန်းမှုလို့ ဆိုချင်ပါတယ်။

သစ်ပင်ကြီးငယ် စိမ်းစိမ်းစိုစိုကို တ၀ကြီး တွေ့ရတဲ့ နေရာဟာ ဘာလီပါပဲ။ ရွက်လှပင်ကို လူတစ်ရပ်လောက် မြင့်တာ တွေ့ခဲ့ရသလို လူလေး၊ ငါးယောက်လောက် ဖက်ရမယ့် အကိုင်း အခက်ဖားဖား၊ မုတ်ဆိတ် ရှည်ရှည်နဲ့ ညောင်ပင်ကြီးတွေကလည်း နေရာတိုင်းမှာ ဘွားခနဲ တွေ့ရပါရဲ့။ တောင်စောင်းမှာ လှေကားထစ်ဟန် စိုက်ထားတဲ့ စပါးခင်းတွေကလည်း စိမ်းသမှ စိမ်း။ စပါးခင်းတွေဟာ ဘာလီရဲ့ကျဉ်းမြောင်းလှတဲ့ ကတ္တရာလမ်းဘေး အိမ်ဝင်းတွေကြားက ၁၅ ပေအကျယ်၊ ပေ ၄၀ အရှည်လောက် ရှိတဲ့ မြေကွက်လပ်မျိုးကိုပါ သိမ်းပိုက် ထားတာမို့ ဘာလီ တစ်ကျွန်းလုံးဟာ စိမ်းစိမ်းစိုစို ရှိလွန်းလှပါတယ်။ ဘာလီကို သိထားခဲ့တာက ကောင်းကင်ပြာပြာ အောက်က ငွေရောင်၊ နေရောင် လက်နေတဲ့ ကမ်းခြေတစ်ခု အဖြစ်ပေါ့။ ခုတော့ စိမ်းစိုနေတဲ့ ဘာလီ၊ တွေ့ရတာ ၀မ်းသာပါတယ် ဘာလီရေ...။

“ဘာလီမှာ ကျင်းပမယ့် စာပေ ပွဲတော်မှာ ပါဝင်ပေးဖို့ ဖိတ်ချင်ပါတယ်” လို့ အူဘုဒ် စာပေပွဲတော် ဒါရိုက်တာ ဂျက်နက်ဒနီဖ်က ၂၀၁၀ ဇန်န၀ါရီ၊ အိနိ္ဒယရဲ့ ဂျေပူရ် စာပေ ပွဲတော်မှာ တွေ့ခိုက်ပြောတဲ့ အခါ ၀မ်းပန်းတသာပဲ လက်ခံဖြစ်ခဲ့ပါတယ်။ တကယ်တော့ ဂျေပူရ် စာပေပွဲတော်ဟာ အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းမှာ ၂၀၀၂ ခုနှစ်က တည်းက နှစ်စဉ် ကျင်းပခဲ့တဲ့ အူဘုဒ်စာ ပေပွဲတော်ကို အားကျ အတုယူပြီး ကျင်းပခဲ့တာပါ။ အူဘုဒ် စာပေ ပွဲတော်ဟာ စာပေကို အဓိက ထားပြီး ကျင်းပတဲ့ ပွဲတော် ဖြစ်ကာ ဘာလီရဲ့ အူဘုဒ်မြို့ ကလေးကလည်း တောင်ပေါ်မြို့လေးမို့ တစ်မူ ထူးခြားတယ်လို့ ကြားထားခဲ့ပေမယ့် အဲဒီကို တကယ် ရောက်တော့မှပဲ ဂျေပူရ် ပွဲတော်ထက် ပိုပြီး ကျယ်ပြန့် နက်နဲတာကိုရော၊ ထူးခြားတာကိုပါ ခံစားခဲ့ ရပါတယ်။ အူဘုဒ် ပွဲတော်ကို အောက်တိုဘာ ၆ ရက်ကနေ ၁၀ ရက်နေ့အထိ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ပွဲတော်မှာ ပါဝင်တဲ့ စာရေးဆရာ စာရင်းက ၁၃၀ ကျော်၊ သူတို့ ကိုယ်စားပြုတဲ့ နိုင်ငံက ၃၀ နီးပါး။ ပွဲတော်ရဲ့အစီအစဉ် အသီးသီးကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်းမှာ ကျင်းပတဲ့ နေရာတွေက အဓိက နေရာကြီး ၃ ခု အပါအ၀င် နေရာပေါင်း ၄၀ နီးပါး။ ပွဲတော်ကို အဓိက ထောက်ပံ့သူက စီးတီးဘဏ်၊ နောက်ထပ် ထောက်ပံ့သူတွေမှာ စာရေးဆရာတွေကို ၆ ညတာ အခမဲ့ တည်းခိုခွင့် ပြုသလို အများသုံး ပို့ဆောင်ရေး စနစ် မရှိတဲ့ ဘာလီမှာ သွားလာရေး အတွက်ပါ စေတနာ့ ၀န်ထမ်း စီစဉ်ပေး ကြတဲ့ ဟိုတယ်တွေက ၂၀ ကျော်။ အလွန် ကြီးကျယ်တဲ့ စာပေပွဲတော် ဆိုတာ ယုံမှားစရာ မရှိတော့ပါဘူး။

ပွဲတော်မှာ အံ့သြဖို့ ကောင်းတာကတော့ တစ်နေ့ တစ်ချိန်တည်းမှာ စာရေး ဆရာ ၁၀ ယောက်၊ ၁၂ ယောက် လောက်က အစီအစဉ် ၆ ခုလောက် တစ်ပြိုင်တည်း ပါဝင် ဆင်နွှဲနေတာကို လိုက်ပါအားပေး တက်ရောက် နားထောင်ကြတဲ့ ပရိသတ်တွေက အစီအစဉ်တိုင်း လိုလိုမှာ ရာဂဏန်း အနည်းဆုံး ရှိနေတတ်တာပါ။ နောက်ထပ် ချီးကျူး မိရတာကတော့ အစီအစဉ် ကျင်းပရာ နေရာတွေ တောင်၊ မြောက်၊ အရှေ့၊ အနောက် ဝေးကွာနေတဲ့ အတွက် ဟောပြောသူနဲ့ တက်ရောက်သူတွေ သွားရေး လာရေး အဆင်ပြေအောင် ၀န်ဆောင်မှု ပေးနေကြတဲ့ ပွဲတော်ရဲ့ လုပ်အားပေးများပဲ ဖြစ်ပါတယ်။ လုပ်အားပေး အများစုဟာ ဘာလီ ကျွန်းသားတွေတင် မကဘဲ အင်ဒိုနီးရှားရဲ့ အခြားသော ကျွန်းသားများ ဖြစ်ကြသလို သြစတြေးလျ နိုင်ငံသားတွေလည်း များပါတယ်။ ပွဲတော် စီစဉ်သူက ဘာလီသားနဲ့ အိမ်ထောင် ကျနေတဲ့ သြစတြေးလျ သူမို့ ပွဲတော်ရဲ့ အဓိက အထောက်အပံ့မှာ သြစတြေးလျ ယဉ်ကျေးမှု ဌာနဖြစ်သလို တက်ရောက်လာတဲ့ စာရေးဆရာ အများစုကလည်း သြစတြေးလျ စာရေး ဆရာတွေပါ။ နားထောင်တဲ့ ပရိသတ် အများစုကလည်း သြစတြေးလျန်တွေပါပဲ။ လုပ်အားပေးတွေက မနက်မိုးလင်း အစီအစဉ် စတင်တဲ့ အချိန်ကနေ ညပိုင်း ညစာ စားပွဲပြီးတဲ့ ည ၁၁ နာရီလောက် အထိ စာရေး ဆရာများရဲ့ လိုအပ်ချက်တွေနဲ့ တကွ ပွဲအစီအစဉ်တွေကို မမောတမ်း စီစဉ် ပေးကြပါတယ်။

ပွဲတော်မှာ အဓိက နေရာကြီး ၃ ခုရှိပြီး အခမ်းနားဆုံး နေရာကတော့ (Neka) နီကာပြတိုက် ဖြစ်ပါတယ်။ နီကာ ပြတိုက်ဟာ ဘာလီသား သူဌေး နီကာရဲ့ ပုဂ္ဂလိက ပြတိုက်တစ်ခု ဖြစ်ပေမယ့် ဘာလီနဲ့ ပတ်သက်တဲ့ ပန်းချီ၊ ပန်းပု အနုပညာသာမက ဘာလီသားတွေ အတွက် အလှ တန်ဆာလည်းဖြစ်၊ အဆောင် လက်နက်လည်းဖြစ်တဲ့ (Kris) ခရစ် ဓားမြှောင်ရှည်တွေကိုပါ စုဆောင်းထားတဲ့ ပြတိုက်ကြီး ဖြစ်ပါတယ်။ စုဆောင်း ထားသမျှတွေဟာလည်း အတော့်ကို တန်ဖိုးရှိပြီး စိတ်ဝင်စားစရာပါ။ ဒီပြတိုက်မှာ ပွဲတော်ဖွင့်ပွဲ အပါအ၀င် အရေးကြီးတဲ့ ဆွေးနွေးပွဲတွေကို ကျင်းပပါတယ်။ ပွဲတော် အစီအစဉ်တွေက များလွန်းပြီး စိတ်ဝင်စားစရာ ဆွေးနွေးပွဲ ဟောပြောပွဲတွေကလည်း တင်းကြမ်းမို့ ကိုယ့်ကိုယ်ကို သုံး၊ လေး၊ ငါးကိုယ်လောက် ခွဲထားချင်စိတ်တွေတောင် ဖြစ်ရမိတဲ့ အထိပါပဲ။ နီကာ ပြတိုက်မှာ ဖွင့်ပွဲ ပြီးပြီးချင်း စတဲ့ပွဲကတော့ အင်ဒိုနီးရှားရဲ့ နာမည်ကျော် ကဗျာဆရာကြီး (Sitor Situ-morang) စီတောစီ တူမိုရန်းပဲ ဖြစ်ပါတယ်။

သူ့ကို ဒီပွဲတော်မှာ ဘ၀ တစ်သက်တာ စာပေဆု ချီးမြှင့်ခဲ့ပါတယ်။ သူက ဆူဟာတို လက်ထက် အင်ဒိုနီးရှား ထောင်ထဲမှာ ခုံရုံး မတင်ဘဲ ၈ နှစ်လောက် အချုပ် ခံခဲ့ရသူ ဖြစ်ပြီး အခုအခါမှာတော့ ဇနီးရှိရာ ဒတ်ခ်ျမှာနေလိုက်၊ ဘာလီမှာ နေလိုက် လုပ်နေသူပါ။ နီကာပြတိုက်မှာ ကျင်းပတဲ့ ဆွေးနွေး ပွဲတွေထဲမှာ စိတ်ဝင်စားစရာ ကောင်းတာ တစ်ခုကတော့ ဂျာနယ် လစ်များရဲ့ဆွေးနွေးပွဲပါ။ (Christos Tsiolkas) ခရစ်တော့စ်စီအို ကာ့စ်၊ (Sian Prior) ဆီယန်ပရီရာ၊ (Omar Musa) အိုမာမူဆာ၊  (Antony Loewenstein) အန်တိုနီ လူဝီစတိန်းနဲ့  (Sophie Cunningham) ဆိုဖီကန်နီဟန် တို့ပါဝင်ပြီး အင်မတန် မြိုင်ဆိုင်လှတဲ့ ဆွေးနွေးပွဲလေး ဖြစ်ပါတယ်။ ဆွေးနွေးတဲ့ ခေါင်းစဉ်က Writers Speaking Out စာရေးဆရာတွေ ထုတ်ဖော်ပြောပြီ ဖြစ်ပြီး ဆွေးနွေးကြ သူတိုင်းက သူတို့ ကိုယ်တွေ့တွေကို အခြေခံကာ သဘောထား ကွဲလွဲနိုင်တဲ့ အတွေးအမြင်တွေ အကြောင်းကို ကမ္ဘာ့ နိုင်ငံရေး အမြင်သန်သန်နဲ့ ပြောကြတာမို့ ပရိသတ် အားလုံး အကြိုက် တွေ့ခဲ့ရပါတယ်။

ပွဲတော်ရဲ့ နောက်ထပ် အဓိကနေရာ နှစ်ခုကတော့ (Indus) အင်ဒို စားသောက်ဆိုင်နဲ့ (City Bank) စီးတီးဘဏ် ရုံးခန်း ဖြစ်ပြီး ပွဲတော် ကော်မတီရဲ့ ရုံးခန်းလည်း ဘဏ်ရုံးခန်း အပေါ်ထပ်မှာ ရှိပါတယ်။ ဒီနေရာတွေမှာတော့ ဆွေးနွေး ပွဲလေးတွေ ကျင်းပလေ့ ရှိပါတယ်။ ဆွေးနွေးပွဲတွေ အနက် စိတ်ဝင်စားစရာ ကောင်းတာတွေကတော့ ရှေးဟောင်းဘာလီ ဘာသာစကားနဲ့ ရေးထားတဲ့ ကဗျာ ရှည်ကြီးကို ရှေးဟောင်း ရွတ်ဆိုပုံ အတိုင်း ရွတ်ဆိုပြတဲ့ အစီအစဉ်၊ ဖိလစ်ပိုင် စာရေး ဆရာတစ်ဦး တင်ဆက်တဲ့ ဖိလစ်ပိုင် ပြဇာတ် ဆရာနဲ့ တော်လှန်ရေး သမား ဒေါက်တာ ဂျိုဇေရီဇော် အကြောင်း၊ အရှေ့တီမော စာရေးဆရာ တစ်ဦး၊ အရှေ့တီမော ဆိုင်ရာ သတင်းထောက်နဲ့ သမိုင်းမှတ်တမ်း ပြုစုသူတို့ရဲ့ စကားဝိုင်း၊ အင်ဒိုနီးရှား စာရေးဆရာများရဲ့ ၀တ္ထုတိုဆိုင်ရာ ဆွေးနွေးပွဲနဲ့ ပါဖောမင့် ကဗျာဆရာ၊ ဆရာမများရဲ့ ဆွေးနွေးပွဲတွေ ဖြစ်ပါတယ်။

တကယ်တမ်းတော့ ပွဲတော်ကာလ ၄ ရက်တင်းတင်းမှာ ဆွေးနွေးပွဲ၊ ဟောပြောပွဲ အစီအစဉ်ပေါင်း ၁၀၀ ကျော်ရှိတာမို့ အစီအစဉ် အားလုံးရဲ့ ငါးပုံတစ်ပုံလောက်ကို မနည်း တက်ယူခဲ့ရပါတယ်။ ကိုယ့်အစီအစဉ် မစခင်နဲ့ ပြီးခါစတွေမှာ အကြောင်းကြောင်းတွေ ရှုပ်နေတတ်တာမို့ တခြား အစီအစဉ် တစ်ခုကို အမီတက်နိုင်တာ မရှိပြန်ပါဘူး။ နေ့လယ်စာအတွက် နားချိန်ရယ် လို့လည်းမရှိဘဲ အစီအစဉ်တွေက ပြည့် ကျပ်နေတာမို့ နေ့လယ်စာထွက်စား လိုက်ပြန်တော့လည်း တချို့အစီအစဉ် တွေ လွတ်ရပြန်တာပါပဲ။ အစီအစဉ် အားလုံးလိုလိုက စိတ်ဝင်စားစရာမို့ နောင်နှစ်တွေမှာ အခုလောက်အစီအစဉ် တွေ ပြည့်ကျပ်နေအောင် ထည့်မထား ပါနဲ့လားလို့ အကြံပေးကြသူတွေက အများသားပေါ့။

ကိုယ်ပါဝင်ရတဲ့ ပွဲနှစ်ခုကတော့ တစ်ကိုယ်တော် ဟောပြောမှု တစ်ခုနဲ့ ဆွေးနွေးပွဲ တစ်ပွဲတို့ ဖြစ်ကြပြီး နီကာ ပြတိုက်မှာချည်း ကျင်းပခဲ့ပါတယ်။ တစ်ကိုယ်တော်ပွဲကတော့ ကိုယ့်စာပေကို အဓိက ထားပြောရကာ ဆွေးနွေးပွဲမှာတော့ ဆာရာယေဗိုက ကဗျာဆရာ (Senadin Musabegovic) စီနီဒင်းမူဆာ ဘီဂိုဗစ်နဲ့ ဘီဘီစီ တီဗွီ အစီအစဉ်ရဲ့ နာမည်ကျော် သတင်းထောက်(Kate Adie) ကိတ်အဒီတို့နဲ့ ပြောရတာ ဖြစ်ပြီး ဦးဆောင် ဆွေးနွေးပေးသူက သြစတြေးလျရဲ့ အေဘီစီ တ အစီအစဉ်က နာမည်ကျော် သတင်းထောက်(Tony Manianty) တိုနီမာနီယန်တီ ဖြစ်ပါတယ်။ ကိုယ်တို့ ရဲ့ဆွေးနွေးပွဲမှာ စီနီဒင်းက ဘော့စ်နီးယား စစ်တုန်းက စစ်သား ဖြစ်ခဲ့ရတဲ့  အတွေ့အကြုံကနေ ပေါ်ပေါက်လာတဲ့ သူ့ကဗျာတွေ အကြောင်း ပြောသလို ကိုယ်ကလည်း ကိုယ့်ဘ၀ရဲ့ အတွေ့အကြုံပေါ် အခြေခံတဲ့ အရေးအသားတွေ အကြောင်း ပြောဖြစ်ပါတယ်။ ကိတ်ရဲ့စစ်သတင်း ပေးပို့မှုတွေ အကြောင်းကလည်း ပရိသတ်ကို အပြည့်အ၀ ဆွဲဆောင်နိုင်ပါတယ်။ ဒီပွဲကို တက်ရောက်တဲ့ ပရိသတ်ကလည်း အတော် များတာမို့ ခန်းမကျယ်ကြီး အပြည့်ပါပဲ။

ပွဲတော်ရဲ့ ဆွေးနွေးပွဲ အစီအစဉ်တွေ အပြင် ပရိသတ် စိတ်ဝင်စားတဲ့ တခြား အစီအစဉ်ကတော့ စာအုပ်မိတ် ဆက်ပွဲတွေပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်က သြစတြေးလျပေါက် ဂျူးလူမျိုးဖြစ် ပေမယ့် အစ္စရေးတို့ရဲ့ဂါဇာထဲ ၀င် ရောက် အခြေချတဲ့လုပ်ရပ် မှားယွင်းကြောင်း ဝေဖန်တဲ့ ဂျာနယ်လစ်အန်တိုနီ လူဝီစတိန်းရဲ့ (My Isreal Question) ကျွန်တော့် အစ္စရေး မေးခွန်း ဆိုတဲ့ စာအုပ် မိတ်ဆက်ပွဲကို လူကြိုက် များသလို နောက်ထပ် ပရိသတ် ကြိုက်ကြတဲ့ စာအုပ် မိတ်ဆက်သူက ပါလက်စတိုင်းက (Suad Amiry) ဆွပ်ဒ်အမ်ရီပါ။ သူက ပီအယ်လ်အိုရဲ့ ၀န်ကြီး တစ်ယောက်ဖြစ်ခဲ့ ဖူးပြီး ဗိသုကာ ပညာရှင် အမျိုးသမီး တစ်ဦးလည်း ဖြစ်ပါတယ်။ အမေရိကန် တက္ကသိုလ် တစ်ခုက ဗိသုကာ ပညာကို ပါရဂူဘွဲ့ ရခဲ့တဲ့ ဆွပ်ဒ်ရဲ့ အရေးအသားက သွက်ပြီး အပြောကလည်း ရွှင်တာမို့ လူတိုင်းက သူ့စာအုပ်ကို ၀ယ်ယူအား ပေးဖြစ်ကြပါတယ်။ ပါလက်စတိုင်း လူငယ်လေးတစ်ယောက်ရဲ့ အစ္စရေးနယ် မြေထဲမှာ အလုပ် သွားလုပ်ဖို့ ကြိုးစားရတဲ့ ခရီးကြမ်းမှာ သူကိုယ်တိုင် လိုက်ပါ သွားရင်း ရေးထားတဲ့ စာအုပ်ကို သူက (Nothing To Loose But Your Life) ဘာမှ ဆုံးရှုံးစရာ မရှိပါဘူး။ သင့်ဘ၀က လွဲရင်ပေါ့ လို့ အမည် ပေးထားပါတယ်။ ဆွပ်ဒ်ကို စကား ပြောပွင့်လင်းသူ အဖြစ် ခင်မင်ခဲ့ရပါတယ်။

နောက်ထပ် ခင်မင် ဖြစ်ခဲ့သူတွေ ကတော့ အန်တိုနီ လူဝီစတိန်းရဲ့ မိဘနှစ်ပါး၊ အောက်စ်ဖို့ဒ် တက္ကသိုလ်က ပါဠိနဲ့ ဗုဒ္ဓဘာသာ ပညာ ပါမောက္ခ (Richard Gombrich)  ရစ်ချတ် ဂိုးဘရစ်ခ်ျ၊ မော်လတာ တက္ကသိုလ်က ကဗျာဆရာ (Adrian Grima) အေဒရီ ယန်ဂရီမာ၊ အင်္ဂလန်က ဆာရာ၊ လုပ်အားပေး သြစတြေးလျန် အလန်နဲ့ အင်ဒို နီးရှားသူ နိုဗီနီယာ၊ မလေးရှား၊ စင်ကာ ပူက စာရေးဆရာ အချို့နဲ့ အင်ဒိုနီးရှား စာရေးဆရာ စီတောစီတူမိုရန်းရဲ့ ဇနီးတို့ ဖြစ်ပါတယ်။ ပွဲတော်က စာရေးဆရာ တွေကို ညတိုင်း ညစာ စားပွဲနဲ့ ဧည့်ခံ တာမို့ အချင်းချင်း စကားလက်ဆုံကျ ခွင့်လည်း ရတန်သလောက် ရပါတယ်။ ဒါပေမယ့် ၁၃၀  ကျော်လောက် ရှိတဲ့ စာရေး ဆရာတိုင်းနဲ့ စကား ပြောခွင့်ကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ပွဲတော် ပိတ်ပွဲ ညမှာတော့ ဟစ်ဟော့ပ်ဆိုမယ့် လူငယ် အုပ်စုထဲက (Heshan Habibullah) ဟီရှန်ဟာဘီဘူ လာဟ်ဆိုတဲ့ ကောင်လေး တစ်ယောက်ကို အမှတ်မထင် ဆုံဖြစ်ရပါတယ်။

သူက နယူးဇီလန်မှာ မွေးခဲ့ပြီး လက်ရှိမှာ သြစတြေးလျမှာ နေထိုင်နေတဲ့ မြန်မာပြည်ဖွား မိဘတွေရဲ့ သားလတ်တစ်ယောက် ဖြစ်နေပြီး မြန်မာ စကားကို အတန်အသင့် ပြောတတ်သူ ဖြစ်နေပါတယ်။ သူ့အပြော အရ မြန်မာပြည်ကို သူ့ အသက် ၁၂ နှစ်က တစ်ခေါက် အလည်ရောက် ဖြစ်ခဲ့ပြီး သူတို့ မောင်နှမတွေထဲမှာ သူကသာ မြန်မာ စကားကို အတော်လေး ပြောနိုင်ပေမယ့် ကျန်မောင်နှမတွေက သိပ်မပြောနိုင်ဘူးလို့ ဆိုပါတယ်။ သူက ဟစ်ဟော့ပ် ဖျော်ဖြေပေးဖို့ ဖိတ်ကြား ခံရတာ ဖြစ်ပြီး ညစာ စားပွဲမှာ ဖျော်ဖြေမှာ ဖြစ်ပါတယ်။ ကိုယ်နဲ့ သူ့မှာ စကား လက်ဆုံကျဖို့ အဲဒီညမှာ အချိန် မရှိခဲ့တော့ပါဘူး။ သူက ဖျော်ဖြေရေး အတွက် စင်ပေါ်မှာ အချိန်ကုန်ရ တော့မှာပါ။ နောက်နေ့မှာတော့ နှစ်ယောက်စလုံးက အသီးသီး အိမ်ပြန်ကြ တော့မှာကိုး။ ဘာပဲဖြစ်ဖြစ် ဒီလိုစာပေ ပွဲတော်မျိုးမှာ မြန်မာစကား ပြောနိုင်တဲ့ လူငယ်လေး တစ်ယောက်ကို တွေ့ရတာ ၀မ်းသာစရာပါ။ ပွဲတော်ပိတ်ပွဲည ဧည့်ခံပွဲကတော့ စည်ကား သိုက်မြိုက်သလို မိုးအလင်းများ ကျင်းပကြလေသလား လည်း မပြောနိုင်တော့ပါဘူး။ ရှေ့မှာ ထိုင်း၊ တရုတ် ခရီးတွေ သွားဖို့ အစီအစဉ် ရှိနေတာမို့ အဲဒီညက ကိုယ်ကတော့ ဟိုတယ်ကို စောစောပဲ ပြန်ဖြစ်ခဲ့ပါတယ်။

သွားလေရာမှာ အလုပ် အားတာနဲ့ အလည်သွားဖို့ ကြိုးစားခဲ့တဲ့ ကိုယ့်အတွက် ဘာလီဟာ ကျေနပ်စရာ နေရာ တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ အထူး သဖြင့်တော့ ဘာလီသူ ဘာလီသားတွေရဲ့ ပျူငှာမှုနဲ့ ကိုယ်ပိုင် ယဉ်ကျေးမှုတွေ အပေါ် တန်ဖိုးထား ထိန်းသိမ်း နေကြဆဲ အပြုအမူတွေကြောင့် ဘာလီဟာ ကိုယ်နဲ့ မစိမ်းကားဘဲ အသားကျ ရင်းနှီး လွယ်ခဲ့တာ အမှန်ပါ။ တိုးရစ်တွေ အလာ များတဲ့ နေရာမို့ သူတို့ရဲ့ ယဉ်ကျေးမှု အပြုအမူတွေကို တမင်တကာ ချပြနေတာမျိုး မဟုတ်ဘဲ နိစ္စဓူဝ လှုပ်ရှားမှုတွေမှာ ကိုယ်ပိုင် ယဉ်ကျေးမှုကို ယုံယုံကြည်ကြည် ကျင့်ကြံနေကြတဲ့ ဘာလီသူ၊ ဘာလီသားတွေရဲ့ အေးချမ်း သလောက် ခိုင်ကျည်တဲ့ စိတ်ဓာတ်ကို တွေ့ရတာဟာ သိပ်နွေးထွေး ရင်းနှီးနေ သလိုပါ။ မနက်မိုးလင်းရင် အုန်းလက် ပန်းကန်ပြားလေးတွေ ပေါ်မှာ ထမင်းလေး စတိတစ်ပုံ၊ ပန်းဝါ၀ါ နီနီစိမ်းစိမ်း လေးငါးပွင့် ထည့်ပြီး အိမ်ရှေ့ ကပြင်က စလို့ နေရာ အနှံ့မှာ ပူဇော် တတ်ကြတဲ့  ဓလေ့ကလည်း ခုထိ အထင်အရှား။ အင်ဒိုနီးရှား ပါတိတ်လေးတွေကို ယောက်ျား၊ မိန်းမ အကုန်လုံးက ၀တ်နေကြပြီး မိန်းကလေးတွေက ခါးထောင် အက်ႌလို အက်ႌ ပေါ်မှာမှ ပ၀ါ တစ်ပိုင်းကို ဟိန္ဒူ အယူအဆ အရ စိတ်ဘ၀င်တွေ လျော့ကျ မသွားအောင် ထိန်းတဲ့ အနေနဲ့ ခါးစည်းလို့။ ထန်းခေါက် ဖာလေးတွေကို တယုတယ ခေါင်းရွက်၊ ခါးပိုက် လုပ်နေကြဆဲ။ ဘာလီမှာ ကားစုတ်ရယ်လို့လည်း မတွေ့ခဲ့ရတာက အိမ်တိုင်းမှာ ဘုရားကျောင်း ကိုယ်စီ ရှိနေတာကို တွေ့ရသလို ထူးဆန်းလို့။ နောက်ဆုံးပေါ် ကားမျိုးစုံ ကို ဘာလီက လူလတ် တန်းစားတွေက စီးလို့။

တက္ကစီရယ်လို့ သိပ်မတွေ့ရပေမယ့် လမ်းပေါ်က ကားတိုင်းလိုလိုက ဧည့်သည်တွေ တားရင် အငှားလိုက်ချင် ကြတာမို့ ဈေးတော့ ဆစ်တတ်မှ ဖြစ်မယ်လို့ ညွှန်ကြားတာ ခံရတော့လည်း ကိုယ့်မှာ ရယ်ဟဟ ဖြစ်ရလို့။ အူဘုဒ် မြို့ပြင်ဘက် ထွက်တဲ့ အခါမှာတော့ စိမ်းစို နေတဲ့ နေရာတွေ မဟုတ်ရင် မီးတောင်ဟောင်းနဲ့ ချော်ရည် ပုံဆောင်ခဲတောင် တွေကိုပဲ တွေ့ရတာမို့ အစိမ်းနဲ့ အနက်ကို မျက်စိ အသားကျ နေခဲ့ ရပြန်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာ တွေ့ရတာ ကတော့ တိုက်ကြက်တွေ အတွက် လှောင်အိမ်လေးတွေ အရောင်း သွက်နေ တာကိုပါ။ အင်ဒိုနီးရှားမှာ ကြက်တိုက်တဲ့ ဓလေ့က အထူးသဖြင့် ပညာမဲ့ နွမ်းပါးတဲ့ လူတန်းစားမှာ ခေတ်စား နေဆဲပါ။

ဘာလီမှာ သာမက တခြားကျွန်း တွေမှာပါ ကြက်တိုက်တာကို စီးပွား ဖြစ်လုပ်နိုင်လောက်အောင် သူတို့ တစ်တွေက စိတ်ဝင်စား ကြပါတယ်။ ဘုရား ကျောင်းဆောင်များနဲ့ ဘုရား ရုပ်ပွားတော်များ ထုလုပ်တဲ့ လုပ်ငန်းကလည်း ဘာလီမှာ အတော် ထွန်းကားလှပါတယ်။ အစားအသောက်မှာတော့ ဟိန္ဒူတွေ ဆိုပေမယ့် အများစုက သက်သတ်လွတ် မစားဘဲ အသားလည်း စားကြတာကို သတိထား မိပါတယ်။ ဘာလီမှာ နာမည်ကြီး အစားအသောက်ကတော့ ၀က်ကောင်လုံးကင် ဖြစ်ပြီး ကိုယ်ကတော့ အရေခွံမာကာ အစပ်များတာမို့ မကြိုက်ဘဲ ၁၂ နာရီ ကြာအောင် ကင်ပေါင်းထားတယ်ဆိုတဲ့ ဘာလီဘဲကင်ပေါင်းကို ပိုကြိုက်ပါတယ်။ ကိုယ်တို့စားသလို ငါးပိနဲ့ ဘာလချောင် ကြော်ကိုလည်း စားကြတာမို့ ဘာလီ ဟာ ကိုယ့်အတွက် တကယ့်ကို မစိမ်းတဲ့ နေရာ တစ်ခုပါပဲ။ အူဘုဒ်နဲ့ အနီးအနားကို တစ်ကိုယ်တော် လည်ဖြစ်တဲ့နေ့က ကားမောင်းပို့တဲ့ ဧည့်လမ်းညွှန်ကောင် လေးက ဘာလီမှာ ချမ်းသာတဲ့ လူနဲ့ ဆင်းရဲတဲ့ လူကြား စည်းရယ်လို့ ကြီးကြီး မားမား မခြားထားဘဲ သူ့မှာ မရှိရင် ကိုယ်ကမျှပြီး ကိုယ့်မှာ မရှိရင် သူက ကူတဲ့ မိသားစု စိတ်ဓာတ်နဲ့ နေတတ် ကြတာမို့ ဟိန္ဒူဘာသာဝင် မဟုတ်သူတွေ ပြောင်းရွှေ့လာကြတဲ့ အခါမှာတောင် ပြဿနာရယ်လို့ ဘာမှ မရှိဘူးလို့ ပြောပြ တာကို ကြားရတော့လည်း စိတ်ထဲမှာ ပိုပြီး နွေးထွေးသွားသလိုပါ။

ဘာလီသူ၊ ဘာလီသားတွေက လည်း ကိုယ့်ကို အမျိုးသမီး တစ်ယောက်တည်း ခရီး သွားနေတာမို့ ဆိုတဲ့ သဘောနဲ့ စပ်စု စွက်ဖက်လိုဟန် မရှိ ကြဘဲ မြန်မာပြည်ကလို့ ပြောလိုက်ရင်လည်း သိကြသူ များတာမို့ သည်ခရီး ၆ ညတာ တစ်လျှောက်လုံး ကိုယ်ဟာ ဧည့်သည်သူစိမ်း အဖြစ် မခံစားခဲ့ရပါဘူး။ ကြည့်လေရာမှာ စိမ်းစိုသလောက် ခံစားခဲ့ရတာ မစိမ်းကားတဲ့ ဘာလီကို နောက်တစ်ခေါက် ထပ်သွား ချင်နေသေးတာတော့ အမှန်ပါ။ စိမ်းပြီး မစိမ်းသော ဘာလီရေ...ကိုယ် ပြန်လာခဲ့ဦး မယ်လေ။
 မသီတာ၊စမ်းချောင်း၊
(ရွှေအမြုတေ၊ မဂ္ဂဇင်း၊ဒီဇင်ဘာလ ၂၀၁၀)

No comments:

Post a Comment