Monday 17 October 2011

အပြန်အလှန် နားထောင်ပါ


နတ်တော်လကို စာဆိုတော်လ အဖြစ် သတ်မှတ်ကြကာ မြန်မာနိုင်ငံတစ်နံတစ်လျား စာပေ ဟောပြော ပွဲတွေ ထွက်ပေါ်လာတာကို ဒီနှစ်ထဲမှာ ၀မ်းပန်းတသာ တွေ့ရပါတယ်။

ကိုယ်တိုင်လည်း ဟောပြောပွဲ ခရီးတချို့ လိုက်ပါဖြစ်ပါတယ်။ ခရီးထွက်ရတာ သဘော ကျသူမို့ လမ်းတစ်လျှောက်နဲ့ ဒေသ ၀န်းကျင်က တောတောင် ရေမြေသဘာဝကို ခံစား ငေးမောရင်း အဲဒီဒေသတွေက လူတွေကိုလည်း ဖတ်ကြည့်ခဲ့ ဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်တွေကိုပါ။ ဟောပြောပွဲ ခရီးတွေဟာ အပျော်ခရီး၊ အလုပ် ခရီးတွေနဲ့ မတူတာက ဒေသခံလူထုကို နီးနီးကပ်ကပ် ဆက်ဆံခွင့်၊ စကားပြောခွင့် ရတာပါ။

ချစ်စရာ မြန်မာ့ဓလေ့ အရ ဒေသခံ အားလုံးလိုလိုက စာရေးဆရာတွေကို တလေးတစား ဆက်ဆံကြတာမှာ မနေတတ်၊ မထိုင်တတ်ဖြစ်ရတဲ့ အထိတောင် ရှိရပါတယ်။ ဒေသခံ လူငယ်လေးတွေ အများစုကတော့ စာရေးဆရာ တွေက မေးစရာ ရှိရင် မေးပါလို့ ဖွင့်ပေးတဲ့ အခါမျိုးမှာတောင် မိုနာလီဇာ အပြုံးလေး များနဲ့သာ တုံ့ပြန်ကြတာပါ။ မေးတော့လည်း ရိုရိုကျိုးကျိုး၊ နှုတ်လှန် မထိုးဘူးလို့ သနိ္နဋ္ဌာန် ချထားတဲ့ အချိုးမျိုး တွေက အများစုပါ။ ပီဘိ ဆယ်ကျော်သက် လူငယ်များကို စုစည်းထားတဲ့ ပညာရေး ၀န်ဆောင်မှု ကျောင်းတစ်ကျောင်းက ကလေးတွေနဲ့ သီးသန့် တွေ့ခွင့်ရတဲ့ အခါမှာတော့ ကိုယ့်အာသီသကို ဖွင့်ဟဖြစ်ပါတယ်။ “နားထောင်ပါရစေ။ ကြားချင်လို့ပါ။ ပြောစရာတွေ ရှိနေမှာပါ။ပြောကြစမ်းပါ”

လို့ပေါ့။ ရင်ထဲက လှိုက်လှဲစွာ ပြောဖြစ်တာပါ။ တကယ့်ကို သူတို့ရဲ့အသံ အစစ်ကို နားထောင်ချင် တာမို့ အဲဒီလိုပဲ တောင်းဆို ဖြစ်ပေမယ့် သူတို့ ကတော့ သူကစပြောနိုး၊ ငါကပြောရင် မှားသွား နိုးဆိုတဲ့အတွေးများနဲ့ အချိန်အကြာကြီး ဆွံ့အ နေခဲ့ပါတယ်။ မိန်းကလေး တစ်ယောက်က ထပြောပေမယ့် အဲဒါကလည်း ကိုယ့်ကို ပြန်ဖြေ စေချင်တဲ့ မေးခွန်းသာ ဖြစ်နေခဲ့ပါတယ်။ ဒါ ကြောင့် သူတို့ရဲ့အသံအစစ်ကို နားထောင်ခွင့်က အတော်ကြီး ခက်ခဲခဲ့ပါတယ်။ အဲဒီတော့မှ ကိုယ်လည်း သူတို့ဘာကြောင့် မပြောနိုင်ကြတာ လဲဆိုတာကို စေ့စေ့ တွေးဖြစ်လာပါတယ်။

သူတို့ကို ကိုယ်က ပြောပါ၊ နားထောင်ပါ ရစေလို့ ပြောတာကိုပဲ သူတို့မှာ အံ့သြမှင်တက် နေရပါသတဲ့။ သူတို့ကို အတန်အသင့် နားလည် ထားတဲ့ လူလတ်ပိုင်း လူမှုရေး သမားတစ်ဦးက ပြောမှ သိရတာပါ။ “သူတို့ ဘ၀မှာ အဲဒီလို နားထောင်ပါရစေ၊ ပြောကြပါလို့ အပြော ခံရတာ ဒါ ပထမဆုံးပဲ ဆရာမရဲ့”လို့ ဆိုပါကလား။ တကယ်ပဲ ကိုယ်တို့ရဲ့ မြန်မာ လူငယ်လေးများ ဟာ တစ်ဖက်သတ် နားထောင်နေရတဲ့ ဘ၀မှာ ရှိနေသေးသလား။ အမှန်ပဲ သူတို့ကို နားထောင် ပေးမယ့် လူရယ်လို့ တစ်ယောက်မှ မရှိခဲ့ကြလေ သလား။

သူတို့ရဲ့ခံစားချက်တွေ၊ အိပ်မက်တွေ၊ လက်ရှိ စွမ်းဆောင်ချက်တွေ၊ အနာဂတ်မျှော်လင့် ချက်တွေ၊ အဲဒါတွေကို ဘယ်သူကမှ မကြားချင်ကြ ဘူးတဲ့လား။ ဘယ်လောက်ငယ်ငယ် သူတို့မှာလည်း ပြောချင်တာတွေနဲ့ ပြောပြစရာတွေ ရှိနေတတ်တာပဲ မဟုတ်လား။ ဒါဆိုရင် သူတို့ကို ငယ်လို့ဆိုပြီး နားထောင်မပေးကြတာ များလား။ ကြီးသူ ပြောစကားကိုသာ ငယ်သူက နားထောင်ပြီး ငယ်သူ့စကား ကိုတော့ ဘယ်သူ ကမှ နားထောင်ဖို့ ဆန်္ဒနဲ့ အစီအစဉ် မရှိကြတော့ ဘူးလား။ တွေးရင်းက ကြက်သီးမွေးညင်း ထလာလောက်အောင် ထိတ်လန့်အံ့သြ ကြောက်ရွံ့ တုန်လှုပ်လာမိပါတယ်။

ငယ်ရွယ်စဉ် ဘ၀မှာ ထိတွေ့ရတဲ့ ပတ်ဝန်း ကျင်ရယ်လို့ များများစားစား မရှိပါဘူး။ အထိ အတွေ့ အများဆုံး ပတ်ဝန်းကျင်က မိသားစုပေါ့။ အဘိုးအဘွား ပါချင်ပါမယ်၊ မပါရင် မိဘနဲ့ မောင်နှမ။ ကလေးတစ်ယောက် အဖို့ အဲဒီ ပတ်ဝန်းကျင်မှာ နားထောင်ပေးမယ့်သူ ရှိခဲ့ပါသလား။

ကိုယ့်ဘ၀ အတွေ့အကြုံ မှာတော့ ကိုယ့်အဘိုး အဘွားနဲ့ ကိုယ့်အဖေ၊ အမေက ကိုယ့်စကားတွေ၊ ကိုယ့်အိပ်မက်တွေကို အတော်ကြီး နားထောင်ပေး ခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်သိနေရတာတွေ အရ မိသားစု တော်တော်များများမှာ သားသမီး အားလုံးဟာ နားထောင်သမား သက်သက်တွေပါ။ သူတို့ ကို နားထောင်မယ့် သူကတော့ သူတို့ မိသားစုထဲမှာ မရှိပါဘူး။

အဘိုးအဘွားကလည်း အဘိုး အဘွားမို့၊ မိဘကလည်း မိဘမို့၊ ဘကြီးဦးလေး ကြီးတော်မိကြီး တွေကလည်း သူတို့က လူကြီးမို့၊ အစ်ကို အစ်မကြီးများကလည်း သူတို့က ပိုကြီး သမို့ဆိုကာ အငယ်အထွေး ထိုကလေးတွေကို နားထောင်တတ်အောင်သာ သင်ကြား ပေးခဲ့ကြ ပါတယ်။ သူတို့က တစ်လှည့် ပြန်နားထောင်ကြ မယ်ဆိုတဲ့ စိတ်ကူးမျိုး မရှိခဲ့ပါဘူး။ လူသား သဘာဝ အရ ကြီးကြီးငယ်ငယ် ပြောချင်တာတွေ၊ ပြောပြစရာတွေနဲ့ သူတစ်ပါးကို နားထောင်စေ ချင်တာတွေက ရှိနေတတ်မြဲပါ။

ဒါပေမဲ့ သူတို့က သာ သူများတကာရဲ့ အပြောတွေ၊ အဆိုအဆဲ၊ အမာန်အမဲတွေကို နားထောင်ပေးကြရပြီး သူတို့ရဲ့ အပြော၊ အမေး၊ အတွေး၊ အဖြေတွေကိုတော့ ဘယ်လူကြီးကမှ နားစိုက်ထောင်ပေးဖော် မရ တတ်ကြတာ များပါတယ်။ “ဟာ ကလေးက ကလေးလို မနေဘူး။ ဘာတွေ စကားကြောရှည် နေတယ် မသိပါဘူး။ တော်တော့ ငါပြောတာပဲ နားထောင်။ နှုတ်လှန်ထိုးပြီး စောဒက လာတက် မနေနဲ့”လို့သာ အပြော ခံကြရတတ်ပါတယ်။

ငယ်ရွယ်စဉ်ဘ၀မှာ မသိ နားမလည်ကြတာမို့ စိတ်ကူးတည့်ရာ ဇာတ်လမ်းတွေကို ပြောလိုပြော၊ စူးစမ်းစိတ်ရှိတာမို့ အမေးတွေ တရစပ် မေးလိုမေးနဲ့ ရှိလာပြန်ရင်လည်း ကိုယ့်ရင်နှစ်သည်း ချာရယ်လို့ တုန်နေအောင် ချစ်ကြပါတယ်ဆိုတဲ့ မိဘ ဘိုးဘွား လူကြီးများကပဲ ကလေးက ကလေးကလားတွေ လာပြောနေပါ သကောရယ် လို့ ဗီတိုသုံးပြီး ဆက်မပြောရအောင် ကြိုးစား တတ်ကြတာ များပါသတဲ့။ ဒီလိုနဲ့ ကလေးတွေရဲ့ အငုပ်စိတ်မှာ သူတို့ကို နားထောင်ပေးမယ့်သူ မရှိပါလား ဆိုတဲ့စိတ်တွေ ကိန်းအောင်းလာ တတ်ကြပါတယ်။ အဲဒီလို ကိန်းအောင်း လာတာနဲ့ အမျှ ကိုယ့်စိတ်ထဲ ပေါ်လာတဲ့ ပြောချင်တာ မှန်သမျှကို ဇွတ်မှိတ် မျိုချဖို့ ကြိုးပမ်း ရတော့တာပါ။ ဒီအတွေ့အကြုံက နေမြင့်လေ အရူးရင့်လေ ဆိုသလို အချိန်ကြာလေ များလာလေပေါ့။

ဒီလိုနဲ့ လူငယ်လေးတွေဟာ လူကြီးတွေပြောတဲ့ သူတို့ စိတ်မ၀င်စားတဲ့အကြောင်းအရာတွေကို လူက ပကတိငြိမ်သက်စွာ ဖြစ်ပေမယ့် စိတ်က အဝေးရောက်စွာ နားထောင်ပေးလိုက်ကြတာမျိုး၊ ကိုယ့်ဘက်က ပြန်ပြောပြချင်တာ လေးတွေ ရှိလာရင်လည်း လူက ပကတိ ငြိမ်သက်စွာနဲ့ စိတ်က ပေါက်ကွဲစွာ မျိုချ လိုက်ကြတာမျိုး လေ့ကျင့်လာ ကြပါတယ်။

အဲဒီနောက်တော့ ကလေးတွေရဲ့အုပ်ထိန်းသူ များကပဲ ကလေးတွေ လိမ္မာယဉ်ကျေးအောင် ဆိုကာ ဘာသာရေး ကျောင်းတွေဆီ ပို့လာကြပါ တယ်။ မကြာခင် စာသင်ကျောင်းတွေ ဆီလည်း ပို့ရမယ့် အရွယ်ဖြစ်နေပြီမို့ စားသောက် နေထိုင် အချိုးပြေပြေ ဖြစ်အောင် ဆိုပါတော့။ ကလေးတစ် ယောက် ဘုန်းကြီး ကျောင်းသွားရတာ ပျော်စရာ ကောင်းသလို ကြောက်စရာလည်း ကောင်းပါ တယ်။ အိမ်ထက် ကျယ်ဝန်းတဲ့ ပတ်ဝန်းကျင်မှာ ဆော့ကစားလို့ရသလို စားစရာလည်းပေါတာ ကြောင့် ပျော်စရာပါ။ ဒါပေမဲ့ ဆရာတော်ကြီးများရဲ့အမာန်အမဲ၊ အဆူအဆဲနဲ့ ရံဖန်ရံခါ အရိုက်အနှက် ကြောင့် ကြောက်ရတာ ကလည်း အတိုင်းထက် အလွန်ပါပဲ။ ဘုန်းကြီး ကျောင်းသားမှန်ရင် အပိုးကျိုးတယ်လို့ ဆိုစမှတ် ပြုလောက်အောင်ကို အကြောက်တရား လက်ကိုင်ထားပြီး နာခံရတတ်၊ နားထောင် ရတတ်ပါတယ်။

ဘုန်းကြီး ကျောင်းမှာ လူကြီးတွေရဲ့ သိသမျှ၊ ခံစားသမျှ လျှောက်တင် စကားတချို့ကိုတောင် မိကျောင်း မင်း ရေခင်းပြ၊ ဘုန်းကြီး စာချလို့ သဘောထား ကာ နားထောင် ပေးလေ့မှ မရှိလေတော့ ကလေး တွေရဲ့စကားကို နားထောင်ပေးဖို့ ဆိုတာ အတော် ကြီး မဖြစ်နိုင်တော့ပါဘူး။ ဒီတော့ ကလေးတွေက ဘုန်းကြီးကျောင်း သွားတာဟာ နာခံတတ်အောင်နဲ့ နားထောင် တတ်အောင် သွားရတာမျိုးပဲ ဖြစ်နေပါတယ်။ သူတို့ ရင်ထဲက ပြောချင်တာတွေကို ပြောခွင့်ရမယ့် နေရာမျိုး မဟုတ်ဘူးလို့ ကလေးတွေလည်း သဘော ပေါက်တတ်လာပါတယ်။

ဒါကြောင့် မိဘလက်အောက်က လွတ်မြောက်တဲ့၊ အရွယ် ရောက်လာတဲ့ အခိုက်အတန့် မျိုးမှာ သူတို့ သဘောနဲ့ သူတို့ သွားချင်ရာကို သွား နိုင်ကြပြီဆိုရင် သူတို့ဟာ သူတို့က နာခံရမယ့် နေရာ၊ သူတို့က နားထောင်ရမယ့်နေရာကို မရွေး ချယ်ကြတော့ပါဘူး။

မြို့တွေမှာတော့ အရွယ်ရောက်ရင် စာသင်ကျောင်းက သီးခြားပေါ့။ ဘုန်းကြီးကျောင်းနဲ့ မတူတဲ့နေရာလို့ ဆိုနိုင်တာက အပြင်အဆင်၊ အခင်းအကျင်း လောက်ပါ။ ဖွဲ့စည်းပုံကတော့ တယ်မကွာ လှပါ ဘူး။ ဆရာတော်ကြီးဆို ဖိမ့်ဖိမ့်တုန် ကြောက်ကြရသလို ကျောင်းအုပ်ကြီး ဆိုလည်း ဒီလိုပါပဲ။ ဦးပဉ္စင်းလေး တွေနဲ့တော့ အတန်အသင့် အဆင်ပြေသား ဆိုသလို ဆရာ၊ ဆရာမ ပေါက်စတွေနဲ့တော့ အဆင်ပြေ ကြပါတယ်။ ဒါပေမဲ့ စာသင်ကျောင်း ရောက်တော့လည်း ကလေးတွေရဲ့ စကားကို နားထောင်ပေး မယ့်သူက မရှိပြန်ပါဘူး။

သူတို့ နားထောင်ရမှာ ကတော့ ကျောင်းအုပ်ကြီးက စပြီး ကျောင်းဆရာ၊ ဆရာမ အားလုံးပါပဲ။ ပရိတ်ကြီး ဆယ့်တစ်သုတ်ကို နားလည်လည် မလည်လည် အာဂုံ ဆောင်ရသလို သင်ခန်းစာတွေကို နှုတ် တက်ရအောင် ကျက်ကြရပြန်ပါတယ်။ မှတ်ဉဏ်ကောင်းမှ လူတော်ဖြစ်ပြီး စဉ်းစားဉာဏ် ကောင်းရင် လူဆိုး၊ လူပုန်ကန် ဆိုတာမျိုး ဆက်ဆံ ခံရပြန်ပါတယ်။ သိချင်တာတွေကို လိပ်ပတ်လည်အောင် သိရဖို့၊ တွေးမိတာတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ခွင့် ရဖို့၊ ဘ၀င် မကျတာတွေနဲ့ ကိုယ်သိထားသလို မသင်ကြား ခံရတာတွေ အကြောင်း ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် အကျေ အလည် ဆွေးနွေးခွင့် ရဖို့ ဆိုတာလည်း ဒီနေရာမှာ မဖြစ်နိုင်ပြန်ပါဘူး။

ဒီတော့ ကလေးတွေ အဖို့ ကိုယ့်စကားကို နားထောင်ပေးမယ့် နေရာကို အရွယ် ရောက်လာတဲ့ အထိ ရှာမတွေ့ ဖြစ်ကြရပါတယ်။ ကိုယ့်စကား နားထောင်ပေးမယ့် နေရာ ရယ်လို့ ရှာမရလေတော့ သူတို့စကား နားထောင်ပေးမယ့်သူကို ဦးစားပေးပြီး ရှာပါတယ်။ တကယ်တော့ သူတို့စကားကို တစ်ဖက်သတ် နားထောင်ပေး မယ့် သူမျိုးကို ရှာတာ မဟုတ်ဘဲ သူတို့နဲ့ အပြန်အလှန် ပြောမယ့်၊ နားထောင်မယ့် သူမျိုးကို သူတို့ရှာတာပါ။ အိမ်မှာ၊ ဘုန်းကြီးကျောင်းမှာ၊ စာသင်ကျောင်းမှာ။ ဘယ်မှာမှ အဲဒီလို လူမျိုးကို ရှာမရတဲ့ အခါ အဲဒီ နေရာတွေဟာ သူတို့ စိတ်ကြိုက်အဖြစ် သဘော ထားစရာ နေရာတွေ မဟုတ်ဘူးလို့ သူတို့က သတ်မှတ် လိုက်တတ်ကြပါတယ်။

သူတို့ ရှာနေတဲ့ နေရာကို သူတို့တွေ့သွားတာကတော့ လက်ဖက်ရည်ဆိုင် မှာပါ။ သူတို့ ရှာနေတဲ့ သူတို့စကားကို နားထောင်ပေးပြီး သူတို့နဲ့အပြန်အလှန် နားထောင်ပေးမယ့်သူဆိုတာလည်း သူတို့ အချင်းချင်းပဲ ဖြစ်နေတဲ့အပြင် နေရာ ကလည်း လမ်းဘေးက လက်ဖက်ရည် ဆိုင်မှာပါပဲ။ လက်ဖက်ရည်ဆိုင်မှာ သူတို့ နားလည်တဲ့ ဘာသာဗေဒနဲ့ သီဆိုထားတဲ့ သီချင်းကို နားထောင်နိုင်မယ်။ အဲဒီသီချင်းနဲ့ ပတ်သက်တဲ့ သူတို့ ခံစားချက်တွေကို သူတို့ ပြောနိုင်မယ်။ အဲဒီ သူတို့အပြောတွေကို သူတို့အချင်းချင်းက ၀ိုင်းခံစား နားလည်ပေးကြမယ်။

အဲဒီ သီချင်းကို အကြောင်းပြုပြီး သူတို့ရဲ့ အနာဂတ် အိပ်မက် အကြောင်း သူတို့ ရင်ဖွင့်ကြမယ်၊ စိတ်ကူးကြမယ်။ အိမ်၊ ဘုန်းကြီးကျောင်း၊ စာသင် ကျောင်းတွေမှာ သူတို့ အခုလို သွားပြောရင် နားထောင် မပေးတာလောက်ဆို တော်ဦးမယ်။ အော်ငေါက်ရှုတ်ချ ခံရတဲ့ အထိလည်း ဖြစ်သွားနိုင်သေးတယ်။ ဒီတော့ သူတို့ကို နားထောင်ပေးမယ့် လူငယ်ချင်း စုဝေးရာ လက်ဖက်ရည် ဆိုင်မှာပဲ သူတို့ ပျော်ပိုက်လာတယ်။ သူတို့ အချင်းချင်းဆီက နားထောင်ပေး တတ်မှုက လွဲရင် အကြံကောင်း၊ ဉာဏ်ကောင်းက မကြွယ်ဝလေတော့ သူတို့ရဲ့ လက်ဖက်ရည်ဆိုင် စကားဝိုင်းတွေဟာ အဖြေမရှိတဲ့ ဟစ်တိုင်တွေ ဖြစ်လာတယ်။ အိမ်၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ အတွေ့အကြုံ ကြွယ်ဝတဲ့ အကြံဉာဏ်ကောင်းတွေ ရှိပေမယ့် သူတို့ကို နားထောင် မပေးတတ် လေတော့ သူတို့က မပျော်ပိုက်ဘူး။ ဒီတော့ သူတို့အဖို့ အဲဒီ နေရာတွေဟာ အဖြေ ရှိပေမယ့် အနေ မငြိချင်တဲ့ နွယ်အိုင်တွေ ဖြစ်လာတယ်။

အဖြေ လိုနေပေမယ့် နွယ်အိုင်မှာ အပတ် ခံထားရ၊ အဆွဲခံထား ရပြီး မရုန်းနိုင် မကန်နိုင် နစ်နေမှာကို မလိုချင်တဲ့ ကလေးတွေက အဖြေ မရချင်နေ အခုလို နစ်နေရ တာတွေအကြောင်း ဗျို့ဟစ်ပစ်လိုက်ရရင် သက် သာမယ်လို့ တွေးလာကြတယ်။ အဲဒီလိုနဲ့ နွယ်တွေ ဖြစ်တဲ့ အိမ်၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်း တွေက လူကြီးတွေကလည်း အစစ်အမှန် အဖြေစစ် ဖြစ်တဲ့ သူတို့ရဲ့ စေတနာတွေ၊ အကြံဉာဏ်တွေနဲ့ ရစ်ပတ် ကာကွယ်ပေးလိုရင်း ရည်ရွယ်ချက်ကို အကောင်အထည် မဖော်နိုင်၊ လူငယ်တွေကလည်း အစစ်အမှန် ဝေဒနာဖြစ်တဲ့ နွံမနစ်ချင် လိုတဲ့ ရည်ရွယ်ချက်ကို မကုသနိုင် ဖြစ်ကြရတာပါ။

လူငယ်တွေရဲ့ အသံကို နားထောင်ပေးမယ့် အိမ်၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေ လုံးလုံး မရှိတော့ဘူးရယ်လို့ မပြောနိုင်ပေမယ့် အများစုကြီး ဖြစ်တဲ့ အိမ်တွေ၊ စာသင်ကျောင်း တွေနဲ့ ဘုန်းကြီး ကျောင်းတွေကတော့ လူငယ်တွေ ရဲ့အသံကို နားထောင်ရမယ့် အစား လူငယ်တွေ ကိုသာ သူတို့ရဲ့အသံကို နားထောင် ခိုင်းနေတာ တွေ့နေရပါတယ်။

အဲဒီလို လူငယ်တွေက ဆက်လက်ကြီး ပြင်းလာလို့ လုပ်ငန်းခွင်ထဲ ရောက်လာပြန်ရင် လည်း အဲဒီလို သူတို့ကို နားထောင်ပေးမယ့် အလုပ်ရှင် လူကြီးမင်းများကို မတွေ့ခဲ့ရရင် သူတို့ အချင်းချင်း နားထောင် ပေးနိုင်မယ့် ဘီယာဆိုင်၊ ကာရာအိုကေဆိုင်တွေဆီ ဆက်သွားကြမှာပါ။ အဲဒီမှာ ဟစ်ချင်တာတွေ ဟစ်ပြီးရင် အဖြေ မထွက်ပေမယ့် ဒီနေ့အဖို့ ရင်ပေါ့တယ် ဆိုပြီး ကျေနပ်ကာ မနက်ဖြန်ကို ဆက်လက် ရင်ဆိုင်ရင်း သူတို့ရဲ့အသံတွေကို နားထောင်ပေးမယ့်သူနဲ့ နေရာကို ဆက်ပြီးရှာဖို့ အားမမွေးချင် ကြတော့ ပါဘူး။ ဒီတော့ တစ်ခါတလေများ ဘောလုံးပွဲ ကြည့်ရင်း၊ ရုပ်သံလိုင်း တချို့ကြည့်ရင်း၊ လေလှိုင်းက အသံတွေကို နားထောင်ရင်း၊ စာပေ ဟောပြောပွဲက အသံတွေကို နားထောင်ရင်း သူတို့ ပြောချင်နေတဲ့ အသံများနဲ့ တူတာတွေ ကြုံရတဲ့ အခါ လက်ခုပ် လက်ဝါးတီး၊ လက်သီးလက် မောင်းတန်းပြီးတော့ကို အားပေး ပစ်လိုက်တာပါ။ ၀မ်းပန်းတသာ ဖြစ်လိုက်တာပါ။ ကျေနပ်အားရ ပစ်လိုက်တာပါ။ ကိုယ်တစ်သက်လုံးရှာနေတဲ့ ကိုယ့်အသံကို နားထောင်မယ့် နေရာကို သွယ်ဝိုက်သော နည်းနဲ့ တွေ့လိုက်ရသလို ခံစားပြီး တာဝန် ကျေသွားသလို ခံစားမိကြတာပါ။ ဒါပေမဲ့ အခုလို တစ်စုံ တစ်ယောက်က ကိုယ့်အသံနဲ့ တူစွာ ပြောပေးတာကို နားထောင်ရရုံနဲ့ ကိုယ့်အသံကို နားထောင်ပေးမယ့် နေရာနဲ့ လူတွေကို တွေ့ပြီရယ်လို့ မပြောနိုင်သေးပါဘူး။ ကိုယ့်အသံကို နားထောင်ပေးမယ့် သူနဲ့ နေရာကို အသက်နဲ့ အမျှ ရှာလာခဲ့တာ မောပန်း နေပြီမို့ အခုအချိန်မှာ ကိုယ့် ဘ၀ဟာ နားထောင်သူ ဘ၀မှာပဲ ရှိနေသေးတာကိုတောင် သတိမရ အားကြဘဲ ကိုယ်နဲ့ အသံတူတဲ့ တစ်ယောက်ယောက်က ပြောခွင့်ရလို့ ပြောတာကို နားထောင်ခွင့် ရတာကိုတောင် လာဘ်တစ်ပါးလို၊ တာဝန် တစ်ခုလို ကျေနပ်နေကြတာဟာ တကယ် တွေးကြည့်ရင် ဘယ်လောက်များ ကြေကွဲ ၀မ်းနည်းစရာပါလဲ။ နားထောင်ချင်တာတွေ နားထောင် ရတာနဲ့တင် ကိုယ်တို့ရဲ့အနာဂတ် အိပ်မက်ဟာ လှပလာမှာ မဟုတ်ပါဘူး။

ကိုယ်တို့အားလုံးရဲ့ လှပတဲ့ အနာဂတ် အတွက် တစ်ဖက်သတ် နားထောင်တတ်သူတွေ မလိုပါဘူး။ အပြန်အလှန် နားထောင်ပေးမယ့် သူတွေသာ လိုပါတယ်။ အနာဂတ်ရဲ့ အုတ်မြစ် ဟာ ပစ္စုပ္ပန်ပါ။ ဒီနေ့ လူငယ်တွေဟာ အနာဂတ် အတွက် အုတ်မြစ်တွေပါ။ လူငယ်တွေကို နားထောင်ပေးကြပါ။ လူငယ်တွေရဲ့အသံတွေကို နား ထောင်ပေးကြပါ။ အိမ်မှာလည်း နားထောင် ပေးကြပါ။ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေ မှာလည်း နားထောင် ပေးကြပါ။ အဲဒီလို နေရာတွေမှာမှ သူတို့ရဲ့အသံ၊ လူငယ်တွေရဲ့အသံကို နားထောင် မပေးကြရင် သူတို့ဟာ သူတို့ရဲ့ အသံ တွေကို လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင် ဟစ်တိုင်များမှာပဲ အရည်ဖျော် အဆုံး သတ်ကြတော့မှာပါ။

ကိုယ့်စကားကို သူတို့ နားထောင်တာကိုပဲ လိုချင်တတ်တဲ့ နွယ်အိုင်မှာ ဆွဲမနှစ်ထားကြပါနဲ့။ သူတို့ အကြောင်းကို သိဖို့ သူတို့ကို ပြောခွင့်ပေးပါ။ သူတို့ ပြောတာကို နားထောင်ပေးပါ။ သူတို့ကို နားထောင်ပေးမှ၊ သူတို့ ဖြစ်ချင်တာကို အသေ အချာသိမှ သူတို့အတွက် အမှား၊ အမှန်ကို နည်းလမ်း မှန်စွာနဲ့ ကူပြီးထောက်ပြ ပေးနိုင်မှာပါ။ ကိုယ် ကိုယ်တိုင်လည်း သူများပြောတာကို နားထောင် ခွင့်ရရုံနဲ့ ကျေနပ်မနေကြပါနဲ့။ သူတို့က တစ်ဖန် ကိုယ့်ကို နားထောင်လာကြအောင် ကြိုးစားကြပါ။ အိမ်မှာ၊ ကျောင်းတွေမှာ၊ ရုံးမှာ၊ လမ်းပေါ်မှာ၊ နေရာတိုင်းမှာ ကျေးဇူးပြု၍ အပြန်အလှန် နားထောင် ပေးကြပါ။
မသီတာ၊စမ်းချောင်း၊
(Teen မဂ္ဂဇင်း၊ ဧပြီလ ၂၀၁၁)

No comments:

Post a Comment