Monday 17 October 2011

အကြွင်းရှိ နိဂုံး

    ''ကြည့်စမ်း...ဒီကောင်တွေ ဒီမှာလာဆော့နေပြန်ပြီ။ ဟင်း...တက်နင်းမိတော့မှာပဲ၊ ဟိုယိုင် သည်ယိမ်းနဲ့ လေးဘက်တွား နေလိုက်တာ''
    မနက်စောစော ကျောင်းဘေးပေါက်ကို အမှိုက်ပုံဘေးက ကျော်ဖြတ်ဝင်တိုင်း သည်ခွေးပေါက်စနလေးတွေကို တွေ့ရလေ သည်။ ကျောင်းအအေးဆိုင်က ပစ်ထားသည့် ရှောက်ချိုခွံတွေ၊ မုန့်ဖက်ထပ်ဆိုင်က စွန့်ထားသည့် အုန်းဆံခွံတွေနှင့် ဆော့ဆော့နေ တတ်သည့် သည်ခွေးပေါက်စနလေးတွေက လူလာလျှင် အနောက်ကလိုက် လိုက်လာတတ်သည်။ ခြေလေး ယိုင်ထိုးယိုင်ထိုးနှင့် ပြေးတတ်သည်မို့ မတော်တဆ တက်ပြုနင်းမိမှာကိုပင် စိုးမိလေသည်။ တစ်ခါတစ်ရံ ခွေးတို့မေမေ ခွေးမကြီးကို ဝိုင်းပြီး ချိုချို စို့နေလျှင်တော့ လမ်းလျှောက်ရတာ လွတ်လပ်သွားသည်။ သည်ကောင်လေးတွေကို ရှောင်မနေရတော့။
    ဘယ်လိုပဲဖြစ်ဖြစ် တစ်ပတ်မှာ ငါးရက်၊ တစ်နေ့ အနည်းဆုံးနှစ်ခါ တွေ့နေကျဖြစ်လေတော့ သည်ခွေးလေးတွေကို အမှိုက်ပုံမှာ မတွေ့မိလျှင် မျက်စိက ရှာမိတော့သည်။
    ''ဟော...'ရှား' ပါလား... သည်ကောင်လေးနော်...နင်က တံခါးနောက်ထိုင်နေတော့ ငါက ဒီတံခါးလေးလေးကြီး အတင်း တွန်းဖွင့်လိုက်ရင် နင် မူးသွားမှာပေါ့...ဖယ်စမ်း''
    ခွေးမေမေကို မနက်မဟု ကိုယ့်ဘာသာ နာမည်ပေးပြီး ကိုယ့်ဘာသာ ခေါ်ခဲ့သလို မိနက်မ အမွေအဖြစ် အရောင်အသွေးကို ရလိုက်သည့် ခွေးပေါက်စကလေးကိုတော့ ရှားစေးကို ပုံခိုင်းကာ 'ရှား' ဟု ချစ်စနိုး တိတ်တခိုးခေါ်ခဲ့သည်။
    ''ဟော ဒီမှာလဲတစ်ကောင်၊ 'ပျင်းဋ္ဌ ပဲ၊ ဒီနေ့ နင်တို့အမေ ဘယ်ရောက်နေလဲ၊ နင်တို့ တယ်ဆော့တာကိုး''
    မတွေ့ရသော ခွေးမကြီးကို စိတ်ထဲမှာ ခုသွားသည်။ ''သူ လျှောက်သွားနေလို့ သည်ကောင်လေးတွေ ဖြစ်ချင်ရာ ဖြစ်နေတာပေါ့'' ဟုတွေးကာ မိနက်မကို ရှာလိုက်မိသေးသည်။ မတွေ့။ သည်နားမရှိလျှင် တစ်နေရာရာမှာတော့ ရှိမည်ဟုထင်ခဲ့သည်။
    တစ်ခါတစ်ရံ ထင်မျှ မမှန်ပါ။ မိနက် မရှိတော့ ရှိနေခဲ့သည်။ သို့သော်...။
++++

    ဆေးဝါးဗေဒ လက်တွေ့စမ်းသပ်ခန်းတံခါး မဖွင့်သေး၍ အခန်းရှေ့စင်္ကြံတွင် ကျော်ငးသားကျောင်းသူတွေ ရှုပ်နေသည်။ အခန်းဘေးနံရံကို မှီရင်း ငေးမိငေးရာ ငေးနေမိသည်။
    ''အတာ... ဘယ်နှစ်မှတ်လဲ''
    မနက်တည်းက မတွေ့ရသေးသဖြင့် မနေ့ကပြန်ရသော ကျူတိုရီယ် ရမှတ်အကြောင်းကို စုက ခုမှ လာမေးနေသည်။
    ''ဆယ့်ငါးမှတ်''
    ''ဟယ်...တော်တာပေါ့''
    ''တူတူချင်းကိုဟာ...လုပ်မနေပါနဲ့''
    ''အံမယ်...ငါဆယ့်လေးမှတ်ခွဲပဲရတာ...ဟဲ ဟဲ''   
    ''သြော်...အမှတ်ဝက်ကြီးများတောင် ကွာတာကိုး''
    ''ဟင်း ဟင်း ငါတို့ဆရာက ကပ်စေးနဲတယ်ဟ၊ ရူပါက သူဆယ့်နှစ်မှတ်ပဲရလို့ ဆရာ့ကို မို့မို့မြင့်အောင် လေသံနဲ့ 'ဒီထက် မပိုနိုင်တော့ဘူးလား ကိုကို' ဆိုပြီး ကွယ်ရာမှ ပြောမလို့တဲ့''
    လက်တွေ့ခန်းတံခါး ဖွင့်သံနှင့်အတူ တွန်းသံ၊ တိုက်သံတို့ကိုပါ ကြားလိုက်ရသည်။ သည်နေ့ ဆရာတွေချည်း လက်တွေ့ လုပ်ပြမည် ဖြစ်၍ တတ်နိုင်သလောက် ရှေ့ဘက်ရောက်ဖို့က အရေးကြီးသည်။ နို့မို့ဆို ဆံပင်အရောင်၊ အထူအပါးတွေကိုသာ လေ့လာလိုက်ရမှာ ဖြစ်သည်။
    လွယ်အိတ်ကို သတ်မှတ်ထားရာ နေရာတွင် ထားလိုက်သည်။ ဂျူတီကုတ်ကို ကမန်းကတန်း ဆွဲထုတ်ပြီး လက်တွေ့ပြုလုပ် ရန် ပြင်ဆင်ထားသော နေရာသို့ အပြေးတစ်ပိုင်း လျှောက်လာလိုက်သည်။    ''ဟေ့ကောင်...ဒီလာ''
    အုန်းက လှမ်းခေါ်လိုက်သဖြင့် သူရှိရာကိုသာ လူတွေကို ရှောင်ရင်း ကျော်ရင်းမှ လာခဲ့သည်။
    လက်တွေ့စမ်းသပ်ရန် အဆင်သင့်ပြင်ထားသော ခုံပေါ်တွင် ရှေ့ခြေရော နောက်ခြေပါ ကြိုးနှင့်ဆိုင်းထားခံရသော ခွေး တစ်ကောင်ကို တွေ့ရသည်။ ခွေးပါးစပ်ကိုလည်း ကြိုးနှင့် သိုင်းထားသည်။
    ''ခွေး...သနားပါတယ်နော်''
    ဝါဝါ့စကားကို ခေါင်းညိတ် အဖြေပေးလိုက်ရင်းမှ ခွေးကို သေသေချာချာ ကြည့်ဖြစ်လိုက်သည်။
    ''ဟင်...မနက်မ''
    အံ့သြခြင်း၊ တုန်လှုပ်ခြင်း၊ သနားခြင်းတို့ကို တစ်ပြိုင်နက် ခံစားလိုက်ရသည်။ အနွေးထည်ကို ယောင်ယမ်းက ချွတ်နေမိ သည်။ အေးသလိုလို ဖြစ်လာမှ အနွေးထည်ပေါ် ဂျူတီကုတ် ထပ်ဝတ်ရန်ကို သတိရမိသည်။
    မိနက်မ... နင် သည်ရောက်နေတာကိုး။
++++

    မိနက်မ ခြေချောင်းတွေ တစ်ချက်တစ်ချက် ကွေးကွေးသွားသည်။ ဆရာက မိနက်မလည်ပင်းတွင် ဖောက်စွပ်ထားသော ရာဘာပြွန်ငယ်ကို ညှပ်ပိတ်ထားသော ညှပ်ကိုဖြုတ်ကာ ဖန်ဘီကာနှင့် ရာဘာပြွန်ထိပ်မှ ကျလာသော သွေးတို့ကို ခံယူလိုက်သည်။
    ''ဟယ်...ဒုက္ခပါပဲ၊ ခွေးတော့ သေတော့မှာပဲနော်''
    ''အေးလေ... ကြည့်တောင် ဆက်မကြည့်ချင်တော့ဘူး''
    ''ဟေ့...မြိုင်၊ နင့်ခွေးကို အဲလို စမ်းသပ်ခံဖို့ ပေးနိုင်မလား''
    ''အံမယ်...နင့်ခွေးကို လုပ်ပါလား''
    ''လုပ်မှာပေါ့...ငါ့မှာ ခွေးမှမရှိတာ၊ ဟား ဟား''
    ''ညောင်းလာပြီ ဆရာရဲ့၊ မြန်မြန်လုပ်ပါ၊ ခွေးလဲသေတော့မယ်''
    ''အင်းလေ လူတွေနဲ့ ညှပ်ပိတ်နေတာပဲ၊ မူးတောင်မူးလာပြီ''
    လူသံတွေ ဆူညံလာသည်။ ဆရာက သွေးစွန်းသောလက်ကို ဆေးလိုက်ပြီး စာရှင်းရန်ပြင်သည်။
    ''ကဲ...ခဏ နားထောင်ကြည့်ကြပါ၊ ဒီခွေးက ဆိုးတော့ မဆိုးပါဘူး၊ ဆရာတို့ လိုချင်တဲ့အတိုင်းတော့ သိပ်ရချင်ဘူး၊ ဒါပေမယ့် ဒီလောက်ရတဲ့ခွေးကိုက ခပ်ရှားရှားရယ်၊ ဒီခွေးကတော့ တော်တော်ကောင်းတယ်လို့ ပြောရမှာပေါ့လေ၊ ဒီတော့...''
    မိနက်မ...နင် တော်တော်ကောင်းတယ်ဆိုပဲ။
++++
    ''ဘယ်လိုပဲဖြစ်ဖြစ်လေ၊ ငါတော့ ဒီတိုင်းသသွားတာထက် တစ်ခုခု၊ အကျိုးရှိတဲ့ အလုပ်တစ်ခုခုပေါ့၊ လုပ်ပြီး သေသွားတာကို ပိုကြိုက်တာ အမှန်ပဲ''
    ဝင်းလဲ့ဦးက သံဘူးခွက်ကို စားပွဲပေါ်ပြန်ချရင်း ပြောလိုက်သည်။ ဝင်းလဲ့ဦးနှင့် မြိုင်တို့၏ ဆွေးနွေးပွဲက အဆုံးမတိုင်သေး။ လက်တွေ့ခန်းထဲကနေ အအေးဆိုင်တိုင်အောင် ဆွဲဆန့်နေကြသည်။
    ''နင့်မှာက ခွေးမမရှိဘဲ၊ ခွေးကို နင် ချစ်မှ မချစ်တာဘဲ၊ နင် ပြောနိုင်မှာပေါ့'' မြိုင်က သည်စွဲချက်ကိုသာ အတိအကျ တင်နေလေသည်။
    ''မဆိုင်ပါဘူး၊ ငါပြောတာက ပုဂ္ဂလိက မဟုတ်ဘူး၊ ခွေးရှိရှိ မရှိရှိ၊ ခွေးကို ချစ်ချစ် မချစ်ချစ် ဘာမျှမဆိုင်ဘူး''
    ''သိပ်ဆိုင်တာပေါ့''
    ''ဒီလိုလေ...ငါပြောတာက ခွေးတစ်ကောင် အမျိုးကောင်းချင် ကောင်းမယ်၊ မကောင်းချင် မကောင်းဘူး၊ လှချင်လှမယ် မလှချင် မလှဘူး၊ အိမ်လုံချင် လုံမယ်၊ မလုံချင် မလုံဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့ တစ်နေ့ သေရမှာပဲ''
    ''သေကာမှ သေရောဟာ...''
    မြိုင်က စိတ်မရှည်တော့သလို လက်ထဲမှဇွန်းကို ဖန်ခွက်ထဲ ပစ်ချလိုက်သည်။
    ''နေပါဦးလေ...ငါပြောတာ နားထောင်ပါဦး၊ အဲလို သေရတာချင်း အတူတူ ဘာအကြောင်းမှ ကြီးကြီးကျယ်ကျယ်မရှိဘဲ အိုပြီးလို့ သေတယ်ပဲဆိုဦး သေတာပဲရှိမယ်''
    ''သေတာဟာ သေတာမဟုတ်လို့ ဘာလဲဟ၊ နင့်ဟာက မလည်ရှုပ်ကြီး''
    ဝါဝါကပါ မနေနိုင် မထိုင်နိုင် ဝင်ပြောလာသည်။ ဘာပဲပြောပြော ဝင်းလဲ့ဦးစကားကို စိတ်ဝင်တစား ရှိလာကြသည်။
    ''အေးပါလေ...ဆိုပါတော့ ကားတိုက်ခံရလို့ သေသွားတယ်၊ လူတွေက ကြိုးနဲ့ဆွဲပြီး နီးရာအမှိုက်ပုံမှာ ပစ်လိုက်မယ်၊ အမှိုက်ပုံ ပိုညစ်ပတ်တယ်၊ လူ အလုပ်ရှုပ်မယ်၊ မကောင်းတာတွေ ဖြစ်လာပြီနော်၊ ကဲ...နောက်ခွေးတစ်ကောင် ခုနကလိုပေါ့ စမ်းသပ်ချက် လုပ်ခံလိုက်ရတယ်၊ သွားတယ်၊ အမှိုက်ပုံမှာပဲ ပစ်လိုက်တယ်ဆိုဦး''
    ''အမှိုက်ပုံ ပိုညစ်ပတ်တယ်၊ လူ အလုပ်ရှုပ်တယ်''
    သည်တစ်ခါတော့ ဝင်သောလိုက်သည်။ သိပ်လေးလျှင် ငိုက်လာမှာစိုးရသည် မဟုတ်လား။
    ''အေး...ဒါပေမယ့် ငါတို့အတွက်အကျိုးရှိသွားတယ်၊ ဆေးတွေဟာ ကိုယ်ခန္ဓာအတွက် ဘယ်လို အလုပ်တွေ လုပ်ပေးတယ်။ ဘယ်ဆေးက ဘာဖြစ်စေတယ်ဆိုတာ ငါတို့ မျက်မြင်သိရတယ်၊ ဒီတော့ ဒီဆေးတွေသုံးနေတဲ့ တစ်ချိန်လုံး၊ သတိရမယ်ဆိုရင် ဒီခွေးကို ငါတို့ သတိရနေမယ်၊ အားလုံးအတွက် ငါတို့ ကျောင်းသားတွေ အားလုံးအတွက်ဆိုရင်တော့ ဒီခွေးရဲ့နိဂုံဟာ နိဂုံကောင်းလို့ ပြောရမှာပေါ့''
    ဝင်းလဲ့ဦး စကားအဆုံးမှာ ဝါဝါက သံဘူးခွက်ကို လက်ကမ်းပေးသည်။ မြိုင် ခေါင်းတစ်ချက်ခါသည်။
    ''ဒါကို ငါမငြင်းပါဘူး၊ ဒါပေမယ့် ခွေးတင်ကောင် အနေနဲ့က သူတို့အတွက် အကျိုးတရားရယ်လို့ တစ်ခုမှမရှိဘဲ အသက် တစ်ခုလုံး စတေးရတာ၊ မသေခင်လည်း အလူးအလိမ့် ခံရသေးတာ။ သူတို့အဖို့ အိုပြီးမှသေရင် ဆွေမျိုးတောင့်အောင် လုပ်နိုင်လိုက် ဦးမယ်၊ ကားတိုက်ခံ သေရင်တောင် ပွဲချင်းပြီးဆို ဝေဒနာ သက်သာလိမ့်ဦးမယ်၊ ဘာပဲပြောပြောလေ၊ ခွေးတစ်ကောင်အနေနဲ့ ငါတို့ စမ်းသပ်ချက် လုပ်နေတဲ့အချိန်ဟာ သိမှုမဲ့ဝေဒနာ အကြီးစားပဲ။ အဲဒီ ဝေဒနာကို သေတဲ့အထိ ခံရမယ်။ အဲ မေ့ဆေးအပေး နည်းရင် ပိုပြီး ခံစားရမယ်။ နောက် သူတို့မှာ လူတွေရဲ့ ကျေးဇူးတင်ရှိမှုကို ခံစားနိုင်တဲ့ အခြေအနေ မရှိပြန်ဘူး၊ ငါတော့ သနားတယ် ဟာ''
    ''ငါ မသနားလို့ မဟုတ်ပါဘူးဟာ၊ လူပြောပြောရရင် ခုလို သေဆုံးရခြင်းကို ဂုဏ်ယူကြည့်တာပေါ့ကွာ၊ ဂုဏ်ယူကြည့်တာ ပေါ့''
    ဝင်းလဲ့ဦးက ပြောပြောဆိုဆို ထရန်ပြင်သည်။
    ''ခွေးမှာ ဂုဏ်မရှိဘူး''
    မြိုင်က ငွေရှင်းရင်းမှ လှည့်ပြောပြီး ဆိုင်ထဲမှ ထွက်သွားသည်။ ဝါဝါနှင့်အတူ ကျောင်းဘေးပေါက်ဘက် လျှောက်လာခဲ့ သည်။ အချိန်တန် အိမ်ပြန်ရမည်လေ။
    တစ်ဝက်တစ်ခြမ်း ပေါ်နေသော ဂဝံကျောက်တုံးများပေါ် နင်းကျော်ရင်းမှ မိနက်မ နိဂုံးကောင်း မကောင်းကို တွေးနေမိ သည်။ စောစောက ဂယက်တွေ ရိုက်ခတ်မှုကြောင့် ဖြစ်မည်။
    ''ဟယ်...အတာ၊ သည်မှာ ကြည့်စမ်း''
    ကျောင်းပြင်ရောက်သည်နှင့် ပိုအေးလာသည်ဟု ခံစားမိစဉ်မှာပင် ဝါဝါ့အသံကို ကြားလိုက်ရသည်။ ဝါဝါ လက်ညှိုးညွှန် ရာကို ကြည့်လိုက်သည်။
    ''ဟယ်...'ရှား' သေနေပြီ''
    ''ဒါ ဒီနေ့ ခွေးကြီးရဲ့ ကလေးမဟုတ်လား အတာ၊ မနက်ဖြန်မှ မြိုင့်ကို ပြောရဦးမယ်၊ နောက်ဆက်တွဲ နိဂုံးတွေ ရှိသေးတယ် လို့''
    ဝါဝါကို ဘာမျှ ပြန်မပြောမိချေ။ ဝါဝါ့နောက်မှ ကားလမ်းလိုက်ကူးရင်း ရင်ထဲမှာ စကားတစ်ခွန်း ဆိုမိသည်။
    ''ရှားရေ... ချမ်းလို့လား၊ လွမ်းလို့လား ဟင်...''

မသီတာ(စမ်းချောင်း)
၁၉၈၄ ခု၊ သြဂုတ် လ၊ မြတ်လေး မဂ္ဂဇင်း

No comments:

Post a Comment