Wednesday 12 October 2011

နှောင်လေးမျှင်

   ''ဖေဖေ သွေးကို ချစ်လားဟင်''
    သွေး ဖေဖေ့နား နားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ ဖေဖေက သွေးကို သူ့ပေါင်ပေါ် ဆွဲချရင်း။
    ''ဖေဖေ သွေးကို ချစ်လားဟင်တဲ့၊ ဟုတ်လား''ဟု ပြောသည်။
    ''ဟင်း၊ ဟင်း၊ ဟုတ်တယ်...ဖေဖေ တော်တယ်၊ ဟင်း ဟင်း၊ သွေးနား နားကို ဖေဖေ ပြောဦးလေ''
    သွေးက ဝမ်းသာအားရ ဖေဖေ့ကို ပြန်ဖြေလိုက်ကာ ဖေဖေ့နား တိုးထိုင်လိုက်သည်။ ဖေဖေကလည်း သွေး နားနားကပ်ကာ ''သွေးကရော ဖေဖေ့ကို ချစ်လား''ဟု တိုးတိုးလေး ပြောသည်။
    ''ချစ်တယ် ဖေဖေ၊ သွေး ဖေဖေ့ကို သိပ်ချစ်တယ်''
    သွေး ခပ်ဖြည်းဖြည်း ပြန်ဖြေလိုက်တော့ ဖေဖေက ဟက်ဟက်ပက်ပက် ရက်လေသည်။
    ''ဟား...ဟား...သွေး ရှုံးပြီ၊ ဖေဖေ နိုင်ပြီကွ၊ တိုးတိုးပြောတမ်း ကစားတာ ကြားတဲ့အတိုင်း ပြန်ပြောရတယ်လေ သွေးရဲ့၊ ပြန်ဖြေရတာ မဟုတ်ဘူး''
    ဖေဖေက သွေးကိုဖက်ပြီး တဟားဟား ရယ်သည်။
    ''ဟင်၊ သွေး မရှုံးပါဘူး။ သွေး ဖေဖေ့ကိုချစ်လို့ ချစ်တယ်လို့ ပြောတာပဲ၊ သွေး မရှုံးပါဘူး''
    သွေး မကျေမချမ်း ပြန်ပြောလိုက်သည်။
    ''အို သွေးက ကြားတဲ့အတိုင်း ပြန်ပြောရတာကို ဘာလို့ ပြန်ဖြေတာလဲ၊ သွေး ရှုံးပါပြီကွာ''
    ''ဟင့်အင်း၊ ဟင့်အင်း၊ သွေး မရှုံးဘူး၊ သွေး မရှုံးဘူးနော် ဖေဖေ''
    သွေး အကြောက်အကန် အော်လိုက်သည်။
    ''သမီး၊ သွေး၊ သွေး၊ သွေး၊ ဘာဖြစ်လို့လဲ သမီး''
    သွေး ပုခုံးကို လက်တစ်ဖက်က လာလှုပ်ရမ်းသည်။ သွေး ရုတ်တရက် လန့်သွားသည်။ သွေး ဖေဖေ့ ပေါင်ပေါ်တွင် ထိုင်နေရခြင်း မဟုတ်ဟု သိလာသည်။ သွေး အိပ်ရာပေါ် ထိုင်နေခြင်းဟု သိသွားသည်။ နောက် မေမေ့ အသံကို ကြားရသည်။
    ''ဟင် မေမေလား''
    ''အင်းလေ၊ သွေး ဘာဖြစ်လို့လဲ သွေးရဲ့''
    ''သွေး၊ သွေးနဲ့ဖေဖေ တိုးတိုးပြောတမ်း ကစားနေတာလေ မေမေရဲ့၊ ဖေဖေ ဘယ်ရောက်သွားလဲ၊ ဖေဖေ၊ ဖေဖေ ဘယ်မှာလဲ ဟင်၊ သွေးကိုပြောပါ မေမေ၊ ဖေဖေ ဘယ်မှာလဲ''
    ''သွေး၊ သမီး''
    မေမေ့အသံတွေ တစ်မျိုးဖြစ်လာသည်ဟု သွေး ထင်သည်။
    ''ရှင်...''
    ''သွေး ဖေဖေ ဟိုးကို ထွက်သွားတာ ကြာလှပြီလေ၊ သွေး မေ့နေလား''
    ''ဟင်၊ ခုနက သွေး ဖေဖေနဲ့ ကစားနေတယ်လေ၊ သွေးတို့ တိုးတိုးပြောတမ်း ကစားနေကြတာ၊ ဖေဖေက 'သွေး၊ ဖေဖေ့ကို ချစ်လား'လို့ မေးတယ်လေ၊ မေမေ၊ ခုနက မေမေ မရှိဘူးလေ''
    မေမေ ဘာမျှပြန်မဖြေ။
    ခဏကြာမှ...
    ''သွေး၊ ခုနက သမီး အိပ်မက် မက်နေတာ သွေးရဲ့''
    ''အိပ်မက် မက်နေတာ၊ ဟုတ်လား မေမေ၊ အိပ်မက် မက်နေတာ ဆိုတာ ဘာလဲဟင်''
    ''အိပ်မက်ဆိုတာ တကယ်မဟုတ်တာပေါ့ သွေးရဲ့၊ တကယ် မဖြစ်တာကို အိပ်မက်လို့ ခေါ်တယ်လေ''
    ''ဒါဆို သွေးနဲ့ ဖေဖေက တကယ် ကစားတာ မဟုတ်ဘူးပေါ့၊ ဟုတ်လား မေမေ''
    ''တော်ပြီ သွေးရယ်၊ မေမေ မအားဘူး၊ သွေး အော်သံကြားလို့လာတာ၊ သွေးလဲထတော့၊ မျက်နှာသစ်တော့၊ လာ မေမေ့ လက်ကိုကိုင်''
    မေမေက သွေးကိုကိုင်ကာ သွေးခုတင်ပေါ်မှ ချပေးသည်။ သွေး မေမေ့လက်ကို တစ်ဖက်ကကိုင်ရင်း ကျန်တစ်ဖက်ကို  ဝှေ့ရမ်းစမ်းကာ မေမေခေါ်ရာနောက် လိုက်ခဲ့သည်။ သို့သော် မေမေပြောသည့် တကယ်မဟုတ်သော အိပ်မက်ကို သတိရနေသေး သည်။ သွေးတို့ ဘာလို့ အိပ်မက်မက်ရတာလဲဆိုတာကို သွေး သိချင်နေသည်။ တကယ်မဖြစ်တာအားလုံး အိပ်မက်ချည်းပဲလား။
    သွေး ဖေဖေ့ကို သတိရနေပြန်သည်။

+ + + + +
    ''ထိုင် သမီး''
    သွေး ထိုင်ချလိုက်သည်။ သွေး မျက်နှာသစ်လျှင် ရေချိုးခန်းဝမှာ ထိုင်ခုံလေးနှင့် ထိုင်လေ့ရှိသည်။ ခါတိုင်းဆို ဖေဖေက မျက်နှာသစ်ပေးလေ့ ရှိသည်။ သွေး ငယ်ငယ်က ဖေဖေကိုယ်တိုင် သစ်ပေးခဲ့သော်လည်း သွေး နည်းနည်းကြီးလာတော့ ရေဖလားကို လက်ထဲထည့်ပေးသည်။ သွားပွတ်တံကို ယူပေးသည်။ မျက်နှာသုတ်ပေးသည်။ ဖေဖေ အိမ်ပြန်မလာတော့သည့် နေ့ပြီး နောက်နေ့၊ သွေး မျက်နှာသစ်တော့ မေမေက သွေးအတွက် ရေဖလား၊ သွားပွတ်တံတို့ကို ယူပေးခဲ့သည်။ သွေး မျက်နှာသစ်ရင်းမှ ဖေဖေ့ကို သတိရနေမိသည်။
    သွေး ရေအေးအေးကို ချစ်သည်။ ဖေဖေ့ကိုလည်း ချစ်သည်။
    ''သွေး...ရေတွေ အရမ်းမသုံးနဲ့လေ...တော်ပြီ''
    သွေး...ရေဖလားနှင့် သွားပွတ်တံကို မေမေ့အသံလာရာဘက် လှမ်းပေးလိုက်သည်။
    ဟင်...မွှေးတယ် မေမေ... မွှေးတယ်...အဲဒါ ဘာလဲဟင်''
    သွေး မေမေ့ဘက်အလှည့်တွင် အနံ့တစ်ခုကို ရှူလိုက်မိသည်။ သွေး အနံ့တွေကို သိလွယ် မှတ်မိလွယ်ရုံမက ခွဲခြားနိုင်သည်။ မေမေ ပြောပြသည့် ပန်းတွေဆိုလျှင် အနံ့ကိုနမ်း၊ အပွင့်တွေကို လိုက်ကိုင်စမ်းကြည့်ပြီး နာမည်တွေကို မှတ်ထားတတ်သည်။ နှင်းဆီ၊ စံပယ်၊ ပိန်း၊ ရွက်လှတွေကို သွေး ခွဲတတ်သည်။ ဇွန်ပန်းတို့ကိုတော့ မေမေ ပြောပြသည်ကို မှတ်ထားဖူးသည်။
    သွေးက ပန်းနံ့တွေသာမက ဟင်းနံ့တွေကိုပါ မှတ်ထားတတ်သည်။ နောက် မုန့်နံ့၊ နောက် ချွေးနံ့။ အိမ်က အင်္ကျီတွေကို ချွေးနဲ့နမ်းကာ မေမေ့အင်္ကျီ၊ ဖေဖေ့အင်္ကျီ၊ ဒွေးအကျ င်္ီဟူ၍ ခွဲနိုင်ခဲ့သည်။ အနံ့သစ် တစ်မျိုးမျိုးရလျှင်လည်း ဖေဖေ့ကိုဖြစ်ဖြစ်၊ မေမေ့ကိုဖြစ်ဖြစ် မေးပြီး သွေး မှတ်ထားလေသည်။ သွေး အနံ့တွေနမ်းကာ ခွဲခြားရဥည်ကို သဘောကျသည်။
    ခု အနံ့ကိုတော့ သွေး မသိ။ ပန်းနံ့ဟုတော့ သွေး သိသည်။ သွေးသိသည့် ပန်းနံ့ မဟုတ်သည်ကိုလည်း သွေး သိနေသည်။
    ''ဟင် မေမေ၊ မွှေးတာ ဘာလဲဟင်''
    မေမေ ပြန်မဖြေသေး၍ သွေး ထပ်မေးလိုက်သည်။
    ''ပိတောက်ပန်းလေ သွေး''
    သည်တစ်ခါလည်း မေမေ့အသံတွေ တစ်မျိုးဖြစ်နေပြန်သည်။
    ''ပိတောက်ပန်း...ပိတောက်ပန်း... သွေး ပိတောက်ပန်း သိလား မေမေ''
    မေမေ တိတ်ဆိတ်နေပြန်သည်။
    ''ဟင်...မေမေ၊ သွေး သိလား''
    ''သွေးကို မေမေ ပြောပြဖူးပါတယ်၊ သွေးတောင် ကိုင်ကြည့်ပြီး ဒီပန်းက သေးသေးလေးတွေလို့ ပြောသေးတယ်လေ၊ သွေး မေ့နေမှာပေါ့။ ပိတောက်က တစ်နှစ်မှ တစ်ခါပွင့်တာ၊ အကြာကြီးနေမှ တစ်ခါပွင့်တာ သွေးရဲ့''
    မေမေက သွေးလက်ထဲ တစ်စုံတစ်ခု လာထည့်ပေးသည်။ သေးသေး ရှည်ရှည်လေး၊ ဆက်စမ်းကြည့်တော့ အဖုလုံးလေး တွေ၊ စံပယ်ပန်းလို ပျော့ပျော့လေးတွေ၊ နောက် ရေစိုနေသည်။
    ''အဲဒါ ပိတောက်ပေါ့ သွေးရဲ့''
    ''ယူထား သွေး၊ ခုတော့ ထမင်းကြော်စားလိုက်ဦး၊ ရော့၊ အိမ်ရှေ့မှာ ကောင်းကောင်းထိုင်စားနော်''
    ''ဟုတ်ကဲ့''
    သွေး ဖေဖေ့ကို သတိရလာပြန်သည်။ ခါတိုင်းဆို ဖေဖေနှင့်သွေး ထမင်းကြော် တူတူစားကြသည်။ ဖေဖေက သွေးနံဘေး မှထိုင်ကာ ထမင်းကြော်ပန်းကန်ကို ကူကိုင်ပေးတတ်သည်။ တစ်ခါတစ်ရံ သွေးပါးစပ်ထဲ ထည့်တော့မည့်ဆဲဆဲဇွန်းကို ပြန်ချခိုင်းပြီး ''စပါးခွံကြီး သွေးရဲ့၊ ဖေဖေ ထုတ်ပေးမယ်''ဟု ပြောတတ်သည်။
    ''မေမေ''
    သွေးက အိမ်ရှေ့ကို တစမ်းစမ်းလျှောက်လာပြီးမှ မေမေ့ကို လှမ်းခေါ်မိသည်။
    ''ဘာလဲ သွေး''
    မေမေ အိမ်နောက်ဘက်မှ ပြန်ထူးသည်။ မေမေ့အသံကို တိုးတိုးသာ ကြားရသည်။
    ''ဖေဖေရော ပိတောက် သိလားဟင်''
    မေမေ့အသံကို ပြန်မကြားရချေ။
    ''ဟင် မေမေ၊ ဖေဖေ ပိတောက်ကို သိလား''
    ''အရင်ကတော့ သိတယ် သွေး၊ ခုတော့ သူ ဘာမှမသိတော့ဘူး''
    မေမေ့အသံ ပိုတိုးနေသည်။
    ''ဘာလို့ မသိတာလဲဟင်''
    ''သွေး ထမင်းကြော်စားမှာ သွားစားစမ်း၊ မေမေ ဒွေးအတွက် နို့ဘူးဖျောရမယ်၊ မေမေ မအားဘူး''
    မေမေ့အသံ ပြန်ကျယ်လာသည်။
    သွေး အိမ်ရှေ့ဆီ လျှောက်လာကာ အိမ်ရှေ့တံခါးဘေးမှာ ထိုင်ချလိုက်သည်။ ဖေဖေ အိမ်ပြန်မလာတော့သည့်နောက် သွေး တစ်ယောက်တည်းသာ သည်နေရာမှာ ထိုင်နေရသည်။
    သွေး ပိတောက်ကို မွှေးလိုက်သည်။ နောက်မှ ထမင်းကြော်တစ်ဇွန်းကို ခပ်စားလိုက်သည်။ သည်နေ့ ထမင်းကြော်မှာ ပဲပြုတ်မပါဟဟု သွေး သိလိုက်ပြန်သည်။
    ''တံမြက်စည်းဗျို့၊ တိုက်ကြီး တံမြက်စည်း''
    ''ကောက်ညှင်းပြန်ပေါင်း၊ ပူပူလေး''
    သွေး ထမင်းကြော်စားရင်း၊ ဈေးသည်တွေ၏အသံကို နားထောင်လေ့ရှိသည်။ သွေး အသံတွေကို ချစ်သည်။ ဈေးသည်တွေ သည် အသံကို အမျိုးမျိုးလုပ် အော်ကြသည်။ သွေးကတော့ ဘယ်ဈေးသည်၊ ဘယ်လိုအော်မည်ကို သိပြီးဖြစ်နေသည်။ ထို့ကြောင့် နေ့စဉ်လိုလို ဈေးသည်တွေအော်သလို ခပ်တိုးတိုး လိုက်အော်ရင်း ထမင်းကြော်စားလေ့ရှိသည်။ သွေးအဖို့ အသံတွေ နားထောင်ရ ခြင်းသည် ပျော်စရာအလုပ်တစ်ခု ဖြစ်နေသည်။
    ''ဒွေး...သမီး လာ လာ၊ ရေတွေ မဆော့နဲ့လေ''
    မေမေ့အသံကို ကြားရသည်။ မေမေ့ဆီ သွေး လျှောက်လာခဲ့သည်။ ထမင်းကြော်ပန်းကန်က နည်းနည်းလေး ကျန်နေသေး သည်။ ကျန်သည့် ထမင်းကြော်တွေကို သွေး မစားချင်တော့။
    ''မေမေ သွေး ရေသောက်မယ်''
    ''ထမင်းကြော် ကုန်သေးလို့လား သွေး''
    ''ကျန်သေးတယ် မေမေ''
    ''ကုန်အောင်စားလေ သမီး''
    ''သွေး မစားချင်တော့ဘူး မေမေ၊ ရေသောက်မယ်''
    ''ကဲ...ဒါဆိုလဲထားခဲ့''
    မေမေ သောက်ရေခွက်ကို သွေးလက်ထဲ ထည့်ပေးသည်။ သွေး ရေတွေအားလုံးကုန်အောင် သောက်ပစ်လိုက်သည်။ မေမေက သွေးကို ပါးစပ်သုတ်ပေးရင်း...
    ''သွေး အိမ်ရှေ့မှာပဲ သွားထိုင်နေနော်၊ မေမေ ဟင်းချက်ပြီးရင် အဝတ်လျှော်ရဦးမှာ''ဟု ပြောသည်။
    ''သွေးလဲ ဟင်းချက်မယ် မေမေ''
''သွေးရယ်...သမီးက ငယ်ပါသေးတယ်၊ ဟင်းက ကြီးလာမှ ချက်ရတာ သမီးရဲ့''
    ''ဒါဖြင့် သွေး ကြီးလာရင် ချက်မယ်နော် မေမေ''
    ''အေး...အေး...ခု...အိမ်ရှေ့မှာ သွားထိုင်နေနော်''
    ''မေမေ ဒွေးရော၊ အိပ်နေသလား''
    ''ဒွေး အိပ်နေပြီလေ၊ ဒွေးက ငယ်သေးတာကိုး သွေးရဲ့၊ ဒွေး ကြီးလာမှ သွေးနဲ့ ကစားဖော်ရမှာပေါ့''
    ''သွေးနဲ့ ကဗျာရွတ်တမ်း ကစားမှာလားဟင်''
    ''ဒါပေါ့၊ ခု သွေး ဘာသာရွတ်နေလေနော်''
    သွေး အိမ်ရှေ့ဘက် ပြန်လျှောက်ခဲ့သည်။ ဖေဖေ့ကို သတိရလာပြန်သည်။ ဖေဖေသည် ရုံးပိတ်ရက်ဆိုလျှင် သွေးကို ကဗျာတွေ သင်ပေးတတ်သည်။ အင်္ဂလိပ်ကဗျာတွေ ရွတ်ရတာကို သွေး သဘောကျသော်လည်း သွေးစိတ်ထဲတွင် အစွဲလမ်းဆုံး ကဗျာမှာ ''ကုသိုလ်သည်'' ကဗျာသာ ဖြစ်သည်။
    ''ရွာဦးကျောင်းက ခေါင်းလောင်းသံ၊ ဒိုးဒိုးဒေါင်ဒေါင်ညံ၊ ခေါင်းလောင်းသံ ငါတို့ကြား အမျှဝေစို့လား၊ အမျှဘာကြောင့် ယူရတယ်၊ ကုသိုလ်ရဖို့ကွယ်၊ ကုသိုလ်သည် ဘယ်မှာလဲ၊ ခေါင်းလောင်းထိုးနေဆဲ။''
    သွေး ပျင်းလာလျှင်၊ နောက် တစ်ယောက်ယောက်ကို စိတ်ဆိုးလျှင် ''ကုသိုလ်သည်'' ကို အကျယ်ကြီး ဆိုပစ်လိုက်သည်။
    ''ဆွမ်းတော်ဗျို့၊ ဆွမ်းတော်''
    သည်အသံကြားမှ သွေး ဖေဖေ့ကို ပိုသတိရပြန်သည်။ သည်အသံကြားပြီး ခဏကြာလျှင် ဖေဖေ သွေးနား ရောက်လာ တော့သည်။ နောက် သွေးကို မွှေးမွှေးပေးကာ ''ဖေဖေ ရုံးသွားမယ် သွေး၊ သွေး ဘာလိုချင်သေးလဲ''ဟု ပြောတတ်သည်။ သွေးကလည်း နေ့တိုင်းပြောနေကျ ''ဖေဖေ စောစောပြန်နော်''ဟုသာ ပြောသည်။ နောက် ဖေဖေ သွေးနားက ထသွားသည်။ ခဏနေတော့ အိမ်ရှေ့လမ်းမမှ ''သွေး တာ့တာ၊ ဖေဖေ သွားမယ်''ဟု နှုတ်ဆက်သံ ကြားရသည်။ သည်တော့မှ သွေးကလည်း ဖေဖေ သင်ပေးထား သည့်အတိုင်း ညာလက်ကို ဝှေ့ရမ်း နှုတ်ဆက်လိုက်သည်။
    ဖေဖေ ရုံးသွားပြီး နောက်ပိုင်အချိန်များမှာတော့ ခုချိန်နှင့် သိပ်မထူးလှ။ ဈေးသည်တွေ၏ အသံကို နားထောင်ရင်း မေမေ သွေးကို ရေချိုးပေးဖို့ လာအခေါ်ကို စောင့်ရတော့သည်။ တစ်ခါတစ်ခါတော့ ဒွေးက သွေးနားလာတတ်သည်။ သို့သော် သွေးက သူ့ခြေသံကို နားစွင့်ကာ ဒွေးလိမ့်ကျမှာကို တွေးနေရတာနှင့် စိတ်ရှုပ်တတ်သည်။
    မေမေသည် သွေးကို ရေချိုး၊ အဝတ်လဲ၊ သနပ်ခါးလိမ်းပေးပြီးလျှင် ''သွေး တစ်နေရာရာမှာ ငြိမ်ငြိမ်ထိုင်နေနော်၊ မေမေ ရေချိုးလိုက်ဦးမယ်''ဟု ပြောတတ်သည်။
    ''ဟေး...ဝါး...ဟား...ဟား''
    ''ပေါ်...ပေါ်''
    ရယ်သံတွေ၊ ကားသံတွေ ကြားနေရသည်။ အသံတွေက တိုးလိုက် ကျယ်လိုက်နှင့် သွေးအဖို့ အသစ်အဆန်း ဖြစ်နေသည်။
    ''ငြိမ်း''
    ''ဟဲ့...ဟဲ့၊ သီလယူထားတာဟဲ့''
    သွေး ရေသံတွေကြားရသည်။ အိမ်ရှေ့လမ်းမကမို့ မေမေ ရေချိုးနေတာ မဖြစ်နိုင်။ တစ်ခါတစ်ခါ အော်ဟစ်သံ၊ ရယ်မောသံ တွေ ကြားရပြန်သည်။ သီချင်းသံကလည်း ကြားရသည်။ သို့သော် သွေး လိုက်ဆို၍မရ။ ဘာတွေဆိုနေသည်ကို သေသေချာချာ မကြားရချေ။
    ''သွေးရေ ရေချိုးရအောင်''
    ''မေမေ လာပြီ''
    သွေး အိမ်နောက်ဘက်ဆီ လျှောက်ခဲ့သည်။ သွေး ပုခုံးပေါ် မေမေ့လက် တင်လိုက်သည်။
    ''မေမေ အိမ်ရှေ့မှာ ဆူညံနေတယ် မေမေ၊ ဘာလုပ်တာလဲဟင်၊ သွေး မကြားဖူးတာတွေ ကြားရတယ် မေမေ၊ သွေး ပျော်လာသလိုလိုပဲ''
    ''သင်္ကြန်ပွဲတော်တဲ့ သွေးရဲ့၊ ရေပက်ကစားကြတာ''
''သွေးကို မေမေ ရေချိုးပေးသလိုလားဟင်''
    ''မဟုတ်ဘူး သွေးရဲ့၊ အင်္ကျီမချွတ်၊ ဆပ်ပြာမဆိုက်ဘဲ ရေလောင်းတာပေါ့''
    ''သွေးကိုလဲ မေမေ အဲလို လောင်းလေ...''
    ''ကဲ...ဒါဖြင့်လာ၊ ဒါပေမယ့် ဆပ်ပြာတော့ တိုက်ရမှာပဲ''
    သွေး အင်္ကျီမချွတ်ဘဲ မေမေက ရေတွေလောင်းပေးသည်။ သွေး ပျော်သွားသည်။
    ''မေမေ အဲဒီပွဲက ပျော်လားဟင်''
    ''သင်္ကြန်လေ သွေးရဲ့၊ ပျော်တဲ့လူတွေ ပျော်ကြတာပေါ့ သွေးရယ်''
    ''သွေး အဲဒီအသံတွေကို ချစ်တယ် မေမေ၊ သီချင်းသံတွေလဲ ကြားတယ်၊ သွေး မေမေ့ကို ရေချိုးပေးချင်တယ်''
    ''ကဲ...ရော့၊ ဒီမှာဖလား၊ မေမေ သမီးရှေ့မှာ...သေချာလောင်းချနော်''
    မေမေက သွေးလက်ထဲ ရေဖလားကို ထည့်ပေးသည်။ သွေးက မေမေ့နောက်ကျောကို ထပ်စမ်းကြည့်သည်။ မေမေ ရေတွေစိုကုန်သည်။ သွေး ပျော်နေသည်။
    ''ကဲ...တော်ပြီ သွေး၊ အင်္ကျီချွတ်မယ်၊ ဆပ်ပြာတိုက်မယ်၊ ဟုတ်လား''
    ''ဟုတ်ကဲ့ မေမေ''
    သွေးကို ရေချိုး၊ အဝတ်လဲ၊ သနပ်ခါးလိမ်းပြီးတော့ မေမေ ရေချိုးမည်ဟု ခါတိုင်းလိုပင် ပြောသွားသည်။ သွေး အိပ်ရာပေါ် ပြန်တက်ကာ 'ကုသိုလ်သည်' ကို အထပ်ထပ်အခါခါ ရွတ်နေလိုက်သည်။

+ + + + +
    ''သွေး...တန်းလျက်နှစ်ခု စားမယ်နော် မေမေ''
    ''သွေး အချိုများများစားရင် သွားနာတတ်တယ် သမီးရဲ့''
    ''ဟင့်အင်း၊ သွေး ဒီနေ့ပဲ နှစ်ခုစားမှာပါ''
    ''မနေ့ကလဲ သွေး ဒီလိုပဲ ပြောတာပဲ''
    မေမေက သွေးလက်ထဲ ထန်းလျက်နှစ်ခဲ ထည့်ပေးသည်။ သွေး စမ်းကြည့်ပြီး သဘောကျကာ ရယ်လိုက်သည်။
    ''သွေး ထန်းလျက်စားပြီး ပါးစပ်ဆေးရဦးမယ်နော်၊ ခု မေမေ ထမင်းပန်းကန်တွေ ဆေးလိုက်ဦးမယ်၊ သိလား၊ ပြီးရင် အိပ်ရမယ်နော်''
    ''သွေး ဒီနေ့ မအိပ်ချင်ဘူး မေမေ''
    သွေး ထန်းလျက်ခဲကို အကုန်စားနေရင်းမှ ပြောလိုက်သည်။
    ''သွေး ဟိုးကအသံတွေပဲ နားထောင်ချင်တယ် မေမေ''
    ''ခဏကြာဆို အဲဒီအသံတွေ တိတ်တော့မှာ သွေးရဲ့''
    ''ဘာလို့လဲဟင်''
    ''နေ့လယ်ဆို သူတို့လဲ ထမင်းစားကြ နားကြတာပေါ့''
    ''ဒါဆို ဘာမှမကြားရတော့ဘူးပေါ့နော်''
    ''ညနေမှ ပြန်ကစားကြမှာ''
    ''ဘာကစားတာလဲဟင်၊ သီချင်းဆိုတမ်းလား''
    ''အင်းပေါ့၊ ရေကစားကြတယ်၊ တစ်ယောက်ကို တစ်ယောက် ရေလောင်းကြတာလေ''
    ''သွေး ရေချိုးတုန်းကလိုပေါ့နော်''
    ''အေး...အေး၊ သွေး နေ့လယ်အိပ်နော်၊ ညနေ သွေးအိပ်ရာထမှ အသံတွေ ပြန်ကြားရမှာ''
    ''ဒါဖြင့် သွေးဘာသာ သွားအိပ်မယ် မေမေ''
    ''သွေးက သိပ်လိမ္မာတာပဲကွယ်''
    ''ညနေ မေမေ သွေးကို နှိုးနော်''
    ''နှိုးမှာပေါ့ သွေးရဲ့''
    သွေး အရင်က နေ့လယ် အမြဲအိပ်ရသည်။ သွေးကလည်း နေ့လယ်အိပ်ရတာကို ကြိုက်သည်။ ညဆို သွေး စောစောမအိပ် တတ်။ ဖေဖေနှင့် မေမေ စကားပြောတာကို နားထောင်နေတတ်သည်။ ဖေဖေနှင့် မေမေက ''သွေ ညမိုးချုပ်နေပြီ၊ ဆယ့်တစ်နာရီ တောင် ထိုးတော့မယ်၊ အိပ်တော့ သွေးရယ်''ဟု ချော့မော့သိပ်မှ သွေး အိပ်လေ့ရှိသည်။ နေ့လယ်ဆိုလျှင်တော့ ထမင်းစားပြီး သွေး အိပ်ချင်လာတတ်သည်။ ညနေစာင်းဆို သွေး နိုးတတ်သည်။ မေမေက တစ်ခါတစ်ရံ ''သွေးရေ ထတော့၊ ညနေစောင်းသွားပြီ၊ ဖေဖေ ပြန်လာတော့မယ်''ဆိုကာ နှိုးတတ်သည်။ သွေး နိုးနေနှင့်တာက များပါသည်။
    ''သွေး စားပြီးပြီမဟုတ်လား၊ လာ ပါးစပ်ဆေးရမယ်၊ ရှူရှူပေါက်ရမယ်''
    မေမေက သွေးကို လက်ဆေးပေးကာ သောက်ရေခပ်ပေးသည်။ သွေးက ရေတွေငုံပြီး ထွေးထုတ်သည်။ နောက် ရှူရှူပေါက် ပြီး အိပ်ရာပေါ် တက်ခဲ့သည်။
    ''မေမေ သွေး အိုက်တယ်''
    အိပ်ရာပေါ်ရောက်မှ အိုက်လာ၍ မေမေ့ကို အော်ပြောရသည်။
    ''ခဏလေး သမီး၊ မေမေ အားရင်လာမယ်''
    သွေး ဟိုးအဝေးက အသံတွေကို နားစိုက်ထောင်ကြည့်သည်။ လူအော်သံ၊ ကားအော်သံ၊ ရေသံ၊ သီချင်းသံနှင့် ဘာမှန်း မသိသော အသံအချို့ကို သဲ့သဲ့ကြားရသည်။
    ''ဘိုကလေးမီးသွေး ရမယ်၊ ယူကြဦးမလား၊ ဘိုကလေးမီးသွေး''
    သည်အသံကြားတိုင်း သွေး လန့်နေကျဖြစ်သည်။ နားနားကပ်ကာ အကျယ်ကြီး အော်လိုက်သလိုမို့ သွေး ကိုယ်လေးပင် တုန်သွားမိသည်။ သွေး နားနှစ်ဖက်ကို လက်နှင့်အုပ်ကာ မလှုပ်မယှက် အိပ်နေလိုက်သည်။
    သွေး နှာခေါင်းထဲတွင် မွှေးလာသလိုရှိသည်။ နောက်မှ သွေး သတိရမိသည်။ ပိတောက်ပန်းနံ့။ အိပ်ရာနားမှာ ပိတောက်ပန်းတွေ ရှိမည်ထင်သည်။ စောစောက သွေး အသံတွေ လိုက်နားစိုက်ထောင်နေသည်မို့ ပိတောက်နံ့ကို မရလိုက်တာဖြစ် သည်။
    မေမေ့ခြေသံ ကြားရသည်။
    ''မေမေ၊ သွေး ပိတောက်ပန်း မွှေးချင်တယ်''
    ''သွေး မအိပ်သေးဘူးလား''
    ''သွေး အိုက်လို့မေမေ၊ ပိတောက်ပန်း မွှေးချင်တယ် မေမေ၊ ပိတောက်ပန်းပေးပါ''
    ''မေမေ ယပ်တောင်ခတ်ပေးမယ်နော်၊ သွေး အိပ်တော့၊ ဟုတ်လား''
    မေမေက သွေးလက်ထဲ ပိတောက်ပန်းနည်းနည်း ထည့်ပေးသည်။ နောက် သွေးကို ယပ်တောင်ခတ်ပေးလေသည်။ သွေး ခုမှ အအိုက်ပြေလာသလို ရှိသည်။
    ပိတောက်ပန်းကို မွှေးရင်း၊ လေအေးအေးကို ဇိမ်ခံရင်းနှင့် သွေး အိပ်ငိုက်လာသည်။ နောက်ဆုံးမှာတော့ သွေး အိပ်ပျော် သွားခဲ့သည်။

+ + + +

    ''အဲ့...ဝါး...ဝါး''
    ဒွေး ငိုသံကို ကြားရသည်။ သွေး အိပ်ရာမှ နိုးခဲ့သည်။ မေမေ ဒွေးကို ''အို...အိုအေး...ကျွတ်ကျွတ်'' နှင့် ချော့နေသည်။ ဒွေး ဆက်ငိုနေပြန်သည်။
    ''ကြာဆံဟင်းခါး၊ ရှောက်သီးသုပ်''
    ဟင် သည်ဈေးသည်တောင်လာပြီ။ သွေး အကြာကြီး အိပ်ပျော်သွားတာပေါ့။ ခါတိုင်းဆို သည်ဈေးသည်လာလျှင် သွေး ရေချိုးပြီးပြီဖြစ်သည်။ ဖေဖေ ပြန်လာခါနီးပြီ ဖြစ်သည်။
    သွေး ဖေဖေ ပြန်မလာတော့သည့်နေ့ကို သတိရသွားသည်။ ထိုနေ့ကလည်း သွေး အိပ်ရာထ နောက်ကျသည်။ မေမေ ကလည်း သွေးကို မနှိုး။ သွေးဘာသာ နိုးလာခဲ့ပြီးမှ မေမေက သွေးကို ရေချိုး၊ ထမင်းကျွေးသည်။ သွေးက ''ဖေဖေနဲ့ သွေး ထမင်းအတူတူစားမယ်လေ''ဟု ပြောတော့ မေမေက ''မိုးချုပ်တော့မယ် သွေးရဲ့၊ သွေး ဖေဖေ ပြန်မလာသေးဘူး''ဟု တိုးတိုးလေး ပြောသည်။
    ''ဒါဆို ဒီနေ့ လမ်းမလျှောက်ရဘူးပေါ့နော်''ဟု သွေး ဝမ်းနည်းစွာ ပြန်ပြောခဲ့သည်။ မေမေ ဘာမျှ ပြန်မဖြေတော့။ သွေးကတော့ လမ်းမလျှောက်ရတာကို မကျေနပ်ခဲ့။ လမ်းလျှောက်လျှင် လေတွေတိုက်ကာ အသံတွေ အစုံကြားရတတ်သည်။ ဖေဖေနှင့် မေမေ့လက်ကိုဆွဲကာ လမ်းလျှောက်ရတာကို သွေး ပျော်သည်။ လမ်းလျှောက်နေရင်း တစ်ခါတလေ ဖေဖေက သွေးကို ချီသွားတတ်သည်။
    ထိုနေ့က သွေး လမ်းမလျှောက်ရတာရော၊ ဖေဖေ စောစော ပြန်မလာတာကိုရော စိတ်ဆိုးကာ 'ကုသိုလ်သည်' ကဗျာကို အကျယ်ကြီး ရွတ်နေလိုက်သည်။ မေမေက သွေးကို အော်လည်းမအော်၊ ချော့လည်းမချော့။ သွေးနားကိုပင် မလာခဲ့။ နောက် သွေး မောလာကာ အိပ်ချင်လာတော့သည်။ သည်ချိန်ထိ ဖေဖေ ပြန်မလာသေး။
    ရေဒီယိုမှ 'ဝါဝါဝင်းရွှေ' လာတော့ မေမေက သွေးကို ''ဘုရားရှိခိုးတော့ သွေး''ဟု ပြောသည်။ သွေးလည်း မေမေနှင့်အတူ ထိုင်ကာ မေမေ သင်ပေးထားသည့်အတိုင်း 'သြကာသ သြကာသ သြကာသ...' ကိုဆိုပြီး ရှိခိုးလိုက်သည်။
    နောက် ဖေဖေ မေမေတို့ စကားသံတွေ မကြားရ၍ထင်သည် သွေး အိပ်ငိုက်လာသည်။ မေမေက သွေးကို စောစောအိပ် ရန်ပြောပြီး အိပ်ရာပေါ် ခေါ်သွားကာ ကျောကုန်းကို ပွတ်ပေးရင်း သီချင်းဆိုပြီး သိပ်ခဲ့လေသည်။ နောက်နေ့ သွေး အိပ်ရာနိုးတော့ သွေးကို မေမေက မျက်နှာသစ်ပေးသည်။ သွေးက ''ဖေဖေရော'' ဟု မေးတော့ မေမေ ဘာမျှပြန်မဖြေခဲ့။ ''သွေး ခဏခဏ မမေးနဲ့၊ မေမေ မအားဘူး''ဟု ဖြေခဲ့သည်။
    ''ဟော သွေး နိုးနေပြီလား၊ လာ ရှူရှူပေါက်ရအောင်၊ ဟင် သွေးလက်တွေ အေးလို့၊ ဘာဖြစ်လို့လဲသမီး''
    မေမေက သွေးကို ထူပေးရင်း မေးလိုက်သည်။
    ''သွေး ဖေဖေ ပြန်မလာတော့တာကို တွေးနေတာ၊ အကြာကြီးရှိပြီနော်''
    ''သွေး ရေချိုး၊ ထမင်းစားရအောင်၊ ကဲ...ဆင်း''
    မေမေ စိတ်တိုနေသည်ဟု သွေး ထင်သည်။ သွေး မေမေ ခေါ်ရာနောက်သာ လိုက်ခဲ့သည်။
    သွေး ဒီနေ့ ထမင်းနည်းနည်းပဲ စားနိုင်သည်။

+ + + + +
    ''အား''
    သွေးဆံပင်ကို ဆောင့်ဆွဲခြင်း ခံလိုက်ရသည်။ ဒွေးနောက်ကနေ ဆွဲလိုက်ခြင်းဖြစ်ပေမည်။
    ''ဒွေး...အဲလို မလုပ်ရဘူးလေ၊ လာ...လာ၊ မေမေ့ ပေါင်ပေါ်လာထိုင်''
    မေမေ့အော်သံ ကြားရသည်။ နောက် ဒွေး ရယ်သံကြားရသည်။ ဒွေးသည် သွေးကို နာကျင်အောင် တစ်ခုခုလုပ်ပြီးတိုင်း ရယ်နေလေ့ရှိသည်။ သို့သော် သွေး ဒွေးကို ချစ်သည်။ ဒွေး၏ လက်သေးသေးလေးများကို ပါးနှင့်ကပ်ပြီး သွေး ဆော့တတ်သည်။ ဒါပြင်လည်း သွေးက ဒွေးလို မပြေးနိုင်။ ဒွေးကတော့ တစ်ခါတစ်ခါ ပြေးသည်။ နောက် ဗိုင်းဆိုပြီး လဲကျလေ့ရှိသည်။ များသော အားဖြင့်တော့ ဒွေး မငိုတတ်ချေ။
    ''ဘုရားပန်းတွေ၊ ဘုရားပန်းတွေ''
    ဘုရားပန်းသည်လာလျှင် သွေး ဖေဖေ့ကို သတိရပြန်သည်။ ဖေဖေရှိလျှင် ညနေ သွေးတို့ လမ်းလျှောက်ကြသည်။ တစ်ခါတလေ လမ်းလျှောက်ရင်း မေမေက ဘုရားပန်းတွေ ဝယ်လေ့ရှိသည်။ နောက်တော့ မေမေသည် အိမ်ရှေ့မှာ ဘုရားပန်းသည် အသံကြားမှ ဝယ်တော့သည်။ သွေးတို့ ဖေဖေ ပြန်မလာကတည်းက လမ်းမလျှောက်ရတော့။
    ''မေမေ၊ ဘုရားပန်းတွေ မဝယ်ဘူးလား''
    ''မေမေ မနက်က ဈေးထဲက ဝယ်လာတယ် သွေး''
    သွေး ငြိမ်နေမိသည်။ ဖေဖေ ပြန်မလာသည့်နောက်တွင် ညနေဆိုလျှင် သွေးတို့ လမ်းလျှောက်မထွက်ဘဲ အိမ်ရှေ့မှာ ထိုင်နေတတ်သည်။ မေမေက သွေးကိုထိုင်နေရင်း ကကြီး၊ ခခွေး၊ တစ်၊ နှစ်၊ သုံး၊ လေး၊ အေ၊ ဘီ၊ စီ၊ ဒီ တွေ ပြန်ဆိုခိုင်းတတ်သည်။တစ်ခါတလေ ညအခါ လသာသာ ဆိုခိုင်းပြီးမှ ''သွေးက 'လ' ကိုမှ မသိဘဲ''ဟု တိုးတိုးလေးပြောပြီး 'ကုသိုလ်သည်' ကဗျာကိုသာ မေမေနှင့်တူတူ ဆိုရလေသည်။
    သွေး ဟိုးအဝေးကအသံတွေကို နားစွင့်လိုက်ပြန်သည်။ သွေး ဟိုးအဝေးကို လျှောက်သွားချင်သည်။ ဟိုးအဝေးမှာ ဖေဖေ ရှိနေမည်။ သွေးက ဟိုးအဝေးကို လျှောက်သွားကာ ဖေဖေ့ကို တွေ့ရမည်။ သွေး ဖေဖေ့ခြေသံကို သိသည်။ ဖေဖေ့ ခြေ၊ လက်၊ မျက်နှာကို သိသည်။ ဖေဖေ့ ချွေးနံ့ကို သိသည်။ ဖေဖေ့ အသံကို သိသည်။ သွေး ဖေဖေ့ကို မှတ်မိနေသည်။ သွေး ဖေဖေ့ကို မမြင် ရသော်လည်း ကျန်တာတွေကို သွေး သိနေသည်ပဲ။ မြင်ခြင်းဆိုသည်ကိုတော့ သွေး လုံးဝမသိ။ ကျန်တာတွေကိုသာ သိပြီး သွေး အားလုံးနီးပါး သိခဲ့ရသည်။
    သွေး အသံတွေကို ကြားရသည်။ အနံ့တွေကို ရှူရသည်။ အရသာကို ခံစားရသည်။ အထိအတွေ့ကို သိရသည်။ ဒါလောက် နှင့်ပဲ သွေးအတွက် ပြည့်စုံနေခဲ့သည်။
    လှေကားမှ ခြေသံကို ကြားရသည်။ ခြေသံက သိပ်တိုးသည်။ သွေးသာ ကြားနိုင်သည်ဟု ထင်သည်။ မေမေသည် သွေး လောက် အသံတိုးတိုးလေးများကို မကြားနိုင်။ ခြေသံက တဖြည်းဖြည်း သွေးနားနီးလာသည်။ ဖွဖွလေး နင်းလာသော ခြေသံဖြစ် သည်။ တစ်ခါတစ်ရံ ဖေဖေ သွေးကို စချင်လျှင် သည်လိုပင် ခြေသံဖွဖွနင်းလာတတ်သည်။ ခုလည်း ဖေဖေများလား၊ ဖေဖေ အိမ်ပြန်လာတာလား။
    မေမေ့ဆီက ဘာသံမျှ မကြားရချေ။ မေမေ ဖေဖေ့ကို မခေါ်ဘူးလား။ ဖေဖေကရော မေမေ့ကို မခေါ်ဘူးလား။ နောက် ဖေဖေ သွေးကို ''သွေး၊သမီး''လို့ လှမ်းမခေါ်ဘူးလား။ သွေး အသက်မရှူဘဲ ခြေသံကို နားစိုက်ထောင်သည်။ ဖေဖေ ခြေသံပါပဲ။ အနံ့ကို ရှူကြည့်သည်။ ဘာနံ့မျှမရ။ အင်း ဖေဖေဆိုလည်း တစ်ခါတလေ ဘာနံ့မျှမရတတ်။
    သွေး စကားသံတစ်ခုခုကို ကြားချင်လှပြီဖြစ်သည်။ ဖေဖေက ''သွေး''လို့ ခေါ်လိုက်သံပေါ့။ သွေး အသက်ရှူအောင့်ကာ တောင့်တောင့်လေး ထိုင်နေမိသည်။
    ''သွေး''
    ဟင်...ဖေဖေလည်း မဟုတ်ပါလား။ သွေး 'ဟင်'ကနဲ လေတွေမှုတ်ထုတ်လိုက်မိသည်။ သွေး မောလာသလိုရှိသည်။ သွေး မောသွားသည်။
    ''သွေးရေ...အန်တီစုလေ''
    ''ဟုတ်ကဲ့''
    သွေး စကားမပြောချင်တော့။
    ''စုစု၊ အင်္ကျီလား၊ မနက်မှယူဟယ်...နော်၊ ကြယ်သီး မတပ်ရသေးလို့''
    ''မမကတော့လုပ်ပြီ၊ မနက်တော့ ဆက်ဆက်လုပ်ပါ မမရယ်''
    ''စိတ်ချပါ စုစုရဲ့၊ ဒါနဲ့ ဘယ်သွားမလို့လဲ၊ လှလို့ ပလို့''
    ''မဏ္ဍာပ်တွေ လျှောက်ကြည့်မလားလို့၊ မမရော လိုက်ဦးမလား''
    ''တော်ပြီ စုစုရေ၊ အဝေးကြီး မလျှောက်ချင်တော့လို့''
    သွေး မေမေ့စကားသံထဲမှ 'အဝေးကြီး'ဆိုတာ ကြားမိသည်။
    ''မေမေ အဝေးကြီးသွားမလို့လားဟင်၊ ဟိုးအဝေးကြီးလေ''
    ''ဟုတ်တယ် သွေးရဲ့၊ အန်တီစုတို့ သွားကြမှာ''
    မေမေက မဖြေဘဲ အန်တီစုက သွေးလက်ကိုကိုင်ရင်း ဖြေလိုက်သည်။
    ''သွေးလဲလိုက်မယ် မေမေ''
    ''အို မလိုက်ပါနဲ့ သွေးရဲ့၊ မေမေတို့ ခဏကြာ ရေဒီယို နားထောင်မယ်လေ''
    ''ဟင့်အင်း၊ သွေး ဟိုးအဝေးကို သွားချင်တယ်''
    ''သွေးက လိမ္မာသားနဲ့ကွယ်၊ မေမေ့စကားကို နားထောင်စမ်း''
    ''ဟင့်အင်း...ဟင့်အင်း၊ သွေး ဟိုးအဝေးကိုပဲသွားမယ်''
သွေး မေမေ့ကို အော်ပြာရင်းမှ အန်တီစု ကိုင်ထားသောလက်ကို လှုပ်ခါလိုက်သည်။
    ''ခေါ်သွားလိုက်ပါမယ် မမရယ်၊ စုစုတို့က ခဏလေးသွားမှာပဲဟာ''
    ''စုစုတို့ အလုပ်ရှုပ်မှာ၊ သူက အလကား နားထောင်ရုံလေးများ''
    ''အို...မရှုပ်ပါဘူး မမရဲ့၊ စုစု ချီသွားလိုက်မယ်လေ၊ နုနုတို့ ယုယုတို့လည်း ပါမှာပဲဟာ''
    ''သွားလေ၊ သွေး အင်္ကျီလဲရအောင်၊ လာ''
    မေမေက သွေး လက်တစ်ဖက်ကို ဆွဲလာသည်။
    ''သွေး သည်တိုင်းသွားမယ် မေမေ''
    ''အင်းလေ၊ သည်တိုင်းလဲဖြစ်ပါတယ်၊ စုစု စောစောပြန်ခဲ့ပါနော်၊ သွေး မဆိုးရဘူးနော်၊ အန်တီစုပြောတာ နားထောင်၊ ဟုတ်လား''
    ''ဟုတ်ကဲ့''
    သွေး အန်တီစုကို လက်နှစ်ဖက်ကမ်းသည်။

+ + + + +
    ''နောက်ကျလိုက်တာ စုစုရယ်၊ မမဖြင့် စိတ်ပူနေတာ''
    ''သွေးက သိပ်ပျော်နေတာ မမရဲ့၊ စုစုတို့လဲ သံချပ်တွေကောင်းတော့ တော်ရုံနဲ့ မပြန်ချင်ဘူးလေ''
    အန်တီစုက သွေးကို လက်ပေါ်မှချရင်း ပြောသည်။ မေမေက သွေးလက်တစ်ဖက်ကို ဆွဲလိုက်သည်။
    ''ကျေးဇူးပဲ စုစုရေ''
    ''ရပါတယ် မမရဲ့၊ သွေး တာ့တာ...အန်တီစု ပြန်ပြီ''
    သွေး တာ့တာလုပ်လိုက်သည်။ မေမေက သွေးကိုချီပြီး...
    ''သွေး၊ သမီး ပျော်တယ်ဆို၊ ဟုတ်လား''
    ဟု တိုးတိုးလေးမေးသည်။
    ''ဟုတ်ကဲ့''
    မေမေ သွေးကို ရေချိုးခန်းဝမှာ ချပေးပြီး ခြေထောက်ဆေးဖို့ ရေတစ်ဖလားခပ်ပေးသည်။ မျက်နှာကိုတော့ မေမေက ရေစိုနေသော မျက်နှာသုတ်ပဝါဖြင့် သုတ်ပေးသည်။
    ''သွေး အိပ်ရာပေါ်သွားနော်၊ ဘုရားရှိခိုးလိုက်ဦး၊ မေမေ တံခါးတွေ ပိတ်ရမယ်''
    ''ဟုတ်ကဲ့''
    သွေး မေမေနှင့် တူတူထိုင်ကာ ဘုရားရှိခိုးနေကျ နေရာဆီစမ်းပြီး လျှောက်ခဲ့သည်။

+ + + + +
    သွေး အိပ်ရာပေါ်တက်ပြီး စမ်းကြည့်လိုက်သည်။ ဒွေး အိပ်နေပြီ။ ဟို အရင်ကဆို ဖေဖေ့ကိုပါ စမ်း၍ရသည်။ ဖေဖေသည် သွေးကို အသံမပေးဘဲ ငြိမ်ငြိမ်လေး နေတတ်သည်။ ဖေဖေ့ကိုယ်ကို သွေး လက်နှင့်စမ်းမိမှ သွေးကိုဖက်ကာ မွှေးမွှေးပေးတတ်သည်။
    သွေးက ''ဖေဖေ မအိပ်သေးလူးလား''ဟု ဆိုလျှင် ''သွေး မေမေကို စောင့်ပြီး စာဖတ်နေတယ်''ဟု ပြောတတ်သည်။ သွေးက ''သွေးလဲ ဖတ်မယ်''ဟုဆိုပြီး ဖေဖေ့ဆီက စာအုပ်တောင်းကာ 'ကုသိုလ်သည်'ကဗျာကို ရွတ်သည်။ သွေး ကဗျာဆုံးလျှင် ဖေဖေက စာအုပ်ကို ပြန်ယူရင်း မွှေးမွှေးပေးပြန်သည်။
    ''သွေး အိပ်လေ၊ ဘာလို့ထိုင်နေတာလဲ''
    မေမေက သွေးကို အိပ်ရာပေါ် လှဲချပေးသည်။
    ''သွေး အိုက်တယ် မေမေ၊ ဟိုးအဝေးမှာတော့ မအိုက်ဘူး''
    မေမေက ရယ်လိုက်သည်။ နောက် သွေးကို ယပ်တောင်ခတ်ပေးသည်။ သွေး မေမေ့ကို ''ဟိုးအဝေးမှာ ဖေဖေနဲ့လဲမတွေ့ ဘူး''ဟု ပြောတော့မည့်အခါ...
    ''သွေး အန်တီစုတို့နဲ့သွားတော့ ဘာတွေကြားခဲ့လဲ၊ ပျော်လား''
သွေး မေမေ့ကို အော်ပြာရင်းမှ အန်တီစု ကိုင်ထားသောလက်ကို လှုပ်ခါလိုက်သည်။
    ''ခေါ်သွားလိုက်ပါမယ် မမရယ်၊ စုစုတို့က ခဏလေးသွားမှာပဲဟာ''
    ''စုစုတို့ အလုပ်ရှုပ်မှာ၊ သူက အလကား နားထောင်ရုံလေးများ''
    ''အို...မရှုပ်ပါဘူး မမရဲ့၊ စုစု ချီသွားလိုက်မယ်လေ၊ နုနုတို့ ယုယုတို့လည်း ပါမှာပဲဟာ''
    ''သွားလေ၊ သွေး အင်္ကျီလဲရအောင်၊ လာ''
    မေမေက သွေး လက်တစ်ဖက်ကို ဆွဲလာသည်။
    ''သွေး သည်တိုင်းသွားမယ် မေမေ''
    ''အင်းလေ၊ သည်တိုင်းလဲဖြစ်ပါတယ်၊ စုစု စောစောပြန်ခဲ့ပါနော်၊ သွေး မဆိုးရဘူးနော်၊ အန်တီစုပြောတာ နားထောင်၊ ဟုတ်လား''
    ''ဟုတ်ကဲ့''
    သွေး အန်တီစုကို လက်နှစ်ဖက်ကမ်းသည်။

+ + + + +
    ''နောက်ကျလိုက်တာ စုစုရယ်၊ မမဖြင့် စိတ်ပူနေတာ''
    ''သွေးက သိပ်ပျော်နေတာ မမရဲ့၊ စုစုတို့လဲ သံချပ်တွေကောင်းတော့ တော်ရုံနဲ့ မပြန်ချင်ဘူးလေ''
    အန်တီစုက သွေးကို လက်ပေါ်မှချရင်း ပြောသည်။ မေမေက သွေးလက်တစ်ဖက်ကို ဆွဲလိုက်သည်။
    ''ကျေးဇူးပဲ စုစုရေ''
    ''ရပါတယ် မမရဲ့၊ သွေး တာ့တာ...အန်တီစု ပြန်ပြီ''
    သွေး တာ့တာလုပ်လိုက်သည်။ မေမေက သွေးကိုချီပြီး...
    ''သွေး၊ သမီး ပျော်တယ်ဆို၊ ဟုတ်လား''
    ဟု တိုးတိုးလေးမေးသည်။
    ''ဟုတ်ကဲ့''
    မေမေ သွေးကို ရေချိုးခန်းဝမှာ ချပေးပြီး ခြေထောက်ဆေးဖို့ ရေတစ်ဖလားခပ်ပေးသည်။ မျက်နှာကိုတော့ မေမေက ရေစိုနေသော မျက်နှာသုတ်ပဝါဖြင့် သုတ်ပေးသည်။
    ''သွေး အိပ်ရာပေါ်သွားနော်၊ ဘုရားရှိခိုးလိုက်ဦး၊ မေမေ တံခါးတွေ ပိတ်ရမယ်''
    ''ဟုတ်ကဲ့''
    သွေး မေမေနှင့် တူတူထိုင်ကာ ဘုရားရှိခိုးနေကျ နေရာဆီစမ်းပြီး လျှောက်ခဲ့သည်။

+ + + + +
    သွေး အိပ်ရာပေါ်တက်ပြီး စမ်းကြည့်လိုက်သည်။ ဒွေး အိပ်နေပြီ။ ဟို အရင်ကဆို ဖေဖေ့ကိုပါ စမ်း၍ရသည်။ ဖေဖေသည် သွေးကို အသံမပေးဘဲ ငြိမ်ငြိမ်လေး နေတတ်သည်။ ဖေဖေ့ကိုယ်ကို သွေး လက်နှင့်စမ်းမိမှ သွေးကိုဖက်ကာ မွှေးမွှေးပေးတတ်သည်။
    သွေးက ''ဖေဖေ မအိပ်သေးလူးလား''ဟု ဆိုလျှင် ''သွေး မေမေကို စောင့်ပြီး စာဖတ်နေတယ်''ဟု ပြောတတ်သည်။ သွေးက ''သွေးလဲ ဖတ်မယ်''ဟုဆိုပြီး ဖေဖေ့ဆီက စာအုပ်တောင်းကာ 'ကုသိုလ်သည်'ကဗျာကို ရွတ်သည်။ သွေး ကဗျာဆုံးလျှင် ဖေဖေက စာအုပ်ကို ပြန်ယူရင်း မွှေးမွှေးပေးပြန်သည်။
    ''သွေး အိပ်လေ၊ ဘာလို့ထိုင်နေတာလဲ''
    မေမေက သွေးကို အိပ်ရာပေါ် လှဲချပေးသည်။
    ''သွေး အိုက်တယ် မေမေ၊ ဟိုးအဝေးမှာတော့ မအိုက်ဘူး''
    မေမေက ရယ်လိုက်သည်။ နောက် သွေးကို ယပ်တောင်ခတ်ပေးသည်။ သွေး မေမေ့ကို ''ဟိုးအဝေးမှာ ဖေဖေနဲ့လဲမတွေ့ ဘူး''ဟု ပြောတော့မည့်အခါ...
    ''သွေး အန်တီစုတို့နဲ့သွားတော့ ဘာတွေကြားခဲ့လဲ၊ ပျော်လား''    ''ဖေဖေ ပြန်မလာတာ အကြာကြီးရှိပြီနော်၊
အကြာကြီးပြီးရင် ဖေဖေ ပြန်လာမှာပေါ့ ဟုတ်လား မေမေ''
    မေမေ ဘာမျှပြန်မဖြေ။
    ''ဟုတ်လားလို့ မေမေ၊ ဟုတ်လား''
    ''အင်း''
    မေမေက တိုးတိုးလေးဖြေပြီး လေတွေ မှုတ်ထုတ်လိုက်သည်။ ဟင်း...။
    ''ဖေဖေ နက်ဖြန်ပြန်လာမှာလားဟင်''
    မေမေ လေတွေ ထပ်မှုတ်ထုတ်ပြန်သည်။ ဟင်း...။
    ''ဟင် မေမေ၊ ဖေဖေသွားတာ အကြာကြီးပဲဟာ၊ နက်ဖြန်ဆို ပြန်လာမှာပေါ့နော်''
    ''သွေး၊ ညမိုးချုပ်ပြီ၊ အိပ်တော့ကွယ်၊ မေမေ အိပ်ငိုက်ပြီ''
    ''ခဏလေးပါ မေမေရဲ့၊ ပြောလေ၊ ဖေဖေ နက်ဖြန် ပြန်လာမှာပေါ့နော်''
    ''အေး၊ အေး၊ သွေး ဖေဖေ မနက်ဖြန် ပြန်လာချင် လာမှာပေါ့''
    မေမေက စကားကို မြန်မြန်ကြီးပြောလိုက်သည်။
    ''လာမှာပါ မေမေရဲ့၊ သွေး ဖေဖေ နက်ဖြန် ပြန်လာမှာ''
    ''ကဲ၊ သွေး အိပ်တော့ကွယ်''
    မေမေက သွေးလက်ကိုဆွဲကာ အိပ်ချခိုင်းသည်။ သွေး အိပ်ချလိုက်သည်။
    ''သွေး အိပ်မှာပါ မေမေ၊ သွေး နက်ဖြန်မနက် ထရမယ်လေ၊ သွေး ခု အိပ်မှာပါ၊ နက်ဖြန်ဖို့ သွေး အိပ်မှာပါ၊ နက်ဖြန်ဖို့ အိပ်မယ် မေမေ၊ နက်ဖြန်ဖို့ အိပ်မယ်''
    မေမေ့ထံမှ ပြန်ပြောသံ မကြားရပေ။ ခဏနေတော့ မေမေ့ငိုသံ တိုးတိုးလေးကို သွေး ကြားရသည်။ သွေးကျောကုန်းနှင့် ကပ်နေသော မေမေ့ကိုယ်သည် တုန်ခါနေသည်။ မေမေဘာကြောင့် ငိုရပါသလဲ။ သွေး တွေးရင်းမှာပင် အိပ်ပျော်ခဲ့သည်။ မနက်ဖြန် အတွက် သွေး အိပ်ခဲ့ပြီ။
    မနက်ဖြန်အတွက် သွေး အိပ်ခဲ့ပါပြီ။


မသီတာ(စမ်းချောင်း)
၁၉၈၆ ခု၊ ဇွန်လ၊ သဘင် မဂ္ဂဇင်း


No comments:

Post a Comment