Wednesday 12 October 2011

တော်ပါသေးရဲ့

   ဟော... ရေတွေဝင်လာပြီ ဟိုမှာ၊ အဓီနားက အပေါက်ကြောင့် ရေတွေဝင်လာပြီ။ ရေတွေ... ရေတွေဟင် အသံတွေ ဆူညံလှချည်လား။ အို... လှေဝမ်းပေါက်တာ ဖာလို့မရတော့ဘူး ဆိုပါလား။ ဟေ့... မင်းတို့ ငါ့ကို စောင့်ကြပါဦးကွ၊ ငါ့ပစ္စည်းတွေ မယူရသေးဘူး။ နေပါဦးကွာ။ ဟာ ဒီပစ္စည်းတွေ မယူလို့ ဘယ်ဖြစ်မလဲ၊ ဒီပစ္စည်းတွေ မရှိရင်... ငါ ဘာနဲ့စားရမလဲ၊ မဖြစ်သေးဘူး၊ မဖြစ်သေးဘူး...။
    အား... ထွီ... ငန်လိုက်တဲ့ ရေတွေ၊ အို...ဘာလို့ ငါ့လက်ကို လာဆွဲရတာလဲ၊ လွှတ်စမ်းပါ။ ဟော...ဟိုရှေ့မှာတွေ့ပြီကွ၊ ငါ့ပစ္စည်းတွေ၊ နေစမ်းပါကွာ၊ ပစ္စည်းသင်္ခါရတွေ ဘာတွေ ငါနားမလည်ဘူး။ လူမသေ ငွေမရှားတဲ့လား၊ ဟေ့ ဘာမှ ငါ့ကို မပြောကြနဲ့၊ ငါ့ကို မစောင့်ချင်လည်းနေကြ၊ သွားကြ...သွားကြ။
    ဟော ဟော ဒီမှာ...ငါ့ပစ္စည်းထုပ်၊ ဟာ...ရေတွေ ဝင်လာပြန်ပြီ။ ဟိုက်... ပစ္စည်းထုပ် ဘယ်ရောက်သွားပါလိမ့်။ အား...ငါ ငါ ပင်လယ်ထဲ ကျသွားပြီ။ အို... ငါ့ပစ္စည်းထုပ် ဘယ်ရောက်သွားပြီလဲ။
    ဟော...ဟိုမှာ၊ လှေပျက်ရဲ့ အပိုင်းအစ တစ်ခုပဲ၊ ဟုတ်ပြီ။ ငါ အဲဒါကို ရအောင်ယူရမယ်၊ နို့မို့ဆို ငါ့အသက်၊ ဟုတ်တယ်... ငါသေလို့ မဖြစ်ဘူး။ ငါ ပညာတွေ သင်ရဦးမယ်၊ နောက် ငွေတွေရှာရဦးမယ်။ ဒါနဲ့ ငါ့ပစ္စည်းထုပ် ဘယ်ရောက်နေပါလိမ့်။
    အဲ...အဲ...ရပြီ ရပြီ၊ အား...ရင်ဘတ်တွေ အောင့်လိုက်တာ၊ တောက်...တော်တော်ဆိုးဝါးတဲ့ မုန်တိုင်းပဲ၊ မုန်တိုင်းရယ် နင့်ကြောင့် ငါ ခုလို ဒုက္ခရောက်ရတာ။
    ဟော ဟိုမှာ သေတ္တာလေး တစ်ခုပါလား၊ စီးလာစမ်း၊ ဒီဘက်ကို စီးလာစမ်း၊ အဲ...အဲ ဟုတ်ပြီ၊ ဟုတ်ြ့ပီ၊ နီးလာပြီ...နီးလာပြီ၊ ဟာ သေတ္တာက ငွေရောင်ပါလား၊ ပွပြီ...ပွပြီ...ငါတော့ ပွပြီ။
    တောက်...ဒီရေစီးနှယ် ဘယ်လိုလုပ်၊ လမ်းကြောင်း ပြောင်းသွားရတာလဲ၊ သွားပါပြီ၊ သွားပါပြီ၊ ငါ့နှယ်နော် သေတ္တာလေးလဲ မရတော့ပြန်ဘူး။ ခွေးကောင်တွေ၊ ငါ့ကို ဆင်းရဲအောင်လုပ်တဲ့ ကောင်တွေ၊ တွေ့လို့ကတော့ ငါ့အကြောင်း သိသွားစေ့မယ်...ဟင်း။
    အို လက်တွေလဲ နာပြီ၊ ခြေထောက်တွေလဲ ညောင်းလိုက်တာနော်၊ ရင်ထဲမှာလဲ လှိုက်လှိုက် လှိုက်လှိုက်နဲ့ ခေါင်းတွေလဲ မူးလိုက်တာ၊ ဟင် ပင်လယ်ပြင် တစ်ခုလုံးလဲ မှောင်လို့ပါလား၊ ဘုရား...ဘုရား ကယ်တင်စောင်မတော်မူမယ့် ပုဂ္ဂိုလ်ကို စေလွှတ်ပေး တော်မူပါ ဘုရား၊ အဲ...ဟုတ်ပြီ။
    မဟာဇနက္ကဇာတ်မှာ မဏိမေခလာ နတ်သမီးလေးက ကယ်တင်ခဲ့တာပဲ၊ အဟိ...ငါ့လဲ မေခလာနတ်သမီး လာကယ်မလားပဲ၊ မေခလာ မကယ်ရင်တောင် မေဆွိကတော့ ကယ်ဖို့ကောင်းပါတယ်။ အို...ငါ...ဘာတွေ လျှောက်ပြောနေပါလိမ့်၊ တော်ပါသေးရဲ့ ငါ့နားမှာ လူတစ်ယောက်မှ မရှိပေလို့။
    ဟိုက် ဟုတ်သားပဲ ငါ့နားမှာ လူဆိုလို့တစ်ယောက်မှ မရှိဘူး၊ အူး...ဟူးဟူး...ချမ်းလိုက်တာနော်၊ ကျောချမ်းလိုက်တာ။
    ဟော ဟိုမှာ လူတစ်ယောက်ပါလား၊ အား...အသေကောင်ကြီးပဲ၊ ထွီ...ကျက်သရေ မရှိလိုက်တာ၊ အပုပ်ကောင်ကြီးကိုး၊ ဒီကောင်ကြီးကလဲ ငါ့လိုပဲ မျောနေတာပါလား၊ ဟာ...ဒီဟာကြီးနဲ့တော့ အတူမျောနေလို့ မဖြစ်ဘူး။
    ဟင်း...တော်ပါသေးရဲ့၊ ဟိုဟာကြီး ကျန်ခဲ့ပြီ၊ အို...ခေါင်းထဲမှာ ရီဝေဝေနဲ့ မျက်တောင်တွေကလဲ လေးလိုက်တာနော်။ အင်း...ငါ့လက်တွေလဲ သိပ်မခိုင်တော့ပါလား။
    ဘာသံပါလိမ့်...နေစမ်း၊ သေသေချာချာလဲ မကြားရဘူး၊ အင် ဘာတဲ့ လောဘရဲ့ အကျိုးဆက်ဟာ ဒေါသ၊ မောဟ ဟုတ်လား၊ ဟုတ်တယ် မောလိုက်တာ။ ဟယ်... ငါ့ပစ္စည်းထုပ်ကလေးပါလား၊ ဘယ်နှယ့် မိုးပေါ်မှာ ပျံနေပါလိမ့်နော်။ ရေ...ရေ ဆာလိုက်တာ၊ ဘာ...ရေကို အပြစ်မြင်ထားလို့ ခု ငါသောက်ဖို့ ရေမရှိဘူး ဟုတ်လား၊ မင်း...ဘယ်သူလဲ၊ ဘယ်ကနေပြောတာလဲ၊ ငါ့က...ရေကို...အပြစ်မြင်တယ် ဟုတ်လား၊ ဒါ...ဆန်းလားကွ၊ ဒီရေတွေကြောင့် ငါ့လှေပျက်ရတာ၊ မသောက်ဘူးကွ၊ မသောက်ဘူး၊ လုံးဝ မသောက်ဘူး။
    လုံးဝမသောက်ဘူး၊ အား...အာခေါင်ခြောက်လိုက်တာ၊ ဟင် ခုနက ငါ အိပ်ပျော်သွားပါလား၊ ဟင့်အင်း ဒါဆို မျောမျော သွားတာလား၊ မျောတာက မျောနေတာပဲဟာ၊ အဲလေ မေ့မြောသွားတာ ဖြစ်မှာပေါ့။
ဒါပေမယ့် ဘယ်မှာလဲ...ကမ်းခြေ၊ ဟော ဟိုမှာလေ၊ ဟိုအဝေး မိုးကုပ်စက်ဝိုင်းမှာ ကမ်းခြေပေါ့၊ ကမ်းခြေရေ ရပ်နေဟေ့ ငါလာပြီ။ ငါလာပြီ၊ ဟိုက်...ဘာကြီးလဲဟ၊ ပြောင်ပြောင် ပြောင်ပြောင်နဲ့၊ ဧကန္တ မေခလာပဲဖြစ်ရမယ်၊ ရေသူမလေး...ဟာ... ဟုတ်ပါဘူး၊ နတ်သမီး...နတ်သမီး။
    ဟင်...ဒီနတ်သမီးက တစ်မျိုးကြီးပါလား...ဟယ်...ယောက်ျားကြီးဟ၊ ဟွန်း...အရုပ်ကလဲ ဆိုးလိုက်တာလွန်ပါရော၊ တာဇံကားတွေ ကြည့်ထားတယ်ထင်တယ်၊ အရှက်လဲ မရှိဘူး၊ အမလေး...ရယ်ပြနေသေးတယ်၊ ဟွန့်...အစွယ်ကလည်း နှစ်ချောင်းနဲ့။
    ''ဟေ့ ကိုငချွတ်''
    အံမာ...ငါ့ကိုများ ငချွတ်တဲ့၊ အသာနေ မကြားချင်ယောင်ဆောင်မယ်။
    ''ဟေ့...မကြားဘူးလား၊ ဒီမှာ ငါ့ကို သေချာကြည့်စမ်း၊ မင်းကို ကယ်ဖို့ထားခဲ့တာကွ''
    အလဲ့ ဒီဟာကြီးက ငါ့ကို ကယ်မယ်ဆိုပါလား၊ ဒါဆို မဖြစ်ဘူး၊ မဖြစ်ဘူး၊ အမြန်ပြန်ဖားမှ။
    ''ဗျာ...ကျွန်တော်က ခင်ဗျား၊ အဲ...ဘယ်သူပါလိမ့်''
    ''ငါ့နာမည်ဟာ ယမမင်းတဲ့''
    ''ဟိုက်''
    ကိုယ်ကျိုးတော့ နည်းပြီထင်ပါတယ်၊ ဘာပဲဖြစ်ဖြစ်လေ နည်းနည်းတော့ ဖြီးလိုက်ဦးမယ်။
    ''အဲ...ယမမင်းခင်ဗျား၊ ကျွန်တော်က ယမမင်းရဲ့ လွန်စွာမှ ထူးခြားတဲ့ ရုပ်ရည်လက္ခဏာကြောင့် ပြန်မထူးမိတာပါဗျာ၊ ယမမင်းက သိပ်လှကိုးဗျ၊ မင်းသား ပြေငြိမ်းကမှ သွားတက်က တစ်ဖက်တည်းပါတယ်၊ ယမမင်းက သွားတက်နှစ်ခုနဲ့ဆိုတော့ အလှနှစ်ဆ တက်သွားတာကိုးလို့၊ အဟို့ဟို့ဟို''
    ''ဟေ့ လူ့ပြည်က အကျင့်တွေအတိုင်း ငါ့ကို လာမမြှောက်စမ်းနဲ့၊ အဲဒီ မင်းပြောတဲ့ သွားတက်နှစ်ခုနဲ့ပဲ မင်းကို အရေခွံ ခွာပစ်လိုက်မယ် သိလား''
    အမလေးလေး၊ ငါမြှောက်ပင့်ပြီး ပိုက်ဆံညာချေးနေကျ အပျိုကြီးမမ ပိန်ညှောင်ရိုးနဲ့ များကွာပနော်။
    ''ထားပါလေဗျာ၊ ကျွန်တော်မျိုးကို ကယ်မယ်ဆိုဗျ၊ ခု ကယ်တော့လေဗျာ''
    ''စကားမများနဲ့၊ ငါခေါ်ရာလိုက်မလား၊ မလိုက်ဘူးလား၊ ဒါပဲပြော''
    ''ထားပါလေဗျာ၊ ကျွန်တော်မျိုးကို ကယ်မယ်ဆိုဗျ၊ ကယ်တော့လေဗျာ''
    ''စကားမများနဲ့၊ ငါခေါ်ရာလိုက်မလား၊မလိုက်ဘူးလား၊ ဒါပဲပြော''
    ''ပင်လယ်ရေပြင်ကလွဲလို့ ဘယ်သောင်ဘယ်ကမ်းဖြစ်ဖြစ် ပို့သာပို့ ယမမင်းရေ၊ ဟာဝိုင်အီကျွန်းပို့လဲ ဝမ်းမနည်းဘူးဗျို့''
    ''တော်...ကိုင်း လာလေရော့''
    အလဲ့ တယ်ဟုတ်ပါလားဗျို့၊ ငါ့နှယ့် တစ်ခါတည်း သူ့လက်ပေါ် ခုန်ပေါက်ရောက်သွားတာပဲ၊ အင်း သစ်သားစကြမ်းကြမ်း ကြီးထက်စာရင်တော့ ဒီ ယမမင်း လက်ကြမ်းကြမ်းကြီးက တယ်ကောင်းပဲဗျို့။
    ''ကျွန်တော်မျိုးကို ဘယ်ခေါ်သွားတာလဲဟင်''
    ''ဟိုးမှာတွေ့လား၊ အဲဒီသောင်ခြေဆီ ခေါ်သွားမှာ''
    မဆိုးပါဘူး၊ သောင်ခြေက တော်တော်ကျယ်သား၊ မှန်းစမ်း ကျောက်ဖျာလေး ဘာလေး ရှိနေမလားပဲ''
    ''သောင်ခြေက ကျယ်တယ်နော်၊ နာမည်က ဘာတဲ့တုန်း''
    ''ယောယုဝ''
    ''အမလေး''
    ငါ့နှယ် သေလိုက်ပါတော့၊ ဒုက္ခ...ဒုက္ခ၊ ခုမှ ဒုက္ခရောက်တာပဲ၊ အို...မထူးပါဘူးလေ၊ ယောယုဝသောင်ခြေမှာ ငါလို လူသားကြီးအဖို့ စာရေးကြီးရာထူးလောက်ရလဲ မဆိုးပါဘူး။
    ဟော...ဟော သောင်ခြေပေါ် တည့်တည့်ရောက်လာပြီ၊ ဟင် လူတွေ၊ အဲလေ ယမမင်းအနွယ်ဝင်တွေ မနည်းပါလား၊ အို...ငါ့ကို လာကြိုဆိုကြတာ နေမှာပေါ့။
    ''ယမမင်းရေ၊ ကျောက်ဖျာလေ ဘယ်နားမှာတုန်း၊ အဲဒီပေါ် ချပေးနော်''
    ''စိတ်ချ၊ မင်းအတွက် ဆီပူအိုးအသင့်ပဲ''
    ''ဗျာ...ကျောက်ဖျာ မဟုတ်ဘူးလားဗျ''
    ''ဟေ့ ငါတို့ဆီမှာ ခေါင်းဖြတ်စက် မရှိဘူးကွ''
    ''ဟုတ်ဘူးလေဗျာ၊ ကျောက်ဖျာဆိုတာ မင်းလောင်းမှ အိပ်လို့ရတဲ့ ကျောက်ဖျာ''
    ''တန်ရာတန်ရာပြောကွာ၊ ရုပ်ရှင်ရိုက်နေတာ မဟုတ်ဘူး၊ မင်းသိဖို့က''
    ''ဟို...မင်းလောင်းကိုနှိုးဖို့ ခရုသင်းမှုတ်မယ့် ပုဏ္ဏားရော''
    ''ဆီပူအိုးကိုတည်ထားတဲ့ မီးပုံကို မှုတ်တဲ့ မီးပြောင်းတော့ရှိတယ်၊ စိတ်ချ၊ ခပ်ပြင်းပြင်မှုတ်ဖို့ ပြောလိုက်ပါမယ်''
    အို...ငါ...ငါ သေရတော့မယ်၊ ဆီပူထဲမှာ သေရတော့မယ်ပေါ့၊ လုပ်ကြပါဦး၊ ငါ့ကို ဆီပူအိုးထဲပစ်ချတော့မယ်၊ လုပ်ကြပါဦး၊ ဘုရားရေ ဘုရား ဘုရား၊ အမေရေ အမေ့သားကို ကယ်ပါ အမေရဲ့၊ ယမမင်းရယ် ကျွန်တော်မျိုးကို သနားပါဦး၊ ကျွန်တော်မျိုး ဘွဲ့လွန်နှစ်ခုပဲ တက်ရသေးတယ် ဘုရား၊ တိုက်လဲနှစ်လုံးပဲ ဆောက်ရသေးတာဗျ၊ အခုသေလို့ ဘယ်ဖြစ်မှာတုန်းဗျ။
    အမလေး ပစ်ချတော့မှာလားဗျ၊ မသနားတော့ဘူးလား ယမမင်းရဲ့။
    အား...ယမမင်းရယ်...ရက်စက်တယ်။
    ''ဒုန်း''
    ''အင့်''
    ကမန်းကတန်း မျက်လုံးဖွင့်ကြည့်မိသည်။ ခုတင်ခြေရင်း အခန်းနံရံပေါ်ရှိ စံပြမယ်က ပြုံးပြီး စိုက်ကြည့်နေလေသည်။
    ဆီပူအိုးနှင့် ယမမင်းတို့ ဘယ်ရောက်သွားပြီမသိပါ၊ မတ်တပ်အရပ်တွင် ခါးထဲက မြက်ကနဲနာလာသည်။ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
    မည်သူမျှမရှိပါ၊ တီးတိုးရေရွတ်မိသည်။
    ''တော်ပါသေးရဲ့''

မသီတာ(စမ်းချောင်း)
၁၉၈၅ ခု၊ ဇူလိုင်လ၊ စန္ဒာ မဂ္ဂဇင်း

No comments:

Post a Comment