Monday 10 October 2011

ချိုရှရှ ပျားရည်နွံ

    လက်ထဲကစာအုပ် ပြုတ်ကျသွားမှ ဖြူ အိပ်ပျော်သွားခဲ့ကြောင်း သတိထားမိသည်။ အိပ်ရာနံဘေး စာအုပ်စင်ပုလေးပေါ်က နာရီဆီ ကြည့်မိတော့ တစ်နာရီထိုးဖို့ ဆယ့်ငါးမိနစ်။ ဖြူ ဘယ်အချိန်က အိပ်ပျော်သွားခဲ့သည် ဆိုတာကိုတော့ ဖြူကိုယ်တိုင်လည်း မသိ။ ခုချိန်မှာ ဖြူသိတာ တစ်ခုပဲရှိသည်။ ဖြူ စာကျက်ရမည်။ ဟုတ်တယ်လေ။ နှင်းခင်ခင် တို့ဆို ည နှစ်နာရီလောက်မှ အိပ်ပြီး မနက် ခြောက်နာရီ ထစာကျက်ကြတာဟု ဖြူသိထားသည်။ ဖြူက သူတို့လို မကျန်းမာတော့ သူတို့လောက် မကျက်တောင် အနည်းဆုံး ည တစ်နာရီ အိပ်၊ မနက် ခုနစ်နာရှိ ထပြီး ကျက်ချင်စိတ်တော့ ရှိနေခဲ့သည်။
    ခုတော့...ဖြူ အိပ်ပျော်သွားခဲ့သော အချိန်တွေအတွက် ဖြူ အစားပြန် ကျက်ရလိမ့်မည်။ ဖြူ အိပ်ရာပေါ်က လူးလဲထသည်။ ဖြူ့အခန်းက အိမ်မကြီးဘေး၊ ကားဂိုဒေါင်ပေါ်မှာမို့ ဖြူ့အခန်းသည် အိမ်မကြီးထက် လှေကားထစ် ဆယ့်ငါးထစ်စာမျှ မြင့်နေလေ သည်။ လှေကားထစ်များကို ချွတ်နင်းဆင်းခဲ့ရင်းမှ လှေကားဘေး နံရံပေါ်ရှိ ရင်းတိုက်သား ကနုတ်ဘောင်တွင် ဘဲဥပုံမှန်ဝိုင်းကို ကြည့်လိုက်မိသည်။
    'အင်းလေ...အတန်းထဲက ကောင်လေးတွေ ဖြူ့ကို စကယ်လီတန် Skeleton(အရိုးစု)လို့ ခေါ်တာလည်း စိတ်ဆိုးစရာ တော့ မရှိလှပါဘူး'ဟု ဖြူ တွေးနေမိသည်။
    ဖြူက ငယ်ငယ်ကတည်းက ပိန်ပိန်သွယ်သွယ် ဖြစ်သော်လည်း ခုနှစ်ထဲမှာတော့ လူမြင်သမျှ သနားယူရအောင်ကို ပိန်ချုံး သွားခဲ့သည်။ ဖြူ ချူချာပုံကလည်း စိတ်ညစ်စရာပင် ကောင်းနေသေးသည်။ စာမေးပွဲနီးလျှင် ဖြူ တစ်ခုခုဖြစ်ပြီ။ စာမေးပွဲလည်းပြီး၊ ဖြူ့ ရောဂါလည်း သက်သာ၊ ဒါမျိုးက တစ်ခါနှစ်ခါလည်း မဟုတ်။ သူငယ်တန်းလောက် ကတည်းက ခု တတိယနှစ်ကျောင်းသူ ဖြစ်တဲ့အထိ။
    ဖြူက အိမ်ကကြီးဘက်ကို ဖွင့်ထားသော လှေကားတံခါးကို ချက်ချလိုက်သည်။ နို့မို့ဆို မေမေ တစ်ရေးနိုး ဖြူ့ အခန်းထဲ ဝင်လာပြီး ဖြူ မအိပ်သေးတာကို တွေ့သွားရင်ဖြင့် ဖြူ နားသည်းလို့ ပြီးတော့မှာမဟုတ်။ ဖြူ လှေကားပေါ် ရုတ်တရက် ပြန်မတက် နိုင်သေး။ ဖြူ့ အဖို့ကတော့ လှေကား ငါးထစ်ဆင်းရုံနှင့် ဟောဟဲလိုက်အောင် မောနေတတ်သည်။
    ဖြူ အမောပြေသလောက်ရှိမှ အခန်းရှိရာကို တက်ခဲ့သည်။ လှေကား၏ ဘယ်ဘက်ခြမ်း ဖြူ့ ခုတင်ရှိ ရာကို မသွားသေးဘဲ ညာဘက်ခြမ်း စာကြည့်စားပွဲဆီ လျှောက်ခဲ့သည်။ သံတိုင်၊ တရုတ်ကတ် မှန်ဘောင်၊ ခြင်ဆန်ခါ၊ အဖြူရောင် ဇာခန်းဆီးတို့ကို ဖြတ်ကျော်လာရသော လရောင်သည် ဖြူ့ စာကြည့် စားပွဲပေါ်မှ လဲလျောင်း ငြိမ်သက် နေတော့သည်။
    ဖြူ တစ်ခါတစ်ခါတော့ လရောင်အောက်မှာ ငြိမ်ငြိမ်လေး ထိုင်ကြည့်ချင်စိတ် ရှိသည်။ နောက် မိုးရေထဲမှာ ဖြူ တစ်ယောက်တည်း အဆောင်းအကာမဲံ လျှောက်သွားကြည့်ချင်သည်။ ဒါပေမယ့် ဖြူ တစ်ခါ ဖူးမျှ မလုပ်ခဲ့ဘူး။ ဖြူ မိုးရေထိလျှင် တစ်ကိုယ်လုံး အနီ အဖုအပိန့်လေးတွေ ထွက်လာတတ်သည်။ မိုးရေမှ မဟုတ်ပါဘူးလေ။ ရိုးရိုးရေ အေးအေးပဲ ဖြစ်ဖြစ်၊ အေးစက်နေ တဲ့ သစ်သား၊ သံ၊ အုတ်နံရံပဲ ဖြစ်ဖြစ်၊ အို ရေနွေး ဆိုလျှင်တောင် ပမာဏများလျှင်ကို ဖြူ သည်လိုပဲ အနီအဖုလေးတွေ ဖြစ်လာ တတ် သည်။ နောက် ပုစွန်၊ ကဏန်းလို အစာမျိုးတွေ၊ အအေးစာတွေ၊ ငါးညှီနံ့၊ မြောင်းပုပ်နံ့တွေ၊ မွှေးလွန်းတဲ့ အနံ့တွေ၊ ကြောင်မွှေး၊ ခွေးမွှေး၊ ငှက်တောင်မွှေးတွေ၊ အဲဒါတွေအားလုံးနှင့် ထိတွေ့ရှူရှိုက် စားသုံးမိလျှင် လည်း ဖြစ်လာတတ်သည်။
    ဖြူ ကြောက်သော ရောဂါများတွင် သည်ရောဂါလည်း အပါအဝင် ဖြစ်သည်။ ဖြူ ငယ်ငယ်ကတည်း က ဖြစ်ခဲ့သော ရောဂါဆိုသော်လည်း ခုနောက်ပိုင်း ပိုပိုဆိုးလာသည်။ ငယ်ငယ်က အလွန်ဆုံးဖြစ်လှ လက်တွေ၊ ခြေတွေ၊ နားရွက်တွေ၊ နှုတ်ခမ်းတွေ၊ မျက်ခွံတွေ ဖူးရောင်ဖောင်းတင်လာပြီး နေရထိုင်ရ ခက်ခဲတာလောက်ပဲ ဖြစ်သည်။ ခုနောက်ပိုင်းမှာတော့ ဖြူ လည်ချောင်းတွေပါ ပိတ်လာပြီး အသက်ရှူ ကျပ်သထက် ကျပ်လာသည်။ အစာစားသမျှလည်း အန်လိုက်၊ ဝမ်းသွားလိုက်နှင့် ဘာအဟာရမျှ မဖြစ်။ အနီဖုတွေက ယားလည်းယားလှသည်။ ပြီးတော့ ခုနောက်ပိုင်း ချွေးထွက်လျှင်ပင် အနီဖုတွေ ပိုဖြစ်၊ ပိုယားတတ်သည်။ ဖြူလည်း အားတွေကုန်ခန်းကာ မောပန်းနေခဲ့သည်။ လည်ပင်း ပိတ်ဆို့တာက ရင်ကျပ် သလို ဖြစ်လာသည်မို့ စောင်တွေခင်းထားသည့် အိပ်ရာ ပေါ်မှ မတ်မတ်ထောင် အိပ်ရသည်။ သို့သော် ဖြူ အိပ်မပျော်ပေ။ ရင်ကျပ်တာက တစ်မျိုး၊ အန်ချင် ဝမ်းသွားချင်လို့ ထရတာက တစ်မျိုး၊ ချွေးတွေ ထွက်လာလို့ ယားလာတာက တစ်မျိုး၊ အနွေးထည်တွေ စောင်တွေ ခွာလိုက်ပြန်တော့လည်း အေးပြီး အနီဖုတွေ
ပိုများလာတာက တစ်မျိုးနှင့် ဖြူ့ တစ်ကိုယ်လုံး ရှုပ်ပွနေသည်။
    ဖြူ သက်ပြင်းရှိုက်လိုက်မိသည်။ အို...ဖြူ ဘာလို့ ဒါတွေ ပြန်တွေးနေမိပါလိမ့်။ ဖြူ ကတုန် ကယင် ဖြစ်လာ သည်။ လက်တွေ ကလည်း စိတ်လှုပ်ရှားလျှင်၊ ဗိုက်ဆာလျှင် ဖြစ်နေကျအတိုင်း တဆတ် ဆတ် တုန်လာ သည်။ ဖြူ့ ခြေထောက်တွလည်း မခိုင်တော့။ တဖြည်းဖြည်း ကွေးညွတ်လာသည်။ ဖြူ့ နားတွေ အူ လာ သ လိုရှိသည်။ ဟင်း...ဖြူ ဖြူ ဟိုးတစ်ခါက လို မေ့သွားတော့မှာ လား။ ဖြူ မေ့မြော သွားတော့ မှာလား။ ဖြူ မမေ့ချင်ပါဘူးလေ။ ဖြူ မမေ့ချင်ပါဘူး။
    ဖြူ ကမန်းကတန်း နှစ်ပေနှစ်ချောင်းတွဲ မီးချောင်းမှ တွဲကျနေသည့် သိုးမွေးဖြူ ဘောလုံးလေး ချိတ်ထား သည့် ကြိုးကို ဆွဲချလိုက်သည်။ မီးတွေ ပွင့်လာသည်။
     လရောင်ကတော့ ပျောက်သွာြး့ပီဖြစ်သည်။ ဖြူ နီးရာခုံမှာ ထိုင်ချလိုက်သည်။ ဖြူ ဘာမှ မဖြစ်ဘူး ထင်ပါရဲ့။ ညကလည်း တိတ်ဆိတ်လိုက်တာလေ။ ဖြူ တိတ်ဆိတ်နေတာကို မကြိုက်တတ်။ ဖြူ့အတွက်က တစ်စုံတစ်ခု ကြားနေရတာကိုက မျှော်လင့်တတ်ခဲ့ သည်။ ဖြူ ငယ်ငယ်ကတည်းက ဂရုစိုက်ခံခဲ့ရ၍ ထင်သည်။ ဖြူသည် ခုတိုင် သူများတကာ၏ အားပေးစကား၊ ချီးကျူးစကားများကို လိုလားနှစ်ခြိုက် ဆဲ ဖြစ်သည်။
    အင်းလေ... ဖြူ တွေးနေလို့ မဖြစ်သေးပါဘူး။ ဖြူ စာကျက်ရဦးမှာပဲ၊ ဖြူ စာမေးပွဲကို လည်း ရောဂါတွေ နည်းတူ ကြောက်လေ့ ရှိသည်။ များသောအားဖြင့်တော့ ရောဂါတွေရော၊ စာမေးပွဲ ကပါ ဖြူ့ ကို နိုင်သွားကြပြီး ဖြူတစ်ယောက်ကတော့ အလံဖြူတွေကြားမှာ လက်မြှောက်၊ ခြေမြှောက် အရှုံးပေးခဲ့ ရတာပါပဲ။ တော်တော့ တော်သေးသည်။ ရောဂါတွေကလည်း ဖြူ့ဘဝကို အပြီးတိုင် အနိုင်ယူ မသွားသေး။ စာမေးပွဲတွေကတော့ ဖြူ နေမကောင်းသည့်ကြားက ကျက်မှတ်ဖြေရသော်လည်း အောင်ရုံတော့ ရနေခဲ့ သည်။ တကယ် တော့ ဖြူက အောင်ရုံနှင့် ကျေနပ်တတ်သည့် လူမျိုးမဟုတ်။
    ဖြူ ငယ်ငယ်ကတည်းက သူများထက်သာရမှ ကျေနပ်ခဲ့သည်။ ခုလည်း ဖြူ စာမေးပွဲကို ထူးထူး ချွန်ချွန် အောင်ချငသည်။ ပြီးခဲ့သည့် ဒုတိယနှစ်မှာ ဖြူ ရိုးရိုးပဲအောင်ခဲ့သည်။ တကယ်တော့ သည်လို ရိုးရိုးအောင်ဖို့ကိုပင် ဖြူ့မှာ ဆေးဖိုးတွေအများကြီး ရင်းနှီးခဲ့ရပြန်သည်။ ဖြူ့ကို ဆေးပေးသွင်းပေးတုန်းမှာ သူငယ်ချင်းတွေက စာတွေ ပြောပြခဲ့ကြသည်။ သူတို့ ကျေးဇူးကြောင့်လည်း ဖြူ အောင်ခဲ့ရတာပါပဲ။
    ဖြူက ငယ်ငယ်ကတည်းက ရောဂါခပ်ထူထူ၊ ငယ်ငယ်ကနေ ခုထိ ဖြစ်ခဲ့သည့် ရောဂါတွေ ကိုက တော်တော်များသည်။ လည်ချောင်းမှာ အနာဖြစ်ရာ ကနေ ဖြစ် လာ တဲ့ နှလုံးရောဂါ၊ ဂျိုက်သိုး၊ ဗိုင်းရပ်၊ အသည်းရောင်ရောဂါ၊ အသည်းရောင် အသားဝါ၊ သွေးလွန် တုပ်ကွေး၊ အူရောင်ငန်းဖျား၊ အမီးဘားအသည်းရောင်၊ အသည်းပြည်တည်နာ၊ အစာအိမ်အနာ၊ အမြဲလိုလိုဖြစ်တဲ့ အလာဂျီ Allergy  ခေါ်တဲ့ 'တောက်' ရောဂါ၊ နောက်ဆုံး မှာတော့ နှာခေါင်းထဲ မှ သွေးယိုထွက်ခြင်းနှင့် ပါးစပ်မှ ဝါရွှေရောင်အရည်၊ သွေးနှင့်သလိပ်လို အဖြူခဲလေးများထွက်ခြင်း...။
    စဉ်းစားကြည့်တော့ လူတစ်ယောက်တည်းမှာ သည်လောက်ရောဂါတွေ အများကြီး ဖြစ်ခဲ့တယ်ဆိုတာက ယုံဖို့ပင်ကောင်း။ ဖြူကတော့ ဖြူ့ကိုယ်ဖြူ စိတ်ပျက်နေတတ်သည်။ သို့သော် ဖြူ စာတော့ ကြိုးစား ကျက်ချင်သေးသည်။ ဖြူ ပညာတတ် တစ်ယောက်တော့ ဖြစ်ချင်သည်။ နောက် ဖြူ သာမန် ပညာတတ် တစ်ယောက် ဘဝမျိုးကိုလည်း မလိုချင်ပြန်။
    ဖြူ အန်တီမောင့်ဘဝကို အားကျသည်။ အန်တီမောင်က အမ်ဘက်စ်စီလည်း တက်ပြီး ပြီ။ နောက်နှစ် လဆို နိုင်ငံခြားသွား ပြီး ပီအိပ်ခ်ျဒီဘွဲ့ကိုပါ ယူဦးစမည်။ အန်တီမောင်က သိပ်မကြီး လှသေး။ မေမေ့ ထက် လေးငါးနှစ် ပဲ ငယ်တာဆိုတော့ ခုမှ သုံးဆယ့် ခြောက်၊ုနစ်လောက်ပဲ ရှိဦးမည်။
    ဖြူကတော့ ကျောင်းနေ နောက်ကျခဲ့ရာမို့၊ ဆယ်တန်းအောင်ပြီးမှ ကျန်းမာရေးကြောင့် နှစ်နှစ် နားနေခဲ့ရတာမို့ ခုဆို ဖြူ့အသက် နှစ်ဆယ့်လေးနှစ်ကျော်ခဲ့ပြီ။ ဖြူ ဘွဲ့တောင်မရသေး။ ဖြူ အန်တီမောင့် လိုပဲ ထူးချွန်သည်ထားဦး။ ဖြူ အမ်အက်စ်စီအောင် ပြီး ပီအိပ်ခ်ျဒီ ယူဖို့ စဉ်းစားလျှင် အန်တီမောင့် ထက်တော့ နောက်ကျနေပြီ။ ဖြူ့အသက် လေးဆယ်လောက်မှ စာကျက် ဘွဲ့ယူရမည်။
    ဖြူ့ခေါင်းတွေ နောက်လာသည်။ အိပ်ရာဘက် ပြန်လျှောက်ခဲ့ပြီး တက်လက်စ စာအုပ်ကိုယူကာ စာကြည့်စားပွဲဆီ ပြန်လျှောက်ခဲ့သည်။ ဖြူ စာကြည့်စားပွဲပေါ် စာအုပ်ကို တင်ရင်းမှ လကို မော့ကြည့်သည်။ လ တစ်ခြမ်းစောင်းပဲ့လေးက ဖြူ့ကို ပြုံး ကြည့်နေသည်ဟု ဖြူ ထင်သည်။
++++
    မိုးတွေကလည်း ရွာနေလိုက်တာ။ ဘာသံမျှကို မကြားနိုင်အောင်ပါပဲ။ မိုးသံနှင့်ကို ညံနေတော့သည်။ လေတွေ တိုက်လာတာ ကလည်း မုန်တိုင်း တစ်ခုအလား။ မိုးကလည်း မှောင်မည်းနေရော။ ဖြူ တစ်ယောက်တည်းရယ်။ ဖြူက နံရံတစ်ခုလုံး အဖြူရောင်တွေ သုတ်ထားတဲ့ အခန်းကျယ်ကြီးထဲမှာ။ ဖြူတစ်ကိုယ်လုံးလည်း ဖြူဖွေးနေတာပဲ။ အင်္ကျီအဝတ်အစားတင် မကဘူး။ ဖြူ့အသားတွေကပါ ဖြူဖွေးလို့။ ဖြူ့နှုတ်ခမ်းတွေကလည်း ဖြူဆွတ်နေပြီး ဖြူတစ်ယောက် နံရံဖြူထဲ ပျောက်နေသည်။ ဖြူလို့ ပြောလို့ရတာဆိုလို့ ဖြူ့ မျက်ဝန်းညိုညို တစ်စုံရယ်၊ ဆံပင် နီကြောင်ကြောင် ပါးပါးတွေရယ်ပဲ ရှိသည်။
    အခန်းပြတင်းကနေ အပြင်ဘက်ကို ကြည့်လိုက်တော့လည်း မိုးရေစက်တွေနှင့် မှိုင်းမှုန်နေရော။ ဘာဆိုဘာမှ မမြင်ရပြန် ဘူး။ ဟိုးအဝေးမှာလို့ ထင်ရတဲ့ ဝိုးတဝါးနှင့် အရာတစ်ခုကိုတော့ ဖြူ မြင်ရသည်။ ဘာမှန်းတော့ ဖြူ မပြောနိုင်။ ဖြူ့ကိုယ်သည် လေထဲမှ ဝဲနေသည်ဟု ဖြူ ထင်သည်။ ဖြူ့ကိုယ်သည် လေထဲ မှာ ရပ်တန့်နေပြန်သည်။ိ အို... တိမ်တွေ မှောင်နေလိုက်တာ။
    ဖြူ လက်ကို ဆန့်တန်းလိုက်သည်။ ဖြူ့လက်သည် လက်မဟုတ်ဘဲ စက္ကူလိပ်ဖြူဖြူ တစ်ခုသာဖြစ် သည်။ ဖြူတို့ စာမေးပွဲဖြေ သည့် စက္ကူလိပ်ဖြူဖြူ။ ဖြူ ကြောက်လန့်တကြား လက်ကို ရုပ်လိုက် သည်။ နောက် ဖြူ ခြေထောက်ကို မ,ကြည့်သည်။ ဖြူ ခြေထောက် လည်း ဖြူ့ ခြေထောက် မဟုတ်တော့။ ဖြူ စာမေးပွဲဖြေလျှင် သုံးနေကျ ဘောလ်ပင်ဖြူဖြူလေးသာ ဖြစ်သည်။
    ဖြူ ကြောက်နေမိသည်။ ဖြူ အားလုံးကို ကြောက်သည်။ ဖြူ့ လက်တွေ၊ ဖြူ့ ခြေထောက်၊ နောက် ဖြူ့ ကိုယ်လုံး၊ လေထဲမှာလွင့်နေတဲ့ ဖြူ့ ကိုယ်လုံး။ နောက် မိုးသည်းသည်း၊ လေထန်ထန်၊ တိမ်မှောင်မှောင်။ အို... နောက် အခန်းနံရံ။
    ဖြူ အခန်းနံရံကို ကြည့်နေမိသည်။ အခန်းနံရံမှာ ပထမဆုံး အန်တီမောင့်မျက်နှာကို မြင်ရသည်။ အန်တီမောင် ပြုံးနေ သည်။ အန်တီမောင့် မျက်နှာတစ်ခုလုံး နီနေသည်။ နောက် အန်တီမောင့် မျက်နှာသည် မဖြည်းဖြည်း ကွဲအက်လာသည်။ အမြင့်က ပြုတ်ကျလာသော ပန်းကန်တစ်ချက်လို အစိတ်စိတ် မြွှာမြွှာ ကွဲသွားသည်။ ဖြူ အော်လိုက်မိသည်။ သို့သော် ဖြူ့ အသံကို ဖြူ မကြားရချေ။
    နောက် မျက်နှာတွေ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ နှင်းဇင်ခင့် မျက်နှာ။ါဝရောင၈်ရင့်ရင့် မျက်နှာ။ ပြုံးနေသည်။ နောက် အန်တီမောင့် မျက်နှာလိုပင် အစိတ်စိတ် အမြွှာမြွှာ ကွဲအက်ကြေမွ သွားပြန်သည်။ နောက် အတန်းထဲက လူတွေ၏ မျက်နှာ တွေ။ အရောင်စုံ။ ခရမ်းရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ လိမ္မော်ရောင်၊ မရန်းရောင်၊ အညိုရောင်၊ ပုစွန်ဆီရောင်၊ ရွှေအိုရောင်၊ နောက် ဖြူ မတွေ့ဖူးသေးသည့် အရောင်တွေ။ မျက်နှာတွေကလည်း ပုံစံမျိုးစုံ။ ပြုံးနေ၊ မဲ့နေ၊ ရယ်နေ၊ ခနဲ့နေ၊ မျက်စောင်းထိုးနေ၊ အံကြိတ်နေ၊ နှုတ်ခမ်းစူနေ၊ ငေးငိုင်နေ၊ အော်ဟစ်နေ။ အို... ပုံစံအမျိုးမျိုး။ နောက်ဆုံး မှာတော့ အစိတ်စိတ်အမြွှာမြွှာသာ ပြိုကွဲ သွားပြန်သည်။
    ဖြူ့လက်တွေ အေးစက်နေသည်။ အို... ဖြူ့တစ်ကိုယ်လုံးပါပဲလေ။ ရေခဲရိုက်ထားသလို၊ သက်မဲ့ အလောင်းကောင်လို အေးခဲနေသည်။ ဖြူ... ဖြူ တစ်ခုခုကို အော်ဟစ်လိုက်သည်။
    ရုတ်တရက် မိုးတိတ်သွားပြီ။ လေလည်း ငြိမ်သွားသည်။ ကောင်းကင် တစ်ခုလုံး လည်း ပြန်ကြည်လင်လာသည်။ အို... ခုနက ဘာဆိုဘာမျှ မဖြစ်ခဲ့သလိုပါပဲ။ မျက်နှာတွေ ပေါ်ပေါက်လာတဲ့ နံရံဖြူကြီးကလည်း သူဘာမျှ မသိခဲ့သလို၊ မလုပ်ခဲ့သလိုနှင့် ဖြူကိုယ်တိုင် ကလည်း အခန်းအလယ်မှာ။
    ဖြူ့လက်တွေကို မြှောက်ကြည့်လိုက်ပြန်သည်။ ဖြူ့လက်တွေဘာမျှမဖြစ်တော့။ ဖြူ့ခြေထောက်တွေရောပဲ။
    ဖြူ ကြောက်လာပြန်သည်။ ဘာလို့များ ခုလို တိတ်တိတ်ဆိတ်ဆိတ်ကြီး ဖြစ်သွားရပြန်တာလဲ။ ဖြူ အသံတစ်ခုခုကို ကြားချင်နေတာ။ ဖြူ့ကို တစ်ခုခု ပြောကြပါ။ ဖြူ တစ်ယောက်ယောက်ရဲ့ အသံကို ကြားချင်တယ်။ ဖြူ့ကို တစ်ခုခု ပြောကြပါ။ ဖြူ အသံတစ်ခုကို မျှော်လင့်နေတယ်။
    ဖြူ လဲလျောင်းနေရာမှ ထလိုက်သည်။ ပြတင်းကို ဖြတ်ရင် ခုနက မပီဝိုးဝါးအရာကို ကြည့်လိုက်သည်။ ဟိုအဝေးက မပီဝိုးဝါးမရာမှ အင်္ဂလိပ်စာလုံး သုံးလုံး ဖြစ်နေသည်။ အမ်အက်စ်စီ (ြ.ှခ) တဲ့။ ဖြူ တစ်ကိုယ် လုံး တောင့်တင်း အေးစက်သွား ပြန်သည်။ ဖြူနှင့် ထိုစာလုံး သုံးလုံးကြားမှ အကွာအဝေးသည် ဝေးလွန်း လှချေ ၏ တကား။
    ဖြူ နောက်လှည့်လိုက်သည်။ တံခါးပေါက်တစ်ခုကို ဖြူ တွေ့ရသည်။ ဖြူ ထိုတံခါးပေါက်ဆီ ဦးတည်ကာ ပြေးထွက်ခဲ့သည်။ ဖြူ ပြေးထွက်ခဲ့သည်။
    ''ကရင်... ကရင်... ကရင်''
    နှိုးစက်သံကြောင့် ဖြူ လန့်သွားသည်။ ဖြူ့ မျက်လုံးအစုံကို  အသေအချာ မှိတ်ထားရာမှ တဖြည်းဖြည်း ဖွင့်ကြည့်လိုက်သည်။ ဟင်း...။ ဖြူ့ အခန်းပါပဲလေ။ ဇာခန်းဆီ အဖြူလေးရယ်၊ ညက မပိတ်မိတဲ့ မီးချောင်း ရယ်၊ စားပွဲပေါ်က ပြန့်ကျဲနေတဲ့ စာအုပ်ပုံ ရယ်၊ စာကြည့်စားပွဲပေါ် ပုံမကျပန်းမကျ အိပ်နေမိ တဲ့ ဖြူရယ်။ ဒါဟာ ဖြူ့အခန်းနှင့် ဖြူပါပဲ။ ဖြူ ဘာမှ မဖြစ်ခဲ့ပါဘူး။
    ''သမီးရေ...သမီး၊ မြန်မြန် ဖွင့်ပါဦး''
    လှေကားတံခါးကို ထုရိုက်သံနှင့်အတူ မေမေ့ အသံကို ကြားရသည်။ မေမေက အလန့်တကြား ခေါ်နေ သလို အသံတွေက တုန်ခါပြီး ငိုသံတွေ ပါနေသည်။ ဖြူ လှေကားကို အပြေးဆင်းပြီး တံခါးကို ဖွင့်နေစဉ်မှာ...
    ''သမီး... အန်တီမောင် ဆုံးပြီတဲ့။ ဒီနေ့မနက် စောစောကတဲ့ကွယ်...''
    မေမေ့ ငိုရှိုက်လိုက်သံကြောင့် ဖြူတစ်ကိုယ်လုံး တုန်ခါသွားသည်။ တံခါးကို တွန်းအဖွင့်လိုက်မှာ တံခါးဘေး အဆင့်လေးပေါ် တင်ထားသည့် အန်တီမောင့် လက်ဆောင်ပေးခဲ့သော ပစ်တိုင်းထောင်ရုပ် နီနီလေး ကြမ်းပြင်ပေါ်ကို ကျသွားခဲ့သည်။ ပဲခူးထွက် မြေစေး ပစ်တိုင်းထောင်လေး၊ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေမွသွားပေပြီ။
    ကြမ်းပြင်ပေါ်တွင် မြေစေးပစ်တိုင်းထောင် နီနီလေး၏ အစအနများသည် ပြန့်ကျဲနေသည်။ ဖြူ ညက အိပ်မက်ကို သတိရလိုက်မိသည်။ နောက် ဖြူ မေမေ့ကို တီးတိုးဆိုလိုက်မိသည်။
    ''အန်တီမောင်ရော အစိတ်စိတ်အမြွှာမြွှာ ကွဲသွားတာပဲလား... ဟင်''
    မေမေက ဖြူ့ကို နားမလည်သလို ကြည့်နေသည်။ ဖြူကတော့ ဖြူ သိချင်ရာ ကိုသာ မေးနေမိတော့ သည်။
    ''မေမေ... ဖြူရော တစ်နေ့မှာ ခုလို အစိတ်စိတ်အမြွှာမြွှာ ကွဲသွားဦးမှာလား။ ဖြူတို့အားလုံး ပစ်တိုင်းထောင်လေးလို မြေစေးကနေ ပစ်တိုင်းထောင်ဖြစ်ပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲသွားဦးမှာ လားဟင်...။ အဲလို ဖြစ်မယ် ဆိုရင်တော့ ကွဲပါစေ မေမေရယ်။ ဖြူက ပစ်တိုင်းထောင်လေး မဖြစ်လိုက်ရမှာ ကိုသာ ကြောက်တာပါ။ ကွဲတာကတော့ ကွဲပါစေလေ။ နော်...မေမေ...။ ကွဲချင်လည်းကွဲပါစေတော့ မေမေ ရယ်...''
မသီတာ(စမ်းချောင်း)
၁၉၈၆ ခု၊ ဒီဇင်ဘာ လ၊ ရှုမဝ မဂ္ဂဇင်း

No comments:

Post a Comment