''မောင်လေး မောင်လေး၊ ထ,ထ၊ ဘွားဘွား အော်နေပြီ မောင်လေးရဲ့''
မမဖူးက သားကိုယ်ကို လှုပ်နှိုးနေသည်။ အမှန်တော့ သား မမဖူး မနှိုးခင်ကပင် နိုးနေပြီဖြစ်သည်။ နှပ်ချင်သေး၍ ပေကတ်အိပ်နေမိသည်။ နောက် သားကို နှိုးလို့မရဘဲ ဘွားဘွား ဒေါသတွေထွက်လာလျှင် ငိုတတ်သည် မမကို စ,ချင်၍လည်း ဖြစ်သည်။
''မိဖူး''
ဘွားဘွား အော်သံကို ကြားရသည်။ သားတို့အိမ်မှာတော့ ဘွားဘွား အော်သံသည် အမြဲကြားနေရသော အသံသာဖြစ် သည်။ ဘွားဘွားသည် အမြဲစိတ်တိုနေတတ်သော အဘွားကြီးသာဖြစ်သည်။ သားတို့တစ်အိမ်လုံး သူ့ကို ကြောက်ရသည်။ ဘိုးဘိုး၊ ဖေဖေ၊ မေမေနှင့် မမက သားကို အငယ်ဆုံးမို့ အလိုလိုက်ထားကြသည်။ ဘွားဘွားကိုတော့ အောက်လွန်းလို့ထင်သည်။ ဘွားဘွား စိတ်ကြိုက် ထားကြသည်။ ဘွားဘွားပြောသလို နေကြရသည်။ ဘွားဘွားကလည်း နေရာတကာ ဝင်ပြောတတ်သည်။
''နိုးနေပါပြီ ဘွားဘွား''
မမဖူးက ငိုသံလေးနှင့် ပြန်ပြောနေသည်။ မမဖူးက ဘွားဘွားကို အရမ်းကြောက်သည်။ သားကတော့ မမဖူးလောက် ဘွားဘွားကို မကြောက်။ ဒါပေမယ့် သား မမဖူးကိုကြည့်ပြီး သနားသွားသည်။ မမဖူး မျက်ရည်ဝဲနေသည်။
''ဟား... ဟား... ဟား၊ မမ ငိုတော့မယ်ဟေ့''
သားက ခေါင်းမြီးခြုံထားသောစောင်ကို ဖယ်ပြီး ထထိုင်လိုက်သည်။ ပထမတော့ မမဖူးလန့်သွားသည်။ နောက် နှုတ်ခမ်းကြီး စူလိုက်သည်။ သို့သော် သားသိပါသည်။ မမဖူး ပြုံးလာတော့မည်။ မမဖူး မျက်လုံးတွေက ပျော်နေသည်။
မမဖူးက သား ခြေထောက်ပေါ်ကစောင်ကို ခေါက်ရင်း ပြောသည်။
''ထူး... စကားများမနေစမ်းနဲ့၊ နိုးနိုးချင်း မျက်နှာ အလျင်သစ်ချည်ဦးလေ''
''ဟုတ်ကဲ့ ဘွားဘွား''
သား မမကို မျက်စိတစ်ဖက် မှိတ်ပြပြီး ရေချိုးခန်းဘက် ထွက်ခဲ့သည်။
''ဟာ ပွတာပဲဟေ့၊ ဒီနေ့ ပုစွန်ထုပ်ကြီးပါလား၊ မစော သားဖို့အကောင်ကြီးကြီးနော်''
မီးဖိုချောင်ထဲအဝင် သား ပုစွန်ထုပ်ကြီးတွေနှင့် အလုပ်ရှုပ်နေသော မစောကို တွေ့ရသည်။
''ထူး... မျက်နှာသစ်မှာသာ သစ်စမ်း''
စိပ်ပုတီးကို လက်မှာကိုင်စိပ်ရင်း ဘွားဘွားသည် သားနားကိုရောက်လာသည်။ သား ရေချိုးခန်းဆီ အမြန်ပြေးသွားလိုက် သည်။ နို့မို့ဆို စိပ်ပုတီးမကိုင်သည့် ဘွားဘွား လက်တစ်ဖက်က သားခေါင်း ကို ဒေါင်ခနဲမြည်အောင် ခေါက်နေလိမ့်မည်။
''ထူး... သွားတိုက်နည်းမှန်အောင် တိုက်နော်၊ အင်္ကျီလက်ကို ခေါက်တင်ထား ဦး၊ ရေမစိုစေနဲ့၊ ဘောင်းဘီလည်း ရေမစိုစေနဲ့ ကြားလား''
ဘွားဘွားက သည်စကားကိုပင် နေ့တိုင်းပြောပြောနေတတ်သည်။ သား ဘွားဘွားကို မချစ်တာ သည်လို ခဏခဏ ပြန်ပြန်ပြောနေ၍ ဖြစ်သည်။ တစ်ခုတော့ ရှိသည်။ သားကလည်း မျက်နှာသစ်တိုင်း အင်္ကျီ လက်တွေ ရေစိုတတ်သည်။ ထို့ကြောင့် သား ခဏခဏ ဗိုက်ခေါက်ဆွဲလိမ်ခံရသည်။ သားနှင့် မမက ဘွားဘွား ဗိုက်ခေါက်ဆွဲလိမ်တာကို ခေါက်ဆွဲကျွေးသည်ဟု ခေါ်သည်။
မေမေက ရေချိုးခန်းဝမှာ သားကို စကားလာပြောသည်။ မေမေ အပြင်သွားဦးမှာ ထင်သည်။ အင်္ကျီလဲထားသည်။ နှုတ်ခမ်းနီ ဆိုးထားသည်။
''ဟုတ်ကဲ့ မေမေ၊ မေမေ ဘယ်သွားမှာလဲဟင်... သား လိုက်မယ်''
''မေမေ ဆေးရုံသွားမှာပေါ့ သားရဲ့၊ ဆေးရုံကအပြန် ရွှေဘုံသာလမ်း ဝင်ရဦးမှာလေ၊ သားကလဲ မသိသလိုနဲ့''
မေမေက သား ဆံပင်တွေကို လက်နှင့်သပ်ရင်း ပြောသည်။
''အဲဒီကပြန်ရင် သားအတွက် မုန့်ဝယ်ခဲ့နော်''

''အင်းပါ၊ ကဲ... သွး၊ မြန်မြန်လုပ်ချေ၊ သား ဘွားဘွားအိမ်ရှေ့မှာ စောင့်နေပြီ''
''ဟင်... သားတောင် မုန့်မစားရသေးဘူး၊ စာကျက်ရတော့မယ်၊ ဒီနေ့ ကျောင်းပိတ်ထားတာပဲဟာ၊ သားတို့ ဘယ်တော့မှ အကြာကြီး မကစားရဘူးနော် မေမေ''
မေမေက သား ပခုံးကိုဖက်ကာ မီးဖိုချောင်ထဲမှ ထွက်လာရင်း ရယ်လိုက်သည်။
''သားတို့ ဒီနေ့ ကစားချင် ကစားရမှာပေါ့၊ သား ဘွားဘွားက ဒီနေ့ အပြင်သွားစရာရှိတယ်တဲ့၊ သား...ဖေဖေကို ဆယ်နာရီ အရောက်ပြန်လာလို့ မှာနေတာပဲ''
''ဟင်... ဖေဖေက ဘယ်သွားနေလို့လဲ...''
သား မကျေမနပ် ဖြစ်သွားသည်။ ဖေဖေသည် နေနိုင်လွန်းသည်။ သူ အပြင်ထွက်သွားတာတောင် သားကို ခေါ်မသွား။ ဖေဖေ ပြန်လာမှ သား စိတ်ကောက်ပြီး ငိုလိုက်ဦးမည် စိတ်ကူးသည်။
''သား ဖေဖေ... ဘွားဘွားအေးဆီ သွားတယ်လေ၊ ဘွားဘွားအေး၊ သိပ်နေမကောင်းဘူး မဟုတ်လား။ မေမေတောင် လိုက်သွားဦးမလို့၊ သား ဘွားဘွားက မလိုက်သွားနဲ့...၊ အဲ... ထားပါလေ၊ သွား...သွား သားသာမြန်မြန်လုပ်၊ မုန့်စားပြီး ဘွားဘွား ဆီသွား ဟုတ်လား၊ မေမေလဲ သွားတော့မယ်နော်''
မေမေက သား နဖူးကိုငုံ့ပြီး မွှေးမွှေးပေးသည်။ သားလည်း ခြေဖျားထောက်ပြီး မေမေ့ပါးကို မွှေးမွှေးပေးသည်။ မေမေက ကိုယ်ကိုကိုင်းပြီး သားခါးကို ကိုင်ထားရာမှ ပြန်မတ်ကာ လက်ဖြုတ်လိုက်သည်။
''တာ့တာ မေမေ... တာ့တာ''
''တာ့တာ''
မေမေ အိမ်ရှေ့ဘက် ထွက်သွားသည်။ သား အိပ်ခန်းထဲ ပြန်ဝင်ခဲ့သည်။ ခုတင်ပေါ်က မေမေ ထုတ်ပေးခဲ့သည့် အင်္ကျီနှင့် ဘောင်းဘီကို လဲဝတ်လိုက်သည်။
''မောင်လေး၊ မြန်မြန်လုပ်ပါဟ၊ မမ ဆာနေပြီ''
''မမ သား အင်္ကျီတွေ လှန်းပေးဗျာ''
မမဖူးက နှာခေါင်းရှုံ့ပြပြီး အင်္ကျီနှင့် ဘောင်းဘီကို တန်းပေါ်တင်လှန်းလိုက်သည်။
''ဟေ့ မမ၊ ဘွားဘွားအေး နေမကောင်းဘူးပေါ့''
''မေမေ ပြောတာပဲ၊ မမလဲ ဘွားဘွားအေးဆီ သွားလည်ချင်လိုက်တာဟာ၊ နောက်တစ်ခါ ဖေဖေသွားရင် လိုက်သွားရ အောင်''
''အံမာ၊ လွှတ်လိမ့်မယ် အားကြီးကြီး၊ ဘွားဘွားလား... စာကျက်စရာတွေ ရှိသေတယ်၊ သင်္ချာတွက်စရာတွေ ရှိသေးတယ်ဆိုပြီး ဘယ်နှစ်ခါများ သားတို့ လျှောက်လည်ရလို့လဲ''
မမက ဘာမှပြန်မပြောဘဲ သူ့မျက်မှန်ကို လက်ညှိုးနှင့် ပင့်တင်လိုက်သည်။
''မမ သားတို့ ဒီနေ့ ကစားရင် ကစားရမှာတဲ့၊ ဘွားဘွား သွားစရာရှိတယ်တဲ့''
''ဟုတ်လား၊ ဒါဆို ဘွားဘွား ဟိုဆရာဝန်ကြီးဆီ သွားတာပဲဖြစ်မယ်''
''ဘယ်ဆရာဝန်ကြီးလဲ၊ မျက်မှန်နဲ့ စကားပြောရင် တံတွေးတွေစင်တယ်လေ၊ လမ်းလျှောက်ရင် သိပ်ကြည့်လို့ကောင်းတယ် လေ''
''အေး... အဲဒီဆရာဝန်ကြီးဆီပဲ ဖြစ်ရမယ်''
''ဘာသွားလုပ်မှာတဲ့လဲ''
''မေမေ နိုင်ငံခြားသွားဖို့ပေါ့''
''ဟင်း... ဘာဆိုင်လို့လဲ''
''အဲဒါတော့ မမလဲ မသိဘူး။ ဟိုတစ်ခါတုန်းက မေမေ့ကို ဘွားဘွားမေးတော့ မေမေက အဲဒီဆရာဝန်ကြီး လက်ထဲမှာပါ တဲ့ သူနဲ့တစ်ဆင့်ဆို လွယ်တယ်တဲ့၊ အဲဒီတော့ ဘွားဘွားက ငါ တစ်ခေါက်လောက် သွားလိုက်ဦးမယ်လို့ ပြောတာပဲ''
မမက ကော်ဖီခွက်ကို အကုန်မော့သောက်လိုက်သည်။ သားက ကော်ဖီနောက်တစ်ခွက် ထပ်တည့်သည်။ မုန့်ကိုတော့ သားဝေစု သုံးခုအပြင် မမဝေစုထဲက တစ်ခုကိုပါ ယူစားလိုက်သည်။ နို့မို့ဆို သားက ဗိုက်သိပ်ဆာတတ်သည်။ ဘွားဘွားက သားတို့ကို နံနက်ဆယ့်တစ်နာရီမှ ထမင်းစားခိုင်းသည်။ သည်အချိန်ထိတော့ သား မနေနိုင်။ ထို့ကြောင့် မမဆီက သား ယူစားနေကျ ဖြစ်သည်။
''ဖးနဲ့ ထူး၊ ပြီးရင် လာကြတော့လေ''
''ဟုတ်ကဲ့''
သား၊ လက်အမြန်သုတ်ပြီး မမနောက်မှ ပြေးလာခဲ့သည်။
''ဖူး စာအဟောင်းတွေ အလျင်မေးမယ်နော်''
''ဟုတ်ကဲ့''
''ခု...ရပြီလား''
''ဟို ပထဝီက တစ်ပုဒ် ပြန်မကျက်ရသေးဘူး''
''အဲဒါ ခက်တာပေါ့၊ ငါပြောရင် ပြောတဲ့အတိုင်း ဘယ်တော့မှ လုပ်ထားတယ်ကို မရှိဘူး၊ နင်တို့အမေလို တစ်ယောက်မှ ဖြစ်လာမှာ မဟုတ်ပါဘူး''
ဘွားဘွားက လက်ထဲမှ စိတ်ပုတီးကို မမဖူး စာကြည့်စားပွဲပေါ် ပစ်တင်လိုက်သည်။
''ဖူး...ဖူး... ခု ကျက်မှာပါ''
''နေစမ်းပါဦး၊ ညည်း ညက ဘာလုပ်နေတာလဲ၊ ဒီစားပွဲမှာထိုင်ပြီး စာမကျက်ဘဲ ဘာလုပ်နေတာလဲ''
ဘွားဘွားက မမဖူးခေါင်းပေါ် လက်တင်ပြီး သူ့ဘက်ကို မျက်နှာလှည့်လိုက်သည်။
''ဟို...ဟို...ဘိုးဘိုးက သူ့အသက် တွက်ခိုင်းလို့၊ အဲဒါ တွက်...တွက်...ပေးတာ၊ နောက် ဘိုးဘိုး...''
''တော်...တော်''
ဘွားဘွား ခုလို အော်လိုက်လျှင် သား ကြောက်လည်းကြောက်သည်။ နောက် မုန်းလည်းမုန်းသည်။
''ဟင်း... ဒီအဘိုးကြီးက တစ်မျိုး၊ ဒီအသက်ဘဲ တမေးတည်း မေးနေတာပဲ၊ အပြင်မထွက်ခဲ့နဲ့ ဆိုလဲမရ၊ ကဲ...ကဲ... ကျက်ချည်၊ ငိုမနေနဲ့ဦးနော်၊ ငါ ညည်းကို ဘာမှလုပ်သေးတာ မဟုတ်ဘူး''
ဘွားဘွား စိပ်ပုတီးကို ပြန်ကိုင်သည်။ ဘွားဘွား သားဘက်မလှည့်ခင် သား အင်္ဂလိပ်စာအုပ်ကို ဖွင့်ထားနှင့်သည်။

+ + + +
စိပ်ပုတီးကိုင်ထားသော ဘွားဘွားလက်တွေ တုန်နေသည်။ အိမ်ရှေ့နှင့် နောက်ဖေးကို ခဏခဏ ပြန်ပြန်လျှောက်နေသော ဘွားဘွားခြေသံသည် ပြင်းလွန်းသည်။ မစော၏ ငရုပ်ဆုံထောင်းသံ တိတ်သွားလျှင် ဘွားဘွားခြေသံကိုသာ အကျယ်ကြီး ကြားရသည်။
''အဲဒါတွေပေါ့ ငါမကြိုက်တာ၊ ဘယ်တော့မှကို အချိန်မလေးစားဘူး၊ ငါ့ဆိုလဲ ရှိတယ်လို့တောင် ထင်တာမဟုတ် ဘူး၊ ပညားခင်ကသာ အမေ အမေနဲ့၊ ခုတော့ ဘယ်လိုလဲ မြင်တဲ့အတိုင်းပဲ၊ သူ့အမေဆီပဲ သူ သွားနေတာပဲ၊ ငါ့များဖြင့် ဆေးမှာလဲ မေ့ရတာနဲ့၊ ငါမွေးတဲ့ ငါ့သမီးကအစ အိမ်ကဆေးခန်းမှာတောင် ဒီဆေးတွေ မရှိတော့ဘူးတဲ့လား၊ ထားပါတော့၊ အပြင်မှာ ဝယ်ရမယ် ဆိုလဲ ငါ့သမီးမအား သူ အားနေသားပဲ၊ ဒီကျောင်းအလုပ်များ ဘယ်လောက်များသတဲ့လဲ၊ ဘယ်လောက် အလုပ်ရှုပ်သတဲ့လဲ၊ ရတဲ့လခကဖြင့် နှစ်ပဲတစ်ပြား၊ သူ့သားသမီး မုန့်ဖိုးလောက်ရှိတာ၊ အဲဒါတွေ ကြိုမြင်လို့ပေါ့ ငါ ဖျက်ခဲ့တာ၊ ငါ ဖျက်ခဲ့တာ၊ ခက်တာက ကိုယ့်သမီးကိုက၊ အဲဒီဟာမကိုက ဒါမှဒါ ဖြစ်နေတော့တာကိုး၊ ဟင်း...ဒီဟာမနဲ့ကို ငါ ရှက်ရလှပြီ၊ ဒေါသဖြစ်ရလှပြီ၊ ဟွန်း ခုလဲ ဘယ်အချိန်ရှိပြီလဲ၊ ငါ သွားစရာရှိတယ်၊ ဆယ်နာရီ အရောက်ပြန်ခဲ့ဆို၊ ကြည့် ခု ဆယ်နာရီခွဲနေပြီ၊ တောက်...''
ဘွားဘွား ခြေတစ်ချက်ဆောင့်လိုက်သည်။ တက်တစ်ချက် ခေါက်သည်။ ဘွားဘွား မျက်နှာတွေနီပြီး အရုပ်ဆိုးနေသည်။ မမက ဗလာစာအုပ်နောက်ကျောဖုံးမှာ ခဲတံနှင့် ''ဟေ့... ဘွားဘွား ဖေဖေ့ကို ဒေါသထွက်နေပြီ'' ဟု ရေးပြီး စာအုပ်ကို တဖြည်းဖြည်း ရွှေ့ကာ သားကိုပေးသည်။ သားက ''ဘွားဘွားက ဖေဖေ့ကို အမြဲမတည့်ဘူးပဲဟာ'' ဟု ပြန်ရေးပေးသည်။
''မခင်... ဟေ့ မခင်''
အခန်းထဲမှ ဘိုးဘိုး ထွက်လာသည်။ ဘိုးဘိုးသည် အမြဲ နေမကောင်းဖြစ်နေသူ ဖြစ်သည်။ နောက် ဘာတွေမှန်းမသိ လျှောက်ပြောတတ်သည်။ ဘိုးဘိုး စကားများသည် ရယ်စရာကောင်းလှသည်။ ဘိုးဘိုး ခဏခဏ မေးသည့်စကားမှာ ဘိုးဘိုး၏အသက်ပင် ဖြစ်သည်။ ဘိုးဘိုးသည် သူ့အသက်ကိုသူ အမြဲလိုပင် မေ့လေ့ရှိသည်။ ထိုအခါ ဘွားဘွားကိုဖြစ်စေ၊ ဖေဖေ့ကို ဖြစ်စေ၊ မေမေ့ကိုဖြစ်စေ မေးတတ်သည်။ မမကို တွက်ခိုင်းတတ်သည်။ သားကိုတော့ မမေး။ သားကိုတွေ့လျှင်တော့ ''ဘိုးဘိုး ပိန်တယ်နော်၊ မြေးနဲ့တူတူပဲ'' ဟု ပြောတတ်သည်။
''မခင်ရေ...''
''ဟင်... ဘာလဲ၊ ဖြည်းဖြည်းလျှောက်လေ၊ နေ နေ လာမယ်''
ဘွားဘွားက သက်ပြင်းချပြီး ဘိုးဘိုးကို သွားတွဲသည်။ နောက် ဧည့်ခန်းက ဆိုဖာပေါ်မှာ ထိုင်ခိုင်းသည်။ ဘိုးဘိုးကလည်း ဘွားဘွားလက်ကို ဖယ်ထုတ်သလိုလုပ်ပြီး တွဲထားတတ်သည်။
''မခင် နင့်အသက် ဘယ်လောက်လဲဟင်''
မမက သားဘက်လှည့်ပြီး ပြုံးပြသည်။ သားလည်း ရယ်ချင်လာ၍ လက်အုပ်ပြီး ရယ်လိုက်ရသည်။ ဘိုးဘိုးသည် သူ့အသက် မေးတိုင်း ဘွားဘွားဆူသည်၊ အော်သည်ကို သိနေပြီစြဖ်၍ နောက်ပိုင်းတွင် သူ့အသက်ကို အလျင်မမေးဘဲ ဘွားဘွားအသက်ကို အလျင်မေးလေ့ ရှိသည်။ နောက်မှ သူ့အသက်ကို မေးလေ့ရှိသည်။
''ခြောက်ဆယ့်ခြောက်''
ဘွားဘွားလည်း ဖြေပြီးတော့ နည်းနည်းပြုံးလိုက်သည်။ ဘိုးဘိုးက စဉ်းစားနေသလိုနှင့် ခဏ ငေးနေသည်။ နောက်မှ တိုးတိုးလေး မေးသည်။
''နင် ငါ့ထက် ဘယ်နှစ်နှစ် ငယ်တာလဲ မခင်''
သားက ဆယ်နှစ်ဟု စာအုပ်နောက်ကျောဖုံးမှာရေးပြီး ခဲတံနှင့် ထောက်ပြသည်။ မမက ပြုံးပြီးမှ ''ငါ့အသက် ဘယ်နှစ်နှစ်လဲ မခင်'' ဟု ပြန်ရေးပေးသည်။
''ဆယ်နှစ်လေ''
ဘွားဘွားက ဘိုးဘိုးကို ပြန်ဖြေပြီးမှ သားတို့နှစ်ယောက်ကို မျက်စောင်းထိုးကြည့်သည်။ မမက သင်္ချာဆက်တွက်သည်။ သားက အင်္ဂလိပ်စာ ရေးနေသလိုနှင့် ''ဘိုးဘိုး ၇၆၊ ဘွားဘွား ၆၆၊ သာသား ၁ဝ'' ဟု ရေးနေလိုက်သည်။
''ဒါဆို... ငါ့အသက် ဘယ်နှစ်နှစ်လဲ မခင်''
''ခုနစ်ဆယ့်ခြောက်၊ ခုနစ်ဆယ့်ခြေက်''
''ဟဲ့ ဖြည်းဖြည်းပြောပါဟဲ့၊ နင်ဟာလေ ဒေါသချည်းပဲ၊ ငါ့များလဲ ဂရုစိုက်ဦးမှပေါ့ဟဲ့''
ဘိုးဘိုးက စိတ်ဆိုးသွားသလိုနှင့် ထိုင်ရာမှထသည်။ ဘွားဘွားက ဘိုးဘိုးကို တွဲထူပေးရင်းမှ ပါးစပ်က ရွတ်နေသေးသည်။
''ဘာဂရုစိုက်ရဦးမှာတဲ့လဲ၊ တစ်နေ့တစ်နေ့ ရှင့်ကိစ္စကပဲ တော်တော်ရှုပ်တာ၊ ဆေးချိန်ဆေး၊ အစားချိန် အစားနဲ့၊ ဘယ်မှာ များ အားနေရသလဲ၊ အရေးထဲမှာ ဟိုကလေးနှစ်ကောင်က တစ်မျိုး၊ သူ့အမေလိုလဲ မကြိုးစားကြဘူး၊ ဒါ ဟိုကောင်ဖျက်တာလဲ ပါတာပဲ၊ သူ့အမေတုန်းက ငါ ဒီလိုပဲ ကိုင်ခဲ့တာပဲ၊ ဒါကြောင့်လဲ သူ့မိန်းမ ဒီအခြေအနေရောက်လာတာ၊ ငါကများ ပစ်ထားကြည့်၊ အဲဒီဟာမလဲ အဖြစ်ရှိမယ့်ရုပ် မဟုတ်ပါဘူး။ သူ့လင်လိုပဲ ရိုးရိုးဘီအက်စ်စ်လေးရ၊ ကျူတာလေးလုပ်နဲ့၊ ခု ကြည့်ပါလား၊ လက်ထောက် ကထိကတဲံ၊ ရာထူးက သူ့မိသားစုတောင် အနိုင်နိုင်ရယ်၊ ငါ့သမီးလခနဲ့မို့ပေါ့''
''ဟဲ့... ဒီဆေးခန်းနဲ့ မြို့ထဲကဆေးခန်းက ရတာတွေ နင့်ကို နင့်သမီး အကုန်အပ်နေတာပဲ မဟုတ်လား''
ဘိုးဘိုးက အခန်းထဲမဝင်ခင် ခဏရပ်လိုက်ပြီး အော်လိုက်သည်။ ဘိုးဘိုး ဒေါသဖြစ်ခဲသည်။ ခုတော့ ဘိုးဘိုး နားငြီးလာ၍ ဖြစ်မည်။ သားလည်း ဗိုက်ဆာနေပြီ။
''အမယ်လေး... သူတို့ ယူကြတော့ဖြင့် ကျောင်းက ပြီးသေးလို့လား၊ ဒီနှစ်ယောက်လုံး ဘွဲ့ရအောင် ထားပေးခဲ့တာက ဒီမိန်းမပါ ရှင်ရဲ့၊ ဆွေမရှိ မျိုးမရှိ ဒီသမီးလေးတစ်ယောက်တည်း မွေးမိလို့ ဒီတစ်ယောက်အားကိုးပါတယ်၊ ဒီတစ်ယောက်က မဟုတ်တယုတ် လုပ်တော့တာကိုး၊ အဲဒီတုန်းက ဒီမိန်းမမျက်နှာ အောက်ချပြီး ကြံရဖန်ရတာတွေ ရှင်ဘယ်သိမလဲ၊ စောစောကတည်း က ရှင်က ပင်စင်စားနေတာကိုး''
''ဘာ... ဘာပြောတယ် မခင်''
ဘိုးဘိုးအော်လိုက်သော်လည်း အသံက တိုးတိုးသာ ထွက်လာသည်။
''အို...ကျွန်မ...ကျွန်မ...ကျွန်မ''
ဘွားဘွား ဘိုးဘိုးအခန်းထဲမှ ပြန်ပြေးထွက်လာသည်။ ဆိုဖာပေါ်ထိုင်ချပြီး ဘွားဘွားငိုနေသည်။ တိတ်တိတ်လေး ငိုနေသည်။ နောက်မှ ဆက်ပြောတော့သည်။
''ဟုတ်တယ်လေ၊ တကယ်တော့ ကိုဘုန်းရယ်၊ ရှင် စဉ်းစားကြည့်ပါ၊ ရှင်ကလဲ အိပ်ရာထဲမှာ၊ ရှင့်ဆွေမျိုးဆိုတာကလဲ ကျွန်မတစ်ယောက်ပဲ ရှိတာ၊ ကျွန်မဆွေမျိုးဆိုတာကလဲ ရှင်တစ်ယောက်တည်းလေ၊ ဒီတော့ ကျွန်မ...ကျွန်မ ဒီသမီးလုပ်စာမှ မမျှော်လင့်ရတော့ဘူးတဲ့လား၊ ရှင် ထင်ချင်သလိုထင်ပါ ကိုဘုန်း၊ ကျွန်မ သမီးကို ကျွန်မ ပိုင်တယ်၊ ကျွန်မ သမီးရဲ့ငွေပဲ၊ ကျွန်မတို့မှာ ငွေရှိဖို့လိုတယ် ကိုဘုန်း၊ တစ်လတစ်လ ရှင့်ဆေးဖိုးကပဲ အဲ... ရှင်သိပါတယ် ကိုဘုန်းရယ်၊ ကျွန်မတို့မှာ ငွေလိုတယ်၊ သေစာရှင်စာ လိုတယ်၊ ဒီတော့ ခုချိန်မှာ ကျွန်မ ဘာမှမလုပ်နိုင်တော့ဘူး၊ ကျွန်မသမီး ဝင်ငွေတွေကို ကျွန်မယူတယ်၊ ဘာဖြစ်လဲ၊ အဲဒါ ဘာဖြစ်လဲ၊ မောင်မင်းဦးမှာလဲ ဝင်ငွေရှိတာပဲ၊ သူ့မိသားစု အဆင်ပြေသင့်သလောက် ပြေနေတာပဲ၊ အဲဒါ ဘာဖြစ်သလဲ''
မမက ''ဘွားဘွားက ဖေဖေ့ကိုဖြင့် မချစ်ဘဲနဲ့'' ဟု စာအုပ်နောက်ကျောဖုံးမှာ ရေးပြသည်။ သားက ''ဘိုးဘိုးလိုလဲ ဖေဖေ့ကို 'သား' လို့ တစ်ခါမှ မခေါ်ဖူးဘူး'' ဟု ပြန်ရေးပေးသည်။ မမက ခဲဖျက်နှင့် စောစောက ရေးထားသမျှကိုပါ ပြန်ဖျက်နေသည်။
ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင်... ဒေါင်...
ဆယ့်တစ်နာရီထိုးပြီး သား ဗိုက်ကို ပွတ်လိုက်သည်။ သားတို့ ထမင်းစားရတော့မည်။ နံနက်က မစောလုပ်နေသော ပုစွန်ထပ်ကြီးကို မြင်ယောင်ပြီး သွားရည်တွေကျလာသည်။
''ဟင်း... ကြည့်၊ ခု ဆယ်တစ်နာရီထိုးပြီး ဘယ်မှာလဲ၊ ရှင့်သားမက်၊ အဲဒါတွေပေါ့၊ ကျွန်မထက် သူ့အမေက အရေးကြီး နေတာပေါ့လေ၊ ကျွန်မ ခုသွားမှာကလဲ သူ့မိန်းမကိစ္စပါ၊ သူ့မိန်းမ ဘွဲ့လွန်တက်ဖို့၊ နိုင်ငံခြားသွားဖို့၊ ပြန်လာလို့ ကားပါလာ၊ ဘာပါလာ ဆိုလဲ သူတို့မိသားစု အတွက်ပါပဲ၊ အဲဒါတောင်မှ ဂရုတစိုက်က မရှိ၊ ဟင်း''
ဘွားဘွား စိတ်တိုမြဲ တိုနေသည်။ သား ဘွားဘွားကို မုန်းသည်၊ အင်္ဂလိပ်စာမရေးဘဲ သားဆွဲတတ်သလိုပင် ပုစွန်ထုပ်ကြီး ပုံကို ရေးနေလိုက်သည်။
အိမ်ရှေ့မှ ကားသံကြားရသည်။ ဖေဖေ ပြန်လာခြင်းဖြစ်မည်။ ကားတံခါးဖွင့်သံ၊ ဝင်းတံခါးပိတ်သံ၊ အိမ်ေါ့်ပြေးတက်လာ သည့် ဖေဖေ့ ခြေသံတို့ကို ကြားရသည်။
''အမေ ကျွန်တော် မေမေ့ကို ဆေးခန်းပို့ပေးနေရလို့ နောက်ကျသွားရတာပါ၊ အမေ မေမေ့အခြေအနေ သိပ်မကောင်းလို့ ကျွန်တော်လဲ ပြန်မလာဖြစ်တာပါ၊ ကျွန်တော် မှတ်မိပါတယ် အမေ၊ အမေ စိတ်ဆိုးနေမယ် ဆိုတာလဲ ကျွန်တော် သိပါတယ်၊ ကျွန်တော့်ကို ခွင့်လွှတ်ပါအမေ၊ အခု သွားမယ်မဟုတ်လား အမေ''
ဖေဖေက ဘွားဘွားနားမှာ ကိုယ်ကို ကိုင်းကိုင်းထားပြီး ရပ်ရင်း စကားတွေ တတွတ်တွတ်ပြောနေသည်။ ဖေဖေ့အင်္ကျီ နောက်ကျောမှာ ချွေးတွေစိုရွှဲနေသည်။ ဖေဖေ့ကိုယ်တွေ တုန်နေသည်။ ဟောဟဲ ဟောဟဲသံကို တစ်ခါတစ်ခါ ကြားရသည်။ ဖေဖေ သိပ်မောနေပြီ။
ဘွားဘွားက စကားတစ်ခွန်းမှ ပြန်မပြော။ ထိုင်ရာကလည်း မထ။ ပုတီးကိုလည်း မစိပ်ဘဲ ကိုင်ထားသည်။ ဘွားဘွား မျက်နှာကို တင်းထားသည်။
ဖေဖေသည် ဘွားဘွားဘေးနားက ခုံမှာ ထိုင်ချလိုက်သည်။ နဖူးကို လက်နှင့် ပွတ်သပ်လိုက်သည်။
''အမေ... သွားမယ်မဟုတ်လား အမေ၊ ခုဆို အချိန်ရှိပါသေးတယ်၊ ကျွန်တော် ထမင်းမစားရသေးဘူး အမေ၊ ဒါပေမယ့် ရပါတယ်၊ ကျွန်တော် အမေ့ကို လိုက်ပို့ပါ့မယ်၊ ပြန်မှစားလဲ ဖြစ်ပါတယ်''
ဘွားဘွား မတ်တတ်ထရပ်သည်။ ဖေဖေလည်း လိုက်ရပ်သည်။ ဘွားဘွား စိပ်ပုတီးကို လွှတ်ချသည်။ ဖေဖေ ကားသော့ကို ကုန်းယူသည်။ ဘွားဘွား ချာခနဲလှည့်ကာ အခန်းထဲဝင်သွားသည်။ ဖေဖေ ကြောင်ကြည့်နေပြီးမှ 'အမေ' ဟု အော်ခေါ်သည်။ အသံမထွက်။ ဘွားဘွား ပြန်ထွက်လာသည်။ လက်ပွေ့အိတ်အနက်ကြီး ကိုင်ထားသည်။ ဖေဖေ ချာခနဲလှည့်ကာ အိမ်ပေါ်က ဆင်းသွားသည်။ ဘွားဘွားက ''ဟိုနှစ်ယောက်၊ ထမင်းစားကြလေ'' ဟု ပြောသည်။ ဖေဖေ ကားတံခါးဖွင့်ထားနှင့်သည်။
မမက ''မောင်လေး လာလေ၊ သွားရအောင်၊ ထမင်းစားကြမယ်'' ဟု ပြောသည်။ သားက ''သားတောင် မေ့သလိုတောင် ဖြစ်သွားပြီ'' ဟု ပြန်ပြောသည်။
ကားထွက်သွားသံ ကြားရသည်။
+ + + +
ဘွားဘွား အခန်းထဲ တန်းဝင်သွားသည်။ မေမေပါ အိမ်ပြန်လာသည်။ မေမေရော ဖေဖေပါ ထမင်းစားခန်းထဲ ဝင်သွား သည်။ သားနှင့် မမလည်း မေမေတို့နောက်မှ လိုက်ခဲ့သည်။
''မစောရေ၊ ထမင်းတွေ ဟင်းတွေ ထည့်ပါဦး''
မေမေက လက်ကိုင်ပဝါနှင့် ယပ်ခတ်ရင်း မစောကို စကားလှမ်းပြောသည်။ ဖေဖေက ''ရေတစ်ခွက် အလျင်ပေးဗျာ'' ဟု ပြောသည်။
မမက ဖေဖေ့ကို ရေယူပေးသည်။ သားလည်း မေမေ့အတွက် ယပ်တောင်ရှာပေးသည်။
''မေမေ၊ ဘွားဘွား စိတ်တိုနေသလားဟင်'' မေမေက ရယ်လိုက်သည်။
''သား ဘွားဘွား ခုတော့ စိတ်မတိုတော့ပါဘူး'' ဟု ဖေဖေက ဖြေသည်။
''စိတ်တိုနေတာက သားဖေဖေထ သားရဲ့''
မေမေက ရယ်ပြီး ပြောသည်။
''ဗိုက်ဆာတာကိုးကွာ''
ဖေဖေက မစောယူလာပေးသည့် ထမင်းပန်းကန်ထဲ ထမင်းတွေ မြန်မြန်ခူးထည့်ရင်း ပြောသည်။
''သားလဲ အဲဒီတုန်းက ဗိုက်ဆာနေတာ ဖေဖေရ၊ ဆာတာ မေ့သွားတယ်''
မေမေရော ဖေဖေပါ စကားပြန်မပြောတော့၊ ထမင်းမြန်မြန် စားနေကြသည်။ မမက မေမေနှင့် ဖေဖေ့ကို ယပ်တောင် ခတ်ပေးသည်။
မေမေက ထမင်းအလျင်စားပြီးသည်။ ဖေဖေက နည်းနည်းပိုကြာသည်။ မေမေ ရေသောက်ပြီး ''မေမေတို့ ခဏနေပြန် ထွက်ဦးမှာ၊ သား ညနေ စာကျက်ချိန်မရောက်ခင် တစ်ရေးအိပ်ချင် အိပ်ဦးလေ၊ ဘွားဘွား စိတ်ကြိုက်နေနော်၊ မေမေ့အလုပ်တွေက ပြီးဦးမှာမဟုတ်ဘူး၊ သားတို့ ခုကတည်းက အကျင့်လုပ်ထား၊ ကိုယ့်ဘာသာကိုယ် နေတတ် စားတတ်အောင်၊ မေမေ နိုင်ငံခြားသွား တော့ ဖေဖေပဲ ကျန်ရစ်မှာ ဖေဖေကလဲ အလုပ်တွေ များတယ်မဟုတ်လား၊ သားတို့ကို ဘယ်ဂရုစိုက်နိုင်မှာလဲ၊ သမီးကလဲ မောင်လေး နဲ့ တည့်အောင်နေ၊ ဂရုစိုက်၊ ဟုတ်လား'' ဟု ပြောသည်။
ဖေဖေက ''ကဲပါ နားဦး၊ ရေချိုးပြီး ပြန်ထွက်မယ်လေ'' ဟု ပြောပြီး ထမင်းစား စားပွဲမှ ထသွားသည်။
မမက မေမေနှင့်အတူ ပန်းကန်တွေ စုစည်းရင်း မေးသည်။
''နောက် နှစ်လလောက်ပဲလိုတော့တယ် သမီး၊ ဒါကြောင့် ခုအလုပ်တွေ ကျုံးလုပ်နေရတာ''
မေမေလည်း ယပ်တောင်ခတ်ရင်း ဖေဖေ့နောက် လိုက်သွားသည်။
သားနှင့် မမ အိပ်ခန်းထဲရောက်တော့ မေမေက အိပ်ရာပေါ်မှာအိပ်ရင်း စာအုပ်တစ်အုပ် ဖတ်နေသည်။ ဖေဖေက ပက်လက်ကုလားထိုင်မှာ ထိုင်ပြီး ယပ်တောင်ခတ်နေသည်။
''ဖူးနဲ့ ထူး၊ ခုထိ ရေမချိုးရသေးဘူး ထင်တယ်''
မေမေက စာအုပ်ကို လက်ညှိုးညှပ်ပိတ်ကိုင်ရင်းမှ ပြောသည်။
''ဖူးတို့ ခုချိုးလိုက်မယ် မေမေ''
''အေး... ပြီးရင် မေမေ ချိုးရမယ်၊ ပြီး မေမေ အပြင်သွားမှာ၊ ဖေဖေ လိုက်ပို့လိမ့်မယ်၊ ကားလိုက်စီးရင် စီးကြပေါ့၊ ပြန်လာရင် စာကျက်ပြီး စောစောအိပ်ကြနော်၊ မေမေက ည ဆေးခန်းထိုင်ဦး မှာ၊ မေမေ့ ကို စောင့်မနေကြနဲ့''
သားတို့အားလုံး ရေချိုးပြီး မေမေ့ကို လိုက်ပို့သည်။
ယနေ့ည ဘွားဘွား စာတွေအများကြီး မကျက်နိုင်တော့။ သားနှင့် မမ မေမေ့ကို မစောင့်ဘဲ အိပ်ရာဝင်သည်။ ဖေဖေက အလိုကြီး၍ အရနည်းသော ငန်းပိုင်ရှင်အကြောင်း ပုံပြောပြသည်။
+ + + +
''မောင်လေး... မောင်လေးရေ၊ မောင်လေး ... ထ...ထ''
မမ နှိုးသံကြားရသည်။ မမအသံမှာ ငိုသံစွတ်နေသည်။ သား အိပ်ရေးမဝသေး။ မထချင်သေးပါ။ မမက သားကို အတင်းလှုပ်နှိုးနေသည်။ သား မျက်စိကို မဖွင့်ချင်ဖွင့်ချင်နှင့် ဖွင့်လိုက်သည်။
''ဟီး... မောင်လေးရေ၊ မေမေ မရှိတော့ဘူးတဲ့၊ မောင်လေးရဲ့''
မမက ငိုသံကြီးနှင့် အော်ပြောသည်။ သား ပထမ နားမလည်။
''မေမေသေပြီ မောင်လေးရဲ့''
မမ ထပ်ပြောတော့ သား ကြောင်နေသည်။ မေမေ သေပြီတဲ့။ သား စိတ်တွေ ရှုပ်လာသည်။ သေတယ်ဆိုတာ နောက် ဘယ်တော့မှ မတွေ့ရတော့တာဟု သား တွေးလိုက်မိသည်။ သား သားမေမေကို ဘယ်တော့မှ မတွေ့ရတော့ဘူးလား။ သားမေမေ ဘယ်ရောက်သွားပါသလဲ။ သားမေမေ သေသွားတာ ဟုတ်လား။ ဘာလို့ သေသွားတာလဲ။
မမက သားခြေရင်းမှာပင် ဝမ်းလျားထိုးပြီး အော်ငိုနေသည်။ သား မမကိုကြည့်ပြီး ငိုချင်လာသည်။ သား မျက်ရည်တွေ ကျလာသည်။
''မမ၊ မေမေ သေသွားပြီ ဟုတ်လား''
သား မမကို ထပ်မေးကြည့်သည်။ မမက ဘာမျှ ပြန်မဖြေဘဲ ငိုမြဲငိုနေသည်။
သား မေမေ သေသွားပြီတဲ့။ သေတယ်ဆိုတာ နောက် ဘယ်တော့မှ မတွေ့ရတော့မှာ။ သား မေမေ့ကို သား မတွေ့ရတော့ ဘူးလား။ မွှေးမွှေး မပေးရတော့ဘူးလား။ ယပ်တောင် မခတ်ပေးရတော့ဘူးလား။ ''စောစောပြန်လာပါ မေမေ'' လို့ မပြောရတော့ဘူး လား။ မုန့် မမှာရတော့ဘူးလား။ သားနဲ့မေမေ မတွေ့ကြတော့ဘူးလား။
တကယ်ပဲ သားမေမေဟာ သားအတွက် ဘာမှ မလုပ်ပေးနိုင်တော့ဘူးလား။ သားအတွက် အင်္ကျီ၊ ဘောင်းဘီတွေ ရွေးပြီး ခုတင်ခြေရင်စးမှာ တင်မပေးနိုင်တော့ဘူးလား။ သားဆံပင်တွေကို သပ်တင်မပေးနိုင်တော့ဘူးလား။ သား စာမေးပွဲမှာ ပထမရရင် ချီးကျူးစကား မပြောနိုင်တော့ဘူးလား။ သားတို့အိပ်ရာမှာ မေမေ မအိပ်နိုင်တော့ဘူးလား။
သား တွေးရင်း ငိုချင်လာသည်။ မမက ငိုမြဲငိုနေသည်။
''မမ၊ မမကို ဘယ်သူပြောတာလဲ၊ သားမေမေ သေပြီဆိုတာ ဘယ်သူပြောတာလဲ''
မမ အိပ်နေရာမှ ထထိုင်သည်။ မျက်ရည်တွေကို ဂါဝန်အနားစနှင့် သုတ်သည်။ နှာရည်တွေကို ဂါဝန်အနားစမှာပင် ညှစ်ချသည်။
''ဖေဖေ ပြောတာ''
''ဖေဖေက မမကို ဘယ်လိုပြောတာလဲ''
''မမ ခုနက ရှူရှူထပေါက်တာ ဖေဖေရယ် မီးဖိုချောင်ထဲမှာ ထမင်းစားပွဲမှာထိုင်ပြီး ငိုနေတယ်''
''ဗျာ... ဖေဖေ ငိုနေတယ် ဟုတ်လား၊ ဖေဖေ အော်ငိနေလား ဟင်''
''အို... ဖေဖေက အော်မငိုပါဘူး၊ တိတ်တိတ်လေး ငိုနေတာပေါ့၊ မျက်ရည်တွေ ကျနေတာပေါ့၊ မမက ဘာလို့ ငိုနေရတာလဲ ပြောတော့ ဖေဖေက ဘာမှပြန်မပြောဘူး၊ အင့်...ဆိုပြီး ရှိုက်လိုက်တယ်၊ နောက်မှ မမကို ဖေဖေ့ပေါင်ပေါ်တင်ပြီး မမခေါင်းကို ပွတ်ပေးတယ်၊ မမပါးကို ဖေဖေ့ခေါင်းမှာ ထိထားတယ်၊ မမကိုယ်ကို လက်နဲ့ဖက်ထားတယ်၊ နောက် ငိုသံကြီးနဲ့ သမီးရဲ့မေမေ မရှိတော့ဘူးလို့ ပြောတယ်''
မမက စကားပြောရင်းမှာကို မျက်ရည်တွေကျလာသည်။ နောက် ဘာမျှ ဆက်မပြောဘဲ ငိုနေပြန်သည်။
''မမက ယုံလိုက်ရောလား''
မမ အငိုရပ်ပြီး ငေးကြည့်နေသည်။
''သမီး မေမေလေ ဆေးခန်းမှာ ဆေးကုရင်းနဲ့ မောတယ် မောတယ်၊ မူးတယ် မူးတယ်ဆိုပြီး လဲကျသွားတာတဲ့။ လူနာတွေ လဲ ဘာမှ မလုပ်တတ်လို့ ဆေးရုံကြီးခေါ်သွားတာ လမ်းမှာတင် ဆုံးတယ်ထင်တာပဲတဲ့၊ ခု မေ့မေ့ကို ဆေးရုံကြီးမှာ ထားခဲ့တယ်တဲ့''
''ဘွားဘွား သိလားဟင်''
''ဖေဖေပြောတော့ သိသိချင်း သတိလစ်သွားလို့ ဆရာဝန်ခေါ်ရတယ်တဲ့၊ ခုတော့ ဧည့်ခန်းထဲမှာပဲ အိပ်ပျော်နေတယ်။

နောက် ဖေဖေက ပြောသေးတယ်၊ သမီးမေမေ မရှိတော့ သမီးသွားအိပ်လို့ ပြောတယ်၊ ဟီး...''
မမ ရှိုက်ရှိုက်ပြီး ငိုသည်။ မမ ဂါဝန်အနားတစ်ခုလုံး ညစ်ပတ်ပေရေနေသည်။
''ဘိုးဘိုးရော သိလားဟင်''
''ဘိုးဘိုးက အစောကြီးတည်းက အိပ်ပျော်နေတာ၊ ဘာမှ မသိသေးဘူး၊ နောက် နိုးချင်လဲ နိုးမှာပေါ့၊ ဘိုးဘိုးက နားမှ ကောင်းကောင်းမကြားတာ၊ သိသေးမှာ မဟုတ်ဘူး''
''ဒါဆို... မစောရော သိလား''
''မစောလဲ မီးဖိုထဲမှာ ငိုနေတုန်းပဲ''
သားလည်း အော်ငိုလိုက်သည်။ အားလုံး ငိုနေကြမှ သားလည်း ငို ငိုချင်လာသည်။
အခန်းထဲကို ဖေဖေ ဝင်လာသည်။ ဖေဖေ့ မျက်နှာတွေ နီနေသည်။ ဖေဖေ ပိန်ပန်လေးဖြစ်သွားသည်ဟု သား ထင်သည်။ ဖေဖေ သားနားမှာ ထိုင်ချလိုက်သည်။ သား ပခုံးနှစ်ဖက်ပေါ် လက်တင်ပြီး သားမျက်နှာကို အကြားကြီး စိုက်ကြည့်သည်။
''ဖေဖေ''
ဖေဖေ ပါးစပ်မဖွင့်ဘဲ ထူးလိုက်သည်။
''မေမေနဲ့ သားတို့ မတွေ့ရတော့ဘူးပေါ့နော်''
ဖေဖေ တစ်ချက်ရှိုက်သည်။
''သား''
ဖေဖေက သားကို ဖေဖေ့ရင်ခွင်ထဲ သွင်းပြီး တင်းတင်းဖက်ထားလိုက်သည်။ သားလည်း ဖေဖေ့ကို ပြန်ဖက်ထားလိုက်မိ သည်။ နောက် သား အရမ်းငိုချင်လာသည်။ သား အော်ငိုလိုက်သည်။
''သမီး''
ဘွားဘွား အော်သံ ကြားရသည်။ ဘွားဘွားအသံသည် ကြောက်စရာပင် ကောင်းသည်။ ဘွားဘွားကိုယ်တိုင်က ကြောက် နေပြီထင်သည်။ နောက် ဘွားဘွား ခြေသံကို ကြားရသည်။ ဘွားဘွား ငိုရှိုက်သံကို ကြားရသည်။
''ကိုဘုန်းရေ... သမီး မရှိတော့ဘူးတဲ့''
ဘွားဘွားက ဘိုးဘိုးရှိရာကို ပြေးဝင်သွားသည်။ ဖေဖေက သားကိုလွှတ်ကာ ဘိုးဘိုးတို့အခန်းဘက် ပြေးထွက်သွားသည်။ မမက သားလက်ကိုဆွဲကာ ဖေဖေ့နောက်ကို လိုက်သွားသည်။
အခန်းထဲမှာ ဘွားဘွားသည် ခုတင်ဘေး ကြမ်းပြင်ပေါ်မှာ လဲကျသလို ထိုင်နေသည်။ ဘိုးဘိုး လက်တစ်ဖက်ကို ဆ်ုပ်ကိုင် ထားသည်။
''မခင် ပြန်ပြောပြစမ်းပါ''
ဘိုးဘိုးက ခပ်ဖြည်းဖြည်း စကားပြောသည်။ ဘွားဘွား ချက်ချင်းပြန်မဖြေ။ ငိုသည်။ အားရပါးရ ငိုသည်။ ဖေဖေနှင့် မမရော သားပါ လိုက်ငိုမိသည်။
''ကိုဘုန်းရယ်... ကျွန်မတို့ရဲ့ သမီးလေးက... ကျွန်မတို့ရဲ့ သမီးလေး... ဆုံးပြီတဲ့၊ ကိုဘုန်းရယ်... ကိုဘုန်း ယုံလားဟင်... ယုံလား၊ ကျွန်မတော့ မယုံဘူး ကိုဘုန်းရယ်... မယုံချင်ဘူး။ ကျွန်မ မယုံပါရစေနဲ့ ကိုဘုန်း... မယုံပါရစေနဲ့''
''ဟုတ်လား သား''
ဘိုးဘိုးက ဖေဖေ့ကို လှမ်းမေးသည်။
ဖေဖေ ခေါင်းငုံ့လိုက်သည်။ နောက်မှ ခေါင်းညိတ်သည်။
''ဘယ်လိုဖြစ်တာလဲကွာ''
ဘိုးဘိုးက ကိုယ်ကို နည်းနည်းမတ်အောင် လုပ်ရင်း မေးသည်။
''ရုတ်တရက် ဖြစ်တာပဲ အဖေ၊ ဆေးခန်းမှာ မူးတယ်၊ မောတယ်ပြောပြီး သတိမေ့သွားတာ ၊ ဆေး ရုံရောက်တဲ့အထိ သတိ ပြန်မလည်လာတော့ဘူးလို့ ပြောတယ် အဖေ၊ ကျွန်တော့် ဆီ ဆေးရုံကနေ ဖုန်းဆက်လာကြတာ၊ ကျွန်တော် သွားကြည့်ခဲ့ပြီးပြီ၊ သူ့ကို ဟိုမှာပဲထားခဲ့ရတယ်''

''မထင်မှတ်စရာပါပဲလားကွာ''
ဘိုးဘိုးက စကားပြောပြီး မျက်စိပြန်မှိတ်လိုက်သည်။ မျက်ရည်စက်အချို့ ကျလာသည်။ ဘွားဘွား နောက်တစ်ခါ တပ် အော်ငိုလိုက်သည်။
ဘွားဘွား ဆံထုံးဖြေပြီး ဆံပင်တွေ ဟိုကျဒီကျနှင့် ရှုပ်ပွနေသည်။ ဘွားဘွား အံကိုကြိတ်ပြီး ရှိုက်လိုက်သည့်အခါတွင် ဘွားဘွားကိုယ်သည် တုန်သွားလေသည်။
ဖေဖေ ကြမ်းပြင်ပေါ် ထိုင်ချပြီး ဘွားဘွား လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
''အမေ... စိတ်ထိန်းပါ အမေ၊ ခုနကလို တက်သွားဦးမယ်လေ၊ စိတ်ထိန်းမှပေါ့ အမေ''
ဘွားဘွား အရှိုက်ရပ်သွားသည်။ ဖေဖေ့ကိုကြည့်ပြီး ဖေဖေ့လက်မောင်းပေါ် မျက်နှာအပ်ကာ ငိုချလိုက်သည်။ နောက်မှ ခေါင်းကို ပြန်မတ်သည်။
''သားရယ် အမေ့ကို ပစ်မထားပါနဲ့နော် သားရယ်၊ အမေ့အပေါ် သား ဗွေမယူပါနဲ့နော်၊ အမေတို့မှာ ဒီသမီးလေး တစ်ယောက် ရှိတာပါ၊ အမေတို့ကိုတော့ စိမ်းစိမ်းကားကားကြီး ပစ်မသွားလိုက်ပါနဲ့ သားရယ်၊ အမေ့အတွက် သမီးဆုံးတာဟာ ကြီးစွာသော ဆုံးရှုံးခြင်းပါသား၊ သား နားလည်ပါလိမ့်မယ်၊ သား ဘယ်လိုနည်းနဲ့မှ အမေတို့ကို မစိမ်းကားသွားပါနဲ့နော်၊ အမေ့ကို ခွင့်လွှတ်ပါကွယ်''
ဘွားဘွားက ဖေဖေ့လက်နှစ်ဖက်ကို ဆုပ်ရင်း စကားတွေ တဖွဖွပြောသည်။
ဘိုးဘိုးက မျက်စိမှိတ်လျက် ပြုံးပြီး...
''မခင်... မခင်၊ တတ်လဲတတ်နိုင်တဲ့ မခင်ပါပဲကွာ'' ဟု တိုးတိုးလေး ပြောသည်။
ဘွားဘွား ခါတိုင်းလို ဘိုးဘိုးကို ဘာမျှပြန်မပြောတော့။ ခုတင်စောင်းကို နဖူးအပ်ရင်း ငိုမြဲငိုနေလေသည်။
ခုချိန်မှာ သား ဘွားဘွားကို မမုန်းတော့ပါ။ ဖေဖေကတော့ ဘွားဘွား ကြည့်ပြီး ခေါင်းညိတ်နေလေ သည်။ ဖေဖေ ခေါင်း ညိတ်နေသည်။

မသီတာ(စမ်းချောင်း)
၁၉၈၇ ခု၊ မေလ၊ ပန် မဂ္ဂဇင်း
၁၉၈၇ ခု၊ မေလ၊ ပန် မဂ္ဂဇင်း
No comments:
Post a Comment