Friday 21 October 2011

စည်တော်သံမှ အပ

၁။

    ''ကိုရင် မနက်ဖြန်ကျရင်တော့ ငြိမ်ငြိမ်လေးနေပေးပါ ကိုရင်ရယ်၊တတ်နိုင်ရင် စကားလဲမပြောပါနဲ့လား''
    ''ကိုရင်...ဒါပဲနော်၊ မနက်ဖြန် ကိုရင့်ကို ဘယ်သူကမှဂရုတစိုက် ကြည့်မနေနိုင်အားမှိာ မဟုတ်ဘူး၊ အဲဒါ ရှုပ်ရှုပ်ယှက်ယှက်တွေ လုပ်မနေနဲ့နော်''
    ''ကိုရင်ရယ်၊ တပည့်တော်မ တောင်းပန်ပါတယ်၊ မနက်ဖြန် တစ်ရက်တော့ လူပြောလွတ်ပါစေနော်''
    မနက်ဖြန်မှာ ထီးတော်တင်ပွဲ ကျင်းပမှာလေ၊ ဒါကြောင့်မို့ ကျွန်တော့်ကို ခြောက်တစ်ခါ ချော့တစ်လှည့် လာပြောနေကြတာ။ သူတို့အပြောတွေအရဆိုရင်တော့ ကျွန်တော်ဟာ တော်တော့်ကို ဂြိုလ်မွှေတဲ့ကိုရင်ပဲ။ သင်္ကန်ူဝတ်နဲ့ မတန်တော့သလိုပဲ။ခက်တယ်ဗျာ။ ကျွန်တော့်စရိုက်ကိုက အမြင်မတော်ရင် ပြောလိုက်ရမှ ကျေနပ်တာ။ ပြောဆိုသူတို့ကိုက...။
၂။
    ပြောရရင်တော့ ဒီင်္မန်လခွယ်ရွာကို ရောက်တာကနေ စရလိမ့်မယ်။
    မိုးကောင်းကို ရထားဆိုက်တော့ ညနေ ခြောက်နာရီရှိပြီ၊ မန်လွယ်နဲ့ မိုးကောင်းက ၃မိုင်ကျော်ဝေးတယ်။ ရထားတွဲလုံးပြည့် ပါလာတဲ့ ပရိသတ်အတွက် ဒေါ့ဂျစ်တစ်စီးပဲရတယ်။ ပစ္စည်းတွေနဲ့၊ သံဃာတော်တွေ၊ (အလာတုန်းကကျွန်တော်လူဝတ်နဲ့) သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို အဲဒီ ဒေါ့ဂျစ်ပေါ် တင်ပေးလိုက်ပြီး ကျန်တဲ့ကျွန်တော်တို့လို လူငယ်နဲ့ လူကြီးတွေက ခြေကျင်လျှောက်ရတယ်။
    မိုးကောင်းဘူတာကနေ မြို့စွန်သုသာန်ဘေး မြေလမ်းမပေါ် လျှောက်သွားရတာ။ လမ်းတစ်လျှောက်ကြက်လျှာစွန်း ဖြူဖြူလေးတွေပါတဲ့ ဝါးတိုင်ကိုကြည့်ပြီး လျှောက်ရတာ။ ညက မှောင်သထက်မှောင်လာတာ။ ပါလာတဲ့ လက်နှိပ်ဓာတ်မီး အသေးလေးနဲ့ပဲ လဲမကျအောင်လျှောက်နေရတယ်။ မြေလမ်းက ချိုင့်ခွက်နဲ့ လှည်းနှစ်ရာနဲ့ ဘယ်လိုမှကို ညီတာမဟုတ်ဘူး။ ၂၄ နာရီလုံးလုံး ရထားပေါ် အညောင်းမိနေခဲ့တာ။ ခုတော့ အမူးသမားလိုပဲ ယိုင်ထိုးထိုး စမ်းတဝါးဝါးနဲ့။
    ဘေးဘီကို ကြည့်လိုက်ရင်လည်း လယ်ကွင်းလိုလို၊ ဘာလိုလို တောင်တန်းမှုင်းညို့ညို့မှာ မီးရောင်နီနီကို မြင်ရတော့ ကျောချမ်းမိသလိုလို။
    နောက် ည ၉နာရီလောက်မှ စေတီတော်ရင်ပြင်ကို ရောက်တော့တယ်။ မီးဝင်းဝင်း၊ လူရှုပ်ရှုပ်နဲ့ ဆူညံနေပေမယ့် ခုနကလမ်းမှာလို ဘာသံမှန်းမသိတဲ့ အသံတွေ ဆူညံနေတာထက်တော့ နားခံသာ စိတ်ခံသာတာပေါ့။
    ညနေစာမစားရသေးလို့ လူတွေအားလုံးက ဆာလှပြီ။ ပါလာတဲ့ မုန့်တွေ ရှာဖွေထုတ်ယူနေကြပြီ။ ထမင်းမချက်ရ သေးဘူးလို့ သိရတော့ ကိုယ့်ဟာကိုယ် ရှာစားရတာပေါ့။ ဒီမှာပဲ ထန်းလျက်ထုပ်တွေဝေတယ်။ အဆာပြေပေါ့လေ။ ထန်လျက်ထုပ်က ရောက်လာတဲ့လူအရေအတွက်ထက် နည်းနေတော့ ဝေတဲ့လူတွေက မိသားစုနဲ့လာတဲ့လူတွေကို တစ်ထုပ် လျှော့ဝေတယ်။ အမှန်တော့ ထန်လျက်ထုပ် တစ်ထုပ်ဟာ ဆယ့်ငါးကျပ်သားလောက်ရှိတယ်ဆိုတော့ ကလေးတစ်ယောက် လောက်ပါတဲ့ မိသားစုဆိုရင်ပဲ မျှစားရင်လောက်ရုံမကဘူး ကပိုတောင်ပိုပါသေးတယ်။
    ကျွန်တော်တို့မိသားစုလည်း နှစ်ထုပ်လှော့ယူတယ်။ ခဏကြာထမင်းကျက်ရင် စားရတော့မှာပဲ။ နည်းနည်းလေး စားထားရလို့ အမူးပြေရုံဆို တော်ရောပေါ့။
    အဲ...ကျွန်တော်တို့ စုထိုင်နေတဲ့ နေရာနားက မိသားစုကတော့ လေးယောက်၊ယူထားတဲ့ ထန်းလျက်ထုပ်က ခုနှစ်ထုပ်။ ဘယ်လိုကဘယ်လို ခုနှစ်ထုပ်ရအောင် ယူထားတယ်တော့မပြောတတ်ဘူး။ အဖေနဲ့ အမေကတစ်ယောက်တစ်ထုပ် စားနေတဲံအပြင် စပယ်ယာတစ်ထုပ်လည်း ကိုင်ထားသေးတယ်။ ကလေး နှစ်ယောက်ကလည်း တစ်ယောက်တစ်ထုပ်စီနဲ့။
    ''ရဲ...မင်းတို့မှာ ထန်းလျက်တစ်ထုပ်ပိုရင် ပေးပါလားကွာ၊ ငါတို့လဲတွက်ဝေတာပဲ၊ ခု အဘွားတစ်ယောက်အတွက် လိုနေလို့''
    စော်ဘွားနီ လာပြောတော့ ကျွန်တော်တို့ ထန်းလျက်ထုပ်တွေကုန်သွားပြီ။ ဒါနဲ့ ကျွန်တော်လည်း အဲဒီမိသားစုစီသွားပြီး...
    ''ဒီမှာအန်ကယ်၊ အန်ကယ်တို့ဆီမှာ ထန်းလျက်ထုပ်ပိုတယ်မဟုတ်လား၊ ကျွန်တော့်သူငယ်ချင်းကို ပေးလိုက်ပါလား၊ အဘွားတစ်ယောက် မရသေးလို့တဲ့''
    ''ဟင်''
    အမေလုပ်သူက သူ့ထန်းလျက်ထုပ်ကို ခပ်တင်းတင်းဆုပ်ထားလိုက်ပြီး ကျွန်တော်ပြောတာကို အြ့ာလိုက်သလိုလို၊ နားမလည်သလိုလို လုပ်နေတယ်။ ကျွန်တော်လည်း စိတ်မရှည်တော့ဘူး။ သူ့သားလက်ထဲက စပယ်ယာတစ်ထုပ်ကို ကောက်ယူပြီး စော်ဘွားနီကို လှမ်းပေးလိုက်တယ်။
    ''ဟာ''
    ကောင်လေးက မကျေမနပ် ဖြစ်သွားသလိုနဲ့ ကျွန်တော့်လက်ထဲမှာတင် ရှိသေးတဲ့ ထန်းလျက်ထုပ်ကို စူးစူးဝါးဝါး စိုက်ကြည့်နေတယ်။
    ''သား ပေးလိုက်လေ သားရဲ့၊ မေမေ ထပ်တောင်းပေးမယ်သိလား''
    သူ့အမေက ယူပေ့စေ။ ငါတို့ ထပ်တောင်းရင် ရမှာပဲဆိုတဲ့ ဟန်မျိုးနဲ့ပြောပြီး ဟိုဘက်လှည့်သွားတယ်။ စော်ဘွားနီက အားနာနေတဲ့ ပုံမျိုးနဲ့ ''အဘွားက သိပ်ဆာနေလို့ပါ အဒေါ်၊ စိတ်မရှိပါနဲ့နော်''လို့ ဖြေရှင်းချက်ပေးနေသေးတယ်။
    ''အန်တီတို့လဲ ဝေသလောက်ယူထားတာပဲ၊ လိုက်တောင်းထားတာ မဟုတ်ပါဘူး''
    ''ဝေတိုင်း ယူထားတယ်လား၊ ဒီမှာ...''
    ကျွန်တော့်စကားမဆုံးခင်မှာပဲ စော်ဘွားနီက ကျွန်တော့်လက်ကိုဆွဲပြီး ထွက်ခဲ့တယ်။''ရတိုင်းမယူနဲ့ဗျို့...၊ သိတတ်ရတယ်   ''လို့တော့ အော်ဖြစ်အောင် အော်ခဲ့သေးတယ်။
    အဲဒီကစလို့ ရဲကိုမာန်ဟာ လူဆိုးလေး ဖြစ်တော့တာပါပဲ။
    နောက်တစ်နေ့မှာရဟန်းခံပွဲလုပ်တယ်။ ရဲကိုမာန်ဟာ ကိုရင်ဝါသိတ ဖြစ်သွားပြီ။ မနေ့က ချာတိတ်လေးလည်း ကိုရင် ဇောတိက ဖြစ်သွားတယ်။ ဒါပေမယ့် ခုထိ အဲဒီကိုရင်ကို ကိုရင်ပိန်ညှောင်လို့ ခေါ်နေတာပဲ။ ကိုရင်ဇောတိက ဘွဲ့အမည်နဲ့လိုက်အောင် သူတို့မိသားစုက ချမ်းသာလျက်နဲ့ ကိုရင်ဇောတိက ကိုယ်တိုင်က ပိန်နေတာကတော့ လှောင်စရာဖြစ်နေတာပေါ့။
    ကျွန်တော့်ညီ ကိုရင် ကဝိဓဇနဲ့ ကိုရင်ပိန်ညှောင်က ရွယ်တူ။ကျွန်တော့်ညီကကျွန်တော်နဲ့ တခြားစီ။ဘယ်နေရာမဆို သည်းခံတယ်။ ဒါကြောင့်ပဲထင်ပါရဲ့၊ ကိုရင်ငယ်တွေထဲမှာ ကိုရင်ပိန်ညှောင်နဲ့ ကိုရင်ကဝိဓဇဟာ အတွဲဆုံးပဲ။
    တစ်ခုရှိတယ်။ ကျွန်တော်တို့ နေရထိုင်ရတာ ဒီရွှေဝင်းတောင်စေတီကို ပြန်လည် မွမ်းမံရာမှာ လုပ်အားပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာတာဆိုတော့ ဘာကိုမှ မညည်းညူချင်ဘူး။ အားလုံးနဲ့ တန်းတူပေါ့။
    ပေနှစ်ဆယ်၊ ဆယ့်နှစ်ပေရှိတဲ့ တဲထဲမှာ တစ်ပေါ်တစ်ယောက်၊ တစ်ပါးပေါ်တစ်ပါး ထပ်မိလုနီးပါး အိပ်ရတယ်။ အုန်းလက်ခြောက်ကြားက တိုးဝင်လာတဲ့လေအေးတွေရဲ့ဒဏ်ကို ပိုခံနိုင်တယ်ဆိုပြီး အိပ်တာပဲ။ စောင်တစ်ထည် နှစ်ပါးခြုံရတော့ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်တိုးအိပ်ရတော့ ကိုယ်ငွေ့နဲ့ နွေးတာပါပဲ။ အောက်ခင်းဖယောင်းပုဆိုးစနဲ့ လွတ်သွားရင် ဝါးကြမ်းခင်းကြားက လေတိုးရင် ဖယောင်ပုဆိုးစကိုဆွဲလိုက်၊ ဟိုဘက်ကပြန်ဆွဲရင် ငြိမ်နေလိုက်နဲ့ မိုးလင်းတာပါပဲ။ ခေါင်းအမုံးဆိုလဲ ကိုရင်ဇောတိကနဲ့ ကိုရင်နန္ဒ နှစ်ပါးပဲပါလာတယ်။ ကျန်တဲံ ကိုရင်တွေကတော့ မျက်နှာသုတ်ပုဝါပေါ် လက်တင်ပြီး အိပ်တာပဲ။ အဲဒါကို ကိုရင်ဇောတိက,က သူ့စောင်ကို မျှမခြုံချင်ဘူး။ သူ့မွှေ့ယာလေးကို မျှမအိပ်ချင်ဘူး။ ဒီလို စောဒကတက်လာတော့ ကျွန်တော်နဲ့ပဲ ထိပ်တိုက်တွေ့တာပေါ့။
    ဒီကြားထဲ ကိုရင်နန္ဒရဲ့ အဖေ၊ အမေကတစ်မျိုး။ ညကျွန်တော့်နားမှာပဲ သူတို့သားကို ရှိစေချင်သတဲ့။ ကျွန်တော့်ကို တွေ့လို့မှ ကိုရင်နန္ဒကို မတွေ့ရရင် ကိုရင်နန္ဒကို တွေ့ပြီး ကျွန်တော်မပါရင် မေးကြမြန်ကြနဲ့။ အားလုံးကိုစီလုပ်အားပေးနေကြတာပဲ။ ကျွန်တော်တို့လို ကိုရင်ကြီးတွေကအုတ်သယ်၊ မဆလာသယ် လုပ်နိုင်ပေမယ့် ကိုရင်နန္ဒတို့လို ကိုရင်ငယ်တွေကတော့ အုတ်ထောင်းလောက်ပဲနိုင်တာပေါ့။ ဒါတောင် မောင်းကကိုရင်ငယ်တစ်ပါးတည်းမနိုင်လို့ အနည်းဆုံး ကိုရင်နှစ်ပါးတက်ခုန်မှရတာ။ခုန်လို့မောရင် မောင်းအောက်ကိုအုတ်ခဲထည့်၊ အုတ်ခဲထည့်တာလည်းလက်လျင်မှ၊ မလျင်ရင် လက်ပါထောင်းမိမှာ သေချာတယ်။ ဝါးတုတ်ကိုထောင်းမိရင်ပဲ တုတ်ကပြန်အရိုက်ကို ခံရပြီမှတ်တော့။ ဒီအုတ်ထောင်းတာကိုလည်း မိန်ကလေးတွေ၊ အဘွားကြီးတွေနဲ့ ကိုရင်ငယ်တွေပဲလုပ်ကြတာ။
အားအင်အပြည့်သုံးနိုင်တဲ့ လူတွေကတော့ အုတ်သယ်၊ သဲသယ်၊ မဆလာသယ်ပဲ။ အဲ မိုးကောင်းက ကြက်ခြေနီတပ်ဖွဲ့ လမ်းစဉ်လူငယ်၊ မီးသတ်တပ်ဖွဲ့တွေ လာလုပ်အားပေးရင်တော့ ပန်းရံဆရာကြီးဦးကျော်အေးလခဲ လြက်မလည်တော့ဘူး။ သိပ်လည်းပျော်ဖို့ကောင်းတယ်။မိန်းကလေးတွေကို ဒုတိယပစ္စယံအထိ တက်ခွင့်ပေးထားတော့ အဲဒီထိက မိန်းကလေးတွေ၊ နောက်တစ်ဆင့်ပြီးတဆင့် ယောကျာ်းလေးတွေနဲ့ ကိုရင်တွေ၊ ဦးပဉ္စင်းတွေ လုပ်အားပေးတဲံလူများရင် များသလိုပဲ။ တစ်ရက်တည်းနဲ့ ပစ္စယံငယ်တစ်ခုလောက်တော့ ပြီးတယ်။
    ဒါပေမယ့် လုပ်အားပေတဲ့ လူတွေအတွက် အကျွေးအမွေးကတော့ စေတီဂေါပကအဖွဲ့အနေနဲ့ မာကျစ်ကျစ် ကြံသကာ, ပေါက်ပေါက်ဆုပ်လောက်သာ တတ်နိုင်တာ။ မိုးကောင်မြို့ပေါ်က အလှူရှင်ပေါ်လာမှ ကိုရင်တို့၊ သံဃာတွေပါ ဟင်းမယ်စုံတာ။
    ဆွမ်းကိစ္စရှိသေးတယ်။ ဆွမ်းက ရန်ကုန်ကပါလာတဲံ အမျိုးသမီးတွေကို နှစ်အုပ်စုခွဲပြီး အလှည့်ကျ နေ့စွမ်းနဲ့ အာရုဏ်ကို စီစဉ်ရတာ။ ရန်ကုန်အုပ်စုရော၊ ရင်ပြင်ပေါ်က ဒေသခံရော အားလုံး သတ်သတ်လွတ်ပဲ စားကြတာ ဟင်းမထပ်အောင်၊ အဆင် ပြေအောင် အမျိုးသမီးတွေပဲ လုပ်ကြရတာ။ ကြာဇံကြော်၊ ပဲဟင်း၊ အာလူးသုတ်၊ ပဲပြုတ်ကြော်တွေကိုပဲ အမျိုးမျိုး ပြောင်းကပ်ကြတာ။ သူတို့ လူတွေကတော့ နေ့စဉ် ဖျာကြမ်းကြီးပေါ်က ယင်တလောင်းလောင်းအုံနေတဲ့ ထမင်းညိုကြမ်းနဲ့ ပဲဟင်းရည်ကျဲကျဲ၊ သရက်ချဉ် သုတ်၊ ငရုတ်သီးစပ်စပ်ကြော်နဲ့ မပြောင်းမလဲ ကြိတ်ကြရတာ။ ဒါကြောင့်မို့ထင်ပါရဲ့။ ကိုရင်ဇောတိက မယ်တော်ဟာ ဆွမ်းချက်တဲ့ ကိစ္စအပြင် ဆွမ်းကပ်ရင်လဲပါတာပါပဲ။
    ဆရာတော်နဲ့ ဦးပဉ္စင်းတွေဝိုင်းကို ဆွမ်းစားကျောင်းငယ်ရဲ့ အပေါ်မှာ ခင်းရင် ကိုရင်တွေဝိုင်းကိုတော့ တစ်ထွာလောက်နိမ့်တဲ့ ဝါးကြမ်းခင်းပေါ်မှာ ခင်းပေးတယ်။ ရှားရှားပါးပါးမို့ တစ်နေ့နည်းနည်းသာကပ်နိုင်တဲ့ ပဲပုပ်ကြော်လို ဟင်းမျိုးဆို ဆရာတော် တွေဝိုင်းမှာပဲပါတော့တယ်။ အဲဒီမှာမှ ဒယ်အိုးထဲမှာနည်းနည်းချန်ပြီး ကိုရင်ဝိုင်းထဲကို ယူလာတာက ကိုရင်ဇောတိကရဲ့ မယ်တော်။ နောက် ဆွမ်းပန်းကန်သေးသေးလေးထဲက ပဲပုပ်ကြော်ကို ဇွန်းကြီးကြီးနဲ့ခပ်ပြီး ကိုရင်ဇောတိကသပိတ်ထဲကို ထည့်ကပ်တော့တာပဲ။
    ရန်ကုန်ကလာကတည်းက တန်ခူးလပြည့်နေ့အမီ ရွှေဝ်းတောင်စေတီတော်ထီးတင်နိုင်ရေးဆိုပြီး လာခဲ့ကြတာ။ခုလို ကော်ဖီရောင်တွင်းရေကို သပြေညှိဆပ်ပြာမည်းမည်းနဲ့ တွဲသုံးနေရတဲ့ အခြေအနေချင်းတူနေချိန်မှာတော့ ရန်ကုန်က စည်းစိမ် ဂုဏ်သိမ်တွေအတိုင်း နေချင်လို့ မဖြစ်နိုင်မှန်းသိလျက်နဲ့ နည်းနည်းပိုရပိုရဆိုပြီး အပိုဇာချဲ့တာမျိုးကိုတော့ ကျွန်တော်မကြိုက်ဘူး။
    ဒါကြောင့်လည်း ဆရာတော်ဆီလျှောက်ပြီး နောက်နေ့မှာ စိတ်ဆန္ဒပါတဲ့ ကိုရင်ကဝိဓဇနဲ့ ကိုရင်ခေမာကိုခေါ်ပြီး လွယ်မယ်ရွာထဲ ဆွမ်းခံကြွထွက်ခဲ့တယ်။ ခြေညောင်းတာရော၊ ဆွမ်းနောက်ကျတာရော၊ ဆွမ်းဟင်းမကောင်းတာကြောင့်ရော ထင်ပါရဲ့ ကိုရင်ခေမာကနောက်နေ့ ဆွမ်းခံမကြွချင်တော့ဘူးလို့ အုတ်သယ်နေတုန်းလာလျှောက်တယ်။ နောက်နေ့ကျတော့ ကိုရင်ကဝိဓဇကိုပါ နေရစ်ဖို့ပြောပြီး တစ်ပါတည်း ထွက်ခဲ့တာပေါ့။
    နောက် စေတီရဲ့ အရှေ့ဘက်တောင်ပေါ်မှာရှိနေတဲ့ သိမ်ဘက်တက်လာပြီး ဆွမ်းဘုဉ်းပေးတယ်။ စိတ်ကူးထဲမှာ နောက် တောင်တွေတစ်တောင်ပြီးတစ်တောင် တက်ချင်လာတယ်။ တောင်တက်နေတဲ့ အချိန်မှာ စိတ်ဟာ တောင်ပေါ်ရောက်ဖို့ တစ်ခုတည်းရှိ နေသလို ပတ်ဝန်းကျင်ဟာလည်း သစ်ရိပ်၊ ဝါးရိပ်၊ တစ်ရိပ်ချည်းမို့ စိတ်ချမ်းမြေ့နေသလိုပဲ။ တောင်နှစ်လုံးလာက် တက်ပြီး ပြန်ဆင်းခဲ့တော့ တဲမှာ လူတွေရှုပ်နေတယ်။ ကျွန်တော်ပျောက် သွားလို့တဲ့။
    ''ဆွမ်းကပ်ရာမှာတောင် ဆရာတော်နဲ့ ဦးပဉ္စင်း၊ ဦးပဉ္စင်းနဲ့ ကိုရင်၊ သားကိုရင်နဲ့ တခြားကိုရင် ခွဲကပ်နေလို့ စိတ်ရှုပ်လာလို့ဗျို့။ တောထဲထွက်သွားတာ။ ကိုရင် စိတ်ကူးပေါက်လာရင် ဒီတောထဲမှာပဲ တစ်လလောက် တရားအားထုတ်ဦးမယ်''လို့ ပြောတော့ ဒကာကြီးရော ဒကာမကြီးပါ မျက်နှာတွေပျက်လို့။
    ''ကိုရင်သဒ္ဓါကတော့ ကောင်းပါတယ်။ဒါပေမယ့် စဉ်းစားဦးကိုရင်၊ စဉ်းစားဦး...''
    လူများစုက ကျွန်တော့်ကို စိတ်ရူးပေါက်ရာ လျှောက်လုပ်နေတယ်လို့ မြင်ကြတယ်။ ဒေသခံတွေစကားအရ ကျွန်တော်ရောက်ခဲ့တဲ့တောင်တွေမှာ ကျားသစ်နဲ့ တခြားတော်ကောင်တွေရှိတယ်။တစ်ခါတစ်ခါ ကချင်သောင်းကျန်းသူတွေ လာတတ် တယ်ဆိုတော့ ကျွန်တော့်ကို အဲဒီဘက် မသွားစေချင်ကြဘူး။ ကျွန်တော်ကတော့ သုံး,လေးရက်လောက် ဆက်သွားပစ်လိုက်တယ်။ ဘယ်လိုလူမျိုးကိုမှ မတွေ့ရလို့ထင်ပါရဲ့ စိတ်ချမ်းသာတယ်။
    စေတီတော်ကိုပြုပြင်လာတာ တစ်နေ့ညက ပိန်းနဲတိုင်စိုက်ပြီးသွားတယ်။''အောင်ပြီ...အောင်ပြီ''လို့ ကျွန်တော်တို့ လုပ်အားရှင်တွေ အော်လိုက်တဲ့အသံဟာ မိုးတိမ်တောင်တွေကိုတောင် ထိခိုက်ရိုက်ချုန်းသွားတယ်ထင်ပါရဲ့။ အဲဒီညက မိုးတွေရွာတယ်။ မိုးရွာထဲမှာပဲ ကျွန်တော်နေခဲ့တယ်။ အားလုံးတဲထဲဝင်ပြီဆိုမှ စေတီတော်ရှေ့မှာ ကျွန်တော် မေတ္တာဘာဝနာပွားရင်း နေလိုက်တယ်။ စိတ်ထဲ အေးချမ်းလိုက်တာလေ။မိုးကလည်း တစိမ့်စိမ့်ရွာနေတော့ ကိုယ်ခန္ဓာပါ အေးချမ်းနေတယ်။
    မနေ့က ကျွန်တော်ဖျားတယ်။ လူတွေက အမျိုးမျိုး ပြောကုန်ကြတယ်။ ကျွန်တော့်ကို အရူးတစ်ယောက်လို ဆက်ဆံလာကြတယ်။ ကျွန်တော့်ဖေဖေနဲ့ မေမေက ကျွန်တော့်ကို စိတ်ထင်ရာမလုပ်ဖို့ပြောရင်းနဲ့ လူထွက်ဖို့ပါ ပြောလာကြတယ်။ ကျွန်တော် လူမထွက်ချင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ကိုရင်ဝတ်နဲ့ လုပ်အားပေးဖို့ ဆုံးဖြတ်ထားလို့။ နောက်တစ်ကြောင်းကတော့ လူတွေက ကျွန်တော့်ကို ကိုရင်ဝတ်နဲ့ မဟုတ်တာတွေ လျှောက်လုပ်လျှောက်ပြောလို့ မကောင်းဆိုးရွား ဝင်နေတယ်လို့ ထင်ကြတယ်။ ကျွန်တော် ရယ်ချင်လိုက်တာလေ။ နောက်ဆုံး သူတို့ရှေ့မှာ ဟက်ဟက်ပက်ပက်ရယ်ရင် ထပ်ပြောနေကြမှာစိုးလို့ သူတို့တွေ ဝိုင်းအုံနေတဲ့ကြားက ပြေးထွက်လာပြီး အော်ရယ်လိုက်တယ်။ ကျွန်တော့် နောက်ကို သူတို့တွေ လိုက်လာကြပြီး ကျွန်တော့်ကို အတင်းဖမ်းပြီး အိပ်ခိုင်းကြတယ်။
    နောက် ဒီနေ့မှာတော့ ခုနကလို ကျွန်တော့်ကို ဝိုင်းပြီး ခြောက်ကြ၊ ချော့ကြတော့တယ်။ မနက်ဖြန် တန်ခူးလပြည့်နေ့လေ။ ရွှေဝင်းတောင် စေတီတော်ကြီး ထီးတော်တင်မယ့်နေ့လေ။ မနက်ဖြန်မှာ ကျွန်တော်ငြိမ်ငြိမ်နေရမတဲ့။စကားမပြောပါနဲ့တဲ့။ လူပြောလွတ်ပါစေတဲ့။ အင်း...ငြိမ်ငြိမ်နေရမတဲ့။

၃။

    မနက်စောစောကတည်းက လူတွေရှုပ်ရှုပ်ယှက်ယှက် ဖြစ်နေတယ်။ ကျွန်တော် လူတွေအားလုံးကို သေချာလိုက်ကြည့် ချင်လာတယ်။ ဒါနဲ့ စေတီတော်တစ်ဝက်လောက်မှာရှိတဲ့ စင်လေးပေါ်တက်လာခဲ့တယ်။ အဲဒီပေါ်ဆိုရင် အရပ်လေးမျက်နှာက ထေဲ ဝင်လာတဲ့လူတွေ၊ ထီးတော်ကို လက်ယာရစ်သုံးပတ်လှည့်မယ့်အုပ်စု၊ အိုးစည်ဝိုင်း၊ ရှမ်းသိုင်းအဖွဲ့တွေ အားလုံးကို ဗွီဒီယိုနဲ့ မှတ်တမ်းတင်နေတဲ့ လူတွေအားလုံးကို မြင်နိုင်တယ်လေ။
    ကျွန်တော်စင်ပေါ်ကိုရောက်ရင်ပဲ ကိုရင်ဇောတိကနဲ့ ကိုရင်နန္ဒတို့ လိုက်တက်လာကြတယ်။
    ''ကိုရင်ကြီး ငြိမ်ငြိမ်နေနော်၊ လိမ့်ကျရင် ဒုက္ခများသွားမယ်''
    ကိုရင်ဇောတိက,က မထီမဲ့မြင်ပြောလာတော့...
    ''ငါခုန်ချဖို့ ဒီမှာလာနေတာ''လို့ ဘုတောလိုက်တယ်။
    ကိုရင်ငယ်နှစ်ပါးလုံး အဟုတ်မှတ်ပြီး ကြောက်သွားကြတယ်။အောက်ပြန်ဆင်းဖို့ကြိုးစားကြတယ်။ မနက်ရှစ်နာရီလေးဆယ်တိတိမို့ ပထမဆုံးထီးတော်အောက်ခြေကို မင်္ဂလာစည်သံနဲ့အတူ ဝါးလှေကားစောင်းအတိုင်း ပင့်တော်မူလာကြတယ်။ ဒီလှေကားတစ်ခုတည်း ရှိတာမို့ အောက်ဆင်းလို့မရတော့တဲ့အတွက် လှေကားအတိုင်း ပင့်တင်တော်မူလာတဲ့ ထီးတော်ကိုပဲ ထိုင်ဖူးရင်း နှုတ်က ဆုတွေတွတ်တွတ်တောင်းနေကြတယ်။
    အဲဒီအချိန်မှာပဲ ဂေါပကလူကြီးတစ်ယောက်က ဆွမ်းစားကျောင်းရှေ့ကနေ မူလအစီအစဉ်အတိုင်း ''မိုးကောင်မြို့၊ မန်လွယ်ရွာ၊ ရွှေဝင်းတောင်စေတီတော် ထီးတော်တင်ပွဲ(၁၉-၄-၈၄)'' ဆိုတဲ့ စာတန်းပါတဲ့ ပိတ်ဖြူစကို ရတဲ့လူဟာ ဆုငွေတစ်ရာကျပ်တိတိ ရမယ်လို့ ပိတ်ဖြူစနောက်ကျောမှာ ရေးထားတယ်။
    ပိတ်ဖြူစဟာ လေနှင်ရာရွေ့ရင်း ကျွန်တော်တို့ရှိတဲ့ စင်လေးနားကိုရောက်လာတယ်။ စင်လေးနဲ့ တော်တော်လေးနီး ကပ်လာတယ်ဆိုရင်ပဲ ဗြုံးဆို ကိုရင်ဇေတိကဟာ မတ်တပ်ရပ်ရင်း ပိတ်ဖြူစကို လှမ်းဖမ်းလိုက်တယ်။
    ''ဟာ''
    ''ဟင်...''
    ''ကိုရင်လေး၊ ကိုရင်လေး''
    လူသံတွေ ဆူညံသွားလို့ ကျွန်တော် ကြည့်လိုက်တော့ ကိုရင်ဇောတိကဟာ စင်လေးပေါ်မှာ မရှိတော့ဘူး။ ဝါးစင်လေးရဲ့ အခင်းအောက်မှာ ထိုးခံထားတဲ့ ဝါးလုံးတန်းကို လက်တစ်ဖက်နဲ့ ဆွဲခိုထားတယ်။ နောက် လက်တစ်ဖက်မှာတော့ မိုးပျံပူဘောင်း ငါးလုံးပါတဲ့ ပိတ်ဖြူစကိုတွေ့ရတယ်။    ကျွန်တော်ရင်ဟာ မင်္ဂလာဗျောစည်သံနဲ့အတူ ကျွန်တော့်နားဝမှာ ကျယ်လောင်လာတယ်။ ရုတ်တရက် ကျွန်တော် ဝမ်းလျား ထိုးပြီး ဝါးစင်ရဲ့ တစ်ဖက်အစွန်းမှာ ခြေနှစ်ချောင်းကို ချိတ်ကန်ထားလိုက်တယ်။ ကိုရင်နန္ဒက ကျွန်တော့်ခြေထောက်တွေကို လှမ်းဆွဲထားပေးတယ်။ ကျွန်တော့်လက်နှစ်ဖက်ဟာ ကိုရင်ဇောတိကရဲ့ ဝါးတန်းပေါ်ကလက်ကို ဆုပ်ကိုင်မိချိန်မှာ ''ကိုရင် ဟိုပိတ်စကို လွှတ်လိုက်ပါ။ ကိုရင့်ကိုလက်လှမ်းပေး''လို့ ခပ်လောလောပြောလိုက်တယ်။ ကိုရင်ဇောတိက,က ပထမ ကြောင်နေသေးတယ်။ မျက်နှာပျက်နေတာမို့''ကိုရင်မကြောက်နဲ့ ပိတ်စကိုလွှတ်၊ လက်ပေး''လို့ ပြောလိုက်တယ်။
    ကိုရင်ဇောတိကဟာ ပိတ်စကိုလွှတ်ရင်း ကိုယ်ပေါ်မှာ မမြဲတော့တဲ့ ကိုယ်ရုံကိုပါ လွှတ်လိုက်ပြီး ကျွန်တော့်လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်တယ်။
    ကျွန်တော် သူ့ကို အားနဲ့ဆွဲတင်ရင်း ''ကိုရင်၊ ဝါးတိုင်ကိုခြေနဲ့ တစ်ချက်ကန်ပေးပါ''လို့ ပြောရတယ်။ သူခြေနဲ့ကန်တဲ့အချိန်၊ ကျွန်တော်သူ့ကို အားနဲ့ဆွဲအမ၊ သူ့ကိုယ်တစ်ခြမ်းဟာ စင်လေးရဲ့ထောင့်စွန်းပေါ် ပေါ်လာတယ်။ ကိုရင်နန္ဒကလည်း လျှင်တယ်။ ကိုရင်ဇောတိကလက်ကို သူဖမ်းကိုင်လိုက်တယ်။ ကျွန်တော့်လက်တွေက ကိုရင်ဇောတိကချိုင်းအောက်ကို ရောက်သွားပြီး ဆွဲမ လိုက်တယ်။
    ကိုရင်ဇောတိကဟာ ကိုရင်ပိန်ညှောင် ဘွဲ့ရထားသူမို့ထင်ပါရဲ့ စင်လေးပေါ် စွေ့ကနဲရောက်လာတော့တယ်။
    ''ဟယ်''
    အောက်ဘက်ကလူသံတွေ ပြန်ထွက်လာတယ်။ကျွန်တော်တို့စင်ပေါ်က ကိုရင်သုံးပါးကတော့ သက်ပြင်းကိုယ်စီချ လိုက်ကြတယ်။
    ထီးတော်အခြေပိုင်း နေရာတကျ တင်ပြီးတဲ့ အထိမ်းအမှတ်အဖြစ် မင်္ဂလာစည်တော်သံကို ကျယ်လောင်စွာ ကြားလိုက်ရတဲ့ အထိ ကျွန်တော် ဘာစကားမှ မပြောမိသေးပါဘူး။ ကျွန်တော်တင်မဟုတ်ပါဘူး အားလုံး။ (အားလုံးလို့ ကျွန်တော်ထင်တယ်) ဘာစကားမှ မပြောကြဘူး။
    ကျွန်တော့်ရင်ထဲမှာ ကျွန်တော့်နားထဲမှာ မင်္ဂလာစည်သံတစ်ခုကလွဲလို့ ကျွန်တော် ဘာမှမကြားရဘူး။ ဘာဆိုဘာမှ မကြား ရဘူး။

မသီတာ(စမ်းချောင်း)
၁၉၈၇ ခု၊ ဇန်နဝါရီ လ၊ စံပယ်ဖြူ မဂ္ဂဇင်း


  

No comments:

Post a Comment