Wednesday 2 November 2011

ကော်တင်ခေါင်း

သည်နေ့ ခေါင်းလျှော်ရန် ရည်ရွယ်မထား။ သို့သော် သည်နေရာကို ရောက်နေပြီမို့ အားနာပါးနာ ခေါင်းလျှော်ရန် တွေးမိသည်။
သည်နေရာမှာက အလှပြင်ဆိုင်၊ ဗြူတီပါလာ စသဖြင့် ဆိုင်များ ရှိ လေသည်။ သည်တော့ သည်နေရာရောက်ခဲ့ပြီးမှ ခေါင်းမလျှော်ဖြစ်ခဲ့လျှင် အားနာစရာ။ သည်နေရာကို အားနာစရာ။ သည်ဗိုလ်ချုပ်ဈေးကို အားနာ စရာ။
x x x
ခေါင်းလျှော်ရန် အလှပြင်ဆိုင်၊ ဗြူတီပါလာတို့ကို တကူတက သွားရန် မလိုပါ။ သို့သော် ကျွန်မမှာက ရောဂါတွေ ရှိနေသည်။ ရေနှင့်မတည့်သည့် ရောဂါ။ ရေပမာဏများများကို ခပ်ကြာကြာ ထိတွေ့လျှင် ဖြစ်ပေါ်လာတတ် သည့် အရေပြားနီမို့ဖောင်းအစ်ခြင်း၊ အသက်ရှူလမ်းကြောင်း ရောင်မို့ ပိတ်ဆို့ခြင်း၊ ခေါင်းအုံလာတတ်ခြင်း၊ တစ်ခါ ခေါင်းငုံ့လျက် အချိန်ကြာကြာ မနေနိုင်သည့်ရောဂါ၊ နားတွင်း ခေါင်းပြန်ရည်များသည် ခေါင်းငုံ့စဉ်တွင် အခြေပျက်ကာ မူးဝေရီလည်လာခြင်း၊ နားထင်အုံခဲလာခြင်း။
ထို့ကြောင့် ဆံပင်ပုံစံမပျက်လိုခြင်း၊ သက်သာခို ဇိမ်ခံလိုခြင်းမရှိသော် လည်း အလှပြင်ဆိုင်၊ ဗြူတီပါလာ များစွာသို့ ရောက်ခဲ့ဖူးပါသည်။ ယခုလို ပင် အခါအားလျော်စွာ နေရာအားလျော်စွာ။
x x x
နေရာနှင့် အခါအားလျော်နေပြီဖြစ်သော်လည်း နောက်ထပ် နေရာ စဉ်းစားရပါသည်။ သည်ဈေး၏မြောက်မြားလှစွာသောအလှပြင်ဆိုင်များ အနက် မည်သည့်ဆိုင်တွင် ခေါင်းလျှော်ရမည်နည်း။
တကယ်တော့ သိပ်လည်းရွေးစရာမရှိလှ။ ပုံစံကောင်း လက်ရာကောင်း စရာမလို။ လူရှုပ်ထွေးကာ စောင့်ဆိုင်းစရာလည်း မလို။ ခေါင်းမငုံ့ဘဲ လျှော် ပေးနိုင်မည့်နေရာဖြစ်ရန်သည် လိုသည့် ဆိုင်ဆိုသည်က သိပ်မရှိလှချေ။
သည်တောင်ဘက်တန်းအပေါ်ထပ် အနောက်ဘက်စွန်းမှာ ဆိုင်တစ် ဆိုင် တွေ့ရသည်။ အပ်ချုပ်ဆိုင်နှင့် တွဲလျက် ဖွင့်ထားသည့်ဆိုင်တစ်ဆိုင်။ ဆိုင်ရှင်ဟုယူဆရသော အမျိုးသမီးနှစ်ယောက်သာ ရှိနေသည်။
သည်မှာ သည်ဆိုင်ထဲ ဝင်ဖြစ်တော့သည်။ သည်မှာ အားနာခြင်း စ သည်။
''ခေါင်းလျှော်ချင်လို့''
အားပေးပြုံးနှင့် ပြောဖြစ်သည်။ ရှေ့ဆံပင်အမောက်၊ နောက်တွဲဆံထုံး နှင့် ခပ်ငယ်ငယ်အမျိုးသမီးက 'ဟုတ်ကဲ့၊ လာပါ' ဟု အားတက်သရော ဆိုသည်။ ကြွေရေစင်နားက ကြိုးအိကုလားထိုင်ကို လက်ညှိုးညွှန်ပြသည်။ နောက် မှန်တင်ခုံရှည်၏အစွန်ဆုံးမှန်တံခါးကို တွန်းဖွင့်ပြီး မျက်နှာသုတ် ပဝါထုတ်လာ သည်။
ကုလားထိုင်မှာ ထိုင်ချလိုက်စဉ်မှာ မျက်နှာသုတ်ပဝါငယ်က ပုခုံး တစ် ဖက်တစ်ချက်ပေါ် ကျလာသည်။ အလေ့အကျင့်အရ အလိုက်သင့်ပင် ခေါင်းမော့ကာ ကြွေရေစင်ဘောင်ပေါ် မှေးနေလိုက်သည်။
ကုလားထိုင်နှင့်ကပ်လျက် ပြတင်းဘောင်ပေါ်မှ စာကလေးတစ်ကောင် ပျံပြေးသွားသည်။
နဖူးပေါ်ဝဲကျနေသော ဆံစများကို အမျိုးသမီးက သပ်တင်လိုက်ရင်း ရေပန်းပိုက်ခေါင်းငယ်မှ ရေများနှင့် စွတ်စိုစေသည်။ စိမ့်ခနဲ အေးသွားသော အထိအတွေ့က ပြတင်းဝမှ မြင်ရသော တိမ်ဖြူကျဲပက်ကောင်းကင်ပြာကို တွေ့နေရသည့် အမြင်အတွေ့နှင့် သဟဇာတဖြစ်လှသည်။
ခေါင်းစလျှော်ဖြစ်ပြီ။ အားနာစပြုသည်။
x x x
ရေစိုအိနေသော ဆံစုများအပေါ် ခေါင်းလျှော်ရည်မွှေးတွေ လောင်းချ ပွတ်သပ်ရင်း ဦးခေါင်းခွံကိုပါ ဖွဖွကုတ်ခြစ်ပေးနေသည်။ လက်သည်းရှည် တွေက နဖူးပြင်ဆံစမျဉ်းသတ်မှ နားထင်၊ နောက် ချိုစောင်း၊ နောက်စေ့၊ တစ်ခါ နားထင်၊ နဖူး၊ ချိုစောင်းစသဖြင့် ခေါင်းခွံအနှံ့ ဖိဖိဖွဖွ ကုတ်ခြစ်ရင်း ခေါင်းလျှော်ရည်မွှေးအမြှုပ်တွေကို ဆွနေသည်။ စိတ်ရှည်လက်ရှည် စိတ် ပါလက်ပါ။
အေးစက်အိစိ အထိအတွေ့က အဖြူရောင်အမြှုပ်တွေနှင့် ပွထနေ မည့် ခေါင်းခွံပိုင်း ကို မြင်ယောင်စေ သည်။ ကောင်းကင်ပြာပေါ်က တိမ်ဖြူ အုပ်တွေလိုဖြစ်နေ မလား။ ပြတင်းတံခါး စိမ်းစိမ်းနှင့် လျှပ်စစ်ဓာတ်ကြိုးလေး ပြိုင်တန်းကို ငေးခွင့်ရနေသည့် အရသာ။
ပြတင်းဘေင် ကန့်သတ်သမျှ လေးထောင့်ဘောင်ထဲမှ ဖျတ်ခနဲ ဖျတ် ခနဲ တိုးဝင်လာသည့် လက်တစ်ဖက်ကို အားနာမိသည်။ သည်လက်ရှင်ဟာ ခေါင်းလျှော်ရည်မြှုပ်တွေကို မျက်နှာအစိတ်အပိုင်းများဆီ မရောက်နိုင်ရန် ကြိုးစားနေရသည်။ ဖိဖိဖွဖွကုတ်ခြစ်နေသည့် ဦးခေါင်းခွံ အနာအကျင်မဲ့  ရှင်းသန့်သွားစေရန် အားထုတ်နေရသည်။ ထိုမှ ခေါင်းလျှော်ခံသူ စိတ်ကျေ နပ်အောင်။ တစ်ဆင့် နောက်ထပ် သည်နေရာသို့ လာချင်အောင်။ သို့မှ သာ သူ့ဆိုင်လေးအတွက် အရင်း။
တကယ်တော့ သည်လိုနေရာမျိုးမှာ သည်လိုဆိုင်မျိုးလာဖွင့်ရသည်က ပင် အားအတော်မွေးခဲ့ရမည်။ သည်လို ကြေးချွတ်လိုအင်မများသူများနှင့် မျက်စိလည် လမ်းမှားသူများ မလာလျှင် အားနေတတ်သည်ကိုလည်း ကြို တွေးခဲ့မည်။ အားနာတတ်သည့်အခါမှာလည်း အားမငယ်ဘဲ နေတတ်ရ မည်။ ဧည့်သည် ရံခါသူတို့အခေါ် 'ခေါင်း' တွေ အလုပ်ပေးရန် လာစဉ် မှာလည်း အားကြိုးမာန်တက် လုပ်ပေးတတ်ရမည်။ တတ်မှတ်သမျှ အားရ ပါးရ ညှပ်၊ လျှော်၊ ကောက် ပြုပြင်ပေး သူတို့အခေါ် 'ကိုင်ပေး' တတ်ရမည်။
လက်မောင်းရင်းကားပြီး လက်ဖျားမှာ လက်ဖျံကြွက်သားနှင့် အံကျ တင်းရင်း ချပ်ရပ်နေသည့် အင်္ကျီလက်ပုံဟန်ကြောင့် မျက်ဝန်းရှေ့က လက် မှာ ဣနြေ္ဒရနေသည်။ သို့သော် လက်မောင်းရင်း ချိုင်းနေရာမှာ အရောင် တွေ ပြယ်လွင့်။ အဖြူခံပေါ်က လခြမ်းအပြာ၊ ခက်နွယ်အစိမ်း၊ ကြယ် လိမ္မော်အနီရောင်တွေ ပြယ်လွင့်။ အားနာစရာကောင်းသည့်တော့ အမှန်။
x x x
ခေါင်းလျှော်ရည်မြှုပ်တွေ စင်ကြယ်ရှင်းသန့်သွားချိန်မှာ ခေါင်းက အတော်ပေါ့ပါးသွားသည်။ တစ်ဖန် အတော်လည်း အေးစက်သွားသည်။
အို... နွေးတေးတေး ခေါင်းလျှော်ရည်မွှေးတစ်မျိုးက စိုနူးဆံစများ ပေါ် ရောက်လာပြန်သည်။ နဖူးနားတချို့၊ နားထင်နားတစ်ချို့၊ ငယ်ထိပ် နားတစ်ချို့၊ လက်တွေ လှုပ်ရှားသွားပြန်သည်။ ဖိဖိဖွဖွကုတ်ခြစ်။ ညင်ညင် သာာ လှုပ်ယမ်း။ အေးစက်အိစိအမြှုပ်တွေ။
ပထမအကြိမ် ရေစင်ဆေးပြီးချိန်မှာပင် ကိုယ့်ဘာသာ သိသောအအေး မှတ်က ဆုံးခါနီးပြီ။ ထို့ကြောင့် နောက်တစ်ကြိမ်ခေါင်းလျှော်ရည်မြှုပ်အဆင့် မှသည် ရေစင်ဆေး စိုနူးရှင်းသန့်အဆင့်ထိ အအေးခံရန် မဖြစ်နိုင်တော့။ ဆိုးဆိုးရွားရွား မဖြစ်လျှင်တောင် ဦးခေါင်းခွံနေရာအနှံ့မှာ မို့မောက် အဖု အပိမ့်အနည်းငယ်နှင့် ဘောက်ချေးမဲ့ ယားယံနေတော့မည်။
သို့သော်... ခေါင်းလျှော်ရည်အမြှုပ်တွေက တစ်ခေါင်းလုံး နှံ့နေပြီ။ ခုချိန်မှ မကြိုက်ဘူးဆိုလျှင် အားနာစရာ။ အမြန်လုပ်ပေးဖို့ နှိုးဆော်ရင် ရော...။
ဗိုလ်ချုပ်ဈေးလိုဈေးမျိုးမှာ ဆိုင်ခန်းတစ်ခန်းရအောင် ကြိုးစားရင်းနှီး ပြီး မျိုးတူအလှပြင်ဆိုင်တွေနှင့် အပြိုင်ကြဲနေသည့်အမျိုးသမီး။ ခေါင်းများ များမကိုင်ရလျှင်တောင် ကိုင်ရသမျှခေါင်းကို ဂရုစိုက်ချင်ပေမည်။ ကိုင် ရသည့်ခေါင်းမှာ ပညာပြစရာမရှိသော်လည်း ဂရုစိုက်မှု၊ အားထုတ်မှုကို တော့ ပြလိုက်ချင်မည်။ စိတ်ရှည်မှုကို သိစေချင်မည်။ စိတ်ချရမှုကို သိစေ ချင်မည်။ မတတ်လို့၊ မဖော်ရွေလို့၊ ပျင်းလို့၊ မသေချာလို့၊ လက်လွတ်စပယ် နိုင်လို့ သူအားနေတာ မဟုတ်ကြောင်း ပြချင်ပေမည်။ အထူးသဖြင့် စခေါင်း လျှော်ကတည်းက ခုထိ ခေါင်းအသစ်မရောက်လာသေးသည့်ကာလမျိုးမှာ။ အားလုံးပြီးလျှင် 'နောက်လာခဲ့ဦးပေါ့' ဟု ဖောက်သည်စုစကားမျိုးပင် ပြော ချင်နေဦးမည့်ကာလမျိုးမှာ...။
အားနာပါးနာ နှုတ်ဆိတ်ရင်း ရောဂါစလျှင် သက်သောင့်သက်သာ ဖြစ်ရန် ဆုတောင်းနေမိသည်။ မြန်မြန်ပြီးဖို့ ဆုတောင်းနေမိသည်။
သို့သော် အားတုန်းကိုင်ရသည့်ခေါင်းမို့ပဲလား။ ကိုင်ရခဲသည့် ခေါင်း မို့ပဲလား။ လွယ်လွယ်ကူကူ ရောက်လာပြီး ဇီဇာမကြောင်၍ပဲလား မဆိုနိုင်။ ဆံပင်သာ မြေချောင်းမြေခဲဆို ခေါင်းမှာ ဗွက်ထလောက်ပြီ။
သို့သော် သူလုပ်တတ်သမျှ လုပ်တတ်သလို လုပ်ပြချင်ရှာမှာဆိုသည့် အတွေးက ခံတွင်းမှာ စေးထန်းဆို့ပိတ်နေသည်။ အားနာစရာ။
x x x
မှန်တင်ခုံရှည်ရှေ့တွင် ကုလားထိုင်အနီလေးပေါ်ရောက်တော့ အတော် နွမ်းနေပြီ။
အမျိုးသမီးကတော့ မမောနိုင်အား။ ဆံစများကို မျက်နှာသုတ်ပဝါ နောက်တစ်ထည်နှင့် ဖွဖွညင်သာ ပွပ်သပ်ခြောက်သွေ့နေစေသည်။ ဆံစ များကို ဖွတတလှုပ်ခါလိုက်သည့် အခါမှာ ရေစက်ရေပေါက် အချို့နှင့်အတူ ဆံစကို ငုတ်တိလေးများပါ ကျလာတတ် သည်။ နောက်ထုတ်လိုက် သည့် မျက်နှာသုတ်ပဝါထဲမှ ဖြစ်မည်။
ဆံပင်အလှပြင်ဆိုင်တစ်ဆိုင်၏မျက်နှာသုတ်ပဝါများအားလုံးမှာ ဆံစ တိုငုတ်တိလေးများ ကပ်ငြိနေနိုင်ပြီး ဆံပင်လျှော်သူများအတွက် သီးသန့် မျက်နှာသုတ်ပဝါမထားတတ်ကြောင်း အတွေ့အကြုံအရ သိထားခဲ့ပြီ။ သို့ စင်လျက် သည်ဆံစတိုငုတ်တိလေးများနှင့်နွှယ်၍ အမျိုးသမီးကို စိတ်ကွက် ကာ မျက်နှာသုတ်ပဝါ လှယ်ပေးရေး တောင်းဆိုဖို့ကတော့ အားနာစရာ။
သည်လိုပင်။ ဆံစတိုငုတ်တိလေးများပါသည့် ဆူးလုံးလိုဘီးကို မသုံး ရေး တောင်းဆိုဖို့ အားနာစရာ။
အားနာစရာကောင်းသမျှ တွေးနေချိန်မှာ အမျိုးသမီးက ဆူးလုံးဘီးကို အကျကိုင်ကာ ဆံပင်ကို ပုံဖော်ခြောက်သွေ့နေစေပြီ။ ဆံစခြောက်သွေ့ စက်၏ အပူငွေ့များကို ဆူးလုံးဘီးနှင့် ရစ်နွှယ်နေသည့် ဆံစများပေါ်  ကျ ရောက်ထိတွေ့နေစေပြီ။
မျက်နှာသုတ်ပဝါကြောင့် မစိုရွှဲတော့သည့်ဆံစများသည် ဆူးလုံးဘီး ၏ ကွေ့ဝိုက်ကော့ပြန်လိမ်ခေါက် ဆွဲရာနောက် အလိုက်သင့်ပါရင်း ခြောက် သွေ့စပြုပြီ။ သို့သော် ဘယ်တစ်ခြမ်းတည်း။
ခြောက်သွေ့သွားသည့် ခေါင်းတစ်ခြမ်းက နေလို့ရှင်းသလောက် အေး စက်နေသေးသော ခေါင်းတစ်ခြမ်း ကဖြင့် ယားယံစပြုနေပြီ။
အမျိုးသမီးကတော့ ဘယ်ခြမ်းက ဆံနွှယ်များကိုသာ အထပ်ထပ် အတွန့်တွန့်ဖြီးသင်၍ရအောင် ဆူးလုံးဘီး၊ ဆံစခြောက်သွေ့စက်တို့အကူ ဖြင့် လက်ကစားဆဲ။ မှန်ထဲက ခေါင်းမှာ တစ်ခြမ်းစိုစွတ်၊ ဆံနွယ်စိုအချောင်း အမျှင်များ ကပ်တချို့ ထောင်တချို့၊ ကျန်တခြမ်းက ဆူးလုံးဘီးဒဏ်အရ ရှုပ်ပွကွေ့ကောက် ကော့လန်၊ ဖွာဆန်။
ပုံကျပန်းက ခေါင်းတစ်လုံး ဖြစ်ကျန်ဖို့ထက် ခြေက်သွေ့ သပ်ရပ်ခေါင်း တစ်လုံးကိုသာ မျှော်လင့်ကြောင်း၊ ထို့ကြောင့် ခပ်မြန်မြန် ခြောက်သွေ့စေ ကာ သာမန်ဘီးကျဲနှင့် ရိုးရိုးရှင်းရှင်းဖြီးသင်ပေးစေလိုကြောင်း။ သို့သော်...
ဗိုလ်ချုပ်ဈေးလိုနေရာမျိုးမှာ...။ အပြိုင်အဆိုင်...။ ပညာ ပြခွင့်...။ ပရိသတ်ဖောက်သည်ခေါ်ခွင့်...။ ကြိုးစားမှုကို အသိအမှတ် ပြုပေးသင့်ခြင်း...။ ထို့ကြောင့်...။
အားနာစရာကောင်းတာတွေ မပြောနှင့်တော့။
x x x
မျက်စိရှေ့မှာတင် ဆံနွှယ်တို့သည် ခေါင်းမလျှော်ခင်က အနေအထား အတိုင်း မဟုတ်တော့ ရှုပ်ပြွ<ွကရောင်းလာသည်။ ဘယ်ညာခွဲကြောင်းအစ မှာ ဘယ်ဘက်ကို ဆံနွှယ်များများသိမ်းပြီး ခပ်မောက်မောက်၊ နောက်မှ လျောစင်းပြေပျော့။ ညာဘက်ကို အထပ်ထပ်ကော့ကွေ့။ ချိုစောင်းနားမှာ ရှုပ်ပွေပွေ ကောက်ခွေခွေ။ နောက်ဘက်မှာ ဘယ်ညာဆံနွှယ်တွေ ယှက်သန်း ထပ်ပြု။
ဘီးကြဲကို အမျိုးသမီး ကိုင်လိုက်သည်။ ရှင်းပေးတော့မည် ထင်ပါရဲ့။
မဟုတ်။ ဟိုသည် ဆက်ဖွကာ ဘယ်မောက်ပြေလျော၊ ညာကွေ့ဝိုက် ဝန်း၊ နောက်ဘက် အထပ်ထပ်ယှက်နွှယ်။ သည်ပုံကိုပင် အပေါ်က မထိ ရက် မကိုင်ရက်သလို တို့တို့တိတိ ဖြီးပေးလိုက်သည်။
ဗုဒ္ဓေါ၊ အားနာစရာ...။ မဟုတ်ဘူး၊ ကျန်တာထား။ သည်မောက် မောက်ထောင်ထောင်ကြီး။
''ဟို... ဒီအမောက်ကြီး မလိုချင်ဘူး၊ နဖူးပေါ် ခပ်ဝဲဝဲပဲ ဖြစ်တာ ကောင်းမယ်ထင်တယ်၊ နို့မဟုတ်ဆို နဖူးက ရှင်းပြောင်ပြောင် အမောက် က ထောင်ထောင် ရယ်စရာကောင်းနေသလားလို့...''
အားနာပါးနာပေမဲ့ တစ်ခွန်းတော့ ဆိုဖြစ်သွားသည်။ သို့သော် အားနာ သည်ကတော့ အမှန်။
@@@@
နိုင်လွန်ပိုက်ကွန်စတစ်ခုက ခေါင်းပေါ်ရောက်လာသည်။
ဘာလုပ်မယ်မှန်းမသိပေမဲ့ ထပ်ငြင်းဖို့ရော၊ ထပ်တောင်းဆိုဖို့ရော မ ကောင်းသေးဘူး ထင်သည်။ ခဏခဏ များ ဖြစ်နေမလား။ ဒါဆို အားနာ စရာ။
ရွှီး..ရွှီး..အသံနှင့်အတူ ပလပ်စတစ်ဘူးငယ်ထဲက အရည်အချို့ ဆံပင်ပေါ် ပိုက်ကွန်ပေါ် ကျလာသည်။
''ကော်ဆိုလို့ သတိရတယ်'' ဟု အစချီကာ အပ်ချုပ်ဆိုင်အလုပ်တွေ လုပ်နေသည့် မျက်မှန်နှင့် အမျိုးသမီးကို စကားလှမ်းပြောမှ ခေါင်းပေါ်ကအရည်တွေသည် ကော်ရည်တွေမှန်း သိရသည်။
အားနာနာနှင့်ရော၊ ပြီးသွားပြီမို့ရော စိတ်လျော့လိုက်ဖို့ဆုံးဖြတ်သည်။
ပိုက်ကွန်ပေါ် လက်အသာတင်ကာ ဆံစခြောက်သွေ့စက်နှင့်အပူငွေ့ ပေးသည်။ ဆံနွယ်တွေနဖူးပေါ် ကပ်ကာ ဝဲပျံသွားသည်။
ကော်တွေနှင့် တောင့်ရောင့်မျှင်တန်းနေသည့် ဆံနွယ်တွေသည် အား မနာခြင်း၊ အားနာခြင်းတို့၏ ရလဒ်အဖြစ် ကျန်ရစ်သည်။
x x x
ကျသင့်ငွေပေးစဉ်မှာ 'ကော်' မုန်းသည့်အတွင်းစိတ်မပေါ်အောင် ခေါင်းထပ်လျှော်ချင်သည့် အတွေးမပေါ်အောင် သတိထားရသည်။ ပေါ်လွင် သွားလျှင် အားနာနေရဦးမည်။
''ကျေးဇူးတင်ပါတယ်'' ဟု သူက ဆိုတော့ ''နောက်လည်း ခေါင်းလျှော် ချင်ရင် လာဦးလေ'' ဟု မခေါ်မီမှာပင် ''ကျေးဇူးတင်ပါတယ်'' ဟု အားနာ စွာ နှုတ်ဆက်ခဲ့တော့သည်။
မသီတာ(စမ်းချောင်း)

No comments:

Post a Comment