Sunday 13 November 2011

တောင်းဆုရေစီး

အတာ လေးတန်းနှစ်က ဖြစ်ပါသည်။
''မေမေ...နောက် ဒီငါးသေးသေးလေးတွေ မချက်ပါနဲ့ဗျာ၊ အောင် အရိုးစူးတယ် သိလား''
''ဟုတ်တယ် မေမေ၊ အတာလည်း မစားတတ်ဘူး''
''ကျော်ကတော့ လုံးဝကို မကြိုက်တာ မေမေ''
အတာတို့ မောင်နှမသုံးယောက်လုံး မညီညွတ်စဖူး ညီညွတ်စွာ မေမေ့ ငါးဟင်းကို ဆန္ဒပြခဲ့ကြပါသည်။ မေမေသည် သက်ပြင်းချရင်း 'ဈေးထဲ မှာ ဘာမှမရှိဘူး သမီးတို့သားတို့ရဲ့' ဟု ပြန်ပြောသောအခါ အတာ မေမေ နှင့်ဈေးမလိုက်ခဲ့သော်လည်း တစ်ဈေးလုံးသည် ငါးသေးသေးလေးတစ်မျိုး တည်းရှိမည်ဟုတော့ အတာမယုံခဲ့ပါ။
''သမီးတို့ သားတို့ရေ... သားတို့ကမှ ခုလို ငါးသေးသေးနဲ့ ထမင်း စားနိုင်သေးတာ၊ ဖေဖေတို့ရုံးက အရာရှိကြီးတစ်ယောက်ဆို သိပ်သနားဖို့ ကောင်းတာပဲ သိလားမေမေ၊ ဦးမောင်မောင်ပေါ့၊ မနက်က ရုံးမှာ လက်ဖက် ရည်ဆင်းသောက်ရင်း ပြောပြတာ ခင်ဗျားတို့တိုက်လို့ စားရသောက်ရပေ မဲ့ စိတ်မကောင်းဘူးဗျာ တဲ့၊ အမှန်က သူက ရာထူးအကြီးဆုံးဆိုတော့ သူ တိုက်သင့်တာပေါ့လေ၊ မနက်က သူရုံးလာတော့ ထမင်းနဲ့ ငန်ပြာရည်နဲ့ လူးလဲစားခဲ့ရသတဲ့၊ ဖေဖေတို့ဖြင့် ယုံတောင်မယုံဘူး၊ သူက တကယ့်ကို ဝမ်း ပန်းတနည်း ပြောပြလို့သာ''
သူက သားသမီး ဆယ်ယောက်လား ရှိတာနော်''
ဖေဖေ့စကားမဆုံးမီမှာ မေမေက ညည်းသံနှင့် ဝင်ပြောခဲ့ပါသည်။
''အဲဒါပြောတာပေါ့၊ သားသမီးကများ စရိတ်စကဈေးနှုန်းတွေက ကြီး မားဆိုတော့ ဖေဖေ့လခနှစ်ဆနီးနီး ရပေမဲ့လည်း သူတို့မိသားစုခမျာ အဆင် မပြေရှာဘူးပေါ့၊ သားတို့သမီးတို့လိုတောင် အရိုးများသလေး ဘာလေး ချေး မထူနိုင်ဘူးလေ၊ ငန်ပြာရည်နဲ့ နယ်စားခဲ့ရသတဲ့၊ ကဲ... ဘယ်လောက် တင်းတိမ်နိုင်သလဲ၊ နောက်တစ်ခု သားတို့သမီးတို့ မှတ်ထားဖို့က သူ ဒီ လောက် အနေအစား ဆင်းရဲပေမဲ့ မဟုတ်တာ မမှန်တာ ဘာတစ်ခုမှ မ လုပ်ဘူး၊ သူ့အလုပ်အပေါ် သူသစ္စာရှိတယ်၊ ဒါကြောင့်လည်း တစ်ရုံးလုံး သူ့ကို လေးစားတာပေါ့''
ရိုးသားပြီး သစ္စာရှိခြင်းကြောင့် တစ်ချိန်မှာ ကြီးပွားချမ်းသာသွားသည့် ပုံပြင်၊ ဇာတ်ကြောင်း ဖတ်စာများစွာနှင့် ရင်းနှီးခဲ့သော အောင်က 'သူ တစ် နေ့နေ့တော့ သားတို့လို တစ်ပတ်တစ်ခါ ကြက်သားဟင်း စားနိုင်လာမှာ ပေါ့နော်' ဟု ပြောခဲ့လေသည်။
ရုပ်ရှင်ဇာတ်ပွဲကြည့်၊ ရေဒီယိုဇာတ်လမ်းပုံပြင်နားထောင်၊ ရွှေသွေး၊ တေဇ၊ လှပဖတ်မြည်း၊ ခံစားမိလျှင် မျက်ရည်လည်ရွဲဖြစ်နေကျ၊ အတာက တော့ ညအိပ်ရာဝင်ခွဲတမ်းနို့ခွက်လေးကို အမြန်မော့ကာ ဘုရားစင်ရှေ့ မှာ အကျအနထိုင်၊ သြကာသနှင့် ငါးပါးသီလရွတ်ဆို ဝတ်ဖြည့်ကာ ''ဖေ ဖေပြောပြတဲ့ အရာရှိကြီးအမြန်ဆုံး ချမ်းသာလာပါစေဘုရား၊ သူ့ကို ကယ် မယ့်သူ အမြန်ပေါ်ပါစေဘုရား၊ သူတို့သနားပါတယ်ဘုရား၊ ပိုက်ဆံတွေ အများကြီး ကောက်ရပါစေဘုရား၊ သိန်းဆုတွေ ငါးဆုလောက်ပေါက်ပါစေ ဘုရား၊ သူတို့ကို သနားသောအားဖြင့် သူတို့အဆင်ပြေမယ့် တစ်နေ့နေ့ မြန်မြန်ရောက်အောင် လုပ်ပေးပါဘုရား'' ဟု တတွတ်တွတ် တိုင်တည် တောင်းဆုပြုခဲ့လေသည်။
အတာ ဆယ်တန်းနှစ်က ဖြစ်ပါသည်။
''ငါးသလောက်က အရူးနူးအောင်ပေါင်းရင် ကောင်းမယ်ဗျာ''
''ဟုတ်တယ်မေမေ၊ အရိုးရှောင်နေရတာနဲ့ ထမင်းစားရတာ ကြာနေ ရော၊ မမြန်တော့ဘူး''
''အို... ငါးသလောက်က ချိုပါတယ်''
သားဈေးငါးသလောက်ဈေးနှင့် မီးသွေးဈေး၊ မီတာခတို့အကြောင်းရင်း နှီးစပြုလာသောအတာသည် မောင်ငယ်နှစ်ယောက်၏စကားကို ငယ်ငယ် ကလို မထောက်ခံဖြစ်ခဲ့ချေ။ မေမေကလည်း ဟိုတုန်းကလို 'ဘာမှမရှိဘူး' ဟူသော ဆင်ဝှေ့ရန်ရှောင်စကားမှ မဆိုခဲ့တော့။
''သြော်... ငါးသလောက်ဆိုလို့ နက်ဖြန်တောင် ဦးမောင်မောင်အိမ် မှာ ဆွမ်းကျွေးရှိတယ်၊ သူ့မွေးနေ့အထိမ်းအမှတ်အနေနဲ့ရော ရာထူးတိုးတဲ့ အတွက်ရောပေါ့၊ အဲဒါ ကိုယ်တို့တောင် ဒီနေ့ဈေးသွားပြီး ငါးသလောက် ရှာဝယ်ပေးလိုက်ရသေးတယ်''
''ဖေဖေတော့ ရက်ဆက်ပြီး အိပ်ချင်နေတော့မှာပဲနော်''
ဖေဖေ့စကားမဆုံးမီမှာပင် အတာစကားလမ်းပြောင်းစေသည်။
''သမီးမှတ်မိလား၊ သမီးငယ်ငယ်က ဆုတွေအများကြီး တောင်းပေး တယ်ဆိုတဲ့ ဦးမောင်မောင်ပေါ့'' ဟု ဖေဖေက ထပ်ပြောခဲ့သည်။
''အောင်တို့ရော မပါဘူးလား ဖေဖေ၊ ဟင်းကောင်းကောင်းမတီးရတာ ကြာပြီဗျ၊ သည်လူကြီးဖိတ်ရင် ကောင်းမှာပဲ''
အတာက မှတ်မိကြောင်း ပြန်ဖြေရန် ကြိုးစားဆဲမှာပင် အောင့်စကား သံကြောင့် စကားလမ်းလွဲသွားခဲ့ပြန်သည်။
''ကဲ... စကားကောင်းမနေကြနဲ့၊ ဒီနေ့ ဘယ်သူ့နေ့လဲ၊ သောက်စရာ ရှိတာသောက်၊ ပြီးရင် စုဆေးရမယ်၊ စာစောစောကျက်ကြ''
''ကျော့်နေ့ မေမေ''
ကျော်က အလှည့်ကျခွဲတမ်းအရ နို့ဖန်ခွက်ကို ခပ်သုတ်သုတ် ကျိုက် ချပြီး ခွက်အလွတ်ကို အတာ့ထံကမ်းပေးခဲ့သည်။ မေမေနှင့် ပန်းကန်အတူ ကူဆေးရင်းမှ ''သြော်... ဦးမောင်မောင်တော့ အဆင်ပြေတဲ့တစ်နေ့ ရောက်သွားပြီပေါ့၊ ဖေဖေရော ရိုးရိုးကျင့်တဲ့ ဖေဖေ့ မြင့်မြင့်ကြံတိုင်းရော သားသမီးများပေမဲ့ စရိတ်စကဈေးနှုန်းတွေက အလျင်ကထက် ပိုပိုပြီး ကြီး လာတာကရော၊ စီးပွားရေးသမားတွေ ရိုးရိုးကျင့်မြင့်မြင့်ကြံလို့ ကုန်ဈေးနှုန်း တွေ မြင့်မြင့်တက်လာတာလား...'' ဟု ဘောဂဗေဒဘာသာရပ် သင်နေ ရပြီဖြစ်သော အတာ၏ကပေါက်တိကပေါက်ချာအတွေးတို့သည် ''သမီး ဖေဖေကတော့ သူများအတွက် ဝမ်းသာနေရှာတာပဲ၊ သူ့အတွက် ဝမ်းနည်း ရကောင်းမှန်း သူမသိသေးဘူးလေ၊ သူပဲ ကောင်းပါတယ်၊ သူ့ထက်အဆင် ပြေနေတဲ့သူတွေကိုမေ့ပြီး သူ့လောက်အဆင်မပြေတဲ့လူတွေကိုပဲ သူကြည့် နေတာကိုး၊ သူ အဆင်ပြေသင့်တဲ့အချိန်ရောက်သင့်ပြီလို့မှ သူမတွေးဘူး ထင်ပါရဲ့၊ ပင်စင်ယူရတော့မှာနဲ့ သားသမီးတွေ တက္ကသိုလ်ရောက်မှာနဲ့ အစစအရာရာ ဈေးကြီးမှာနဲ့'' ဆိုသည့် မေမေ့စကားကြောင့် ပို၍ လှုပ်ရှား သက်ဝင်ခဲ့ရလေသည်။
ည... သြကာသ၊ ငါးပါးသီလ၊ ဓမ္မစကြာရွတ်ဆိုဝတ်ဖြည့်အပြီးတွင် ''ဖေဖေ ပင်စင်မယူခင် လစာတိုးပါစေဘုရား၊ ပင်စင်ယူပြီးလည်း အလုပ် တစ်ခုခုရပါစေဘုရား၊ ဘုရားတပည့်တော်မတို့ မိသားစုဝင် ရိုးသားသော ဝင်ငွေသည် ထွက်ငွေထက် ကျော်လွန်ပါရစေဘုရား၊ တပည့်တော်မ ယခု နှစ် ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့အောင်ပြီး ရှေ့နေမကြီးဖြစ်ပါရစေဘုရား၊ တပည့်တော်မတို့မိသားစု အဆင်ပြေမယ့် တစ်နေ့နေ့ မြန်မြန်ရောက်ပါစေ ဘုရား'' ဟု ဝေဝေဆာဆာ တိုင်တည်တောင်းဆုပြုခဲ့လေသည်။
x x x
''မမရာ... ကျက်မနေစမ်းပါနဲ့ကွာ၊ ကျောင်းက ဖွင့်ဖို့အများကြီး လို သေးတာ၊ တစ်လနီးပါး ကျန်ပါသေးတယ်ဗျ''
''အို... မမှားပါဘူး''
''ဟား... ဟား... တို့မမတစ်ယောက် သနားပါတယ်ကွာ၊ ရှေ့နေ အမြန်ဖြစ်ချင်ပါတယ်ဆိုမှ စာပေးစာယူမို့ နှစ်ကကြာ၊ ခုတစ်ခါ စာမေးပွဲ က ရွှေ့ဆိုတော့ မမလုပ်သက်ပင်စင်ယူခါနီးမှပဲ ရှေ့နေဖြစ်တော့မယ် ထင် ပါရဲ့၊ ဆယ်တန်းအောင်တုန်းက ဂုဏ်ထူးလေး သနားပါတယ်နော်''
အောင်က သူ့ဗီဇအတိုင်း နောက်ပြောင်နေသော်လည်း စာစဉ်ကို ကိုင် ထားသည့် အတာ့လက်တွေ ကတုန်ကယင် ဖြစ်လာသည်။ အောင့်စကား ကို နားထောင်ရာမရောက်အောင် စာဆက်ကျက်ရန် ပြင်မိသော်လည်း ဖေ ဖေက ထမင်းစားတော့မယ်ဆိုသဖြင့် ထမင်းပွဲပြင်ရန် ထလိုက်ရသည်။
''ဟင်... ဒီနေ့လည်း ဒီအာလူးပါပဲလား၊ ဒါကြောင့် ဒီအိမ်ကလူတွေ စကားများကြတာ ပတေးတိုး တော့ခ်ကင်း(ဏသအအေသွှေူုငညါ) တွေလေ'' ဟု ကျော်က ထမင်းဝိုင်းရောက်မဆိုက် ပြောချလိုက်တော့ ''အာလူးတောင် ဘယ်ဈေးလဲ မေးပါဦးလား'' ဟု ပြန်ပြောချင်စိတ်က အတာ့ရင်မှာ အပြည့်။ သို့သော် သူလည်း အတာ့လို နေ့စားပုတ်ပြတ်တစ်ယောက်ပေပဲ၊ သူ့အိမ် အခြေအနေ သူ့အခြေအနေတော့ သိတန်ကောင်းပါရဲ့၊ တစ်ခါတလေလည်း လုပ်သားကောလိပ်ကျောင်းသားဘဝ လူငယ်စိတ်နှင့် လွတ်တက်မှာပေါ့ ဟု သာ ဖြေတွေးတွေးလိုက်လေသည်။ ဖေဖေနှင့်မေမေကတော့ မျက်နှာ မဖော် စတမ်း အာလူးချဉ်ဟင်းရည် အတွင်ဆမ်းကာ ထမင်းကိုသာ စားနေတော့ သည်။
''ဖေဖေရေ သားဒီနေ့တော့ သားဆက်ပေးတဲ့လူနဲ့ ဖေဖေ့ဦးမောင်မောင် တို့ ဈေးစကားပြောကြတယ်လေ၊ တည့်သွား ပြေလည်သွားမယ် ထင်ပါရဲ့၊ အဆင်ပြေလို့ကတော့ သားတော်တော်လေးရမှာပါ၊ လေးခွဲနဲ့တဲ့ဗျာ၊ လှလိုက် တာ သန့်လိုက်တဲ့ကား၊ အဲဒါပြောတာပေါ့ဗျ၊ ဖေဖေ ပင်စင်မယူခင် သား သင်္ဘောသားဖြစ်အောင် လုပ်ပေးခဲ့ပါဆိုတာ ဦးမောင်မောင်သားဆို ခုဘယ် နှစ်ခါရှိပြီလဲ၊ ကားပို့လာတာ၊ အဘိုးကြီးဖြင့် ပြုံးလို့ သူ့သားသုံးယောက်က သင်္ဘောပေါ်မှာလေ၊ သားကိုဖြင့် ငယ်သေးတယ်လေး၊ ဆယ်တန်းတောင် မအောင်သေးဘူးလေး၊ ဘွဲ့ရပြီးမှလေး ဘာလေးနဲ့ ဘာလုပ်ရမှာလဲ၊ ဖေဖေ ဘွဲ့နှစ်ဘွဲ့ရပြီး အရာရှိဖြစ်မှ ပင်စင်ယူတာပဲ၊ ဖေဖေ့လုပ်သက် နှစ်သုံးဆယ် ကျော် ဖေဖေဘာဝယ်နိုင်ခဲ့လဲ၊ ချယ်ဂါရီတစ်စီး တဲတစ်လုံးတောင် ဝယ်နိုင် လို့လား၊ ကွာတာကတော့ ဆီးစေ့နဲ့ မြင်းမိုရ်တောင်လိုဆိုတဲ့ အတိုင်းပါပဲ လားဗျ''
အောင်က ငါးပိရည်ကျို ရွှဲရွှဲဆမ်းထားသော ထမင်းလုတ်ကို ပလုတ် ပလောင်း လက်စသတ်ရင်းမှ အားတက်သရော မကျေမချမ်း ပြောနေလေ သည်။
''သား... မင်းဘာမှမသိပါဘူးကွာ''
''ဘာလို့မသိရမှာလဲ ဖေဖေရ၊ တကယ့်တကယ် လမ်းမရှာ၊ လမ်းမသိ တာက ဖေဖေဗျ၊ 'ရိုးရိုးကျင့် မြင့်မြင့်ကြံ' တဲ့ သားတော့ လှေထိုးကျင့်ပြီး လွှင့်ဖို့ပဲ ကြံတော့မယ်၊ တက္ကသိုလ်ဝင်ခွင့်တွေ ထွက်လာလည်း မလျှောက် တော့ဘူး၊ ဖြစ်တဲ့အဆက်အသွယ်နဲ့ လစ်မယ်၊ သား အဆင်ပြေတဲ့တစ်နေ့ မမနဲ့ ကိုကိုလည်း နေ့ကျောင်းပြန်တက်၊ ဖေဖေနဲ့မေမေလည်း ဘုရားလည်း ဖူး ရိပ်သာလည်း တရားအားထုတ်၊ အို... ကြိုက်သလိုနေကြ''
အောင်က စိတ်ကူးလေတံခွန်ကို မျှော်လင့်ချက်ကြိုးလျှော့ပြီး မြင့်သ ထက်မြင့် အောင် တင်နေသော်လည်း ကျန်လူတွေက မလှုပ်တလှုပ်။
အတာကတော့ 'ရိုးရိုးကျင့်တာချင်းအတူတူ  ဦးမောင်မောင်အဆင်ပြေ သောနေ့သည် စောစီးစွာ ရောက်လာခဲ့သော်လည်း ဖေဖေအဆင်ပြေသော နေ့သည် ယနေ့တိုင် အဘယ်ကြောင့် ရောက်မလာခဲ့သနည်း'ဆိုသော ပုစ္ဆာ နှင့် 'အောင့်လိုလူငယ်တွေ သက်စွန့်ဆံဖျား၊ သူ့ဆန်စားရဲရသည့် သင်္ဘော သားဘဝကို အဘယ်ကြောင့် သည်လောက်တမ်းတလိုလားနေရပါသနည်း' ဆိုသော ပုစ္ဆာနှစ်ပုဒ်ကို စိတ်ကူးနှင့် အဖြေထုတ်နေမိလေသည်။
''ကဲပါဗျာ... ငိုင်မနေကြပါနဲ့၊ သားလည်း ခုထွက်သွားမှာမှ မဟုတ် တာ၊ နောက်တစ်နေ့ရမယ့်ငွေအတွက် အကြိုအဖြစ် ငယ်ငယ်ကချစ်ခဲ့ရတဲ့ နို့ သောက်ရအောင် မမရေ၊ ချိုင့်တစ်လုံးပေးဗျာ၊ အောင်သွားဝယ်လိုက်ဦး မယ်''
ပြောပြောဆိုဆို သွက်သွက်လက်လက် လှုပ်ရှားတတ်သော အောင့် နောက်ကျော ပါးပါးလျားလျားကိုသာ အတာတို့ ငေးကြည့်မှင်တက်နေမိ လေသည်။
အောင် ဝေငှကမ်းပေးသည့် နို့ကျဲကျဲတစ်ခွက်စီကို တမြည့်မြည့် အရသာခံငုံရင်းမှ ဖေဖေက ''အောင်ရေ... လောဘကို သတ်မှတ်ပေါ့၊ ငါ့သားက လောဘတွေ သိပ်များနေပြီကွာ၊ အပိုတွေပါလိုချင်နေပြီ၊ တစ် နေ့နေ့မှာတော့ ဖေဖေတို့သားတို့ အဆင်ပြေလာရမှာပေါ့ကွာ'' ဟု လေပြေ ထိုးနှစ်သိမ့်လေသည်။
''ဘာတွေ အဆင်ပြေလာမှာလဲ၊ ဒီရေစီးထဲမှာပဲ မျောပြီး ငါးဟင်းကနေ အာလူးဟင်း...၊ အာလူးဟင်းကနေ ဆားဖြူး၊ တစ်စစနဲ့ အဖေ့မြေးတွေ လက်ထက်ကျရင် ကျောင်းနေစရာမလိုဘဲ 'ရိုးရိုးကျင့် မြင့်မြင့်ကြံ'ထုံးနဲ့ အဆင်အပြေဆုံး ရှာဖွေစုဆောင်းလာနိုင်မှာကိုလား၊ ခန္တီစတွေ အလောဘ တွေနဲ့ အဆင်ပြေအားဆေးမဲ့ဓာတ်စာမဲ့ အသက်ရှင်နိုင်မှာကိုလား''
အောင့် စကားတွေ အနှောင့်အသွားမလွတ်၊ ချွန်ထက်လာချိန်မှာတော့ ဖေဖေရောမေမေပါ ဘုရားစင်ရှေ့ရောက်လေသည်။
ယနေ့ည အတာ သြကာသ၊ ငါးပါးသီလ၊ ဓမ္မစကြာနှင့် မေတ္တာသုတ် ကို ရွတ်ဖတ်ပူဇော်ဝတ်ဖြည့်အပြီးမှာတော့ 'အစစအရာရာ အဆင်ပြေပါ စေ' ဟူသည့် တစ်ခုတည်းသောတောင်းဆုကိုသာ တိုင်တည်ဆုတောင်းမိ လေတော့သည်။
မသီတာ(စမ်းချောင်း)
ပန်ရုပ်စုံမဂ္ဂဇင်း၊

No comments:

Post a Comment