Wednesday 16 November 2011

အလို မလိုက်ပါရစေနဲ့တော့

 



လူငယ်တွေကို အလို လိုက်တယ်လို့ အပြော ခံရလောက်အောင် ဖူးငုံ စာမျက်နှာတွေက တစ်ဆင့် လူငယ်တွေကို မကြိမ်းမမောင်း မဦးမဆောင်နဲ့ နေခဲ့တာ နှစ်ပေါင်း များစွာပေါ့။
လူငယ်တွေ လုပ်ချင်ရာ လုပ်ခွင့် ရကြစေဖို့၊ ပြောချင်ရာ ပြောခွင့် ရကြစေဖို့ စိတ်စေတနာရဲ့ စေ့ဆော်မှုကြောင့် ကိုယ့်စကားကို သူတို့ နားထောင် ကောင်းစေလို့ တောင်မှ မအောက်မေ့ ဖြစ်ခဲ့ပါဘူး။ သူတို့စကားကို ကိုယ်အပါအ၀င် တခြားလူငယ်၊ လူကြီးတွေ နားထောင်ခွင့် ရဖို့သာ အမြဲစိတ်စော နေခဲ့တာပါ။ ဒါကြောင့် လူငယ်တွေ အတွက် ဘယ်လို နေထိုင်ပါလို့ တိုက်ရိုက် မိန့်ခွန်းမျိုး တစ်ခါဖူးမှ မခြွေဖြစ်ခဲ့ပါဘူး။ ကံအားလျော်စွာ ဖူးငုံ စာမျက်နှာပေါ်ကို ရောက်လာကြတဲ့ လူငယ်တွေကလည်း ကိုယ့်စိတ် အနှောင့်အယှက် ဖြစ်ရမယ့် အကြောင်းအရာတွေကို မရေး ခဲ့ကြတာကြောင့်လည်း ကိုယ် ယုံကြည်တဲ့ အတိုင်း လမ်းဆက်လျှောက် ဖြစ်တယ် ဆိုပါတော့။ ဒါပေမဲ့ ကြာလေ သတိထားမိလေ အကြောင်း တစ်ရပ်ကတော့ လူငယ်တွေ စာမဖတ် ကြတော့ဘူး ဆိုတာပါ။

တောရောမြို့ပါ ပျံ့နှံ့ အားကောင်းတဲ့ ခိုးကူး ရုပ်ရှင်ခွေ၊ ဇာတ်လမ်းတွဲတွေ ၀ယ်တဲ့ စရိတ်က စာအုပ် ငှားခထက် ဈေးချိုနေသလို ဘောလုံးပွဲနဲ့ ဘီယာဆိုင်တွေက တောကြို အုံကြားထိပါ ကပ်ရောဂါလို ကူးစက် လှိုက်စားနေလေတော့ လူတွေက စာဖတ်ဖို့ သတိတောင် မရကြတော့ပါဘူးတဲ့။ နေ့စဉ် ဂဏန်း တွက်နေကြရတဲ့ အတွက်လည်း စာဖတ်ဖို့ စိတ်ကူးရော အချိန်ပါ မရကြ တော့တာပါတဲ့။ ဒီတော့ လူငယ်တွေကလည်း စာမဖတ်ကြတာမှ အပြင်စာ မပြောနဲ့ ကျောင်းသင် စာတောင် မဖတ်ချင်ကြတော့ဘူးလို့ ဆိုပါတယ်။ နှစ်အတန်ကြာ ပြင်ပ ခရီးတွေနဲ့ ရှုပ်နေတဲ့ အတွက် မြန်မာပြည် တစ်နံတစ်လျားကို မျက်ခြည် ပြတ်ခဲ့ရာက စာပေ ဟောပြောပွဲတွေ ကျေးဇူးနဲ့ ပြည်တွင်းက လူထုတွေနားကို ချဉ်းကပ်ခွင့် ရလာခဲ့ပါတယ်။ အဲဒီ အခါမှာတော့ ခုနက ကြားခဲ့တာတွေ အားလုံးဟာ တကယ့် အမှန်တရားတွေပဲ ရယ်လို့ ဂဃနဏ ပိုသဘော ပေါက်လာရပါတယ်။

ဒါ့အပြင် ခေတ်စားနေတဲ့ စာသင်ဝိုင်း၊ ဘော်ဒါဆောင် ဆရာများရဲ့ ရင်ဖွင့်သံကနေ ဒီကနေ့ လူငယ်တွေရဲ့ အသံတချို့ကို အထိတ်တလန့် ကြားနာခွင့် ရခဲ့ပြန်ပါတယ်။ အဲဒါကတော့ ဖွံ့ဖြိုးမှု အားနည်းတဲ့ ဒေသတွေမှာ နေကြရတာမို့ အလုပ်အကိုင် အခွင့်အလမ်းကလည်း နည်းတာကို အကြောင်းပြပြီး ဆယ်တန်း အောင်ရင်လည်း ဒီလို ကာယအားကိုး အလုပ်မျိုးတွေပဲ လုပ်ခွင့်ရပြီး အတန်းပညာ မရှိသူတွေ ရှာနိုင်သလောက်နဲ့ မတိမ်းမယိမ်း ၀င်ငွေမျိုးလောက် ရမှာပဲ ဆိုကာ စာသင် ယူဖို့ကိုတောင် စိတ်မ၀င်စားကြပါဘူးတဲ့။ ဒီတော့ ကိုယ်အလို လိုက်ချင်နေသေးတဲ့ လူငယ် တွေရဲ့ဆန္ဒက ကျောင်းစာကိုလည်း ဟုတ်တိပတ်တိ မသင်၊ အပြင်စာကိုလည်း နည်းနည်းမှ မဖတ်ချင်ဘဲ ပွပေါက်တိုးမယ့် အလုပ်မျိုးတွေကိုပဲ ကာယ အားကိုးနဲ့ ရှာချင်နေတာ ပါလားလို့ တွေးမိ လာတာပါ။ ကိုယ် အလို လိုက်နေမိတဲ့ လူငယ်တွေထဲမှာ ဒီလူငယ်တွေ မပါတာက သေချာနေပါတယ်။ သူတို့က စာမှ မဖတ်ဘဲကိုး။ ဒါပေမဲ့ အဲဒီလို လူငယ်တွေက အများစု ဖြစ်နေပါလားလို့ အထိတ်တလန့် သိလိုက်ရပြန်တာပါ။

လူငယ်ဆိုတာ စူးစမ်းချင်တယ်၊ အကဲ စမ်းချင်တယ်လို့ သိထားပေမယ့် သူတို့အကဲစမ်း ချင်တာက ဘ၀ တစ်လျှောက်လုံးအတွက် မဟုတ်ဘဲ ရေတို တစ်ပွဲတိုး ကိစ္စအတွက် ကာယအားကိုး ပြီး ပွပေါက် တိုးအောင် ဆိုတာမျိုးလို့ သိလာရတော့ စိတ်မကောင်းတာ အမှန်ပါ။ ရွှေကျင်မယ်၊ ရေနံခပ်မယ်၊ တောင်ပေါ်တက်မယ်၊ နိုင်ငံခြား ထွက်မယ်ဆိုတဲ့ တစ်ပွဲတိုး ဖြေရှင်းနည်းတွေနဲ့ ဘ၀ကို ဖြတ်သန်းဖို့ တွေးလာကြတဲ့ အကြောင်းရင်း လက်သည်ဟာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး ဆိုတဲ့ အကြောင်း နောက်ခံအားလုံး ဖြစ်နိုင်နေတာပါ။ ဒါပေမဲ့ အဲဒီလို ဖြေရှင်းနည်းကို စံတစ်ခုလို လက်ခံပြီး ရည်ရွယ်ရာ ပန်းတိုင် တစ်ခုလို သဘော ထားလာကြတာကို သိလိုက်ရတော့ စိတ်ထဲ အတော်လေးထိခိုက်ကြေ ကွဲရပါတယ်။ အနာဂတ်ကို ပိုင်ဆိုင်ထားတဲ့ လူငယ်တွေက ရေတို ကြီးပွားရာ ကြီးပွားကြောင်းကို ပိုစိတ်ဝင်စားကြပြီး ရေရှည်အတွက် အမြော် အမြင်မဲ့ နေကြတာလောက် ကြေကွဲစရာ ဘယ်မှာ ရှိမှာပါလိမ့်။ ဒီလိုနဲ့ ကြေကွဲစရာ အတွေးစတွေ ဆက်လိုက်မိပါတယ်။

တောနဲ့မြို့ ကွာခြားချက်တွေ ရှိနေတယ် ဆိုပေမယ့် လူငယ် အများစု အတွက် ခြုံပြီးတွေး ကြည့်ရအောင်ပါ။ အခြေခံပညာ မူလတန်းနဲ့ အလယ်တန်း အထိ ပညာသင်ခွင့် ရတဲ့ လူငယ်လေး တွေမှာ ကြက်တူရွေး စာအံ အတတ်ပညာကတော့ ရပြီးသားပါ။ ဒါ့အပြင် အတန်းဖော်များနဲ့ ညှိနှိုင်း တိုင်ပင် ဆုံးဖြတ်တတ်တဲ့ အလေ့အထ၊ လူအမျိုးမျိုး စိတ်အထွေထွေကို အဆင်ပြေအောင် ပေါင်း သင်းဆက်ဆံရတဲ့ အလေ့အကျင့်နဲ့ တကွ အချိန်ကို အသုံးချတတ်တဲ့ အကျင့်မျိုးလည်း ကောင်းပြီး သား ဖြစ်နေတတ်ပါတယ်။ တစ်နည်း ပြည်သူ့ နီတိကို အတန်အသင့် သိတယ် ဆိုပါတော့။

ဒါပေမဲ့ တွေးခေါ်ဆင်ခြင်နိုင်အားကတော့ ကောင်းလှ ချေရဲ့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အတန်းပညာ နတ်္ထိဖြစ်တဲ့ လူငယ်တစ်ယောက် အနေအထားကို တွေးကြည့်ပါဦး။ အသက်က ဆယ်ကျော်သက် ဦးပိုင်း ရောက်လာပေမယ့် သူ့ဘ၀ တစ်လျှောက်လုံး ကာယ အားကိုးပြီးပဲ နိစ္စဓူဝ အခက်အခဲတွေကို ဖြေရှင်းခဲ့လေတော့ သူ့မှာ ကြက်တူရွေးလို လည်း စာမအံတတ်၊ ပြည်သူ့နီတိ ဆိုတာလည်း သဘော မပေါက်တဲ့အပြင် တွေးခေါ် ဆင်ခြင်နိုင် အားကလည်း နတ်္ထိ ဖြစ်နေတတ်ပါတယ်။ တစ်နည်း ပြောရရင် စကားပုံ တစ်ခုထဲကလိုပေါ့။ “အဖေ့ နဖူးခြင်နားလို့ ပုဆိန်နဲ့ ထခုတ်တယ်”ဆိုတာမျိုးဟာ ပညာ အခြေခံ နုန့်နဲ့လို့ တွေးခေါ်ဆင်ခြင် နိုင်စွမ်း အားနည်းရာက ဖြစ်ရတာမျိုးပါ။ ဒီလိုဖြစ် ရပ်မျိုးမှာ စိတ်စေတနာ ကောင်းဆိုတာထက် ဆင်ခြင်တုံ တရားက ဘယ်လောက် အရေးပါတယ် ဆိုတာ သိနိုင်ပါတယ်။

အဲဒီ ဆင်ခြင်တုံတရား ဆိုတာ လက်တလော ဘ၀ အခက်အခဲကို ဖြေရှင်း ပေးနိုင်တဲ့ ငွေရှာတတ်တဲ့ အစွမ်း ရှိရုံလောက်နဲ့ ရှိကောင်းတာမျိုးမှ မဟုတ်ဘဲလေ။  ဒီတော့ ဆယ်ကျော်သက်ဦးပိုင်း လူငယ် လေးနှစ်ယောက်မှာ တစ်ယောက်က အတန်းပညာ အလယ်တန်း ဖြစ်ပြီး နောက်တစ်ယောက်က အတန်းပညာ မဲ့နေတယ် ဆိုပါတော့။ သူတို့ နှစ်ယောက်မှာ လတ်တလောအားဖြင့် ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှုချင်း ကွာခြား ကောင်း ကွာခြား နေမှာပါ။ ကာယ အားကိုးတဲ့ အလုပ် တစ်ခုခုကို လုပ်ရင်း မိသားစု ၀န်ကိုပါ မျှထမ်း ပေးနိုင်နေတဲ့ အတန်းပညာမဲ့ လူငယ်ဟာ လတ်တလော အားဖြင့် ကိုယ့်အားကိုယ် ကိုးနေနိုင် သူအဖြစ် ဂုဏ်ယူဝင့်ကြွား နိုင်ကောင်း နေနိုင်ပါမယ်။

မိဘ အထောက်အပံ့နဲ့ ကျောင်းတက် နေရတဲ့ လူငယ်အဖို့ ကိုယ့်ခြေကိုယ့်လက်နဲ့ ဘာကိုမှ မစွမ်းနိုင်သေးသလိုလည်း ယူဆ နိုင်ပါမယ်။ ဒါပေမဲ့ နောက်ဆယ်နှစ်ကြာတဲ့ အချိန် တစ်ခုကို တွေးကြည့် စေချင်ပါတယ်။ အဲဒီ အခါမှာ အတန်း ပညာ သင်ယူခဲ့တဲ့ လူငယ်ဟာ တက္ကသိုလ် ပညာ ပြီးဆုံးပြီး အဆင်ပြေရာ အလုပ် တစ်ခုကို လုပ် ကောင်းလုပ်နေပြီ ဖြစ်ပါမယ်။ အနည်းဆုံးတော့ ပညာ အခြေခံတဲ့ ဆင်ခြင်တုံ တရားကို အတန် အသင့်လက်ဝယ်ထားနိုင်နေပြီမို့ ဘ၀မှာ အောင် မြင်မှု မရနိုင်သေးတဲ့တိုင် ဆည်းပူးခဲ့ ဖူးသမျှ၊ ဖတ်ရှုခဲ့ဖူးသမျှ အဆုံးအမတွေထဲက သင့်တော်ရာ အဆုံးအမကို ယောနိသောမနသိကာ ရထားကာ လိုက်နာနိုင်ဖို့ ကြိုးစား နိုင်လောက်တဲ့ ဗဟုသုတ အခြေခံ ရှိသူ ဖြစ်နေပါပြီ။

အဲဒီအတွက် သူဟာ ကိုယ့်အားကိုယ်ကိုး ဘ၀မှာ ရပ်တည် သွားနိုင်အောင် ကြိုးစားနိုင်လောက်တဲ့ အခြေခံ အရည်အချင်းရော ကိုယ်ခံအားပါ ရှိနေပြီလို့ ဆိုရမှာပါ။ အတန်းပညာ မရှိသူအနေနဲ့ ကတော့ ဆင်ခြင်တုံတရား မမဲ့တဲ့တိုင် ဗဟုသုတ အခြေခံ အသိပညာမျိုး အားနည်းတဲ့ အတွက် ကိုယ့်စိတ်ခံစားချက်ကို ရှေ့တန်းတင်ပြီး ဘ၀ကို ကြည့်မြင်ကာ ကြီးပြင်း လာရမှာပါ။ ဘ၀မှာ အောင်မြင်မှုတွေ ဝေဆာ နေနိုင်လောက်အောင်လည်း ကြီးပွား သွားဖို့ဆိုတာ အာမခံချက် မရှိပါဘူး။ ဒီကြားထဲ တစ်သက်လုံးက ခိုင်းကောင်းကောင်းနဲ့ ခိုင်းစားလာတဲ့ ခန္ဓာကိုယ် ကာယအားကလည်း ငယ်ကလောက် စွမ်းနိုင်ကောင်းမှ စွမ်းနိုင်ပါတော့မယ်။ သမင်မွေးရင်း ကျားစားရင်းလို ဖြစ်နေတဲ့ သူ ရှာဖွေ ထားသမျှကလည်း လစဉ် အသုံးစရိတ်နဲ့ လောက်ငပေမယ့် ကိုယ်ပိုင် လုပ်ငန်းရှင်ကြီး တစ်ယောက် ဖြစ်ဖို့ ဆိုတာက အဲဒီဆယ်နှစ်လောက်နဲ့ ဖြစ်ချင်မှ ဖြစ်ဦးမှာပါ။ လောက အမြင်အနေနဲ့လည်း စိတ်ခံစားမှုကို ဦးစားပေးတဲ့ လောက အမြင်မျိုး ပိုဖြစ်နိုင်တာမို့ ဘ၀ရဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာလည်း စိတ်ခံစားချက်ရဲ့ စေရာ အတိုင်းပဲ ဖြေရှင်းတတ်မှာပါ။ ဒီတော့ ယုန်နဲ့လိပ် အပြေးပြိုင်တဲ့ ပုံပြင်လို အဖြေ အမျိုးမျိုး ဖြစ်နိုင်တယ်ပဲ ထားဦး၊ သူတို့ နှစ်ယောက်မှာ ပြည်သူ့ နီတိကို စနစ်တကျ ပိုသိထားသလို လောကဓာတ် ပညာကိုလည်း ပိုတတ်ထားတဲ့ အတန်းပညာ တတ်လူငယ်ကပဲ လူတော ပိုတိုးမှာကတော့ မလွဲနိုင်တဲ့ အဖြေတစ်ခု ဖြစ်နေဦးမှာပါ။

ဒီနေရာမှာ ဒီ့ထက်ပိုပြီး တွေးကြည့်ပါဦးမယ်။ အတန်းပညာ တတ်တဲ့ လူငယ်မှာလည်း ၀တ်ကျေတမ်းကျေ ပညာ ဆည်းပူးခဲ့သူတွေ အနေနဲ့ အမြင့်မားဆုံး မျှော်မှန်း နိုင်တာကတော့ လစာနှုန်းထား မြင့်မားတဲ့ ၀န်ထမ်း တစ်ယောက် ဘ၀ပေါ့။ ငွေကြေးနောက်ခံ အနေအထားချင်း တူညီတဲ့ အတန်းပညာတတ် လူငယ်နှစ်ယောက်ကို တွေးကြည့်ရအောင်ပါ။ တစ်ယောက်က ပညာသင်စဉ် ကာလမှာ တော်ရိလျော်ရိ ဆည်းပူးခဲ့ပြီး နောက်တစ်ယောက်ကတော့ စိတ်ပါဝင်စားစွာ အားထုတ်ခဲ့တယ် ဆိုပါတော့။ ပညာကို ထူးချွန်အောင်ရော တတ်ကျွမ်းအောင်ပါ ဆည်းပူးခဲ့သူဟာ လက်တွေ့ဘ၀ လုပ်ငန်းခွင်ထဲ ရောက်တဲ့အခါ မှာလည်း သူများထက် ပိုသာနေတဲ့ အရည်အသွေးကြောင့် နေရာပေး ခံရမှာ မလွဲပါဘူး။ သူတစ်ပါး လက်အောက်ခံ ၀န်ထမ်း ဘ၀မှာ ကျင်လည်ရတယ် ဆိုဦးတော့ ပညာကို အောက်ခြေသိမ်း လေ့လာ ဆည်းပူးခဲ့သူ တစ်ဦးအတွက် ပညာရဲရင့် ပွဲလယ်တင့်ဆိုသလို ခန့်အပ်ခံ ရာထူး ဆိုတာထက် အရည်အသွေး အရ နေရာ ရလာတာမျိုးကလည်း ဖြစ်ဖို့ များလှတဲ့ ဖြစ်ရပ်ပေါ့။  သူသူငါငါလို အရည်အချင်းမျိုး ဆိုရင်တော့လည်း သူသူငါငါလို နေရာမျိုးမှာပဲ တင်းတိမ် ရမှာပါ။ အဲဒီလိုမှ မတင်းတိမ်နိုင်ရင်တော့ ပညာအခြေ မခံဘဲ အဂတိသော် လည်းကောင်း၊ အဓမ္မသော်လည်းကောင်း အခြေခံတဲ့ လုပ်ရပ်မျိုးနဲ့မှ ပွပေါက် တိုးမယ့် နေရာမျိုးကို ရနိုင်မှာကိုး။

ဒီ့ထက် ဆက်တွေးရအောင်ပါ။ လတ်တလော ကြားသိနေရတာတွေက ပြင်ပ စာပေ ဗဟုသုတ မဆိုထားနဲ့၊ ကျောင်းသင် စာပေကိုတောင် အထင်မကြီး မလေးစားနိုင်ကြဘဲ ဆည်းပူးရကောင်းစေ၊ လေ့လာရ ကောင်းစေလို့ မအောက် မေ့ကြတာပါ။ ဒီပညာတွေကို ဘယ်သူကမှ အလေးမထား၊ အထင်မကြီးတဲ့ အတွက် ဘယ်မှာမှ အသုံး မ၀င်နိုင်ဘူးရယ်လို့ သဘောထားပြီး ဘယ်လိုနည်း မျိုးနဲ့ဖြစ်ဖြစ် အတန်း တက်သွားရင်ပြီးရော သဘော ထားလာကြတာကိုလည်း ကြားသိ နေရပါတယ်။ ဒါကြောင့် ကိုယ် အထူးပြုတဲ့ ဘာသာတွဲရဲ့ စာလုံးပေါင်းကိုတောင် မှန်အောင် မပေါင်းနိုင်တဲ့ ဘွဲ့ရ ပညာတတ် ဆိုတာတွေ များလာတာ များလားလို့ ပူပန် ရပြန်တာပေါ့။

တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ပညာရေးစနစ်ရဲ့ သားကောင်လို့ ခံယူထားလို့သာ ဒီလို အဖြစ် မျိုးတွေ ပေါ်ပေါက်လာရတာပါ။ ကိုယ်ဟာ ပညာရေးစနစ်ရဲ့သားကောင် မဟုတ်ဘူး။ ပညာ ရေးဆိုတာ ဘ၀အတွက် မရှိမဖြစ် အရေးပါလွန်း တဲ့လိုအပ်ချက်မို့ ကိုယ့်ဘ၀အတွက် အသုံးတည့်၊ အကျိုးရှိစေမယ့် ပညာမျိုးတွေကို ဆည်းပူးခွင့် ရနိုင်အောင် ကိုယ်စွမ်းဉာဏ်စွမ်း နှလုံးစွမ်းရှိသမျှ အားထုတ်သွားမယ်လို့သာ ဆုံးဖြတ်ထားနိုင်ကြ ရင် ဒီလို နို့သက်ခံစို့ ပညာရေးကို ချော်လဲရောထိုင် ဆည်းပူး ပုံမျိုးနဲ့ ဆည်းပူးဖြစ်ကြမှာ မဟုတ်ပါဘူး။

ဒီနေရာမှာ ကိုလိုနီ ခေတ်က လူငယ်တွေရဲ့ ပညာရေးအမြင်နဲ့ စိတ်ဓာတ်ကို ပြန်ပြောင်းပြော ပြချင်ပါတယ်။ ကိုလိုနီ အစိုးရဟာ မြန်မာ လူထုကို ဖိနှိပ်ချုပ်ချယ် ထားချင်တဲ့အတွက် ပညာရေးနဲ့ အညွန့်တလူလူ ဖြစ်ကြရမယ့် မြန်မာ လူငယ်တွေ အတွက် ပညာရေး စနစ်ကို အဆင့်နှိမ့်သင်ကြား ပေးခဲ့တာပါ။ ဆည်းပူးအပ်တဲ့ ဘာသာရပ် အပြည့်အစုံကို မသင်ကြားပေးသလို တက္ကသိုလ် အဆင့်ကိုလည်း နှိမ့်ထားခဲ့ကာ သူတို့သင်ပေးတဲ့ ပညာကို တတ်မြောက်လာသူတွေ အတွက်လည်း စာရေးစာချီ အစရှိတဲ့ လက်အောက်ခံ ၀န်ထမ်း ဘ၀မှာပဲ လမ်းဆုံးစေမယ့် ပညာမျိုးကိုပဲ သင်ပေး ခဲ့တာပါ။

အဲဒီလို ပညာရေး စနစ်မျိုးကို ကြုံတွေ့ ရတဲ့ ကိုလိုနီခေတ် ကျောင်းသား လူငယ်တွေကတော့ ဒီလိုဖြစ်ရပ်မျိုးကို “ငါတို့အတွက် အကျိုး မရှိမယ့်တူတူ ခိုးချပြီး ဖြေလိုက်ရုံပဲ၊ အချိန်တန်လို့ အတန်းတက်ပြီး ဘွဲ့ရတော့လည်း ဘာမှ သုံးစား ရမှာမှ မဟုတ်တာ”လို့ တွေးပြီး လက်ခံခဲ့တာမျိုး မရှိခဲ့ပါဘူး။ သူတို့ တတ်ချင်တဲ့ ပညာကို ဆည်းပူး ခွင့်ရဖို့အတွက် သူတို့ကိုယ်တိုင်က အရေး ဆိုသင့်တယ်။ ကြိုးစားအားထုတ်သင့်တယ်၊ သူတို့လို ချင်တဲ့ ပညာမျိုး တတ်ခွင့်ရဖို့အတွက် ဘယ်လောက် ခက်ခဲတဲ့ စာမေးပွဲမျိုးပဲဖြစ်ဖြစ် ကြိုးစား ပြီး ဖြေယူမယ်။ ကူးမချ၊ လာဘ်မထိုး၊ အဂတိ အမျိုးမျိုး မကျူးလွန်ဘဲ ရအောင် ဖြေယူမယ်လို့ သန်္နိဋ္ဌာန် ချပြီးသကာလ ကိုလိုနီ အစိုးရကို ပညာ ရေးစနစ်ပြောင်းလဲပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ မြန်မာ လူငယ်တွေရဲ့ ပညာရေးနဲ့ပတ်သက်တဲ့ ဇွဲ၊ သတိ္တ အစဉ်အလာဟာ ပထမ တက္ကသိုလ် ကျောင်းသား သပိတ်နဲ့ အတူ၊ အမျိုးသားနေ့နဲ့ အတူ ဒီကနေ့ထိ မှတ်ကျောက်တင်ခံခဲ့ရတာပါ။ ခုခေတ် မြန်မာလူငယ်တွေကျမှ အပြင်စာရော၊ ကျောင်းစာကိုပါ လေ့လာဖို့ အားမထုတ်တော့ဘဲ ကာယအားကိုးလို့ဖြစ်စေ၊ ပွပေါက်တိုးဖို့ဖြစ်စေ၊ ပြည်ပထွက်ပြီး သူများ လက်အောက်ခံဝန်ထမ်း ကောင်းလုပ်ဖို့ဖြစ်စေ အားထုတ်လာကြတာက တော့ အလွန်ကို ကြေကွဲစရာအဖြစ်ပါ။

ပညာနဲ့ အသက်မွေးခွင့် ဆိုတာကို တန်ဖိုး ထားရကောင်း မှန်းတောင် မသိနိုင်ကြတော့ဘဲ ငွေရပြီးရော ဘ၀ကိုပဲ မက်မောကာ စာဆိုရင် ဘာစာမှ မဖတ်ချင်ကြတော့ဘူး ဆိုတာလောက် ကြေကွဲစရာ ကောင်းတာကကော ရှိနိုင် ပါဦးမလား။ ပညာနဲ့ ဆင်ခြင်တုံ တရား မပါဘဲ စိတ်ခံစားမှု အတိုင်း ဘ၀ကို ဖြတ်သန်းရင်း သူများ လက်အောက်ခံ ၀န်ထမ်းကောင်း၊ ကျွန်ကောင်းများ ဖြစ်ရရေးကသာ ဒီကနေ့ခေတ် လူငယ် အများစုရဲ့ ပန်းတိုင် ဖြစ်နေပြီ ဆိုရင်လည်း ဒီ့ထက် ကြေကွဲစရာ ရှိတော့မှာ မဟုတ်ပါဘူး။ ဒီတော့ ရှေ့မှာ ဆိုခဲ့ပြီးတဲ့ အတိုင်း ကျောင်းသင်ခန်းစာ ပညာနဲ့ အတူ ပြင်ပ စာပေဗဟုသုတ ရှိသူတွေ အနေနဲ့ ဆင်ခြင်တုံတရား၊ ပြည်သူ့ နီတိတွေကို ပွေ့ပိုက်ပြီး ကိုယ့်အားကိုယ် ကိုးနိုင်မှာကို သဘောပေါက် ကြမယ် ထင်ပါတယ်။

ဘယ်ပညာ ဗဟုသုတမှ မရှိဘဲ ကာယအားကိုး၊ တစ်ပွဲတိုး စိတ်မျိုးနဲ့ ပွပေါက်တိုးအောင် ကြိုးစားရင်း အဆင်မသင့်တဲ့ အခါ ဖြစ်လာတဲ့ စိတ်ခံစားချက်တွေကို ဆင်ခြင်တုံ တရား အားကိုးပြီး မထိန်းသိမ်းနိုင်ဘဲ ဘ၀မှာ ကျရှုံးရသူတွေ မဖြစ်ကြရအောင် ကြိုးစားကြစေ ချင်ပါတယ်။ အစဉ်အလာ ကြီးခဲ့တဲ့ မြန်မာ့လူငယ် တွေရဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ သံန်္နိဋ္ဌာန်ကို မမေ့ မလျော့ကြဘဲ ထိန်းသိမ်း ကြစေချင်ပါတယ်။

ဒီတော့ နောက်ဆုံး အနေနဲ့ ဘယ်တုန်းကမှ တိုက်ရိုက်စကား မပြောဖြစ်ခဲ့တဲ့ လူငယ်တွေကို စကားလေးတစ်ခွန်း ပြောခွင့်ပြုပါ။ အဲဒီစကား ကတော့ “လူငယ်တွေ စာဖတ်ပါ။ ပညာကို အခြေခံတဲ့ ဘ၀ တည်ဆောက်မှုအတွက် စာဖတ် ကြပါ” ဆိုတာပါပဲ။
မသီတာ၊စမ်းချောင်း၊
(Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၁)

No comments:

Post a Comment