Monday 13 February 2012

(Feb-2012)အညိုမှသည် ကြက်သွေးနီသို့ 11

(ယခင်လမှ အဆက်...)
ဟွန်းဒူးရပ်စ် ဘာဝနာ ခရီး
ကြက်သွေးနီ ရင်ခွင်မှာ သိကျွမ်း ခင်မင်ရသူ အများစုကား ပညာရှင် သုတေသီများ ဖြစ်ရာ သူတို့၏ စိတ်ဝင်စား မှုမှာ ပညာရပ် ဆိုင်ရာ အကြောင်း အရာများ ဖြစ်နေ တတ်သည့်တိုင်

အချို့ ပညာရှင် များမှာမူ ၄င်းတို့ တတ်ထားသော ပညာရပ်ကို အခြေပြုကာ အကူအညီ လိုအပ်နေသည့် လူ့အဖွဲ့ အစည်းများတွင် တစ်ဖက် တစ်လမ်းမှ ကူညီ ပေးနိုင်ရေး ဖြစ်လေ့ ရှိပါသည်။ ထို့ပြင် ဟားဗတ်မှ ပါမောက္ခ အသီးသီးမှာ အမေရိကရှိ ပညာရပ် ဆိုင်ရာ ပါမောက္ခ များ၏ ထုံးစံအတိုင်း နိုင်ငံ ပြင်ပရှိ လူမှုအထောက် အကူပြု အဖွဲ့အစည်း တစ်ခုခုနှင့် ချိတ်ဆက်ကာ လူမှုရေး လုပ်ငန်း အချို့တွင် တာဝန်ယူ လုပ်ကိုင်လေ့ ရှိကြပြန်သည်။

ထိုလုပ်ငန်း များကို လုပ်ကိုင်ခြင်း အားဖြင့် ယင်းတို့၏ ပညာရပ် ဆိုင်ရာ သုတေသန များအတွက် အကျိုးရှိသည့် အပြင် ယင်းတို့၏ နာမည်သိက္ခာ အတွက်လည်း အကျိုးမမဲ့ စေဘဲ မိမိတို့၏ နာမည်များ ကိုပင် နယ်ပယ်ချဲ့ထွင် တွင်ကျယ်စေသည့် အကျိုးလည်း ရှိသကဲ့သို့ သက်ဆိုင်ရာ နိုင်ငံ ဒေသများရှိ ဖွံ့ဖြိုးမှု အားနည်းသော လူ့အဖွဲ့ အစည်းများ အတွက်လည်း ဟားဗတ်မှ ဦးနှောက်များကို အားကိုး နိုင်သဖြင့် အကျိုးမမဲ့ ဖြစ်ကြ ရပါသည်။ သို့ဖြင့် သူလည်း အကျိုးရှိ၊ ကိုယ်လည်း အကျိုးရှိသည့် ပညာရပ် ဆိုင်ရာ အထောက် အပံ့ပေးခြင်း လူမှု ပရဟိတ လုပ်ငန်းများအား နာမည်ကျော် တက္ကသိုလ် များမှ ပါမောက္ခ အသီးသီးက လုပ်ဆောင်ကြ မြဲပင်။

ရက်ကလစ်ဖ်မှာ ကျင်းပခဲ့သော ရာမာမထာ ဟောပြောပွဲအား တက်ရောက် နားထောင်ခဲ့သည့် ဟားဗတ်၏ Humanity Centre မှ သုတေသန ဧည့်ပါမောက္ခ မော်နီကာ ကလည်း ထိုကဲ့သို့သော ပါမောက္ခ တစ်ဦးပင်။ သူက ကက်သလစ် သီလရှင် တစ်ပါးလည်း ဖြစ်နေပြီး ဟားဗတ်မှာ ရှိနေသည့် ဗုဒ္ဓ ဘာသာတရား အားထုတ်မှု စင်တာ တစ်ခုတွင် တရား အားထုတ်မှုကို လာရောက် စမ်းသပ်အားထုတ် နေသူလည်း ဖြစ်လေသည်။ သူက အလယ် အမေရိက နိုင်ငံအချို့၏ ကက်သလစ် အ၀န်း အ၀ိုင်းတွင် အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင်ရေး ဆိုင်ရာ လူမှုရေး လုပ်ငန်းများကို ဆယ်စုနှစ် နှစ်စုစာမျှ အားသွန် ခွန်စိုက် လုပ်ဆောင် နေသူလည်း ဖြစ်ရာ သူတာဝန် ယူထားသည့် ဟွန်းဒူးရပ်စ် နိုင်ငံရှိ အမျိုးသမီး အစုအဖွဲ့ များ၏ လက်ရှိခံစား နေရသော ပြသနာ အတွက် လက်တွေ့ကျသော ဖြေရှင်းမှုကို အစွမ်းကုန် ရှာဖွေကြံဆ နေပေသည်။ ဟွန်းဒူးရပ်စ်မှာ ချမ်းသာဆင်းရဲ ကွာဟမှု ကြီးမား လွန်းလှကာ နိုင်ငံရေး အရ မငြိမ် မသက်မှုများ ဖြစ်ပွားသည်ထိ ပြဿနာများ ရှိနေသည့် အလယ် အမေရိက နိုင်ငံ ဖြစ်ပေသည်။ ဟွန်းဒူးရပ်စ် ပြည်သူ အများစုမှာ စပိန်စကား ပြောသော ကက်သလစ်ဘာသာဝင်များပင်။ သို့သော် အချင်းချင်း ပစ်ခတ်သတ် ဖြတ်သည်ထိ မငြိမ်သက် မှုများ ဖြစ်လာချိန်တွင် သူတို့ ကိုးကွယ်နေသော ဘာသာ တရားက သူတို့အား စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှုကို အပြည့်အ၀ မပေးနိုင်ဟု ခံစား လာကြရရာ စွမ်းဆောင်ရည် မြင့်မားအောင် လေ့ကျင့် ပေးထားသည့် အမျိုးသမီး အစုအဖွဲ့များ အတွင်းမှာပင် ရတက် မအေးသည့် သောကများကြောင့် စွမ်းဆောင်ရည်များ လျော့ကျလာနေ သည်ကို မော်နီကာက သတိပြုမိ လာသည်။

သည်မှာ ကိုယ်မျှဝေ ပေးသည့် ၀ိပဿနာ တရားကို မော်နီကာက စိတ်ဝင်စား သွားသည်။ သည်တရားဖြင့် ချမ်းသာဆင်းရဲ နှစ်စု ကွဲနေသော ဟွန်းဒူးရပ်စ် အမျိုး သမီးအဖွဲ့ များအား စိတ်အေးချမ်းမှုကို သူတို့ဘာသာ ရှာကြံ အားထုတ်နိုင်အောင် သင်ပေးနိုင်လျှင် ထိုဆင်းရဲ ချမ်းသာ နှစ်အုပ်စုကြားမှ စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခများ လျော့ပါးကာ နောက်ဆက်တွဲ အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ ပဋိပက္ခ များပါ လျော့ပါး လာနိုင်မည်ဟု မော်နီကာက တွေးမိလေသည်။ ထို့ ကြောင့် ကိုယ့်ကို ဟွန်းဒူးရပ်စ်သို့ တရားပြ အဖြစ် လိုက်ပေးရန် တောင်းဆို လာခဲ့သည်။ ၂၀၀၈ နှစ်ဆန်းက အင်္ဂလန် နိုင်ငံ University of York တွင် ပဋိပက္ခ ဖြေရှင်းရေး Conflict Resolution ဆိုင်ရာ စကောလားရှစ် သင်တန်းကို တက်ခဲ့သူ ကိုယ့်မှာလည်း သင်တန်း ပြီးသည့်နောက် ပြည်တွင်းတွင် မနေနိုင်ဘဲ အညို့ရင်ခွင် သို့ရောက်ခဲ့ပြီး ထိုမှတစ်ဆင့် ကြက်သွေးနီသို့ ဆက်လာရ ပြန်ခဲ့ရာ ထိုသင်တန်းနှင့် ပတ်သက်သည့် လှုပ်ရှားမှု တစ်စုံ တစ်ရာကို မပြုနိုင်ခဲ့သူ ပီပီ မည်သည့် လူ့အဖွဲ့ အစည်း၏ မည်သည့် ပဋိပက္ခ မျိုးကိုမဆို လေ့လာရန်နှင့် ဖြေရှင်းမှုအား ၀ိုင်းဝန်း ကူညီ အဖြေရှာရန် စိတ်ဝင်စား နေခဲ့ပါသည်။ ထို့ပြင် မိမိမှ မမှိတ် မသုန်ယုံ ကြည်အားကိုး ရပါသော ၀ိပဿနာ တရားကို ထိုသို့သော ပဋိပက္ခ ဖြေရှင်းရေး အတွက် လမ်းစဉ်တစ်ခု အဖြစ် အသုံးပြု ပို့ချခွင့် ရမည့်အခွင့် အရေးမှာလည်း ကိုယ့် အတွက် လုံးဝလက်လွတ် မခံနိုင်သော အခွင့်အရေး ဖြစ်ခဲ့ပါသည်။

လွန်ခဲ့သော ဆယ်စုနှစ် များက အင်းစိန်ထောင်တွင် အကျဉ်းကျ စဉ်က တီဘီရောဂါ အပါအ၀င် အခြားရောဂါ တို့ကြောင့် ခြောက်လဆက်တိုက် အဖျားနှင့် ကိုယ်အလေးချိန် ပေါင် ၈၀ မပြည့်သည့် အပြင် အလွန်အကျူး နာကျင် ကိုက်ခဲသည့် ဝေဒနာ များကို အလူးအလဲ ခံခဲ့ ရစဉ်က ပြင်ပ ကမ္ဘာတွင်ပင် ကိုယ့်အသက် ရှင်ရေးသည် ရတက်မ အေးအောင် ဖြစ်ခဲ့ဖူး ပေသည်။ သို့သော် သည်ဝေဒနာ များကို ၀ိပဿနာ တရား၏ အထောက် အကူဖြင့် ကြံ့ကြံ့ ခံနိုင်ခဲ့ပြီး နောက်ပိုင်းတွင်လည်း နံရံ လေးဖက်မှ လွတ်လမ်းထက် သံသရာမှ လွတ်လမ်းအတွက် တစ်နေ့လျှင် နာရီ၂၀ မျှ အထိ အားထုတ် ဖြစ်ခဲ့ရာမှ ချမ်းသာ အစစ်ကို မြည်းစမ်း အရသာ တွေ့ခဲ့ရသူ ကိုယ့်မှာ ထိုသို့သော အတွေ့ အကြုံနှင့် အသိ ပညာကို မည်သူ့အတွက် မဆို မျှဝေပေးရန် စိတ်အား ထက်သန်နေ ခဲ့ပါသည်။ ထို့ကြောင့် အကြမ်းဖက်မှု အချို့ဖြင့် မတည်မငြိမ် ဖြစ်နေသည် ဆိုသော ဟွန်း ဒူးရပ်စ် ခရီးကို ဖြစ်အောင် လိုက်သွား ဖြစ်ခဲ့ပါသည်။ (ထိုခရီး အတွေ့အကြုံ အသေးစိတ်ကို ရွှေအမြုတေ မှာပင် ရေးသားခဲ့ပြီး ဖြစ်ပါသည်။) သည်ခရီးမှာ အလယ် အမေရိက နိုင်ငံတို့၏ လူနေမှု ဘ၀ကိုတွေ့မြင်ရသည့် အခါ မြန်မာပြည်ကို သတိရ ဖြစ်လောက်သည်ထိ ဆင်တူ နေသည်ကိုလည်း သတိထား မိခဲ့ပါသည်။ ဆင်းရဲသူ များက ချမ်းသာသူတွေ ချမ်းသာသည်ကို မုဒိတာ မပွား နိုင်ကြခြင်း မဟုတ်မူဘဲ မည်သည့်အတွက် မည်သို့ မည်ပုံချမ်းသာ နေကြသည်ကို တိတိပပ မသိရ သဖြင့် သံသယ ပွားနေကြ ရခြင်း ဖြစ်နေသည်ကိုလည်း သတိပြု မိပါသည်။ ထို့ပြင် ထိုကဲ့သို့သော ချမ်းသာသူများ အားလုံး လိုလိုမှာ လက်ရှိ အစိုးရ အဖွဲ့နှင့် အလွမ်းသင့်ကာ နိုင်ငံရေး အရ သြဇာများပါ ရယူနေသည့် အတွက်လည်း ဆင်းရဲ သူများက ချမ်းသာ သူများကို ပိုမို သံသယကြီး လာကြ ရခြင်းပင်။

ချမ်းသာသူ များအား ၀ိပဿနာ တရား အားထုတ်နည်းကို သင်ကြားပေး ဖြစ်သည့် အခါတွင်မူ ထိုသူများ၏ နိုင်ငံရေး ပတ်သက်မှုနှင့် စီးပွားရေး လုပ်ငန်း အတွင်းရေးကို မသိခဲ့ရ သည့်တိုင် သူတို့ မှာလည်း ငွေကြေး မည်မျှပင် တောင့်တင်း နေပါစေ၊ လူမှုရေး အရ မလုံခြုံမှုကို ခံစား နေရသူများ ပီပီ ဆင်းရဲသူများ အပေါ် သနားညှာတာ လိုစိတ် ကင်းမဲ့ ကြခြင်းမျိုး မဟုတ်ဘဲ သူတို့ဘ၀ လုံခြုံရေး အပေါ် အာမ မခံနိုင်သူ များအဖြစ် မြင်ကာ စိုးထိတ်စိတ်များ ရှိနေကြခြင်း ဖြစ်သည်ကို သတိထား မိရ ပြန်ပါသည်။ သည့်အတွက် မည်သည့်လူမျိုး ဖြစ်ပါစေ၊ ရုပ်နှင့်နာမ် ရှိကြသည်ချည်း ဖြစ်သည်ဆိုသည့် အခြေခံ ပရမတ် သဘော ကိုပင် ရှင်းပြကာ ၀ိပဿနာ၏ သဘော သဘာဝကို မျှဝေဖြစ်ခဲ့ ရပါသည်။ ဘုရားနှင့် သံဃာအကြောင်း မပြောမူဘဲ ဓမ္မသား သက်သက်ကိုသာ ရှင်းပြ ခဲ့သဖြင့် ကက်သလစ်များ ဖြစ်သည့်တိုင် သူတို့ အားလုံးက သည်အားထုတ် မှုကို လွယ်လင့်တကူ လက်ခံ အားထုတ်ခဲ့ ကြပါသည်။

ပါမောက္ခ မော်နီကာ၏ ရည်ရွယ်ချက်မှာ ယခု တစ်ခေါက်တွင် သည်အားထုတ် မှုကို နှစ်နေရာ၊ နှစ်အုပ်စု ခွဲပြီး ကျင်းပသော်လည်း နောင်တွင် တစ်နေရာ တည်းမှာ ထိုအုပ်စု နှစ်စုကို အတူတကွ တွဲကာ အားထုတ် စေခြင်းဖြင့် သူတို့ အချင်းချင်း အပြန်အလှန် ဆွေးနွေး နိုင်ခွင့်နှင့် စာနာနားလည် နိုင်ခွင့်များ ရကြစေရန် ဖြစ်ပါသည်။ သို့မှသာ ထိုအုပ်စုများ ကြားတွင် ပဋိပက္ခများ လျော့နည်း လာလိမ့်မည်ဟု မော်နီကာက ယုံကြည်ပါသည်။ တစ်နည်းအားဖြင့် ပဋိပက္ခ ဖြေရှင်းရေးကို အောက်မှ အထက်သို့ တစ်စစ တည်ဆောက် ထူထောင်သွားရန် ရည်ရွယ်ချက် ဖြစ်ပါသည်။

ပဋိပက္ခနှင့် အကြမ်းဖက် မှုသည် စက်ဝိုင်း သံသရာမှာ တစ်ခုကို တစ်ခု အမှီပြု နေရကား ထိုသို့ ၀ိပဿနာ အားထုတ် ခြင်းအားဖြင့် တစ်ဦးပေါ် တစ်ဦး စာနာ နားလည်နိုင်ပြီး စိတ် လုံခြုံမှုများ အသီးသီး ရရှိကြကာ နောက်ဆုံးတွင် ပဋိပက္ခ လျော့နည်းပြီး အကြမ်း ဖက်မှုများ ပပျောက် သွားနိုင်သည် ဟူသော မော်နီကာ၏ စိတ်ကူးမှာ မည်မျှ အကောင်အထည် ပေါ်နေပြီ ကိုမူ ကိုယ့်မှာ မသိရ သေးပေ။ တစ်နည်းအားဖြင့် သူတို့ဆီက ပဋိပက္ခများ လျော့နည်း ပပျောက်ရေးထက် ကိုယ်တို့ဆီမှ ပဋိပက္ခများ လျော့နည်း ပပျောက်ရေး ကိုသာ ကိုယ်က ပိုစိတ်ဝင်စား နေသဖြင့် မော်နီကာနှင့် အဆက် အသွယ်ပင် မပြုမိတော့။

မည်သည့် အရပ်ဒေသ မျိုးတွင်မဆို ပဋိပက္ခနှင့် တင်းမာမှု ဟူသည် အချိန်မရွေး လူမှုအဖွဲ့အစည်းမရွေး ရှိနေတတ်ရာ ပဋိပက္ခ ဖြစ်နေသော အုပ်စု အားလုံးမှ ထိုပဋိပက္ခ ရှိနေကြောင်း ပွင့်လင်းစွာ အသိအမှတ် ပြုရေးနှင့် ထို ပဋိပက္ခအား လျော့နည်း ပပျောက်ရန် မိမိတို့ ကိုယ်တိုင်က ဆန္ဒရှိစွာ အားထုတ်ရေးအား ကနဦး စတင်နိုင်မည် ဆိုလျှင်ပင် ပဋိပက္ခဖြေရှင်းရေးအတွက် အလားအလာ ကောင်းနေပြီဟု ယူဆပါသည်။ တစ်ဖန် မည်သည့်ပဋိပက္ခမျိုး ရှိနေသည်ဖြစ်စေ နှစ်ဦးနှစ်ဖက်ကြား တူညီသည့်အတွေး၊ ခံစားချက်တစ်စုံတစ်ရာကို ရှာတွေ့နိုင် မည်ဆိုလျှင် ပဋိပက္ခ ဖြေရှင်းရေး လမ်းစလည်း ရပြီ ဖြစ်သည်ဟု ခံယူပါသည်။ ထို့ကြောင့် ဟွန်းဒူးရပ်စ် ဘာဝနာ ခရီးကို သွားနေခိုက်မှာ တည်းကပင် ကိုယ့်ဇာတိ မြေမှာ ပဋိပက္ခများ အမြန်ဆုံး လျော့ကျ ဖြေရှင်း နိုင်ရေးအတွက် စိတ်ကူး မျှော်လင့်ချက်တို့ ဝေဆာ ခဲ့ရပါသည်။

အခြား ဟောပြောပွဲများ
ရာမာမထာ ဟောပြောပွဲကြောင့် ကိုယ့်အား ၀ိပဿနာ တရား အားထုတ်နည်းကို မျှဝေဟောပြော ပေးရန်နှင့် ကိုယ့်ဘ၀ ဖြတ်သန်းမှုကို အခြေခံသော ကိုယ့်ဇာတိမြေ ပဋိပက္ခ ရေးအကြောင်း ပြောကြားပေးရန် တောင်းဆို ခဲ့ကြသည့် ကောလိပ်၊ တက္ကသိုလ် အချို့ ပေါ်ပေါက် လာပါသည်။ မက်ဆာချူးဆက် တစ်ခွင်မှာ ကောလိပ်၊ တက္ကသိုလ် ကျောင်းပေါင်း ရာချီ ရှိသဖြင့် အချို့သော ကျောင်းများကိုသာ လက်ခံ ဖြစ်ပါသည်။ အချို့ ကျောင်းများက ၀ိပဿနာ အားထုတ်မှုကို အပတ်စဉ် နေ့ရက်မှန်မှန် စုပေါင်း အားထုတ်ကြခြင်း မျိုးရှိရာ ထိုကဲ့သို့ သော ပွဲကလေးများ သို့လည်း သွားရောက် ပြောကြား ဖြစ်ခဲ့ဖူး ပါသည်။ ထိုထိုသော ဟောပြော ပွဲများတွင် အမှတ်တရ ဖြစ်ရသည့် ကျောင်းဟောပြောပွဲ အချို့မှာ ၀က်စ်လက်စ်လီ အမျိုးသမီး ကောလိပ်မှ ဟောပြောပွဲ ဖြစ်ပါသည်။

ဝက်စ်လက်စ် လီကား လက်ရှိ အမေရိကန် ၀န်ကြီးချုပ် ဟီလာရီ တက်ခဲ့သည့်ကျောင်း ဖြစ်သကဲ့သို့ အိန္ဒိယမှ နေရူး မိသားစုဝင် အမျိုးသမီး အချို့ တက်ရောက်ခဲ့သည့် ကျောင်းလည်း ဖြစ်ပါသည်။ ထိုကျောင်းမှာ တရားအားထုတ်မှု အတွက် သီးသန့် အချိန် ပေးရုံမက အခန်းလည်း သတ်သတ် မှတ်မှတ်ထား ရှိပြီး ဆရာ၊ ဆရာမ များရော ကျောင်းသူများပါ အတူတကွ အားထုတ်ကြ၊ ဆွေးနွေးကြဖြင့် ရှိကြသည် ဖြစ်ရာ ကိုယ့်ဟောပြော မှုတွင် လက်တွေ့အားထုတ် ထားသူတို့သာ မေးနိုင်သော မေးခွန်းများစွာ ပေါ်ထွက် လာသည်ကို တွေ့ရပါသည်။ အလွန် အားရဖွယ် ဖြစ်ပါသည်။ ဟွန်းဒူးရပ်စ် ပွဲမှာလည်း ချမ်းသာသော အုပ်စုအား ဟောပြော သင်ကြားရာတွင် လက်တွေ့အားထုတ် ထားဖူး သူတို့မှ မေးနိုင်သည့် မေးခွန်းအများ အပြား ထွက်ပေါ် ခဲ့သဖြင့် ကိုယ့်မှာ အလွန်အားရ ကျေနပ်ခဲ့ရ ပါသည်။ ရုပ်ဝတ္ထု ပစ္စည်းများ ကြွယ်ဝနေသည့် လောကမှ လူများတွင် အစစ်အမှန် ငြိမ်းချမ်းရေးနှင့် လွတ်မြောက်ရေးကို ငတ်မွတ် နေကြဆဲ ဖြစ်သည်ကို ထိုတရားနာ ပရိသတ်အား ကြည့်ကာ သတိပြုမိ ခဲ့ပါသည်။

နောက်ထပ် ထူးခြားသော ပွဲမှာ ဟားဗတ် တက္ကသိုလ် ကျောင်းဝင်းကြီး အတွင်းမှာပင် ရှိသော ဟားဗတ် တရားထိုင် စင်တာတွင် ဖြစ်ပါသည်။ သည်စင်တာကို ဦးစီးနေသော အမေရိကန် နှစ်ဦးမှာ နှစ်စဉ်နှစ်တိုင်း ရန်ကုန်မြို့ရှိ ရွှေတောင်ကုန်း သာသနာ့ ရိပ်သာတွင် တရားစခန်း လာဝင်နေကြ သူများဖြစ်ပြီး ကိုယ့်ရာမာ မထာ ဟောပြောပွဲ သို့လည်း တက်ရောက်ခဲ့ကြ သူများပင်။ သူတို့၏ ဖိတ်ကြားမှုကြောင့် သွားရောက် ဟောပြော ဖြစ်ခဲ့ရာ နှစ်ထပ် အဆောက်အအုံ တစ်ခုလုံး အပြည့် အလျှံမျှ တက်ရောက်ကြသည့် ဧည့်ပရိသတ် ကြောင့်သည် ကြက်သွေးနီ ပညာတတ် အ၀န်း အ၀ိုင်းတွင် သည်မျှ ငြိမ်းအေးမှုကို ရှာဖွေနေကြ ပါပကောဟု သတိပြုမိ ရပါသည်။

သည်မျှ များပြားသော ပရိသတ် များသည် ကိုယ်က အားထုတ်နည်းကို ရှင်းပြသည့် အခါ နဂို ကတည်းက မှန်မှန် အားထုတ် နေခဲ့ကြ သူများပီပီ အလွန် လက်တွေ့ကျသော မေးခွန်း များစွာကို အားပါးတရ မေးခဲ့ ကြပါသည်။ ကိုယ့်အဖြေများ အားလုံးမှာလည်း လက်တွေ့ ကျခဲ့သဖြင့် သူတို့အားလုံး အားရခဲ့ကြ ပေသည်။ ပရိသတ် ထဲတွင် ကိုယ့်ဟော ပြောပွဲမှန်သမျှ အလွတ်မပေးဘဲ တကောက်ကောက်လိုက်နားထောင် တတ်သော ဟားဗတ်ဆေးကျောင်းမှ ပြည်သူ့ကျန်းမာရေးပညာပါမောက်္ခ တစ်ဦးကိုလည်း တွေ့ရပါသေးသည်။ သည်ပရိသတ်အတွက်မူ ကိုယ်က စုပေါင်းအားထုတ်မှုတစ်ခုကို အတူ တကွ လက်တွေ့ကျင်းပပေး လိုက်ခဲ့ပါ သည်။ တရားပွဲ အပြီး အမေး အဖြေခန်းများ အပြီး ကိုယ့်ကို လာရောက်နှုတ်ဆက် စကားပြောသူ များထဲတွင် မြန်မာပြည်ဖွား တရုတ်အမျိုး သမီးတစ်ဦး ပါဝင်ကာ သူ့မှာ ထူးခြားသော အာရုံကြော ဝေဒနာ တစ်ခုကို ခံစားနေရ သူပါ။

နောက်ပိုင်းတွင် သူက အားသွန်ခွန်စိုက် အားထုတ်မှုများ အဆက်မပြတ် လုပ်လာခဲ့ပြီး ကိုယ်နှင့် မကြာခဏ တွေ့ကာ လက်တွေ့အားထုတ်မှုများ အကြောင်း ဆွေးနွေး ဖြစ်ခဲ့ရာမှ သူသည်လည်း ဆရာဝန် တစ်ဦးဖြစ်ကြောင်း၊ ထူးခြားသော ဝေဒနာကြောင့် သက်မွေး ပညာကိုပင် ဆက်လက် မလုပ်ကိုင်နိုင် ခဲ့ကြောင်း ကြားသိ ခဲ့ရပါသည်။ ဘော်စတွန် တက္ကသိုလ်တွင် ဟောပြောခဲ့ပြီး နောက်တွင်လည်း မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ တစ်ဦးနှင့် အတော်ကြီး ခင်မင်ခွင့် ရခဲ့ပေသည်။ အခြား အခြားသော ကောလိပ်၊ တက္ကသိုလ် ဟောပြော ပွဲများမှလည်း အခြား အခြားသော ပညာရပ် ဆိုင်ရာ ပါမောက္ခများ၊ ပညာရှင် များနှင့် ရင်းနှီး ဖြစ်ခဲ့ပါသည်။ ထိုသို့သော ဟောပြော ပွဲများမှ ထိုသို့သော ထူးခြားသည့် မိတ်ဆွေများကို ရခဲ့ခြင်း မှာလည်း ကြက်သွေးနီမှ ရခဲ့သော ထူးခြားမှု တစ်ခုဟု ဆိုရပါမည်။


အခြား အမျိုးသမီးပညာရှင်များ
ကြက်သွေးနီ ကာလများတွင် ဟားဗတ် အ၀န်း အ၀ိုင်းမှ ဆန့်ထွက်ကာ အခြားသော လှုပ်ရှားမှု များကို လုပ်ဖြစ်ခဲ့သည့်တိုင် ဌာနတွင်း ကျင်းပသော ဟောပြောပွဲ များကိုမူ အလွတ်မခံ ဖြစ်ခဲ့ချေ။ အကြောင်းမှာ ရက်ကလစ်ဖ်၏ ဖိတ်ကြားခံ ပညာရှင် အားလုံးတွင် စိတ်ဝင်စား ဖွယ်ရာ သုတေသနနှင့် ပညာများ ရှိနေသည်ကို ကိုယ့်အနေဖြင့် လုံးဝအသိ အမှတ်ပြု ထားသောကြောင့်ပင်။ ရက်ကလစ်ဖ်မှာ အမျိုးသမီး ပညာရှင် အများ အပြား ဖိတ်ကြား ခံရသည့် အနက် မည်သူနှင့် မဆို ခင်မင်ကာ သွက်လက်သည့် Ravit Reichman ရာဗစ်ကို ရှေ့တန်းမှ မိတ်ဆက် ရပေမည်။

သူက ဘော်စတွန်မှာ နေထိုင်သည့် သူမို့ သူ့အိမ်သို့လည်း ကိုယ်တို့ အားလုံးကို ဖိတ်ကြားကာ ပါတီပွဲများ ကျင်းပတတ်သည်။ အမှန်တော့ သူသည် ကိုယ်မနှစ်က ရှိနေခဲ့သည့် အညိုခေါ် ဘရောင်း တက္ကသိုလ်၏ ဆရာ တစ်ဦးပင်။ ရာဗစ်က ဘရောင်း တက္ကသိုလ်၏ အင်္ဂလိပ်စာ ဌာနမှ ဆရာတစ်ဦး ဖြစ်ပြီး ၂၀ ရာစုတွင် ဖြစ်ပွားခဲ့သော ကမ္ဘာ စစ်များနှင့် စာပေတို့၏ အဆက် အစပ်ကို သုတေသန ပြုခဲ့သူ ဖြစ်သည်။ သည်နှစ်အတွက် သူ့သုတေသန မှာလည်း စိတ်ဝင်စား စရာပါ။ “၂၀ ရာစု၏ ပျောက်ဆုံးနေသော ပိုင်ဆိုင်မှုများ”ဟု ခေါင်းစဉ် တပ်ထားပြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် အတွေး အခေါ်များမှာ ပထမ ကမ္ဘာစစ် မှသည် ဒုတိယ ကမ္ဘာစစ် အပြီး အချိန်ထိ တရွေ့ရွေ့ ပြောင်းလာသည့် အနေ အထားတွင် ရသစာပေ၊ ဥပဒေ ရေးရာနှင့် နိုင်ငံ ရေးရာတွင် ဆုံးရှုံးမှုများ ဖြစ်လာနေကြောင်း သုတေသန ပြုမည် ဖြစ်ပါသည်။

သူက စကား အပြောအဆို သွက်သလောက် သုတေသနကို အသေးစိတ် တွင်ကျယ်အောင် လုပ်သူလည်း ဖြစ်သည်။ သူက ဂျော့ရှ်တောင်း တက္ကသိုလ်မှ အင်္ဂလိပ်စာ၊ ဖီလော်ဆိုဖီ တို့ဖြင့် ဘွဲ့ရကာ မာစတာ ဘွဲ့လွန်ကို အော်စ်ဖို့ဒ်မှ လည်းကောင်း၊ ပါရဂူဘွဲ့ကိုမူ ယေးလ်မှ လည်းကောင်း ရရှိသူပင်။ သူ့ထူးခြား ချက်ကား သူ့ရုံးခန်းကို နေအိမ်ခန်းလေး တမျှ ပစ္စည်း အပြည့်အစုံ ထည့်ကာ ပြင်ဆင်ထား ခြင်းနှင့် ဟောပြောပွဲ အားလုံး လိုလိုတွင် ရှေ့ဆုံးမှ ၀င်ရောက်ဆွေးနွေး မှတ်ချက် ပြုတတ်သူ ဖြစ်နေခြင်းပင်။

ရာဗစ်နှင့် အတွဲဆုံး ပညာရှင်မှာ Cynthia Becker စင်သီယာပင်။ သူကလည်း ဘော်စတွန်မှာ နေသည့် ဘော် စတွန်တက္ကသိုလ်မှ အနုပညာသမိုင်း ဘာသာရပ်ဆိုင်ရာ လက်ထောက် ပါမောက္ခပင်။ သူ့အမျိုး သားမှာ မြောက်ဖျား အာဖရိက နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် မော်ရိုကိုမှ ဖြစ်ရာ သူက မြောက်အာဖရိက နိုင်ငံများမှ အနုပညာ ပုံသဏ္ဌာန် များနှင့် ထိုဒေသရှိ လူမှုရေး၊ ဘာသာရေးတို့ အဆက် အစပ်ကို အထူးပြု လေ့လာနေ လေသည်။ သူက ဆာဟာရ သဲကန္တာရ ဒေသအတွင်း ကျွန်ပြု ခံခဲ့ရသော အာဖရိက မျိုးနွယ်စု တစ်စု၏ အနုပညာ ပုံသဏ္ဌာန်များ သမိုင်းကို အသေးစိတ် လေ့လာနေပြီး သူက အမေရိက အလယ်ပိုင်း ၀င်လ်ကော်လ်ဆင် တက္ကသိုလ်မှ အနုပညာ သမိုင်း ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ရခဲ့သူပင်။ သူကလည်း ရာဗစ်နှယ် လူချစ်လူခင် ပေါသူဖြစ်သည်။ သူက အိန္ဒိယမှ သမိုင်း ပညာရှင် စီမာနှင့် ပိုတွဲကာ နှစ်ယောက်သားမှာ စကားဖောဖော အရယ်သန်သန် ရှိလှသဖြင့် သူတို့မို့ ဌာန ရုံးခန်းထဲ ရှိနေလျှင် ကျန်ပညာရှင် များက သတိ မထားမိဘဲ မနေနိုင် ဖြစ်ရသည် ထိပင်။

နောက်ထပ် အမျိုးသမီး ပညာရှင် တစ်ဦးမှာ Nancy J.Smith-Hefner နန်စီ ဖြစ်သည်။ သူက အာရှအသွင် အပြင်ဖြစ်ကာ အင်ဒို နီးရှားကို အထူးပြု လေ့လာနေသူ ဖြစ်သော်လည်း သူ့မှာ အင်ဒိုနီးရှား သွေးပါကြောင်း မည်သည့် အခါကမျှ ၀န်မခံဘဲ သူ့ကိုယ်သူ အမေရိကန် ဟုသာ ပြောလေ့ ရှိသူပင်။ သူက ကိုယ့်ကို အတော်လေး ခင်မင်သူ ဖြစ်ကာ ရုံးခန်းချင်းလည်း နီးသည်မို့ ထမင်းစား ချိန်တွင် အတူဆင်းစား ဖြစ်သူလည်း ဖြစ်သည်ပင်။ သူက ကူညီချင်တတ်သူ ဖြစ်ကာ အင်ဒို နီးရှားရှိ ဂျာဗားကျွန်းမှ လူငယ်များနှင့် ပတ်သက်သည့် သုတေသနကို ပြုနေသူလည်း ဖြစ်ပါသည်။

သူသည်လည်း ဘော်စတွန် တက္ကသိုလ်မှ မနုဿ ဗေဒ ပညာဌာန၏ တွဲဖက် ပါမောက္ခ ဖြစ်ကာ သူ့ကြောင့်လည်း ဘော်စတွန် တက္ကသိုလ်မှာ ကိုယ်က ဟောပြော ဖြစ်ခဲ့ခြင်းပင်။ သူက ဂျာဗားရှိ မူဆလင် လူငယ်များ၏ ဘာသာစကား၊ ဘာသာ တရားနှင့် လူမှုရေး၊ လိင်မှုရေးရာ တို့အကြောင်း သုတေသန ပြုနေသူ ဖြစ်သည်။ သူက မီချီဂန် တက္ကသိုလ်မှ ပါရဂူဘွဲ့ ရကာ လက်ရှိ ဂျာဗားတွင် ရှိနေသော လူငယ်များ၏ နေထိုင်ဝတ်စား ပုံများ အပါအ၀င် လူမှု ဘ၀များ အကြောင်းကို ပုံများနှင့် တကွ ဟောပြော ပို့ချခဲ့ရာ တက်ရောက်သူ အတော် များများက စိတ်ဝင်စား ခဲ့ကြပါသည်။

နန်စီ့လို ခပ်အေးအေး နေတတ်သူ နောက်တစ်ဦးမှာ သြစတြေးလျမှ Claire Roberts ကလဲရာ ဖြစ်သည်။ သူကတော့ ဌာနပိုင် ရှယ်လ်ဆင်းဂါး စာကြည့်တိုက်ကို ရုံးခန်းသဖွယ် သဘောထားကာ သုတေသန ပြုနေသူပင်။ သူ့သုတေ သနမှာ တရုတ်ပြည်မှ ဓာတ်ပုံများ အကြောင်းဖြစ်ကာ တရုတ် ယဉ်ကျေးမှု သမိုင်းနှင့် တရုတ်ခေတ်ပြိုင် အနုပညာ ပုံသဏ္ဌာန်ကို အသေးစိတ် လေ့လာ သုတေသန ပြုမည် ဖြစ်ပါသည်။ သူ့ခင်ပွန်းမှာ ဟောင်ကောင် အခြေစိုက် အာရှ စာပေဆု တစ်ဆု၏ ဆုရွေးချယ်ရေး အဖွဲ့ဝင် စာရေးဆရာ တစ်ဦးလည်း ဖြစ်သဖြင့် ကိုယ်တို့ တင်ဆက်သော “သက်ဝင် မဂ္ဂဇင်း”အစီ အစဉ်များ အပါအ၀င် အချို့သော စာပေပွဲ များတွင် စကားလက်ဆုံ ပြောစရာ ခင်မင်ဖွယ် မိတ်ဆွေလည်း ဖြစ်ခဲ့ ရပါသည်။ ကလဲရာက မဲလ်ဘုန်း တက္ကသိုလ်မှ မာစတာ ဘွဲ့လွန်ရပြီး တရုတ်သမိုင်း ဘာသာရပ်ဖြင့် သြစတြေးလျ အမျိုးသား တက္ကသိုလ်မှ ပါရဂူဘွဲ့ ရရှိခဲ့သူပါ။ သူက သူ့သုတေ သနအတွက် ၁၈၄၀ ခုနှစ်မှ ယနေ့အချိန် အတွင်း စာကြည့်တိုက် တကာတွင် ရှာဖွေ တွေ့ရှိသမျှ တရုတ်ဆိုင်ရာ ဓာတ်ပုံများကို စုဆောင်းလေ့ ရှိကာ သုတေသန စာတမ်းကိုမူ နောင်နှစ်များမှ ပြုစု သွားမည်ဟု ဆိုသူပါ။

ကလဲရာလို သည်နှစ်အတွင်း သုတေသန စာတမ်းကို မပြုစုဘဲ နေသူ အမျိုးသမီး နောက်တစ်ဦးမှာ Humaira Awais Shahid ဟျူမဲရာပင် ဖြစ်သည်။ သူက ကိုယ့်လိုပင် ဟားဗတ်၏ Humanity Centre မှ ခေါ်ယူထားမှု အရ ရောက်လာသော စကောလာ တစ်ဦးလည်း ဖြစ်နေသည်။ သူက ကလေးသုံး ယောက် မိခင်ဖြစ်ပြီး ချောမော လှပသော မုဆိုးမ တစ်ဦးလည်း ဖြစ်နေသည်။

ခင်ပွန်း ဖြစ်သူက လန်ဒန်တွင် ကားတိုက်မှုဖြင့် ဆုံးသွားသည်မှာ ၂ နှစ် မပြည့် တတ်သေး။ သူက ကလေးသုံးယောက် ကိုခေါ်ကာ သည်ကို ရောက်လာသူ။ တစ်ခါက ဂျာနယ်လစ် တစ်ဦးဖြစ်ပြီး ပါကစ္စတန်ရှိ ပန်ဂျပ် ပြည်နယ်မှ ပါလီမန် အမတ် တစ်ဦးလည်း ဖြစ်သည်။ သူက မူဆလင် အမျိုးသမီး များအား အကြမ်းဖက်မှု များအကြောင်း သုတေသန ပြုရန်သည်ကို ရောက်လာခြင်းပင်။ သူ၏ ထင်ရှားသော အောင်မြင်မှု တစ်ခုမှာ ပါလီမန် အမတ်အဖြစ် ထမ်းဆောင်စဉ် ငွေတိုး ချေးငှားမှုဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ် ခံနေရသော ပါကစ္စတန်၏ ပန်ဂျပ်ပြည်နယ် အတွင်း ထိုမတရား မှုများမှ ကာကွယ်နိုင်မည့် ဥပဒေ တစ်ရပ် ပြဋ္ဌာန်းနိုင်ရန် အားထုတ်ခဲ့ခြင်း ဖြစ်သည်။ အင်္ဂလိပ်စာ ဘွဲ့လွန်ကို ပန်ဂျပ် တက္ကသိုလ်မှ ရထားသော ဂျာနယ်လစ်ဟောင်း ဖြစ်သည့် ဟျူမဲရာက သည်ဥပဒေ အတည်ဖြစ်ရန် ခြိမ်းခြောက်မှု များစွာကြားမှ ဆောင်ရွက်ခဲ့ရာ လေးနှစ်ကာလ ကြာမြင့်သည်ထိ ပင်ပန်းခဲ့ ရသည်။

သူက စကားပြောလျှင် အကြီး အကျယ်များ ပြောတတ်ပြီး တစ်နှစ်လုံးလုံး မည်သည့် သုတေ သနမျှ မည်မည်ရရ မလုပ်၊ စာလည်း လုံးဝ မရေးဘဲ ဟောပြောပွဲများ များများစားစား ပြောခွင့် ရရန်သာ ကြိုးစား နေသဖြင့် အချို့က သိပ်သဘော မကျကြဘဲ သူ့အား အပေါ်ယံ သမားဟု မြင်တတ်ကြသည်။ သို့သော် သူက အင်္ဂလိပ် စကားပြော ကောင်းကာ သွက်လက်ချက်ချာ လွန်းသူဖြစ်ရာ လူအတော်များ များ၏ အာရုံစိုက်မှု ကိုလည်းရသည်။ ကိုယ့်အနေ ဖြင့်မူ သူ့ကို နားလည် နိုင်ခဲ့သည်။ သူ့မှာ ကလေးသုံးယောက် အရေးကိုလည်း ထည့်တွက် ရသဖြင့် အမြဲတစေ ပူပန်နေတတ် သူပင်။ ဆေးလိပ်ကို အမြဲသောက်နေ တတ်ပြီး ပါကစ္စတန်သို့ ပြန်ရေး မပြန်ရေး ကိုလည်း အမြဲ မဆုံးဖြတ်နိုင် ဖြစ်နေသူပင်။ သူကလည်း ကိုယ့်ကို Humanity Centre ၏ စကောလာချင်းဟု သဘောထားကာ အလွန် ခင်မင်ခဲ့သည်။

ဟျူမဲရာလောက် ခင်မင်ခွင့် မရ ခဲ့သည့်တိုင် ပွင့်ပွင့်လင်းလင်း ဟန်နှင့် အမြဲ ရှိနေတတ် သူကတော့ Leigh Royden လီဖြစ်သည်။ သူက မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ် ဖြစ်သော အမ်အိုင်တီမှာ ဘူမိဗေဒနှင့် ဘူမိရူပ ဓာတုဗေဒ ပညာရပ်များ ဆိုင်ရာ ပါမောက္ခ တစ်ဦးဖြစ်သည်။ သူ့ဟောပြော ပွဲကလည်း စိတ်ဝင်စား စရာ အတိပင်။ မြေလွှာ ပြတ်ရွေ့ မှုများနှင့် မြေငလျင်များ အကြောင်း အသေးစိတ်ကို ပုံများနှင့် တကွ ဟောပြောရာ မြန်မာ နိုင်ငံ၏ စစ်ကိုင်း ပြတ်ရွေ့ကြော အကြောင်းကိုပါ ပြောကြား သွားခဲ့သည်။ သူက ကမ္ဘာ့တိုက်ကြီးများ အရွေ့နှင့် တိုးတိုက်မိမှုများ၊ တောင်ကြီးများ ဖြစ်ပေါ်လာပုံ စသည်တို့ကို အသေးစိတ် သုတေသန ပြုနေသူ ဖြစ်သည်။ သူက ဟားဗတ်မှပင် ဘူမိ ဗေဒနှင့် ဘွဲ့ရကာ အမ်အိုင်တီမှ ပါရဂူ ဘွဲ့ကို ရခဲ့သူ ဖြစ်ပါသည်။ သူ့ဟန်က မိန်းမ မဆန်ဘဲ ဒေါင်းတည် မောင်းတည်နှင့် ဟောဟောဒိုင်းဒိုင်း ပြောဆိုတတ် သူမို့ ခင်မင်သူ ပေါပါသည်။

သူနှင့် မတူဘဲ မိန်းမဆန်ဆန် သိမ်သိမ် မွေ့မွေ့နှင့် ရှိတတ်သူ အမျိုးသမီး ပညာရှင် နောက်တစ်ဦးမှာ အီရင် Erin Gee ပင် ဖြစ်သည်။ သူက သြစတြီး ယားတွင် နေကာ လွတ်လပ်သော ဂီတ ကွန်ပိုဆာ အဖြစ် အလုပ်လုပ် နေသူပင်။ သူ့ဟောပြော မှုမှာကား တစ်မူထူးလွန်း ခဲ့ပါသည်။ အခြား ဂီတ ပညာရှင် အသီးသီးက တီးလုံး၊ သံစဉ်များကို ခွဲခြမ်းစိတ်ဖြာ တင်ဆက်ပြတတ် ကြပြီး အဆို ပိုင်းကိုမူ စာသားများကို အဓိက မထားခဲ့ ကြချေ။ သို့သော် ဂီတ(သို့) သီချင်းဟု ဆိုလျှင် ဘာသာစကား တစ်ခုခုဖြင့် ရေးစပ် သီကုံးထားသော စာသားကို တူရိယာ တစ်ခုခု၏ အကူ အညီဖြင့် ဖန်တီး တင်ဆက်ခြင်းဟု နားလည်ထားသော ကိုယ့်မှာ အီရင်၏ ဂီတ တင်ဆက်မှုကို ရင်သပ်ရှုမော အံ့သြခဲ့ရ ပါလေသည်။

ကိုယ့်နှယ် ဂီတ နားမပါးသော သူမျိုး မဆိုထားနှင့်၊ အခြားသော ဂီတကို ထဲထဲဝင်ဝင် ခံစားတတ်သည့် Fellow များပင် အီရင်၏ တင်ဆက် ဟောပြော သရုပ်ပြမှု အပေါ် နှစ်ထောင်း အားရ သဘောကျခဲ့ ကြပါသည်။ အီရင်က မည်သည့် တူရိယာ၏ တီးခတ်မှု အကူ အညီကိုမျှ မယူ သကဲ့သို့ မည်သည့် ဘာသာ စကားကိုမျှ အသုံး မပြုဘဲ ဂီတကို ဖန်တီး ပြသွားခြင်း ဖြစ်ပါသည်။ သူ့ဟောပြောမှု အတွက် သူအသုံးပြု သွားသည်က မိုက်ကရိုဖုန်း နှစ်လုံးသာ ဖြစ်သည်။ သူက ပါးစပ်ကို အဖွင့် အပိတ်ပြုရင်း လျှာနှင့်အာကို ကစားကာ ဘာသာ စကား မဟုတ်သည့် အာလုပ်သံ အသံ အမျိုးမျိုးကို ဂီတသံစဉ် တစ်ခုနှယ် ဖြစ်အောင် မိုက်ကရိုဖုန်း နှစ်လုံး၏ အကူ အညီဖြင့် ဖန်တီး သွားခဲ့ခြင်း ဖြစ်သည်။ မိုက်ကရို ဖုန်းကို ဘယ်ညာ လက်နှစ်ဖက်ဖြင့် ရွှေ့ကာပြောင်းကာ အနေအထား အမျိုးမျိုး ပြောင်းကိုင်ပြီး အာလုပ်သံ အမျိုးမျိုးဖြင့် ဂီတဖြစ်အောင် ဖန်တီးပြခြင်း ဖြစ်သည်။

မည်သည့် ဘာသာ စကားကိုမျှ ကိုယ်စား မပြုသဖြင့် မည်သည့် လူမျိုးမဆို ခံစားနားလည် နိုင်သည့် ဂီတသံကို ကိုယ်တို့ ကြားခဲ့ ရသည်။ သူက သူ့ သုတေသနကို “SUO” for Voices and Orchestra” အမည် ပေးထားပြီး သည်ဂီတ ဖန်တီးမှုမှာ အပိုင်းသုံးပိုင်း ခွဲပြီး ပါဝင်သဖြင့် အသေးစိတ် သုတေသန ပြုထားခြင်း ဖြစ်ပါ၏။ သူက အသံများကို အ၊ အိ၊ အု၊ အေ၊ အဲကဲ့သို့ သရ သံစဉ်များဖြင့် ဖန်တီး ရွတ်ဆိုပြီး ထိုအသံ များအား ကွန်ပျူတာ ထဲမှာ ခွဲခြမ်း စိတ်ဖြာ ပစ်လိုက်ကာ တစ်ခုချင်းစီ အတွက် အမှတ်များ ပေးခြင်း၊ အသံပြင်းအား အနိမ့်အမြင့် ခွဲခြား သတ်မှတ် ခြင်းများကို စနစ်တကျ ပြုလုပ် ထားလေသည်။ ထိုသို့ ထူးခြားမှုကြောင့် သူရရှိ ချီးမြှင့် ခံခဲ့ရသော ဆုများ၊ စကောလားရှစ် များက တသီ တတန်းကြီး။ သူ့တစ်ကိုယ်တော် အော်ပရာ တင်ဆက်မှု ကလည်း သြစတြီးယား၊ ဇူးရစ်မှာ အောင်မြင် ခဲ့သေးသည်။


ရက်ကလစ်ဖ် နှုတ်ဆက်ပွဲ အတွက် ပြင်ဆင်ခြင်း
ထိုသို့သော ထူးခြားသည့် ဂီတ ပညာရှင် အီရင်ကို Fellow အဖြစ် ရထားသော ကိုယ်တို့ ဌာနကား မေလကုန်တွင် ကျင်းပမည့် နှုတ်ဆက်ပွဲမှာ တင်ဆက်မည့် အနုပညာ တင်ဆက်မှု အတွက် Composer ကွန်ပိုဆာ အဖြစ်ရွေးချယ် လိုက်ကြသည်။ ကိုယ်တို့ ပညာရှင် ၄၂ ဦး ပါဝင်သော Fellow များမှာ ဌာန၏ ဖိတ်ကြားခံ ပညာရှင်များသာ ဖြစ်သဖြင့် ကျောင်းသားများ မဟုတ် သကဲ့သို့ ဆရာများလည်း မဟုတ်ချေ။ ထို့ကြောင့် သည်ကြက်သွေး နီ၏ ဘွဲ့နှင်း သဘင်များ ကျင်းပမည့် ကာလတွင် ကိုယ်တို့မှာ ဘွဲ့လက်မှတ် ချီးမြှင့် ခံရမည့် သူများ မဟုတ်သော်လည်း မိမိတို့ သက်ဆိုင်ရာ အတတ်ပညာ၊ အနုပညာ ရပ်များဖြင့် ဌာန၏ ပညာရပ် ဆိုင်ရာ အသိုင်းအ၀ိုင်း စည်ကားကျယ်ပြန့် ဂုဏ်တိုးရေး အတွက် ဖြည့်စွက် အားပေး ခဲ့ကြသူများ အဖြစ် ဌာနမှ မှတ်တမ်းတင် လက်မှတ် ပေးအပ်မည့် ပွဲကိုမူ တက်ရောက် ရဦးမည် ဖြစ်ပါသည်။ ထိုပွဲက ကျောင်းဆင်းပွဲ သဘောဆန် နေရာ သည်ဌာန၏ သဘောမနော ကောင်းလှပြီး ကြွယ်ဝသည့် အထောက် အပံ့ကို ရထားသော ကိုယ်တို့ Fellow များကလည်း ဌာနအတွက် တင်ဆက်မှု ခပ်ဆန်းဆန်း တစ်ခုဖြင့် ပွဲသိမ်းချင် ကြပေသည်။ သို့ဖြင့် Radcliffe ဌာနမှူးနှင့် ဌာန ၀န်ထမ်းများ မသိစေဘဲ အနုပညာ တင်ဆက်မှု တစ်ခုကို ဇာတ်တိုက်နှင့် ကြရန် Fellow များက ဆုံးဖြတ် ခဲ့ကြသည်။

ပညာရှင် များ၏ တင်ဆက်မှု ဖြစ်သည်နှင့် အညီ ထိုတင်ဆက် မှုကား အနုပညာ မြောက်ရန် အားထုတ်ထားသော အတတ်ပညာ ထုတ်ဖော်ပွဲ တစ်ခု ဖြစ်လေသည်။ ထိုသို့ဖြစ်ရာ ပညာရှင် ၄၂ ဦးထံမှ မိမိတို့ ဟောပြောမှုများ ထဲမှ ကြိုက်နှစ်သက်ရာ ဓာတ်ပုံ ၃ ပုံနှင့် ဟောပြောချက် စာသားစာပိုဒ် ၃ ပိုဒ် တို့အား ရွေးချယ် ပေးပါရန် တောင်းဆို ခဲ့ကြသည်။ ထိုသို့ ရလာသော ဓာတ်ပုံများကို စုကာ ပါဝါပွိုင့် တစ်ခုကို ဖန်တီး လိုက်ကြသည်။ ဓာတ်ပုံရှင်၏ အမည် များကိုလည်း မဖော်ပြဘဲ အားလုံးသော ဓာတ်ပုံများကို ရောထွေးထားရာ သိပံ္ပ၊ ၀ိဇ္ဇာ၊ အနုပညာ အားဖြင့် ရောထွေး သကဲ့သို့ အချိန်ကာလ အားဖြင့်လည်း အတိတ်၊ ပစ္စုပ္ပန် ရောထွေး နေလေသည်။

တစ်ဖန် ပညာရှင် အသီးသီး ရွေးပေးသော စာပိုဒ်များအား ရွတ်ဆိုမည့်သူ ဆယ်ဦးခန့်ကို ရွေးလိုက်ကြ ပြန်သည်။ သည် ၁၀ ဦးသည် လက်ရာရှင် အမည် တပ်မထားသော စာပိုဒ်များကို မိမိတို့အား သတ်မှတ် ပေးထားသော အသံပြင်းအား အချိန်အဆ အတိုင်း ထပ်ကျော့ကာ ရွတ်ဆိုရမည် ဖြစ်ပြီး သူတို့ အားလုံးက သက်ဆိုင်ရာ စာပိုဒ်များကို တစ်ပြိုင်နက် ရွတ်ဆိုရမည် ဖြစ်သည်။ ထို့ကြောင့် မည်သူ ရွတ်ဆိုသော မည်သည့် စာပိုဒ်ကိုမျှ ပရိသတ်က အပြည့်အ၀ အာရုံ မစိုက်နိုင် သည့်တိုင် အကြောင်းအရာ စုံသော စာပိုဒ်များတွင် သဘာဝ အလျောက် အရောင် အသီးသီး ရှိနေရာ သည်စာပိုဒ် များကို ရွတ်သည့် အသံများ တွင်လည်း အသံရောင်စုံ ထွက်နေပေမည်။ ထိုနေရာတွင် အီရင်က ကွန်ပို့စ် လုပ်ပေးမည် ဖြစ်ရာ အရောင်စုံ လှသော အသံများမှာ အီရင်၏ အချက်ပြမှု အတိုင်း အတိုးအကျယ်၊ အဖိအဖော့ များဖြင့် ပိုမို အနုပညာ ဆန်လာရန် စီစဉ်ထား ပြန်ပါသည်။ ထို့ကြောင့် ပညာရပ် ဆိုင်ရာ စာသားများကို လူဆယ်ဦး ခန့်က တစ်ပြိုင်နက်တည်း တစ်ယောက် တစ်မျိုးစီ ရွတ်ဆိုခြင်း အားဖြင့် အနု ပညာမြောက် ဂီတသံစဉ် မျိုးဖြစ်လာရန် ဖန်တီးမှုတွင် နောက်ထပ် ဖြည့်သွင်း ဖြစ်သည်က ပညာရပ် ဆိုင်ရာ ဟောပြောပွဲ တိုင်း၏ အသက်ဖြစ်သော မေးခွန်းများပင်။

မေးခွန်းများ ကိုလည်း ကိုယ်တို့ Fellow များ ကိုယ်တိုင် တစ်ယောက်တစ်ခွန်း ရေးကြကာ အမေးမေးမည့် Fellow ၁၀ ဦး ရွေးပြီး တစ်ဦးလျှင် ၃-၄ ခေါက်မျှ အလှည့်ကျ ၀င်မေးရန်၊ မေးခွန်း တစ်ခုစီအား ဖတ်ကြားရန် ဖြစ်ပါသည်။ မေးခွန်းမေးမည့် သူများ မေးရန်အလှည့် ကိုလည်း အီရင်ကပင် အချက်ပြ ပါမည်။ ထိုအချိန်တွင် စာပိုဒ် ဖတ်သူများအား အသံ တိုးထားရန် အီရင်က အချက် ပြထားပြီး ဖြစ်သဖြင့် အမေးများ ကိုမူ ပရိသတ်မှ ပီပီသသ ကြားနိုင်ပေမည်။ အမေးများ အားလုံးကို ကတ်သီး ကတ်သတ် အမေးများ ဖြစ်ရန် စီစဉ် ထားခဲ့ကြပြီး အချို့ မေးခွန်းများမှာ ဟောပြောသူကို အခက်တွေ့ရန် ရည်ရွယ်သော ရယ်စရာ မေးခွန်းများ ဖြစ်ကြရာ သည်တင်ဆက် မှုသည် ဌာနမှ Fellow အားလုံး၏ သုတေသန အကြောင်းအရာ များကို စုစည်းတင်ဆက် ထားသကဲ့သို့ ဖြစ်သည့်နည်းတူ ဟောပြောပွဲ များနှင့် Fellow များ၏ အနှစ်သာရ၊ ဟန်ပန် များကိုပါ ထင်ဟပ်နိုင်သည့် တင်ဆက်မှုလည်း ဖြစ်ပါသည်။

သည်တင်ဆက် မှုကြောင့် ခက်ခဲ နက်နဲသော ပညာရပ် များနှင့် သုတေသန များကိုပင်လျှင် အနုပညာ မြောက်စွာ တင်ဆက် နိုင်ကြောင်းနှင့် ဂီတအနု ပညာ မြောက်ရန်အတွက် မည်သည့် တူရိယာ အသစ် အဆန်းမျိုး၊ သံစဉ်၊ စာသား ဖန်တီးမှု အသစ်အဆန်း မျိုးမျှ မလိုအပ် ပါဘဲ စိတ်ကူး စိတ်သန်းနှင့် တီထွင်ဖန်တီး အားသာ လိုအပ်ကြောင်း တို့ကို သဘောပေါက်မိ ရပေသည်။ ထို့ကြောင့်လည်း မကြာ သေးမီက ကျင်းပ ဖြစ်ခဲ့သော ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်း၏ ကိုးနှစ်ပြည့် စာပေ အနုပညာ တင်ဆက်မှု အတွက် အဓိက ပင်တိုင်သီချင်း Theme Song ဖန်တီးရာတွင် ဂီတမိတ်မှ ကိုမိုးနိုင်ကို ထိုတင်ဆက်မှု နမူနာအား ရှင်းပြဖြစ်ကာ ဂီတ မိတ်အဖွဲ့သား ရှစ်ဦးမျှက မဂ္ဂဇင်းပါ အခန်းကဏ္ဍ နာမည်ပေါင်း ၂၅ ခုမျှကို Timing တိုင်မင် အသီးသီးဖြင့် တစ်ပြိုင်နက် ရွတ်ဆိုသော သီချင်း သံစဉ်မျိုး ပေါ်ထွက်လာသည့် ဖန်တီးမှု မျိုးအား တူရိယာ မပါဘဲ တင်ဆက်နိုင်ရေး တိုင်ပင် ဖြစ်ခဲ့ပါသည်။

ကိုမိုးနိုင်နှင့် ကိုထွန်းထွန်း တို့မှာလည်း နိုင်ငံတကာ ဂီတ ပွဲတော်အတွေ့ အကြုံများ ရှိသဖြင့် သည်သဘော တရားနှင့် အညီ အကောင်းဆုံး ဖန်တီး တင်ဆက်ခဲ့ နိုင်ကြပါသည်။ သို့ဖြင့် ကြက်သွေးနီမှ ရသော အတွေ့ အကြုံများကို အခြေခံသည့် အနုပညာ တင်ဆက်မှု များကို သည်မြေသည် အရပ်တွင် ခြားနားစွာ ဖန်တီးတင်ဆက် နိုင်ခဲ့ရမှု များအတွက် Radcliffe Institute for Advanced Study ကိုလည်းကောင်း၊ ဌာနမှ လက်တွဲဖော် ပညာမျှဖော် Fellow များအား လည်းကောင်း ကျေးဇူးတင်နေ မိပါသည်။
(ဆက်လက်ဖော်ပြပါမည်)

မသီတာ၊စမ်းချောင်း၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)

1 comment:

  1. အညိုမှသည် ကြက်သွေးနီသို့ ဆောင်းပါးတွေကို အမြဲအားပေးနေပါတယ်။
    အင်တာနက်ဆိုင်မှာ သုံးရတာ ဖြစ်တဲ့အတွက် အကုန်ကူးသွားပြီးမှ အိမ်မှာ ပြန်ဖတ်ဖြစ်ပါတယ်။အကုန်လုံးကို PDF အနေနဲ့ E book လုပ်ပြီး သိမ်းထားချင်ပါတယ်။ခွင့်ပြုနိုင်မလား ခင်ဗျာ.။
    ဒီဆောင်းပါးတွေထဲမှာ ဆရာမ ကြုံရတဲ့ အဖြစ်တွေက နည်းနေသလိုပဲ။
    ကျွန်တော်ဆိုလိုချင်တာက ဆရာမ စာသင်တာတွေနဲ့ ပတ်သက်တဲ့ အတွေ့ အကြုံတွေပါ။
    ကျွန်တော်တို့ လူငယ်တွေ အတွက် ကြိုးးစားပေးနေတဲ့ အတွက်လည်းကျေးဇူးတင်ပါတယ်။
    အခွင့်ကြုံရင် ဆရာမလုပ်တဲ့ ပွဲတွေမှာ ၀င်နွဲချင်ပါသေးတယ်။
    Teen magazine ကိုလည်း စာမူတွေ ပို့ပါဦးမယ်။
    ကျေးဇူးတင်ပါတယ်။

    ReplyDelete