စွန့်စားခန်း လှေစီးပြီး အမေဇုံတောနက်ထဲ လျှောက်သွားရတာမျိုး ဆိုရင် လှေပေါ်က မြင်ရသမျှဟာ အရုပ်တွေ ဆိုတာ သိပေမယ့် ဘွားခနဲ ပေါ်လာတဲ့ ရေမြင်းနဲ့ ၀ူးခနဲ ရေဆော့လိုက်တဲ့ ဆင်ပေါက်လေးတွေကို တွေ့ရတာ အစစ်တွေ တွေ့ရသလို ထိတ်ခနဲ ဖြစ်မိပြန်တာပါ။ ကလေးကြိုက် အရုပ်လေးတွေကို ကလေးကြိုက် ပုံစံအတိုင်း လူကြီးအရွယ်ဖြစ်အောင် လုပ်ထားပုံကိုက ချစ်စရာပါ။
Epcot Theme Park ဟာ ကမ္ဘာ့နိုင်ငံပေါင်းစုံရဲ့ အထင်ကရ ဗိသုကာလက်ရာနဲ့ ယဉ်ကျေးမှုတွေကို ပြထားတဲ့ နေရာပါ။ လိုက်ပို့ပေးတဲ့ သူငယ်ချင်း ၀င်းမင်းသူက အထွေထွေကု သမားတော်ကြီး ဆိုတဲ့ ဘ၀ကို ခဏမေ့ပြီး ကိုယ်နဲ့အတူ ကလေး တစ်ယောက်လို လိုက်ပျော်နေခဲ့တာ မြင်တဲ့အတိုင်းပါပဲ။ လက်တွေ့ဘ၀ထဲကနေ ခဏလေး ထွက်ပြေးခဲ့တဲ့ နေ့ရက်များဟာ Disneyland ရဲ့ ဖျော်ဖြေမှုကြောင့် ပြီးပြည့်စုံခဲ့ပါတယ်။

Disneyland ရဲ့ ၀န်ထမ်းတွေက လမ်းဘေး ပြဇာတ်လေးတွေ လိုက်ကပြ အသုံးတော်ခံရာမှာ ဧည့်သည်တွေကိုပါ ပါဝင်စေတာဟာလည်း ပိုပြီး ပျော်ရွှင် ရသလို အသက်ဝင်လှပါတယ်။ သူတို့တွေကလည်း ရှက်တာတွေ ဘာတွေ ဖြစ်မနေဘဲ အလိုက်သင့် ဆိုသလို ပါဝင်ပေးတတ်ကြပါတယ်။ ဘယ်ကိစ္စမျိုး မဆို ပူးပေါင်း ပါဝင်ပေးရမယ် ဆိုတာ သူတို့ရဲ့ အလေ့အထပဲ ဖြစ်ပါတယ်။
Disneyland မှာ ဖန်တီးထားတာတွေဟာ သိပံ္ပလွန် စိတ်ကူးယဉ်လွန် ဆိုတာမျိုးတွေချည်း မဟုတ်ဘဲ စိမ်းလန်းလွန်းတဲ့ သဘာဝအလှအပတွေလည်း ပါဝင်ပါတယ်။
နော်ဝေးနိုင်ငံမှာ တွေ့ရတတ်တဲ့ ရှေးဟောင်း Church တစ်ခုရဲ့ ပုံစံတူပါ။ တွေ့ရခဲတဲ့ ပုံစံဖြစ်ရုံမက ကိုယ်တို့ဆီက ဘုန်းကြီးကျောင်း ခေါင်မိုးတွေနဲ့ အတန်ငယ် ဆင်နေတာကလည်း စိတ်ဝင်စားစရာပါ။

Walt Disney နဲ့ သူ့ဇာတ်ကောင်လေးတွေပေါ့။ လူတွေကို ပျော်စေချင်သူရဲ့ အတွေးနဲ့အရေးတွေလေ။
Walt Disney ဟာ အဲဒီလိုအနေအထား ရောက်အောင် အတော်ကြီး ကြိုးစားခဲ့ရတာပါ။ ပထမပိုင်း သူ ရေးခဲ့တဲ့ ဇာတ်ကောင်တွေကို လက်မခံခဲ့ကြဘဲ မစ်ကီမောက်စ်ကျမှ လက်ခံခဲ့ကြတာ ဖြစ်ပါတယ်။
Believe it or not ပြတိုက်ပေါ့။ အိမ်ကို ဆောက်ကတည်းက အဲဒီလို ပုံစံဖြစ်အောင် ဆောက်ထားတာလေ။ ယုံချင်ယုံ မယုံချင်နေ ဆိုတဲ့ ပြကွက်တွေ ပြနေတယ် ဆိုပေမယ့် ၀င်မကြည့်ဖြစ်ပါဘူး။ Disneyland ရဲ့ အစိတ်အပိုင်း မဟုတ်ဘဲ ကိုယ်တို့တည်းတဲ့ ဟိုတယ်နားမှာ တွေ့ရတာပါ။ MGM Studio ကတော့ Disneyland ရဲ့ သမိုင်း တစ်စိတ် တစ်ဒေသလို့ပဲ ဆိုရမှာပါ။ အခုနောက်ပိုင်း ကာတွန်းဇာတ်ကားကောင်းတွေကို အမ်ဂျီအမ်ကပဲ ထုတ်တာပါ။

ပါလက်စတိုင်း၊ နယ်သာလန်၊ အီဂျစ်နဲ့ ဆော်ဒီက စာရေးဆရာ တွေနဲ့အတူ ကိုးရီးယား၊ ဗီယက်နမ်၊ ဟန်ဂေရီ၊ အီဂျစ်၊ မလေးရှား၊ ဆီးရီးယား၊ လစ်ဗျား၊ ကူဝိတ်၊ ကင်ညာ၊နဲ့ ဆော်ဒီက စာရေးဆရာတွေ IWP ဖွင့်ပွဲမှာ အမှတ်တရ။ Mt Venom မှာ အမှတ်တရ။
IWP ရဲ့ Director Christopher Merrill ပါ။ ကဗျာဆရာ တစ်ယောက်ဖြစ်ပြီး ၁၉၆၈ ခုနှစ်က စတင်ခဲ့တဲ့ IWP မှာ သူ အလုပ်လုပ် ဖြစ်နေတာကိုက ငါးနှစ် မကတော့ပါဘူး။ IWP ကြောင့် အပြည်ပြည်ဆိုင်ရာ စာရေးဆရာပေါင်း ထောင်ဂဏန်းတော့ အမေရိက၊ အိုင်အိုဝါကို ရောက်ခဲ့ပြီး ရောက်နေဆဲပါ။ သူ့လက်ထောက် Natasa က ဥရောပဇာတိ၊ Hugh Ferrer နဲ့ Kelly ကတော့ အမေရိကန်ဖြစ်ပြီး ကူညီပံ့ပိုးသူ Peter and Mary Nazarath တို့က အာဖရိကဖွား တွေပါ။ Peter က အိုင်အိုဝါ တက္ကသိုလ်မှာ Anthology of Elvis Presley ဆိုပြီး ပရက်စလေရဲ့ ဘ၀နဲ့ အနုပညာ အကြောင်းကို မေဂျာတစ်ခု အနေနဲ့ သင်နေသူပေါ့။ အမေရိကမှာ အဲဒီ တစ်ခုက ပျော်စရာပါ။ သင်ချင်တဲ့ ဆရာက သင်ချင်တဲ့ အကြောင်းအရာကို အကျအန သင်နိုင်ရင် သူ အကြံပြုတဲ့ ဘာသာရပ်ကို သင်ခွင့်ရသလို ကျောင်းသားကလည်း သင်ချင်တဲ့ ဘာသာကို လိုက်ရှာတက်လိုက်တာပါပဲ။ တချို့ဘာသာရပ်တွေမှာ ဆရာရောတပည့်ပါ နည်းတာမို့ အကျိုး မများသလို ဖြစ်ပေမယ့် သူ့ဟာနဲ့သူတော့ ဆက်လက် ချီတက်နေတာပါပဲ။

အမေရိက တက္ကသိုလ်တွေက တရိစ္ဆာန် တစ်ကောင်ကောင်ကို သူတို့တက္ကသိုလ် ကိုယ်စားပြု အဖြစ် ရွေးထားတတ်ပါတယ်။ အိုင်အိုဝါတက္ကသိုလ်ကတော့ စွန်ရဲပေါ့။ ကျောင်းသားတွေက သူတို့ကိုယ်သူတို့ အိုင်အိုဝါ တက္ကသိုလ်ကလို့ မပြောတော့ဘဲ စွန်ရဲတွေပါလို့ ပြောလိုက်ရင်ကို တခြား ကျောင်းသားတွေက ဘယ်ကလာတာလဲ ဆိုတာ တန်းသိ နေကြတာမျိုးပေါ့။ တီရှပ်တွေမှာလည်း ကျောင်းနာမည်နဲ့ တီရှပ်တွေ ရှိသလို စွန်ရဲဆိုတဲ့ စာတန်းနဲ့ တီရှပ်တွေလည်း ရှိပါတယ်။ အရောင်ကတော့ အ၀ါနဲ့အနက်ပါ။ အနက်ရောင် တီရှပ်မှာ စွန်ရဲဆိုတဲ့ စာသားကို အ၀ါနဲ့ရေးထားရင် အိုင်အိုဝါ တက္ကသိုလ်ကို ညွှန်းမှန်း သိကြပါတယ်။ ကျောင်းဝင်းထဲ မှာလည်း စွန်ရဲပုံကို ထုထား တတ်ပါသေးတယ်။ ကျောင်းတံဆိပ်ပါတဲ့ တီရှပ်တွေဟာ သာမန်တီရှပ်တွေထက် ဈေးပိုကြီးပေမယ့် တက္ကသိုလ် ကျောင်းသား ဖြစ်ရတာရော နာမည်ကြီးတက္ကသိုလ်မှာ တက်နေတာကို ပြသတာရောဟာ ဂုဏ်ယူဝင့်ကြွားစရာမို့ အားလုံး လိုလိုကတော့ ကျောင်းတံဆိပ်ပါတဲ့ တီရှပ်ကို ၀တ်ကြတာချည်းပါပဲ။
(ဆက်လက်ဖော်ပြပါမည်)
မသီတာ၊စမ်းချောင်း၊
ဗဟုသုတ မှတ်သားရပါတယ်။ ဆက်လက် မျှဝေနိုင်ပါစေ...
ReplyDeleteအားပေးလျက်