Wednesday 15 February 2012

အတ္တလန္တိတ်နဲ့  ပစိဖိတ်ကြား

Iowa မှာ နေဖြစ်ခဲ့တဲ့အချိန်တွေဟာ တကယ် သတိရစရာတွေချည်းပါပဲ။ စာရေးနည်းအတွေ့အကြုံမျိုး သင်ပေးပြောပေးရသလို
ကိုယ်စိတ်ဝင်စားရာ ဆွေးနွေးပွဲတွေမှာ ၀င်ဆွေးနွေးရပါတယ်။ အဲဒါအပြင် လေ့လာရေးခရီးစဉ်လေးတွေလည်း ရှိပါတယ်။ အဓိက စိတ်ဝင်စားဖို့ကောင်းတာကတော့ တခြားအပြည်ပြည်ဆိုင်ရာ စာရေးဆရာတွေနဲ့ တွေ့ဆုံရတာဖြစ်ပြီး နောက်ထပ်သဘောကျ စရာကတော့ အနုပညာမြောက်ရုပ်ရှင်ကားတွေကို ရုပ်ရှင်ပွဲတော်တွေမှာ အခမဲ့ကြည့်ရတာပါ။

ကိုယ်တို့အဖွဲမှာ ကိုးရီးယားက ရုပ်ရှင်ဒါရိုက်တာ နှစ်ယောက်ပါတာမို့ သူတို့ရဲ့ ရုပ်ရှင်တွေကိုလည်း ကြည့်ရပါသေးတယ်။ ဒေသခံလည်းဖြစ် ကျောင်းသား တွေလည်းဖြစ်တဲ့ အမေရိကန်စာရေးဆရာ လက်သင်တွေရဲ့စာတွေကိုလည်း မြည်းဖြစ်တာပေါ့။ ဒီသုံးလမှာ တစ်ခုခုတော့ ပြီး အောင် ရေးမယ်လို့ စဉ်းစားပေမယ့် တကယ်တမ်းကျတော့ အုပ်စုလိုက် သွားလိုက်ကြ၊ ပြောလိုက်ကြ၊ ငြင်းလိုက်ကြနဲ့ အချိန် တွေက ကုန်မှန်းမသိ ကုန်သွားပါတယ်။


ဗွေဖောက်တဲ့ အီဂျစ်က စာရေးဆရာမလေးကြောင့်လည်း ကိုယ်တို့အဖွဲ့မှာ ပြဿနာ လေးတွေက ရှိခဲ့သလို ကထရီနာမုန်တိုင်းကြောင့်လည်း အမေရိကမှာ ပြဿနာက ရှိခဲ့တာပါပဲ။ ပြဿနာတွေ ရှိနေရုံနဲ့ ပျော်စရာ မကောင်းဘူးရယ်လို့ မရှိနိုင်ကြောင်း ငါတွေ့ သိခဲ့ပြီးတဲ့အတွက်တော့ အိုင်အိုဝါ သုံးလဟာ ပျော်စရာပါ။


Rodeo ကောင်းဘွိုင်တွေ မြင်းစီးပြိုင်ပွဲကို သွားကြည့်ခဲ့ရတာလည်း အမှတ်တရပါ။ တစ်နိုင်ငံလုံးက ကောင်းဘွိုင်တွေ စုမိတဲ့ပွဲမို့ တကယ့်အကြီး ကြီးပါ။ လာကြည့်သူတွေကလည်း ခြေချင်းကို လိမ်နေတာပါပဲ။

ကိုယ်တို့ အုပ်စုလည်း အတော်လေး ပျော်ခဲ့ကြပါတယ်။

Prairie Light ဆိုတဲ့ စာအုပ်ဆိုင်လေးမှာ အပတ်စဉ် စာကဗျာဖတ်ပွဲ ရှိပါတယ်။ အိုင်အိုဝါတက္ကသိုလ်က မဖြစ်ရင် အပြင်က စာရေးဆရာတစ်ယောက် မဟုတ် တစ်ယောက် လာပြောကြ

ရွတ်ကြတာပါ။ ကိုယ်တို့ အပြည်ပြည်ဆိုင်ရာ စာရေးဆရာတွေကလည်း တစ်လှည့်စီတော့ ၀င်ဖတ်ကြရွတ်ကြရပါတယ်။ ကိုယ် ဖတ်ရတဲ့နေ့က စက်တင်ဘာ ၁၁ ပါ။ "ကိုယ်ရေးအကျဉ်း"စာမူကို ဖတ်ပြဖြစ်ပါတယ်။ ကိုယ်နဲ့အတူ ဖတ်ကြသူတွေက သြစတြီးယားက ဂျိုးဇက်ဖ်နဲ့ အိုင်အိုဝါကျောင်းသူ ကီကီပါ။ တစ်ယောက်ကို ဟန်တစ်မျိုးစီမို့ ပရိသတ်တွေ အားပေးလိုက်ကြတာ အတိုင်းထက် အလွန်ပေါ့။

Iowa မှာ Tate Alternative schoolသူ က ဖိတ်လို့ သူတို့ကျောင်းသား တွေကို မြန်မာစာအကြောင်းပြောပြဖို့ သွားခဲ့ပါတယ်။ သမားရိုးကျကျောင်းလို မဟုတ်တဲ့အတွက် ကျောင်းသားတွေကလည်း သမားရိုးကျပုံစံတွေ မဟုတ်ကြ ပါဘူး။ ဒါပေမယ့် သင်ပြပုံနည်းစနစ်က ကျောင်းသားတွေကို ဗဟိုပြုပြီး သူတို့စိတ်ဝင်စားအောင် အတတ်နိုင်ဆုံး လုပ်ပေးထားသလို ဆရာတွေက လည်း သေချာပြင်ဆင်ပေးထားတာမို့ တက္ကသိုလ်ကျောင်းသားတွေ မမေး နိုင်တဲ့မေးခွန်းမျိုးကိုတောင် အဲဒီဆယ်ကျော်သက်တွေက မေးနိုင်ခဲ့ပါတယ်။ ကိုယ်လည်း သူတို့ကို အင်တာဗျူးပြီး ဖူးငုံမှာပဲ ၂၀၀၅ နှစ်ကုန်က ဖော်ပြခဲ့ဖြစ် ပါတယ်။ ရေချယ်၊ ဆမ်၊ ဆရာမ စတက်ဖနီ၊ အန်ဒရီ၊ ဇက်ခ်ျနဲ့ အဲလက်စ်။

အိုင်အိုဝါမှာနေတုန်း အားပေးဖြစ်တဲ့ဈေးကလေးက ဂိုဒေါင်ကြီးတစ်ခုမှာ တကယ့်ခြံသမားတွေ လာရောင်းတတ်တဲ့ ညနေဈေးလေးပါ။ မုန်လာဥဖြူကြီး တွေက တစ်တောင်လောက်ရှိပြီး တစ်တောင့်ကို တစ်ဒေါ်လာပဲမို့ ကိုယ်က တော့ အားပေးလျက်ပါ။


နားနေရတဲ့အခိုက်မှာ အပျော်ကြီးပျော်ကြတဲ့ အပြည်ပြည်ဆိုင်ရာ စာရေး ဆရာတွေပါ။ ဆီးရီးယားက နီဟတ်၊ ကိုးရီးယားက ယူး၊ ဗီယက်နမ်က ဟိုင်း၊ အီဂျစ်က မိုနာ၊ ပါလက်စတိုင်းက ဇဟီးယား၊ ကူဝိတ်က အက်စတာ၊ ကိုဆိုဗိုက အက်ဒီ၊ သီရိလင်္ကာက အမီနာ။


State High လို့ခေါ်တဲ့ အစိုးရအထက်တန်းကျောင်းက ကျောင်းသားတွေပါ။ သူတို့ကို မြန်မာတွေ ဘယ်လိုမြင်နေလဲလို့ မေးခဲ့ကြပါတယ်။ အီရတ်စစ်ကြောင့် အမေရိကန်တွေကို တခြားလူမျိုးတွေက မုန်းတီးနေတယ်ဆိုတဲ့ အသိဟာ ကလေးတွေမှာ ရှိနေတာကို သိလိုက်ရတဲ့အတွက် စိတ်မကောင်း ဖြစ်ရပါတယ်။


Panel discussion တစ်ခုမှာတွေ့ရတဲ့ ဆော်ဒီက နာဒီယာ၊ နီဟတ်၊ အမီနာနဲ့ယူး။

တရုပ်စာရေးဆရာအသင်း ဥက္ကဌ လျူးဟန်ဂ်။

Katrina မှာ စွန့်စွန့်စားစားနဲ့ အသက်တွေကယ်ခဲ့၊ ကယ်ဆယ်ရေးတွေ လုပ်ခဲ့တယ်ဆိုတဲ့ တစ်ချိန်က မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးခဲ့ဖူးတဲ့ လူဝီစီ ယားနားသား၊ နယူးအော်လင်းသားတွေ။ ဂျဒဲလ်၊ အားလ်၊ ရစ်ဂ်။


Meskwaki u Indan Reservation ကို ရောက်ခဲ့ရပေမယ့် ဘာမှ ထူးထူးခြားခြား မတွေ့ခဲ့ ရသလို ဒေသခံကိုလည်း တစ်ယောက်တည်း တွေ့ခဲ့ရတာမို့ တယ်အကျိုးမဖြစ်တဲ့ခရီးလို့ ဆိုရ ပါမယ်။


Iowa မှာ အဖွဲ့အစုအသီးသီးနဲ့ ကျောင်းတွေက တစ်နှစ်တစ်ခါ မြို့လူထုကို နှုတ်ဆက်ချီတက်ပွဲလေး လုပ်တော့ အစွမ်းပြနေကြတာတွေပါ။


Yim Phil-Sung နဲ့Kim Jee-Woon က ကိုယ်တို့အဖွဲ့နဲ့ ၁၅ ရက်လောက်ပဲ အတူနေခဲ့ပါတယ်။ ရင်မ်ရဲ့ Antarctic journaL က အန္တာတိကတိုက် သွားကြတဲ့အဖွဲ့တစ်ဖွဲ့အကြောင်း ရိုက်ထားတာပါ။ ကိုယ် တော်တော်သဘောကျတဲ့ ရှားပါးကိုးရီးယား ဇာတ်လမ်းပေါ့။ ကင်မ်ရဲ့ လက်ရာတွေကတော့ မြန်မာပရိသတ်တွေ သိနိုင်ပါတယ်။ သူ့လက်ရာတစ်ခုက A Tale of Two Sisters avလေ။ သရဲကားဆန်ဆန်ဖြစ်ပြီး ဖျော်ဖြေရေးဆန်တာတွေပေါ့။ သူတို့ပြန်ခါနီး နှုတ်ဆက်ပွဲမှာ တွေ့ရတဲ့ပုံပေါ့။


Mississippi မြစ်ကြီးဘေးက Dubuqueမြို့ရဲ့ပြတိုက်ကိုလေ့လာတုန်းကနာမည်ကျော်အမေရိကန်စာရေးစရာမတ်ခ်တွိုင်းနဲ့တွဲပြီး ဓာတ်ပုံရိုက်ခဲ့ တယ် ဆိုပါတော့


Kalona ဟာ လေလံပွဲနဲ့ ပတ်သတ်ပြီး နာမည်ကျော်တဲ့ နေရာပါ။ အဓိကတော့ မြင်းတွေကို လေလံတင်တာပါ။အဲဒါအပြင် တခြားရှားပါးနဲ့ ရှေးဟောင်းပစ္စည်းတွေကိုလည်း လေလံပွဲလုပ်ပြီး ရောင်းပေးတာမို့ ရောင်းချင်သူရော ၀ယ်ချင်သူတွေနဲ့ ပါ စည်ကားတဲ့ နေရာပါ။


တချို့ ပစ္စည်းတွေက အသစ်အတိုင်းဖြစ်အောင်ပြင်ဆင်ထားသလို အသစ်စက်စက်တွေလည်း ပါတယ်။ အဓိကတော့ ပိုင်ရှင်အစစ်၊ထုတ်လုပ်သူအစစ်တွေဆီက ပစ္စည်းတွေမို့ စုဆောင်းသူတွေက ဒီလေလံပွဲကို စိတ်ကျေနပ်ကြပါတယ်။


လက်ရွေးစင်စာရေးဆရာအနည်းငယ်ကိုပဲ မေးပြီး သိမ်းထားလေ့ရှိတယ်။ ဆလိုဗေးနီးယားစာရေးဆရာ မာယာန်ကို တွမ် ဓာတ်ပုံရိုက်နေတဲ့နေရာက Shambaugh house လှေကားမှာပါ။


အဲဒီလှေကားမှာ တချို့ စာရေးဆရာတွေရဲ့ ဓာတ်ပုံကို ချိတ်ထားပါတယ်။


Amana Colony က Amish အားမစ်ရှ်လူမျိုးတွေရဲ့  နေရာပါ။ ရှေးက လက်ကျန်အားမစ်ရှ်အနေနဲ့  လူဦးရေ ၁၅၀၀ လောက်ပဲ ရှိတယ်လို့ဆိုပါတယ်။အိမ်ထောင်ပြုတာကို အားမပေးတဲ့ အပြင်လူနဲ့ အိမ်ထောင်မပြုရလို့ သတ်မှတ်ခဲ့တဲ့အတွက် သူတို့ ကိုးကွယ်တဲ့ ဘုရားရှိခိုးကျောင်းအဖွဲ့ ထဲ မ၀င်ရင် သေတဲ့အခါ သူတို့ လူမျိုးတွေ မြှုပ်တဲ့သချိုင်းမှာ မြှုပ်ခွင့်မရပါဘူး။မိန်းကလေးတွေက အနက်ရောင်တစ်မျိုးတည်းပဲ ၀တ်ဆင်ရပြီး ဆံပင်လုံးဝ ညှပ်ခွင့်မရှိပါဘူး။


ညှပ်မိလဲ့ရင် တစ်ရွာလုံးရှေ့မှာ တောင်းပန်ရပါသတဲ့။ ကိုယ်တို့ကတော့ ရှေးဟန်အားမစ်ရှ်တစ်ယောက်ကိုမှ မတွေ့ ခဲ့ ရပါဘူး။တွေ့ ရတဲ့ ဇနီးမောင်နှံကတော့ ပန်းအခြောက်တွေကို စာရှက်ပေါ်မှာ တင်၊တူလေးနဲ့ လိုက်ထုပြီး ပန်းပွင့်ပုံ သဘာဝအရောင်နဲ့  ပို့ စကဒ်လေးတွေ အပျော်တမ်းလုပ်နေကြတဲ့  အသက်ကြီးရွယ်အိုတွေပါ။ပန်းအခြောက်ခံတာတွေ ဂိုဒေါင်တစ်လုံးစာလောက် များရလောက်အောင် သူတို့ရဲ့ခြံကလည်း ပန်းပေါင်းစုံးနဲ့  လှနေပါတယ်။
 Kalona လေလံပွဲမှာ ဆိုင်ခင်းပြသထားတဲ့ အနုပညာလက်ရာ ရေးထား တဲ့ တိရစ္ဆာန်ဦးခေါင်းတွေပါ။ အိမ်နံရံတွေမှာ အလှချိတ်ဖို့ ၀ယ်သူက ၀ယ် ကြတာပေါ့။

သေနတ်တွေကို လေလံပွဲမှာ လာရောင်းနေတာပါ။ ကောင်းဘွိုင်ကြီး တွေ သဘောကျတဲ့ပစ္စည်းပေါ့။


လေလံပွဲရှုခင်းက ရုပ်ရှင်တောင်ဆန်နေပါတယ်။ ကောင်းဘွိုင်တွေကပဲ ဦးစီးသလို အဲဒီ နားတစ်ဝိုက်မှာ အားမစ်ရှ်တွေ ရှိတာမို့ လူတွေကြားထဲ သိပ်မတွေ့ရတဲ့ အားမစ်ရှ်အမျိုးသမီးတချို့ကို သူတို့ရိုးရာဝတ်စားဆင်ယင်မှုနဲ့ အတူ တွေ့ရပါတယ်။ (အပေါ်၊အောက်-ယာပုံ)


 


မသီတာ၊စမ်းချောင်း၊

No comments:

Post a Comment