Friday 17 February 2012

အတ္တလန္တိတ်နဲ့ ပစိဖိတ်ကြား

နေရာတကာ လျှပ်စစ်ပစ္စည်းသုံးတဲ့ အမေရိကမှာ အ၀တ်လျှော်စက်နဲ့ အ၀တ်အခြောက်ခံစက်တွေကြောင့် အိမ်ပြင်မှာ အ၀တ်လှန်းတယ် ဆိုတာ မမြင်ရပေမယ့် Kalona မှာတော့ အားမစ်ရှ်တွေက အတတ်နိုင်ဆုံး လျှပ်စစ်စွမ်းအားကို မသုံးဘဲ လူ့စွမ်းအားကိုသာ သုံးပြီး နေကြတာမို့ အ၀တ် ထွက်လှန်းထားတာကို တွေ့ရသလို ကိုယ်ပိုင်ကား မစီးဘဲ ကိုယ်ပိုင် မြင်လှည်း စီးတာကိုလည်း တွေ့ရပါတယ်။
Iowa မှာ ဆောင်းဦးရာသီ ရောက်ပြီဆိုရင် အပင်တွေက အရောင်ပြောင်းကြသလို အရွက်တွေက ကြွေကြပါတယ်။ အ၀ါ၊ လိမ္မော်စသဖြင့် အပင်တွေ လှချင်တိုင်းလှနေတဲ့ Fall ရာသီဟာ အမေရိကမှာ အလှဆုံးအချိန်ပါ။

Chicago ဟာ အမေရိကရဲ့ တတိယအကြီး ဆုံးမြို့ပါ။ အနုပညာနဲ့ ပတ်သက်ရင်လည်း နာမည်ကျော်ပါ။ မော်ဒန်အနုပညာပြတိုက် ၀န်း ကျင်ကိုက မော်ဒန်ဖြစ်နေပါတယ်။ ကိုယ်တို့ ရောက်တဲ့အချိန်မှာ ဗီယက်နမ်စစ်န့ပတ်သက်တဲ့ အထိမ်းအမှတ်အခမ်းအနားတစ်ခု ကျင်းပနေချိန်မို့ စစ်ပြန်တွေကို တစ်စုတစ်ဝေးတည်း တွေ့ခဲ့ရပါ တယ်။

 



Chicagoရဲ့ Navy Pier ကို သွားလည် တော့ ဆိုင်ခန်းတွေ အများအပြား တွေ့ရပေမယ့် တယ်စိတ်မ၀င်စားခဲ့သလောက် အပေါ့အပါးသွားဖို့ မြေအောက်ထပ်ကိုလည်း ဆင်းလိုက်ရော ၀ဲယာ နံရံတွေမှာ မှန်ပန်းချီလက်ရာတွေကို တွေ့လိုက်ရ ပါတယ်။ လက်ရာဟန်က အမျိုးမျိုးကွဲပြား သလောက် လှပကောင်းမွန်မှုကလည်း ကိုယ့်ကို တစ်ခါတည်း ဆွဲထားနိုင်ပါတယ်။ ဒါနဲ့ပဲ အဲဒီထဲ က တော်တော်နဲ့မထွက်ဖြစ်ခဲ့ပါဘူး။  


Chicagoရဲ့ နာမည်ကျော် လမ်းမကြီးတစ်လျှောက်မှာ လူအမျိုးမျိုး သွားလာနေကြသလို အခုလို ရုပ်ရှင်ရိုက်ကွင်းကလည်း ရှိနေပါတယ်။ လူတွေက စုပြုံပြီးကြည့်မနေကြပေမယ့် ကွက်ကြည့်ကွက်ကြည့်တော့ ရှိကြပါ တယ်။

ပုံရိပ်တွေကို ကြေးမုံပြင်မှာ မြင်သလို မြင် ရနိုင်တဲ့ စက်ဝိုင်းလုံးကြီးပါ။ ပြင်သစ်က ပဲရစ်ရဲ့ သိပံ္ပပြတိုက်မှာ တွေ့ခဲ့ဖူးတာနဲ့ တူနေပါတယ်။


Chicagoမှာ မိုးမျှော်တိုက်တွေက ကျောချင်းကပ် ရင်ချင်းအပ်ပါပဲ။ တချို့နေရာတွေမှာတော့ ဗိသုကာလက်ရာကွဲ အဆောက်အအုံတွေ တွေ့ရ တတ်ပါတယ်။


Chicago Modern Art Museum တစ်ဝိုက်က Mill-ineumy ပန်းခြံဟာ ခေတ်မီအနုပညာလက်ရာ ဆန်းတွေနဲ့အတူ လည်ပတ်သူတွေများတဲ့ နေရာပါ။

အမြဲတစေ စည်ကားနေတဲ့နေရာလို့လည်း ဆိုရမှာပါ။

Sears Tower ပါ။ မြောက်အမေရိကတိုက်မှာ အမြင့်ဆုံးဖြစ်ပြီး အထပ်ပေါင်း ၁၁၀ ရှိပါတယ်။ အပေါ်တက်ဖို့ တန်းစီရတာ ကြာလွန်းလို့ တပ်ခေါက်ပြန်ဖြစ်ခဲ့ပါတယ်။ တိုးရစ်တိုင်းလိုလိုက ဒီမျှော်စင်ပေါ်တက်ဖို့ ကြိုးစားနေကြတော့တန်းက မဆုံးနိုင်အောင် ရှည်နေတော့တာပေါ့။



John Hancock Centre ဖြစ်ပါတယ်။Sears Tower လောက် မမြင့်ပေမယ့် Michigan Lake ကန်ကြီးရဲ့အဖျားမှာ ရှိနေတာမို့ စင်တာထိပ်ပေါ်က ကြည့်ရင် မီချီဂန်ကန်ကြီးကို တွေ့ရတာ ကြည်နူးစရာပါ။ ကန်ကြီးက မျက်စိတစ်ဆုံးကျယ်တာမို့ ပင်လယ်လို့တောင် ထင်ရပါတယ်။ ချီကာဂိုမြစ်ထဲကို
စီးဝင်သွားတဲ့ ကန်ကြီးပေါ့။
 



John Hancock Centre ပေါ်ကနေ မီချီဂန် ကန်နဲ့ ချီကာဂိုမြို့ပြကို မြင်ရတာ သဘောကျစရာ ကောင်းလှပါတယ်။ အတူပါလာတဲ့ ဆလိုဗေး နီးယား၊ အင်ဒိုနီးရှား၊ နီပေါ၊ မလေးရှားနဲ့ ဗီယက်နမ်က စာရေးဆရာတွေကလည်း ကိုယ့် အဆုံးအဖြတ်ကို သဘောတူခဲ့ကြပါတယ်။ မနေ့ကSears tower ကိုတက်ဖြစ်ရင် ခုလောက် လှပ တဲ့ ကန်ရှုခင်းကို မြင်ရမယ် မထင်ပါဘူး။Sears ကန်နဲ့ဝေးတဲ့ မြို့လယ်ပိုင်းမှာရှိတာကိုး။  


Chicago Art Festival မှာ ကိုယ်တို့ IWPစာရေးဆရာတချို့ ပါဝင်ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်က အမှန်အတိုင်း ၀န်ခံရရင် လည်လို့ကောင်းတဲ့ ချီကာဂိုကိုပဲ ပိုစိတ်ဝင်စားနေကြပြီး ခွဲရခါနီးမို့လည်း အလုပ်ထက် အပျော်ကို မက်နေကြပါတယ်။ ပွဲတော်ရဲ့  အစီအစဉ်တွေကို သိပ်စိတ်မ၀င်စားကြတော့ပါဘူး။ ဒီပွဲတော်ပြီးတာနဲ့ အုပ်စုတွေခွဲပြီး ဒေသန္တရလေ့လာရေး အစီအစဉ် ထွက်ကြကာ နောက်ဆုံးမှာ ၀ါရှင်တန်ဒီစီမှာ ခဏပြန်ဆုံပြီးတာနဲ့ ကိုယ့်နိုင်ငံကိုယ် ပြန်ကြရတော့မှာလေ။ တချို့က တခြားအစီအစဉ် သီးခြားရှိတာမို့ ဒီကပြီးရင် တချို့ကို ပြန်တွေ့ချင်မှတွေ့ရတော့မှာပါ။ ဒါကြောင့် ချီကာဂိုလမ်းခွဲမှာ မျက်ရည်ဝဲသူဝဲ၊ လက်ဆောင်လဲသူလဲနဲ့ ၀မ်းနည်းဝမ်းသာပေါ့။ နောင်ဘယ်တော့ ဘယ်မှာ ပြန်ဆုံရဦးမယ်ဆိုတာ မသိနိုင်တော့ဘူးလေ။
မသီတာ(စမ်းချောင်း

No comments:

Post a Comment