Sunday 19 February 2012

အတ္တလန္တိတ်နဲ့ ပစိဖိတ်ကြား

အိမ်အပြန်ခရီးရဲ့ အစကို San Francisco နဲ့ စရတာ ပျော်စရာနဲ့ ၀မ်းနည်းစရာပါ။ လမ်းခွဲ ရတော့မယ့် IWP စာရေးဆရာတွေကို အလွမ်းသယ်ရမယ့် အပြင်
ငယ်ကတည်းက ချစ်ခင်ခဲ့ရတဲ့ ဆွေမျိုး နီးစပ်ရယ်၊ အယ်ဒီတာ ဦးမျိုးမြင့်ညိမ်းရဲ့ သမီး ဒါလီမျိုးမြင့်ညိမ်းရယ်၊ စာပေသမား တချို့ရယ်က အဲဒီ နားတစ်ဝိုက်မှာ ရှိနေလို့ ပြန်ခါနီးမှ ခဏလေး ကပ်တွေ့ ရတာ ၀မ်းသာသလို အားမရ ရတာရယ်နဲ့ ရှုပ်ပွနေခဲ့တာပေါ့။ အထူးသဖြင့်တော့ အချိန်ကို ခွဲတမ်းချရတာတယ် မလွယ်ခဲ့ ပါဘူး။

ဒါလီနဲ့ မတွေ့ရတော့တာ ဆယ်စုနှစ် တစ်နှစ် စာရှိပြီမို့ နှစ်ယောက်သား ပြန်တွေ့တွေ့ချင်း ၀မ်းသာအားရ ဖြစ်ရပါတယ်။ တယ်လီဖုန်း အဆက်အသွယ် မပြတ်ခဲ့တဲ့တိုင် လူကိုယ်တိုင် တွေ့ရတော့ စကားတွေလည်း ပြောမကုန်ဆဲပါပဲ။ ဒါလီ့ကို သူ့အသက် လေးငါးနှစ်မှာ ကတည်း က သိနေခဲ့တာမို့ ကလေးတစ်ယောက်လို ထင်ချင်နေသေးပေမယ့် ဒါလီက တကယ့်ကို လူကြီးကလေး ဖြစ်နေပါပြီ။ သူ့ဖြတ်သန်းမှုနဲ့သူ အတွေ့အကြုံတွေလည်း စုံနေပြီမို့ ဂျပန်ကနေ အမေရိကကို ပြောင်းလာခါစပေမယ့် အသားကျ လွယ်နေပါရဲ့ ။ သူ့သူငယ်ချင်း မော်ရင်းကလည်း အတော် အားကိုးရသူပါ။ ကိုယ်က ဆန်ဖရန် ရောက်ရောက်ချင်း IWP အုပ်စုကိုထားခဲ့ကာ ဒါလီတို့နှစ်ယောက်နဲ့ ဗီယက်နမ်ဆိုင် ရောက် သွားတော့တာလေ။ ရာသီဥတုမျှတတဲ့ အမေရိ ကန် အနောက် တောင်ပိုင်းမို့ ဆန်ဖရန်ဟာ ဘာမှ မတွေ့ရသေးတဲ့တိုင် နေလို့ကောင်းနေတာ သေချာပါတယ်။


San Francisco မှာ ထူးထူးခြားခြား တွေ့နေရသေးတာက ရှေးက သံလမ်းပေါ် ပြေးဆွဲတဲ့ ဘတ်စ်ကားထရမ်တွေပါ။ ခေါင်းလောင်းသံလေး နဲ့အတူ မောင်းနေတဲ့ ဆန်ဖရန်မှာ အာရှသား (အထူးသဖြင့် တရုတ်)အရေအတွက်ဟာ လူဖြူ တွေထက် အဆမတန် များနေတာမို့ တချို့ရုံးခန်း တွေမှာ မန်ဒရင်းပဲ ပြောနေကြပါတယ်။


ဆန်ဖရန်ဟာ အာရှဆန်တာမှ တချို့နေရာတွေမှာ တွေ့ရတဲ့ ယာယီအဆောက်အအုံလေးတွေကအစ အာရှဆန်နေတာပါ။ ဒီအဆောက်အအုံဆိုရင် ဘာအတွက် ဆောက်ထားမှန်း မသိရပေမယ့် ထင်းရူးသားတွေကို ထွင်းပြီး ရေးချင်တာတွေလည်း လျှောက်ရေးထားတဲ့ တဲခပ်ကြီးကြီးလေးပေါ့။


ပို့စကဒ်ထဲကလို ဥရောပဟန်နဲ့ တိုက်ကလေးတွေ အစီအရီ ရှိတဲ့ နေရာမို့ လှလို့ဆိုကာ လာသမျှ တိုးရစ်က ဒီနေရာမှာ ဓာတ်ပုံ ရိုက်တတ်ကြပါတယ်။ ကိုယ်တို့လည်း IWP ကအုပ်စုနဲ့ အမှတ်တရ ရိုက်ဖြစ်ခဲ့ပါတယ်။ လစ်ဗျားက လိုင်လာ၊ မော်ရိုကိုဇာတိ ဆာအိဒ် နီပေါလ်က မန်ဂျူး၊ ကိုဆိုဗိုက အယ်ဒီ၊ အိုင်အိုဝါက ကယ်လီတို့နဲပေါ့။
San Francisco ပင်လယ်အော်ကို မေးတင်ထားတဲ့ မြို့ ကို တောင်ပေါ်က ပြန်ကြည့်ရတာ တစ်မျှော်တစ်ခေါ်နဲ့မို့ သဘောကျစရာပါ။

နာမည်ကျော Golden Gate တံတားပေါ့။ ဗိသုကာ Mr Bowers ရဲ့ နာမည်နဲ့ ရှုခင်းသာ နေရာလေး သတ်မှတ် ပေးထားတာပါ။ ဒီတံတားကတော့ မြင်တာနဲ့ ဘယ်နေရာမှာလဲဆိုတာ သိကြလွန်းလို့ ဆန်ဖရန်ရဲ့  အထိမ်းအမှတ် လို့တောင် ဆိုရမှာပါ။


San Francisco Bay ထဲ သင်္ဘောနဲ့ လည်တဲ့ ခရီးစဉ်ကတော့ ရာသီဥတု ကလည်းကောင်းမို့ အတော်လေး ပျော်စရာ ကောင်းခဲ့ပါတယ်။ အပျော်စီး သင်္ဘောပေါ် မတက်ခင် ရိုက်ထားတဲ့ ကိုယ်တို့ရဲ့  အုပ်စုဓာတ်ပုံလေးက ကောင်းပေမယ့် ဒေါ်လာ ၂၀ ပေးရမှာမို့ မ၀ယ်ဖြစ်ကြတော့ပါဘူး။



Alcatraz အကျဉ်းထောင်ရှိတဲ့ ကျွန်းလေးပါ။ ဒီထောင်က ၁၈၆၈ ကနေ ၁၉၃၃ အထိ စစ်အကျဉ်းထောင် အဖြစ်နဲ့ ၁၉၃၃ မှ ၁၉၆၃ အဖြစ် အထူးအကျဉ်းထောင်အဖြစ် အသုံးပြုခဲ့ပြီး ၁၉၇၂ က စတင်ကာ Golden Gate National Recreation Area ထဲက ပြတိုက် ဖြစ်လာခဲ့ပါတယ်။ ပစိဖိတ် သမုဒ္ဒရာ ရေပြင်ကျယ်နဲ့ တစ်ဆက်တည်းဖြစ်တဲ့ San Francisco Bay ထဲက ကျွန်းကလေးမို့ အကျဉ်းသားတွေ ထွက်ပြေးမယ်ဆိုရင်တောင် အေးမြလှတဲ့ ပင်လယ်အော် ရေပြင်ကျယ်ထဲမှာပဲ အသက် ပျောက်သွားနိုင်ပါတယ်။ ကိုယ်တို့လည်း သင်္ဘောပေါ်ကပဲ ကြည့်ဖြစ်ခဲ့ပါတယ်။



Mystery Spot ရဲ့ နေရာတိုင်းမှာ လူဟာ ၉၀ ဒီဂရီ တည့်တည့်မတ်မတ် ရပ်နေလို့ ခက်လှ ပါတယ်။ ဆောက်ထားတဲ့ အိမ်ကိုက စောင်းနေ တာ အသိသာကြီးပါ။ ဒါပေမယ့် အဲဒီလို ခပ်စောင်းစောင်းကြီး နေနေမှ ကိုယ့်ကိုယ်ကိုယ် ၉၀ ဒီဂရီ မတ်မတ် ဖြစ်နေတယ်လို့ ခံစားရပါတယ်။ တကယ်လည်း မူးနောက်နောက် ဖြစ်လာပါတယ်။ နံရံကပ် လှေကားထစ်လေး တွေကို တက်သွားချိန်မှာဆို ဆပ်ကပ်ပညာကို တတ်ထားမိ သလို ရိုးရိုးလှေကားကို တက်သလိုကို တက်သွားမိတာပါ။ ဒါပေမယ့် အကိုင်အတွယ် မပါဘဲ လေထဲမှာ ခပ်စောင်းစောင်း နေကာ လှေကားထစ် တွေကို ၄၅ ဒီဂရီ ချိုးပြီး တက်သွားသလို ဖြစ်နေတာက သူများ တက်သွားချိန်ကို စောင့် ကြည့်မှပဲ ပိုသိသာပါတယ်။ တကယ့်ကို ထူးခြား တဲ့ နေရာလေးပါ။ သိပံ္ပပညာအရ ဘယ်လိုရှင်းပြ နိုင်တယ်ဆိုတာ မသိပေမယ့် ကိုယ်တွေ့အရတော့ အဲဒီ မြေကြီးအောက်မှာ ဓာတ်သဘာဝတစ်ခုခု ပိုမများဘူး ဆိုတဲ့တိုင် တစ်ခုခုသော သံလိုက်ဓာတ် ကြောင့်သာ အခုလို ထူးခြားနေတယ်လို့ ထင်လိုက်မိပါတယ်။

Mystery Spot ထဲမှာ ရိုက်ထားတဲ့ပုံတွေပါ။ ဒီနေရာက ဆန်ဖရန်ကနေ တစ်နာရီခွဲလောက် မောင်းသွားရပြီး တောင်ကုန်းကြီး တစ်ခုရဲ့ အောက်ခြေမှာပါ။ ဒီနေရာကို နွေရာသီအိမ် ကလေး ဆောက်ရအောင် ၀ယ်လိုက်ပြီး အိမ်အတွက် တိုင်းထွာမှုတွေ လုပ်စဉ်မှာကို သံလိုက် အိမ်မြှောင်မှာ အပြောင်းအလဲတချို့ တွေ့ရသလို အဲဒီပေ ၁၅၀ ပတ်လည်လောက် နေရာလေးကို ရောက်သွားတိုင်း လူတွေဟာ အပြောင်းအလဲ တစ်ခုခုကို ရင်ဆိုင်လိုက်ရတာချည်းပါ။ ခေါင်း ထဲမှာ ပေါ့နေသလို၊ မူးနောက်နောက်လိုလို၊ လူက လည်း တည့်တည့် နေလို့ကို မရဖြစ်နေတာမျိုး ပေါ့။ အဲဒီလိုနဲ့ ဒီနေရာလေးဟာ အထူးအဆန်းကို မြည်းစမ်းချင်သူတွေအတွက် အလည်လာရာ နေရာလေး ဖြစ်လာတာပါ။


မျက်လှည့်ပြလိုက်သလို နေရာလေးပြောင်း လိုက်တာနဲ့ အရပ်အတို အရှည် ပြောင်းပြန်ဖြစ် သွားတဲ့ ဒီနေရာလေးကို အရောက် ခေါ်လာပေးတဲ့ ဒါလီ့ကို ကျေးဇူးတင်မိပါတယ်။ နှစ်အတော်ကြာ မတွေ့ဖြစ်ဘဲ ပြန်တွေ့တဲ့ အခိုက်ကို အကျိုးရှိတဲ့ လည်စရာနဲ့ ဧည့်ခံပေးတဲ့ အတွက်ပေါ့။


San Francisco ဧရိယာနားက မြို့ ငယ်လေး Sausalito ကနေ ပင်လယ်အော်ကို ပြန်ကြည့်ရင်လည်း လှပနေတာပါပဲ။ အဲဒီကို လိုက်ပို့ပေးတဲ့ ပွင့်ဖြူလေးတို့မိသားစုကိုလည်း ကျေးဇူးတင်မိတာ အလွန်ပါ။ ပွင့်ဖြူက သန်းခေါင်ယံလနဲ့  ပတ်သက်ပြီး ကဗျာလေးတစ်ပုဒ်ကို အင်္ဂလိပ်လို လက်တမ်း စပ်လိုက်သေးတာပါ။ ပတ်ဝန်းကျင်က ညတော်တော်နက်နေချိန်မှာ တိမ်တောက်တာ လှလွန်းတော့ ပွင့်ဖြူလေးတောင် မခံစားနိုင်တော့ဘဲ သူ့အမေဆီက စာရွက်နဲ့ ဘောပင် အမြန်တောင်းပြီး လိမ္မော်ရောင်လဆိုတဲ့ ကဗျာလေးကို ရေးပါတယ်။ ကိုယ်နဲ့သူ့အဖေကတော့ ငါတို့ ခံလိုက် ရပါပကောရယ်လို့ မုဒိတာရယ်လေး ရယ်ဖြစ်ခဲ့ပါရဲ့။

အဲဒီနေ့ နေ့လယ်စာကိုတော့ မော်လ်ကြီးတစ်ခုထဲက မွန်ဂိုလီးယား အစားအစာဆိုင်မှာပဲ စားဖြစ်လိုက်ကြပါတယ်။


San Francisco ရဲ့  Fisherman Whar မှာ တွေ့ရတဲ့ ပင်လယ်ဖျံတွေ တုံးလုံးပက်လက် အုံနဲ့ကျင်းနဲ့ ရှုခင်းပါ။


Sacramento ဟာ မင်းသားအာနိုး ရုံးထိုင်တဲ့ မြို့ တော်ပေါ့။ ကယ်လီဖိုးနီးယားမှာ လော့စ်အိန်ဂျလိစ်နဲ့  ဆန်ဖရန်စစ်စကိုကို လူသိများပေမယ့် မြို့ တော် စခရမင်တိုကို သိပ်မသိကြပါဘူး။


San Francisco ပြတိုက်ဝင်းပန်းခြံထဲမှာ တွေ့ရတဲ့ နေနာရီနဲ့  အလှဆင် ပန်းအိုးတွေပါ။ ပန်းအိုးပေါ်က ပန်းပုရုပ်တွေဟာ အသေးစိတ်သလောက် လက်ရာလည်း မြောက်လှပါတယ်။


San Francisco က ပြတိုက်က ပိတ်ရက်ဖြစ်နေတော့ အထဲဝင်မရဘဲ အပြင်ပန်းခြံထဲမှာပဲ လမ်းလျှောက်ပြီး လှည့်ပြန်လိုက်ကြရပါတယ်။ ရာသီဥတု သိပ်ကောင်းနေခိုက်မို့ အပြင်မှာ လမ်းသလားရတာ အဆင်ပြေသားပါ။


အမေရိကခရီးစဉ်ဟာ များလွန်းသလို ဖြစ်နေတာမို့ အခုလောက်ပဲ မျှလိုက်ပါရစေ။ အသေးစိပ်နေရင် မပြီးနိုင် မစီးနိုင်နဲ့ ငြီးငွေ့နိုင်လို့ပါ။ စရောက်ကတည်းက ဘ၀င်မကျတကျဖြစ်နေခဲ့တဲ့ ကိုယ့်မှာ ပြန်ခါနီး အိုင်အိုဝါမှာ ဟိန္ဒူဘာသာဝင်တွေရဲ့ ဒေပ၀ါလီပွဲတော်ကို ရောက်သွားမှပဲ သြော်... ဒါကြောင့်လည်း နိုင်ငံတကာက ရွှေ့ ပြောင်းလာ သူတွေဟာ ဒီမှာ ပျော်လို့ရသွား ကြတာပဲလို့ သဘောပေါက်ခဲ့ရပါတယ်။ အဲဒီပွဲတော်မှာ တွေ့ ခဲ့ရတာက ဘာမှ ထူးထူးဆန်းဆန်း မရှိပါဘူး။ ရိုးရာဝတ်ကောင်း စားလှတွေ ၀တ်၊ ကိုယ့်မွေးရပ်မြေက အစားအစာတွေ စား၊ ကိုယ့်ဘာသာရေး အလိုအရ တင်ဆက်မှုတွေ လုပ်၊ မတွေ့ရတာကြာတဲ့ ကိုယ့်လူမျိုးတွေနဲ့ ပြန်တွေ့ကြ၊ မတွေ့ရသေးသူတွေနဲ့ မိတ်ဖွဲ့ကြ၊ ဒီလိုလုပ်ရိုးလုပ်စဉ်ပါပဲ။ အိုင်အိုဝါပြည်နယ်တစ်ခုလုံးမှာ နေထိုင်နေကြတဲ့ ဟိန္ဒူဘာသာဝင်တွေ စုပေါင်းတွေ့ဆုံပွဲဆိုပါတော့။


တတ်သလောက် မှတ်သလောက်နဲ့ ဖျော်ဖြေကြတာကို ပညာသည် ဝေဖန်တာမျိုး မလုပ်ကြဘဲ တစ်ခါက တွေ့ခဲ့ဖူးတာလေးတွေနဲ့ ဖြည့်ကြည့်ပေးပြီး ကျေနပ်နေကြတဲ့ ဒေပ၀ါလီ ပွဲလာတွေ ကို ကြည့်ရင်း ပန်းတွေလည်း မမွှေး၊ သစ်သီးဝလံကလည်း မချို၊ အသားဆိုလည်း ပွစိစိလို့ မကျေနပ်ဖြစ်နေတဲ့ အမေရိကမှာ သူတို့တွေ နေပျော်နေကြတာ ဒီလိုညတွေ ကျင်းပခွင့်ရနေလို့ ဆိုတာမျိုး တွေးလိုက်မိပါတယ်။ သူများနိုင်ငံထဲက ဘ၀၀န်းကျင်ကို သူတို့နိုင်ငံထဲမှာ ရှင်သန်လို့ရအောင် ဖန်တီးပေးထားမှုကပဲ အမေရိကရဲ့ လျှို့ဝှက်ချက်၊ အမေရိကရဲ့  ပွင့်လင်းမှု၊ အမေရိကရဲ့ အနှစ်၊ အမေရိကရဲ့ အကာ ဖြစ်နေတယ် ထင်ပါရဲ့ ။ ကိုယ်ကတော့ ကိုယ့်နိုင်ငံဝန်းကျင်ထဲက ဘ၀ထဲကိုပဲ ပြန်လည်ဝင်ရောက်ဖို့ ရွေးချယ် လိုက်ပါတယ်။
 


မသီတာ၊စမ်းချောင်း၊

No comments:

Post a Comment