Tuesday 21 February 2012

အတ္တလန္တိတ်နဲ့ ပစိဖိတ်ကြား

 
ကမ္ဘာကျော် နိုင်ယာဂါရာ ရေတံခွန်ကတော့ အမေရိကဘက်က ကြည့်ရင် ကနေဒါဘက်က ကြည့်သလောက် မလှဘူးလို့ ပြောကြပေမယ့် ကနေဒါဘက်ကို သွားဖို့ ဗီဇာ လုပ်နေရဦးမှာမို့ မသွားဖြစ်တော့ပါဘူး။ သည်ခရီးကို မောင်လေးနဲ့ အတူ သွားဖြစ်တာပါ။ အလုပ် ကိစ္စနဲ့ စင်ကာပူကနေ လပ်စ်ဗီးဂပ်စ်ကို လာခဲ့တဲ့ မောင်လေးက ကိုယ်ရှိရာ ဘရောင်း တက္ကသိုလ်ကို အရင် လာခဲ့ပြီးမှ နယူးယောက်က တစ်ဆင့် တရုတ် ခရီးသွား ကုမ္ပဏီ တစ်ခုရဲ့ တိုးရ်ကားနဲ့ လိုက်သွားကြတာပါ။ နှစ်ညအိပ် ခရီးမှာ နိုင်ယာဂါရာ ရေတံခွန် မရောက်ခင် ကျွန်းတစ်ထောင် Thousand Islands ဆိုတဲ့ ကျွန်းတွေ အများကြီး ရှိရာနေရာကိုလည်း ပို့ပါသေးတယ်။ ကိုယ်တို့ သွားတဲ့ အချိန်က ဆောင်းဦး ကာလမို့ သစ်ပင်တွေ အရောင်ပြောင်းပြီး သိပ်လှ နေချိန်ပါ။ ဒါပေမယ့် ဖြစ်ချင်တော့ အဲဒီ ရက်ပိုင်းမှာမှ အဲဒီ နေရာတွေမှာ စောစောစီးစီး နှင်းတွေ ကျနေတာပါ။ ပိုလှသွားပေမယ့် ပိုအေးတာမို့ လွတ်လွတ်ကျွတ်ကျွတ် မပျော်နိုင်ဘူး ဆိုပါတော့။
ကားနားတဲ့ စခန်းလေး တစ်ခုမှာ အလံတိုင်တွေရယ်၊ သစ်ပင်တွေရယ် လှနေပုံက မနက်ခင်း နေခြည်နုအောက်မှာ မှတ်တမ်း တင်ချင်စရာပေါ့။ အမေရိက ဆိုရင် ကြက်ပျံ မကျ စည်ကားလှတဲ့ နယူးယောက်လို မြို့ပြ မြင်ကွင်းမျိုးကသာ လူသိများပေမယ့် ကိုယ့်အတွက်တော့ အခုလို တောလမ်းလေးတွေ ထဲမှာ အလှတွေက ပိုဆွဲဆောင်နိုင်ပါတယ်။ ကမ္ဘာ အနှံ့က ဘယ်နိုင်ငံပဲ ရောက်ရောက် တောပိုင်းကို သွားရတာကို ပိုသဘောကျမိတာဟာလည်း ဂလိုဘယ်လ်လိုင်ဇေးရှင်းကြောင့် ဖြစ်မှာပါ။ နေရာတကာ တွေ့နေကျ ဆိုင်တွေ မြို့ပြတွေရဲ့ မကွဲပြား နိုင်တော့တဲ့ နောက်ဆုံးပေါ် ဗိသုကာ အပြင် အဆင်တွေထက် ဘယ်လိုမှ တစ်ထပ်တည်း မကျနိုင်တဲ့ သဘာဝ အလှအပတွေက ပိုပြီး လှပတယ်လို့ ကိုယ်က ခံယူပါတယ်။ ပြက္ခဒိန်တွေထဲမှာ တွေ့ရတတ်တဲ့ မြင်ကွင်းမျိုးဟာ နယူးယောက်ကနေ စထွက်ပြီး မကြာခင်မှာပဲ တွေ့ရတာပါ။ ကားက New Jersey ပြည်နယ် Delaware ပြည်နယ်၊ Pennsylvania ပြည်နယ်တွေကို ဖြတ်ပြီးမှ New York ပြည်နယ်ရဲ့ အနောက်မြောက် စွန်းပိုင်းကို ပြန်ဦးတည် ရတာပါ။ အထူးသဖြင့် Pennsylvania ပြည်နယ်မှာ ခုလို နှင်းထူထူ ကျနေတာကို တွေ့ရပါတယ်။ ကားထဲမှာတော့ အပူပေးစက်က အလုပ် လုပ်လွန်းလို့ အနွေးထည်တောင် တယ်မလိုပါဘူး။ လမ်းဘေး ရှုခင်းတွေက လှပေမယ့် အဖြူ တစ်ရောင်တည်း ကပဲ ကြီးစိုးနေတာမို့ ကြာတော့လည်း ရိုးသလိုပါ။

ဘယ်တော့မှ မရိုး သွားတာကတော့ သစ်ပင်တွေရဲ့ အလှပါ။ ကိုယ်လည်း ဘာကြောင့်မှန်း မသိ သစ်ပင်တွေကို တွေ့ရတာ သိပ်သဘော ကျပြီး အားရ နေတတ်ပါတယ်။ ဆောင်းကာလမှာ ရိုးတံ ပြိုင်းပြိုင်း ဖြစ်နေတဲ့ သစ်ပင်တွေကို တွေ့ရတာလောက် ကျက်သရေ မဲ့တာ မရှိဘူးလို့ ခံစားရပေမယ့် ခုလို ဆောင်းဦးမှာ ၀ါ၊ နီ၊ လိမ္မော် အရောင်တွေ ဖြစ်နေတာကိုရော နွေဦးမှာ စိမ်းစိုပြီး အပွင့်ရောင်စုံ ဖြစ်နေတာကိုရော သဘော ကျတာမှ အလွန့် အလွန်ပါ။


Thousand Islands ဆိုတာ ကနေဒါနဲ့ အမေရိကကြားက အွန်တယ်ရီယို ရေကန်ကြီးရဲ့ အဆက်ဖြစ်တဲ့ ရေပြင်ထဲမှာ ကျွန်းပေါင်း ၁၇၉၃ ကျွန်းရှိတဲ့ နေရာကို ခေါ်တာပါ။ ကျွန်းတွေက တော်တော်ကျယ်တဲ့ ရဲတိုက်ကြီးတွေ ရှိတဲ့ ကျွန်းအရွယ်ကနေ သစ်ပင်လေး တစ်ပင်လောက်ပဲ ပေါက်နိုင်တဲ့ကျွန်း အရွယ်ထိ အမျိုးမျိုး ရှိတာပါ။ တစ်နှစ်ပတ်လုံး ရေပေါ်မှာ အနည်းဆုံး တစ်ပေ မြင့်တက်ပေါ် နေပြီး သစ်ပင် တစ်ပင်လောက် ပေါက်နေမှ ကျွန်းလို့ သတ်မှတ်ကာ အဲဒီလို ကျွန်းကြီး၊ ကျွန်းသိမ် အားလုံးပေါင်း ၁၇၉၃ ကျွန်းစုထားတဲ့ ရေပြင်ကြီးမို့ သင်္ဘောလေးနဲ့ ပတ်ပြီး ကြည့်ကြရပါတယ်။ အဲဒီ ကျွန်းပေါ်က အိမ်အများစုက သူဌေးတွေရဲ့ နွေရာသီ စံအိမ်တွေနဲ့ ဟိုတယ်တွေပဲ ဖြစ်ပါတယ်။


ဟိုးဘက် ခေတ်တွေတုန်းကတော့ အဲဒီက ကျွန်းတစ်ကျွန်းကို တစ်ဒေါ်လာလောက်နဲ့ ၀ယ်လို့ ရတယ်လို့ ဆိုပါတယ်။ တစ်နေရာမှာတော့ ကျွန်းကလေး တစ်ကျွန်းကနေ နောက်တစ်ကျွန်းကို ဆယ်ပေလောက်ပဲ ရှည်မယ့် တံတားလေးတစ်ခုနဲ့ ဆက်ထားပြီး အဲဒီနေရာဟာ ကနေဒါနဲ့ အမေရိကန် နယ်ခြားလို့ ဆိုပါတယ်။ တိုးရစ်တွေ အလာများတဲ့ နေရာမို့ သင်္ဘောဆိပ်မှာ ဆိုင်တွေမှ အများကြီးပါပဲ။ ရာသီဥတုဆိုးနေချိန်မို့ ဘယ်ဆိုင်မှ မဖွင့်တဲ့ အတွက် အမှတ်တရ လက်ဆောင် မ၀ယ်ဖြစ်လိုက်ပါဘူး။


ဒီအဆောက်အအုံ နှစ်ခုကတော့Alster Tower နဲ့ Power House တို့ပါ။ နာမည်ကျော် “နှလုံးသား” ကျွန်းပေါ်က ရဲတိုက် တစ်ခုဖြစ်တဲ့ Boldt Castle ရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပြီး ရှားရှားပါးပါး တက်ရောက် ကြည့်ရှု ခွင့်ပေးတဲ့ နေရာတွေပါ။ Power House ကတော့ နာမည် အတိုင်းပဲ ၂၀ ရာစု အစောပိုင်းတုန်းက ကျွန်းကို လျှပ်စစ် မီးရအောင် လျှပ်စစ် စွမ်းအားထုတ်တဲ့ နေရာ ဖြစ်ပါတယ်။ ကိုယ်တို့ကတော့ ရာသီဥတုကြောင့်ရော အချိန်ပါ မရှိတာကြောင့်ပါ သည်နေရာကို ပန်းခင်းတွေ မြင်းစီး ကြည့်သလို သင်္ဘောပေါ်က မဆင်းဘဲ လှမ်းငေးရုံ ငေးဖြစ်ခဲ့ကြပါတယ်။


ဒါကတော့ ကနေဒါဘက် အခြမ်းကနေ အမေရိကဘက် အခြမ်းကို မြင်ရပုံပါ။ ကိုယ်တို့က ကနေဒါဘက် အခြမ်းကို မရောက်ခဲ့ပေမယ့် စာဖတ် ပရိသတ်တွေ မြင်ယောင် မှန်းဆနိုင်အောင် ရှာဖွေ ပေးလိုက်တာပါ။ နိုင်ယာဂါရာ ရေတံခွန်ဟာ ကနေဒါနဲ့ အမေရိက နယ်ခြားမှာ ရှိတာမို့ အမေရိကဘက်ကနေ ကြည့်လိုက်ရင် ကနေဒါကို မြင်နေရပါတယ်။ နိုင်ယာဂါရာဟာ လွန်ခဲ့တဲ့ နှစ်တစ်သောင်းကျော်က ရှိခဲ့တဲ့ ရေခဲပြင်ကြီးတွေ အရည်ပျော်တာကနေ စဖြစ်လာတာ ဖြစ်ပြီး ကနေဒါရဲ့ အွန်တိုရီယို ရေအိုင်နဲ့လည်း ဆက်စပ် နေပါတယ်။ မြောက်အမေရိက တိုက်မှာ ရှိတဲ့ ရေတံခွန်တွေ အနက် အကျယ်ဆုံးနဲ့ ရေစီး အပြင်းဆုံး ရေတံခွန် ဖြစ်တဲ့ အတွက် အလှအပ အတွက်တင် မကဘဲ ရေအား လျှပ်စစ်ဓာတ် ထုတ်လုပ်ရေး အတွက်ပါ အကျိုးပြုတဲ့ ရေတံခွန်ဖြစ်ပါတယ်။

အမေရိက အခြမ်းနဲ့ ကနေဒါ အခြမ်းကြားမှာ ကျွန်းတချို့ရှိပါတယ်။ ရေစီးသန် လွန်းတဲ့ နိုင်ယာဂါရာမှာ ရှေးက နေထိုင်ခဲ့ကြသူတွေရဲ့ စွန့်စားခန်းမျိုးစုံလည်း ရုပ်ရှင် မှတ်တမ်း၊ ပုံပြင်တွေ အနေနဲ့ ရှိနေပါသေးတယ်။ အခုပုံကတော့ ကနေဒါဘက် အခြမ်းကို လှမ်းမြင်ရပုံပါ။ တိုရန်တိုမြို့ အရှေ့တောင်ပိုင်းက နိုင်ယာဂါရာမြို့ကလေးပါ။

နိုင်ယာဂါရာကို လာလည်ကြတဲ့ ဧည့်သည်တွေကတော့ နှစ်စဉ် သန်းနဲ့ ချီပြီး ရှိနေပါတယ်။ တခြား ပြည်နယ်မှာနေကြတဲ့ အမေရိကန်တွေ ကိုယ်တိုင် လာလည်ကြသလို ဥရောပ၊ အာရှ၊ အာဖရိကသားတွေ အလည် လာကြတာ များပါတယ်။ ခရီးသွားလုပ်ငန်းအသီးသီး ရှိကြပေမယ့် အာရှဘက်က တရုတ်နဲ့ ကိုးရီးယား ခရီးသွား ကုမ္ပဏီတွေက ဈေးချိုလို့ အလုပ်ဖြစ်ကြပါတယ်။ တချို့ ခရီးစဉ်တွေမှာဆို နှစ်ယောက်စာ လက်မှတ် လုပ်ရင် တစ်ယောက်စာတောင် အခမဲ့ ပေးလိုက်ပါသေးတယ်။ ဟိုတယ်မှာတော့ အဲဒီ သုံးယောက်အတွက် အခန်းက တစ်ခန်းပဲရမှာပါ။ ဘာပဲဖြစ်ဖြစ် ခရီးစရိတ်နဲ့ ဟိုတယ်ခ ဈေးကြီးတဲ့ အမေရိကမှာ သည်လို တရုတ်၊ ကိုးရီးယား ခရီးသွား ကုမ္ပဏီတွေ ရှိနေတာကိုပဲ သဘောကျ နေကြသူတွေ အများသားပါ။ တရုတ် ကုမ္ပဏီတွေက ပိုများပြီး တရုတ် ဘာသာနဲ့ပါ ရှင်းပြတာမို့ တရုတ် အများစုက သိပ်သဘော ကျပါတယ်။


မနက်ခင်း နေခြည်နုနုမှာ ရေငွေ့ အမှုန်တွေနဲ့လှနေတဲ့ နိုင်ယာဂါရာဟာ ခုလို သက်တံ ပေါ်လာတော့ ပိုပြီး ပြည့်စုံသွားသလိုပါပဲ။ နိုင်ယာဂါရာမှာ မြင်းခွာပုံ ရေတံခွန်နဲ့ အမေရိကန် ရေတံခွန် ဆိုပြီး နှစ်ခုရှိကာ မြင်းခွာပုံ ရေတံခွန်က ပိုမြင့်ပြီး ပိုလှပါတယ်။ ကိုယ်တို့ရောက်ချိန်က ရာသီဥတု ပုံမှန် မဟုတ်လို့မို့ ရေတံခွန်အောက်ထိ ဆင်းလို့ရတဲ့ လှေကားတွေ အားလုံး ပိတ်ထားသလို ရေပြင်ထဲမှာ သင်္ဘောနဲ့ လိုက်စီးရမယ့် အခွင့်အရေးလည်း မရှိခဲ့ပါဘူး။ သဘာဝ အလှကိုတော့ ကောင်းကောင်း ခံစားလို့ ရပါသေးတယ်။


နိုင်ယာဂါရာနားမှာ ဆောင်းဦးရာသီရဲ့ သရုပ်သကန်ဖြစ်တဲ့ အရောင် ပြောင်းနေတဲ့ သစ်ပင်တွေကို တွေ့ရတာကတော့ ၀မ်းသာစရာပေါ့။ နေရောင်ခြည် အလင်းအောက်မှာ သုညမှတ် နီးပါး အေးနေခဲ့တဲ့ အဲဒီ နေ့ရက်တွေမှာ ခုလို ၀ါ၊ လိမ္မော်၊ နီ ရောင်စုံ သစ်ပင်တွေသာ မရှိခဲ့ရင် ပိုပြီး ပျင်းရိ စိတ်ပျက်စရာ ကောင်းမှာ အမှန်ပါပဲ။


မြင်းခွာပုံ ရေတံခွန်ရဲ့ တစ်စိတ် တစ်ဒေသပေါ့။ အားလုံးပါအောင် ရိုက်ချင်ရင်တော့ ကနေဒါဘက်ကနေ ရိုက်မှ ဖြစ်မှာပါ။ တကယ်တော့ နိုင်ယာဂါရာလို့ အမည် ပေးရတာဟာ အဲဒီ နေရာတစ်ဝိုက်မှာ ၁၇ ရာစုလောက်တည်းက နေနေခဲ့ကြတဲ့ နိုင်ယာဂါရာရီဂါ ဆိုတဲ့ လူမျိုး တစ်မျိုးကို အစွဲပြု ထားတာ ဖြစ်ပါတယ်။ သည်နေရာတွေကို ပြင်သစ်နဲ့ စပိန်လူမျိုး စွန့်ဦး ခရီးသည်တွေက ၁၇ ရာစုလောက်မှာ စတင်တွေ့ရှိသွားတာပါ။ ၁၉ ရာစု အစပိုင်းမှာ ပြင်သစ် စစ်ဘုရင် နပိုလီယံဘိုနာပတ်ရဲ့ညီ ဂျေရိုမ်းနဲ့ သူ့သတို့သမီးတို့တောင် နိုင်ယာဂါရာကို လာလည်ခဲ့ပါသေးတယ်။ အမေရိကန် ပြည်တွင်း စစ်အပြီးမှာကတည်းက မီးရထားလမ်း ကောင်းမွန်လာတာနဲ့ တစ်ပြိုင်နက် နိုင်ယာဂါရာဟာ အလည်အပတ် အပန်းဖြေ နေရာ အဖြစ် နာမည် ကျော်ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း မော်တော်ကား ထုတ်လုပ်မှု မြင့်မား လာတာနဲ့အမျှ နိုင်ယာဂါရာမှာ ဧည့်တိုး လာတော့တာပါ။
မသီတာ၊စမ်းချောင်း၊

No comments:

Post a Comment