Thursday 23 February 2012

အတ္တလန္တိတ်နဲ့ ပစိဖိတ်ကြား

 
ကယ်လီဖိုးနီးယားနဲ့ နီဗားဒါး ပြည်နယ် အစပ်မှာ ရှိတဲ့Lake Tahoe ပါ။
တစ်ခါက ၀ါရှိုအင်ဒီးယန်းတွေ နေခဲ့တဲ့ နေရာ ဖြစ်သလို စာရေးဆရာကြီး မတ်ခ်တွင်း၊ လောင်းကစား ၀ါသနာထုံတဲ့ သူကြွယ်ကြီးတွေ၊ ရုပ်ရှင်သမားတွေနဲ့ လူတိုင်းလိုလိုက စိတ်ဝင်တစား လည်ပတ် ချင်ကြတဲ့ နေရာလည်း ဖြစ်ပါတယ်။ ကန်ပတ်ပတ်လည် မိုင်အရှည်က ၇၂ မိုင် ရှိတာမို့ ကန်တစ်ခုထက် ပင်လယ်အော်လိုမျိုးနဲ့တောင် ဆင်နေပါတယ်။

ကန်တစ်ပတ်ပတ်တဲ့ လမ်းဟာ အမေရိကမှာ အလှဆုံးလို့တောင် တင်စားကြတာပါ။ တကယ်လည်း လှလွန်းလို့ ကိုယ့်မှာ လိုက်ပို့တဲ့ သူငယ်ချင်းတွေကို မကြာခဏ ရပ်ခိုင်းပြီး ဓာတ်ပုံ ဆင်းရိုက်ဖြစ်ပါတယ်။ သူတို့မှာ ကိုယ့်ကို လိုက်ပို့ဖို့ အတွက် မိုင်သုံးရာ ကျော်ဝေးတဲ့Bakersfield မြို့လေးကနေ ကားမောင်း လာကြတာပါ။ ဆေးရုံကနေ ခွင့်ယူပြီး လာတွေ့ကြ၊ လိုက်ပို့ကြတဲ့ သူငယ်ချင်းတွေကို အထူးတလည် ကျေးဇူးတင် နေမိပါတယ်။


ပင်လယ်ရေ မျက်နှာပြင် အထက် ပေပေါင်း ခြောက်ထောင်ကျော် အမြင့်မှာ ရှိပြီး ကန်အနက်ဟာ ပေထောင့်ခြောက်ရာတောင် ရှိတဲ့ ကန်ကြီးမို့ ရေပြင်က ကြည်လင်လှပေမယ့် အပြာအနုအရင့် ရောင်တွေသန်းနေပါတယ်။ ကိုယ်တို့သူငယ်ချင်း တစ်စု ရောက်သွားချိန်ကလည်း ဧပြီလဆန်းမို့ ဘေးက တောင်တန်းတွေမှာ နှင်းတချို့ ကျန်နေ ဆဲပါ။ အောင်ကျော်ထူး၊ သူရိန်၊ မြတ်မြတ်ဟန်နဲ့ သမီးလေး ခိုင်လာ၊ ကိုယ်တို့ အားလုံးကတော့ လှနိုင်လွန်းတဲ့ ကန်ကြီးရဲ့အညှို့ဓာတ်ကြောင့် တော်ရုံနဲ့ မပြန်ချင်ကြပါဘူး။ အထူးသဖြင့် ခိုင်လာလေးက အပျော်ကြီး ပျော်နေပါတယ်။ သန့်ရှင်းပြီး အေးမြတဲ့ လေကို ရှူရှိုက်ခွင့် ရခဲ့တဲ့ အရသာကတော့ မမေ့နိုင်စရာပါ။


အမေရိကမှာ ရောက်ဖူးပြီးသား ပြည်နယ်တွေကို လည်ရမှာထက် မရောက်ဖူးသေးတဲ့ ပြည်နယ်တွေကို လည်ဖို့က အမြဲ ထက်သန်တဲ့ စိတ်ကူးပေါ့။ ဒါကြောင့်Lake Tahoe ကို လိုက်ပို့တဲ့ သူငယ်ချင်းတွေကို ကန်တစ်ပတ် ပတ်ရင်း နီဗားဒါးပြည်နယ်ကို ရအောင် လိုက်ပို့ခိုင်း ဖြစ်ပါတယ်။ နီဗားဒါးနဲ့ ကယ်လီဖိုးနီးယားက တစ်ဆက်တည်းပေမယ့် သူ့ဘက်အခြမ်း ရောက်တာနဲ့ ကန္တာရဆန်တဲ့ သွင်ပြင်တွေကို တွေ့လာရတာပါ။ ခြောက်သွေ့နေတဲ့ နီဗားဒါးက နွေမှာ ကျွက်ကျွက် ဆူပူမယ့်ပုံ ရှိပြီး ဆောင်းမှာလည်း ခိုက်ခိုက်တုန်မယ် ထင်ရပါတယ်။

Lake Tahoe က အပြန်မှာတော့ Mulpitas မှာ အမေရိက အနောက်ခြမ်း ဆန်ဖရန် တစ်ဝိုက်က သူငယ်ချင်း တချို့နဲ့ ဟော့တ်ပေါ့တ် သွားစားဖြစ်ပါတယ်။ မြစန္ဒာကျော်နဲ့ မူမူမြင့်တို့ကလည်း တစ်တန်းတည်းသားတွေမို့ စားတာက နည်းနည်း၊ ပြောတာက များများ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဆိုင်က အစားအစာတွေ မကုန်နိုင်ဘဲ ယူထားပြီးလေသွားရင် တစ်ယောက်ကို သုံးဒေါ်လာ အပိုပေးရမယ်လို့ဆိုတာမို့ မလေအောင်လည်း သတိထားရပြန်ပါတယ်။ နိုင်ငံခြား ခရီးစဉ်တိုင်းမှာ မတွေ့တာကြာပြီဖြစ်တဲ့ တစ်တန်း တည်းသား သူငယ်ချင်းများနဲ့ တွေ့ဆုံရတဲ့ အခါတိုင်း ၀မ်းသာ ၀မ်းနည်းဖြစ်ရပါတယ်။ အောင်မြင်နေတဲ့ ဆရာဝန်ကြီးတွေဖြစ်နေကြတဲ့ သူတို့တွေက ကိုယ့်အပေါ် လှိုက်လှိုက်လှဲလှဲ ချစ်ချစ်ခင်ခင်ရှိကြချိန်မှာ ကိုယ်ကလည်း ကိုယ်တို့ဆီက လူနာတွေကို သူတို့တွေ မြင်စမ်းစေချင်စိတ် ဖြစ်နေမိတာပါ။

ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ မြို့တော် Sacramento ဟာ မြို့သေးသေးလေးမို့ လည်စရာ ပတ်စရာ ထူးထူးခြားခြား မရှိလှပါဘူး။ မြို့ဟောင်း နေရာလေးမှာတော့ မြစ်ခပ်သေးသေးနဲ့ ဘူတာရုံလေး ရှိတာမို့ လူတွေကလည်း သည်မြို့ဟောင်းလေး ရှိရာကိုပဲ လာလည်ကြပြီး ခရီးတို အပျော်စီး သင်္ဘောလေးကို စီးတတ်ကြပါတယ်။ အမေရိကမှာ ပြည်နယ်မြို့တော်တွေဟာ အုပ်ချုပ်ရေး ရုံးစိုက်ရာ မြို့တွေမို့ မကြီးမားသလို နာမည်လည်း မကျော်ကြပါဘူး။ ကယ်လီဖိုးနီးယားဆိုရင် ဆန်ဖရန်စစ္စကိုနဲ့ လော့စ်အိန်ဂျလိစ် ကိုသာ လူသိကြတာပါ။
ဆခရမန်တိုရဲ့ ဘူတာရုံဟောင်းလေးပါ။ သစ်သားအဆောက်အအုံလေးဖြစ်သလို ကောင်းဘွိုင်ကားထဲက အိမ်မျိုးလေးနဲ့ တူနေတာမို့ ချစ်စရာတော့ကောင်းသားပါ။ သည်တောင်ပိုင်းမှာ မီးရထားလမ်းတွေဟာ ရှုခင်းကောင်းတယ်လို့ နာမည်ကြီးလှပေမယ့် ကိုယ်ကတော့ တစ်ခါမှ မစီးဖူးသေးပါဘူး။ ရှေးတုန်းကတည်းက ဖောက်ခဲ့တဲ့လမ်းတွေမို့ ရှေးဟောင်းဘူတာရုံကလေးကို တွေ့နေရသေးတာပါ။
သည်ရုပ်တုဟာ ပြန်လည် သန့်စင်ထားတဲ့ သံမဏိနဲ့ အင်္ဂတေ ပေါင်းစပ်ပြီး ထုလုပ်ထားကာ တန်ခုနစ်ဆယ် လေးပါတယ်။ အမြင့်ပေ ၂၂ ပေ ရှိကာ ၃၃ ပေ အရှည် ရှိတာပါ။ တောင်ပိုင်းက တောင်တန်းတွေကို ကျော်ပြီး လမ်းတွေ ဖောက်ရာမှာ လုပ်အားရှင် များစွာရဲ့ အခန်း ကဏ္ဍက အရေးပါပါတယ်။ အဲဒီထဲမှာမှ တရုတ်ကူလီသမားတွေရဲ့ အခန်းကဏ္ဍက အများဆုံးမို့ ဒီအရုပ်ကို တရုတ်ကူလီလို့ပဲ နာမည် ပေးထားပါတယ်။ ဒီလိုရုပ်တုအကြီးကြီးမျိုး နောက်ထပ်အများကြီး ရှိသေးတဲ့ ဒီမြို့လေးကတော့ Auburn ပါ။ မကြာသေးခင်က မီးအကြီးအကျယ် လောင်သွားခဲ့ပြီး တချို့ ရုပ်တုတွေ ပျက်စီး သွားခဲ့တယ်လို့ ဆိုပါတယ်။ တကယ်တမ်းမှာတော့ ရုပ်တု အားလုံး လိုလိုဟာ အရွယ်အစားသာ ကြီးမားပြီး လက်ရာကြမ်းကြမ်းတွေပဲ ဖြစ်ပါတယ်။
ဆခရမန်တိုမှာ ကိုယ်တို့နဲ့ ဆွေမျိုးရင်းချာလို ဖြစ်နေတဲ့ တိုးတိုးတို့ မိသားစု ရှိတာမို့ သူတို့ သားအမိနဲ့ ဆခရမန်တိုရဲ့ နာမည်ကျော် ရထား ပြတိုက်ကို သွားကြည့်ဖြစ်ပါတယ်။ ရထားမှန်ရင် စွဲစွဲလမ်းလမ်းကို သဘောကျတတ်တဲ့ တိုးတိုးရဲ့ သားကတော့ ပြတိုက်ကို နေ့တိုင်း လိုက်ပို့ရင်တောင် သွားမယ့်သူမို့ အပျော်ကြီး ပျော်နေတာပါ။ သူပျော်တာလည်း မလွန်လှဘူး ဆိုရမှာပါ။ ကိုယ်တောင် ခေတ်အဆက်ဆက်က တကယ့်မီးရထား စက်ခေါင်းနဲ့ တွဲပေါင်းများစွာကို တစ်နေရာတည်းမှာ အခင်းအကျင်း ကောင်းကောင်းနဲ့ ကြည့်လိုက် ရတာမို့ သဘော အကျကြီးကျပေါ့။ ကိုယ်က လည်း သွားလေရာမှာ ပြတိုက်လေး တစ်ခုလောက်မှ မကြည့်လိုက်ရရင် အဲဒီမြို့ကို ရောက်တယ်လို့ တယ်မထင်ချင်သူမို့ နှစ်ဦးနှစ်ဖက် အကျိုးများ တယ် ဆိုရမှာပါ။
လော့စ်အိန်ဂျလိစ်မှာ လူတိုင်း သွားဖြစ်အောင် သွားကြည့်ကြတဲ့ ကိုက်သီရေတာပေါ့။ အော်စကာဆုပေးပွဲ ကျင်းပတဲ့ နေရာမို့ လူတိုင်းက အမှတ်တရ ဓာတ်ပုံရိုက်ကြတဲ့ နေရာလို့လည်း ဆိုရ မှာပါ။ သီရေတာ အပြင်ဘက်မှာလည်း အော်စကာဆု ရတဲ့ ဇာတ်ကား နာမည်တွေကို နှစ် အလိုက် ရေးချိတ်ထားတာမို့ အော်စကာရဲ့ အငွေ့ အသက်ကတော့ ရာသီချိန် မဟုတ်လည်း ရှိနေတယ် ဆိုရပါမယ်။
နာမည်ကျော် ဟောလိဝုဒ် လမ်းမကြီးပေါ်မှာ တွေ့ရတဲ့ အဆောက်အအုံ တချို့ပါ။ ဒီနေရာတွေမှာ လူအမြဲ စည်ကားတတ်တာမို့ အကြောင်း တစ်စုံတစ်ခု အတွက် ဆန္ဒ ထုတ်ဖော်လိုသူတွေက ဒီနေရာတွေမှာ လာပြီး အစုအဝေးနဲ့ ဆန္ဒ ထုတ်ဖော်တတ်ကြတဲ့နေရာ လည်းဖြစ်သလို နာမည်ကျော် ရုပ်ရှင် ဇာတ်ရုပ်ပုံ သဏ္ဌာန်တူ ၀တ်စား ဆင်ယင်ပြီး အတူဓာတ်ပုံ တွဲရိုက်သူတွေဆီက မုန့်ဖိုး တောင်းတတ်သူတွေ ကျက်စားရာနေရာလည်း ဖြစ်ပါတယ်။ အဲဒီ လူတွေက ရံဖန်ရံခါ သူတို့ အလုပ်တွေ ပစ်ပြီး ဆန္ဒ ထုတ်ဖော်သူတွေ အုပ်စုနဲ့ ၀င်ရောတတ်ပြန်တာမို့ ဒီနေရာဟာ ကမ္ဘာကြီးအကြောင်းကို အကြားရနိုင်ဆုံး နေရာလည်း ဖြစ်ပြန်ပါတယ်။
ဟောလိဝုဒ်လမ်းမကြီးပေါ်က တရုတ်သီရေတာပါ။ လမ်းမကြီးရဲ့ ပလက်ဖောင်းပေါ်မှာ ကမ္ဘာကျော် အနုပညာ သမားတွေရဲ့လက်ရာ ပုံနှိပ်ထားတဲ့ ကြယ်ပွင့်တွေ ရှိသလို ဒီသီရေတာ ရှေ့မှာလည်း အင်္ဂတေ ချပ်တွေပေါ်မှာ ကမ္ဘာကျော် အနုပညာ ငွေကြယ်ပွင့်သစ်တွေရဲ့လက်ရာတွေကို ထွင်းနှိပ်ထားပါတယ်။ ရာသီဥတု ပူပြင်းတဲ့ ကာလမှာမို့ ဒီနေရာ တစ်ဝိုက်မှာ လူတွေ ပိုစည်ကားနေသလို ထင်ရပါတယ်။
တရုတ်သီရေတာ ရှေ့က အင်္ဂတေချပ်တွေမှာ ထွင်းထားတဲ့ ဟယ်ရီပေါ်တာ ဇာတ်ကား သရုပ်ဆောင်လေးတွေရဲ့ လက်ရာတွေပေါ့။ တခြား တရုတ် သရုပ်ဆောင်တွေရဲ့ လက်ရာတွေကိုလည်း တွေ့ရပါတယ်။ တခမ်းတနား ပုံဖော်ပေးထားတာ မဟုတ်ပေမယ့်လည်း တော်ရုံ နာမည်ကျော်ရုံနဲ့တော့ ဒီနေရာမှာ လက်ရာ ထွင်းခွင့်ရဖို့ မဖြစ်နိုင်ပေဘူး။
ဟောလိဝုဒ် လမ်းမပေါ်ကို ကိုယ်ရောက်သွားတဲ့ နေ့က မိုက်ကယ်ဂျက်ဆင်ရဲ့ အသုဘ အခမ်းအနား ကျင်းပပြီးခါစနေ့မို့ လမ်းမပေါ်က သူ့ကြယ်ပွင့်နေရာမှာ လွမ်းသူ့ ပန်းစည်းတွေကို တွေ့နေရဆဲပါ။ အဲဒီ ရက်ပိုင်းကလေးမှာတော့ ဒီက ရုပ်မြင်သံကြား အစီအစဉ်တိုင်းမှာ သူ့အကြောင်းတွေချည်း ပြနေတာမို့ နည်းနည်းတောင် စိတ်ညစ်ငြီးငွေ့မိတဲ့ အထိပါပဲ။ ဒါပေမယ့် သူ သေတာကို အကြောင်းပြုပြီး စီးပွား ဖြစ်သွားသူတွေကလည်း နည်းမှ မနည်းဘဲကိုး။ ဘာပဲဖြစ်ဖြစ် ပရိသတ်နဲ့ စီးပွားရေး သမားတွေကို သေတဲ့ အထိ အလုပ်အကျွေး ပြုသွားတယ်လို့ ဆိုနိုင်မယ့် မိုက်ကယ်ဂျက်ဆင်ပေါ့။

လော့စ်အိန်ဂျလိစ်မှာ ကားမမောင်းရင် ခြေကျိုးနေသလို ဘယ်မှ သွားလို့ မရနိုင်ပါဘူး။ သွားလေရာမှာ သဘာဝ အလှဥယျာဉ်မျိုး သွား စရာမရှိရင် ပြတိုက် သွားချင်နေတဲ့ ကိုယ့်အတွက် မိတ်ဆွေသစ်လေးဘိုဘိုကွှ့The Museum of Tolerance နဲ့ NortonSimon Museum ကို ခေါ် သွားပေးခဲ့ပါတယ်The Museum of Tolerance ပြတိုက်က ဖူးငုံရဲ့ ၂၀ ရာစု သူရဲကောင်းကဏ္ဍ မှာပါခဲ့တဲ့ ဆိုင်မွန်ဝီဆန်သဲလ် ဆိုတဲ့ နာဇီ မုဆိုးလို့ နာမည်ကျော်တဲ့ နာဇီ စစ်ခေါင်းဆောင်တွေကို ခြေရာခံပြီး တရား မျှတမှု အတွက် လှုပ်ရှားခဲ့သူက တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပြတိုက်က တော့ နာဇီ အကျဉ်းစခန်း တစ်ခုထဲ ရောက်သွားသလို ခံစားနိုင်အောင် ပြကွက် အမျိုးမျိုးနဲ့ တင်ပြ ထားပြီး ကင်မရာတောင် အပြင်မှာပဲ ထားခဲ့ရ လောက်အောင် စိစစ်တာပါ။ ဒါကြောင့် အဲဒီပြတိုက်နဲ့ ပတ်သက်တဲ့ မှတ်တမ်း ဓာတ်ပုံရယ်လို့ မရှိလိုက်ပါဘူး။ ဒီပုံကNorton Simon Museum ၀င်းထဲက ပန်းပုရုပ်တွေပါ။ အထဲက ပန်းချီတွေကို ဓာတ်ပုံ ရိုက်ခွင့်မပေးလို့ မရိုက်ခဲ့ရပါဘူး။ ၁၄ ရာစုလောက်ကနေ ၁၉ ရာစုအထိ နာမည် ကျော် ဥရောပပန်းချီအနုပညာရှင်တွေရဲ့ လက်ရာ တွေကို တွေ့ရတဲ့ပြတိုက်ပါ။ ကိုယ့်အကြိုက် ဒီဂါ့စ်ရဲ့ကြေးပန်းပုတွေ၊ ရမ်းဘရန့်ရဲ့ ပန်းချီတွေနဲ့ ၂၀ရာစုလက်ရာတချို့ကိုလည်း ပြထားတာမို့ စိတ်ရှည်လက်ရှည်လိုက်ပို့ပေးတဲ့သူကို ကျေးဇူး တင်ရပါတယ်။
သည်ဆိုင်လေးက လော့စ်အိန်ဂျလိစ်ရဲ့ ဘော်လ်ဒွင် ပန်းခြံ အပိုင်းမှာ ရှိတဲ့ သာမန် လက်ဖက်ရည်ဆိုင်လေးပါပဲ။ မက်ဆီကို နိုင်ငံထဲက မြို့ ကလေးတစ်မြို့ရဲ့ နာမည်လေးနဲ့ ဖွင့်ထားတဲ့ ဆိုင်လေးပါ။ အပြင်အဆင်လေး ချစ်စရာ ကောင်းသလို ဆိုင်ပြင်မှာ ထိုင်ရင်း ပတ်ဝန်းကျင်ကို ငေး မောနိုင်တဲ့ အတွက် ဆေးလိပ် အတို နေအညိုထိ ထိုင်ခဲ့ဖူးတဲ့ သူတွေ ရှိခဲ့ပါသတဲ့။ တစ်ယောက်သော သူကတော့ ဒီဆိုင်လေးမှာ နေ၀င် နိဂုံးထိ ထိုင် သွားခဲ့ဖူးပါတယ်။ အလွမ်းတွေ ဖြေဖို့ ထိုင်နိုင်တဲ့ ဒီဆိုင်လေးကို အလွမ်းတွေနဲ့ အတူ လိုက်ပို့ပေးတဲ့ ညီမလေးကို ကျေးဇူးတင်နေမိပါတယ်။ ကိုယ် လည်းလွမ်းလို့ ကျန်ရစ်ခဲ့ပါရဲ့။
လော့စ်အိန်ဂျလိစ်ကို သွားဖြစ်တဲ့ အခိုက်မှာ အကောင်းဆုံး အစီအစဉ်တစ်ခုကတော့ နှစ်နှစ်ဆယ်ကျော်က ဆေးကျောင်းတက်ဖော် သူငယ်ချင်းဟောင်းတွေနဲ့ ပြန်တွေ့ရတာပါ။ အထူးကု ဆရာဝန်ကြီးတွေ၊ ဆိုင်ရာ ဘာသာရပ် ကျွမ်းကျင်သူတွေ ဖြစ်နေတဲ့ သူငယ်ချင်းတွေက အလုပ်တာဝန်တွေ မအားတဲ့ကြားက ဒီတွေ့ဆုံပွဲ ကလေးကို တကူးတက လုပ်ခဲ့ကြတာပါ။ တချို့ဆို မိုင်ပေါင်းများစွာ ကားမောင်း လာခဲ့ရပါတယ်။ အသုပ်စုံ၊ ဒန်ပေါက်၊ ဖာလူဒါ အပါအ၀င် မြန်မာ စားစရာတွေ တ၀ကြီးစားပြီး ရှေးဟောင်း နှောင်းဖြစ်တွေ ပြောမကုန် ဖြစ်ခဲ့တဲ့ ဒီတွေ့ဆုံပွဲလေး ဖြစ်မြောက်အောင် ကြိုးစားခဲ့တဲ့ အ၀ှီး၊ မေရီဝင်း၊ ခိုင်ခိုင်ခင်၊ အောင်ကျော်ထူး၊ စိုးနိုင်နဲ့ ထွန်းကြည်တို့ အားလုံးကို ကျေးဇူးတင်မိပါတယ်။
နာမည်ကျော် Getty ပြတိုက်ရှေ့မှာ သူငယ်ချင်းနဲ့ အတူ အမှတ်တရ ရိုက်ဖြစ်တာပါ။ အဲဒီ နေ့မတိုင်ခင် တစ်ရက်ကတည်းက သူက လိုက်ပို့ချင် နေခဲ့ပေမယ့် ခြောက်သွေ့လွန်း လှတဲ့ လော့စ်အိန်ဂျလိစ်မှာ တောမီးလောင်လေ့ ရှိရာမှာ မနေ့က ပြတိုက်နား ကပ်ပြီး တောမီးတွေ လောင်ခဲ့တာမို့ ပြတိုက် ပိတ်လိုက်ရပါတယ်။
လော့စ်အိန်ဂျလိစ်မှာ နာမည်ကြီးတဲ့ Getty ပြတိုက်က စန်တာ မော်နီကာ တောင်ပေါ်မှာ ရှိတာပါ။ အဆောက်အအုံတွေကို စတုရန်းပေငါးထောင် အကျယ်အ၀န်းပေါ်မှာ ခေတ်မီမီ တည်ဆောက်ထားပေမယ့် အထဲက ပြထားတဲ့ ပန်းချီ၊ ပန်းပု၊ ဓာတ်ပုံနဲ့ အနုပညာ လက်ရာတွေကတော့ ခရစ်မတိုင်မီ ခေတ်က လက်ရာမျိုးထိ ဟောင်းသလောက် ကောင်းလှတဲ့ လက်ရာတွေ ဖြစ်ပါတယ်။ စေဆန်း၊ မိုးနေး၊ မိုက်ကယ်အိန်ဂျလို၊ ရဖယ်ရဲလ်၊ လီယိုနာဒို၊ ရေနွား အပါအ၀င် အလယ်ခေတ် ဥရောပ အနုပညာရှင်တွေရဲ့ လက်ရာတွေကို အပြင်အဆင် ကောင်းကောင်းနဲ့ တင်ပြထားသလို ၁၉ရာစုအစောပိုင်းက ဓာတ်ပုံတွေလည်း တွေ့ရပါတယ်။ ပန်းပု လက်ရာနဲ့ တခြား အသုံးအဆောင်တွေမှာလည်း ဘီစီခြောက်ထောင့်ငါးရာလောက်က ပန်းအိုးလို လက်ဝတ် ရတနာလို ပစ္စည်းမျိုးတွေကို တွေ့ရပါတယ်။ တောင်စောင်းမှာ ပန်းဥယျာဉ်ကြီး တစ်ခု ရှိပြီး ဒေသအလိုက် အပင်မျိုး ပေါင်းများစွာကို လှနေအောင် စိုက်ထားပြထားတာပါ။ ဒီလိုလှပခေတ်မီပြီး ရှုခင်းကောင်းလှတဲ့ တောင်ပေါ်ပြတိုက်လေးကို မအားတဲ့ ကြားက ရအောင်လိုက်ပို့တဲ့ အတန်းဖော် သူငယ်ချင်း အ၀ှီးကို ကျေးဇူးတင်တာ အတိုင်းထက် အလွန်ပါပဲ။

မသီတာ၊စမ်းချောင်း၊

No comments:

Post a Comment