Saturday 25 February 2012

အတ္တလန္တိတ်နဲ့ ပစိဖိတ်ကြား

 
ရာသီဥတု ဆိုးဝါး ပြင်းထန်တဲ့ နယူး အင်္ဂလန် (အမေရိက အရှေ့မြောက်ပိုင်း) မှာ နေရတာ အတော်လေး ခံစားရတာမို့ အနွေးဓာတ်နဲ့ နေရောင်ခြည် ရှိတဲ့ တစ်နေရာရာကို သွားချင်ခဲ့ပါတယ်။ တောင်အမေရိက တိုက်နဲ့ တခြားနိုင်ငံတွေကို သွားလည်ဖို့ စိတ်ဝင်စား ပေမယ့် ဗီဇာကိစ္စ အပါအ၀င် တခြား အခက်အခဲ တွေကြောင့် ကရစ်ဘီယံ ဒေသမှာ ရှိပြီး ဗီဇာမလိုတဲ့ အမေရိကရဲ့ သီးခြားနယ်မြေ ဖြစ်တဲ့ ပွာတိုရီကို ကိုပဲ သွားလည် ဖြစ်ခဲ့ပါတယ်။ အလင်းတန်း ဂျာနယ်မှာ “အမေရိက မဟုတ်တဲ့ အမေရိက” ဆိုပြီး အကြမ်း ရေးခဲ့ ဖူးပါတယ်။ တကယ်လည်း စပိန် စကားပြောပြီး အပူပိုင်း ဒေသ သွင်ပြင် ရှိတဲ့ ပွာတိုရီကို ကို ရောက်ရတာ နယူးအင်္ဂလန် ဆိုတဲ့ အမေရိက နဲ့တော့ ကွာမှ ကွာပါပဲ။ တွေ့နေကျ နာမည်ကြီး စတိုးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ ရှိနေတာကလွဲရင် ပွာတိုရီကိုဟာ သူ့မူလ သဘာဝကို ထိန်းသိမ်း ထားသလို အမေရိကရဲ့ ကြွယ်ဝမှု တွေကိုလည်း ဟုတ်တိပတ်တိ မဆက်ခံထားပါဘူး။

သွားလေရာမှာ အမျိုးသား သဘာဝ ဥယျာဉ်နဲ့ သစ်တောတွေကို ၀င်လည်တတ်တဲ့ အတိုင်း ပွာတိုရီကိုရဲ့သဘာဝ မိုးသစ်တောရှိရာ အယ်လ်ပေါ်တာ မိုးသစ်တောဌာန El Portal rain forest center ကို ရောက်ဖြစ်အောင် သွားခဲ့ပါတယ်။ ဒီနေရာကEl YunqueNational Forest ရဲ့အတွင်းမှာ ဖြစ်ပြီး ရေတံခွန်တွေ ရှိတယ်လို့ ဆိုပါတယ်။ ကိုယ်တို့သူငယ်ချင်းလေးယောက်သားကလည်း ရေတံခွန်ကြီးကြီး တွေ့နိုးနဲ့ ရှာပေမယ့် ကိုယ်တို့ပဲ ညံ့လို့လားတော့ မသိပါဘူး။ သည့်ထက်ကြီးတဲ့ ရေတံခွန်ကိုတော့ ရှာမတွေ့ခဲ့ကြပါဘူး။ ဘာပဲဖြစ်ဖြစ် စတုရန်းမိုင် သုံးထောင့်ငါးရာလောက်သာ ကျယ်တဲ့ မြေကို ပိုင်ထားတဲ့ ကျွန်းစု နိုင်ငံလေးမှာ ကိုယ်တို့က သိပ်ကြီး မျှော်လင့်လို့ မရနိုင်တာ သေချာပါတယ်။


El Yunque National Forest ရဲ့ အတွင်းထဲမှာ အနီး ၀န်းကျင်ကို ကောင်းကောင်း မြင်နိုင်တဲ့ တောင်ပေါ် မျှော်စင်တစ်ခု ရှိပါတယ်။Yokahu မျှော်စင်ဟာ အမြင့်ပေ ၁၅၇၅ အမြင့်မှာ ရှိတာမို့ ပတ်ဝန်းကျင်က သစ်တောစိမ်းစိမ်း တစ်ခွင်တစ်ပြင်ကို မြင်နိုင်ပါတယ်။ အဝေးမှာ သိမ်းငှက်၊ စွန်ရဲတွေ ရှိတယ် ဆိုပေမယ့် ကိုယ်တို့တော့ ထင်ထင်ရှားရှား မမြင်ခဲ့ရပါဘူး။ ငှက်ခပ်ကြီးကြီး တစ်ကောင်ကို ခပ်လှမ်းလှမ်းက မြင်ခဲ့ပေမယ့် ဘာငှက်မှန်းတော့ မသဲကွဲခဲ့ပါဘူး။ ဒေသခံ တွေကတော့ ဒီတောင်ပေါ်မှာ နတ်သူတော်ကောင်း ရှိနေပြီး ပွာတိုရီကိုနဲ့ လူထုကို စောင့်ရှောက်တယ်လို့ ယူဆကြပါတယ်။


အယ်လ်ပေါ်တာမိုး သစ်တောဌာန El Portal Rain Forest Center အ၀င် လမ်းညွှန် ဆိုင်းဘုတ်ပေါ့။ အထဲက သစ်တောကတော့ ကိုယ်တို့ဆီမှာနဲ့ သိပ်မကွာလှပါဘူး။ ဗာဒံပင်တွေ တော်တော်များများ ကိုတောင် တွေ့ခဲ့ရပါတယ်။


သူတို့ ဆီမှာလည်း ရွေ့လျားဆိုင်လေးတွေ ပေါပါတယ်။ မနက်စောစောမှာ ပေါင်မုန့်နဲ့ ကိုကာကိုလာ စားသောက်ကြတာကို တွေ့ရတာတော့ ပြုံးစရာပါ။ ဒီမြို့လေးက ပွာတိုရီကိုရဲ့ အရှေ့မြောက် ဖျားမှာ ရှိတဲ့ ဖာယာဒိုဆိုတဲ့ မြို့လေးပါ။ ကမ်းခြေမြို့လေးမို့ သင်္ဘော ခရီး သွားကြမယ့် သူတွေနဲ့ ဖာယာဒို ဆိပ်ကမ်းဟာ စည်ကား နေပါတယ်။ ဒီတော့ ဒီလို မုန့်ဆိုင်လေး တွေလည်း လမ်းကြို လမ်းကြားတွေမှာ ပေါမှ ပေါပေါ့။


ပွာတိုရီကို ရောက်တာနဲ့ သတိထားမိတာကတော့ ဓာတ်ဆီဈေးတွေ သိပ်ကို ချိုနေတာပါ။ အမေရိက ကုန်းတွင်း ပြည်နယ်တွေမှာ အနည်းဆုံး နှစ်ဒေါ်လာခွဲလောက် ရှိနေချိန်မှာ ခုလို ပြားဂဏန်းနဲ့ တွေ့ရတော့ ကိုယ်တို့ သူငယ်ချင်းတွေက ရွှေဥာဏ်တွေ ကွန့်မြူးပြီး ဗင်နီဇွဲလားကနေ တိုက်ရိုက်လာလို့ပဲ ဒီလောက် ပေါနေတာလား၊ ဘာလားညာလားနဲ့ အတွေးတွေ ခေါင်လိုက်ကြပါတယ်။ ရာသီဥတုကလည်း ကောင်း၊ ဓာတ်ဆီဈေးကလည်း ပေါဆိုတော့ အလုပ်များ ရှိရင် ပြောင်းလာချင် သားလို့ ပြောတဲ့သူက ပြောပေါ့။ ဒါပေမယ့် ကိုယ်တို့ ငှားထားတဲ့ ကားကို ဆီဖြည့်ရတော့မှပဲ သူတို့ရဲ့ပြားဂဏန်းဟာ တစ်လီတာ အတွက်ဆိုတာ သိလိုက်ရပြီး ရယ်ပွဲဖွဲ့ဖြစ်ခဲ့ပါတော့တယ်။ ဒီမှာ လမ်းအရှည်တွေကို မိုင်နဲ့ပြလိုက်၊ ကီလိုမီတာနဲ့ ပြလိုက် အမျိုးမျိုး ဖြစ်နေတာကို သတိထား မိပေမယ့် ဓာတ်ဆီကိုတော့ ဂါလန်ဈေးပဲလို့ ထင်ကြေးနဲ့ တွက်မိခဲ့တာ ဖြစ်ပါတယ်။ အမေရိကမှာ မက်ထရစ် စနစ်ကို ခုထိ မကူးသေးတာမို့ ကိုယ်တို့က ဂါလန်နဲ့ပဲ တွေးမိခဲ့ကြတာပါ။ ပွာတိုရီကိုကတော့ မက်ထရစ်နဲ့ အင်္ဂလိပ် စနစ်နှစ်မျိုးလုံးကို အဆင်ပြေသလို သုံးနေတယ်လို့ ယူဆမိပါတယ်။


အယ်လ်ယုံကျူ အမျိုးသား သစ်တော El Yunque National Forest ကိုရှာကြရင်း လမ်းမှားရာက ခုလို သာယာ လှပတဲ့ မြို့အ၀င် လမ်းတစ်ခုကို ရောက်သွားကြပါသေးတယ်။ ဒီမှာရှိတဲ့ လမ်းညွှန်ဆိုင်းဘုတ် အားလုံး လိုလိုက အမှန်တကယ် အထောက်အကူ မဖြစ်လှတာမို့ ပွာတိုရီကို ခရီးမှာ အဖြစ်များဆုံး ပြဿနာကတော့ လမ်းမှားတာပါ။ ဖိုးသူတော် မျက်စိလည်လေ၊ ဆန်ရလေဆိုသလို လမ်းမှားလေ မရောက်ဖူးတဲ့ နေရာတွေ ရောက်ရလေ ဆိုပေမယ့် အချိန်တွေ ပုပ်တာတော့ ဆိုးပါတယ်။ ဆန်ဟွမ်မှာတော့ ဆိုင်းဘုတ်တွေ မများပေမယ့် မေးလို့စမ်းလို့ လွယ်တာမို့ အနည်းဆုံးတော့ မထင်မှတ်ထားတဲ့ နေရာတွေကို ရောက်ဖူးသွားပြီး အချိန်လည်း သိပ်မကုန်ပါဘူး။


ဆန်ဟွမ်က သိပ်ကြီးလွန်းတဲ့မြို့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆန်ဟွမ်မှာ တွေ့ရတဲ့ အဆောက်အအုံ တချို့က ရှေးဟောင်းစပိန် လက်ရာလောက်လည်း မလှပ၊ ခေတ်ပေါ်ဗိသုကာ အဆောက်အအုံများလိုလည်း မဆန်းသစ် ဆိုပေမယ့် သူ့အလှနဲ့ သူတော့ တင့်တယ် နေတာကို တွေ့ရ ပါတယ်။ အဲဒီနားတစ်ဝိုက်မှာ လမ်းဝင်မေးရင်း လက်ဖက်ရည်ဆိုင်လို ဆိုင်လေးတစ်ဆိုင်ထဲ ရောက်သွားတော့ မနက်စောစောမို့ ပေါင်မုန့် လာဝယ်တဲ့သူ တော်တော်များများကို တွေ့လိုက်ရပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက ပေါင်မုန့်ဆိုင်က အလုပ်သမား အားလုံးက သူ့ဖောက်သည် အားလုံးလိုလိုကို သိနေတာပါ။ နွေးထွေးတဲ့ ဆန်ဟွမ် လူ့အဖွဲ့အစည်းလေး တစ်ခုကို တွေ့လိုက်ရသလိုမို့ ပေါင်မုန့်စားဖို့ စိတ်ကူး ပွာတိုရီကိုရဲ့မြို့တော် ဆန်ဟွမ်မှာ စိတ်ဝင်စားစရာ အကောင်းဆုံးက ဆန်ဟွမ်မြို့တော်ဟောင်းရဲ့ခံတပ်ဟောင်းပါ။


ဆန်ဟွမ်မြို့ဟောင်းရဲ့ မြို့ရိုးနဲ့ ဂိတ်တံခါးပေါ့။Fort San Felipe del Morro ခံတပ်က ဆန်ဟွမ်မြို့ဟောင်းရဲ့ မြို့ရိုး သဘောဖြစ်ခဲ့တာပါ။ ခံတပ်ရဲ့အရေးပါမှုက ရှေးတုန်းကတော့ စစ်ရေး၊ လုံခြုံရေး အမြင်အရ ဖြစ်ခဲ့ပေမယ့် အခုခေတ်မှာတော့ ၀င်ငွေ တိုးစေမယ့် ခရီးသွား လုပ်ငန်း အတွက် ဖြစ်နေပါပြီ။ ဘာပဲပြောပြော ဒီလို ခံတပ်မျိုးမြင်မှတော့ ၀င်မကြည့်ချင်တဲ့ သူက အရှားသားကိုး။ မြောက်အတ္တလန္တိတ် သမုဒ္ဒရာကို မေးတင်ထားတဲ့ ဒီလမ်းတစ်လျှောက်ဟာ လှချင်တိုင်း လှနေပါတယ်။ အထူးသဖြင့် ညောင်ပင်လို သစ်ပင်ကြီးတွေ အုံ့အုံ့ဆိုင်းဆိုင်းမို့ ရိုးတံပြိုင်းပြိုင်း မှုန်မှိုင်းမှိုင်း နယူး အင်္ဂလန်က လာတဲ့ ကိုယ့်အတွက်တော့ အပျော်ကြီး ပျော်နေမိတာပေါ့။မရှိပေမယ့် သူတို့ ပြောဆို ဆက်ဆံနေတာကို ကြည့်ရတာ စပိန်လို နားမလည်တဲ့တိုင် အရသာ ရှိနေသလိုပါ။ အမေရိကရဲ့မုန့်ဆိုင်တွေမှာတော့ ဖောက်သည်နဲ့ အလုပ်သမားဟာ အာလာပ သလ္လာပ နှုတ်ဆက်တာမျိုးလောက် ကလွဲရင် သည့်ထက်လည်း ပြောစရာမှ မရှိဘဲကိုး။ ဆန်ဟွမ်မှာတော့ ရန်ကုန်က ရပ်ကွက်ဆိုင်လေးတွေမှာလို မိသားစု အကြောင်း၊ ဘာအကြောင်း ညာအကြောင်း ပြောဆိုဖြစ်ကြပုံ ရပါတယ်။ ပေါင်မုန့်တစ်ချောင်း၊ တစ်လုံးဝယ်ရင်း လေကန် နေလိုက်တာ နောက်က တန်းစီနေတဲ့ သူတွေကလည်း သူတို့ လေကန်လှည့် ဘယ်တော့ ရောက်မလဲ စောင့်နေကြသလိုကို စိတ်ရှည်ကြလို့ပေါ့။


ဆန်ဟွမ်မြို့ဟောင်းမှာ လမ်းလျှောက်ရတဲ့ အခိုက်အတန့်ဟာ ဒီလို ရှုခင်းမျိုးကြောင့် ကြည်နူးစရာ အတိ ဖြစ်ခဲ့ရပါတယ်။ ရာသီဥတုဟာ လူတွေ အပေါ်အများကြီး လွှမ်းမိုး သက်ရောက်တယ် ဆိုတာကိုလည်း ပိုပြီး သဘောပေါက်မိပါတယ်။ အပင်ကြီးကြီးမားမား၊ အရွက် စိမ်းစိမ်းစိုစိုနဲ့ နေရောင်ခြည် အလင်းဓာတ်ဟာ သဘာဝတရားရဲ့ အကောင်းဆုံး လက်ဆောင်မွန်တွေ ဆိုတာ ပိုသေချာ သွားသလို ရန်ကုန်ကိုလည်း ပိုလွမ်း သွားမိတယ် ဆိုပါတော့။


ခံတပ်ကြီးရဲ့ ဘေးလျှောက် လမ်းမကျယ်ပေါ်မှာ တွေ့ခဲ့ရတာက Yann Arthus-Bertrand ရဲ့ Earth From Above ဓာတ်ပုံပြပွဲပါ။ သူ့ပုံတွေ အားလုံးက ဝေဟင်ကနေ ရိုက်ထားတဲ့ ပုံတွေဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်ရဲ့ အလှအပနဲ့ အပျက်အစီးတွေကို ရိုက်ကူးပြထားတာပါ။ ကမ္ဘာ့မြို့ကြီးတွေမှာ သူ့ပုံတွေ ပြထားလေ့ ရှိပြီး ကိုယ်က ၂၀၀၅ ဧပြီက လန်ဒန်သိမ်း မြစ်ဘေးမှာ နဲ့ ၂၀၀၆ အောက်တိုဘာက အမ်စတာဒမ်မှာ သူ့ပြပွဲကို ကြုံဖူးခဲ့ပါသေးတယ်။


ဆန်ဟွမ်မှာ သက်ကြီး ရွယ်အိုတွေကို အပန်းဖြေ ပန်းခြံထဲက သစ်ပင်ရိပ်အောက်မှာ ချက်စ် ထိုးကြ၊ ဒိုမီနို ကစားကြနဲ့ တွေ့ရတာ ကြည်နူးစရာပါ။ တကယ်တော့ တိုးရစ်တွေ ခြေချင်း လိမ်နေတဲ့ မြို့လယ်က ပန်းခြံထဲမှာ ကမ္ဘာကြီးကို မေ့ပြီး အေးအေးလူလူ ကစားနိုင် ကြတဲ့ ဆန်ဟွမ်သက်ကြီးများကို တွေ့ရတာ ကိုက စိတ်အေးချမ်းစရာပေါ့။ သူတို့ အာရုံနဲ့ သူတို့ အချိန်တွေကို ကုန်လွန်ဖို့ ကြိုးစားနေကြ တာကိုက အဲဒီနေ့ ဆည်းဆာ အဖို့ အဓိပ္ပာယ်ရှိ နေတော့တာပါ။လာသမျှ တိုးရစ်တွေကို စောင့်ပြီး ဒေသ ထွက်ကုန်နဲ့ အနုပညာ လက်ရာ တချို့အပြင် ကလေးကြိုက် ပစ္စည်းလေးတွေ ရောင်းချနေကြတဲ့ ပွာတိုရီကို လူကြီး လူငယ်တွေကို တွေ့ရတာကလည်း စိတ်ဝင် စားစရာပါ။ သူတို့ကို ကြည့်ရတာ တော်တော် လေး အေးချမ်းနေတာကလည်း ထူးဆန်းနေ တာပေါ့။ အမေရိကမှာတော့ လမ်းဘေး ဈေးသည်တွေကလည်း ဈေးဝယ်ခေါ်ကြ၊ မျှော်ကြတာမှာ စိတ်ဇောတွေနဲ့ မှန်းသိသာတဲ့ မျက်နှာမျိုးတွေနဲ့ကိုး။ ဒီမှာတော့ အေးဆေး နေသလိုပါ။ ဘာကြောင့်လို့ အတတ်မပြော နိုင်ပေမယ့် ခပ်တုံ့နှေးနှေး လူ့အဖွဲ့အစည်း တွေမှာ ခုလို အေးချမ်းတဲ့ မျက်နှာပေးမျိုးတွေ ပိုတွေ့ရတတ်တာကိုတော့ သတိပြုမိနေခဲ့ပါတယ်။


ပွာတိုရီကိုသားတွေ စားတဲ့ ၀က်ခေါက်ကြော်ကို စမ်းစားကြမလို့ ပြင်နေတဲ့ ပုံလေ။ ကြီးမားလှတဲ့ ၀က်ခေါက်ကြော်ချပ်ကြီးတွေကို အလေးချိန်နဲ့ ရောင်းတာပါ။ ကိုယ်တို့မှာ မာတောင်နေတဲ့ အဲဒီ အကြော်တွေကို တစ်ခါတည်းနဲ့ ကုန်အောင် မစားနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီညက မြို့ဟောင်းက ပြန်အထွက်မှာ ကားလမ်းတွေ ပိတ်မိနေတာကြောင့် ကားပေါ်ကနေ ဆင်းမရဘဲ နာရီ အတော်ကြာ တအိအိ ရွေ့နေချိန်မှာ ဒီဝက်ခေါက်ကြော်တွေက တစ်ခုတည်းသော ၀ါးစရာအဖြစ် အသုံးတော် ခံသွားခဲ့ပါတယ်။ ဆန်ဟွမ်မြို့ဟောင်းဟာ ကျွန်းအငူလေး တစ်ခုမှာ ရှိနေပြီး သူနဲ့မြို့သစ်ကို တစ်ခုတည်းသော လမ်းမကနေသာ သွားနိုင်တာမို့ မြို့ဟောင်းထဲ လာသမျှ ကားတွေက မြို့သစ်ကို ပြန်မယ်လည်း လုပ်ရော အကုန်လုံး ဂျမ်းဖြစ်ပြီး ပိတ်မိရော ဆိုပါတော့။


ဥရောပဟန် ရေပန်းရှေ့မှာ သူငယ်ချင်းလေးယောက် အမှတ်တရ ရိုက်ထားတာပါ။ ဆန်ဟွမ်မြို့ဟောင်းဟာ ဥရောပ ဆန်ရာမှာ လမ်းခင်းကျောက်တွေက အစ ရှေးက လိပ်သဲ ကျောက်တုံးလေးတွေနဲ့ ဖြစ်ပါတယ်။ ဟိုးအရင်က ကိုယ်တို့ရဲ့ ဗိုလ်ချုပ်အောင် ဆန်းဈေးလမ်းတွေမှာ ခင်းထားခဲ့ဖူးတဲ့ လိပ်သဲ ကျောက်မည်းမည်းတွေလိုမျိုးပေါ့။ ဆန်ဟွမ်မှာ အဲဒီလို ကျောက်ခင်းလမ်းတွေကို တချို့နေရာတွေမှာ ပျက်စီးနေတဲ့တိုင် မပျောက်မပျက် ထိန်းသိမ်းထားတာ တွေ့ရတဲ့ အခိုက် ကိုယ်ငယ်ငယ်က နင်းခဲ့ဖူးတဲ့ ဗိုလ်ချုပ် အောင်ဆန်း ဈေးထဲက လမ်းတွေကို လွမ်းသွားမိပါတယ်။


ပွန်ဆေးရဲ့ပြတိုက်နဲ့ မြို့တော် ခန်းမတွေက သိပ်မကြီးမားပေမယ့် လှပ သေသပ်နေပါ တယ်။ ၁၉၃၇ တုန်းက အမျိုးသားရေး လှုပ်ရှားသူတွေနဲ့ ပွန်ဆေးရဲတွေကြား ပြဿနာ တစ်ခုဖြစ်ခဲ့ပြီး လူ ၁၉ ယောက် သေဆုံးကာ တစ်ရာကျော် ဒဏ်ရာရတဲ့ အကြောင်းကို “ပွန်ဆေးလူ အစုလိုက် အပြုံလိုက် အသတ်ခံရမှု” ရယ်လို့ အကျယ်တ၀င့် တင်ဆက် ပြသထားတာကို မြင်ရတော့ ကိုယ့်မှာ ပြုံးခဲ့မိပါသေးတယ်။ လူသေတာ ပြုံးစရာ မဟုတ်ပေမယ့် ၁၉ ယောက်ဆိုတော့လည်း..။ အင်း ထားပါတော့။ ဘယ်နှယောက်သေသေ မပြုံးအပ်တာ သေချာပါတယ်။ တချိန်တည်းမှာပဲ ကိုယ့်ကိုယ်ကိုလည်း အံ့သြသွားမိပါရဲ့။ အဓိကရုဏ်း အကြောင်းကိုဖတ်ရင်း “ဒါလေးများ”လို့ တွေးနေမိတာဟာ အံ့သြစရာပေါ့နော။


ပွန်ဆေးမြို့လေးမှာ ရှေးက မီးသတ် အဆောက်အအုံကို ပြင်ဆင်ပြီး တိုးရစ် စင်တာ လုပ်ထားတာမို့ နီနီရဲရဲ တိုးရစ်စင်တာလေးက ပွန်ဆေးရဲ့ထူးခြားမှု တစ်ခုပါ။ တစ်ခါက ပွန်ဆေးမှာ မီးအကြီး အကျယ် လောင်ခဲ့ဖူးပြီး မီးသတ်သမား လေးဆယ့်လေးယောက်ရဲ့ အားထုတ်မှုကြောင့် တော်တော်များများ ချမ်းသာရာရခဲ့လို့ အဲဒီမီးသတ် သမားတိုင်း အတွက် ဆင်တူ အိမ်လုံးချင်း နီနီလေးတွေ ဆောက်ပေးထားတာကိုလည်း တွေ့ခဲ့ရပါသေး တယ်။ မို့မို့၊ သိန်းရွှေနဲ့သူ့ဇနီး ဟဲရီရော့တ်၊ ကိုယ်တို့အားလုံးလည်း ချစ်စရာ နီတာရဲ အဆောက်အအုံလေးနဲ့ အမှတ်တရ ဓာတ်ပုံ ရိုက်ဖြစ်ကြပါတယ်။ နိုင်ငံရပ်ခြားမှာ မိနစ်ကိုးဆယ်စာ တိုးရ်ကားစီးပြီး ကားသမားက ဂိုက်ဒ်လုပ် ရှင်းပြတာကို ကြုံဖူးစီးဖူးပေမယ့် ပွန်ဆေးက တိုးရ်ကားလောက် ဈေးချိုတာမျိုး မကြုံဖူးသေးပါဘူး။ လူတစ်ယောက် နှစ်ဒေါ်လာပဲကျတာကိုး။


ပွန်ဆေးမှာ တွေ့ရတဲ့ အစ္စလာမ် ဘာသာဝင်တွေရဲ့ ဗလီ အဆောက်အအုံပါ။ ဗိသုကာ လက်ရာက မူကွဲ နေသလိုမို့ သဘောကျမိပါတယ်။


ဥရောပဟန် လွှမ်းမိုးတဲ့ အိမ်တော် တစ်ခုထဲက ရေချိုးခန်းလေးပါ။ အဲဒီခေတ် ကတော့ ဒီရေချိုးခန်းလေးဟာ အတော်အတန် ခေတ်မီခဲ့ဟန်တူပါတယ်။


ပွန်ဆေးမှာ နှစ်ပေါင်းရာကျော် အိုမင်း နေပေမယ့် လှပနေသေးတဲ့ သစ်ပင်တစ်ပင်ကို တကူးတက လိုက်ပြပါတယ်။သစ်ခေါက်တွေရဲ့ပုံသဏ္ဌာန် တချို့က တိရစ္ဆာန် ပုံတွေလို့ ယူဆနိုင်တာမို့ ကားသမား တိုးရ်ဂိုက်ဒ်က သေချာကို ရှင်းပြတာပါ။


ပွာတိုရီကိုရဲ့ နာမည်ကျော် အားကစားသမားတွေ အတွက် ဂုဏ်ပြု တည်ဆောက်ပေးထားတဲ့ ပြတိုက်ကိုလည်း လည်ခဲ့ရပါတယ်။ Juan Evangelista Venegas ဟာ အိုလံပစ်မှာ အနိုင်ရခဲ့ဖူးတဲ့ ပွာတိုရီကို လက်ဝှေ့ကျော်ဖြစ်ပြီး ဘေ့စ်ဘောသမား Jose A Laboy ကိုလည်း ပွာတိုရီကိုသားတွေက အတော့်ကို ဂုဏ်ယူကြပါတယ်။


ဘေ့စ်ဘော၊ ဘတ်စကက်ဘောနဲ့ လက်ဝှေ့ဟာ ပွာတိုရီကိုမှာ အရေးပါတဲ့ အားကစားတွေ ဖြစ်ပါတယ်။


ပွန်ဆေးရဲ့သင်္ချိုင်းမှာ တွေ့ခဲ့ရတဲ့ မြို့တော် ၀န်ဟောင်းရဲ့ဂူပါ။ ဒီလောက် ခမ်းနားအောင် လုပ်ထားတာကို ကြည့်ပြီး နားမလည် နိုင်ခဲ့ပါဘူး။ အနီး တစ်ဝိုက်က ဂူတွေမှာ ရှေးခေတ်က လေးလောင်းပြိုင် မြုပ်ထားနိုင်တဲ့ ဂူတွေကိုလည်း တွေ့ခဲ့ရပါသေးတယ်။ အများစုကတော့ အခွံချည်းပဲ ရှိနေကာ လောလောလတ်လတ် ဂူတွေကလည်း သာမန် အပြင်အဆင်နဲ့ဖြစ်ပြီး သင်္ချိုင်းထဲကနေ ဟိုးဝေးဝေး တောင်ကုန်းပေါ်က ကက်သလစ် ဘုရားရှိခိုးကျောင်းရဲ့ လက်ဝါးကပ်တိုင် အကြီးကြီးကိုလည်း မြင်နေရပါတယ်။


ဆန်ဟွမ်မြို့ဟောင်းရဲ့ အယ်လ်မိုရို ခံတပ်နား တစ်ဝိုက်ဟာ လှပသလောက် ကျယ်ဝန်းပါတယ်။မြောက်အတ္တလန္တိတ် သမုဒ္ဒရာကို မေးတင်ထားတဲ့ ခံတပ်ဟာ တောင်ကုန်း ဆင်ခြေလျှောပေါ်မှာ ရှိနေပြီး အထပ်လေးထပ် သဘောမျိုး မြင့်တာမို့ အောက်ဆုံးအလွှာ ကမ်းခြေပိုင်းမှာ ရှိနေတဲ့ ရှေးဟောင်း သင်္ချိုင်းကို ရုတ်တရက် မမြင်ရနိုင်ပါဘူး။ ညတစ်ညမှာ ကိုယ်တို့တွေ ကားရပ်နားရာ နေရာလိုက်ရှာကြရင်း အဲဒီ သင်္ချိုင်းနားကို ရောက်သွားခဲ့ပါတယ်။ မှောင်မည်းနေတဲ့ ပတ်ဝန်းကျင်မှာ လရောင်အားကိုးနဲ့ သင်္ချိုင်းကို ဓာတ်ပုံရိုက်ရရင် ကောင်းမှာပဲလို့ ကြိုးစားချင်ပေမယ့် လူပြတ်တဲ့ နေရာမို့ သည်လိုနေရာမျိုးမှာ မူးယစ်ဆေးဝါးနဲ့ ဒုစရိုက်သမားတွေ ကျက်စားတတ်တာကြောင့် ကားပေါ်က မဆင်းသင့်သလို ကားတောင် ကြာကြာမရပ်နားသင့်ဘူးလို့ သူငယ်ချင်းတွေက ၀ိုင်း သတိပေးကြတာနဲ့ပဲ အကြံအထ မမြောက်ခဲ့ရပါဘူး။ တကယ်လည်း သင်္ချိုင်းထဲက လူသေများထက် ကြောက်စရာ ကောင်းတဲ့ အမူအရာ ထူးခြားနေတဲ့ အာဖရိကနွယ်ဖွား တချို့ကို တွေ့ခဲ့ကြပါတယ်။ ပွာတိုရီကိုဟာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုမှာလည်း နာမည် ရှိထားလေတော့ အဲဒီညက ခပ်မြန်မြန် လှည့်ပြန်ခဲ့တာ မှန်တယ်လို့ ဆိုရမှာပါ။


တကယ်တော့ ပွာတိုရီကိုဟာ တစ်ချိန်က စပိန်ရဲ့ခံတပ်နဲ့ ခရီးထောက် ကျွန်းကလေးပါ။ ဥရောပကနေ အမေရိကကို လာရတာ ခရီး တာရှည်တာမို့ ဒီကျွန်းလေးမှာ တစ်ထောက်နားပြီး သင်္ဘောကို ပြင်မယ်၊ သင်္ဘောသားတွေ ဖြည့်တင်းမယ်၊ ရိကာကို ပြန်ဖြည့်မယ်၊ ကုန်သွယ်ဖို့ လုပ်မယ်စသဖြင့် ၀င်လုပ်တဲ့ နေရာလေးပေါ့။ ပင်လယ်ဓားပြတွေ ခေတ်ကောင်းတဲ့ တစ်ချိန်မှာ ပွာတိုရီကိုဟာ စပိန် အင်ပါယာမှာ အတော်ကြီး အရေးပါခဲ့ပါတယ်။ အမေရိကတိုက် အ၀င်လမ်းကို ဆန်ဟွမ်နဲ့ စရတာပါ။ ဒါကြောင့် ဓားပြရန်နဲ့ ကျူးကျော်ရန်ကို ခုခံဖို့ အရေးဟာ ဆန်ဟွမ်ရဲ့အရေး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း စပိန်တွေက ဆန်ဟွမ်မှာ အကောင်းဆုံး နည်းပညာတွေ သုံးပြီး ခံတပ်တွေကို အကျအန ဆောက်ခဲ့တာပါ။ ခံတပ်တွေမှာ အထပ်တွေ အဆင့်ဆင့် လုပ်ထားသလို ရန်သူက ကျူးကျော်ပြီး ၀င်လာရင်တောင် မျက်စိလည် လမ်းမှားပြီး ပြန်ထွက် မရဘဲ ပိတ်မိနေအောင် စီမံထားတဲ့ ခံတပ်တွေမို့ အခုအချိန်မှာတော့ ကိုယ်တို့လို တိုးရစ်တွေကို သိပ်ဆွဲဆောင် နေတော့တာပေါ့။


ဆန်ဟွမ်မြို့ဟောင်းမှာ အယ်လ်မိုရိုခံတပ် အပြင် ခရစ်တိုဘယ်လ် ရဲတိုက်ကိုလည်း ၀င်လည် ဖြစ်ကြပါတယ်။ အဆင့်ခြောက်ဆင့် ရှိတဲ့ ရဲတိုက်ဖြစ်ပြီး လိုဏ်ခေါင်းတွေ တည်ဆောက် ထားပုံကလည်း အတော်ကြီး ပညာသား ပါပါတယ်။ ရန်သူဟာ ရဲတိုက်ရဲ့အလယ်ကို ရောက်ဖို့ကို မလွယ်အောင် ထောင်ချောက်တွေ အဆင့်ဆင့်နဲ့ တည်ဆောက် ထားပေမယ့် စစ်သည်တွေအတွက် အခန်းတွေကတော့ ဘားတိုက်ပီပီ ရိုးစင်းလှပါတယ်။ အဆောင်အယောင်နဲ့ အသုံးအဆောင်တွေကလည်း ဘာမှ ဟုတ်တိပတ်တိ မရှိတာကို တွေ့ရတော့ အဲဒီခေတ်က စစ်သည်တွေရဲ့ဘ၀ကို စာနာမိပါတယ်။ အဲဒီ ခေတ်က ပွာတိုရီကို စစ်သည်တွေဟာ ဆင်းရဲ ဒုက္ခ ခံခဲ့ရသလို စနစ်တကျလည်း စစ်ရေး လေ့ကျင့်မှု မရခဲ့ကြပါဘူး။ ဒါပေမယ့် ရဲတိုက် တည်ဆောက်ပုံ ပညာပါသလို သူတို့ရဲ့ဇွဲက ကောင်းတာမို့ ဘယ်သူကမှ ပွာတိုရီကို ကျသွားအောင် မစွမ်းနိုင်ခဲ့ဘူး လို့ ဗြိတိသျှ စစ်ဗိုလ်ချုပ်ကြီး တစ်ယောက်ကတောင် ပြောစမှတ် ပြုခဲ့ဖူးပါတယ်။
မသီတာ၊စမ်းချောင်း၊

No comments:

Post a Comment