Monday 27 February 2012

အတ္တလန္တိတ်နဲ့ ပစိဖိတ်ကြား

 
လောင်းကစားမှန်သမျှ ဘာကိုမှ စိတ်မ၀င်စားတဲ့ အတွက် အမေရိကရဲ့ လောင်းကစားမြို့တော် လပ်ဒ်ဗေးဂတ်စ်ကို သွားဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ပါဘူး။ ဒါပေမယ့် ကိုယ်တကယ် သွားချင်နေတဲ့ ဂရင်းကန်ညွှန် သဘာဝ ကျောက်တော်ကြီးတွေဆီကို ဈေးအသက်သာဆုံး အစီအစဉ်က နှစ်ညအိပ် သုံးရက် ခရီးဖြစ်ကာ လပ်စ်ဗေးဂတ်စ်မှာ ညအိပ်နားရမှာပါ။ ဒီလိုနဲ့ လပ်စ်ဗေးဂတ်စ်ကို ရောက်ဖြစ်ခဲ့တာပါ။ သဲကန္တာရထဲက မြို့မို့ လပ်စ်ဗေးဂတ်စ်မှာ ဘာဆိုဘာမှ မရှိခဲ့ရာက ကမ္ဘာတစ်ဝန်းက လူတွေ လာလည်ချင်အောင် ခေတ်မီ ဗိသုကာ အစွမ်းနဲ့ ပြုပြင် တည်ဆောက် ခဲ့တဲ့ မြို့ပီပီ မြင်မြင်သမျှက ခမ်းနာတောက်ပ ပြိုးပြက်နေတာကို တွေ့ရပါတယ်။ ကမ္ဘာ့ဖျော်ဖြေရေး မြို့တော်လို့ သိကြတဲ့ ဒီမြို့မှာ စိတ်ဝင်စားစရာက ဗိသုကာ ပညာပါပဲ။

လပ်စ်ဗေးဂတ်စ်မှာ ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်ပေါင်းများစွာ ရှိတဲ့ အနက်က Encore ဟိုတယ်ပါ။ ၂၀၀၈ ဒီဇင်ဘာကမှ အသစ်ဖွင့်လိုက်တာ ဖြစ်ပြီး ကမ္ဘာသိကာ စီနိုဟိုတယ်တွဲ Wynn ရဲ့ တိုးချဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ သူ့နားမှာပဲ မူလလက်ဟောင်း Wynnကလည်း ရှိနေဆဲပါ။ ဟိုတယ်နှစ်ခုလုံးမှာ အခန်းပေါင်း နှစ်ထောင်ကျော်ရှိပြီး စားသောက်ဆိုင်ပေါင်းများစွာ၊ ကာစီနိုပေါင်းများစွာနဲ့ အတူ လပ်စ်ဗေးဂတ်စ်ရဲ့ နာမည်ကျော်ရှိုးပွဲတွေ ကျင်းပနိုင်တဲ့ သိရေတာတွေလည်း ရှိနေပါတယ်။ Encore မှာရှိတဲ့ ဟိုတယ်ခန်း အသေးဆုံး တစ်ခန်းဟာ ၇၄၅ စတုရန်းပေ ကျယ်ဝန်းပါတယ်။ အာရှဖွား Steve Wynn က သူ့ကာစီနိုခွဲ တစ်ခုကို မကာအိုမှာ တည်ဆောက်ထားပြီး အဲဒီက Wynn ကိုလည်း ၂၀၀၆ တုန်းက ရောက်ခဲ့ဖူးတော့ ရေပန်းအကကို တွေ့ဖူးနေခဲ့တာပေါ့။

ကမ္ဘာ့မြို့ကြီး တချို့ရဲ့ နာမည်နဲ့ ဗိသုကာ လက်ရာတွေကို အချိုးတူ တုပပြီး တည်ဆောက်ထားတဲ့ လပ်စ်ဗေးဂတ်စ်မှာ မန္တလေးပင်လယ်အော် နာမည်နဲ့ ကာစီနိုတစ်ခု ရှိနေပါတယ်။ အမှန်က မန္တလေးက ကုန်းခေါင်ခေါင် မြို့ပေမယ့် ဘာကြောင့် Mandalay Bay ဖြစ်သွားရတာလည်းတော့ မသိပါဘူး။ သည်အဆောက်အအုံက မူရင်းဟိုတယ်ကြီးဆီကို ထရမ်စီးပြီးသွားနိုင်အောင် စီစဉ်ပေးထားတဲ့ နေရာပါ။

နယူးယောက်ရဲ့ အထင်ကရ နေရာ အားလုံးကို တစ်နေရာတည်းမှာ ပုံတူကူးပြီး အသေးချုံ့ကာ တည်ထားပေးတာပါ။ အမြင့်ဆုံး အဆောက်အအုံဖြစ်တဲ့ အင်ပါယာစတိတ်၊ လစ်ဘာဘီ ကျောက်ရုပ်စတဲ့ နာမည်ကျော် အဆောက်အအုံတွေ အားလုံးကို တွေ့နိုင်တဲ့ နေရာပေါ့။ နယူယောက်ဟိုတယ်လို့ ခေါ်ပါတယ်။


လပ်စ်ဗေးဂတ်စ်ဟာ နီဗားဒါး ပြည်နယ်ထဲမှာ ရှိပြီး ကပ်လျက်က ကယ်လီဖိုးနီးယား ပြည်နယ်မှာလိုပဲ အာရှနွယ်ဖွားတွေရဲ့ စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတဲ့ နေရာပါ။ လောင်းကစားမြို့ပီပီ တရုတ်တွေရဲ့ စီးပွား ရင်းနှီးမြှုပ်နှံမှုတွေ မကင်းပါဘူး။ အာရှဆန်တဲ့ ဗိသုကာ လက်ရာတချို့ကို တွေ့ရပြီး သည်ပုံကတော့ သူ့ချည်းကြည့်ရင် အာရှမှာ ရိုက်ထားသလိုပါပဲ။


လပ်စ်ဗေးဂတ်စ် တစ်မြို့လုံး အထပ်ပေါင်းများစွာ မြင့်တဲ့ အဆောက်အအုံတွေနဲ့ ချည်းမို့ သဲကန္တာရထဲ ရောက်နေတာမှ ဟုတ်ရဲ့လားလို့ တွေးစရာပါ။ လာမယ့် ၂၀၁၁ မှာမှ နှစ်တစ်ရာပြည့်မယ့် မြို့လေးမှာနေထိုင်တဲ့ လူဦးရေက မြို့တွင်း ငါးသိန်းကျော်နဲ့ မြို့နီးချုပ်စပ် အားလုံးပေါင်းမှ တစ်သန်းလောက် ရှိပေမယ့် ဧည့်က အဆမတန်များမို့ အထပ်မြင့် ဟိုတယ်တွေက လိုအပ်ချက် ဖြစ်နေပါသေးတယ်။ ဟိုတယ် အခန်းပေါင်း တစ်သိန်းလေးသောင်း ရှိနေတဲ့ မြို့ပေါ့။ သည်ပုံကတော့The Venetian ဟိုတယ်ရဲ့ အစိတ်ပိုင်းတစ်ခုဖြစ်တဲ့The Palazzo ပါ။


လပ်စ်ဗေးဂတ်စ်ရဲ့ သဘာဝ အစစ်အမှန်တရားက ပူပြင်း ခြောက်သွေ့တဲ့ သဲကန္တာရမို့ ၁၉၃၅ မှာ ဟူးဗားဆည်ကို တည်ဆောက်ခဲ့ကာ ဒေသတွင်း စိမ်းလန်း စိုပြည်အောင် ကြိုးပမ်းခဲ့ရာက စည်ကားလာတာပါ။ သည်တော့ သည်မြို့လေးမှာ ဘာမဆို အတုဖန်တီးပြီး သဘာဝရဲ့ ပူပြင်းမှုကို အန်တု မေ့လျော့ဖို့ ကြိုးစားကြပါတော့တယ်။ နာမည်ကျော် ဗီနီရှန် ဟိုတယ်ကြီးထဲမှာ အီတလီဗင်းနစ်နဲ့ တူအောင် ဖန်တီးထားပြီး သည်နေရာကတော့ အမြဲတမ်း ပြာနေတဲ့ မိုးကောင်းကင်ဖြစ်အောင် ဖန်တီးထားတဲ့ ကောင်းကင်ပြာခန်းမပေါ့။


ဟိုတယ်ရဲ့ ပြင်ဆင်ထားပုံက ထူးခြားလို့ ပြတိုက် တစ်ခုကို ကြည့်ကြသလို တိုးရစ်တွေ လာကြည့်နေကြတာနဲ့တင် ဗီနီရှန်မှာ လူစည်လှပါတယ်။ ပူးတွဲ ဟိုတယ်ခွဲတွေပါ ပေါင်းလိုက်ရင် ဗီနီရှန်မှာ ဟိုတယ် အခန်းစုစုပေါင်း ရှစ်ထောင်ကျော် ရှိပြီး ၁၉၉၉ ကတည်းက ဖွင့်ခဲ့တာပါ။ ကမ္ဘာကျော် ဗင်းနစ်မြို့ကို ရောက်သွားသလိုဖြစ်အောင် ဗင်းနစ်မှာထင်ရှားတဲ့ အဆောက်အအုံပုံတူတွေ အများအပြားကို တည်ဆောက်ထားတာ ဖြစ်ပြီး လက်ရာ မြောက်တာမို့ လူတိုင်းက ဓာတ်ပုံ ရိုက်ချင်တဲ့ နေရာလည်း ဖြစ်ပါတယ်။ အတွင်းပိုင်းမှာ တံတားခုံးလေးတွေနဲ့ ဂွန်ဒိုးလှေလေးတွေကို ထည့်ဆောက်ထားတာက လာလည်သူတွေကို အေးမြတဲ့ ခံစားမှု ပေးစွမ်းပါတယ်။


အပူဒဏ်က လပ်စ်ဗေးဂတ်စ်မှာ တော်တော် ဆိုးတာမို့ ဘယ်သွားသွား ရေနဲ့ပတ်သက်တဲ့ အပြင်အဆင်တွေနဲ့ အလှဆင် ထားတတ်ကြပါတယ်။ ကိုယ်ရောက်သွားတဲ့အချိန်က ဇူလိုင်လဆန်း ဖစ်ပြီး အပြင်မှာ အပူချိန် တစ်ရာ့သုံးဒီဂရီဖာရင်ဟိုက် (လေးဆယ်ဒီဂရီဆယ်လ်စီးယပ်စ်နီးပါး)

ရှိနေပေမယ့် သည်ထဲမှာတော့ ဖန်ချောင်းနဲ့ လုပ်ထားတဲ့ မိုးအတု၊ အေးစိမ့်နေအောင် ဖွင့်ထားတဲ့ အဲယားကွန်း၊ လှပတဲ့ ရောင်စုံ ထီးများကြောင့် နေရတာ အေးမြ လန်းဆန်းနေသားပါ။

ဗင်းနစ်ရဲ့ နာမည်ကျော် မျက်နှာဖုံး လှလှတွေကို လုပ်ကိုင်ပြသပြီး ရောင်းပေးတဲ့ နေရာမှာ တွေ့ရတဲ့ အနုပညာရှင်က ဗင်းနစ်သူ စစ်မစစ် မသိနိုင်တဲ့ အာရှဖွား တရုတ် အမျိုးသမီး ဖြစ်နေပါတယ်။


ဗင်းနစ်မှာ ရပ်သပ် ရှုမောခဲ့ရတဲ့ မိုက်ကယ်အိန်ဂျလိုခေတ်က ဥရောပ မျက်နှာကြက် ပန်းချီ လက်ရာတွေကိုလည်း မလွမ်းရအောင် မမေ့မလျော့ ထည့်ပေးထားတာမို့ သည်ဟိုတယ်ဟာ လောင်းကစားချင်သူတွေ အတွက် ကာစီနို၊ ဥရောပ မရောက်ဖူးသေးသူတွေအတွက် ပြတိုက်ဖြစ်နေပါတယ်။ တကယ်လည်း သည်ဟိုတယ်ဝင်းထဲမှာ ဂူဂင်ဟိုင်း အမွေအနှစ် ပြတိုက်နဲ့ မဒမ်တူးဆော့ ဖယောင်း ပြတိုက်တို့ ရှိနေပါတယ်။ ဗင်းနစ်ရဲ့ အထင်ကရ နန်းတော် အဆောက်အအုံကိုလည်း နမူနာ ဆောက်ထားပေမယ့် ပျက်စီးနေတဲ့ နံရံ အစိတ်အပိုင်းလေးတွေကို မပြုပြင် ထားတော့ ကြည့်ရ ရုပ်ဆိုးလှပါတယ်။


ဗင်းနစ်ရဲ့ နာမည်ကျော်Rialto တံတားကလည်း သည်နေရာမှာ တင့်တယ်လို့ပါ။ သည်နေရာမှာ Residential Evil:Extinction ရုပ်ရှင်ကို ရိုက်ခဲ့ပါတယ်။ သည်ဟိုတယ်ရဲ့ နေရာတော်တော်များများမှာ ဟောလိဝုဒ် ရုပ်ရှင်တွေ ရိုက်ခဲ့တာ ဖြစ်ပြီး သည်ဟိုတယ်ကြီးကို တည်ဆောက်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ကိုက တီဗွီအစီအစဉ်MegaStructures ရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ် လူသိများပါတယ်။


ဟိုတယ်တွေထဲမှာ သီရေတာ ခန်းမကြီးတွေနဲ့ ရှိုးပွဲမျိုးစုံ၊ ကပွဲအဖုံဖုံ ကျင်းပကြပေမယ့် လက်မှတ် တစ်စောင်ကို အနည်းဆုံး တစ်ရာလောက် ပေးရတာမို့ လူတိုင်းက မကြည့်နိုင်ကြပါဘူး။ သည်တော့ အလကားပြတဲ့ ရှိုးပွဲလေးတွေမှာ လူစည်တတ်ပါတယ်။ အလကားပြတဲ့ပွဲဆိုတာကတော့ ရေပန်းအကလို၊ မီးတောင်ပြပွဲလိုတွေ ဖြစ်ပြီး သည်မီးတောင်ပြပွဲကတော့ Mirage ဟိုတယ်က လုပ်တာပါ။ ရေကန်ထဲမှာ ကျောက်ဆောင်

ကျောက်တုံးတွေနဲ့ အလှဆင်ထားပြီး အဲဒီရေထဲကနေ မီးတောင်တွေ လှလှပပ ပေါက်ကွဲတာကို ဂီတ သံစဉ်နဲ့ အညီဖြစ်အောင် ဖန်တီးထားပြီး ဖျော်ဖြေရေးအတွက် အလွန်ကောင်းတဲ့ အစီအစဉ်ပါ။ လမ်းဘေးမှာ ပြတာမို့ သွားရင်းလာရင်း ကြည့်နိုင်ကြတာပေါ့။ ပြမယ့်အချိန်ကို ကြေညာပေးထားတာမို့ သည်နားရောက်လာသူတွေက ပြမယ့်အချိန်နားနီးရင် ရပ်စောင့်နေတတ်ကြပါတယ်။

လပ်စ်ဗေးဂပ်စ်ရောက်ရင် Fremont လမ်းမကြီးသွားမှ သူ့ရဲ့ယဉ်ကျေးမှုကို သဘောပေါက်မယ်လို့ ဆိုတတ်ကြပါသတဲ့။ မြို့ဟောင်းပိုင်းမှာရှိတဲ့ သည်လမ်းမမှာ ကားအသွားအလာ မရှိတော့အောင် ပြင်ဆင်ထားပြီး အဓိကကတော့ လမ်းကြီးကို မိုးအုပ်ထားတဲ့ အမိုးခုံးမြင့်မြင့်ကြီးရဲ့ မျက်နှာကြက်မှာ ရောင်စုံပုံရိပ်တွေကို ဂီတနဲ့အညီ ပြသပေးတာကို လမ်းပေါ်က ပရိသတ်တွေက ရပ်သပ်ရှုမော မော့ကြည့်ခံစားကြတာပါ။ လမ်းမပေါ်မှာတော့ မရေမတွက်နိုင်တဲ့ အမှတ်တရ ပစ္စည်း အရောင်း ဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့အတူ ထူးခြားတဲ့ အနုပညာသည်တချို့ရဲ့ လက်ရာပစ္စည်းအရောင်းဆိုင် လေးတွေရှိတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သည်ဝန်းကျင်ဟာ ကာစီနိုကြီးတွေရဲ့ တစ်မျိုးတစ်ဘာသာ ဖြစ်တဲ့ ကိုယ်ပိုင်တင်ဆက်မှုတွေနဲ့ ဝေးကွာပြီး အလင်းအမှောင်နဲ့ အရောင်ကို ဂီတ စွမ်းအားနဲ့ သဟဇာတဖြစ်အောင် တင်ဆက်ထားတဲ့ ရှိုးကြောင့် တစ်မျိုး ဆန်းသစ်နေတာ အမှန်ပါ။ အမိုးမြင့်မြင့် ရှည်ရှည်ကြီးပေါ်မှာ တင်ဆက် တာမို့လို့ မြေပြင်ပေါ်က ရှိုးတွေမှာလို အရပ်ပုလို့၊ အနောက် ရောက်နေလို့ ဆိုတဲ့ ပြဿနာမျိုး မရှိတော့ဘဲ အားလုံးက တစ်ပြိုင်နက်တည်း ကြည့်ရှု ခံစားနိုင်တဲ့ အတွက်လည်း လူတွေက သဘောကျကြပါတယ်။


အမေရိကရဲ့အထင်ကရ အဆောက်အအုံနဲ့ လူတွေ၊ နေရာဒေသတွေ အားလုံးကို ခေတ်မီအိုင်တီ နည်းပညာနဲ့ အနုပညာ မြောက်အောင် အရောင်ဒီဇိုင်း ပြောင်းလဲဖန်တီးပြီး တင်ဆက်ထားတဲ့ သည်ရှိုးမှာ ဂီတကလည်း ပံ့ပိုးပုံကောင်းလှတော့ လူတွေက တော်တော်နဲ့ မထွက်သွားနိုင်ကြဘဲ တမော့မော့ ဖြစ်နေကြပါတယ်။


ညပိုင်းမှာ အားလုံးစိတ်ဝင်စားကြတဲ့ နောက်ထပ်အခမဲ့ရှိုးကတော့ ရေပန်းအကပါ။ ဂီတသံစဉ်နဲ့အတူ ရေပန်းပေါင်း ရာကျော်ကနေ ရေပန်းလွှတ်ပုံတွေ အမျိုးမျိုးအဆန်းဆန်း ထွက်လာတာမို့ ရေပန်းလေးတွေ ကနေသလို ဖြစ်တဲ့ သည်ရှိုးက နာမည်ကျော် Bellagio ဟိုတယ်ရှေ့မှာပါ။ ရှေ့တည့်တည့်မှာလည်း ပြင်သစ်နိုင်ငံက အီဖယ်မျှော်စင်ရဲ့ လေးပုံတစ်ပုံ အရွယ်အစား ရှိတဲ့ အီဖယ် အတုလေးအပါအ၀င် ပဲရစ်ရဲ့အထင်ကရတွေ ဖန်တီးထားတဲ့ ပဲရစ် ဟိုတယ်ရယ်၊ ဟောလိဝုဒ် ဟိုတယ်ရယ်ကရှိနေ ပါတယ်။


Bellagio ဟိုတယ်ထဲမှာကတော့ ပန်းတွေနဲ့ ပုံဖော်ထားတဲ့ ရုပ်လုံးကြွ အမျိုးမျိုးက လာသမျှလူကို ဓာတ်ပုံရိုက်ဖို့ ဆွဲဆောင်နေပါတယ်။ တကယ်တော့ စီးပွားရေး ကျဆင်းနေတဲ့ အမေရိကမှာ ကာစီနိုကစားခုံတွေမှာ ထိုင်ကစားနေသူတွေထက် ဇိမ်ခံ ဟိုတယ်ကြီးတွေရဲ့ အံ့မခန်း ခမ်းနားမှုတွေကို အလှဓာတ်ပုံရိုက်ပြီး ကြည်နူး နေကြသူတွေ ပိုများများ တွေ့ရတာဟာ အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် လပ်စ်ဗေးဂပ်စ်မှာ အရာရာဟာ သဘာဝကို လွန်ဆန်နေတာချည်းလို့ ဆိုရမလိုပါ။


အစစ်အမှန်တရားကို မျက်ကွယ်ပြုထားတဲ့ သည်ပတ်ဝန်းကျင်မှာ ဗိသုကာ လက်ရာတွေက စိတ်ဝင်စားစရာ ကောင်းပေမယ့် ဥရောပရဲ့ အစစ်အမှန် လက်ရာတွေကို နဖူးတွေ့ဒူးတွေ့ တွေ့ခဲ့ဖူးတဲ့ အတွက် ကိုယ့်အတွက်တော့ ဓာတ်ပုံရိုက်ရတာက လွဲလို့ ဘာအမြတ်မှ မရခဲ့တာ သိပ်သေချာနေပါတယ်။
မသီတာ၊စမ်းချောင်း၊

No comments:

Post a Comment