Wednesday 29 February 2012

အတ္တလန္တိတ်နဲ့ ပစိဖိတ်ကြား

 
ဝါရှင်တန် ဒီစီဆိုတာ အမေရိကမှာ ရှိတဲ့ ပြည်နယ်များ အနက် မေရီလန်း ပြည်နယ်နဲ့ ဗာဂျီးနီးယားပြည်နယ် ကြားက ကိုလံဘီယာ ခရိုင်လေးမှာ ရှိတဲ့ နိုင်ငံ့ မြို့တော်ပေါ့။
သည်တော့ အဲဒီကို သွားလည်ရင် အနီးအနားက မေရီလန်းနဲ့ ဗာဂျီးနီးယားပြည်နယ်တွေထဲက မြို့တွေ၊ နေရာတွေ ဆီပဲ သွားဖြစ်တာ များပါတယ်။ ၀ါရှင်တန်ကတော့ နိုင်ငံတော် သမ္မတရုံးနဲ့ အိမ်ဖြူတော် အပြင် အစိုးရ ဌာနကြီးများရဲ့ ရုံးများနဲ့ တကွ နာမည်ကျော် စမစ်ဆိုးနီးယန်း ပြတိုက် ကြီးတို့ ရှိသလို မတ်လကုန် ဧပြီလဆန်းမှာ အလှကြီး လှအောင် ပွင့်လာတဲ့ ဂျပန် ချယ်ရီပင် တွေလည်း ရှိတဲ့ နေရာပါ။ သည်နား တစ်ဝိုက်က လည်စရာ တချို့ကို လည်ဖြစ် ခဲ့တာလေးတွေ ထဲက တချို့ကို မျှဝေလိုက် ပါတယ်။

သမ္မတဟောင်း ဂျက်ဖာဆင်(၁၇၄၃-၁၈၂၆)ရုပ်တုနဲ့ အတူ သူ့နေအိမ် ပြတိုက်မှာ ရိုက်ထားတာပါ။ ဂျက်ဖာဆင်က အမေရိကန် လွတ်လပ်ရေး ကြေညာ စာတမ်းကို ရေးခဲ့သူ၊ ဗာဂျီးနီးယား တက္ကသိုလ်ကို စတင် တည်ထောင်သူ အဖြစ် နာမည်ကြီး ပါတယ်။ အမေရိကရဲ့ တတိယမြောက် သမ္မတ ဖြစ်ခဲ့သူ ဖြစ်ပြီး ဖခင်က စိုက်ပျိုးခြံမြေပေါင်း များစွာနဲ့ ကျေးကျွန်ပေါင်း များစွာကို ပိုင်ဆိုင်ခဲ့သူ ဖြစ်တဲ့ အတွက် ဂျက်ဖာဆင်ဟာ ဒီအိမ်ခြံမြေကို အမေ အဖြစ် ရပါတယ်။ သူ့ရဲ့ ယောက္ခမဆီ ကလည်း အမွေရသေး တာပါ။ ဒီအိမ်ခြံဝင်းက တောင်ကုန်း တစ်ခုပေါ်မှာ ဖြစ်ပြီး အတော်ကို လှပ ကျယ်ဝန်း ပါတယ်။


မေရီလန်း ပြည်နယ်ထဲက ဂရိတ်ဖောလ်ဆိုတဲ့ ရေတံခွန် နေရာပါ။ သွားဖြစ်တဲ့  အချိန်က နိုဝင်ဘာ လကုန်ခါနီးမို့ အေးနေပြီး နေကလည်း သိပ်မထွက်တော့ ပါဘူး။ တောတောင်စိမ့်စမ်း သဘောမျိုး ဖြစ်ပြီး အကျယ်အ၀န်းက ခံ့ညားလှပါတယ်။ ကျောက်ဆောင် ထူထပ်တဲ့ အတွက် ရေစီးကြမ်းပြီး စွန့်စားလှေစီးဖို့ ခက်မယ့် နေရာပါ။ အဲဒီ အချိန်က ရေလည်း နည်းနေချိန်မို့ ရေတံခွန် အလှကို သိပ်မမြင်ခဲ့ရပါဘူး။ သည်လို သဘာဝ ပတ်ဝန်းကျင်ရဲ့ အလှအပ နေရာတော်တော် များများကို အမေရိက အစိုးရရဲ့ အမျိုးသား သဘာဝ ဥယျာဉ်အဖွဲ့က ထိန်းသိမ်းထားတာမို့ သဘာဝအတိုင်း မပျက်မစီး တွေ့ကြရပါတယ်။


သမ္မတဟောင်း သောမတ်ဂျက်ဖာဆင်ရဲ့ နေအိမ်ဖြစ်တဲ့ မွန်တီဆဲလ်လို Monticello က ဗာဂျီးနီးယား ပြည်နယ်ထဲမှာ ရှိပါ တယ်။ ၁၇၉၆ မှာ သည်အိမ်ဝင်းကြီးဟာ ဧက ငါးထောင်ထိ ကျယ်ဝန်းခဲ့ပြီး လူမည်း ကျေးကျွန်ပေါင်း တစ်ရာကျော်ကသည် အိမ်နဲ့ ခြံမှာ အလုပ်လုပ်ကြရပါတယ်။ ကျေးကျွန် တစ်ဝက်လောက်ဟာ အသက် ဆယ့်ခြောက်နှစ်အောက် ကလေးတွေပါ။ ကျေး ကျွန်တွေထဲက နှစ်ယောက်ကို လွတ်ငြိမ်းခွင့် ပေးခဲ့ပြီး ငါးယောက်ကိုတော့ သူ့သေတမ်းစာ ထဲမှာ လွတ်ငြိမ်းခွင့် ပေးဖို့ ရေးခဲ့ကာ ကျန်နှစ်ယောက် ကတော့ သူတို့ဘာသာ ထွက်ပြေး သွားခဲ့ပါတယ်။ ကျန်တဲ့ ကျေးကျွန်တွေ ကိုတော့ သူ သေပြီးနောက်မှာ ကျန်ခဲ့တဲ့ အကြွေးတွေကို ဆပ်နိုင်အောင် ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။ သည်စိုက်ပျိုးခြံမြေတွေကို ငေးရင်း သည်နေရာတွေမှာ တစ်ချိန်က လူမည်းကလေးတွေက အနေအထိုင် အစားအသောက် ဆင်းဆင်းရဲရဲနဲ့ အလုပ်လုပ်ခဲ့ကြပုံ တွေကို မြင်ယောင်ကြည့်မိ ပါတယ်။ လူတိုင်းတန်းတူ ညီမျှရေးနဲ့ လွတ်လပ်ရေးကို အာမခံတဲ့ လွတ်လပ်ရေး ကြေညာ စာတမ်းကို ရေးခဲ့တဲ့ သမ္မတကြီးရဲ့ ကိုယ်ပိုင်အိမ်က ကိုယ်ပိုင် ကျေးကျွန်တွေဟာ သမ္မတကြီး သေပြီးတဲ့ နောက်မှာတောင်မှ သူ့အကြွေးတွေကို ဆပ်ပေးဖို့ လက်ပြောင်း အရောင်း ခံခဲ့ရတာ ပါလား။ ၁၈-၁၉ရာစု လူနေမှု ဘ၀ရဲ့ ဘ၀ အမောတွေဟာ ၂၁ရာစုမှာ အဆုံးသတ် သွားပြီးရဲ့လားဆိုတာ ဆက်တွေးတော့ သည်ခြံကျယ်ကြီးကို ဆက်မလျှောက်ချင် လောက်အောင် မောနွမ်းသွားမိပါရဲ့။



သမ္မတ မဖြစ်ခင် သံတမန် အဖြစ် ပြင်သစ်ကို ရောက်ခဲ့ရာက ပြင်သစ်ရဲ့ ဗိသုကာနဲ့ အနုပညာ လက်ရာတွေကို အားကျခဲ့တဲ့ ဂျက်ဖာဆင်က သူ့ရဲ့ အိမ်ကြီးကို ပြင်သစ်ဟန်တွေ ပါအောင် အထူးတလည် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ပြင်သစ် ဗာဆိုင်းနန်းတော်ထဲက လက်ရာမျိုးတွေနဲ့ ယှဉ်လိုက်ရင် ရယ်စရာလောက်ပဲ ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ အတွင်းပိုင်းကို ဓာတ်ပုံရိုက်ခွင့် မပေးတဲ့ အတွက် ကွာခြားမှုကို သက်သေ မပြနိုင်ပေမယ့် ကွာပုံ ကတော့ ခုလိုအပြင်က လက်ရာကို ကြည့်ရုံနဲ့လည်း သိနိုင်မယ် ထင်ပါတယ်။ ဒီအိမ်ရဲ့ ထူးခြားချက်ကတော့ အိမ်ရှေ့မျက်နှာစာ သဘောမျိုးကို တစ်ခုတည်း သတ်သတ်မှတ်မှတ် မထားဘဲ အရှေ့မျက်နှာစာ၊ အနောက်မျက်နှာစာရယ်လို့ အရပ်မျက်နှာပေါ် မူတည်တဲ့ မျက်နှာစာတွေ ထားထားတာပါ။ စတုရန်းပေ တစ်သောင်းတစ်ထောင် အကျယ်အ၀န်းမှာ အခန်းပေါင်း ၄၃ ခန်း ရှိပြီး အိမ်မှာသုံးစွဲတဲ့ အုတ်ကလည်း သည်ခြံထဲမှာပဲ ဖုတ်ကာ သစ်ကလည်း သည်ခြံထွက်ပဲ ဖြစ်ပြီး ဗိသုကာ၊ လက်သမားနဲ့ အလုပ်သမား အားလုံးကလည်း သည်ခြံရဲ့ ကျေးကျွန်များပဲ ဖြစ်ခဲ့ပါတယ်။


မွန်တီဆဲလ်လိုဝင်းကြီးထဲမှာ သစ်သားစည်တွေ ထုတ်လုပ်သလို ပန်းပဲ အနေနဲ့ အိမ်ရိုက်သံလည်း ထုတ်ပါတယ်။ ဒါ့အပြင် စိုက်ပျိုး မွေးမြူရေးကိုလည်း အကြီးအကျယ်လုပ်ပြီး ချည်ထည်ရက် လုပ်ငန်းကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။ သည် မီးခိုးခေါင်းတိုင် နေရာမှာ အရင်က လက်သမား အလုပ်ရုံကြီးတစ်ခုရှိခဲ့ပြီး ပရိဘောဂတွေလည်း ထုတ်ပါတယ်။ သည်ဝင်းထဲမှာ ဂျက်ဖာဆင်ရဲ့ အုတ်ဂူနဲ့ အတူ သူ့ဆွေမျိုး မိသားစု အချို့ရဲ့ဂူတွေလည်း ရှိပါတယ်။ ဒါကြောင့် သည်နေရာကအိမ်ခြံဝင်းတစ်ခုထက် မြို့ကလေးတစ်မြို့လို့တောင် ပြောနိုင်တဲ့ နေရာ ဖြစ်ပါတယ်။


ဗာဂျီးနီးယားပြည်နယ်ထဲမှာ အမေရိကပြည် တွင်းစစ်တုန်းက စစ်တလင်းဖြစ်ခဲ့တဲ့ နေရာတွေ အများအပြား ရှိပါတယ်။ အမေရိက တောင်ပိုင်းနဲ့ မြောက်ပိုင်းကြားက ပြည်တွင်းစစ်မှာ အဓိက ကျခဲ့ တဲ့ နေရာတွေမို့ ဟင်းလင်းပြင်ပြတိုက်သဖွယ် သည်နေရာတွေကို ထိန်းသိမ်း စောင့်ရှောက်ထား ပါတယ်။ တချို့ထင်ရှားတဲ့ဖြစ်ရပ်တချို့ ဖြစ်ခဲ့တဲ့ နေရာမျိုးတွေမှာ ပန်းချီစာသား မှတ်တမ်းဘုတ်လေး တွေနဲ့ သမိုင်းကြောင်းကို ရှင်းပြထားပါတယ်။ တောကြီးလိုဖြစ်နေတဲ့အတွက် ရာသီဥတု ကောင်းတဲ့ အချိန်တွေမှာ လမ်းလျှောက်ကြည့်ရရင် ပညာလည်းရ အညောင်းလည်းပြေ ဆိုတာမျိုး ပေါ့။


သည်စစ်တလင်းနေရာကတော့ ချန်ဆဲလ်လာဗေးလ်လို့ ခေါ်ပြီး ပိုကျယ်ဝန်းတဲ့အတွက် ဧည့်ကြိုအဆောက်အအုံလေးလည်း ရှိကာ ပြတိုက်အသေးစားလေး တစ်ခုတောင် ရှိပါသေးတယ်။ အစုအဆောင်းကောင်းတော့ ဟိုတုန်းကစစ်သည်တွေရဲ့ ဓာတ်ပုံတွေနဲ့ အတူ ဘယ်လိုနေထိုင် တိုက်ခိုက်ခဲ့တယ် ဆိုတာတွေပါ ရှင်းပြထားနိုင်ပါတယ်။ တချို့ဒဏ်ရာရစစ်သည်တွေ ၀တ်ဆင်ခဲ့တဲ့ စစ် ၀တ်စုံတချို့ကိုလည်း ပြသထားပါသေးတယ်။ ကိုယ့်နိုင်ငံသား အချင်းချင်းတွေ ရန်ဖွဲ့တဲ့ ပြည်တွင်းစစ်ဆိုတာ မကောင်းကြောင်းကို ထင်ဟပ်နိုင်အောင်လည်း ပြကွက်တွေကို စီမံထားတာပါ။


သည်နေရာတစ်ဝိုက်မှာ လူနေအိမ် နှစ်အိမ် ရှိခဲ့ပြီး လူမည်းကျေးကျွန်တွေလည်း ရှိနေခဲ့ပါ တယ်။ စစ်ပွဲရဲ့ အမြောက်ဆံကြောင့် သည်အိမ် နှစ်အိမ်လုံး မီးလောင်ပြာကျကာ လူအတော်များ များ သေကြေခဲ့ရပါတယ်။ ဒါကို အမှတ်တရ အဖြစ် မှတ်တမ်းပြုရင်း စစ်ဟာ အပြစ်မဲ့လူထု အတွက် ကြမ္မာဆိုးတွေကိုသာ ဖြစ်စေကြောင်း နှောင်းလူတို့ကို သတိပေးပါတယ်။ ပြည်တွင်း စစ်က မကောင်းတာ သိသွားတဲ့ အမေရိကန်တွေ ခုခါမှာ ပြည်ပထွက်တိုက်နေတာ ထင်ရဲ့လို့ တွေး မိပြီး ပြုံးဖြစ်ရပါတယ်။


ရှားလော့တ်ဗေးလ်ဆိုတဲ့ မြို့ကလေးရဲ့ မြို့လယ်ကောင်မြင်ကွင်းပါ။ မြို့ကလေးက သေးလေတော့ ရာသီဥတု ကောင်းတဲ့ ခုလိုရက်မျိုးမှာတောင် လူမစည်ဘဲ ခြောက်ကပ်ကပ် ဖြစ်နေလေရဲ့။ အဲဒီအချိန်က မတ်လကုန်ပိုင်းမို့ နွေဦးရဲ့ သရုပ်သကန်တွေ ပီပြင်စပြုနေပါပြီ။


ဗာဂျီးနီးယားပြည်နယ်နဲ့ အနောက်ဗာဂျီးနီးယားပြည်နယ် အစပ်လောက်မှာ ကမ္ဘာမြေဆွဲအား ထူးခြားစွာ ပြောင်းလဲနေတဲ့ နေရာတစ်နေရာ ရှိပြီး အဲဒီ နေရာမှာ ကားမောင်းရင် တောင်ကုန်းကို ဂီယာမထိုးဘဲ သူ့အလိုလို တက်သွား တယ်လို့ စာဆိုရှိတာနဲ့ သူငယ်ချင်းတစ်သိုက် သွားရှာကြတာ မတွေ့ခဲ့ကြဘဲ ခုနေရာလေးဆီ ရောက်သွားခဲ့ပါတယ်။ ပြည်တွင်း စစ်ကာလ အကြွင်းအကျန် တွေပဲမို့ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။


အနောက်ဗာဂျီးနီးယားပြည်နယ်ရဲ့ ဟာပါ ဖယ်ရီဆိုတဲ့မြို့က ဘူတာရုံလေးပါ။ သည်နေရာက ပိုတိုမက်မြစ်နဲ့ ရှန်နန်ဒိုးမြစ်နှစ်မြစ်ဆုံတဲ့ နေရာမို့ အတော်လေးလှတဲ့ နေရာလေးပါ။ သည် ဘူတာက မြစ်ကိုဖြတ်ဆောက်ထားတဲ့ တံတား နားမှာရှိနေပါတယ်။ ၁၉၃၁ တည်းက တည်ထားတဲ့ ဘူတာလေးမို့ ရှေးကျတဲ့ အငွေ့အသက်လေးတွေ ရှိနေပါတယ်။ ကဲကြတဲ့ သူငယ်ချင်းတစ် စုကတော့ ဘူတာရဲ့ ခရီးသည် ထိုင်ခုံတန်းပေါ်မှာ ပါလာတဲ့ လက်ဖက်တွေ ထိုင်စားဖြစ်ခဲ့ကြပါ သေးတယ်။


ပိုတိုမက်မြစ်က ၀ါရှင်တန်ဒီစီထဲထိ ဖြတ်စီးသွားတဲ့မြစ်ဖြစ်ပြီး ရှန်နန်ဒိုးမြစ်ကတော့ ရှန်နန်းဒိုးတောင်တွေကြားက ထွက်လာတဲ့မြစ်ပါ။ သည်မြစ်နှစ်မြစ်ဆုံတဲ့ သည်နေရာလေးဟာ အမေရိကရဲ့ ရှေးအကျဆုံး နေရာလေးတွေထဲက တစ်နေရာမို့ ဥရောပဆန်တဲ့ အငွေ့အသက် တချို့ ရှိနေပါတယ်။ သည်နေရာမှာ ပွင့်လင်းရာသီမျိုးဆို ရှေးခေတ်ကလို ၀တ်စားထားတဲ့ သူတွေက ရှေးခေတ် လူနေမှုစနစ် အကြောင်း ရှင်းပြတဲ့ သရုပ်ဆောင်မှုတွေနဲ့ ကြွရောက်လာတဲ့ ဧည့်တွေကို ဧည့်ခံပါတယ်။ ဧည့်လာများတဲ့ နေရာလေးပေါ့။


ဝါရှင်တန်ဒီစီရဲ့ အထင်ကရနေရာထဲမှာ တိုင်ဒါဘေစင်လို့ခေါ်တဲ့ သည် နေရာတစ်ဝိုက်ဟာ ၁၉၁၂ခုနှစ်က ဂျပန်နိုင်ငံရဲ့အလှူဖြစ်တဲ့ ချယ်ရီပင်တွေ ကြောင့် ပန်းပွင့်ချိန်မှာ လူစည်လှပါတယ်။ ဂျပန်က စလှူစဉ်က အပင်အရေ အတွက် ၃၀၀၀ ပင်ရှိခဲ့ပေမယ့် ခုတော့ သည့်ထက်ပို များနေပြီမို့ အစွမ်းကုန် ပြိုင်ပွင့်ကြချိန်မှာ သည်နားတစ်ဝိုက်ဟာ အလှကြီးလှပါတယ်။ သည်ချယ်ရီ ပွင့်ချိန်ပွဲတော်ကိုလည်း နှစ်စဉ်ကျင်းပပြီး ပွဲတော်ရဲ့ တရားဝင် ၀က်ဘ်ဆိုက်ကနေ ဘယ်နေ့မှာတော့ အပင်အများစုမှာ အဖူးစဖူးနေပြီ။ ဘယ်နေ့မှာ အဖူးက အာလာမယ်။ ဘယ်နေ့မှာတော့ အစွမ်းကုန် ပွင့်မယ်။ အဲဒီလို ဖူးအာ ပွင့်ချိန်တွေနဲ့အတူ ပွဲတော်တွေကို ဘယ်လို ကျင်းပမယ်ဆိုတာ အမြဲတင် ပေးနေတာမို့ ကိုယ်ဆင်နွှဲချင်တဲ့ရက်ကို သတ်သတ်မှတ်မှတ် လာလည်နိုင် ပျော်နိုင်ကြပါတယ်။ ကိုယ်ရောက်ချိန်က အစွမ်းကုန် ပွင့်ချိန် မဟုတ်သေးတာတောင် ချယ်ရီတွေရဲ့လှချက်က ရက်စက်ပါရဲ့။


သမ္မတဖရန်ကလင်ဒီရုစ့်ဘဲ့လ်ဟာ အမေရိကစီးပွားရေး ကပ်ဆိုက်ချိန်မှာ ဖြစ်လာတဲ့ သမ္မတမို့ တိုင်းပြည်စီးပွားရေး ပြန်ကောင်းအောင် ကြိုးစားရသလို သူ့နိုင်ငံသားတွေ စိတ်ဓာတ် မကျအောင်ပါ ကြိုးစားခဲ့ရပါတယ်။ ဒီလိုနဲ့ ဒုတိယ ကမ္ဘာစစ်ထဲကို အမေရိက ပါဝင်ဖြစ်ပြီး စစ်ကိုမှီတဲ့ အလုပ်တွေပေါ် လာကာ စီးပွားရေးအတန်အသင့် ပြန်ကောင်းလာခဲ့ပေမယ့် စစ်ကြီးပြီးတဲ့ အချိန်မှာ ဦးနှောက် သွေးကြောပြတ်ပြီး ကွယ်လွန်ခဲ့တဲ့သူပါ။ သူ့ကိုလည်း အမေရိက ရဲ့သမ္မတကောင်းများထဲက တစ်ယောက်အဖြစ် သတ်မှတ်ကြပါတယ်။ သူက ကိုယ်ခန္ဓာအောက်ပိုင်း မလှုပ်ရှားနိုင်တဲ့ ဝေဒနာကို ခံစားရပြီးမှ သမ္မတ အဖြစ် သုံးကြိမ်ဆက်တိုက် အရွေးခံခဲ့ရတဲ့ သမ္မတလည်း ဖြစ်ပါတယ်။


ဝါရှင်တန်ဒီစီရဲ့ အထင်ကရ နေရာထဲမှာ တိုင်ဒါဘေစင်လို့ ခေါ်တဲ့ သည်နေရာ တစ်ဝိုက်ဟာ ၁၉၁၂ခုနှစ်က ဂျပန်နိုင်ငံရဲ့အလှူဖြစ်တဲ့ ချယ်ရီပင်တွေ ကြောင့် ပန်းပွင့်ချိန်မှာ လူစည်လှပါတယ်။ ဂျပန်က စလှူစဉ်က အပင်အရေ အတွက် ၃၀၀၀ ပင်ရှိခဲ့ပေမယ့် ခုတော့ သည့်ထက် ပိုများနေပြီမို့ အစွမ်းကုန် ပြိုင်ပွင့်ကြချိန်မှာ သည်နားတစ်ဝိုက်ဟာ အလှကြီးလှပါတယ်။ သည်ချယ်ရီ ပွင့်ချိန်ပွဲတော်ကိုလည်း နှစ်စဉ်ကျင်းပပြီး ပွဲတော်ရဲ့ တရားဝင် ၀က်ဘ် ဆိုက်ကနေ ဘယ်နေ့မှာတော့ အပင်အများစုမှာ အဖူးစဖူးနေပြီ။ ဘယ်နေ့မှာ အဖူးက အာလာမယ်။ ဘယ်နေ့မှာတော့ အစွမ်းကုန်ပွင့်မယ်။ အဲဒီလို ဖူးအာ ပွင့်ချိန်တွေနဲ့ အတူ ပွဲတော်တွေကို ဘယ်လို ကျင်းပမယ်ဆိုတာ အမြဲတင် ပေးနေတာမို့ ကိုယ်ဆင်နွှဲချင်တဲ့ ရက်ကို သတ်သတ်မှတ်မှတ် လာလည်နိုင် ပျော်နိုင်ကြပါတယ်။ ကိုယ်ရောက်ချိန်က အစွမ်းကုန် ပွင့်ချိန် မဟုတ်သေးတာ တောင်ချယ်ရီတွေရဲ့လှချက်က ရက်စက်ပါရဲ့။


သမ္မတဖရန်ကလင်ဒီရုစ့်ဘဲ့လ်ဟာ အမေရိက စီးပွားရေး ကပ်ဆိုက်ချိန်မှာ ဖြစ်လာတဲ့ သမ္မတမို့ တိုင်းပြည် စီးပွားရေး ပြန်ကောင်းအောင် ကြိုးစားရသလို သူ့နိုင်ငံသားတွေ စိတ်ဓာတ်မကျအောင်ပါ ကြိုးစားခဲ့ရပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာ စစ်ထဲကို အမေရိက ပါဝင်ဖြစ်ပြီး စစ်ကိုမှီတဲ့ အလုပ်တွေပေါ် လာကာ စီးပွားရေး အတန်အသင့် ပြန်ကောင်းလာခဲ့ပေမယ့် စစ်ကြီးပြီးတဲ့ အချိန်မှာ ဦးနှောက် သွေးကြောပြတ်ပြီး ကွယ်လွန်ခဲ့တဲ့သူပါ။ သူ့ကိုလည်း အမေရိက ရဲ့သမ္မတကောင်းများထဲက တစ်ယောက်အဖြစ် သတ်မှတ်ကြပါတယ်။ သူက ကိုယ်ခန္ဓာ အောက်ပိုင်း မလှုပ်ရှားနိုင်တဲ့ဝေဒနာကို ခံစားရပြီးမှ သမ္မတအဖြစ် သုံးကြိမ်ဆက်တိုက် အရွေးခံခဲ့ရတဲ့ သမ္မတလည်း ဖြစ်ပါတယ်။


သည်နေရာနားမှာ ကိုးရီးယားစစ်ပွဲ အထိမ်း အမှတ်နေရာလေးလည်းရှိပြီး ချယ်ရီတွေရဲ့ အလှ ကြောင့် လာလည်ကြသူတွေ အများစု ၀င်လည် ကြတဲ့နေရာလည်း ဖြစ်လာပါတယ်။ နွေဦးကို ရောက်လာပြီမို့ ချယ်ရီတင်မကတော့ဘဲ မဂ်နို လီယာအပါအ၀င် တချို့ပန်းတွေလည်း ပင်လုံး ညွတ်ပွင့်လာကြတာမို့ ဆောင်းတုန်းက ရိုးတံပြိုင်း ပြိုင်း မှုန်မှိုင်းမှိုင်း ခံစားချက်တွေကို ကျောခိုင်း လိုက်နိုင်ပြီဆိုတဲ့ခံစားမှုကို ရစေပါတယ်။ နွေဦးက ကိုယ့်ဆီ မရောက်လာခဲ့ရင် နွေဦးဆီအရောက် လျှောက်သွားကြတာပေါ့ ဆိုတဲ့အပြောကို သတိရမိ ပါတယ်။ နွေဦးဆီရောက် မယ်ဆိုတာ သေချာနေ တော့လည်း လျှောက်သွားကြရုံပေါ့။


ဝါရှင်တန်ရောက်တိုင်း အတန်းဖော်သူငယ်ချင်း ၀င်းထိန်တို့မိသားစု အိမ်မှာတည်းဖြစ်ကာ အနီးအနားကို လည်ကြပါတယ်။ သည်ရှူးဂါးလို့ဖ် တောင်က သူဌေးကြီး တစ်ဦးရဲ့ ကိုယ်ပိုင်တောင်ဖြစ်ပြီး အများပြည်သူ ပျော်ရွှင် ခံစားနိုင်အောင် နေ့ခင်းပိုင်းတွေမှာ တောင်တက်လမ်းကို ဖွင့်ထားပေးတာမို့ ၀င်းထိန်၊ သူ့ဇနီးဇာကြီးနဲ့ ကိုယ်တို့က တောင်ပေါ်တက်ပြီး တောင်ခြေက သဘာဝအလှတွေကို ခံစားဖြစ်ခဲ့ပါတယ်။ သည်နေရာကတော့ မေရီလန်း ပြည်နယ်ထဲမှာပါ။


ချယ်ရီပွဲတော် ဖွင့်ပွဲကို ပုံစံမျိုးစုံ ကျင်းပတာမှာ မိသားစု အားလုံးလာနိုင်အောင် အမိုးအကာအောက်မှာ ကျင်းပကာ ကလေးတွေ အတွက် ဂျပန်စက္ကူရုပ် ခေါက်နည်း၊ အ၀တ်အရုပ် လုပ်နည်း အပါအ၀င် ဂျပန် ယဉ်ကျေးမှုဆိုင်ရာ ပျော်ပွဲ ရွှင်ပွဲတွေကိုပါ လုပ်ပေးထားပါတယ်


ဖျော်ဖြေမှုတွေထဲမှာ ဂျပန်ရိုးရာအက၊ ဆာမူရိုင်းသိုင်းယှဉ်ပြိုင်မှုနဲ့ သစ်သီးတွေကနေ ပန်းပွင့်ဖော်တဲ့ ပြပွဲတွေပါ ပါပါတယ်။ သယ်ယူ ပို့ဆောင်ရေး ပြတိုက်ကြီးအတွင်းအပြင်မှာ ကျင်းပ နေတဲ့ သည်ပွဲတော်မှာ အမေရိကန်နဲ့ ဂျပန်သာမက ပြည်တွင်းပြည်ပက မိသားစုပေါင်းများစွာက ပျော်ပျော်ကြီး ၀င်နွှဲနေတာကိုကြည့်ပြီး လွန်ခဲ့တဲ့ ၉၇ နှစ်က ချယ်ရီပင်လက်ဆောင်ရဲ့ အခြေခိုင် လှတဲ့ ချစ်ကြည်ရေးအမြစ်တွယ်မှုနဲ့ ယဉ်ကျေးမှု ဖလှယ်မှုကို သဘောအကျကြီး ကျနေမိပါတယ်။ တစ်သက်ပျော်ချင် သစ်ပင်စိုက်ပါဆိုတဲ့ စကား လက်ဆောင်ကို လက်တွေ့ကျကျ အကောင် အထည်ဖော်နိုင်အောင် ချယ်ရီပင်ပေါင်း သုံး ထောင် လက်ဆောင်ပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ ၁၉၁၂ ခုနှစ်က ဂျပန်တွေရဲ့ စိတ်ကူးကို သဘောကျနေမိ ပါတယ်။


ဝါရှင်တန်ကျောက်တိုင်နား တစ်ဝိုက်မှာတော့ စွန်လွှတ်သူတွေနဲ့ ပြည့်နေပါတယ်။ ရာသီဥတုက အကောင်းကြီး မဟုတ်သေးပေမယ့် နွေဦးဆီ အရောက်လာနေသူတွေက နွေဦးရဲ့သရုပ်ပီအောင် ကြိုးစားတဲ့အနေနဲ့ သည်စွန်လွှတ်ပွဲကို ပျော်ပျော်ကြီး ကျင်းပ နေကြတာကိုကြည့်ရင်း ကိုယ့်မှာလည်း နွေဦးဆီ ဆက်လှမ်းဖို့ အားရှိနေမိပါရဲ့။
မသီတာ၊စမ်းချောင်း

1 comment:

  1. ဖတ်ရှု့ပြီး ဗဟုသုတာဖြာဖြာယူဆောင်သွားပါကြောင်း


    မောင်ဘကြိုင်

    ReplyDelete