Thursday 1 March 2012

အတ္တလန္တိတ်နဲ့ ပစိဖိတ်ကြား

 
အမေရိကရဲ့ ပြည်နယ်၂၀ နီးပါးကို အလည်ရောက်ဖြစ်ခဲ့ပြီးတဲ့ အချိန်မှာ အသေအချာ ပြောနိုင်လာတာ တစ်ခုကတော့ အမေရိကရဲ့ တောပိုင်းနဲ့ သဘာဝ အလှကို ခေတ်မီဆန်းပြားတဲ့ မြို့ပြအလှထက် ပိုနှစ်ခြိုက်မိ တာပါ။ ဒါကြောင့်လည်း သွားလေရာမှာ သဘာဝ တောတောင်ကို ခံစားလို့ရနိုင်မယ့် နေရာမျိုး တွေကို အတတ်နိုင်ဆုံး ရှာကြံသွား ဖြစ်ခဲ့ပါတယ်။ သည်တစ်ခေါက်ရောက် ဖြစ်တာက ဗာဂျီးနီးယားပြည်နယ်ထဲက လူရေးလိုဏ်ဂူ Luray Carven ပါ။ သဘာဝ ကျောက်ခက် ပန်းဆွဲတွေ ရှိတဲ့ နေရာအနေနဲ့ ဘားအံနားကကော့ ကွန်းဂူ၊ ဆဒ္ဒန်ဂူ၊ ရှမ်းပြည်နယ်က ပင်းတယဂူ၊ ပြင်ဦးလွင်နားက ပိတ်ချင်းမြောင်တို့ အပြင် ဗီယက်နမ်၊ ဟလွန်း ပင်လယ်အော်မှာ ရှိတဲ့ လိုဏ်ဂူတွေဆီကို ရောက်ခဲ့ ဖူးပေမယ့် အမေရိကရဲ့ လူရေးလိုဏ်ဂူက တစ်မူ ထူးခြားပါတယ်။ အဲဒါကတော့ ကျန်လိုဏ်ဂူတွေက ကျောက်တောင်ကြီးတွေ အတွင်းမှာ ဖြစ်ပြီး တောင်အတွင်းကို ၀င်တဲ့ဝင်ပေါက်ဟာ မြေပြင်ပေါ်မှာ တွေ့နေရတာ ဖြစ်ပေမယ့် လူရေး လိုဏ်ဂူရဲ့ ၀င်ပေါက်ကတော့ မြေအောက်ထဲကို ၀င်သွားရတဲ့ အတွက် အပြင်က နေကြည့်ရင် သာမန် အဆောက်အအုံ တစ်ခုလိုပဲ မြင်နိုင်တာပါ။ လိုဏ်ဂူက မြေကြီးအောက်ထဲမှာ ရှိနေပြီး အပြင်က ကြည့်တော့လည်း ဘာတောင်မှ မတွေ့ရပါဘူး။ ဧည့်ကြို အဆောက်အအုံထဲက နေမှ မြေအောက်က လိုဏ်ဂူ ထဲကို ဆင်းသွားရတာမျိုးပါ။
 သည်လူရေး လိုဏ်ဂူကို စတင်တွေ့ရှိတဲ့ အချိန်က ၁၈၇၈ ကပါ။ ဒေသခံ မိသားစုတစ်စုက အမှတ်မထင်ဘဲ ဂူဝင်ပေါက်ကို လေတိုး နေသံကြောင့် သတိထားမိခဲ့ကာ တူးဖော်ရာမှ တွေ့ခဲ့ပြီး ဂူအတွင်းမှာ ကျောက်စက်ပန်းဆွဲနဲ့ ကျောက်စက် မိုးမျှော်တွေကို တွေ့ရသလို လွန်ခဲ့တဲ့ နှစ်ငါးရာလောက်က ကွယ်လွန်ခဲ့ပုံရတဲ့ ဒေသခံလူနီ အင်ဒီးယန်း အမျိုးသမီး ကလေးတစ်ယောက်ရဲ့ အရိုးစုကိုလည်း တွေ့ခဲ့ရပါတယ်။ သည်နေရာမှာ ရေတချို့ဟာ နဂိုကတည်းက ရှိနေပြီး သည်ရေက ကြေးမုံပြင် တစ်ချပ်လို ကျောက်စက် ပန်းဆွဲတွေကို ပုံရိပ်ထင်ဟပ်ပေးတာမို့ သိပ်ကို လှပစွာ မြင်နိုင်ကြပါတယ်။ သည်ရေတွေကြောင့် ကျောက်စက်ပန်းဆွဲတွေကို ရေထဲမှာ တွေ့ရတာ အမြင်ဆန်းစေကာ ရေအနက်ဟာ အလွန် နက်လိမ့်မယ်လို့ ထင်ရပေမယ့် အမှန်ကတော့ ရေအနက်ဟာ နှစ်ပေတောင် မပြည့်တတ်ပါဘူး။ သည်ခပ်တိမ်တိမ် ရေလေး ရှိနေတဲ့ နေရာတွေကို အိပ်မက်ရေကန်လို့ နာမည်ပေးထားပါတယ်။

သည်လိုဏ်ဂူထဲမှာ ဆယ့်နှစ်ရာသီပတ်လုံး အပူချိန် တစ်သမတ်တည်း မပြောင်းမလဲ ရှိနေတာကလည်း ထူးခြားမှု တစ်ခု ဖြစ်ပါတယ်။ ၅၄ ဒီကရီဖာရင်ဟိုက် (၁၂ ဒီဂရီဆယ်လ်စီးယပ်စ်)ရှိတာမို့ မအေးလွန်းတဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။ သာမန်အပေါ် အင်္ကျီလေးတစ်ထပ်လောက်နဲ့ နေလို့ရတဲ့ နေရာမျိုးပေါ့။ ၁၉၀၀ ပြည့်နှစ် အလွန်မှာတုန်းက သည်လိုဏ်ဂူထဲက လေတွေကို ခပ်ဝေးဝေး တောင်ကုန်းပေါ်က အိမ်အတွက် အဲယားကွန်း သဘောမျိုး လုပ်ပေးနိုင်ဖို့ ကြိုးစားခဲ့စဉ်မှာ တွေ့ရှိချက် အရ သည်ဂူထဲမှာ ရှိတဲ့လေဟာ အင်မတန် သန့်ရှင်းစင်ကြယ်ပါသတဲ့။ သည်လေနဲ့ ပိုးမွေးဖို့လုပ်ရာမှာ စမ်းသပ်ဖန်ပြားပေါ်က ကြားခံပေါ်မှာ ဘာပိုးမှ မပေါက်လာခဲ့တာကြောင့် ခုလိုပြောနိုင်တာလည်း ဖြစ်ပါတယ်။ တကယ်လည်း ကိုယ့်မှာ ဂူထဲက လေကို ရှူရတာ သိသိသာသာကြီး ရှင်းသန့်တဲ့ အရသာကို ခံစားခဲ့ရပါတယ်။


ခန့်မှန်းချက်အရ သည်ကျောက်လိုဏ်ဂူရဲ့ သက်တမ်းကတော့ နှစ်ငါးသန်းဝန်းကျင်မက ကြာပြီလို့ ဆိုပါတယ်။ သည်ဂူဟာ ပင်လယ်ရေ မျက်နှာပြင်အထက် ပေကိုးရာကျော်သာသာ အမြင့်မှာသာ တည်ရှိပြီး ရှန်နန်ဒိုးတောင်ကြားမှာ ရှိတဲ့ အပလန်ချီတန်းတွေရဲ့ အဆက်ဖြစ်တဲ့တောင်စောင်းမှာ ရှိပါတယ်။ အမေရိက အမျိုးသား ပန်းဥယျာဉ်ဌာနက ထိန်းသိမ်းထားတဲ့ အတွက် အထဲမှာ မီးတွေ ထွန်းပေးထားပုံကလည်း ကောင်းလှပါတယ်။ ဗီယက်နမ်မှာတုန်းက မီးကို ရောင်စုံထွန်း ပေးထားလေတော့ အိပ်မက်ထဲမှာလိုလိုနဲ့ သဘာဝအရသာကို သိပ်မခံစားနိုင်ခဲ့ပေမယ့် သည်ဂူထဲမှာတော့ မီးရောင်ကအ၀ါတစ်မျိုးတည်းမို့ သဘာဝ အလှကို ရင်သပ်ရှုမော ခံစားခဲ့ရပါတယ်။


ဂူအတွင်းပိုင်းက တချို့နေရာတွေမှာ လမ်းလျှောက်စရာ နေရာ ကျဉ်းပေမယ့် တချို့နေရာတွေမှာတော့ အတော့်ကို ကျယ်ပါတယ်။ သည်အနောက်နိုင်ငံတွေမှာ တစ်ခု ကောင်းပြန်တာက မသန်မစွမ်းသူတွေ အတွက် သွားလာနိုင်အောင်ပါ စီစဉ်ပေး ထားတတ်တာပါ။ သည်တော့ မသန်ပေမယ့် စွမ်းနေတဲ့ သဘော သူလိုငါလိုပဲ သဘာ ၀အလှကိုဖြစ်ဖြစ် လူလုပ် အလှကိုဖြစ်ဖြစ် လေ့လာ ကြည့်ရှု ခံစားနိုင်တော့တာပေါ့။ ဂူအတွင်းပိုင်းဟာ အတော်လေး ကျယ်သလို ရှည်လည်း ရှည်ပါတယ်။
ဂူတွင်း တချို့နေရာတွေမှာ မီးအရောင်ဟာ အပြာလိုလို အစိမ်းလိုလို ဖြစ်နေတာကလည်း သဘာဝ အတိုင်းပဲ ဖြစ်ပါတယ်။ ပြဒါးဓာတ်တွေ ရှိနေတဲ့ ကျောက်မို့လို့ပါ။ ထွန်းထားတဲ့ မီးကို အရောင် ဟပ်နေတာ ဖြစ်ပေမယ့် မီးလုံးကတော့ အ၀ါပဲ ဖြစ်ပါတယ်။ အလင်းအမှောင်ကို ချိန်ဆပြီး ပေးထားတာမို့ ဓာတ်ပုံရိုက်ရတာလည်း ပြည်တွင်းက ဂူတွေမှာလို မခက်ခဲခဲ့ပါဘူး။ ဗီယက်နမ်တုန်းက ဓာတ်ပုံထဲမှာ နီနီပြာပြာစိမ်းစိမ်းနဲ့ ခရမ်းရောင်တွေနဲ့မို့ ကျောက်စက်ပန်းဆွဲနဲ့ ကျောက်စက် မိုးမျှော်တွေကို ကောင်းကောင်း မမြင်ခဲ့ရပါဘူး။ ဆဒ္ဒန်ဂူထဲက စိန်တောင်၊ မြတောင်၊ ပတ္တမြားတောင်တွေကို သည်လိုအလင်းအား ကောင်းကောင်း အချိန်အဆ မှန်မှန်နဲ့ တွေ့ရရင် သည်လိုပဲ လှနေမှာလို့ လူရေးဂူထဲမှာ လျှောက်ကြည့်ရင်းက တွေးခဲ့မိပါသေးတယ်။

တချို့ကျောက်စက်တိုင်တွေကတော့ နီဝါ၀ါ အရောင်မျိုးတွေ ရှိနေပါတယ်။ ဒါကတော့ သံဓာတ်နဲ့ သံဓာတ်တွေ စွန်းပေနေတဲ့ မြေစေးတွေကြောင့် ဖြစ်တာပါ။ သည်ထဲက ကျောက်အများစုဟာ ကယ်လ်ဆီယမ် ကာဗွန်နိတ်ကျောက်တွေဖြစ်ပြီး နှစ်ပေါင်း ၁၂၀ မှာ တစ်ကုဗ လက်မနှုန်းနဲ့ ကျောက်စက်တိုင်တွေ ဆက်လက်ပြီး ဖြစ်ထွန်းနေတဲ့ နေရာပါ။ သဘာဝတရားရဲ့ အလှအပဟာ လူလုပ် ထားသလို မဟုတ်ပေမယ့် လူတွေ မမှန်းနိုင်အောင် ထူးခြား ဆန်းကြယ်တာကတော့ သည်ပုံတွေကို ကြည့်ရုံနဲ့ သိနိုင်နေပါတယ်။
ကယ်လ်ဆီယမ် ထုံးကျောက်သန့်သန့်ကနေ ဖြစ်လာတဲ့ ကျောက်စက်တိုင်တွေကတော့ အမြဲတမ်း ဖြူဖြူဖွေးဖွေး တွေ့ရတတ်ပါတယ်။ သည်လို တိုင်တွေနဲ့ အချွန်အတက်ပုံ သဏ္ဌာန်တွေ ဖြစ်လာရတာကတော့ ရေကြောင့်လည်း ဖြစ်ပါတယ်။ သည်ထဲက ရေဟာ အက်ဆစ်ရေသဘောမျိုးဖြစ်တဲ့ အတွက် ကျောက်တောင်ကြီးရဲ့ ပျော့ပျောင်းတဲ့ ဓာတ်သတ္တုတွေကို တိုက်စား လိုက်တဲ့ အခါမှာ ကျောက်သား အခိုင်အမာတွေ ကြွင်းကျန်ခဲ့ပြီး ပုံသဏ္ဌာန် အမျိုးမျိုး ဖြစ်လာတာပါ။ ဒီထဲမှာ မျှော်စင်လိုပုံမျိုး အများအပြား ပါလာတတ် ပါတယ်။
ကျောက်စက်မိုးမျှော်တွေ တချို့ဟာ နှင်းဆီရောင်၊ မြေဆီရောင် ရှိတတ်ပြီး အနည်းဆုံး ၂၅ ပေကနေ ပေ ၆၀ လောက်ထိ မြင့်ပါတယ်။ သူတို့က ထူးခြားတဲ့ ကျောက်စက်မိုးမျှော် တချို့ကို နာမည်တွေ ပေးထားတတ်ပါတယ်။ ကျောက်စက် ပန်းဆွဲတွေကလည်း အနည်းဆုံး ငါးပေလောက် ရှည်ပြီး အရောင်ကလည်း အဖြူကနေ အညိုဝါ၀ါအထိ အရောင်တွေ ပြောင်းနေတာကတော့ ရေတိုက်စားတဲ့ အတွက် ရေထဲက ဓာတ်တွေနဲ့ ဓာတ်ပြုပြီး ဖြစ်ရတာပါ။ တချို့ ကျောက်စက်တိုင်တွေကတော့ ဖယောင်းတိုင်လို ဖြူနေတာမျိုးပေါ့။
ကျယ်ဝန်းတဲ့ ခန်းမကြီး တစ်ခုလို ဖြစ်နေတဲ့ နေရာလေးတွေ သုံးလေးခုရှိပြီး တစ်နေရာမှာ တော့ အတော့်ကိုကျယ်ဝန်းလှပါတယ်။ ခန်းမ ကြီးတစ်ခုရဲ့တစ်နေရာမှာတော့ ကျောက်စက်ပန်း ဆွဲတိုင်တွေ အရွယ်အစား အမျိုးမျိုးကို နန်းကြိုး သဘော ကြိုးများနဲ့ ချိတ်ဆက်ပြီး အဲဒီကြိုးတွေကို ပတ္တလား လိုစန္ဒရားလို စက်လေးမှာ လာပြီးချိတ် ဆက်စုစည်းထားတဲ့ အခါ ကျောက်စက်ပန်းဆွဲ တွေရဲ့ တုန်ခါမှုတွေကနေ ဂီတသံတွေထွက်လာ ပါတော့တယ်။ ဂူထဲမှာလေတိုးလာတဲ့ အခါ ဒါမှ မဟုတ် စကားပြောသံ ကျယ်ပြီး ပဲ့တင်သံထွက် လိုက်လာကာ အဲဒီ ပဲ့တင်သံကြောင့် ကျောက်စက် ပန်းဆွဲတွေ တုန်ခါသွားတဲ့အခါ အဲဒီ စက်လေး ကနေ ဂီတသံ သဘောမျိုး သံစဉ်တွေကို ပြန်ထုတ် ပေးပါတယ်။ သည်စက်ကလေးက သဘာဝ ပတ္တလား၊ သဘာဝ စန္ဒရားလေးလို ဖြစ်နေတော့ တာပါ။ သည်အကြောင်းကိုမသိခင် သည်ခန်းမထဲ ရောက်ခါနီးမှာ သာယာနာပျော်ဖွယ် ဂီတသံမျိုး ကြားတော့ သီချင်းတီးလုံး တစ်ခုခုကို ကက်ဆက်နဲ့ ဖွင့်ပေးနေသလားတောင် ထင်မိပါတယ်။ နောက်တော့မှ ကျောက်စက်တိုင် သဘာဝ အော်ဂင်ရဲ့ ဂီတံသံစဉ်မှန်း သိသွားရပါတော့တယ်။
ကျောက်တိုင်တွေမှာ အမိုးခုံးသဘော အပေါ်ကနေ အုပ်ကာချထားသလို ဖြစ်နေတဲ့ ကျောက်တိုင်တွေလည်းရှိပြီး အလွန်လှတာပါ။ သူတို့က ဒီလိုကျောက်တိုင်မျိုးတွေကို ယာယီတဲ လေးထိုးထားသလိုမျိုးလို့ မြင်ကြပါတယ်။တချို့တိုင်တွေက မှိုပွင့်လိုဖြစ်နေပြီး အပေါ်ယံမှာ ရေညှိလို နူးညံ့တဲ့ မှိုလေးတွေရှိနေတဲ့ အတွက် ကတ္တီပါ မျက်နှာပြင်လို ဖြစ်နေတတ်ပါတယ်။
ဂူထဲကတချို့နေရာတွေဟာ လှရုံတင်မကဘဲ ဆန်းလည်းဆန်းကြယ်ပါတယ်။ တချို့နေရာမှာ ဂူမျက်နှာကြက်ကို မော့ကြည့်ရတာ အရသာ အတော်ရှိတာပါ။ ဖုထစ်ကြွရွပြီး အရောင်တွေ မညီမညာနဲ့ ကျောက်စက်ပန်းဆွဲတွေ တွဲလဲခိုကျ နေပုံဟာ မီးဆိုင်းကြီး တစ်ခုကို ချိတ်ဆွဲထားသလို ကျက်သရေ ရှိလှပါရဲ့။

သည်ရေတွင်းလေးက ဆုတောင်းပြည့် ရေတွင်းလို့ဆိုပြီး အဓိဋ္ဌာန်နဲ့ ပစ်တဲ့ အကြွေတွေ မနည်းမနော ရှိနေပါတယ်။ ရေတွင်းက အစိမ်းရောင် ဖြစ်ကာ တချို့နေရာတွေမှာ သုံးလေးပေကနေ တချို့နေရာတွေမှာတော့ ခြောက်ပေခုနစ်ပေနက်ပါတယ်။ တော်တော်လှတဲ့ ရေတွင်းဖြစ်ပြီး အေးစိမ့် နေတဲ့နေရာလေးမို့ တော်ရုံနဲ့တောင် မထွက်သွားချင်ခဲ့ပါဘူး။ ကိုယ်ကတော့ ဆုတောင်းစရာ ဘာမှမရှိတာကြောင့်ရော၊ တောင်းမယ့် ဆုတွေ ပြည့်မယ် မထင်တာကြောင့်ပါ ငွေအကြွေလည်း မပစ်ခဲ့တော့ပါဘူး။ နောက်တစ်ခုက သည်က ရေတွေဟာ ကာဗွန်နစ်အက်ဆစ်ဓာတ် အနည်းငယ် ပါနေတတ်တာမို့ တော်ကြာ ငွေအကြွေတွေသိပ်များလာရင် ဓာတ်ပြုမှုတွေဖြစ်လာကာ သဘာဝ အရောင်တွေပြောင်းသွားမှာကို မလိုလားတာကြောင့်လည်း ပါပါတယ်။
သည်လိုလှပတဲ့နေရာမျိုးကို အရောက်ပို့ ပေးခဲ့တဲ့ ငယ်သူငယ်ချင်း ၀င်းထိန်နဲ့ လူရေးလိုဏ် ဂူဆိုင်းဘုတ်ရှေ့မှာ အမှတ်တရ ဓာတ်ပုံရိုက်ဖြစ်ပါ တယ်။ ၀င်းထိန်နဲ့ သူ့အောက် တစ်မိနစ်ပဲငယ်တဲ့ အမြွှာညီမ ၀င်းဝင်းနိုင်က ဆေးကျောင်းတစ် လျှောက် ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက် ပါ။ ၀င်းထိန်နဲ့ဇနီး ဇာကြီးကတော့ ၀ါရှင်တန် သွားတိုင်း ဒိုင်ခံဧည့်ခံပေးတဲ့သူတွေမို့ ကျေးဇူး တွေ အများကြီးရှိနေတဲ့သူတွေပါပဲ။
သဘာဝက ဆန်းကြယ်တဲ့အထဲမှာ ကြက်ဥကြော်ပုံ သဏ္ဌာန်မျိုးဖြစ်နေတဲ့ ကျောက်ကိုလည်း တွေ့ခဲ့ရပါတယ်။ ကြက်ဥကြော်မှ မကျက်တကျက် ဟတ်ဖ်ဖရိုင်းကြော်လေးပေါ့။ အနှစ်ကလေးက တုန်တုန်တုန်တုန် ဖြစ်နေသလို မျိုး ကျောက်လေးက လူတွေကိုင်ကြည့်လွန်းလို့ ပြောင်လက်လို့နေပါတယ်။ အရောင်ကတော့ မြေသားရောင်ပါပဲ။
ကျောက်စက်တိုင်တွေရဲ့ စုလစ်မွမ်းချွန်ဖြစ်မှုတွေဟာ ဂူတစ်လျှောက် မညီမညာပေမယ့် အတော်ကြီးကို ကြည့်လို့ ကောင်းပါတယ်။ နေရာတိုင်းလို လိုမှာ ရင်သပ်ရှုမော ငေးနေမိအောင်ကို လှတာပါ။ အမေရိကမှာ သဘာဝအလှ ကသာ နိုင်ငံ့အလှလို့ ပြောချင်လောက်အောင်လှတယ်လို့ပဲ ဆိုပါမယ်။
မသီတာ(စမ်းချောင်း)

2 comments:

  1. ဆရာမရဲ့ ဆောင်းပါးတွေကို အမြဲအားပေးနေတာပါ။
    အတ္တလန္တိတ်နဲ့ ပစိဖိတ်ကြား ဆောင်းပါးတွေကိုလည်း နံပါတ်ကလေး တပ်ပေးပါလား ဆရာမ ။ဖတ်ရတာ အဆင်ပြေအောင်လို့ပါ။ကျွန်တော်က အင်တာနက်ဆိုင်မှာ သုံးရတာဆိုတာတော့ အိမ်ကို ကူးသွားပြီးမှ ဖတ်ဖြစ်တာပါ။အဲဒါကြောင့် နံပါတ်လေးနဲ့ ဆိုရင် ပိုများ အဆင်ပြေမလားလို့ပါ။
    ပြီးတော့ ကျွန်တော်က တူရာတူရာ ဆောင်းပါးတွေကို အမြဲ စုထားလေ့ရှိပါတယ်။
    ဆရာမရဲ့ အညိုမှသည် ကြက်သွေးနီသို့ ဆိုတဲ့ ဆောင်းပါး တွေဆိုရင် ဆရာမ တင်သမျှ အစအဆုံး ရှိပါတယ်။အဲဒါကြောင့်ပါ။
    ကျေးဖူးတင်ပါတယ်။

    ReplyDelete
  2. ကောင်းတယ်ဗျာ၊ ကိုယ်တိုင်ရောက်သွားသလိုပဲ။ တခြားအကြောင်းအရာတွေကိုလဲ မမေ့ခင် များများရေးဖို့တိုက်တွန်းပါတယ်။

    ReplyDelete