Sunday, 18 March 2012

အညိုမှသည် ကြက်သွေးနီ 12



(ယခင်လမှအဆက်...)
ကြက်သွေးနီ စာသင်ခန်းနှင့် ကျောင်းသားများ

ကြက်သွေးနီသို့ ရောက်လာသော ကျောင်းသား များနှင့် တွေ့ဆုံခွင့်ရ ခဲ့ခြင်း ကလည်း စိတ်ဝင်စားဖွယ် ဖြစ်ပေသည်။

အမှန်တော့ ဟားဗတ် ဆိုသည်နှင့် ကမ္ဘာ အရပ်ရပ်မှ ကျောင်းသားများက အသည်းအသန် တက်ချင်နေသော ကျောင်းပီပီ ကြက်သွေးနီကလည်း သူ့ရင်သွေးကို အသေအချာ ရွေးချယ်ထားသဖြင့် ကြက်သွေးနီ၏ ရင်သွေးများ အားလုံးလိုလိုမှာ သူ့ အစွမ်းနှင့် သူဟု ဆိုရပါမည်။

ကြက်သွေးနီ၏ မည်သည့် ဘာသာကို လေ့လာသည် ဖြစ်စေ ပထမနှစ်တွင် အင်္ဂလိပ်စာ အခြေခံ အရေးအသား တစ်ခု ဖြစ်သည့် စာအုပ် တစ်အုပ်၏ နောက်ခံ အကြောင်းအရာကို လေ့လာဆန်း စစ်သည့် အရေးအသား အတတ်ကို ကြက်သွေးနီက သင်ပေးမြဲ ဖြစ်လေသည်။ ထိုအတတ်ကို သင်ကြား ပို့ချရသူမှာ ကိုယ့်မိတ်ဆွေ ဂျိန်းပင်ဖြစ်၏။ ဂျိန်းကိုယ်တိုင်က စမ်းသပ် အရေးအသားဖြင့် စာပေ လောကကို တိုးဝင်နေ သော စာရေးဆရာမ တစ်ဦးဖြစ်ရာ သူက သူ့အတန်းသား ကျောင်းသား ကျောင်းသူများ အတွက် သမားရိုးကျ မကသည့် နည်းပညာများ၊ စိတ်ကူး အတွေးများဖြင့် စာသင်ကြား ပို့ချမြဲ ဖြစ်ပါသည်။

သို့ဖြင့် ဂျိန်းက အီရန် စာရေးဆရာ ရှရီရာနှင့် ကိုယ်တို့၏ ၀တ္ထုများအား သည်အတန်း အတွက် ပို့ချရန် ရွေးချယ်ခဲ့သည်မှာ ကိုယ့်အနေဖြင့် အညို့ရင်ခွင်ဖြစ်သော ဘရောင်း တက္ကသိုလ်မှာ ဌာနေ စာရေး ဆရာသဖွယ် ဖြစ်စဉ်ကတည်းကပင် ဖြစ်ပါသည်။ သို့သော် အညို့ရင်ခွင် ရှိစဉ်က အတန်းချိန် တစ်ချိန်မျှသာ ပါဝင်ပေးခဲ့ရ သော်လည်း ကြက်သွေးနီသို့ရောက်လာ သည့်အခါမှာမူ အတန်းချိန် နှစ်ချိန် ပါဝင် ပေးလာရပါသည်။ သို့သော် ကိုယ့်စာမူ အတော်များများကို ဂျိန်းက သူ့အတန်း သားများအား မိတ္ထူ ကူးပေးပြီး ဖြစ်ပါသည်။ ကိုယ့်မှာလည်း ၂၀၀၅ ခုနှစ်က တည်းက အင်္ဂလိပ်ဘာသာဖြင့် ၀တ်္ထုတို များအား ထုတ်နိုင်ရန် အဆင်သင့်ပြင် ထားပြီး မထုတ်ဖြစ်သေးသဖြင့် ဂျိန်း အတွက် စာမူများပေးရာတွင် အဆင်သင့် ဖြစ်ခဲ့ရသည်။ ကိုယ့်ဝတ်္ထုတို အပုဒ် ၂၀ ကျော်အား သူတို့အားလုံး မဖတ်မီမှာ တစ်ကြိမ်၊ ဖတ်ပြီးသည့်အခါ တစ်ကြိမ် ဖြင့် နှစ်ကြိမ်တွေ့ဆုံကာ ကျောင်းသား ကျောင်းသူများ မေးသမျှ ပြန်ဖြေရသည် မှာ လွယ်မယောင်နှင့်ခက်၊ ခက်မယောင် နှင့် လွယ်ဟုပင် ဆိုနိုင်ပါသည်။
အကြောင်းမှာ ကြက်သွေးနီ၏ ရင်သွေးများပီပီ ထက်ထက်မြက်မြက် ရှိပြီး ရဲရဲရင့်ရင့် မေးတတ်မြန်းတတ်ကြသဖြင့် “ကိုယ်ရေးချင်လို့ရေးတာ၊ ဘာဖြစ်လဲ” ဟု လွယ်လွယ် ဖြေမရနိုင်သော်လည်း ကြက်သွေးနီပီပီပင် ကမ္ဘာ အရပ်ရပ်မှ ကျောင်းသားများကို လက်ခံ ထားသဖြင့် လည်း အီရန်နှင့် မြန်မာနိုင်ငံတို့၏ လူမှုဝန်းကျင် အကြောင်း စာနာ သဘောပေါက် နိုင်စွမ်းသော ကျောင်းသားများလည်း ပါဝင်တတ်ရာ ကိုယ်ပြောသမျှကို နားမဝေးဘဲ သဘောပေါက် လွယ်ကြသူများ ပါဝင်နေသဖြင့် သမိုင်းကြောင်း ချီကာ ရှင်းပြရန် မလိုလောက်သည်ထိ အခက် အခဲမရှိ ဖြစ်ရပြန်ပါသည်။

ဂျိန်း၏ ကျောင်းသား ကျောင်းသူများမှာ ဆယ်ကျော်သက်ကို လွန်ခါစ လူငယ်များပီပီ  အားမနာတမ်း မေးခွန်းများဖြင့် ကိုယ်တို့ နှစ်ယောက်အား စပ်စုခဲ့ကြသကဲ့သို့ သရော်စာကို အားသန်သကဲ့သို့ လူကိုယ် တိုင်ကလည်း အထိတ်တလန့် ပြက်လုံး များကို သဘော ကျတတ်သော ရှရီရာနှင့် သမားရိုးကျကို တွန့်ဆုတ်ပြီး လွတ်လပ်မှုကို သဘောကျသော ကိုယ်တို့ကလည်း သူတို့မေးရန် ကျန်သွားသည့် မေးထိုက်ရာရာများ အထိပါ ခဲရာခဲဆစ် ရှာကြံပြီး ဖြေပေးကြ၊ အတွေး ဆွပေးခဲ့ကြပါသည်။

သို့ဖြင့် ဂျိန်း၏ စာသင်ခန်းလေးမှာ အတွေ့ အကြုံဖလှယ်ရာ၊ အတွေးအခေါ် ဖလှယ်ရာ၊ ယဉ်ကျေးမှု ဖလှယ်ရာ၊ ဗဟုသုတ ဖလှယ် ရာအစစသော ဦးနှောက်နှင့်နှလုံးသားများ ဖလှယ်ရာနေရာလေး တစ်ခု ဖြစ်လာခဲ့ပါသည်။ သို့ဖြင့်လည်း ကြက်သွေးနီ၏ ရင်သွေးများသည် စာကြည့်တိုက်များနှင့် ပုံနှိပ် စာလုံးများတွင် ရှာမတွေ့နိုင်သည့် အမေးအဖြေများ၊ အထေ့အပြုံးများ၊ အသော အညည်းများကို မိမိတို့၏ စာသင်ခန်းများ အတွင်းမှာပင် “ဒလဟောနှင့် ဗုံးပေါလအော” ရရှိ ခံစား လိုက်ရပေသည်။ သို့ကြောင့်ပင် ကြက်သွေးနီသည် ကမ္ဘာ့ကျောင်းသား ထုကြီး၏ သည်းခြေကြိုက် တပ်မက်ရာ ကျောင်းမဟာ ဖြစ်နေရခြင်းဟု ဆိုရပေမည်။

ကြက်သွေးနီကား သူ့ဆီမှာ ရှိနေသည့် ပညာရှင်များသာ မက သူ့နားသို့ ရောက်နေသော ပညာရှင်များကိုပင် အလွတ် မပေးဘဲ ဦးနှောက်ကို ငှားတတ်သည်ပင်။ ကိုယ်တို့မှာလည်း ကြက်သွေးနီ၏အရှိန်အ၀ါကြောင့်သာ မဟုတ်မူဘဲ ကြက်သွေးနီ ရင်သွေးများ၏ ဇွဲ၊ ထက်သန်မှုနှင့် လုံ့လများကို  နှလုံးသားချင်း ခံစားကာ ပီတိမုဒိတာ ပွားဖြစ်သဖြင့် ကြက်သွေးနီမှ အသုံးချခံရမည့် အရေးကိုပင် သွေးအေးစွာ ကြည်ဖြူဖြစ်ကြမြဲတည်း။ သည်နှယ် အပြန်အလှန် အကျိုးများသော ပညာရေးစနစ်သည်ပင် ကြက်သွေးနီကဲ့သို့ သော ကမ္ဘာကျော် တက္ကသိုလ်များ၏ အဓိကသော့ချက်ဖြစ်သည် မဟုတ်လား။

အခြား ပညာရှင်များ

ရက်ကလစ်ဖ်တွင် ဆုံတွေ့ရသော ပညာရှင်များအနက် ရုံးခန်းမှာ အမြဲ မရှိသည့် ပညာရှင်မှာ Linda G. Griffith ပင် ဖြစ်သည်ဟု ဆိုရမည်ပင်။ အလွန် ထူးချွန်သော အမျိုးသမီး ပညာရှင်ဖြစ်သော်လည်း အလွန်ပင် ကျန်းမာရေးချို့တဲ့သူဖြစ်ရာ သူ့ဓာတ်ခွဲ ခန်းနှင့် ဆေးရုံ အခန်းတွင်သာ အချိန် ကုန်နေခဲ့လေသည်။ သူက ဇီဝဗေဒနှင့်စက်မှု အင်ဂျင်နီယာ ဗေဒဆိုင်ရာပါမောက္ခဖြစ်ပြီး အမ်အိုင်တီခေါ် မက်ဆာချူးဆက်နည်း ပညာ တက္ကသိုလ်မှာ စာသင်နေသူဖြစ်သည်။ သူ လုပ်နေသည့်သုတေသနမှာ New Approaches to Probing Autocrine Growth Factor Loops in Stem Cells ဖြစ်ကာ အမျိုးသမီး ရောဂါတစ်ခုဖြစ်သည့် Endometriosis ကို ထိုသုတေသန အတွက် တွဲဖက်လေ့လာ ပြုပြင်သွားမည် ဖြစ်ပါသည်။ ကိုယ့်မှာလည်း ထိုရောဂါ ကို အင်းစိန် ထောင်သက် ငါးနှစ်ခွဲအပြင် နောက်ထပ် ခုနစ်နှစ်၊ စုစုပေါင်းဆယ့်နှစ် နှစ်မျှ အလူးအလဲ ခံစားခဲ့ရရာ သူကကိုယ့် ကို ထိုသုတေသန အကြောင်းအားတက် သရောပြောပြတတ်ပါသည်။

သို့သော် သူ့ခမျာ ကင်ဆာရောဂါတစ်ခုကို ကောက်ကာငင်ကာ ခံစားလာရပြီး အမျိုးမျိုးအဖုံဖုံသော ကုထုံးများကို ခံယူ ရသဖြင့် ရက်ကလစ်ဖ်ရုံးခန်းသို့ပင် ပေါ် မလာတော့သည်မှာ စာသင်နှစ်ကုန်ဆုံး သွားသည့် အချိန်ထိ ပင်ဖြစ်ပါတော့သည်။ သူက ဇီဝအင်ဂျင်နီယာသမားတစ်ဦး ဖြစ်ရာ ဆေးလောကအတွက် ဆန်းသစ် သော တီထွင်မှု အချို့ကို လုပ်ဆောင်နိုင်ခဲ့ သူလည်း ဖြစ်ပါသည်။ အရိုးအသစ်ပွား ခြင်းအတွက် တီထွင် နိုင်ခဲ့သကဲ့သို့ အရိုး၊ ကြွက်သားနှင့် ကျောရိုးဆစ်များ ဆိုင်ရာ ဇီဝအင်ဂျင်နီယာ အလုပ်များကို အားသွန် ခွန်စိုက် လုပ်နေသူ၊ အသိအမှတ်ပြုဆု တံဆိပ်များစွာ ရရှိထားသူလည်း ဖြစ်ပါသည်။

သူ့နှယ် ထက်မြက်သောပညာရှင် တစ်ယောက်အဖို့ ယခုကဲ့သို့ ကျန်းမာရေး မကောင်းဖြစ်ရခြင်းအားလည်း အတော်ပင် စိတ်မကောင်းမိချေ။ သူဖိတ်ကြား သဖြင့် မက်ဆီကိုနွယ်ဖွား သရုပ်ဆောင် တစ်ဦး၏ ရောဂါဆိုင်ရာ ဟောပြောပွဲကို အမ်အိုင်တီမှာ သွားတက်ရသည်ကလည်း အမှတ်တရဖြစ်ဖွယ်ပင်။ ကြီးမားကျယ် ၀န်းလှသော ဗိသုကာ လက်ရာ အဖုံဖုံ ရှိသည့်အမ်အိုင်တီ၏ အဆောက်အအုံဝင်း အတွင်းမှာ စာသင်ခန်းတစ်ခန်းကို ရှာရ သည်မှာ တောကြီးမျက်မည်းထဲ ရောက်နေ သည့် ခံစားမှုမျိုးကိုလည်း ပေးစွမ်းခဲ့ပေ သည်။ ခေတ်မီဆန်းသစ်လွန်းလှသည့် ဗိသုကာ လက်ရာများဖြင့် ဖွဲ့စည်းထား သော တောကြီးဆေးရောင်စုံထဲမှာ ကိုယ် ယဉ်ပါးသည့် အဆောက်အအုံ ဒီဇိုင်းများ လုံးလုံး မရှိသည့်အတွက် တောကြီးမျက်မည်းထဲ ရောက်နေသကဲ့သို့ ခံစားခဲ့ရခြင်း သာ ဖြစ်ပါသည်။

လင်ဒါနှင့် ခင်မင်ခွင့်ကို ခေတ္တမျှသာ ရခဲ့သော်လည်း အချို့သောအမျိုးသားပညာ ရှင်များနှင့်မူ အတော်ပင်ရင်းနှီးခွင့်ရခဲ့ပါသည်။ ထိုအထဲတွင် ရှေ့တန်းမှပါသူမှာ Reuven Snir ဖြစ်ပါသည်။ သူက အစ်္စရေး၏ ဟိုင်ဖာတက္ကသိုလ်မှ အာရပ်စာပေနှင့် ဘာသာစကား ဆိုင်ရာ ပါမောက္ခဖြစ်သည်။ သူက အာရပ်ဂျူးများ အကြောင်းကို သူ့သုတေသန ဟောပြောပွဲမှာ အကျယ်တ၀င့် ဟောပြောခဲ့ရာ ကိုယ်က အလွန်ပင် စိတ်ဝင်စားသဖြင့် ထိုအကြောင်းကို မည်မျှအထိ ရှာဖွေဖတ်ရှု နိုင်ပါမည်နည်းဟု အမေးထောက်ရာမှ ကိုယ်တို့ ပိုပြီး ခင်မင် လာခဲ့ပါသည်။ သို့ဖြင့် သူကိုယ်တိုင် အာရပ်ဂျူးစာပေ အနုပညာရှင်များ အကြောင်း စာတမ်း တစ်စောင်ကို ကိုယ် အယ်ဒီတာ လုပ်နေသည့် ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်း အတွက် သီးသန့်သဘော ရေးပေးခဲ့ပါသည်။ ကိုယ်ကလည်း ၀မ်း မြောက်ဝမ်းသာ ဘာသာပြန်ကာ ဖော်ပြ ပေးခဲ့ပါသည်။
သူက နောက်ထပ် စိတ် ၀င်စားသည်မှာ ကိုယ်အပြင်းအထန် အားထုတ်ဖူးခဲ့သည် ဆိုသော ၀ိပဿနာ တရားပင် ဖြစ်ပါသည်။ သူက အစ္စလာမ် ဘာသာတွင် ရှိသော ဆူဖီဗေဒကို လိုက်စားသူ ဖြစ်ရာ ကိုယ်က အမြည်းသဘော အားဖြင့် ရာမာမထာ လက်ချာတွင် ပြောပေးခဲ့သည့် ၀ိပဿနာ တရားအကြောင်းကို အလွန် လေ့လာချင်နေသူ ဖြစ်ပါသည်။ ကိုယ့်ကို အလွတ်သဘောအားဖြင့် ၀ိပဿနာ သင်တန်းစကားဝိုင်း လုပ်ပေးရန် တောင်းဆိုသူများတွင် သူက အထက်သန်ဆုံးလည်း ဖြစ်ပါသည်။ ကိုယ်က သူတို့ ကိုယ်တိုင် အားထုတ်နိုင်ရန် နည်း လမ်းပြောပြခြင်း၊ သတိထားစရာ ဆောင်ရန် ရှောင်ရန်များ မျှဝေခြင်းတို့ ကဲ့သို့ လက်တွေ့အားထုတ်မှု ဆိုင်ရာများကိုသာ ဦးစားပေးကာ နားလည်ရခက်သော တရားသဘောတို့ကို ပြောပြရာတွင် သူကသာ အမေးအမြန်း အထူဆုံး ဖြစ်ခဲ့သကဲ့သို့သဘောလည်း အပေါက်ဆုံး ဖြစ်ပါသည်။

သူက ဂျေရူစလင်ရှိ ဟီးဘရူး တက္ကသိုလ်နှင့် ဘာလင်ရှိ တက္ကသိုလ်အချို့တွင် ဂျူးတို့ အကြောင်းကို သင်ကြားလေ့ ရှိသူလည်း ဖြစ်ပါသည်။ ရူဗင်က အသက်အရွယ် အရ တည်ငြိမ်သလောက် နောက်ပညာရှင် တစ်ဦးဖြစ်သော ကဗျာဆရာ ဂျယ်ရီချို ဘရောင်းမှာမူ စီမာကဲ့သို့ အရယ်သန်သော လူငယ် ပညာရှင် ဖြစ်ပေသည်။ သူက ဆန်ဒီ ရေးဂိုး တက္ကသိုလ်မှ အင်္ဂလိပ်စာ ဆရာတစ်ဦးဖြစ်ကာ ကဗျာဆရာကောင်း တစ်ယောက်လည်း ဖြစ်ပါသည်။ သူ့သုတေသနမှာ အာဖရိကန် အမေရိကန်များ၏ ဘ၀နှင့်ယဉ် ကျေးမှုသမိုင်းကို လေ့လာခြင်း ဖြစ်ပါသည်။

အထူးသဖြင့် ၁၉၈၀ ပြည့်နှစ်များက စတင်ကာ လူသိများလာသော အေအိုင်ဒီအက်စ်သတင်း တင်ပြချက်နှင့်အတူ ကျော် ကြားခဲ့သော တီဗွီသတင်းတင်ဆက်သူများ၏ဘ၀အကြောင်းကဗျာများ ပါဝင်ပါသည်။ သူကနယူးအော်လင်းမြို့တော်ဝန်၏ မိန့်ခွန်းရေးပေးသူအဖြစ်လည်း လုပ်ဆောင်ဖူးသေး သူဖြစ်ပြီး မျက်နှာထားချိုလွန်းလှသည့် ပညာရှင်လေး ဖြစ်လေသည်။ သို့သော် သူသည်လည်း ရုံးခန်းမှာ အနေမများသူဖြစ်နေပြန်ပါသည်။ သူနှင့် မတူဘဲ ရုံးခန်းမှာ အနေများပြီး အခန်းတံခါးကို ပိတ်ထား တတ်သူမှာကား Siddhartha Deb ပင်ဖြစ်သည်။ သူက အိန္ဒိယသား ဖြစ်သော်လည်း နယူးယောက်မှာ New School ၏ ကျောင်း ဆရာ အဖြစ်နေထိုင်နေသူ။ သူက၀တ္ထုထက် လက်ရှိ အခြေအနေများ အကြောင်း ရေးသား လေ့ရှိသူဖြစ်ပြီး နယူးယောက်တိုင်းမ်မှ သူ၏ ပထမဆုံး စာအုပ်ကို သတိပြုသင့်သော စာအုပ်စာရင်းတွင် ထည့်သွင်း ခဲ့ဖူးသည်။ သူက အိန္ဒိယသားများ ကိုယ်တိုင် လျစ်လျူရှု နေမိသော နယ်စပ်ဒေသမှ တိုင်းရင်းသားများ၊ တောရွာမှ နိုင်ငံသားများ အကြောင်း အသေးစိတ် လေ့လာကာ ရေးသားတတ်သူ ဖြစ်သည်။

သူသုတေသနပြု ရေးသားမည့် စာအုပ်မှာ Do You Know Who I Am? Stories of Wealth and Poverty From the New India ဖြစ်ပြီး အိန္ဒိယရောက် မြန်မာများ အကြောင်းကိုလည်း လေ့လာ ထားကာ ပူပန်နေတတ်သူ ဖြစ်သည်။ သို့ ဖြစ်ရာ ကိုယ်နှင့်လည်း စကား လက်ဆုံ ကျတတ်ပါသေးသည်။ သူက ကိုယ်တို့ အား ခေတ်သစ် အမြင်ဖြင့် ရိုက်ကူးထား သည့် ဘောလိဝုဒ် ရုပ်ရှင်တစ်ကားကို လည်း ပြသပေးခဲ့ကာ အိန္ဒိယအရှေ့ မြောက်ဒေသမှ မငြိမ်းချမ်းသည့် လူ့ အဖွဲ့အစည်း၏ လက်ရှိ အနေအထားကို မျက်ကွယ်ပြုကာ ငွေရှာသည့် ရုပ်ရှင်များ၏ ရှုခင်းအလှအပ ရိုက်ချက်များ အကြောင်း ဆွေးနွေးပြခဲ့ဖူးပါသေးသည်။ သူက စကားကို များများနှင့် ရှည်ရှည်ဝေးဝေး ပြောတတ်သော်လည်း အိန္ဒိယမှ လူ့ မလိုင် လူတန်းစားများ၏ ဥရောပ ဆန်မှု ကိုလည်း ဝေဖန်တတ်သူပင်။ သူက ကိုလံဘီယာ တက္ကသိုလ်မှ အင်္ဂလိပ်စာ၊ နှိုင်းယှဉ်စာပေပညာတို့ဖြင့် မဟာဝိဇ္ဇာ အတွေးအခေါ် ပညာကို ရခဲ့သူလည်း ဖြစ်ကာ အနေအထိုင် ရိုးစင်းသလောက် ပညာ မာနရှိသူလည်း ဖြစ်ပေသည်။ ထိုထိုသော အရောင်အသွေးစုံသည့် ပညာကုံထံများ ကြားတွင် စာသင်နှစ် တစ်နှစ်တာကို ဖြတ်သန်းခွင့် ရခြင်းအတွက်လည်း ရက်ကလစ်ဖ်ကို ကိုယ့်မှာ ယခုတိုင် ကျေးဇူး တင်နေမိပါသည်။

ကြက်သွေးနီသည် ကမ္ဘာ့ ပညာကုံထံများအား စုစည်းပေးရာ ကျောင်းမဟာ ဖြစ်သည်နှင့် အညီ အစွမ်း အစအသီးသီး၊ ပညာမာန အညီးညီးနှင့် တောက်ပြောင်နေသည့် ကြက်သွေးနီ ကျောင်းတော်ကြီး၏ ရင်သွေးများ၊ ပဲ့ကိုင်ရှင်များ အပါအ၀င် ဧည့်ပညာ ကုံထံများကို တစ်နှစ်တာ လက်တွဲခွင့် ရခဲ့ခြင်း သည်ဘ၀၏ ဒုလ္လဘ တရားများ အနက် တစ်ခု အပါအ၀င်ဖြစ်သည်ကိုလည်း ၀န်ခံ ရပါမည်။ ကြက်သွေးနီမှ ပေးအပ်သော ခံစားခွင့်များ၏ အကျိုး ကျေးဇူးကိုလည်း ယခုတိုင် ခံစားနေရဆဲဟု ခံယူထားသည့် အတွက် ကိုယ့်ဘ၀မှာ ရက်ကလစ်ဖ်၏ လက်ကမ်းကြိုဆိုမှုနှင့် ထိုအခွင့်အရေး ကို အရယူပေးခဲ့သော မိတ်ဆွေသူငယ် ချင်းစာရေးဆရာ၊ ကြက်သွေးနီ ဆရာမ ဂျိန်း၏ ကျေးဇူးပြုမှုတို့ကို မေ့မရဖြစ်ရသည်မှာလည်း အမှန်ပင်။

Humanity Centre မှ မိတ်ဆွေများ
ကြက်သွေးနီ ရင်ခွင်သို့ ခိုလှုံနိုင်ခွင့်ကို ဖန်တီးပေးခဲ့သည့်မိခင်ဌာန Radcliffe Institute for Advanced Study ပြီးလျှင် ဟားဗတ်၏ နောက်ထပ်ဌာန တစ်ခုဖြစ်သော Humanity Centre ဌာနမှာ ကိုယ့်အတွက် အရေးပါခဲ့ကြောင်း ဆိုခဲ့ဖူးပါပြီ။ စာသင်နှစ် တစ်နှစ် ကုန်ဆုံးခါနီးသည့် အခါ ဌာန အသီးသီးမှာ နှုတ်ဆက်ပွဲများ ရှိနေတတ်သည် ဖြစ်ရာ Humanity Centre ဌာနမှာလည်း နှုတ်ဆက်ပွဲလေး လုပ်ခဲ့ပြန်ပါသည်။ သည်ပွဲမှာ မူ လူက များများစားစား ရှိမနေပါ။ ဧည့်ပါမောက္ခတစ်ဦးဖြစ်သူ မော်နီကာက ကိုယ်နှင့်အတူ ပြန်လိုက် မလာခဲ့ဘဲ ဟွန်းဒူးရပ်စ်မှာ ကျန်ရစ်ခဲ့သဖြင့် လူက သိပ်မများလှ။ အီရတ်မှ စိုက်ပျိုးရေး ပါရဂူ တစ်ဦးကမူ ဇနီးသည်နှင့် အတူ ရောက်လာခဲ့သည်။ သူက မည်သည့် ဌာနနှင့် တွဲဖက်ရှိနေခဲ့ကြောင်းကိုမူ မမှတ်မိတော့။ သူရောက်လာ ခဲ့သည်မှာလည်း ကိုယ်နှင့် ဟျူမဲရာတို့ကဲ့သို့ စာသင်နှစ်စတွင် မဟုတ်သဖြင့် သူနှင့် မခင်မင်လှ။  
နောက်စကောလာ တစ်ဦးက အီရန်မှ နိုရီဖြစ်သည်။ သူက ကိုယ်နှင့်နယ်ပယ်ချင်း တူသူ။ သူက ခွဲစိတ် ဆရာဝန် တစ်ဦးဖြစ်ပြီး အီရန်တွင် ကျန်းမာရေး ၀န်ကြီးအဖြစ် အချိန်ကာလ တစ်ခုကြာ တာဝန်ထမ်းဖူးသူပင်။ သို့သော် အမေရိကမှာ ခွဲစိတ် ပညာကို ဆည်းပူးခဲ့ ဖူးသူ နိုရီ၏ ဒီမိုကရေစီ အမြော်အမြင်များ ကြောင့် သူ့ကိုရာထူးမှ ထုတ်ပယ်ကာ အရေးယူရန် အခြေအနေမျိုးထိ ဆိုက်လာ ခဲ့သဖြင့် အီရန်ကို သူက စွန့်ခွာခဲ့သူ။ သည်အဖြစ်ကို သူပြောသဖြင့်သာ သိရ ခြင်းဖြစ်ပြီး သူ့ကို ကိုယ့်မိတ်ဆွေရင်း အီရန် စာရေးဆရာ ရှရီရာက သဘောမကျ။ အပေါ်ယံ သမားဟုမြင်လေသည်။ ကိုယ့်မှာလည်း နိုရီနှင့် ပတ်သက်သည့် အတွေ့အကြုံတစ်ခုက ရှိခဲ့သည်။ အမှန်တော့ ကြက်သွေးနီမြေကို နင်းခါစ ကာလက ပြည်သူ့ ကျန်းမာရေးဌာနမှ ဟားဗတ်၏ တက်သစ်စ ဆေးကျောင်းသားများအား“ကျန်းမာရေးနှင့် လူ့အခွင့်အရေး”ဟူသည့် ခေါင်းစဉ် ဖြင့်ဟောပြောပေးရန် ဖိတ်ကြား ခံခဲ့ရရာ ဟောပြောသူမှာ ကိုယ်နှင့် နိုရီ နှစ်ဦးတည်း။ နိုရီက ဟောပြောပွဲတွင် လက်တွေ့ထက်သီအိုရီများကို ပါဝါပွိုင့်ဖြင့် ပြောခဲ့ပြီး ကိုယ်က လက်တွေ့နမူနာများဖြင့် ပြောခဲ့ဖြစ်သည်။ ကျောင်းသားများ၏ မေးခွန်းများကို ဖြေကြား ရာတွင်လည်း နိုရီက ပေရှည်ကာဝေ့၀ိုက် ဖြေကြားခဲ့ပြီး ထိရောက်သော လက်တွေ့ နမူနာများ မပေးနိုင်ခဲ့ချေ။

သို့ဖြင့် ရှရီရာ၏ သုံးသပ်ချက် မှန်မည်ဟု ကိုယ်ကလက်ခံ ဖြစ်ခဲ့သည်။ ပိုဆိုးသည်က နောက်ပိုင်းတွင် နိုရီက ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်ကာ တွေ့ဆုံရန် ပြောသည့်အခါတိုင်း အခြားသော ပြောစကားများက သူသည် အီရန်ပြန်ရမှာ စိုးရိမ်စိတ်ထက် အမေရိကမှာ အခြေချရန် စိတ်ဇော ကြီးနေကြောင်း သိသာ စေသကဲ့သို့ ရနိုင်သမျှ အခွင့်အရေး မှန်သမျှကို လက်လွတ် မခံချင်ဖြစ်နေပုံမှာလည်း သိသာလှသဖြင့် ကိုယ့်မှာ မအားပါဟူသော အကြောင်းပြချက်ဖြင့် သူနှင့်ဝေးအောင် ကြံခဲ့ရသည်။ အမှန်တော့ သည်နှယ် တက္ကသိုလ်များမှ ဖိတ်ကြား ခံခဲ့ရသည့် အခါ အချို့သော ဖိတ်ကြားခံ ပညာရှင် အချို့မှာ သူတို့အား ဖိတ်ကြားခဲ့သည့် မူလ အကြောင်းရင်းများကို မေ့လျော့ သွားကာ လွတ်လပ်ပြီး ကြွယ်ဝသည့် အမေရိကန် လူနေမှု အ၀န်းအ၀ိုင်းတွင် ဘ၀သစ် စလိုကြသည့် စိတ်ကူးများ ပေါ်ပေါက်လာတတ်လျက် ထိုအခွင့်အရေးများ တစ်ခုပြီး တစ်ခု ဆက်တိုက် ရနိုင်ရန် အားထုတ်လာတတ်ကြသည်ကို ကိုယ်တွေ့မြင်ခဲ့ရပါသည်။

ထိုကဲ့သို့ ပြောင်းလဲလာသော ပညာရှင်များ၏ စိတ်သဘောကို သက်ဆိုင်ရာ ဌာနတို့က ရိပ်စားမိသည်ချည်းပင်။ သည်နှယ် မတွေးဘဲ ကိုယ့်မြေ ကိုယ့်ရေတွင် မည်သည့်အခက် အခဲများ ရှိနေပါစေ၊ အရောက်ပြန်ကာ စွမ်းသမျှဖြင့် တာဝန်ြ ပန်ကျေမည်ဟု ဆုံးဖြတ်သည့် ပညာရှင်များကိုလည်း သက်ဆိုင်ရာဌာနများမှ လေးစားစွာ မှတ်တမ်းတင်မြဲပင်။ Humanity Centre ဌာနမှာ ပြုလုပ်သည့် နှုတ်ဆက်ပွဲ ဓာတ်ပုံကို ပြန်ကြည့်တော့ ဖိတ် ကြားခံ ပညာရှင်လေးဦး အနက် အီရတ်မှ ပညာရှင် အကြောင်းကို မသိမူဘဲ ကိုယ်ရန်ကုန် ပြန်ခဲ့သည့်တိုင် အမေရိကမှာ နိုရီနှင့် ဟျူမဲရာတို့ ကျန်ခဲ့သေးကြောင်း သတိ ရနေလေသည်။ ယခုမူ သူတို့ဘယ်ဆီများ ရောက်နေပါပြီနည်း။ ဟျူမဲရာကို ဖေ့စ်ဘွတ်ခ်မှာ ရံဖန်ရံခါ တွေ့ရသည့်တိုင် မည်သည့်နေရာ ရောက်နေပြီဟု မည်သည့် အခါမျှ မပြောပြ။

သို့ဖြင့် ကိုယ့်ရေ ကိုယ့်မြေအတွက် အထောက်အကူ ပြန်ပြုနိုင်စွမ်း ရှိသည့် အတတ် ပညာရှင်၊ အနုပညာရှင် မည်မျှတို့ကား အမေရိက တက္ကသိုလ်များ၏ ဖိတ်ကြားမှု အပြီးတွင် အမေရိက၏ မည်သည့် အရပ်ဒေသများ၌ ဘ၀သစ် စကာ အမိမြေများကို စွန့်ခွာ သွားခဲ့ကြသနည်းဟု မတွေးဆနိုင်တော့။ သို့ဖြင့် ရေများရာ မိုးရွာ ဆိုသကဲ့သို့ အတတ် ပညာရှင်၊ အနုပညာရှင်ကောင်းများ ရှိရာ အမေရိကတွင် နောက်ထပ် နောက်ထပ်သော အသားအရောင် မတူ ခြားနားသည့် အတတ်ပညာရှင်များ၊ အနုပညာရှင်များ စုပြုံလာကာ ထိုပညာရှင်များ၏ ဇာတိမြေများတွင်မူ အတတ်ပညာရှင်၊ အနုပညာရှင်များ ချို့တဲ့ သည့် ပြဿနာ တစ်ရပ်ပါ တိုးတက် လာနေသည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီ ဖြစ်ပါသည်။

ထို့ကြောင့်လည်း ကမ္ဘာပေါ်တွင် အမေရိကသည် စူပါပါဝါ အဖြစ် ရှိနေရခြင်းမှာ စစ်ရေးအင်အား သက်သက်ကြောင့် မဟုတ်မူဘဲ ပြောင်းရွှေ့ အခြေချ ပညာရှင်များ သို့မဟုတ် နိုင်ငံရင်းစွန့် နိုင်ငံသားသစ် များကြောင့် ဖြစ်သည်ဟုသာ ကြေကြေကွဲကွဲ မှတ်တမ်း ပြုမိရပါတော့သည်။ ကြက်သွေးနီကား ထူးခြား ခြားနားသည့် အတွေ့အကြုံ သစ်များကို ပေးအပ်ရာ၌သည်နှယ် ကြေကွဲစရာ အတွေးစကိုလည်း ပေးနိုင်ခဲ့သည်ကော။
(ဆက်လက် ဖော်ပြပါမည်)

မသီတာ၊စမ်းချောင်း၊
(ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၂)

3 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. hi impressive blog.
    We have a big website to sale cars online throughout Myanmar. Please visit us back at: http://motors.com.mm/?utm_campaign=mot_mm_lb_blog_phung&utm_source=mot_lb_blog&utm_medium=lb_blog

    ReplyDelete
  3. Hi looks so impressive and interesting blogs, come and visit us back too:
    http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog

    ReplyDelete