Wednesday 26 October 2011

ရတနာသိုက်နိဂုံး

မိတ်ဆွေ။
ဆန္ဒတွေ မစောကြပါနဲ့။ စိတ်နည်းနည်း ရှည်လိုက်ပါ။ မကြာခင် ပန်းတိုင်မှာ ပျော်ပျော်ပါးပါးကြီး အုတ်မြစ်ချ ကြတာပေါ့။
အခုတော့ စိတ်ရှည်ပါ။ သည်းခံပါ။ ဇွဲရှိပါ။ သင့်အချိန် တွေကို စတေးပြီး ကိုယ့်ကို အချိန်နည်းနည်းပေးပါ။
ပထမဆုံး သင်  အခုလက်ရှိ အနေအထားကနေ နည်း နည်းပြင်ထိုင်လိုက်ပါ။ ဟုတ်ကဲ့။ လူကြီးမင်း အရင်ဆုံး နည်းနည်း ပြင်ထိုင်ပေးပါ။ အမြင်တော်သွားစေချင်လို့ ကျေးဇူးပြုပြီး ပြင်ထိုင်ပေးပါ။
ဒုတိယအနေနဲ့ သက်သာအနေအထားနဲ့ ပြောင်းထိုင်ပေး ပါ။ ဘာကိုမဆို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ လူတစ်ယောက်အဖို့ ကိုယ့်ကိုယ်ကို သက်သောင့်သက်သာ ဖြစ်အောင် အရင်ဆုံး ပြင်ဆင်သလို လူကြီးမင်းလည်း ပြင်ဆင်လိုက်ပါ။ ဟုတ်ကဲ့။ သိပ်မလှုပ်ပါနဲ့။ ခေါင်း မလှည့်ပါနဲ့။ မျက်လုံးမကစားပါနဲ့။ နားရွက်မခတ်နဲ့လေ။ နှာချေလို့ မဖြစ်ဘူးနော်။ သမ်းဝေဖို့တော့ မစဉ်းစား ကြေး။ အဲ သက်သာအနေအထားမှာ နေပေးဖို့ မေတ္တာ ရပ်ခံနေကြောင်းပါ လူကြီးမင်း ခင်ဗျား။ သက်ပြင်း မရှိုက်ဘဲ နားထောင်ပေးပါ။
တတိယအချက်ကတော့ သင့်လက်ထဲမှာ ခဲတံတစ် ချောင်း ရှိနေပါစေ။ ခဲဖျက်မပါတဲ့ ခဲတံတစ်ချောင်းကို ကိုင်ထားပါ။ ဟုတ်ကဲ့။သက်သောင့်သက်သာအနေအထားမှာ ဖြစ်ပါစေ။ ရှေ့တိုးမလာပါနဲ့။ ခဲတံကို ခြေဆုံးခေါင်းဆုံး ကြည့်မနေပါနဲ့။ သင့်အနေနဲ့ ခဲတံအကြောင်း သိဖို့ မလိုပါဘူး။
ပြီးရင် အဆင်သင့်ဖြစ်ပြီပေါ့နော်။ ဟုတ်ကဲ့။ သင့်အနေနဲ့ ဒီဝတ္ထု ဆုံးခန်းတိုင်အောင် ပါဝင်ကစားသွားမယ်လို့ ခံဝန်လက် မှတ် ထိုးဖို့ အချိန်ကျလာပါပြီ။ လူကြီးမင်း သည်းခံပါ။ စိတ်ရှည်ပါ။ ဇွဲရှိပါ။ သင့်လက်မှတ်ကို စတေးပြီး ကိုယ် ဝေမယ့် လက်မှတ်ကို စောင့်မျှော်ပါ။
@@@@
စာဖတ်မည်ဟု စထိုင်လိုက်စဉ်ကတည်းက သူ့ကိုယ်သူ သက်သောင့်သက်သာဖြစ်အောင် ပြင်ဆင်ထားပြီး ပါလျက် ဝတ္ထုအစက သူ့ကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ ရုံး ဆင်း၊ ကျောင်းဆင်းချိန်မှာ ဘတ်စ်ကား စီးမိခိုက် အကူကား သမားက ကားစီးနည်းလမ်းညွှန်ကို ဂါထာမန်းသကဲ့သို့ လေ သံမျိုးဖြင့် သူ့ကို သက်သောင့်သက်သာဖြစ်အောင် နေပါဟု ပြောကာမှ သူ့မှာ သက် သောင့်သက်သာနေသည့် အနေအထား ဆိုသည်မှာ အဘယ်နည်းဟု အပြေးအလွှား စဉ်းစားနေရသည်။ ကျန်လမ်းညွှန်ချက်များကို အက်ဖ် အမ်ရေဒီယိုများတွင် သတင်းဖတ်သကဲ့သို့ ဖတ်သွားခြင်းအား စိတ် ရှည်သည်းခံခိုင်းခြင်းကဖြင့် သဘာဝကျလှသည်။ သည်ဝတ္ထုကို ဖတ်ဖို့ ကိုယ့်အချိန်တွေကို စတေးရမည့်အကြောင်း မူလကပင် ရိုးတိုး ရိပ်တိပ်သိရှိပြီးမို့ သူ့ကို အချိန်ပေးဖို့ တောင်းဆိုချက်ကို မလိုက် လျောနိုင်စရာမရှိ။ သည့်တိုင် သူသည် သည်းမခံနိုင်သော၊ စိတ်မ ရှည်တော့သော၊ ဇွဲမရှိနိုင်သောသူတစ်ယောက်ဖြစ်ကြောင်း အထပ် ထပ်သတိပေးနေခြင်းကပင် သူ့ကို သည့်ထက် ထပ်ပြီး စိတ်မရှည် ချင်တော့အောင် တွန်းပို့နေ သည်။ နောက် ဘာဆက် ဖစ်မည်နည်းဟု သိချင်စိတ်ကို သူကောင်းကောင်း မထိန်းထားနိုင်ကြောင်း ရိပ်မိ သည်ထင့်။ သူ့ကို ချည်ပြီးတုပ်ပြီး လုပ်စား ရန်လက်မှတ်ထိုးခိုင်း နေပြန်ပြီ။ သည်ဝတ္ထုကလည်း လက်မှတ်တွေဘာတွေ ဝေဦးမည် ဆို၏။ ကံစမ်းမဲဟု အမည်နာမ မပြုထား ပုံထောက်လျှင် ပေါက်မဲ ဗလာ သို့မဟုတ် သင် ကံကောင်းပါ စေဟု ရေးထိုးထားမည့် လက်မှတ်မျိုးဝေလေမည်လား။ မည်သို့ပင်ဖြစ်စေ ဆက်ဖတ်မှ ဝေမည့်လက်မှတ်ကို ရမည်ဟု ရိပ်မိနေမှတော့ ခံဝန်ထိုးလိုက်ရ ပေတော့မည်။ ကိုင်း။
@@@@
ဖားကန့်ရွှေတောထဲက အလုပ်သမားတဲတန်းလျားတစ်ခု ထဲမှာ၊ ဒီမောဆိုမြို့လယ်က အိမ်တစ်လုံးထဲမှာ၊ ဘားအံ တည်းခိုခန်း တစ်ခု၏ ဧည့်သည်ခန်းတစ်ခုထဲမှာ၊ ဟားခါးက လက်ဖက်ရည်ဆိုင် တစ်ဆိုင်ထဲမှာ၊ မော်လမြိုင်ကမ်းနားလမ်းက ဆိုက်ကားဂိတ်တစ်ခု မှာ၊ ရန်ကုန်တက္ကသိုလ်တောင်ငူဆောင် နားက စားသောက်ဆိုင်တန်း ထဲမှာ၊ သံတွဲက ဘုန်းကြီးကျောင်းတစ်ကျောင်းထဲမှာ၊ တောင်ကြီးက လူငယ် စာဖတ် သင်းရုံးခန်းထဲမှာ။ လူကြီးမင်းရှစ်ဦးကသည်ဝတ္ထုကို တစ်ပြိုင်နက် ဖတ်နေကြပြီ။ ဝတ္ထုကို ဆက်ဖတ် မည်ဟု ခံဝန်လက် မှတ် ထိုးလိုက်သည်နှင့် တစ်ပြိုင်နက် လေလှိုင်းများမှတစ်ဆင့် သူတို့ ရှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး မသိကျိုးကျွံစွာ အသိအမှတ်ပြု ပြီးသား ဖြစ်သွားကြပြီ။ သူတို့ ရောက်နေသည့် နေရာချင်း မတူညီသကဲ့သို့ ပုဂ္ဂလိကအရည်အသွေးများ မတူညီကြသော်လည်း သူတို့အသီးသီး၏ လက်ထဲတွင် ခဲဖျက်မပါသော ခဲတံတစ်ချောင်းစီ ရောက်နေကြပြီဖြစ်သည်။
@@@@
သင့်ခံဝန်လက်မှတ်အတွက် သင့်ကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး နည်းနည်း ပြန်ပြင် ထိုင်လိုက်ပါ။
သည်ဝတ္ထုကို အကျေအလည် နားလည်ဖို့အတွက် သင့်အနေနဲ့အခုချိန်ကစပြီး ပေးထား ချက်တွေကို ချရေးထားဖို့ လိုပါမယ်။ လိုက်ရေးဖို့ အဆင်သင့်ဖြစ်ပြီလားခင်ဗျာ။ လိုက် ရေးဖို့ အဆင်သင့်ဖြစ်ပြီလား ခင်ဗျာ။ လိုက်ရေးဖို့ အဆင်သင့် ဖြစ်ပြီလား ခင်ဗျာ။ ဟုတ်ကဲ့။ သင့်ဘက် က သုံးကြိမ်သုံးခါ တိုင်တိုင် အဆင်သင့်ဖြစ်ပြီလို့ ဝန်ခံတဲ့ အတွက် ကိုယ့်ဘက်က ဝတ္ထုရဲ့ အခင်းအကျင်းကို စတင် ကြေညာပါမယ်။ သည်နေရာ မှာ သင့်ကို သတိပေးချင်တာ က ကိုယ်ပြောသွားမယ့် ဝတ္ထုရဲ့ ပေးထားချက်တွေကို၏၊ သည်၊ ၍မလွဲ အားလုံးလိုက်မှတ်ဖို့ မလိုဘူးဆိုတာပါ။ ဒါပေမယ့် သင့်မှတ်သားချက် လွဲမှား သွားရင် သင်ဟာ ဒီဝတ္ထုရဲ့ အဖြေကို ရအောင် သင့်တော်တဲ့ လုပ်ဆောင်ချက်အစစ်အမှန်မျိုး ပြုလုပ်နိုင်ဖို့ ခက်ခဲမယ်ဆို တာပါ။ ဒါကြောင့် ဒီပေးထားချက်တွေကို သေသေချာချာ ဂရုစိုက်နားထောင်ပြီးမှ လိုရင်းဖြစ်မယ့် အချက်တွေကိုပဲ လိုက်ရေးမှတ်ထားစေချင်ပါတယ်။ သည်ဝတ္ထုက သင့်မှတ် ဉာဏ်ကို စမ်းသပ် မယ့် အမျိုးအစား မဟုတ်သလို သင့်မျက် ရည်ကို ချူမယ့် အမျိုးအစားလည်း မဟုတ်တဲ့ အတွက် နောက်ဆုံးအမေးရဲ့ အဖြေကို ပုံတူကူးခိုးချဖို့ တွေးရန် မလိုကြောင်းနဲ့ ပုံစံ ခွက်တွေးတောမှုတွေနဲ့အတူ ရင်ကွဲပက်လက်ဖြစ်ဖို့ ခြေ    လှမ်းပြင်နေတဲ့ အတွေးမျိုးလည်း ရှိရန်မလိုကြောင်း ပဏာမ ပြောကြား လိုပါတယ်။ ကဲ ပေးထားချက်တွေကို လိုက်မှတ်ဖို့ အဆင် သင့်ဖြစ်ပါပြီလား ခင်ဗျာ။ အဆင် သင့်ဖြစ်ပါပြီလား ခင်ဗျာ။ အဆင်သင့်ဖြစ်ပါပြီလား ခင်ဗျာ။
@@@@
    ဝတ္ထုတစ်ပုဒ်ဖတ်ရန် ဂျီသြမေတြီပုစ္ဆာတစ်ပုဒ် တွက် သကဲ့သို့ ပေးထားချက်များကို မှတ်ထားခြင်း၊ အဖြေထွက်နိုင် ရန် သင့်တော်မည့် လုပ်ဆောင်ချက်များကို စဉ်းစားခြင်း၊ ညီမျှခြင်းများ ဖန်တီး တည်ဆောက်ကာ အဖြေရှာခြင်းတို့ လိုအပ်လိမ့်မည်ဟု သူ မည်သည့်အခါကမျှ မတွေးခဲ့ဖူးသဖြင့် ယခုဝတ္ထု ဖတ်ရသည်မှာ အတော်ကြီး ကသိကအောင့် ဖြစ်ရ သည်ကို ဝန်ခံရပေမည်။ သူက စိတ်မျက်စိ ထဲမှာ မြင်ဖူးနေကျ ပြည်တွင်းပြည်ပ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ်လ် များကို အစား ထိုး မြင်ယောင်နိုင်မည့် ဇာတ်ကောင်များ ပါဝင် ပြီး အကြမ်းစားရသမျိုးဖြင့် သူ့ကို အလဲထိုးနိုင်မည့် ဝတ္ထုမျိုး ကို မျှော်လင့်ထားခဲ့လေသည်။ သူ့ဘက်က မျက်စိအကြည့်ကို ဘယ်မှညာသို့ ရွေ့လျားရင်း၊ အထက်မှအောက်သို့ ရွေ့လျား ရင်း ပုံရိပ်တုများကို စိတ်မျက်စိမှာ မြင်ယောင်ကာ သူတို့ နောက် သက်သောင့်သက်သာ လိုက်ပါသွားနိုင်မည့် ဝတ္ထုမျိုး ကိုသာ အသားကျခဲ့သည်လေ။ သည်ကဲ့သို့ ဝတ္ထုမျိုးအတွက် သူသည် မည်သည့်အားထုတ်မှုမျိုးကိုမှ ကြီးကြီးမားမား ပြုရန် မလိုအပ်ဘဲ စာပေဝါသနာရှင်တစ်ဦး ဖြစ်နိုင်ခဲ့သည်မှာ ကံကြီးလေစွဟု ယခု အချိန်တွင် အောက်မေ့မိလာတော့သည်။ သို့သော် အချိန်တိုအတွင်း အငိုက်မိကာ မိမိလက်ထဲရှိ ခဲဖျက် မပါသော ခဲတံဖြင့် ပေါ့ပေါ့တန် တန် လွယ်လင့်တကူ ထိုးခဲ့မိသော ခံဝန်လက်မှတ်ကြောင့် သူ့မှာ စားလည်း ရူး၊ ဆုပ်လည်း စူး ဖြစ်ရတော့မည်လား။
@@@@
    လူကြီးမင်းရှစ်ဦးကား နေရာဒေသရှစ်ခု၌ အကြံအိုက် စွာဖြင့် မပါမှန်းသိသည့် ခဲဖျက်ကို ယောင်ယမ်းရှာနေကြလေ သည်။ အချိန်အတန်ငယ်အတွင်း လူကြီးမင်းအချို့မှာ 'ဖြစ်ချင် ရာဖြစ် မောင်ဘချစ်'မျက်နှာပေးမျိုး ဖြစ်လာသော်လည်း အချို့မှာမူ 'ဖြစ်ကြောင်းရယ်တဲ့ကုန်စင်'ဟု နတ်သံနှောချင်စိတ်များဖြင့် ညှိုးနွမ်း လာလေတော့သည်။ သူတို့အချင်းချင်းမှာမူ လေလှိုင်းမှတစ်ဆင့် မည်သူက မောင်ဘချစ်၊ မည်သူက မောင်ဘနတ်ဟု ရိပ်စားမိနေကြ ပန်သည်။ သို့ဖြင့် သည်ဝတ္ထု သည် နေရာရှစ်နေရာမှ လူရှစ်ဦးကို တစ်ပြိုင်နက် အဝေးထိန်း ခလုတ်ဖြင့် ထိန်းချုပ်ထားလိုက်နိုင်သည်။
@@@@
    ကဲ သင်တို့အားလုံး အဆင်သင့်ဖြစ်ပြီလို့ သုံးကြိမ်သုံးခါ ဝန်ခံတဲ့အတွက် ဒီဝတ္ထုရဲ့ လမ်းညွှန်မြေပုံကို အခုက စတင် ဝေပေးပါမယ်။ ဒီမြေပုံက ရတနာသိုက်အညွှန်းလိုပဲ အင်မတန် အသုံးဝင်တာကို လူကြီးမင်းတွေ တွေ့ရမှာပါ။ လူကြီးမင်းတို့ ကြည့်ခဲ့ကြဖူးတဲ့ ဖြစ်ရပ်မှန်ခရီးကြမ်း ပြိုင်ပွဲတချို့မှာတော့ ပြိုင်ပွဲဝင်တွေက နှစ်ယောက်တစ်တွဲစီ တွဲပြီး ပြိုင်ပွဲစမယ့် တာထွက်နေရာကို ကိုယ့်အစီအစဉ်နဲ့ ကိုယ် လာကြရကာ ပန်း တိုင်နေရာကို လျှို့ဝှက်ထားတာ ပါ။ အဲဒီနောက် အစီအစဉ်မှာ ပထမဆုံး စခန်းထောက်နေရာ ဘယ်နေရာလဲဆိုတာ အိတ်ပိတ် စာအိတ်တစ်အိတ်စီထဲမှာ ရေးပေးပြီး ပြိုင်ပွဲဝင်အသီးသီးကို သွားခိုင်းပါ တယ်။ မရောက်ဖူးသေးတဲ့နေရာဒေသတစ်ခုမှာ အိတ် ပိတ်စာအိတ်ထဲက လိပ်စာရှိရာကို အချိန်တိုတိုအတွင်း အရောက်သွားရတာ တကယ့်စိန်ခေါ်မှုတစ်ခုပါ။ ဘာသာ စကားအခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကို ကိုယ့်ကိုယ်ပိုင်ဖြတ်ထိုးဉာဏ်နဲ့တကွ စွမ်းရည်များစွာကို အသုံး ပြုပြီး ကျန်တဲ့ပြိုင်ပွဲဝင်စုံတွဲတွေ ထက်သာအောင် ကြိုးစားကြ ရပါတယ်။ ဒီနေရာမှာ ပြိုင်ပွဲဝင်အချင်းချင်းရဲ့ ပူးပေါင်းဆောင် ရွက်မှုကလည်း အသုံးဝင်ပါတယ်။ ဒီလိုနဲ့ စခန်းထောက် တစ်နေရာ ရောက်ရင် အဆင်သင့်စောင့်နေသူတွေဆီက အိတ်  ပိတ်စာအိတ်သစ်တစ်ခုထဲမှာ ထည့်ထားတဲ့ နောက်တစ်နေရာရဲ့ လိပ်စာနဲ့ လုပ်ငန်းဆောင်တာကို ရယူကာ နောက်ထပ် စခန်း ထောက်တွေဆီကို သွားကြရပါတယ်။ နောက်ဆုံးပန်းတိုင်ကို အလျင်ဦးဆုံး ရောက်အောင်သွားနိုင်ကာ ညွှန်ကြားချက်ထဲက အတိုင်း လုပ်ငန်းဆောင်တာတစ်ခုကို အလျင်ဦးဆုံး ဆောင် ရွက်နိုင်တဲ့ ပြိုင်ပွဲဝင်စုံတွဲဟာ အမေရိကန်ဒေါ်လာတစ်သန်း လောက်အထိ များပြားတဲ့ ဆုကြေးတွေကို ရကြပါတယ်။ ဒါကြောင့် ပြိုင်ပွဲဝင် အားလုံးဟာ ဓားတောင်ကိုပဲ ကျော်ရ ကျော်ရ၊ မီး ပင်လယ်ကိုပဲ ဖြတ်ရဖြတ်ရ၊ သီတာခုနစ်တန်ကိုပဲ ကူးရ ကူးရ၊ တိရစ္ဆာန်ခေါင်း ဓားစက်များအောက်ကနေပဲ လျှိုရလျှိုရ ရှိသမျှ ဇွဲတွေ၊ ကိုယ်ခံအားတွေ၊ ဝမ်းစာတွေကို ထုတ်သုံးပြီး ဒီပြိုင်ပွဲကို ဝင်ကာ ရတနာသိုက်ဆု လာဘ်ကြီး ရအောင် ကြိုးစားကြရပါတယ်။ အဲဒီပြိုင်ပွဲမျိုးရဲ့ အသက်က စခန်းထောက်နေရာများအတွက် လမ်းညွှန် စာအိတ်နဲ့ မြေပုံပါ။ လျှို့ဝှက်ချက်ကတော့ လိပ်စာတစ်ခု ရထားရင် အဲဒီနေရာကို ဘယ်လိုရောက်အောင် သွားမလဲဆိုတာနဲ့ ဘယ်လောက်ပိုမြန်  သွားအောင် ဘယ်လိုလုပ်ပြီး သွားမလဲဆိုတာပေါ့။ အခု ဝတ္ထု မှာတော့ လမ်းစခန်းထောက်များရဲ့ လိပ်စာကို လျှို့ဝှက်ထားမှာ မဟုတ်သလို အလွန်လွယ်ကူတဲ့ လိပ်စာများလည်း ဖြစ်နေမှာ ပါ။ လူကြီးမင်းများ သဘောကျ ပါရဲ့လားခင်ဗျား။ သဘော ကျပါရဲ့လားခင်ဗျား။ သဘောကျပါရဲ့လားခင်ဗျား။
@@@@
    သူက ပေးထားချက်များကို မမှားအောင်နှင့် မလွတ်သွား အောင် လိုက်မှတ်လိုက်မည်ဟု အားခဲထားသော်လည်း ယခုထိ မည်သည့်ပေးထားချက်ကိုမျှ သူ ရှာမတွေ့သေးချေ။ အခြား ပြိုင်ပွဲတစ်ခုအကြောင်းကိုသာ ဖွင့်ဆိုရှင်းပြနေခြင်းဖြစ်ပြီး ရင်ခုန် လှုပ်ရှားစရာဟူ၍လည်း မတွေ့ရသေးချေ။ သည်လိုနှင့် သည် ဝတ္ထုသည် မိုးလုံးပြည့်လမ်းညွှန်ချက်များချည်း စီတန်း ရွတ်ဖတ် သရဇ္ဈာယ်ကာ အဆုံးမှာတော့ ဒိုင်ကဘဲ အားလုံးကို ဝါးသွားမည့် ဇာတ်မျိုးများ ဖြစ်လေမလားဟု သူ ပူပင်စပြု လာသည်။ သို့သော် ရတနာသိုက်ပန်းတိုင်အတွက် လိုအပ်မည့် စခန်းထောက်များနှင့် လမ်းညွှန်မြေပုံများကို လျှို့ဝှက်မထား ဆိုသည့်အတွက် သူ အနည်းငယ် စိတ်အေးမိသည်။ တစ်ခုပဲ တွေးစရာရှိသည်။ မည်သည့်အရာမှ အလကား မရနိုင်ဆိုသည့် အရင်းရှင်စီးပွားရေး မူဝါဒအရ စခန်းထောက်လိပ်စာများနှင့် လမ်းညွှန်မြေပုံကို အများ သိအောင် ဖြန့်ဝေထားသည့်အတွက် သူတို့ စာဖတ်သူဘက်မှ တစ်စုံ တစ်ခုတော့ အမှန်တကယ် ပေးဆပ်ရလိမ့်မည်ဟု သူ ထင်သည်။ သူသည် သူ့ဘာသာ မသိတသိဖြင့်ပင် မည်သူ့ကိုမျှ စိတ်သေလက်ချ ယုံကြည်တတ်ခြင်း အလေ့အထ မရှိတော့ချေ။ ဤသည်လည်း စာမျက်နှာများပေါ် ခြေချဖန်များလာရာမှ ဖြစ်ပေါ်လာသော စိတ် အလေ့အကျင့်တစ်မျိုးဖြစ်မည်ဟု သူ ထင်လေသည်။ စာတွေ့နှင့် လက်တွေ့သည် အလင်းနှင့်အမှောင်၊ သူကြွယ်နှင့် သူဖုန်းစားကဲ့သို့ ဆန့်ကျင်ဘက်သဘောဆောင်ကြောင်း မျက်ဝါးထင်ထင် ကြုံဖန် ကြားဖန် များလာသည်နှင့်အမျှ စာမျက်နှာများနှင့် ဝေါဟာရများ အပေါ် ယုံကြည်ကိုးစားစိတ်တို့သည် ပိန်းကြာရွက်ပေါ် ရေမတင် သကဲ့သို့ ဈာန်လျောလာလေတော့သည်။ သည်တော့ အခမဲ့ရရှိမည့် မြေပုံနှင့် လိပ်စာများကို ရသည့်တိုင် သူတို့စာဖတ်သူများဘက်က ပဉ္စလက်နည်းပညာများ၊ ဂမ္ဘီရနည်းပညာများ၊ စုန်းသရဲ နတ်ဝိဇ္ဇာဇော်ဂျီတပသီနည်းပညာများနှင့် အွန်လိုင်းအင်တာနက်ကေဘယ်လ် ဝိုင်ဖိုင်နည်းပညာ များကို အသုံးချနိုင်မှသာ သည်ရတနာသိုက်ကို ဖွင့်နိုင်မည်ဟု သူ တွေးထင်လာမိသည်။ သူ တတ်ထားသမျှ နည်းပညာစုစုပေါင်းက မြန်မာ-အင်္ဂလိပ်နှစ်ဘာသာကို စာလုံး ပေါင်း၊ အသံထွက်နှင့်အနက် မှန်ကန်အောင်ဖတ်တတ်ခြင်း နည်း ပညာသာဖြစ်လေတော့ သူ့အနေဖြင့် ရတနာသိုက်ကို ဖွင့်နိုင်ပါ မည်လားဟု သံသယရှိလာပြန်သည်။ မည်သို့ပင်ဖြစ်စေ လမ်းညွှန် မြေပုံနှင့် စခန်းထောက်လိပ်စာများကို အခမဲ့ရမှာအထိတော့ဖြင့် စိတ်ဝင်စားစရာပင်ဖြစ်သည်။ သည်ဝတ္ထုကို သည်စာရေးဆရာနှင့် အတူလိုက်ပါ ဖတ်ရှုတာမျိုး မလုပ်ဘဲ စာမျက်နှာမှတ်ကတ်ပြား လေးဖြင့်ဖြစ်စေ၊ စာရွက်ထိပ်ကို ခေါက်ထားခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းပေါင်းများစွာဖြင့်ဖြစ်စေ ခေတ္တရပ်နားထားသည့် နည်း ပညာကို ကျွမ်းကျင်သူပီပီ လိပ်စာနှင့်မြေပုံရ ပြီးမှ တစ်ခေါက် ပြန်ဖတ်လည်း ရနိုင်သည်ဟုတွေးကာ သူ့ အမေးကို တုံ့ပြန်ဖို့ အားယူလိုက်သည်။ 'ဟုတ်ကဲ့။ သဘောကျပါတယ်ခင်ဗျား'။ 'ဟုတ်ကဲ့' ဆိုသည့်အဖြေကို အသားကျနေ သည့်သူ့အသံက 'ဟုတ်  ကဲ့'ကို ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်နိုင်သည်။ အမှန်တော့ စာရေးဆရာ၏ အမေးကို ပြန်ဖြေလိုက်နိုင်သည့်အတွက် ဘဝင်ကျစိတ်ထက် သူ့နှုတ်မှ ထွက်သွားသည့် 'ဟုတ်ကဲ့'ကို ကိုယ့် ဘာသာပြန်ပြီး သဘောကျစိတ်က ပိုနေလေသည်။
@@@@
 နေရာဒေသအသီးသီးမှ စောင့်စားဖတ်ရှုနေကြသော လူကြီး မင်းအသီးသီးမှာလည်း လေလှိုင်းကြားမှ ရောက်ရှိလာသော အာရုံ ခံသိအရ သည်ဝတ္ထုကို ဆက်လက်ဖတ်ရှုရန်မှ တစ်ပါး အခြားရွေး စရာလမ်း ရှိ၊ မရှိ ဉာဏ်မီသမျှ တွေးတော အဖြေရှာကြရတော့ သည်။ ထိုအခါ လမ်းညွှန်မြေပုံ၊ စခန်း ထောက်လိပ်စာများနှင့်တကွ ရတနာသိုက်အကြောင်း ပြောမည့်သူဟူ၍ မတွေ့ကြရဘဲ ရတနာ သိုက်ကောင်းကြောင်းမျှသာ ပြောနိုင်ပြီးစခန်းထောက်မလိုဘဲ ကော်ဇောပျံနှင့်ပဲ သွားရတော့မယောင် မရေရာသည့် လမ်းညွှန်များ ကိုသာ ကြားသိနေကြရလေသည်။ ထို့ကြောင့် သည်ဝတ္ထုကို ဆက် ဖတ်ရုံမှတစ်ပါး အခြားမရှိတော့ဟု သဘောပေါက်ကြသည့် အား လျော်စွာ ပုတ်သင်ညိုများကဲ့သို့ တစ်ဦးကိုတစ်ဦး မြင်စရာမလို၊ တိုင်ပင်စရာမလိုမူဘဲ ခေါင်းတဆတ် ဆတ်ညိတ်ခြင်းအမှုကို ကျင့်  သားရစွာ ပြုမူကြလေသည်။
@@@@
    လူကြီးမင်းတို့က သဘောကျတယ်လို့ သုံးကြိမ် သုံးခါ တိတိ အတည်ပြုတဲ့အတွက် အခုကစပြီး စခန်းထောက်လိပ် စာတွေကို ကြေညာပေးပါမယ်။ ဒါဟာ သင်တို့အတွက် ပေးထားချက်လည်း ဖြစ်တာမို့ မိမိတို့ လက်ဝယ်ရှိနေတဲ့ ခဲ တံတွေကို အသင့်ပြင်ထားဖို့ သတိပေးလိုပါတယ်။ ပထမဆုံး စခန်းထောက်ကတော့ 'အနီးဆုံး စာအုပ်စင်' ဖြစ်ပါတယ် ခင်ဗျား။ သည်လိပ်စာအတွက် ပြည်သူ့စာကြည့်တိုက်ဖြစ်ဖြစ်၊ စာအုပ်အငှားဆိုင် ဖြစ်ဖြစ်၊ ကိုယ်ပိုင်စာအုပ်စင်ဖြစ်ဖြစ် အကျုံးဝင်ပါတယ်။ နိုင်ငံနဲ့တစ်ဝန်း ဘယ်နေရာမျိုးက ဘယ်စာ အုပ်စင်မျိုးကိုမဆို ရတနာသိုက်လမ်းကြောင်းရဲ့ ပထမဆုံး စခန်းထောက်အဖြစ် သတ်မှတ်ထားတာမို့ သင်တို့အနေနဲ့ ဘယ်လိုနည်းမျိုးနဲ့ဖြစ်ဖြစ် အနီးစပ်ဆုံး စာအုပ်စင်ကို ရှာပြီး အရောက် သွားစေချင်ပါတယ်။ သည်နေရာမှာ သတိပေး ချင်တာက သင် ရှာတွေ့တဲ့စာအုပ်စင်ဟာ သင့်ရဲ့ အနီးဆုံး နေရာမှာ အမှန်တကယ် ရှိရမှာဖြစ်ပါတယ်။ ဒုတိယစခန်း ထောက်ကတော့ 'အပါးဆုံး မဂ္ဂဇင်းစာအုပ်' ဖြစ်ပါတယ် ခင်ဗျား။ သည်လိပ်စာအတွက်လည်း ဒုတိယကမ္ဘာစစ် မဖြစ်မီက မဂ္ဂဇင်းစာအုပ်ဖြစ်ဖြစ်၊ လွတ်လပ်ရေးရပြီးစ ပါလီမန်ဒီမိုကရေစီခေတ် မဂ္ဂဇင်းစာအုပ်ဖြစ်ဖြစ်၊ လမ်းစဉ် ပါတီခေတ် မဂ္ဂဇင်းစာအုပ်ဖြစ်ဖြစ်၊ သည်နေ့ခေတ် မဂ္ဂဇင်း စာအုပ် ဖြစ်ဖြစ် အကျုံးဝင်ပါတယ်။ သမိုင်းတစ်လျှောက် ဘယ်ခေတ်က မဂ္ဂဇင်းစာအုပ်ဖြစ်ဖြစ် ရတနာသိုက်လမ်း ကြောင်းရဲ့ ဒုတိယစခန်းထောက်အဖြစ် သတ်မှတ်ထား တာမို့ သင်တို့အနေနဲ့ ဘယ်လိုနည်းမျိုးနဲ့ဖြစ်ဖြစ် အပါးဆုံး မဂ္ဂဇင်း စာအုပ်တစ်အုပ်ကို ရှာကြစေချင်ပါတယ်။ သည်နေရာမှာ သတိပေးချင်တာက သင်ရှာတွေ့တဲ့ မဂ္ဂဇင်းစာအုပ်ဟာ အမှန်တကယ် စာမျက်နှာအနည်းဆုံး၊ အပါးလျားဆုံး ဖြစ်ရ မှာပါ။ အခုထိ သင်တို့အားလုံး သဘောပေါက်ကြပါရဲ့လား ခင်ဗျား။ သဘောပေါက်ကြ ပါရဲ့လားခင်ဗျား။ သဘော ပေါက်ကြပါရဲ့လားခင်ဗျား။
@@@@
    သူက ဘာမှမစဉ်းစားဘဲ ခေါင်းကို သွက်သွက်ညိတ်ဖို့ပြင် လိုက်ပြီးမှ တွေဝေသွားသည်။ 'အနီးဆုံး စာအုပ်စင်'၊ 'အပါး ဆုံး မဂ္ဂဇင်းစာအုပ်'။ သည်လိပ်စာ။ အင်း သည်အရာတွေကို စခန်းထောက်လိပ်စာဟု သူက မမြင်မိ။ သို့ဆိုလျှင် စာရေးဆရာက မည်သည့်အတွက်ကြောင့် သည်အရာတွေကို ရတနာသိုက်၏ စခန်းထောက်လိပ်စာဟု ဆိုသနည်း။ သည်အရာတွေဟာ ပထဝီနှင့် သမိုင်းကိုလည်း ကျေညက်စရာမလို၊ အင်တာနက်နှင့် အွန်လိုင်းကို လည်း သိစရာမလို၊ ဂျီပီအက်စ်ခေါ် စကားပြော လျှပ်စစ်မြေပုံနှင့် လက်ကိုင်ဖုန်းကိုလည်းသုံးတတ် စရာမလိုဘဲ ရောက်အောင်သွားနိုင် သည့် အရာများ ဖြစ်နေသည် မဟုတ်လား။ သို့ဆိုလျှင် စာရေးဆရာ တရွတ်တိုက်ဆွဲခေါ်လာ သော သည်ရတနာသိုက်လမ်းကြောင်းသည် မည်သည့်အထူးတလည် ပြုပြင်စီရင်မှုမျိုးမှ မရှိသည့် လမ်းရိုး ဟောင်းတစ်ခု သာ ဖြစ်နေပြီး သည်မျှရိုးစင်းပြီး အနက်ထင်ရှားကာ လင်းလက်သော အနာဂတ်ဟူ၍  မထင်ရှားသည့် သည်ရတနာ သိုက် လမ်းညွှန်ကို သူက မည်သည့်အကြောင်းကြောင့်များ စိုက်စိုက် ပါအောင် လိုက်ဖို့ပြင်နေမိသနည်း။ သူက သူ့ကိုယ်သူ မေးခွန်း ထုတ်လိုက်မိသည်။ သို့သော် တစ်ဖက်မှာက သည်မျှလွယ်ကူ ရိုးစင်းသော စခန်းထောက်များအတိုင်းလိုက်သွားရုံဖြင့် ရတနာ သိုက်လမ်းဆုံးတစ်ခုကို သူက အလိုက်သင့် ရောက်သွားနိုင်နေ သည်ဆိုတော့ မည်သည့်အကြောင်းကြောင့်များ မိမိကိုယ်မိမိ စိတ်ဝမ်းကွဲနေပါအံ့နည်း။ သူ့အတွက် စိတ်ဝင်စားစရာက ရတနာသိုက်လမ်းဆုံးသာ ဖြစ်သည်။ လမ်းတစ်လျှောက် စခန်း ထောက်များကို မည်သည့်အားထုတ်မှုမျိုးမှ မပါဘဲ စာရေး ဆရာ၏ ပေးထားချက်ကို နားထောင်ရုံဖြင့် သိသွားမည်မှာ သေချာနေမှတော့ သည်တစ်လမ်းလုံးမှာ စိတ်ဝင်စားစရာ သည် လမ်းခုလတ်စခန်း ထောက်များမဟုတ်မူဘဲ လမ်းဆုံးနိဂုံး သာဖြစ်ပေမည်။ သည်တော့ ပေးထားချက်များနောက် စိုက်စိုက်ပါအောင် မလိုက်တော့ဟု ဆုံးဖြတ်လိုက်သည်နှင့် သူက လမ်းပြင်ထုတ်ခံလိုက်ရမှာသာ အဖတ်တင်သွားမည်။ အခုလည်း စခန်းထောက်နှစ် ခုတောင် ရောက်နေပြီဖြစ်သည်။ နောက်ကြာလှ စခန်းထောက်သစ် လေး၊ ငါးခုပေါ့။ စခန်းထောက်တွေကလည်း သိပ်ခက်ခက်ခဲခဲ ပညာ ရပ်တွေ သုံးပြီး ရှာဖွေရမှာမျိုး ဟုတ်ပုံလည်း မရ။ သည်တော့ ထွေလီကာလီ စဉ်းစားမနေတော့ဘဲ သဘောပေါက်ပါသည်ဟု ပြန်ဖြေဖို့သာ ဆုံးဖြတ်လိုက်မိသည်။
@@@@
 နေရာအသီးသီးမှ လူကြီးမင်းအားလုံးလည်း သူတို့၏ အာရုံခံသိများကိုပင် သူတို့ဇဝေဇဝါ ဖြစ်စပြုလာသည်။ ရတနာ သိုက်လမ်းဆုံးအတွက် စခန်းထောက်တွေ ကြည့်ရသည်မှာ ယေဘု ယျဆန်လွန်းနေသည်။ ပဟေဠိဖြစ်စေ၊ ဝင်္ကပါဖြစ်စေ လမ်းဆုံး ရတနာသိုက်အတွက် သဲလွန်စဆိုသည်မှာ ယခုကဲ့သို့ ယေဘုယျ ဆန်နေလျှင် အဆုံးသတ်သည် မည်သည့်အရာ ဖြစ် နိုင်နေသနည်း။ တောတောင်လျှိုမြောင်အထပ်ထပ်နှင့် သဲထိတ် ရင်ဖိုစွန့်စားခန်း  များအဆုံးမှာ စိတ်လှုပ်ရှားစရာအကြောင်းအရာ တစ်ခုခုက ကြိုဆို မနေဘဲ မောင်ပိုနှင့်ကျား နေရာလေးမှ လဲမထားသည့် ပိုနေမြဲ၊ ကျားနေမြဲ ဇာတ်နိဂုံးမျိုးက ရပ်စောင့်နေမည်ဆိုလျှင် သူတို့၏ အချိန်များ၊ ဦးနှောက်အတွေးလှိုင်းများ၊ လေလှိုင်းတစ်ဆင့်ခံ အာရုံသိများကို ရင်းနှီးမြှုပ်နှံထားသမျှတွေ အချည်းနှီး ဖြစ်သွား နိုင်နေပြီကော။ အနီးဆုံး စာအုပ်စင်၊ အပါးဆုံး မဂ္ဂဇင်းစာအုပ် ဆိုသည့် အရာများကဲ့သို့ မည်သည့်နည်းပညာ၏ အကူအညီမျှ မလိုဘဲ ရှာဖွေနိုင်သည့် စခန်းထောက် များကို ရှာနေရသဖြင့်လည်း သူတို့မှာ လက်ရှိဘဝ၏ ဆက်သွယ်မှုဧရိယာပြင်ပရောက် ခံစား ချက်များကို လျစ်လျူရှုနိုင်နေကြသည်။ သည်တော့ ယေဘုယျ ဆန်လွန်းသည့် လမ်းညွှန်မြေပုံအညွှန်းကပင် သူတို့ဘဝနှင့် စပ်ဟပ် နေသယောင် ဖြစ်သည်။ သည့်ထက် တိကျသည့် လမ်းညွှန်ချက် များဆိုလျှင် သူတို့သည် လမ်းခုလတ်မှာပင် ကိုယ်လွတ်ရှောင်ခွာ ကြရမည့်ကိန်း ဖြစ်နေပြီ။ ဆိုပါစို့။ ရန်ကုန်မြို့ အနောက်ပိုင်းရှိ ရည်ညွှန်းစာအုပ်များအပါအဝင် ရှားပါးအဖိုးတန်စာအုပ်များကို ရွေ့လျားစာအုပ်စင်များဖြင့် ထိန်းသိမ်းထားသော စာကြည့်တိုက် တစ်ခု၏ မြေအောက်နှစ်လွှာမှ အမှတ်စဉ် ဝ၂၆၇ဟု ရေးထိုးထား သော စာအုပ်စင်နှင့် ၄င်းစာအုပ်စင်၏ တတိယအဆင့်ယာအစွန်မှ    ဆယ်အုပ်မြောက်ဖြစ်ပြီး စာမျက်နှာ ၁၆၈ မျက်နှာပါဝင်သည့် ကတ်ထူဖုံး မဂ္ဂဇင်းစာအုပ်ဆိုတာမျိုး လမ်းညွှန်ပေးလိုက်လျှင် သူတို့ အတွက် ကြီးစွာသော စိန်ခေါ်မှုတစ်ရပ် ဖြစ်သွားနိုင်သည် မဟုတ် လား။ သည်တော့ သူတို့အားလုံးက အနီးစပ်ဆုံးနှင့် အပါးဆုံး လမ်းကိုပဲ ရွေးဖို့ ဆုံးဖြတ်လိုက်ကြသည်။ သဘော ပေါက်ပါသည် ခင်ဗျား။
@@@@
    သင်တို့ သဘောပေါက်တယ်ဆိုတာ သိရလို့ လှိုက်လှဲစွာ ဝမ်းသာပါတယ်။ ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ အောင်မြင်နိုင် မယ်ဆိုတဲ့အတိုင်း လူကြီးမင်းအားလုံးက အခုလို ပူးပေါင်း ဆောင်ရွက်လာတာကို နှစ်ထောင်းအားရ ဖြစ်မိပါတယ်။ ပေး ထားချက်တွေကို ဆက်လက်ကြေညာပါမယ်။ တတိယ စခန်းထောက်ကတော့ 'အတိုဆုံးဝတ္ထု' ကို ရှာဖို့ပါပဲ။ သင်တို့ ရွေးချယ်ထားတဲ့ အပါးဆုံးမဂ္ဂဇင်း စာအုပ်ထဲက အတိုဆုံး ဝတ္ထုကို ရှာရာမှာ သတိထားဖို့ ကတော့ ကိုယ်ရွေးထားတဲ့ မဂ္ဂဇင်းစာအုပ်ကို အသေအချာ ဖတ်ထားဖို့ပဲဖြစ်ပါတယ်။ မဂ္ဂဇင်းမှာပါတဲ့ အရေးအသားတွေအတွက် အယ်ဒီတာတွေ သတ်မှတ်ခွဲခြားထားတဲ့ ဝတ္ထု၊ ဆောင်းပါး၊ စာတမ်းဆိုတာတွေ အားလုံးကို ဖတ်ပြီးမှ ကိုယ့်အတွက် ဝတ္ထုလို့ယူဆရတဲ့ အရေး အသား အားလုံးထဲက အတိုဆုံးတစ်ပုဒ်ကို ရွေးပေးဖို့ ဖြစ် ပါတယ်။ သင်တို့ ရွေးချယ်လိုက်တဲ့ ဝတ္ထုဟာ အယ်ဒီတာများ သတ်မှတ်ထားတဲ့ စာတမ်း ဖြစ်ကောင်းဖြစ်နေမှာပါ။ ဒါကို ဂရုမစိုက်ပါနဲ့။ ကိုယ့်ရင်ထဲမှာ ဝတ္ထုလို့ သေချာနေရင် ဘယ် အရေးအသားမျိုးကိုမဆို ဝတ္ထုလို့ သတ်မှတ် ရွေးချယ်ဖို့ပါပဲ။ စတုတ္တစခန်းထောက်က 'အကျစ်လျစ် ဆုံးဝါကျ' ဖြစ်ပါ တယ်။ သတိထားပါ မိတ်ဆွေ။ အကျစ် လျစ်ဆုံး ဝါကျဆိုတာ အတိုဆုံးဝါကျ မဟုတ်ပါ။ သည်လောက်ဆိုရင် သင်တို့ အတွက် ရတနာသိုက်လမ်းညွှန် မြေပုံမှာ သင်တို့ကိုယ်တိုင်ရဲ့ အဆုံးအဖြတ်ဟာ ဘယ် လောက်အရေးပါတာကို ရိပ်မိကြပြီ ဖြစ်ပါမယ်။ သင်တို့ ရဲ့ ခဲတံတွေကို အကောင်းဆုံး အသုံးပြုပြီး အတိုဆုံးဝတ္ထု နဲ့ အကျစ်လျစ်ဆုံးဝါကျတွေကို စေ့စေ့စပ်စပ် ရှာနိုင်မှ ရတနာသိုက် လမ်းဆုံးဖြစ်တဲ့ ဝတ္ထုနိဂုံးကို ရှာဖွေတွေ့ရှိ နိုင်မှာပါ။ စာအုပ်စင်နဲ့ မဂ္ဂဇင်းကစပြီး ကိုယ့်စိတ်ကြိုက် ရွေးခဲ့ကြတာဖြစ်တဲ့အတွက် အခုလက်ရှိအနေအထားအရ ကိုယ့်စိတ်ကြိုက်ဖြစ်တဲ့ ဝတ္ထုနဲ့ ဝါကျကို ရှာဖွေရာမှာ လည်း သိပ္ပံနဲ့နည်းပညာအကူအညီလိုမယ် မထင်ပါဘူး။ ဒါကြောင့် ဒီဝတ္ထုရဲ့နိဂုံးကို ချဉ်းကပ်ရာမှာ လူကြီးမင်း အားလုံးရဲ့ တီထွင်ဥာဏ်၊ ဆုံးဖြတ်နိုင်စွမ်းနဲ့ စိတ်ရှည် သည်းခံမှုတွေ လိုအပ်နေတယ်ဆိုတာ သိပ်သေချာနေပါပြီ။ ဒီပေးထားချက် တွေကို လိုက်မှတ်နေကြတာမို့ သင်တို့အားလုံးအနေနဲ့ ကိုယ် ဘာလုပ်ခဲ့တယ်ဆိုတာရော၊ ဘာလုပ်တော့မယ်ဆိုတာကိုပါ ကောင်းကောင်း ရိပ်မိနေရောပေါ့။ ဘယ်သူမှန်ပြီး ဘယ်သူ မှားတယ်လို့ အချင်းချင်း အဖြေတိုက် ငြင်းခုန်ဖို့လည်း မကြိုးစားကြပါနဲ့။ စိတ်ရှည်ပါ။ သည်းခံပါ။ ဇွဲရှိပါ မိတ်ဆွေ။ သင်တို့ အားလုံးက သီးခြားနေရာတွေမှာ သီးခြားစီ ရွေးချယ် လာ ခဲ့ကြတာမို့ အခုလိုလမ်းခုလတ်မှာ တစ်သံတည်းထွက် အောင် အဖြေတိုက်ရွေးချယ်မှု လုပ်ဖို့ဆိုတာလည်း သိပ်ကို နောက်ကျနေပါပြီ။ သင်တို့ကို အကောင်းဆုံးအကြံပေး ချင်တာကတော့ ကိုယ့်ရွေးချယ်မှုအပေါ်မှာ အပြည့်အဝ ယုံကြည်ဖို့ပါပဲ။ သည်နေရာမှာ ထပ်သတိပေးချင်တာက မိတ်ဆွေတို့အနေနဲ့ အခုစခန်းထောက်ကို ရောက်ချိန်မှာ သည်ပြိုင်ပွဲကို ကျောခိုင်းသွားလို့ မရနိုင်တော့ဘူးဆိုတာပါ ပဲ။ မိတ်ဆွေ။ နည်းနည်းပြင်ထိုင်လိုက်ပါ။ သက် သောင့်သက် သာ အနေအထားမှာ ရှိနေပါစေ။ သိပ်မလှုပ်ပါနဲ့။ ခေါင်း မလှည့်ပါနဲ့။ မျက်လုံးမကစားပါနဲ့။ နားရွက် မခတ်နဲ့လေ။ နှာချေလို့ မဖြစ်ဘူးနော်။ သမ်းဝေဖို့တော့ မစဉ်းစားကြေး။ အဲ သက်သာအနေ အထားမှာ နေပေးဖို့ မေတ္တာရပ်ခံနေကြောင်း ပါလူကြီးမင်းခင်ဗျား။ သက်ပြင်း မရှိုက်ဘဲ နားထောင်ပေးပါ။ အခုအချိန်ကစပြီး လူကြီးမင်းတို့ရဲ့ သဘောတူညီမှုကို မေး မြန်းပြီး ဆန္ဒသဘောထား တောင်းခံသွားတော့မှာ မဟုတ် ပါဘူး။ အဲဒီအတွက် မတုန်လှုပ်ပါနဲ့။ လမ်းဆုံးကို မကြာခင် ရောက်တော့မှာပါ။ သက်သောင့်သက်သာနဲ့ အသာတကြည် ဖြစ်ရင် မိတ်ဆွေရော ကိုယ်ပါ အကျိုးရှိမှာပါ။ ပေါက်ပါတယ် နော်။
@@@@
    သူ ဇောချွေးပြန်စပြုလာသည်။ သူက ယေဘုယျဆန်လွန်း သည့် စခန်းထောက် လမ်းညွှန်ချက် များကို လျှော့တွက်ပြီးမျှော လိုက်နေခဲ့ရာမှ 'အတိုဆုံး ဝတ္ထု'ကို ရောက်လာချိန်တွင် အတန် အသင့် ဦးနှောက်စားနှင့်စပြုလာသည်။ သူ နားလည် လက်ခံ ထားသည့် ဝတ္ထုဆိုသည်နှင့် အယ်ဒီတာမင်းများ လက်ခံနား လည်ထားသော ဝတ္ထုဆိုသည်မှာ ထပ်တူကျရန် မလိုသည့် သဘော လမ်းညွှန်ချက်ကြောင့် သူအတော်လေး ဝေဝါးသွား သည်။ သူက ဝတ္ထုဆိုသည်ကို မည်ကဲ့သို့ လက်ခံထားခဲ့သနည်း။ ဂျီသြမေတြီပုစ္ဆာ တစ်ပုဒ်မှာ ပေးထားချက်နည်းလေ၊ လုပ်ဆောင်ချက်ကို ခက်ခက်ခဲခဲ လုပ်ရလေဖြစ်ကာ အဖြေထွက် ဖို့လည်း အတော်ကြီးမလွယ်ကူဟု အထက်တန်းကျောင်းသား အတွေ့အကြုံကို ပြန်မှတ်မိနေမိသည်။ သို့သော် 'အတိုဆုံး'ဆိုသည့် နာမဝိသေသနကို အားကိုးကာ စာ မျက်နှာအနည်းဆုံး အရေးအသားတစ်ခုကို မျက်စိစုံမှိတ် ရွေး ချယ်ပစ်လိုက်သည်။ သည့်နောက်မှာတော့ နောက်စခန်းထောက် တစ်ခုကို ရောက်လာခဲ့ပြီ။ စတုတ္ထစခန်းထောက်ဖြစ်သည့် 'အကျစ် လျစ်ဆုံး ဝါကျ'ကို ရောက်လာသည့်အခါမှာတော့ သူ့မှာ ရွေးချယ် စရာ များများစားစား မကျန်တော့ကြောင်း သဘောပေါက်စပြုလာ  တော့သည်။ လေလှိုင်းအာရုံခံအသိအရ အနယ်နယ် အရပ်ရပ်မှ ပြိုင်ပွဲဝင်များကို လှမ်းပြီး ညှိနှိုင်းတိုင်ပင်လိုစိတ်က ဖျတ်ခနဲပေါ် လာသေးသည်။ လက်ကိုင်ဖုန်းကို အားကိုးတကြီး ကောက်ကိုင် လိုက်သေးသည်။ ရုပ်ရှင်ထဲမှာလို ဖုန်းထဲကနေ အကြံပေးနိုင် မည့် အားပေးသူလေးများ အဆင်သင့်စောင့်နေလေမလား။ သို့သော် စာရေးဆရာ၏ သတိပေးသံက လက်ဦးမှု ရယူသွား သည်။ စာအုပ်စင်နှင့် မဂ္ဂဇင်းကစပြီး သူ့တစ်ကိုယ်တော် ရွေးချယ်ခဲ့သည်မို့ မည်သူတစ်ဦးတစ်ယောက်နှင့်မျှ အဖြေတိုက်၍ မရနိုင်ဟု သဘော ပေါက်မိရသည်။ ခိုးချလို့ရော ရနိုင်ဦးမည်လား။ စာသင်ခန်းထဲမှ အတွေ့အကြုံများသည် သည်နေရာမှာ အသုံးမဝင်တော့ပါလား။ ကိုယ့် ရွေးချယ်မှုအပေါ်မှာ အပြည့်အဝ ယုံကြည်ပေးပါတဲ့။ သူ့ဘဝ တစ်လျှောက်လုံး ရွေးချယ်မှုဟူ၍ များများစားစား မလုပ်ဖြစ်ခဲ့ဘဲ မိသားစုနှင့် တာဝန်ရှိသူများ၏ ရွေးချယ်မှုများ အတိုင်းသာ သူ့ဘဝကို ဖြတ်သန်းနေခဲ့ခြင်းများအတွက် ပထမဆုံးအကြိမ် နောင်တရလာပြန်သည်။ သည်လိုနောင်တရလာလျှင် ပြုမူနေကျ အတိုင်း နောက်ကြောင်းပြန်တာဖြစ်စေ၊ ရှေ့မဆက်တော့တာဖြစ်စေ ပြောင်းလုပ်ရန် စဉ်းစားနေချိန်မှာ စာရေးဆရာက နောက်တစ်ကြိမ် လက်ဦးမှု ရယူသွားပြန်သည်။ သည်စခန်းထောက်ကို ရောက် ပြီဆိုလျှင် သည်ကစားပွဲထဲကနေ ထွက်ခွာသွားခွင့် မရှိတော့ပြီတဲ့။ သည့်အပြင် သူ့ဆန္ဒသဘောထားကိုလည်း တောင်းတော့မည် မဟုတ်ဘဲ သူ့ဘက်ကသာ အသာတကြည် ဖြစ်ရန် လိုမည်တဲ့။ ကျွန်တော်ကရော ဘာများတတ်နိုင်ဦးမည်နည်းဟု ကိုးကားရမည် လား၊ အကြောင်းကြောင်းသော အကြောင်းကြောင်းများကို အကြောင်းပြုပြီးသကာလဟု သံယောင်လိုက်ရမည်လား သူ မဝေခွဲ နိုင်တော့။ ရိုးစင်းသည့် ရွေးချယ်မှုများကို မသိကျိုးကျွံ လုပ်ဆောင်ခွင့်များအဆုံးမှာ ယခုကဲ့သို့ ပြတ်သားသည့် လမ်းညွှန်ချက်များဖြင့် ရေစက်ဆုံရမည်ဟု သူက သိမှ မသိတတ်နိုင်ခဲ့ပြီရယ်ပဲလေ။ သူက အငြင်းဝါကျတွေကို မည်သည့်အချိန်မျိုးမှာမှ ယဉ်ပါးခဲ့ဖူးသူ မဟုတ် ပြန်သည်မို့ သက်သောင့်သက်သာဖြစ်အောင် အသာတကြည် လိုက်ဖို့သာ စိတ်ပိုင်းဖြတ်လိုက် မိသည်။
@@@@
    နေရာအသီးသီးမှ လူကြီးမင်းအားလုံးလည်း လေလှိုင်းမှ တစ်ဆင့်ရသည့် အာရုံခံသိအရ ၄င်းတို့၏ အဝေးရောက်ပြိုင်ပွဲ ဝင်တစ်ဦးမှ ရွေးချယ်မှုအကျပ်အတည်းကို အသာတကြည်ပြီး ဆုံးစေလိုက်ကြောင်း သိလိုက်ကြသည်။ စာရေးဆရာ၏ လမ်း ညွှန်ချက်လေသံ အပြောင်းအလဲကိုလည်း မှတ်မှတ်ထင်ထင် သတိထားမိကြပြန်သည်။ သူတို့အသီးသီးမှာလည်း ပြဿနာ ကိုယ်စီနှင့် ဖြစ်နေကြသည်။ တစ်ဦးက ပထမဆုံးရွေးချယ်မှုဖြစ် သည့် အနီးဆုံး စာအုပ်စင်ကို ရွေးချယ်စဉ်က ဝဲယာနှစ်ဖက် တူညီသော အကွာအဝေးတွင် ရှိနေသော စာအုပ်စင်နှစ်ခုအနက် မှ စာအုပ်ပိုများသော စာအုပ်စင်ကို ရွေးခဲ့မိရာ ထိုစင်မှာ ရှေးဟောင်း မဂ္ဂဇင်းပေါင်းချုပ်များထားသောစင် ဖြစ်နေသည်။ ထိုစင်မှ အပါးဆုံးမဂ္ဂဇင်းစာအုပ်ကို ရွေးရာတွင် စာမျက်နှာ ပေါင်းရှစ်ရာ ကျော်ရှိသည့် ပေါင်းချုပ်ကြီးတစ်အုပ်ကိုသာ အပါးဆုံးအဖြစ် ချေးမများဘဲ ရွေးခဲ့ရလေသည်။ ထို့ကြောင့် အတိုဆုံးဝတ္ထုကို ရွေးရာတွင် ထိုပေါင်းချုပ်ကြီးထဲမှာ ပါသော ဝတ္ထုများအနက် စာမျက်နှာရှစ်မျက်နှာခန့် ရှည်သည့် ဝတ္ထုကိုသာ အတိုဆုံးအဖြစ် ရွေးခဲ့နိုင်သည်။ ထို့ကြောင့် အကျစ်လျစ်ဆုံး ဝါကျအတွက် ထိုဝတ္ထု ကို အစအဆုံးဖတ်ပြီး ဝါကျတစ်ကြောင်း ချင်းကို စိစစ်ဖတ်ရှုရာတွင် ကြီးစွာသော ပင်ပန်းမှုကိုရင်ဆိုင်ရ လေတော့သည်။ ထို့တူ အခြားသူ များမှာလည်း ၄င်းတို့၏မူလဘူတ ရွေးချယ်မှုအားနည်း ချက်များ ကြောင့်ပင် နှောင်းပိုင်းရွေးချယ်မှု များမှာ ဆက်တိုက်ဆိုသကဲ့သို့ ခက်ခဲပင်ပန်းလာရကား သည်လမ်းကို ဆက်လျှောက်သင့်၊ မသင့် သုံးသပ်လိုလာကြလေသည်။ သို့သော် ဆိုခဲ့ပြီးသည့်အတိုင်း လမ်း ညွှန်ချက် အသစ်က ပေါ်ထွက်လာလေရာ မရုန်းသာတော့ပြီမို့ ပြုံး ကာသာ ဆက်လျှောက်ရန် တစ်ပြိုင်တည်း သီးခြားစီ ဆုံးဖြတ်အ တည်ပြုလိုက် ကြလေတော့သတည်း။
@@@@
    မိတ်ဆွေတို့အားလုံးရဲ့ အသာတကြည် ပူးပေါင်းဆောင် ရွက်မှုကို ကြိုဆိုပါတယ်။ အဲဒီအတွက် ထိုက်ထိုက်တန် တန် တုံ့ပြန်တဲ့အနေနဲ့ မိတ်ဆွေတို့အားလုံးကို ကိုယ်က လက်မှတ် လေးတွေ ဝေပါမယ်။ ဒါပေမယ့် ကိုယ်ဝေမယ့် လက်မှတ်မှာ အမှတ်အသားရယ်လို့ တစ်စုံတစ်ရာ ပါမှာ မဟုတ်တဲ့အတွက် က တစ်ကြောင်း၊ မိတ်ဆွေတို့က ကိုယ့်လက် တစ်ကမ်းမှာ စုဝေးရောက်ရှိနေတာ မဟုတ်ဘဲ မြန်မာပြည်တစ်နံတစ်လျား မှာ ရောက်နေ တာကြောင့် တစ်ကြောင်းတို့ကြောင့် ကိုယ့်အနေနဲ့ မိတ်ဆွေတို့ကို ဗလာလက်မှတ် တစ်စောင်စီ ကိုယ်တိုင်ကိုယ် ကျ ပေးဝေသွားမှာတာ့ မဟုတ်ပါဘူး။ ဗလာလက်မှတ်မို့ မိတ်ဆွေတို့နဲ့ လက်တစ်ကမ်းမှာရှိတဲ့ လက်တစ်ဝါးအရွယ် ဗလာစာရွက်အပိုင်းအစတစ်ခုခုကိုပဲ ကိုယ်က ပေးဝေတဲ့ လက်မှတ်အဖြစ် အသိအမှတ်ပြုပေးလိုက်ကြပါ။ လက်တစ်ဝါး အရွယ် ဗလာစာရွက်အပိုင်းအစဖြစ်ရင် ရပါပြီ။ အရောင် တွေဘာတွေ မလိုသလို အနားကို ကတ်ကြေး၊ ဓား၊ ပေတံ တွေနဲ့ ပိုင်းဖြတ်ပေးစရာလည်းမလိုပါဘူး ခင်ဗျား။ ဟုတ်ကဲ့။ အဲဒီလို လက်တစ်ဝါးအရွယ် ဗလာစာရွက် အပိုင်းအစ ရပြီဆို ရင် စခန်းထောက်ငါးကို ဖြတ်သန်းပြီးပြီလို့ မှတ်ယူနိုင် ပါပြီခင်ဗျား။ ဟုတ်ကဲ့။ မယုံမရှိပါနဲ့။ မိမိကိုယ်ကို ယုံကြည်မှု အပြည့်အဝ ရှိကြပါ။ သင်ဟာ စခန်းထောက်ငါးအရောက်မှာ သင့်လက်ထဲ လက်တစ်ဝါးအရွယ် ဗလာစာရွက်တစ်ရွက် ရှိ နေပြီဆိုရင် လမ်းမှန်ပေါ် ရောက်နေပြီလို့ ယုံကြည်နိုင်ပါပြီ။ စခန်းထောက်ခြောက်ကတော့ နည်းနည်းရှုပ်ထွေးသွားနိုင်တာ မို့ သေသေချာချာ နားထောင်ပေးဖို့ လိုပါမယ်။ သင် ရွေးချယ် ထားတဲ့ အကျစ်လျစ်ဆုံးဝါကျကို လက်တစ်ဝါးစာအရွယ် ဗလာ စာရွက်ထဲမှာ ကူးရေးလိုက်ပါ။ ပြီးရင် ဝါကျတစ်ခုလုံးရဲ့ အနှစ်အဖြစ်ဆုံး ကတ္တား၊ ကံနဲ့ ကြိယာတွေကို စကား ဆက်၊ နာမဝိသေသန၊ ကြိယာဝိသေသန၊ ဝိဘတ်၊ နေရာ ပြပုဒ်၊ အချိန်ပြပုဒ်စတာတွေ မပါဘဲ လုံးတီးရွေးထုတ်လိုက်ပါ။ ဒီ အလုပ်ကို သတိထားပြီး လုပ်စေချင်ပါတယ်။ စခန်းထောက် ခြောက်ပြီးရင် ရှေ့မှာ ရတနာသိုက်လမ်း ဆုံးဖြစ်တဲ့ ဝတ္ထုနိဂုံးကို ရောက်တော့မှာလေ။ စိတ်ကူး မလွဲပါနဲ့။ ဒီအချိန်မှာ သင်တို့ အားလုံး အတွေးတွေကို ရွေပေါ်ထိုးဖို့ လိုနေပါပြီ။ ဝါကျကို ရွေပေါ်ထိုးပြီးရင် သင့်လက်ထဲမှာ လုံးတီး ကတ္တား၊ ကံနဲ့ ကြိယာတွေ ကျန်ပါမယ်။ အသေအချာ မှတ်သားထားပါ။ မကြာခင် သင်ဟာ သော့တံဝေါဟာရတစ်ခုကို ဖန်တီးရတော့ မယ်။ ရတနာသိုက်လမ်းဆုံးဟာ သော့တံဝေါဟာရနဲ့ ဖွင့်မှ ပွင့်မှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ပေးထားချက်တွေမှာ သင့်ရဲ့ လုပ်ဆောင်ချက်နဲ့ ရွေးချယ်မှုတွေ ပူးပေါင်းခြင်းအားဖြင့် သင် တို့ မျှော်မှန်းတဲ့ ပန်းတိုင်နိဂုံးကို ရောက်ရှိ သွားတော့မှာပါ။
@@@@
    သူက ရယ်ချင်စိတ်ကို ဖုံးဖိထားလိုက်မိသည်။ ဖြစ်ရလေ။ စာရေးဆရာမှ အခမဲ့ ဝေပေးသည့် လက်မှတ်ဆိုသည်မှာ လက် တစ်ဝါးစာအရွယ်ရှိသော ဗလာစာရွက် ဖြစ်နေပြီး ထိုစာရွက်ကို စာရေးဆရာ ကိုယ်တိုင်က ပေးဝေခြင်း မဟုတ်ဘဲ သူတို့ကိုယ်တိုင် ရှာဖွေဖြတ်တောက်ယူ ရခြင်းသာ ဖြစ်နေပြန် သည်။ ဈေးကွက်စီးပွား ရေးခေတ်မှာ ကိုယ့်အတွက် အခမဲ့ လက်မှတ်ကို ကိုယ့်ဘာသာ ရှာဖွေရယူရသည်ကို ပင် ကျေးဇူးရှင်က မကင်း။ လူကြီးမင်း၏ အသာတကြည် ပူးပေါင်းဆောင်ရွက် မှုကို ကျေးဇူးတင်ပါသည်ဟု အပြောခံရသည့်တိုင် စခန်းထောက်လမ်းညွှန်အစီအစဉ်ကို စာရေးဆရာလူကြီးမင်းက နှုတ်တိုက် ချပေးခဲ့ခြင်းမို့ သူတို့ပြိုင်ပွဲဝင်တွေ ကပင် ကျေးဇူးကြွေးတင်နေသေး သယောင်။ အရေးထဲမှာ ကိုယ့် ကိုယ်ကို ယုံကြည်မှုရှိပါဟု လမ်းညွှန်တာကို ခံလိုက်ရပြန်သည်။ အမှန်က သည်လမ်းကို ဆက်လျှောက်နေရခြင်းမှာ ယုံကြည်မှုအချို့ အားနည်းပျက်ပြယ်စပြုနေပြီကို သူ့ဘာသာသူသိလာနေသည်။ သို့သော် ဗလာစာရွက် စခန်းထောက်ပြီးလျှင်လုံးတီးကတ္တား၊ ကံနှင့် ကြိယာစခန်းထောက်၊ ပြီးလျှင် ရတနာသိုက် လမ်းဆုံး ရောက်ပြီ ဟု စာရေးဆရာက ချော့လုံးတွေနှင့် မြှူနေပြီမို့ သူကလည်း မထူး ဇာတ်မှာ လက်ပစ်ကူးလိုက်ဖို့ပဲ ဆုံးဖြတ်ရပေဦးတော့မည်။ သည် အချိန်မှာ မဏိမေခလာလည်း ပေါ်လာမည် မထင်။ သည်တော့ သူ စွမ်းသမျှ အားမာန်၊ ဇွဲလုံ့လများ အကူအညီဖြင့်သာ ကျောက်ဖျာ ပန်းတိုင်အရောက် လက်ခမောင်း မခတ်စတမ်း၊ လက်ပန်းမကျစတမ်း ကူးခတ်သွားရန်သာ ရှိတော့သည်။ ကဲ အလှည့်ကျတော့ မနွဲ့ကြ စတမ်းပေါ့။
@@@@
    နေရာအသီးသီးမှ လူကြီးမင်းအသီးသီးမှာလည်း မိမိတို့ကိုယ် တိုင် ရှာဖွေရယူရမည့် ဗလာသက်သက် လက်မှတ်စာရွက်အား စာရေးဆရာ၏ မဟာရွှေÓဏ်တော်မှ အသီးအပွင့်အဖြစ် ကျေးဇူး တရားမကင်းစွာ လက်ခံရမည့်အရေးကို စေ့စေ့တွေးလေတိုင်း ခိုးလိုး ခုလု ဖြစ်နေကြလေသည်။ သို့သော် မကြာမီ ပန်းတိုင်ရွှေပြည်ကို ဆိုက်ရောက်တော့မည့်အကြောင်း ဗိန်း ဗောင်းသံ တစည်စည်ကြောင့် သည်လမ်းညွှန်ချက်ဝင်္ကပါမှ တစ်မိနစ်၊ တစ်စက္ကန့်မျှ ဆောလျင်စွာ ထွက်ခွာနိုင်ခွင့်ရပါစေတော့ဟု ကြီးစွာသော အာသီသပြုလျက် လမ်း ဆက်လျှောက်ရန် ဆုံးဖြတ်လိုက်ကြလေသည်။ သူတို့ထဲမှ အများစုမှာ ဗလာလက်မှတ်အပေါ် အစာမကြေကြသော်လည်း အချို့ကမူ ဝါကျ လက်သမား ဖြစ်ရမည့်အစား ဝါကျအဖျက်သမား ဖြစ်သွားစေသည့် လုံးတီးကတ္တား၊ ကံနှင့်ကြိယာ ရှာဖွေရေး လမ်းညွှန်ချက်ကို ပိုဘဝင် မကျကြပေ။ သို့သော် ကြားဖူးနားဝ ရှိထားသည့် ဗဟုသုတများအရ လျှပ်စစ်ချောစာခေတ်တွင် လူတစ်ဦးချင်းစီ၌ မိမိကိုယ်ပိုင် သော့တံ ဝေါဟာရ ဟူ၍ရှိကြရသည့် အစဉ်အလာကို စမ်းသပ်လိုကြသည့် အတွက် ဝါကျအဖျက်သမားဘဝကို ခံယူရန် ရဲစွမ်းသတ္တိများ မွေးမြူ လိုက်ကြလေတော့သည်။
@@@@
    မိတ်ဆွေတို့။ စိတ်ရှည်ပါ။ သည်းခံပါ။ ဇွဲရှိပါ။ မကြာ ခင် ပန်းတိုင်မှာ ပျော်ပျော်ပါးပါးကြီး အုတ်မြစ်ချကြရတော့ မှာပါ။ ရတနာသိုက်လမ်းဆုံးဖြစ်တဲ့ ဝတ္ထုနိဂုံးဟာ သင်တို့ မျှော်လင့်ထားတာထက် ပို၍၊ သာ၍၊ လွန်၍ ပဉ္စလက်ဆန်စွာ လှတပတပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။ အခုနောက်ဆုံး စခန်းထောက်ဟာ လမ်း ညွှန်ချက်အားလုံးရဲ့ အသက်ဖြစ်တာမို့ သင်တို့လုပ်ရမယ့် လုပ်ဆောင်ချက်ဟာလည်း အသက်တမျှ အရေးကြီးတာ ကို သတိထားကြစေချင်ပါတယ်။ ရတနာသိုက် ရှာကြ တဲ့ ပုံပြင်ပေါင်းများစွာမှာ ရတနာလမ်းညွှန်မြေပုံအတိုင်း သွားနေကြတဲ့ ခရီးစဉ်တစ်လျှောက် စည်းလုံးညီညွတ်စွာ ဆိုးတိုင်ပင် ကောင်းတိုင်ပင် ရှိခဲ့ကြပေမယ့် လမ်းဆုံးပန်း တိုင်ရောက်လို့ ရတနာသိုက်လည်းတွေ့ရော သေနတ်ချင်း ယှဉ်ပစ်၊ နောက်ကျော ဓားနဲ့ထိုး၊ လက်သီးချင်း နပန်းသတ် ဆိုတာမျိုးဖြစ်ကာ ကြမ်းကြုတ်ရက်စက်နိုင်ဆုံးသူ တစ် ယောက်ယောက်ကပဲ အနိုင်ရသွားတာမျိုး၊ ဒါမှမဟုတ် အား လုံး သေကုန်လို့ ရတနာသိုက်က ဒီအတိုင်း ငုတ်တုတ်ကျန်ခဲ့ တာမျိုးတွေ ဖြစ်တတ်ကြတာကို သတိပေးလိုပါတယ်။ ဒီ ဖြစ်စဉ်မျိုး မဖြစ်ရအောင် အထူးစီစဉ်ပေးထားတဲ့ အကြောင်း လည်း ပြောချင်ပါတယ်။ မိတ်ဆွေတို့ကြားမှာ လူချင်းခင်မင် ရင်းနှီးမှုက နဂို ကတည်းက မရှိခဲ့သလို နောက်ကျောဓား နဲ့ ထိုးရလောက်အောင်လည်း တစ်ယောက်နဲ့တစ်ယောက်က ပဝါတစ်ကမ်း လက်တစ်လှမ်းမှာ မရှိတဲ့အတွက် ဒီလိုအဖြစ် ဆိုးမျိုး ပေါ်ပေါက်စရာ မရှိပါဘူး။ နောက်တစ်ခုက သင်တို့ ရဲ့ သော့တံဝေါဟာရ ရှစ်ခုမှာ တစ်ခုနဲ့တစ်ခု ဘယ်လို နည်းနဲ့မှ ထပ်တူမကျနိုင်တာကို သဘောပေါက်ကြမှာပါ။အဲဒီအတွက် ဝတ္ထုနိဂုံးရတနာသိုက်ကို ဖွင့်နိုင်မယ့် သော့ တံဝေါဟာရဟာ တစ်ခုတည်း ရှိနေမယ်လို့ မယူဆကြစေချင်ပါဘူး။ မိတ်ဆွေတို့ အသီးသီးအတွက် ဝတ္ထုနိဂုံးဟာ အမျိုးမျိုးကွဲပြားဆန်းကြယ် နေမှာမို့ ကိုယ့်ရွေးချယ်မှု သမိုင်းအရ ပိုင်ဆိုင်လာကြတဲ့ မိမိ တစ်ဦးတည်းမူပိုင် သော့တံဝေါဟာရကသာ တိကျမှန်ကန် သင့်လျော်မယ်ဆိုရင် မိတ်ဆွေတို့တစ်ဦးချင်းစီအတွက် သီးခြား နိဂုံးတစ်ခုစီဟာ မီးခံသေတ္တာတံခါး ပွင့်သွားသလို၊ လျှပ်စစ် ချောစာ ပွင့်သွားသလို ခုန်ပေါက်ပေါ်ထွက်လာမှာ ဖြစ်ပါ တယ်။ ဒါကြောင့် မိတ်ဆွေတို့အချင်းချင်းကြားမှာ မျက်နှာနာ စရာ၊ မျက်နှာမကြည့်ချင်စရာ၊ မျက်နှာပျက်စရာ၊ မျက်နှာဖွက် စရာ အဖြစ်မျိုးတွေ ဘယ်လိုနည်းနဲ့မှ ဖြစ်မလာဘဲ မိမိတို့ရဲ့ ကိုယ်ပိုင်နိဂုံးအသီးသီးနဲ့ ပျော်ရွှင်စွာ ဇာတ်သိမ်းကြလေ သတည်းရယ်လို့ ဖြစ်ကြရမှာပါ။ ဒီလိုဖြစ်အောင် ကြံစည်စိတ်ကူး ပြီး လမ်းညွှန်ပေးခဲ့တယ် ဆိုတာကိုလည်း သဘောပေါက်ကြ စေချင်ပါတယ်။ အခု မကြာခင်မှာ လမ်းညွှန် ချက်နဲ့ ပေးထားချက်များ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအမှု ပြီးဆုံးတော့မှာ ဖြစ်ပါ တယ်။ သင်တို့ အသီးသီးအနေနဲ့ သော့တံဝေါဟာရအသီးသီး ရပြီးတဲ့အခါ ကိုယ့်ရဲ့ လျှို့ဝှက်သော့ တံဝေါဟာရ များနဲ့ ဝတ္ထု နိဂုံးတံခါးကို ဖွင့်နိုင်ကြပါပြီ။ သင်တို့ အဲဒီလို ကြိုးစားနေတဲ့ အချိန်မှာ လမ်းညွှန်ချက် ထပ်မံပေးစရာ မလိုတော့တဲ့အတွက် အခုစကား အပြီးမှာ နောက်ထပ်ဘယ်လို လမ်းညွှန်ချက်များကိုမှ ကြားနိုင်ခွင့်ရကြမှာ မဟုတ်ကြောင်း ပြော ကြားရင်း နိဂုံးချုပ် နှုတ်ဆက် လိုက်ပါတယ်။ သင်တို့အားလုံး ကံကောင်းကြပါ စေ။
@@@@
    သူက နောက်ဆုံးလက်ကျန် လုံးတီးကတ္တား၊ ကံနှင့် ကြိယာ တို့ကို အသေအချာကြည့်ရင်း မည်သည့်နည်းဖြင့် တံခါးမှန်သမျှ ပွင့်စေမည့် မာစတာသော့တံဝေါဟာရတစ်ခုကို ဖန်တီးရပေမည် နည်းဟု ခေါင်းခြောက်မတတ် တွေးတောနေမိသည်။ စာရေးဆရာမှ ပြောသွား သည့် နောက်ဆုံးလမ်းညွှန်ချက်အရ နေရာအသီးသီးမှ တစ်ပြိုင်နက် ပြိုင်ပွဲဝင်နေကြသူများနှင့်တိုင် ပင်ရန်လည်း မလိုအပ်ဟု သဘောပေါက်နေပြီဖြစ်သဖြင့် သွေးအေးအေးဖြင့်ပင် သော့တံဝေါ ဟာရကောင်းတစ်ခုကို ရွေးချယ်နေလိုက်သည်။ သည်တစ်ဆင့်ပြီး လျှင်တော့ သူ့အတွက် နိဂုံးသည် မဝေးတော့။ သူသည် လမ်းညွှန် ချက်များကို စိတ်ပျက်ငြီးငွေ့ခဲ့သူပီပီ နောက်ထပ်လမ်းညွှန်ချက် များကို မကြားရတော့ဘဲ ဝတ္ထုနိဂုံးအတွက် မိမိ၏ သော့တံရွေး ချယ်မှုသက်သက်ဖြင့်ပင် အလင်းတံခါး ဖွင့်နိုင်တော့မည်ဟု ယုံကြည်ကာ ခဲတံကို လေတွင်ဝင့်ချီလိုက်သည်။ လာလေရော့။ ကိုယ်ပိုင် သော့တံဝေါဟာရ။
@@@@
    နေရာအသီးသီးမှ လူကြီးမင်းအသီးသီးတို့လည်း စာရေး ဆရာ၏ လမ်းညွှန်ချက်လက်မှ လွတ်မြောက်သွားပြီဟု ပျော်ရွှင် သောစိတ်များဖြင့် မိမိတို့ပိုင် လျှို့ဝှက်သော့တံဝေါဟာရများကို ရွေးချယ်ရန် အင်တိုက်အားတိုက်ဖြစ်လာကြသည်။ မည်သို့ပင် ဖြစ်စေ သူတို့အားလုံးအတွက် ဆန်းကြယ်ထွေပြား ပဟေဠိများ ဖြင့် ပြည့်နှက်နေသော ဝတ္ထုနိဂုံးအသီးသီးသည် တစ်နေရာရာ တွင် အဆင်သင့်ရှိနေ သည်ဟူသော ယုံကြည်ချက်ကပင် သူတို့ အသီး သီးအား တက်ကြွရွှင်လန်းစေလေသည်။ အဆုံးမတော့ သူတို့၏ ရွေးချယ်မှုသမိုင်းသည် မကြာမီ ရတနာသိုက်ကို အရောက်ပို့ပေး ပေတော့မည်။
@@@@
    မိတ်ဆွေတို့အားလုံးခင်ဗျား။ ကျွန်တော်က စာရေးဆရာ ရဲ့ မိတ်ဆွေပါ။ ရတနာသိုက်ဖြစ်တဲ့ ဝတ္ထုနိဂုံးအတွက် သော့တံ ဝေါဟာရ ရွေးချယ်ကြဖို့ လမ်းညွှန်ပြီးချိန်ကစပြီး ကျွန်တော့် မိတ်ဆွေ စာရေးဆရာဟာ ဝတ္ထုတစ်ပုဒ်အတွက် သူ့ရဲ့ စွက်ဖက်ပိုင်ခွင့် သက်တမ်းကုန်ဆုံးသွားပြီမို့ ဘယ်လိုအသံမှ ဝင်ပြောလို့ မရတော့ ပါဘူး။ စာဖတ်သူများကလည်း သူတို့ကိုယ်ပိုင် လျှို့ဝှက်သော့တံ ဝေါဟာရအသီးသီးနဲ့ ဝတ္ထုနိဂုံးကို ဖွင့်ကြည့်ကြရာမှာ ဘယ်သူကမှ မှန်ကန်အောင် မဖွင့်နိုင်ခဲ့ကြပါဘူး။ စာရေးဆရာအပါအဝင် သူတို့ အားလုံး မေ့လျော့သွားတာတစ်ခုကတော့ သူတို့ရွေးချယ်ထား တဲ့ သော့တံဝေါဟာရ အသီးသီးကို ဝတ္ထုနိဂုံးတံခါးများ က ပြန်လည် ရွေးချယ်စိစစ်ပြီး မဆီလျော်ဘူးလို့ ယူဆရင် တံခါးဖွင့်ပေးခွင့် ငြင်းဆန်နိုင် တယ် ဆိုတာပါပဲ။ ဒီလိုနဲ့ သတ်မှတ်အချိန် အတိုင်းအတာ တစ်ခုအတွင်းမှာ ဘယ်စာဖတ်သူကမှ စာရေးဆရာရဲ့ ဝတ္ထု နိဂုံးအသီးသီးကို ဖွင့်မဖတ်နိုင်တဲ့ အတွက် ရတနာသိုက်ဖြစ်တဲ့ ဝတ္ထု နိဂုံးများဟာ ဆီလျော်ရာ သော့တံဝေါဟာရ အသီးသီး ကို စောင့်မျှော် နေသေးကြောင်း ကျွန်တော်က ဝင်ပြောလိုပါတယ်။ မိတ်ဆွေတို့ အားလုံးအနေ နဲ့ နိဂုံးကို မဖတ်နိုင်တဲ့အတွက် ကျွန်တော့် မိတ်ဆွေ စာရေးဆရာအပါအဝင် သင်တို့အားလုံးနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရ ပါကြောင်း။

မသီတာ၊စမ်းချောင်း၊  

No comments:

Post a Comment