Friday 28 October 2011

လေရနံ့

(၁)
ပြတင်းပေါက်တံခါးကို ဖွင့်လိုက်သည်။
ချဉ်စုပ်စုပ် ပုပ်အဲ့အဲ့ရနံ့သည် ပြတင်းဝကိုကျော်ကာ လေနှင့်အတူ ဝင်လာသည်။ ညာမျက်စောင်းထိုး မလှမ်း မကမ်းတွင် 'အမှိုက်မပုံရ' ဆိုင်း ဘုတ် စိုက်ထူထားသော ကျူးကျော်အိမ်များဆိုင်ရာ စားဝတ်နေရေး အညစ် အကြေးအစုအပုံ ရှိနေသည်။ အမှိုက်သိမ်းသည့်အချိန်မကျမချင်း ဝန်းကျင် လေထု သည် နွမ်းညစ်နေပေတော့သည်။

သို့သော် မတတ်နိုင်။ အသက်ရှူမဝတဝဖြစ်နေသည့် ဝေဒနာကြောင့် 'လေ'ကို တရှိုက်မက်မက်ရှူလို လှသည်။ ပြတင်းတံခါးကို ပြန်ပိတ်လိုက်ဖို့ စိတ်ကူးမရှိ။

''အဟွတ်... အဟွတ်... အဟွတ်''
အာခေါင်သည် ပူစပ်ယားယံသွားသည်။ ခံတွင်းလိုဏ်သည် ခြောက် ခန်းကာ နှာခေါင်းအာခေါင်အစပ်သည် ပူလောင်ရှိန်းစပ်နေသည်။ ဘယ် ဘက်အိမ်မှ နေ့တဓူဝလက်စွမ်းပြနေကျ ငရုတ်သီးခြောက်လှော်နံ့ သည် လေထုထဲမှာ မှတ်ပုံတင်ပြီးသား ရနံ့တစ်ခုအဖြစ် ပျံ့လွင့်နေကြဆဲ ဖြစ်သည်။

ထို့နောက် ဆဲရေးတိုင်းထွာသံတွေ လေထဲ လေသိုင်းကသလို ဝှေ့ယမ်း ရောက်လာပြန်သည်။ 'နံနက်ချိန်ခါ တေးသံသာ' ဆိုသည့် ထေ့ငေါ့ဂုဏ် ပြုဝေါဟာရနှင့်ပင် မလုံလောက်။ မြန်မာ့အသံထက် ဝီရိယပိုသော သည် အိမ်က ပုဂ္ဂိုလ်ကြီး၊ ပုဂ္ဂိုလ်လတ်၊ ပုဂ္ဂိုလ်ငယ်တို့သည် ငါးစိမ်းသည် အဘိ ဓာန်၊ ဖရုဿဝါစာကျမ်း၊ ခန္ဓာဗေဒကောက်နှုတ်ချက်သံပေါက်တို့ကို ဝန်း ကျင်လေထုထဲသို့ အခမဲ့ လွှင့်ထုတ်နေကျဖြစ်သည်။ ရံဖန်ရံခါ ဝန်းကျင် လေထု ရှင်းသန့်နေပြီဆိုလျှင် ထိုပုဂ္ဂိုလ်ကြီးငယ်တွေ ကျန်းမာရေးချို့ယွင်း နေကြသလားဟုပင် စိုးရိမ်ဖြစ်ရသည်။

သည်လေ၊ သည်ရနံ့တွေကို ရှူရှိုက်နေရသည့်သက်တမ်းသည် အတော် ကြီးကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း မရိုးသွားသေး။ ကျင့်သားမရသေး။ ချောင်း သံဖြင့် တုံ့ပြန်ဖြစ်သည်။ သက်ပြင်းဖြင့် ဖြေသိမ့်ဖြစ်သည်။ သို့တိုင် အဆုတ် သည် လေကို ဆာနေဆဲဖြစ်သည်။ လေသန့်သန့်ကို တောင့်တဆဲ ဖြစ် သည်။

သို့နှင့်ပင် ပြတင်းဝမှ ဝင်လာသော ပူစပ်ရှတကြမ်းတမ်းသော လေထု ကို ကြည်ဖြူရသည်။ ရှူရှိုက်ရသောလေ ပမာဏနှင့် ချောင်းအဖြစ်၊ သက် ပြင်းအဖြစ်၊ နှာမှုတ်ထုတ်ခြင်းအဖြစ် စွန့်ထုတ်လိုက်ရသည့် လေပမာဏ တို့၏ ခြားနားချက်ကို လစ်လျူရှုနေရသည်။

သူငယ်ချင်းသည် ဘာစကားမှ စမပြောဖြစ်ခင်မှာ နှာချေချောင်းဆိုး နေတော့သည်။ သူငယ်ချင်းရောက် ချိန်သည် သည်ရပ်ကွက်လမ်းကြား ညနေ ပြန်ကျဈေးကလေး စည်ကားသည့် အချိန်ဖြစ်သည်။ ထို့ကြောင့် သူ ငယ်ချင်းသည် လတ်ဆတ်စိမ်းရွှေသွေးညှီနံ့၊ ဆားငွေ့ဝေ ငါးညှီနံ့၊ ပုပ်အိ နူးညံ့ ငါးပိရည်ကြိုနဲ့၊ မွှေးပျံ့သင်းကြိုင် ဘုရားပန်းရနံ့၊ စူးရှခြောက်သွေ့ ငရုတ်သီးရနံ့၊ မွှန်ထူထူ ကြက်သွန်နီဖြူနံ့၊ မနုဿ သုနက္ခ အညစ်အကြေး စီးမျောမြောင်းပုပ် ရွှံ့ရေနံ့၊ မုသာဝါဒ လေဆင်နှာမောင်း၊ ဖရုဿဝါစာ လေနီကြမ်း စကားခွန်းတင် လေပွေတို့ဖြင့် ထုံမွှန်းပျံ့အီသော လေတို့ကို ရှူရှိုက်ခဲ့ရပေမည်။ သည်အခါမှာ သည်လိုလေနှင့် စိမ်းလှသော သူငယ်ချင်း ၏ နှာခေါင်းလိုဏ်အမွေးအမျှင်များ လေပြွန်ခံတွင်းလိုဏ်အမွေးနုများနှင့် အဆုတ်အိမ် လေခန်းငယ်များသည် နာကျင်ယားယံ ထိခိုက်ခံရခက်ကာ နှာစေးချောင်းဆိုးနေတော့သည်။

''မင်း ဖြစ်မယ်ဆိုလည်း ဖြစ်စရာပဲကွာ...''
သူငယ်ချင်းသည် လေထုညစ်ညမ်းမှုနှင့် အဆုတ်ရောဂါများအကြောင်း ကို ဆက်ပြောနေသည်။

သည်ရပ်ကွက်ထဲမှ စက်ရုံများအကြောင်း၊ စက်ရုံများ၏ မီးခိုးခေါင်း တိုင်မှ ပျံ့လွင့်လာသော မီးခိုးငွေ့များ၊ သူစီးနင်းလိုက်ပါလာသည့် နှစ်စီး တွဲယာဉ်တွင်း သင်းပျံ့လှောင်အိုက်နေသည့် ကားအိပ်ဆောငွေ့ရှတတ။ ဝါကျွတ်အကြို ကလေးတို့၏မီးရှူးမီးပန်း ဗျောက်အိုးတို့မှရသော ယမ်းညှော် နံ့၊ ဓာတ်သဘာဝပြောင်းလဲသွားပြီဖြစ်သဖြင့် ရလာသော ရနံ့။ ရောဂါဘယ ပိုးမွှားလေးများ ကိုယ်ရောင်ဖျောက် လူးလွန့်ရှင်သန်နေသော လေထု။ လေ ပြေအပြေး၊ သုတ်လေအဖြူး၊ လေပွေအဝှေ့တွင် ဝဲပျံ့လွင့်ပါး ပါဝင်သွား တတ်သည့်လေထဲ ရှင်သန်ပိုးမွှားစုများ။
''ဟ... ကြမ်းလှချည်လားကွ''
ဘယ်ဘက်အိမ်မှ စကားသံတို့သည် လေနှင့်အတူ သူငယ်ချင်းနားဝ သို့ ရောက်ရှိလာခဲ့ပြီ။ သူငယ်ချင်းကို သည်လေသံတို့၏ အတိုင်းအတာ၊ အတိမ်အနက်၊ အတိုင်းအရှည်၊ အကြာအမြင့်တို့အကြောင်း ပြောပြဖြစ် သည်။ သားအမိ သားအဖချင်း၊ ညီအစ်ကို မောင်နှမချင်း၊ ယောက္ခမ သမက် ချွေးမချင်း၊ တူအရီး ဘကြီးတူမချင်း၊ မြေးအဘိုးချင်း သည်လိုသွေးသား ဆက်နွှယ်ပတ်သက်သူချင်း အငြင်းအခုန်အကြောက် အကန် ဝေဖန်ပြစ်တင် မောင်းမဲ ရှုံ့ချသည့် ရန်ပွဲများသည် သည်အိမ်အတွက် ရိုးအီလှသော 'မင်္ဂ လာပါ၊ နေကောင်းရဲ့လား၊ ထမင်းစားပြီးပြီလား' နှုတ်ခွန်းဆက်သသံများ သာ။ ဈေးဝယ်လာသူ၊ အိမ်နီးနားချင်း၊ သူငယ်ချင်းမိတ်ဆွေ၊ အငှားအလုပ် သမား၊ ဧည့်စာရင်းစစ်သူ၊ ဈေးကောက်ကောက်သူ၊ ဝင်ငွေခွန်နှင့် အရင်း ခွန်ကောက် ဝန်ထမ်းများ၊ အလှူခံ ကြက်ခြေနီ၊ ရံပုံငွေကောက် အရန် မီးသတ်၊ သန့်ရှင်းရေးဆော်သြတာဝန်ရှိပုဂ္ဂိုလ် ထိုထိုသော နှီးနွှယ်ပတ်သက် သမျှ လူအပေါင်းနှင့်လည်း အမျိုးမျိုးအဖုံဖုံသောရန်တွေ့ပွဲများကို ဒိုင်ခံ ကန်ထရိုက်ဆွဲကာ သည်နားဝန်းကျင်လေထုကို ဖောင်းပွ ညစ်နွမ်းနေစေ သည့် အကျင့်မှာလည်း သည်အိမ်၏ အရိုးစွဲအကျင့်သာ။

သူငယ်ချင်းသည် အံ့သြစိတ်ပျက်နေတော့သည်။ သက်ပြင်းမောတစ် ခုကို စိတ်ပျက်လက်ပျက် ချလိုက်သည်။ ခပ်လှမ်းလှမ်း အကြော်စုံတဲမှ ဝက်ဆီနံ့သည် ထုံအီထူပျစ်စွာ လေတွင် မျောပါလာပြန်သည်။ သူငယ်ချင်း သည် ပြတင်းပေါက်မှတစ်ဆင့် သလိပ်ရောင်ထတံတွေးပျစ်တို့ကို ထွေးထုတ် လိုက်သည်။

ထို့နောက် စာမျက်နှာများမှရသောရနံ့၊ ကြားရသောအသံများ အကြောင်း၊ သီချင်းများမှရသောရနံ့၊ ကြားရသောအသံများအကြောင်း၊ ဈေး လက်ဖက်ရည်ဆိုင်၊ ဗာဒံရိပ်၊ ဘုရားစောင်းတန်း၊ ဘတ်စ်ကားဂိတ်၊ အဝေး ပြေးလိုင်းကား၊ တဲတန်းများမှရသောရနံ့၊ ကြားရသောအသံများအကြောင်း၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ ရုပ်ရှင်၊ ပြဇာတ်၊ ဂီတဆည်းဆာများမှရသောရနံ့၊ ကြားရသောအသံများအကြောင်း၊ ထို့နောက် လေထုညစ်ညမ်းမှုနှင့် အဆုတ် ရောဂါ၊ သူငယ်ချင်းသည် ချွဲသံအပြည့်နှင့် ဆက်ပြောနေလေသည်။
ဆေးပေါ့လိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး ကျန်တစ်လိပ်ကို သူငယ်ချင်း ထံ ကမ်းလိုက်သည်။ အံ့သြစိတ်ပျက်စွာ ငေးကြည့်နေသော သူငယ်ချင်း သည် အနည်းငယ်တောက်လက်သွားသော သူ့မျက်ဝန်းရိပ်ကို ဖုံးဖိလို၍ မျက်လွှာချကာ မီးကူလိုက်သည်။ ချိုအီပြင်းရှသော ဆေးပေါ့လိပ်ရနံ့သည် လေထုထဲတွင် ဆော့ပါးမြူးတူးနေသည်။
''အမှန်တော့ မင်းရော ငါပါ ဆေးလိပ်မသောက်သင့်ဘူး''
''ဘာထူးလို့လဲ သူငယ်ချင်း၊ ငါတို့ရှူနေရတဲ့လေဟာ ငါတို့ရဲ့ ဆေးလိပ် ခိုးငွေ့တွေ မပါလည်း ဒီအတိုင်းပဲ၊ ဘာမှ ပြောင်းလဲသွားမှာမှ မဟုတ်တာ၊ ခုတော့ ငါတို့ရဲ့ ဆေးလိပ်ခိုးငွေ့တွေ ခံနေတဲ့အတွက် ငါတို့အဆုတ်ကတောင် ငါတို့ကို ပြန်ပြီးကျေးဇူးတင်နေဦးမယ်၊ အပြင်လေညစ်လေသွမ်း လေသရမ်း တွေ သူ့ထံ အဝင်နည်းသွားတယ် ဆိုပြီးတော့...''
''အေးလေ... ခံချင်းခံရရင် ကိုယ့်ဘာသာလုပ်လိုက်ပြီး ခံရတာက ပိုကောင်းတာပေါ့''
''မင်း သဘောပေါက်လာပြီပဲ''
သူငယ်ချင်း ခေါင်းညိတ်လိုက်သည်။ ဆေးပေါ့လိပ်ကို အားအင်နှင့် ပင် ရှူရှိုက်လိုက်သေးသည်။
အလင်းအား လုံးဝမရှိတော့ပြီ။ ရနံ့တွေ အသံတွေ ကျဲပါးလာကြပြီ။ ဘာမှ ထပ်မပြောဖြစ်ကြ။ ဆေးပေါ့လိပ်မီးခိုးငွေ့များနှင့်အတူ စိတ်ကူး လေတံခွန်ပေါ်မှာ စီးမျောနေမိကြသည်။
အဝေးမှ ဒေါ်ခင်မလေး (သို့မဟုတ်) ဒေါ်နွယ်မာဝင်း (သို့မဟုတ်) ဒေါ်သန်းသန်းဝင်းအသံကို ကြားနေရသည်။ ဘာဆိုဘာမှ မပြောဖြစ်ကြ။ ဆေးပေါ့လိပ်မီးခိုးငွေ့များနှင့်အတူ စိတ်ကူးလေတံခွန်ပေါ်မှာ...။
''ငါ ပြန်တော့မယ် သူငယ်ချင်း''
သူငယ်ချင်းသည် ရုတ်တရက် ထလိုက်သည်။ နားလည်စွာနှင့်ပင် သူ ငယ်ချင်းကို ကြည့်နေလိုက်သည်။
''ယပ်တောင်ရှိတယ်မဟုတ်လား''
''ဘာကိုလဲ''
နားမလည်စွာ မေးမိသည်။
''ယပ်တောင်ရှိရင် လေရမယ် သူငယ်ချင်း''
သူငယ်ချင်းသည် ပြတင်းတံခါးကို ဆွဲစေ့ဖို့ ကြိုးစားနေသည်။ နားလည် လာမိသည်။
''ကိုယ့်ဘာသာ လုပ်လိုက်ပါ့မယ် သူငယ်ချင်း၊ ငါ သဘောပေါက်ပါတယ်၊ သွား...သွား... မင်းပြန်တော့ မှောင်နေပြီ''
သူငယ်ချင်းသည် တောက်လက်သွားသည့် မျက်ဝန်းရိပ်နှင့်အတူ အပြုံး တစ်ခုကို သိုသိပ်သပ်ရပ်စွာ ချန်ထားရစ်သည်။ သူငယ်ချင်း ပြန်လေပြီ။
x x x
ပြတင်းတံခါးကို ပိတ်လိုက်သည်။
(၂)
ရင်ညွန့်အစမှ အဆုံးတိုင် နှစ်ခြမ်းကွဲကာ ပြတင်းပေါက်တံခါးရွက် နှစ်ချပ်လို ပွင့်ဟာနေသည်။ တိုက်ရိုက်မြင်နေရသော 'လေ' လက်ခံစွန့် ထုတ် ထိန်းသိမ်းရာဌာနဖြစ်သည့် အဆုတ်နှစ်ဖက်စလုံးသည် အံ့သြဖွယ် ကောင်းလောက်အောင် နီမှောင်ညိုညစ်မည်းသည်းနေလေသည်။ 

မသီတာ(စမ်းချောင်း)
ဆူးဒဏ်မဲ့သစ်ရွက်များ ၀တ္ထုတိုပေါင်းချုပ်မှ

No comments:

Post a Comment