Friday 28 October 2011

အညိုမှသည် ကြက်သွေးနီသို့ (ဂ)

(ယခင်လမှအဆက်...)
မိဘနှစ်ပါး အာရှသို့ ပြန်ပြီးနောက်
ကြက်သွေးနီ့ ရင်သွေးအဖြစ် နေခဲ့ရသည့် ကာလများတွင် မိဘနှစ်ပါးနှင့် အတူ နေခဲ့ရသော ကာလများကို တန်ဖိုး အထားရဆုံး ဖြစ်ရပါသည်။


ကြက်သွေးနီရှိ ရုံးခန်းမှ ပြန်လာလျှင် အိမ်ခန်း ပြတင်းပေါက်မှ နေ၍ အိမ်ပြင် လမ်းမဆီ မျှော်ငေး နေတတ်သော မိဘနှစ်ပါး၏ မျက်နှာများကို မြင်ရသည့် အခါ အားရှိ စိတ်အေးရသည့် ခံစားမှုသည် မနှစ်က အညို့ ရင်ခွင်မှာတုန်းကနှင့် အခြားနားဆုံး ခံစားမှု ဖြစ်လေသည်။ အညို့ရင်ခွင်မှာ တုန်းက အခန်းထဲ ရောက်သည့်တိုင် မည်သူတစ်ဦး တစ်ယောက်မျှ ရှိမနေသည့် အတွက် နှုတ်ဆက်ဖော် မရှိ၊ ရင်ဖွင့်ဖော် မတွေ့ရလျက် အေးအေးချမ်းချမ်း ရှိနေရခြင်းကို နှစ်သက်သည့်တိုင် ယခုနှစ် ကြက်သွေးနီ့ ရင်ခွင်ဆီသို့ မိဘ နှစ်ပါးကို ခေါ်လာဖြစ်သည့် အခါ ပြတင်းပေါက်မှာ ခေါင်းပြူ နေတတ်သော မိအိုဖအို၏ ပုံရိပ်များနှင့် အတူ ဖွယ်ဖွယ်ရာရာ ပြင်ဆင် ထားတတ်သော အမေ့လက်ရာ ထမင်းဝိုင်း လေးအား မျှော်လင့်ခွင့် ရသည့် အရသာ ကိုကား မည်သည့်နည်း နှင့်မျှ မမီအောင် ဖြစ်ရ ပါလေသည်။

ထို့ကြောင့် ရာသီဥတု အေးခဲလာသော ဇန်န၀ါရီ လဆန်းတွင် စင်ကာပူမှာ ရှိသည့် မောင်လေးနှင့် အတူ နေထိုင်ရန် မိဘနှစ်ပါး ပြန်သွားပြီးနောက် အိမ်အပြန် လမ်းထိပ်ရောက်၍ ကိုယ့်အခန်း ပြတင်းပေါက်ကို မော့ကြည့်ကျင့် အတိုင်း ကြည့်မိသည့် အခါများတွင် မျှော်သူ မဲ့နေသည့် လုံးတီးပြတင်း ပေါက်လေးအား မြင်ရသည့် အခါ ရင်မှာ စစ်ခနဲ နင့်သွား ရသည်ချည်းပင်။ သို့သော် စင်ကာပူ ရောက်နေသည့် မိဘနှစ်ပါးနှင့် နေ့စဉ်လိုလို စကိုက်ပ်ပေါ်မှာ စကားပြော ဖြစ်သည့် အခါတွင်မူ အတော်ကြီး ရင်ချောင် ပျော်ရွှင် ခဲ့ရပါသည်။ ထို့ကြောင့် ကြက်သွေးနီ ကာလများသည် ပိုပြီး အရောင်စုံ စိုပြည်သည့် ကာလများ ဖြစ်ခဲ့ရပါသည်။

ပြည်ပခရီး အချို့
မိဘနှစ်ပါး ရှိစဉ် ကာလက သူတို့နှင့် အတူသွားသည့် ခရီးများမှ လွဲလျှင် အိန္ဒိယသို့ စာပေပွဲတော် တစ်ခုအား ငါးရက်တာမျှသာ သွားရောက်ခဲ့သော်လည်း မိဘနှစ်ပါး အာရှသို့ ပြန်သွားပြီး နောက်တွင်မူ ခရီး အစီအစဉ်များကို တိုးပြီး လက်ခံဖြစ်၊ သွားဖြစ်ခဲ့ပါသည်။ အိန္ဒိယတွင် ကျင်းပသော နောက်ထပ် စာပေ ဟောပြောပွဲ တစ်ခုမှာ ရာဂျာစသန် ပြည်နယ် ဂျေပူရ်တွင် ကျင်းပရာ အခြားသော မြို့များသို့ပါ အလည်သွား နိုင်သည့် ခရီးစဉ်ရှည် တစ်ခုကို အိန္ဒိယမှ ပညာရှင် စီမာ၏ အကူ အညီဖြင့် စီစဉ် ဖြစ်ခဲ့ပါသည်။ ထိုအစီ အစဉ်တွင် စီမာ၏ လုပ်ဖော် ကိုင်ဖက်လည်း ဖြစ်ကာ၊ အမီတာ့ဗ်ဂို့ရှ် နှင့်လည်း အလွန် ရင်းနှီးသော သမိုင်း ပညာရှင် မူကူးလ် ကာရှီဗန်၏ နေအိမ်တွင် လိုက်လံ တည်းခို ဖြစ်ခဲ့ပါသေးသည်။ အမီတာ့ဗ် မိတ်ဆက် ပေးမှုကြောင့် သိရသော လမ်းဘေး အနုပညာသည်များအား ဖော်ထုတ်ပေးသည့် အနုပညာ လှုပ်ရှားမှုအဖွဲ့တစ်ဖွဲ့၏ ရုံးသို့လည်း သွားရောက်လည်ပတ် ဖြစ်ခဲ့ပါ သေးသည်။ သို့သော် ထိုစဉ်က ကြက် သွေးနီမှ သွားပြီး ကြက်သွေးနီ သို့သာ ပြန်ရမည် ဖြစ်ရာ ကိုယ့်စိတ်ထဲတွင် အာရှသို့ တစ်ခေါက် ပြန်ရောက်ရ သည်ကို အိပ်မက်သဖွယ် ထင်မြင်နေခဲ့ မိပါသည်။ အေးခဲလှသည့် နေရာမှ လာသည့်အတွက် အိန္ဒိယတွင် ရာသီဥတု ကောင်းနေမည်ဟု မျှော်လင့်ခဲ့ သော်လည်း ကိုယ်ရောက်သွားသည့် အချိန်တွင် အိန္ဒိယ မြောက်ပိုင်းမှာ မြူများ ထူထပ်စွာ ကျဆင်းပြီး အလွန် အေးနေသည့် အခိုက်နှင့် ဆုံရ ပါတော့သည်။
ထို့ကြောင့် အမေရိကသို့ ပြန်ရောက်အပြီး မြောက်အမေရိက၏ နွေဦး ကာလတွင် တောင်ပိုင်း လူဝီစီယားနား ပြည်နယ် နယူးအော်လင်း မြို့သို့ ခရီး သွားသည့်အခါ နေရောင်ကြွယ်ပြီး နွေးထွေးသည့် ရာသီ ဥတု၏ အရိပ် အာဝါသကို သဘော အကျကြီး ကျခဲ့ ရပါသည်။ သည်ခရီးမှာလည်း Amnesty International AI အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီး၏ အဖွဲ့ခွဲများစွာ ရှိနေသော အမေရိက ပြည်ထောင်စုရှိ အဖွဲ့ခွဲများ အားလုံး၏ နှစ်ပတ်လည် တွေ့ဆုံနှီးနှော ဖလှယ်ပွဲ ဖြစ်ပါသည်။ ကိုယ့်မှာ ယနေ့ထိရောက် ခဲ့ဖူးသော နိုင်ငံပေါင်း ၂၀ ကျော်တို့ အနက် အပြည်ပြည် ဆိုင်ရာ စာရေးဆရာ အသင်းကြီး PEN နှင့် အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့ကြီး AI ၏ အဖွဲ့ခွဲများရှိရာ နိုင်ငံတိုင်းလို လိုတွင် ထိုအဖွဲ့များနှင့် တွေ့ဆုံဖြစ် သကဲ့သို့ သူတို့၏ အခမ်းအနား ဆွေး နွေးပွဲများသို့ တက်ရောက် ဖြစ်ခဲ့သည် ချည်းဖြစ်ပါသည်။ ယခု နယူးအော်လင်းရှိ AI ၏ ပွဲမှာလည်း အမေရိက အရှေ့မြောက်ပိုင်း AI ရုံးခွဲ တာဝန်ခံ၏ ဖိတ်ကြားချက်ဖြင့် အမှာစကား ပြောကြားပေးရန် သွားရောက် ရခြင်းဖြစ်ကာ သူတို့ ဆောင်ရွက် နေသမျှ လှုပ်ရှားမှု အသီးသီးကို လေ့လာ ကြားနာခွင့် ရသကဲ့သို့ ကိုယ့်ဘက်မှလည်း ကိုယ်တွေ့အတွေ့အကြုံများကို အခြေခံသည့် အကြံဉာဏ်များ ပေးနိုင်ခဲ့ပါသည်။

အသားအရောင် ကွဲပြားသည့် အာဖရိကန်နွယ်ဖွားများ အများစု နေထိုင်ရာ နယူးအော်လင်းကို ၂၀၀၅ ခုနှစ် ရေဘေး ကာလကတည်းက စိတ်ဝင်စား ခဲ့သော်လည်း ယခုမှ ရောက်ရပြီး ထိုအချိန်တွင် အာဖရိကန် တို့နှင့် နယူးအော်လင်း၏ နာမည်ကျော် ဂျပ်ဇ်ပွဲတော်နှင့်လည်း တိုက်ဆိုင်နေရာ ပြည်သူ့ ကျန်းမာရေး ပညာဘွဲ့လွန် တက်နေသူ မေသုခစိုးမှ လိုက်လံရှင်းလင်း ပြသပေးသဖြင့် အလွန် အောင်မြင်သော ခရီးဖြစ်ခဲ့ ရပါသည်။ အသုဘ ချလျှင်ပင် ဂျပ်ဇ်နှင့် ချတတ်သော အာဖရိကန် သွေးများ၏ နယူးအော်လင်းသည် အခြားသော အမေရိကန် မြို့များနှင့် မတူဘဲ တစ်ဘာသာ ခြားနား နေသည်ကို တွေ့ရသည်မှာလည်း ကိုယ့်ကို ပြည်တွင်း ခရီးတစ်ခု ထွက်လာသည့် ခံစားချက် မျိုးထက် ပြည်ပ ခရီးတစ်ခု ထွက်လိုက်ရသလို ခံစားချက် မျိုးကို မွေးဖွား ပေးပြန်ပါသည်။ စပိန်ဘာသာစကား အပြောများကာ ဥရောပဟန် အဆောက်အဦ များဖြင့် ထုံမွမ်းထားသည့် အတွက် တစ်ကမ္ဘာ ရောက်နေသည့် ခံစားချက်မျိုး ကိုလည်း ရခဲ့ပါသည်။

အသက် ၀င်နေသော မဂ္ဂဇင်း
ကြက်သွေးနီတွင် ကိုယ့်ကို ခြေချ ဖြစ်စေရန် စတင်ကြိုးစား ခဲ့သူ အမေရိကန် စာရေး ဆရာမ ဂျိန်းမှာ အကျပ်အတည်း အခြေအနေများနှင့် ယဉ်ပါး ရုန်းကန်ရသော စာရေးဆရာများကို စိတ်ဝင်စား အားပေးသူ ပီပီ ကြက်သွေးနီ၏ အပြည်ပြည် ဆိုင်ရာ စာပေ လှုပ်ရှားမှု တစ်ခုကို ထိုကဲ့သို့သော စာရေးဆရာ များဖြင့် ကျင်းပ ပုံဖော်ရန် စိတ်ကူးရခဲ့ ပါသည်။ မနှစ်က ကိုယ် အညို့ရင်ခွင်မှာ ရှိစဉ်က ကျင်းပခဲ့သော လမောင့် စာကြည့်တိုက် ဆွေးနွေးပွဲမျိုးနှင့် မတူ ခြားနားသော စာပေပွဲမျိုး ဖြစ်ရန် သူ့စိတ်ကူးမှာ အလွန် လှပခဲ့ပါသည်။ သူက “အသက်ဝင် နေသော မဂ္ဂဇင်း” ဟု အမည် ပေးထားသည့် စာပေပွဲ တစ်ခုကို တင်ဆက်ရန် စိတ်ကူးခြင်း ဖြစ်ပါသည်။ အဓိက တင်ဆက်မည့် သူများအဖြစ် တရုတ် နိုင်ငံမှ ဘေလင်းနှင့် မုန်းလား၊ အီရန်မှ ရှရီရာမ ဒါနာပါးရ်နှင့် မြန်မာပြည်မှ ကိုယ့်ကို ရွေးချယ်ထားပြီး အခြားသော နိုင်ငံအချို့မှ စာရေးဆရာ များနှင့် ဂျာနယ်လစ် များကိုလည်း ရွေးချယ် ထားပါသည်။
အစီအစဉ်မှာ အဓိက တင်ဆက်မည့် ကိုယ်တို့ လေးဦးစလုံးသည် မဂ္ဂဇင်း အယ်ဒီတာများ ဖြစ်ကြသည်နှင့် အညီ မိမိတို့ ကိုယ်တိုင် တည်းဖြတ် ထုတ်ဝေ ခဲ့ဖူးသော၊ ထုတ်ဝေလျက် ရှိနေသော မဂ္ဂဇင်းများနှင့် ယင်းတို့၏ စာပေဆိုင်ရာ အခန်း ကဏ္ဍများ အကြောင်းအား မိနစ် နှစ်ဆယ်ဖြင့် ပြီးအောင် တင်ဆက် ပေးရမည် ဖြစ်ပြီး တင်ဆက်လိုသည့် ပုံသဏ္ဌာန် ကိုမူ ကာယကံရှင် စာရေးဆရာ၊ အယ်ဒီတာမှ ရွေးချယ် နိုင်ပါသည်။ ထို့ပြင် မိမိတို့ အမှတ်ရ နေခဲ့သည့် စာမူ တစ်ပုဒ်ပုဒ်နှင့် ထိုစာမူအား ဖန်တီးသူ လူငယ် ကလောင်ရှင် တစ်ဦး အကြောင်းကိုလည်း ငါးမိနစ်မျှ တင်ဆက်ခွင့် ရပါမည်။ တင်ဆက်မှု အတွက် လိုအပ်ပါက ဟားဗတ် ကျောင်းသူ၊ ကျောင်းသား၊ လူငယ်များ ဖြစ်စေ၊ မက်ဆာချူးဆက် တစ်ခွင်မှ ကျောင်းသား လူငယ်များ ဖြစ်စေခေါ်ယူ ကူညီစေ နိုင်ခွင့်လည်း ရမည် ဖြစ်ပါသည်။

ဘေလင်းနှင့် မုန်းလားတို့ကား တရုတ် (တိုင်ပေ) နှင့် တရုတ် (ဟောင် ကောင်) တို့မှာ မွေးဖွားခဲ့ သော်လည်း ယခုအခါ တရုတ်ပြည် ပြင်ပတွင် နေထိုင် နေကြသူများ ဖြစ်ကာ သူတို့၏ မဂ္ဂဇင်းများ အကြောင်း ဆလိုက်များစွာဖြင့် တင်ဆက် ကြသော်လည်း အခြား ကျောင်းသားများ၏ အကူ အညီကိုမူ မယူခဲ့ပါ။ ရှရီရာ မှာလည်း အက်ဆေး တစ်ပုဒ်အား ဖတ်ကြား သကဲ့သို့ တင်ဆက်မှုကို ပြုလုပ်ပြီး ဆလိုက် ပြသမှု ကိုပင် မလုပ်ချေ။ ကိုယ်ကမူ ပြည်တွင်းမှာ ရှိနေသည် ဖြစ်စေ၊ ပြည်ပတွင် ရောက်နေသည် ဖြစ်စေ အချိန်ပြည့် တွေးတောကာ ကြောင့်ကြ စိုက်နေသည့် ဖူးငုံဆယ် ကျော်သက် Teen မဂ္ဂဇင်း အကြောင်းကိုပင် ဟားဗတ်မှ ကျောင်းသားတစ်ဦး၊ ကျောင်းသူတစ်ဦး၊ မက်ဆာချူး ဆက်ရောက် မြန်မာကျောင်းသား၊ ကျောင်းသူ မောင်နှမ နှစ်ဦးတို့၏ အကူအညီဖြင့် တင်ဆက်ရန် စီစဉ်ဖြစ် ခဲ့ပါသည်။

Teen မဂ္ဂဇင်း၏ အခန်းကဏ္ဍ များမှာ စုံလင်သည့် အပြင် လူငယ်များ ကိုယ်တိုင် ရေးသား ပေးပို့သည့် အချို့သော စာမူများမှာ ရှားရှားပါးပါး တန်ဖိုးများ ရှိသဖြင့် လူငယ်များ၏ အကူအညီဖြင့် အသက်ဝင်အောင် တင်ဆက် ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ HIV ဝေဒနာကို သိမ့်သိမ့်သည်းသည်း ခံစား နေရသည့် အသက် ၂၀ အရွယ် မိန်းကလေး တစ်ဦး၏ သူ မကွယ်လွန်မီ ရေးသား သွားခဲ့ပြီး ကွယ်လွန်ပြီးပါက Teen မဂ္ဂဇင်း ထံ ပို့ပေးရန် မှာကြားထားခဲ့သည့် စာမူနှင့် ကချင်ပြည်နယ် အစွန်အဖျား ရွာလေး တစ်ရွာမှာ အဘိုး အဘွားနှင့် အတူ နေထိုင် နေရသည့် အသက် ၁၆ နှစ် အရွယ် ဟင်းသီးဟင်းရွက် ခေါင်းရွက်ဗျပ်ထိုး ဈေးသည်လေး၏ အတွေ့ အကြုံဖလှယ် စာမျက်နှာ ကဏ္ဍအတွက် စာမူတို့ အပါအ၀င် စာမူအချို့အား ကျောင်းသား လူငယ်များကို ဖတ်စေခဲ့ပါသည်။

ထို့ပြင် လက်သစ် ကဗျာဆရာ ယက္ခ၏ “ကျွန်တော်နေတဲ့ မြို့ကလေး” အမည်ရ ကဗျာရှည်မှာ သူ နေထိုင်ခဲ့ ရသော နေရာမှာ မြို့ကလေး တစ်မြို့ အတွင်းတွင် အကျုံးဝင်သော်လည်း သူ့ အနေဖြင့် မြို့ကလေး အကြောင်း ကိုယ်တိုင်ကိုယ်ကျ ဘာဆိုဘာမျှ မသိခဲ့ရသည့် အနေအထား အကြောင်း စပ်ဆို ထားသည့် ကဗျာဖြစ်ပြီး ထိုကဗျာအား ဘာသာပြန်ကာ အစ္စရေး စစ်သားအဖြစ် တစ်နှစ်တာမျှ တာဝန်ထမ်းဆောင် ခဲ့ရဖူးသော အသက် ၂၀ အရွယ် ဂျူးလူမျိုး ဟားဗတ်ကျောင်းသား တစ်ယောက်အား ဖတ်ကြားစေခဲ့ ပါသည်။

ထိုတင် ဆက်မှုမှာ မဂ္ဂဇင်း တစ်အုပ်အား စာမျက်နှာ လှန်ကာ ဖတ်ရဘိ သကဲ့သို့ ဖြစ်ရန် ရည်ရွယ်ထားပြီး အခမ်းအနား အစီအစဉ် ဖြစ်သော မာတိကာ စဉ်ကို စီစဉ်သူ ဂျိန်းအန်ရူးမှ ကိုယ်တိုင် ပြုလုပ်ခဲ့ ပါသည်။ ကြက်သွေးနီ အသိုင်းအ၀ိုင်းမှာ စာဖတ်အားရော အနုပညာ ခံစားနိုင်အားပါ ကောင်းမွန် လှသဖြင့် ထို “အသက် ၀င်နေသော မဂ္ဂဇင်း” တင်ဆက်မှုသည် အထူးအောင်မြင် ခဲ့သည်ဟု ဆိုရပါမည်။ သည်တင်ဆက်မှုမှာ ကိုယ်တို့ တွေ့ကြုံနေကျ စာပေ ဟောပြောပွဲမျိုး မဟုတ်သကဲ့သို့ ကဗျာရွတ်ပွဲ၊ ၀တ္ထုဖတ်ပွဲ၊ စာကြည့်သင်း လှုပ်ရှားမှု ပွဲမျိုးလည်း မဟုတ်ပါချေ။

တင်ဆက်မှုတွင် အခမ်းအနား အစီအစဉ် ဟူသရွေ့ မရွတ် ဖတ်ပါဘဲ မာတိကာ စဉ်အဖြစ်သာ ဂျိန်းက ပြောကြားကာ ကိုယ်တို့က ဆောင်းပါး တင်ဆက်သူများ အဖြစ် တင်ဆက် ခဲ့ကြပါသည်။ တင်ဆက်သူများ အားလုံးက အခန်း၏ ဘယ်အစွန်ခုံများ တွင်သာ ရှေ့နောက် စီတန်းကာ ထိုင်ခဲ့ကြပြီး မိမိ၏ အလှည့်ရောက်လျှင် စင်ပေါ်သို့ တက်ကာ တင်ဆက်ပြီး နောက်စင်ပေါ်မှ ပြန်လည် ဆင်းလာသည့် အခါ စင်၏ ညာဘက်မှ ဆင်းကာ အခန်း တစ်ခုလုံးအား တစ်ပတ် ပတ်ပြီးမှ မိမိ ထိုင်ခဲ့သော အစွန်ဆုံး အတန်းဘက် ပြန်လျှောက်လာကြ ရပါသည်။ စင်ပေါ်တက်ရန် မတ်တတ် ရပ်ကြသည့် အခါ တင်ဆက်မည့်သူ အားလုံးမှ တစ်ပြိုင်နက် ရပ်ကြကာ စင်ပေါ်တက် သွားသူ၏ နေရာတွင် သူ့နောက် ကပ်လျက်မှ တင်ဆက်သူက ၀င်ထိုင်ခြင်းဖြင့် တင်ဆက်သူများ အသီးသီး ရှေ့သို့ တစ်ခုံ စာစီရွေ့သွားကြသည့် အတွက် မိမိအလှည့် ပြီးသဖြင့် စင်ပေါ်မှ ဆင်းကာ အခန်း တစ်ပတ်ပတ်ပြီး လူအုပ် အနောက်မှ ပြန်လာသည့် အခါ နောက်ဆုံးမှာ လွတ်ကျန်နေသည့် ထိုင်ခုံတွင် ပြန်ထိုင်ခြင်းဖြင့် စာမျက်နှာများကို စာရွက်လှန် ဖတ်ရှုသကဲ့သို့ ဖြစ်သွား စေရန်လည်း စီစဉ် ထားပါသည်။ ထို့ကြောင့် ထိုတင်ဆက်မှုမှာ ဆန်းသစ်နေကာ ပရိသတ်၏ အားပေး အာရုံကျမှုကို အတော်ကြီး လက်ခံ ခဲ့ရပါသည်။

ထိုတင်ဆက်မှု မျိုးအား မြန်မာ ပရိသတ် အတွက် တင်ဆက် ပြသလို စိတ်မှာ ထိုစဉ် ကတည်းက ရှိနေ ခဲ့သော်လည်း စာပေပွဲ ဆိုလျှင် ဟောပြောပွဲ မျိုးသာ တွင်ကျယ်နေသဖြင့် ထိုတင်ဆက်မှု မျိုးအား ပရိသတ်၏ တုံ့ပြန်မှုကို မမှန်းတတ် ခဲ့ချေ။ သို့သော် မြန်မာစာပေ ဟောပြောပွဲနှင့် မတူသည့် စာပေပွဲ တော်များစွာကို တက်ရောက် ခဲ့ဖူးသည့် ကိုယ့်မှာ ထိုစာပေ တင်ဆက်မှုမျိုး ဆောင်ရွက်နိုင်ရန် အမြဲပင် ကျိတ်ကြံနေ ခဲ့သည်ဟု ဆိုရပါမည်။ ယခုအခါ ကိုယ်ကိုယ်တိုင် တည်းဖြတ်နေသည့် ဖူးငုံဆယ် ကျော်သက် မဂ္ဂဇင်းမှာ သက်တမ်း ကိုးနှစ်ပြည့်မြောက် လာခဲ့ပြီ ဖြစ်သကဲ့သို့ လူငယ် ကလောင်သစ် များစွာကို ပေါင်းသင် မြေတောင်မြှောက် ပေးခဲ့ပြီးလည်း ဖြစ်ရာ ထိုလူငယ် ကလောင်ရှင်များ၏ အကူအညီ ဖြင့်ပင် ကြက်သွေးနီတွင် တင်ဆက် ဖြစ်ခဲ့သော အသက်ဝင် နေသည့် မဂ္ဂဇင်း တင်ဆက်မှုမျိုးကို စက်တင်ဘာ ၂၅ ရက်နေ့က တော်ဝင်နှင်းဆီ ခြံတွင် အကောင် အထည်ဖော် တင်ဆက်ဖြစ် ခဲ့ပါပြီ။ ဂျိန်းထံသို့လည်း အီးမေးလ်ဖြင့် ထိုသို့ တင်ဆက် မည်ဖြစ်ကြောင်း ပြောကြားရာတွင် ဂျိန်းမှလည်း ၀မ်းပန်းတသာ ရှိခဲ့ပါသည်။ အညို၏ စာပေ ပွဲတော်နှင့် ပုံသဏ္ဌာန် မတူသည့် စာပေပွဲတော် တစ်ခုကို ကြက်သွေးနီ ရင်ခွင်တွင် သာမက ကိုယ့်မြေ ပေါ်မှာပါ တင်ဆက်ခွင့် ရခဲ့ခြင်း သည်လည်း အထူးပင် ကျေနပ် ကြည်နူးရသော အခွင့် အရေးပင် ဖြစ်ပါသည်။

လက်စလီ၏  ဓာတ်ပုံပြပွဲ

ဖော်ပြပါ တင်ဆက်မှုမှာ ကြက်သွေးနီ့ အသိုင်းအ၀ိုင်းတွင် ဖြစ်သည့်တိုင် ကိုယ့်မိခင် ဌာနဖြစ်သည့် ရက်ကလစ်ဖ်၏ လှုပ်ရှားမှု မဟုတ်ချေ။ ဟားဗတ် ဆေးတက္ကသိုလ်၏ ပထမနှစ်နှင့်  တတိယနှစ် ဆေးကျောင်းသား များအား ဟောပြောမှု အပါအ၀င် ဟားဗတ် တစ်ခွင်တွင် ဟောပြောမှု များစွာကို လုပ်ဖြစ် သော်လည်း မိခင်ဌာန ဖြစ်သည့် ရက်ကလစ်ဖ်နှင့် တိုက်ရိုက် မသက်ဆိုင်သည် များလည်း ရှိနေခဲ့ပါသည်။ ထိုသို့သော လှုပ်ရှားမှု များကို ကိုယ်အပါ အ၀င် Fellow တိုင်း လိုလိုမှ ဆောင်ရွက် ကြမြဲလည်း ဖြစ်ပါသည်။ Fellow တိုင်း လိုလိုတွင် မိမိတို့အား ကူညီထောက်ပံ့ ပေးသော အခြားဌာန တစ်ခုခု ရှိနေတတ် သဖြင့် ထိုဌာန၏ လှုပ်ရှားမှု များကို လည်း Fellow များက ပါဝင်ကြခြင်း ဖြစ်ပါသည်။
မိခင် ဌာနမှ လှုပ်ရှားမှုများ မှာလည်း အပတ်စဉ် ရှိနေမြဲ ဖြစ်သဖြင့် ရက်ကလစ်ဖ်မှ ဆွေးနွေးပွဲ များကိုလည်း ကိုယ်တို့မှာ အတတ်နိုင်ဆုံး မှန်မှန်တက်ရောက် ဖြစ်ကြပါသည်။ သည်နှစ်အတွက် Fellow များတွင် အာဖရိ ကန်နွယ်ဖွား နှစ်ဦး ပါဝင်ကာ နှစ်ဦးစလုံးမှာ အနုပညာ သမားများချည်း ဖြစ်ကြပေသည်။ ယင်းတို့အနက် Leslie Hewitt မှာ ဓာတ်ပုံနှင့် ပန်းပုပညာရှင် ဖြစ်သကဲ့သို့ အချိန်၏ ရွေ့လျားမှု အပြောင်း အလဲကို ခံစားသော တပ်ဆင် မှု အနုပညာ မျိုးကိုလည်း ဖန်တီးသူ အာဖရိကန် အမျိုးသမီး ဖြစ်ပါသည်။ သူတင်ပြသည့် ဌာနတွင်း ဓာတ်ပုံပြပွဲမှာ အမြင်ရော အတွေးပါ ဆန်းသစ်သဖြင့် ကိုယ်အပါ အ၀င် Fellow အားလုံး လိုလိုက သဘောကျ နှစ်ခြိုက်ခဲ့ရပါ သည်။ လက်စလီက ဌာနမှ ပေးထားသော ရုံးခန်းတွင် အချိန်သိပ် မပေးတတ်ဘဲ သူ့ဓာတ်ပုံ စတူဒီယို တွင်သာ အနေ များသည့်တိုင် Fellow များနှင့် ခင်ခင် မင်မင် နေတတ်သူ၊ အမြဲ မျက်နှာချိုရွှင် သူပါ။

သူက နယူးယောက်သူ ဖြစ်ကာ နယူယောက်ရှိ အာဖရိကန်များ နေထိုင်ရာ နာမည်ကျော် ဟာလမ်း ရပ်ကွက်ရှိ အနု ပညာပြတိုက် နှင့်တကွ နာမည်ကျော် နယူးယောက် အနုပညာ ပြတိုက်ကြီးတွင်ပါ  ဓာတ်ပုံပြပွဲများကို တင်ဆက်ခဲ့ဖူး သူလည်း ဖြစ်ပါသည်။ နာမည်ကျော် ယေးလ် အနုပညာ တက္ကသိုလ်နှင့် နယူးယောက် အနုပညာ ကျောင်းဆင်းဖြစ်ကာ သူတင်ပြ လေ့ရှိသော ဓာတ်ပုံများမှာ ရှေးခေတ်နှင့် ယခုခေတ် ယဉ်ကျေးမှု ပုံရိပ်များကို နိုင်ငံရေး အတွေးများဖြင့် ရောယှက်ကာ တင်ပြခြင်း ဖြစ်ပါသည်။ ထူးခြားချက် နောက်တစ်ခုမှာ ဓာတ်ပုံဟောင်း များအား ကြမ်းပြင်ဖြစ်စေ၊ နောက်ခံ တစ်ခုခုတွင် ဖြစ်စေ စိတ်ကြိုက် ဖြုတ်လုပ် တပ်ဆင်ကာ ထိုပြုလုပ် ချက်ကိုမှ  ဓာတ်ပုံပြန်ရိုက်ပြီး ထိုဓာတ်ပုံ များကို ပြသခြင်း ဖြစ်ပါသည်။

အခြား ပညာရှင်များ
လက်စလီနှင့် မတူသည့် အခြား Fellow အမျိုးသမီးများ အကြောင်းကိုလည်း ပြောပြချင်ပါသည်။ သည်နှစ် ရက်ကလစ်ဖ် Fellow အစီ အစဉ်တွင် ကံအကောင်းဆုံး နှစ်ဦးဟု သူတို့ကိုယ် သူတို့ သတ်မှတ်ထား ကြသည့် အမျိုးသမီး သင်္ချာ ပညာရှင်များ အကြောင်းက စရပေမည်။ သူတို့နှစ်ဦးမှာ သူငယ်ချင်းများ ဖြစ်ကာ သင်္ချာနှင့် ပတ်သက်သည့် သုတေသန တစ်ခုကို နှစ်ဦးပူးတွဲကာ ဆောင်ရွက်ရန် ဆန္ဒ ရှိကြသူများ ဖြစ်ကြပြီး ရက်ကလစ်ဖ်သို့ နှစ်ယောက် အတူတကွ လျှောက်လွှာ တင်ခဲ့ကြခြင်း ဖြစ်ပါသည်။

လျှောက်လွှာ အစောင် ၈၀၀ကျော်တွင် လေးဆယ် ၀န်းကျင်သာ ရွေးသည့် သည်အစီ အစဉ်တွင် သူတို့ နှစ်ဦးစလုံး တစ်နှစ်တည်းမှာ အတူတကွ အရွေးခံ ကြရရန် မလွယ်ကူသော်လည်း သူတို့နှစ်ယောက်မှာမူ အရွေးခံ ကြရပါသည်။ ထို့ကြောင့် သူငယ်ချင်း နှစ်ဦးက ကံအကောင်းဆုံးဟု ခံယူကာ သင်္ချာ စဉ်းစားခန်းများ၊ တွက်ချက်မှုများကို အားသွန်ခွန်စိုက် လုပ်နေကြလေ့ ရှိခြင်းပင်။ သူတို့မှာ Andrea R. Nahmod နှင့် Gigliola Staffilani  ဖြစ်ကြပြီး Andrea က ယောက်ျားဆန်ကာ Gigliola ကမူ ပွင့်လင်းသည့် အမျိုးသမီး ပညာရှင်ပါ။ သူတို့ နှစ်ယောက်လောက် ဦးနှောက်စားသော၊ စာသင်ခန်း သင်ပုန်းကို သုံးသော Fellow လည်း မရှိပါချေ။ Andrea သည် University of Massachus etts at Amherst တက္ကသိုလ်မှ သင်္ချာ ပါမောက္ခ ဖြစ်ပြီး ယေးလ် တက္ကသိုလ်မှ သင်္ချာ ပီအိပ်ခ်ျဒီ ဘွဲ့ရခဲ့သူပါ။ သူက ပရင့်စတန် တက္ကသိုလ်၊ ဘာကလေ တက္ကသိုလ်နှင့် ပြင်သစ် တက္ကသိုလ်များတွင် ဌာနေသင်္ချာ ပါမောက္ခ အဖြစ်လည်းကောင်း၊ အမေရိကန် သင်္ချာ ပညာရှင်များ အဖွဲ့အစည်း ညီလာခံတွင် အဖွင့် မိန့်ခွန်းပြောသူ အဖြစ် လည်းကောင်း ဆောင်ရွက် ခဲ့သူလည်း ဖြစ်ပါသည်။ MIT အမ်အိုင်တီခေါ် မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်မှ သင်္ချာ ပါမောက္ခဖြစ်ပြီး ချီကာဂို တက္ကသိုလ်မှ သင်္ချာ ပီအိပ်ခ်ျဒီ ရခဲ့သူ ဖြစ်ပါသည်။ သူသည် လည်း ပရင့်စတန်၊ စတန်းဖို့ဒ်နှင့် ဘရောင်းတက္ကသိုလ်များတွင် ဌာနေ သင်္ချာ ပညာရှင် အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီးသူပါ။ သူတို့နှစ်ယောက် စလုံးမှာ လက်တင် အမေရိက သွေးများ ဖြစ်ကာ စကားပြောလျှင် အမေရိကန် လေသံ သိပ်မပေါက်ဘဲ လက်တင်သံ နှောနေဆဲ ဖြစ်ကြသည်။
ပညာရှင် ရင့်မကြီးများ ဖြစ်သည့်တိုင် ကလေးများနှယ် သင်္ချာ ညီမျှခြင်းများကို ဖြေရှင်းကြံဆ နေလေ့ရှိသော သူတို့ နှစ်ယောက်အား တွေ့ရတိုင်း အားအင်တိုးပွား ရသည်ချည်း။ သူတို့၏ သုတေ သနမှာ dispersive equations နှင့် ပတ်သက်ပြီး ပညာရှင် ဆန်လွန်းသဖြင့် နားလည်ရန် အလွန်အမင်း ခဲယဉ်းလှ ပါသည်။ သို့သော် သူတို့ကား ကိုယ်ကဲ့သို့သော ကျန် Fellow လူပိန်းများ နားလည်နိုင်ရန် အတတ်နိုင်ဆုံး ရှင်းပြကြ ပါသည်။ သို့သော် အများစုသော ကိုယ်တို့၏ မျက်ဝန်းများမှာ အူလည်လည် ဖြစ်ဖြစ် နေသေးရာ အရွှန်းဖောက်ရ သည်ကို နှစ်သက် သကဲ့သို့ အရယ်သန်သော Andre က သူတို့ ကျောင်းသူ ဘ၀က ပါမောက္ခဆရာကြီးတစ်ဦး  ပြောခဲ့ဖူးသော စကားတစ်ခွန်းကို ထုတ် ဖော်ကာ အားပေးရှာပါသည်။ “ဆရာက ပြောပါတယ်။ မင်းတို့ နားလည် မှာလည်း မဟုတ်ပါဘူး ဆိုပြီး ပညာရပ် ဆိုင်ရာ ဟောပြောပွဲ တွေကို သွားမတက်ဘဲ မနေကြပါနဲ့။ မင်းတို့ နားမလည် ပေမယ့် ခံစားလို့တော့ ရမှာပါ” တဲ့။ သူ့စကားကြောင့် ကိုယ်တို့အားလုံး ထပ်မံ ရယ်မော မိကြ ပြန်ပါပြီ။ အမှန်လည်း သူတို့ အဟောအပြော ကောင်းလှသဖြင့် ထိုခက်ခဲ နက်နဲလှသော အဆင့်မြင့် သင်္ချာအကြောင်း နားမလည်ခဲ့ သည့်တိုင် ခံစား၍ မူကောင်းကောင်းကြီး ရခဲ့ပါသည်။

သည်နှစ် ရက်ကလစ်ဖ် အစီအစဉ်သည် သင်္ချာပညာ ကုံထံများ၏ နှစ်ဟု ဆိုရမတတ် သင်္ချာပညာရှင် အများအပြား ပါဝင်ခဲ့ရာ Andrea R. Nahmod  နှင့် Gigliola Staffilani တို့အပြင် နောက်ထပ် ပါဝင်ခဲ့သော အမျိုးသမီး သင်္ချာ ပညာရှင်မှာ ပြင်သစ်မှRachel Ollivier ဖြစ်ပါသည်။ သူကမူ စာသင်နှစ်ကုန် ခါနီးမှ ရုံးခန်းသို့ ပေါ်လာသူ ဖြစ်သော်လည်း အားလုံးနှင့် အဆင်ပြေသူပါ။ သူက ပါရီမှာ စာသင်တန်းများ လက်မလည်အောင် များနေခဲ့သူ ဖြစ်သဖြင့် အချိန်ပိုင်းသာ ရက်ကလစ်ဖ်သို့ လာနိုင်သူပင်။ ငယ်ငယ်ချောချော ပြင်သစ်သူ သင်္ချာ ပညာရှင် Rachel မှာလည်း ကိုယ်တို့ အားလုံးလိုလို သဘော မပေါက်နိုင်သည့် နက်နဲသော the p-adic and mod p local Langlands conjectures အကြောင်းကို သုတေသန ပြုနေပါသည်။ သူ့ဟောပြောပွဲ ကိုလည်း ကိုယ့်မှာ ခံစားရုံ ခံစား ဖြစ်ခဲ့ပေ၏။ သူတို့ တင်ပြမှုထက် ပိုမိုရှင်းလင်း သယောင်နှင့် ပိုမို နက်နဲ ရှုပ်ထွေးသော သင်္ချာ အတွေးများကို သုတေသန ပြုနေသူ နောက်တစ်ဦးမှာ Ben J. Green ပင်။ သူကမူ အင်္ဂလန်နိုင်ငံ ကိန်းဘရစ်ခ်ျ တက္ကသိုလ်မှ ဖြစ်ကာ ခရီးတိုများနှင့် မိတ်ဆုံ စားပွဲများကို ဦးဆောင် တတ်သူလည်း ဖြစ်ပါသည်။ သူ သုတေသန ပြုနေသည့် သင်္ချာ ပညာရပ်၏ အစိတ်အပိုင်းမှာ အသစ်ဖြစ်သော additive combinatorics အကြောင်းနှင့် Discrete Rigidity Phenomena အကြောင်းဖြစ်ကာ မူလ ကိန်းဂဏန်းများ prime numbers အား အထူး စိတ်ဝင်စား သူလည်း ဖြစ်ပါသည်။ သူက သင်္ချာဘာသာ ရပ်ဆိုင်ရာ ကမ္ဘာကျော်ဆု မြောက်မြားစွာ ရထားသူ ဖြစ်သကဲ့သို့ အသက် ၂၉ နှစ်မှာပင် ဆုရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် သတ်မှတ် ဂုဏ်ပြု ခံခဲ့ရသူလည်း ဖြစ်ပါသည်။ သူ့ကို အမြဲတစေ ပိန်ပိန်ပါးပါး ပြေးပြေးလွှားလွှား တွေ့ရတတ်ပြီး သူ့ဟောပြောပွဲမှာ မူ ခံစားရသကဲ့သို့ နားမလည့်တလည် လည်း ဖြစ်ခဲ့ရပါသည်။

ထိုထိုသော ပညာကုံထံ များ၏ ဘာသာရပ် ဆိုင်ရာ ဟောပြော ပွဲများသည် ကိုယ့်အတွက် နားမလည် သည့်တိုင် ခံစားရ နိုင်သည့်အပြင် ယခု အခါတွင် ပညာရပ်များ မရပ်မနား ထွန်းကား တိုးတက် နေသည်မှာ ထိုကဲ့သို့သော ပညာကုံထံ များ၏ အပတ်တကုတ် အားထုတ်မှု ကြောင့်ဟု ယုံကြည် ကျေးဇူးတင် ဖြစ်ခဲ့ရ ပါသည်။ သို့ဖြင့် ကြက်သွေးနီ၏ နေ့ရက်များသည် အကျိုးများ သကဲ့သို့ ပညာစက်ဝန်း ကျယ်ပြော အေးချမ်းခဲ့ရ ပါတော့သည်။
(ဆက်လက်ဖော်ပြပါမည်)
မသီတာ၊စမ်းချောင်း၊
(ရွှေအမြုတေ မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၁)

No comments:

Post a Comment