Friday 18 November 2011

ဂိမ်းကြောင့် ကြမ်းတာလား၊ ကြမ်းလို့ ဂိမ်းစွဲတာလား

 

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက PAC-MAN ဆိုတာ နာမည်ကြီး ကွန်ပျူတာ ဂိမ်းပေါ့။
ဖလော်ပီဒစ်လို့ ခေါ်တဲ့ ကွန်ပျူတာ မှတ်ဥာဏ်ပြားကို စက်ထဲထည့်ပြီး မိနစ် နှစ်ဆယ်လောက် စောင့်မှ ဂိမ်းစ ကစားလို့ ရမှာပါ။ ဒါပေမဲ့ တစ်ခါ တလေမှာလည်း လမ်းတစ်ဝက်မှာတင် ဂိမ်းကပြုတ်ကျ ပြုတ်ကျ သွားတတ် သေးတာပါ။ ဂိမ်းက တက်လာပြီလား ဆိုရင်တော့ အ၀ါရောင် စက်ဝိုင်းလို ပါးစပ်ကြီး တစ်ခုက ဂျယ်လီ ငါးလို ပျော့တွဲတွဲ ပြောင်းဖူးကြီးကို ရွေ့ရွေ့ပြီး ကိုက်စားလို့ပေါ့။ အဲဒါလည်း မိနစ် နှစ်ဆယ်လောက်ပဲ ခံပါတယ်။

ပြီးရင်တော့ ခါတိုင်းလိုပဲ စက်ဘီးစီးချင်စီး၊ သစ်ပင်တက်ချင်တက်၊ နေရောင်နဲ့ ဝေဟင်ထဲမှာ ကျန်းမာရေး ကောင်းစေမယ့် အားကစားတွေ ကစားကြပေါ့။ ဒီနေ့ခေတ်ကတော့ ဂိမ်းဆိုတာ နောက်ကမ္ဘာ တစ်ခုဆီ ထွက်ပြေး သွားတာမျိုးပါ။ အွန်လိုင်း အဖွဲ့အစည်း ဆိုတာ တခြား ကမ္ဘာက သူတွေနဲ့ စစ်ဖြစ်ကြတဲ့ နေရာပေါ့။ တချို့လူငယ်တွေ အတွက် ဂိမ်းဆိုတာ ပျော်စရာ အပန်းဖြေနည်း တစ်ခုလေ။ လက်တွေ့ ဘ၀ကနေ ထွက် ပြေးတဲ့နည်းပေါ့။ ဒီလိုနဲ့ တချို့ လူငယ်တွေက ဒီထူးခြား ဆန်းကြယ် ကမ္ဘာလေးကို စွဲလမ်းစ ပြုလာပါတယ်။

စင်ကာပူနိုင်ငံ အမျိုးသား ပညာရေး တက္ကသိုလ်ရဲ့ စိတ်ပညာ လေ့လာရေး ဆိုင်ရာ တွဲဖက် ပေါမောက္ခဒေါက်တာအိန်ဂျလင်းခူးက ပြဿနာ အစစ်က ဘာကို စွဲလမ်း နေတယ်လို့ ခေါ်လဲ၊ ဘာလို့ ကွန်ပျူတာ ဂိမ်းတွေက စွဲလမ်းစရာ ဖြစ်ပြီး တခြား အပန်းဖြေနည်းတွေက စွဲလမ်းစရာ မဖြစ်ရတာလဲ ဆိုတာ လေ့လာဖို့ ဖြစ်ကြောင်း ပြောပါတယ်။

အမှန်တော့ အန္တရာယ် မဖြစ်စေတဲ့ ဂိမ်းကစားခြင်းနဲ့ အန္တရာယ် ဖြစ်စေတဲ့ ဂိမ်းကစားခြင်း ကြားမှာ နယ်နိမိတ် ခြားနား နေပါတယ်။ ဒါပေမဲ့ အဲဒီ နယ်နိမိတ်ကို ရှာဖို့ သိပ်ခက်ပါတယ်လို့ ဒေါက်တာခူးက ဆက်ပြောပါတယ်။ ဒီနယ်နိမိတ်ဟာ လူပုဂ်္ဂိုလ် အပေါ်မှာရော၊ အခြေအနေ အပေါ်မှာပါ မူတည်ပါတယ်။ ဒီနေရာမှာ ဂိမ်းစွဲတဲ့ အပြုအမူတွေကို ကြည့်ကြရအောင်ပါ။

ဂိမ်းစွဲတဲ့ အပြုအမူ
ဒေါက်တာခူးရဲ့လေ့လာချက် အရ အောက်မှာ ဖော်ပြမယ့် မေးခွန်းတွေကို ဖြေတဲ့အခါ အမေး ငါးခုထက် ပိုပြီး “မှန်ပါတယ်”လို့ဖြေရင် အန္တရာယ် ဖြစ်စေနိုင်တဲ့၊ ရောဂါအဖြစ် သတ်မှတ်နိုင်တဲ့ ဂိမ်းစွဲခြင်း အပြုအမူ ရှိနေပြီလို့ ဆိုလိုပါတယ်တဲ့။
၁။ ကွန်ပျူတာနဲ့ ဗီဒီယိုဂိမ်းတွေကို အချိန်ပေးလွန်းလို့ သင်ကျောင်းစာ မလုပ်နိုင် ဖြစ်နေသလား။
၂။ ကွန်ပျူတာနဲ့ ဗီဒီယို ဂိမ်းတွေကို ကစားဖို့ အတွက် သင့်အနေနဲ့ ကျောင်းစာ တချို့ မလုပ်ဖြစ်တာမျိုး၊ ကျောင်းက လှုပ်ရှားမှု တစ်ခုခုကို မပါဖြစ်တာမျိုး ရှိသလား။
၃။ ကိုယ့်စိတ်ခံစားမှုတွေ လှုပ်ခတ်သွားဖို့ ကွန်ပျူတာနဲ့ ဗီဒီယိုဂိမ်းတွေကို အချိန် ပိုကြာကြာနဲ့ ငွေပိုများများ သုံးပြီး ကစားဖို့ လိုအပ်နေပြီလား။
၎။ ကိုယ့်ပြဿနာတွေ၊ စိတ်ပျက် အားငယ်မှုတွေနဲ့ စိတ်ဖိအားတွေက လွတ်မြောက်အောင် ကွန်ပျူတာနဲ့ ဗီဒီယိုဂိမ်းတွေကို ကစားနေတာလား။
၅။ ကွန်ပျူတာနဲ့ ဗီဒီယိုဂိမ်းတွေ အကြောင်း ပိုပိုပြီး တွေးနေမိသလား။
၆။ သူငယ်ချင်း တစ်ယောက်ယောက်ဆီက ဗီဒီယို ဂိမ်းကို ခိုးယူဖူးသလား။ ဒါမှမဟုတ် ဗီဒီယိုဂိမ်း ၀ယ်ဖို့ ပိုက်ဆံ ခိုးဖူးသလား။
၇။ ကွန်ပျူတာနဲ့ ဗီဒီယိုဂိမ်းတွေ လျှော့ကစား
ဖို့ ဒါမှမဟုတ် ခဏနားဖို့ ကြိုးစား ကြည့်ရာမှာ မအောင်မြင် ဖြစ်ဖူးသလား။
၈။ ကွန်ပျူတာနဲ့ ဗီဒီယိုဂိမ်းတွေ ကစားတာ လျှော့ချဖို့နဲ့ နားဖို့ ကြိုးစားတဲ့အခါ စိတ်တိုလာတာ၊ ဒေါသ ဖြစ်လာတာမျိုး ရှိသလား။
၉။ မိဘနဲ့ သူငယ်ချင်းတွေကို ကိုယ် ဘယ်လောက် အချိန်ကြာကြာ ကွန်ပျူတာနဲ့ ဗီဒီယိုဂိမ်းတွေ ကစားနေတယ် ဆိုတာ လိမ်ညာ ပြောဖူးသလား။
၁၀။ ကွန်ပျူတာနဲ့ ဗီဒီယိုဂိမ်းတွေ ကစားဖို့အတွက် ငွေချေး ဖူးသလား။
ဒီလက္ခဏာမျိုးတွေထဲမှာ ကျောင်းစာကို ထိခိုက်တာမျိုးက ပြဿနာပေါ့။ ကျောင်းပိတ်ရက်တွေမှာ ဂိမ်းကစားတာ ပြဿနာ သိပ်မရှိပေမယ့် ကျောင်းဖွင့်ရက်တွေမှာတော့ ပြဿနာ ရှိပါတယ်။ တချို့ လူငယ်တွေ အနေနဲ့ အန္တရာယ် ဖြစ်စေတဲ့ ဂိမ်းကစားမှုနဲ့ အန္တရာယ် မဖြစ်စေတဲ့ ဂိမ်းကစားမှု ကြားက နယ်နိမိတ် မျဉ်းလေးကို ကူးချည်သန်းချည် ဖြစ်နေတတ်ပြီး တချို့က အန္တရာယ် နယ်နိမိတ်ထဲက ပြန်မထွက် လာနိုင်တော့ဘဲ ဖြစ်သွား တတ်ကြပါတယ်။

ဒီနေရာမှာ တချို့ကလေးတွေက ဘာဖြစ်လို့ အဲဒီလို အန္တရာယ် ရှိတဲ့ ဂိမ်းကစားခြင်းကို အချိန်ပေါင်း များစွာ ကစားပေမယ့် တချို့ကလေးတွေကတော့ ဘာဖြစ်လို့ စာဂျပိုးလေးတွေ ဖြစ်လာကြပါသလဲ။ စာဂျ ပိုးလေးတွေ ကြားမှာလည်း ဟယ်ရီပေါ်တာကို စွဲလမ်းနေပြီး ဟယ်ရီပေါ်တာထဲက အတိုင်း ဘာပဲလုပ်လုပ်
အလွန်အကျွံ လုပ်သလို နည်းနည်းလေးလည်း ထူးနေတတ်ပါတယ်။ ဒါပေမဲ့ အဲဒါက ဘာပြဿနာမှ မဖြစ်တာ ဘာကြောင့်ပါလဲ။ ဒေါက်တာခူးရဲ့ အဆိုအရတော့ စာအုပ်ကို စွဲလမ်းသူတွေမှာ အလွန်အကြူး စွဲလမ်းလာရင်
သူတို့ရဲ့ အပြုအမူတွေက ထူးခြား လာတတ်ပေမယ့် စာအုပ် မဖတ်တော့တဲ့ အချိန်မှာ တကယ့်လက်တွေ့ ဘ၀ထဲကို အလွယ်တကူ ပြန်လည် ရောက်ရှိသွားဖို့ ဆိုတာ လွယ်ပါသတဲ့။ စာအုပ် စွဲသူတွေ အနေနဲ့ စာအုပ်ထဲမှာ ကျန်နေခဲ့တာမျိုး၊ စာအုပ်ထဲက ဇာတ်ကောင်လို ဖြစ်သွားတာမျိုး ဖြစ်ဖို့က မလွယ်ပါဘူးတဲ့။

ကွန်ပျူတာ ဂိမ်းတွေမှာတော့ ဇာတ်ကောင်တစ်ကောင်ကို ကိုယ်က ဖန်တီးပြီးရင် အဲဒီ ဇာတ်ကောင်ရဲ့အစိတ်အပိုင်းဟာ ကိုယ်ဖြစ်လာပြီး ဂိမ်းထဲမှာ နစ်ဝင် သွားတတ်ပါသတဲ့။ ဒါကြောင့် အတိုင်းအတာ တစ်ခုအထိ လက်တွေ့ဘ၀ လိုအပ်ချက်တွေဟာ ဂိမ်းထဲမှာ ပါသင့်လှပါတယ်။

ဒါမှလည်း ဂိမ်းတွေ ကစားရင်းနဲ့ပဲ လူမှုဘ၀ကို သိနေနိုင်မှာပါ။ ဂိမ်းကစားရာမှာ ဂိမ်းဇာတ်ကောင်ကို ကိုယ်ကိုယ်တိုင်ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် မြင်တာဟာ အန္တရာယ်ပါ ဆိုရင် ဂီတ ပညာရှင် တချို့က သူတို့ တီးခတ်တဲ့ တူရိယာကို သူတို့ရဲ့ အစိတ်အပိုင်း တစ်ခုလို မြင်လေ့ရှိပြီး တစ်နေ့တစ်နေ့ အချိန်ပေါင်းများစွာ တီးခတ် နေတာကိုတော့ စွဲလမ်းနေတဲ့ ရောဂါအဖြစ် မသုံးနှုန်းကြဘဲ အနုပညာချစ် စိတ်လို့ သုံးကြတာကကော ဘာလို့ပါလဲ။ ဒေါက်တာခူးက တစ်ခုခုကို နှစ်ခြိုက်တဲ့စိတ်မှာ “အရူးအမူး”နဲ့“ဟန်ချက်ညီညီ”ဆိုပြီး ကွဲပြားမှုရှိတယ်လို့ ဆိုပါတယ်။

“လူတစ်ယောက်ဟာ တစ်ခုခုကို နှစ်ခြိုက်ရာမှာ ဘ၀ရဲ့ အစိတ်အပိုင်း တချို့နဲ့ အပေးအယူ မလုပ်နိုင်တာမျိုး
ရှိနိုင်ပါတယ်။ အဲဒီကနေ အနုတ်လက္ခဏာ ဆောင်တဲ့ အကျိုးဆက်တွေ ဖြစ်လာပြီ ဆိုရင် အဲဒါ အရူးအမူး နှစ်ခြိုက်မှုပဲပေါ့” လို့ ရှင်းပြပါတယ်။ အသိဉာဏ်ရှိတဲ့ အနုပညာ ဖန်တီး တင်ဆက်သူတွေ လိုပဲ ဂိမ်းကစားသူတွေဟာ စွဲလမ်းတတ်၊ ချစ်ခင် တတ်ပါတယ်။ ဒါကြောင့် ဂိမ်းစွဲနေတယ် ဆိုတဲ့ ရောဂါ တစ်ခုလို အန္တရာယ် အနက်ဆောင်တဲ့ အသုံးအနှုန်းမျိုးကို မသုံးသင့်ဘူးလို့ ဒေါက်တာခူးက ထောက်ပြပါတယ်။

ဂိမ်းကစားခြင်းရဲ့ ကောင်းကျိုးဆိုးပြစ် အပေါ် သုတေသန ပြုချက်တွေ မပါဘဲ ဒေါက်တာခူးက ပြောတာကတော့ “ဂိမ်း ကစားခြင်း အပေါ် သိပ်အမြင် မစောင်းသင့်ဘဲ အလွန်အကျွံ မကစားရင် ကောင်းတာတွေ ရှိနေတယ်”လို့ပါ။ နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ မိဘတွေ အနေနဲ့  ကလေးတွေနဲ့အတူ အချိန်ကို အကျိုးရှိအောင် သုံးတဲ့ အနေနဲ့ ဂိမ်းကို အတူလိုက် ကစား ကြည့်လိုက်ဖို့ပါ။ ကလေးတွေ အနေနဲ့လည်း စိတ်ရှည်လက်ရှည်နဲ့ လူကြီးတွေကို ဂိမ်းကစားနည်း သင်ပေး သင့်ပါသတဲ့။ သူတို့က မသင်ပေးရင်လည်း လူကြီးတွေကပဲ ဂိမ်းကစားနည်းကို သင်ယူပြီး သူတို့ကိုယ်တိုင် တွေ့ရသမျှကို အံ့သြ ကြည့်သင့်ပါတယ်လို့လည်း ဒေါက်တာခူးက ဆိုပါတယ်။

ဒေါက်တာခူးရဲ့ အတွေ့အကြုံ အရ တချို့မိဘတွေဟာ သူတို့ ကလေးတွေ အနေနဲ့ တကယ့် လက်တွေ့ ဘ၀မှာလည်း တခြား ဂိမ်းကစားသူတွေကို လမ်းညွှန် အကြံပေးနိုင်ပြီး ခေါင်းဆောင်မှု စွမ်းရည်တွေ ရှိနေတာကို သိရ တွေ့ရတဲ့တိုင် ဂိမ်းကစားဖို့ အချိန် မပေးနိုင် ဖြစ်နေတတ်ကြပါသတဲ့။ အဲဒီ မိဘမျိုး တွေကိုတော့ ဒေါက်တာခူးက ကလေးတွေကို ဂိမ်းအကြောင်း မကောင်း မပြောခင်မှာ ဂိမ်းအကြောင်းကို နားလည်အောင် အရင်လေ့လာ ထားသင့်သလို ကိုယ့်ကလေး အနေနဲ့ လက်တွေ့ ဘ၀မှာ ဘယ်လို အနေအထားမျိုး ရှိနေ တယ်ဆိုတာကိုပါ အချိန်ပေး လေ့လာသင့်တယ်လို့ အကြံပေးပါတယ်။
ဂိမ်းကစားတာဟာ တကယ်တော့ ကလေးတွေကို တာဝန်သိအောင် သင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒေါက်တာခူးဟာ အမေရိကက ဂိမ်းကစားသူ ကလေးမလေး တစ်ယောက်နဲ့ သူ့သုတေသန အတွက် တွေ့ရာမှာ ကလေး မလေးက သူ့အမေဟာ သူ ဂိမ်းကစားတာ အချိန်ကြာနေရင် အော်တတ် ကြောင်း၊ သူကလည်း အချိန် အကြာကြီး ကစားပြီးမှ နားလိုက်တာမျိုးထက် အချိန်တိုတိုလေး ကစားလိုက်တဲ့ အခါမျိုးမှာ ပိုအဆင်ပြေတတ်ကြောင်း၊ ဂိမ်း ကစားခြင်းအားဖြင့် သူ့ရဲ့အပြုအမူတွေ အတွက် သူ ဘယ်လို တာဝန်ယူရ မယ်ဆိုတာ သင်ယူမိကြောင်း၊ ကစားချိန်နဲ့ ကြည်နူး ရချိန်တို့ကို ချိန်ထိုးပြီး သူ့အတွက် ဂိမ်း ကစားရခြင်းရဲ့အရင်းအနှီးနဲ့ အကျိုးအမြတ်ကို လေ့လာ တတ်လာကြောင်းတွေကို သိလာရပါ တယ်။ ကလေးမလေးရဲ့အသက်က ဆယ့်လေးနှစ်သာ ရှိသေးပြီး သူ့ရဲ့ရင့်ကျက်မှုက သူ့အသက် ထက် အများကြီး ရှေ့ရောက်နေတာကို အံ့သြဖွယ် တွေ့ရှိရပါတယ်။

အန္တရာယ်ရှိတဲ့ အချက် တစ်ခုကို ဒေါက်တာခူး ထောက်ပြတာကတော့ ရုန့်ရင်း ကြမ်းတမ်းတဲ့ ဂိမ်းတွေဟာ ပြင်းထန် ကြမ်းတမ်းတဲ့ အပြုအမူတွေကို ဖြစ်စေနိုင်တာပဲ ဖြစ်ပါတယ်။ အဲဒီ အပြု အမူတွေမှာ ကိုယ်ကာယအားဖြင့် ရုန့်ရင်း ကြမ်းတမ်းတာမျိုး ဖြစ်နိုင်သလို သိက္ခာမဲ့၊ ဒေါမာန်ပွား စကားများ ပြောဆိုတာမျိုးလည်း ပါပါတယ်။ ဒီတော့ နောက်ဆုံးမှာ မေးစရာ နောက်တစ်ခု ပေါ်လာတာကတော့ ဂိမ်းကစားနည်း ဆိုတာ ရုန့်ရင်း ကြမ်းတမ်းတဲ့ အပြုအမူကို ဖြစ်စေတာလား၊ နဂိုကတည်းက ကြမ်းတမ်း ခက်တရော်သူတွေက ဂိမ်းကစားနည်းတွေကို စွဲလမ်း လာကြတာလား ဆိုတာပါ။ အဲဒီအတွက် သုတေသန လိုနေပါ သေးတယ်လို့ စင်ကာပူက လူငယ် မဂ္ဂဇင်း “Read”မှာ ဖော်ပြ ထားတာကို ဖတ်ရပါတယ်။

မေလ ၅ ရက်နေ့ထုတ် ပေါ်ပြူလာ သတင်း ဂျာနယ် စာမျက်နှာ ၆ မှာတော့ ဆောင်းပါးရှင် သူရထွန်း ရေးထားတဲ့“တူဖြစ်သူမှ ကြီးတော်အား ဓားဖြင့် ထိုးခဲ့သည့် ရွှေဂုံတိုင် လူသတ်မှု ကြမ်းကြုတ်သော ဂိမ်းကစားခြင်းများ၏ အကျိုးဆက် ပေလော” ဆိုတဲ့ သတင်း ဆောင်းပါးကို ဖတ်လိုက်ရပါတယ်။ ဖြစ်တာက ရန်ကုန် ရွှေဂုံရိပ်မွန် အိမ်ရာမှာ မေ ၁ ရက်နေ့ မနက် ၁၁ နာရီခွဲ လောက်ပါ။ အတူနေတူ ဖြစ်သူက ဂိမ်းဆိုင်မှာ ဂိမ်းကစားရင်း ရှိသမျှငွေ ကုန်သွားတဲ့အတွက် အိမ်ပြန်ပြီး ကြီးတော်ကို တောင်းရာမှာ ကြီးတော်က ဆူပူနေပြီး မပေးနိုင်ဘူး ပြောတဲ့အတွက် မီးဖိုချောင်ထဲက သားလှီးဓားနဲ့ ဆယ်ချက်ကျော် ထိုးသွင်းခဲ့တာပါ။ ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး အတူ နေ အစ်မ ၀မ်းကွဲဖြစ်သူ၊ သေဆုံးသူ ကြီးတော်ရဲ့ သမီးဖြစ်သူက ခုလိုပြောတယ်လို့ ဖတ်ရပြန်ပါ တယ်။ “အမေနဲ့ သူက ဟိုးအရင်ကလည်း ဘာပြဿနာမှ မဖြစ်ဖူးဘူး။ အိမ်မှာက သား ယောက်ျားလေး မရှိတော့ အမေက သူ့တူကို ငယ်ငယ်လေးကတည်းက အိမ်မှာ ခေါ်ထားပြီး
ကျောင်းပါ ထားပေးတာ။ သူကလည်း အရင်က တခြား သူတွေနဲ့ ရန်ဖြစ်တာတွေလည်း မရှိဘူး။ ဒါပေမဲ့ အိမ်မှာနေရင် ည ၂ နာရီ ၃ နာရီလောက် အထိ ဂိမ်းကစားပြီးမှ ပြန်လာတယ်။ သူဆော့တဲ့ ဂိမ်းတွေကလည်း တိုက်ခိုက် သတ်ဖြတ်တဲ့ ဂိမ်းတွေပဲ။ အခုလည်း ဂိမ်းတွေ အဆော့လွန်ပြီး သူ့ စိတ်ထဲမှာ အသိစိတ် ပျောက်သွားတာ ဖြစ်နိုင် တယ်”တဲ့။

ဒါပေမဲ့ မေလ ၁၀ ရက်နေ့ထုတ် ဖလားဝါးနယူးစ်ဂျာနယ်က သတင်းမှာတော့ “အွန်လိုင်းပေါ်က ချစ်သူကို လက်ဆောင်ပေးမလို့ အဒေါ် လုပ်သူဆီမှာ ပိုက်ဆံချေးရာကနေ မရလို့ သတ်ခဲ့တာ”လို့ ရေးထားပြန်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒေါက်တာခူး မလုပ်နိုင်သေးတဲ့ သုတေသနက လုပ်ဖို့ လိုကို လိုနေပါပြီ။ အရင်က ဒီလို သတင်းမျိုး ဖတ်ခဲ့ဖူးပေမယ့် မြန်မာ နိုင်ငံမှာ မဟုတ်ဘဲ တခြား နိုင်ငံမှာ ဖြစ်တာတွေပါ။ အခုတော့ ရန်ကုန်မြို့မှာ ဖြစ်တာလေ။ ဒီတစ်ယောက်တည်းရဲ့ ဖြစ်ရပ်ကြောင့် ဂိမ်းကစားတာ လုံးလုံး မကောင်းဘူးလို့ ပြောဖို့ ခက်တာတော့ အမှန်ပါ။ ဒါပေမဲ့ တစ်ဖက်မှာလည်း ကိုယ့်ကို ကျွေးမွေးလာတဲ့ အဒေါ်ကို ဘာရန်စမှ မရှိဘဲ ငွေကျပ် တစ်သောင်းခွဲ မပေးလို့ သတ်မိတဲ့ လူငယ်က သတ်ဖြတ်တဲ့ ဂိမ်းကို စွဲစွဲလမ်းလမ်း ကစားတဲ့ လူငယ် ဖြစ်နေပြန်တာမို့ တွေးစရာတွေ ပိုရပါတယ်။
တစ်ဖက်မှာတော့ အဲဒီ မဂ္ဂဇင်းမှာပဲ ဂိမ်းကစားခြင်းရဲ့ ကောင်းကွက် တချို့အကြောင်း ရှာဖွေ တင်ပြထားတာကိုလည်း အခုလို ဆက်ဖတ်ရပါတယ်။

ဂိမ်းကစားခြင်းရဲ့ ကောင်းကွက်တချို့

၁။ ဇာတ်ကောင် တည်ဆောက်မှု၊ ပူးပေါင်း ဆောင်ရွက်မှုနဲ့ အဖွဲ့လိုက် လုပ်ဆောင်တတ်မှုတို့ ကို မြှင့်တင်ပေးနိုင်ခြင်း
ဂိမ်းအများစုဟာ အစု အဖွဲ့နဲ့ ကစားရတာ ပါ။ ဂိမ်းကစားသူ တစ်ယောက်ဟာ သိပ်အတ္တ ကြီးပြီး ကိုယ့်လွှမ်းမိုးမှု သြဇာကို မလျှော့ချနိုင်ရင် ကျန်ကစားသမားတွေက သူ့ကို ပွဲထဲကထွက် သွားဖို့ ပြောတတ်ကြတာမို့ ဂိမ်းသမားဟာ မောက်ကြွားလို့ မဖြစ်နိုင်ပါဘူး။

၂။ ဂိမ်းသမားတွေဟာ အပေးအယူ ညှိနှိုင်းတတ်တဲ့ စွမ်းရည်ကို သင်ယူ လေ့လာနိုင်ခြင်း
ဂိမ်းအဖွဲ့ထဲမှာ တစ်ယောက်ယောက်က အားနည်းနေပြီ ဆိုရင် အဲဒီ တစ်ယောက်ကို ဘယ်လို ကူရမယ် ဆိုတာ ကျန်အဖွဲ့ဝင်တွေက စဉ်းစားလေ့ ရှိပြီး ကာယကံရှင်ကလည်း ကျန်သူတွေနဲ့ အံကိုက်သွားအောင် သူ ဘာပြောင်းလဲ ရမလဲ ဆိုတာ တွေးတတ်ပါတယ်။

၃။ ဂိမ်းသမားတွေဟာ လူမှုရေး ချိန်ခွင်ညှာညှိခြင်းကို သင်ယူ လေ့လာနိုင်ခြင်း
တချို့ဂိမ်းတွေက ဆဲလုံးတွေကို ကန့်သတ်ထားပြီး ဂိမ်းသမားတွေရဲ့ စိတ်ခံစားမှုကို သင်ကြား ပေးတတ်ကာ လူမှုရေး ခေါင်းပါးတဲ့ အပြုအမူတွေ မပြုမူ ဖြစ်အောင်လည်း သင်ပေး တတ်ပါတယ်။

၎။ အများ ထင်ထားတာနဲ့ ဆန့်ကျင်မှု အဖြစ် ဂိမ်းသမားတွေမှာ ပိုပြီး ထက်သန်တဲ့ လူမှု ဆက်ဆံရေး စွမ်းရည် ရှိနိုင်ခြင်း
ဂိမ်းကစားတဲ့ အခါ လွယ်လွယ်နဲ့ ထထွက်သွားလို့ မရဘဲ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေပေါ် မူတည်ပြီး အပြင်းအထန် ငြင်းခုံဆွေးနွေးကာ အကောင်းဆုံးနဲ့ အမျှတဆုံးဖြစ်အောင် ကစားကြရတာပါ။

၅။ ဂိမ်းသမားတွေမှာ သင်္ချာနဲ့ အင်္ဂလိပ်စာ စွမ်းရည် တိုးတက်နိုင်ခြင်း
ဂိမ်းသမားတွေက အွန်လိုင်း ဖိုရမ်တွေမှာ အကြံဥာဏ် ရယူဖို့ ကြိုးစား တတ်ကြပါတယ်။ အဲဒီ ဖိုရမ်တွေမှာ လေ့လာစရာ၊ တွေးစရာနဲ့ ချင့်ချိန်စရာ အချက်အလက်တွေ အများကြီးမို့ သူတို့ အနေနဲ့ အသိဉဏ် နားလည်မှု စွမ်းအား တိုးတက်စေပါတယ်။ ဒါ့အပြင် အပေါင်းအနုတ် အမြှောက်အစား အခြေခံတဲ့ သင်္ချာ သဘော တရားနဲ့ လေလံဈေးကွက် သဘောတရားကိုလည်း ဂိမ်းသမားတွေက သင်ယူ ရနိုင်ပါတယ်။

၆။ ဂိမ်းသမားတွေမှာ စွန့်ဦး ကြိုးစားလိုစိတ် ဖြစ်လေ့ရှိခြင်း
ဂိမ်းသမားတွေက ဆရာနဲ့ မိဘတွေရဲ့ အကူအညီ မပါဘဲ ဂိမ်းကစား ကြတာမို့ သူတို့ကိုယ် သူတို့ပဲ လုံးဝ အားကိုးကြ ရပါတယ်။ ဆိုပါတော့ သူတို့ နားမလည်တဲ့ ဝေါဟာရ တစ်ခု တက်လာရင် သူတို့ ဘာသာ သူတို့ပဲ အဲဒီဝေါ ဟာရရဲ့အနက်ကို ရှာကြရတာမျိုးပေါ့။

၇။ ဂိမ်းသမားတွေဟာ အချိန် ယူခြင်းရဲ့ အရေးပါ ပုံကို လေ့လာနိုင်ခြင်း
လေလံဂိမ်းတွေမှာ ဆိုရင် အချိန်နည်းနည်း စောင့်လိုက်ခြင်းအားဖြင့် အနာဂတ်မှာ သူတို့ ပြန်ရမယ့် အကျိုးအမြတ် များတတ်တာကို သင်ယူနိုင်တာမို့ ရှိသမျှ အကုန်လုံးကို သုံးပစ်လိုက်မယ် ဆိုတာထက် ချွေတာ စုဆောင်းမယ် ဆိုတဲ့ စိတ်များလည်း ဖြစ်လာနိုင်ပါတယ်။

ဒီကောင်းကွက်တွေက အများနဲ့ အတူ ကစားရတဲ့ ဂိမ်းမျိုးတွေနဲ့ ပိုဆိုင်ပါတယ်။ တစ်ကိုယ်တော် ကစားလို့ရတဲ့ ဂိမ်းမျိုးတွေမှာတော့ ကိုယ် မဦးရင် ကိုယ်သေမှာ ဖြစ်ပြီး ကိုယ်လက်ဦး နိုင်အောင် ကြိုးစားမှ အောင်ပွဲရမယ့် ဂိမ်းတွေ ရှိနေတာပါ။ ဘာပဲဖြစ်ဖြစ် ဂိမ်းသမားအဖြစ် အသက် မွေးနိုင်သူတွေ လည်း အာရှတစ်လွှားနဲ့ ကမ္ဘာ တစ်လွှားမှာ ပေါ်နေတာကတော့ အမှန်ပါ။ ဘယ်ကိစ္စမျိုး မဆို တန်ရင်ဆေး၊ လွန်ရင်ဘေးလို့ ဆိုတာမို့ ကြမ်းလို့ပဲ ကစား ကစား၊ ကစားလို့ပဲ ကြမ်းကြမ်း ကြမ်းတာ မကောင်းဘူးလို့ ယူဆရင် ကစားတာကို ဆင်ခြင်ကြဖို့ပါပဲ။
မသီတာ၊စမ်းချောင်း၊
(Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၁)
Ref: Hooked On Fantasy from 'the read' 02/2011

No comments:

Post a Comment