Saturday 15 September 2012

စမ်းချောင်း အင်းစိန် ဟားဗတ်


အောက်တိုဘာလဆန်း ထွက်တော့မယ့် ထောင်အတွေ့အကြုံစာအုပ်ပါ။ ငါတို့စာပေက ထုတ်မှာပါ။ ပန်းချီမြင့်မောင်ကျော် ဖြစ်ပါတယ်

Wednesday 18 July 2012

ပုံနှိပ်စာမျက်နှာ နှင့် ဖန်သားပြင်စာမျက်နှာ မီဒီယာအားပြိုင်ဆွေးနွေးပွဲ...(ဖူးငုံဆယ်ကျော်သက် TEEN MAGAZINE)

 ခုတစ်လော ကျွန်မတို့ရဲ့ ဖူးငုံ ဆယ်ကျော်သက် magazine ကနေ လူငယ်များအတွက် အဓိက ရည်ရွယ်ပြီး သုံးလတစ်ခါ..လေးလတစ်ခါ ..ပွဲလေးတွေ စီစဉ်ပြုလုပ်ပေးလျက်ရှိနေပါပြီ..။ ပထမအကြိမ် ဖူးငုံရဲ့ ၉နှစ်မြောက်နှစ်ပတ်လည် အမှတ်တရအနေနဲ့ စက်တင်ဘာ ၂၀၁၁ မှာ တစ်ကြိမ်၊ ဇန်န၀ါရီ ၂၀၁၂ မှာတော့ “လွပ်လပ်မှု..ငြိမ်းချမ်းရေးနှင့် အနုပညာ ဆွေးနွေးပွဲ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒုတိယအကြိမ်အဖြစ်ကျင်းပပေးခဲ့ပြီးပါပြီ။  ခုလည်း နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနေနိုင်တဲ့ စာပေမီဒီယာတစ်ခု ဖြစ်ထွန်းရေးအတွက်ရော..၊ကျွန်မတို့နိုင်ငံရဲ့  လက်ရှိမီဒီယာလောကကို ထင်ဟပ်စေမယ့်ဆွေးနွေးပွဲလေးတစ်ခုကို ဖန်တီးချင်တာရောကြောင့်ပါ ဖူးငုံဆယ်ကျော်သက်ရဲ့ အယ်ဒီတာ တစ်ဦးဖြစ်တဲ့ စာရေးဆရာမ မသီတာ(စမ်းချောင်း)နဲ့ အတူ ပူးပေါင်းစီစဉ်ခဲ့ကြပါတယ်..။ 
        တိုးတက်ပြီး နည်းပညာထွန်းကားလာတဲ့ ခေတ်ထဲမှာ ကျွန်မတို့ရဲ့ မီဒီယာဟာ ခေတ်နောက်ပြန်ဆွဲနေလို့ မဖြစ်တော့ပါဘူး။အရင်လို ပုံနှိပ်မီဒီယာတစ်မျိုးတည်းကိုသာ ဖတ်ရှုလို့ အဆင်မပြေနိုင်တော့တာမို့ ..နည်းပညာရဲ့ အကူနဲ့  အွန်လိုင်းမီဒီယာဟာ ပိုလို့နေရာရနိုင်ခဲ့ပြီဖြစ်ပါတယ်။ လူအများစုဟာ အလုပ်ထဲကြုံလို့  အင်တာနက်သုံးရင်းစာဖတ်လိုက်တာမျိုး..လူထု ဆိုက်တွေမှာ စာတွေတင်ကြတာမျိုးနဲ့ အွန်လိုင်းပေါ်မှာတင် စာပေဥယျာဉ်ကြီးတစ်ခု ဖြစ်ထွန်းနေပြီ မဟုတ်ပါလား။ သည်လိုခေတ်ကြီးထဲမှာ ပုံနိပ်မီဒီယာရဲ့ role ဟာကျဆင်းနေလို့တော့ မဖြစ်ပါဘူး။မြန်မာနိုင်ငံရဲ့ စာဖတ်နှုန်းဟာ အင်မတန်နည်းတာမို့  ဘယ်မီဒီယာကိုရွေးချယ်ပါစေ..စာဖတ်ဖြစ်ဖို့ကသာ အဓိက ရည်ရွယ်ချက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အဆင်ပြေမယ့် မီဒီယာကိုရွေးချယ်ပြီး ရသစာပေပိုမိုဖွံ့ ဖြိုးရေးအတွက် အထူးရည်ရွယ်ကာ သည်လို ထူးခြားတဲ့ ပွဲလေးကိုစီစဉ်ဖြစ်ခဲ့ပါတယ်..။ဒါဟာ စကားရည်လုပွဲတစ်ခု မဟုတ်ပါဘူး။ မိမိမီဒီယာအတွက် ယုံကြည်စွာဆွေးနွေးခြင်းဟာ သူတစ်ပါးအာနည်းချက်ကို နင်းခြေတာမျိုးမဟုတ်ပဲ...မိမိတို့ရဲ့ အာသာချက် အားနည်းချက်များကိုကောင်းစွာသဘောပေါက် နားလည်ပြီး မီဒီယာလောကကို တစ်နည်းနည်းနဲ့ အကျိုးပြုနိုင်ဖို့ပဲ ဖြစ်ပါတယ်..။
        သည်ပွဲမှာ ပါဝင်ဆွေးနွေးမယ့် စာရေးဆရာ ဆရာမများဟာလည်း ဖူးငုံမှာ ပါဝင်ရေးသားခဲ့ဖူးသူများဖြစ်ပါတယ်..။ ပုံနှိပ်မီဒီယာဘက်မှာ ဆရာ ဝေမိုးနိုင်(မုံရွာ)၊ ဆရာမ နန်းကြာဖြူ(ဘားအံ)နဲ့ ဆရာမ ခင်ဆုမြတ်ထွန်းတို့က ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပြီး အွန်လိုင်းမီဒီယာဘက်မှာတော့ ဆရာနေဘုန်းလတ်၊ ဆရာမ မြသွေးနှီ၊ ဆရာ သူရဿဝါတို့ဆွေးနွေးပေးကြမှာဖြစ်ပါတယ်။ ဆရာမ ခင်သန္ထာကိုတော့ အားပြိုင်ဆွေးနွေးကြမယ့် စာရေးဆရာများနှင့်အတူ ပါဝင်ကူညီဆွေးနွေးဖို့ ဖိတ်ခေါ်ထားပါတယ်။  ပွဲချိန်အနေနဲ့ ၂၈ ဂျူလိုင် နေ့လည် ၂နာရီမှ ၄နာရီအထိ.ရွှေဂုံတိုင်က...တော်ဝင်နှင်းဆီ စားသောက်ဆိုင်ရဲ့ ခန်းမမှာ ကျင်းပပြုလုပ်သွားမှာမို့  စိတ်ဝင်စားသူမည်သူမဆို ၀င်ကြေးအခမဲ့ တက်ရောက်နိုင်ပါတယ်..။ ထူးခြားတာတစ်ခုက သည်ပွဲမှာ ပါဝင်ကူညီဆွေးနွေးကြဖို့  ပရိတ်သတ်များကိုပါ ခင်းကျင်းပေးမှာဖြစ်ပြီး ..ဆွေးနွေးသူတစ်ဦးချင်းစီအတွက် ဖူးငုံစာအုပ်လက်ဆောင်ချီးမြှင့်သွားမှာဖြစ်ပါတယ်။
         လွတ်လပ်ပွင့်လင်းစွာနဲ့ မိမိရဲ့ အမြင်ကို ကျွန်မတို့တွေနဲ့ အတူတူမျှဝေနိုင်ဖို့ ..ရသစာပေထွန်းကားရေးနဲ့  ပြည်သူများအတွက် မိမိတို့နဲ့ အကိုက်ညီဆုံးမီဒီယာကို ရွေးချယ်ဖတ်ရှူနိုင်စေဖို့ ကျွန်မတို့ရဲ့ မီဒီယာအားပြိုင်ဆွေးနွေးပွဲလေးကို အရောက် တက်လှမ်းကြပါလို့ စာချစ်သူများကို ဖိတ်ခေါ်လိုက်ပါရစေ..။ 

အယ်ဒီတာ - မသီတာ(စမ်းချောင်း)၊ ဦးမျိုးမြင့်ညိမ်း
စီစဉ်သူ     -လင်းစက်နွယ်
အချိန်       - ၂၈.၇.၂၀၁၂ (စနေနေ့) နေ့လည် ၂မှ ၄ အထိ
နေရာ       - တော်ဝင်နှင်းဆီ၊ ရွှေဂုံတိုင်၊ဗဟန်းမြို့ နယ်
ပါဝင်မည့်သူများ - ပုံနှိပ်မီဒီယာ - ဆရာဝေမိုးနိုင်(မုံရွာ)၊ ဆရာမ နန်းကြာဖြူ(ဘားအံ)၊ ဆရာမ ခင်ဆုမြတ်ထွန်း
                           အွန်လိုင်းမီဒီယာ- ဆရာနေဘုန်းလတ်၊ ဆရာမ မြသွေးနီ ၊ ဆရာ သူရဿဝါ

Sunday 18 March 2012

အညိုမှသည် ကြက်သွေးနီ 12



(ယခင်လမှအဆက်...)
ကြက်သွေးနီ စာသင်ခန်းနှင့် ကျောင်းသားများ

ကြက်သွေးနီသို့ ရောက်လာသော ကျောင်းသား များနှင့် တွေ့ဆုံခွင့်ရ ခဲ့ခြင်း ကလည်း စိတ်ဝင်စားဖွယ် ဖြစ်ပေသည်။

အမှန်တော့ ဟားဗတ် ဆိုသည်နှင့် ကမ္ဘာ အရပ်ရပ်မှ ကျောင်းသားများက အသည်းအသန် တက်ချင်နေသော ကျောင်းပီပီ ကြက်သွေးနီကလည်း သူ့ရင်သွေးကို အသေအချာ ရွေးချယ်ထားသဖြင့် ကြက်သွေးနီ၏ ရင်သွေးများ အားလုံးလိုလိုမှာ သူ့ အစွမ်းနှင့် သူဟု ဆိုရပါမည်။

ကြက်သွေးနီ၏ မည်သည့် ဘာသာကို လေ့လာသည် ဖြစ်စေ ပထမနှစ်တွင် အင်္ဂလိပ်စာ အခြေခံ အရေးအသား တစ်ခု ဖြစ်သည့် စာအုပ် တစ်အုပ်၏ နောက်ခံ အကြောင်းအရာကို လေ့လာဆန်း စစ်သည့် အရေးအသား အတတ်ကို ကြက်သွေးနီက သင်ပေးမြဲ ဖြစ်လေသည်။ ထိုအတတ်ကို သင်ကြား ပို့ချရသူမှာ ကိုယ့်မိတ်ဆွေ ဂျိန်းပင်ဖြစ်၏။ ဂျိန်းကိုယ်တိုင်က စမ်းသပ် အရေးအသားဖြင့် စာပေ လောကကို တိုးဝင်နေ သော စာရေးဆရာမ တစ်ဦးဖြစ်ရာ သူက သူ့အတန်းသား ကျောင်းသား ကျောင်းသူများ အတွက် သမားရိုးကျ မကသည့် နည်းပညာများ၊ စိတ်ကူး အတွေးများဖြင့် စာသင်ကြား ပို့ချမြဲ ဖြစ်ပါသည်။

သို့ဖြင့် ဂျိန်းက အီရန် စာရေးဆရာ ရှရီရာနှင့် ကိုယ်တို့၏ ၀တ္ထုများအား သည်အတန်း အတွက် ပို့ချရန် ရွေးချယ်ခဲ့သည်မှာ ကိုယ့်အနေဖြင့် အညို့ရင်ခွင်ဖြစ်သော ဘရောင်း တက္ကသိုလ်မှာ ဌာနေ စာရေး ဆရာသဖွယ် ဖြစ်စဉ်ကတည်းကပင် ဖြစ်ပါသည်။ သို့သော် အညို့ရင်ခွင် ရှိစဉ်က အတန်းချိန် တစ်ချိန်မျှသာ ပါဝင်ပေးခဲ့ရ သော်လည်း ကြက်သွေးနီသို့ရောက်လာ သည့်အခါမှာမူ အတန်းချိန် နှစ်ချိန် ပါဝင် ပေးလာရပါသည်။ သို့သော် ကိုယ့်စာမူ အတော်များများကို ဂျိန်းက သူ့အတန်း သားများအား မိတ္ထူ ကူးပေးပြီး ဖြစ်ပါသည်။ ကိုယ့်မှာလည်း ၂၀၀၅ ခုနှစ်က တည်းက အင်္ဂလိပ်ဘာသာဖြင့် ၀တ်္ထုတို များအား ထုတ်နိုင်ရန် အဆင်သင့်ပြင် ထားပြီး မထုတ်ဖြစ်သေးသဖြင့် ဂျိန်း အတွက် စာမူများပေးရာတွင် အဆင်သင့် ဖြစ်ခဲ့ရသည်။ ကိုယ့်ဝတ်္ထုတို အပုဒ် ၂၀ ကျော်အား သူတို့အားလုံး မဖတ်မီမှာ တစ်ကြိမ်၊ ဖတ်ပြီးသည့်အခါ တစ်ကြိမ် ဖြင့် နှစ်ကြိမ်တွေ့ဆုံကာ ကျောင်းသား ကျောင်းသူများ မေးသမျှ ပြန်ဖြေရသည် မှာ လွယ်မယောင်နှင့်ခက်၊ ခက်မယောင် နှင့် လွယ်ဟုပင် ဆိုနိုင်ပါသည်။
အကြောင်းမှာ ကြက်သွေးနီ၏ ရင်သွေးများပီပီ ထက်ထက်မြက်မြက် ရှိပြီး ရဲရဲရင့်ရင့် မေးတတ်မြန်းတတ်ကြသဖြင့် “ကိုယ်ရေးချင်လို့ရေးတာ၊ ဘာဖြစ်လဲ” ဟု လွယ်လွယ် ဖြေမရနိုင်သော်လည်း ကြက်သွေးနီပီပီပင် ကမ္ဘာ အရပ်ရပ်မှ ကျောင်းသားများကို လက်ခံ ထားသဖြင့် လည်း အီရန်နှင့် မြန်မာနိုင်ငံတို့၏ လူမှုဝန်းကျင် အကြောင်း စာနာ သဘောပေါက် နိုင်စွမ်းသော ကျောင်းသားများလည်း ပါဝင်တတ်ရာ ကိုယ်ပြောသမျှကို နားမဝေးဘဲ သဘောပေါက် လွယ်ကြသူများ ပါဝင်နေသဖြင့် သမိုင်းကြောင်း ချီကာ ရှင်းပြရန် မလိုလောက်သည်ထိ အခက် အခဲမရှိ ဖြစ်ရပြန်ပါသည်။

ဂျိန်း၏ ကျောင်းသား ကျောင်းသူများမှာ ဆယ်ကျော်သက်ကို လွန်ခါစ လူငယ်များပီပီ  အားမနာတမ်း မေးခွန်းများဖြင့် ကိုယ်တို့ နှစ်ယောက်အား စပ်စုခဲ့ကြသကဲ့သို့ သရော်စာကို အားသန်သကဲ့သို့ လူကိုယ် တိုင်ကလည်း အထိတ်တလန့် ပြက်လုံး များကို သဘော ကျတတ်သော ရှရီရာနှင့် သမားရိုးကျကို တွန့်ဆုတ်ပြီး လွတ်လပ်မှုကို သဘောကျသော ကိုယ်တို့ကလည်း သူတို့မေးရန် ကျန်သွားသည့် မေးထိုက်ရာရာများ အထိပါ ခဲရာခဲဆစ် ရှာကြံပြီး ဖြေပေးကြ၊ အတွေး ဆွပေးခဲ့ကြပါသည်။

သို့ဖြင့် ဂျိန်း၏ စာသင်ခန်းလေးမှာ အတွေ့ အကြုံဖလှယ်ရာ၊ အတွေးအခေါ် ဖလှယ်ရာ၊ ယဉ်ကျေးမှု ဖလှယ်ရာ၊ ဗဟုသုတ ဖလှယ် ရာအစစသော ဦးနှောက်နှင့်နှလုံးသားများ ဖလှယ်ရာနေရာလေး တစ်ခု ဖြစ်လာခဲ့ပါသည်။ သို့ဖြင့်လည်း ကြက်သွေးနီ၏ ရင်သွေးများသည် စာကြည့်တိုက်များနှင့် ပုံနှိပ် စာလုံးများတွင် ရှာမတွေ့နိုင်သည့် အမေးအဖြေများ၊ အထေ့အပြုံးများ၊ အသော အညည်းများကို မိမိတို့၏ စာသင်ခန်းများ အတွင်းမှာပင် “ဒလဟောနှင့် ဗုံးပေါလအော” ရရှိ ခံစား လိုက်ရပေသည်။ သို့ကြောင့်ပင် ကြက်သွေးနီသည် ကမ္ဘာ့ကျောင်းသား ထုကြီး၏ သည်းခြေကြိုက် တပ်မက်ရာ ကျောင်းမဟာ ဖြစ်နေရခြင်းဟု ဆိုရပေမည်။

ကြက်သွေးနီကား သူ့ဆီမှာ ရှိနေသည့် ပညာရှင်များသာ မက သူ့နားသို့ ရောက်နေသော ပညာရှင်များကိုပင် အလွတ် မပေးဘဲ ဦးနှောက်ကို ငှားတတ်သည်ပင်။ ကိုယ်တို့မှာလည်း ကြက်သွေးနီ၏အရှိန်အ၀ါကြောင့်သာ မဟုတ်မူဘဲ ကြက်သွေးနီ ရင်သွေးများ၏ ဇွဲ၊ ထက်သန်မှုနှင့် လုံ့လများကို  နှလုံးသားချင်း ခံစားကာ ပီတိမုဒိတာ ပွားဖြစ်သဖြင့် ကြက်သွေးနီမှ အသုံးချခံရမည့် အရေးကိုပင် သွေးအေးစွာ ကြည်ဖြူဖြစ်ကြမြဲတည်း။ သည်နှယ် အပြန်အလှန် အကျိုးများသော ပညာရေးစနစ်သည်ပင် ကြက်သွေးနီကဲ့သို့ သော ကမ္ဘာကျော် တက္ကသိုလ်များ၏ အဓိကသော့ချက်ဖြစ်သည် မဟုတ်လား။

အခြား ပညာရှင်များ

ရက်ကလစ်ဖ်တွင် ဆုံတွေ့ရသော ပညာရှင်များအနက် ရုံးခန်းမှာ အမြဲ မရှိသည့် ပညာရှင်မှာ Linda G. Griffith ပင် ဖြစ်သည်ဟု ဆိုရမည်ပင်။ အလွန် ထူးချွန်သော အမျိုးသမီး ပညာရှင်ဖြစ်သော်လည်း အလွန်ပင် ကျန်းမာရေးချို့တဲ့သူဖြစ်ရာ သူ့ဓာတ်ခွဲ ခန်းနှင့် ဆေးရုံ အခန်းတွင်သာ အချိန် ကုန်နေခဲ့လေသည်။ သူက ဇီဝဗေဒနှင့်စက်မှု အင်ဂျင်နီယာ ဗေဒဆိုင်ရာပါမောက္ခဖြစ်ပြီး အမ်အိုင်တီခေါ် မက်ဆာချူးဆက်နည်း ပညာ တက္ကသိုလ်မှာ စာသင်နေသူဖြစ်သည်။ သူ လုပ်နေသည့်သုတေသနမှာ New Approaches to Probing Autocrine Growth Factor Loops in Stem Cells ဖြစ်ကာ အမျိုးသမီး ရောဂါတစ်ခုဖြစ်သည့် Endometriosis ကို ထိုသုတေသန အတွက် တွဲဖက်လေ့လာ ပြုပြင်သွားမည် ဖြစ်ပါသည်။ ကိုယ့်မှာလည်း ထိုရောဂါ ကို အင်းစိန် ထောင်သက် ငါးနှစ်ခွဲအပြင် နောက်ထပ် ခုနစ်နှစ်၊ စုစုပေါင်းဆယ့်နှစ် နှစ်မျှ အလူးအလဲ ခံစားခဲ့ရရာ သူကကိုယ့် ကို ထိုသုတေသန အကြောင်းအားတက် သရောပြောပြတတ်ပါသည်။

သို့သော် သူ့ခမျာ ကင်ဆာရောဂါတစ်ခုကို ကောက်ကာငင်ကာ ခံစားလာရပြီး အမျိုးမျိုးအဖုံဖုံသော ကုထုံးများကို ခံယူ ရသဖြင့် ရက်ကလစ်ဖ်ရုံးခန်းသို့ပင် ပေါ် မလာတော့သည်မှာ စာသင်နှစ်ကုန်ဆုံး သွားသည့် အချိန်ထိ ပင်ဖြစ်ပါတော့သည်။ သူက ဇီဝအင်ဂျင်နီယာသမားတစ်ဦး ဖြစ်ရာ ဆေးလောကအတွက် ဆန်းသစ် သော တီထွင်မှု အချို့ကို လုပ်ဆောင်နိုင်ခဲ့ သူလည်း ဖြစ်ပါသည်။ အရိုးအသစ်ပွား ခြင်းအတွက် တီထွင် နိုင်ခဲ့သကဲ့သို့ အရိုး၊ ကြွက်သားနှင့် ကျောရိုးဆစ်များ ဆိုင်ရာ ဇီဝအင်ဂျင်နီယာ အလုပ်များကို အားသွန် ခွန်စိုက် လုပ်နေသူ၊ အသိအမှတ်ပြုဆု တံဆိပ်များစွာ ရရှိထားသူလည်း ဖြစ်ပါသည်။

သူ့နှယ် ထက်မြက်သောပညာရှင် တစ်ယောက်အဖို့ ယခုကဲ့သို့ ကျန်းမာရေး မကောင်းဖြစ်ရခြင်းအားလည်း အတော်ပင် စိတ်မကောင်းမိချေ။ သူဖိတ်ကြား သဖြင့် မက်ဆီကိုနွယ်ဖွား သရုပ်ဆောင် တစ်ဦး၏ ရောဂါဆိုင်ရာ ဟောပြောပွဲကို အမ်အိုင်တီမှာ သွားတက်ရသည်ကလည်း အမှတ်တရဖြစ်ဖွယ်ပင်။ ကြီးမားကျယ် ၀န်းလှသော ဗိသုကာ လက်ရာ အဖုံဖုံ ရှိသည့်အမ်အိုင်တီ၏ အဆောက်အအုံဝင်း အတွင်းမှာ စာသင်ခန်းတစ်ခန်းကို ရှာရ သည်မှာ တောကြီးမျက်မည်းထဲ ရောက်နေ သည့် ခံစားမှုမျိုးကိုလည်း ပေးစွမ်းခဲ့ပေ သည်။ ခေတ်မီဆန်းသစ်လွန်းလှသည့် ဗိသုကာ လက်ရာများဖြင့် ဖွဲ့စည်းထား သော တောကြီးဆေးရောင်စုံထဲမှာ ကိုယ် ယဉ်ပါးသည့် အဆောက်အအုံ ဒီဇိုင်းများ လုံးလုံး မရှိသည့်အတွက် တောကြီးမျက်မည်းထဲ ရောက်နေသကဲ့သို့ ခံစားခဲ့ရခြင်း သာ ဖြစ်ပါသည်။

လင်ဒါနှင့် ခင်မင်ခွင့်ကို ခေတ္တမျှသာ ရခဲ့သော်လည်း အချို့သောအမျိုးသားပညာ ရှင်များနှင့်မူ အတော်ပင်ရင်းနှီးခွင့်ရခဲ့ပါသည်။ ထိုအထဲတွင် ရှေ့တန်းမှပါသူမှာ Reuven Snir ဖြစ်ပါသည်။ သူက အစ်္စရေး၏ ဟိုင်ဖာတက္ကသိုလ်မှ အာရပ်စာပေနှင့် ဘာသာစကား ဆိုင်ရာ ပါမောက္ခဖြစ်သည်။ သူက အာရပ်ဂျူးများ အကြောင်းကို သူ့သုတေသန ဟောပြောပွဲမှာ အကျယ်တ၀င့် ဟောပြောခဲ့ရာ ကိုယ်က အလွန်ပင် စိတ်ဝင်စားသဖြင့် ထိုအကြောင်းကို မည်မျှအထိ ရှာဖွေဖတ်ရှု နိုင်ပါမည်နည်းဟု အမေးထောက်ရာမှ ကိုယ်တို့ ပိုပြီး ခင်မင် လာခဲ့ပါသည်။ သို့ဖြင့် သူကိုယ်တိုင် အာရပ်ဂျူးစာပေ အနုပညာရှင်များ အကြောင်း စာတမ်း တစ်စောင်ကို ကိုယ် အယ်ဒီတာ လုပ်နေသည့် ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်း အတွက် သီးသန့်သဘော ရေးပေးခဲ့ပါသည်။ ကိုယ်ကလည်း ၀မ်း မြောက်ဝမ်းသာ ဘာသာပြန်ကာ ဖော်ပြ ပေးခဲ့ပါသည်။
သူက နောက်ထပ် စိတ် ၀င်စားသည်မှာ ကိုယ်အပြင်းအထန် အားထုတ်ဖူးခဲ့သည် ဆိုသော ၀ိပဿနာ တရားပင် ဖြစ်ပါသည်။ သူက အစ္စလာမ် ဘာသာတွင် ရှိသော ဆူဖီဗေဒကို လိုက်စားသူ ဖြစ်ရာ ကိုယ်က အမြည်းသဘော အားဖြင့် ရာမာမထာ လက်ချာတွင် ပြောပေးခဲ့သည့် ၀ိပဿနာ တရားအကြောင်းကို အလွန် လေ့လာချင်နေသူ ဖြစ်ပါသည်။ ကိုယ့်ကို အလွတ်သဘောအားဖြင့် ၀ိပဿနာ သင်တန်းစကားဝိုင်း လုပ်ပေးရန် တောင်းဆိုသူများတွင် သူက အထက်သန်ဆုံးလည်း ဖြစ်ပါသည်။ ကိုယ်က သူတို့ ကိုယ်တိုင် အားထုတ်နိုင်ရန် နည်း လမ်းပြောပြခြင်း၊ သတိထားစရာ ဆောင်ရန် ရှောင်ရန်များ မျှဝေခြင်းတို့ ကဲ့သို့ လက်တွေ့အားထုတ်မှု ဆိုင်ရာများကိုသာ ဦးစားပေးကာ နားလည်ရခက်သော တရားသဘောတို့ကို ပြောပြရာတွင် သူကသာ အမေးအမြန်း အထူဆုံး ဖြစ်ခဲ့သကဲ့သို့သဘောလည်း အပေါက်ဆုံး ဖြစ်ပါသည်။

သူက ဂျေရူစလင်ရှိ ဟီးဘရူး တက္ကသိုလ်နှင့် ဘာလင်ရှိ တက္ကသိုလ်အချို့တွင် ဂျူးတို့ အကြောင်းကို သင်ကြားလေ့ ရှိသူလည်း ဖြစ်ပါသည်။ ရူဗင်က အသက်အရွယ် အရ တည်ငြိမ်သလောက် နောက်ပညာရှင် တစ်ဦးဖြစ်သော ကဗျာဆရာ ဂျယ်ရီချို ဘရောင်းမှာမူ စီမာကဲ့သို့ အရယ်သန်သော လူငယ် ပညာရှင် ဖြစ်ပေသည်။ သူက ဆန်ဒီ ရေးဂိုး တက္ကသိုလ်မှ အင်္ဂလိပ်စာ ဆရာတစ်ဦးဖြစ်ကာ ကဗျာဆရာကောင်း တစ်ယောက်လည်း ဖြစ်ပါသည်။ သူ့သုတေသနမှာ အာဖရိကန် အမေရိကန်များ၏ ဘ၀နှင့်ယဉ် ကျေးမှုသမိုင်းကို လေ့လာခြင်း ဖြစ်ပါသည်။

အထူးသဖြင့် ၁၉၈၀ ပြည့်နှစ်များက စတင်ကာ လူသိများလာသော အေအိုင်ဒီအက်စ်သတင်း တင်ပြချက်နှင့်အတူ ကျော် ကြားခဲ့သော တီဗွီသတင်းတင်ဆက်သူများ၏ဘ၀အကြောင်းကဗျာများ ပါဝင်ပါသည်။ သူကနယူးအော်လင်းမြို့တော်ဝန်၏ မိန့်ခွန်းရေးပေးသူအဖြစ်လည်း လုပ်ဆောင်ဖူးသေး သူဖြစ်ပြီး မျက်နှာထားချိုလွန်းလှသည့် ပညာရှင်လေး ဖြစ်လေသည်။ သို့သော် သူသည်လည်း ရုံးခန်းမှာ အနေမများသူဖြစ်နေပြန်ပါသည်။ သူနှင့် မတူဘဲ ရုံးခန်းမှာ အနေများပြီး အခန်းတံခါးကို ပိတ်ထား တတ်သူမှာကား Siddhartha Deb ပင်ဖြစ်သည်။ သူက အိန္ဒိယသား ဖြစ်သော်လည်း နယူးယောက်မှာ New School ၏ ကျောင်း ဆရာ အဖြစ်နေထိုင်နေသူ။ သူက၀တ္ထုထက် လက်ရှိ အခြေအနေများ အကြောင်း ရေးသား လေ့ရှိသူဖြစ်ပြီး နယူးယောက်တိုင်းမ်မှ သူ၏ ပထမဆုံး စာအုပ်ကို သတိပြုသင့်သော စာအုပ်စာရင်းတွင် ထည့်သွင်း ခဲ့ဖူးသည်။ သူက အိန္ဒိယသားများ ကိုယ်တိုင် လျစ်လျူရှု နေမိသော နယ်စပ်ဒေသမှ တိုင်းရင်းသားများ၊ တောရွာမှ နိုင်ငံသားများ အကြောင်း အသေးစိတ် လေ့လာကာ ရေးသားတတ်သူ ဖြစ်သည်။

သူသုတေသနပြု ရေးသားမည့် စာအုပ်မှာ Do You Know Who I Am? Stories of Wealth and Poverty From the New India ဖြစ်ပြီး အိန္ဒိယရောက် မြန်မာများ အကြောင်းကိုလည်း လေ့လာ ထားကာ ပူပန်နေတတ်သူ ဖြစ်သည်။ သို့ ဖြစ်ရာ ကိုယ်နှင့်လည်း စကား လက်ဆုံ ကျတတ်ပါသေးသည်။ သူက ကိုယ်တို့ အား ခေတ်သစ် အမြင်ဖြင့် ရိုက်ကူးထား သည့် ဘောလိဝုဒ် ရုပ်ရှင်တစ်ကားကို လည်း ပြသပေးခဲ့ကာ အိန္ဒိယအရှေ့ မြောက်ဒေသမှ မငြိမ်းချမ်းသည့် လူ့ အဖွဲ့အစည်း၏ လက်ရှိ အနေအထားကို မျက်ကွယ်ပြုကာ ငွေရှာသည့် ရုပ်ရှင်များ၏ ရှုခင်းအလှအပ ရိုက်ချက်များ အကြောင်း ဆွေးနွေးပြခဲ့ဖူးပါသေးသည်။ သူက စကားကို များများနှင့် ရှည်ရှည်ဝေးဝေး ပြောတတ်သော်လည်း အိန္ဒိယမှ လူ့ မလိုင် လူတန်းစားများ၏ ဥရောပ ဆန်မှု ကိုလည်း ဝေဖန်တတ်သူပင်။ သူက ကိုလံဘီယာ တက္ကသိုလ်မှ အင်္ဂလိပ်စာ၊ နှိုင်းယှဉ်စာပေပညာတို့ဖြင့် မဟာဝိဇ္ဇာ အတွေးအခေါ် ပညာကို ရခဲ့သူလည်း ဖြစ်ကာ အနေအထိုင် ရိုးစင်းသလောက် ပညာ မာနရှိသူလည်း ဖြစ်ပေသည်။ ထိုထိုသော အရောင်အသွေးစုံသည့် ပညာကုံထံများ ကြားတွင် စာသင်နှစ် တစ်နှစ်တာကို ဖြတ်သန်းခွင့် ရခြင်းအတွက်လည်း ရက်ကလစ်ဖ်ကို ကိုယ့်မှာ ယခုတိုင် ကျေးဇူး တင်နေမိပါသည်။

ကြက်သွေးနီသည် ကမ္ဘာ့ ပညာကုံထံများအား စုစည်းပေးရာ ကျောင်းမဟာ ဖြစ်သည်နှင့် အညီ အစွမ်း အစအသီးသီး၊ ပညာမာန အညီးညီးနှင့် တောက်ပြောင်နေသည့် ကြက်သွေးနီ ကျောင်းတော်ကြီး၏ ရင်သွေးများ၊ ပဲ့ကိုင်ရှင်များ အပါအ၀င် ဧည့်ပညာ ကုံထံများကို တစ်နှစ်တာ လက်တွဲခွင့် ရခဲ့ခြင်း သည်ဘ၀၏ ဒုလ္လဘ တရားများ အနက် တစ်ခု အပါအ၀င်ဖြစ်သည်ကိုလည်း ၀န်ခံ ရပါမည်။ ကြက်သွေးနီမှ ပေးအပ်သော ခံစားခွင့်များ၏ အကျိုး ကျေးဇူးကိုလည်း ယခုတိုင် ခံစားနေရဆဲဟု ခံယူထားသည့် အတွက် ကိုယ့်ဘ၀မှာ ရက်ကလစ်ဖ်၏ လက်ကမ်းကြိုဆိုမှုနှင့် ထိုအခွင့်အရေး ကို အရယူပေးခဲ့သော မိတ်ဆွေသူငယ် ချင်းစာရေးဆရာ၊ ကြက်သွေးနီ ဆရာမ ဂျိန်း၏ ကျေးဇူးပြုမှုတို့ကို မေ့မရဖြစ်ရသည်မှာလည်း အမှန်ပင်။

Humanity Centre မှ မိတ်ဆွေများ
ကြက်သွေးနီ ရင်ခွင်သို့ ခိုလှုံနိုင်ခွင့်ကို ဖန်တီးပေးခဲ့သည့်မိခင်ဌာန Radcliffe Institute for Advanced Study ပြီးလျှင် ဟားဗတ်၏ နောက်ထပ်ဌာန တစ်ခုဖြစ်သော Humanity Centre ဌာနမှာ ကိုယ့်အတွက် အရေးပါခဲ့ကြောင်း ဆိုခဲ့ဖူးပါပြီ။ စာသင်နှစ် တစ်နှစ် ကုန်ဆုံးခါနီးသည့် အခါ ဌာန အသီးသီးမှာ နှုတ်ဆက်ပွဲများ ရှိနေတတ်သည် ဖြစ်ရာ Humanity Centre ဌာနမှာလည်း နှုတ်ဆက်ပွဲလေး လုပ်ခဲ့ပြန်ပါသည်။ သည်ပွဲမှာ မူ လူက များများစားစား ရှိမနေပါ။ ဧည့်ပါမောက္ခတစ်ဦးဖြစ်သူ မော်နီကာက ကိုယ်နှင့်အတူ ပြန်လိုက် မလာခဲ့ဘဲ ဟွန်းဒူးရပ်စ်မှာ ကျန်ရစ်ခဲ့သဖြင့် လူက သိပ်မများလှ။ အီရတ်မှ စိုက်ပျိုးရေး ပါရဂူ တစ်ဦးကမူ ဇနီးသည်နှင့် အတူ ရောက်လာခဲ့သည်။ သူက မည်သည့် ဌာနနှင့် တွဲဖက်ရှိနေခဲ့ကြောင်းကိုမူ မမှတ်မိတော့။ သူရောက်လာ ခဲ့သည်မှာလည်း ကိုယ်နှင့် ဟျူမဲရာတို့ကဲ့သို့ စာသင်နှစ်စတွင် မဟုတ်သဖြင့် သူနှင့် မခင်မင်လှ။  
နောက်စကောလာ တစ်ဦးက အီရန်မှ နိုရီဖြစ်သည်။ သူက ကိုယ်နှင့်နယ်ပယ်ချင်း တူသူ။ သူက ခွဲစိတ် ဆရာဝန် တစ်ဦးဖြစ်ပြီး အီရန်တွင် ကျန်းမာရေး ၀န်ကြီးအဖြစ် အချိန်ကာလ တစ်ခုကြာ တာဝန်ထမ်းဖူးသူပင်။ သို့သော် အမေရိကမှာ ခွဲစိတ် ပညာကို ဆည်းပူးခဲ့ ဖူးသူ နိုရီ၏ ဒီမိုကရေစီ အမြော်အမြင်များ ကြောင့် သူ့ကိုရာထူးမှ ထုတ်ပယ်ကာ အရေးယူရန် အခြေအနေမျိုးထိ ဆိုက်လာ ခဲ့သဖြင့် အီရန်ကို သူက စွန့်ခွာခဲ့သူ။ သည်အဖြစ်ကို သူပြောသဖြင့်သာ သိရ ခြင်းဖြစ်ပြီး သူ့ကို ကိုယ့်မိတ်ဆွေရင်း အီရန် စာရေးဆရာ ရှရီရာက သဘောမကျ။ အပေါ်ယံ သမားဟုမြင်လေသည်။ ကိုယ့်မှာလည်း နိုရီနှင့် ပတ်သက်သည့် အတွေ့အကြုံတစ်ခုက ရှိခဲ့သည်။ အမှန်တော့ ကြက်သွေးနီမြေကို နင်းခါစ ကာလက ပြည်သူ့ ကျန်းမာရေးဌာနမှ ဟားဗတ်၏ တက်သစ်စ ဆေးကျောင်းသားများအား“ကျန်းမာရေးနှင့် လူ့အခွင့်အရေး”ဟူသည့် ခေါင်းစဉ် ဖြင့်ဟောပြောပေးရန် ဖိတ်ကြား ခံခဲ့ရရာ ဟောပြောသူမှာ ကိုယ်နှင့် နိုရီ နှစ်ဦးတည်း။ နိုရီက ဟောပြောပွဲတွင် လက်တွေ့ထက်သီအိုရီများကို ပါဝါပွိုင့်ဖြင့် ပြောခဲ့ပြီး ကိုယ်က လက်တွေ့နမူနာများဖြင့် ပြောခဲ့ဖြစ်သည်။ ကျောင်းသားများ၏ မေးခွန်းများကို ဖြေကြား ရာတွင်လည်း နိုရီက ပေရှည်ကာဝေ့၀ိုက် ဖြေကြားခဲ့ပြီး ထိရောက်သော လက်တွေ့ နမူနာများ မပေးနိုင်ခဲ့ချေ။

သို့ဖြင့် ရှရီရာ၏ သုံးသပ်ချက် မှန်မည်ဟု ကိုယ်ကလက်ခံ ဖြစ်ခဲ့သည်။ ပိုဆိုးသည်က နောက်ပိုင်းတွင် နိုရီက ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်ကာ တွေ့ဆုံရန် ပြောသည့်အခါတိုင်း အခြားသော ပြောစကားများက သူသည် အီရန်ပြန်ရမှာ စိုးရိမ်စိတ်ထက် အမေရိကမှာ အခြေချရန် စိတ်ဇော ကြီးနေကြောင်း သိသာ စေသကဲ့သို့ ရနိုင်သမျှ အခွင့်အရေး မှန်သမျှကို လက်လွတ် မခံချင်ဖြစ်နေပုံမှာလည်း သိသာလှသဖြင့် ကိုယ့်မှာ မအားပါဟူသော အကြောင်းပြချက်ဖြင့် သူနှင့်ဝေးအောင် ကြံခဲ့ရသည်။ အမှန်တော့ သည်နှယ် တက္ကသိုလ်များမှ ဖိတ်ကြား ခံခဲ့ရသည့် အခါ အချို့သော ဖိတ်ကြားခံ ပညာရှင် အချို့မှာ သူတို့အား ဖိတ်ကြားခဲ့သည့် မူလ အကြောင်းရင်းများကို မေ့လျော့ သွားကာ လွတ်လပ်ပြီး ကြွယ်ဝသည့် အမေရိကန် လူနေမှု အ၀န်းအ၀ိုင်းတွင် ဘ၀သစ် စလိုကြသည့် စိတ်ကူးများ ပေါ်ပေါက်လာတတ်လျက် ထိုအခွင့်အရေးများ တစ်ခုပြီး တစ်ခု ဆက်တိုက် ရနိုင်ရန် အားထုတ်လာတတ်ကြသည်ကို ကိုယ်တွေ့မြင်ခဲ့ရပါသည်။

ထိုကဲ့သို့ ပြောင်းလဲလာသော ပညာရှင်များ၏ စိတ်သဘောကို သက်ဆိုင်ရာ ဌာနတို့က ရိပ်စားမိသည်ချည်းပင်။ သည်နှယ် မတွေးဘဲ ကိုယ့်မြေ ကိုယ့်ရေတွင် မည်သည့်အခက် အခဲများ ရှိနေပါစေ၊ အရောက်ပြန်ကာ စွမ်းသမျှဖြင့် တာဝန်ြ ပန်ကျေမည်ဟု ဆုံးဖြတ်သည့် ပညာရှင်များကိုလည်း သက်ဆိုင်ရာဌာနများမှ လေးစားစွာ မှတ်တမ်းတင်မြဲပင်။ Humanity Centre ဌာနမှာ ပြုလုပ်သည့် နှုတ်ဆက်ပွဲ ဓာတ်ပုံကို ပြန်ကြည့်တော့ ဖိတ် ကြားခံ ပညာရှင်လေးဦး အနက် အီရတ်မှ ပညာရှင် အကြောင်းကို မသိမူဘဲ ကိုယ်ရန်ကုန် ပြန်ခဲ့သည့်တိုင် အမေရိကမှာ နိုရီနှင့် ဟျူမဲရာတို့ ကျန်ခဲ့သေးကြောင်း သတိ ရနေလေသည်။ ယခုမူ သူတို့ဘယ်ဆီများ ရောက်နေပါပြီနည်း။ ဟျူမဲရာကို ဖေ့စ်ဘွတ်ခ်မှာ ရံဖန်ရံခါ တွေ့ရသည့်တိုင် မည်သည့်နေရာ ရောက်နေပြီဟု မည်သည့် အခါမျှ မပြောပြ။

သို့ဖြင့် ကိုယ့်ရေ ကိုယ့်မြေအတွက် အထောက်အကူ ပြန်ပြုနိုင်စွမ်း ရှိသည့် အတတ် ပညာရှင်၊ အနုပညာရှင် မည်မျှတို့ကား အမေရိက တက္ကသိုလ်များ၏ ဖိတ်ကြားမှု အပြီးတွင် အမေရိက၏ မည်သည့် အရပ်ဒေသများ၌ ဘ၀သစ် စကာ အမိမြေများကို စွန့်ခွာ သွားခဲ့ကြသနည်းဟု မတွေးဆနိုင်တော့။ သို့ဖြင့် ရေများရာ မိုးရွာ ဆိုသကဲ့သို့ အတတ် ပညာရှင်၊ အနုပညာရှင်ကောင်းများ ရှိရာ အမေရိကတွင် နောက်ထပ် နောက်ထပ်သော အသားအရောင် မတူ ခြားနားသည့် အတတ်ပညာရှင်များ၊ အနုပညာရှင်များ စုပြုံလာကာ ထိုပညာရှင်များ၏ ဇာတိမြေများတွင်မူ အတတ်ပညာရှင်၊ အနုပညာရှင်များ ချို့တဲ့ သည့် ပြဿနာ တစ်ရပ်ပါ တိုးတက် လာနေသည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီ ဖြစ်ပါသည်။

ထို့ကြောင့်လည်း ကမ္ဘာပေါ်တွင် အမေရိကသည် စူပါပါဝါ အဖြစ် ရှိနေရခြင်းမှာ စစ်ရေးအင်အား သက်သက်ကြောင့် မဟုတ်မူဘဲ ပြောင်းရွှေ့ အခြေချ ပညာရှင်များ သို့မဟုတ် နိုင်ငံရင်းစွန့် နိုင်ငံသားသစ် များကြောင့် ဖြစ်သည်ဟုသာ ကြေကြေကွဲကွဲ မှတ်တမ်း ပြုမိရပါတော့သည်။ ကြက်သွေးနီကား ထူးခြား ခြားနားသည့် အတွေ့အကြုံ သစ်များကို ပေးအပ်ရာ၌သည်နှယ် ကြေကွဲစရာ အတွေးစကိုလည်း ပေးနိုင်ခဲ့သည်ကော။
(ဆက်လက် ဖော်ပြပါမည်)

မသီတာ၊စမ်းချောင်း၊
(ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၂)

Thursday 1 March 2012

အတ္တလန္တိတ်နဲ့ ပစိဖိတ်ကြား

 
အမေရိကရဲ့ ပြည်နယ်၂၀ နီးပါးကို အလည်ရောက်ဖြစ်ခဲ့ပြီးတဲ့ အချိန်မှာ အသေအချာ ပြောနိုင်လာတာ တစ်ခုကတော့ အမေရိကရဲ့ တောပိုင်းနဲ့ သဘာဝ အလှကို ခေတ်မီဆန်းပြားတဲ့ မြို့ပြအလှထက် ပိုနှစ်ခြိုက်မိ တာပါ။ ဒါကြောင့်လည်း သွားလေရာမှာ သဘာဝ တောတောင်ကို ခံစားလို့ရနိုင်မယ့် နေရာမျိုး တွေကို အတတ်နိုင်ဆုံး ရှာကြံသွား ဖြစ်ခဲ့ပါတယ်။ သည်တစ်ခေါက်ရောက် ဖြစ်တာက ဗာဂျီးနီးယားပြည်နယ်ထဲက လူရေးလိုဏ်ဂူ Luray Carven ပါ။ သဘာဝ ကျောက်ခက် ပန်းဆွဲတွေ ရှိတဲ့ နေရာအနေနဲ့ ဘားအံနားကကော့ ကွန်းဂူ၊ ဆဒ္ဒန်ဂူ၊ ရှမ်းပြည်နယ်က ပင်းတယဂူ၊ ပြင်ဦးလွင်နားက ပိတ်ချင်းမြောင်တို့ အပြင် ဗီယက်နမ်၊ ဟလွန်း ပင်လယ်အော်မှာ ရှိတဲ့ လိုဏ်ဂူတွေဆီကို ရောက်ခဲ့ ဖူးပေမယ့် အမေရိကရဲ့ လူရေးလိုဏ်ဂူက တစ်မူ ထူးခြားပါတယ်။ အဲဒါကတော့ ကျန်လိုဏ်ဂူတွေက ကျောက်တောင်ကြီးတွေ အတွင်းမှာ ဖြစ်ပြီး တောင်အတွင်းကို ၀င်တဲ့ဝင်ပေါက်ဟာ မြေပြင်ပေါ်မှာ တွေ့နေရတာ ဖြစ်ပေမယ့် လူရေး လိုဏ်ဂူရဲ့ ၀င်ပေါက်ကတော့ မြေအောက်ထဲကို ၀င်သွားရတဲ့ အတွက် အပြင်က နေကြည့်ရင် သာမန် အဆောက်အအုံ တစ်ခုလိုပဲ မြင်နိုင်တာပါ။ လိုဏ်ဂူက မြေကြီးအောက်ထဲမှာ ရှိနေပြီး အပြင်က ကြည့်တော့လည်း ဘာတောင်မှ မတွေ့ရပါဘူး။ ဧည့်ကြို အဆောက်အအုံထဲက နေမှ မြေအောက်က လိုဏ်ဂူ ထဲကို ဆင်းသွားရတာမျိုးပါ။
 သည်လူရေး လိုဏ်ဂူကို စတင်တွေ့ရှိတဲ့ အချိန်က ၁၈၇၈ ကပါ။ ဒေသခံ မိသားစုတစ်စုက အမှတ်မထင်ဘဲ ဂူဝင်ပေါက်ကို လေတိုး နေသံကြောင့် သတိထားမိခဲ့ကာ တူးဖော်ရာမှ တွေ့ခဲ့ပြီး ဂူအတွင်းမှာ ကျောက်စက်ပန်းဆွဲနဲ့ ကျောက်စက် မိုးမျှော်တွေကို တွေ့ရသလို လွန်ခဲ့တဲ့ နှစ်ငါးရာလောက်က ကွယ်လွန်ခဲ့ပုံရတဲ့ ဒေသခံလူနီ အင်ဒီးယန်း အမျိုးသမီး ကလေးတစ်ယောက်ရဲ့ အရိုးစုကိုလည်း တွေ့ခဲ့ရပါတယ်။ သည်နေရာမှာ ရေတချို့ဟာ နဂိုကတည်းက ရှိနေပြီး သည်ရေက ကြေးမုံပြင် တစ်ချပ်လို ကျောက်စက် ပန်းဆွဲတွေကို ပုံရိပ်ထင်ဟပ်ပေးတာမို့ သိပ်ကို လှပစွာ မြင်နိုင်ကြပါတယ်။ သည်ရေတွေကြောင့် ကျောက်စက်ပန်းဆွဲတွေကို ရေထဲမှာ တွေ့ရတာ အမြင်ဆန်းစေကာ ရေအနက်ဟာ အလွန် နက်လိမ့်မယ်လို့ ထင်ရပေမယ့် အမှန်ကတော့ ရေအနက်ဟာ နှစ်ပေတောင် မပြည့်တတ်ပါဘူး။ သည်ခပ်တိမ်တိမ် ရေလေး ရှိနေတဲ့ နေရာတွေကို အိပ်မက်ရေကန်လို့ နာမည်ပေးထားပါတယ်။

သည်လိုဏ်ဂူထဲမှာ ဆယ့်နှစ်ရာသီပတ်လုံး အပူချိန် တစ်သမတ်တည်း မပြောင်းမလဲ ရှိနေတာကလည်း ထူးခြားမှု တစ်ခု ဖြစ်ပါတယ်။ ၅၄ ဒီကရီဖာရင်ဟိုက် (၁၂ ဒီဂရီဆယ်လ်စီးယပ်စ်)ရှိတာမို့ မအေးလွန်းတဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။ သာမန်အပေါ် အင်္ကျီလေးတစ်ထပ်လောက်နဲ့ နေလို့ရတဲ့ နေရာမျိုးပေါ့။ ၁၉၀၀ ပြည့်နှစ် အလွန်မှာတုန်းက သည်လိုဏ်ဂူထဲက လေတွေကို ခပ်ဝေးဝေး တောင်ကုန်းပေါ်က အိမ်အတွက် အဲယားကွန်း သဘောမျိုး လုပ်ပေးနိုင်ဖို့ ကြိုးစားခဲ့စဉ်မှာ တွေ့ရှိချက် အရ သည်ဂူထဲမှာ ရှိတဲ့လေဟာ အင်မတန် သန့်ရှင်းစင်ကြယ်ပါသတဲ့။ သည်လေနဲ့ ပိုးမွေးဖို့လုပ်ရာမှာ စမ်းသပ်ဖန်ပြားပေါ်က ကြားခံပေါ်မှာ ဘာပိုးမှ မပေါက်လာခဲ့တာကြောင့် ခုလိုပြောနိုင်တာလည်း ဖြစ်ပါတယ်။ တကယ်လည်း ကိုယ့်မှာ ဂူထဲက လေကို ရှူရတာ သိသိသာသာကြီး ရှင်းသန့်တဲ့ အရသာကို ခံစားခဲ့ရပါတယ်။


ခန့်မှန်းချက်အရ သည်ကျောက်လိုဏ်ဂူရဲ့ သက်တမ်းကတော့ နှစ်ငါးသန်းဝန်းကျင်မက ကြာပြီလို့ ဆိုပါတယ်။ သည်ဂူဟာ ပင်လယ်ရေ မျက်နှာပြင်အထက် ပေကိုးရာကျော်သာသာ အမြင့်မှာသာ တည်ရှိပြီး ရှန်နန်ဒိုးတောင်ကြားမှာ ရှိတဲ့ အပလန်ချီတန်းတွေရဲ့ အဆက်ဖြစ်တဲ့တောင်စောင်းမှာ ရှိပါတယ်။ အမေရိက အမျိုးသား ပန်းဥယျာဉ်ဌာနက ထိန်းသိမ်းထားတဲ့ အတွက် အထဲမှာ မီးတွေ ထွန်းပေးထားပုံကလည်း ကောင်းလှပါတယ်။ ဗီယက်နမ်မှာတုန်းက မီးကို ရောင်စုံထွန်း ပေးထားလေတော့ အိပ်မက်ထဲမှာလိုလိုနဲ့ သဘာဝအရသာကို သိပ်မခံစားနိုင်ခဲ့ပေမယ့် သည်ဂူထဲမှာတော့ မီးရောင်ကအ၀ါတစ်မျိုးတည်းမို့ သဘာဝ အလှကို ရင်သပ်ရှုမော ခံစားခဲ့ရပါတယ်။


ဂူအတွင်းပိုင်းက တချို့နေရာတွေမှာ လမ်းလျှောက်စရာ နေရာ ကျဉ်းပေမယ့် တချို့နေရာတွေမှာတော့ အတော့်ကို ကျယ်ပါတယ်။ သည်အနောက်နိုင်ငံတွေမှာ တစ်ခု ကောင်းပြန်တာက မသန်မစွမ်းသူတွေ အတွက် သွားလာနိုင်အောင်ပါ စီစဉ်ပေး ထားတတ်တာပါ။ သည်တော့ မသန်ပေမယ့် စွမ်းနေတဲ့ သဘော သူလိုငါလိုပဲ သဘာ ၀အလှကိုဖြစ်ဖြစ် လူလုပ် အလှကိုဖြစ်ဖြစ် လေ့လာ ကြည့်ရှု ခံစားနိုင်တော့တာပေါ့။ ဂူအတွင်းပိုင်းဟာ အတော်လေး ကျယ်သလို ရှည်လည်း ရှည်ပါတယ်။
ဂူတွင်း တချို့နေရာတွေမှာ မီးအရောင်ဟာ အပြာလိုလို အစိမ်းလိုလို ဖြစ်နေတာကလည်း သဘာဝ အတိုင်းပဲ ဖြစ်ပါတယ်။ ပြဒါးဓာတ်တွေ ရှိနေတဲ့ ကျောက်မို့လို့ပါ။ ထွန်းထားတဲ့ မီးကို အရောင် ဟပ်နေတာ ဖြစ်ပေမယ့် မီးလုံးကတော့ အ၀ါပဲ ဖြစ်ပါတယ်။ အလင်းအမှောင်ကို ချိန်ဆပြီး ပေးထားတာမို့ ဓာတ်ပုံရိုက်ရတာလည်း ပြည်တွင်းက ဂူတွေမှာလို မခက်ခဲခဲ့ပါဘူး။ ဗီယက်နမ်တုန်းက ဓာတ်ပုံထဲမှာ နီနီပြာပြာစိမ်းစိမ်းနဲ့ ခရမ်းရောင်တွေနဲ့မို့ ကျောက်စက်ပန်းဆွဲနဲ့ ကျောက်စက် မိုးမျှော်တွေကို ကောင်းကောင်း မမြင်ခဲ့ရပါဘူး။ ဆဒ္ဒန်ဂူထဲက စိန်တောင်၊ မြတောင်၊ ပတ္တမြားတောင်တွေကို သည်လိုအလင်းအား ကောင်းကောင်း အချိန်အဆ မှန်မှန်နဲ့ တွေ့ရရင် သည်လိုပဲ လှနေမှာလို့ လူရေးဂူထဲမှာ လျှောက်ကြည့်ရင်းက တွေးခဲ့မိပါသေးတယ်။

တချို့ကျောက်စက်တိုင်တွေကတော့ နီဝါ၀ါ အရောင်မျိုးတွေ ရှိနေပါတယ်။ ဒါကတော့ သံဓာတ်နဲ့ သံဓာတ်တွေ စွန်းပေနေတဲ့ မြေစေးတွေကြောင့် ဖြစ်တာပါ။ သည်ထဲက ကျောက်အများစုဟာ ကယ်လ်ဆီယမ် ကာဗွန်နိတ်ကျောက်တွေဖြစ်ပြီး နှစ်ပေါင်း ၁၂၀ မှာ တစ်ကုဗ လက်မနှုန်းနဲ့ ကျောက်စက်တိုင်တွေ ဆက်လက်ပြီး ဖြစ်ထွန်းနေတဲ့ နေရာပါ။ သဘာဝတရားရဲ့ အလှအပဟာ လူလုပ် ထားသလို မဟုတ်ပေမယ့် လူတွေ မမှန်းနိုင်အောင် ထူးခြား ဆန်းကြယ်တာကတော့ သည်ပုံတွေကို ကြည့်ရုံနဲ့ သိနိုင်နေပါတယ်။
ကယ်လ်ဆီယမ် ထုံးကျောက်သန့်သန့်ကနေ ဖြစ်လာတဲ့ ကျောက်စက်တိုင်တွေကတော့ အမြဲတမ်း ဖြူဖြူဖွေးဖွေး တွေ့ရတတ်ပါတယ်။ သည်လို တိုင်တွေနဲ့ အချွန်အတက်ပုံ သဏ္ဌာန်တွေ ဖြစ်လာရတာကတော့ ရေကြောင့်လည်း ဖြစ်ပါတယ်။ သည်ထဲက ရေဟာ အက်ဆစ်ရေသဘောမျိုးဖြစ်တဲ့ အတွက် ကျောက်တောင်ကြီးရဲ့ ပျော့ပျောင်းတဲ့ ဓာတ်သတ္တုတွေကို တိုက်စား လိုက်တဲ့ အခါမှာ ကျောက်သား အခိုင်အမာတွေ ကြွင်းကျန်ခဲ့ပြီး ပုံသဏ္ဌာန် အမျိုးမျိုး ဖြစ်လာတာပါ။ ဒီထဲမှာ မျှော်စင်လိုပုံမျိုး အများအပြား ပါလာတတ် ပါတယ်။
ကျောက်စက်မိုးမျှော်တွေ တချို့ဟာ နှင်းဆီရောင်၊ မြေဆီရောင် ရှိတတ်ပြီး အနည်းဆုံး ၂၅ ပေကနေ ပေ ၆၀ လောက်ထိ မြင့်ပါတယ်။ သူတို့က ထူးခြားတဲ့ ကျောက်စက်မိုးမျှော် တချို့ကို နာမည်တွေ ပေးထားတတ်ပါတယ်။ ကျောက်စက် ပန်းဆွဲတွေကလည်း အနည်းဆုံး ငါးပေလောက် ရှည်ပြီး အရောင်ကလည်း အဖြူကနေ အညိုဝါ၀ါအထိ အရောင်တွေ ပြောင်းနေတာကတော့ ရေတိုက်စားတဲ့ အတွက် ရေထဲက ဓာတ်တွေနဲ့ ဓာတ်ပြုပြီး ဖြစ်ရတာပါ။ တချို့ ကျောက်စက်တိုင်တွေကတော့ ဖယောင်းတိုင်လို ဖြူနေတာမျိုးပေါ့။
ကျယ်ဝန်းတဲ့ ခန်းမကြီး တစ်ခုလို ဖြစ်နေတဲ့ နေရာလေးတွေ သုံးလေးခုရှိပြီး တစ်နေရာမှာ တော့ အတော့်ကိုကျယ်ဝန်းလှပါတယ်။ ခန်းမ ကြီးတစ်ခုရဲ့တစ်နေရာမှာတော့ ကျောက်စက်ပန်း ဆွဲတိုင်တွေ အရွယ်အစား အမျိုးမျိုးကို နန်းကြိုး သဘော ကြိုးများနဲ့ ချိတ်ဆက်ပြီး အဲဒီကြိုးတွေကို ပတ္တလား လိုစန္ဒရားလို စက်လေးမှာ လာပြီးချိတ် ဆက်စုစည်းထားတဲ့ အခါ ကျောက်စက်ပန်းဆွဲ တွေရဲ့ တုန်ခါမှုတွေကနေ ဂီတသံတွေထွက်လာ ပါတော့တယ်။ ဂူထဲမှာလေတိုးလာတဲ့ အခါ ဒါမှ မဟုတ် စကားပြောသံ ကျယ်ပြီး ပဲ့တင်သံထွက် လိုက်လာကာ အဲဒီ ပဲ့တင်သံကြောင့် ကျောက်စက် ပန်းဆွဲတွေ တုန်ခါသွားတဲ့အခါ အဲဒီ စက်လေး ကနေ ဂီတသံ သဘောမျိုး သံစဉ်တွေကို ပြန်ထုတ် ပေးပါတယ်။ သည်စက်ကလေးက သဘာဝ ပတ္တလား၊ သဘာဝ စန္ဒရားလေးလို ဖြစ်နေတော့ တာပါ။ သည်အကြောင်းကိုမသိခင် သည်ခန်းမထဲ ရောက်ခါနီးမှာ သာယာနာပျော်ဖွယ် ဂီတသံမျိုး ကြားတော့ သီချင်းတီးလုံး တစ်ခုခုကို ကက်ဆက်နဲ့ ဖွင့်ပေးနေသလားတောင် ထင်မိပါတယ်။ နောက်တော့မှ ကျောက်စက်တိုင် သဘာဝ အော်ဂင်ရဲ့ ဂီတံသံစဉ်မှန်း သိသွားရပါတော့တယ်။
ကျောက်တိုင်တွေမှာ အမိုးခုံးသဘော အပေါ်ကနေ အုပ်ကာချထားသလို ဖြစ်နေတဲ့ ကျောက်တိုင်တွေလည်းရှိပြီး အလွန်လှတာပါ။ သူတို့က ဒီလိုကျောက်တိုင်မျိုးတွေကို ယာယီတဲ လေးထိုးထားသလိုမျိုးလို့ မြင်ကြပါတယ်။တချို့တိုင်တွေက မှိုပွင့်လိုဖြစ်နေပြီး အပေါ်ယံမှာ ရေညှိလို နူးညံ့တဲ့ မှိုလေးတွေရှိနေတဲ့ အတွက် ကတ္တီပါ မျက်နှာပြင်လို ဖြစ်နေတတ်ပါတယ်။
ဂူထဲကတချို့နေရာတွေဟာ လှရုံတင်မကဘဲ ဆန်းလည်းဆန်းကြယ်ပါတယ်။ တချို့နေရာမှာ ဂူမျက်နှာကြက်ကို မော့ကြည့်ရတာ အရသာ အတော်ရှိတာပါ။ ဖုထစ်ကြွရွပြီး အရောင်တွေ မညီမညာနဲ့ ကျောက်စက်ပန်းဆွဲတွေ တွဲလဲခိုကျ နေပုံဟာ မီးဆိုင်းကြီး တစ်ခုကို ချိတ်ဆွဲထားသလို ကျက်သရေ ရှိလှပါရဲ့။

သည်ရေတွင်းလေးက ဆုတောင်းပြည့် ရေတွင်းလို့ဆိုပြီး အဓိဋ္ဌာန်နဲ့ ပစ်တဲ့ အကြွေတွေ မနည်းမနော ရှိနေပါတယ်။ ရေတွင်းက အစိမ်းရောင် ဖြစ်ကာ တချို့နေရာတွေမှာ သုံးလေးပေကနေ တချို့နေရာတွေမှာတော့ ခြောက်ပေခုနစ်ပေနက်ပါတယ်။ တော်တော်လှတဲ့ ရေတွင်းဖြစ်ပြီး အေးစိမ့် နေတဲ့နေရာလေးမို့ တော်ရုံနဲ့တောင် မထွက်သွားချင်ခဲ့ပါဘူး။ ကိုယ်ကတော့ ဆုတောင်းစရာ ဘာမှမရှိတာကြောင့်ရော၊ တောင်းမယ့် ဆုတွေ ပြည့်မယ် မထင်တာကြောင့်ပါ ငွေအကြွေလည်း မပစ်ခဲ့တော့ပါဘူး။ နောက်တစ်ခုက သည်က ရေတွေဟာ ကာဗွန်နစ်အက်ဆစ်ဓာတ် အနည်းငယ် ပါနေတတ်တာမို့ တော်ကြာ ငွေအကြွေတွေသိပ်များလာရင် ဓာတ်ပြုမှုတွေဖြစ်လာကာ သဘာဝ အရောင်တွေပြောင်းသွားမှာကို မလိုလားတာကြောင့်လည်း ပါပါတယ်။
သည်လိုလှပတဲ့နေရာမျိုးကို အရောက်ပို့ ပေးခဲ့တဲ့ ငယ်သူငယ်ချင်း ၀င်းထိန်နဲ့ လူရေးလိုဏ် ဂူဆိုင်းဘုတ်ရှေ့မှာ အမှတ်တရ ဓာတ်ပုံရိုက်ဖြစ်ပါ တယ်။ ၀င်းထိန်နဲ့ သူ့အောက် တစ်မိနစ်ပဲငယ်တဲ့ အမြွှာညီမ ၀င်းဝင်းနိုင်က ဆေးကျောင်းတစ် လျှောက် ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက် ပါ။ ၀င်းထိန်နဲ့ဇနီး ဇာကြီးကတော့ ၀ါရှင်တန် သွားတိုင်း ဒိုင်ခံဧည့်ခံပေးတဲ့သူတွေမို့ ကျေးဇူး တွေ အများကြီးရှိနေတဲ့သူတွေပါပဲ။
သဘာဝက ဆန်းကြယ်တဲ့အထဲမှာ ကြက်ဥကြော်ပုံ သဏ္ဌာန်မျိုးဖြစ်နေတဲ့ ကျောက်ကိုလည်း တွေ့ခဲ့ရပါတယ်။ ကြက်ဥကြော်မှ မကျက်တကျက် ဟတ်ဖ်ဖရိုင်းကြော်လေးပေါ့။ အနှစ်ကလေးက တုန်တုန်တုန်တုန် ဖြစ်နေသလို မျိုး ကျောက်လေးက လူတွေကိုင်ကြည့်လွန်းလို့ ပြောင်လက်လို့နေပါတယ်။ အရောင်ကတော့ မြေသားရောင်ပါပဲ။
ကျောက်စက်တိုင်တွေရဲ့ စုလစ်မွမ်းချွန်ဖြစ်မှုတွေဟာ ဂူတစ်လျှောက် မညီမညာပေမယ့် အတော်ကြီးကို ကြည့်လို့ ကောင်းပါတယ်။ နေရာတိုင်းလို လိုမှာ ရင်သပ်ရှုမော ငေးနေမိအောင်ကို လှတာပါ။ အမေရိကမှာ သဘာဝအလှ ကသာ နိုင်ငံ့အလှလို့ ပြောချင်လောက်အောင်လှတယ်လို့ပဲ ဆိုပါမယ်။
မသီတာ(စမ်းချောင်း)