Showing posts with label အညိုမှသည် ကြက်သွေးနီသို့. Show all posts
Showing posts with label အညိုမှသည် ကြက်သွေးနီသို့. Show all posts

Sunday, 18 March 2012

အညိုမှသည် ကြက်သွေးနီ 12



(ယခင်လမှအဆက်...)
ကြက်သွေးနီ စာသင်ခန်းနှင့် ကျောင်းသားများ

ကြက်သွေးနီသို့ ရောက်လာသော ကျောင်းသား များနှင့် တွေ့ဆုံခွင့်ရ ခဲ့ခြင်း ကလည်း စိတ်ဝင်စားဖွယ် ဖြစ်ပေသည်။

အမှန်တော့ ဟားဗတ် ဆိုသည်နှင့် ကမ္ဘာ အရပ်ရပ်မှ ကျောင်းသားများက အသည်းအသန် တက်ချင်နေသော ကျောင်းပီပီ ကြက်သွေးနီကလည်း သူ့ရင်သွေးကို အသေအချာ ရွေးချယ်ထားသဖြင့် ကြက်သွေးနီ၏ ရင်သွေးများ အားလုံးလိုလိုမှာ သူ့ အစွမ်းနှင့် သူဟု ဆိုရပါမည်။

ကြက်သွေးနီ၏ မည်သည့် ဘာသာကို လေ့လာသည် ဖြစ်စေ ပထမနှစ်တွင် အင်္ဂလိပ်စာ အခြေခံ အရေးအသား တစ်ခု ဖြစ်သည့် စာအုပ် တစ်အုပ်၏ နောက်ခံ အကြောင်းအရာကို လေ့လာဆန်း စစ်သည့် အရေးအသား အတတ်ကို ကြက်သွေးနီက သင်ပေးမြဲ ဖြစ်လေသည်။ ထိုအတတ်ကို သင်ကြား ပို့ချရသူမှာ ကိုယ့်မိတ်ဆွေ ဂျိန်းပင်ဖြစ်၏။ ဂျိန်းကိုယ်တိုင်က စမ်းသပ် အရေးအသားဖြင့် စာပေ လောကကို တိုးဝင်နေ သော စာရေးဆရာမ တစ်ဦးဖြစ်ရာ သူက သူ့အတန်းသား ကျောင်းသား ကျောင်းသူများ အတွက် သမားရိုးကျ မကသည့် နည်းပညာများ၊ စိတ်ကူး အတွေးများဖြင့် စာသင်ကြား ပို့ချမြဲ ဖြစ်ပါသည်။

သို့ဖြင့် ဂျိန်းက အီရန် စာရေးဆရာ ရှရီရာနှင့် ကိုယ်တို့၏ ၀တ္ထုများအား သည်အတန်း အတွက် ပို့ချရန် ရွေးချယ်ခဲ့သည်မှာ ကိုယ့်အနေဖြင့် အညို့ရင်ခွင်ဖြစ်သော ဘရောင်း တက္ကသိုလ်မှာ ဌာနေ စာရေး ဆရာသဖွယ် ဖြစ်စဉ်ကတည်းကပင် ဖြစ်ပါသည်။ သို့သော် အညို့ရင်ခွင် ရှိစဉ်က အတန်းချိန် တစ်ချိန်မျှသာ ပါဝင်ပေးခဲ့ရ သော်လည်း ကြက်သွေးနီသို့ရောက်လာ သည့်အခါမှာမူ အတန်းချိန် နှစ်ချိန် ပါဝင် ပေးလာရပါသည်။ သို့သော် ကိုယ့်စာမူ အတော်များများကို ဂျိန်းက သူ့အတန်း သားများအား မိတ္ထူ ကူးပေးပြီး ဖြစ်ပါသည်။ ကိုယ့်မှာလည်း ၂၀၀၅ ခုနှစ်က တည်းက အင်္ဂလိပ်ဘာသာဖြင့် ၀တ်္ထုတို များအား ထုတ်နိုင်ရန် အဆင်သင့်ပြင် ထားပြီး မထုတ်ဖြစ်သေးသဖြင့် ဂျိန်း အတွက် စာမူများပေးရာတွင် အဆင်သင့် ဖြစ်ခဲ့ရသည်။ ကိုယ့်ဝတ်္ထုတို အပုဒ် ၂၀ ကျော်အား သူတို့အားလုံး မဖတ်မီမှာ တစ်ကြိမ်၊ ဖတ်ပြီးသည့်အခါ တစ်ကြိမ် ဖြင့် နှစ်ကြိမ်တွေ့ဆုံကာ ကျောင်းသား ကျောင်းသူများ မေးသမျှ ပြန်ဖြေရသည် မှာ လွယ်မယောင်နှင့်ခက်၊ ခက်မယောင် နှင့် လွယ်ဟုပင် ဆိုနိုင်ပါသည်။
အကြောင်းမှာ ကြက်သွေးနီ၏ ရင်သွေးများပီပီ ထက်ထက်မြက်မြက် ရှိပြီး ရဲရဲရင့်ရင့် မေးတတ်မြန်းတတ်ကြသဖြင့် “ကိုယ်ရေးချင်လို့ရေးတာ၊ ဘာဖြစ်လဲ” ဟု လွယ်လွယ် ဖြေမရနိုင်သော်လည်း ကြက်သွေးနီပီပီပင် ကမ္ဘာ အရပ်ရပ်မှ ကျောင်းသားများကို လက်ခံ ထားသဖြင့် လည်း အီရန်နှင့် မြန်မာနိုင်ငံတို့၏ လူမှုဝန်းကျင် အကြောင်း စာနာ သဘောပေါက် နိုင်စွမ်းသော ကျောင်းသားများလည်း ပါဝင်တတ်ရာ ကိုယ်ပြောသမျှကို နားမဝေးဘဲ သဘောပေါက် လွယ်ကြသူများ ပါဝင်နေသဖြင့် သမိုင်းကြောင်း ချီကာ ရှင်းပြရန် မလိုလောက်သည်ထိ အခက် အခဲမရှိ ဖြစ်ရပြန်ပါသည်။

ဂျိန်း၏ ကျောင်းသား ကျောင်းသူများမှာ ဆယ်ကျော်သက်ကို လွန်ခါစ လူငယ်များပီပီ  အားမနာတမ်း မေးခွန်းများဖြင့် ကိုယ်တို့ နှစ်ယောက်အား စပ်စုခဲ့ကြသကဲ့သို့ သရော်စာကို အားသန်သကဲ့သို့ လူကိုယ် တိုင်ကလည်း အထိတ်တလန့် ပြက်လုံး များကို သဘော ကျတတ်သော ရှရီရာနှင့် သမားရိုးကျကို တွန့်ဆုတ်ပြီး လွတ်လပ်မှုကို သဘောကျသော ကိုယ်တို့ကလည်း သူတို့မေးရန် ကျန်သွားသည့် မေးထိုက်ရာရာများ အထိပါ ခဲရာခဲဆစ် ရှာကြံပြီး ဖြေပေးကြ၊ အတွေး ဆွပေးခဲ့ကြပါသည်။

သို့ဖြင့် ဂျိန်း၏ စာသင်ခန်းလေးမှာ အတွေ့ အကြုံဖလှယ်ရာ၊ အတွေးအခေါ် ဖလှယ်ရာ၊ ယဉ်ကျေးမှု ဖလှယ်ရာ၊ ဗဟုသုတ ဖလှယ် ရာအစစသော ဦးနှောက်နှင့်နှလုံးသားများ ဖလှယ်ရာနေရာလေး တစ်ခု ဖြစ်လာခဲ့ပါသည်။ သို့ဖြင့်လည်း ကြက်သွေးနီ၏ ရင်သွေးများသည် စာကြည့်တိုက်များနှင့် ပုံနှိပ် စာလုံးများတွင် ရှာမတွေ့နိုင်သည့် အမေးအဖြေများ၊ အထေ့အပြုံးများ၊ အသော အညည်းများကို မိမိတို့၏ စာသင်ခန်းများ အတွင်းမှာပင် “ဒလဟောနှင့် ဗုံးပေါလအော” ရရှိ ခံစား လိုက်ရပေသည်။ သို့ကြောင့်ပင် ကြက်သွေးနီသည် ကမ္ဘာ့ကျောင်းသား ထုကြီး၏ သည်းခြေကြိုက် တပ်မက်ရာ ကျောင်းမဟာ ဖြစ်နေရခြင်းဟု ဆိုရပေမည်။

ကြက်သွေးနီကား သူ့ဆီမှာ ရှိနေသည့် ပညာရှင်များသာ မက သူ့နားသို့ ရောက်နေသော ပညာရှင်များကိုပင် အလွတ် မပေးဘဲ ဦးနှောက်ကို ငှားတတ်သည်ပင်။ ကိုယ်တို့မှာလည်း ကြက်သွေးနီ၏အရှိန်အ၀ါကြောင့်သာ မဟုတ်မူဘဲ ကြက်သွေးနီ ရင်သွေးများ၏ ဇွဲ၊ ထက်သန်မှုနှင့် လုံ့လများကို  နှလုံးသားချင်း ခံစားကာ ပီတိမုဒိတာ ပွားဖြစ်သဖြင့် ကြက်သွေးနီမှ အသုံးချခံရမည့် အရေးကိုပင် သွေးအေးစွာ ကြည်ဖြူဖြစ်ကြမြဲတည်း။ သည်နှယ် အပြန်အလှန် အကျိုးများသော ပညာရေးစနစ်သည်ပင် ကြက်သွေးနီကဲ့သို့ သော ကမ္ဘာကျော် တက္ကသိုလ်များ၏ အဓိကသော့ချက်ဖြစ်သည် မဟုတ်လား။

အခြား ပညာရှင်များ

ရက်ကလစ်ဖ်တွင် ဆုံတွေ့ရသော ပညာရှင်များအနက် ရုံးခန်းမှာ အမြဲ မရှိသည့် ပညာရှင်မှာ Linda G. Griffith ပင် ဖြစ်သည်ဟု ဆိုရမည်ပင်။ အလွန် ထူးချွန်သော အမျိုးသမီး ပညာရှင်ဖြစ်သော်လည်း အလွန်ပင် ကျန်းမာရေးချို့တဲ့သူဖြစ်ရာ သူ့ဓာတ်ခွဲ ခန်းနှင့် ဆေးရုံ အခန်းတွင်သာ အချိန် ကုန်နေခဲ့လေသည်။ သူက ဇီဝဗေဒနှင့်စက်မှု အင်ဂျင်နီယာ ဗေဒဆိုင်ရာပါမောက္ခဖြစ်ပြီး အမ်အိုင်တီခေါ် မက်ဆာချူးဆက်နည်း ပညာ တက္ကသိုလ်မှာ စာသင်နေသူဖြစ်သည်။ သူ လုပ်နေသည့်သုတေသနမှာ New Approaches to Probing Autocrine Growth Factor Loops in Stem Cells ဖြစ်ကာ အမျိုးသမီး ရောဂါတစ်ခုဖြစ်သည့် Endometriosis ကို ထိုသုတေသန အတွက် တွဲဖက်လေ့လာ ပြုပြင်သွားမည် ဖြစ်ပါသည်။ ကိုယ့်မှာလည်း ထိုရောဂါ ကို အင်းစိန် ထောင်သက် ငါးနှစ်ခွဲအပြင် နောက်ထပ် ခုနစ်နှစ်၊ စုစုပေါင်းဆယ့်နှစ် နှစ်မျှ အလူးအလဲ ခံစားခဲ့ရရာ သူကကိုယ့် ကို ထိုသုတေသန အကြောင်းအားတက် သရောပြောပြတတ်ပါသည်။

သို့သော် သူ့ခမျာ ကင်ဆာရောဂါတစ်ခုကို ကောက်ကာငင်ကာ ခံစားလာရပြီး အမျိုးမျိုးအဖုံဖုံသော ကုထုံးများကို ခံယူ ရသဖြင့် ရက်ကလစ်ဖ်ရုံးခန်းသို့ပင် ပေါ် မလာတော့သည်မှာ စာသင်နှစ်ကုန်ဆုံး သွားသည့် အချိန်ထိ ပင်ဖြစ်ပါတော့သည်။ သူက ဇီဝအင်ဂျင်နီယာသမားတစ်ဦး ဖြစ်ရာ ဆေးလောကအတွက် ဆန်းသစ် သော တီထွင်မှု အချို့ကို လုပ်ဆောင်နိုင်ခဲ့ သူလည်း ဖြစ်ပါသည်။ အရိုးအသစ်ပွား ခြင်းအတွက် တီထွင် နိုင်ခဲ့သကဲ့သို့ အရိုး၊ ကြွက်သားနှင့် ကျောရိုးဆစ်များ ဆိုင်ရာ ဇီဝအင်ဂျင်နီယာ အလုပ်များကို အားသွန် ခွန်စိုက် လုပ်နေသူ၊ အသိအမှတ်ပြုဆု တံဆိပ်များစွာ ရရှိထားသူလည်း ဖြစ်ပါသည်။

သူ့နှယ် ထက်မြက်သောပညာရှင် တစ်ယောက်အဖို့ ယခုကဲ့သို့ ကျန်းမာရေး မကောင်းဖြစ်ရခြင်းအားလည်း အတော်ပင် စိတ်မကောင်းမိချေ။ သူဖိတ်ကြား သဖြင့် မက်ဆီကိုနွယ်ဖွား သရုပ်ဆောင် တစ်ဦး၏ ရောဂါဆိုင်ရာ ဟောပြောပွဲကို အမ်အိုင်တီမှာ သွားတက်ရသည်ကလည်း အမှတ်တရဖြစ်ဖွယ်ပင်။ ကြီးမားကျယ် ၀န်းလှသော ဗိသုကာ လက်ရာ အဖုံဖုံ ရှိသည့်အမ်အိုင်တီ၏ အဆောက်အအုံဝင်း အတွင်းမှာ စာသင်ခန်းတစ်ခန်းကို ရှာရ သည်မှာ တောကြီးမျက်မည်းထဲ ရောက်နေ သည့် ခံစားမှုမျိုးကိုလည်း ပေးစွမ်းခဲ့ပေ သည်။ ခေတ်မီဆန်းသစ်လွန်းလှသည့် ဗိသုကာ လက်ရာများဖြင့် ဖွဲ့စည်းထား သော တောကြီးဆေးရောင်စုံထဲမှာ ကိုယ် ယဉ်ပါးသည့် အဆောက်အအုံ ဒီဇိုင်းများ လုံးလုံး မရှိသည့်အတွက် တောကြီးမျက်မည်းထဲ ရောက်နေသကဲ့သို့ ခံစားခဲ့ရခြင်း သာ ဖြစ်ပါသည်။

လင်ဒါနှင့် ခင်မင်ခွင့်ကို ခေတ္တမျှသာ ရခဲ့သော်လည်း အချို့သောအမျိုးသားပညာ ရှင်များနှင့်မူ အတော်ပင်ရင်းနှီးခွင့်ရခဲ့ပါသည်။ ထိုအထဲတွင် ရှေ့တန်းမှပါသူမှာ Reuven Snir ဖြစ်ပါသည်။ သူက အစ်္စရေး၏ ဟိုင်ဖာတက္ကသိုလ်မှ အာရပ်စာပေနှင့် ဘာသာစကား ဆိုင်ရာ ပါမောက္ခဖြစ်သည်။ သူက အာရပ်ဂျူးများ အကြောင်းကို သူ့သုတေသန ဟောပြောပွဲမှာ အကျယ်တ၀င့် ဟောပြောခဲ့ရာ ကိုယ်က အလွန်ပင် စိတ်ဝင်စားသဖြင့် ထိုအကြောင်းကို မည်မျှအထိ ရှာဖွေဖတ်ရှု နိုင်ပါမည်နည်းဟု အမေးထောက်ရာမှ ကိုယ်တို့ ပိုပြီး ခင်မင် လာခဲ့ပါသည်။ သို့ဖြင့် သူကိုယ်တိုင် အာရပ်ဂျူးစာပေ အနုပညာရှင်များ အကြောင်း စာတမ်း တစ်စောင်ကို ကိုယ် အယ်ဒီတာ လုပ်နေသည့် ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်း အတွက် သီးသန့်သဘော ရေးပေးခဲ့ပါသည်။ ကိုယ်ကလည်း ၀မ်း မြောက်ဝမ်းသာ ဘာသာပြန်ကာ ဖော်ပြ ပေးခဲ့ပါသည်။
သူက နောက်ထပ် စိတ် ၀င်စားသည်မှာ ကိုယ်အပြင်းအထန် အားထုတ်ဖူးခဲ့သည် ဆိုသော ၀ိပဿနာ တရားပင် ဖြစ်ပါသည်။ သူက အစ္စလာမ် ဘာသာတွင် ရှိသော ဆူဖီဗေဒကို လိုက်စားသူ ဖြစ်ရာ ကိုယ်က အမြည်းသဘော အားဖြင့် ရာမာမထာ လက်ချာတွင် ပြောပေးခဲ့သည့် ၀ိပဿနာ တရားအကြောင်းကို အလွန် လေ့လာချင်နေသူ ဖြစ်ပါသည်။ ကိုယ့်ကို အလွတ်သဘောအားဖြင့် ၀ိပဿနာ သင်တန်းစကားဝိုင်း လုပ်ပေးရန် တောင်းဆိုသူများတွင် သူက အထက်သန်ဆုံးလည်း ဖြစ်ပါသည်။ ကိုယ်က သူတို့ ကိုယ်တိုင် အားထုတ်နိုင်ရန် နည်း လမ်းပြောပြခြင်း၊ သတိထားစရာ ဆောင်ရန် ရှောင်ရန်များ မျှဝေခြင်းတို့ ကဲ့သို့ လက်တွေ့အားထုတ်မှု ဆိုင်ရာများကိုသာ ဦးစားပေးကာ နားလည်ရခက်သော တရားသဘောတို့ကို ပြောပြရာတွင် သူကသာ အမေးအမြန်း အထူဆုံး ဖြစ်ခဲ့သကဲ့သို့သဘောလည်း အပေါက်ဆုံး ဖြစ်ပါသည်။

သူက ဂျေရူစလင်ရှိ ဟီးဘရူး တက္ကသိုလ်နှင့် ဘာလင်ရှိ တက္ကသိုလ်အချို့တွင် ဂျူးတို့ အကြောင်းကို သင်ကြားလေ့ ရှိသူလည်း ဖြစ်ပါသည်။ ရူဗင်က အသက်အရွယ် အရ တည်ငြိမ်သလောက် နောက်ပညာရှင် တစ်ဦးဖြစ်သော ကဗျာဆရာ ဂျယ်ရီချို ဘရောင်းမှာမူ စီမာကဲ့သို့ အရယ်သန်သော လူငယ် ပညာရှင် ဖြစ်ပေသည်။ သူက ဆန်ဒီ ရေးဂိုး တက္ကသိုလ်မှ အင်္ဂလိပ်စာ ဆရာတစ်ဦးဖြစ်ကာ ကဗျာဆရာကောင်း တစ်ယောက်လည်း ဖြစ်ပါသည်။ သူ့သုတေသနမှာ အာဖရိကန် အမေရိကန်များ၏ ဘ၀နှင့်ယဉ် ကျေးမှုသမိုင်းကို လေ့လာခြင်း ဖြစ်ပါသည်။

အထူးသဖြင့် ၁၉၈၀ ပြည့်နှစ်များက စတင်ကာ လူသိများလာသော အေအိုင်ဒီအက်စ်သတင်း တင်ပြချက်နှင့်အတူ ကျော် ကြားခဲ့သော တီဗွီသတင်းတင်ဆက်သူများ၏ဘ၀အကြောင်းကဗျာများ ပါဝင်ပါသည်။ သူကနယူးအော်လင်းမြို့တော်ဝန်၏ မိန့်ခွန်းရေးပေးသူအဖြစ်လည်း လုပ်ဆောင်ဖူးသေး သူဖြစ်ပြီး မျက်နှာထားချိုလွန်းလှသည့် ပညာရှင်လေး ဖြစ်လေသည်။ သို့သော် သူသည်လည်း ရုံးခန်းမှာ အနေမများသူဖြစ်နေပြန်ပါသည်။ သူနှင့် မတူဘဲ ရုံးခန်းမှာ အနေများပြီး အခန်းတံခါးကို ပိတ်ထား တတ်သူမှာကား Siddhartha Deb ပင်ဖြစ်သည်။ သူက အိန္ဒိယသား ဖြစ်သော်လည်း နယူးယောက်မှာ New School ၏ ကျောင်း ဆရာ အဖြစ်နေထိုင်နေသူ။ သူက၀တ္ထုထက် လက်ရှိ အခြေအနေများ အကြောင်း ရေးသား လေ့ရှိသူဖြစ်ပြီး နယူးယောက်တိုင်းမ်မှ သူ၏ ပထမဆုံး စာအုပ်ကို သတိပြုသင့်သော စာအုပ်စာရင်းတွင် ထည့်သွင်း ခဲ့ဖူးသည်။ သူက အိန္ဒိယသားများ ကိုယ်တိုင် လျစ်လျူရှု နေမိသော နယ်စပ်ဒေသမှ တိုင်းရင်းသားများ၊ တောရွာမှ နိုင်ငံသားများ အကြောင်း အသေးစိတ် လေ့လာကာ ရေးသားတတ်သူ ဖြစ်သည်။

သူသုတေသနပြု ရေးသားမည့် စာအုပ်မှာ Do You Know Who I Am? Stories of Wealth and Poverty From the New India ဖြစ်ပြီး အိန္ဒိယရောက် မြန်မာများ အကြောင်းကိုလည်း လေ့လာ ထားကာ ပူပန်နေတတ်သူ ဖြစ်သည်။ သို့ ဖြစ်ရာ ကိုယ်နှင့်လည်း စကား လက်ဆုံ ကျတတ်ပါသေးသည်။ သူက ကိုယ်တို့ အား ခေတ်သစ် အမြင်ဖြင့် ရိုက်ကူးထား သည့် ဘောလိဝုဒ် ရုပ်ရှင်တစ်ကားကို လည်း ပြသပေးခဲ့ကာ အိန္ဒိယအရှေ့ မြောက်ဒေသမှ မငြိမ်းချမ်းသည့် လူ့ အဖွဲ့အစည်း၏ လက်ရှိ အနေအထားကို မျက်ကွယ်ပြုကာ ငွေရှာသည့် ရုပ်ရှင်များ၏ ရှုခင်းအလှအပ ရိုက်ချက်များ အကြောင်း ဆွေးနွေးပြခဲ့ဖူးပါသေးသည်။ သူက စကားကို များများနှင့် ရှည်ရှည်ဝေးဝေး ပြောတတ်သော်လည်း အိန္ဒိယမှ လူ့ မလိုင် လူတန်းစားများ၏ ဥရောပ ဆန်မှု ကိုလည်း ဝေဖန်တတ်သူပင်။ သူက ကိုလံဘီယာ တက္ကသိုလ်မှ အင်္ဂလိပ်စာ၊ နှိုင်းယှဉ်စာပေပညာတို့ဖြင့် မဟာဝိဇ္ဇာ အတွေးအခေါ် ပညာကို ရခဲ့သူလည်း ဖြစ်ကာ အနေအထိုင် ရိုးစင်းသလောက် ပညာ မာနရှိသူလည်း ဖြစ်ပေသည်။ ထိုထိုသော အရောင်အသွေးစုံသည့် ပညာကုံထံများ ကြားတွင် စာသင်နှစ် တစ်နှစ်တာကို ဖြတ်သန်းခွင့် ရခြင်းအတွက်လည်း ရက်ကလစ်ဖ်ကို ကိုယ့်မှာ ယခုတိုင် ကျေးဇူး တင်နေမိပါသည်။

ကြက်သွေးနီသည် ကမ္ဘာ့ ပညာကုံထံများအား စုစည်းပေးရာ ကျောင်းမဟာ ဖြစ်သည်နှင့် အညီ အစွမ်း အစအသီးသီး၊ ပညာမာန အညီးညီးနှင့် တောက်ပြောင်နေသည့် ကြက်သွေးနီ ကျောင်းတော်ကြီး၏ ရင်သွေးများ၊ ပဲ့ကိုင်ရှင်များ အပါအ၀င် ဧည့်ပညာ ကုံထံများကို တစ်နှစ်တာ လက်တွဲခွင့် ရခဲ့ခြင်း သည်ဘ၀၏ ဒုလ္လဘ တရားများ အနက် တစ်ခု အပါအ၀င်ဖြစ်သည်ကိုလည်း ၀န်ခံ ရပါမည်။ ကြက်သွေးနီမှ ပေးအပ်သော ခံစားခွင့်များ၏ အကျိုး ကျေးဇူးကိုလည်း ယခုတိုင် ခံစားနေရဆဲဟု ခံယူထားသည့် အတွက် ကိုယ့်ဘ၀မှာ ရက်ကလစ်ဖ်၏ လက်ကမ်းကြိုဆိုမှုနှင့် ထိုအခွင့်အရေး ကို အရယူပေးခဲ့သော မိတ်ဆွေသူငယ် ချင်းစာရေးဆရာ၊ ကြက်သွေးနီ ဆရာမ ဂျိန်း၏ ကျေးဇူးပြုမှုတို့ကို မေ့မရဖြစ်ရသည်မှာလည်း အမှန်ပင်။

Humanity Centre မှ မိတ်ဆွေများ
ကြက်သွေးနီ ရင်ခွင်သို့ ခိုလှုံနိုင်ခွင့်ကို ဖန်တီးပေးခဲ့သည့်မိခင်ဌာန Radcliffe Institute for Advanced Study ပြီးလျှင် ဟားဗတ်၏ နောက်ထပ်ဌာန တစ်ခုဖြစ်သော Humanity Centre ဌာနမှာ ကိုယ့်အတွက် အရေးပါခဲ့ကြောင်း ဆိုခဲ့ဖူးပါပြီ။ စာသင်နှစ် တစ်နှစ် ကုန်ဆုံးခါနီးသည့် အခါ ဌာန အသီးသီးမှာ နှုတ်ဆက်ပွဲများ ရှိနေတတ်သည် ဖြစ်ရာ Humanity Centre ဌာနမှာလည်း နှုတ်ဆက်ပွဲလေး လုပ်ခဲ့ပြန်ပါသည်။ သည်ပွဲမှာ မူ လူက များများစားစား ရှိမနေပါ။ ဧည့်ပါမောက္ခတစ်ဦးဖြစ်သူ မော်နီကာက ကိုယ်နှင့်အတူ ပြန်လိုက် မလာခဲ့ဘဲ ဟွန်းဒူးရပ်စ်မှာ ကျန်ရစ်ခဲ့သဖြင့် လူက သိပ်မများလှ။ အီရတ်မှ စိုက်ပျိုးရေး ပါရဂူ တစ်ဦးကမူ ဇနီးသည်နှင့် အတူ ရောက်လာခဲ့သည်။ သူက မည်သည့် ဌာနနှင့် တွဲဖက်ရှိနေခဲ့ကြောင်းကိုမူ မမှတ်မိတော့။ သူရောက်လာ ခဲ့သည်မှာလည်း ကိုယ်နှင့် ဟျူမဲရာတို့ကဲ့သို့ စာသင်နှစ်စတွင် မဟုတ်သဖြင့် သူနှင့် မခင်မင်လှ။  
နောက်စကောလာ တစ်ဦးက အီရန်မှ နိုရီဖြစ်သည်။ သူက ကိုယ်နှင့်နယ်ပယ်ချင်း တူသူ။ သူက ခွဲစိတ် ဆရာဝန် တစ်ဦးဖြစ်ပြီး အီရန်တွင် ကျန်းမာရေး ၀န်ကြီးအဖြစ် အချိန်ကာလ တစ်ခုကြာ တာဝန်ထမ်းဖူးသူပင်။ သို့သော် အမေရိကမှာ ခွဲစိတ် ပညာကို ဆည်းပူးခဲ့ ဖူးသူ နိုရီ၏ ဒီမိုကရေစီ အမြော်အမြင်များ ကြောင့် သူ့ကိုရာထူးမှ ထုတ်ပယ်ကာ အရေးယူရန် အခြေအနေမျိုးထိ ဆိုက်လာ ခဲ့သဖြင့် အီရန်ကို သူက စွန့်ခွာခဲ့သူ။ သည်အဖြစ်ကို သူပြောသဖြင့်သာ သိရ ခြင်းဖြစ်ပြီး သူ့ကို ကိုယ့်မိတ်ဆွေရင်း အီရန် စာရေးဆရာ ရှရီရာက သဘောမကျ။ အပေါ်ယံ သမားဟုမြင်လေသည်။ ကိုယ့်မှာလည်း နိုရီနှင့် ပတ်သက်သည့် အတွေ့အကြုံတစ်ခုက ရှိခဲ့သည်။ အမှန်တော့ ကြက်သွေးနီမြေကို နင်းခါစ ကာလက ပြည်သူ့ ကျန်းမာရေးဌာနမှ ဟားဗတ်၏ တက်သစ်စ ဆေးကျောင်းသားများအား“ကျန်းမာရေးနှင့် လူ့အခွင့်အရေး”ဟူသည့် ခေါင်းစဉ် ဖြင့်ဟောပြောပေးရန် ဖိတ်ကြား ခံခဲ့ရရာ ဟောပြောသူမှာ ကိုယ်နှင့် နိုရီ နှစ်ဦးတည်း။ နိုရီက ဟောပြောပွဲတွင် လက်တွေ့ထက်သီအိုရီများကို ပါဝါပွိုင့်ဖြင့် ပြောခဲ့ပြီး ကိုယ်က လက်တွေ့နမူနာများဖြင့် ပြောခဲ့ဖြစ်သည်။ ကျောင်းသားများ၏ မေးခွန်းများကို ဖြေကြား ရာတွင်လည်း နိုရီက ပေရှည်ကာဝေ့၀ိုက် ဖြေကြားခဲ့ပြီး ထိရောက်သော လက်တွေ့ နမူနာများ မပေးနိုင်ခဲ့ချေ။

သို့ဖြင့် ရှရီရာ၏ သုံးသပ်ချက် မှန်မည်ဟု ကိုယ်ကလက်ခံ ဖြစ်ခဲ့သည်။ ပိုဆိုးသည်က နောက်ပိုင်းတွင် နိုရီက ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်ကာ တွေ့ဆုံရန် ပြောသည့်အခါတိုင်း အခြားသော ပြောစကားများက သူသည် အီရန်ပြန်ရမှာ စိုးရိမ်စိတ်ထက် အမေရိကမှာ အခြေချရန် စိတ်ဇော ကြီးနေကြောင်း သိသာ စေသကဲ့သို့ ရနိုင်သမျှ အခွင့်အရေး မှန်သမျှကို လက်လွတ် မခံချင်ဖြစ်နေပုံမှာလည်း သိသာလှသဖြင့် ကိုယ့်မှာ မအားပါဟူသော အကြောင်းပြချက်ဖြင့် သူနှင့်ဝေးအောင် ကြံခဲ့ရသည်။ အမှန်တော့ သည်နှယ် တက္ကသိုလ်များမှ ဖိတ်ကြား ခံခဲ့ရသည့် အခါ အချို့သော ဖိတ်ကြားခံ ပညာရှင် အချို့မှာ သူတို့အား ဖိတ်ကြားခဲ့သည့် မူလ အကြောင်းရင်းများကို မေ့လျော့ သွားကာ လွတ်လပ်ပြီး ကြွယ်ဝသည့် အမေရိကန် လူနေမှု အ၀န်းအ၀ိုင်းတွင် ဘ၀သစ် စလိုကြသည့် စိတ်ကူးများ ပေါ်ပေါက်လာတတ်လျက် ထိုအခွင့်အရေးများ တစ်ခုပြီး တစ်ခု ဆက်တိုက် ရနိုင်ရန် အားထုတ်လာတတ်ကြသည်ကို ကိုယ်တွေ့မြင်ခဲ့ရပါသည်။

ထိုကဲ့သို့ ပြောင်းလဲလာသော ပညာရှင်များ၏ စိတ်သဘောကို သက်ဆိုင်ရာ ဌာနတို့က ရိပ်စားမိသည်ချည်းပင်။ သည်နှယ် မတွေးဘဲ ကိုယ့်မြေ ကိုယ့်ရေတွင် မည်သည့်အခက် အခဲများ ရှိနေပါစေ၊ အရောက်ပြန်ကာ စွမ်းသမျှဖြင့် တာဝန်ြ ပန်ကျေမည်ဟု ဆုံးဖြတ်သည့် ပညာရှင်များကိုလည်း သက်ဆိုင်ရာဌာနများမှ လေးစားစွာ မှတ်တမ်းတင်မြဲပင်။ Humanity Centre ဌာနမှာ ပြုလုပ်သည့် နှုတ်ဆက်ပွဲ ဓာတ်ပုံကို ပြန်ကြည့်တော့ ဖိတ် ကြားခံ ပညာရှင်လေးဦး အနက် အီရတ်မှ ပညာရှင် အကြောင်းကို မသိမူဘဲ ကိုယ်ရန်ကုန် ပြန်ခဲ့သည့်တိုင် အမေရိကမှာ နိုရီနှင့် ဟျူမဲရာတို့ ကျန်ခဲ့သေးကြောင်း သတိ ရနေလေသည်။ ယခုမူ သူတို့ဘယ်ဆီများ ရောက်နေပါပြီနည်း။ ဟျူမဲရာကို ဖေ့စ်ဘွတ်ခ်မှာ ရံဖန်ရံခါ တွေ့ရသည့်တိုင် မည်သည့်နေရာ ရောက်နေပြီဟု မည်သည့် အခါမျှ မပြောပြ။

သို့ဖြင့် ကိုယ့်ရေ ကိုယ့်မြေအတွက် အထောက်အကူ ပြန်ပြုနိုင်စွမ်း ရှိသည့် အတတ် ပညာရှင်၊ အနုပညာရှင် မည်မျှတို့ကား အမေရိက တက္ကသိုလ်များ၏ ဖိတ်ကြားမှု အပြီးတွင် အမေရိက၏ မည်သည့် အရပ်ဒေသများ၌ ဘ၀သစ် စကာ အမိမြေများကို စွန့်ခွာ သွားခဲ့ကြသနည်းဟု မတွေးဆနိုင်တော့။ သို့ဖြင့် ရေများရာ မိုးရွာ ဆိုသကဲ့သို့ အတတ် ပညာရှင်၊ အနုပညာရှင်ကောင်းများ ရှိရာ အမေရိကတွင် နောက်ထပ် နောက်ထပ်သော အသားအရောင် မတူ ခြားနားသည့် အတတ်ပညာရှင်များ၊ အနုပညာရှင်များ စုပြုံလာကာ ထိုပညာရှင်များ၏ ဇာတိမြေများတွင်မူ အတတ်ပညာရှင်၊ အနုပညာရှင်များ ချို့တဲ့ သည့် ပြဿနာ တစ်ရပ်ပါ တိုးတက် လာနေသည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီ ဖြစ်ပါသည်။

ထို့ကြောင့်လည်း ကမ္ဘာပေါ်တွင် အမေရိကသည် စူပါပါဝါ အဖြစ် ရှိနေရခြင်းမှာ စစ်ရေးအင်အား သက်သက်ကြောင့် မဟုတ်မူဘဲ ပြောင်းရွှေ့ အခြေချ ပညာရှင်များ သို့မဟုတ် နိုင်ငံရင်းစွန့် နိုင်ငံသားသစ် များကြောင့် ဖြစ်သည်ဟုသာ ကြေကြေကွဲကွဲ မှတ်တမ်း ပြုမိရပါတော့သည်။ ကြက်သွေးနီကား ထူးခြား ခြားနားသည့် အတွေ့အကြုံ သစ်များကို ပေးအပ်ရာ၌သည်နှယ် ကြေကွဲစရာ အတွေးစကိုလည်း ပေးနိုင်ခဲ့သည်ကော။
(ဆက်လက် ဖော်ပြပါမည်)

မသီတာ၊စမ်းချောင်း၊
(ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၂)

Monday, 13 February 2012

(Feb-2012)အညိုမှသည် ကြက်သွေးနီသို့ 11

(ယခင်လမှ အဆက်...)
ဟွန်းဒူးရပ်စ် ဘာဝနာ ခရီး
ကြက်သွေးနီ ရင်ခွင်မှာ သိကျွမ်း ခင်မင်ရသူ အများစုကား ပညာရှင် သုတေသီများ ဖြစ်ရာ သူတို့၏ စိတ်ဝင်စား မှုမှာ ပညာရပ် ဆိုင်ရာ အကြောင်း အရာများ ဖြစ်နေ တတ်သည့်တိုင်

အချို့ ပညာရှင် များမှာမူ ၄င်းတို့ တတ်ထားသော ပညာရပ်ကို အခြေပြုကာ အကူအညီ လိုအပ်နေသည့် လူ့အဖွဲ့ အစည်းများတွင် တစ်ဖက် တစ်လမ်းမှ ကူညီ ပေးနိုင်ရေး ဖြစ်လေ့ ရှိပါသည်။ ထို့ပြင် ဟားဗတ်မှ ပါမောက္ခ အသီးသီးမှာ အမေရိကရှိ ပညာရပ် ဆိုင်ရာ ပါမောက္ခ များ၏ ထုံးစံအတိုင်း နိုင်ငံ ပြင်ပရှိ လူမှုအထောက် အကူပြု အဖွဲ့အစည်း တစ်ခုခုနှင့် ချိတ်ဆက်ကာ လူမှုရေး လုပ်ငန်း အချို့တွင် တာဝန်ယူ လုပ်ကိုင်လေ့ ရှိကြပြန်သည်။

ထိုလုပ်ငန်း များကို လုပ်ကိုင်ခြင်း အားဖြင့် ယင်းတို့၏ ပညာရပ် ဆိုင်ရာ သုတေသန များအတွက် အကျိုးရှိသည့် အပြင် ယင်းတို့၏ နာမည်သိက္ခာ အတွက်လည်း အကျိုးမမဲ့ စေဘဲ မိမိတို့၏ နာမည်များ ကိုပင် နယ်ပယ်ချဲ့ထွင် တွင်ကျယ်စေသည့် အကျိုးလည်း ရှိသကဲ့သို့ သက်ဆိုင်ရာ နိုင်ငံ ဒေသများရှိ ဖွံ့ဖြိုးမှု အားနည်းသော လူ့အဖွဲ့ အစည်းများ အတွက်လည်း ဟားဗတ်မှ ဦးနှောက်များကို အားကိုး နိုင်သဖြင့် အကျိုးမမဲ့ ဖြစ်ကြ ရပါသည်။ သို့ဖြင့် သူလည်း အကျိုးရှိ၊ ကိုယ်လည်း အကျိုးရှိသည့် ပညာရပ် ဆိုင်ရာ အထောက် အပံ့ပေးခြင်း လူမှု ပရဟိတ လုပ်ငန်းများအား နာမည်ကျော် တက္ကသိုလ် များမှ ပါမောက္ခ အသီးသီးက လုပ်ဆောင်ကြ မြဲပင်။

ရက်ကလစ်ဖ်မှာ ကျင်းပခဲ့သော ရာမာမထာ ဟောပြောပွဲအား တက်ရောက် နားထောင်ခဲ့သည့် ဟားဗတ်၏ Humanity Centre မှ သုတေသန ဧည့်ပါမောက္ခ မော်နီကာ ကလည်း ထိုကဲ့သို့သော ပါမောက္ခ တစ်ဦးပင်။ သူက ကက်သလစ် သီလရှင် တစ်ပါးလည်း ဖြစ်နေပြီး ဟားဗတ်မှာ ရှိနေသည့် ဗုဒ္ဓ ဘာသာတရား အားထုတ်မှု စင်တာ တစ်ခုတွင် တရား အားထုတ်မှုကို လာရောက် စမ်းသပ်အားထုတ် နေသူလည်း ဖြစ်လေသည်။ သူက အလယ် အမေရိက နိုင်ငံအချို့၏ ကက်သလစ် အ၀န်း အ၀ိုင်းတွင် အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင်ရေး ဆိုင်ရာ လူမှုရေး လုပ်ငန်းများကို ဆယ်စုနှစ် နှစ်စုစာမျှ အားသွန် ခွန်စိုက် လုပ်ဆောင် နေသူလည်း ဖြစ်ရာ သူတာဝန် ယူထားသည့် ဟွန်းဒူးရပ်စ် နိုင်ငံရှိ အမျိုးသမီး အစုအဖွဲ့ များ၏ လက်ရှိခံစား နေရသော ပြသနာ အတွက် လက်တွေ့ကျသော ဖြေရှင်းမှုကို အစွမ်းကုန် ရှာဖွေကြံဆ နေပေသည်။ ဟွန်းဒူးရပ်စ်မှာ ချမ်းသာဆင်းရဲ ကွာဟမှု ကြီးမား လွန်းလှကာ နိုင်ငံရေး အရ မငြိမ် မသက်မှုများ ဖြစ်ပွားသည်ထိ ပြဿနာများ ရှိနေသည့် အလယ် အမေရိက နိုင်ငံ ဖြစ်ပေသည်။ ဟွန်းဒူးရပ်စ် ပြည်သူ အများစုမှာ စပိန်စကား ပြောသော ကက်သလစ်ဘာသာဝင်များပင်။ သို့သော် အချင်းချင်း ပစ်ခတ်သတ် ဖြတ်သည်ထိ မငြိမ်သက် မှုများ ဖြစ်လာချိန်တွင် သူတို့ ကိုးကွယ်နေသော ဘာသာ တရားက သူတို့အား စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှုကို အပြည့်အ၀ မပေးနိုင်ဟု ခံစား လာကြရရာ စွမ်းဆောင်ရည် မြင့်မားအောင် လေ့ကျင့် ပေးထားသည့် အမျိုးသမီး အစုအဖွဲ့များ အတွင်းမှာပင် ရတက် မအေးသည့် သောကများကြောင့် စွမ်းဆောင်ရည်များ လျော့ကျလာနေ သည်ကို မော်နီကာက သတိပြုမိ လာသည်။

သည်မှာ ကိုယ်မျှဝေ ပေးသည့် ၀ိပဿနာ တရားကို မော်နီကာက စိတ်ဝင်စား သွားသည်။ သည်တရားဖြင့် ချမ်းသာဆင်းရဲ နှစ်စု ကွဲနေသော ဟွန်းဒူးရပ်စ် အမျိုး သမီးအဖွဲ့ များအား စိတ်အေးချမ်းမှုကို သူတို့ဘာသာ ရှာကြံ အားထုတ်နိုင်အောင် သင်ပေးနိုင်လျှင် ထိုဆင်းရဲ ချမ်းသာ နှစ်အုပ်စုကြားမှ စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခများ လျော့ပါးကာ နောက်ဆက်တွဲ အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ ပဋိပက္ခ များပါ လျော့ပါး လာနိုင်မည်ဟု မော်နီကာက တွေးမိလေသည်။ ထို့ ကြောင့် ကိုယ့်ကို ဟွန်းဒူးရပ်စ်သို့ တရားပြ အဖြစ် လိုက်ပေးရန် တောင်းဆို လာခဲ့သည်။ ၂၀၀၈ နှစ်ဆန်းက အင်္ဂလန် နိုင်ငံ University of York တွင် ပဋိပက္ခ ဖြေရှင်းရေး Conflict Resolution ဆိုင်ရာ စကောလားရှစ် သင်တန်းကို တက်ခဲ့သူ ကိုယ့်မှာလည်း သင်တန်း ပြီးသည့်နောက် ပြည်တွင်းတွင် မနေနိုင်ဘဲ အညို့ရင်ခွင် သို့ရောက်ခဲ့ပြီး ထိုမှတစ်ဆင့် ကြက်သွေးနီသို့ ဆက်လာရ ပြန်ခဲ့ရာ ထိုသင်တန်းနှင့် ပတ်သက်သည့် လှုပ်ရှားမှု တစ်စုံ တစ်ရာကို မပြုနိုင်ခဲ့သူ ပီပီ မည်သည့် လူ့အဖွဲ့ အစည်း၏ မည်သည့် ပဋိပက္ခ မျိုးကိုမဆို လေ့လာရန်နှင့် ဖြေရှင်းမှုအား ၀ိုင်းဝန်း ကူညီ အဖြေရှာရန် စိတ်ဝင်စား နေခဲ့ပါသည်။ ထို့ပြင် မိမိမှ မမှိတ် မသုန်ယုံ ကြည်အားကိုး ရပါသော ၀ိပဿနာ တရားကို ထိုသို့သော ပဋိပက္ခ ဖြေရှင်းရေး အတွက် လမ်းစဉ်တစ်ခု အဖြစ် အသုံးပြု ပို့ချခွင့် ရမည့်အခွင့် အရေးမှာလည်း ကိုယ့် အတွက် လုံးဝလက်လွတ် မခံနိုင်သော အခွင့်အရေး ဖြစ်ခဲ့ပါသည်။

လွန်ခဲ့သော ဆယ်စုနှစ် များက အင်းစိန်ထောင်တွင် အကျဉ်းကျ စဉ်က တီဘီရောဂါ အပါအ၀င် အခြားရောဂါ တို့ကြောင့် ခြောက်လဆက်တိုက် အဖျားနှင့် ကိုယ်အလေးချိန် ပေါင် ၈၀ မပြည့်သည့် အပြင် အလွန်အကျူး နာကျင် ကိုက်ခဲသည့် ဝေဒနာ များကို အလူးအလဲ ခံခဲ့ ရစဉ်က ပြင်ပ ကမ္ဘာတွင်ပင် ကိုယ့်အသက် ရှင်ရေးသည် ရတက်မ အေးအောင် ဖြစ်ခဲ့ဖူး ပေသည်။ သို့သော် သည်ဝေဒနာ များကို ၀ိပဿနာ တရား၏ အထောက် အကူဖြင့် ကြံ့ကြံ့ ခံနိုင်ခဲ့ပြီး နောက်ပိုင်းတွင်လည်း နံရံ လေးဖက်မှ လွတ်လမ်းထက် သံသရာမှ လွတ်လမ်းအတွက် တစ်နေ့လျှင် နာရီ၂၀ မျှ အထိ အားထုတ် ဖြစ်ခဲ့ရာမှ ချမ်းသာ အစစ်ကို မြည်းစမ်း အရသာ တွေ့ခဲ့ရသူ ကိုယ့်မှာ ထိုသို့သော အတွေ့ အကြုံနှင့် အသိ ပညာကို မည်သူ့အတွက် မဆို မျှဝေပေးရန် စိတ်အား ထက်သန်နေ ခဲ့ပါသည်။ ထို့ကြောင့် အကြမ်းဖက်မှု အချို့ဖြင့် မတည်မငြိမ် ဖြစ်နေသည် ဆိုသော ဟွန်း ဒူးရပ်စ် ခရီးကို ဖြစ်အောင် လိုက်သွား ဖြစ်ခဲ့ပါသည်။ (ထိုခရီး အတွေ့အကြုံ အသေးစိတ်ကို ရွှေအမြုတေ မှာပင် ရေးသားခဲ့ပြီး ဖြစ်ပါသည်။) သည်ခရီးမှာ အလယ် အမေရိက နိုင်ငံတို့၏ လူနေမှု ဘ၀ကိုတွေ့မြင်ရသည့် အခါ မြန်မာပြည်ကို သတိရ ဖြစ်လောက်သည်ထိ ဆင်တူ နေသည်ကိုလည်း သတိထား မိခဲ့ပါသည်။ ဆင်းရဲသူ များက ချမ်းသာသူတွေ ချမ်းသာသည်ကို မုဒိတာ မပွား နိုင်ကြခြင်း မဟုတ်မူဘဲ မည်သည့်အတွက် မည်သို့ မည်ပုံချမ်းသာ နေကြသည်ကို တိတိပပ မသိရ သဖြင့် သံသယ ပွားနေကြ ရခြင်း ဖြစ်နေသည်ကိုလည်း သတိပြု မိပါသည်။ ထို့ပြင် ထိုကဲ့သို့သော ချမ်းသာသူများ အားလုံး လိုလိုမှာ လက်ရှိ အစိုးရ အဖွဲ့နှင့် အလွမ်းသင့်ကာ နိုင်ငံရေး အရ သြဇာများပါ ရယူနေသည့် အတွက်လည်း ဆင်းရဲ သူများက ချမ်းသာ သူများကို ပိုမို သံသယကြီး လာကြ ရခြင်းပင်။

ချမ်းသာသူ များအား ၀ိပဿနာ တရား အားထုတ်နည်းကို သင်ကြားပေး ဖြစ်သည့် အခါတွင်မူ ထိုသူများ၏ နိုင်ငံရေး ပတ်သက်မှုနှင့် စီးပွားရေး လုပ်ငန်း အတွင်းရေးကို မသိခဲ့ရ သည့်တိုင် သူတို့ မှာလည်း ငွေကြေး မည်မျှပင် တောင့်တင်း နေပါစေ၊ လူမှုရေး အရ မလုံခြုံမှုကို ခံစား နေရသူများ ပီပီ ဆင်းရဲသူများ အပေါ် သနားညှာတာ လိုစိတ် ကင်းမဲ့ ကြခြင်းမျိုး မဟုတ်ဘဲ သူတို့ဘ၀ လုံခြုံရေး အပေါ် အာမ မခံနိုင်သူ များအဖြစ် မြင်ကာ စိုးထိတ်စိတ်များ ရှိနေကြခြင်း ဖြစ်သည်ကို သတိထား မိရ ပြန်ပါသည်။ သည့်အတွက် မည်သည့်လူမျိုး ဖြစ်ပါစေ၊ ရုပ်နှင့်နာမ် ရှိကြသည်ချည်း ဖြစ်သည်ဆိုသည့် အခြေခံ ပရမတ် သဘော ကိုပင် ရှင်းပြကာ ၀ိပဿနာ၏ သဘော သဘာဝကို မျှဝေဖြစ်ခဲ့ ရပါသည်။ ဘုရားနှင့် သံဃာအကြောင်း မပြောမူဘဲ ဓမ္မသား သက်သက်ကိုသာ ရှင်းပြ ခဲ့သဖြင့် ကက်သလစ်များ ဖြစ်သည့်တိုင် သူတို့ အားလုံးက သည်အားထုတ် မှုကို လွယ်လင့်တကူ လက်ခံ အားထုတ်ခဲ့ ကြပါသည်။

ပါမောက္ခ မော်နီကာ၏ ရည်ရွယ်ချက်မှာ ယခု တစ်ခေါက်တွင် သည်အားထုတ် မှုကို နှစ်နေရာ၊ နှစ်အုပ်စု ခွဲပြီး ကျင်းပသော်လည်း နောင်တွင် တစ်နေရာ တည်းမှာ ထိုအုပ်စု နှစ်စုကို အတူတကွ တွဲကာ အားထုတ် စေခြင်းဖြင့် သူတို့ အချင်းချင်း အပြန်အလှန် ဆွေးနွေး နိုင်ခွင့်နှင့် စာနာနားလည် နိုင်ခွင့်များ ရကြစေရန် ဖြစ်ပါသည်။ သို့မှသာ ထိုအုပ်စုများ ကြားတွင် ပဋိပက္ခများ လျော့နည်း လာလိမ့်မည်ဟု မော်နီကာက ယုံကြည်ပါသည်။ တစ်နည်းအားဖြင့် ပဋိပက္ခ ဖြေရှင်းရေးကို အောက်မှ အထက်သို့ တစ်စစ တည်ဆောက် ထူထောင်သွားရန် ရည်ရွယ်ချက် ဖြစ်ပါသည်။

ပဋိပက္ခနှင့် အကြမ်းဖက် မှုသည် စက်ဝိုင်း သံသရာမှာ တစ်ခုကို တစ်ခု အမှီပြု နေရကား ထိုသို့ ၀ိပဿနာ အားထုတ် ခြင်းအားဖြင့် တစ်ဦးပေါ် တစ်ဦး စာနာ နားလည်နိုင်ပြီး စိတ် လုံခြုံမှုများ အသီးသီး ရရှိကြကာ နောက်ဆုံးတွင် ပဋိပက္ခ လျော့နည်းပြီး အကြမ်း ဖက်မှုများ ပပျောက် သွားနိုင်သည် ဟူသော မော်နီကာ၏ စိတ်ကူးမှာ မည်မျှ အကောင်အထည် ပေါ်နေပြီ ကိုမူ ကိုယ့်မှာ မသိရ သေးပေ။ တစ်နည်းအားဖြင့် သူတို့ဆီက ပဋိပက္ခများ လျော့နည်း ပပျောက်ရေးထက် ကိုယ်တို့ဆီမှ ပဋိပက္ခများ လျော့နည်း ပပျောက်ရေး ကိုသာ ကိုယ်က ပိုစိတ်ဝင်စား နေသဖြင့် မော်နီကာနှင့် အဆက် အသွယ်ပင် မပြုမိတော့။

မည်သည့် အရပ်ဒေသ မျိုးတွင်မဆို ပဋိပက္ခနှင့် တင်းမာမှု ဟူသည် အချိန်မရွေး လူမှုအဖွဲ့အစည်းမရွေး ရှိနေတတ်ရာ ပဋိပက္ခ ဖြစ်နေသော အုပ်စု အားလုံးမှ ထိုပဋိပက္ခ ရှိနေကြောင်း ပွင့်လင်းစွာ အသိအမှတ် ပြုရေးနှင့် ထို ပဋိပက္ခအား လျော့နည်း ပပျောက်ရန် မိမိတို့ ကိုယ်တိုင်က ဆန္ဒရှိစွာ အားထုတ်ရေးအား ကနဦး စတင်နိုင်မည် ဆိုလျှင်ပင် ပဋိပက္ခဖြေရှင်းရေးအတွက် အလားအလာ ကောင်းနေပြီဟု ယူဆပါသည်။ တစ်ဖန် မည်သည့်ပဋိပက္ခမျိုး ရှိနေသည်ဖြစ်စေ နှစ်ဦးနှစ်ဖက်ကြား တူညီသည့်အတွေး၊ ခံစားချက်တစ်စုံတစ်ရာကို ရှာတွေ့နိုင် မည်ဆိုလျှင် ပဋိပက္ခ ဖြေရှင်းရေး လမ်းစလည်း ရပြီ ဖြစ်သည်ဟု ခံယူပါသည်။ ထို့ကြောင့် ဟွန်းဒူးရပ်စ် ဘာဝနာ ခရီးကို သွားနေခိုက်မှာ တည်းကပင် ကိုယ့်ဇာတိ မြေမှာ ပဋိပက္ခများ အမြန်ဆုံး လျော့ကျ ဖြေရှင်း နိုင်ရေးအတွက် စိတ်ကူး မျှော်လင့်ချက်တို့ ဝေဆာ ခဲ့ရပါသည်။

အခြား ဟောပြောပွဲများ
ရာမာမထာ ဟောပြောပွဲကြောင့် ကိုယ့်အား ၀ိပဿနာ တရား အားထုတ်နည်းကို မျှဝေဟောပြော ပေးရန်နှင့် ကိုယ့်ဘ၀ ဖြတ်သန်းမှုကို အခြေခံသော ကိုယ့်ဇာတိမြေ ပဋိပက္ခ ရေးအကြောင်း ပြောကြားပေးရန် တောင်းဆို ခဲ့ကြသည့် ကောလိပ်၊ တက္ကသိုလ် အချို့ ပေါ်ပေါက် လာပါသည်။ မက်ဆာချူးဆက် တစ်ခွင်မှာ ကောလိပ်၊ တက္ကသိုလ် ကျောင်းပေါင်း ရာချီ ရှိသဖြင့် အချို့သော ကျောင်းများကိုသာ လက်ခံ ဖြစ်ပါသည်။ အချို့ ကျောင်းများက ၀ိပဿနာ အားထုတ်မှုကို အပတ်စဉ် နေ့ရက်မှန်မှန် စုပေါင်း အားထုတ်ကြခြင်း မျိုးရှိရာ ထိုကဲ့သို့ သော ပွဲကလေးများ သို့လည်း သွားရောက် ပြောကြား ဖြစ်ခဲ့ဖူး ပါသည်။ ထိုထိုသော ဟောပြော ပွဲများတွင် အမှတ်တရ ဖြစ်ရသည့် ကျောင်းဟောပြောပွဲ အချို့မှာ ၀က်စ်လက်စ်လီ အမျိုးသမီး ကောလိပ်မှ ဟောပြောပွဲ ဖြစ်ပါသည်။

ဝက်စ်လက်စ် လီကား လက်ရှိ အမေရိကန် ၀န်ကြီးချုပ် ဟီလာရီ တက်ခဲ့သည့်ကျောင်း ဖြစ်သကဲ့သို့ အိန္ဒိယမှ နေရူး မိသားစုဝင် အမျိုးသမီး အချို့ တက်ရောက်ခဲ့သည့် ကျောင်းလည်း ဖြစ်ပါသည်။ ထိုကျောင်းမှာ တရားအားထုတ်မှု အတွက် သီးသန့် အချိန် ပေးရုံမက အခန်းလည်း သတ်သတ် မှတ်မှတ်ထား ရှိပြီး ဆရာ၊ ဆရာမ များရော ကျောင်းသူများပါ အတူတကွ အားထုတ်ကြ၊ ဆွေးနွေးကြဖြင့် ရှိကြသည် ဖြစ်ရာ ကိုယ့်ဟောပြော မှုတွင် လက်တွေ့အားထုတ် ထားသူတို့သာ မေးနိုင်သော မေးခွန်းများစွာ ပေါ်ထွက် လာသည်ကို တွေ့ရပါသည်။ အလွန် အားရဖွယ် ဖြစ်ပါသည်။ ဟွန်းဒူးရပ်စ် ပွဲမှာလည်း ချမ်းသာသော အုပ်စုအား ဟောပြော သင်ကြားရာတွင် လက်တွေ့အားထုတ် ထားဖူး သူတို့မှ မေးနိုင်သည့် မေးခွန်းအများ အပြား ထွက်ပေါ် ခဲ့သဖြင့် ကိုယ့်မှာ အလွန်အားရ ကျေနပ်ခဲ့ရ ပါသည်။ ရုပ်ဝတ္ထု ပစ္စည်းများ ကြွယ်ဝနေသည့် လောကမှ လူများတွင် အစစ်အမှန် ငြိမ်းချမ်းရေးနှင့် လွတ်မြောက်ရေးကို ငတ်မွတ် နေကြဆဲ ဖြစ်သည်ကို ထိုတရားနာ ပရိသတ်အား ကြည့်ကာ သတိပြုမိ ခဲ့ပါသည်။

နောက်ထပ် ထူးခြားသော ပွဲမှာ ဟားဗတ် တက္ကသိုလ် ကျောင်းဝင်းကြီး အတွင်းမှာပင် ရှိသော ဟားဗတ် တရားထိုင် စင်တာတွင် ဖြစ်ပါသည်။ သည်စင်တာကို ဦးစီးနေသော အမေရိကန် နှစ်ဦးမှာ နှစ်စဉ်နှစ်တိုင်း ရန်ကုန်မြို့ရှိ ရွှေတောင်ကုန်း သာသနာ့ ရိပ်သာတွင် တရားစခန်း လာဝင်နေကြ သူများဖြစ်ပြီး ကိုယ့်ရာမာ မထာ ဟောပြောပွဲ သို့လည်း တက်ရောက်ခဲ့ကြ သူများပင်။ သူတို့၏ ဖိတ်ကြားမှုကြောင့် သွားရောက် ဟောပြော ဖြစ်ခဲ့ရာ နှစ်ထပ် အဆောက်အအုံ တစ်ခုလုံး အပြည့် အလျှံမျှ တက်ရောက်ကြသည့် ဧည့်ပရိသတ် ကြောင့်သည် ကြက်သွေးနီ ပညာတတ် အ၀န်း အ၀ိုင်းတွင် သည်မျှ ငြိမ်းအေးမှုကို ရှာဖွေနေကြ ပါပကောဟု သတိပြုမိ ရပါသည်။

သည်မျှ များပြားသော ပရိသတ် များသည် ကိုယ်က အားထုတ်နည်းကို ရှင်းပြသည့် အခါ နဂို ကတည်းက မှန်မှန် အားထုတ် နေခဲ့ကြ သူများပီပီ အလွန် လက်တွေ့ကျသော မေးခွန်း များစွာကို အားပါးတရ မေးခဲ့ ကြပါသည်။ ကိုယ့်အဖြေများ အားလုံးမှာလည်း လက်တွေ့ ကျခဲ့သဖြင့် သူတို့အားလုံး အားရခဲ့ကြ ပေသည်။ ပရိသတ် ထဲတွင် ကိုယ့်ဟော ပြောပွဲမှန်သမျှ အလွတ်မပေးဘဲ တကောက်ကောက်လိုက်နားထောင် တတ်သော ဟားဗတ်ဆေးကျောင်းမှ ပြည်သူ့ကျန်းမာရေးပညာပါမောက်္ခ တစ်ဦးကိုလည်း တွေ့ရပါသေးသည်။ သည်ပရိသတ်အတွက်မူ ကိုယ်က စုပေါင်းအားထုတ်မှုတစ်ခုကို အတူ တကွ လက်တွေ့ကျင်းပပေး လိုက်ခဲ့ပါ သည်။ တရားပွဲ အပြီး အမေး အဖြေခန်းများ အပြီး ကိုယ့်ကို လာရောက်နှုတ်ဆက် စကားပြောသူ များထဲတွင် မြန်မာပြည်ဖွား တရုတ်အမျိုး သမီးတစ်ဦး ပါဝင်ကာ သူ့မှာ ထူးခြားသော အာရုံကြော ဝေဒနာ တစ်ခုကို ခံစားနေရ သူပါ။

နောက်ပိုင်းတွင် သူက အားသွန်ခွန်စိုက် အားထုတ်မှုများ အဆက်မပြတ် လုပ်လာခဲ့ပြီး ကိုယ်နှင့် မကြာခဏ တွေ့ကာ လက်တွေ့အားထုတ်မှုများ အကြောင်း ဆွေးနွေး ဖြစ်ခဲ့ရာမှ သူသည်လည်း ဆရာဝန် တစ်ဦးဖြစ်ကြောင်း၊ ထူးခြားသော ဝေဒနာကြောင့် သက်မွေး ပညာကိုပင် ဆက်လက် မလုပ်ကိုင်နိုင် ခဲ့ကြောင်း ကြားသိ ခဲ့ရပါသည်။ ဘော်စတွန် တက္ကသိုလ်တွင် ဟောပြောခဲ့ပြီး နောက်တွင်လည်း မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ တစ်ဦးနှင့် အတော်ကြီး ခင်မင်ခွင့် ရခဲ့ပေသည်။ အခြား အခြားသော ကောလိပ်၊ တက္ကသိုလ် ဟောပြော ပွဲများမှလည်း အခြား အခြားသော ပညာရပ် ဆိုင်ရာ ပါမောက္ခများ၊ ပညာရှင် များနှင့် ရင်းနှီး ဖြစ်ခဲ့ပါသည်။ ထိုသို့သော ဟောပြော ပွဲများမှ ထိုသို့သော ထူးခြားသည့် မိတ်ဆွေများကို ရခဲ့ခြင်း မှာလည်း ကြက်သွေးနီမှ ရခဲ့သော ထူးခြားမှု တစ်ခုဟု ဆိုရပါမည်။


အခြား အမျိုးသမီးပညာရှင်များ
ကြက်သွေးနီ ကာလများတွင် ဟားဗတ် အ၀န်း အ၀ိုင်းမှ ဆန့်ထွက်ကာ အခြားသော လှုပ်ရှားမှု များကို လုပ်ဖြစ်ခဲ့သည့်တိုင် ဌာနတွင်း ကျင်းပသော ဟောပြောပွဲ များကိုမူ အလွတ်မခံ ဖြစ်ခဲ့ချေ။ အကြောင်းမှာ ရက်ကလစ်ဖ်၏ ဖိတ်ကြားခံ ပညာရှင် အားလုံးတွင် စိတ်ဝင်စား ဖွယ်ရာ သုတေသနနှင့် ပညာများ ရှိနေသည်ကို ကိုယ့်အနေဖြင့် လုံးဝအသိ အမှတ်ပြု ထားသောကြောင့်ပင်။ ရက်ကလစ်ဖ်မှာ အမျိုးသမီး ပညာရှင် အများ အပြား ဖိတ်ကြား ခံရသည့် အနက် မည်သူနှင့် မဆို ခင်မင်ကာ သွက်လက်သည့် Ravit Reichman ရာဗစ်ကို ရှေ့တန်းမှ မိတ်ဆက် ရပေမည်။

သူက ဘော်စတွန်မှာ နေထိုင်သည့် သူမို့ သူ့အိမ်သို့လည်း ကိုယ်တို့ အားလုံးကို ဖိတ်ကြားကာ ပါတီပွဲများ ကျင်းပတတ်သည်။ အမှန်တော့ သူသည် ကိုယ်မနှစ်က ရှိနေခဲ့သည့် အညိုခေါ် ဘရောင်း တက္ကသိုလ်၏ ဆရာ တစ်ဦးပင်။ ရာဗစ်က ဘရောင်း တက္ကသိုလ်၏ အင်္ဂလိပ်စာ ဌာနမှ ဆရာတစ်ဦး ဖြစ်ပြီး ၂၀ ရာစုတွင် ဖြစ်ပွားခဲ့သော ကမ္ဘာ စစ်များနှင့် စာပေတို့၏ အဆက် အစပ်ကို သုတေသန ပြုခဲ့သူ ဖြစ်သည်။ သည်နှစ်အတွက် သူ့သုတေသန မှာလည်း စိတ်ဝင်စား စရာပါ။ “၂၀ ရာစု၏ ပျောက်ဆုံးနေသော ပိုင်ဆိုင်မှုများ”ဟု ခေါင်းစဉ် တပ်ထားပြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် အတွေး အခေါ်များမှာ ပထမ ကမ္ဘာစစ် မှသည် ဒုတိယ ကမ္ဘာစစ် အပြီး အချိန်ထိ တရွေ့ရွေ့ ပြောင်းလာသည့် အနေ အထားတွင် ရသစာပေ၊ ဥပဒေ ရေးရာနှင့် နိုင်ငံ ရေးရာတွင် ဆုံးရှုံးမှုများ ဖြစ်လာနေကြောင်း သုတေသန ပြုမည် ဖြစ်ပါသည်။

သူက စကား အပြောအဆို သွက်သလောက် သုတေသနကို အသေးစိတ် တွင်ကျယ်အောင် လုပ်သူလည်း ဖြစ်သည်။ သူက ဂျော့ရှ်တောင်း တက္ကသိုလ်မှ အင်္ဂလိပ်စာ၊ ဖီလော်ဆိုဖီ တို့ဖြင့် ဘွဲ့ရကာ မာစတာ ဘွဲ့လွန်ကို အော်စ်ဖို့ဒ်မှ လည်းကောင်း၊ ပါရဂူဘွဲ့ကိုမူ ယေးလ်မှ လည်းကောင်း ရရှိသူပင်။ သူ့ထူးခြား ချက်ကား သူ့ရုံးခန်းကို နေအိမ်ခန်းလေး တမျှ ပစ္စည်း အပြည့်အစုံ ထည့်ကာ ပြင်ဆင်ထား ခြင်းနှင့် ဟောပြောပွဲ အားလုံး လိုလိုတွင် ရှေ့ဆုံးမှ ၀င်ရောက်ဆွေးနွေး မှတ်ချက် ပြုတတ်သူ ဖြစ်နေခြင်းပင်။

ရာဗစ်နှင့် အတွဲဆုံး ပညာရှင်မှာ Cynthia Becker စင်သီယာပင်။ သူကလည်း ဘော်စတွန်မှာ နေသည့် ဘော် စတွန်တက္ကသိုလ်မှ အနုပညာသမိုင်း ဘာသာရပ်ဆိုင်ရာ လက်ထောက် ပါမောက္ခပင်။ သူ့အမျိုး သားမှာ မြောက်ဖျား အာဖရိက နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် မော်ရိုကိုမှ ဖြစ်ရာ သူက မြောက်အာဖရိက နိုင်ငံများမှ အနုပညာ ပုံသဏ္ဌာန် များနှင့် ထိုဒေသရှိ လူမှုရေး၊ ဘာသာရေးတို့ အဆက် အစပ်ကို အထူးပြု လေ့လာနေ လေသည်။ သူက ဆာဟာရ သဲကန္တာရ ဒေသအတွင်း ကျွန်ပြု ခံခဲ့ရသော အာဖရိက မျိုးနွယ်စု တစ်စု၏ အနုပညာ ပုံသဏ္ဌာန်များ သမိုင်းကို အသေးစိတ် လေ့လာနေပြီး သူက အမေရိက အလယ်ပိုင်း ၀င်လ်ကော်လ်ဆင် တက္ကသိုလ်မှ အနုပညာ သမိုင်း ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ရခဲ့သူပင်။ သူကလည်း ရာဗစ်နှယ် လူချစ်လူခင် ပေါသူဖြစ်သည်။ သူက အိန္ဒိယမှ သမိုင်း ပညာရှင် စီမာနှင့် ပိုတွဲကာ နှစ်ယောက်သားမှာ စကားဖောဖော အရယ်သန်သန် ရှိလှသဖြင့် သူတို့မို့ ဌာန ရုံးခန်းထဲ ရှိနေလျှင် ကျန်ပညာရှင် များက သတိ မထားမိဘဲ မနေနိုင် ဖြစ်ရသည် ထိပင်။

နောက်ထပ် အမျိုးသမီး ပညာရှင် တစ်ဦးမှာ Nancy J.Smith-Hefner နန်စီ ဖြစ်သည်။ သူက အာရှအသွင် အပြင်ဖြစ်ကာ အင်ဒို နီးရှားကို အထူးပြု လေ့လာနေသူ ဖြစ်သော်လည်း သူ့မှာ အင်ဒိုနီးရှား သွေးပါကြောင်း မည်သည့် အခါကမျှ ၀န်မခံဘဲ သူ့ကိုယ်သူ အမေရိကန် ဟုသာ ပြောလေ့ ရှိသူပင်။ သူက ကိုယ့်ကို အတော်လေး ခင်မင်သူ ဖြစ်ကာ ရုံးခန်းချင်းလည်း နီးသည်မို့ ထမင်းစား ချိန်တွင် အတူဆင်းစား ဖြစ်သူလည်း ဖြစ်သည်ပင်။ သူက ကူညီချင်တတ်သူ ဖြစ်ကာ အင်ဒို နီးရှားရှိ ဂျာဗားကျွန်းမှ လူငယ်များနှင့် ပတ်သက်သည့် သုတေသနကို ပြုနေသူလည်း ဖြစ်ပါသည်။

သူသည်လည်း ဘော်စတွန် တက္ကသိုလ်မှ မနုဿ ဗေဒ ပညာဌာန၏ တွဲဖက် ပါမောက္ခ ဖြစ်ကာ သူ့ကြောင့်လည်း ဘော်စတွန် တက္ကသိုလ်မှာ ကိုယ်က ဟောပြော ဖြစ်ခဲ့ခြင်းပင်။ သူက ဂျာဗားရှိ မူဆလင် လူငယ်များ၏ ဘာသာစကား၊ ဘာသာ တရားနှင့် လူမှုရေး၊ လိင်မှုရေးရာ တို့အကြောင်း သုတေသန ပြုနေသူ ဖြစ်သည်။ သူက မီချီဂန် တက္ကသိုလ်မှ ပါရဂူဘွဲ့ ရကာ လက်ရှိ ဂျာဗားတွင် ရှိနေသော လူငယ်များ၏ နေထိုင်ဝတ်စား ပုံများ အပါအ၀င် လူမှု ဘ၀များ အကြောင်းကို ပုံများနှင့် တကွ ဟောပြော ပို့ချခဲ့ရာ တက်ရောက်သူ အတော် များများက စိတ်ဝင်စား ခဲ့ကြပါသည်။

နန်စီ့လို ခပ်အေးအေး နေတတ်သူ နောက်တစ်ဦးမှာ သြစတြေးလျမှ Claire Roberts ကလဲရာ ဖြစ်သည်။ သူကတော့ ဌာနပိုင် ရှယ်လ်ဆင်းဂါး စာကြည့်တိုက်ကို ရုံးခန်းသဖွယ် သဘောထားကာ သုတေသန ပြုနေသူပင်။ သူ့သုတေ သနမှာ တရုတ်ပြည်မှ ဓာတ်ပုံများ အကြောင်းဖြစ်ကာ တရုတ် ယဉ်ကျေးမှု သမိုင်းနှင့် တရုတ်ခေတ်ပြိုင် အနုပညာ ပုံသဏ္ဌာန်ကို အသေးစိတ် လေ့လာ သုတေသန ပြုမည် ဖြစ်ပါသည်။ သူ့ခင်ပွန်းမှာ ဟောင်ကောင် အခြေစိုက် အာရှ စာပေဆု တစ်ဆု၏ ဆုရွေးချယ်ရေး အဖွဲ့ဝင် စာရေးဆရာ တစ်ဦးလည်း ဖြစ်သဖြင့် ကိုယ်တို့ တင်ဆက်သော “သက်ဝင် မဂ္ဂဇင်း”အစီ အစဉ်များ အပါအ၀င် အချို့သော စာပေပွဲ များတွင် စကားလက်ဆုံ ပြောစရာ ခင်မင်ဖွယ် မိတ်ဆွေလည်း ဖြစ်ခဲ့ ရပါသည်။ ကလဲရာက မဲလ်ဘုန်း တက္ကသိုလ်မှ မာစတာ ဘွဲ့လွန်ရပြီး တရုတ်သမိုင်း ဘာသာရပ်ဖြင့် သြစတြေးလျ အမျိုးသား တက္ကသိုလ်မှ ပါရဂူဘွဲ့ ရရှိခဲ့သူပါ။ သူက သူ့သုတေ သနအတွက် ၁၈၄၀ ခုနှစ်မှ ယနေ့အချိန် အတွင်း စာကြည့်တိုက် တကာတွင် ရှာဖွေ တွေ့ရှိသမျှ တရုတ်ဆိုင်ရာ ဓာတ်ပုံများကို စုဆောင်းလေ့ ရှိကာ သုတေသန စာတမ်းကိုမူ နောင်နှစ်များမှ ပြုစု သွားမည်ဟု ဆိုသူပါ။

ကလဲရာလို သည်နှစ်အတွင်း သုတေသန စာတမ်းကို မပြုစုဘဲ နေသူ အမျိုးသမီး နောက်တစ်ဦးမှာ Humaira Awais Shahid ဟျူမဲရာပင် ဖြစ်သည်။ သူက ကိုယ့်လိုပင် ဟားဗတ်၏ Humanity Centre မှ ခေါ်ယူထားမှု အရ ရောက်လာသော စကောလာ တစ်ဦးလည်း ဖြစ်နေသည်။ သူက ကလေးသုံး ယောက် မိခင်ဖြစ်ပြီး ချောမော လှပသော မုဆိုးမ တစ်ဦးလည်း ဖြစ်နေသည်။

ခင်ပွန်း ဖြစ်သူက လန်ဒန်တွင် ကားတိုက်မှုဖြင့် ဆုံးသွားသည်မှာ ၂ နှစ် မပြည့် တတ်သေး။ သူက ကလေးသုံးယောက် ကိုခေါ်ကာ သည်ကို ရောက်လာသူ။ တစ်ခါက ဂျာနယ်လစ် တစ်ဦးဖြစ်ပြီး ပါကစ္စတန်ရှိ ပန်ဂျပ် ပြည်နယ်မှ ပါလီမန် အမတ် တစ်ဦးလည်း ဖြစ်သည်။ သူက မူဆလင် အမျိုးသမီး များအား အကြမ်းဖက်မှု များအကြောင်း သုတေသန ပြုရန်သည်ကို ရောက်လာခြင်းပင်။ သူ၏ ထင်ရှားသော အောင်မြင်မှု တစ်ခုမှာ ပါလီမန် အမတ်အဖြစ် ထမ်းဆောင်စဉ် ငွေတိုး ချေးငှားမှုဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ် ခံနေရသော ပါကစ္စတန်၏ ပန်ဂျပ်ပြည်နယ် အတွင်း ထိုမတရား မှုများမှ ကာကွယ်နိုင်မည့် ဥပဒေ တစ်ရပ် ပြဋ္ဌာန်းနိုင်ရန် အားထုတ်ခဲ့ခြင်း ဖြစ်သည်။ အင်္ဂလိပ်စာ ဘွဲ့လွန်ကို ပန်ဂျပ် တက္ကသိုလ်မှ ရထားသော ဂျာနယ်လစ်ဟောင်း ဖြစ်သည့် ဟျူမဲရာက သည်ဥပဒေ အတည်ဖြစ်ရန် ခြိမ်းခြောက်မှု များစွာကြားမှ ဆောင်ရွက်ခဲ့ရာ လေးနှစ်ကာလ ကြာမြင့်သည်ထိ ပင်ပန်းခဲ့ ရသည်။

သူက စကားပြောလျှင် အကြီး အကျယ်များ ပြောတတ်ပြီး တစ်နှစ်လုံးလုံး မည်သည့် သုတေ သနမျှ မည်မည်ရရ မလုပ်၊ စာလည်း လုံးဝ မရေးဘဲ ဟောပြောပွဲများ များများစားစား ပြောခွင့် ရရန်သာ ကြိုးစား နေသဖြင့် အချို့က သိပ်သဘော မကျကြဘဲ သူ့အား အပေါ်ယံ သမားဟု မြင်တတ်ကြသည်။ သို့သော် သူက အင်္ဂလိပ် စကားပြော ကောင်းကာ သွက်လက်ချက်ချာ လွန်းသူဖြစ်ရာ လူအတော်များ များ၏ အာရုံစိုက်မှု ကိုလည်းရသည်။ ကိုယ့်အနေ ဖြင့်မူ သူ့ကို နားလည် နိုင်ခဲ့သည်။ သူ့မှာ ကလေးသုံးယောက် အရေးကိုလည်း ထည့်တွက် ရသဖြင့် အမြဲတစေ ပူပန်နေတတ် သူပင်။ ဆေးလိပ်ကို အမြဲသောက်နေ တတ်ပြီး ပါကစ္စတန်သို့ ပြန်ရေး မပြန်ရေး ကိုလည်း အမြဲ မဆုံးဖြတ်နိုင် ဖြစ်နေသူပင်။ သူကလည်း ကိုယ့်ကို Humanity Centre ၏ စကောလာချင်းဟု သဘောထားကာ အလွန် ခင်မင်ခဲ့သည်။

ဟျူမဲရာလောက် ခင်မင်ခွင့် မရ ခဲ့သည့်တိုင် ပွင့်ပွင့်လင်းလင်း ဟန်နှင့် အမြဲ ရှိနေတတ် သူကတော့ Leigh Royden လီဖြစ်သည်။ သူက မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ် ဖြစ်သော အမ်အိုင်တီမှာ ဘူမိဗေဒနှင့် ဘူမိရူပ ဓာတုဗေဒ ပညာရပ်များ ဆိုင်ရာ ပါမောက္ခ တစ်ဦးဖြစ်သည်။ သူ့ဟောပြော ပွဲကလည်း စိတ်ဝင်စား စရာ အတိပင်။ မြေလွှာ ပြတ်ရွေ့ မှုများနှင့် မြေငလျင်များ အကြောင်း အသေးစိတ်ကို ပုံများနှင့် တကွ ဟောပြောရာ မြန်မာ နိုင်ငံ၏ စစ်ကိုင်း ပြတ်ရွေ့ကြော အကြောင်းကိုပါ ပြောကြား သွားခဲ့သည်။ သူက ကမ္ဘာ့တိုက်ကြီးများ အရွေ့နှင့် တိုးတိုက်မိမှုများ၊ တောင်ကြီးများ ဖြစ်ပေါ်လာပုံ စသည်တို့ကို အသေးစိတ် သုတေသန ပြုနေသူ ဖြစ်သည်။ သူက ဟားဗတ်မှပင် ဘူမိ ဗေဒနှင့် ဘွဲ့ရကာ အမ်အိုင်တီမှ ပါရဂူ ဘွဲ့ကို ရခဲ့သူ ဖြစ်ပါသည်။ သူ့ဟန်က မိန်းမ မဆန်ဘဲ ဒေါင်းတည် မောင်းတည်နှင့် ဟောဟောဒိုင်းဒိုင်း ပြောဆိုတတ် သူမို့ ခင်မင်သူ ပေါပါသည်။

သူနှင့် မတူဘဲ မိန်းမဆန်ဆန် သိမ်သိမ် မွေ့မွေ့နှင့် ရှိတတ်သူ အမျိုးသမီး ပညာရှင် နောက်တစ်ဦးမှာ အီရင် Erin Gee ပင် ဖြစ်သည်။ သူက သြစတြီး ယားတွင် နေကာ လွတ်လပ်သော ဂီတ ကွန်ပိုဆာ အဖြစ် အလုပ်လုပ် နေသူပင်။ သူ့ဟောပြော မှုမှာကား တစ်မူထူးလွန်း ခဲ့ပါသည်။ အခြား ဂီတ ပညာရှင် အသီးသီးက တီးလုံး၊ သံစဉ်များကို ခွဲခြမ်းစိတ်ဖြာ တင်ဆက်ပြတတ် ကြပြီး အဆို ပိုင်းကိုမူ စာသားများကို အဓိက မထားခဲ့ ကြချေ။ သို့သော် ဂီတ(သို့) သီချင်းဟု ဆိုလျှင် ဘာသာစကား တစ်ခုခုဖြင့် ရေးစပ် သီကုံးထားသော စာသားကို တူရိယာ တစ်ခုခု၏ အကူ အညီဖြင့် ဖန်တီး တင်ဆက်ခြင်းဟု နားလည်ထားသော ကိုယ့်မှာ အီရင်၏ ဂီတ တင်ဆက်မှုကို ရင်သပ်ရှုမော အံ့သြခဲ့ရ ပါလေသည်။

ကိုယ့်နှယ် ဂီတ နားမပါးသော သူမျိုး မဆိုထားနှင့်၊ အခြားသော ဂီတကို ထဲထဲဝင်ဝင် ခံစားတတ်သည့် Fellow များပင် အီရင်၏ တင်ဆက် ဟောပြော သရုပ်ပြမှု အပေါ် နှစ်ထောင်း အားရ သဘောကျခဲ့ ကြပါသည်။ အီရင်က မည်သည့် တူရိယာ၏ တီးခတ်မှု အကူ အညီကိုမျှ မယူ သကဲ့သို့ မည်သည့် ဘာသာ စကားကိုမျှ အသုံး မပြုဘဲ ဂီတကို ဖန်တီး ပြသွားခြင်း ဖြစ်ပါသည်။ သူ့ဟောပြောမှု အတွက် သူအသုံးပြု သွားသည်က မိုက်ကရိုဖုန်း နှစ်လုံးသာ ဖြစ်သည်။ သူက ပါးစပ်ကို အဖွင့် အပိတ်ပြုရင်း လျှာနှင့်အာကို ကစားကာ ဘာသာ စကား မဟုတ်သည့် အာလုပ်သံ အသံ အမျိုးမျိုးကို ဂီတသံစဉ် တစ်ခုနှယ် ဖြစ်အောင် မိုက်ကရိုဖုန်း နှစ်လုံး၏ အကူ အညီဖြင့် ဖန်တီး သွားခဲ့ခြင်း ဖြစ်သည်။ မိုက်ကရို ဖုန်းကို ဘယ်ညာ လက်နှစ်ဖက်ဖြင့် ရွှေ့ကာပြောင်းကာ အနေအထား အမျိုးမျိုး ပြောင်းကိုင်ပြီး အာလုပ်သံ အမျိုးမျိုးဖြင့် ဂီတဖြစ်အောင် ဖန်တီးပြခြင်း ဖြစ်သည်။

မည်သည့် ဘာသာ စကားကိုမျှ ကိုယ်စား မပြုသဖြင့် မည်သည့် လူမျိုးမဆို ခံစားနားလည် နိုင်သည့် ဂီတသံကို ကိုယ်တို့ ကြားခဲ့ ရသည်။ သူက သူ့ သုတေသနကို “SUO” for Voices and Orchestra” အမည် ပေးထားပြီး သည်ဂီတ ဖန်တီးမှုမှာ အပိုင်းသုံးပိုင်း ခွဲပြီး ပါဝင်သဖြင့် အသေးစိတ် သုတေသန ပြုထားခြင်း ဖြစ်ပါ၏။ သူက အသံများကို အ၊ အိ၊ အု၊ အေ၊ အဲကဲ့သို့ သရ သံစဉ်များဖြင့် ဖန်တီး ရွတ်ဆိုပြီး ထိုအသံ များအား ကွန်ပျူတာ ထဲမှာ ခွဲခြမ်း စိတ်ဖြာ ပစ်လိုက်ကာ တစ်ခုချင်းစီ အတွက် အမှတ်များ ပေးခြင်း၊ အသံပြင်းအား အနိမ့်အမြင့် ခွဲခြား သတ်မှတ် ခြင်းများကို စနစ်တကျ ပြုလုပ် ထားလေသည်။ ထိုသို့ ထူးခြားမှုကြောင့် သူရရှိ ချီးမြှင့် ခံခဲ့ရသော ဆုများ၊ စကောလားရှစ် များက တသီ တတန်းကြီး။ သူ့တစ်ကိုယ်တော် အော်ပရာ တင်ဆက်မှု ကလည်း သြစတြီးယား၊ ဇူးရစ်မှာ အောင်မြင် ခဲ့သေးသည်။


ရက်ကလစ်ဖ် နှုတ်ဆက်ပွဲ အတွက် ပြင်ဆင်ခြင်း
ထိုသို့သော ထူးခြားသည့် ဂီတ ပညာရှင် အီရင်ကို Fellow အဖြစ် ရထားသော ကိုယ်တို့ ဌာနကား မေလကုန်တွင် ကျင်းပမည့် နှုတ်ဆက်ပွဲမှာ တင်ဆက်မည့် အနုပညာ တင်ဆက်မှု အတွက် Composer ကွန်ပိုဆာ အဖြစ်ရွေးချယ် လိုက်ကြသည်။ ကိုယ်တို့ ပညာရှင် ၄၂ ဦး ပါဝင်သော Fellow များမှာ ဌာန၏ ဖိတ်ကြားခံ ပညာရှင်များသာ ဖြစ်သဖြင့် ကျောင်းသားများ မဟုတ် သကဲ့သို့ ဆရာများလည်း မဟုတ်ချေ။ ထို့ကြောင့် သည်ကြက်သွေး နီ၏ ဘွဲ့နှင်း သဘင်များ ကျင်းပမည့် ကာလတွင် ကိုယ်တို့မှာ ဘွဲ့လက်မှတ် ချီးမြှင့် ခံရမည့် သူများ မဟုတ်သော်လည်း မိမိတို့ သက်ဆိုင်ရာ အတတ်ပညာ၊ အနုပညာ ရပ်များဖြင့် ဌာန၏ ပညာရပ် ဆိုင်ရာ အသိုင်းအ၀ိုင်း စည်ကားကျယ်ပြန့် ဂုဏ်တိုးရေး အတွက် ဖြည့်စွက် အားပေး ခဲ့ကြသူများ အဖြစ် ဌာနမှ မှတ်တမ်းတင် လက်မှတ် ပေးအပ်မည့် ပွဲကိုမူ တက်ရောက် ရဦးမည် ဖြစ်ပါသည်။ ထိုပွဲက ကျောင်းဆင်းပွဲ သဘောဆန် နေရာ သည်ဌာန၏ သဘောမနော ကောင်းလှပြီး ကြွယ်ဝသည့် အထောက် အပံ့ကို ရထားသော ကိုယ်တို့ Fellow များကလည်း ဌာနအတွက် တင်ဆက်မှု ခပ်ဆန်းဆန်း တစ်ခုဖြင့် ပွဲသိမ်းချင် ကြပေသည်။ သို့ဖြင့် Radcliffe ဌာနမှူးနှင့် ဌာန ၀န်ထမ်းများ မသိစေဘဲ အနုပညာ တင်ဆက်မှု တစ်ခုကို ဇာတ်တိုက်နှင့် ကြရန် Fellow များက ဆုံးဖြတ် ခဲ့ကြသည်။

ပညာရှင် များ၏ တင်ဆက်မှု ဖြစ်သည်နှင့် အညီ ထိုတင်ဆက် မှုကား အနုပညာ မြောက်ရန် အားထုတ်ထားသော အတတ်ပညာ ထုတ်ဖော်ပွဲ တစ်ခု ဖြစ်လေသည်။ ထိုသို့ဖြစ်ရာ ပညာရှင် ၄၂ ဦးထံမှ မိမိတို့ ဟောပြောမှုများ ထဲမှ ကြိုက်နှစ်သက်ရာ ဓာတ်ပုံ ၃ ပုံနှင့် ဟောပြောချက် စာသားစာပိုဒ် ၃ ပိုဒ် တို့အား ရွေးချယ် ပေးပါရန် တောင်းဆို ခဲ့ကြသည်။ ထိုသို့ ရလာသော ဓာတ်ပုံများကို စုကာ ပါဝါပွိုင့် တစ်ခုကို ဖန်တီး လိုက်ကြသည်။ ဓာတ်ပုံရှင်၏ အမည် များကိုလည်း မဖော်ပြဘဲ အားလုံးသော ဓာတ်ပုံများကို ရောထွေးထားရာ သိပံ္ပ၊ ၀ိဇ္ဇာ၊ အနုပညာ အားဖြင့် ရောထွေး သကဲ့သို့ အချိန်ကာလ အားဖြင့်လည်း အတိတ်၊ ပစ္စုပ္ပန် ရောထွေး နေလေသည်။

တစ်ဖန် ပညာရှင် အသီးသီး ရွေးပေးသော စာပိုဒ်များအား ရွတ်ဆိုမည့်သူ ဆယ်ဦးခန့်ကို ရွေးလိုက်ကြ ပြန်သည်။ သည် ၁၀ ဦးသည် လက်ရာရှင် အမည် တပ်မထားသော စာပိုဒ်များကို မိမိတို့အား သတ်မှတ် ပေးထားသော အသံပြင်းအား အချိန်အဆ အတိုင်း ထပ်ကျော့ကာ ရွတ်ဆိုရမည် ဖြစ်ပြီး သူတို့ အားလုံးက သက်ဆိုင်ရာ စာပိုဒ်များကို တစ်ပြိုင်နက် ရွတ်ဆိုရမည် ဖြစ်သည်။ ထို့ကြောင့် မည်သူ ရွတ်ဆိုသော မည်သည့် စာပိုဒ်ကိုမျှ ပရိသတ်က အပြည့်အ၀ အာရုံ မစိုက်နိုင် သည့်တိုင် အကြောင်းအရာ စုံသော စာပိုဒ်များတွင် သဘာဝ အလျောက် အရောင် အသီးသီး ရှိနေရာ သည်စာပိုဒ် များကို ရွတ်သည့် အသံများ တွင်လည်း အသံရောင်စုံ ထွက်နေပေမည်။ ထိုနေရာတွင် အီရင်က ကွန်ပို့စ် လုပ်ပေးမည် ဖြစ်ရာ အရောင်စုံ လှသော အသံများမှာ အီရင်၏ အချက်ပြမှု အတိုင်း အတိုးအကျယ်၊ အဖိအဖော့ များဖြင့် ပိုမို အနုပညာ ဆန်လာရန် စီစဉ်ထား ပြန်ပါသည်။ ထို့ကြောင့် ပညာရပ် ဆိုင်ရာ စာသားများကို လူဆယ်ဦး ခန့်က တစ်ပြိုင်နက်တည်း တစ်ယောက် တစ်မျိုးစီ ရွတ်ဆိုခြင်း အားဖြင့် အနု ပညာမြောက် ဂီတသံစဉ် မျိုးဖြစ်လာရန် ဖန်တီးမှုတွင် နောက်ထပ် ဖြည့်သွင်း ဖြစ်သည်က ပညာရပ် ဆိုင်ရာ ဟောပြောပွဲ တိုင်း၏ အသက်ဖြစ်သော မေးခွန်းများပင်။

မေးခွန်းများ ကိုလည်း ကိုယ်တို့ Fellow များ ကိုယ်တိုင် တစ်ယောက်တစ်ခွန်း ရေးကြကာ အမေးမေးမည့် Fellow ၁၀ ဦး ရွေးပြီး တစ်ဦးလျှင် ၃-၄ ခေါက်မျှ အလှည့်ကျ ၀င်မေးရန်၊ မေးခွန်း တစ်ခုစီအား ဖတ်ကြားရန် ဖြစ်ပါသည်။ မေးခွန်းမေးမည့် သူများ မေးရန်အလှည့် ကိုလည်း အီရင်ကပင် အချက်ပြ ပါမည်။ ထိုအချိန်တွင် စာပိုဒ် ဖတ်သူများအား အသံ တိုးထားရန် အီရင်က အချက် ပြထားပြီး ဖြစ်သဖြင့် အမေးများ ကိုမူ ပရိသတ်မှ ပီပီသသ ကြားနိုင်ပေမည်။ အမေးများ အားလုံးကို ကတ်သီး ကတ်သတ် အမေးများ ဖြစ်ရန် စီစဉ် ထားခဲ့ကြပြီး အချို့ မေးခွန်းများမှာ ဟောပြောသူကို အခက်တွေ့ရန် ရည်ရွယ်သော ရယ်စရာ မေးခွန်းများ ဖြစ်ကြရာ သည်တင်ဆက် မှုသည် ဌာနမှ Fellow အားလုံး၏ သုတေသန အကြောင်းအရာ များကို စုစည်းတင်ဆက် ထားသကဲ့သို့ ဖြစ်သည့်နည်းတူ ဟောပြောပွဲ များနှင့် Fellow များ၏ အနှစ်သာရ၊ ဟန်ပန် များကိုပါ ထင်ဟပ်နိုင်သည့် တင်ဆက်မှုလည်း ဖြစ်ပါသည်။

သည်တင်ဆက် မှုကြောင့် ခက်ခဲ နက်နဲသော ပညာရပ် များနှင့် သုတေသန များကိုပင်လျှင် အနုပညာ မြောက်စွာ တင်ဆက် နိုင်ကြောင်းနှင့် ဂီတအနု ပညာ မြောက်ရန်အတွက် မည်သည့် တူရိယာ အသစ် အဆန်းမျိုး၊ သံစဉ်၊ စာသား ဖန်တီးမှု အသစ်အဆန်း မျိုးမျှ မလိုအပ် ပါဘဲ စိတ်ကူး စိတ်သန်းနှင့် တီထွင်ဖန်တီး အားသာ လိုအပ်ကြောင်း တို့ကို သဘောပေါက်မိ ရပေသည်။ ထို့ကြောင့်လည်း မကြာ သေးမီက ကျင်းပ ဖြစ်ခဲ့သော ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်း၏ ကိုးနှစ်ပြည့် စာပေ အနုပညာ တင်ဆက်မှု အတွက် အဓိက ပင်တိုင်သီချင်း Theme Song ဖန်တီးရာတွင် ဂီတမိတ်မှ ကိုမိုးနိုင်ကို ထိုတင်ဆက်မှု နမူနာအား ရှင်းပြဖြစ်ကာ ဂီတ မိတ်အဖွဲ့သား ရှစ်ဦးမျှက မဂ္ဂဇင်းပါ အခန်းကဏ္ဍ နာမည်ပေါင်း ၂၅ ခုမျှကို Timing တိုင်မင် အသီးသီးဖြင့် တစ်ပြိုင်နက် ရွတ်ဆိုသော သီချင်း သံစဉ်မျိုး ပေါ်ထွက်လာသည့် ဖန်တီးမှု မျိုးအား တူရိယာ မပါဘဲ တင်ဆက်နိုင်ရေး တိုင်ပင် ဖြစ်ခဲ့ပါသည်။

ကိုမိုးနိုင်နှင့် ကိုထွန်းထွန်း တို့မှာလည်း နိုင်ငံတကာ ဂီတ ပွဲတော်အတွေ့ အကြုံများ ရှိသဖြင့် သည်သဘော တရားနှင့် အညီ အကောင်းဆုံး ဖန်တီး တင်ဆက်ခဲ့ နိုင်ကြပါသည်။ သို့ဖြင့် ကြက်သွေးနီမှ ရသော အတွေ့ အကြုံများကို အခြေခံသည့် အနုပညာ တင်ဆက်မှု များကို သည်မြေသည် အရပ်တွင် ခြားနားစွာ ဖန်တီးတင်ဆက် နိုင်ခဲ့ရမှု များအတွက် Radcliffe Institute for Advanced Study ကိုလည်းကောင်း၊ ဌာနမှ လက်တွဲဖော် ပညာမျှဖော် Fellow များအား လည်းကောင်း ကျေးဇူးတင်နေ မိပါသည်။
(ဆက်လက်ဖော်ပြပါမည်)

မသီတာ၊စမ်းချောင်း၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)

Friday, 28 October 2011

အညိုမှသည် ကြက်သွေးနီသို့ (ဂ)

(ယခင်လမှအဆက်...)
မိဘနှစ်ပါး အာရှသို့ ပြန်ပြီးနောက်
ကြက်သွေးနီ့ ရင်သွေးအဖြစ် နေခဲ့ရသည့် ကာလများတွင် မိဘနှစ်ပါးနှင့် အတူ နေခဲ့ရသော ကာလများကို တန်ဖိုး အထားရဆုံး ဖြစ်ရပါသည်။


ကြက်သွေးနီရှိ ရုံးခန်းမှ ပြန်လာလျှင် အိမ်ခန်း ပြတင်းပေါက်မှ နေ၍ အိမ်ပြင် လမ်းမဆီ မျှော်ငေး နေတတ်သော မိဘနှစ်ပါး၏ မျက်နှာများကို မြင်ရသည့် အခါ အားရှိ စိတ်အေးရသည့် ခံစားမှုသည် မနှစ်က အညို့ ရင်ခွင်မှာတုန်းကနှင့် အခြားနားဆုံး ခံစားမှု ဖြစ်လေသည်။ အညို့ရင်ခွင်မှာ တုန်းက အခန်းထဲ ရောက်သည့်တိုင် မည်သူတစ်ဦး တစ်ယောက်မျှ ရှိမနေသည့် အတွက် နှုတ်ဆက်ဖော် မရှိ၊ ရင်ဖွင့်ဖော် မတွေ့ရလျက် အေးအေးချမ်းချမ်း ရှိနေရခြင်းကို နှစ်သက်သည့်တိုင် ယခုနှစ် ကြက်သွေးနီ့ ရင်ခွင်ဆီသို့ မိဘ နှစ်ပါးကို ခေါ်လာဖြစ်သည့် အခါ ပြတင်းပေါက်မှာ ခေါင်းပြူ နေတတ်သော မိအိုဖအို၏ ပုံရိပ်များနှင့် အတူ ဖွယ်ဖွယ်ရာရာ ပြင်ဆင် ထားတတ်သော အမေ့လက်ရာ ထမင်းဝိုင်း လေးအား မျှော်လင့်ခွင့် ရသည့် အရသာ ကိုကား မည်သည့်နည်း နှင့်မျှ မမီအောင် ဖြစ်ရ ပါလေသည်။

ထို့ကြောင့် ရာသီဥတု အေးခဲလာသော ဇန်န၀ါရီ လဆန်းတွင် စင်ကာပူမှာ ရှိသည့် မောင်လေးနှင့် အတူ နေထိုင်ရန် မိဘနှစ်ပါး ပြန်သွားပြီးနောက် အိမ်အပြန် လမ်းထိပ်ရောက်၍ ကိုယ့်အခန်း ပြတင်းပေါက်ကို မော့ကြည့်ကျင့် အတိုင်း ကြည့်မိသည့် အခါများတွင် မျှော်သူ မဲ့နေသည့် လုံးတီးပြတင်း ပေါက်လေးအား မြင်ရသည့် အခါ ရင်မှာ စစ်ခနဲ နင့်သွား ရသည်ချည်းပင်။ သို့သော် စင်ကာပူ ရောက်နေသည့် မိဘနှစ်ပါးနှင့် နေ့စဉ်လိုလို စကိုက်ပ်ပေါ်မှာ စကားပြော ဖြစ်သည့် အခါတွင်မူ အတော်ကြီး ရင်ချောင် ပျော်ရွှင် ခဲ့ရပါသည်။ ထို့ကြောင့် ကြက်သွေးနီ ကာလများသည် ပိုပြီး အရောင်စုံ စိုပြည်သည့် ကာလများ ဖြစ်ခဲ့ရပါသည်။

ပြည်ပခရီး အချို့
မိဘနှစ်ပါး ရှိစဉ် ကာလက သူတို့နှင့် အတူသွားသည့် ခရီးများမှ လွဲလျှင် အိန္ဒိယသို့ စာပေပွဲတော် တစ်ခုအား ငါးရက်တာမျှသာ သွားရောက်ခဲ့သော်လည်း မိဘနှစ်ပါး အာရှသို့ ပြန်သွားပြီး နောက်တွင်မူ ခရီး အစီအစဉ်များကို တိုးပြီး လက်ခံဖြစ်၊ သွားဖြစ်ခဲ့ပါသည်။ အိန္ဒိယတွင် ကျင်းပသော နောက်ထပ် စာပေ ဟောပြောပွဲ တစ်ခုမှာ ရာဂျာစသန် ပြည်နယ် ဂျေပူရ်တွင် ကျင်းပရာ အခြားသော မြို့များသို့ပါ အလည်သွား နိုင်သည့် ခရီးစဉ်ရှည် တစ်ခုကို အိန္ဒိယမှ ပညာရှင် စီမာ၏ အကူ အညီဖြင့် စီစဉ် ဖြစ်ခဲ့ပါသည်။ ထိုအစီ အစဉ်တွင် စီမာ၏ လုပ်ဖော် ကိုင်ဖက်လည်း ဖြစ်ကာ၊ အမီတာ့ဗ်ဂို့ရှ် နှင့်လည်း အလွန် ရင်းနှီးသော သမိုင်း ပညာရှင် မူကူးလ် ကာရှီဗန်၏ နေအိမ်တွင် လိုက်လံ တည်းခို ဖြစ်ခဲ့ပါသေးသည်။ အမီတာ့ဗ် မိတ်ဆက် ပေးမှုကြောင့် သိရသော လမ်းဘေး အနုပညာသည်များအား ဖော်ထုတ်ပေးသည့် အနုပညာ လှုပ်ရှားမှုအဖွဲ့တစ်ဖွဲ့၏ ရုံးသို့လည်း သွားရောက်လည်ပတ် ဖြစ်ခဲ့ပါ သေးသည်။ သို့သော် ထိုစဉ်က ကြက် သွေးနီမှ သွားပြီး ကြက်သွေးနီ သို့သာ ပြန်ရမည် ဖြစ်ရာ ကိုယ့်စိတ်ထဲတွင် အာရှသို့ တစ်ခေါက် ပြန်ရောက်ရ သည်ကို အိပ်မက်သဖွယ် ထင်မြင်နေခဲ့ မိပါသည်။ အေးခဲလှသည့် နေရာမှ လာသည့်အတွက် အိန္ဒိယတွင် ရာသီဥတု ကောင်းနေမည်ဟု မျှော်လင့်ခဲ့ သော်လည်း ကိုယ်ရောက်သွားသည့် အချိန်တွင် အိန္ဒိယ မြောက်ပိုင်းမှာ မြူများ ထူထပ်စွာ ကျဆင်းပြီး အလွန် အေးနေသည့် အခိုက်နှင့် ဆုံရ ပါတော့သည်။
ထို့ကြောင့် အမေရိကသို့ ပြန်ရောက်အပြီး မြောက်အမေရိက၏ နွေဦး ကာလတွင် တောင်ပိုင်း လူဝီစီယားနား ပြည်နယ် နယူးအော်လင်း မြို့သို့ ခရီး သွားသည့်အခါ နေရောင်ကြွယ်ပြီး နွေးထွေးသည့် ရာသီ ဥတု၏ အရိပ် အာဝါသကို သဘော အကျကြီး ကျခဲ့ ရပါသည်။ သည်ခရီးမှာလည်း Amnesty International AI အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီး၏ အဖွဲ့ခွဲများစွာ ရှိနေသော အမေရိက ပြည်ထောင်စုရှိ အဖွဲ့ခွဲများ အားလုံး၏ နှစ်ပတ်လည် တွေ့ဆုံနှီးနှော ဖလှယ်ပွဲ ဖြစ်ပါသည်။ ကိုယ့်မှာ ယနေ့ထိရောက် ခဲ့ဖူးသော နိုင်ငံပေါင်း ၂၀ ကျော်တို့ အနက် အပြည်ပြည် ဆိုင်ရာ စာရေးဆရာ အသင်းကြီး PEN နှင့် အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့ကြီး AI ၏ အဖွဲ့ခွဲများရှိရာ နိုင်ငံတိုင်းလို လိုတွင် ထိုအဖွဲ့များနှင့် တွေ့ဆုံဖြစ် သကဲ့သို့ သူတို့၏ အခမ်းအနား ဆွေး နွေးပွဲများသို့ တက်ရောက် ဖြစ်ခဲ့သည် ချည်းဖြစ်ပါသည်။ ယခု နယူးအော်လင်းရှိ AI ၏ ပွဲမှာလည်း အမေရိက အရှေ့မြောက်ပိုင်း AI ရုံးခွဲ တာဝန်ခံ၏ ဖိတ်ကြားချက်ဖြင့် အမှာစကား ပြောကြားပေးရန် သွားရောက် ရခြင်းဖြစ်ကာ သူတို့ ဆောင်ရွက် နေသမျှ လှုပ်ရှားမှု အသီးသီးကို လေ့လာ ကြားနာခွင့် ရသကဲ့သို့ ကိုယ့်ဘက်မှလည်း ကိုယ်တွေ့အတွေ့အကြုံများကို အခြေခံသည့် အကြံဉာဏ်များ ပေးနိုင်ခဲ့ပါသည်။

အသားအရောင် ကွဲပြားသည့် အာဖရိကန်နွယ်ဖွားများ အများစု နေထိုင်ရာ နယူးအော်လင်းကို ၂၀၀၅ ခုနှစ် ရေဘေး ကာလကတည်းက စိတ်ဝင်စား ခဲ့သော်လည်း ယခုမှ ရောက်ရပြီး ထိုအချိန်တွင် အာဖရိကန် တို့နှင့် နယူးအော်လင်း၏ နာမည်ကျော် ဂျပ်ဇ်ပွဲတော်နှင့်လည်း တိုက်ဆိုင်နေရာ ပြည်သူ့ ကျန်းမာရေး ပညာဘွဲ့လွန် တက်နေသူ မေသုခစိုးမှ လိုက်လံရှင်းလင်း ပြသပေးသဖြင့် အလွန် အောင်မြင်သော ခရီးဖြစ်ခဲ့ ရပါသည်။ အသုဘ ချလျှင်ပင် ဂျပ်ဇ်နှင့် ချတတ်သော အာဖရိကန် သွေးများ၏ နယူးအော်လင်းသည် အခြားသော အမေရိကန် မြို့များနှင့် မတူဘဲ တစ်ဘာသာ ခြားနား နေသည်ကို တွေ့ရသည်မှာလည်း ကိုယ့်ကို ပြည်တွင်း ခရီးတစ်ခု ထွက်လာသည့် ခံစားချက် မျိုးထက် ပြည်ပ ခရီးတစ်ခု ထွက်လိုက်ရသလို ခံစားချက် မျိုးကို မွေးဖွား ပေးပြန်ပါသည်။ စပိန်ဘာသာစကား အပြောများကာ ဥရောပဟန် အဆောက်အဦ များဖြင့် ထုံမွမ်းထားသည့် အတွက် တစ်ကမ္ဘာ ရောက်နေသည့် ခံစားချက်မျိုး ကိုလည်း ရခဲ့ပါသည်။

အသက် ၀င်နေသော မဂ္ဂဇင်း
ကြက်သွေးနီတွင် ကိုယ့်ကို ခြေချ ဖြစ်စေရန် စတင်ကြိုးစား ခဲ့သူ အမေရိကန် စာရေး ဆရာမ ဂျိန်းမှာ အကျပ်အတည်း အခြေအနေများနှင့် ယဉ်ပါး ရုန်းကန်ရသော စာရေးဆရာများကို စိတ်ဝင်စား အားပေးသူ ပီပီ ကြက်သွေးနီ၏ အပြည်ပြည် ဆိုင်ရာ စာပေ လှုပ်ရှားမှု တစ်ခုကို ထိုကဲ့သို့သော စာရေးဆရာ များဖြင့် ကျင်းပ ပုံဖော်ရန် စိတ်ကူးရခဲ့ ပါသည်။ မနှစ်က ကိုယ် အညို့ရင်ခွင်မှာ ရှိစဉ်က ကျင်းပခဲ့သော လမောင့် စာကြည့်တိုက် ဆွေးနွေးပွဲမျိုးနှင့် မတူ ခြားနားသော စာပေပွဲမျိုး ဖြစ်ရန် သူ့စိတ်ကူးမှာ အလွန် လှပခဲ့ပါသည်။ သူက “အသက်ဝင် နေသော မဂ္ဂဇင်း” ဟု အမည် ပေးထားသည့် စာပေပွဲ တစ်ခုကို တင်ဆက်ရန် စိတ်ကူးခြင်း ဖြစ်ပါသည်။ အဓိက တင်ဆက်မည့် သူများအဖြစ် တရုတ် နိုင်ငံမှ ဘေလင်းနှင့် မုန်းလား၊ အီရန်မှ ရှရီရာမ ဒါနာပါးရ်နှင့် မြန်မာပြည်မှ ကိုယ့်ကို ရွေးချယ်ထားပြီး အခြားသော နိုင်ငံအချို့မှ စာရေးဆရာ များနှင့် ဂျာနယ်လစ် များကိုလည်း ရွေးချယ် ထားပါသည်။
အစီအစဉ်မှာ အဓိက တင်ဆက်မည့် ကိုယ်တို့ လေးဦးစလုံးသည် မဂ္ဂဇင်း အယ်ဒီတာများ ဖြစ်ကြသည်နှင့် အညီ မိမိတို့ ကိုယ်တိုင် တည်းဖြတ် ထုတ်ဝေ ခဲ့ဖူးသော၊ ထုတ်ဝေလျက် ရှိနေသော မဂ္ဂဇင်းများနှင့် ယင်းတို့၏ စာပေဆိုင်ရာ အခန်း ကဏ္ဍများ အကြောင်းအား မိနစ် နှစ်ဆယ်ဖြင့် ပြီးအောင် တင်ဆက် ပေးရမည် ဖြစ်ပြီး တင်ဆက်လိုသည့် ပုံသဏ္ဌာန် ကိုမူ ကာယကံရှင် စာရေးဆရာ၊ အယ်ဒီတာမှ ရွေးချယ် နိုင်ပါသည်။ ထို့ပြင် မိမိတို့ အမှတ်ရ နေခဲ့သည့် စာမူ တစ်ပုဒ်ပုဒ်နှင့် ထိုစာမူအား ဖန်တီးသူ လူငယ် ကလောင်ရှင် တစ်ဦး အကြောင်းကိုလည်း ငါးမိနစ်မျှ တင်ဆက်ခွင့် ရပါမည်။ တင်ဆက်မှု အတွက် လိုအပ်ပါက ဟားဗတ် ကျောင်းသူ၊ ကျောင်းသား၊ လူငယ်များ ဖြစ်စေ၊ မက်ဆာချူးဆက် တစ်ခွင်မှ ကျောင်းသား လူငယ်များ ဖြစ်စေခေါ်ယူ ကူညီစေ နိုင်ခွင့်လည်း ရမည် ဖြစ်ပါသည်။

ဘေလင်းနှင့် မုန်းလားတို့ကား တရုတ် (တိုင်ပေ) နှင့် တရုတ် (ဟောင် ကောင်) တို့မှာ မွေးဖွားခဲ့ သော်လည်း ယခုအခါ တရုတ်ပြည် ပြင်ပတွင် နေထိုင် နေကြသူများ ဖြစ်ကာ သူတို့၏ မဂ္ဂဇင်းများ အကြောင်း ဆလိုက်များစွာဖြင့် တင်ဆက် ကြသော်လည်း အခြား ကျောင်းသားများ၏ အကူ အညီကိုမူ မယူခဲ့ပါ။ ရှရီရာ မှာလည်း အက်ဆေး တစ်ပုဒ်အား ဖတ်ကြား သကဲ့သို့ တင်ဆက်မှုကို ပြုလုပ်ပြီး ဆလိုက် ပြသမှု ကိုပင် မလုပ်ချေ။ ကိုယ်ကမူ ပြည်တွင်းမှာ ရှိနေသည် ဖြစ်စေ၊ ပြည်ပတွင် ရောက်နေသည် ဖြစ်စေ အချိန်ပြည့် တွေးတောကာ ကြောင့်ကြ စိုက်နေသည့် ဖူးငုံဆယ် ကျော်သက် Teen မဂ္ဂဇင်း အကြောင်းကိုပင် ဟားဗတ်မှ ကျောင်းသားတစ်ဦး၊ ကျောင်းသူတစ်ဦး၊ မက်ဆာချူး ဆက်ရောက် မြန်မာကျောင်းသား၊ ကျောင်းသူ မောင်နှမ နှစ်ဦးတို့၏ အကူအညီဖြင့် တင်ဆက်ရန် စီစဉ်ဖြစ် ခဲ့ပါသည်။

Teen မဂ္ဂဇင်း၏ အခန်းကဏ္ဍ များမှာ စုံလင်သည့် အပြင် လူငယ်များ ကိုယ်တိုင် ရေးသား ပေးပို့သည့် အချို့သော စာမူများမှာ ရှားရှားပါးပါး တန်ဖိုးများ ရှိသဖြင့် လူငယ်များ၏ အကူအညီဖြင့် အသက်ဝင်အောင် တင်ဆက် ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ HIV ဝေဒနာကို သိမ့်သိမ့်သည်းသည်း ခံစား နေရသည့် အသက် ၂၀ အရွယ် မိန်းကလေး တစ်ဦး၏ သူ မကွယ်လွန်မီ ရေးသား သွားခဲ့ပြီး ကွယ်လွန်ပြီးပါက Teen မဂ္ဂဇင်း ထံ ပို့ပေးရန် မှာကြားထားခဲ့သည့် စာမူနှင့် ကချင်ပြည်နယ် အစွန်အဖျား ရွာလေး တစ်ရွာမှာ အဘိုး အဘွားနှင့် အတူ နေထိုင် နေရသည့် အသက် ၁၆ နှစ် အရွယ် ဟင်းသီးဟင်းရွက် ခေါင်းရွက်ဗျပ်ထိုး ဈေးသည်လေး၏ အတွေ့ အကြုံဖလှယ် စာမျက်နှာ ကဏ္ဍအတွက် စာမူတို့ အပါအ၀င် စာမူအချို့အား ကျောင်းသား လူငယ်များကို ဖတ်စေခဲ့ပါသည်။

ထို့ပြင် လက်သစ် ကဗျာဆရာ ယက္ခ၏ “ကျွန်တော်နေတဲ့ မြို့ကလေး” အမည်ရ ကဗျာရှည်မှာ သူ နေထိုင်ခဲ့ ရသော နေရာမှာ မြို့ကလေး တစ်မြို့ အတွင်းတွင် အကျုံးဝင်သော်လည်း သူ့ အနေဖြင့် မြို့ကလေး အကြောင်း ကိုယ်တိုင်ကိုယ်ကျ ဘာဆိုဘာမျှ မသိခဲ့ရသည့် အနေအထား အကြောင်း စပ်ဆို ထားသည့် ကဗျာဖြစ်ပြီး ထိုကဗျာအား ဘာသာပြန်ကာ အစ္စရေး စစ်သားအဖြစ် တစ်နှစ်တာမျှ တာဝန်ထမ်းဆောင် ခဲ့ရဖူးသော အသက် ၂၀ အရွယ် ဂျူးလူမျိုး ဟားဗတ်ကျောင်းသား တစ်ယောက်အား ဖတ်ကြားစေခဲ့ ပါသည်။

ထိုတင် ဆက်မှုမှာ မဂ္ဂဇင်း တစ်အုပ်အား စာမျက်နှာ လှန်ကာ ဖတ်ရဘိ သကဲ့သို့ ဖြစ်ရန် ရည်ရွယ်ထားပြီး အခမ်းအနား အစီအစဉ် ဖြစ်သော မာတိကာ စဉ်ကို စီစဉ်သူ ဂျိန်းအန်ရူးမှ ကိုယ်တိုင် ပြုလုပ်ခဲ့ ပါသည်။ ကြက်သွေးနီ အသိုင်းအ၀ိုင်းမှာ စာဖတ်အားရော အနုပညာ ခံစားနိုင်အားပါ ကောင်းမွန် လှသဖြင့် ထို “အသက် ၀င်နေသော မဂ္ဂဇင်း” တင်ဆက်မှုသည် အထူးအောင်မြင် ခဲ့သည်ဟု ဆိုရပါမည်။ သည်တင်ဆက်မှုမှာ ကိုယ်တို့ တွေ့ကြုံနေကျ စာပေ ဟောပြောပွဲမျိုး မဟုတ်သကဲ့သို့ ကဗျာရွတ်ပွဲ၊ ၀တ္ထုဖတ်ပွဲ၊ စာကြည့်သင်း လှုပ်ရှားမှု ပွဲမျိုးလည်း မဟုတ်ပါချေ။

တင်ဆက်မှုတွင် အခမ်းအနား အစီအစဉ် ဟူသရွေ့ မရွတ် ဖတ်ပါဘဲ မာတိကာ စဉ်အဖြစ်သာ ဂျိန်းက ပြောကြားကာ ကိုယ်တို့က ဆောင်းပါး တင်ဆက်သူများ အဖြစ် တင်ဆက် ခဲ့ကြပါသည်။ တင်ဆက်သူများ အားလုံးက အခန်း၏ ဘယ်အစွန်ခုံများ တွင်သာ ရှေ့နောက် စီတန်းကာ ထိုင်ခဲ့ကြပြီး မိမိ၏ အလှည့်ရောက်လျှင် စင်ပေါ်သို့ တက်ကာ တင်ဆက်ပြီး နောက်စင်ပေါ်မှ ပြန်လည် ဆင်းလာသည့် အခါ စင်၏ ညာဘက်မှ ဆင်းကာ အခန်း တစ်ခုလုံးအား တစ်ပတ် ပတ်ပြီးမှ မိမိ ထိုင်ခဲ့သော အစွန်ဆုံး အတန်းဘက် ပြန်လျှောက်လာကြ ရပါသည်။ စင်ပေါ်တက်ရန် မတ်တတ် ရပ်ကြသည့် အခါ တင်ဆက်မည့်သူ အားလုံးမှ တစ်ပြိုင်နက် ရပ်ကြကာ စင်ပေါ်တက် သွားသူ၏ နေရာတွင် သူ့နောက် ကပ်လျက်မှ တင်ဆက်သူက ၀င်ထိုင်ခြင်းဖြင့် တင်ဆက်သူများ အသီးသီး ရှေ့သို့ တစ်ခုံ စာစီရွေ့သွားကြသည့် အတွက် မိမိအလှည့် ပြီးသဖြင့် စင်ပေါ်မှ ဆင်းကာ အခန်း တစ်ပတ်ပတ်ပြီး လူအုပ် အနောက်မှ ပြန်လာသည့် အခါ နောက်ဆုံးမှာ လွတ်ကျန်နေသည့် ထိုင်ခုံတွင် ပြန်ထိုင်ခြင်းဖြင့် စာမျက်နှာများကို စာရွက်လှန် ဖတ်ရှုသကဲ့သို့ ဖြစ်သွား စေရန်လည်း စီစဉ် ထားပါသည်။ ထို့ကြောင့် ထိုတင်ဆက်မှုမှာ ဆန်းသစ်နေကာ ပရိသတ်၏ အားပေး အာရုံကျမှုကို အတော်ကြီး လက်ခံ ခဲ့ရပါသည်။

ထိုတင်ဆက်မှု မျိုးအား မြန်မာ ပရိသတ် အတွက် တင်ဆက် ပြသလို စိတ်မှာ ထိုစဉ် ကတည်းက ရှိနေ ခဲ့သော်လည်း စာပေပွဲ ဆိုလျှင် ဟောပြောပွဲ မျိုးသာ တွင်ကျယ်နေသဖြင့် ထိုတင်ဆက်မှု မျိုးအား ပရိသတ်၏ တုံ့ပြန်မှုကို မမှန်းတတ် ခဲ့ချေ။ သို့သော် မြန်မာစာပေ ဟောပြောပွဲနှင့် မတူသည့် စာပေပွဲ တော်များစွာကို တက်ရောက် ခဲ့ဖူးသည့် ကိုယ့်မှာ ထိုစာပေ တင်ဆက်မှုမျိုး ဆောင်ရွက်နိုင်ရန် အမြဲပင် ကျိတ်ကြံနေ ခဲ့သည်ဟု ဆိုရပါမည်။ ယခုအခါ ကိုယ်ကိုယ်တိုင် တည်းဖြတ်နေသည့် ဖူးငုံဆယ် ကျော်သက် မဂ္ဂဇင်းမှာ သက်တမ်း ကိုးနှစ်ပြည့်မြောက် လာခဲ့ပြီ ဖြစ်သကဲ့သို့ လူငယ် ကလောင်သစ် များစွာကို ပေါင်းသင် မြေတောင်မြှောက် ပေးခဲ့ပြီးလည်း ဖြစ်ရာ ထိုလူငယ် ကလောင်ရှင်များ၏ အကူအညီ ဖြင့်ပင် ကြက်သွေးနီတွင် တင်ဆက် ဖြစ်ခဲ့သော အသက်ဝင် နေသည့် မဂ္ဂဇင်း တင်ဆက်မှုမျိုးကို စက်တင်ဘာ ၂၅ ရက်နေ့က တော်ဝင်နှင်းဆီ ခြံတွင် အကောင် အထည်ဖော် တင်ဆက်ဖြစ် ခဲ့ပါပြီ။ ဂျိန်းထံသို့လည်း အီးမေးလ်ဖြင့် ထိုသို့ တင်ဆက် မည်ဖြစ်ကြောင်း ပြောကြားရာတွင် ဂျိန်းမှလည်း ၀မ်းပန်းတသာ ရှိခဲ့ပါသည်။ အညို၏ စာပေ ပွဲတော်နှင့် ပုံသဏ္ဌာန် မတူသည့် စာပေပွဲတော် တစ်ခုကို ကြက်သွေးနီ ရင်ခွင်တွင် သာမက ကိုယ့်မြေ ပေါ်မှာပါ တင်ဆက်ခွင့် ရခဲ့ခြင်း သည်လည်း အထူးပင် ကျေနပ် ကြည်နူးရသော အခွင့် အရေးပင် ဖြစ်ပါသည်။

လက်စလီ၏  ဓာတ်ပုံပြပွဲ

ဖော်ပြပါ တင်ဆက်မှုမှာ ကြက်သွေးနီ့ အသိုင်းအ၀ိုင်းတွင် ဖြစ်သည့်တိုင် ကိုယ့်မိခင် ဌာနဖြစ်သည့် ရက်ကလစ်ဖ်၏ လှုပ်ရှားမှု မဟုတ်ချေ။ ဟားဗတ် ဆေးတက္ကသိုလ်၏ ပထမနှစ်နှင့်  တတိယနှစ် ဆေးကျောင်းသား များအား ဟောပြောမှု အပါအ၀င် ဟားဗတ် တစ်ခွင်တွင် ဟောပြောမှု များစွာကို လုပ်ဖြစ် သော်လည်း မိခင်ဌာန ဖြစ်သည့် ရက်ကလစ်ဖ်နှင့် တိုက်ရိုက် မသက်ဆိုင်သည် များလည်း ရှိနေခဲ့ပါသည်။ ထိုသို့သော လှုပ်ရှားမှု များကို ကိုယ်အပါ အ၀င် Fellow တိုင်း လိုလိုမှ ဆောင်ရွက် ကြမြဲလည်း ဖြစ်ပါသည်။ Fellow တိုင်း လိုလိုတွင် မိမိတို့အား ကူညီထောက်ပံ့ ပေးသော အခြားဌာန တစ်ခုခု ရှိနေတတ် သဖြင့် ထိုဌာန၏ လှုပ်ရှားမှု များကို လည်း Fellow များက ပါဝင်ကြခြင်း ဖြစ်ပါသည်။
မိခင် ဌာနမှ လှုပ်ရှားမှုများ မှာလည်း အပတ်စဉ် ရှိနေမြဲ ဖြစ်သဖြင့် ရက်ကလစ်ဖ်မှ ဆွေးနွေးပွဲ များကိုလည်း ကိုယ်တို့မှာ အတတ်နိုင်ဆုံး မှန်မှန်တက်ရောက် ဖြစ်ကြပါသည်။ သည်နှစ်အတွက် Fellow များတွင် အာဖရိ ကန်နွယ်ဖွား နှစ်ဦး ပါဝင်ကာ နှစ်ဦးစလုံးမှာ အနုပညာ သမားများချည်း ဖြစ်ကြပေသည်။ ယင်းတို့အနက် Leslie Hewitt မှာ ဓာတ်ပုံနှင့် ပန်းပုပညာရှင် ဖြစ်သကဲ့သို့ အချိန်၏ ရွေ့လျားမှု အပြောင်း အလဲကို ခံစားသော တပ်ဆင် မှု အနုပညာ မျိုးကိုလည်း ဖန်တီးသူ အာဖရိကန် အမျိုးသမီး ဖြစ်ပါသည်။ သူတင်ပြသည့် ဌာနတွင်း ဓာတ်ပုံပြပွဲမှာ အမြင်ရော အတွေးပါ ဆန်းသစ်သဖြင့် ကိုယ်အပါ အ၀င် Fellow အားလုံး လိုလိုက သဘောကျ နှစ်ခြိုက်ခဲ့ရပါ သည်။ လက်စလီက ဌာနမှ ပေးထားသော ရုံးခန်းတွင် အချိန်သိပ် မပေးတတ်ဘဲ သူ့ဓာတ်ပုံ စတူဒီယို တွင်သာ အနေ များသည့်တိုင် Fellow များနှင့် ခင်ခင် မင်မင် နေတတ်သူ၊ အမြဲ မျက်နှာချိုရွှင် သူပါ။

သူက နယူးယောက်သူ ဖြစ်ကာ နယူယောက်ရှိ အာဖရိကန်များ နေထိုင်ရာ နာမည်ကျော် ဟာလမ်း ရပ်ကွက်ရှိ အနု ပညာပြတိုက် နှင့်တကွ နာမည်ကျော် နယူးယောက် အနုပညာ ပြတိုက်ကြီးတွင်ပါ  ဓာတ်ပုံပြပွဲများကို တင်ဆက်ခဲ့ဖူး သူလည်း ဖြစ်ပါသည်။ နာမည်ကျော် ယေးလ် အနုပညာ တက္ကသိုလ်နှင့် နယူးယောက် အနုပညာ ကျောင်းဆင်းဖြစ်ကာ သူတင်ပြ လေ့ရှိသော ဓာတ်ပုံများမှာ ရှေးခေတ်နှင့် ယခုခေတ် ယဉ်ကျေးမှု ပုံရိပ်များကို နိုင်ငံရေး အတွေးများဖြင့် ရောယှက်ကာ တင်ပြခြင်း ဖြစ်ပါသည်။ ထူးခြားချက် နောက်တစ်ခုမှာ ဓာတ်ပုံဟောင်း များအား ကြမ်းပြင်ဖြစ်စေ၊ နောက်ခံ တစ်ခုခုတွင် ဖြစ်စေ စိတ်ကြိုက် ဖြုတ်လုပ် တပ်ဆင်ကာ ထိုပြုလုပ် ချက်ကိုမှ  ဓာတ်ပုံပြန်ရိုက်ပြီး ထိုဓာတ်ပုံ များကို ပြသခြင်း ဖြစ်ပါသည်။

အခြား ပညာရှင်များ
လက်စလီနှင့် မတူသည့် အခြား Fellow အမျိုးသမီးများ အကြောင်းကိုလည်း ပြောပြချင်ပါသည်။ သည်နှစ် ရက်ကလစ်ဖ် Fellow အစီ အစဉ်တွင် ကံအကောင်းဆုံး နှစ်ဦးဟု သူတို့ကိုယ် သူတို့ သတ်မှတ်ထား ကြသည့် အမျိုးသမီး သင်္ချာ ပညာရှင်များ အကြောင်းက စရပေမည်။ သူတို့နှစ်ဦးမှာ သူငယ်ချင်းများ ဖြစ်ကာ သင်္ချာနှင့် ပတ်သက်သည့် သုတေသန တစ်ခုကို နှစ်ဦးပူးတွဲကာ ဆောင်ရွက်ရန် ဆန္ဒ ရှိကြသူများ ဖြစ်ကြပြီး ရက်ကလစ်ဖ်သို့ နှစ်ယောက် အတူတကွ လျှောက်လွှာ တင်ခဲ့ကြခြင်း ဖြစ်ပါသည်။

လျှောက်လွှာ အစောင် ၈၀၀ကျော်တွင် လေးဆယ် ၀န်းကျင်သာ ရွေးသည့် သည်အစီ အစဉ်တွင် သူတို့ နှစ်ဦးစလုံး တစ်နှစ်တည်းမှာ အတူတကွ အရွေးခံ ကြရရန် မလွယ်ကူသော်လည်း သူတို့နှစ်ယောက်မှာမူ အရွေးခံ ကြရပါသည်။ ထို့ကြောင့် သူငယ်ချင်း နှစ်ဦးက ကံအကောင်းဆုံးဟု ခံယူကာ သင်္ချာ စဉ်းစားခန်းများ၊ တွက်ချက်မှုများကို အားသွန်ခွန်စိုက် လုပ်နေကြလေ့ ရှိခြင်းပင်။ သူတို့မှာ Andrea R. Nahmod နှင့် Gigliola Staffilani  ဖြစ်ကြပြီး Andrea က ယောက်ျားဆန်ကာ Gigliola ကမူ ပွင့်လင်းသည့် အမျိုးသမီး ပညာရှင်ပါ။ သူတို့ နှစ်ယောက်လောက် ဦးနှောက်စားသော၊ စာသင်ခန်း သင်ပုန်းကို သုံးသော Fellow လည်း မရှိပါချေ။ Andrea သည် University of Massachus etts at Amherst တက္ကသိုလ်မှ သင်္ချာ ပါမောက္ခ ဖြစ်ပြီး ယေးလ် တက္ကသိုလ်မှ သင်္ချာ ပီအိပ်ခ်ျဒီ ဘွဲ့ရခဲ့သူပါ။ သူက ပရင့်စတန် တက္ကသိုလ်၊ ဘာကလေ တက္ကသိုလ်နှင့် ပြင်သစ် တက္ကသိုလ်များတွင် ဌာနေသင်္ချာ ပါမောက္ခ အဖြစ်လည်းကောင်း၊ အမေရိကန် သင်္ချာ ပညာရှင်များ အဖွဲ့အစည်း ညီလာခံတွင် အဖွင့် မိန့်ခွန်းပြောသူ အဖြစ် လည်းကောင်း ဆောင်ရွက် ခဲ့သူလည်း ဖြစ်ပါသည်။ MIT အမ်အိုင်တီခေါ် မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်မှ သင်္ချာ ပါမောက္ခဖြစ်ပြီး ချီကာဂို တက္ကသိုလ်မှ သင်္ချာ ပီအိပ်ခ်ျဒီ ရခဲ့သူ ဖြစ်ပါသည်။ သူသည် လည်း ပရင့်စတန်၊ စတန်းဖို့ဒ်နှင့် ဘရောင်းတက္ကသိုလ်များတွင် ဌာနေ သင်္ချာ ပညာရှင် အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီးသူပါ။ သူတို့နှစ်ယောက် စလုံးမှာ လက်တင် အမေရိက သွေးများ ဖြစ်ကာ စကားပြောလျှင် အမေရိကန် လေသံ သိပ်မပေါက်ဘဲ လက်တင်သံ နှောနေဆဲ ဖြစ်ကြသည်။
ပညာရှင် ရင့်မကြီးများ ဖြစ်သည့်တိုင် ကလေးများနှယ် သင်္ချာ ညီမျှခြင်းများကို ဖြေရှင်းကြံဆ နေလေ့ရှိသော သူတို့ နှစ်ယောက်အား တွေ့ရတိုင်း အားအင်တိုးပွား ရသည်ချည်း။ သူတို့၏ သုတေ သနမှာ dispersive equations နှင့် ပတ်သက်ပြီး ပညာရှင် ဆန်လွန်းသဖြင့် နားလည်ရန် အလွန်အမင်း ခဲယဉ်းလှ ပါသည်။ သို့သော် သူတို့ကား ကိုယ်ကဲ့သို့သော ကျန် Fellow လူပိန်းများ နားလည်နိုင်ရန် အတတ်နိုင်ဆုံး ရှင်းပြကြ ပါသည်။ သို့သော် အများစုသော ကိုယ်တို့၏ မျက်ဝန်းများမှာ အူလည်လည် ဖြစ်ဖြစ် နေသေးရာ အရွှန်းဖောက်ရ သည်ကို နှစ်သက် သကဲ့သို့ အရယ်သန်သော Andre က သူတို့ ကျောင်းသူ ဘ၀က ပါမောက္ခဆရာကြီးတစ်ဦး  ပြောခဲ့ဖူးသော စကားတစ်ခွန်းကို ထုတ် ဖော်ကာ အားပေးရှာပါသည်။ “ဆရာက ပြောပါတယ်။ မင်းတို့ နားလည် မှာလည်း မဟုတ်ပါဘူး ဆိုပြီး ပညာရပ် ဆိုင်ရာ ဟောပြောပွဲ တွေကို သွားမတက်ဘဲ မနေကြပါနဲ့။ မင်းတို့ နားမလည် ပေမယ့် ခံစားလို့တော့ ရမှာပါ” တဲ့။ သူ့စကားကြောင့် ကိုယ်တို့အားလုံး ထပ်မံ ရယ်မော မိကြ ပြန်ပါပြီ။ အမှန်လည်း သူတို့ အဟောအပြော ကောင်းလှသဖြင့် ထိုခက်ခဲ နက်နဲလှသော အဆင့်မြင့် သင်္ချာအကြောင်း နားမလည်ခဲ့ သည့်တိုင် ခံစား၍ မူကောင်းကောင်းကြီး ရခဲ့ပါသည်။

သည်နှစ် ရက်ကလစ်ဖ် အစီအစဉ်သည် သင်္ချာပညာ ကုံထံများ၏ နှစ်ဟု ဆိုရမတတ် သင်္ချာပညာရှင် အများအပြား ပါဝင်ခဲ့ရာ Andrea R. Nahmod  နှင့် Gigliola Staffilani တို့အပြင် နောက်ထပ် ပါဝင်ခဲ့သော အမျိုးသမီး သင်္ချာ ပညာရှင်မှာ ပြင်သစ်မှRachel Ollivier ဖြစ်ပါသည်။ သူကမူ စာသင်နှစ်ကုန် ခါနီးမှ ရုံးခန်းသို့ ပေါ်လာသူ ဖြစ်သော်လည်း အားလုံးနှင့် အဆင်ပြေသူပါ။ သူက ပါရီမှာ စာသင်တန်းများ လက်မလည်အောင် များနေခဲ့သူ ဖြစ်သဖြင့် အချိန်ပိုင်းသာ ရက်ကလစ်ဖ်သို့ လာနိုင်သူပင်။ ငယ်ငယ်ချောချော ပြင်သစ်သူ သင်္ချာ ပညာရှင် Rachel မှာလည်း ကိုယ်တို့ အားလုံးလိုလို သဘော မပေါက်နိုင်သည့် နက်နဲသော the p-adic and mod p local Langlands conjectures အကြောင်းကို သုတေသန ပြုနေပါသည်။ သူ့ဟောပြောပွဲ ကိုလည်း ကိုယ့်မှာ ခံစားရုံ ခံစား ဖြစ်ခဲ့ပေ၏။ သူတို့ တင်ပြမှုထက် ပိုမိုရှင်းလင်း သယောင်နှင့် ပိုမို နက်နဲ ရှုပ်ထွေးသော သင်္ချာ အတွေးများကို သုတေသန ပြုနေသူ နောက်တစ်ဦးမှာ Ben J. Green ပင်။ သူကမူ အင်္ဂလန်နိုင်ငံ ကိန်းဘရစ်ခ်ျ တက္ကသိုလ်မှ ဖြစ်ကာ ခရီးတိုများနှင့် မိတ်ဆုံ စားပွဲများကို ဦးဆောင် တတ်သူလည်း ဖြစ်ပါသည်။ သူ သုတေသန ပြုနေသည့် သင်္ချာ ပညာရပ်၏ အစိတ်အပိုင်းမှာ အသစ်ဖြစ်သော additive combinatorics အကြောင်းနှင့် Discrete Rigidity Phenomena အကြောင်းဖြစ်ကာ မူလ ကိန်းဂဏန်းများ prime numbers အား အထူး စိတ်ဝင်စား သူလည်း ဖြစ်ပါသည်။ သူက သင်္ချာဘာသာ ရပ်ဆိုင်ရာ ကမ္ဘာကျော်ဆု မြောက်မြားစွာ ရထားသူ ဖြစ်သကဲ့သို့ အသက် ၂၉ နှစ်မှာပင် ဆုရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် သတ်မှတ် ဂုဏ်ပြု ခံခဲ့ရသူလည်း ဖြစ်ပါသည်။ သူ့ကို အမြဲတစေ ပိန်ပိန်ပါးပါး ပြေးပြေးလွှားလွှား တွေ့ရတတ်ပြီး သူ့ဟောပြောပွဲမှာ မူ ခံစားရသကဲ့သို့ နားမလည့်တလည် လည်း ဖြစ်ခဲ့ရပါသည်။

ထိုထိုသော ပညာကုံထံ များ၏ ဘာသာရပ် ဆိုင်ရာ ဟောပြော ပွဲများသည် ကိုယ့်အတွက် နားမလည် သည့်တိုင် ခံစားရ နိုင်သည့်အပြင် ယခု အခါတွင် ပညာရပ်များ မရပ်မနား ထွန်းကား တိုးတက် နေသည်မှာ ထိုကဲ့သို့သော ပညာကုံထံ များ၏ အပတ်တကုတ် အားထုတ်မှု ကြောင့်ဟု ယုံကြည် ကျေးဇူးတင် ဖြစ်ခဲ့ရ ပါသည်။ သို့ဖြင့် ကြက်သွေးနီ၏ နေ့ရက်များသည် အကျိုးများ သကဲ့သို့ ပညာစက်ဝန်း ကျယ်ပြော အေးချမ်းခဲ့ရ ပါတော့သည်။
(ဆက်လက်ဖော်ပြပါမည်)
မသီတာ၊စမ်းချောင်း၊
(ရွှေအမြုတေ မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၁)

Sunday, 16 October 2011

အညိုမှသည် ကြက်သွေးနီသို့ ၅


ကြက်သွေးနီသို့ ချီတက်ခြင်း
အညိုကို ခွဲခွာပြီး ကြက်သွေးနီသို့ ကူးပြောင်းမှုမှာ ဗာဟီရ များသဖြင့် အညို၏ နောက်ဆုံးနေ့များသည် ကိုယ့်အဖို့ အလွန်ပင် စိတ်မအား လူမနား နိုင်သည့် နေ့ရက်များ ဖြစ်ခဲ့ပေသည်။ ကံကောင်း ထောက်မစွာပင် ပရော်ဖက်ဆာ ဆိုင်မွန်နှင့် ငယ်သူငယ်ချင်းများမှ လိုအပ်သည့် ကိစ္စ အ၀၀ အတွက် အပြည့်အ၀ ကူညီခဲ့ကြသဖြင့် လည်းကောင်း၊ ဘရောင်းနှင့် ဟားဗတ် တက္ကသိုလ်တို့၏ အပြည်ပြည် ဆိုင်ရာ ကျောင်းသားရေးရာ ဌာနများနှင့် ဂျိန်းတို့မှ လျှပ်ချောစာ အစောင်စောင်ဖြင့် ကိုယ့်စိတ်ကြိုက် မဖြစ်မချင်း၊ အမေရိကန်နှင့် မြန်မာ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေများ၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် စာရွက်စာ တမ်းများ မထွက်မချင်း ကူညီ ခဲ့ကြသဖြင့် လည်းကောင်း ကိုယ့်မူလ အစီအစဉ် အတိုင်း ပြည်တော်ပြန် ခရီးမှာ ချောမောခဲ့ ရပါသည်။ ရန်ကုန် ပြန်ရောက်သည့် အခါမှာလည်း မူလက ကတိ ပေးထားသည့် အတိုင်း စီစဉ် ပေးရမည့် သင်တန်း၊ ခွဲစိတ်မှု၊ စာမူကိစ္စ စသည့် အရေးအရာများက တန်းစီ စောင့်နေသဖြင့် မအားလပ်နိုင်ခဲ့ချေ။

သည်ကြားမှာ စဉ်းစားစရာ ဖြစ်လာသည်က မိဘ နှစ်ပါးပင်။ ၂၀၀၈ နှစ်ဆန်းကတည်းက အိမ်မကပ်သည့် ကိုယ့်ကို ရက်ငါးဆယ်မျှသာ အတူ နေနိုင်ပြီး နောက်ထပ် ဆယ့်တစ်လကျော် ဝေးကွာ ရဦးမည်ဆိုသည့် အခါ အသက် ရှစ်ဆယ့်နှစ်နှစ် အရွယ် ဖေဖေနှင့် အသက်ခုနစ်ဆယ့်သုံးနှစ် အရွယ် မေမေတို့က ခံနိုင်ရည် ရှိမည့် ပုံ မပေါ်တော့ပါ။ သို့ဖြင့် သည်တစ်ခါမှာတော့ သူတို့ကို ခွဲချန် မထားနိုင်တော့ဘဲ တစ်ပါတည်း အလည်ခေါ်သွားရန် ဆုံးဖြတ် စီစဉ်ရတော့သည်။ ရာသီအေး လာသည့် ၂၀၁၀ နှစ်ဆန်းမှ သူတို့ကို မောင်လေးရှိရာ စင်ကာပူသို့ ပြန်လွှတ်မည်ဟု တွေးကာ သူတို့အတွက် ဗီဇာကိုပါ ပြင်ဆင် ရပြန်သည်။ မည်သို့ပင် ဖြစ်စေ အဆုံးမှာတော့ အစစ ချောမွေ့ကာ သားအမိ သားအဖ သုံးဦး ခရီးရှည် အတူ ထွက်ရန် အဆင်ပြေ သွားခဲ့ပါသည်။

လပေါင်းများစွာ ခွဲခဲ့ရသည့် အမိမြေကို ပြန်ရောက် ရသော်လည်း ရက်ငါးဆယ် အတွင်း ဆောင်ရွက်စရာ ကိစ္စပေါင်း သောင်းခြောက်ထောင်ကို အဆင်ပြေအောင် စီစဉ်ရသဖြင့် ကိုယ့်မှာ မဆတ်တငံ့ဖြင့် အိပ်မက်သဖွယ် ခံစားရာမှ မိဘနှစ်ပါး လက်ကို ဆွဲကာ ကြက်သွေးနီ ဆီသို့ ချီတက် ခဲ့ရပြန်ပါပကော။ ဘ၀သည် ကြိုတင် မျှော်လင့် မထားသည်များနှင့် ရင်ဆိုင် ကြုံတွေ့ရသော ခရီးရှည် တစ်ခုဖြစ်ရာ သည်စိန်ခေါ်မှုကြောင့်ပင် ကိုယ်တို့မှာ မျှော်လင့်မထားသော ကိုယ် စွမ်း ကိုယ်စတို့ကို ထုတ်ဖော် အသုံးချခွင့် ရကြရသည် မဟုတ်ပါလား။ ကြက်သွေးနီမှာ ကိုယ့်အခန်း ကဏ္ဍ မည်သို့ ရှိမည်ကို မတွေးအား၊ ကြက်သွေးနီမှ Radcliffe Fellowship ၏ သဘော သဘာဝကိုမျှ မလေ့လာ အားပါဘဲ ကြက်သွေးနီ၏ ရင်ခွင်သို့ မိအိုဘအိုတို့နှင့် အတူ ခြေချ ရပေဦးတော့မည်။

အဝေးရောက် အိမ်ကလေးအား ဖန်တီးခြင်း

စင်ကာပူမှာ နှစ်ညတာမျှ တစ်ထောက်နားကာ သားဖြစ်သူနှင့် တွေ့ပြီး စိတ်အာဟာရ ပြည့်ခဲ့သည့်တိုင် ဂျာမနီ နိုင်ငံ၊ ဖရန့်ဖို့တ်မှာ တစ်ထောက်နားရုံ နားသည့်၊ ကမ္ဘာ့ အရှေ့ခြမ်းမှ အနောက် ခြမ်းဆီ နောက်ကြောင်း ပြန်ပတ်ခဲ့သော၊ နှစ်ဆယ့်ခြောက်နာရီ မက ကြာမြင့်သည့် လေယာဉ် ခရီးရှည်ကြီးကြောင့် နယူးယောက် ဂျေအက်ဖ်ကေလေဆိပ်သို့ ရောက်ချိန်တွင် ဖေဖေနှင့် မေမေက အတော်ပင် နွမ်းနယ် နေခဲ့လေသည်။ သို့သော် ကိုယ်တို့၏ ခရီးဆုံးမှာ နောက်ထပ် မိုင်နှစ်ရာကျော် ဝေးသည့် ဘော်စတွန် ဖြစ်သည်မို့ နေ့လယ်စာ စားချိန်မျှ သာ အနားယူကာ ကားခရီးဖြင့် ဆက်လက် ချီတက်ရပြန်သည်။ အသက်အရွယ် အိုမင်းသည့်တိုင် နေ့စဉ်လမ်း လျှောက်ကာ လေ့ကျင့်ခန်း လုပ်လေ့ရှိ သော မိဘနှစ်ပါးမှာ ဂျက်လက်ဂ်ခေါ် အချိန် ကွာခြားမှုကြောင့် ဖြစ်သော အိပ်ချိန် မူမမှန်ဖြစ်မှုပင် ဟုတ်ဟုတ်ညားညား မဖြစ်ခဲ့သည်မို့ ကိုယ့်မှာ အတော် ကြီး ပျော်ရွှင် စိတ်ချမ်းသာ ရလေသည်။

နောက်နေ့များမှာလည်း သူတို့၏ ပတ်ဝန်းကျင်ကို အလွန်တရာ ယဉ်ပါးလွယ်သော ကိုယ်နေ စိတ်ထားတတ်မှု များကြောင့် ကိုယ့်မှာ ၀န်ပေါ့ ခဲ့ရပြန်ပါသည်။ သို့သော် ကိုယ်ငှား ထားခဲ့သော အခန်းမှာ အညို့မှာတုန်းက ကဲ့သို့ အိပ်ရာခမ်းနား အသုံးအဆောင်များပါ ပါပြီးသား အိမ်ခန်းမျိုး မဟုတ်သဖြင့် ကိုယ့်မှာ တစ်ကိုယ်တော်သာ ဆိုလျှင် ဖြစ်သလို အသုံးအဆောင်များဖြင့်နေ မည်ဟု တွေးထားသည့်တိုင် ဖေဖေ၊ မေမေတို့ကြောင့် အတန်အသင့် သပ်ရပ်သော အိမ်ခန်းလေး ဖြစ်ရန် အားထုတ် ရပြန်ပါသည်။

ကိုယ် ငှားထားသည့် တိုက်ခန်းမှာ ဟားဗတ်နှင့် မလှမ်းမကမ်း ဖြစ်သကဲ့သို့ ဘော်စတွန် တက္ကသိုလ်နှင့် လည်း အတော်ကြီး နီးကပ်သဖြင့် အိမ်ထောင် ပရိဘောဂ အရောင်းဆိုင်များလည်း မရှားလှပါ။ ပရိဘောဂဆိုင် ဆိုရာတွင်လည်း ပရိဘောဂ အသစ်များ သာမက ကျောင်းပြီးသွားသည့် ကျောင်းသားများက ပြန်ရောင်းထား ခဲ့သည့် ကောင်းသော်လည်း ဟောင်းသည့် ပရိဘောဂများကိုပါ ၀ယ်ယူ ရရှိ နိုင်ပြန်သည်။

သည်နေရာ တစ်ဝိုက်မှာ ကျောင်းသားနှင့် ဆရာ၊ ဆရာမများ အနေများသည့် သဘောပင်။ ကိုယ် ကတော့ ဖေဖေ့စိတ်ကြိုက် ဆက်တီခုံ အကောင်းအသစ်ကို ရွေးဖြစ်သည်။ သည်ခုံက ခုတင်အဖြစ် ပုံပြောင်း၍ ရကာ အရောင်မှာလည်း ဆင်စွယ်မီးခိုး စပ်ကြားမို့ အတော် လှသည်ကိုး။ (သည်ခုံကို ရန်ကုန် အပြန်မှာ ထက်ဝက် ဈေးနှင့် ပြန်ရောင်း နိုင်ခဲ့ခြင်းမှာလည်း ထိုသို့ လှပပြီး အပေါစား မဟုတ်သည့် ပစ္စည်းမျိုး ဖြစ်သည့်အတွက် ၀ယ်သူ ရှိခဲ့ရခြင်းပင်) သည်နေရာနား တစ်ဝိုက်မှာ ကျောင်းသားနှင့် ဆရာများသာ နေထိုင်လေ့ ရှိသဖြင့်လည်း ပရိဘောဂ ဆိုင်များက အိမ်အရောက် တပ်ဆင်ပေးသည့် ၀န်ဆောင်မှုကို အခမဲ့ ပေးပြန်ရာ အဆင် ပြေလှသည်။ စာကြည့်စားပွဲ၊ စာအုပ်စင်၊ ထမင်းစား စားပွဲစသည့် အသုံးအဆောင်များကိုလည်း ထိုသို့သော ပရိဘောဂဆိုင် သေးသေးလေး များနှင့် နာမည်ကျော် ဈေးချိုသော ပရိဘောဂဆိုင် အီကီယားမှ ၀ယ်ယူကာ ဖြည့်တင်း ရပြန်သည်။

စနစ်ကျသည့် မီးဖိုချောင် အခင်းအကျင်းမှာ ရန်ကုန်မှ သယ်လာသော မီးဖိုချောင်သုံး ပစ္စည်း အချို့နှင့် စီဗီအက်စ်၊ အေဂျေရိုက်တို့ ကဲ့သို့ ဆိုင်လေးများမှ အဖိုး မများသည့် အသုံးအဆောင်လေးများဖြင့် ဖြည့်တင်း လိုက်သည့်အခါ အခြေခံ လိုအပ်ချက် များဖြင့် ကွက်တိ ပြည့်စုံသော အိမ်ခန်းလေး ဖြစ်လာပါသည်။ ရုံးခန်း အသေးလေး တစ်ခန်းစာ ကျယ်ဝန်းသည့် လမ်းလျှောက် ၀င်နိုင်သော အ၀တ်အစား ဗီရိုခန်းကြောင့်လည်း ကိုယ်တို့ သုံးယောက်၏ အ၀တ်အစားများကို မျက်စိ နောက်စရာ မလိုအောင် သိမ်းထားနိုင်ပါသည်။ အိပ်ခန်းကို ကိုယ့်အခန်း လုပ်ကာ ဧည့်ခန်းကျယ်ကိုတော့ ဖေဖေနှင့် မေမေ့အခန်း အဖြစ် ပြင်ဆင်ပေး လိုက်သဖြင့် အသုံးအဆောင် များများ စားစား မရှိသည့်တိုင် သူ့ဟာနှင့်သူ သေသပ်သော အိမ်ခန်းလေး ဖြစ်ရပြန် ပါသည်။ သို့ဖြင့် ရန်ကုန်မှာလည်း သည်သုံးယောက်သာ အတူနေသည့် ကိုယ်တို့ မိသားစုမှာ အော်လစတွန်၌ အဝေးရောက် အိမ်လေး တစ်လုံးကို စရိတ် ကျဉ်းကျဉ်း၊ အခင်းအကျင်း ရိုးရှင်းစွာ ဖန်တီး ဖြစ်ခဲ့ပါသည်။

ကြက်သွေးနီ၏ အ၀န်းအ၀ိုင်းမှ လှိုက်လှဲစွာ ကြိုဆိုခြင်း


အော်လစတွန် အိမ်ခန်းလေးမှာ အခြေ မကျတကျ ရှိစဉ်မှာပင် Radcliffe ၏ ပထမဆုံး နေ့ရက်က ရောက်ရှိလာ ခဲ့ပေပြီ။ အမှန်တော့ ကိုယ့်ကို ကမ်းလှမ်း ခေါ်ယူထားသည့် Redcliffe ၏ ပထမနေ့ မစမီမှာပင် ကိုယ်က ကြက်သွေးနီ၏ အ၀န်းအ၀ိုင်းကို ၀င်ရောက်ခဲ့ရပြီး ဖြစ်သည်။ အညိုသည် နာမည်ကျော် တက္ကသိုလ်ကြီး ဖြစ်သည့်တိုင် ကြက်သွေးနီဟု ကိုယ်က တင်စားသော ဟားဗတ်က ပိုပြီး ကျော်ကြားသည့် တက္ကသိုလ် ဖြစ်ကြောင်း ကြက်သွေးနီ (ဟားဗတ်၏ အမှတ်အသား အရောင် မှာ ကြက်သွေးနီရောင် ဖြစ်သည်)သို့ မရောက်မီကပင် ကိုယ့်မှာ လက်တွေ့ သိရသည့် အချက် ရှိခဲ့ပါသည်။ ယင်း မှာ ကြက်သွေးနီ၏ အသိုင်းအ၀ိုင်း ကြီးမှုနှင့် သူ့အ၀န်းအ၀ိုင်းထဲ ရောက်လာသော ပညာသည်အား ၀ိုင်းဝန်း ချဉ်းကပ်ကာ ၀ိုင်းဝန်း အသုံး ချတတ်မှုပင် ဖြစ်သည်။

ရန်ကုန်သို့ ရက်ငါးဆယ်ကြာ ပြန်နေသည့် အခိုက်မှာပင် ကြက်သွေးနီ၏ ဌာန အသီးသီးမှ ကိုယ့်ထံ လျှပ်ချောစာများ ပို့ကာ သူတို့ ဌာန၏ လှုပ်ရှားမှု အချို့အတွက် ဖိတ်ကြား ခဲ့ကြလေသည်။ ပထမဆုံး ဖိတ်ကြား ခံရသည်က ဟားဗတ်၏ မိုက်ခရိုဘိုင်အိုလော်ဂျီ ဌာန ဖြစ်ပြီး ယင်း၏ နွေရာသီ နှီးနှော ဖလှယ်ပွဲ တစ်ခုသို့ ဆေးပညာသည် တစ်ဦးအဖြစ် တက်ရောက်ပေးရန် ဖြစ်သည်။ ထို့ကြောင့် ကြက်သွေးနီ၏ ကျယ်ဝန်းလှသော ပရိဝုဏ် အတွင်း ဆိုင်ရာဌာန ၀င်းနှင့် အဆောက်အဦအား ရှာဖွေသွား ရောက်သည့် အလေ့အထကို Radcliffe ၏ ဖွင့်ပွဲ မတိုင်မီကပင် ရောက်ဖြစ်ခဲ့ လေသည်။ သို့သော် Radcliffe  ၏ ပထမဆုံး နေ့ကို သွားရသည်မှာ ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းခဲ့လေသည်။
ဟားဗတ်၏ ပင်မ မြက်ခင်းပြင်နှင့် မျက်နှာချင်းဆိုင် အခြမ်းရှိ ကိန်း ဘရစ်ခ်ျ ပန်းခြံနံဘေးတွင် သီးခြားဝင်း၊ သီးခြားအဆောက်အဦများဖြင့် တည် ရှိသော Radcliffe ၀င်းမှာ ဥရောပဟန် ဖြင့် တည်ငြိမ်လှသည်။Follow များ အတွက် ရုံးခန်းများသာ ရှိသော အဆောက်အဦ၏ အောက်ထပ်သို့ ၀င် လျှင်ပင် Radcliffe ၀န်ထမ်းများက စနစ်တကျ ခရီးဦးကြို ပြုကြလေသည်။

အခြား Fellow များလည်း ရောက်ရှိကြောင်း သတင်း ပို့ကြသကဲ့သို့ ၀န်ထမ်းများက Fellow တိုင်းအတွက် ဓာတ်ပုံ ရိုက်ယူခြင်း၊ ရသင့် ရထိုက်သော လစဉ် ချီးမြှင့်ငွေနှင့် ပြောင်းရွှေ့အခြေချ စရိတ် ပါအ၀င် Fellow များအတွက် သတ်မှတ်ထားသည့် ဂုဏ်ပြုငွေ ချက်လက်မှတ်များ ထုတ်ပေးခြင်း၊ သက်ဆိုင်ရာ ရုံးခန်း သော့အပ်နှံခြင်း၊ လတ်တလော အစီအစဉ်များနှင့် ရုံးတွင်း ဆက်သွယ်ရေး လမ်းကြောင်းဆိုင်ရာ သိသင့်သည်များကို ဖော်ပြထားသည့် စာရွက်စာတမ်းများ ပေးအပ်ခြင်းတို့ကို စနစ်တကျ လုပ်ဆောင် ပေးကြသည်။

ထို့နောက် ဟားဗတ်ကတ် လုပ်ဆောင် ရန်နှင့် အပြည်ပြည်ဆိုင်ရာ ကျောင်းသားရေးရာ ဌာနသို့ အကြောင်းကြားရေး အတွက် ထိုဌာနသို့ သွားကြရန် ပြောပြ ကြသည်။ သည်ဌာနသို့ ပုံမှန်ရုံးတက် သည့်ကိစ္စကိုဖြင့် ဖွင့်ပွဲ အခမ်းအနားနှင့် အတူ နောက်သုံးရက်ကြာမှ တခမ်းတနား ပြုလုပ်မည်မို့ ထိုနေ့အတွက် သည်အဆောက်အဦသို့ ပြန်လာရန် မလို တော့။ သည်မှာ အင်္ဂလန်မှ ရောက်လာ သည့် Fellow တစ်ယောက်ဖြစ်သော ဂျိမ်းစ်နှင့် ကိုယ်တို့က ဆိုင်ရာရုံးခန်းကို ခဏ ကြည့်ရှုပြီး အပြည်ပြည်ဆိုင်ရာ ကျောင်းသားရေးရာ ဌာနသို့ အတူတူ သွားရန် ပြောမိကြသည်။ သူရော ကိုယ်ပါ ရုံးခန်းများမှာ တတိယအထပ် တွင် ဖြစ်သည့်အတွက် အဆင်ပြေသွား ပြန်သည်။ ရုံးခန်း၏ အသွင်အပြင်၊ ကွန်ပျူတာနှင့် ထိုင်ခုံများ၊ ဗီရိုများ
အနေအထားတို့ကလည်း သည်နေရာသည် ဟားဗတ်ဟု တတန်တက ပြောစရာ မလိုအောင် ဆီလျော်သားနား နေတော့သည်။

ဆိုင်ရာ အခန်း အသီးသီးကို ကြည့်ရှုပြီး ပြန်အထွက်မှာ University College of London ၏ ပါမောက္ခ ဖြစ်သော ဂျိမ်းစ်က စတင်ပြီး “ငါ့ကိုယ်ငါ အိပ်မက်လားတောင် ထင်မိတယ်။ ငါ တော်တော် ကံကောင်းတာပဲ။ သူတို့ ငါတို့ကို ထားပုံက သိပ်အဆင့် မြင့်လွန်းနေတယ်။ ငါတို့ တကယ် ကံကောင်း တာပဲ။ မင်းရော  ဒီတစ်ခါပဲ လျှောက်ဖူးတာလား” ဟု စကား စတော့သည်။ သည်တော့ ကိုယ့်မှာ အမှန်အတိုင်း ၀န်ခံရုံမှ လွဲ၍ အခြား မရှိချေ။ “ငါ ငါက လျှောက်လွှာ မတင်ခဲ့ဘူး။ သူတို့ရဲ့ ကမ်းလှမ်းစာ ရလို့ လက်ခံခဲ့တာပဲ ရှိတယ်” ဟု ဆိုရာ “အိုး ငါ့ကိုယ်ငါ ကံကောင်းပြီ အောက်မေ့နေတာ၊ မင်းက ပိုကံကောင်း နေပါလား။ မင်း သိလား။ အခု ဒီနှစ်မှာ ငါတို့ Fellow ၄၂ ယောက် ရွေးထားတာ။ လျှောက်လွှာက ၈၄၇ စောင်တဲ့။ တချို့က နှစ်တိုင်း လျှောက်နေကြတာ။ အခုထိ အရွေး မခံရသူတွေ ရှိနေသေးတယ်။ အရွေး ခံရသူတွေက ပီအိပ်ခ်ျဒီတောင် နှစ်ထပ်ကွမ်းတွေ။ ဒီဟားဗတ်က နာမည်ကြီး ပါမောက္ခ တချို့တောင်  ဒီကို လာချင်လွန်းလို့ နှစ်တိုင်း လျှောက် ကြတာ” ဟု ဂျိမ်းစ်က ပြန်ပြောသည်။

သည်တော့မှ ကိုယ့်မှာ ပါးစပ် အဟောင်းသား ဖြစ်ရတော့သည်။ သည်မျှ ခက်ခဲပြီး သည်မျှ တန်ဖိုးကြီးသည့်  Fellowship မှန်း မသိသား ဆိုးရွားခဲ့သည့် ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ပျက် သွားမိသည်။ မဖြစ်တော့။ သည်ညမှာတော့သည် Fellowship အကြောင်း ဂူးဂဲလ်မှ ရှာဖွေဖတ်ရှု ရပေတော့မည်။ အညို့ မတိုင်ခင်မှ စသည့် အလွဲဇာတ်သည် ကြက်သွေးနီထိ ရောက်လာခဲ့ဖို့ပင် မကောင်း။ ကိုယ့်အတ္တကို ရှေ့တန်းတင်ကာ ကိုယ်စိတ်ဝင်စားရာ ကိစ္စများကိုသာ စိုက်လိုက်မတ်တတ် ကြိုးစားနေခဲ့ပြီး ကိုယ့်လိုအပ်ချက်များ အတွက်သာ အမျိုးမျိုး ဈေးဆစ် တောင်းဆိုနေခဲ့သော ကိုယ်ကဲ့သို့သော Fellow မျိုးအား သည်းခံပြီး ကမ်းလှမ်းခဲ့ကြသည့် အညို့ကိုရော ကြက်သွေးနီကိုပါ အားနာ မိသည်မှာ ပြောမပြနိုင်အောင်ပင် ရှိရ ပြန်ပါသည်။ ငမိုက်သားကိုမှ ကမ်းလှမ်းခဲ့သည့် Fellow ၏ ရာဇ၀င် အူပေါက်ကို အမြန် လေ့လာပေမှ ဖြစ်တော့မည်။

Radcliffe ၏ သမိုင်းနှင့် Fellowship  သဘာဝ


Radcliffe College သည် ၁၈၇၉ တွင် စတင်ပေါ်ပေါက်ခဲ့ပြီး ထိုစဉ်က ဟားဗတ် တက္ကသိုလ်တွင် အမျိုးသမီး များကို ကျောင်းတက်ခွင့် မပေးသည့် အတွက် အမျိုးသမီးများ ပညာ သင်ယူ နိုင်မည့် ကောလိပ် တစ်ခုကို ဟားဗတ်၏ တွဲဖက်ကျောင်း အဖြစ် တီထွင်ခဲ့ရာမှ Radcliffe College  ဟူ၍ ဖြစ်လာခဲ့လေသည်။ သည်တော့ ဟားဗတ်က ကျားကျောင်း ဖြစ်ခဲ့ပြီး ရက်ကလစ်ဖ်က မ ကျောင်း ဖြစ်ခဲ့သည့်တိုင် သင်သည့် ဆရာများက တူသကဲ့သို့ ကျောင်းဆင်း လက်မှတ်မှာ လက်မှတ် ထိုးပေးသည့် ပါမောက္ခများမှာလည်း အတူတူပင် ဖြစ်ခဲ့လေသည်။ ရက်ကလစ်ဖ်မှာ သီးခြား စာကြည့်တိုက် ရှိကာ အမေရိကန် အမျိုးသမီးများ သမိုင်းကြောင်းနှင့် ပတ်သက်လျှင် အလွန် ပြည့်စုံသော စာကြည့်တိုက်လည်း ဖြစ်သည်။

ရက်ကလစ်ဖ်ကို အမျိုးသမီးများ၏ ပညာရေး အတွက်သာမက အမျိုးသမီး အခွင့်အရေး အတွက်ပါ အထူးတလည် တာဝန် ကျေခဲ့သော ကောလိပ်အဖြစ် ကြက်သွေးနီ အသိုင်းအ၀ိုင်းက သတ်မှတ် ထားခဲ့ကြသည်။ ၁၉၉၉ ခုနှစ်တွင်မူ ရက်ကလစ်ဖ်နှင့် ဟားဗတ် ပေါင်းစည်း ခဲ့ကြသည်။ သို့သော် ရက်ကလစ်ဖ် အတွက်  Dean ခေါ် ကျောင်းအုပ်ကြီးမှာ သီးသန့်ဖြစ်သည်။ ရက်ကလစ်ဖ် ထွက်များအနက် ကျော်ကြားထင်ရှား သည့် အမျိုးသမီးများမှာ စာရေး ဆရာမ များဖြစ်ကြသည့် Margaret Atwood, Ursula Le Guin, Gertrude Stein ပူလစ်ဇာ ဆုနှစ်ကြိမ် ရခဲ့သော  Barbara Tuchman နှင့် မျက်မမြင် လူမှု ပညာရှင် Helen Keller တို့ ဖြစ်ကြသည်။

Radcliffe Fellowship မှာမူ ၁၉၆၀ တွင် စတင်ခဲ့သည့် သုတေသန အစီအစဉ်မှ အစပြုခဲ့သည်။ ၁၉၇၈ ခုနှစ် တွင် Radcliffe College  ကို Bunting Institute  ဟု အမည်ပြောင်းခဲ့ကြသည်။ Radcliffe College ၏ ဥက္ကဋ္ဌဖြစ်သူ Mary Bunting  မှာ အမျိုးသမီး ပညာရေး ပညာရှင်များနှင့် အနုပညာရှင်များ အတွက် ဘွဲ့လွန် ပညာသင်တန်း တစ်ခုကို စွန့်ဦး တီထွင်ပေးခဲ့သူ ဖြစ်သဖြင့် သူ့ကို ဂုဏ်ပြုသည့် အနေဖြင့် သည် အမည်ကို ပြောင်းလိုက်ခြင်းပင်။ သူ၏ မူလရည်ရွယ်ချက်မှာ အမျိုးသမီး များအတွက် “မျှော်လင့် မထားနိုင်သော ပတ်ဝန်းကျင်ကောင်း”ကို ဖန်တီး ပေးနိုင်ရေးပင် ဖြစ်သည်။

သို့အတွက် ထိုပညာရှင်များအား အချိန်၊ ငွေကြေး၊ ကိုယ်ပိုင်ရုံးခန်း၊ အမျိုးသမီး အ၀န်းအ၀ိုင်း အတွင်း အရေးပါသည့် အဖွဲ့ဝင် ဖြစ်ခွင့်နှင့် ရက်ကလစ်ဖ်နှင့် ဟားဗတ်၏ ပိုင်ဆိုင်သမျှ ပညာရှင် ရင်းမြစ်အရာများ အားလုံးကို သုံးစွဲနိုင်ခွင့် စသည့် အခွင့် အရေးနှင့် အခွင့်အလမ်း အားလုံးကို သူက ပေးပစ်ခဲ့သည်။ ထိုအတွေးကို ၁၉၆၀ ပြည့်နှစ် ဆောင်းဦး ကာလတွင် နယူးယောက်တိုင်းမ်စ် သတင်းစာမှာ ကြေညာခဲ့ရာ အမျိုးသမီး နှစ်ထောင်ကျော်က လျှောက်လွှာ တင်ခဲ့ကြသည်။ မိသားစု ဘ၀များကို ပြုစု ပျိုးထောင်ပြီး သည့်အခါ မိမိတို့ စိတ်ဝင်စားရာ အသိပညာနှင့် အနုပညာ အလုပ်များကို လုပ်ကိုင်လိုသော ပညာတတ် အမျိုးသမီးများစွာ ရှိကြောင်း ထိုဖြစ်ရပ်က သက်သေထူခဲ့သည်။ ထို့နောက် ၁၉၆၀ မှစကာ Fellow များကို လက်ခံခဲ့ရာ ယနေ့ဆိုလျှင် သိပံ္ပပညာရှင်၊ ပန်းချီပညာရှင်၊ စာရေးဆရာ၊ ဂီတပညာရှင် စုစုပေါင်း ၁၄၀၀ ကျော်ခဲ့ပါပြီ။

ထို့ ကြောင့် ဘော်စတွန်ဂလုပ်ဘ် သတင်းစာကြီးက Bunting Institute  သည် အမေရိက၏ “အမျိုးသမီးများ အတွက် Think Tank”ဟု တင်စားခဲ့သည်။ ထို့အပြင် Chronicle of Higher Education ကလည်း “သည်နေရာ သည် ဘ၀ တစ်ဆစ်ချိုးသည့် နေရာ၊ စာအုပ်များ ရေးပြီးသည့် နေရာ၊ အသစ် အသစ်သော ရှာဖွေ တွေ့ရှိချက်များ လုပ်ဖြစ်သည့်နေရာ၊ ပညာရှင် အချင်းချင်းကြားမှာ အချိန်ကို အတူတကွ ဖြတ်သန်းကာ ရလဒ်ကောင်းများ အားလုံး ပေါ်ထွန်းသည့် နေရာ” ဟု လည်း သတ်မှတ် ခဲ့ပြန်ပါသည်။ သို့ဖြင့် ၁၉၉၉ ခုနှစ်တွင် သည်နေရာသည် Radcliffe Institute for Advanced Study  ဟု အမည် ပြောင်းလဲ လာခဲ့ပြန် သည်။

ရက်ကလစ်ဖ် Fellow များအနက် ဂုဏ်ပြုဆု လာဘ်များစွာ ရရှိခဲ့သူများမှာလည်း အများအပြားပင်။ အမေရိက တစ်ခွင် Fellowship ဟု ခေါ်ဆိုသော စကောလားရှစ် ဆုမျိုးအဖြစ် အချိန် အပိုင်းအခြားဖြင့် ပညာရှင်များအား ခေါ်ယူ ဂုဏ်ပြုကာ ပညာရှင့် စိတ်ကြိုက် သုတေသန တစ်ခုခုကို အပူအပင် ကင်းမဲ့စွာ ဆောင်ရွက်နိုင်ရန် ကူညီခြင်းမျိုးကို ဆောင်ရွက်နေသော တက္ကသိုလ်နှင့် အဖွဲ့အစည်း များစွာ ရှိသည့်အနက် ရက်ကလစ်ဖ်သည် အခွင့်အရေး အပေး နိုင်ဆုံး Followship ဖြစ်နေကြောင်း နဖူးတွေ့ ဒူးတွေ့ တွေ့ခါမှ သိလိုက်ရသော ကိုယ့်မှာ သည်သမိုင်းကြောင်းကို မစောကြောပါဘဲ ရန်ကုန် အရေးကိုသာ မဲနေခဲ့မှု အပေါ် အတော်ပင် အရှက် ရမိပါတော့သည်။ သို့ဖြင့် အစဉ်အလာကြီး မားသော ရက်ကလစ်ဖ်တွင် ယခုအခါ အမျိုးသား ပညာရှင်များကိုပါ ထည့်သွင်း လက်ခံနေပြီ ဖြစ်သော်လည်း အမျိုးသမီး ပညာရှင်များကို အလေး ထားတတ်ကြောင်း သိပြီးနောက် အညို့မှာတုန်းကကဲ့သို့ လမ်းမများတော့ ဟု ဆုံးဖြတ်ရပြန်ပါသည်။

လမ်းများ ၍လည်း မရနိုင်ပေ။ သည်မှာကFellow အားလုံး နေ့လယ်စာကို တစ်ပတ်လျှင် သုံးရက် အတူ စားကြရ မည်ဖြစ်သည်။ ထို့အပြင် တနင်္လာနေ့ များတွင် Fellow တစ်ဦးဦး၏ သုတေသနနှင့် ပတ်သက်သည့် တင်ပြမှုရှိနေ မည်။ ထိုတင်ပြမှု ပြီးလျှင် နေ့လယ်စာ အတူစားလျက် ဆွေးနွေးပွဲကို ကျင်းပမည် ဖြစ်သဖြင့် သည်တစ်နပ်ကိုဖြင့် လက်လွှတ် မရနိုင်။ ဗုဒ္ဓဟူးနေ့ တွင်မူ ညနေပိုင်းမှာ အများကပါ ၀င်ရောက် နားထောင်နိုင်မည့် ဟောပြောပွဲ ရှိသည်။ Fellow ၄၂ ဦး တွင် အချို့မှာ ဌာနတွင်း ဆွေးနွေးပွဲတွင်သာ ယင်းတို့ ၏ သုတေသနကို တင်ပြနိုင်ကာ အချို့မှာမူ အများပြည်သူအားပါ တင်ပြရမည် ဖြစ်ရာ ထိုသို့ တင်ပြမှုကို ပညာရှင် Fellow များ ကိုယ်တိုင်က ရွေး ချယ်နိုင်ကြပြန်သည်။

ကြာသပတေး နေ့တွင်မူ မည်သည့် ဆွေးနွေးပွဲမျှ မပါ သော နေ့လယ်စာ ကျွေးပွဲ ရှိမည်။ သည်တော့ ကိုယ့်မှာ လမ်းများနိုင်မည် မဟုတ်။ သို့ဖြင့် အညို့ရင်ခွင်မှာ လွတ်လပ်မှုများဖြင့် အသားကျ နေခဲ့သော ကိုယ်သည် ကြက်သွေးနီ၏ ရက်ရောသော အဆောင်အယောင်များ နှင့်တကွ စနစ်ကျသော အချည် အနှောင်ကို အကျွမ်းဝင်ရန် ကြိုးစားရ ပေဦးတော့မည်။

ကြက်သွေးနီ၏ လွတ်လပ်မှု၊ အထောက်အပံ့

အမှန်မှာ ရက်ကလစ်ဖ်မှ အချည် အနှောင် ဟူသည် ကျန် Fellow ပညာရှင် များ၏ ဟောပြောပွဲ၊ ဆွေးနွေးပွဲများကို တက်ရောက် နားထောင်စေလိုရင်းသာ ဖြစ်ပြီး ကိုယ့်ကိုယ်ပိုင် သုတေသနနှင့် ပတ်သက်လျှင်မူ မည်သည့် တောင်းဆိုမှု၊ စွက်ဖက်မှုမျိုးမျှ မရှိသည့် အပြင် မည်သည့် တက္ကသိုလ်မှာမှ မရခဲ့ဖူးသည့် အထောက်အပံ၊ အကူအညီကိုပင် ပေးခဲ့ ပြန်ပါသည်။ သည်နေရာမှာ ကျန်တက္ကသိုလ်များ၏ အစီအစဉ်များနှင့် ရက်ကလစ်ဖ် Fellowship အစီအစဉ် မတူပုံက သိသိသာသာ ကွဲပြားသွား လေသည်။ အိုင်အိုဝါ တက္ကသိုလ်၏ အပြည်ပြည် ဆိုင်ရာ အရေးအသား အစီအစဉ် International Writing Program မှာ Fellowship သဘော မဟုတ်သဖြင့် အခြားအခြားသော အပြည်ပြည်ဆိုင်ရာ စာရေးဆရာများနှင့် အတွေ့အကြုံ ဖလှယ်ခွင့်ရသည့်တိုင် ထိုအစီအစဉ်ကို စီစဉ် ဆောင်ရွက်သည့် စာပေ အနုပညာ ဌာနမှ သင်ကြား ပေး နေသော ကျောင်းသားများ အတွက်လည်း ကိုယ့်အတွေ့အကြုံ၊ အသိအမြင် တို့ကို မျှဝေ ပေးရသည်။ အညို၏ International Writer Project မှာ လည်း Fellowship  သဘောမျိုး မဟုတ် ပြန်။ ခန့်အပ်ထားသော Writer in Residence ဌာနေ စာရေးဆရာ သဘော။ အညို၏ Faculty ဆရာ ကဲ့သို့သော ၀န်ထမ်း သဘောမျိုးဖြစ်ရာ မည်သို့ပင် လွတ်လပ်သည်ဟု ဆိုစေကာမူ ဌာန၏ စာသင်တန်းများနှင့် လှုပ်ရှားမှုများတွင် ပါဝင်ပေးရမည့် တာဝန် သဘောလည်း ရှိနေသည်။

အနည်းဆုံး စာပေပွဲတော် တစ်ခုကို ဦးစီး ကျင်းပပေးရခြင်း ဟူသည့် တာဝန်က ရှိနေသည်။ ရက်ကလစ်ဖ်မှာမူ Fellowship သဘော ဖြစ်ရာ ဆုလာဘ် အပ်နှင်းခံ ပညာရှင် သဘောမျိုး ဖြစ်သဖြင့် ဌာနမှ တာဝန်ယူ သင်ကြား ပေးနေသည့် ကျောင်းသား များအား မည်သည့် သင်ကြားမှု၊ မျှဝေမှု မျိုးကိုမျှ ဆောင်ရွက်ပေးရန် မလိုပါ။ မိမိ၏ သုတေသနကိုသာ မိမိ စိတ်တိုင်းကျ ဆောင်ရွက်နိုင်လေသည်။ ထို့ပြင် ဌာနမှ ကူညီ ပေးသည်မှာ သုတေသန လက်ထောက်များ အဖြစ် မိမိစိတ်ကြိုက် ဟားဗတ် ကျောင်းသားများအား ခန့်အပ် နိုင်ခြင်းဖြစ်ပြီး ထိုကျောင်းသားများ အတွက် ထိုက်တန်သော အဖိုးအခကို ဌာနမှ ပေးအပ်ပေးခြင်း ဖြစ်သည်။

ထို့ကြောင့် အညိုမှ ပေးသော လွတ်လပ်မှုနှင့် ကြက်သွေးနီမှ ရသော လွတ်လပ်မှုတို့မှာ သဘာဝချင်း မတူ သည့်တိုင် ဈာန်ဝင်စားမှု ရှိမှ ဖန်တီးမှု ပြုလိုသည့် ကိုယ်တို့ ကဲ့သို့သော စာရေး ဆရာ၊ ပန်းချီဆရာ အစရှိသည့် အနုပညာ သမားများ အတွက် မနော ခွေ့နိုင်သော လွတ်လပ်မှုများချည်းသာ ဖြစ်ပေသည်။ အမေရိကန်ရှေးဟောင်း ပြဇာတ်ကြီးများ၏ ဇာတ်ခုံဇာတ်ညွှန်း စာသားများကို သုတေသနပြုသော ကြက်သွေးနီ၏ အင်္ဂလိပ် စာပေဌာနမှ ပါမောက္ခ ဆိုလျှင် သုတေသန လက်ထောက် အဖြစ် ကြက်သွေးနီ ရင်သွေး လေးဦးကို ခန့်အပ်ထားသည် အထိ ရက်ကလစ်ဖ် Fellowship  ၏ အကျိုး ကျေးဇူးကို အသုံး ချခဲ့လေသည်။

သုတေသန လက်ထောက် မခန့် အပ်ပါဘဲ တစ်ကိုယ်တော် သုတေသန ပြုကြသော ပညာရှင်များရှိသော်လည်း လက် ထောက်လုပ်မည့် ကျောင်းသား အတွက်လည်း ပညာရော ၀င်ငွေ ပါရကာ ကိုယ်တို့ကဲ့သို့ ပညာရှင်များအတွက်လည်း စာကြည့်တိုက် တကာသွား၍ အင်တာနက် စာမျက်နှာတကာကို မူးနောက် အောင်ရှာရန် မလိုပါဘဲ ကိုယ်လိုချင်သည့် သက်ဆိုင်ရာ အချက်အလက်များ အား ရနိုင်မည်ဖြစ်သည့် သည်ကဲ့သို့သော သူလည်း အဆင်ပြေ၊ ကိုယ်လည်း အဆင်ချော အစီအစဉ်အား စိတ်ဝင်စားသဖြင့် လက်ထောက်တစ်ဦး လို ချင်ပါသည်ဟု ဌာန၀န်ထမ်းအား အကြောင်းကြားဖြစ်လိုက်သည်။ နောက် တစ်နေ့မှာပင် ကိုယ့်ထံသို့ ကျောင်းသား လေး၊ငါးဦး လျှပ်ချောစာဖြင့် လျှောက် လွှာတင်လာတော့ရာ သူတို့၏ ကိုယ် ရေးရာဇ၀င်များကို ဖတ်ပြီး ကိုယ့်အတွက် အထောက်အကူ ရနိုင်မည်ဟု ယူဆရသူ နှစ်ဦးအား လူတွေ့ မေးမြန်းရန် ရက်ချိန်း ပေးဖြစ်လိုက်သည်။ ကြက် သွေးနီ၏ လန်းဆန်း တက်ကြွဆဲ မောင် မယ်သစ်လွင်နှစ်ဦးကို နှုတ်မေး မေးမြန်း ပြီးသည့်အခါ ဆံပင်ဒီဇိုင်း ထူးခြားပြီး ဂီတကို ပိုစိတ်ဝင်စားသည့် မက်ဆီ ကိုကျောင်းသားလေးအား “စိတ်မကောင်းပါဘူးကွယ်။ တခြား ပညာရှင်တွေရဲ့ သုတေသန အလုပ်က မင်း စိတ် ၀င်စားတဲ့ ဂီတနဲ့ ပိုသင့်တော်မှာပါ”ဟု အကြောင်းပြန်လိုက်ကာ တောင်အမေရိကတိုက်ရှိ လူ့အခွင့်အရေး အခြေ အနေများကို ကိုယ်တိုင် လေ့လာခဲ့ဖူးသော ကနေဒါ နိုင်ငံသူဖြစ်သည့် ကိုရီးယားမလေး လီနာဘေးကို လှိုက်လှဲစွာ အလုပ် ခန့်ဖြစ်လိုက်သည်။

ကိုယ့်ရွေး ချယ်မှု မှန်ကန်ခဲ့သည်ဟု ဆိုရပါမည်။ လီနာက ကိုယ့်သုတေသန အတွက် အလွန် စနစ်ကျစွာပင် ကူညီခဲ့သည့် အပြင် အစပိုင်းမှာ တက်ကြွသော်လည်း နောက်ပိုင်းမှာ ခြေရာ ဖျောက်တတ်သည့် အခြား ကျောင်းသားများနှင့်လည်း လုံးဝ မတူခဲ့ပါ။ ကျောင်းသားများ၏ အထောက်အကူကို နာရီအားဖြင့် သတ်မှတ်ပြီး တစ်နာရီလျှင် ၁၀ ဒေါ်လာနှုန်း ဌာနမှ ပေးပေးရာ ကျောင်းသားများက မိမိတို့ကိုယ်ပိုင် ဖြောင့်မတ် မှုများဖြင့် သူတို့အား ညွှန်ကြားထားသည့် ရှာဖွေ စုဆောင်းမှုများ အတွက် အသုံးပြုချိန်အား ထုတ်ဖော်ကာ ကိုယ်တို့ ပညာရှင်များ၏ အတည်ပြု လက်မှတ် ရယူပြီးလျှင် ထိုအဖိုးအခကို ထုတ်ယူ နိုင်ကြပေသည်။

အချို့ကျောင်းသား များမှာ ပထမ နှစ်ဝက်တွင် မှန်မှန် ပေါ်လာကာ ကူညီကြသော်လည်း နောက် နှစ်ဝက် တွင်မူ အခြားသော ၀င်ငွေလည်း ပိုရ၊ စိတ်ဝင်စားစရာလည်း ဖြစ်သည့် အလုပ်များကို ပြောင်းလုပ်၍လော မသိနိုင်၊ ပျောက်ချင်းမလှ ပျောက်သွား တတ်ပြန်ရာ လီနာမှာ ထိုကဲ့သို့သော ကျောင်းသားမျိုး မဟုတ်ခဲ့ချေ။ သို့ဖြင့် ကိုယ်ပိုင် သုတေသန လက်ထောက် တစ်ယောက်ကိုပါ အခမဲ့ အသုံးချခွင့် ရသော ရက်ကလစ်ဖ် Fellow ပညာရှင် အဖြစ် ကြက်သွေးနီ၏ တစ်ဘာသာ ဖြစ်သော လွတ်လပ်မှုကို စတင်မှီဝဲ ပျော်ပိုက် ရပါတော့သည်။
(ဆက်လက် ဖော်ပြပါမည်)
မသီတာ၊စမ်းချောင်း၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၁)

အညိုမှသည် ကြက်သွေးနီသို့ ၎


ဟားဗတ်မှာ ကျင်းပသည့် အပြည်ပြည် ဆိုင်ရာ စာပေ ဆွေးနွေးပွဲ
တစ်ခါက အညို၏ ရင်သွေး ဖြစ်ခဲ့ပြီး ကူးဗား၏ တပည့်လည်း ဖြစ်ခဲ့ဖူးသော၊ Experimental Writer ခေါ် တီထွင်စမ်းသပ် အရေးအသား ဆရာမ တစ်ဦးဖြစ်သည့်
Jane Unrue က အညိုတွင် ကျင်းပသော စာပေ ဟောပြောပွဲ အပြီး၌ သူ လက်ရှိ စာသင်ကြား နေသော ဟားဗတ် တက္ကသိုလ်၏ Humanities မှ ကြီးမှူး ကျင်းပမည့် စာပေ ဆွေးနွေးပွဲ တစ်ခုသို့ ပါဝင် ဆင်နွှဲရန် ဖိတ်ကြား ခဲ့ပါသည်။ အညိုရှိရာ ပရောဗီဒင့်စ်မြို့နှင့် ဟားဗတ် တက္ကသိုလ်ရှိရာ ကိန်းဘရစ်ခ်ျမြို့တို့မှာ ပြည်နယ် တစ်ခုစီတွင် ရှိသော်လည်း ခရီး အကွာအဝေးအားဖြင့် တစ်နာရီစာ ကားမောင်းသမျှသာ ကြာမြင့်ပါသည်။ ထို့ကြောင့် ခရီးရှည် ထွက်ရန် မလိုဘဲ နေ့ချင်းပြန် သွားရုံဖြင့် ထိုဆွေးနွေးပွဲသို့ တက်ရောက်နိုင်မည် ဖြစ်သဖြင့် ဂျိန်း၏ ဖိတ်ကြားမှုကို လက်ခံ ဖြစ်ခဲ့ပါသည်။

အမှန်တော့ အညို့ရင်ခွင်မှာ နေဖြစ်စဉ် အတွင်း စာပေ ဆွေးနွေးပွဲလေးများ၊ ဟောပြောပွဲလေးများ၊ ကျောင်းစာ သင်ခန်း အတန်းများကို ဖိတ်ကြားတိုင်း မငြင်းမဆန် လက်ခံ ဖြစ်ခဲ့သည်သာ ဖြစ်သော်လည်း ယခုပွဲမှာ ဟားဗတ်ကဲ့သို့ နာမည်ကျော် တက္ကသိုလ်ကြီး၏ နာမည်ကျော် စာကြည့်တိုက် တစ်ခုဖြစ်သော လာမောင့် စာကြည့်တိုက်တွင် ကျင်းပမည် ဖြစ်ကာ ပါဝင် ဆွေးနွေးကြမည့် သူများမှာလည်း အီရန်၊ အီရတ်၊ တရုတ်၊ ဒီမိုကရက်တစ် ရီပတ် ဘလစ်ကွန်ဂို၊ ကျူးဘား နိုင်ငံတို့မှ ဖြစ်သဖြင့် အတော်ကြီး စိတ်ဝင်စား မိခဲ့ပါသည်။

ထို့ပြင် ဆွေးနွေးပွဲ အမည်ကို စီစဉ်သူ ဂျိန်းက In Other Wor(l)ds  ဟု ပေးထားရာ ကဗျာဆန်သကဲ့သို့ အနက်ကြွယ်နေသဖြင့် ပိုပြီး စိတ်ဝင်စားခဲ့ ရပါသည်။ သို့ဖြင့် ထိုဆွေးနွေးပွဲ အတွက် မည်သည့် ပြင်ဆင်မှုများ ပြုလုပ် ရပါမည်နည်းဟု မေးရာ ဂျိန်းက ကိုယ့်ဝတ္ထုများကို ရထားပြီး ဖြစ်သဖြင့် မည်သည့် ပြင်ဆင်မှုမျိုးမျှ ပြုလုပ်ရန် မလိုကြောင်း၊ ထိုနေ့တွင် သူက စကားဝိုင်းကို ဦးဆောင်ကာ စာရေး ဆရာများ အားလုံး ၀ိုင်းဆွေးနွေး ဖြေဆိုနိုင်ရန် မေးမြန်းသွားမည် ဖြစ်ကြောင်းတို့သာ ပြန်ဖြေလေသည်။

သို့သော် စာရေးဆရာ အသီးသီးကို မိတ်ဆက်ပေးရန် ကျောင်းသား၊ ကျောင်းသူ များကို တာဝန် ပေးလိုသဖြင့် ကိုယ့်အား မိတ်ဆက်ပေးရန် အညို၏ စာပေ အနုပညာ ဌာနတွင် တက်ရောက် သင်ကြားနေသော ကျောင်းသား တစ်ဦးဦးအား တာဝန်ပေး ပေးပါရန် ဆိုလေသည်။

သို့ဖြင့် ခန်းလုံးပြည့်မျှ တက်ရောက်နေကြသော လာမောင့် စာကြည့်တိုက်၏ စာပေ ဆွေးနွေးပွဲ အချိန် ကျရောက် လာခဲ့ပါသည်။ ပါဝင် ဆွေးနွေးမည့် စာရေးဆရာ ၆ ဦးအနက် အီရန်မှ ရှာရီရာမဒါနီပါးရှ်Shahriar Mandanipour နှင့်ကွန်ဂိုမှ ပြဲမွန်ဂျိုဘာ Pierre Mujumba တို့မှာ လွန်ခဲ့သည့် နှစ်များက ဘရောင်း တက္ကသိုလ် ၏ အပြည်ပြည်ဆိုင်ရာ စာရေးဆရာ စီမံကိန်းမှ ရွေးချယ်ခံ စာရေးဆရာများ ဖြစ်ကြပြီး အမေရိကတွင် အခြေချ နေထိုင်ခဲ့ဖို့ ဆုံးဖြတ်ခဲ့သူများ ဖြစ်လေ သည်။ ထို့ပြင်တိုက်ဆိုင်စွာ တရုတ်မှ ဆွာဒီ Xue Di ကလည်း လက်ရှိမှာ အညို၏ မီဒီယာဌာန၀န်ထမ်းတစ်ဦး ဖြစ်နေပြန်ပါသည်။

ထို့ကြောင့် ကျူးဘားမှ ပက်ဘ လိုမရီဒါ Pablo Maridar နှင့်အီရတ်မှ မေဆလမ်ဟာဒီ Mayselun Hadi တို့သာ အညိုနှင့် တိုက်ရိုက် ဆက်စပ်မှု မရှိသူ များပါ။ ထိုသို့ အညို့ရင်ခွင်နှင့် မကင်း သူများဟု သိရသည့် အသိကြောင့်လည်း ကိုယ့်မှာ ထိုဆွေးနွေးပွဲ မစမီကပင် စိတ်လက်အေးချမ်း နေမိလေသည်။ အညိုမှပေးသော လုံခြုံ အေးချမ်းမှုကား ကြက်သွေးနီ၏ ရင်ခွင်ထိတိုင် လတ်ဆတ်နေကြောင်း ထိုစဉ်ကတည်း က ကိုယ်သိ နေခဲ့သည်ဟု ဆိုရမည်လား မပြောတတ်ပေ။
ဆွေးနွေးပွဲမှာ စီစဉ်သူ ဂျိန်း၏ ထက်မြက်ပြီး အထောက်အကူ ပြုလှသည့် မေးခွန်းများကြောင့် အဆင်ပြေ ခဲ့သည်ပင်။ ထိုနေ့က တက်ရောက် လာကြသည့် ပရိသတ်မှာလည်း စာရေးဆရာ အသီးသီး၏ အပြောများ အပေါ် အာရုံ အပြည့်အ၀ စူးစိုက် နားထောင်ကာ ဆွေးနွေးခဲ့ကြသည့် အတွက် အပြန်အလှန် ဆွေးနွေးရသည့် အရသာက ပိုမို ချိုမြိန် ခဲ့ပါသည်။ အီရန်၊ အီရတ် အကြောင်းကား အမေရိကန် ပရိသတ် အတွက် စိတ်ဝင်စားစရာ ဖြစ်သည်မှာ မှန်သော်လည်း ကြားဖူးနားဝ ရှိပြီးသား ဖြစ်နေသလောက် မြန်မာ အကြောင်းမှာမူ သူတို့အဖို့ ကြားရခဲသဖြင့် အတော်ကြီး စိတ်ဝင်တစား မေးမြန်းခဲ့ကြရာ ကိုယ့်မှာလည်း မြန်မာ စာရေးဆရာ များ၏ အကြောင်းအရာ ရွေးချယ်ပုံ၊ ရေးဖြစ်လေ့ ရှိသော တင်ပြပုံနှင့် စာနယ်ဇင်း ဈေးကွက် အပါအ၀င် ပရိသတ် တုံ့ပြန်မှုတို့ အကြောင်း အတော်ကြီး ကျယ်ကျယ်ဝင့်ဝင့် ဖြေကြား ဆွေးနွေး ဖြစ်ခဲ့ပါသည်။ ဂျိန်း၏ အမေးများကလည်း ကိုယ့်အတွက် ဖြေချင် စရာများ ဖြစ်ခဲ့လေသည်။

ထို့နောက် ဆွေးနွေးပွဲ ပြီးဆုံးသဖြင့် အညိုရှိရာကို ပြန်ရောက် လာခဲ့သည့်တိုင် ဂျိန်းက မကြာခဏ ဖုန်းဆက် လာတတ်သည်။ တစ်ဖန် သူ့ကျောင်းသားများ အတွက် ကိုယ့်ဝတ္ထုတိုများကို သင်ကြားလိုသဖြင့် ထိုဝတ္ထုများ အကြောင်းနှင့် ကိုယ်စာရေးပုံ တို့ကို အင်တာဗျူး လုပ်လိုကြောင်း ပြောလာပြန်ပါသည်။ အင်တာဗျူးမှာ လည်း ထိုလာမောင့် စာကြည့်တိုက်တွင်ပင် အသံဖိုင် အဖြစ် သိမ်းဆည်းထားကာ သူ့ကျောင်းသားများ အတွက်သာ ရည်ရွယ်သည်ဟု ဆိုသဖြင့် ကိုယ်လည်း သဘောတူ ဖြစ်ခဲ့သည်။

ဟားဗတ်ရှိရာ ကိန်းဘရစ်ခ်ျသို့ တစ်ခေါက်ပြန်သွားကာ ထိုအင်တာဗျူးကို လုပ်ရပြန်သည်။ သည်တစ်ခါမှာတော့ ဂျိန်းက ဆရာမလည်းဖြစ်ကာ ကိုယ်တိုင်လည်း တီထွင် ဆန်းသစ်သော ပုံစံဖြင့် စာရေးတတ်သူပီပီ စာရေးနည်းနှင့် တင်ပြပုံပေါ် အခြေခံ သည့် စစ်စစ်ပေါက်ပေါက် မေးခွန်း မြောက်မြားစွာကို မေးလာတော့သည်။ ကိုယ်ကတော့ ကိုယ့်ဝတ္ထု အကြောင်း ယခုလောက် စစ်စစ်ပေါက်ပေါက် ရှင်းပြခွင့် မရခဲ့သူပီပီ ၀မ်းသာအားရ စိတ်ရှည်လက်ရှည် ဖြေကြားပေးဖြစ်ရာ ဂျိန်းမှာ အကျေနပ်ကြီး ကျေနပ် နေလေသည်။
ထိုနေ့က အချိန် အတော်ကြာ အင်တာဗျူး လုပ်ပြီးသည့်တိုင် နေ့လယ်စာစား ခိုက်မှာလည်း အခြားထွေရာ လေးပါး ဘ၀ အတွေ့အကြုံများကို ဖလှယ် ဖြစ်ကြကာ တစ်ဦးနှင့် တစ်ဦး ပိုမိုရင်းနှီး သွားခဲ့ရပါသည်။  ထိုနေ့က နေ့လယ်စာကို အီရန်မှ စာရေးဆရာ ရှရီရာကိုပါ ဖိတ်ကြား ထားသဖြင့် ဆွေးနွေး ပွဲနေ့ကတည်းက  တစ်ဦးနှင့် တစ်ဦး  အပေးအယူ တည့်စွာ ဆွေးနွေး ဖြစ်သူတစ်ဦး ဖြစ်သည့် ရှရီရာနှင့်ပါ ပိုမို ရင်းနှီးခွင့် ရလာလေသည်။ ရှရီရာမှာ Dark Humour ဟုခေါ်ရမည့် ချောက်ချားစရာ ဟာသမျိုးကို ပြောတတ်သူမို့ တစ်ခါက ခင်မင်လေးစားကာ တစ်ခရီးတည်း အတူ သွားခဲ့ဖူးသည့် ကွယ်လွန်သူ စာရေးဆရာ မောင်သော်ကကို သတိ ရနေမိခဲ့ပြန်သည်။ ရှရီရာနှင့် ဂျိန်းကိုပင် ဆရာမောင်သော် ကအကြောင်း ပြောပြဖြစ်သေးသည်။  သို့ဖြင့် စာအကြောင်း ပေအကြောင်းကို နှံ့နှံ့စပ်စပ် ပြောဆို ဆွေးနွေးနိုင်မည့် စာရေးဆရာ သူငယ်ချင်းနှစ်ယောက် ရရှိလာခဲ့လေသည်။

အညို၏ ထူးခြားလှပသော ဘွဲ့နှင်းသဘင် အခမ်းအနား

အမေရိကရှိ တက္ကသိုလ်များတွင် မေလသည် စာသင်နှစ် ကုန်ဆုံးသည့် လဖြစ်သဖြင့် စာမေးပွဲများ ရှိသကဲ့သို့ ဘွဲ့နှင်းသဘင်များ ကျင်းပသည့်လလည်း ဖြစ်လေသည်။ သူတို့က ဘွဲ့နှင်းသဘင် အခမ်းအနားများကို Commencement Ceremony ဟု ခေါ်ဆိုကြသည်။ ကျောင်းပြီးပြီး ဘ၀စသည့် အထိမ်း အမှတ် ဖြစ်သဖြင့် ထိုသို့ ခေါ်ဆိုကြခြင်း ဖြစ်ရာ ကျောင်းမှ ခွာရတော့မည် ဖြစ်သဖြင့် ၀မ်းနည်းရသည့် ခံစား ချက်ထက် ဘ၀ပင်လယ် အပြောကျယ် ကျယ်အား စတင် ကူးခတ်ရတော့မည် ဖြစ်သဖြင့် စိတ်လှုပ်ရှား တက်ကြွရသည့် ခံစားချက်က ပိုများ နေတတ်လေသည်။

ထို့ကြောင့် အညို၏ ဘွဲ့နှင်း သဘင် အခမ်းအနားသည်လည်း စိတ်လှုပ်ရှား တက်ကြွစရာ ကောင်းလှသည်။ အညို၏ ပင်မ တက္ကသိုလ် အဆောက်အအုံသို့ ၀င်ရမည့် ၀င်ပေါက်ကား တစ်နှစ်တွင် တစ်ခါသာ ဖွင့်သည့် ၀င်ပေါက်ဖြစ်ပြီး ထိုတစ်ခါမှာ ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပသည့် နေ့တွင် ဖြစ်လေသည်။ အညို၏ ဆရာ၊ ဆရာမ အားလုံးနှင့် အတူ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများ အားလုံးက တစ်နှစ်ပတ်လုံး ပိတ်ထားခဲ့ပြီး ထိုနေ့တွင်မှ ဖွင့်လှစ်ပေးသော ထိုဂိတ်တံခါး ကိုဖြတ်ကာ လမ်းလျှောက်ကြသည့် ဓလေ့မှာ အညို၏ ထူးခြားချက် ဖြစ်လေသည်။ မိမိတို့ ရရှိထားသည့် ဘွဲ့များ၊ ရာထူးများနှင့် သက်ဆိုင်သည့် ၀တ်ရုံ ကြီးများ ၀တ်ဆင် ထားကြသော ဆရာ၊ ဆရာမများက ထိုဂိတ်တံခါးကို ဖြတ်သန်းကာ ဘွဲ့နှင်းသဘင် ကျင်းပရာ ပင်မမြက်ခင်းဆီ ၀င်ကြသည့်အခိုက် လမ်းဘေးဝဲယာမှ ဘွဲ့ဝတ်စုံ အသီးသီး ၀တ်ဆင်ထားသည့် ဘွဲ့ရကျောင်းသူ၊ ကျောင်းသားများ၊ တစ်နည်း ဆရာ၊ ဆရာမတို့၏ တပည့်များက မိဘဆွေ မျိုး ဧည့်ပရိသတ် အပေါင်းနှင့် အတူ လက်ခုပ် သြဘာများဖြင့် ပျော်ရွှင်ဝမ်းမြောက် ဂုဏ်ယူစွာ ပြန်လည်ချီးမြှောက် ကြသည့်မြင်ကွင်းမှာ မထူးသော်လည်း ဆန်းသည့်၊ မဆန်းသော်လည်း လန်းသည့် မြင်ကွင်းပင် ဖြစ်လေသည်။

တစ်နှစ်ပတ်လုံးက ပညာဗဟုသုတ၊ ဇွဲ၊ ၀ီရိယ အပြည့်ဖြင့် သင်ကြား မျှဝေ ပေးထားသည့် ဆရာ၊ ဆရာမတို့၏ စေတနာနှင့်ပညာကို အသိအမှတ်ပြု၊ လေးစား ဂုဏ်ပြုသည့် အနေဖြင့် တပည့်ဖြစ်သူ ကျောင်းသူ၊ ကျောင်းသားများက မိဘဆွေမျိုးများနှင့် အတူ လက်ခုပ်သြဘာ ပေးကြခြင်းကို ဖရဏာပီတိ ဂွမ်းဆီထိသည့် ပီတိမျိုးဖြင့် ခံယူခွင့် ရသည့် ဆရာ၊ ဆရာမများကို ကြည့်ရသည်မှာ အလွန်ပင် မုဒိတာ ပွားစရာ ဖြစ်လေသည်။
အမှန်တော့ ကိုယ့်ကိုလည်း ၀တ်ဆင် အပြည်ပြည် ဆိုင်ရာဌာန၏ Faculty ဆရာ အဖြစ် အသိအမှတ် ပြုထားရာ ထိုလျှောက်လမ်းပေါ်တွင် သက်ဆိုင်ရာ ဘွဲ့ဝတ်ရုံဖြင့် ၀င်ရောက် လျှောက်လှရာ ဘွဲ့ဝတ်ရုံလည်း ပါမလာသကဲ့သို့ ငှားရမ်း ရန်မှာလည်း ကိုယ်ရထားသည့် ဘွဲ့များ၏ ၀တ်ရုံများမှာလည်း သည်အညို့ဝန်းကျင်တွင် မရှိနိုင်ဖြစ်ရကာ ထိုလျှောက်လမ်းပေါ် လမ်းမလျှောက်ဖြစ်ခဲ့ပါချေ။

ကိုယ်နှင့် မိသားစုသဖွယ် ခင်မင် ရင်းနှီးသွားသည့် မနုဿဗေဒနှင့် အရှေ့တောင် အာရှသမိုင်း ပါမောက္ခ ပက်ထရစ်ရှာဆိုင်မွန်က ဖြစ်သည့်နည်းဖြင့် ကိုယ်ဝတ်နိုင်မည့် ဘွဲ့ဝတ်စုံတစ်ခုကို အရရှာကာ သူနှင့်အတူ လျှောက်လှမ်းရန် တိုက်တွန်းခဲ့သည့်တိုင် စာသင်တန်းလေး သုံး၊ လေး၊ ငါးတန်းလောက်သာ ၀င်သင်ဖြစ်ခဲ့သည့် ကိုယ့်ကိုယ် ကိုယ် လက်ခုပ်သြဘာ ခံယူထိုက်သည့် ဆရာအဖြစ် မြင်ယောင် မရသဖြင့် ထိုတိုက် တွန်းမှုကို ငြင်းပယ်ဖြစ်ခဲ့ပါသည်။

မည်သို့ပင်ဖြစ်စေ အညို၏ ထိုထူးခြားသော ဘွဲ့နှင်းသဘင် အခမ်းအနားမှာ စာပေ အနုပညာဌာန၏ ဌာနတွင်း အခမ်းအနားတွင် Commencement speech  ခေါ် ကျောင်းကိုခွဲ ဘ၀ကို နွှဲမည့် အားပေး မိန့်ခွန်းကို အညို၏ ကျောင်းသူဟောင်းလည်းဖြစ်၊ အမေရိကရှိ အပြည်ပြည်ဆိုင်ရာ စာရေးဆရာ အသင်းကြီး၏ နာယက အဖွဲ့ဝင်လည်း ဖြစ်သည့် ဂျိုအန်းက မိန့်ခြွေရာမှာတော့ ကိုယ်က ကိုယ့်ကိုယ်ပိုင် “ကိုယ်ရေးအကျဉ်း” စာမူမှ စာသားများဖြင့် ပူးတွဲ တင်ဆက်ကူညီပေးခဲ့ ဖြစ်ပါသည်။

အညိုမှ မဟုတ်မူဘဲ အခြားအခြားသော အမေရိက တက္ကသိုလ်များတွင် 

ထို Commencement speech ခေါ် ကျောင်းကိုခွဲ ဘ၀ကို နွှဲမည့် အားပေး မိန့်ခွန်းအား ပြောကြား သူများအား နိုင်ငံရေး၊ အနုပညာနှင့် ပညာရပ်ဆိုင်ရာ အောင်မြင်ကျော်ကြား ထင်ရှားသူများကို ဖိတ်ကြား တတ်ကြရာ တစ်ကျောင်းနှင့် တစ်ကျောင်း၊ တက္ကသိုလ် တစ်ခုနှင့် တစ်ခု အပြိုင်အဆိုင် ဖြစ်ကြလေသည်။

ထိုနှစ်က သမ္မတ အိုဘားမား၏ ပထမဆုံးနှစ် ဖြစ်သည့်အလျောက် သူ့ကို ထိုမိန့်ခွန်း ခြွေပေးရန် တောင်းဆိုသည့် တက္ကသိုလ်များ အများအပြား ပေါ်ပေါက်ခဲ့ သေးသည်။ ကျန်တက္ကသိုလ်များတွင် သက်ဆိုင်ရာ ဌာနအလိုက်သာ ဘွဲ့နှင်းသဘင်  အခမ်းအနားကို ကျင်းပ တတ်ကြပြီး စုရုံးကာ ကျင်းပတတ်သည့် အခမ်းအနားမျိုး ရှိလျှင်လည်း အညို့မှာကဲ့သို့ ဆရာများကို လျှောက်လမ်းပေါ် လျှောက်စေကာ လက်ခုပ်ကြဘာ ပေးခြင်းမျိုး၊ တစ်ဖန်ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူ အသီးသီးအား ဆရာ၊ ဆရာမများ ခြံရံကာ အညို့ပရိဝုဏ်၏ လမ်းများပေါ်မှာ စီတန်း လမ်းလျှောက်ကာ မိဘဆွေမျိုးများ၏ လက်ခုပ် သြဘာကို ခံယူ ကြခြင်းမျိုး၊ အနှစ်နှစ် အလလက အညို့ထံမှ ဘွဲ့ရပြီး သွားသည့် ကျောင်းသား၊ ကျောင်းသူဟောင်းများက အစုအဖွဲ့နှင့် ပြန်လာကာ စီတန်း လမ်းလျှောက်ပွဲ၏ နောက်ဆုံးမှာ စာတန်း အသီးသီး၊ ၀တ်စုံ အမျိုးမျိုး၊ ဖျော်ဖြေရေး တစ်နည်းတစ်ဖုံဖြင့် လိုက်ပါကြခြင်းမျိုး၊ တစ်နှစ်မှ တစ်ခါသာဖွင့်သည့်ဂိတ်တံခါးမှာ အညို၏ ရင်ခွင်သားများက ပွင့်နေသည့် ဂိတ်တံခါး နှင့် အမှတ်တရ ဓာတ်ပုံများ ရိုက်ကြခြင်းမျိုးကား အညို့မှာသာ တွေ့ရနိုင် သည့်မြင် ကွင်းမျိုးမှန်း မသိနိုင်သေးပါလျက် အညို၏ ရင်ခုန်လှုပ်ရှား ပျော်ရွှင်ဖွယ် ကောင်း သော ထိုတစ်နေ့ကို သဘော အကျကြီး ကျကာ ကြည်နူး နေမိပါသည်။

ကိုယ်က ပထမ ဘွဲ့ဖြစ်သော ဆေးပညာ ဘွဲ့ကို ကိုယ်တိုင်တက်ရောက် မယူ ဖြစ်ဘဲ လန်ဒန် တက္ကသိုလ်မှ ကျန်းမာရေး စနစ်များ စီမံ ခန့်ခွဲမှု ဒီပလိုမာကိုသာ ကိုယ်တိုင် တက်ရောက်ယူဖူးပါသည်။ လန်ဒန် တက္ကသိုလ်၏ ဘွဲ့နှင်းသဘင် ခန်းမ မှာလည်း တော်ဝင်မင်းသမီး အန်းက တက္ကသိုလ်၏ ဂုဏ်ထူးဆောင် နာယကအဖြစ် ချိုသာသင့်မြတ် အနက်ကြွယ်သည့် မိန့်ခွန်းမျိုး ပြောကြားသည်မှ အပ အခြား ထူးခြားမှု မျိုး မရှိသော ဘွဲ့နှင်းသဘင် အခမ်းအနားမျိုး ဖြစ်ရကား ကိုယ့်အဖို့ အညို၏ ဘွဲ့နှင်းသဘင် အခမ်းအနားသည် အမှန်တကယ် စွဲမက်ဆင်နွှဲ ပျော်ရွှင်ဖွယ် ဖြစ်ခဲ့ပါသည်။ ကိုယ်ကိုယ်တိုင် ဘွဲ့ယူကျောင်းသူတစ် ယောက် ဖြစ်ချင်စိတ်ကိုပင် မွေးဖွား ပေးနိုင်သည် အထိ စိတ်လှုပ်ရှားခဲ့ရသည်ကိုလည်း ၀န်ခံရပေမည်။
ခုတော့ ဆရာအဖြစ် လျှောက်လှမ်း ခွင့်ရသည့်တိုင် အကြောင်းကြောင်း ကြောင့် လက်ခုပ်ခြွေ ပရိသတ် တစ်ယောက် အဖြစ်သာ ကျေနပ်ခဲ့ရပေ သည်။  မည်သို့ပင် ဖြစ်စေ အများအားဖြင့် အေးချမ်း တိတ်ဆိတ်လှသည့် အညို့ ပရိဝုဏ်မှာ ထိုနေ့က မထင်မှတ် လောက်အောင် သံစုံမြည်ဟည်း ပဲ့တင် ထပ်ခဲ့သည်ကတော့ အညို၏ မမြင်သာသည့် စည်းလုံးမှုကို ကိုယ်စားပြုခဲ့ သည်ဟု ဆိုရပေမည်။

အညို၏ အခြား မှတ်မိစရာ

အညို့ပတ်ဝန်းကျင်မှာ သာမန်အားဖြင့် ပညာရပ် ဆိုင်ရာဌာနများ အလိုက်သာ လူစုရုံး စုရုံး ရှိခဲ့သော်လည်း ဘွဲ့နှင်း သဘင် အခမ်းအနားမတိုင်မီ ကာလ တစ်ခုက သိသာ ထင်ရှားသည့် စည်းလုံး မှုမျိုးကို မြင်တွေ့ခဲ့ ရဖူးကြောင်းလည်း ပြန်ပြောင်း အမှတ်ရမိပါသည်။ ထိုနေ့က ၂၀၀၉ ခုနှစ် ဇန်န၀ါရီ ၂၀ ရက်ဖြစ်ကာ ပထမဆုံး လူမည်း သမ္မတ အဖြစ် တက်ရောက်လာမည့် သမ္မတ အိုဘားမား၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲနေ့ ဖြစ်ပါ သည်။ ထိုနေ့က ခန်းမကျယ်ကြီး တစ်ခုတည်းမှာ အညို့ရင်ခွင်သားများ အတော် များများက စုစည်းကာ ပိတ် ကားပြင်ကျယ်မှာ ပြသနေသည့် ကျမ်းသစ္စာ ကျိန်ဆိုပွဲ တိုက်ရိုက် ထုတ်လွှင့်မှုကို အားပေး ကြည့်ရှုခဲ့ရသည်မှာလည်း အမှတ်ရစရာပင်။

ထိုစဉ်က လူမုန်း များနေသည့် သမ္မတဟောင်း ဘုရှ်မှ သမ္မတ တာဝန် လွှဲအပ်ပေးရန် စင်ပေါ် တက်လာရာတွင်ပင် အညို့ရင်ခွင်သားများက အော်ဟစ် ရှုတ်ချကာ မနှစ်မြို့ဟန်ကို တစ်ပြိုင်တည်း ပြခဲ့ကြသကဲ့သို့ မည်သည့် စွမ်းဆောင်မှုမျိုးမျှ မထမ်းဆောင် ပေးရသေးသည့် သမ္မတသစ် အိုဘားမားက ကျမ်း သစ္စာ ကျိန်ဆိုကာ သမ္မတ တာဝန် လွှဲပြောင်းရယူရန် ထွက်လာသည့် အခါ တွင်တော့ အားလုံး လိုလိုက တစ်ပြိုင်တည်း သဲသဲလှုပ် အားပေး အော်ဟစ်ခဲ့ ကြပါသည်။

ရေခဲမှတ်အောက် အတော်ကြီး ရောက်နေအောင် အေးလှသည့် အအေး ဒဏ်အောက်မှာ တက်ကြွ အားပေးနေသည့် ၀ါရှင်တန်မှ ပရိသတ် လေးသိန်းကျော်၏ နဖူးတွေ့ ဒူးတွေ့ အပျော်ကို အနွေးဓာတ် ပေးထားသည့် ခန်းမထဲမှ မျှဝေ ခံစားနေကြရသည့် ကိုယ်တို့ အားလုံးမှာ ထိုစဉ် ခဏက အညို၏ ဆန္ဒကို တညီ တညွတ်တည်း ပြခွင့်ရသည့် အတွက်လည်း အားလုံး တစ်သားတည်း ဖြစ်ကာ အပျော် ကူးခဲ့ကြသည်မှာလည်း အညို့အကြောင်းတွေးလျှင် မှတ်မိနေ သေးသည့် အကြောင်းပင် ဖြစ်ပါသည်။

ဟားဗတ် ဖိတ်ကြားစာကြောင့် ငိုပွဲ ဆင်ခဲ့ရခြင်း

ငယ်စဉ် ဆယ်ကျော်သက် ဘ၀မှာကတည်းက အချစ်ဆုံး သူငယ်ချင်း ဖြစ်ခဲ့ကြ သူများက သည်အမေရိက တစ်ခွင်မှာ အခြေချ နေထိုင် နေကြရာ သူတို့နှင့် အတူ ခရီးရှည် တစ်ခုထွက်ရန် လပေါင်း များစွာတည်းက ကြိုတင်စီစဉ် ထားခဲ့ကြလေသည်။

ထိုသူငယ်ချင်းများနှင့် မြောက်ပိုင်း မိန်းပြည်နယ်ရှိ အကေးဒီးယား အမျိုးသား ဥယျာဉ်ကြီးရှိရာသို့ ၂၀၀၉ ခုနှစ် ဇွန်လဆန်းတွင် ခရီးရှည် တစ်ခု မထွက်မီမှာ ဟားဗတ် မှ ဂျိန်းက “ဟားဗတ်မှာ စာသင်နှစ်တစ်နှစ်စာလောက် လာနေရင်း စာရေးဖို့ စိတ်ဝင်စားသလား”ဟု အီးမေးလ်ဖြင့် မေးခဲ့ဖူးရာ ကိုယ်က “စိတ်ဝင်စားသားပဲ။ အခု လောလောဆယ်တော့ ဇွန်လထဲမှာ သူငယ်ချင်းတွေနဲ့ မိန်းသွားမယ်။ ဇူလိုင် လဆန်းမှာ ရန်ကုန် အပြန်ကို လော့စ်အိန်ဂျလိစ်မှာ နားရင်း နာမည်ကျော်ဂရင်းကန်ညွှန်ကို သွားလည်မယ်”ဟု ဖြေထားပစ်ခဲ့သည်။

အထက်တန်းကျောင်းနှင့် ဆေးကျောင်း အတူတက်ဖော် ငယ်သူငယ်ချင်း သုံးယောက်နှင့် သွားရသည့် ခရီးမှာ ကားတစ်စီးငှားပြီး စိတ်ကြိုက် လည်သကဲ့သို့ တည်းစရာကိုလည်း ကော့်တစ်ခ်ျတစ်လုံး ငှားကာ ချက်ပြုတ် စားသောက်ကြသဖြင့် အလွန်အကြူး ပျော်ခဲ့သည့် ခရီးလည်း ဖြစ်ပါသည်။

ခရီးမှ ပြန်ရောက်ပြီး မကြာမီမှာ ဟားဗတ်ရှိ Radcliffe Institute for Advanced Study  မှ ကမ်းလှမ်းစာက ရောက်လာခဲ့သည်။ အညိုက ပေးသော ဉာဏ်ပူဇော်ခထက် နှစ်ဆမက များပြားသော ငွေကြေး၊ အခွင့်အရေးများကို ဖော်ပြထားသည့် အလွန် ယဉ်ကျေး ပျူငှာသော ကမ်းလှမ်းစာကို အသေအချာ ဖတ်ကြည့်ရာ ၂၀၀၉-၂၀၁၀ စာသင်နှစ်အတွက်ဖြစ်သည်မို့ စက်တင်ဘာလဆန်းတွင် ဟားဗတ်သို့ ရောက်ရပေ မည်။ ကိုယ် ရန်ကုန်ပြန်ဖို့ ပြင်ဆင်ထားသည်မှာ ဇူလိုင်လလယ်။ နှစ်လမပြည့် နိုင်မည့် အချိန် ကာလတိုလေးမျှသာ ရန်ကုန်မှာ နေနိုင်မည်။ ပြီးလျှင် နောက်ထပ် စာသင်နှစ် တစ်နှစ်စာကို အေးခဲမှုန်ဝါးလှသည့် နယူး အင်္ဂလန်မှာ လာနေရဦးမည်။

အညို့ဆီ မထွက်လာမီက နာဂစ်ကြောင့် လိုအပ်ချက်များစွာနှင့် ကျန်ရစ်ခဲ့သော ဧရာဝတီဒေသများ၊ ဆယ်လကျော်ကြာ လျစ်လျူ ရှုဖြစ်ခဲ့ရသော လူနာများ၊ တစ်နှစ်စာ ကြိုဖတ်ခဲ့သည့်တိုင် နှစ်နှစ်ခွဲစာ အကြွေး ကျန်နေသေးသည့် ရွှေအသစ် စာမူများ၊ အဝေးရောက် အယ်ဒီတာ ဘ၀ဖြင့် အနီးကပ် မစွမ်းဆောင် ဖြစ်ခဲ့သည့် ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်း၏ အယ်ဒီတာ အလုပ်များ၊ အာမဘန္တေ ခံထားပြီး မစီစဉ် မဆောင်ရွက် ပေးရသေးသည့် မီဒီယာ-အန်ဂျီအိုသင်တန်း၊ လူချင်း မဆုံတွေ့နိုင်သည့်တိုင် မိသားစု ၀င်များမှ တစ်ဆင့် သတင်းမလပ် နားစွင့် နေရဦးမည် ဖြစ်သည့် ရဲဘော်ရဲဘက်များ၊ အလွမ်းအပြည့် အသိပ်ဖြင့် ကိုယ့်အိမ် အပြန်ရက်ကို လက်ချိုး ရေတွက်ကာ စောင့်နေကြသည့် ဖေဖေနှင့် မေမေ။

သည်အကြောင်းအရာများက ခေါင်းထဲမှာ စီပြီး ပေါ်လာသည်။ တစ်ခါ ကိုယ့်အနေအထားကို ကိုယ်ပြန် စဉ်းစား မိပြန်သည်။ ၂၀၀၈ နှစ်ဆန်းကတည်းက မိုးများပြီး လေထန်ကာ အအေးပို သည့် အင်္ဂလန် မြောက်ပိုင်းကို ရောက်နေခဲ့သည်မှာ လေးလနီးပါး။ ရန်ကုန်မှာ ပြန်နားမည် ကြံခိုက် နာဂစ်ကြောင့် ခရီးစဉ်တွေများ၊ အလုပ်တွေရှုပ်။ ၂၀၀၈ စက်တင်ဘာမှာ အညို့ရင်ခွင်ရောက် လာခဲ့ရပြန်သည်။

ထိုစဉ် ကတည်းက အေးစက်စက် မှုန်ပျပျ ပတ်ဝန်းကျင်မှာ နေပြီး အိမ်အပြန် နေ့ရက်များကို လက်ချိုး ရေတွက်ကာ ပြင်ဆင်ခဲ့မိသည်က အမှန်တရား။ ပုရစ် ဖူးသစ်ရွက်စိမ်းများနှင့် အတူ နွေဦးကို ချဉ်းကပ် လာခဲ့စဉ်ကပင် ကိုယ့်မှာ အိမ်ပြန်ချိန် နီးပြီဟု ပျော်နေခဲ့ ရလေခြင်း။    

စာပေပွဲတော်ကို လာသည့် ဆရာ ဦးမျိုးမြင့်ညိမ်းတို့ အိမ်အပြန်မှာ ကတည်းက ဇူလိုင်လဆန်း ပြန်လျှင် ၀န်ပေါ့ရန် ဆောင်းဝတ် အချို့ကို လူကြုံ ထည့်ပေးခဲ့ပြီးသား။ အိမ်အပြန် ခရီးစဉ်ကို လွန်ခဲ့သည့် နှစ်လနီးပါးကပင် အသေးစိတ် ပြင်ဆင်ကာ အပျော် သံစဉ်တွေ ကြိုးညှိခဲ့ပြီးသား။ အညိုကလည်း အပြန် လေယာဉ် လက်မှတ်ကို ၀ယ်ပေးပြီးသား။

ခုတော့....
“ငါ...ငါ အိမ်ပြန်ချင်တယ်ဟာ။ နင်တို့ကို ပြောရတာ အားနာတယ်။  ဒါပေမဲ့ ငါ မခံစားနိုင်ဘူး။ ငါ အပြင် မှာ ဒီ့ထက် ပိုကြာကြာကြီး မနေနိုင်ဘူး။ ငါ မြန်မာပြည်ကို မခွဲနိုင်ဘူး။ ငါ့ဘ၀မှာ ငါချစ်တဲ့နေရာနဲ့ ဝေးနေရ မယ့်ကံက ဘာလို့ ပါလာပြန်တာလဲ”

ဟု နှုတ်မှ တတွတ်တွတ် ရေရွတ်ရင်း အဆက်မပြတ် ငိုကြွေးနေမိသည့် ကိုယ့်ကို ငယ်ပေါင်းကြီးဖော် သူငယ်ချင်းနှင့် အတူ ကိုယ်က ပက်ဟု ချစ်စနိုး ခေါ်သော၊ ကိုယ့်ကို သံယောဇဉ် ကြီးလွန်းသော ပါမောက္ခ ပက်ထရစ်ရှာ ဆိုင်မွန်တို့က အပြည့်အ၀ နားလည်ပေးကာ နှစ်သိမ့် ပေးခဲ့ကြသည်။
သို့သော် ထိုနေ့က တစ်နေ့လုံးငိုမဆုံး။ နောက်နေ့မှာတော့ ဆက်မငိုအား။ ဟားဗတ်ကို ရွှေ့ရန် အစီအစဉ်ကို စတင် စဉ်းစား ရပြန်သည်။ မည်သို့ပင် ဖြစ်စေ၊ မည်သည့် အခက်အခဲကို ကြုံကြုံ ကြိုတင်ပြင် ဆင်ထားသည့် အစီအစဉ်များကို မဖျက်ဘဲ ရန်ကုန်ကို အရောက်ပြန်ပြီးမှ သည် ကို ပြန်လာရန် စိတ်ပိုင်း ဖြတ်ပြီးမို့ သည်မှာ ချန်ထား ရစ်ရမည့် ပစ္စည်း ပစ္စယများ အတွက် အစီအစဉ်ကိုလည်း ကောင်း၊ နောင်နှစ် နေရေးထိုင်ရေး အတွက် အခန်း ငှားရန်ကို လည်းကောင်း၊ ဗီဇာ အလွှဲအပြောင်းနှင့် သက်တမ်းကိစ္စ ကိုလည်းကောင်း၊ လက်ကျန်ရက်နှစ် ဆယ်မှာ အပြီး လုပ်ရမည် ဖြစ်သဖြင့် ငိုမနေ အားခြင်းလည်း ဖြစ်ပါသည်။ ထုံးစံအတိုင်း သူငယ်ချင်း ပေါသူ ပီပီ ဟားဗတ်ရှိရာ ကိန်းဘရစ်ခ်ျနားမှ အော်လ်စတွန်မြို့လေးမှာ နေသော ဆရာဝန် သူငယ်ချင်း၏ အိမ်တွင် ကိုယ့် ပစ္စည်းပစ္စယများကို ထားရစ်ခဲ့ရန် စီစဉ် ရသည်မှာ အခက်အခဲ မရှိလိုက်ချေ။

မိုင်လေးရာကျော် ဝေးသည့် နေရာမှ ငယ်သူငယ်ချင်းက ကိုယ့်အငိုကို နားမခံသာစွာ စိတ်ပူပန်သူ ပီပီ ကားကို တစ်ကိုယ်တော် မောင်းလာကာ ကိုယ့်ပစ္စည်းတွေကို နောက်ထပ် မိုင်ခုနစ် ဆယ်ကျော် ဝေးရာဆီ ကူသယ်ပို့ပေး ခဲ့သည်။

ပြဿနာက နှစ်ခု ကျန်သေးသည်။ အိမ်ခန်း ငှားရေးနှင့် ဗီဇာ ကိစ္စ။ ပထမဦးဆုံး အိမ်ခန်းကို ဟားဗတ်၏ ရက်ကလစ်ဝင်း အပိုင် အဆောင်အခန်းကိုပင် ယူမည်ဟု ဆုံးဖြတ်လိုက်သည်။ ကျောင်းပိုင် အခန်းများမှာ ဈေးနှုန်း ကြီးမြင့်လှသည့် အတွက် သူငယ်ချင်းများက သေချာ စဉ်းစားပြီးမှ ဆုံးဖြတ်ရန် တိုက်တွန်းကြသည်။

ထိုစဉ်မှာ မနှစ်က ရက်ကလစ် ဖဲလိုးအဖြစ် အရွေးခံရသော ကိုယ်တို့ ၀တ်ဆင် အပြည်ပြည်ဆိုင်ရာ လေ့လာရေး ဌာနမှ ပါမောက္ခ အမျိုးသမီး တစ်ဦးအား တိုင်ပင်ရန် ပက်က တိုက်တွန်းလာသည်။ ပက်ကား ကိုယ်ရန်ကုန် ပြန်မှာကို မလိုလားသူပီပီ နယူး အင်္ဂလန်ကို ပြန်လာရမည့် အတွက် ပျော်ရွှင်မြူးထူးကာ အစစ အရာရာကို လိုက်ပူပန် ကူညီပေးနေသူပင်။

ထို့ကြောင့် သူညွှန်းသည့် ပါမောက္ခအား တိုင်ပင်ကြည့်ရာမှ ကျောင်းဝင်းမှ အခန်းကို မငှားဖြစ်တော့ချေ။ သူငယ်ချင်းများနှင့် အတူ ဂျိန်းကိုပါ အကူအညီ တောင်းသကဲ့သို့ အမေရိကတွင် သာမက ကမ္ဘာမှာပါ နာမည် ကြီးလာနေသည့် ကုမ္ပဏီ တစ်ခု၏ အင်တာနက် စာမျက်နှာ ဖြစ်သော Craiglist မှလည်း ငှားမည့် အခန်းများကို ရှာဖွေကာ ဟားဗတ် တစ်ခွင်မှ အခန်းအတော် များများအား နေ့စဉ်လိုလို လိုက် ကြည့်ရှာဖွေ ရပြန်သည်။ နောက်ဆုံးမှာ တစ်လလျှင် ဒေါ်လာ ခြောက်ရာခန့် သက်သာမည့် အော်လ်စတွန် တိုက်ခန်းကို ငှားရန် ဆုံးဖြတ်လိုက်နိုင်သည်။

ထို တိုက်ခန်းမှာ ဟားဗတ်မှ ကားဖြင့် ဆယ့်နှစ်မိနစ်စာ အကွာအဝေးတွင် ရှိသော်လည်း ဘတ်စ်ကားဂိတ်နှင့်ရော မြေအောက် ရထားဂိတ်နှင့်ပါ နီးသည့်အတွက် အဆင်ပြေသည်။ ကိုယ့်ပစ္စည်းတွေ သိမ်းထားပေးသည့် သူငယ်ချင်း၏ တိုက်နှင့် ကပ်လျက် တိုက်မှာ ဖြစ်သဖြင့် နောင်အခါ ရန်ကုန်မှ ကိုယ်ပြန်လာလျှင်လည်း မည်သူ့ အကူအညီမှ အထူးတလည် မပါဘဲ အိမ်ပြန် ပြောင်းနိုင်မည်ကိုး။

ထိုသို့ အခန်းငှားသည့် ကိစ္စကြောင့် စိတ်မအား၊ လူမအား၊ အီးမေးလ်မအား၊ ဖုန်းမအား ဖြစ်ရသည့်အထဲ ဗီဇာ ကိစ္စကလည်း အတော်ကြီး ခေါင်းခဲရပြန်သည်။ တက္ကသိုလ် အချင်းချင်း ဗီဇာ သက်တမ်းကို လွှဲပြောင်း လက်ခံနိုင်သော်လည်း ကိုယ်က ရန်ကုန်ကို ပြန်ရန် စီစဉ်ပြီး ဖြစ်နေသည်မို့ နောက်ထပ် ဂျေဗီဇာ စာရွက် စာတမ်းအသစ် ထွက်လာလျှင် ကိုယ်ရှိရာ အချိန်မီပို့ပြီး နောက်ထပ် ဂျေဗီဇာ အသစ်ကို ရန်ကုန်ရှိ အမေရိကန် သံရုံးမှာ ထပ်လျှောက်ရမည်မို့ ထွက်လာသည့် စာရွက် အသစ်အား ကိုယ့်ဆီ အချိန်မီ ရောက်ရန် အရေး ကြီးလာပြန်သည်။ အနာဂတ်အား ကြိုတင် မမြင်နိုင်သည့် အတွက် အစစ အရာရာ စိတ်အေးချင်သည့် ကိုယ့်မှာ အညိုနှင့် ကြက်သွေးနီ(ဟားဗတ်၏အရောင်မှာ ကြက်သွေးနီ ဖြစ်သည်။) တို့၏ အပြည်ပြည် ဆိုင်ရာ စကော်လာဌာနများနှင့် အီးမေးလ်ပေါင်းရာ ချီပြီး အပြန်အလှန် ပို့သည့်အပြင် ရန်ကုန်ရှိ အမေရိကန် သံရုံးဗီဇာ ဌာနသို့လည်း အီးမေးလ်ဖြင့် အကြောင်းအကျိုး မေးမြန်းကာ ရန်ကုန်လည်း အသေအချာ ပြန်ဖြစ်ပြီးသည်ကိုလည်း အခက်အခဲမရှိ ပြန်လာနိုင်ရန် စီစဉ်ရပြန်ပါသည်။

ထို့အတွက် အညို့ရင်ခွင်မှာ ဆယ်လတိုင်တိုင် အေးချမ်းစွာ နေခဲ့သော ကိုယ့်မှာ ရန်ကုန်ပြန်ရန် ရက်နှစ်ဆယ် အလိုတွင် အပူ သောကနှင့် ရှုပ်ပွမအား၊ မနားနိုင်အောင် ဖြစ်ခဲ့ရပါတော့သည်။ ကြက်သွေးနီသို့ ခြေလှမ်းအစကား မျက်ရည်မခြောက် စိတ်နောက်နောက်ဟုပင် ဆိုရမလို။  ဟားဗတ်မှ ဖဲလိုးရှစ်(Fellowship) ရသည့်အတွက် မျက်ရည်မိုး စွေခဲ့ကြောင်း သိထားသူများကလည်း ကိုယ့်အဖြစ်ကို နားလည်ပေးသည့်တိုင် ရယ်ဟဟဖြင့် တအံ့တသြ။
မည်သူမျှ ဟားဗတ်မှ ဖဲလိုးအဖြစ် ကမ်းလှမ်းစာ ရသည့်အခါတွင် စိတ်ညစ်ကာ ငိုလိမ့်မည်မဟုတ်ဟု သူတို့က ပြောကာမှလည်း အညို့ခရီး အစမှာကတည်းက လွဲနေခဲ့သည့် ကိုယ့်အဖြစ်ကို ကိုယ်တွေးမိပြီး ကိုယ့်ခံစားချက်များကို ကိုယ့်ဘာသာပင် နာမည် မတပ်တတ်တော့။
မည်သို့ပင်ဖြစ်စေ ကြက်သွေးနီသို့ ချီရပေဦးတော့မည်။
(ဆက်လက်ဖော်ပြပါမည်)
မသီတာ၊စမ်းချောင်း၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၁)