Sunday 16 October 2011

အညိုမှသည် ကြက်သွေးနီသို့ ၅


ကြက်သွေးနီသို့ ချီတက်ခြင်း
အညိုကို ခွဲခွာပြီး ကြက်သွေးနီသို့ ကူးပြောင်းမှုမှာ ဗာဟီရ များသဖြင့် အညို၏ နောက်ဆုံးနေ့များသည် ကိုယ့်အဖို့ အလွန်ပင် စိတ်မအား လူမနား နိုင်သည့် နေ့ရက်များ ဖြစ်ခဲ့ပေသည်။ ကံကောင်း ထောက်မစွာပင် ပရော်ဖက်ဆာ ဆိုင်မွန်နှင့် ငယ်သူငယ်ချင်းများမှ လိုအပ်သည့် ကိစ္စ အ၀၀ အတွက် အပြည့်အ၀ ကူညီခဲ့ကြသဖြင့် လည်းကောင်း၊ ဘရောင်းနှင့် ဟားဗတ် တက္ကသိုလ်တို့၏ အပြည်ပြည် ဆိုင်ရာ ကျောင်းသားရေးရာ ဌာနများနှင့် ဂျိန်းတို့မှ လျှပ်ချောစာ အစောင်စောင်ဖြင့် ကိုယ့်စိတ်ကြိုက် မဖြစ်မချင်း၊ အမေရိကန်နှင့် မြန်မာ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေများ၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် စာရွက်စာ တမ်းများ မထွက်မချင်း ကူညီ ခဲ့ကြသဖြင့် လည်းကောင်း ကိုယ့်မူလ အစီအစဉ် အတိုင်း ပြည်တော်ပြန် ခရီးမှာ ချောမောခဲ့ ရပါသည်။ ရန်ကုန် ပြန်ရောက်သည့် အခါမှာလည်း မူလက ကတိ ပေးထားသည့် အတိုင်း စီစဉ် ပေးရမည့် သင်တန်း၊ ခွဲစိတ်မှု၊ စာမူကိစ္စ စသည့် အရေးအရာများက တန်းစီ စောင့်နေသဖြင့် မအားလပ်နိုင်ခဲ့ချေ။

သည်ကြားမှာ စဉ်းစားစရာ ဖြစ်လာသည်က မိဘ နှစ်ပါးပင်။ ၂၀၀၈ နှစ်ဆန်းကတည်းက အိမ်မကပ်သည့် ကိုယ့်ကို ရက်ငါးဆယ်မျှသာ အတူ နေနိုင်ပြီး နောက်ထပ် ဆယ့်တစ်လကျော် ဝေးကွာ ရဦးမည်ဆိုသည့် အခါ အသက် ရှစ်ဆယ့်နှစ်နှစ် အရွယ် ဖေဖေနှင့် အသက်ခုနစ်ဆယ့်သုံးနှစ် အရွယ် မေမေတို့က ခံနိုင်ရည် ရှိမည့် ပုံ မပေါ်တော့ပါ။ သို့ဖြင့် သည်တစ်ခါမှာတော့ သူတို့ကို ခွဲချန် မထားနိုင်တော့ဘဲ တစ်ပါတည်း အလည်ခေါ်သွားရန် ဆုံးဖြတ် စီစဉ်ရတော့သည်။ ရာသီအေး လာသည့် ၂၀၁၀ နှစ်ဆန်းမှ သူတို့ကို မောင်လေးရှိရာ စင်ကာပူသို့ ပြန်လွှတ်မည်ဟု တွေးကာ သူတို့အတွက် ဗီဇာကိုပါ ပြင်ဆင် ရပြန်သည်။ မည်သို့ပင် ဖြစ်စေ အဆုံးမှာတော့ အစစ ချောမွေ့ကာ သားအမိ သားအဖ သုံးဦး ခရီးရှည် အတူ ထွက်ရန် အဆင်ပြေ သွားခဲ့ပါသည်။

လပေါင်းများစွာ ခွဲခဲ့ရသည့် အမိမြေကို ပြန်ရောက် ရသော်လည်း ရက်ငါးဆယ် အတွင်း ဆောင်ရွက်စရာ ကိစ္စပေါင်း သောင်းခြောက်ထောင်ကို အဆင်ပြေအောင် စီစဉ်ရသဖြင့် ကိုယ့်မှာ မဆတ်တငံ့ဖြင့် အိပ်မက်သဖွယ် ခံစားရာမှ မိဘနှစ်ပါး လက်ကို ဆွဲကာ ကြက်သွေးနီ ဆီသို့ ချီတက် ခဲ့ရပြန်ပါပကော။ ဘ၀သည် ကြိုတင် မျှော်လင့် မထားသည်များနှင့် ရင်ဆိုင် ကြုံတွေ့ရသော ခရီးရှည် တစ်ခုဖြစ်ရာ သည်စိန်ခေါ်မှုကြောင့်ပင် ကိုယ်တို့မှာ မျှော်လင့်မထားသော ကိုယ် စွမ်း ကိုယ်စတို့ကို ထုတ်ဖော် အသုံးချခွင့် ရကြရသည် မဟုတ်ပါလား။ ကြက်သွေးနီမှာ ကိုယ့်အခန်း ကဏ္ဍ မည်သို့ ရှိမည်ကို မတွေးအား၊ ကြက်သွေးနီမှ Radcliffe Fellowship ၏ သဘော သဘာဝကိုမျှ မလေ့လာ အားပါဘဲ ကြက်သွေးနီ၏ ရင်ခွင်သို့ မိအိုဘအိုတို့နှင့် အတူ ခြေချ ရပေဦးတော့မည်။

အဝေးရောက် အိမ်ကလေးအား ဖန်တီးခြင်း

စင်ကာပူမှာ နှစ်ညတာမျှ တစ်ထောက်နားကာ သားဖြစ်သူနှင့် တွေ့ပြီး စိတ်အာဟာရ ပြည့်ခဲ့သည့်တိုင် ဂျာမနီ နိုင်ငံ၊ ဖရန့်ဖို့တ်မှာ တစ်ထောက်နားရုံ နားသည့်၊ ကမ္ဘာ့ အရှေ့ခြမ်းမှ အနောက် ခြမ်းဆီ နောက်ကြောင်း ပြန်ပတ်ခဲ့သော၊ နှစ်ဆယ့်ခြောက်နာရီ မက ကြာမြင့်သည့် လေယာဉ် ခရီးရှည်ကြီးကြောင့် နယူးယောက် ဂျေအက်ဖ်ကေလေဆိပ်သို့ ရောက်ချိန်တွင် ဖေဖေနှင့် မေမေက အတော်ပင် နွမ်းနယ် နေခဲ့လေသည်။ သို့သော် ကိုယ်တို့၏ ခရီးဆုံးမှာ နောက်ထပ် မိုင်နှစ်ရာကျော် ဝေးသည့် ဘော်စတွန် ဖြစ်သည်မို့ နေ့လယ်စာ စားချိန်မျှ သာ အနားယူကာ ကားခရီးဖြင့် ဆက်လက် ချီတက်ရပြန်သည်။ အသက်အရွယ် အိုမင်းသည့်တိုင် နေ့စဉ်လမ်း လျှောက်ကာ လေ့ကျင့်ခန်း လုပ်လေ့ရှိ သော မိဘနှစ်ပါးမှာ ဂျက်လက်ဂ်ခေါ် အချိန် ကွာခြားမှုကြောင့် ဖြစ်သော အိပ်ချိန် မူမမှန်ဖြစ်မှုပင် ဟုတ်ဟုတ်ညားညား မဖြစ်ခဲ့သည်မို့ ကိုယ့်မှာ အတော် ကြီး ပျော်ရွှင် စိတ်ချမ်းသာ ရလေသည်။

နောက်နေ့များမှာလည်း သူတို့၏ ပတ်ဝန်းကျင်ကို အလွန်တရာ ယဉ်ပါးလွယ်သော ကိုယ်နေ စိတ်ထားတတ်မှု များကြောင့် ကိုယ့်မှာ ၀န်ပေါ့ ခဲ့ရပြန်ပါသည်။ သို့သော် ကိုယ်ငှား ထားခဲ့သော အခန်းမှာ အညို့မှာတုန်းက ကဲ့သို့ အိပ်ရာခမ်းနား အသုံးအဆောင်များပါ ပါပြီးသား အိမ်ခန်းမျိုး မဟုတ်သဖြင့် ကိုယ့်မှာ တစ်ကိုယ်တော်သာ ဆိုလျှင် ဖြစ်သလို အသုံးအဆောင်များဖြင့်နေ မည်ဟု တွေးထားသည့်တိုင် ဖေဖေ၊ မေမေတို့ကြောင့် အတန်အသင့် သပ်ရပ်သော အိမ်ခန်းလေး ဖြစ်ရန် အားထုတ် ရပြန်ပါသည်။

ကိုယ် ငှားထားသည့် တိုက်ခန်းမှာ ဟားဗတ်နှင့် မလှမ်းမကမ်း ဖြစ်သကဲ့သို့ ဘော်စတွန် တက္ကသိုလ်နှင့် လည်း အတော်ကြီး နီးကပ်သဖြင့် အိမ်ထောင် ပရိဘောဂ အရောင်းဆိုင်များလည်း မရှားလှပါ။ ပရိဘောဂဆိုင် ဆိုရာတွင်လည်း ပရိဘောဂ အသစ်များ သာမက ကျောင်းပြီးသွားသည့် ကျောင်းသားများက ပြန်ရောင်းထား ခဲ့သည့် ကောင်းသော်လည်း ဟောင်းသည့် ပရိဘောဂများကိုပါ ၀ယ်ယူ ရရှိ နိုင်ပြန်သည်။

သည်နေရာ တစ်ဝိုက်မှာ ကျောင်းသားနှင့် ဆရာ၊ ဆရာမများ အနေများသည့် သဘောပင်။ ကိုယ် ကတော့ ဖေဖေ့စိတ်ကြိုက် ဆက်တီခုံ အကောင်းအသစ်ကို ရွေးဖြစ်သည်။ သည်ခုံက ခုတင်အဖြစ် ပုံပြောင်း၍ ရကာ အရောင်မှာလည်း ဆင်စွယ်မီးခိုး စပ်ကြားမို့ အတော် လှသည်ကိုး။ (သည်ခုံကို ရန်ကုန် အပြန်မှာ ထက်ဝက် ဈေးနှင့် ပြန်ရောင်း နိုင်ခဲ့ခြင်းမှာလည်း ထိုသို့ လှပပြီး အပေါစား မဟုတ်သည့် ပစ္စည်းမျိုး ဖြစ်သည့်အတွက် ၀ယ်သူ ရှိခဲ့ရခြင်းပင်) သည်နေရာနား တစ်ဝိုက်မှာ ကျောင်းသားနှင့် ဆရာများသာ နေထိုင်လေ့ ရှိသဖြင့်လည်း ပရိဘောဂ ဆိုင်များက အိမ်အရောက် တပ်ဆင်ပေးသည့် ၀န်ဆောင်မှုကို အခမဲ့ ပေးပြန်ရာ အဆင် ပြေလှသည်။ စာကြည့်စားပွဲ၊ စာအုပ်စင်၊ ထမင်းစား စားပွဲစသည့် အသုံးအဆောင်များကိုလည်း ထိုသို့သော ပရိဘောဂဆိုင် သေးသေးလေး များနှင့် နာမည်ကျော် ဈေးချိုသော ပရိဘောဂဆိုင် အီကီယားမှ ၀ယ်ယူကာ ဖြည့်တင်း ရပြန်သည်။

စနစ်ကျသည့် မီးဖိုချောင် အခင်းအကျင်းမှာ ရန်ကုန်မှ သယ်လာသော မီးဖိုချောင်သုံး ပစ္စည်း အချို့နှင့် စီဗီအက်စ်၊ အေဂျေရိုက်တို့ ကဲ့သို့ ဆိုင်လေးများမှ အဖိုး မများသည့် အသုံးအဆောင်လေးများဖြင့် ဖြည့်တင်း လိုက်သည့်အခါ အခြေခံ လိုအပ်ချက် များဖြင့် ကွက်တိ ပြည့်စုံသော အိမ်ခန်းလေး ဖြစ်လာပါသည်။ ရုံးခန်း အသေးလေး တစ်ခန်းစာ ကျယ်ဝန်းသည့် လမ်းလျှောက် ၀င်နိုင်သော အ၀တ်အစား ဗီရိုခန်းကြောင့်လည်း ကိုယ်တို့ သုံးယောက်၏ အ၀တ်အစားများကို မျက်စိ နောက်စရာ မလိုအောင် သိမ်းထားနိုင်ပါသည်။ အိပ်ခန်းကို ကိုယ့်အခန်း လုပ်ကာ ဧည့်ခန်းကျယ်ကိုတော့ ဖေဖေနှင့် မေမေ့အခန်း အဖြစ် ပြင်ဆင်ပေး လိုက်သဖြင့် အသုံးအဆောင် များများ စားစား မရှိသည့်တိုင် သူ့ဟာနှင့်သူ သေသပ်သော အိမ်ခန်းလေး ဖြစ်ရပြန် ပါသည်။ သို့ဖြင့် ရန်ကုန်မှာလည်း သည်သုံးယောက်သာ အတူနေသည့် ကိုယ်တို့ မိသားစုမှာ အော်လစတွန်၌ အဝေးရောက် အိမ်လေး တစ်လုံးကို စရိတ် ကျဉ်းကျဉ်း၊ အခင်းအကျင်း ရိုးရှင်းစွာ ဖန်တီး ဖြစ်ခဲ့ပါသည်။

ကြက်သွေးနီ၏ အ၀န်းအ၀ိုင်းမှ လှိုက်လှဲစွာ ကြိုဆိုခြင်း


အော်လစတွန် အိမ်ခန်းလေးမှာ အခြေ မကျတကျ ရှိစဉ်မှာပင် Radcliffe ၏ ပထမဆုံး နေ့ရက်က ရောက်ရှိလာ ခဲ့ပေပြီ။ အမှန်တော့ ကိုယ့်ကို ကမ်းလှမ်း ခေါ်ယူထားသည့် Redcliffe ၏ ပထမနေ့ မစမီမှာပင် ကိုယ်က ကြက်သွေးနီ၏ အ၀န်းအ၀ိုင်းကို ၀င်ရောက်ခဲ့ရပြီး ဖြစ်သည်။ အညိုသည် နာမည်ကျော် တက္ကသိုလ်ကြီး ဖြစ်သည့်တိုင် ကြက်သွေးနီဟု ကိုယ်က တင်စားသော ဟားဗတ်က ပိုပြီး ကျော်ကြားသည့် တက္ကသိုလ် ဖြစ်ကြောင်း ကြက်သွေးနီ (ဟားဗတ်၏ အမှတ်အသား အရောင် မှာ ကြက်သွေးနီရောင် ဖြစ်သည်)သို့ မရောက်မီကပင် ကိုယ့်မှာ လက်တွေ့ သိရသည့် အချက် ရှိခဲ့ပါသည်။ ယင်း မှာ ကြက်သွေးနီ၏ အသိုင်းအ၀ိုင်း ကြီးမှုနှင့် သူ့အ၀န်းအ၀ိုင်းထဲ ရောက်လာသော ပညာသည်အား ၀ိုင်းဝန်း ချဉ်းကပ်ကာ ၀ိုင်းဝန်း အသုံး ချတတ်မှုပင် ဖြစ်သည်။

ရန်ကုန်သို့ ရက်ငါးဆယ်ကြာ ပြန်နေသည့် အခိုက်မှာပင် ကြက်သွေးနီ၏ ဌာန အသီးသီးမှ ကိုယ့်ထံ လျှပ်ချောစာများ ပို့ကာ သူတို့ ဌာန၏ လှုပ်ရှားမှု အချို့အတွက် ဖိတ်ကြား ခဲ့ကြလေသည်။ ပထမဆုံး ဖိတ်ကြား ခံရသည်က ဟားဗတ်၏ မိုက်ခရိုဘိုင်အိုလော်ဂျီ ဌာန ဖြစ်ပြီး ယင်း၏ နွေရာသီ နှီးနှော ဖလှယ်ပွဲ တစ်ခုသို့ ဆေးပညာသည် တစ်ဦးအဖြစ် တက်ရောက်ပေးရန် ဖြစ်သည်။ ထို့ကြောင့် ကြက်သွေးနီ၏ ကျယ်ဝန်းလှသော ပရိဝုဏ် အတွင်း ဆိုင်ရာဌာန ၀င်းနှင့် အဆောက်အဦအား ရှာဖွေသွား ရောက်သည့် အလေ့အထကို Radcliffe ၏ ဖွင့်ပွဲ မတိုင်မီကပင် ရောက်ဖြစ်ခဲ့ လေသည်။ သို့သော် Radcliffe  ၏ ပထမဆုံး နေ့ကို သွားရသည်မှာ ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းခဲ့လေသည်။
ဟားဗတ်၏ ပင်မ မြက်ခင်းပြင်နှင့် မျက်နှာချင်းဆိုင် အခြမ်းရှိ ကိန်း ဘရစ်ခ်ျ ပန်းခြံနံဘေးတွင် သီးခြားဝင်း၊ သီးခြားအဆောက်အဦများဖြင့် တည် ရှိသော Radcliffe ၀င်းမှာ ဥရောပဟန် ဖြင့် တည်ငြိမ်လှသည်။Follow များ အတွက် ရုံးခန်းများသာ ရှိသော အဆောက်အဦ၏ အောက်ထပ်သို့ ၀င် လျှင်ပင် Radcliffe ၀န်ထမ်းများက စနစ်တကျ ခရီးဦးကြို ပြုကြလေသည်။

အခြား Fellow များလည်း ရောက်ရှိကြောင်း သတင်း ပို့ကြသကဲ့သို့ ၀န်ထမ်းများက Fellow တိုင်းအတွက် ဓာတ်ပုံ ရိုက်ယူခြင်း၊ ရသင့် ရထိုက်သော လစဉ် ချီးမြှင့်ငွေနှင့် ပြောင်းရွှေ့အခြေချ စရိတ် ပါအ၀င် Fellow များအတွက် သတ်မှတ်ထားသည့် ဂုဏ်ပြုငွေ ချက်လက်မှတ်များ ထုတ်ပေးခြင်း၊ သက်ဆိုင်ရာ ရုံးခန်း သော့အပ်နှံခြင်း၊ လတ်တလော အစီအစဉ်များနှင့် ရုံးတွင်း ဆက်သွယ်ရေး လမ်းကြောင်းဆိုင်ရာ သိသင့်သည်များကို ဖော်ပြထားသည့် စာရွက်စာတမ်းများ ပေးအပ်ခြင်းတို့ကို စနစ်တကျ လုပ်ဆောင် ပေးကြသည်။

ထို့နောက် ဟားဗတ်ကတ် လုပ်ဆောင် ရန်နှင့် အပြည်ပြည်ဆိုင်ရာ ကျောင်းသားရေးရာ ဌာနသို့ အကြောင်းကြားရေး အတွက် ထိုဌာနသို့ သွားကြရန် ပြောပြ ကြသည်။ သည်ဌာနသို့ ပုံမှန်ရုံးတက် သည့်ကိစ္စကိုဖြင့် ဖွင့်ပွဲ အခမ်းအနားနှင့် အတူ နောက်သုံးရက်ကြာမှ တခမ်းတနား ပြုလုပ်မည်မို့ ထိုနေ့အတွက် သည်အဆောက်အဦသို့ ပြန်လာရန် မလို တော့။ သည်မှာ အင်္ဂလန်မှ ရောက်လာ သည့် Fellow တစ်ယောက်ဖြစ်သော ဂျိမ်းစ်နှင့် ကိုယ်တို့က ဆိုင်ရာရုံးခန်းကို ခဏ ကြည့်ရှုပြီး အပြည်ပြည်ဆိုင်ရာ ကျောင်းသားရေးရာ ဌာနသို့ အတူတူ သွားရန် ပြောမိကြသည်။ သူရော ကိုယ်ပါ ရုံးခန်းများမှာ တတိယအထပ် တွင် ဖြစ်သည့်အတွက် အဆင်ပြေသွား ပြန်သည်။ ရုံးခန်း၏ အသွင်အပြင်၊ ကွန်ပျူတာနှင့် ထိုင်ခုံများ၊ ဗီရိုများ
အနေအထားတို့ကလည်း သည်နေရာသည် ဟားဗတ်ဟု တတန်တက ပြောစရာ မလိုအောင် ဆီလျော်သားနား နေတော့သည်။

ဆိုင်ရာ အခန်း အသီးသီးကို ကြည့်ရှုပြီး ပြန်အထွက်မှာ University College of London ၏ ပါမောက္ခ ဖြစ်သော ဂျိမ်းစ်က စတင်ပြီး “ငါ့ကိုယ်ငါ အိပ်မက်လားတောင် ထင်မိတယ်။ ငါ တော်တော် ကံကောင်းတာပဲ။ သူတို့ ငါတို့ကို ထားပုံက သိပ်အဆင့် မြင့်လွန်းနေတယ်။ ငါတို့ တကယ် ကံကောင်း တာပဲ။ မင်းရော  ဒီတစ်ခါပဲ လျှောက်ဖူးတာလား” ဟု စကား စတော့သည်။ သည်တော့ ကိုယ့်မှာ အမှန်အတိုင်း ၀န်ခံရုံမှ လွဲ၍ အခြား မရှိချေ။ “ငါ ငါက လျှောက်လွှာ မတင်ခဲ့ဘူး။ သူတို့ရဲ့ ကမ်းလှမ်းစာ ရလို့ လက်ခံခဲ့တာပဲ ရှိတယ်” ဟု ဆိုရာ “အိုး ငါ့ကိုယ်ငါ ကံကောင်းပြီ အောက်မေ့နေတာ၊ မင်းက ပိုကံကောင်း နေပါလား။ မင်း သိလား။ အခု ဒီနှစ်မှာ ငါတို့ Fellow ၄၂ ယောက် ရွေးထားတာ။ လျှောက်လွှာက ၈၄၇ စောင်တဲ့။ တချို့က နှစ်တိုင်း လျှောက်နေကြတာ။ အခုထိ အရွေး မခံရသူတွေ ရှိနေသေးတယ်။ အရွေး ခံရသူတွေက ပီအိပ်ခ်ျဒီတောင် နှစ်ထပ်ကွမ်းတွေ။ ဒီဟားဗတ်က နာမည်ကြီး ပါမောက္ခ တချို့တောင်  ဒီကို လာချင်လွန်းလို့ နှစ်တိုင်း လျှောက် ကြတာ” ဟု ဂျိမ်းစ်က ပြန်ပြောသည်။

သည်တော့မှ ကိုယ့်မှာ ပါးစပ် အဟောင်းသား ဖြစ်ရတော့သည်။ သည်မျှ ခက်ခဲပြီး သည်မျှ တန်ဖိုးကြီးသည့်  Fellowship မှန်း မသိသား ဆိုးရွားခဲ့သည့် ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ပျက် သွားမိသည်။ မဖြစ်တော့။ သည်ညမှာတော့သည် Fellowship အကြောင်း ဂူးဂဲလ်မှ ရှာဖွေဖတ်ရှု ရပေတော့မည်။ အညို့ မတိုင်ခင်မှ စသည့် အလွဲဇာတ်သည် ကြက်သွေးနီထိ ရောက်လာခဲ့ဖို့ပင် မကောင်း။ ကိုယ့်အတ္တကို ရှေ့တန်းတင်ကာ ကိုယ်စိတ်ဝင်စားရာ ကိစ္စများကိုသာ စိုက်လိုက်မတ်တတ် ကြိုးစားနေခဲ့ပြီး ကိုယ့်လိုအပ်ချက်များ အတွက်သာ အမျိုးမျိုး ဈေးဆစ် တောင်းဆိုနေခဲ့သော ကိုယ်ကဲ့သို့သော Fellow မျိုးအား သည်းခံပြီး ကမ်းလှမ်းခဲ့ကြသည့် အညို့ကိုရော ကြက်သွေးနီကိုပါ အားနာ မိသည်မှာ ပြောမပြနိုင်အောင်ပင် ရှိရ ပြန်ပါသည်။ ငမိုက်သားကိုမှ ကမ်းလှမ်းခဲ့သည့် Fellow ၏ ရာဇ၀င် အူပေါက်ကို အမြန် လေ့လာပေမှ ဖြစ်တော့မည်။

Radcliffe ၏ သမိုင်းနှင့် Fellowship  သဘာဝ


Radcliffe College သည် ၁၈၇၉ တွင် စတင်ပေါ်ပေါက်ခဲ့ပြီး ထိုစဉ်က ဟားဗတ် တက္ကသိုလ်တွင် အမျိုးသမီး များကို ကျောင်းတက်ခွင့် မပေးသည့် အတွက် အမျိုးသမီးများ ပညာ သင်ယူ နိုင်မည့် ကောလိပ် တစ်ခုကို ဟားဗတ်၏ တွဲဖက်ကျောင်း အဖြစ် တီထွင်ခဲ့ရာမှ Radcliffe College  ဟူ၍ ဖြစ်လာခဲ့လေသည်။ သည်တော့ ဟားဗတ်က ကျားကျောင်း ဖြစ်ခဲ့ပြီး ရက်ကလစ်ဖ်က မ ကျောင်း ဖြစ်ခဲ့သည့်တိုင် သင်သည့် ဆရာများက တူသကဲ့သို့ ကျောင်းဆင်း လက်မှတ်မှာ လက်မှတ် ထိုးပေးသည့် ပါမောက္ခများမှာလည်း အတူတူပင် ဖြစ်ခဲ့လေသည်။ ရက်ကလစ်ဖ်မှာ သီးခြား စာကြည့်တိုက် ရှိကာ အမေရိကန် အမျိုးသမီးများ သမိုင်းကြောင်းနှင့် ပတ်သက်လျှင် အလွန် ပြည့်စုံသော စာကြည့်တိုက်လည်း ဖြစ်သည်။

ရက်ကလစ်ဖ်ကို အမျိုးသမီးများ၏ ပညာရေး အတွက်သာမက အမျိုးသမီး အခွင့်အရေး အတွက်ပါ အထူးတလည် တာဝန် ကျေခဲ့သော ကောလိပ်အဖြစ် ကြက်သွေးနီ အသိုင်းအ၀ိုင်းက သတ်မှတ် ထားခဲ့ကြသည်။ ၁၉၉၉ ခုနှစ်တွင်မူ ရက်ကလစ်ဖ်နှင့် ဟားဗတ် ပေါင်းစည်း ခဲ့ကြသည်။ သို့သော် ရက်ကလစ်ဖ် အတွက်  Dean ခေါ် ကျောင်းအုပ်ကြီးမှာ သီးသန့်ဖြစ်သည်။ ရက်ကလစ်ဖ် ထွက်များအနက် ကျော်ကြားထင်ရှား သည့် အမျိုးသမီးများမှာ စာရေး ဆရာမ များဖြစ်ကြသည့် Margaret Atwood, Ursula Le Guin, Gertrude Stein ပူလစ်ဇာ ဆုနှစ်ကြိမ် ရခဲ့သော  Barbara Tuchman နှင့် မျက်မမြင် လူမှု ပညာရှင် Helen Keller တို့ ဖြစ်ကြသည်။

Radcliffe Fellowship မှာမူ ၁၉၆၀ တွင် စတင်ခဲ့သည့် သုတေသန အစီအစဉ်မှ အစပြုခဲ့သည်။ ၁၉၇၈ ခုနှစ် တွင် Radcliffe College  ကို Bunting Institute  ဟု အမည်ပြောင်းခဲ့ကြသည်။ Radcliffe College ၏ ဥက္ကဋ္ဌဖြစ်သူ Mary Bunting  မှာ အမျိုးသမီး ပညာရေး ပညာရှင်များနှင့် အနုပညာရှင်များ အတွက် ဘွဲ့လွန် ပညာသင်တန်း တစ်ခုကို စွန့်ဦး တီထွင်ပေးခဲ့သူ ဖြစ်သဖြင့် သူ့ကို ဂုဏ်ပြုသည့် အနေဖြင့် သည် အမည်ကို ပြောင်းလိုက်ခြင်းပင်။ သူ၏ မူလရည်ရွယ်ချက်မှာ အမျိုးသမီး များအတွက် “မျှော်လင့် မထားနိုင်သော ပတ်ဝန်းကျင်ကောင်း”ကို ဖန်တီး ပေးနိုင်ရေးပင် ဖြစ်သည်။

သို့အတွက် ထိုပညာရှင်များအား အချိန်၊ ငွေကြေး၊ ကိုယ်ပိုင်ရုံးခန်း၊ အမျိုးသမီး အ၀န်းအ၀ိုင်း အတွင်း အရေးပါသည့် အဖွဲ့ဝင် ဖြစ်ခွင့်နှင့် ရက်ကလစ်ဖ်နှင့် ဟားဗတ်၏ ပိုင်ဆိုင်သမျှ ပညာရှင် ရင်းမြစ်အရာများ အားလုံးကို သုံးစွဲနိုင်ခွင့် စသည့် အခွင့် အရေးနှင့် အခွင့်အလမ်း အားလုံးကို သူက ပေးပစ်ခဲ့သည်။ ထိုအတွေးကို ၁၉၆၀ ပြည့်နှစ် ဆောင်းဦး ကာလတွင် နယူးယောက်တိုင်းမ်စ် သတင်းစာမှာ ကြေညာခဲ့ရာ အမျိုးသမီး နှစ်ထောင်ကျော်က လျှောက်လွှာ တင်ခဲ့ကြသည်။ မိသားစု ဘ၀များကို ပြုစု ပျိုးထောင်ပြီး သည့်အခါ မိမိတို့ စိတ်ဝင်စားရာ အသိပညာနှင့် အနုပညာ အလုပ်များကို လုပ်ကိုင်လိုသော ပညာတတ် အမျိုးသမီးများစွာ ရှိကြောင်း ထိုဖြစ်ရပ်က သက်သေထူခဲ့သည်။ ထို့နောက် ၁၉၆၀ မှစကာ Fellow များကို လက်ခံခဲ့ရာ ယနေ့ဆိုလျှင် သိပံ္ပပညာရှင်၊ ပန်းချီပညာရှင်၊ စာရေးဆရာ၊ ဂီတပညာရှင် စုစုပေါင်း ၁၄၀၀ ကျော်ခဲ့ပါပြီ။

ထို့ ကြောင့် ဘော်စတွန်ဂလုပ်ဘ် သတင်းစာကြီးက Bunting Institute  သည် အမေရိက၏ “အမျိုးသမီးများ အတွက် Think Tank”ဟု တင်စားခဲ့သည်။ ထို့အပြင် Chronicle of Higher Education ကလည်း “သည်နေရာ သည် ဘ၀ တစ်ဆစ်ချိုးသည့် နေရာ၊ စာအုပ်များ ရေးပြီးသည့် နေရာ၊ အသစ် အသစ်သော ရှာဖွေ တွေ့ရှိချက်များ လုပ်ဖြစ်သည့်နေရာ၊ ပညာရှင် အချင်းချင်းကြားမှာ အချိန်ကို အတူတကွ ဖြတ်သန်းကာ ရလဒ်ကောင်းများ အားလုံး ပေါ်ထွန်းသည့် နေရာ” ဟု လည်း သတ်မှတ် ခဲ့ပြန်ပါသည်။ သို့ဖြင့် ၁၉၉၉ ခုနှစ်တွင် သည်နေရာသည် Radcliffe Institute for Advanced Study  ဟု အမည် ပြောင်းလဲ လာခဲ့ပြန် သည်။

ရက်ကလစ်ဖ် Fellow များအနက် ဂုဏ်ပြုဆု လာဘ်များစွာ ရရှိခဲ့သူများမှာလည်း အများအပြားပင်။ အမေရိက တစ်ခွင် Fellowship ဟု ခေါ်ဆိုသော စကောလားရှစ် ဆုမျိုးအဖြစ် အချိန် အပိုင်းအခြားဖြင့် ပညာရှင်များအား ခေါ်ယူ ဂုဏ်ပြုကာ ပညာရှင့် စိတ်ကြိုက် သုတေသန တစ်ခုခုကို အပူအပင် ကင်းမဲ့စွာ ဆောင်ရွက်နိုင်ရန် ကူညီခြင်းမျိုးကို ဆောင်ရွက်နေသော တက္ကသိုလ်နှင့် အဖွဲ့အစည်း များစွာ ရှိသည့်အနက် ရက်ကလစ်ဖ်သည် အခွင့်အရေး အပေး နိုင်ဆုံး Followship ဖြစ်နေကြောင်း နဖူးတွေ့ ဒူးတွေ့ တွေ့ခါမှ သိလိုက်ရသော ကိုယ့်မှာ သည်သမိုင်းကြောင်းကို မစောကြောပါဘဲ ရန်ကုန် အရေးကိုသာ မဲနေခဲ့မှု အပေါ် အတော်ပင် အရှက် ရမိပါတော့သည်။ သို့ဖြင့် အစဉ်အလာကြီး မားသော ရက်ကလစ်ဖ်တွင် ယခုအခါ အမျိုးသား ပညာရှင်များကိုပါ ထည့်သွင်း လက်ခံနေပြီ ဖြစ်သော်လည်း အမျိုးသမီး ပညာရှင်များကို အလေး ထားတတ်ကြောင်း သိပြီးနောက် အညို့မှာတုန်းကကဲ့သို့ လမ်းမများတော့ ဟု ဆုံးဖြတ်ရပြန်ပါသည်။

လမ်းများ ၍လည်း မရနိုင်ပေ။ သည်မှာကFellow အားလုံး နေ့လယ်စာကို တစ်ပတ်လျှင် သုံးရက် အတူ စားကြရ မည်ဖြစ်သည်။ ထို့အပြင် တနင်္လာနေ့ များတွင် Fellow တစ်ဦးဦး၏ သုတေသနနှင့် ပတ်သက်သည့် တင်ပြမှုရှိနေ မည်။ ထိုတင်ပြမှု ပြီးလျှင် နေ့လယ်စာ အတူစားလျက် ဆွေးနွေးပွဲကို ကျင်းပမည် ဖြစ်သဖြင့် သည်တစ်နပ်ကိုဖြင့် လက်လွှတ် မရနိုင်။ ဗုဒ္ဓဟူးနေ့ တွင်မူ ညနေပိုင်းမှာ အများကပါ ၀င်ရောက် နားထောင်နိုင်မည့် ဟောပြောပွဲ ရှိသည်။ Fellow ၄၂ ဦး တွင် အချို့မှာ ဌာနတွင်း ဆွေးနွေးပွဲတွင်သာ ယင်းတို့ ၏ သုတေသနကို တင်ပြနိုင်ကာ အချို့မှာမူ အများပြည်သူအားပါ တင်ပြရမည် ဖြစ်ရာ ထိုသို့ တင်ပြမှုကို ပညာရှင် Fellow များ ကိုယ်တိုင်က ရွေး ချယ်နိုင်ကြပြန်သည်။

ကြာသပတေး နေ့တွင်မူ မည်သည့် ဆွေးနွေးပွဲမျှ မပါ သော နေ့လယ်စာ ကျွေးပွဲ ရှိမည်။ သည်တော့ ကိုယ့်မှာ လမ်းများနိုင်မည် မဟုတ်။ သို့ဖြင့် အညို့ရင်ခွင်မှာ လွတ်လပ်မှုများဖြင့် အသားကျ နေခဲ့သော ကိုယ်သည် ကြက်သွေးနီ၏ ရက်ရောသော အဆောင်အယောင်များ နှင့်တကွ စနစ်ကျသော အချည် အနှောင်ကို အကျွမ်းဝင်ရန် ကြိုးစားရ ပေဦးတော့မည်။

ကြက်သွေးနီ၏ လွတ်လပ်မှု၊ အထောက်အပံ့

အမှန်မှာ ရက်ကလစ်ဖ်မှ အချည် အနှောင် ဟူသည် ကျန် Fellow ပညာရှင် များ၏ ဟောပြောပွဲ၊ ဆွေးနွေးပွဲများကို တက်ရောက် နားထောင်စေလိုရင်းသာ ဖြစ်ပြီး ကိုယ့်ကိုယ်ပိုင် သုတေသနနှင့် ပတ်သက်လျှင်မူ မည်သည့် တောင်းဆိုမှု၊ စွက်ဖက်မှုမျိုးမျှ မရှိသည့် အပြင် မည်သည့် တက္ကသိုလ်မှာမှ မရခဲ့ဖူးသည့် အထောက်အပံ၊ အကူအညီကိုပင် ပေးခဲ့ ပြန်ပါသည်။ သည်နေရာမှာ ကျန်တက္ကသိုလ်များ၏ အစီအစဉ်များနှင့် ရက်ကလစ်ဖ် Fellowship အစီအစဉ် မတူပုံက သိသိသာသာ ကွဲပြားသွား လေသည်။ အိုင်အိုဝါ တက္ကသိုလ်၏ အပြည်ပြည် ဆိုင်ရာ အရေးအသား အစီအစဉ် International Writing Program မှာ Fellowship သဘော မဟုတ်သဖြင့် အခြားအခြားသော အပြည်ပြည်ဆိုင်ရာ စာရေးဆရာများနှင့် အတွေ့အကြုံ ဖလှယ်ခွင့်ရသည့်တိုင် ထိုအစီအစဉ်ကို စီစဉ် ဆောင်ရွက်သည့် စာပေ အနုပညာ ဌာနမှ သင်ကြား ပေး နေသော ကျောင်းသားများ အတွက်လည်း ကိုယ့်အတွေ့အကြုံ၊ အသိအမြင် တို့ကို မျှဝေ ပေးရသည်။ အညို၏ International Writer Project မှာ လည်း Fellowship  သဘောမျိုး မဟုတ် ပြန်။ ခန့်အပ်ထားသော Writer in Residence ဌာနေ စာရေးဆရာ သဘော။ အညို၏ Faculty ဆရာ ကဲ့သို့သော ၀န်ထမ်း သဘောမျိုးဖြစ်ရာ မည်သို့ပင် လွတ်လပ်သည်ဟု ဆိုစေကာမူ ဌာန၏ စာသင်တန်းများနှင့် လှုပ်ရှားမှုများတွင် ပါဝင်ပေးရမည့် တာဝန် သဘောလည်း ရှိနေသည်။

အနည်းဆုံး စာပေပွဲတော် တစ်ခုကို ဦးစီး ကျင်းပပေးရခြင်း ဟူသည့် တာဝန်က ရှိနေသည်။ ရက်ကလစ်ဖ်မှာမူ Fellowship သဘော ဖြစ်ရာ ဆုလာဘ် အပ်နှင်းခံ ပညာရှင် သဘောမျိုး ဖြစ်သဖြင့် ဌာနမှ တာဝန်ယူ သင်ကြား ပေးနေသည့် ကျောင်းသား များအား မည်သည့် သင်ကြားမှု၊ မျှဝေမှု မျိုးကိုမျှ ဆောင်ရွက်ပေးရန် မလိုပါ။ မိမိ၏ သုတေသနကိုသာ မိမိ စိတ်တိုင်းကျ ဆောင်ရွက်နိုင်လေသည်။ ထို့ပြင် ဌာနမှ ကူညီ ပေးသည်မှာ သုတေသန လက်ထောက်များ အဖြစ် မိမိစိတ်ကြိုက် ဟားဗတ် ကျောင်းသားများအား ခန့်အပ် နိုင်ခြင်းဖြစ်ပြီး ထိုကျောင်းသားများ အတွက် ထိုက်တန်သော အဖိုးအခကို ဌာနမှ ပေးအပ်ပေးခြင်း ဖြစ်သည်။

ထို့ကြောင့် အညိုမှ ပေးသော လွတ်လပ်မှုနှင့် ကြက်သွေးနီမှ ရသော လွတ်လပ်မှုတို့မှာ သဘာဝချင်း မတူ သည့်တိုင် ဈာန်ဝင်စားမှု ရှိမှ ဖန်တီးမှု ပြုလိုသည့် ကိုယ်တို့ ကဲ့သို့သော စာရေး ဆရာ၊ ပန်းချီဆရာ အစရှိသည့် အနုပညာ သမားများ အတွက် မနော ခွေ့နိုင်သော လွတ်လပ်မှုများချည်းသာ ဖြစ်ပေသည်။ အမေရိကန်ရှေးဟောင်း ပြဇာတ်ကြီးများ၏ ဇာတ်ခုံဇာတ်ညွှန်း စာသားများကို သုတေသနပြုသော ကြက်သွေးနီ၏ အင်္ဂလိပ် စာပေဌာနမှ ပါမောက္ခ ဆိုလျှင် သုတေသန လက်ထောက် အဖြစ် ကြက်သွေးနီ ရင်သွေး လေးဦးကို ခန့်အပ်ထားသည် အထိ ရက်ကလစ်ဖ် Fellowship  ၏ အကျိုး ကျေးဇူးကို အသုံး ချခဲ့လေသည်။

သုတေသန လက်ထောက် မခန့် အပ်ပါဘဲ တစ်ကိုယ်တော် သုတေသန ပြုကြသော ပညာရှင်များရှိသော်လည်း လက် ထောက်လုပ်မည့် ကျောင်းသား အတွက်လည်း ပညာရော ၀င်ငွေ ပါရကာ ကိုယ်တို့ကဲ့သို့ ပညာရှင်များအတွက်လည်း စာကြည့်တိုက် တကာသွား၍ အင်တာနက် စာမျက်နှာတကာကို မူးနောက် အောင်ရှာရန် မလိုပါဘဲ ကိုယ်လိုချင်သည့် သက်ဆိုင်ရာ အချက်အလက်များ အား ရနိုင်မည်ဖြစ်သည့် သည်ကဲ့သို့သော သူလည်း အဆင်ပြေ၊ ကိုယ်လည်း အဆင်ချော အစီအစဉ်အား စိတ်ဝင်စားသဖြင့် လက်ထောက်တစ်ဦး လို ချင်ပါသည်ဟု ဌာန၀န်ထမ်းအား အကြောင်းကြားဖြစ်လိုက်သည်။ နောက် တစ်နေ့မှာပင် ကိုယ့်ထံသို့ ကျောင်းသား လေး၊ငါးဦး လျှပ်ချောစာဖြင့် လျှောက် လွှာတင်လာတော့ရာ သူတို့၏ ကိုယ် ရေးရာဇ၀င်များကို ဖတ်ပြီး ကိုယ့်အတွက် အထောက်အကူ ရနိုင်မည်ဟု ယူဆရသူ နှစ်ဦးအား လူတွေ့ မေးမြန်းရန် ရက်ချိန်း ပေးဖြစ်လိုက်သည်။ ကြက် သွေးနီ၏ လန်းဆန်း တက်ကြွဆဲ မောင် မယ်သစ်လွင်နှစ်ဦးကို နှုတ်မေး မေးမြန်း ပြီးသည့်အခါ ဆံပင်ဒီဇိုင်း ထူးခြားပြီး ဂီတကို ပိုစိတ်ဝင်စားသည့် မက်ဆီ ကိုကျောင်းသားလေးအား “စိတ်မကောင်းပါဘူးကွယ်။ တခြား ပညာရှင်တွေရဲ့ သုတေသန အလုပ်က မင်း စိတ် ၀င်စားတဲ့ ဂီတနဲ့ ပိုသင့်တော်မှာပါ”ဟု အကြောင်းပြန်လိုက်ကာ တောင်အမေရိကတိုက်ရှိ လူ့အခွင့်အရေး အခြေ အနေများကို ကိုယ်တိုင် လေ့လာခဲ့ဖူးသော ကနေဒါ နိုင်ငံသူဖြစ်သည့် ကိုရီးယားမလေး လီနာဘေးကို လှိုက်လှဲစွာ အလုပ် ခန့်ဖြစ်လိုက်သည်။

ကိုယ့်ရွေး ချယ်မှု မှန်ကန်ခဲ့သည်ဟု ဆိုရပါမည်။ လီနာက ကိုယ့်သုတေသန အတွက် အလွန် စနစ်ကျစွာပင် ကူညီခဲ့သည့် အပြင် အစပိုင်းမှာ တက်ကြွသော်လည်း နောက်ပိုင်းမှာ ခြေရာ ဖျောက်တတ်သည့် အခြား ကျောင်းသားများနှင့်လည်း လုံးဝ မတူခဲ့ပါ။ ကျောင်းသားများ၏ အထောက်အကူကို နာရီအားဖြင့် သတ်မှတ်ပြီး တစ်နာရီလျှင် ၁၀ ဒေါ်လာနှုန်း ဌာနမှ ပေးပေးရာ ကျောင်းသားများက မိမိတို့ကိုယ်ပိုင် ဖြောင့်မတ် မှုများဖြင့် သူတို့အား ညွှန်ကြားထားသည့် ရှာဖွေ စုဆောင်းမှုများ အတွက် အသုံးပြုချိန်အား ထုတ်ဖော်ကာ ကိုယ်တို့ ပညာရှင်များ၏ အတည်ပြု လက်မှတ် ရယူပြီးလျှင် ထိုအဖိုးအခကို ထုတ်ယူ နိုင်ကြပေသည်။

အချို့ကျောင်းသား များမှာ ပထမ နှစ်ဝက်တွင် မှန်မှန် ပေါ်လာကာ ကူညီကြသော်လည်း နောက် နှစ်ဝက် တွင်မူ အခြားသော ၀င်ငွေလည်း ပိုရ၊ စိတ်ဝင်စားစရာလည်း ဖြစ်သည့် အလုပ်များကို ပြောင်းလုပ်၍လော မသိနိုင်၊ ပျောက်ချင်းမလှ ပျောက်သွား တတ်ပြန်ရာ လီနာမှာ ထိုကဲ့သို့သော ကျောင်းသားမျိုး မဟုတ်ခဲ့ချေ။ သို့ဖြင့် ကိုယ်ပိုင် သုတေသန လက်ထောက် တစ်ယောက်ကိုပါ အခမဲ့ အသုံးချခွင့် ရသော ရက်ကလစ်ဖ် Fellow ပညာရှင် အဖြစ် ကြက်သွေးနီ၏ တစ်ဘာသာ ဖြစ်သော လွတ်လပ်မှုကို စတင်မှီဝဲ ပျော်ပိုက် ရပါတော့သည်။
(ဆက်လက် ဖော်ပြပါမည်)
မသီတာ၊စမ်းချောင်း၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၁)

No comments:

Post a Comment