Sunday 16 October 2011

ကမ္ဘာမြေကို ကယ်တင်ကြစို့


ကမ္ဘာမှာ ကမ္ဘာမြေ နေ့ရယ်လို့ ဧပြီလ ၂၂ ရက်နေ့ကို သတ်မှတ်ကာ ကမ္ဘာ့ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်တဲ့ အပြုအမူတွေကို မြို့ရွာအလိုက်၊ အဖွဲ့အစည်းတွေ အလိုက် ဆောင်ရွက် တတ်ကြပါတယ်။ ဒီလိုလုပ်တာ ကောင်းပေမယ့် တစ်နှစ်မှာ ၃၆၄ ရက်ကတော့ နေချင်သလို နေကြပြီး ဒီတစ်ရက်တည်း ကျမှ ကမ္ဘာမြေကို ကယ်တင်ကြမယ် ဆိုရင် သိပ်နောက်ကျ နေမယ် မဟုတ်လား။ ကမ္ဘာမြေရဲ့ အပြောင်းအလဲဟာ သိသာ နေပြီလေ။ အိုဇုန်းလွှာ ပေါက်နေပြီ ဆိုတာ မျက်စိနဲ့ မြင်စရာ မလိုအောင် သိသာနေတယ် မဟုတ်လား။ နွေရာသီမှာ ပူသင့်တာထက် ပိုပူပြီး ဆောင်းမှာလည်း ပူနေဆဲ ဖြစ်တဲ့ ရာသီဥတု ပြောင်းလဲမှုကို ဆင်းရဲ ချမ်းသာမရွေး ရင်ဆိုင် နေရပြီလေ။

ဒီတော့ ကမ္ဘာမြေကို ကယ်တင်ဖို့ ဆိုတာ ဘယ်သူ ဘယ်ဝါရယ်လို့ ဖြစ်နေစရာ လိုဦးမှာလား။ သင်ရော၊ ကျွန်ုပ်ပါ တာဝန် ရှိတယ်လို့ ခံယူကြရုံပေါ့။ သာမန်လူငယ် တစ်ယောက် အနေနဲ့ ကမ္ဘာမြေကို ကယ်တင်ဖို့ မဖြစ်နိုင်ဘူးလို့ လုံးဝ မထင်လိုက်ပါနဲ့။ သင်လုပ်နိုင်တာတွေက အများကြီးပါ။ မနက်မိုးလင်း အိပ်ရာ ထကနေ ညအိပ်ရာ ၀င်တဲ့ အထိ  သင့်ရဲ့ စားဝတ်နေရေးနဲ့ အလုပ်အကိုင် နေရာ ဌာနတွေမှာပါ လူတစ်ဦး တစ်ယောက်ချင်း အနေနဲ့ ဆောင်နိုင်၊ ရှောင်နိုင်တာတွေ အများကြီးပါပဲ။

ဒီတော့ ၁ ယောက်ချင်းကနေ ၁၀၀၊ ၁၀၀၀၊ ၁ သိန်း၊ ၁ သန်းဆိုသလို ကမ္ဘာမြေကို ကယ်တင်မယ့် အပြုအမူတွေ ပွားများ ကျင့်သုံး သွားကြမယ် ဆိုရင် အိုဇုန်းလွှာ အပေါက်တွေကိုလည်း ဖာလာနိုင်မှာ ဖြစ်သလို ကမ္ဘာ မြေဟာလည်း ကျန်းမာ သန်စွမ်း လာမှာပါ။ ကိုင်း...သင့်တစ်ယောက်တည်း အနေနဲ့ ကမ္ဘာမြေကို ဘယ်လို ကယ်တင် ရမလဲ ဆိုတာ ဆန်းစစ်ကြတာပေါ့။

မနက်မိုးလင်း အိပ်ရာထတော့ မျက်နှာသစ်၊ သွားတိုက်တာကနေ နေ့တစ်နေ့ကို စတင်ကြတာပေါ့။ အဲဒီ အချိန်က စပြီး သင်က ကမ္ဘာမြေကို ကယ်တင် နိုင်ပါပြီ။ ဒီလိုလေ သွားတိုက်နေတုန်း ရေဘုံ ဘိုင်ခေါင်းကို ဖွင့်ထားတတ်ရင် သွားတစ်ခါ တိုက်တိုင်း ရေဆယ်လီတာ အလဟဿ ဖြစ်ရပါတယ်။ တစ်နေ့မှာ သွားနှစ်ခါ တိုက်ကြတာမို့ သွားတိုက်တုန်း ရေဘုံဘိုင် မပိတ်တတ်လို့ကတော့ လူတစ်ယောက်ရဲ့ဘ၀မှာ ရေလီတာ ၅ သိန်း ဖြုန်းတီးသလို ဖြစ်ရပါတယ်။ ဒါကြောင့် သွားတိုက်စဉ်မှာ ရေဘုံဘိုင်ကို ပိတ်ထားလိုက်ပေါ့။

ကဲ...ပြီးရင် ကော်ဖီသောက်မယ်။ ကော်ဖီ ဖျော်ဖို့ ရေနွေးတည်မယ်။ ဒီတော့လည်း ကမ္ဘာ မြေကို ကယ်တင် နိုင်ပြန်ရော။ ရေအရင်းအမြစ်က ရှားပါး နေပြီလေ။ ရေတွေ သိပ်မသုံးပါနဲ့။ ရေယို နေတဲ့ ဘုံဘိုင်ခေါင်း တစ်ခုဟာ တစ်ပတ်မှာ ရေလီတာ ၃၀ လောက် အလဟဿ ဖြစ်စေတာမို့ ရေယိုနေတဲ့ ဘုံဘိုင်ခေါင်းတွေကို ပြုပြင် သင့်ကြပါတယ်။ ရေနွေးတည်ရင် ကိုယ်လိုသလောက်ပဲ တည်ပါ။ တစ်ခွက်လောက် သောက်မှာကို တစ်အိုးလောက် မတည်မိပါစေနဲ့။ တစ်ခါ သင်က အသန့်အပြန့် ကြိုက်တဲ့ သူဆိုတော့ ရေနွေးအိုးမှာ ချိုးတွေ ကျနေရင် ဓာတုပစ္စည်းတွေ ပါတဲ့ သန့်စင် ဆေးတွေနဲ့ ဆေးချင်ဆေး၊ မဆေးချင်ရင် ရေနွေးအိုး အသစ်ဝယ်ဖို့ တွေးတတ်ပါတယ်။ ဓာတု ပစ္စည်းတွေက သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက် စေသလို လျှပ်စစ်ပစ္စည်းတွေ အသုံး များတာကလည်း ကမ္ဘာမြေကို ထိခိုက်စေပါတယ်။ ဒီတော့ ရေနွေးအိုးမှာ ထုံးဓာတ် အနည်တွေ ကျတတ်တာကို ရှာလကာရည် နှစ်ခွက်နဲ့ ရေတစ်လီတာ ရောကာ ရေနွေး တည်ခြင်းအားဖြင့် အဲဒီ အနည်တွေ ပျောက်အောင် လုပ်နိုင်ပါတယ်။

နောက်တစ်ခုက ရေဟာ ကျန်းမာရေး အတွက် ကောင်းတယ် ဆိုပေမယ့် ဘူးထဲမှာ အကြာကြီး ထည့်ထားရင် မကောင်းတော့ပါဘူး။ ဒါကြောင့် ဖြစ်နိုင်ရင် ဘူးတွေထဲမှာ ထည့်သိမ်းထားတဲ့ ရေတွေကို  မသောက်ပါနဲ့။ မီးဖိုချောင်ထဲက ဘုံဘိုင်မှာ ရေစစ်ခေါင်းလေး တပ်ထားပါ။ ရေခဲ သေတ္တာထဲကို ရေထည့်ရင် ဖန်ချိုင့်လေးနဲ့ ထည့်ပါ။ ဒါ့အပြင် ရေချွေတာတယ် ဆိုတာမှာ လျှော့သုံးတာ အပြင် မသုံးမဖြစ် သုံးရတဲ့ ရေကိုတောင် တခြား နေရာမှာ အသုံးပြုလို့ ရအောင် ကြိုးစား နိုင်ပါသေးတယ်။ ဥပမာ-ကြက်ဥပြုတ်ပြီး ကျန်တဲ့ရေမှာ ကယ်လ် ဆီယမ်တွေပါတဲ့ အတွက် သစ်ပင်ရေလောင်း လိုက်တာမျိုးပေါ့။

ကဲ...မနက်စာအတွက် ပြင်ဆင်ရင်း ကမ္ဘာမြေကို ကယ်တင် ကြဦးစို့လေ။ မနက်စာမှာ ဖြစ်နိုင်ရင် အသားထက် ဂျုံနဲ့ ဟင်းသီးဟင်းရွက်ကို ပိုစားတာ ကောင်းပါတယ်။ ဂျုံတစ်ကီလိုရ အောင် ရေ ၁၄၀ လီတာ အသုံးပြုရပြီး အမဲသား တစ်ကီလို ရအောင်တော့ ရေ ၄၄၀၀ လီတာ အသုံးပြုရပါတယ်။ အသား လျှော့စားတာဟာ သယံဇာတ အရင်းအမြစ်ကို ထိန်းသိမ်းရာ ရောက်ပါတယ်။ ငါးစားရင်လည်း အကောင် ငယ်ငယ်ထက် အကောင် ကြီးကြီးကိုပဲ ပိုစားသင့်ပါတယ်။ အကောင် ငယ်လေးတွေမှာ ကြီးပြင်း လာနိုင်တဲ့ အခွင့်အရေးလည်း ရှိနေသေးတာကိုး။ ငါးမျှားစာနဲ့ ပုစွန်မျှားစာတွေ အဖြစ် အသုံးပြုကြတဲ့ ငါး သိမ်ငါးမွှားလေးပေါင်း ၂၅ ဘီလီယံ ဂရမ်လောက်ဟာ နှစ်စဉ်နှစ်တိုင်း သေဆုံး နေရပါတယ်။ ငါးဖမ်း နည်းတွေကြောင့် သေသွားရတဲ့ ငါး၊ ပင် လယ်ငှက်နဲ့ ငါးမန်းတွေလည်း မနည်းလှပါဘူး။

ဒါ့အပြင် ပုစွန် မွေးမြူရေးကလည်း အကောင် သေးတဲ့ ရေသတ္တ၀ါတွေကို သတ်ရာ ရောက်ပါတယ်။ လူတစ်ယောက်ဟာ ပုစွန် မစားဘဲ နေလိုက်ရင် တစ်နှစ်ကို ရေသတ္တ၀ါ ၅၀၀ ကီလို ဂရမ်လောက်ကို အသက် ကယ်တင်ရာ ရောက်ပါလိမ့်မယ်။
ခုနောက်ပိုင်း လူအများစုက အမြန်ရ အစားအစာတွေကို ၀ယ်စားရတာ ဂုဏ်တစ်ခုလို၊ ခေတ်မီသလို ခံစားလာကြပါတယ်။ အမှန်တော့ အမြန်ရ အစားအစာတွေ အားလုံးက လူကို အန္တရာယ် ပေးတာမို့ သေသေချာချာ ချက်ပြုတ် စားရတဲ့ အနှေးရ အစား အစာမျိုးတွေကို စားသင့်ပါတယ်။ အစားအစာကို အသင့်ရတာတွေ ၀ယ်မစားဘဲ ကိုယ့် ဘာသာ ချက်ပြုတ်စားပါ။ ချက်ပြုတ်တဲ့ အခါမှာလည်း ပေါင်းအိုးနဲ့ ဟင်းချက်တာဟာ ဒယ်အိုး ရိုးရိုးနဲ့ ချက်တာထက် ပိုမြန်မြန် ကျက်စေသလို  စွမ်းအင်လည်း ၅၀ ကနေ ၇၅ %အထိ ချွေတာရာ ရောက်တာမို့ ဟင်းချက်ရင် ပေါင်းအိုး Pressure Cooker သုံးတာ ကောင်းပါတယ်။ အကြော် အလှော်အတွက် ဒယ်အိုး သုံးသင့်တယ် ဆိုပေမယ့် သင်ကလျင်ရင် ကမ္ဘာမြေကို သင် ကယ်တင် နိုင်ဦးမှာပါ။ ဒယ်အိုးဆိုလည်း မကပ်တဲ့ အိုးတွေမှာ ကြော်လှော်လိုက်ရင် ထွက်လာတဲ့ မီးခိုးဟာ တချို့ငှက်ငယ်လေးတွေကို သေစေတာမို့ သာမန် စတီးလ်အိုးမျိုးကို သုံးသင့်ပါတယ်။ ဟင်းချက် ရင်လည်း မလိုအပ်ဘဲ အဖုံး ဖွင့်ချက်တာမျိုးထက် ပိတ်ချက်တာမျိုးက နူးလွယ်သလို စွမ်းအင်သုံးရ သက်သာစေပါတယ်။

အသားနဲ့ ဟင်းသီးဟင်း ရွက်တွေကိုလည်း ခပ်သေးသေး လှီးချွတ် ပြင်ဆင်ရင် နူးလွယ်ကာ မလိုအပ်ဘဲ အိုးအကြီးကြီးတွေ မသုံးသင့်ပါဘူး။ နောက်တစ်ခုက ဟင်းဆိုတာ ကျက်ပြီးရင် နောက်ထပ် အပူပေး ထားစရာ မလိုပါဘူး။ ထမင်းစား စားပွဲပေါ်အထိ မီး အပူလိုက် ပေးနေတဲ့ ဟင်းပွဲမျိုးကို မစားပါနဲ့။

မီးဖိုချောင်ကို တာဝန် ယူနေရတဲ့ သင်တို့ ကတော့ ကမ္ဘာမြေကို ပိုပြီး ကယ်တင်ခွင့်ရမှာပါ။ သင် ဘာလုပ် နိုင်မလဲ။ မီးဖိုချောင်မှာ မချက် ပြုတ်ခင် ပြင်ဆင်တာကနေ စကြတာပေါ့။ ဆိုပါတော့ ရေခဲသေတ္တာ။ ရေခဲ သေတ္တာထဲမှာ ထည့်ထားတဲ့ အစားအစာတွေကို ပလတ်စတစ် အကြည်လွှာ ပါးပါးနဲ့ အုပ်မယ့်အစား ပန်းကန်ပြားနဲ့ အုပ်တာက အစားအစာထဲက ရေငွေ့ဓာတ်ကို ပိုထိန်းထား ပေးနိုင်ပါတယ်။

ရေခဲ သေတ္တာရဲ့ အတွင်းပိုင်း အပူချိန်ဟာ ၃-၅ ဒီဂရီအတွင်းလောက်သာ ရှိသင့် ပါတယ်။ အနောက်ပိုင်းက ကွိုင်တွေ ဖုန်တက်နေရင်လည်း စွမ်းအင်သုံးမှု ပိုနိုင်တာမို့ ဖုန်မှန်မှန် သုတ်ဖို့ လိုပါတယ်။ ရေခဲ လွန်းတာမျိုး မဖြစ်အောင်လည်း သတိ ထားသင့်ပါတယ်။ ရေခဲသေတ္တာကို အိမ်ရဲ့အေးတဲ့ နေရာမျိုးမှာ ထားသင့်ပါတယ်။ တံခါးလုံမှုလည်း စစ်ဆေး ပေးသင့်ပါတယ်။ မလိုအပ်ဘဲ လည်း တံခါးကို အကြာကြီး ဖွင့်မထားပါနဲ့။ ရေခဲသေတ္တာဆိုလည်း အတတ်နိုင်ဆုံး ရှင်းလင်း ထားသင့်ပါတယ်။ ပစ္စည်း အများကြီးလည်း မထည့်ထား သင့်ပါဘူး။ ဒါမှ ကိုယ်လိုချင်တာကို အမြန်ဆုံး ရှာနိုင်မှာပါ။ ရေခဲသေတ္တာ တံခါးကို တစ်ခါဖွင့်တိုင်း လေအေးတွေရဲ့ ၃၀% လောက်ထွက်သွား တတ်တာမို့ မလိုအပ်ဘဲ ရေခဲ သေတ္တာ တံခါးကို အချိန်အကြာကြီး မဖွင့်ထား သင့်ပါဘူး။

နောက်တစ်ခုက အခုနောက်ပိုင်း လူတွေက ရာသီပေါ် သီးနှံဆိုတာထက် ဆယ့်နှစ်လရာသီ အချိန်မရွေး ၀ယ်လို့ရတဲ့ အသီးအနှံမျိုးတွေကို အားပေး လာကြတာပါ။ ဒီအတွက် ကိုယ့်ဒေသမှာ မထွက်နိုင်ချိန် သူများဒေသမှာ ထွက်နေတဲ့ သီးနှံတွေကို နိုင်ငံခြား ငွေနဲ့ သွင်းလာကြတာပါ။ နိုင်ငံခြားက လာတဲ့ အသီးအနှံတွေကိုမှ စားချင်စရာလို့ မယူဆပါနဲ့။ စူပါ မားကက်တွေမှာ တစ်နှစ်ပတ်လုံး ၀ယ်ယူ ရရှိနိုင်တဲ့ စားစရာထက် သူ့အချိန်နဲ့ သူမှ ရတတ်တဲ့ ရာသီပေါ် ဒေသထွက် အသီးအနှံတွေကို အားပေးတာက ပိုကောင်း ပါတယ်။

ပြီးတော့ ကျန်းမာရေး အတွက်ရယ်၊ သဘာဝ ပတ်ဝန်းကျင် ကောင်းဖို့ အတွက်ရယ် ရည်ရွယ်ပြီး ရေနွေးကြမ်းပဲ သောက်မယ် ဆိုရင်တောင် အသင့် စိမ်နိုင်မယ့် လက်ဖက်ခြောက်ထုပ်မျိုး ဆိုရင် တစ်ခါလောက် ရေနွေးဖျောပြီး ရုံနဲ့ လွှင့်မပစ်ပါနဲ့။ အနည်းဆုံး နှစ်ခါလောက် အကျရည် ယူသင့်ပါတယ်။ အကောင်းဆုံးကတော့ လက်ဖက်ခြောက်ဖတ်ကို ကိုယ်လိုသလောက် ခတ်တာမျိုးပေါ့။ နောက်တော့ လွှင့်ပစ်ရမယ့် လက်ဖက်ခြောက် ဖတ်တွေဆိုလည်း မြေဆွေးလုပ်ဖို့ ကြိုးစားရပါမယ်။ ဒီအတိုင်းပဲ မြေကြီးပေါ် လွှင့်ပစ်ရင်တောင် မြေဆီသြဇာ အတွက် ကောင်းစေတာမို့ လက်ဖက်ခြောက်ဖတ်တွေကို မြေကြီး ပေါ်ပဲ လွှင့်ပစ်ပေးပါ။

နောက်ထပ် ကမ္ဘာမြေကို ကယ်တင်နိုင်တဲ့ အပြုအမူကတော့ စွန့်ပစ်ရမယ့် ပစ္စည်း အဟောင်းတွေကို ပြန်လည်ကြိတ်ခွဲ အသုံးချဖို့ ကြိုးစားခြင်းပါပဲ။ အလူမီနီယံ ဘူးခွံ တစ်ခုကို ပြန်လည်ကြိတ်ခွဲ အသုံးပြုရင် ချွေတာ ဖြစ်လိုက်တဲ့ စွမ်းအင်ဟာ တီဗွီ တစ်လုံးကို သုံးနာရီကြာ ဖွင့်ထားနိုင်စေပါတယ်။

ဒါ့အပြင် အလူမီနီယံ ဘူးခွံတွေကို ပြန်လည် ကြိတ်ခွဲတဲ့ နေရာပို့တဲ့ အခါ ဘူးတွေကို ပြားချပ်အောင် လုပ်ပြီးမှ ပို့တာက ပိုကောင်းပါတယ်။ ဒါမှ သယ်ရတာ ပေါ့ပါးပြီး နေရာလည်း မယူတော့ အခေါက်ခေါက် အခါခါ မဖြစ်မှာပါ။ ဖန်ပုလင်းတွေဟာ ပြန်လည်ကြိတ်ခွဲ အသုံးပြုဖို့ အလွန်လွယ်တဲ့ အရာတွေပါ။ ဖန်တစ်တန် ရဖို့အတွက် သဲ၊ ပြာနဲ့ ထုံးကျောက် ၁.၂ တန်၊ ဆီ ၁၃၅ လီတာ သုံးစွဲရ တာမို့ ဖန်ကို ကြိတ်ခွဲတာ သဲ၊ ပြာ၊ ထုံးကျောက်နဲ့ ဆီတွေကို ချွေတာရာ ရောက်ပါတယ်။ ဒီအရာတွေကနေ စွမ်းအင်ကို ထုတ်ယူမယ် ဆိုရင် ရုပ်မြင် သံကြားစက် တစ်လုံးကို မိနစ် ကိုးဆယ်လောက် ဖွင့်ထားလို့ရမယ့် စွမ်းအင်ကို ရမှာပါ။ အခု နောက်ပိုင်းမှာ ဓာတုဗေဒ ပစ္စည်း တစ်မျိုးဖြစ်တဲ့ ထရိုင် ကလိုဆင်နဲ့ ပြုပြင်ထားတဲ့ ပိုးသတ်နိုင်တဲ့ စဉ်းတီတုံး ပလတ် စတစ်ပြားတွေ ခေတ်စားလာပါတယ်။ ဒါပေမယ့် အဲဒါကြောင့်ပဲ ပိုးတွေက ဆေးမှန်သမျှကို ယဉ် ပါးလာတတ်တာပါ။ ဒါကြောင့် အရင်ကလို သစ်သား စဉ်းတီတုံးတွေကို သုံးသင့်ပါတယ်။

နောက်ထပ် စဉ်းစား ရမှာကတော့ အိမ်မွေး တိရစ္ဆာန်နဲ့ တောရိုင်း တိရစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ အကြောင်းတွေပါ။ အိမ်မွေး တိရစ္ဆာန်ဖြစ်တဲ့ ကြောင်တွေဟာ သဘာဝ ပတ်ဝန်းကျင် အတွက် ဆိုးကျိုး ပေးတတ်ပါတယ်။ ဗြိတိန်မှာ အိမ်မွေး ကြောင် ၈ သန်း ရှိတာမှာ တစ်နှစ်ကို ငှက်နဲ့ တခြားတွားသွား သတ္တ၀ါငယ်လေး အကောင် သန်း ၃၀၀ သေဆုံး ရပါတယ်။

ကြောင်တစ်ကောင်ကို ဆယ်ရက်မှာ ငှက်တစ်ကောင်နှုန်း သတ်စားတဲ့ သဘော ဖြစ်နေတာပါ။ ဒါကြောင့် ကြောင်မွေးထားမိရင် ငှက်တွေပေါများတဲ့ မနက် နေထွက်ကနေ ညနေ နေ၀င်ချိန် အတောအတွင်း အိမ်ထဲက အိမ်ပြင် မထွက်အောင် ထိန်းထား ပေးပါ။ သဘာဝ အလျောက် ကြီးပြင်းနေတဲ့ တိရစ္ဆာန်တွေကို အစာကျွေးတာဟာလည်း ပြဿနာ ဖြစ်စေပါတယ်။ လူတွေက ချစ်လို့၊ သနားလို့ ကျွေးကြပေမယ့် သူတို့ သဘာဝ အလျောက် ရှာစားတတ်တဲ့ အလေ့အကျင့်ကို ထိခိုက် စေသလို သူတို့နဲ့ မသင့်တော်တဲ့ အစာမျိုးတွေ ဖြစ်နေတတ်တဲ့ အတွက်လည်း တိရစ္ဆာန် တွေမှာ ဝေဒနာ ခံစားရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အမှိုက်ပုံးတွေကို စနစ်တကျ ဖုံးထား သိမ်းထားတာမျိုးလည်း လုပ်သင့်ပါတယ်။ နို့ မဟုတ်ရင် တိရစ္ဆာန်တွေက အမှတ်မထင် စားမိပြီး အန္တရာယ် ဖြစ်နိုင်တာမျိုးပါ။

စားစရာ ပြီးတော့ ၀တ်စရာနဲ့ ပြင်စရာပေါ့။ လူငယ်ဆိုတာ ၀တ်စား ပြင်ဆင်မှုနဲ့ ကင်းနိုင်တာမှ မဟုတ်ဘဲ။ ဒါပေမယ့် ကမ္ဘာမြေကို ကယ်တင်ရာ ရောက်မယ့် ၀တ်စား ပြင်ဆင်မှုတွေ လုပ်နိုင်ရင် အကောင်းဆုံးပေါ့။ ကဲ.. စဉ်းစားရအောင်။ ဆီအုန်းကို မာဂျရင်းတို့၊ မျက်နှာ ခရင်မ်တွေမှာ သုံးတတ်ကြပါတယ်။ အဲဒီ နေရာတွေမှာ ချောမွတ်အောင် သုံးနိုင်ပေမယ့် သဘာဝ ပတ်ဝန်းကျင် အတွက်တော့ ကြမ်းတမ်းစေတယ်။ ဆီအုန်းစိုက်တာ မြေဆီလွှာတွေကိုလည်း ပျက်စီးစေတယ်။

ဒါကြောင့် နေကြာဆီ၊ သံလွင်ဆီတွေကို အစားထိုး သုံးသင့်ကြပါတယ်။ နေရောင်ခြည်ဒဏ်ကို ကာ ကွယ် ပေးနိုင်တယ် ဆိုတဲ့ ခရင်မ်တွေ ခုနောက်ပိုင်းမှာ ခေတ်စား လာပါတယ်။ တကယ်တော့ အဲဒီထဲမှာ ပါတဲ့ ဓာတုပစ္စည်းတွေက ကင်ဆာကို ဖြစ်စေသလို လိင်ဖွံ့ဖြိုးမှုကို ဖြစ်စေတဲ့ အီစထရို ဂျင်ဟော်မုန်းကို ပိုထွက် စေတတ်ပါတယ်။ ဒါကြောင့် ရှားစောင်း လက်ပတ်လို၊ လက်ဖက်စိမ်းလို သဘာဝ ပစ္စည်းတွေကနေ ထုတ်ထားတဲ့ နေရောင်ခြည် ကာကွယ်ဆေးတွေလောက်သာ သုံးသင့်ပါတယ်။

ဂျင်းဘောင်းဘီ တစ်စုံ အတွက် ပိုးသတ်ဆေးနဲ့ မြေသြဇာဆေး ၃၀၀ ဂရမ်မက သုံးရပါတယ်။ အော်ဂဲနစ်ဂျင်းဘောင်းဘီမျိုးကို ရှာဝတ်နိုင်ရင် ပိုကောင်းတာပေါ့။ ပိတ်စတွေ ဆိုရင်လည်း ကော့စတစ် ဆော်ဒါလို ချည်ပျော့ဆေးတွေလို ဓာတုဆေးတွေ သုံးထားကြတာမို့ အနံ့မှာကိုက ဆေးစော် နံနေတာကို သတိ ထားမိကြမှာပါ။ အမှန်ကတော့ သဘာဝ ဆိုးဆေးတွေ သုံးပြီး ရက်လုပ် ထားတဲ့ ချည်မျိုးကို ၀တ်နိုင်ရင်တော့ အကောင်း ဆုံးပါပဲ။ ကမ္ဘာ့ စိုက်ပျိုးမြေ မြေဧရိယာရဲ့ ၂.၅% မှာသာ ၀ါဂွမ်း စိုက်ပျိုးပေမယ့် ကမ္ဘာ့ပိုးသတ် ဆေးအားလုံးရဲ့ ၂၅% ကို ၀ါဂွမ်းစိုက်ပျိုးရေး အတွက် သုံးနေပါတယ်။

ဒါကြောင့် အော်ဂဲနစ် ၀ါဂွမ်းချည်တွေကို ရွေးဝယ်ခြင်းအားဖြင့် ပိုးသတ် ဆေးသုံးပြီး စိုက်ပျိုးမှုတွေ လျော့ကျသွားအောင် ကြိုးစားသင့်ပါတယ်။ အ၀တ်လျှော် ဆပ်ပြာရည်တွေထဲမှာ ဖော့စဖိတ်တွေ ပါတတ်ပါတယ်။ ဖော့စဖိတ်ဟာ ရေစေးကို ရေသွက်ဖြစ်စေပါတယ်။ ဒါပေမယ့် ဖော့စဖိတ်ဟာ ရေညှိတွေကို ဖြစ်စေတတ်ကာ ရေထဲမှာ ရှိတဲ့ အောက်ဆီဂျင်ကို ရေညှိက သုံးစွဲ ပစ်လိုက်ပါတယ်။ ဒါကြောင့် ဒီရေတွေနဲ့ ထိတွေ့တဲ့သစ်ပင်နဲ့ သတ္တ၀ါငယ် လေးတွေမှာ အောက်ဆီဂျင် မရဘဲ ပျက်စီးတတ် ပါတယ်။ ဒါကြောင့် အ၀တ်လျှော် ဆပ်ပြာရည် ပဲဖြစ်ဖြစ် သန့်ရှင်းရေး ဆေးရည် တစ်မျိုးပဲဖြစ်ဖြစ် ဖော့စဖိတ် မပါတာကို ရွေးသုံး သင့်ပါတယ်။

နောက်တစ်ခုက သိုးမွေးပါ။ သိုးမွေးက သဘာဝ ထွက်ကုန်ဖြစ်ပေမယ့် သိုးမွေးထုတ် လုပ်တဲ့လုပ်ငန်း အဆင့်ဆင့်ကတော့ သဘာဝ ပတ်ဝန်းကျင် အတွက် ကောင်းလှတဲ့ အရာ မဟုတ်ပါဘူး။ ဓာတု ပစ္စည်းအများအပြားကို သိုးမွေး ရိတ်ရာနဲ့ မကျုံ့အောင် လုပ်ရာတွေမှာ သုံးရပါတယ်။ အဲဒီဓာတု ပစ္စည်းတွေက ကင်ဆာလှုံ့ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် သိုးမွေးပစ္စည်းတွေ သုံးတာကို သတိ ထားကြရပါမယ်။ သဘာဝနည်းနဲ့ ထုတ်တဲ့ သိုးမွေးချည်ကို ရှာနိုင်ရင်တော့ တစ်မျိုးပေါ့။ ပရုတ်လုံးတွေထဲမှာ ပါတဲ့ ဓာတ်ပစ္စည်းတွေက အဆိပ်အတောက် ဖြစ်စေတာမို့ သဘာဝ ပန်းခြောက်လို အမွှေးနံ့သာ အိတ်လေးတွေကိုပဲ အနံ့ပြယ်ဆေး အဖြစ် သုံးသင့်ပါတယ်။

ပြီးတော့ တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်ရင်း ကမ္ဘာမြေကို ကယ်တင်ကြတာပေါ့။ ဒီလိုလေ ရေချိုးကန်ထဲ စိမ်ချိုးရင် ရေလီတာ ၈၀ လောက် ကုန်ပြီး ခပ်ချိုး၊ ရပ်ချိုးရင်တော့ အဲဒါရဲ့ တစ်ဝက်ပဲ ကုန်ပါတယ်။ ဒါပေမယ့် ခပ်ချိုး ရပ်ချိုးချိန်ဟာ ၅ မိနစ်ထက် မကျော်မှဖြစ်မှာပါ။ ဒီတော့ ရေကို ချွေတာ ချိုးကြတာပေါ့။ နောက်တစ်ခါ ဆံပင်တွေကို အခြောက်ခံစက်နဲ့ မှုတ်မယ့်အစား လေထဲမှာပဲ သဘာဝ အတိုင်း ခြောက်သွေ့အောင် ကြိုးစား သင့်ပါတယ်။

ဒါဟာ စွမ်းအင်ကို ချွေတာရာ ရောက်သလို ဆံပင်ကို ကြွပ်ဆတ်ဆတ် ဖြစ်စေမှုကနေ ကာကွယ်ရာလည်း ရောက်ပါတယ်။ နောက်တစ်ခု ကတော့ ဆံပင်ဆိုးဆေးတွေမှာ ပါတဲ့ ပါအောက်ဆိုဒ်၊ အမိုးနီးယားတို့လို ဓာတု ဆေးတွေကြောင့် မှန်မှန် သုံးသူတွေမှာ ဆီးအိမ်၊ သွေးနဲ့ ပြန်ရည်ကျိတ် ကင်ဆာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆံပင်ကို မကြာခဏ မဆိုးမိပါစေနဲ့။ ဒါ့အပြင် အရေးကြီးတဲ့ နောက်အချက်ကတော့ ခုနောက်ပိုင်း ဆံပင်နဲ့ အရေပြား ဆိုင်ရာ အလှကုန်တွေမှာ“အော်ဂဲနစ်”လို့ ရေးလာကြတာပါ။ တကယ်တော့ သူတို့ရဲ့ အလှကုန် တစ်ခုလုံးက အော်ဂဲနစ် အစစ် ဖြစ်ချင်မှ ဖြစ်နေတတ်တာပါ။

တစ်စိတ် တစ်ပိုင်းကပဲ အော်ဂဲနစ် ထုတ်ကုန်ကို သုံးထားတာမျိုးပေါ့။ ဒါကြောင့် ယုံကြည် စိတ်ချရမယ့် အဖွဲ့အစည်းတွေရဲ့ ထောက်ခံမှု ရပြီး ထုတ်တဲ့ ပစ္စည်းမျိုးဟုတ်၊ မဟုတ် မျက်စိလျင်လျင် ထားပြီးရှာသင့် ပါတယ်။ အလှကုန်ရဲ့ ပါဝင်တဲ့ ပစ္စည်းတွေကို ဖော်ပြရာမှာ အင်္ဂလန်က  Soil Association ၊ အမေရိကက National Organic Program အဖွဲ့အစည်းတွေရဲ့ အော်ဂဲနစ် ပစ္စည်းဖြစ်ကြောင်း အသိအမှတ်ပြုမှု ပါမှသာ အော်ဂဲနစ် အစစ်အမှန်လို့ ယုံကြည် စိတ်ချစေချင်ပါတယ်။

နောက်တစ်ခုကတော့ ချိုင်းချွေးနံ့ ပျောက်ဆေးတွေ ဆိုတာမှာ အမိုးနီးယားတွေ ပါတတ်သလို အမွှေးနံ့သာတွေ အများကြီး သုံးထား တတ်တာပါ။ ဒါကြောင့် သွေးအဆိပ် ဖြစ်တတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဟိုးအရင်ကလို ကျောက်ချဉ် စိမ်ရေဖြစ်ဖြစ်၊ ထုံးကျက် တက်ရည်ဖြစ်ဖြစ်၊ နောက်ဆုံး မုန့်ဖုတ်ဆော်ဒါ ရေစိုစိုဖြစ်ဖြစ် ချိုင်းမှာ ဆွတ်တာမျိုး လုပ်သင့်ပါတယ်။ အရေပြား တင်းရင်းစေတဲ့ ဆေးမျိုးတွေဟာလည်း သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက် စေတတ်ပါတယ်။

အဲဒီအတွက် နှင်းဆီပွင့်ဖတ်စိမ် ရေကို အစားထိုး သုံးသင့်ပါတယ်။ နှင်းဆီပွင့်ဖတ်တွေကို ရေနွေးထဲမှာ အနံ့တွေ ရေထဲ  စွဲသွားတဲ့ အထိ စိမ်ထားပြီးမှ ပွင့်ဖတ်တွေကို ဖယ်ကာ နှင်းဆီနံ့ သင်းတဲ့ ရေကို ရေခဲသေတ္တာထဲ သိမ်းထားလိုက်ပါ။ တစ်ပတ်လောက်တော့ အထား ခံပါတယ်။ နှင်းဆီ ပွင့်ဖတ်ရေက မျက်နှာ အသားအရေကို ပျော့ပြောင်း စေပါတယ်။ မျက်နှာ ပေါင်းတင်ဖို့ ဆိုရင်လည်း ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ကွေကာအုတ် ၁ ဇွန်းနဲ့ ပျားရည် ၁ ဇွန်းကို ရောကာ ၁၅ မိနစ်  လောက် မျက်နှာပေါ်မှာ လိမ်းထားပြီး ရေနွေးစိမ် အ၀တ်လေးနဲ့ သန့်ရှင်း သင့်ပါတယ်။ ဒိန်ချဉ်က ချေးကင်းအောင် လုပ်ပေးပြီး ကွေကာအုတ်က ပျက်စီးနေတဲ့ အရေပြားလွှာ ကွာစေပါတယ်။

ဖိနပ်ဝယ်ရင်လည်း သားရေအစစ် ဖိနပ်တွေကို ရှောင်စေချင်ပါတယ်။ သားရေ ဖိနပ်တွေရဲ့ ၉၅% ဟာ ဓာတုဆိုးဆေးတွေ သုံးထား ရတာမို့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ ဖိနပ်ကိုလည်း အရန်တွေ အများကြီး ၀ယ်ထားတာထက် နည်းနည်းကိုပဲ ကြာကြာခံအောင် တရိုတသေစီးတာမျိုး လုပ်သင့်ပါတယ်။

ဖိနပ်ကို အရောင်တင်တဲ့ အခါမှာလည်း ဓာတုဗေဒ ပစ္စည်းတွေ ပါဝင်တဲ့ ဈေးကွက်ထဲက ပေါ်လစ်ဆေးတွေ မသုံးသင့်ပါဘူး။ သံလွင်ဆီလေး တစ်စက်၊ နှစ်စက်ဖြစ်ဖြစ် သံပုရာရည်လေး နည်းနည်းဖြစ်ဖြစ်က သင့်ဖိနပ်ကို အမှန်တကယ် တောက်ပတဲ့ အရောင်နဲ့ အသွင်ကို ပြောင်းစေမှာပါ။

ကိုင်း၊ နောက်ထပ်လည်း နိစ္စဓူဝ ရင်ဆိုင်ကြုံတွေ့ နေရသမျှတွေမှာ ကမ္ဘာမြေကို ကယ်တင်ရင်း သင် ဘာတွေ လုပ်နိုင်ဦးမလဲ။ ကြည့်ကြရအောင်။ ဘက်ထရီ သုံးရင် အဆိပ် ဖြစ်စေတဲ့ ပစ္စည်းတွေ ထွက်တတ်တာမို့ ပြန်လည် အားသွင်းလို့ရတဲ့ အယ်လ်ကာလိုင်း ဘက်ထရီကို သုံးသင့်ပါတယ်။ လေအေးစက် ဆိုလည်း မြင်းကောင်ရေ အားများရင် မြန်မြန် အေးတတ်ပေမယ့် စွမ်းအင် ပိုသုံးရသလို အခန်းတွင်း စိုထိုင်းမှုကို အပြည့်အ၀ မလျှော့ချ ပေးနိုင်ပါဘူး။ မြင်းကောင်ရေ အားသေးတဲ့ လေအားစက်တွေက အေးဖို့ အချိန် ယူတတ်ပေမယ့် စွမ်းအင်လည်း သိပ်မသုံးသလို စိုထိုင်းမှုကိုလည်း သိသိသာသာ လျှော့ချ ပေးနိုင်ပါတယ်။ တစ်နေ့မှာ အမှိုက်တစ်စ ကောက်ပြီး အမှိုက်ပုံးထဲ ထည့်တဲ့ အကျင့်ကို လုပ်ပါ။ ချက်ချင်း မသိသာပေမယ့် လူတိုင်းက ဒီအလုပ်ကို လုပ်ဖြစ်ရင် တစ်နေ့နေ့မှာ အမှိုက်ကင်းတဲ့ ပတ်ဝန်းကျင် ဖြစ်လာမှာပါ။

အိမ်တွင်း ပစ္စည်းတွေကို သန့်ရှင်းရေး လုပ်တဲ့ အခါမှာလည်း ကမ္ဘာမြေကို ကယ်တင်ရင်း လုပ်လို့ ရပါတယ်။ ကြေးနီ၊ ကြေးဝါအသုံး အဆောင်တွေကို ဓာတု ဆေးရည်တွေနဲ့ မဆေးဘဲ သဘာဝဆေးနည်းကို သုံးကြည့်သင့်ပါတယ်။ ချည်စလေး တစ်စကို ရေနွေးပူပူထဲမှာ စိမ်ပြီး ရေထဲကို ဆားလက်ဖက်ရည် ဇွန်းတစ်ဇွန်းနဲ့ ရှာလကာရည်တစ်ခွက် လောက်ထည့်၊ ကြက်သီးနွေး လောက်ထိ အအေးခံပြီးရင် အဲဒီရေနဲ့ စိမ်ထားတဲ့ အ၀တ်စကို ကြေးထည် ပစ္စည်းတွေပေါ်မှာ ပွတ်သပ်ပြီး အညစ်အကြေးတွေကို ရှင်းပါ။ ပြီးမှ ခြောက်အောင် သုတ်ပါ။ တချို့ အစွန်းအထင်းနဲ့ အညစ်အကြေးက ခေါင်းမာနေရင် ခုနက ရေထဲကို မုန့်ဖုတ် ဆော်ဒါဖြစ်ဖြစ်၊ သံပရာရည် ဖြစ်ဖြစ် နည်းနည်းလောက် ထည့်ပေးပါ။

ရှာလကာရည်ကို အိမ်သုံးပစ္စည်း၊ မိးဖိုချောင်နဲ့ ကြမ်းခင်းတွေ အတွက် သန့်ရှင်းရေးမှာ သုံးရုံနဲ့ မပြည့်စုံ သေးပါဘူး။ ခေါင်းလျှော်တဲ့ အခါ အဖြူရောင် ရှာလကာရည်ကို သုံးရင် အရောင် တောက်ပသလို ဆံပင်သား လင်းတက်လာနိုင်ပါတယ်။ ရှာလ ကာရည်တစ်ဆ၊ ရေလေးဆ ရောပြီး သုံးရမှာပါ။ ဖယောင်းတိုင် ဆိုလည်း ရေနံဆီ၊ ဓာတ်ဆီ အခြေ ခံတွေပါတာမို့ ပျားဖယောင်းလို အန္တရာယ် ကင်းတာမျိုးကို သုံးသင့်ပါတယ်။ ရေဆိုးပိုက်တွေ ပိတ်နေရင် အများအားဖြင့်တော့ ချေးပျော်ဆေးရည် မျိုးလောင်းပြီး ဆေးတတ်ကြပါတယ်။ အဲဒီဆေး မျိုးတွေက ဓာတုဗေဒ ပစ္စည်းတွေ အများကြီး ပါတာမို့ သဘာဝကို ထိခိုက်စေပါတယ်။

မုန့်ဖုတ် ဆော်ဒါနဲ့ ရှာလကာရည်ကို အပူနည်းနည်း ပေးပြီး သုံးရင်လည်း အလားတူ ထိရောက်တာကို တွေ့ ရမှာပါ။ ပလတ်စတစ် ထုတ်ဖို့ ကမ္ဘာ့ စက်သုံးဆီ ရင်းမြစ်ရဲ့ ၈ %ကို သုံးစွဲ နေရပါတယ်။ ဒါ့အပြင် ပလတ်စတစ်တွေဟာ တော်ရုံနဲ့ ဆွေးမသွားတဲ့ အတွက် မြေဆီမြေသားနဲ့ ရောထွေးပျောက်ပြယ် သွားဖို့ဆိုရင် နှစ် ၅၀၀ လောက် ကြာတာပါ။ ဒါကြောင့် ဈေးဝယ်သွားတဲ့အခါ ကိုယ့်ကိုယ်ပိုင် အိတ်ကလေးတွေ ယူသွားပါ။ ဂုန်နီအိတ် ဖြစ်ဖြစ်၊ စက္ကူအိတ်ဖြစ်ဖြစ် ကောင်းပါတယ်။

ပလတ်စတစ် ဆိုတာ သဘာဝကို အန္တရာယ် ပြုတာမို့ ကစားစရာတွေမှာ ပလတ်စတစ် ပါတာနဲ့ ဘက် ထရီပါတာတွေကို ရှောင်သင့်ပါတယ်။ စာရွက် တစ်တန်ကို ပြန်အသုံးချရင် သစ်ပင် ၁၇ ပင်ကို မခုတ်ရအောင် စောင့်ရှောက်ရာကျပါတယ်။ ဒါကြောင့် သတင်းစာတွေကို ဘော်တယ်ဆိုင် တွေဆီ ပြန်ရောင်းစားပါ။ ပြန်လည် ကြိတ်ခွဲထားတဲ့ စက္ကူကို သုံးပါ။ အဲဒီ စက္ကူတွေဟာ သာမန် စက္ကူတွေလို ကလိုရင်းနဲ့ အရောင် တောက်ပစေတဲ့ ဓာတုပစ္စည်းတွေ မပါတဲ့ အတွက် အပင်နဲ့ တိရစ္ဆာန်တွေကို ဒုက္ခပေးမှာ မဟုတ်ပါဘူး။

အလုပ်ထဲမှာ ဆိုရင်ကော။ အလုပ်မှာ ထမင်း စားနားခိုက် ဆိုရင် သင့်ကွန်ပျူတာ မော်နီတာကို ပိတ်ခဲ့ပါ။ စကရင်ဆေဗာက စွမ်းအင်တွေကို ဖြုန်းတတ်တာမို့ မသုံးပါနဲ့။ မော်နီတာ မီးသက် သက်ကို ခဏပိတ်ထားတာက စွမ်းအင်ကို ထိထိရောက်ရောက် ချွေတာတာပါ။

အဲဒီလိုပဲ အသုံး မပြုတဲ့ လျှပ်စစ် ပစ္စည်းတွေကို ပလတ် ဖြုတ်ထားပါ။ ပလတ် တပ်ထားရင်တောင် စွမ်းအင်ကို အသုံး ပြုနေရတာမို့ မသုံးဘူး ဆိုရင် ပလတ်တောင် မတပ်ထားပါနဲ့။ အယ်လ်စီဒီ တီဗွီနဲ့ ကွန်ပျူတာ တွေဟာ မျက်နှာပြင်အပြားပါးပါးလေးတွေမို့ နေရာ သိပ်မယူသလို စွမ်းအင်ကိုလည်း ခါတိုင်း ကက်သုတ်တီဗွီ၊ ကွန်ပျူတာတွေထက် ၃၀% လောက် နည်းပြီးသုံးတာမို့ သုံးစွဲဖို့ အလွန်သင့် တော်တာတွေပါ။

နောက်တစ်ခုက ခေတ်မီ အသုံးအဆောင် တွေလေ။ ဘယ်လိုသုံးရင် ကမ္ဘာမြေကို ကယ်တင်ရာ ရောက်မလဲပေါ့။ အိမ်က မီးသီးတွေကို မှန်မှန် ဖုန်သုတ်ပေးပါ။ ဒါမှ စွမ်းအင်ကို ထိန်းသိမ်းရာ ရောက်ပါမယ်။ လက်ကိုင်ဖုန်း အားသွင်းတာကို အချိန် အကြာကြီး လုပ်စရာ မလိုပါဘူး။ အားသွင်း ပလတ်ခေါင်းကိုလည်း ပလတ်ထဲမှာ အမြဲ တပ်ထားတာမျိုး မလုပ်ပါနဲ့။ ညလုံးပေါက် အားသွင်း ထားတာမျိုး လုံးဝ မလုပ်ပါနဲ့။ အချိန် နည်းနည်းလောက် အားသွင်းရုံနဲ့ လုံလောက်ပါတယ်။ သုံးမိနစ် အားသွင်းထားရင် ရှစ်မိနစ် လောက် စကား ပြောနိုင်ပါတယ်။ သင်ဟာ ဆရာဝန် တစ်ယောက်၊ သမ္မတ တစ်ယောက်  မဟုတ်ဘူး ဆိုရင် ညအိပ်ခါ နီးတိုင်း  မိုဘိုင်းလ် ဖုန်းကို ပိတ်ထားပါ။ စွမ်းအင်ကို ချွေတာရာ ရောက်သလို သင့်ကိုလည်း မလိုလားအပ်တဲ့ ဖုန်းတွေ ၀င်မလာတော့ဘူးပေါ့။ တီဗွီရှေ့မှာ အိပ်ပျော်တတ် သူတွေကို သတိပေးချင်တာက တီဗွီလည်း သင့် လိုပဲ အိပ်ဖို့ လိုအပ်တယ် ဆိုတာပါ။

တကယ် အိပ်တော့မယ် ဆိုရင် တီဗွီကို ပိတ်ဖို့ မမေ့ပါနဲ့။ ပိုးသတ်ဆေးနဲ့ မြေသြဇာ ဆေးတွေကို သုံးစွဲမှုဟာ ကြောက်စရာကောင်းလောက်အောင် တိုးလာနေပါ တယ်။ ၁၉၆၀ ခုနှစ်လောက်က တစ်နှစ်မှာ ပိုးသတ်ဆေးတန်ပေါင်း သန်း ၃၀ လောက် သုံး ကြပြီး အခု အခါမှာတော့ တစ်နှစ်ကို တန်ပေါင်း သန်း ၄၀၀ လောက် သုံးနေကြပါပြီ။ ဒါကြောင့် အတတ်နိုင်ဆုံး ပိုးသတ်ဆေး မသုံးဘဲ သဘာဝ နည်းနဲ့ စိုက်တဲ့ အသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေကိုပဲ အားပေး သင့်ပါတယ်။
တစ်ဦးချင်း အနေနဲ့ စွဲနေတဲ့ အကျင့်တစ်ခု ကတော့ ဆေးလိပ် သောက်တာပါ။ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားကြပါ။ တစ်နှစ်ကို သစ်တောမြေဧရိ ယာ ဟက်တာနှစ်သိန်းလောက်ဟာ ဆေးရွက်ကြီး စိုက်ခင်း အတွက် ခုတ်လှဲခံနေရပါတယ်။ ဒါ ကြောင့် ဆေးလိပ်ဖြတ်လိုက်ရင် သင့်အဆုတ် သန့်ရှင်း လာသလို ကမ္ဘာမြေလည်း သန့်ရှင်း လာမှာပါ။

၂၀၃၀ မှာ တစ်ကမ္ဘာလုံးရဲ့ စွမ်းအင် လိုအပ်ချက်ဟာ ဒီနေ့ လိုအပ်ချက်ထက် သုံးပုံနှစ်ပုံစာ ပိုများလာမှာပါ။ လေစွမ်းအင်၊ နေရောင်ခြည် စွမ်းအင်တွေကို အခုနောက်ပိုင်း ပိုအားကိုး လာပါပြီ။ ဒီစွမ်းအင်တွေ ထုတ်ဖို့ ကုန်ကျ စရိတ်က အလွန် နည်းပါးပါတယ်။ ဒီနှုန်း အတိုင်းသာ စွမ်းအင်သစ် ထုတ်လုပ်မှုတွေ ဆက်ရှိနေရင် နောက် ၁၀ စုနှစ်အတွင်း လူ ၁ ဘီလီယံဟာ စွမ်းအင်သစ်ကို အသုံး ပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ၂၀၅၀ မှာတော့ စွမ်းအင် အားလုံးရဲ့ သုံးပုံ တစ်ပုံကနေ နှစ်ပုံအထိ စွမ်းအင်သစ်တွေ ဖြစ်လာမှာပါ။

နောက်ထပ် အပြုအမူတွေကတော့ မိသားစုလိုက်၊ အစု အဖွဲ့လိုက် လုပ်ကြတဲ့ အပြုအမူ တချို့ပေါ့။ အဲဒီမှာလည်း ကမ္ဘာမြေ ကျန်းမာအောင် သင် လုပ်နိုင်ပါသေးတယ်။ တစ်ပတ်မှာ တီဗွီ ကြည့်ချိန်ထဲက နှစ်နာရီ၊ သုံးနာရီလောက် လျှော့ချသွား သင့်ပါတယ်။ အိမ်တွင်းအောင်းပြီး တီဗွီရှေ့ ခွေခေါက်နေမယ့် အစား ပန်းခြံဝင်း ထဲသွား လမ်းလျှောက်တာ၊ ပြေးတာမျိုးက ကျန်းမာရေး အတွက်ရော သဘာဝ ပတ်ဝန်းကျင် အတွက်ပါ ကောင်းတာပါ။ မိသားစု အပန်းဖြေတဲ့ နေ့တွေမှာ ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး သဘာဝ ပတ်ဝန်းကျင် အတွက်လည်း အနှောင့်အယှက် မဖြစ်စေမယ့် စွန်လွှတ်တာမျိုး ကစားကြပြီး ပျော်ရွှင် သင့်ကြပါတယ်။

ခရီးသွားစရာ တစ်ခုခုရှိရင် ဖြစ်နိုင်ရင် လေယာဉ် မစီးပါနဲ့။ ရထားနဲ့ သွားပါ။ ကားကလည်း စွမ်းအင် ပိုသုံးရပြီး လေထု ညစ်ညမ်းမှုကို ပိုဖြစ်စေတာမို့ ရထားခရီးကို ရွေးချယ်ပါ။ ဖြစ်နိုင်ရင် တစ်နေ့ကို ခြေလှမ်းတစ်သောင်း လောက် လျှောက်ပေးပါ။ ငါးမိုင် အကွာအဝေးလောက် ရှိပါမယ်။ ကားပဲ အမြဲစီးနေဖြစ်တဲ့ သူတွေအနေနဲ့ စည်းကမ်းလေး တစ်ခု လုပ်ထား သင့်ပါတယ်။ ၂ မိုင်ထက် နီးတဲ့ နေရာတွေကို သွားမယ်ဆိုရင် ကားမစီးဘဲ စက်ဘီးစီးလို့ ဖြစ်စေ၊ လမ်းလျှောက်လို့ဖြစ်စေ သွားသင့်ပါတယ်။ ကားစီးရ၊ မောင်းရတော့မယ် ဆိုရင်လည်း မိုင် ၇၀ နှုန်းမောင်းတာထက် မိုင် ၅၀ နှုန်း မောင်းတာက စွမ်းအင် အသုံးချမှု အရာမှာ ပိုကောင်း၊ ပိုထိရောက်တာမို့ ပုံမှန်ပဲ မောင်းသင့် ပါတယ်။

ကားကို ၄၅ မိုင်နှုန်းအောက်မှာ မောင်းနေတဲ့ အခါ မလိုအပ်ဘဲ အဲကွန်းမဖွင့်သင့်ပါဘူး။ ပြတင်းပေါက် ဖွင့်ပြီး မောင်းရင် စွမ်းအင် ၂၀% ပိုချွေတာရာရောက်ပါတယ်။ ဒါပေမယ့် ၄၅ မိုင်နှုန်း အထက် မောင်းနေရင်တော့ ပြတင်းပေါက် ဖွင့်ထားရင် အသံဆူသလို လေတိုးအားကြောင့် စက်စွမ်း အားကလည်း ကျသွားတတ်တာမို့ အဲဒီလို အနေအထားမှာတော့ ပြတင်းတံခါး ပိတ်ပြီး အဲကွန်းဖွင့်ထားသင့်ပါတယ်။ နောက်တစ်ခုကတော့ ကားမှာ အလံ ငယ်လေးတွေ လွှင့်ပြီး မောင်းတာမျိုးပါ။ လေတိုးအား ရှိနေတာမို့ ဘယ်လိုပဲ မောင်းမောင်း အလံလေး နှစ်ခုလောက် တပ်ထားရင် မိုင် ၇၀ နှုန်းလောက် စွမ်းအင် သုံးရတာမို့ ဓာတ်ဆီကို တစ်နာရီမှာ တစ်လီတာလောက် ပိုသုံး ရပါတယ်။ ဖြစ်နိုင်ရင် အလံလွှင့်ပြီး ကားအမြန် မမောင်းပါနဲ့။ သင့်အနေနဲ့ ကြေညာချင်တာ ရှိရင် စတစ်ကာသုံးနိုင်ပါတယ်။

အမှန်တော့ ကလေးတွေကို စက်ဘီးစီး တတ်အောင် သင်ပေးထား သင့်ပါတယ်။ စက်ဘီး စီးတာကို အားပေးပါ။ စက်ဘီးနဲ့ ၄ မိုင် ခရီးသွားတာဟာ ကားနဲ့ သွားတာထက် လေထု ညစ်ညမ်းမှု ၇ ကီလိုဂရမ် သက်သာစေပါ တယ်။ စက်ဘီး နင်းသူဟာလည်း လေ့ကျင့်ခန်း လုံးဝမလုပ်သူတွေထက် ဆယ်နှစ်လောက် ပိုငယ်တဲ့ နှလုံးမျိုးကို ပိုင်ဆိုင် စေပါတယ်။  ကလေးတွေကို ကိုယ်သိထားတာ သင်ပေးသလို ကိုယ်ကလည်း လူကြီးတွေရဲ့စကားကို နားထောင်ပါ။ လူကြီးတွေမှာ လျှို့ဝှက်ချက်တွေ ရှိပါတယ်။

သူတို့ခေတ်က တယ်လီဖုန်း၊ တီဗွီ၊ အင်တာနက်စတဲ့ ပစ္စည်းမျိုးတွေ ဘာပစ္စည်းမှ မရှိဘဲ အဆင်ပြေအောင် နေခဲ့ကြတာမို့ သူတို့ရဲ့ဘ၀နေနည်း ထိုင်နည်းကို အတုယူပါ။ ဒါဆို သင်ဟာ ကမ္ဘာမြေကို ကယ်တင်သူဖြစ်နိုင်ပါပြီ။ လူတိုင်းက သင့်လိုလူ ဖြစ်လာတဲ့ တစ်နေ့မှာတော့ ကမ္ဘာမြေဟာ အေးချမ်း စိမ်းလန်း လာမှာပါ။ သင်ဟာ ကမ္ဘာမြေကို ကယ်တင်ချင်သူ ဖြစ်ပါစေ။     
မသီတာ၊စမ်းချောင်း၊
(Teen မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၁)
Ref: 1001 ways you can save the Planet
by Joanna Yarrow

No comments:

Post a Comment