Sunday 16 October 2011

ချစ်စရာနဲ့ နင့်စရာလေးတွေ


က၊ ကလေးငယ် ချစ်စဖွယ် ဆိုတာ  ဘယ်လို အခြေအနေ မျိုးမှာပဲ ဖြစ်ဖြစ် မှန်ပါတယ်။
ဓာတ်ပုံ အသံလို့ အမည် ပေးထားတဲ့ လူမှုဝန်ထမ်း စေတနာ အဖွဲ့လေး တစ်ဖွဲ့က အာဖဂန်နစ္စတန်မှာ ရှိတဲ့ အသက် ဆယ့်ခြောက်နှစ်အောက် ကလေး ဆယ့်လေးယောက်ကို ဓာတ်ပုံ ရိုက်တတ်အောင် သင်ပေးပြီး ကင်မရာပါ ပေးကာ တခြား ကလေးတွေရဲ့ ပုံရိပ်တွေကို မှတ်တမ်း တင်စေပါတယ်။

ကလေးတွေရဲ့ ချစ်စဖွယ်၊ သနားစဖွယ် ဘ၀ ပုံရိပ်တွေကို ကလေးတွေ ကိုယ်တိုင်ရဲ့ အမြင် မှတ်တမ်းက တစ်ဆင့် ကျန်လူ့အဖွဲ့အစည်း အသီးသီးက တွေ့မြင်စာနာကာ ပုံရိပ်ရှင် ကလေးတွေ အတွက် အပြောင်းအလဲတွေကို ကူညီဆောင်ကြဉ်း ပေးနိုင်အောင် ရည်ရွယ်တာပါ။ သူတို့ရဲ့ မှတ်တမ်း ပုံရိပ်တွေကို တွေ့ရတာ ကြည်နူး ၀မ်းနည်းစရာပါ။ အာဖဂန် နစ္စတန်က လူငါးယောက်မှာ တစ်ယောက်က အသက် ၅ နှစ်ကနေ ၁၂ နှစ်ကြား ကျောင်းနေ အရွယ်ကလေးတွေ ဖြစ်ပါသတဲ့။ အဲဒီလောက် များပြားတဲ့ ကလေးတွေက သူတို့ လူ့အဖွဲ့အစည်းရဲ့ ၀န်ထုပ်ဝန်ပိုးကို မျှထမ်းနေရ တာမို့ ကလေးသူငယ် ရပိုင်ခွင့်တွေ ဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးတွေ အပြင် ကလေး ဖြစ်ခွင့်တောင်မှ ပီပီပြင်ပြင် မရကြတာကို အဲဒီ ပုံရိပ်တွေမှာ တွေ့နေ ရလို့ပါ။

ကြည့် ကြည့်ပါဦး။ သိုးကျောင်းသားလေးတွေ၊ နံပြားသည်လေးတွေ၊ ဒိန်ချဉ်သည်လေးတွေ။ သူတို့ထဲမှာ တချို့က ကျောင်းတက်နေရင်း အိမ့်တာဝန် ကူထမ်း နေကြတာပါ။ သူတို့မှာ အိပ်မက် အကြီးကြီးတွေ ရှိပါတယ်။ တချို့ကတော့ မိဘတွေ မစုံမလင်၊ စုံလင်ရင်လည်း ကျန်းမာရေး မကောင်းကြနဲ့။ ဒါပေမယ့် သူတို့က ကျောင်းစာမှာ တော်ကြပါတယ်။ အနာဂတ် အိပ်မက်တွေ လည်းရှိတယ်။

သူတို့ တစ်ကိုယ်ရေ အတွက်တင် မကဘဲ သူတို့ရဲ့နိုင်ငံ အတွက်ပါ မျှော်လင့်ချက်တွေ ရှိကြပါတယ်။ ပေးတဲ့ အခြေအနေမှာ ပျော်အောင်နေတယ်။ တတ်သင့်တယ် ထင်တာကို တတ်အောင် ကြိုးစားတယ်။ ချစ်စဖွယ် ကလေးငယ်ဆိုတာ သူတို့ပဲ မဟုတ်လား။ ဒါပေမယ့် နင့်စဖွယ် ကလေးငယ် ဆိုတာလည်း သူတို့ပဲ ဖြစ်နေပြန်တာပါ။

ဒီပုံရိပ်တွေကို ကြည့်ရင်း ကလေး ချစ်တတ်တဲ့ အတွက် သွားလေရာမှာ အလျဉ်းသင့်ရင် သင့်သလို ရိုက်ဖြစ်ခဲ့တဲ့ ကလေးဓာတ်ပုံလေးတွေကို ပြန်သတိ ရလာမိပါတယ်။ လတ်တလောတော့ အောက်တိုဘာတုန်းက သွားဖြစ်ခဲ့တဲ့ ပီကင်းနဲ့ မကြာသေးခင်က သွားခဲ့တဲ့ အိန္ဒိယ၊ နီပေါတို့မှာ တွေ့ခဲ့ရတဲ့ ကလေးတွေရဲ့ ပုံရိပ်တွေကို ပြန်ပြောင်း ခံစား ဖြစ်လိုက်ပါတယ်။
ပီကင်းမှာ ကလေးတွေကို တွေ့ခဲ့ရတယ် ဆိုပေမယ့် ကိုယ်သွားဖြစ်ခဲ့တဲ့ နေရာတွေက နိုင်ငံခြားသားနဲ့ ပြည်တွင်း ဧည့်သည်တွေ အသွားများ တဲ့ ဂရိတ်ဝေါလ်လို၊ တီယန်မင် ရင်ပြင်လိုနေရာ မျိုးတွေမို့ မိစုံဖစုံနဲ့ အပျော်ခရီးထွက်လာတဲ့ ပုံရိပ်တွေချည်းပါပဲ။ နိုင်ငံအလံကို ကိုင်ရင်း   ကြည်နူးနေတဲ့ ကလေး၊ ဓာတ်ပုံအရိုက်ခံဖို့ ပဲပေး နေတဲ့ကလေး၊ လည်ရတာများလို့ နွမ်းသွားကာ အိပ်ပျော်သွားတဲ့ကလေး၊ အဖေ့ကုပ်ပေါ် ရောက် သွားတဲ့ကလေး။ အဲဒီလိုချစ်စဖွယ်ကလေးတွေ ရဲ့ပုံရိပ်တွေကိုပဲ မြင်ခွင့်ကြုံခဲ့ရပါတယ်။ ဒါပေ မယ့် ကိုယ်ဖတ်ထားဖူးတဲ့ ရွှေ့ပြောင်း အခြေချ ကလေးတွေကို သတိမထားမိဘဲ ဖြတ်သန်းလာ ဖြစ်ခဲ့လေသလားတော့လည်း မပြောနိုင်ပါဘူး။

ဒီလိုပါ။ တရုတ်မှာ နိုင်ငံသား စိစစ်ရေး ကတ်ဆိုရင် သူတို့ မွေးဖွားရာ ဒေသ၊ နေရပ်လိပ် စာပါပြီး အဲဒီနေရာမှာ ဆက်မနေဘဲ တခြားပြည်နယ် တစ်ခုခုကို ပြောင်းသွားတဲ့ အခါ ပြောင်းရွှေ့ အခြေချသူတွေလို့ သတ်မှတ် တတ်ပါသတဲ့။ အခု နောက်ပိုင်း စီးပွားရေး အလွန့်ကို တိုးတက်လာတဲ့ အခါ တောနဲ့မြို့ ကွာဟချက်တွေ ကြီးလာသလို ပြည်နယ်တစ်ခုနဲ့ တစ်ခုကြားမှာလည်း စီးပွားရေး ဖွံ့ဖြိုးမှု ကွာခြားလာပါတယ်။ တောနဲ့ မြို့ရဲ့ဝင် ငွေကွာဟချက်ဟာ ၁၄ ဆအထိ ရှိလာတာမို့ တချို့က ဖြစ်ချင်ရာဖြစ် ပြောင်းရွှေ့ အခြေချသူ ဘ၀ကိုခံယူလိုက်ကြပါတယ်။ အဲဒီလို ပြောင်းကြ သူတွေက သန်းတစ်ရာလောက်တောင် ရှိတာပါ။

စာသင်ကျောင်းတွေကလည်း အမြဲတမ်း နေထိုင်သူ နိုင်ငံသားတွေကို အခမဲ့ ပေးပေမယ့် ပြောင်းရွှေ့ နေထိုင်သူ နိုင်ငံသားတွေကိုတော့ ကျောင်း လခယူကြတာပါ။ ဒီလိုနဲ့ တချို့စေတနာ့ဝန်ထမ်း တွေက ပြောင်းရွှေ့အခြေချသူတွေ အခမဲ့ တက်နိုင်မယ့် စာသင်ကျောင်းတွေ တည်ထောင်လာကြပါတယ်။ အဲဒီလို ကျောင်းတွေမှာ လက်ခံနိုင်တဲ့ ကျောင်းသား အရေအတွက်ထက် ကျောင်းတက် ချင်တဲ့ အရေအတွက်က အမြဲ ပိုများနေတတ်ပြီး ဆရာတွေကလည်း အရည်အချင်း သိပ်မပြည့်ဝ ကြပါဘူးတဲ့။ အဲဒီလို ကျောင်းမျိုးမှာ တက်နေတဲ့ တောသား ကျောင်းသားငယ်လေးတွေ ကတော့ ပီကင်းသား ကျောင်းသား ကလေးတွေကို သူတို့ လောက် မသန်စွမ်းသူတွေ၊ အမြဲလိုလို မိဘ၊ ဘိုး ဘွားတွေနဲ့ပဲ အတူ တွေ့ရတတ်တဲ့ ၀တုတ်ငပျင်း တွေလို့ ဝေဖန်ကြတယ် ဆိုပဲ။ ကိုယ်က တရုတ်လို မတတ်တာမို့ ကလေးတွေကို ချစ်လို့သာ ဓာတ်ပုံ လိုက်ရိုက်ဖြစ်ပြီး ဘယ်သူက ပီကင်းသားစစ်စစ် ဖြစ်ကာ ဘယ်သူက တောသားလေးတွေ ဆိုတာတော့ မမေးဖြစ်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ကလေးတွေ အားလုံးက ချစ်စရာပဲကိုး။

အိန္ဒိယ၊ နီပေါ ခရီးကတော့ မြတ်ဗုဒ္ဓရဲ့ ဖွား၊ ဖြစ်၊ ဟော၊ စံဆိုတဲ့ သံဝေဇနိယ ဌာနတွေကို ကြည်ညိုဖို့ သွားခဲ့တာပါ။ ဒီတော့ ဆာအက်ဒွင်အာနိုး ရေးပြီး ဆရာ မောင်စံဖော်က“သာကီယဦးသျှောင်”နာမည်နဲ့ ဘာသာပြန်ခဲ့တဲ့ “The Light Of Asia” ကဗျာ ရှည်ကြီးထဲက စာပိုဒ်တချို့ကို သတိရခံစားပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်နီးပါးက တည်ရှိ နေခဲ့လိမ့်မယ့် အနေအထား တွေကို စိတ်မျက်စိမှာ မြင်ယောင်ကာ ကြည်ညိုသွားဖို့ ပြင်ဆင် ထားခဲ့ပါတယ်။ ဒါပေမယ့် စာတွေ့နဲ့ မျက်တွေ့ကြားမှာ ကိုယ့်စိတ်တွေ ဗျာများခဲ့ရတဲ့ တရားခံတွေ ရှိလာခဲ့ပါတယ်။ ဟုတ်ပါတယ်။ ချစ်စဖွယ်လို့ ဆိုနိုင်သေးပေမယ့် နင့်စဖွယ်လည်း တွေ့ခဲ့ရတဲ့ က၊ ကလေးငယ်တွေကြောင့်ပါပဲ။

နီပေါဘက်မှာ အချိန်တိုတိုလေးပဲ နေခဲ့ရတာမို့ လယ်ကွင်းပြင်ထဲမှာ လွတ်လွတ်လပ်လပ် ဆော့ကစားနေကြတဲ့၊ လမ်းဘေးဆိုင်လေး တစ်ဆိုင်ရဲ့ တီဗွီကို ရပ်ငေး နေကြတဲ့ ကျောင်းသား ကလေးတွေလောက်ပဲ အသေအချာ တွေ့ခဲ့ရပါတယ်။ ဒီတော့ ခေတ်သစ် မှတ်တမ်းထဲက တစ်နှစ်ကို အရေ အတွက် ၇၀၀၀ လောက် ရောင်းစား ခံနေရတယ် ဆိုတဲ့ နီပေါ မိန်းကလေးငယ်တွေနဲ့ ကလေးလေးတွေ အကြောင်း မသိနိုင်ခဲ့ဘူးပေါ့။ ဒါပေမယ့် အိန်္ဒိယဘက် မှာတော့ သွားလေရာရာမှာ မလွတ်တမ်း တွေ့ခဲ့ရတဲ့၊ အနည်းနည်း အဖုံဖုံနဲ့ ချဉ်းကပ်ကာ ရူးပီး တောင်းတတ်တဲ့ ကလေးငယ်လေးတွေ အကြောင်း အကဲ ခတ်မိရပါတယ်။ အမှန်အတိုင်း ၀န်ခံရရင် တချို့ ကလေးငယ်တွေရဲ့ ပုံရိပ်ကို မှတ်တမ်းတင်ဖို့ ဆိုတာမှာ ကိုယ့်အသည်းက မမာနိုင်လေတော့ မေ့ဖျောက် မရအောင် နင့်စဖွယ်ဖြစ်မယ့် သည်ပုံရိပ်တွေကို ခလုတ် မနှိပ်ဖြစ်ခဲ့တာက ခပ်များများပါပဲ။ ကြည့်ဦးလေ။

“ဆူးကန္တာကြီး ဖြန့်ကားလျက်
သဲတောင်ကုန်းငယ်များ ရောစွက်ကာ၊
ထိုနေရာ
ရှေးအခါက ဥရုဝေလယ ခေါ်တွင်ကြ
ယင်းအစပ်က တောအုပ်ဆိုလျှင်စိုစိုစိမ်းစိမ်း
လှုပ်ယိမ်းနေသည့် အမောက်များ ပန်းပွားများနှင့်
ကောင်းကင်လဟာဖျားကို ဆီးတားကလိနေ၏”

ဆိုတဲ့ ကဗျာစာသားကို ကြားယောင် ခံစားရင်း မြတ်ဗုဒ္ဓ ပွင့်တော်မူရာ ဗောဓိပင်နဲ့ ရွှေပလ္လင်ရှိတဲ့ မဟာဗောဓိ စေတီဝင်းကို ၀င်မယ့်အခိုက် လူသား အညစ်အကြေးနံ့တွေ ကြိုင်လှိုင်နေတဲ့ အ၀င်ဝ အင်္ဂတေခင်းပေါ်က အ၀တ်စုတ် အပိုင်းအစပေါ်မှာ ကြဲကြဲတောက် ပူနေတဲ့ နေမင်းကို မျက်နှာပြုကာ အော်ဟစ် ငိုယိုနေတဲ့ မျက်မမြင် ကလေးငယ် တစ်ယောက်ကို တွေ့လိုက်ရတာဟာ နင့်စရာပဲ မဟုတ်လား။ ဘယ်ဆီက ခွန်အားနဲ့များ သူ့ဖြစ်အင်ကို မှတ်တမ်း တင်ရပါ့။ ဘယ်ဆီက ဥာဏ်အားနဲ့များက၊ ကလေးငယ် ချစ်စဖွယ်လို့ သူ့ပုံရိပ်ကို နာမည်ပေးရပါ့။ ဒီအချိန်မှာ ကိုယ် သတိရမိနေတာက ခေတ်သစ် မှတ်တမ်း တချို့ ထဲက ကိန်းဂဏန်း အချက်အလက်တွေပါ။ ကမ္ဘာ့ စာမ တတ်သူဦးရေ ၈၇၅ သန်းထဲက သုံးပုံ တစ်ပုံဟာ အိန္ဒိယက ပါတဲ့။ နောက်တစ်ခါ အိန္ဒိယမှာ ကလေးဦးရေ ၁၁၅ သန်းရှိပြီး သူတို့ အားလုံးရဲ့ ထက်ဝက်က စာမတတ်သူတွေပါတဲ့။ ဒီတော့ တောနဲ့မြို့ တချို့ နေရာတွေမှာ ကျောင်းတက် သွားနေကြတဲ့ ကလေးတွေ၊ မုန့်ဝယ် စားနေကြတဲ့ ကျောင်းဝတ်စုံနဲ့ ကလေးတွေ အပါအ၀င် မြေတလင်းကို စာသင်ခုံ အမှတ်နဲ့ အကျအန ထိုင်ကာ စာသင်နေကြတဲ့ ကလေးတွေကို မြင်ရတဲ့ အခါ ပီတိနဲ့ နင့်ရပြန်တာပါ။ ဘယ်လိုပဲ နင့်နင့်၊ ကလေးတွေကတော့ ချစ်စဖွယ် ဖြစ်နေဆဲဆိုတာ မမှားနိုင်တဲ့ အဖြေပါ။ သူတို့ ပုံရိပ်တွေကို ကြည့်ပါဦးလား။

ဒီလိုနဲ့ပဲ နောက်ထပ် သံဝေဇနိယဌာနတွေနဲ့ အ၀ိဇဟိတဌာနတချို့ဆီ ခရီး ဆက်ရာမှာ နောက်ထပ် ပုံရိပ်များစွာကို တွေ့ရပြန်ပါတယ်။ “သာကီယဦး သျှောင်”ထဲမှာ ဖွဲ့ထားတဲ့ လူ့အဖွဲ့အစည်းကို ဒီကနေ့မှာ တွေ့နေရသေးတာ ကလည်း ချစ်စရာနဲ့ နင့်စရာပဲ မဟုတ်လား။ “အောက်ခြေချုံကြား ကြာညို ကြာဖြူပြောက် အမွမ်းများနှင့်၊ လိပ်ငါးတို့ အခြေစိုက်ရာ ရေငြိမ် မြစ် ခိုးစီးကာ၊ အနီးမှာ မြက်မိုးအိမ်ရာများ မွေး၍၊ ထန်းပင်အုပ်ကြား ကွေးနေသည့် သေနာနီရွာ၊ ရွာသားများမူ အေးအေးလူလူ သိုးနွားမွေးသူများ”တဲ့။ ဒါပေ မယ့် ကြာနဲ့ လိပ်ငါးတွေကို သတိ မထားမိခဲ့တာ ကလည်း နင့်စရာပါ။ ဒေသခံရွာသားနဲ့ ကလေး များကတော့ သိုး၊ နွားတွေ မွေးကြဆဲ။ သိုးနွား မွေးတဲ့ရွာက ကလေးငယ် မောင်နှမနှစ်ယောက် ကို ကြည့်ပါဦး။ အစ်ကိုရဲ့လက်ထဲမှာ သစ်ကိုင်းဖွာဖွာလေး တစ်ခုနဲ့ မနက်စော စောနေရောင်အောက်မှာ ညီမလေးကို လက်တွဲလို့ တိရစ္ဆာန် အညစ်အကြေး တွေကြားက မြေလွတ်နားကို လျှောက်လာနေကြတာ။ ဒီသစ်ကိုင်း ဖွာဖွာလေးက မြရာကိုင်းလို့ ထင်ရတာပ။ မကြာသေးခင်ကမှ လူကြီး တစ်ယောက်က ဒီလိုအကိုင်းမျိုးကို နာနာဝါးလိုက် ထွေးထုတ်လိုက်နဲ့ မြင်ခဲ့ရတာမို့ အဘိုး အဘွားတွေ ပြောပြဖူးတဲ့ မြရာကိုင်းကို သွားပွတ်တံ လုပ်ခဲ့ကြကြောင်း ပြန် ပြောင်း သတိရဖြစ်ပါတယ်။ 

“...ကချေသည်မလေး တစ်စုလျှင်
ရွှေချည်ရောင်အ၀တ်များ ဆင်ယင်၍
ကရာတွင် တီးမှုတ်သူများပါ- တစ်ယောက်ကား
ဒေါင်းမြီးပတ်စည် အတီးသမား၊ တစ်ယောက်မူ
ဗန်သုလီပလွေ မှုတ်သူ၊ တစ်ယောက်မှာ
ကြိုးသုံးပင်တပ် ဘူးစောင်းဆရာ၊ သွက်လက်စွာ သူတို့
ကုန်းဆင့် တစ်ခုမှတစ်ခုသို့ ဆင်းလျက် သက်လျက်
ပုဆစ်ကွက်လမ်းကို ဖြတ်ကျော်...”
ဆိုတဲ့ ကဗျာ အပိုင်းအစက တစ်ခါတလေ စိတ်နားမှာ နေရာယူလာ တတ်ပါတယ်။

အထူးသဖြင့်တော့ “ဗုဒံ္ဓ စရဏံ ဂတ်ချာမိ”လို့ သူတို့ အသံထွက်နဲ့ ပူဇာတေးကို သီဆို တီးမှုတ်ပြီး အလှူငွေ ငံ့လင့်တဲ့ ကလေးမျိုးတွေနဲ့ တွေ့တဲ့ အခါမှာပေါ့။ တကယ်တော့ ဘာအားထုတ်မှုမျိုးမှ မလုပ်ဘဲ ကိုယ်ထိလက် ရောက်ဆွဲ လွဲမတတ် တောင်းခံတတ်တဲ့ ကလေးပေါင်း မြောက်မြားစွာကို အဲဒီ ခရီးမှာ ကြုံနေကျမို့ ခုလို ယုံကြည်ချက် မဲ့ပေမယ့် ပူဇာတေးသီတဲ့ ကလေးမျိုး တွေ့ရခိုက်မှာ စေတနာ သဒ္ဓါတွေ ယိုဖိတ်မိပေမယ့် သူတို့ကိုပဲ ကွက်ပြီးလှူ ဒါန်းဖို့ မဖြစ်နိုင်တာမို့ ဇွတ်မှိတ် လျစ်လျူ ရှုခဲ့ရတာလည်း အခါခါပါပဲ။ လက် ဗလာနဲ့ တောင်းကြတဲ့ ကလေးတွေက ရေသန့်တစ်ဘူးပဲဖြစ်ဖြစ်၊ ဘီစကွတ် မုန့်တစ်ချပ်ပဲဖြစ်ဖြစ်၊ ရူးပီးတစ်ဆယ်ပဲဖြစ်ဖြစ် ဘုရားဖူးတွေ စွန့်သမျှကို အရင်ဦးအောင် လုယက် အနိုင်ကျင့်ယူ နေကြတာမို့ ကိုယ်ရည်ရွယ်ရာဖျော်ဖြေရေးကလေး လေးတွေလက် မရောက်မှာကို သိနေကြတဲ့ ဘုရားဖူးတိုင်း လိုလိုက သူတို့လေး တွေရဲ့တေးသံကိုသာဓုခေါ်၊ အမျှော် မျက်ဝန်းတွေကို လျစ်လျူ ပြုကြလို့။

တစ်ခုတော့ ရှိသပေါ့။ ဘုရားကြို ဘုရားကြားမှာ ကစား နေကြတဲ့ ကလေး၊ ကားကြိုကားကြားမှာ တောင်းနေကြတဲ့ ကလေး၊ လမ်းကြို လမ်းကြားမှာ ရှင်သန်နေတဲ့ ကလေး။ ကလေးတွေ အားလုံးဟာ သန်စွမ်းကြပုံတော့ ရကြသား။ နွမ်းပါးတဲ့ အပြင်အဆင်ပေမယ့် စွမ်းအားတော့ ကုန်နေကြပုံ မရကြပါဘူး။ ပီကင်းရောက် တောသားလေးပြောသလို ၀တုတ်တွေတော့ မတွေ့ရဘူးလေ။ ငပျင်းတွေ မဟုတ်လို့တော့ ကိုယ်က ရဲရဲမဆိုသာ။ ဘာပဲ ဖြစ်ဖြစ် စင်ကာပူက မူလတန်း အရွယ် ကလေးငယ်တွေ ထက်တော့ စိတ် ကျန်းမာရေး သန်စွမ်းပုံ ရကြသားပါ။ စင်ကာပူ ကျန်းမာရေး ၀န်ကြီးဌာနရဲ့ ၂၁ ရာစု အစောပိုင်း ထုတ်ပြန်ချက်တွေ အရ လွန်ခဲ့တဲ့နှစ် ၂၀ ကထက် အခုအခါမှာ မူလတန်းနဲ့ မူကြိုအရွယ် ကလေးများ သေကြောင်းကြံနှုန်းက လေးဆ တက်လာသလို စိတ်ကျန်းမာရေး ဆေးခန်းတွေကို လာပြတဲ့ လူနာ အရေအတွက်ရဲ့ ထက်ဝက်ဟာ စာမေးပွဲ ဖြေခါနီးတဲ့ မူကြိုနဲ့ မူလတန်းကလေး အရွယ်တွေ ဖြစ်နေတယ်လို့ ဆိုသကိုး။ ဒီတော့ ပျင်းချင်ပျင်း၊ ဖျင်းချင်ဖျင်း စိတ်ကျန်းမာရေး ကောင်းတဲ့ ဒီကလေးတွေကို တွေ့ရတာ နင့်စရာ ဆိုပေမယ့် ချစ်စရာလည်း ဖြစ်နေသေးတာပါ။

နောက်ဆုံးတော့ ဘယ်လောက်ပဲ လည် လည်၊ အချိန်တန် အိမ်ပြန်ရမြဲ မဟုတ်လား။ ကိုယ်လည်း စိတ်ရောကိုယ်ပါ ရွက်လွှင့်ရာကနေ အိမ်ပြန် ရောက်လာခဲ့ပါပြီ။ ဒါပေမယ့် ချစ်စရာနဲ့ နင့်စရာကလေးတွေ အကြောင်း စိတ်အတွေးတွေက အတော မသတ်နိုင်သေးတာနဲ့ ကိုယ်သွားခဲ့ဖူးတဲ့ ပြည်တွင်း ခရီးတွေထဲက က၊ ကလေးငယ်တွေရဲ့ ပုံရိပ်တွေကို ပြန်ဖွင့် ခံစားကြည့်မိရပြန်ပါတယ်။

ကိုယ့်ရဲ့ ပြည်တွင်း ခရီးစဉ်တွေ ဆိုတာကလည်း ရန်ကုန်မြို့လယ်ခေါင်ကနေ တစ်နာရီ ကျော်ကျော်လောက် မောင်းလိုက်ရုံနဲ့ တစ်မြို့တစ် ရွာရောက်သွားသလို ခံစားမှုတွေ ပေးနိုင်တဲ့ နေရာမျိုးတွေကနေ မြန်မာပြည် တစ်နံတစ်လျားပြည် နယ်နဲ့ တိုင်းပေါင်းစုံပေါ့။ ဒါပေမယ့် လတ်တလော အဆင်သင့် ဖြစ်နေတဲ့ ပုံရိပ် တချို့ကိုပဲ ပြန်ခံစား ဖြစ်ပါတယ်။ ရွှေပေါက္ကံ၊ ကျိုက်ထီးရိုး၊ ငွေ ဆောင်၊ ပုဂံ၊ စစ်ကိုင်း၊ အင်းလေး၊ သီပေါဘက်တွေက က၊ ကလေးငယ် ပုံရိပ်တွေပေါ့။ ကျိုက်ထီးရိုးက ဆော့ကစားနေတဲ့ ကလေးတွေ၊ ငွေဆောင် သဲသောင်မှာ ကစားနေတဲ့ ကလေးငယ်၊ သီပေါ လိမ္မော်ပင်တွေကြားမှာ ပျော်နေတဲ့ ကလေးငယ်၊ စစ်ကိုင်းက ဘောလုံး တစ်လုံးနဲ့ မချိုမချဉ် ကလေးတစ်စု၊ ခေါင်းလောင်းအတူ ထိုးနေတဲ့ ကလေးတွေ၊ ပုဂံက ဆိတ်ကျောင်းသူလေးနဲ့ ယွန်းသည်လေး၊ အင်းလေးက စွန်လွှတ်နေတဲ့ ကလေးတစ်သိုက်။ သူတို့လေးတွေရဲ့ ပျော်နေတဲ့ပုံ၊ မဲ့နေတဲ့ပုံ၊ ငိုပြီးစပုံ၊ နွမ်းလျလျ မဝေကွဲပုံ၊ ချစ်စရာ ပုံရိပ်များစွာ။

ပြီးတော့ ကျောင်းတက်နေတဲ့ ကလေးတွေ ရဲ့ပုံရိပ်တွေပါ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေမှာ ကလေးငယ်တွေကို လက်ထပ်သင်ပေးနေတဲ့ ဘုန်းကြီး ရင်ခွင်ကြားက ကလေးငယ်၊ စာသင်ချိန်မှာ မျက်လုံး အ၀ိုင်းသားနဲ့ တစ်မျိုး၊ ပြုံးစေ့စေ့နဲ့ တစ်သွယ် ချစ်စရာ ကောင်းနေတဲ့ ကလေးငယ်၊ ကျောင်းအဆင်းမှာ ဇောင်းထဲက မြင်းတွေလို အပြေးထွက်ဖို့ ပြင်နေတဲ့ ကလေးငယ် စသဖြင့် ကလေးငယ်တွေရဲ့ပုံရိပ်လေးတွေကို ပြန်မြင်ရတော့ “မနီကလေး လွယ်အိတ် ပြင်၊ ပိတောက်ပန်းနဲ့ ကျောင်းခန်းဝင်။ မင်္ဂလာပါ ဆရာမ၊ ညီညီ ညာညာ နှုတ်ဆက်ကြ။ ၀လုံးကလေး ချစ်စဖွယ်၊ ၀ိုင်းအောင်ရေးတတ်တယ်။ စပယ်လို ဖြူဖြူဖွေး၊ ၀လုံးကြူကြူမွှေး”ဆိုတဲ့ ကဗျာလေးကို ကြားယောင် မိပြန်ပါတယ်။

ခေတ်သစ် မှတ်တမ်းတွေ အရ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ရှိတဲ့ ကလေးငယ်တွေ ရဲ့ ၃၀ရာခိုင်နှုန်းဟာ စာသင်ကျောင်းသက် လေးနှစ်ပြည့်အောင် မတက်ဖူးကြဘူးတဲ့။ ကိုယ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းက စာသင်နေတဲ့ ကလေးငယ် ပုံရိပ်တွေကို ရိုက်ဖြစ်ခဲ့တာ လွန်ခဲ့တဲ့ သုံးနှစ်နီးပါး  ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းပြီးခါစ ကလေ။ ကိုယ့်မှတ်တမ်း ဓာတ်ပုံထဲက ပုံရိပ်ရှင် ကလေးငယ်တွေ အခုထိ ကျောင်းစာ သင်ခန်းတွေထဲမှာ ရှိနေသေးတယ်လို့ ကိုယ် ယုံကြည် နေချင်ပါတယ်။ ကိုယ့်ကို တစ်ကိုယ်ကောင်း ဆန်တယ်လို့ ဆိုချင် ဆိုကြပါလေ။ ကိုယ့်ကလေးတွေကိုတော့ ချစ်စရာ အဖြစ်သာ ရှိနေစေချင်တာပါ။ နင့်စရာ အဖြစ် မမြင်မကြားချင်တာလည်း အမှန်ပါ။ ကိုယ် တွေးနေပါတယ်။ ဓာတ်ပုံအသံ ဆိုတဲ့ ပရောဂျက်မျိုး ကိုယ်တို့ လုပ်ခွင့် မကြုံချင်ဘူး။
မသီတာ၊စမ်းချောင်း၊
(Teen မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၁)

No comments:

Post a Comment