Showing posts with label ၀တ္ထုတို. Show all posts
Showing posts with label ၀တ္ထုတို. Show all posts

Saturday, 15 September 2012

စမ်းချောင်း အင်းစိန် ဟားဗတ်


အောက်တိုဘာလဆန်း ထွက်တော့မယ့် ထောင်အတွေ့အကြုံစာအုပ်ပါ။ ငါတို့စာပေက ထုတ်မှာပါ။ ပန်းချီမြင့်မောင်ကျော် ဖြစ်ပါတယ်

Wednesday, 23 November 2011

ကြယ်ညမတိုင်မီ

မိုးတွေ... မိုးတွေသည်းလိုက်တာ ဖေကြီးရယ်။ မိုးတွေသည်းလိုက် တာလေ။ မီးတို့ အိမ်လေးဟာ မိုးရေတွေနဲ့ရွှဲလို့။ မီးကိုယ်မှာလည်း မိုးရေ တွေ စင်လို့။ ဖေကြီး ခြုံထားတဲ့ စောင်မှာတောင် မိုးရေတွေ နည်းနည်းစို သွားသေးတယ်။ ခုနက လေတွေတအားတိုက်လိုက်လို့ မီးတို့အိမ်ကလေး တုန်သွားတုန်းကပေါ့။ ဖေကြီးက ဘယ်သိမလဲ။ ခုလည်း ဖေကြီး ဘာမှမသိ ဘူးမဟုတ်လား။ ဒီလိုပါပဲ ဖေကြီးက မီးကိုတော့ 'မီးလေး ဘာမှမသိဘူး ကွယ်' လို့ ပြောပြောပြီး ဖေကြီးလည်း ဘာမှမသိပါဘူး။ ခုဆို ဖေကြီးက အိပ်မက်ထဲမှာ မေကြီးကို မီးလေးအကြောင်း မဟုတ်တဲ့အကြောင်းတွေ ပြောချင်ပြောနေမှာနော်။ မီးကတော့... မီးကတော့ ဖေကြီးရယ်... မီး လေ အိမ်လေးလိုပဲ တုန်နေတယ်။ ဖေကြီး မီး တစ်ခုသိတယ် သိလား။ လူ တွေဟာ ချမ်းရင်လည်း တုန်တယ်။ ကြောက်ရင်လည်း တုန်တယ်နော်။ မီးလေ အခု ချမ်းလည်းသိပ်ချမ်းတာပဲ၊ ကြောက်လည်းသိပ်ကြောက်တာပဲ။ ချမ်းတာပေါ့ ဖေကြီးရယ်။ မိုးတွေက တအားကို ရွာနေတာ။ မိုးသံကလည်း အကျယ်ကြီးပဲ။ မိုးကလေ ကြောက်ဖို့လည်း သိပ်ကောင်းတာပဲ။ မီးစဉ်းစား မိတယ်။ သိကြားမင်းကြီးကြောင့် မိုးရွာတယ်ဆို ဖေကြီး။ ဒါဆို သိကြားမင်း က တစ်ခုခုကို ဒေါသဖြစ်နေလို့ဖြစ်မှာပဲ။ ဘာလို့လဲဆိုတော့ သိကြားမင်း ကြီးက ဒေါသနဲ့ တအားကြီးအော် အော်ပြီး မိုးတွေရွာချနေလို့ပေါ့။ တစ်ခါ တစ်ခါ ဖေကြီးဒေါသဖြစ်ရင် အော်သလိုပေါ့နော်။ ခုလည်း မိုးတွေအော် နေလိုက်တာ ဖေကြီးရယ်။ မီးနားထဲမှာ ဆူညံနေတာပဲ။ လေတွေကလည်း တိုက်လိုက်တာ။ မီးတို့ အိမ်လေးတောင် ချမ်းလို့လား ကြောက်လွန်းလို့လား မသိဘူး။ တုန်တုန်သွားတယ်။ မီးလည်း တုန်တုန်သွားတာပဲ။ မိုးကလေ ဘာလို့ဒီလောက်ဒေါသကြီးလဲ မသိဘူးနော်။ မီးလေ မီးတို့အိမ်လေး တုန် ရင်းတုန်ရင်နဲ့ လဲသွားမှာကို ကြောက်လိုက်တာ။ အပြင်မှာက မိုးရွာထား လို့ ရေတွေအများကြီးဖြစ်နေမှာ။ လမ်းထိပ်က တံတားလေးအောက်က ရေ တွေလည်း အပြည့်ကြီးဖြစ်နေမှာ။ အို... မီးတို့အိမ်လေးလဲသွားရင် မီး ရော ဖေကြီးရော ရေတွေထဲ မျောပါသွားကြရင် ဘယ်လိုလုပ်မလဲ။ ရေတွေ က အရမ်းပြေးနေကြမှာ။ မီးရယ်၊ ဖေကြီးရယ် ရေကလည်းမကူးတတ်ဘူး နော်။
ပြီးတော့ ဖေကြီးက အဲဒီအချိန်မှာ အိပ်ချင်နေသေးရင် ဘယ်လိုလုပ် မလဲ။ မနိုးရင်ရော ဘယ်လိုလုပ်မလဲ။
မီးတို့တွေ ရေထဲမျောပါပြီး နာနာတွေအများကြီး ဖြစ်ကြရတော့မှာ။ ဟိုလေ... ရေတွေရော သွေးတွေရော၊ မီးကြောက်တယ် ဖေကြီးရယ်။ မီး ကြောက်တယ်။
''အား...''
မီး ကြောက်လိုက်တာ ဖေကြီးရယ်။ မီးတို့အိမ်လေးထဲကို မိုးပေါ်ကနေ ဓာတ်မီးကြီးနဲ့ ထိုးလိုက်သလိုပဲ။ ဖေကြီးရဲ့ စောင်ဝါဝါကြီးကိုပဲ မြင်နေရ တဲ့ သိပ်မှောင်နေတဲ့ မီးတို့အိမ်လေးဟာ သိပ်ကို လင်းသွားတာပဲ။
ဟိုဘက်လမ်းထိပ်က ကားပြင်တဲ့ဦးဦးတွေလုပ်တဲ့အခါ လင်းတာမျိုး၊ အသံကြီးကလည်း မြည်တယ်။ လင်းလိုက်တာလည်း အရမ်းပဲ။ မီး မျက်စိ ကို ကျိန်းသွားတာပဲ။
မီးလေ မှောင်မှောင်ကြီးထဲမှာ ထိုင်နေတုန်း ခုလိုဖြုန်းခနဲ လင်းသွား တော့ သိပ်လန့်သွားတာပေါ့။ ဒါပေမဲ့ ဖေကြီးရယ် မီးလေ အော်လည်း မ အော်ရဲဘူး။
ဖေကြီးက ပြောတယ်မဟုတ်လား။ 'ဖေကြီးတို့မှာ အလုပ်တွေလုပ်ရ တာ အများကြီးပဲ၊ ပင်ပန်းနေပြီ၊ မီးလေး စကားတွေအများကြီး လာလာ မ ပြောနဲ့၊ ဖေကြီး အေးအေးဆေးဆေး အိပ်ချင်တယ်'လို့လေ။
ဖေကြီးက ခုအိပ်ပျော်နေတယ် မဟုတ်လား။ ခေါခေါနဲ့ ဟောက်သံ တောင် မီးကြားရသေးတယ်။ မီးလေ ဖေကြီး နိုးသွားမှာကိုလည်း ကြောက် တာပဲ။ နောက်ပြီး ဖေကြီးပြောသလိုပေါ့။
'မကြောက်ရဘူး မီးလေးရဲ့၊ ကြောက်ရင် ပိုပြီးခြောက်တတ်ကြတယ်' လို့ ဖေကြီး ဘယ်တုန်းကလည်းမသိဘူး မီးကို ပြောဖူးတယ်။
အဲဒါကြောင့် မီးလေ ကြောက်ပေမဲ့ 'အား...'လို့ အကျယ်ကြီး မအော် လိုက်ပါဘူး။ ကြောက်တာကတော့ မီးအူတွေကလီစာတွေထဲကကို ကြောက် တာ။
ဒါကြောင့် မီးလေ မီးလက်နှစ်ဖက်ကို ပိုပြီး ဖျစ်လိုက်တာပေါ့။ မီး ဒူး ခေါင်းထဲမှာ ခေါင်းကိုဝှက်ထားလိုက်တယ်။ ပါးစပ်ကို အတင်းပိတ်ထား လိုက်တယ်။
ဒါမှ သိကြားမင်းကြီးက မီးမျက်နှာကို မမြင်ရမှာ။ မီးအသံကို မကြား ရမှာ။ ပြီးတော့ ဖေကြီးလည်း မနိုးမှာပေါ့။
'ဒိန်း... ဒိန်း... ဒိန်း''
ဖေကြီးရယ် မီးမှာ ကြောက်လိုက်တာ။ မီး ပိုပိုပြီး ကြောက်လာတယ် ဖေကြီးရယ်။ မိုးခြိမ်းသံတွေက သိပ်ကြောက်ဖို့ကောင်းတာပဲ။ မိုးကြိုးက လည်း ခဏခဏပစ်နေတာပဲ ဖေကြီးရယ်။
မိုးကြိုးတစ်ခါတစ်ခါပစ်လိုက်ရင်လေ မီးတို့အိမ်လေးရော မီးရောအရမ်း ကို တုန်တုန်သွားတာပဲ သိလား။ ပြီးတော့ မိုးကြိုးပစ်တဲ့အသံကြီးက ကြောက် စရာကြီးနော်။ ဟိုလေ ဟိုဘက်ရပ်ကွက်ထဲက အရက်မူးသမားကြီး မူးပြီး လိုက်ဆဲလိုက် ရန်ဖြစ်ရင် အော်လတယ် မဟုတ်လား။
အဲဒီတုန်းက မီး သိပ်ကြောက်တာ၊ ခု မိုးကြိုးပစ်တာက ပိုပြီး ကြောက် ဖို့ကောင်းတယ် ဖေကြီးရဲ့၊ ခု ဒေါသထွက်နေတာ သိကြားမင်းလေ၊ မိုးကြိုး ပစ်တာက ရွေးပြီး ပစ်တာဆို၊ ဖေဖေ တစ်ခါ ပြောဖူးတယ်နော်။
ဟုတ်တယ်၊ မီး သတိရတယ်။ ငါးပါးသီလ မလုံတဲ့လူတွေကိုမှ မိုးကြိုး က ရွေးပြီးပစ်တာတဲ့။
ခုတော့ သိကြားမင်းကြီး ဒေါသထွက်ထွက်နဲ့ ဘယ်သူ့ကိုဖြစ်ဖြစ် လိုက် ပစ်နေလားမသိဘူးနော်။
ပြီးတော့ မိုးကြိုးပစ်ရင် မပစ်ခင်မှာ လျှပ်စီးလက်တယ် မဟုတ်လား။ လင်းခနဲ ဖြစ်ဖြစ်သွားတယ်လေ။ အဲဒါ သိကြားမင်းကြီးက မိုးကြိုးပစ်ရမယ့် လူကို လိုက်ရှာတာပေါ့နော်။ ဒါဆို ခုန လင်းခနဲ ဖြစ်သွားတုန်းက မီးခေါင်း ငုံ့လိုက်တာဆိုတော့ မီးကို တွေ့သွားမှာ မဟုတ်ဘူးနော် ဖေကြီး။ အင်း လေ...မီး မသိပါဘူး။
ဖေကြီးရယ် မီးလေ ဘယ်သူ့အသက်ကိုမှ မသတ်ပါဘူး။ ခြင်တို့၊ ပုရွက် ဆိတ်တို့တောင် မီးက လက်နဲ့ဖယ်လိုက်တာပဲ။ လေနဲ့မှုတ်လိုက်တာပဲ။ ဒေါသတော့ ထွက်တာပေါ့။
ဒါပေမဲ့ မသတ်ပါဘူး။ ဘယ်သူ့ပစ္စည်းကိုမှလည်း မခိုးပါဘူး။ ဘယ် သူ့ကိုမှလည်း မပြစ်မှားပါဘူး။ ဘယ်သူ့ကိုမှလည်း မညာပါဘူး။ ဆေးလိပ် တွေ ဘာတွေလည်း မီးမှ မသောက်တာ။
မီးလေ ငါးပါးသီလ လုံပါတယ် ဖေကြီးရယ်။ မီး လိမ္မာပါတယ်နော်။ မီး လိမ်လိမ်မာမာနေတယ်နော်။ မီးကို မိုးကြိုးပစ်မှာ မဟုတ်ဘူးနော်။
ဖေကြီးရောဟင်။ ဖေကြီးလည်း ငါးပါးသီလ လုံပါတယ်နော်။ ဖေကြီး လည်း ခြင်မသတ်ဘူး မဟုတ်လား။ ဘယ်သူ့ပစ္စည်းမှလည်း မခိုးဘူး မဟုတ် လား။ ဘယ်သူ့ကိုမှလည်း မပြစ်မှားဘူး မဟုတ်လား။ ဆေးလိပ်တွေ အရက် တွေလည်း ဖေကြီးက သောက်မှ မသောက်တာ။
မီးသိပါတယ်။ ဖေကြီးလည်း လိမ္မာတာပဲ။ ငါးပါးသီလလုံတာပဲ။ ဖေ ကြီးကိုလည်း မိုးကြိုးပစ်မှာ မဟုတ်ဘူးနော်။
''ဒိန်း''
ဖေကြီးရေ၊ ဖေကြီးကလည်း အိပ်လို့ကောင်းနေလိုက်တာ။ မီး သိပ် ကြောက်တာပဲ ဖေကြီးရယ်။ မိုးကြိုးတွေပစ်နေသေးတယ် ဖေကြီးရဲ့၊ သိကြား မင်း သိပ်ဒေါသထွက်နေပြီ ဖေကြီးရဲ့။ အဲဒါဆို သူကလေ ငါးပါးသီလ လုံ တဲ့လူရော၊ မလုံတဲ့လူရော ဘယ်သူဖြစ်ဖြစ် မိုးကြိုးပစ်ထည့်လိုက်မယ်ဆို ပြီး ပစ်နေတာ ထင်တယ် ဖေကြီးရဲ့။ ခု ဖေကြီးအိပ်နေလို့ပေါ့။
မီးဖြင့်လေ မီးရယ်၊ ဖေကြီးရယ်၊ မီးတို့အိမ်လေးရယ် ကမ္ဘာကြီးထဲမှာ ဒါပဲ ကျန်တော့တယ်လို့တောင် ထင်တယ်။ မိုးကြိုးတွေ လျှောက်ပစ်လိုက် လို့ အားလုံး မရှိတော့ဘဲ မီးတို့ချည်းပဲ ကျန်တော့တယ်လို့ မီးထင်တယ် ဖေကြီးရယ်။
မီးကြောက်လိုက်တာ ဖေကြီးရယ်။ ဒီမိုးက ဘယ်တော့မှ တိတ်မှာလဲ ဟင်...။ မိုးကြိုးကရော ဘယ်အချိန်ထိ ဆက်ပစ်နေမှာလဲဟင်။
မှောင်လည်း သိပ်မှောင်တာပဲ။ ချမ်းလည်း သိပ်ချမ်းတာပဲ။ ကြောက် လည်း သိပ်ကြောက်တာပဲ။
ဖေကြီးရေ။ မီးတို့ ဘာလုပ်မိကြလို့လဲဟင်။ မီးတို့ ငါးပါးသီလ မဖောက် ကြပါဘူးနော်။ နော်... ဖေကြီးနော်။ သိကြားမင်းကြီး စိတ်ဆိုးရင်လည်း မီးတို့ကို မိုးကြိုးကြီးနဲ့ မပစ်ပါနဲ့လို့။
နောက်ပြီးတော့ သိကြားမင်းကြီး သိပ်စိတ်ဆိုးရင် ငါးပါးသီလမလုံတဲ့ လူဆိုးတွေကိုပဲ ပစ်ပါလို့...။ မိုးတွေလည်း အရမ်းမရွာပါနဲ့တော့လို့။
မီးချမ်းလှပါပြီ။ ဖေကြီးလည်း ချမ်းနေမှာပဲနော်။ အိပ်နေရင်းနဲ့ ဖေကြီး ကိုယ်ကြီးက တုန်တုန်နေတယ်။
မီး ဘာလုပ်ပေးရမှန်းလည်း မသိဘူး။ မီး ဘာမှ မသိတော့ဘူး။
မိုးမရွာပါနဲ့တော့...။ လေမတိုက်ပါနဲ့တော့...။ လျှပ်စီးမလက်ပါ နဲ့တော့..။ မိုးကြိုးမပစ်ပါနဲ့တော့...။
မီး အဲဒါပဲ သိတယ်။ မီး ကြောက်တယ်။
x x x
''မီးလေး ဘာဖြစ်လို့ ငိုနေရတာလဲ မီးလေရယ်၊ ဘာလဲ မိုးတွေ ရွာလို့ လား''
''အင်း...''
''ဒါပဲ မီးလေး၊ မိုးတွေရွာရင် ပျော်မယ်ဆို၊ မိုးတွေ မြန်မြန်ရွာပါစေ ဆို၊ မီးဆုတောင်းတယ်ဆို''
''မိုးမရွာလို့ ဖားတွေအော်ကြတယ်ဆို ဖေကြီးပဲ ပြောတာ''
''အင်းလေ အဲဒါဘာဖြစ်လဲ''
''ဖားတွေကို မီး သနားတယ် ဖေကြီးရယ်၊ ဖားတွေအော်နေတာ သိပ် သနားဖို့ ကောင်းတာပဲ၊ ဖားတွေ မအော်ကြရတော့အောင် မိုးရွာပါစေလို့ မီး ဆုတောင်းတာပေါ့''
''ဟော... ခု မိုးရွာပြီလေ၊ အဲဒီတော့လည်း မီးက ငိုပြန်ရော''
''မီး ကြောက်တယ်''
''ဘာကြောက်တာလဲ မီးရယ်၊ မီးနားမှာ ဖေကြီးရှိတာပဲ၊ တိတ်ပါ မီး ရယ်၊ ခုနက ဖေကြီးက မောပြီး အိပ်ပျော်သွားတာကိုး၊ မီးလေး ဘယ်တုန်း ကတည်းက နိုးနေတာလဲဟင်၊ ငိုနေတာရော ကြာပြီလား၊ ကြည့်စမ်း... ဖေကြီးမှ မသိဘူး၊ ခု တိတ်တော့နော်''
''ဖေကြီး''
''ပြောပါ မီးလေးရဲ့''
''မိုးတွေ ဘယ်တော့မှ မတိတ်တော့ဘူးလားဟင်၊ မီးက ဖားတွေကို သနားလို့ မိုးရွာပါစေလို့ သိကြားမင်းကြီးဆီမှာ ဆုတောင်းတာပါ၊ ခုတော့ သိကြားမင်းကြီးက မိုးတွေလည်းအရမ်းရွားပစ်တယ်၊ မိုးကြိုးတွေလည်း အရမ်းပစ်တယ်၊ ဖားလေးတွေ သေကုန်မှာပဲနော်၊ ဖားလေးတွေ အများကြီး သေကုန်မှာပဲ၊ မီးနဲ့ဖေကြီးတောင် ကံကောင်းလို့ မသေတာ ဖေကြီးရဲ့၊ လျှပ် စီးလက်တုန်းက သိကြားမင်းကြီးက မြင်မသွားလို့၊ မြင်သွားရင် ပစ်မှာပဲ သိလားဖေကြီး၊ သူက မီးတို့ကောင်းကောင်းနေတာ သိပေမဲ့ ဒေါသထွက် နေတာ၊ မီးကြောက်တယ် ဖေကြီးရယ်၊ မီးကြောက်တယ်''
''ဒီမှာ သေချာနားထောင်စမ်း မီးလေးရယ်၊ သိကြားမင်းကြီးက အမြဲ တမ်း ဒေါသထွက်မနေနိုင်ပါဘူး မီးလေးရဲ့၊ မိုးတွေလည်း ခဏကြာရင် တိတ် သွားတော့မှာ၊ မိုးဆိုတာ ကောင်းတုန်းပဲရွာတယ်တဲ့ မီးရဲ့ အချိန်တန်ရင် တိတ်သွားတာပဲပေါ့၊ အမြဲတမ်း မိုးရွာနေတယ်လို့ ဘယ်ရှိမှာလဲ၊ မိုးကြိုးပစ် တာလည်း မကောင်းတဲ့လူတွေပဲ ထိမှာပါ၊ မီးတို့ ဖေကြီးတို့က လူကောင်း ပဲ၊ ဘယ်ထိမှာလဲ၊ ဖားလေးတွေလည်း အကုန်ဘယ်သေမှာလဲ၊ ဆိုးတဲ့ဖား ပဲ သေမှာပေါ့၊ မီးလေး မီးလေး'ကြယ်' လေးတွေကို သိတယ် မဟုတ်လား''
''ကြယ်လေးတွေ၊ မီးသိပ်ချစ်တဲ့'ကြယ်'လေးတွေလေ... 'ကြယ်'လေး တွေကို မီးက သိပ်ချစ်တာ''
''အေးပေါ့၊ ဟိုး... ကောင်းကင်မှာ 'ကြယ်'လေးတွေလည်းရှိသေး တာပေါ့၊ နက်ဖြန် ဒါမှမဟုတ် တစ်ရက်ရက်ကျတော့ မိုးတွေ တိတ်သွားတဲ့ အခါတော့ ဟိုး... ကောင်းကင်ပေါ်မှာ 'ကြယ်'တွေ အများကြီးရှိနေမှာ၊ တိမ်တွေလည်း မရှိတော့ဘူး၊ မိုးတွေလည်း မရွာတော့ဘူးဆိုတဲ့နေ့ကျရင် မီးချစ်တဲ့ 'ကြယ်'လေးတွေက ဟိုး... ကောင်းကင်ပေါ်မှာ အများကြီး သိပ်လှတယ် မီးရဲ့၊ မီး မပျော်ဘူးလား၊ မီး ကြယ်လေးတွေကို မချစ်ဘူး လား''
''ချစ်တာပေါ့ ဖေကြီးကလည်း၊ မီးက ကြယ်လေးတွေကို သိပ်ချစ်တာ''
''အေးပေါ့၊ အဲဒါဆို ဘာငိုနေစရာရှိလဲ မီးလေးရဲ့၊ ကြောက်စရာလည်း ဘာမှမရှိဘူး၊ ရွာပစေပေါ့၊ သိကြားမင်းကြီး စိတ်ပဲဆိုးဆိုး၊ စိတ်ပဲတိုတို မိုး တွေအရမ်းရွာချင်ရွာ၊ မိုးကြိုးတွေ လျှောက်ပစ်ချင်ပစ်၊ ခဏပဲရွာမှာ၊ ခဏပဲ ပစ်ရမှာ၊ ပြီးတော့ ဖေကြီးတို့က လူကောင်းတွေပဲ ဘယ်ထိမလဲ၊ ဟော မိုး တိတ်သွားတဲ့အခါကျရင် မီးလေးချစ်တဲ့ ကြယ်လေးတွေအများကြီးရှိလာမှာ မီးရဲ့၊ ကဲ... မိုးလည်း သိပ်မသည်းတော့ဘူး၊ မိုးကြိုးလည်း သိပ်မပစ်တော့ ဘူး၊ လေတွေလည်း သိပ်မတိုက်တော့ဘူး၊ မီးလေးလည်း မောပြီ၊ လာ- ဖေ ကြီးနဲ့ မီးလေးနဲ့ စောင်အတူခြုံပြီး အိပ်ကြမယ်၊ ပြီးတော့ နိုးလာတဲ့အခါကျ မှ ဖေကြီးနဲ့မီးလေးနဲ့ မီးလေးချစ်တဲ့ကြယ်လေးတွေကို ကြည့်ကြမယ်နော်၊ ကဲ... မီးလေး မငိုနဲ့တော့၊ အိပ်တော့''
''ဟုတ်တယ်နော် ဖေကြီး၊ မီးလေးတို့ကြယ်လေးတွေကိုပဲ စောင့်ကြ မယ်နော်''
''ဒါပေါ့၊ ကြယ်လေးတွေလည်း ထွက်လာတော့မှာ၊ မီးလေး မငိုနဲ့တော့ နော်''
(အသည်းထန်ဆုံး ထစ်ချုန်းသွန်းဖြိုးခဲ့သော '၈၉'၏ ပထမဆုံးမိုးည ကို ခံစားခြင်း)
မသီတာ(စမ်းချောင်း)

Monday, 21 November 2011

သွေးစကား

''ဟဲ့... နင်တို့တွေကို ဘယ်သူက အထဲဝင်ခိုင်းလို့ ဝင်လာကြတာ လဲ၊ သွား... သွား... အပြင်မှာ သွားနေကြစမ်း၊ တကတဲ ကုလားအုတ် မျိုးတွေ၊ အပေါက်ဝမှာ ပြူတစ်ပြူတစ်နဲ့၊ တစ်ခါတစ်လှမ်း တစ်လှမ်းတိုးရင်း ငါးအခန်းထဲ ရောက်လာကြပြီ၊ ဟူး... ပူရအိုက်ရတဲ့အထဲ နင်တို့မြင်ရ တာ စိတ်ပါအိုက်တယ်၊ သွားကြစမ်း၊ တစ်ယောက်မှလည်း ကြည့်ချင်စရာ မရှိဘူး''
သား ခေါင်းကို ငုံ့သထက်ငုံ့ပြီး တွေးနေလိုက်တယ်။ ဒီအသံကို သား မွန်းတယ်။ ပြီးတော့ ကြောက်တယ်။ အသံကကျယ်ပြီး စူးလိုက်တာ။ မေမေ့ ဗိုက်သားတွေရယ်၊ ရေအိတ်ရယ်ကို ဖြတ်ပြီးမှ သားနားထဲကို ရောက်လာ ပေမဲ့ သားရဲ့နားထဲမှာ အရမ်းကို ကျယ်ပြီး စိမ့်သွားတာပဲ။ ဒီနေရာကို ရောက်လာပြန်ပြီဆိုတာ သား သိလိုက်ရတယ်။ ဒီအသံကို သားငယ်ငယ် ကတည်းက ကြားခဲ့ရတာ။ တစ်ခါမှ နားထောင်လို့မကောင်းဘူး။ ဒါပေမဲ့ မေမေက ဒီကိုပဲ ခဏခဏလာရတယ်။ မလာလို့လဲ မရဘူး။ တစ်ခါက တော်တော်ကြီးကြာမှ လာလို့ အဲဒီအသံ၊ အဲဒီဆရာဝန်မဆိုတဲ့အသံက အော်ပြန်ရော။ ''နင်တို့ဟာလေ နင်တို့ကို ငါက တွေ့ချင်မြင်ချင်လွန်းလို့ အလှကြည့်ဖို့ခေါ်တာမဟုတ်ဘူးဟဲ့၊ နင်တို့ကပဲ အလာနိုင်ဘူးရှိရသေးလား၊ အေး... ငါကသာတောင်ကြိုက်သေးတယ်၊ မလာကြနဲ့၊ ငါ့ဘာသာငါ အေး လို့၊ ပင်ပန်းရတာတောင် သက်သာသေး၊ အေးပေါ့ စားဝတ်နေရေးပေါ့၊ နင် တို့ အဲဒါပဲလုပ်ပေါ့၊ ပြီးတော့ နင်တို့ပဲ တြ>ွပတ်ြ>ွပတ်မွေး ဟုတ်လား၊ ငါပြော လိုက်ရင် မကောင်းဘူး၊ အလကားဟာတွေ၊ နင်တို့ပဲ အလုပ်ရှုပ်ကြ၊ အလုပ် ဖြစ်ကြ၊ ပြီးတော့ ငါတို့ဆီ ဖြစ်ချင်ရာဖြစ်ပြီး ရောက်လာကြ၊ တော်တော့၊ စေတနာကို မရှိဘူး၊ နင်တို့မလာရင် အေးတာပဲ၊ အချိန်တန် ငါ့လခ ငါရ မှာပဲ'' ဒါနဲ့ပဲ မေမေလည်း သားလိုပဲ ကြောက်တာထင်တယ်။ ဒီနေရာကို ရောက်ရောက်လာရတာပေါ့။ မလာဘဲလည်း နေလို့မှ မရတာကိုး။ သားက ရှိသေးတယ်လေ။ သား လူဖြစ်ရဦးမယ်။
သား လူဖြစ်ချင်လှပြီ။ မေမေ့ဗိုက်ထဲက ထွက်ချင်လှပြီ။ အပြင်လောက ကြီးကို သားရင်ဆိုင်ချင်လှပြီ။ အပြင်လောကကြီးရဲ့ လွတ်လပ်မှုကို သား လိုချင်လှပြီ။ ခုတော့ မေမေ့ဗိုက်ကျဉ်းကျဉ်းလေးထဲမှာ သားဟာ ခွေခေါက် လို့ တစ်ယောက်တည်းနေရတာ ကြာလှပြီ။
သား မှတ်မိသလောက် သားကိုယ်သား မေမေ့ဗိုက်ထဲမှာ မေမေ့သား အဖြစ် တစ်ယောက်တည်း ခွေခေါက်ကျပ်တည်းရောက်နေတာမှန်းသိတာ ငါးလလောက်ရှိနေပြီ။ သားကိုယ်သား မေမေ့သားမှန်း လူကလေးမှန်း မသိ ဘဲ မေမေ့ဗိုက်ထဲ ရောက်နေတာနဲ့ဆို သားဟာ ကိုးလလောက် ရှိနေပြီ။ မေမေ့ဗိုက်ထဲ ရောက်နေတာလေ။ ဒါမေဲ့ သားကိုယ်သား သိတဲ့ငါးလကိုပဲ သားသိတယ်။ အဲဒီငါးလအတွင်းမှာ သား ဒီအသံကို ကြားရတယ်။ ကြား ရတိုင်း သား စိတ်ညစ်တယ်။
မေမေ ဘာဖြစ်လို့ ဒီကိုလာခဲ့တယ် မသိဘူး။
''မေပါဦး၊ နင့်ကြည့်ရတာလည်း ဖြူဖွေးနေတာပဲ၊ သွေးကို မရှိဘူး၊ နေ...၊ နင် ဘာစားလဲ...၊ ဟဲ့... အားဆေးမေးတာ၊ အေး... မစား ရင် ခုက စစားတော့၊ ယူသွား၊ အရေးကြီးတာကတော့ အစားအသောက် ဂရုစိုက်၊ နင့်အိမ်ရှေ့စံကြီးနဲ့ အပြင်က ဟာလေးတွေအတွက်ပဲ လုပ်မနေနဲ့၊ နင်လည်း စား၊ နင်က စားရင် နှစ်ယောက်စာစားရမှာ၊ ကြားလား၊ စားဆို တိုင်း နင်က ဘာစားမှာလဲ၊ အသားဓာတ်များများပါတာစား၊ သံဓာတ်များ များပါတာစား၊ အံမယ် ဆင်ခြေပေးဖို့ ပါးစပ်မပြင်နဲ့၊ ငါ သိတယ်၊ ကြက် သား၊ ဝက်သား၊ အမဲသား၊ ငါလည်း မစားနိုင်ဘူး၊ နင် မပြောနဲ့၊ ငါလည်း မစားနိုင်ဘူး၊ လူတိုင်း မစားနိုင်ဘူးဟဲ့၊ ရယ်မနေနဲ့ ငါပြောတာ နားထောင်၊ နင် မုန့်ဟင်းခါးတော့ ဝယ်စားနိုင်တယ် မဟုတ်လား၊ အေး... ဘူးသီး ကြော်ထည့်မစားနဲ့၊ စားရင် ပဲကြော်ထည့်စား၊ အဲဒါလည်း အသားဓာတ်ပဲ၊ သံဓာတ်အတွက်တော့ ငါတို့ ဒီကထိုးဆေးစားဆေး ပေးနိုင်လှ တစ်ခါနှစ်ခါ ပဲရမယ်၊ အဲဒီတော့ ကန်စွန်းရွက်စား၊ ဟင်းနုနွယ်စား၊ ကြားလား''
တကယ်တော့ မေမေ့အဖို့ ဒီအသံက ကျယ်ပေမဲ့ ဒါမျိုးတွေ ပြောတော့ သိရလို့ ဖြစ်မယ်၊ ခုဆို သားစားချင်တဲ့ ဘူးသီးကြော်တောင် မေမေက သိပ် မစားတော့ဘူး၊ အဲဒီအသံပြောနေတဲ့ပဲကြော်ပဲ စားစားနေတယ်လေ။
''ဟေ့- ယူတို့ မှတ်ထားနော်၊ ယူတို့ ဘုတ်အုပ်ကြီးထဲကဟာတွေ ရွတ် ပြမနေနဲ့၊ လုပ်နိုင်တာပဲ ပြော၊ မလုပ်နိုင်တာ လာမပြောနဲ့၊ တွေ့လား... ပေတံ၊ ကောက်ပေါက်လိုက်မယ်၊ နင့်ကို ပြောတာ ဟဲ့ကောင်မလေးရဲ့၊ နင့် ကို ဘာလဲ၊ ပညာပေးအကြောင်း ပြောတာမဟုတ်ဘူး၊ နင်လက်ဆေးနေတာ မပြီးနိုင်လို့၊ ဒီမှာ ရေရှားတယ်ဆိုတာ နင်မသိဘူးလားဟဲ့၊ ဆယ်နာရီဆို ဘုံဘိုင်ခေါင်းပွင့်လို့ကတော့ လေပဲလာမယ်၊ အဲဒီစဥ့်အိုးတစ်အိုးပဲ ရေရှိ တာနော်၊ နင့်လို ရေသုံးကြမ်းလို့ကတော့ နင့်ဘကြီးတွေခေါ်ပြီး ရေဖြည့် ခိုင်းတော့၊ ဒါ ဆေးရုံ၊ ကန်တော်ကြီး မဟုတ်ဘူး၊ အင်းလျားမဟုတ်ဘူး၊ ရေမရှိဘူးဟဲ့၊ နားလည်လား၊ သူများတကာဖို့ချန်ဦး''
အဲဒီအသံဟာ ဒီနေရာမှာတော့ သိပ်ကျယ်ပြီး ဒီတစ်သံပဲရှိတာလား မသိဘူး။ ဒီအသံကိုပဲ ကြားနေရတယ်။ ကြားတိုင်းလည်း နားကျဉ်သွား တာပဲ။ သားတော့ ပြန်စေချင်ပြီ။ မေမေ့အလှည့်ကလည်း ကြာလိုက်တာ။ သားလေ မေမေ့ဗိုက်ထဲကနေပြီး ပြင်ပလောကထဲထွက်ဖို့ စောင့်နေရတာ ကြာလို့ ပျင်းတာထက် ခုလိုမေမေ့အလှည့်ရောက်အောင် စောင့်နေရလို့ စိတ်ညစ်တာက ပိုဆိုးတယ် ထင်တာပဲ။ ဒါပေမဲ့ သားက ဘာတတ်နိုင်ဦး မှာလဲ။ မေမေတောင် ဘာမှမတတ်နိုင်တာပဲလေ။ ဟုတ်တယ်။ သားမှာက အချင်းတစ်ခုပဲ အားကိုးရာအဖော်ရှိတာ။ မေမေ့လို ပြင်ပကမ္ဘာကြီးထဲမှာ အားကိုးရာတွေ အများကြီးရှိတဲ့ လွတ်လပ်တဲ့သူကတောင် ဘာမှ မတတ် နိုင်တာဆိုတော့ သားက ဘာတတ်နိုင်မှာလဲ။
သားခေါင်းကိုရော ကိုယ်ကိုပါ ကွေးသထက် ကွေးပြီး ငြိမ်နေရာကနေ ခြေဆန့်လက်ဆန့် လှုပ်လိုက်တယ်။ သား အပြင်ကို ထွက်ရတော့မှာပါ။ ခုဆို သားနေနေတဲ့ ရေအိတ်ထဲမှာလည်း ရေက သိပ်မရှိတော့ဘူး။ အချင်း လည်း အိုလာပြီ သားလည်း ကြီးလာပြီ။ သား အပြင်ထွက်ရဖို့ပဲ စိတ်စော နေမိတယ်။
''ဟဲ့... ပြော၊ နင်စမ်းပြီးပြီ မဟုတ်လား၊ ဘာလဲ၊ ဘာ... ဒါလား၊ ခေါင်းက ဖွားမှာ၊ ကဲ- ပေးစမ်းလက်၊ ရော့ ဒီမှာ သေချာစမ်းကြည့်၊ နင့် လက်ထဲကဟာက ဘာလဲ ဒါ မမေ့ရင်ညွန့်၊ ဒီမှာ ချက်၊ ကဲ- ဒီကြားမှာ ဒီ လုံးလုံးဝိုင်းဝိုင်း မာမာလှုပ်လှုပ်ဟာ ဘာလဲ၊ ခေါင်းပေါ့ဟဲ့၊ အေး- အောက် မှာ ပြန်စမ်းကြည့်ပါဦး၊ ဆီခုံရိုးအထက်မှာလေ၊ ကဲ- ပျော့စိစိပဲ မဟုတ် လား၊ အေး- သိပ်မညီဘူး၊ အင်း... အဲဒါ ဘာလဲ...၊ အေးပေါ့ဟဲ့၊ ဖင် ပေါ့၊ အေး- ဒီတော့ ဆုံဖွားပေါ့ဟဲ့၊ အေးနော်၊ နင်တို့ ဒါလေးမှ မှာလို့ မဖြစ် ဘူးနော်၊ ဒါမှားရင်တော့ သွားပြီ၊ ကဲ- ပြောစမ်းပါဦး၊ ခေါင်းကဖွားနဲ့ ဆုံက ဖွားမှာ မွေးပေးရတာချင်း ဘာကွာလဲ''
အဲဒီအသံက အော်ပြန်ပြီ။ ဒါပေမဲ့ သားစဉ်းစားတယ်။ ဆုံဖွားတဲ့။ သားလိုပဲပေါ့။ သားလည်း မေမေ့ဗိုက်ထဲမှာနေတော့ ခေါင်းငိုက်စိုက်နဲ့ ကျုံ့ ကွေးနေရမှာ စိတ်ကျဉ်းကျပ်တယ်လေ။ ဒီကျဉ်းကျဉ်းလေးထဲမှာ ခေါင်းငိုက် စိုက်နဲ့မနေချင်လို့မို့ သားကတော့ ခပ်တည့်တည့်ပဲ နေဖြစ်တယ်။ ဒီတော့ ဆုံဖွားပေါ့။
''ဟဲ့- ဘာပြောတယ်၊ ဆုံဖွားဆိုတိုင်း ခွဲမွေးရမယ်လို့ နင့်ဘယ်သူ သင် ထားလဲ၊ ဘယ်မှာ မှတ်ထားဖူးလဲ၊ ကဲ- ငါခေါက်လိုက်ရလို့ သေတော့မယ်၊ ဘာပြဿနာမှ တွဲမလာဘဲနဲ့ ရိုးရိုးဆုံဖွားဆို နင်က ရက်ရက်စက်စက် ခွဲ မွေးမလို့လား၊ အလကားနေရင်း ဓားပြင်ချင်တဲ့ကောင် လာခဲ့၊ ငါဖြင့် စိတ်ညစ်ရတဲ့အထဲ''
အဲဒီအသံကတော့ စိတ်ညစ်တယ်ချည်း ပြောတာပဲ၊ တကယ်တော့ ဘာ မဆို သူချည်းပြောနေတာပဲလေ။ သူချည်းပြော သူချည်းအော်နဲ့။
''ဟဲ့- ကလေးအမေ၊ နင့်ဗိုက်က ဒဏ်ရာတွေက ဘာလဲ၊ ဟင်... နှစ်ခါခွဲမွေးထားတာ ဟုတ်လား၊ နေဦး၊ နင့်အရပ်က လေးပေကိုးလက်မ နော်၊ အေး...ညှပ်ရိုးကျဉ်းလို့ခွဲမွေးထားတာ၊ ဒါနဲ့ နင် နောက်ဆုံးရာသီ လာတဲ့နေ့က ဘယ်နေ့လဲ၊ အံမယ်လေး နင့်ဟာက ရက်ပဲ လွန်တော့မယ်၊ ကြည့်စမ်း၊ နင့်ဟာက ရေတောင်မရှိချင်တော့ဘူး၊ ကလေးပဲ စမ်းလို့ရတော့ တယ်၊ အင်း... အရေးထဲ ဆုံဖွား၊ ဟင်း...''
ဟင်... သူက ဆုံဖွားမို့ စိတ်ညစ်တယ်တဲ့၊ မေမေတို့ကတော့ ခြေက ဖွားရင် ထက်လို့ဆိုပြီး ပျော်နေကြရဲ့။
''ဟဲ့... နင့်ကို မေးနေတယ်လေ၊ နင် ဒီနေ့ ဆေးရုံတက်မှာလား မ တက်ဘူးလား၊ အချိန်က မရှိဘူးနော်၊ ငါ နင့်ကို ရှင်းရှင်းပဲ ပြောလိုက်မယ်၊ နင်ဟာက ရက်လွန်ခါနီးနေပြီ၊ နင်ဒီနေ့တက်မှ တနင်္လာနေ့ ခွဲတဲ့ထဲပါမှာ၊ ဒါတောင် နောက်ကျနေပြီ၊ အေး- ဒီထက်နောက်ကျသွားလို့ကတော့ အရင် က ခွဲဖူးတဲ့ နင့်သားအိမ်ချုပ်ရိုးကတော့ ဖြန်းဖြန်းကွဲပြီး နင်ရော ကလေးရော ကြံတောရောက်သွားလိမ့်မယ်၊ ကြားလား၊ ကဲ- ဘယ်လိုလဲ၊ နင် ဒီနေ့တက် မလား၊ နင် အရင်လို ပြန်လာခဲ့မယ်ဆိုပြီး အိမ်ပြန်ပြီး ပျောက်သွားလို့ မရ တော့ဘူး၊ ခုဟာ နေ့စေ့လစေ့ဖြစ်နေပြီ၊ အေး- နင်ပြန်မလာလို့ရှိရင်တော့ နော် ငါတာဝန်မယူဘူး၊ နင့်ဗိုက်ကြီး ကွဲထွက်ပြီးလာလို့ကတော့ နင်နဲ့ နင့် ကလေး ကြံတောရောက်သွားမယ်၊ အေး နင်ဗိုက်ကွဲတာ နင်တို့ကြံတော ရောက်တာ အရေးမကြီးဘူး၊ ငါ ဆံပင်ဖြူလိမ့်မယ်၊ အဲဒါ အရေးကြီးတယ်၊ ငါတော့ ဆံပင်အဖြူမခံနိုင်ဘူး၊ နားလည်လား၊ ကဲ... ဆင်းတော့''
အဲဒီ ပြောခံရတဲ့သူတွေတော့ ဘယ်လောက် အားငယ်မလဲ၊ ကြောက် မလဲ မသိဘူးနော်၊ မေမေကတော့ ကြောက်နေပြီလေ။ သားသိတာပေါ့။ ဒီလောကကြီးထဲမှာ မေမေ့အကြောင်း သားက အသိဆုံးပါ မေမေ။ မေမေ ကြောက်နေပါပြီ။ သားတောင် နေရခက်နေတယ်လေ။ မေမေ သိပ်ကြောက် နေပြီပေါ့။ ဟုတ်တယ်လေ။ ကြောက်စရာကြီးရယ်၊ မခွဲဘဲ ပေါက်သွားရင် သူဆံပင်ဖြူမှာက အရေးကြီးတယ်တဲ့။ ကလေးတွေ အမေတွေ သေတာက အရေးမကြီးဘူးတဲ့၊ မခွဲဘဲ ပေါက်သွားရင်...။
တကယ်လို့ မေမေ့ကို ခွဲမွေးရရင်ရော မေမေ့ဗိုက်ကြီးကို အဲဒီအသံနဲ့ ဆရာမက ဓားကြီးနဲ့ခွဲပြီး သားကိုစွေ့ခနဲဆွဲထုတ်သွားမှာလား။ ဟင့် အင်း... ဟင့်အင်း၊ မေမေ နာမှာပေါ့။ မေမေ နာမှာကို သားမလိုလား ဘူး။ သားမကြိုက်ဘူး။ မေမေ မနာစေရဘူး။
ဟုတ်တယ်။ မေမေ မနာစေရဘူး။ သားက မေမေကလည်း သားကို ပြင်ပလောကထဲ ထွက်စေချင်ပြီဆိုတဲ့ အချိန်မှာ မေမေနဲ့သား တူတူကြိုး စားပြီး သား ပြင်ပလောကထဲရောက်အောင် လုပ်ကြနော်၊ သားလေ သား။
မေမေ့ကို အားကိုးပြီးတော့မှ ပြင်ပလောကကြီးဆီ ထွက်လာချင်တာ။
''ကဲ... တက်၊ အင်း... နေဦး၊ အေး... ဒီတစ်ယောက်လည်း ဆုံဖွားပဲဟဲ့၊ ကဲ ကောင်မလေးတွေ ဒီတစ်ခါတော့ နင်တို့အလှည့်ပဲ၊ နင်တို့ မေးကြ၊ ပြောကြ၊ စမ်းကြ ဟုတ်လား၊ ပြီးရင် ငါ့ပြန်ပြောကြ ဟုတ်ပြီလား၊ သေချာမေးနော်၊ ပြီးရင် တစ်ခါတည်း ဘယ်လိုမွေးမလဲ၊ ဘယ်တော့မွေးပေး မလဲ၊ စဉ်းစားထား၊ ငါပြန်မေးမယ် ဟုတ်လား၊ နင်တို့ကို ငါက မေးမှာနော်၊ နင်တို့ ငါ့ကို ပြန်မေးမယ်များ မကြံကြနဲ့''
မေမေ့အလှည့်က ခုမှပဲ ရောက်တော့တယ်။ ဘယ်လိုမွေးစေမလဲ။ ဘယ်တော့ မွေးပေးမလဲဆိုတာ သိရမတဲ့။ မေမေ ရင်တွေခုန်နေတယ်။ သားလည်း ရင်ခုန်လာတယ်။
''ကျွန်မကို ခွဲမွေးမှာလားဟင်'' တဲ့။ မေမေ့အသံ။အို...ဘာမှ မကြောက်ပါနဲ့ မေမေ။ မေမေ မကြောက်ပါနဲ့။ ဆုံဖွား တိုင်း ခွဲမွေးရတာမှ မဟုတ်ဘဲ မေမေရဲ့။ ခုနက ပြောသွားတယ်လေ။ ပြီး တော့ ခွဲမွေးလို့ မေမေနာမှာကို သားမလိုလားပါဘူး မေမေရယ်။ ပြီးတော့ ဓားကြီးနဲ့ မေမေ့ဗိုက်ကို ခွဲ၊ သားကို ဆွဲထုတ်တဲ့အခါ ခေါင်းအငိုက်သားနဲ့ စွေ့ခနဲထွက်လာ။ အဲလို ထွက်လာရမှာကိုလည်း သားမလိုချင်ဘူး။
သားကလေ အမြန်ဆုံး ပြင်ပလောကထဲ ထွက်လာမယ်နော်။ သားက မေမေ့သား။ မေမေ့ကို ယုံတယ်။ မေမေရဲ့ မိဘမေတ္တာ၊ မိခင်စွမ်းအားကို ယုံတယ်။ နောက် သားကိုယ်သား ယုံတယ်။ သားရဲ့မေမေ့အပေါ်ထားတဲ့ မေတ္တာနဲ့ သားရဲ့ခွန်အားကို ယုံတယ်။ မေမေရဲ့အားနဲ့ သားရဲ့အား ပေါင်း ရင် မေမေဟာ ဘာလို့ ခွဲမွေးရမှာကို ကြောက်နေရဦးမှာလဲ။ မေမေနဲ့ သား တို့ရဲ့ အားနဲ့ သားဟာ မေမေ့ဝမ်းကြာတိုက်ထဲကနေ ပြင်ပလောကကြီးထဲ ကို ရှောရှူချောမောစွာပဲ ခြေစုံကန်ပြီး ဝင်လာမှာပေါ့ မေမေရဲ့။ သား ခြေ စုံကန်ပြီး ဝင်လာခဲ့မယ် မေမေ။ မေမေက သားကို ပြုံးပြီးကြိုနေပေါ့။ ဟုတ်လား။ မေမေ ပြုံးနေနော်။
မသီတာ(စမ်းချောင်း)

Saturday, 19 November 2011

ကွေးသောလက် မဆန့်မီ

ဝမ်းသာသကွာ... တွေ့ရတာ တကယ့်ကို ဝမ်းသာတာပဲကွာ...။ မယုံသလို မကြည့်စမ်းပါနဲ့ကွ။ ငါ တကယ်ပြောနေတာပါ။ မင်းလိုလူတွေ နဲ့ မတွေ့ရတာ ကြာကြာမှပဲ။ ဝမ်းမသာဘဲ နေနိုင်ရိုးလားကွာ...။ ငါ လည်း ဝမ်းမသာရတာ ငွေရတုနှစ်လည်ပြည့်ပြီပေါ့။ မင်းတို့လူ့ပြည်လူ့ရွာ ကလည်း ငါ့ဆီ တစ်ယောက်တလေမှ ရောက်မလာ။ ငါတို့ဆီက နတ်တွေ ကလည်း သင်္ကြန်လိုက်ဆင်းပျော်ပြီး ပြန်မပေါ်လာရတာနဲ့။ အဲ... ထား ပါတော့ကွာ။ ဘာလို့ ပြန်မလာတာကိုတော့ တဖြည်းဖြည်းနဲ့ တချို့ပြဿဒ် တွေမှာ နတ်မရှိတော့ဘူးကွ။ ချိတ်တော့ မပိတ်ထားပါဘူးကွာ။ ဒီလိုပဲ ဆိုင်ရာဆိုင်ရာ နီးစပ်ရာ နတ်တချို့ တက်နေနေကြတာပါပဲ။ ဒါအရေး မကြီးပါဘူးလေ။ ထုံးစံတောင် ဖြစ်နေမင့်ဟာ။ ကဲကွာ... မင်းပဲ စဉ်းစား ကြည့်။ ပေါင်းစရာသင်းစရာ ရင်ဖွင့်စရာဆိုလို့ ဟိုလေးယောက်ရှိတာပဲ။ မကိုက်ပါဘူးကွာ။ မင်းလည်း သိမှာပေါ့။ မိန်းမတို့အကြောင်းလေ။ ငှက် မျိုးငှက်နွယ်တွေ များပါတယ်။ ခိုတို့၊ ဆက်ရက်တို့၊ စာကလေးတို့။ ဒါပေါ့။ ငါလည်း ကြာတော့ ချောက်ချားလာတာပေါ့။ မင်းနှယ်... သန်းခေါင်စာ ရင်းတောင် မကောက်ရဲဘူး။ နတ်ဦးရေနည်းတာ လူသိကုန်ကြရင် စော်ကား မော်ကား လုပ်ကြမစိုးလို့လေ။
ဘာ... ဘာ... ဒါဖြင့်လည်း လူ့ပြည်ဘက် ငဲ့ကြည့်ပြီး နတ်ဖြစ် မယ့်လူရှာပါလားတဲ့ ဟုတ်လား...၊ ဟား...ဟား... ပြောတော့ လွယ် လိုက်တ်ာနော်။ ဟေ့၊ ဒီမယ် မင်းပဲ ဖြေပါဦး။ မင်းတို့လူ့ပြည်မယ် ဘွဲ့ရတဲ့ လူတွေ ဒီလောက်များတဲ့ထဲမှာ အရာရှိဖြစ်မယ့်လူ ဘယ်နှစ်ယောက် မင်း ရှာတွေ့ဖူးလဲ။ ကြံကြီးစည်ရာကွာ...။ ငါကပဲ ကာမဂုဏ်ငွေ့ ပျော်မွေ့ လို့ လူ့ပြည်ဘက် ငဲ့လို့မှ မကြည့်ဘူးလေး ဘာလေးနဲ့။ ငါ့မှာ ထိသိ သတိ လေးမှ အမြဲမငြိနိုင်ပါဘူးကွာ။ ငါ့ဏ္ဍုဂွမ်းဆိုင်က တော်နေ တင်းလိုက်၊ တော်နေကြာ တင်းလိုက်နဲ့ မင်းတို့လူတွေလည်း ခင်းလိုက်တဲ့အမှု၊ ပြုလိုက် တဲ့ အပြစ်။ မဖြစ်ပါဘူးကွာ။ ရော့... ဒီမှာကြည့်။ ငါ့စိန်မျက်မှန်ဒီဂရီ လည်း တိုးလိုက်သမျှ အလှပျက်မစိုးလို့ မျက်ကပ်မှန်လုပ်ရင် ကောင်းမလား တောင် စဉ်းစားမိပါသေးရဲ့။ ဒါပေမဲ့ကွာ အလကားပါပဲ။ ငါက ဒုန်းခနဲ ဒိုင်းခနဲ ထင်ထင်ရှားရှားအမှုအခင်းတွေသာ မြင်ရတာကွ။ ရေမြှုပ်ဗုံးတစ် လုံးမခွဲ၊ သေနတ်တစ်ချက်မပစ်ဘဲ ဆီတစ်ပုံး၊ သီးစုံသနပ် တစ်ပိဿာနဲ့ ပြီးသွားတဲ့ဟာတွေကျတော့ ငါ့စိန်မျက်မှန်က တယ်အသုံးမကျပါဘူးကွာ။ မျက်စိညောင်း ခေါင်းခဲတာသာ အဖတ်တင်တာပါပဲ...။
ဘာလဲ၊ ကိုယ်ကျိုးကြည့်တယ်ပြောဦးမလို့လား။ လုပ်မနေပါနဲ့ကွာ။ ဒီ အမှုတွေ ငါမကိုင်ပေမဲ့ အချိန်ကျတော့ ကိုယမတို့က တာဝန်ယူပါတယ် ကွ။ အေးကွာ... သူ့မှာတော့လည်း များလိုက်တဲ့ြေ>ွခရံသင်းပင်း၊ ရောက် လာသမျှလူတွေကို အမှုလိုက်ခွဲပြီး တာဝန်တွေပေးထားလိုက်တာမှ ငါ တောင် အားကျသေးရဲ့။ ဖုန်းတစ်လုံးနဲ့ အလုပ်လုပ်တဲ့လူတွေ၊ လက်ဖက် ရည်ဆိုင်ထိုင်တဲ့လူတွေနဲ့ စာရေးမတွေဆို ဒီဆီပူအိုးအတွက် မီးပြောင်းမှုတ် အဆင့် (၁)၊ (၂)၊ (၃)။ လျှောက်လွှာရေးစားတဲ့လူတွေနဲ့ အရည်မရ အဖတ် မရ စာမျက်နှာဖြုန်းတဲ့ စာအရိပ်၊ စာအယောင်တွေဆို စုံစမ်းရေးဌာန ဧည့် ကြို (၁)၊ (၂)။ ခဲဖျက်ကြိုက်တဲ့လူတွေနဲ့ သိုးမွှေးထိုးကျင့်တဲ့လူတွေဆို ကြက် ပေါင်စေးကြိုးကျစ်အဆင့် (၁)၊ (၂)။ မီးပြောင်းမှုတ်၊ ကြက်ပေါင်စေးကြိုး ကျစ်၊ ကျောက်ထင်းခွဲ အဲသလိုကို လူ့ဘဝက ဆိုင်ရာဆိုင်ရာအလုပ်နဲ့ နီး စပ်တဲ့အလုပ်တွေ ခွဲထားပေးတာကွာ။ လူ့ဘဝမှာ 'လေ' နဲ့လုပ်စားခဲ့တဲ့လူ တွေဆို မီးပြောင်းမှုတ်ပေါ့ကွာ။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော် ခန့်ထားတာ တဲ့ဗျား။ သြော်... မကြားချင်ဘူးတဲ့လား၊ ပျင်းသတဲ့လား။ နေစမ်းပါကွာ၊ ငါပြောချင်တာက ခုနက ရွက်ပုန်းသီးအမှုတွေဟာ ငါအရေးမယူလည်း ဖြစ် နေတာပဲလို့ ပြောပြချင်တာပါကွာ။ ငါ အရေးယူလည်း နောက်ဆုံး ကိုယမ လက် ရောက်ရမှာပဲ။ ဒီတော့ ငါက ဘာလို့များ ခေါင်းနောက်ခေါင်းရှုတ် ခံပြီး ဒီအလုပ်ကို လုပ်နေပါဦးမလားလို့...။
သြော်... အတ္တဆန်သတဲ့လား၊ သိကြားနဲ့မတန်ဘူးတဲ့လား။ ဒီမှာ မင်းသိဖို့က ငါက 'တာဝတိံသာ'က သုံးကျိတ်သုံးယောက်သော သိကြားထဲ က တစ်ယောက်သော သိကြားကွ။ ဆင်းရဲခြင်းကင်းသော နတ်ပြည်လို့ အဓိပ္ပာယ်ဖွင့်ဆိုခံထားရတဲ့ 'ယာမာ' က သိကြားမဟုတ်ဘူးကွ။ ငါ ခေါင်း ခဲတော့ ဇာတ်တူသား... အဲ...အဲ နာမည်တူ သကြားရေစင်လည်း မ သောက်ချင်ဘူး။ တစ်လုံးလေးကျပ်လောက်ရှိတဲ့ အယ်လ်နယ်ဂျက်ဆင် လည်း မသောက်နိုင်ဘူးကွ။ သင်္ကြန်ဆင်းတုန်းက ဝယ်ခဲ့တဲ့ ထန်းလျက်ခဲ လေးပဲ ရေဖျော်မော့နိုင်တာဟ၊ ဒါတောင် ခဏခဏ ခေါင်းခဲရင် မစားသာ ဘူးဟေ့။ မင်းတို့လူ့ပြည်လူ့ဈေးက 'စတုမဟာရာဇ်' နဲ့ ငါးမူးခရီးလောက်  နီးပါး နီးလာပြီမို့ ခဏခဏသွားဝယ်နိုင်ပေမဲ့ ငါပြောပါရောလား။ ယာမာ သိကြား မဟုတ်ပါဘူး။ တာဝတိံသာသိကြားပါလို့ဆို။
ကဲ... မင်း ဘာမေးချင်သေးလဲ၊ တကတည်း ငါကိုယ်တိုင်ကိုက ပြော ချင်နေတဲ့အချိန်ပါကွ၊ နားထောင်မယ့်နတ် မရှိလို့ဟေ့။ နားမထောင်ချင် ကြလို့တဲ့။ ခုတော့ ငါပြောချင်တာ ပြောရမယ့် မင်းတစ်ယောက် ခေါ်လိုက် မိပါတယ်။ မင်းမေးတဲ့မေးခွန်းတွေကိုက 'ခွ'ချည်းပဲ။ ဒါကြောင့်လည်း မင်း နဲ့ လူတွေနဲ့ မဖြစ်ပါဘူးဆိုပြီး မင်းကို ငါကြည့်ကြည့်နေတာ၊ ဟော မင်းက အဲဒီအရာရှိအလှူသွားစားလိုက်တာကိုး...။
ဘာလဲ ရှားရှားပါးပါး မင်းလိုအရာရာမွဲတဲ့ ငမွဲတစ်ယောက်တည်း ရွေး ဖိတ်တာမို့ ဝမ်းသာအားရ သွားမိတယ်ပေါ့ ဟုတ်လား။ အဲဒါပေါ့။ 'အစား မတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း'တဲ့။ မင်းကတော့ အစား မတော်ပေမဲ့ အသွားတော်သွားတယ် ခေါ်ရမှာပေါ့နော်။ ငါ့ဆီရောက်လာ တာကိုး။ သြော်... မင်းနှယ် ညံ့လိုက်တာကွာ၊ မင်းစားခဲ့တဲ့ အလှူရှင် အရာရှိကိုများ ရှာကြည့်နေသေးသတဲ့။ ဟကောင်ရ သူက အစာအဆိပ် ဖြစ်အောင် တမင်ဖန်တီးတဲ့လူမဟုတ်မှန်း ငါသိပါတယ်ကွ။ သင်္ဘောတစ် တန်၊ ကားတစ်တန်နဲ့ လာခဲ့တဲ့ မုန့်ဟင်းခါးဖတ်ပဲကွာ။ ပိုးရယ်မွှားရယ် ကပ် ပါတာ ဘာဆန်းလို့လဲ။ ဘာလဲ။ အဲဒီအလှူရှင်ကြီး ငါ့ဆီမရောက်လာတာ က ဆန်းသပေါ့လေ။
မင်းကွာ...။ အဲဒီလူ အလှူအတန်းရက်ရောမှန်း သဒ္ဓါစိတ်ကြီးမှန်း ငါသိသားပဲ။ ဒါပေမဲ့ ခက်တာက သူလှူတာက သူ့ထက်လှူနိုင်တဲ့သူတွေ ချည်းပဲကွ။ အေး မင်းကတော့ စုန်းပြူးပေါ့ကွာ။ ကျီးမည်းကြားက ဗျိုင်းဖြူ ပေါ့။ ထားတော့...။ အေးလေကွာ။ သူ့ထက်လှူနိုင်တဲ့သူတွေကို လှူမှ သူ့ကို အဲဒီလူတွေက ပြန်လှူမှာပေါ့။ သူ ပြန်အလှူခံလို့ရမှာပေါ့ကွ။ သြော်... သူလှူတာက ခဲဖွယ်ဘောဇဉ်၊ သူအလှူခံတာက အေး... အေး... မင်းပြောတဲ့ဟာကွာ၊ ငါလည်း သိပ်မခေါ်တတ်ပါဘူး။ ဝေါဟာရ တွေက ခဏခဏပြင်လွန်းလို့။ အဲဒါ အဲလိုမတူတော့ ဘာဖြစ်လဲကွ၊ တူ သောအကျိုးဆိုတာ ရေ ရေချင်း၊ ကွမ်း ကွမ်းချင်းမှ မဟုတ်ပါဘူးကွာ။ စိတ်ထားတတ်၊ လူနေတတ်တော့ ညောင်စေ့လောက်လှူပေမဲ့ ညောင်ပင် လောက် အကျိုးပေးတာကလား။ ကုသိုလ်လား၊ မရပေါင်ကွာ။ ဟ- အစ တည်းက အကျိုးလိုလို့ ညောင်ရေလောင်းပြီး ရေများရာ မိုးရွာတတ်တဲ့ လူ စားပဲကွ။ သူလိုရာ ပြန်မလှူနိုင်မယ့်လူတွေကို သူ့တစ်သက် ဘာတစ်ခု လှူဖူးလို့လဲ။ ကဲ သူ့လိုလူမျိုး ငါက ဘယ်လိုလုပ် ခေါ်လိုက်ရဲမှာလဲလို့။
ဟ- 'တာဝတိံသာ'မှာလည်း အီးစီ နဃရှိတာပေါ့ကွ၊ ငါ့ဆန္ဒနဲ့ငါ ထင်ရာ လုပ်လို့ ဘယ်ဖြစ်မှာလဲ။ ငါက ခေါ်လိုက်ပါပြီတဲ့။ မင့်လူက မတန်မရာ ရောက်လာတာမို့ ဧည့်စာရင်းပဲ ဖြစ်မှာကွ။ ကဲ- သူ့အတွက် ဆန်ကိုယ်တာ၊ ဆီကိုယ်တာ ဘာဘာညာညာကို ဘယ်သိကြား သူ့ပြဿဒ်ပေါ်တင်ပြီး ရှာ ပေးကျွေးမွေးနိုင်မှာတဲ့လဲ။ ဟ- သန်းခေါင်စာရင်းကောက်ရင်သာ နတ်ဦး ရေက နည်းတာကွ။ ဆီစာအုပ်မှာက မနည်းဘူး။ သူ့ဟာနဲ့သူ အလျင်မီပြီး သား၊ လည်ပတ်နေကျ။ ဘယ့်နှယ်လုပ် ပြင်လို့ရပါ့မလဲ။ အဲ သူကလည်း လူ့ကျင့်မပြင်ဘူး၊ မကုန်သေးဘူးဆို မခက်လားဟ။
အင်း... မင်းကတော့ စံပါပဲကွာ...။ မဖြစ်ချေပါဘူး။ မင်း ငါနဲ့ နေလို့လည်း မဖြစ်သေးပါဘူး။ မင်းပုံက လူ့ပြည်မှာလည်း အံဝင်ခွင်ကျမယ့် ပုံ တယ်မပေါ်ဘူးကွ။ ဘာပြုံးတာလဲ။ ငါပြောတာ ဟုတ်နေတယ်မဟုတ် လား။ ရှုပ်ပါတယ်ကွာ၊ မင်း ကိုယမဆီသွားမလား။ ငါ စာရေးပေးလိုက်မယ် လေ။ ဆိဂိုထောင်စောင့်အဆင့်(၂)လောက်တော့ ရနိုင်ပါတယ်ကွ၊ သွားစမ်း ပါ။ ဝမ်းသာဝမ်းနည်းကြီး ဖြစ်ပြမနေနဲ့။ အင်း-အဲ... ကိုယမကလည်း မင်းကို လိုချင်မှာ မဟုတ်ပါဘူးကွာ။ သူ့ဆီဂိုထောင်လည်း အစောင့်မလို တော့တာကြာနေမှပဲ။ မင့်လူ အရာရှိတောင် ရေနဲ့ပဲ ပြီးလိုက်ရမှာ။
အင်း... ခက်တော့ခက်တာပဲ။ တစ်ခုတော့ရှိတယ်ကွ။ ဘယ်နည်း နဲ့မဆို မင်းမိန်းမနဲ့ကလေးတွေကတော့ မင်းကို လိုချင်ဦးမှာ သေချာတယ်။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် အချိန်လည်း သိပ်မနှောင်းလှသေးပါဘူး။ မင်း လူ့ပြည်ပဲ ပြန်သွား။ ဟုတ်ပလား။ ဟ...ဟ သိပ်မပြန်ချင်ပါလား။ နေပါ ဦးဟ။ငါ နတ်မြင်းကိုးကောင်ကတဲ့ ပန်းပေါင်းတစ်ရာရထားနဲ့ လိုက်ပို့ပါ့ မယ်ဟ။ နေစမ်းပါဦးကွာ။ ကြုံတုန်းလေး လူကြုံလေးများ ပါးပါရစေဦး။ ဟိုးတစ်နှစ်က ပြုပြင်ဖို့ ပန်းတိမ်အပ်ထားတဲ့ ငါ့ဝရဇိန်မိုးကြိုးလေး ကြုံရင် ရွေးပေးထားစမ်းပါကွာ။ ဒီနှစ်သင်္ကြန်မှ ငါဝင်ယူပါ့မယ်။ အဲ- အဲ ရော့၊ ကျုတ်ထဲ သေချာထည့်သိမ်းထားတဲ့ ဘောက်ချာလေး။ သေသေချာချာ ယူ သွားပေးပါဦးကွာ။ ကျေးဇူးပါပဲ။
x x x
''ကျေးဇူးပါပဲ ဆရာရယ်၊ ဆရာပေးတဲ့အသက်ပဲ ရှိပါတော့တယ်၊ ဒီ အချိုရည်ပုလင်းတွေသာ အချိန်မီမသွင်းလိုက်နိုင်ရင်တော့ မတွေးရဲပါဘူး ဆရာရယ်၊ ဆရာ ကယ်တာပါပဲ''
မပီဝိုးဝါးအသံအချို့နှင့် မပီဝိုးဝါးမျက်နှာအချို့ကို လှမ်းမြင်ရသည်။ လူ့ပြည်ဟုတော့ မပီဝိုးဝါး ထင်မိလေသည်။
''ဟော... သတိရလာပြီ၊ သတိရလာပြီ၊ အစ်ကို... အစ်ကို''
''ကိုဖိုးသ... အဲ- ကိုဖိုးသကြား၊ သတိရပြီနော်''
''အင်း...''
လူ့ပြည်ပြန်ရောက်နေသည်မှာ သေချာပြီ။ သကြားရည်ပုလင်းနှင့် ပိုက် ဆက်မထားဘဲ အားလပ်နေသောလက်ထဲမှာတစ်စုံတစ်ခုကို ခပ်တင်းတင်း ဆုပ်ထားမိကြောင်း သတိထားမိလေသည်။ စာရွက်တစ်ရွက်။ ဘောက်ချာ တစ်ခုမဟုတ်ပစေနှင့်ဟု ဆုတောင်းရင်း မပီဝိုးဝါးမျက်လုံးများနှင့် စာသား အချို့ကို ကြိုးစားဖတ်ရန် ကိုဖိုးသကြား အားလပ်နေသောလက်ကို လှုပ်ရှား ဆန့်တန်းလိုက်သည်။
မသီတာ(စမ်းချောင်း)

Thursday, 17 November 2011

တစ်ကံ

သားက ကံမကောင်းဘူးခင်ဗျ။ တကယ်ပါဗျာ။ မေမေတို့ကလည်း ပြောတာပဲ။ ကိုကိုကြီးတို့၊ မမကြီးတို့ ငယ်ငယ်က သားထက်ကံကောင်းကြ တယ်ခင်ဗျ။ မေမေ့နို့လည်း ပိုစို့ရတယ်။ မုန့်တွေဆိုလည်း အများကြီးစားရ တယ်။ အင်္ကျီဘောင်းဘီသစ်သစ်တွေလည်း အားကြီးရတယ်။ ကစားစရာ တွေလည်း အစုံပဲ ဆော့ဖူးတယ်တဲ့။
သားလက်ထက်ကျမှ မေမေကလည်း နို့သိပ်မထွက်တော့ဘူးတဲ့။ မုန့် ဆိုလည်း သား နည်းနည်းပဲ စားရတယ်။ အင်္ကျီဘောင်းဘီသစ်သစ်လည်း သိပ်မဝတ်ရဘူး။ ကိုကိုကြီးအင်္ကျီတွေပဲ ဝတ်ရတာ။ ကစားစရာဆိုလည်း အဟောင်းတွေပဲရှိတယ်။
ဒါပေမဲ့ ခုလောလောဆယ်မှာတော့ သားက တခြားဟာတွေမလိုချင် ပါဘူး။ သံဂေါ်လီလေးတစ်လုံးပဲ လိုချင်တယ်။ 'ခေါင်'ထိအောင် ပစ်တတ်  ချင်တယ်။
သားမှာ သူငယ်ချင်းတွေအများကြီးပဲရှိတယ်ခင်ဗျ။ ဗညားရယ်၊ ဇော် ငြိမ်းရယ်၊ ရဲရင့်ရယ်၊ ဇာနည်ရည်၊ ဝေမာန်ရယ်၊ နေထွဋ်ရယ်၊ မိုးသူရရယ် လေ။ အဲဒါတောင် လမ်းထဲက သူငယ်ချင်းတွေ မပါသေးဘူးနော်၊ ကျောင်း က သူငယ်ချင်းတွေပဲ ရှိသေးတယ်။
သားတို့ကျောင်းမှာက မြေကြီးတွေရှိတယ်လေ။ အိမ်ကမြေကြီးလို မ ဟုတ်ဘူးခင်ဗျ။ြ<ွကင်းစိမ်ကစားလို့သိပ်မကောင်ဘူး။ြ<ွကက်တွင်းတွေရှိတာ ကိုး။ သားတို့အားလုံးကြ<ွကက်တွင်းဆို သိပ်မုန်းပဲခင်ဗျ။ြ<ွကက်တွင်းတွေ ကလည်း များသလားမမေးနဲ့ဘဲ။ သားတို့တွေက မြေကြီးတွေြ<ွကက်တွင်းထဲ ထည့်ပြီး ဖနောင့်နဲ့ ပေါက်ပေါက်ပစ်တာ။ ဒါမှ ဂေါ်လီပစ်လို့ ကောင်းမှာ လေ။ အဲလိုမလုပ်ရင် သားတိြု့<ွကင်းစိမ်တဲ့ဂေါ်လီတွေက အဲဒြီ<ွကက်တွင်းထဲ ဝင်ဝင်သွားပြီး အကြာကြီး ပြန်ရှာရတာ။
ဟိုးတစ်ခါကတော့ ဝေမာန့် ဖန်ဂေါ်လီအသစ်စက်စက်လေးလေြ<ွကက် တွင်းအကြီးကြီးထဲ ဝင်သွားတာ ပျောက်သွားရော။ ဝါးခြမ်းပြားနဲ့ ပြန်တူး ပြီး ရှာတာ မတွေ့တော့ဘူး။
နောက်တော့ ဝေမာန်က သိပ်ဒေါသကြီးတာ၊ြ<ွကက်တွင်းကိုရော၊ြ<ွကက် မြင်ရင်ရော ဖနောင့်နဲ့လိုက်ပေါက်တာပဲ။ သားကတော့ြ<ွကက်ကိုလည်း မုန်း တယ်။ ကြောက်လည်းကြောက်တယ်။ြ<ွကက်က ကျွိကျွိ ကျွိကျွိနဲ့ သားခြေ ထောက်ပေါ်ကနေ တစ်ခါဖြတ်ပြေးဖူးတာ။ အား... သားဖြင့် ကလုကလု ဆိုပြီး မေမေပြန်လုပ်ပေးတာတောင် ရင်ဘတ်ကြီး ဒိန်းဒိန်း ဒိန်းဒိန်းဖြစ်ပြီး ကြောက်သွားတာပဲ။
အဲဒါကြောင့်ပေါ့၊ သားက အရုပ်ပစ်တမ်းပဲ ကစားကြတော့တာ။ြ<ွကက် တွင်းက သားတို့မကစားခင် မြေကြီးထည့်ထားပြီးရင်လည်း သားတို့ဖြင့် မပြီး သေးဘူးြ<ွကက်က နောက်မြေကြီးကို ဖောက်ပြီးြ<ွကင်းထပ်လုပ်ပြီးနေရော။ အား...လားလား တော်တော်ဆိုတြဲ့<ွကက်စုတ်။ ခုတောင် သတ်ပစ်ချင် လာပြီ။
'အရုပ်ပစ်တမ်း' ကစားရတာ ကောင်းတော့ကောင်းပါတယ်။ သံဂေါ်လီ မလိုတော့ဘူးပေါ့။ြ<ွကင်းခုနစ်ြ<ွကင်းပြည့်ရင် တခြားလူရဲ့ဂေါ်လီကို ထုလို့ ရတယ်ဗျ၊ အရုပ်ပစ်တမ်းက အရုပ်ပဲရတာ။ သံဂေါ်လီနဲ့ပစ်ရင် ဟိုကောင် အရုပ်ကို မထိမှာ။ သူများဂေါ်လီကို ထုရမှ သံဂေါ်လီသုံးရင် 'ပီ'တာဗျ။ သားမှာက ဖန်ဂေါ်လီအပြာလေးနဲ့ ရိုးရိုးဂေါ်လီနှစ်လုံးပဲ ရှိတာ။ မိုးသူမှာ ဆို ဖန်ဂေါ်လီ သုံးလုံး၊ ရိုးရိုးဂေါ်လီ နှစ်လုံး၊ သံဂေါ်လီက တစ်လုံးတောင် ရှိတာ။ ဒါပေမဲ့ 'အရုပ်ပစ်တမ်း' ပဲ ကစားကြတာဆိုတော့ ရိုးရိုးဂေါ်လီပဲ ကောင်းပါတယ်။
သားက ကံမကောင်းဘူး။ ဂေါ်လီအကောင်းစားလည်း မရှိဘူး။ လက် ကလည်း သိပ်မဖြောင့်ဘူးဗျ။ အဲဒီတော့ 'အရုပ်ပစ်တမ်း' ကစားရင် သား ရှုံးတာချည်းပဲ။ နောက် တစ်ခါမှလည်း 'ခေါင်' မထိဘူး။ ဟင် 'ခေါင်း' လည်း မထိပါဘူး။ 'ဂုတ်'လည်း မထိပါဘူး။ 'ခေါင်'ထိရင် အားလုံးစားရ တယ်ဗျ။
သားတို့ သူငယ်ချင်းတွေအားလုံးကစားကြရင် 'ခေါင်' ထိလို့ကတော့ အရုပ်ရှစ်ရုပ်ရတာပဲ၊ တစ်ရုပ်ကြေးဆိုတော့ ခုနစ်ရုပ်ကြီးတောင် မြတ်တယ် ဗျ၊ 'ခေါင်' နောက်က 'ဂုတ်' လေ။ အဲ... ဂုတ်ဆိုတာ ခုနစ်ရုပ်ရတာပဲ။ ဒါလည်း ခြောက်ရုပ် မြတ်တာပဲ။
ဒါပေမဲ့ သားကလည်း ဘိတ်ကကောင်တွေလောက်ပဲ ထိဖူးတာ။ ဘာ လုပ်ရမှာလဲ။ မြတ်လည်း သိပ်မမြတ်ဘူး။ နောက် ခေါင်တို့ ဂုတ်တို့လို လည်း အရုပ်လှလှ မရဘူး။
ရဲရင့်နဲ့ ဇာနည်ကဆို သိပ်လက်ဖြောင့်တာ။ ဒီကောင်တွေက သူတို့ အိမ်မှာလည်း အရုပ်ပစ်တမ်း ကစားတာပဲတဲ့။ သူတို့အစ်ကိုတွေဘာတွေ နဲ့ အမြဲကစားတာဆိုတော့ လက်က သိပ်ဖြောင့်ပဲ။ တွစ်တွေဘာတွေလည်း သိပ်ကောင်းတာပဲဗျ။
ပြီးတော့ နေရာယူလည်း သိပ်တော်တာ။ အဝေးကြီးကိုလှမ်းပစ်ပြီး အ ရင်ဆုံး ပစ်ရအောင်လုပ်ထားတာ။ သားတို့ ဗညားတို့၊ ဇော်ငြိမ်းတို့က လက် သိပ်မဖြောင့်တော့ သိပ်ဝေးဝေးမပစ်ရဲဘူးဗျ။ နေထွဋ်ကလည်း လက်ဖြောင့် တာပဲ။ ဒါပေမဲ့ ရဲရင့်တို့လောက်တော့ အဝေးကြီးမှာနေရာမယူရဲဘူးတဲ့။ သူက ကျောင်းမှာပဲ ကစားရတာဆိုတော့ သိပ်အကျင့်မရှိဘူးလေ။ ရဲရင့် နဲ့ ဇာနည်က အစ်ကိုကြီးတွေနဲ့ပါ ကစားဖူးတော့ အဲလောက်အဝေးဆို အပျော့ပဲတဲ့။
ဒါကြောင့်ပေါ့ ခေါင်ဆိုရင် ရဲရင့်နဲ့ဇာနည်ပဲထိတာ။ နေထွဋ်က တစ် ခါတစ်ခါမှ ရဲရင့်တို့မထိဘဲ လွတ်ပြီး ကျန်မှ ထိတတ်တာ။ ဒါတောင် ဂုတ် လောက်ပဲ ထိတာ။ နောက်ပြီး နေထွဋ်က အေးလည်းအေးတယ်။ သားလို လည်း မဟုတ်ဘူး။ သူရှုံးရင် သိပ်မငိုတတ်ဘူး။
ဗညားတို့လည်း လောဘမကြီးဘူး။ ဟင်း... ရဲရင့်ကတော့ လောဘ လည်းကြီးတယ်၊ ဒေါသလည်းကြီးတယ်၊ လက်လည်းဖြောင့်တယ်။ ပြီးတော့ သူက တီဗွီထဲက ဟိုလေ 'ဟတူဟ'ထဲက မင်းသားကို သိပ်သဘောကျ တော့ သူ့ကို သားတို့က 'လောဘဝက်နာ'လို့ ပြောင်းပြီးခေါ်ကြတယ်။ အဲ လိုခေါ်ရအောင် သူ့အစ်ကိုကြီးပဲ သားတို့ကို သင်ပေးတာ။ သူ့ကို အဲလို ခေါ်တိုင်း သူနဲ့သူ့အစ်ကိုကြီးနဲ့ ရန်ဖြစ်တာပဲ။
ဒါပေမဲ့ ဒီနေ့ကစားတော့လည်း ရဲရင့်ပဲ နိုင်နေတာပဲ။ ကျောင်းမတက် ခင်က နှစ်ပွဲကစားတာ ရဲရင့်က ခေါင်စားပြီး ကျန်တဲ့ခေါင်ကိုတော့ မိုးလု စားသွားတယ်။ ကျန်တဲ့ သားတို့တွေကတော့ နှစ်ရုပ်စီရှုံးသွားတာပေါ့။ အဲ မိုးလုလည်း တစ်ရုပ်တော့ ရှုံးသေးတာပဲ။
မုန့်စားဆင်းတော့ သားတို့ မုန့်ကို အမြန်အမြန်စားကြတာပေါ့။ နောက် အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး ကွင်းထဲပြေးကြတယ်။
ပထမပွဲမစခင် အရုပ်စစ်ဖို့ လူရွေးမယ်ပြန်ဖြစ်ရော။ မနက်ကဟာကို ဖျက်လိုက်ပြီလေ။ မနက်ကအတိုင်းဆို နာဦးမှာ။ အရုပ်ပစ်ရမယ့်လူက ဇာ နည်ဗျ။ သူပြီးရင် ဝေမာန်၊ နောက် ရဲရင့်၊ ရဲရင့်ပြီး မိုးလု၊ ပြီးမှာ ဗညား၊ သား၊ နေထွဋ်၊ နောက်ဆုံးက ဇော်ငြိမ်း။
ခုနေ့လည် ပြန်ရွေးဖို့ အုတ်နံရံကို ကပ်ပစ်ကြတော့ သားက လောပြီး ပစ်လိုက်တာ နံရံကိုထိပြီး ပြန်လိမ့်ထွက်လာလို့ တတိယဖြစ်သွားတယ်။ နံရံနဲ့အကပ်ဆုံး ပထမပစ်ရမယ့်သူက ရဲရင့်။ ပြီး ဇော်ငြိမ်း၊ သား၊ ဇာနည်၊ နေထွဋ်၊ဗညား၊ ဝေမာန်၊ မိုးလု။ ဇော်ငြိမ်း နည်းနည်းကျေနပ်သွားတယ်လေ။
သူ့ဂေါ်လီလေးကို ဘောင်းဘီစနဲ့ အပြတ်သုတ်နေတယ်။ မိုးလုကတော့ စိတ်ညစ်တဲ့ပုံနဲ့ အရုပ်တန်းထိပ်နားမှာရပ်ပြီး ဂေါ်လီဖမ်းပဲ လုပ်တော့မလို နဲ့။
ပထမပွဲမှာ နေရာယူတော့ သားက သိပ်ဝေးဝေးက ပစ်ရင် လွဲမှာစိုး လို့ အလယ်အလတ်လောက်ပဲ နေရာယူလိုက်တာ။ ပထမနေရာယူတဲ့ ရဲရင့် က ခပ်ဝေးဝေးပစ်ပြီး ခေါင်စားသွားရော။
နောက်ပွဲမှာ ဇာနည် ခေါင်စားတယ်။ နောက်ပွဲကတော့ မျှတယ်။ ဇော် ငြိမ်း သုံးရုပ်၊ နေထွဋ် သုံးရုပ်၊ ဗညား နှစ်ရုပ်ရတယ်။ နောက်သုံးပွဲ ထပ် ကစားတော့လည်း ကျန်တဲ့လူတွေပဲ ခေါင်စားလိုက်၊ သုံးရုပ်တို့ လေးရုပ်တို့ စားလိုက်နဲ့ သားကတော့ နှစ်ရုပ်ပဲ စားရသေးတယ်။
ဒီနေ့အဖို့ သားအရုပ်တွေအများကြီး ရှုံးနေတယ်။ ကျောင်းကလည်း ပြန်တက်တော့မယ်။ ဒီပွဲက နောက်ဆုံးပွဲပဲ ဖြစ်မယ်။ ဒီတစ်ခါတော့ သား ခေါင်ထိချင်တယ်။ ဒါမှ သိပ်မရှုံးမှာ။
နောက်ပြီး တစ်ခါတလေည်း သားက ခေါင်ထိတယ်။ ခေါင်ထိအောင် ပစ်နိုင်တယ်ဆိုတာ ပြချင်တာပေါ့။ ဘုရား... ဘုရား... ဘုရားသိကြား  အားလုံးမလို့ ဒီတစ်ခေါက် သားခေါင်ထိပါစေဘုရား။ ခေါင်ထိပါစေ။
အရေးထဲမှာ လက်ကချွေးတွေ ထွက်လာလို့ ဂေါ်လီရော၊ လက်ရော ဘောင်းဘီစနဲ့ အကြာကြီး ပွတ်လိုက်ရတယ်။ ဟော... ခေါင်းလောင်း ထိုးတဲ့လူကြီး ခေါင်းလောင်းသွားယူနေပြီ။ ဟာ ပထမနဲ့ဒုတိယပစ်မယ့် ရဲရင့် နဲ့ မိုးလု မြန်မြန်ပစ်တော့ကွာ။
ဟင်... ခေါင်းလောင်းလည်း ထိုးသွားပြီ။ ပွဲလည်းပြီးပြီ။ သားလည်း ခေါင်ထိလိုက်တယ်။ ဒါပေမဲ့ ရဲရင့်က ဂုတ်ထိပြီး အရုပ်ခုနစ်ရုပ်လုံး စား သွားပြီလေ။ မိုးလုပစ်တာမထိလို့မို့ သားက ခေါင်ထိလိုက်တာ။
ဘုရားမှာ ဆုတောင်းတာ လိုသွားလားမသိဘူး။ ခေါင်တော့ ထိလိုက် တာပဲ။ အရုပ်ကတော့ တစ်ရုပ်ပဲ ရတယ်ဗျာ။ အဲဒါကြောင့် ပြောတာပေါ့ ဗျ။ သားက ကံမကောင်းပါဘူးလို့။
မသီတာ(စမ်းချောင်း)
စံပယ်ဖြူမဂ္ဂဇင်း၊

Tuesday, 15 November 2011

အိပ်မက်အိမ်

သက်ပြင်းမောကို မှုတ်ထုတ်လိုက်ပေမဲ့ ရင်ထဲမှာ ချောင်မသွားဘဲ တင်းခံနေသေးတယ်။ စာမေးပွဲဖြေပြီးရင် အနည်းနဲ့အများ စိတ်လွတ်လပ် ပေါ့ပါးသွားမယ်လို့ ထင်ထားတဲ့အထင်ဟာလည်း တကယ့်ကို အထင်သက် သက်ပဲ ဖြစ်နေတော့တယ်။
''ဟေ့ ဖြေနိုင်လား''
''ဒီလိုပါပဲ''
ဘယ်အချိန်တည်းက စွဲလာမိမှန်းလည်းမသိတော့ဘူး။ စာမေးပွဲ ဖြေ ပြီးလို့ ထွက်လာတဲ့အခါတိုင်း 'ဒီလိုပါပဲ' ကိုပဲ ရေလဲဖြေနေမိတယ်။  တကယ် လည်း ဒီလိုပါပဲ။ ဘယ်နှစ်ခါများ ဒီစီမေးပွဲတွေကို ဖြေနိုင်ဖူးတယ်ရှိလို့လဲ။ အပုဒ်စေ့ဖြေဖြစ်ခဲ့တဲ့အခေါက်တောင် ခပ်ရှားရှားရယ်...။ တောင်ခြစ် မြောက်ခြစ်ခြစ်ပြီး ပြန်ထွက်ခဲ့ရတာချည်းမို့ အမှတ်ခြစ်တဲ့ဆရာ ဆရာမ တွေကိုတောင် အားနာသေးတယ်။ သူတို့လည်း စိတ်ညစ်ရှာမှာနော်။
ခက်တာက စာကျက်ဖို့မပြောနဲ့။ ဘာဆိုဘာကိုမှ စိတ်ဝင်စားလို့ မရ တာဘဲ။ စိတ်တွေကလည်း လေလိုက်တာ။ ကျွန်မမလိမ္မာဘူး၊ အင်း... အဲလိုပဲ ပြောရမှာပေါ့။ ကျောင်းသူတစ်ယောက်အနေနဲ့ စာမေးပွဲကျတယ်။ သားသမီးတစ်ယောက်အနေနဲ့ အမေနဲ့အဆင်မပြေဘူး။ လူတစ်ယောက် အနေနဲ့ ပန်းတိုင်ပျောက်သလိုဖြစ်နေတယ်။
ကဲ... ဘာကောင်းတာကျန်သေးလဲ။
''ပြန်ပြီလားကွ၊ စောထွက်လာတာပေါ့''
''ဒါပေါ့''
'ပြန်ပြီလား'တဲ့။ သဘောက အချိန်တန်အိမ်ပြန်ပေါ့လေ။ ပြောတော့ လွယ်သား။ ခု... ကျွန်မ ဘယ်ပြန်ရမလဲ။ 'အိမ်'လား။ ကျွန်မမှာ 'အိမ်' မရှိဘူး။ အင်းလေ အဖေမဲ့တဲ့၊ ရောဂါသည်အမေနဲ့မောင်ငယ်သုံးယောက် ရှိတဲ့၊ အမုန်းတွေ၊ မနာလိုခြင်းတွေ၊ မနှစ်မြို့ခြင်းတွေ၊ ရန်လိုခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ မျက်လုံးပိုင်ရှင်တွေရှိတဲ့ နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီ စောင်းနေတဲ့ ဝါးတဲလေးဟာ 'အိမ်'လို့ဆိုရင်တော့ ကျွန်မရဲ့'အိမ်'ပဲပေါ့။ ကျွန်မမှာ 'အိမ်'ရှိတာပေါ့။
မှတ်မှတ်ရရ လွန်ခဲ့တဲ့အပတ်တနင်္ဂနွေနေ့က နောက်ဆုံးပဲ ကျွန်မ 'အိမ်' ခဏပြန်ခဲ့တာ။ ခဏမှ တကယ့်ကို ခဏလေးရယ်။
သွားခဲ့ကတည်းက အမေရင်ကြပ်ပြန်ထနေတယ်ကြားလို့ပါ။ အမေနဲ့ မတွေ့ရတာကလည်း တစ်လနီးပါးတော့ ရှိပြီ။ ကျောင်းမှာ စာမေးပွဲလေး တွေ အလှည့်ကျစစ်တာကလည်း ဒီတစ်လလုံးပဲလေ။ ဒါကြောင့်လည်း မ နွေးတို့အိမ်ကို လလယ်လောက်မှ ရောက်ဖြစ်ပြီး အမေရင်ကြပ်ပြန်ထနေ တယ်ဆိုတာ သိရတာပေါ့။ မနွေးဆိုတာက ကျွန်မအဖို့ ကျေးဇူးရှင်အစစ် ပါပဲ။ ဒီကျောင်းတက်ဖြစ်တာကိုက မနွေးကျေးဇူးပေါ့။ ခုလည်း အမေ့အ တွက်ပါ ပိုပိုလိုလို ထည့်ပေးလိုက်သေးရဲ့။
အမေက ကျွန်မရောက်သွားတော့ နေကောင်းလို့ပါပဲ။ လက်ချုပ်လိုက် ဖို့ ယူထားတဲ့အင်္ကျီတွေ ထိုင်ချုပ်နေတာ။ ကျွန်မအိမ်ထဲ မဝင်ခင်ကတည်း က စိတ်ညစ်ရတာပဲ။  ကြီးမလေ ကျွန်မကို လိမ္မော်သီးငါးလုံးထည့်ထား တဲ့ ကျွတ်ကျွတ်အိတ်နဲ့တွေ့လိုက်တော့ မသိမသာ မျက်စောင်းထိုးပြီး 'သြော်... ဒေါ်ငယ်လား၊ ရှိသေးတယ်၊ ရှိသေးတယ်'တဲ့။ ရုတ်တရက်တော့ ကျွန်မတော်တော့်ကို စိတ်တိုသွားတယ်။ ကျွန်မဒီအိမ်ကိုပြန်လာတာ ကျွန်မ အမေဆီကိုလာတာမဟုတ်လို့ ဘယ်သူ့ဆီလာတာဖြစ်ရမှာတဲ့လဲ။ 'ရှိသေး တယ်' ကို နှစ်ခါထပ်ပြောသွားတာက ဘာသဘောလဲ။ ဒါ သက်သက်ရန် စကားတိုက်ခိုက်တာ။
ဒါပေမဲ့ ကျွန်မဘာမှ ပြန်မပြောခဲ့ဘူး။ သတိထားပြီးပဲ အိမ်ပေါ်လှမ်း တက်လိုက်တယ်။ မိုးရွာထားတာ မကြာသေးတော့ ဝါးလှေကားက ချော နေတာမို့ ကျွန်မ ယိုင်နဲ့နဲ့ဖြစ်သွားပြန်ရော။ ဒီမှာတင် အိမ်ခေါင်းရင်းမှာ အကြမ်းအိုးနဲ့ထန်းလျက်ပန်းကန် ဘေးချပြီး ဂျိုးသိန်းကို ဇိမ်နဲ့ဖွာနေတဲ့ ကြီး တော်စိန်ဆီက စိန်ခေါ်သံကို စကြားရတာပဲ။
'မတက်တာကြာတဲ့ ဝါးလှေကားကိုး၊ အုတ်လှေကားလိုတော့ မခိုင်ပေ ဘူးပေါ့ ထုံးစံပဲ'တဲ့။ ဘာဆိုင်လဲ။ ကျွန်မဘာသာ ကျွန်မ ဝေမိုးဖြူတို့ တိုက် မှာ တစ်လကိုးသီတင်း လိုက်နေတာ သူပြောစရာလား။ ကျွန်မအမေတောင် ဘာမှ ပြောတာမဟုတ်ဘူး။
''မိတိုး...ရေတစ်ခွက် သွားခပ်ပေးစမ်းပါ''
အမေက ကျွန်မတစ်ခုခုပြန်ပြော၊ ပြန်လုပ်တော့မှာကိုသိလို့ ထင်ပါ ရဲ့။ အာရုံလွှဲဖို့ ကြိုးစားတယ်။ ပထမတော့ ကျွန်မ အမေ့စကားကို လျစ်လျူ ရှုပစ်ဖို့ပဲ။ နောက်တော့ အမေစိတ်ဆင်းရဲမှာကို ကျွန်မမမြင်လိုတော့ဘူး။ အမေခိုင်းတာကိုပဲ လုပ်ပေးလိုက်ပါတယ်။
ကြီးတော်စိန်ကတော့ တစ်ခွန်း ဆိုင်ရှင်လိုပါပဲ၊ လုံးဝမလျှော့ဘူး။ တိုး တိုး တိုးတိုးနဲ့ 'တိုးတိုးမင်း' ဆိုတဲ့ ကျွန် ဘယ်လိုမသိတတ်ကြောင်း အသုံး မကျကြောင်း၊ မိုက်မဲကြောင်း၊ ဘဝမသိကြောင်း၊ တစ်ကိုယ်ကောင်းဆန် ကြောင်းတွေကို နားထောင်သူမဲ့ ရေရွတ်နေတယ်။
''အမေရင်ကြပ်နေပြန်လို့ဆို၊ တိုးလည်း စာမေးပွဲတွေ ဆက်နေလို့၊ မနေ့ ကမှ မနွေးဆီရောက်တာ၊ မနွေးကတောင် အမေ့အတွက် ငွေနဲ့ဒီလိမ္မော် သီးတွေ ပေးလိုက်သေးတယ်။ ဒါ... အမေပဲ စားနော်၊ ကျွေးချင်ရင်လည်း ဟိုသုံးကောင်ကို တစ်လုံးပေးပြီး ဝေစားခိုင်းပေါ့''
ကျွန်မက အမေ့လက်ထဲက အင်္ကျီနဲ့ အပ်ကို လွှဲယူပြီး ပြောလိုက်တော့ အမေက ထုံးစံအတိုင်း 'အင်း' တစ်လုံးပဲ ပြန်ဖြေတယ်။ တော်တော်လေး ကြာမှ 'စာမေးပွဲတွေ ဖြေနိုင်ရဲ့လား၊ ငစိုးတော့ ကျောင်းပြန်တက်နေတယ်' တဲ့၊ ငစိုးက ဒီနှစ်ရှစ်တန်းပြန်တက်တာလေ။ အမေစိတ်ညစ်မယ်ဆိုလည်း ညစ်ချင်စရာ။ ငစိုး၊ ငဖြိုးနဲ့ ငမျိုး သုံးယောက်လုံးက စာမတော်ကြဘူး။ ငမျိုးကဆို Óဏ်ရည်တောင် မပြည့်တပြည့်ရယ်။ အဲလိုတွေးမိပြန်တော့ လည်း ကျွန်မ စာကြိုးစားချင်စိတ်ပေါက်ပြန်ရော...။
ဘာပဲဖြစ်ဖြစ်လေ။ ကျွန်မ စာမေးပွဲတွေ ဘယ်လိုကျကျ တစ်နေ့မှာ ဆရာဝန်မတစ်ယောက်ဖြစ်လာမယ်ဆိုပြီး အမေကတော့ မျှော်လင့်ထားမှာ ပဲ။ ဒါကြောင့်လည်း ရေနံဆီဖိုးမလွယ်ရင် အမှောင်ထဲမှာ ငုတ်တုတ်ထိုင် နေရပြီး ရေနံဆီဖိုးလွယ်လို့ စာကျက်နေရင်လည်း အကြောင်းမရှိ အကြောင်း ရှာပြီး ခိုင်းရင်ခိုင်း၊ မခိုင်းရင် ပြဿနာမီးဇာကို အတင်းမီးညှိတတ်တဲ့ ဒီ အိမ်နဲ့ဝေးရာမှာ ရက်ရှည်စာကျက်ဖို့သွားမယ်လို့ ကျွန်မပြောတော့ အမေ မငြင်းမဆန် ခေါင်းညိတ်ခဲ့တာပေါ့။
ဝေမိုးဖြူအိမ်မှာ ဝေမိုးဖြူနဲ့ သူငယ်ချင်းများ စာကျက်ဖို့ အခန်းတစ်ခန်း ရှိကြောင်း၊ ကျွန်မတစ်ယောက်စာအတွက်လောက်ကတော့ သူတို့ရဲ့ 'ဂျင်း' ဆိုတဲ့ခွေးကို ကျွေးရသလောက်သာရှိကြောင်း၊ စာမေးပွဲအတွက် အရေးကြီး သည့် တစ်ကြိုမေးခွန်းများလည်း ရနိုင်စရာအကြောင်းရှိကြောင်း၊ ကြီးတော် စိန်တို့မိသားစုလိုလည်း ကျွန်မကို အချောင်တိုက်ခိုက်မည့်သူ မရှိကြောင်း တွေကိုတောင် ပြောပြစရာမလိုခဲ့ပါဘူး။
အဖေဆုံးသွားပြီးတဲ့နောက်ပိုင်းမှာ အမေဟာ ဘာကိုမှ သိပ်စိတ်မဝင် စားတော့တာကတော့ အသေအချာပါပဲ။ အဖေဆုံးစက အလုပ်တွေ အား ကြိုးမာန်တက်လုပ်သလောက် ကျွန်မ ဆယ်တန်းကို ဂုဏ်ထူးလေးခုနဲ့ အောင်တဲ့နေ့က 'ငါ အလုပ်လုပ်မယ်ဟာ... နင်ကျောင်းဆက်တက်ဖို့ ငါ အလုပ်လုပ်မယ်'လို့ ဟစ်ြေ<ွကးခဲ့တဲ့ အစ်ကိုမိုးတစ်ယောက် ကောက်ခါ ငင်းကာ မိန်းမခိုးသွားပြီးတဲ့နောက်ပိုင်းမှာ အမေဟာ ကျွန်မတို့မောင်နှမ တွေကို ဘာမှ သိပ်မပြောတော့ဘူးလို့ ကျွန်မထင်တယ်။
ဒါပေမဲ့ အဲဒီနေ့ကတော့ အမေကျွန်မကိုစကားတော်တော်ပြောတယ်။ ပထမပိုင်း ပြောတာတွေကတော့ ကျွန်မမျှော်လင့်ပြီးသားတွေပါ။ အမေ့ ယောင်းမကြီးတော်စိန်တို့မိသားစုက နှိမ်တာ၊ နိုင့်ထက်စီးနင်းလုပ်တာ ငမိုး နဲ့ငဖြိုး ရန်ခဏခဏဖြစ်တာ၊ ငမျိုး အနိုင်ကျင့်ခံရတာ၊ လက်ချုပ် အငှား ချုပ်တာကရတဲ့ဝင်ငွေက ဘယ်လိုမှ မလောက်ငနိုင်တာ၊ ရင်ကြပ်ပျောက် ဆေးကုန်နေတာ၊ ခုနောက်ပိုင်း ခဏခဏ နေမကောင်းဖြစ်နေတာ ဒါတွေ ပါပဲ။
နောက်တော့ 'မိတိုး အမေဟု တစ်ခါပြောထားတာ ဘယ်လိုလဲ၊ နင် လည်း အေးအေးဆေးဆေးစာကျက်နိုင်မယ်၊ မိနွေးဆီကလည်း သွားယူနေ စရာမလိုတော့ဘူးလေ'တဲ့။
ကျွန်မလက်ထဲက အင်္ကျီနဲ့အပ်ကို ဆတ်ခနဲ လွှတ်ချပြီး အမေ့မျက်နှာ ကို စေ့စေ့ကြည့်လိုက်တယ်။
''တိုး နှစ်ခါမပြောချင်ဘူးအမေ၊ အမေလည်း တိုးအတွက်ဆိုပြီး တိုး ကို မေရောင်းစားပါနဲ့၊ မနွေးရဲ့စေတနာမှာ ဘာမျှော်လင့်ချက်မှ မပါတာ တိုးသိတယ်အမေ၊ အမေ့သူဌေးလေးရဲ့ စေတနာကတော့ မျှော်လင့်ချက် တွေမှ အပြည့်၊ တိုး အချယ်လှယ်ခံဘဝကို မုန်းတယ်''
အမေက ကျွန်မစကားအဆုံးမှာ ကျွန်မချထားတဲ့အင်္ကျီနဲ့အပ်ကို ပြန် ကောက်ကိုင်လိုက်ပြီး ကျွန်မကို ခပ်စိမ်းစိမ်းတစ်ချက်ကြည့်ပြီး တစ်ဖက် လှည့်သွားတယ်။
''နင့်အတွက်ပဲ မိတိုး၊ နင်ခုလိုသူများအိမ်မှာ မျက်နှာငယ်ခံနေနေရ တာကို ငါမကြည့်ရက်လို့၊ ငါမကြည့်ရက်လို့ဟဲ့''
''ဘာမှမျက်နှာငယ်စရာမရှိဘူးအမေ၊ ဝေမိုးဖြူတို့တစ်အိမ်လုံးက နား လည်မှုအပြည့်ရှိတယ်''
''ဘယ်လောက်နားလည်မှုရှိရှိလေ၊ ယာယီပဲဖြစ်မှာပေါ့ အခိုက်အတန့် ပဲပေါ့''
သည်တစ်ခါတော့ ကျွန်မ ငိုင်နေခဲ့မိတယ်။ ဟုတ်တော့လည်း ဟုတ် တာပါပဲ။ တစ်သက်လုံး မပြောနဲ့၊ တစ်လလောက်နေရရင်ကို ကျွန်မ မလွတ် လပ်သလို ဖြစ်လာပြန်ရော။ အဖေရှိကတည်းက အဖေ အဖြူဆိုင်သွား ရင် နောက်ကလိုက်၊ ဘေးမှာထိုင်ပြီး အမြည်းလိုက်စားတဲ့ ကျွန်မဟာ အမေ ကြိုက်တဲ့ ဂျိုးသိန်းအပြင် ဒူးယားကိုပါ အဖော်တစ်ယောက်လို တရှိုက် မက်မက် ကြိုက်နေမိလေတော့ အစစအရာအရာ စည်းစနစ်နဲ့ သပ်သပ် ရပ်ရပ်ရှိနေတဲ့ ဝေမိုးဖြူတို့တာဟာ ကျွန်မအဖို့ ကြီးကျယ်ခန်းနား သီးခြား ဆန်နေပြန်ရော။ တကယ်တော့ ကျွန်မနဲ့ မတန်ဘူးလို့ ဆိုရမလား။ ဘယ်လို ပြောရမလဲ။ အမေကတော့ ဒါတွေကို ရိပ်မိပုံရပါတယ်။
''စာမေးပွဲရှိသေးတယ်ဆို၊ ပြန်ချင်ပြန်တော့လေ''
ငိုင်နေခဲ့မိတဲ့ ကျွန်မကို အမေက ပြောလိုက်တဲ့စကားလေ။ 'ပြန်ချင် ပြန်တော့လေ' တဲ့။ ပြန်တယ်ဆိုတာ အိမ်ပြန်တာပေါ့။ ဒီအိမ်က ဘယ်သူ့ အိမ်လဲ။
ကျွန်မ ဘာမှ ပြန်မပြောတော့ဘူး။ ဝါးထရံမှာချိတ်ထားခဲ့တဲ့ ကျွန်မ ရဲ့ အနက်ရောင်လွယ်အိတ်နွမ်းလေးကို ထယူလိုက်တယ်။ မြတ်ကောင်းရဲ့ 'အိုးလေးနဲ့ခပ်တဲ့ရေ' ဆိုတဲ့ ပန်းချီကားကိုတောင် သတိရသွားမိပါရဲ့။
''ပြန်တော့မလို့လား၊ ညည်းမောင်တွေ လမ်းထိပ်မှာ အရုပ်ပစ်နေတယ်''
ကြီးတော်စိန်က စကားမရှိစကားရှာ ပြောပေမဲ့ ကျွန်မပါးစပ်တွေ နှုတ် ခမ်းတွေကတော့ လုံးဝအလုပ်မလုပ်ချင်တော့ဘူး။
''ဒီအပတ်ထဲမှာ စာမေးပွဲတစ်ခုရှိတယ်၊ အဲဒါပြီးရင် အမေ့ဆေးဝယ် လာခဲ့မယ်၊ နှစ်ရက်လောက်နေပြီးရင် ဟိုအိမ်မှာပဲ စာမေးပွဲပြီးတဲ့အထိ နေ လိုက်မယ်၊ ရေးဖြေတွေပြီးမှပဲ တစ်ခေါက်ပြန်လာမယ်လေ''
ကျွန်မ အမေ့ကို အစီအစဉ်တွေကြေညာရင်း နှုတ်ဆက်လိုက်တယ်။ ဖိနပ်ချွတ်ရောက်တော့လည်း မြတ်ကောင်းရဲ့ 'အမေက ပန်းနာသည်၊ မောင် ညီမငယ်ငါးယောက်'ဆိုတဲ့ ပန်းချီကို သတိရပြန်ရော။ မိန်းမစီးဖိနပ်ဟာဒေါက်မြင့်ဖြစ်မနေတာလေးပဲ ကွာတယ်လေ။ ကျန်တာပန်းချီကားထဲကလို ပါပဲ။
အဲဒီနေ့က ဝေမိုးဖြူတို့အိမ်ရောက်တော့ ကျွန်မ ငိုတယ်။ အမေက ကျွန်မကို နားမလည်ဘူးလို့ ကျွန်မထင်မိပြန်တယ်။ နဂိုကမှ စာထဲစိတ်ဝင် စားဖို့ အတော်လေးကြိုးစားရတဲ့ကျွန်မ အဲဒီတစ်ပတ်လုံး စာကိုဟုတ်တိပတ် တိ ကျက်လို့ မရပြန်ဘူး။ ဒါနဲ့ပဲ ထုံးစံအတိုင်း စာမေးပွဲကို ဖြေတယ်ဆိုရုံ ဖြေဖြစ်ပြန်ရော။
စာမေးပွဲအောင်မှ ဖြစ်မယ်ဆိုတဲ့ အသိဟာ ရင်မှာ ခေါင်းထောင်မြဲ ထောင်နေပေမဲ့ စာအုပ်ကို ကိုင်ထားရင်းက အရက်ခိုးဝေ အဖေ့မျက်နှာ၊ မျှော်လင့်ချက်မဲ့သလို အေးစက်မှုန်မှိုင်း အမေ့မျက်နှာ၊ အရာရာကို အလို မကျ သုန်မှုန်တွေဝေ မောင်ငယ်တွေမျက်နှာ။ ကျွန်မ ဆေးကျောင်းတက် ရမယ်လို့ သိရတဲ့နေ့ကစပြီး ပြောင်းလဲသွားတဲ့ မျက်စချီ၊ မျက်စောင်းထိုး၊ နှုတ်ခမ်းရွဲ့ ကြီးတော်စိန်တို့မိသားစုရဲ့မျက်နှာ၊ သနားသလိုလို မတူမတန် သလိုလို၊ စိတ်ပျက်လက်လျော့သလိုလို အကြည့်တွေနဲ့ အတန်းထဲကလူတွေ  ရဲ့ မျက်နှာတွေကို မြင်နေမိလေတော့ စာအုပ်ပိတ်ပြီး ဒူးယားထဖွာ၊ နှင်း ဆီနက်ထည့်၊ တွေ့ကရာသီချင်းကောက်ဆိုနဲ့ အာရုံပြောင်းပြစ်လိုက်ပြန် ရော...။
နောက်တော့လည်း 'တိုးတိုးမင်း' ဆိုတဲ့ ကျွန်မအတွက် ဂုဏ်ပုဒ်ဆိုး၊ သတင်းဆိုးတွေ ရှုတ်ချကြည့်၊ အထင်သေးကြည့်တွေ၊ သရော်ပြုံး၊ လှောင် ပြုံးတွေဟာ ရိုးအီလို့ ဖန်တစ်ရာတေနေပါပြီ။ စာမေးပွဲကျတာ အတန်း မမှန်လို့၊ ကျောင်းခေါ်ချိန် မပြည့်တာ၊ အမေက ငြိုငြင်တာ၊ မောင်တွေက စိမ်းလာတာ၊ သူငယ်ချင်းတွေက အားပေးရတာ၊ အတန်းထဲက လူတွေက ရှောင်ကြတာ၊ ဘာတစ်ခုမှ အဆန်းတကျယ်မဟုတ်တော့ဘူး။
တစ်ခါတစ်ခါတော့လည်း ကျွန်မ ထိုင်တွေးကြည့်တယ်။ ကျွန်မ ဒီ ကျောင်း ဆက်မတက်ဘဲ ရရာအလုပ်တစ်ခုခု ဝင်လုပ်ရင်ပေါ့။ ကျွန်မ ကိုယ်တိုင်က တွန့်ဆုတ်နေသလို အမေ့အတွက်လည်း ထိခိုက်မယ်လို့ တွေး မိပြန်တော့လည်း ထီထိုးချင်စိတ်များတောင် ပေါက်မိပြန်ရဲ့။
တစ်ခုတော့ရှိတယ်... ကျွန်မ ညံတာပေါ့လေ။ သူများတွေအလုပ် လုပ်ရင်း ကျောင်းတက်ကြတာတောင် စာမေးပွဲအောင်ကြသေးတာ...။ တကယ်တော့ အရေးကြီးတာက ကျွန်မ ကျောင်းမြန်မြန်ပြီးဖို့ပဲ။
''တီ... တီ...''
ကားဟွန်းသံကြောင့် ကျွန်မရဲ့အတွေးရေယဉ်ကြောဟာ ရုတ်တရက် တန့်ရပ်သွားတယ်။ မှန်မှန်ကြီးလှမ်းလာတဲ့ ခြေအစုံဟာလည်း ရပ်သွားပြန် တယ်။
''တိုး... နင်မလိုက်ဘူးလား''
တိုယိုတာကိုရိုလာအဖြူပေါ်က ဝေမိုးဖြူက လှမ်းမေးလိုက်တယ်။
''အေးဟာ ဒါကြောင့် နင့်ကို မစောင့်ဘဲ ထွက်လာခဲ့တာပေါ့''
''နင်ဘယ်နေ့ပြန်လာမှလဲ၊ လာလေ... ငါလိုက်ပို့မယ်''
''နေပါစေ မိုးဖြူ၊ ငါလိုင်းကားနဲ့ပဲ ပြန်ချင်လို့၊ အင်း... နှစ်ညအိပ် ပြီး ငါပြန်လာခဲ့မယ်လေ''
''အိုကေ... ငါသွားမယ်၊ နက်ဖြန်မှ တွေ့တာပေါ့၊ ကျောင်းတက် မယ် မဟုတ်လား''
''အေး''
ဝေမိုးဖြူကို လက်ပြပြီး မှတ်တိုင်ဆီ ခပ်သုတ်သုတ်လှမ်းလာခဲ့တယ်။ အိမ်ရောက်ရင် အမေနဲ့ ပြဿနာမဖြစ်ချင်ဘူး။ အို... ဘယ်သူ့ဆို ဘယ် သူနဲ့မှ ပြဿနာမဖြစ်ချင်ဘူးလေ။
စိတ်ကိုတတ်နိုင်သလောက်ထိန်းမယ်လို့ စဉ်းစားတယ်။ စာကိုလည်း အင်တိုက်အားတိုက်ကျက်နိုင်အောင် ကြိုးစားမယ်။ ဒီနှစ်အောင်ရမယ်။ ဆပ်ပလီမထိဘဲနဲ့ကို အောင်ရမယ်။ နောက်နှစ်ဖိုင်နယ်ပတ်ဝမ်း...။ ကျွန်မအတွေးဟာ အနီရောင်သန်းလာတယ်။ စိမ်းစိုလာတယ်။
တကယ်တော့ ကျွန်မတို့သားအမိတစ်တွေဟာ ကျွန်မတို့ရဲ့ဘဝဟာ ကျွန်မအပေါ်မှာ အတိုင်းအတာတစ်ခု အသိမူတည်နေတယ်လေ။ ကျွန်မ ဘွဲ့ရလို့ အလုပ်လုပ်နိုင်ပြီဆို ကျွန်မတို့သားအမိရဲ့ ဝင်ငွေဟာ တော်တော် လေးအဆင်ပြေလာမယ်။ အမေလည်း သူဌေးလေးကိစ္စကို မေ့သွားနိုင်မယ်။
အဲဒီမာနတော့ ကျွန်မမှာရှိနေသေးတယ်။ အဲဒီကိစ္စကိုတော့ ကျွန်မ ဘယ်လိုမှ သည်းခံနိုင်စွမ်း မရှိဘူးလေ။ အမေကတော့ သူ့သမီးမျက်နှာ မငယ်ရအောင်လို့ အကြောင်းပြတာပဲ။ ခက်တာက တကယ်ပဲနံရံလေး ဘက်ထဲမှာ မျက်နှာငယ်နေရမယ်ဆိုတာ အမေတကယ်မသိတာလား။ သိ ပေမဲ့ တော်သေးရဲ့လို့ တွေးတာပဲလား။
ပေတစ်ရာလမ်းပေါ်မှာတော့ ကားတွေဟာ အစုန်အဆန် မောင်းနှင် နေကြလေရဲ့။ ကျွန်မစဉ်းစားမိသေးတယ်။ ကျွန်မရော ခုဘာတွေထူးလို့ လဲ။ မနွေးတို့ပေးတဲ့ငွေနဲ့ ဝေမိုးဖြူတို့ကျွေးတဲ့ထမင်း၊ ခွင့်ပြုတဲ့အရိပ်တွေ အောက်မှာ ကျွန်မ စုန်မျောနေတာပဲ။ ဟုတ်တယ်... အမေ့အတွက် ငွေ ရှာမပေးနိုင်တာကို မေ့ထားလို့ရချင်ရမယ်။ ခွင့်လွှတ်လို့ရချင်ရမယ်။ အမေ့ နားမှာ တိုးတိုးဖော်အဖြစ် မနေနိုင်တာကတော့ ကျွန်မမကောင်းဘူး။ အမေ နဲရ ကျွန်မ တစ်ခါတစ်ခါ နားလည်မှု လွဲတာကလည်း ဒါကြောင့်ပဲ ထင် တယ်။
ခုလိုတွေးမိတော့လည်း အမေ့ကို သနားမိတယ်။ ကျွန်မအတွက် အမေ အားလုံးတာဝန်ယူချင်ရှာမှာ... မတတ်နိုင်လို့သာ...။ မနွေးတို့ဆိုတာ က ဘာပဲပြောပြော သွေးဝေးသေးတယ် မဟုတ်လား။ အင်း... ကျွန်မ သာ ကျွန်မအတွက် ငွေရှာနိုင်ရင် အနည်းနဲ့အများပေါ့လေ။ ကျောင်းလခ သက်သက်ပဲ ဖြစ်မှာပေါ့။ အဲဒီအတွေးကတော့ ကျွန်မဦးနှောက်ထဲ ရောက် ချည်ထွက်ချည်ပါပဲ။
ခက်တာက ငွေကိုသမ္မာအာဇီဝနဲ့ရှာမယ်။ ကျွန်မကျောင်းစာတွေကို လည်း အနှောင့်အယှက်မဖြစ်စေရဘူး။ အဲလိုနည်းနဲ့ငွေရဖို့ဆိုတာက မလွယ် ဘူးလေ...။
ခုပဲကြည့်၊ နောက်လထဲမှာ စာမေးပွဲကြီး စစ်မယ်။ စာတွေအားလုံး မျက်ဘဲ ရွေးကျက်ရင်တောင် ကျက်ရမယ့်စာအုပ်ပုံက ကျွန်မတစ်ရပ်နီးပါး ရှိရော့မယ်။ ကဲ... ကျွန်မ ဘယ်လိုလုပ် ငွေရှာရမလဲ။ ဘွဲ့ရပြီးရင်တော့ ငွေရှာလို့လွယ်မယ်။ အရေးကြီးတာက ဘွဲ့မြန်မြန်ရဖို့။ ခုလာမယ့် စာမေး ပွဲအောင်အောင်မြင်မြင်ဖြေဖြစ်ဖို့။
စာမေးပွဲဖြေပြီးရင် ထုံးစံအတိုင်း လက်ချုပ်ချုပ်ကူမယ်။ နောက် စိတ် ကူးသစ်အရတော့ ကျူရှင်ပေးမယ်။ ဝေမိုးဖြူမောင်လေးကို မှာထားရမယ်။ ခြေနိုင်လက်နိုင် လေးတန်းကနေ ခုနစ်တန်းထိပေါ့။ စိတ်လေတာတွေလည်း လျော့သွားမယ် ထင်တယ်လေ။ ဒီလိုပါပဲ။ ကျွန်မတစ်ခါတစ်ခါ စိတ်ကူး ပေါ်တတ်တယ်။ နောက်တော့လည်း ဒီလိုပါပဲ။ အရာမထင်ဖြစ်ဘူး။ ဒီ တစ်ခါတော့ အရာထင်မှကို ဖြစ်မယ်လို့ ထင်တယ်။
ခုတလော 'အိမ်' ဆိုတာကို တမ်းတနေတတ်တယ်လေ။ စိတ်က လေ တော့ 'အိမ်' ဆိုတဲ့အကြောင်းလည်း တွေးမိပြန်တယ်။ စာမေးပွဲတွေ အတွက် တော့ ကျွန်မကိုယ်ကျွန်မ ခွင့်လွှတ်ထားရဦးမယ်လို့ ကျွန်မထင်တယ်။
ဘာပဲဖြစ်ဖြစ်လေ၊ ဒီနေ့ကျွန်မ 'အမေ့အိမ်' ပြန်မယ်။ နောက်နှစ်ရက် မှာ 'ဝေမိုးဖြူအိမ်' သွားမယ်။ ရေးဖြေပြီးတဲ့နေ့ 'အမေ့အိမ်' ပြန်မယ်။ အခု အမေ့အိမ်ဟာ ကြီးတော်စိန့်အိမ်မဟုတ်တော့တဲ့ 'အမေ့အိမ်' ဆိုတာဟာ 'အမေနဲ့ကျွန်မတို့မောင်နှမတွေရဲ့အိမ်' သာလျှင် ဖြစ်မယ့် တစ်နေ့နေ့ မ ရောက်ခင်မှာတော့ ကျွန်မဟာ ခြေသလုံးအိမ်တိုင်ဖြစ်နေရဦးမှာပါပဲ။
ရှေ့က ဆေးခန်းနဲ့တွဲလျက်ဆေးဆိုင်လေးမှာ အမေ့အတွက် ဆေးဝင် ဝယ်လိုက်တယ်။ မှတ်တိုင်ဘက်လျှောက်လာပြီး ဘတ်စ်ကားလာရာလမ်း ဆီ မျှော်ငေးကြည့်လိုက်တယ်။
ခုချိန်မှာတော့ ကျွန်မဟာ ကျွန်မရဲ့ ခြေအစုံပေါ်မှာရပ်လို့...။ ကျွန်မ ရဲ့ခန္ဓာကိုယ်ဟာ ကျွန်မရဲ့ခြေအစုံကို တိုင်ပြုအားယူလို့ပေါ့။
မသီတာ(စမ်းချောင်း)
စံပယ်ဖြူမဂ္ဂဇင်း၊ဇန်နဝါရီလ၊ ၁၉၈၈ခုနှစ်။

Sunday, 13 November 2011

တောင်းဆုရေစီး

အတာ လေးတန်းနှစ်က ဖြစ်ပါသည်။
''မေမေ...နောက် ဒီငါးသေးသေးလေးတွေ မချက်ပါနဲ့ဗျာ၊ အောင် အရိုးစူးတယ် သိလား''
''ဟုတ်တယ် မေမေ၊ အတာလည်း မစားတတ်ဘူး''
''ကျော်ကတော့ လုံးဝကို မကြိုက်တာ မေမေ''
အတာတို့ မောင်နှမသုံးယောက်လုံး မညီညွတ်စဖူး ညီညွတ်စွာ မေမေ့ ငါးဟင်းကို ဆန္ဒပြခဲ့ကြပါသည်။ မေမေသည် သက်ပြင်းချရင်း 'ဈေးထဲ မှာ ဘာမှမရှိဘူး သမီးတို့သားတို့ရဲ့' ဟု ပြန်ပြောသောအခါ အတာ မေမေ နှင့်ဈေးမလိုက်ခဲ့သော်လည်း တစ်ဈေးလုံးသည် ငါးသေးသေးလေးတစ်မျိုး တည်းရှိမည်ဟုတော့ အတာမယုံခဲ့ပါ။
''သမီးတို့ သားတို့ရေ... သားတို့ကမှ ခုလို ငါးသေးသေးနဲ့ ထမင်း စားနိုင်သေးတာ၊ ဖေဖေတို့ရုံးက အရာရှိကြီးတစ်ယောက်ဆို သိပ်သနားဖို့ ကောင်းတာပဲ သိလားမေမေ၊ ဦးမောင်မောင်ပေါ့၊ မနက်က ရုံးမှာ လက်ဖက် ရည်ဆင်းသောက်ရင်း ပြောပြတာ ခင်ဗျားတို့တိုက်လို့ စားရသောက်ရပေ မဲ့ စိတ်မကောင်းဘူးဗျာ တဲ့၊ အမှန်က သူက ရာထူးအကြီးဆုံးဆိုတော့ သူ တိုက်သင့်တာပေါ့လေ၊ မနက်က သူရုံးလာတော့ ထမင်းနဲ့ ငန်ပြာရည်နဲ့ လူးလဲစားခဲ့ရသတဲ့၊ ဖေဖေတို့ဖြင့် ယုံတောင်မယုံဘူး၊ သူက တကယ့်ကို ဝမ်း ပန်းတနည်း ပြောပြလို့သာ''
သူက သားသမီး ဆယ်ယောက်လား ရှိတာနော်''
ဖေဖေ့စကားမဆုံးမီမှာ မေမေက ညည်းသံနှင့် ဝင်ပြောခဲ့ပါသည်။
''အဲဒါပြောတာပေါ့၊ သားသမီးကများ စရိတ်စကဈေးနှုန်းတွေက ကြီး မားဆိုတော့ ဖေဖေ့လခနှစ်ဆနီးနီး ရပေမဲ့လည်း သူတို့မိသားစုခမျာ အဆင် မပြေရှာဘူးပေါ့၊ သားတို့သမီးတို့လိုတောင် အရိုးများသလေး ဘာလေး ချေး မထူနိုင်ဘူးလေ၊ ငန်ပြာရည်နဲ့ နယ်စားခဲ့ရသတဲ့၊ ကဲ... ဘယ်လောက် တင်းတိမ်နိုင်သလဲ၊ နောက်တစ်ခု သားတို့သမီးတို့ မှတ်ထားဖို့က သူ ဒီ လောက် အနေအစား ဆင်းရဲပေမဲ့ မဟုတ်တာ မမှန်တာ ဘာတစ်ခုမှ မ လုပ်ဘူး၊ သူ့အလုပ်အပေါ် သူသစ္စာရှိတယ်၊ ဒါကြောင့်လည်း တစ်ရုံးလုံး သူ့ကို လေးစားတာပေါ့''
ရိုးသားပြီး သစ္စာရှိခြင်းကြောင့် တစ်ချိန်မှာ ကြီးပွားချမ်းသာသွားသည့် ပုံပြင်၊ ဇာတ်ကြောင်း ဖတ်စာများစွာနှင့် ရင်းနှီးခဲ့သော အောင်က 'သူ တစ် နေ့နေ့တော့ သားတို့လို တစ်ပတ်တစ်ခါ ကြက်သားဟင်း စားနိုင်လာမှာ ပေါ့နော်' ဟု ပြောခဲ့လေသည်။
ရုပ်ရှင်ဇာတ်ပွဲကြည့်၊ ရေဒီယိုဇာတ်လမ်းပုံပြင်နားထောင်၊ ရွှေသွေး၊ တေဇ၊ လှပဖတ်မြည်း၊ ခံစားမိလျှင် မျက်ရည်လည်ရွဲဖြစ်နေကျ၊ အတာက တော့ ညအိပ်ရာဝင်ခွဲတမ်းနို့ခွက်လေးကို အမြန်မော့ကာ ဘုရားစင်ရှေ့ မှာ အကျအနထိုင်၊ သြကာသနှင့် ငါးပါးသီလရွတ်ဆို ဝတ်ဖြည့်ကာ ''ဖေ ဖေပြောပြတဲ့ အရာရှိကြီးအမြန်ဆုံး ချမ်းသာလာပါစေဘုရား၊ သူ့ကို ကယ် မယ့်သူ အမြန်ပေါ်ပါစေဘုရား၊ သူတို့သနားပါတယ်ဘုရား၊ ပိုက်ဆံတွေ အများကြီး ကောက်ရပါစေဘုရား၊ သိန်းဆုတွေ ငါးဆုလောက်ပေါက်ပါစေ ဘုရား၊ သူတို့ကို သနားသောအားဖြင့် သူတို့အဆင်ပြေမယ့် တစ်နေ့နေ့ မြန်မြန်ရောက်အောင် လုပ်ပေးပါဘုရား'' ဟု တတွတ်တွတ် တိုင်တည် တောင်းဆုပြုခဲ့လေသည်။
အတာ ဆယ်တန်းနှစ်က ဖြစ်ပါသည်။
''ငါးသလောက်က အရူးနူးအောင်ပေါင်းရင် ကောင်းမယ်ဗျာ''
''ဟုတ်တယ်မေမေ၊ အရိုးရှောင်နေရတာနဲ့ ထမင်းစားရတာ ကြာနေ ရော၊ မမြန်တော့ဘူး''
''အို... ငါးသလောက်က ချိုပါတယ်''
သားဈေးငါးသလောက်ဈေးနှင့် မီးသွေးဈေး၊ မီတာခတို့အကြောင်းရင်း နှီးစပြုလာသောအတာသည် မောင်ငယ်နှစ်ယောက်၏စကားကို ငယ်ငယ် ကလို မထောက်ခံဖြစ်ခဲ့ချေ။ မေမေကလည်း ဟိုတုန်းကလို 'ဘာမှမရှိဘူး' ဟူသော ဆင်ဝှေ့ရန်ရှောင်စကားမှ မဆိုခဲ့တော့။
''သြော်... ငါးသလောက်ဆိုလို့ နက်ဖြန်တောင် ဦးမောင်မောင်အိမ် မှာ ဆွမ်းကျွေးရှိတယ်၊ သူ့မွေးနေ့အထိမ်းအမှတ်အနေနဲ့ရော ရာထူးတိုးတဲ့ အတွက်ရောပေါ့၊ အဲဒါ ကိုယ်တို့တောင် ဒီနေ့ဈေးသွားပြီး ငါးသလောက် ရှာဝယ်ပေးလိုက်ရသေးတယ်''
''ဖေဖေတော့ ရက်ဆက်ပြီး အိပ်ချင်နေတော့မှာပဲနော်''
ဖေဖေ့စကားမဆုံးမီမှာပင် အတာစကားလမ်းပြောင်းစေသည်။
''သမီးမှတ်မိလား၊ သမီးငယ်ငယ်က ဆုတွေအများကြီး တောင်းပေး တယ်ဆိုတဲ့ ဦးမောင်မောင်ပေါ့'' ဟု ဖေဖေက ထပ်ပြောခဲ့သည်။
''အောင်တို့ရော မပါဘူးလား ဖေဖေ၊ ဟင်းကောင်းကောင်းမတီးရတာ ကြာပြီဗျ၊ သည်လူကြီးဖိတ်ရင် ကောင်းမှာပဲ''
အတာက မှတ်မိကြောင်း ပြန်ဖြေရန် ကြိုးစားဆဲမှာပင် အောင့်စကား သံကြောင့် စကားလမ်းလွဲသွားခဲ့ပြန်သည်။
''ကဲ... စကားကောင်းမနေကြနဲ့၊ ဒီနေ့ ဘယ်သူ့နေ့လဲ၊ သောက်စရာ ရှိတာသောက်၊ ပြီးရင် စုဆေးရမယ်၊ စာစောစောကျက်ကြ''
''ကျော့်နေ့ မေမေ''
ကျော်က အလှည့်ကျခွဲတမ်းအရ နို့ဖန်ခွက်ကို ခပ်သုတ်သုတ် ကျိုက် ချပြီး ခွက်အလွတ်ကို အတာ့ထံကမ်းပေးခဲ့သည်။ မေမေနှင့် ပန်းကန်အတူ ကူဆေးရင်းမှ ''သြော်... ဦးမောင်မောင်တော့ အဆင်ပြေတဲ့တစ်နေ့ ရောက်သွားပြီပေါ့၊ ဖေဖေရော ရိုးရိုးကျင့်တဲ့ ဖေဖေ့ မြင့်မြင့်ကြံတိုင်းရော သားသမီးများပေမဲ့ စရိတ်စကဈေးနှုန်းတွေက အလျင်ကထက် ပိုပိုပြီး ကြီး လာတာကရော၊ စီးပွားရေးသမားတွေ ရိုးရိုးကျင့်မြင့်မြင့်ကြံလို့ ကုန်ဈေးနှုန်း တွေ မြင့်မြင့်တက်လာတာလား...'' ဟု ဘောဂဗေဒဘာသာရပ် သင်နေ ရပြီဖြစ်သော အတာ၏ကပေါက်တိကပေါက်ချာအတွေးတို့သည် ''သမီး ဖေဖေကတော့ သူများအတွက် ဝမ်းသာနေရှာတာပဲ၊ သူ့အတွက် ဝမ်းနည်း ရကောင်းမှန်း သူမသိသေးဘူးလေ၊ သူပဲ ကောင်းပါတယ်၊ သူ့ထက်အဆင် ပြေနေတဲ့သူတွေကိုမေ့ပြီး သူ့လောက်အဆင်မပြေတဲ့လူတွေကိုပဲ သူကြည့် နေတာကိုး၊ သူ အဆင်ပြေသင့်တဲ့အချိန်ရောက်သင့်ပြီလို့မှ သူမတွေးဘူး ထင်ပါရဲ့၊ ပင်စင်ယူရတော့မှာနဲ့ သားသမီးတွေ တက္ကသိုလ်ရောက်မှာနဲ့ အစစအရာရာ ဈေးကြီးမှာနဲ့'' ဆိုသည့် မေမေ့စကားကြောင့် ပို၍ လှုပ်ရှား သက်ဝင်ခဲ့ရလေသည်။
ည... သြကာသ၊ ငါးပါးသီလ၊ ဓမ္မစကြာရွတ်ဆိုဝတ်ဖြည့်အပြီးတွင် ''ဖေဖေ ပင်စင်မယူခင် လစာတိုးပါစေဘုရား၊ ပင်စင်ယူပြီးလည်း အလုပ် တစ်ခုခုရပါစေဘုရား၊ ဘုရားတပည့်တော်မတို့ မိသားစုဝင် ရိုးသားသော ဝင်ငွေသည် ထွက်ငွေထက် ကျော်လွန်ပါရစေဘုရား၊ တပည့်တော်မ ယခု နှစ် ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့အောင်ပြီး ရှေ့နေမကြီးဖြစ်ပါရစေဘုရား၊ တပည့်တော်မတို့မိသားစု အဆင်ပြေမယ့် တစ်နေ့နေ့ မြန်မြန်ရောက်ပါစေ ဘုရား'' ဟု ဝေဝေဆာဆာ တိုင်တည်တောင်းဆုပြုခဲ့လေသည်။
x x x
''မမရာ... ကျက်မနေစမ်းပါနဲ့ကွာ၊ ကျောင်းက ဖွင့်ဖို့အများကြီး လို သေးတာ၊ တစ်လနီးပါး ကျန်ပါသေးတယ်ဗျ''
''အို... မမှားပါဘူး''
''ဟား... ဟား... တို့မမတစ်ယောက် သနားပါတယ်ကွာ၊ ရှေ့နေ အမြန်ဖြစ်ချင်ပါတယ်ဆိုမှ စာပေးစာယူမို့ နှစ်ကကြာ၊ ခုတစ်ခါ စာမေးပွဲ က ရွှေ့ဆိုတော့ မမလုပ်သက်ပင်စင်ယူခါနီးမှပဲ ရှေ့နေဖြစ်တော့မယ် ထင် ပါရဲ့၊ ဆယ်တန်းအောင်တုန်းက ဂုဏ်ထူးလေး သနားပါတယ်နော်''
အောင်က သူ့ဗီဇအတိုင်း နောက်ပြောင်နေသော်လည်း စာစဉ်ကို ကိုင် ထားသည့် အတာ့လက်တွေ ကတုန်ကယင် ဖြစ်လာသည်။ အောင့်စကား ကို နားထောင်ရာမရောက်အောင် စာဆက်ကျက်ရန် ပြင်မိသော်လည်း ဖေ ဖေက ထမင်းစားတော့မယ်ဆိုသဖြင့် ထမင်းပွဲပြင်ရန် ထလိုက်ရသည်။
''ဟင်... ဒီနေ့လည်း ဒီအာလူးပါပဲလား၊ ဒါကြောင့် ဒီအိမ်ကလူတွေ စကားများကြတာ ပတေးတိုး တော့ခ်ကင်း(ဏသအအေသွှေူုငညါ) တွေလေ'' ဟု ကျော်က ထမင်းဝိုင်းရောက်မဆိုက် ပြောချလိုက်တော့ ''အာလူးတောင် ဘယ်ဈေးလဲ မေးပါဦးလား'' ဟု ပြန်ပြောချင်စိတ်က အတာ့ရင်မှာ အပြည့်။ သို့သော် သူလည်း အတာ့လို နေ့စားပုတ်ပြတ်တစ်ယောက်ပေပဲ၊ သူ့အိမ် အခြေအနေ သူ့အခြေအနေတော့ သိတန်ကောင်းပါရဲ့၊ တစ်ခါတလေလည်း လုပ်သားကောလိပ်ကျောင်းသားဘဝ လူငယ်စိတ်နှင့် လွတ်တက်မှာပေါ့ ဟု သာ ဖြေတွေးတွေးလိုက်လေသည်။ ဖေဖေနှင့်မေမေကတော့ မျက်နှာ မဖော် စတမ်း အာလူးချဉ်ဟင်းရည် အတွင်ဆမ်းကာ ထမင်းကိုသာ စားနေတော့ သည်။
''ဖေဖေရေ သားဒီနေ့တော့ သားဆက်ပေးတဲ့လူနဲ့ ဖေဖေ့ဦးမောင်မောင် တို့ ဈေးစကားပြောကြတယ်လေ၊ တည့်သွား ပြေလည်သွားမယ် ထင်ပါရဲ့၊ အဆင်ပြေလို့ကတော့ သားတော်တော်လေးရမှာပါ၊ လေးခွဲနဲ့တဲ့ဗျာ၊ လှလိုက် တာ သန့်လိုက်တဲ့ကား၊ အဲဒါပြောတာပေါ့ဗျ၊ ဖေဖေ ပင်စင်မယူခင် သား သင်္ဘောသားဖြစ်အောင် လုပ်ပေးခဲ့ပါဆိုတာ ဦးမောင်မောင်သားဆို ခုဘယ် နှစ်ခါရှိပြီလဲ၊ ကားပို့လာတာ၊ အဘိုးကြီးဖြင့် ပြုံးလို့ သူ့သားသုံးယောက်က သင်္ဘောပေါ်မှာလေ၊ သားကိုဖြင့် ငယ်သေးတယ်လေး၊ ဆယ်တန်းတောင် မအောင်သေးဘူးလေး၊ ဘွဲ့ရပြီးမှလေး ဘာလေးနဲ့ ဘာလုပ်ရမှာလဲ၊ ဖေဖေ ဘွဲ့နှစ်ဘွဲ့ရပြီး အရာရှိဖြစ်မှ ပင်စင်ယူတာပဲ၊ ဖေဖေ့လုပ်သက် နှစ်သုံးဆယ် ကျော် ဖေဖေဘာဝယ်နိုင်ခဲ့လဲ၊ ချယ်ဂါရီတစ်စီး တဲတစ်လုံးတောင် ဝယ်နိုင် လို့လား၊ ကွာတာကတော့ ဆီးစေ့နဲ့ မြင်းမိုရ်တောင်လိုဆိုတဲ့ အတိုင်းပါပဲ လားဗျ''
အောင်က ငါးပိရည်ကျို ရွှဲရွှဲဆမ်းထားသော ထမင်းလုတ်ကို ပလုတ် ပလောင်း လက်စသတ်ရင်းမှ အားတက်သရော မကျေမချမ်း ပြောနေလေ သည်။
''သား... မင်းဘာမှမသိပါဘူးကွာ''
''ဘာလို့မသိရမှာလဲ ဖေဖေရ၊ တကယ့်တကယ် လမ်းမရှာ၊ လမ်းမသိ တာက ဖေဖေဗျ၊ 'ရိုးရိုးကျင့် မြင့်မြင့်ကြံ' တဲ့ သားတော့ လှေထိုးကျင့်ပြီး လွှင့်ဖို့ပဲ ကြံတော့မယ်၊ တက္ကသိုလ်ဝင်ခွင့်တွေ ထွက်လာလည်း မလျှောက် တော့ဘူး၊ ဖြစ်တဲ့အဆက်အသွယ်နဲ့ လစ်မယ်၊ သား အဆင်ပြေတဲ့တစ်နေ့ မမနဲ့ ကိုကိုလည်း နေ့ကျောင်းပြန်တက်၊ ဖေဖေနဲ့မေမေလည်း ဘုရားလည်း ဖူး ရိပ်သာလည်း တရားအားထုတ်၊ အို... ကြိုက်သလိုနေကြ''
အောင်က စိတ်ကူးလေတံခွန်ကို မျှော်လင့်ချက်ကြိုးလျှော့ပြီး မြင့်သ ထက်မြင့် အောင် တင်နေသော်လည်း ကျန်လူတွေက မလှုပ်တလှုပ်။
အတာကတော့ 'ရိုးရိုးကျင့်တာချင်းအတူတူ  ဦးမောင်မောင်အဆင်ပြေ သောနေ့သည် စောစီးစွာ ရောက်လာခဲ့သော်လည်း ဖေဖေအဆင်ပြေသော နေ့သည် ယနေ့တိုင် အဘယ်ကြောင့် ရောက်မလာခဲ့သနည်း'ဆိုသော ပုစ္ဆာ နှင့် 'အောင့်လိုလူငယ်တွေ သက်စွန့်ဆံဖျား၊ သူ့ဆန်စားရဲရသည့် သင်္ဘော သားဘဝကို အဘယ်ကြောင့် သည်လောက်တမ်းတလိုလားနေရပါသနည်း' ဆိုသော ပုစ္ဆာနှစ်ပုဒ်ကို စိတ်ကူးနှင့် အဖြေထုတ်နေမိလေသည်။
''ကဲပါဗျာ... ငိုင်မနေကြပါနဲ့၊ သားလည်း ခုထွက်သွားမှာမှ မဟုတ် တာ၊ နောက်တစ်နေ့ရမယ့်ငွေအတွက် အကြိုအဖြစ် ငယ်ငယ်ကချစ်ခဲ့ရတဲ့ နို့ သောက်ရအောင် မမရေ၊ ချိုင့်တစ်လုံးပေးဗျာ၊ အောင်သွားဝယ်လိုက်ဦး မယ်''
ပြောပြောဆိုဆို သွက်သွက်လက်လက် လှုပ်ရှားတတ်သော အောင့် နောက်ကျော ပါးပါးလျားလျားကိုသာ အတာတို့ ငေးကြည့်မှင်တက်နေမိ လေသည်။
အောင် ဝေငှကမ်းပေးသည့် နို့ကျဲကျဲတစ်ခွက်စီကို တမြည့်မြည့် အရသာခံငုံရင်းမှ ဖေဖေက ''အောင်ရေ... လောဘကို သတ်မှတ်ပေါ့၊ ငါ့သားက လောဘတွေ သိပ်များနေပြီကွာ၊ အပိုတွေပါလိုချင်နေပြီ၊ တစ် နေ့နေ့မှာတော့ ဖေဖေတို့သားတို့ အဆင်ပြေလာရမှာပေါ့ကွာ'' ဟု လေပြေ ထိုးနှစ်သိမ့်လေသည်။
''ဘာတွေ အဆင်ပြေလာမှာလဲ၊ ဒီရေစီးထဲမှာပဲ မျောပြီး ငါးဟင်းကနေ အာလူးဟင်း...၊ အာလူးဟင်းကနေ ဆားဖြူး၊ တစ်စစနဲ့ အဖေ့မြေးတွေ လက်ထက်ကျရင် ကျောင်းနေစရာမလိုဘဲ 'ရိုးရိုးကျင့် မြင့်မြင့်ကြံ'ထုံးနဲ့ အဆင်အပြေဆုံး ရှာဖွေစုဆောင်းလာနိုင်မှာကိုလား၊ ခန္တီစတွေ အလောဘ တွေနဲ့ အဆင်ပြေအားဆေးမဲ့ဓာတ်စာမဲ့ အသက်ရှင်နိုင်မှာကိုလား''
အောင့် စကားတွေ အနှောင့်အသွားမလွတ်၊ ချွန်ထက်လာချိန်မှာတော့ ဖေဖေရောမေမေပါ ဘုရားစင်ရှေ့ရောက်လေသည်။
ယနေ့ည အတာ သြကာသ၊ ငါးပါးသီလ၊ ဓမ္မစကြာနှင့် မေတ္တာသုတ် ကို ရွတ်ဖတ်ပူဇော်ဝတ်ဖြည့်အပြီးမှာတော့ 'အစစအရာရာ အဆင်ပြေပါ စေ' ဟူသည့် တစ်ခုတည်းသောတောင်းဆုကိုသာ တိုင်တည်ဆုတောင်းမိ လေတော့သည်။
မသီတာ(စမ်းချောင်း)
ပန်ရုပ်စုံမဂ္ဂဇင်း၊

Friday, 11 November 2011

ကိုင်းကူးကိုင်းဆက် လက်မများ

''ဒီလိုလေ အမေရဲ့...၊ ကလေးရဲ့သွေးထဲမှာ ဘီလီရူဘင်ဆိုတဲ့ အသားဝါစေတဲ့ဓာတ်တစ်မျိုးက မတန်တဆများလွန်းနေတယ်၊ အခု အခြေ အနေအတိုင်းဆို အမေ့ကလေးကလည်း ခုမှ ရက်နုနုလေး... လေးရက် သားနော်၊ အဲဒါ ဦးနှောက်ထိခိုက်ပြီး အမြဲတမ်း ဉာဏ်ရည်မမီဖြစ်သွားနိုင် တယ်၊ အဲဒီလိုမဖြစ်အောက် ကာကွယ်ဖို့ဆိုရင် သွေးလဲပစ်ဖို့တစ်ခုပဲ တတ် နိုင်မယ်၊ အဲဒါကြောင့် ရှင့်ဆီက သဘောတူညီကြောင်းလက်မှတ်ကို လို တယ်၊ ရှင် သဘောမတူဘူးဆိုရင်တော့ တခြားနည်းလမ်းတွေနဲ့ပဲ ကုပေး မယ်၊ ဒါပေမဲ့ သွေးလဲသလို ဦးနှောက်ကို ကာကွယ်တဲ့နည်းကတော့ မရှိ ဘူး၊ ကျွန်မတို့ဆန္ဒကတော့ လုပ်ချင်တယ်၊ အမေလုပ်တဲ့ရှင်ကသာ သဘော တူပါတယ်လို့ လက်မှတ်ထိုးရင်ပေါ့''
သည့်ထက်ရှည်ရှည်ဝေးဝေးလည်း ထပ်မရှင်းချင်။ ရှင်းလည်းမရှင်း တတ်တော့။ ဘာသာရပ်ဆိုင်ရာဝေါဟာရတွေနှင့် ရှုပ်သထက်ရှုပ်ဖို့ပဲ ရှိ သည်။ ကလေးအမေကတော့ မျက်ရည်တွေကတပေါက်ပေါက်ကျလို့။
''အို... မငိုနဲ့လေ၊ ကလေးက ဆေးရုံမှာမွေးတာမဟုတ်ဘူးလား''
''ဟုတ်... မှာပါ''
'ဟင်၊ ဒါနဲ့များတောင်...''
ဟုတ်... ဟင့်... ရွှတ်...''
''ကဲ...ကဲ၊ ပြော၊ သဘောတူလား၊ တိုင်ပင်ချင်သေးလား၊ ယောက်ျား ရော၊ သွားခေါ်တိုင်ပင်လေ''
''ဟို... ခရီးသွားနေတယ်''
''အလုပ်မလုပ်ရဘူးပေါ့''
ကိုယ်ချင်းစာစွာ မေးမိသည်။ မိတ်ဆွေတွေဖြစ်နေမလား။
''ဟင့်အင်း... အလုပ်နဲ့ ခရီးသွားနေတာ၊ အဲဒါ...''
''သြော်...''
မိတ်ဆွေ မဟုတ်ပါလား။
''ကဲပါလေ၊ ရှင့်သဘောပဲ၊ ကျွန်မတို့ကတော့ ရှင့်ကလေးကို အကောင်း ဆုံးဖြစ်စေချင်လို့ပြောတာပဲ''
စည်းစည်းရုံးရုံးလေသံကို ရင်ထဲက ထွက်မလာ။
''သဘောတူရမှာပေါ့ ဆရာရယ်''
''အင်း... ဒါဆို၊ ဒီနေရာမှာ လက်မှတ်ထိုး''
ကလေးအမေက ကမ်းပေးသည့်ဘောလ်ပင်ကို မယူ။ မင်နှိပ်ပြားပေါ် မှာ တစ်ချက်လှိမ့်ပြီး ညွှန်ပြရာနေရာမှာ လက်ဗွေရာထင်အောင် မြန်မြန် ဆန်ဆန် ကျွမ်းကျွမ်းကျင်ကျင် ဖိချလိုက်သည့်ကလေးအမေ၏ လက်မ လှုပ် ရှားမှုက အသားကျစွာ တိတိကျကျ၊ မှန်မှန်ကန်ကန်။ ဘောလ်ပင်ကမ်းထား သည့် ကိုယ့်ညာလက်မှာ အားတုံ့အားနာ၊ ဇဝေဇဝါ။
x x x
''ဟင်း...၂၂ ကျော်ကျော်လေးများ၊ ရေထိုးကြည့်ပြီး ပြန်စစ်၊ Cheek  ပြီးမှလုပ်တာမဟုတ်ဘူး၊ ခုပဲ ည ၁ဝနာရီရှိပြီ၊ သွေးတောင်းမှာနဲ့ ဘာနဲ့...''
မှန်သည်။ သည်လိုပုံနှင့်ဆို သည်ညအိပ်ရမှာ မဟုတ်။ သွေးတောင်း တာက တစ်နာရီနီးပါးကြာနိုင်သည်။ ပြင်မှာဆင်မှာနှင့် ၁၁နာရီခွဲပဲထား။ သွေးလဲကုသခြင်းExchange Transfusion  တစ်ခါလုပ်လျှင် အနည်းဆုံး နှစ်နာရီဆိုတော့ ည တစ်နာရီခွဲ၊ ဟိုလုပ်သည်လုပ်နှင့် နှစ်နာရီ။ မနက် ခြောက်နာရီလောက်မှာလည်း အခြားအသားဝါကလေးပေါက်စ ဆယ် ယောက်လောက်ကို သွေးဖောက်စစ်ဆေး လုပ်ရဦးမည်။ အိပ်ချိနိ သိပ်မရ နိုင်။

Thursday, 3 November 2011

ရေခဲလိပ်ပြာကို ထုဆစ်ခြင်း

ရေမလာဘုံဘိုင်နှင့် ရေမရပ်ဘုံဘိုင်တို့မှအပဖြစ်သော ဘုံဘိုင်ခေါင်း ကို မိမိရရဖွင့်ချလိုက်သည်။ ရေက ထင်မှတ်ထားသည်ထက် အရှိန်အဟုန် နှင့် ထွက်ကျလာသည်။ လန့်သွားရတာပါပဲ။
လက်ချောင်း၊ လက်ဖဝါး၊ လက်ခုံ၊ လက်ကောက်ဝတ်၊ လက်ဖျံ၊ တ တောင်ဆစ်၊ လက်မောင်း...။ အားလုံး ရေစိုသွားကာမှ ငါးကျပ်တန် ခဲ ဖျက်အရွယ် ကာဘောလစ်ဆပ်ပြာခဲကို လှမ်းယူလိုက်သည်။ ဓားကောင်း ကောင်းနှင့် စိတ်ရှည်လက်ရှည် အဲ... စိတ်ရှည်လက်တို (တွန့်တိုစွာ) လှီးဖြတ်ထားသည့် ဆပ်ပြာခဲက အရေပြားပေါ်မှာ လူးလှိမ့်လုံးပါးပါး လို့...။
အရေပြားတွေ နီမြန်းအေးခဲချွဲကျိလာတော့ ပိုးသန့်စင်ဆေးဝါရည်ထဲ က ဘရပ်ခ်ျနှင့် မရှိမဲ့ရှိမဲ့ လက်သည်းခွံကြားတွေအနှံ့...။ နောက် အရေ ပြားပေါ် ခပ်ကြမ်းကြမ်း လွန်းထိုးပွတ်တိုက်။ ပြီးတော့ ရေအလျဉ်အောက် ကို လက်ထိုးခံလိုက်...။ ရှင်းသန့်သင့်သလောက် ရှင်းသွားပြီပေါ့...။
သုံးကျပ်တန်ခဲဖျက်ခန့်သာ ကျန်ရစ်သည့် ဆပ်ပြာခဲနှင့် လက်နှစ်ဖက် လုံးကို ထပ်မံပွတ်တိုက်။ ပြီးမှ နံရံကပ် ပက်ဗဒင်း Pevidine ပိုးသပ်ဆေး ရည်ဘူးဖုံး အဖိပေါ် တံတောင်နှင့် နှစ်ချက် သုံးချက် ဆင့်တွက်လို့ လက်ခုံ ထဲ ဆေးရည်တွေကျစေ...။ သည်မှာ ဆပ်ပြာမြှုပ်တွေ ရောနှော သွား...။ သည်လိုနှင့် အရေပြားတွေ နီမြန်းအေးခဲချွဲကျိရှင်းသန့်ပြောင်စင် လာတော့မှ ရေအလျဥအောက် လက်ချောင်း၊ လက်ဖဝါး၊ လက်ခုံ၊ လက် ကောက်ဝတ်၊ လက်ဖျံ၊ တံတောင်ဆစ်၊ လက်မောင်းများ။ အစီအစဉ်အတိုင်း လက်ကို မြှောက်ဆေး။ နောက် တံတောင်ဆစ်နှင့် ဘုံဘိုင်ခေါင်းကို ရေမကျ တော့သည်အထိ ပိတ်လိုက်။ ရှင်းသန့်စိုနူးနေသည့် လက်ဖဝါးနှစ်ဖက် ပူး ကပ်ပြီး လက်ချောင်းအချင်းချင်း အံဝင်ချိတ်ဆက် လို့ မြှောက်လျက်ထောင် ထား...။
ဒါဟာ အသက်ဇီဝရှိတဲ့လူသားရဲ့ဝေဒနာ ဒါမှမဟုတ် လိုအပ်ချက် ကို ပျောက်ကင်းဖြည့်ဆည်းပေးဖို့ ကြိုးစားအားထုတ်မှုအတွက် လက်ဆေး နေခြင်းပဲ ဖြစ်သည်။
ရှင်းသန့်နေသော လက်များသည် သန့်ရှင်းသော ကာယကံကို ပြုနိုင် မည်ဟု မနောကံမှာ ရှင်းလင်းပီသ ယုံကြည်ထားလေသည်။
x x x
အသွားပါသည့် ညှပ်ကို ချက်တိုင်ညာဘက် တစ်လက်မအောက်နား ဆီ ခပ်ဖိဖိညှပ်ဆွဲလိုက်သော်လည်း လူနာက မသိကျိုးကျွံ။ အောက်ဘက် တစ်လက်မစီနှစ်နေရာထိ ထပ်ဆွဲသည်ထိ လူနာကနာကြောင်း မတုံ့ပြန်။ ခါးအောက်ပိုင် ထုံသွားပြီ။
ဓားသွားတလျှောက် သွေးစတွေ စွန်းထင်းနေသည့်အဆီပြင်က နက် ပုံရသည်။ အိုဂျီက အရေပြားကိုနောက် တစ်ကျော့ ထပ်လှီးလိုက်သည်။ နောက်ကြွက်သားမြှေး၊ ကြွက်သားမျှင်၊ ကြွက်သားမြှေး၊ ဝမ်းခေါင်းကာ အမြှေးပါး။ မိန်းမများစွာ၏ ကွဲပြားလှစွာသော ဗိုက်များစွာကို ဖွင့်ချခဲ့ဖူး သည့် အိုဂျီနှင့် ပထမလက်ထောက်ဆရာဝန်မမတို့ကတော့ တစ်လွှာပြီး တစ်လွှာ၊ တစ်ထပ်ပြီးတစ်ထပ်၊ လှီးတန် လှီး၊ ဖြတ်တန်ဖြတ်၊ ဘေးဖယ်တန်ဖယ်၊ မတော်တဆပေါက်သွားသည့်သွေးကြော မျှင်တွေ ကို သွေးကြော ပိတ် ညှပ်နှင့် ဖမ်းတန်ဖမ်း၊ ကြိုးနှင့်ချည်ပစ်တန်ချည်ပစ်။ သမားရိုးကျ အဆင့် တစ်ခုပဲ။
အသားမကျသေးသည့်ပြင် ပစ္စည်းမလုံလောက်မှုကြောင့် ရရာစွပ်ထား ရသည့် လက်အိတ်နံပါတ် ၆က မခြောက်တခြောက်ရေနှင့် ပိုးသန့်စင် ပေါင်ဒါမှုန့်အချို့တို့ကြောင့် လက်ကိုပိုပြီးကျပ်တည်းနေစေတော့သည်။ သည်တော့ ခွဲစိတ်အကူအဖြစ် ဝင်နေရခိုက် သမားရိုးကျလုပ်ရတတ်သော ဝမ်းဗိုက်အရေပြားဆွဲဖွင့် ထိန်းချုပ်ကိရိယာလက်ကိုင်ကို ခွဲစိတ်အသင်း ခေါင်းဆောင် အိုဂျီအလိုကျ ခပ်တင်းတင်းနှင့် နေရာတကျ ဆွဲထားရသည့် အလုပ်ကိုပင် အတော့်ကို အာရုံစိုက်ထားရသည်။
''ဆရာမ... နည်းနည်းနာတာလား၊ သိတာလား မသိဘူး၊ ဖြည်းဖြည်း လုပ်ပါနော်၊ ဒါပြီးရင် ကလေး ရတော့မှာပေါ့နော်''
မေ့ဆေးမပေးထားသည်မို့ လူနာက သူအာရုံရှိရာသူပြောနေလေသည်။ တကယ်တာ့ သူက လူနာလို့ခေါ်ရခက်သည့်လူနာမျိုး။ သူ့မှာ ကာယိက၊ စိတ္တဝေနာရယ်လို့ မရှိချေ။ သူ့မှာ စိတ္တဆန္ဒသာရှိသည်။ ကလေးလိုချင် သည်။
''သမီး... အဲဒီအူတွေကိုပါ ဆွဲထိန်းထားလိုက်ပါ၊ ဒီမွှာကဘန သားဥ ပြွန်၊ ရှာရခက်နေလို့ သြော်... ဒုက္ခပါပဲ၊ လိုချင်တာ၊ ရှာချင်တာ မတွေ့ ရသေးဘဲ ဒီအူတွေက ရှုပ်ရှုပ်နေပြီ၊ ကဲ... သမီးရေ မညှစ်နဲ့နော်၊ အ သက်မှန်မှန်ရှူ၊ ဒီမှာ ဆရာမတို့လုပ်ရတာ လွယ်သွားအောင် ဟုတ်လား၊ စကားမများနဲ့ အိပ်နေ''
သုံးလက်မ မပြည့်တပြည့် ဝမ်းဗိုက်အပေါက်လေးမှာ ပတ်လည်ထိန်း ထား၊ ညှပ်ထား၊ ဆွဲထားသည့် ညှပ်အပါအဝင် ကိရိယာများစွာ၊ အိုဂျီ၏ လက်၊ အူခွေအချို့တို့နှင့် ကြပ်သိပ်သွားပြန်သည်။ လူနာက လိုချင်တောင့်တ မှုအတွက် ရည်ရွယ်သည်ထင့်။ စိတ်တိုသွားပြန်သည်။
လူနာ။ သည်လူနာက အသက်သုံးဆယ့်ငါးပင် မပြည့်တတ်သေး။ သကိုစတွေ့ရသည်က ဓာတ်မှန်ဌာနမှာ၊ သားအိမ်အတွင်း ဆေးသွင်းဓာတ်မှန် ရိုက်ခြင်း Hysterosalpingogram  အတွက် ပြင်ပလူနာဌာန က ညွှန်းစာနှင့် အတူ ရောက်လာစဉ်က သည်စမ်းသပ်မှုပြုရသူတွေလိုပင် အိမ်ထောင် သက် ကြာလာသည် အထိ ကလေးမရ သဖြင့် သားအိမ်လမ်းကြောင်း စစ် ဆေးလို၍ဟု အကြမ်းဖျင်း သိထားခဲ့သော်လည်း သူက သည်လိုမဟုတ်။
သူက သည်လိုသာ ဖြစ်သည်။ ပထမအိမ်ထောင်နှင့် ကိုယ်ဝန်ရဖူး သော်လည်း အကြောင်းအားလျော်စွာ ပျက်ကျသွားခဲ့သည်။ သည်မှာ သူ နှင့် သူ့အိမ်ထောင်ဘက်တို့ ကွဲကွာသွားကြသည်။ သူ့အပြောအရ သူတို့ချင်း နှစ်ဦးသဘောတူ ယူစဉ်က သူ့အမေက သဘောမတူခဲ့။ သူ အိမ်ထောင် ပျက်တော့ သူ့အမေနှင့် ပြန်နေသည်။ သည်အထိ သူ့ဘဝက ဆင်းဆင်း ရဲရဲနွမ်းနွမ်းပါးပါး။
''ဟင်... သူက အဆီများသား၊ ထင်ထားတာထက်တောင် ပိုများ နေသေးတယ်၊ ရှာရခက်လိုက်တာနော်၊  ဟော တွေ့ပြီ၊ ပေး Bebkock နောက်တစ်ချောင်းပေးဦး၊ သမီး ဟိုဘက်နည်းနည်းရွှေ့ကိုင်ပေး၊ အဲ... အရမ်းမဆွဲနဲ့နော် သူငယ်ချင်း၊  ပြတ်မသွားဘူးလို့ မပြောနိုင်ဘူး။ ဟုတ်ပြီ၊ ကဲ နေနေ နည်းနည်းရှင်းဦးမှ၊
Tube (သားဥပြွန်) ဟုတ် မဟုတ်လည်း Confirm (သေချင်အောင်) က လုပ်ရဦးမယ်။ မှန်း... တွေ့လား... ဒီမှာ Fimbrial End (သစ်ခက်ဖြာသလို နူးညံ့ဖွာအိ အဆုံးသတ်) အိုကေ... ဘာ Abnormacity (ပုံမှန်မဟုတ်မှု) မှ မတွေ့ဘူး။ ကဲ... သူငယ်ချင်းက လျော့မယ်၊ နာ့စ်ညီမလေး အစ်မကို စားပေးမယ် ဟုတ်ပြီ''
ဓားဖျားက လက်သန်းလုံးတစ်ဝက်စာ သားဥပြွန်၏လုံးပတ်တစ်စိတ်ခန့်ပေါ် တိတိရိရိပြတ်ရှသွား သည်။ Swab ပတ်တီးစနှင့် တို့ပေး။ ဟော... အထဲမှာ အခေါင်းရှိပုံပဲ။
''ညီမလေး အစ်မကို Probe  အသေးပေးပါဦး''
အိုဂျီက သံချောင်းမျှင်နှင့် သားဥပြွန်ခေါင်းပေါက်ဆီ ထောက်လိုက် သည်။ ပြီးမှ သားအိမ်ဘက်ဆီက ထွက်လာသော ပြွန်ခေါင်းဘက် သံချောင်း မျှင်ကို တိုးချလိုက်သည်။ ခပ်ဖွဖွ၊ ခပ်မာမာ၊ ညင်ညင်သာသာ၊ သပ်သပ် ရပ်ရပ်၊ တစ်ခါ ဥအိမ်အောက်မှာ ဥတွေအကြွေကို ငံ့လင့်လက်ခံရသည့် သားဥပြွန်အဆုံး ဖျားဘက်ဆီ သံချောင်းမျှင်ကို ခပ်ဖွဖွထိုးလိုက်သည်။ တစ်ခါ၊ နှစ်ခါ၊ သုံးခါ။ သားဥပြွန် အခေါင်းရှိတာသေချာသွားပြီ။ တစ်နည်း အားဖြင့် ဥအိမ်က ကြွေကျလာမည့် ဥမလေးတွေ လျော ဆင်းရာလမ်း ကြောင်းမှာ အနှောင့်အယှက် အဟန့်အတားဆူးညှောင့်ခလုတ်တစ်စုံတစ် ရာ မရှိ။
''ကဲ... ချုပ်မယ်''
အပ်ပုစိကွေးက သားဥပြွန်ခေါင်းအတွင်းနံရံကနေ အပြင်နံရံ၏အတွင်း သားဆီ ဖြည်းနှေးသပ်ရပ် စွာ လျောဝင်လျှိုထွက်ရင်း သားဥပြွန်ခေါင်းကို မသိမသာ ချဲ့လိုက်သည်။ ညင်သာသလောက် သပ်ရပ်သော၊ ဟိုလျှိုသည် ထွက် ရှုပ်ယှက်ခတ်သလောက် ဘယ်တန်ဆာပလာကိုမှ မငြိမထိသွားသော ညီညာလှပသည့် ချုပ်ရိုးချုပ်ချက်ချုပ်ဟန်တွေကြောင့် ဝမ်းဗိုက်အရေပြား ဆွဲဆန့်ထိန်းချုပ်သည့် ကိရိယာကို ကိုင်ထားသောလက်တွေသည် လျော ကျအားငယ်သွားကြသည်။
 ဒါဟာ Operation  တစ်ခုလေ။ ခွဲစိတ်ကုသခြင်း (သို့မဟုတ်) ခွဲစိတ် တိုက်ပွဲ။ ဒါဟာ တိုက်ပွဲတစ်ခု။
သားဥပြွန်ခေါင်း အတွင်းနံရံတစ်လျှောက် ဖူးရာမှ အာလာသည့် စပယ် ငုံလို ပွင့်လာပြီးချိန်မှာ ဓားရာတစ်လျှောက် ပြန်ပိတ်ခြင်းဖြင့် သားဥပြွန် ခေါင်းကို နဂိုပုံဟန်မပျက် ပြန်ပြုပြင်ပေးရဦးမည်။ ဒါမှလည်း လက်၏ အချိန်အဆ၊ အတွေ့အကြုံ၏ အတိုင်းအတာ၊ အသိဉာဏ်၏အဆုံးအဖြတ်။
''ဆရာမ... တစ်ဖက်ပြီးပြီလားဟင်၊ နှစ်ဖက်လုံး လုပ်ရမှာဆို...''
သည်လူနာက ဆန္ဒစောနေပြန်သည်။ လက်တွေ့လှုပ်ရှားနေကြသည့် တိုက်ပွဲဝင် လက်တွေက လူပိန်းပြောပြောရမည့် ပြွန်ဖွင့်၊ ပြွန်ဆက် အလုပ် ကိုပင် လေအေးစက်အခန်းထဲမှာ ချွေးတစို့စို့ လုပ်နေကြရ သည်။ ဒါဟာ ရေပိုက်ပြင်နေတာ မဟုတ်။ သက်မဲ့ပစ္စည်းတစ်ခုကို ပြုပြင်နေတာမဟုတ်။ ဒါဟာ သိပ်ကို သေးငယ် သည့် အစိတ်အပိုင်းတစ်ခုအတွက် သိပ်ကို ကြီး လေးသည့် သမာဓိ၊ ပညာများနှင့် တည်ဆောက်နေခြင်း သာ ဖြစ်သည်။
သေသပ်လှပသော ဒဏ်ရာနှင့် သားဥပြွန်ကို နေရာတကျပြန်ထည့် လိုက်အပြီးမှာ ကျန်သားဥပြွန်တစ်ဖက် ရှိရာဘက် မျက်နှာမူလိုက်ကြပြန် သည်။ ဝမ်းဗိုက်အရေပြားဆွဲဆန့်ကိရိယာအရွေ့မှာ မြင်ရသည့်အဆီပြင် ကို ကြည့်ပြီး လူနာအကြောင်းက ခေါင်းထဲရောက်လာပြန်သည်။
ပထမအိမ်ထောင်နှင့် နွမ်းနွမ်းပါးပါးနေရစဉ်က သည်လိုအဆီပြင် လက်သန်းလုံးလောက်ရှိမှာ မဟုတ်တာ သေချာသည်။ ဒါပေါ့။ ပျက်စီးသွား ခြင်းမှာ အကောင်းထက် အဆိုးသာအဖတ်တင်ပေမည်။ အိမ်ထောင်တစ်ခု ပျက်စီးသွားခြင်း။ သန္ဓေသား ပျက်စီးသွားခြင်း။ မိခင်၏ယုံကြည် ယုယမှု လျော့နည်းသွားခြင်း။ သည်လိုအခြေအနေကနေ အဆီပြင်လက်သန်း လုံး၊ ရွှေလက်ကောက် အပြား၊ ရွှေဆွဲကြိုး နန်းလုံး၊ ဇာအင်္ကျီ၊ ဘီဘဲလ်လုံချည် နှင့် ဖြစ်လာဖို့အတွက် သူသည် အိမ်ထောင်တစ်ခုကို ထပ်မံတည်ဆောက် ခဲ့ပြန်သည်။ သည်တစ်ခါ သူ့မိခင်၏သဘောတူညီမှုဖြင့် ထပ်မံတည် ဆောက်ခဲ့သည်။ သည်မှာ သူသည် မိန်းမပီသစွာ တည်ဆောက်လိုသူသာ ဖြစ်ပြီး ပျက်စီ်းလိုသူ၊ ဖျက်ဆီးသူ မဖြစ်ချင်ခဲ့။ သည်လိုနှင့် သူသည် သူ့ အိမ်ထောင်တည်မြဲရေးအတွက် 'ကလေး' ကို လိုချင်လာခဲ့သည်။ သည်မှာ ကလေးက ရသင့်ချိန်တိုင် မရလာခဲ့။ သည်လိုနှင့် သူသည် ခွဲခန်းထဲ ရောက် ရသည်။ သူသည် လူနာမဟုတ်။ သူသည် ကလေးလိုချင်သူသာ ဖြစ်သည်။ သူသည် ရောဂါဖြစ်ခန္ဓာအစိတ်အပိုင်းကို ဖျက်စီးပစ်ရန်ရောက်လာခြင်း  မဟုတ်။ သူသည် ဘဝတစ်ခု၊ သတ္တဝါတစ်ဦးကို အခြေခံ၍ မိသားစုတစ်ခု၊ ပျိုးဆက်တစ်ဆက်ကို တည်ဆောက်ရန် သည်ခွဲစိတ်ကုသခြင်းကို ခံယူခဲ့ သူ ဖြစ်သည်။ တစ်နည်းအားဖြင့် သူသည် တည်ဆောက်ရန် သည်တိုက်ပွဲ ကို ဝင်ခဲ့သည်။
အတွေးစရှည်လျားစဉ်မှာ 'ဗိုက်ပိတ်မယ်' ဟု နှိုးဆော်သံကြောင့် ကျန် သားဥပြွန်တစ်ဖက်ကိုပါ ပြုပြင်တည်ဆောက်ပြီးသွားပြီဟု သိလိုက်သည်။ သွေးစအနည်းငယ် စွန်းထင်းနေသော လက်အိတ်ပိုင်ရှင်လက်များသည် တိုက်ပွဲအဆုံးသတ်အတွက် ဆက်လက်ပြင်ဆင် လှုပ်ရှားနေ ကြပေသည်။ အိုဂျီမမ၊ လက်ထောက်ဆရာဝန်မမ၊ သူနာပြုဆရာမများအလုပ်သင်တာဝန် နှင့် မိမိ၊ ကုတင်ပေါ်ကလူနာမဟုတ်သော လူနာ၊ မိန်းမသားတွေသာ ဖြစ် သည်။
''မိန်းမများသည် တည်ဆောက်သူများဖြစ်ကြပြီး ယောက်ျားများသည် ဖျက်ဆီသူများ ဖြစ်ကြသည်' တဲ့...။
ခွဲစိတ်ခြင်းအောင်မြင်စွာ ပြီးစီးခဲ့ပြီ။ မိန်းမတို့၏တည်ဆောက်ခြင်း တိုက်ပွဲ။
x x x
တစ်လက်မ မပြည့်တပြည့်အရေပြားအပေါက်လေးထဲ ဝင်သွားသည့် လက်အိတ်ဝတ်လက်ညှိုး၊ လက်ခလယ်နှစ်ချောင်းသည် အချိန်အနည်းငယ် အတွင်းမှာပင် သားဥပြွန်တစ်ဖက်ကို ဖိညှပ်လျက် အရေပြားအပေါက်ဝဆီ ပြန်ရောက်လာသည့် Bebkock  ခေါ် သားဥပြွန်ကိုင် ကိရိယာနှစ်ခုကို သူ ငယ်ချင်းက သားဥပြွန်၏ သားအိမ်ဘက်နားတစ်နေရာ၊ အဆုံးဖျားဘက် တစ်နေရာ တစ်လက်မသာ သာခွာ၍ ကိုင်ညှပ်လိုက်သည်။ ပြွန်တစ်လျှောက် တွယ်နေသည့် အမြှေးပါး အတွင်း သွေးကြော လွတ်ရာကို မှန်း၍ လက်ထောက် ဆရာဝန်မမက အပ်နှင့်ထိုးဖောက်လိုက်သည်။ နောက် အပ်ချည်နှင့် သား အိမ်ဘက်ပြွန်ကို ခပ်တင်းတင်း နှစ်ချက်ဆင့်ချည်လိုက်သည်။ တစ်ခါ အဖျား ဘက်ပြွန်ကိုပါ တစ်ဆက်တည်း ချည်လိုက်ပြန်သည်။ ကြိုးချည်ရာနှစ်ခု ကြားမှာ သားဥပြွန်သည် သံလိုက်အိမ်မြှောင်၏ ကိုယ်ထည် သဖွယ်ဖြစ်နေ ပြီး ကြိုးချည်ရာနှစ်ခုကတော့ သံလိုက်အိမ်မြှောင်၏တောင်စွန်းနှင့် မြောက် စွန်းနှစ်ခုကို ဆွဲစေ့ထားသလို ဖြစ်နေသည်။
သည်မှာ 'ဂ'ငယ်ခုံးပြွန်ခေါင်းကို ခွလျက်သား ညှပ်တစ်ခုနှင့် ညှပ် လိုက်သည်။ Bebkock နှင့် ဆွဲမထားသည့် ပြွန်ခေါင်းခွေအသားနှင့် ညှပ် ကြားကို ခပ်ကွေးကွေး ကပ်ကြေးတစ်လက်ရောက်လာသည်။ Bebkock  ၏ ခြင်းပုံ အညှပ်ထိပ်မှာ ပြွန်အပိုင်းအစ ကပ်ပါသွားပြီ။ ညှပ်အပေါ် ပြွန် ခေါင်းအကျန် ကို သွေးထွက်တိတ်အောင် တို့သုတ်၊ နောက် ညှပ်အောက် ကနေ ပြွန်ခေါင်းအထုံးနှစ်ခုကို ထပ်ချည်။ ဗိုက်ထဲက ဖြတ်တောက်ကြွင်း ကျန် သားဥပြွန်ကို ပြန်ထည့်။ တစ်ခါ ကျန်သားဥပြွန်တစ်ဖက်ကို ထုတ်ယူ ဖို့ ကြိုးစား။
ဒါဟာ သားကြောဖြတ်ခြင်း Sterilization ခွဲစိတ်ခြင်းပဲ ဖြစ်သည်။ အလျင်အမြန် အသွက်အလက် လှုပ်ရှားနေသော လက်အစုံတို့သည် ပင် ပန်းဟန်မရှိ။ ပကတိ ပေါ့ပါးလျက်၊ သွက်လက်လျက်။ ဒါဟာ ဖျက်ဆီးဖို့ တက်ကြွနေခြင်းလား။ မဖြစ်နိုင်။ သည်လူနာသည် တတိယလူနာ။ သူ့ နောက်မှာ ခုနစ်ယောက်ကျန်သည်။ သည်နေ့အဖို့ သားကြောဖြတ်မည့် လူ နာ ဆယ်ဦး။ သည်တော့ အချိန်လည်း မရှိ။ နောက်... နောက်... တည် ဆောက်တာမဟုတ်လို့ အချိန်မကြာတာလား။ ဖျက်ဆီးတာမို့လို့ လွယ်ကူ တာလား။ ပူစရာမလိုတာလား။ သည်လိုပဲလား။ တစ်နေ့တစ်နေ့ ဖျက်ဆီး သူတွေများများလာနေပြီလား။
ဟင့်အင်း...။ ဒါဟာ ကာကွယ်တာမဟုတ်ဘူးလား၊ လူဦးရေတိုးနှုန်း ကို ဟန့်တားတာ။ စာနပ်ရိက္ခာဖူလုံရေး ကို ကာကွယ်တာ။ ဒါဟာ ကာကွယ် တာလား။ ဒီလိုပြောရင် တရားပါ့မလား။ ဒါဆင်ခြေလား။ မဟုတ်ဘူး။ ဒါ ဟာ ဖျက်ဆီးတာမဟုတ်ဘူး။ ဒါဟာ ကိုယ်ဝန်ဖျက်ချတာ မဟုတ်ဘူး။ ဒါ ဟာ သားကြောဖြတ်တာပဲ။ ဘယ်လိုပဲ လွယ်ကူနေပစေ။ ဘယ်လိုပဲ များ ပြားနေပစေ။ ဒါဟာ လိုအပ်လို့ ကာကွယ်ရတာပဲ ဖြစ်သည်။
''အစ်မ ကလေးဘယ်နှယောက်ရှိလို့လဲ''
''ခုနစ်ယောက်''
''အံမလေး၊ သုံးယောက်တုန်းက မဖြတ်ဘဲ ဘာလို့ ခုမှဖြတ်ရတာလဲ အစ်မရယ်''
''သြော်... ဆရာမရယ်၊ ကျွန်မတို့က နယ်ကလေ၊ လူကြီးတွေက လည်း မကြိုက်ဘူး မဟုတ်လား၊ ကျွန်မကလည်း ဒီလိုလုပ်လို့ရမယ်မှန်း မသိတာရော၊ သိရတော့လည်း ဝဋ်တွေဘာတွေကြောက်သေး တာနဲ့...''
''သြော်... ဒါက သန္ဓေကို တားရုံတားတာပါ၊ သားကြောဖြတ်တယ် ဆိုတာ ကလေးရယ်လို့ကို မဖြစ်ရအောင် ကြိုးစားတာ၊ ဟို ဖျက်ချတာက မှ ကလေးရယ်လို့ဖြစ်ပြီးမှ ငရဲကျအောင် လုပ်တာပေါ့၊ ခုဟာက တားရုံ တားတာလေ၊ ဒါက ဘယ်လိုပြောမလဲ သားကြောကို ဖြတ်ပစ်လိုက်ပေမဲ့ ကလေးကို ဖျက်ပစ်လိုက်တာနဲ့ မတူဘူးလေ၊ ဒါက ဖြတ်တာ၊ ဟိုဟာက ဖျက်တာ... အဲ... ဟင်း...ဟင်း''
သူငယ်ချင်းက အဆီပြင်မရှိသလောက်ဖြစ်သော ဝမ်းဗိုက်အရေပြား ကို တစ်လွှာချင်းချုပ်နေရာမှ လူနာကို အသေအချာရှင်းပြနေသော်လည်း သူ ရှင်းလေ၊ လူနာရှုပ်လေ ဖြစ်နေတော့သည်။
တကယ်တော့လည်း တွေးစရာတွေက အပုံအပင်။ လိုချင်သူက ရ အောင် ကြိုးစားနေချိန်မှာ မလိုချင်တော့သူတွေက အကြောင်းကြောင်း ကြောင့် လိုချင်ကြသလို၊ မလိုချင်သူတွေမှာလည်း အကြောင်းကြောင်းတွေ နှင့်။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစသည့်ပြဿနာတွေက မကုန်နိုင် မခန်းနိုင်။
နောက် လိုချင်၍မရသူတွေက နည်းပြီး မလိုချင်ဘဲ သို့မဟုတ် မလို ချင်သင့်တော့ဘဲ ရနေသူတွေက များနေပြန်သည်။ သည်မှာ ကျန်းမာရေး ပညာခေါင်းပါးတာတစ်မျိုး၊ ကိုးကွယ်ယုံကြည်မှုအယူအဆ အစွဲအလန်းကြီး တာက တစ်မျိုးနှင့် မလိုချင်သင့်တော့မှန်း မသိသူတွေများနေခြင်းကြောင့် မလိုချင်ဘဲ ရသူ၊ တစ်နည်း သားကြောဖြတ်သူဦးရေ များနေရတာလား။ ဒါမှမဟုတ် မိန်းမတို့သဘာဝအရ တည်ဆောက်ရန်ဖြစ်တည်ထားရသူများ ပီပီ တည်ဆောက်ခွင့်ရသူတွေများပြီး တည်ဆောက်ခွင့်မရသူတွေ နည်းပါး သည့်အတွက် လိုချင်သော်လည်း မရသူ၊ တစ်နည်း သားဥပြွန်ပြုပြင်ရသူ ဦးရေတွေ နည်းနေရသူလား။
ဒါဖြင့် သူငယ်ချင်းပြောနေသလို ဖျက်ဆီးနေတာမဟုတ်ဘဲ ကာကွယ် နေတာသာ ဖြစ်သည်ပေါ့။
''ဟေ့ ဘာငေး ဘာတွေးနေတာလဲ Salpingostony (သားဥပြွန်ပြုပြင် ခြင်း) ဝင်ပြီး ထွက်လာကတည်းက ငူငူငေါင်ငေါင်နဲ့၊ ပြီးတော့ လက်မဆေး ဘဲ ဒီမှာလာရပ်ကြည့်ပြီး ဘာတွေ တွေးနေတာလဲ ဥစနမအေငသည နှစ်ခု ဆန့် ကျင်ဘက်ဆိုပြီး အတွေးခေါင်နေပြန်ပလား။ လာ... လာ၊ လက်အရင် ဆေး၊ ပြီးမှ တွေး၊ ဘာပဲဖြစ်ဖြစ် ခုခွဲစိတ်ခြင်း နှစ်မျိုးလုံးက လူနာတွေရဲ့ ကျန်းမာရေးအတွက် လုပ်တာချည်းပဲနော်၊ ဘယ်တစ်ခုကမှာ မကောင်းတဲ့ အဖျက်အမှောင့်အလုပ်မဟုတ်ဘူး၊ ဒါဆို နင် လက်ဆေးလို့ဖြစ်ပြီမဟုတ် လား၊ လာ...လာ... လက်အိတ်မှာ သွေးတွေ ခြောက်ကုန်ရင် ဆေးရ ခက်တယ်''
သူငယ်ချင်းက ပျံ့လွင့်နေသော မိမိ၏ အာရုံများကို ပြန်လည် တည် ဆောက်ပေးသွားသည်။
x x x
ဘုံဘိုင်ရေတွေက သွေးစွန်းသည့်လက်အိတ်ပေါ်ကို တဖွားဖွား။ ရေ စစ်ထဲမှာ သွေးရည်ကြဲတွေ စီးမျော။ ဒါဟာရော သွေးရဲ့ပျက်စီးခြင်းပဲလား။
အို... မဟုတ်ဘူး။ မဟုတ်ဘူး။ တော်ပါတော့။ မတွေးချင်တော့။
တကယ်တော့ ကလေးရအောင်ပဲလုပ်လုပ်၊ ကလေးမရအောင်ပဲ လုပ် လုပ်၊ လက်ရှိ ရှိနှင့်ပြီးသော ကလေးတွေ၏ အနာဂတ် ကံကြမ္မာကို အ ကောင်းဆုံး တည်ဆောက်ပေးသွားကြဖို့ကသာ...။
ဆပ်ပြာခဲက လက်အိတ်ပေါ်မှာ တွယ်ကပ်နေသည့် သွေးစသွေးနတွေ ကို တွန်းထိုးဖယ်ရှားနေသည်။ ခါတိုင်းသာမန်ကာလျှံကာ ဆေးပြီး ချွတ်ပစ် ခဲ့သော လက်အိတ်ကို သည်နေ့သေချာသန့်စင် သည်ထိ ဆေးနေ မိသည်။
လက်အိတ်ချွတ်ပြီး ပေါင်ဒါမှုန့်အချို့ပေနေသည့်လက်ကို ရေအလျဉ် အောက် ထိုးခံလိုက်ပြန်သည်။ ခါတိုင်း ဆပ်ပြာနှင့် တစ်ထပ်တည်းပြန်ဆေး နေကျပေမဲ့ သည်နေ့လက်ဖျံထိတိုင် ခွဲခန်းမဝင်ခင်ကလို ပြန်ဆေးနေမိ သည်။ ဆပ်ပြာမြှုပ်တွေနှင့် အရေပြားတွေ နီမြန်းအေးခဲချွဲကျိရှင်းသန့် ပြောင်စင် လာတော့မှ ရေ အလျဉ်အောက် လက်ချောင်း၊ လက်ဖဝါး၊ လက်ခုံ၊ လက်ကောက်ဝတ်၊ လက်ဖျံ၊ ဘုံဘိုင်ခေါင်းကို တံတောင်ဆစ်နှင့်ပင် ပြန် ပိတ်လိုက်သည်။ ရှင်းသန့်စိုနူးနေသည့် လက်ဖဝါး၊ လက်ချောင်းတွေကို မညစ်ပတ်စေလိုတော့။
ရှင်းသန့်နေသော လက်များသည်သာ သန့်ရှင်းသော ကာယကံများကို ပြုပြင်နိုင်မည်ဟု မနောကံက ပို၍ရှင်းသန့်ပီသစွာ ယုံကြည်သထက် ယုံ ကြည်နေမိလေသည်။
မသီတာ(စမ်းချောင်း)
စံပယ်ဖြူမဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၁၉၉၁။

Wednesday, 2 November 2011

ကော်တင်ခေါင်း

သည်နေ့ ခေါင်းလျှော်ရန် ရည်ရွယ်မထား။ သို့သော် သည်နေရာကို ရောက်နေပြီမို့ အားနာပါးနာ ခေါင်းလျှော်ရန် တွေးမိသည်။
သည်နေရာမှာက အလှပြင်ဆိုင်၊ ဗြူတီပါလာ စသဖြင့် ဆိုင်များ ရှိ လေသည်။ သည်တော့ သည်နေရာရောက်ခဲ့ပြီးမှ ခေါင်းမလျှော်ဖြစ်ခဲ့လျှင် အားနာစရာ။ သည်နေရာကို အားနာစရာ။ သည်ဗိုလ်ချုပ်ဈေးကို အားနာ စရာ။
x x x
ခေါင်းလျှော်ရန် အလှပြင်ဆိုင်၊ ဗြူတီပါလာတို့ကို တကူတက သွားရန် မလိုပါ။ သို့သော် ကျွန်မမှာက ရောဂါတွေ ရှိနေသည်။ ရေနှင့်မတည့်သည့် ရောဂါ။ ရေပမာဏများများကို ခပ်ကြာကြာ ထိတွေ့လျှင် ဖြစ်ပေါ်လာတတ် သည့် အရေပြားနီမို့ဖောင်းအစ်ခြင်း၊ အသက်ရှူလမ်းကြောင်း ရောင်မို့ ပိတ်ဆို့ခြင်း၊ ခေါင်းအုံလာတတ်ခြင်း၊ တစ်ခါ ခေါင်းငုံ့လျက် အချိန်ကြာကြာ မနေနိုင်သည့်ရောဂါ၊ နားတွင်း ခေါင်းပြန်ရည်များသည် ခေါင်းငုံ့စဉ်တွင် အခြေပျက်ကာ မူးဝေရီလည်လာခြင်း၊ နားထင်အုံခဲလာခြင်း။
ထို့ကြောင့် ဆံပင်ပုံစံမပျက်လိုခြင်း၊ သက်သာခို ဇိမ်ခံလိုခြင်းမရှိသော် လည်း အလှပြင်ဆိုင်၊ ဗြူတီပါလာ များစွာသို့ ရောက်ခဲ့ဖူးပါသည်။ ယခုလို ပင် အခါအားလျော်စွာ နေရာအားလျော်စွာ။
x x x
နေရာနှင့် အခါအားလျော်နေပြီဖြစ်သော်လည်း နောက်ထပ် နေရာ စဉ်းစားရပါသည်။ သည်ဈေး၏မြောက်မြားလှစွာသောအလှပြင်ဆိုင်များ အနက် မည်သည့်ဆိုင်တွင် ခေါင်းလျှော်ရမည်နည်း။
တကယ်တော့ သိပ်လည်းရွေးစရာမရှိလှ။ ပုံစံကောင်း လက်ရာကောင်း စရာမလို။ လူရှုပ်ထွေးကာ စောင့်ဆိုင်းစရာလည်း မလို။ ခေါင်းမငုံ့ဘဲ လျှော် ပေးနိုင်မည့်နေရာဖြစ်ရန်သည် လိုသည့် ဆိုင်ဆိုသည်က သိပ်မရှိလှချေ။
သည်တောင်ဘက်တန်းအပေါ်ထပ် အနောက်ဘက်စွန်းမှာ ဆိုင်တစ် ဆိုင် တွေ့ရသည်။ အပ်ချုပ်ဆိုင်နှင့် တွဲလျက် ဖွင့်ထားသည့်ဆိုင်တစ်ဆိုင်။ ဆိုင်ရှင်ဟုယူဆရသော အမျိုးသမီးနှစ်ယောက်သာ ရှိနေသည်။
သည်မှာ သည်ဆိုင်ထဲ ဝင်ဖြစ်တော့သည်။ သည်မှာ အားနာခြင်း စ သည်။
''ခေါင်းလျှော်ချင်လို့''
အားပေးပြုံးနှင့် ပြောဖြစ်သည်။ ရှေ့ဆံပင်အမောက်၊ နောက်တွဲဆံထုံး နှင့် ခပ်ငယ်ငယ်အမျိုးသမီးက 'ဟုတ်ကဲ့၊ လာပါ' ဟု အားတက်သရော ဆိုသည်။ ကြွေရေစင်နားက ကြိုးအိကုလားထိုင်ကို လက်ညှိုးညွှန်ပြသည်။ နောက် မှန်တင်ခုံရှည်၏အစွန်ဆုံးမှန်တံခါးကို တွန်းဖွင့်ပြီး မျက်နှာသုတ် ပဝါထုတ်လာ သည်။
ကုလားထိုင်မှာ ထိုင်ချလိုက်စဉ်မှာ မျက်နှာသုတ်ပဝါငယ်က ပုခုံး တစ် ဖက်တစ်ချက်ပေါ် ကျလာသည်။ အလေ့အကျင့်အရ အလိုက်သင့်ပင် ခေါင်းမော့ကာ ကြွေရေစင်ဘောင်ပေါ် မှေးနေလိုက်သည်။
ကုလားထိုင်နှင့်ကပ်လျက် ပြတင်းဘောင်ပေါ်မှ စာကလေးတစ်ကောင် ပျံပြေးသွားသည်။
နဖူးပေါ်ဝဲကျနေသော ဆံစများကို အမျိုးသမီးက သပ်တင်လိုက်ရင်း ရေပန်းပိုက်ခေါင်းငယ်မှ ရေများနှင့် စွတ်စိုစေသည်။ စိမ့်ခနဲ အေးသွားသော အထိအတွေ့က ပြတင်းဝမှ မြင်ရသော တိမ်ဖြူကျဲပက်ကောင်းကင်ပြာကို တွေ့နေရသည့် အမြင်အတွေ့နှင့် သဟဇာတဖြစ်လှသည်။
ခေါင်းစလျှော်ဖြစ်ပြီ။ အားနာစပြုသည်။
x x x
ရေစိုအိနေသော ဆံစုများအပေါ် ခေါင်းလျှော်ရည်မွှေးတွေ လောင်းချ ပွတ်သပ်ရင်း ဦးခေါင်းခွံကိုပါ ဖွဖွကုတ်ခြစ်ပေးနေသည်။ လက်သည်းရှည် တွေက နဖူးပြင်ဆံစမျဉ်းသတ်မှ နားထင်၊ နောက် ချိုစောင်း၊ နောက်စေ့၊ တစ်ခါ နားထင်၊ နဖူး၊ ချိုစောင်းစသဖြင့် ခေါင်းခွံအနှံ့ ဖိဖိဖွဖွ ကုတ်ခြစ်ရင်း ခေါင်းလျှော်ရည်မွှေးအမြှုပ်တွေကို ဆွနေသည်။ စိတ်ရှည်လက်ရှည် စိတ် ပါလက်ပါ။
အေးစက်အိစိ အထိအတွေ့က အဖြူရောင်အမြှုပ်တွေနှင့် ပွထနေ မည့် ခေါင်းခွံပိုင်း ကို မြင်ယောင်စေ သည်။ ကောင်းကင်ပြာပေါ်က တိမ်ဖြူ အုပ်တွေလိုဖြစ်နေ မလား။ ပြတင်းတံခါး စိမ်းစိမ်းနှင့် လျှပ်စစ်ဓာတ်ကြိုးလေး ပြိုင်တန်းကို ငေးခွင့်ရနေသည့် အရသာ။
ပြတင်းဘေင် ကန့်သတ်သမျှ လေးထောင့်ဘောင်ထဲမှ ဖျတ်ခနဲ ဖျတ် ခနဲ တိုးဝင်လာသည့် လက်တစ်ဖက်ကို အားနာမိသည်။ သည်လက်ရှင်ဟာ ခေါင်းလျှော်ရည်မြှုပ်တွေကို မျက်နှာအစိတ်အပိုင်းများဆီ မရောက်နိုင်ရန် ကြိုးစားနေရသည်။ ဖိဖိဖွဖွကုတ်ခြစ်နေသည့် ဦးခေါင်းခွံ အနာအကျင်မဲ့  ရှင်းသန့်သွားစေရန် အားထုတ်နေရသည်။ ထိုမှ ခေါင်းလျှော်ခံသူ စိတ်ကျေ နပ်အောင်။ တစ်ဆင့် နောက်ထပ် သည်နေရာသို့ လာချင်အောင်။ သို့မှ သာ သူ့ဆိုင်လေးအတွက် အရင်း။
တကယ်တော့ သည်လိုနေရာမျိုးမှာ သည်လိုဆိုင်မျိုးလာဖွင့်ရသည်က ပင် အားအတော်မွေးခဲ့ရမည်။ သည်လို ကြေးချွတ်လိုအင်မများသူများနှင့် မျက်စိလည် လမ်းမှားသူများ မလာလျှင် အားနေတတ်သည်ကိုလည်း ကြို တွေးခဲ့မည်။ အားနာတတ်သည့်အခါမှာလည်း အားမငယ်ဘဲ နေတတ်ရ မည်။ ဧည့်သည် ရံခါသူတို့အခေါ် 'ခေါင်း' တွေ အလုပ်ပေးရန် လာစဉ် မှာလည်း အားကြိုးမာန်တက် လုပ်ပေးတတ်ရမည်။ တတ်မှတ်သမျှ အားရ ပါးရ ညှပ်၊ လျှော်၊ ကောက် ပြုပြင်ပေး သူတို့အခေါ် 'ကိုင်ပေး' တတ်ရမည်။
လက်မောင်းရင်းကားပြီး လက်ဖျားမှာ လက်ဖျံကြွက်သားနှင့် အံကျ တင်းရင်း ချပ်ရပ်နေသည့် အင်္ကျီလက်ပုံဟန်ကြောင့် မျက်ဝန်းရှေ့က လက် မှာ ဣနြေ္ဒရနေသည်။ သို့သော် လက်မောင်းရင်း ချိုင်းနေရာမှာ အရောင် တွေ ပြယ်လွင့်။ အဖြူခံပေါ်က လခြမ်းအပြာ၊ ခက်နွယ်အစိမ်း၊ ကြယ် လိမ္မော်အနီရောင်တွေ ပြယ်လွင့်။ အားနာစရာကောင်းသည့်တော့ အမှန်။
x x x
ခေါင်းလျှော်ရည်မြှုပ်တွေ စင်ကြယ်ရှင်းသန့်သွားချိန်မှာ ခေါင်းက အတော်ပေါ့ပါးသွားသည်။ တစ်ဖန် အတော်လည်း အေးစက်သွားသည်။
အို... နွေးတေးတေး ခေါင်းလျှော်ရည်မွှေးတစ်မျိုးက စိုနူးဆံစများ ပေါ် ရောက်လာပြန်သည်။ နဖူးနားတချို့၊ နားထင်နားတစ်ချို့၊ ငယ်ထိပ် နားတစ်ချို့၊ လက်တွေ လှုပ်ရှားသွားပြန်သည်။ ဖိဖိဖွဖွကုတ်ခြစ်။ ညင်ညင် သာာ လှုပ်ယမ်း။ အေးစက်အိစိအမြှုပ်တွေ။
ပထမအကြိမ် ရေစင်ဆေးပြီးချိန်မှာပင် ကိုယ့်ဘာသာ သိသောအအေး မှတ်က ဆုံးခါနီးပြီ။ ထို့ကြောင့် နောက်တစ်ကြိမ်ခေါင်းလျှော်ရည်မြှုပ်အဆင့် မှသည် ရေစင်ဆေး စိုနူးရှင်းသန့်အဆင့်ထိ အအေးခံရန် မဖြစ်နိုင်တော့။ ဆိုးဆိုးရွားရွား မဖြစ်လျှင်တောင် ဦးခေါင်းခွံနေရာအနှံ့မှာ မို့မောက် အဖု အပိမ့်အနည်းငယ်နှင့် ဘောက်ချေးမဲ့ ယားယံနေတော့မည်။
သို့သော်... ခေါင်းလျှော်ရည်အမြှုပ်တွေက တစ်ခေါင်းလုံး နှံ့နေပြီ။ ခုချိန်မှ မကြိုက်ဘူးဆိုလျှင် အားနာစရာ။ အမြန်လုပ်ပေးဖို့ နှိုးဆော်ရင် ရော...။
ဗိုလ်ချုပ်ဈေးလိုဈေးမျိုးမှာ ဆိုင်ခန်းတစ်ခန်းရအောင် ကြိုးစားရင်းနှီး ပြီး မျိုးတူအလှပြင်ဆိုင်တွေနှင့် အပြိုင်ကြဲနေသည့်အမျိုးသမီး။ ခေါင်းများ များမကိုင်ရလျှင်တောင် ကိုင်ရသမျှခေါင်းကို ဂရုစိုက်ချင်ပေမည်။ ကိုင် ရသည့်ခေါင်းမှာ ပညာပြစရာမရှိသော်လည်း ဂရုစိုက်မှု၊ အားထုတ်မှုကို တော့ ပြလိုက်ချင်မည်။ စိတ်ရှည်မှုကို သိစေချင်မည်။ စိတ်ချရမှုကို သိစေ ချင်မည်။ မတတ်လို့၊ မဖော်ရွေလို့၊ ပျင်းလို့၊ မသေချာလို့၊ လက်လွတ်စပယ် နိုင်လို့ သူအားနေတာ မဟုတ်ကြောင်း ပြချင်ပေမည်။ အထူးသဖြင့် စခေါင်း လျှော်ကတည်းက ခုထိ ခေါင်းအသစ်မရောက်လာသေးသည့်ကာလမျိုးမှာ။ အားလုံးပြီးလျှင် 'နောက်လာခဲ့ဦးပေါ့' ဟု ဖောက်သည်စုစကားမျိုးပင် ပြော ချင်နေဦးမည့်ကာလမျိုးမှာ...။
အားနာပါးနာ နှုတ်ဆိတ်ရင်း ရောဂါစလျှင် သက်သောင့်သက်သာ ဖြစ်ရန် ဆုတောင်းနေမိသည်။ မြန်မြန်ပြီးဖို့ ဆုတောင်းနေမိသည်။
သို့သော် အားတုန်းကိုင်ရသည့်ခေါင်းမို့ပဲလား။ ကိုင်ရခဲသည့် ခေါင်း မို့ပဲလား။ လွယ်လွယ်ကူကူ ရောက်လာပြီး ဇီဇာမကြောင်၍ပဲလား မဆိုနိုင်။ ဆံပင်သာ မြေချောင်းမြေခဲဆို ခေါင်းမှာ ဗွက်ထလောက်ပြီ။
သို့သော် သူလုပ်တတ်သမျှ လုပ်တတ်သလို လုပ်ပြချင်ရှာမှာဆိုသည့် အတွေးက ခံတွင်းမှာ စေးထန်းဆို့ပိတ်နေသည်။ အားနာစရာ။
x x x
မှန်တင်ခုံရှည်ရှေ့တွင် ကုလားထိုင်အနီလေးပေါ်ရောက်တော့ အတော် နွမ်းနေပြီ။
အမျိုးသမီးကတော့ မမောနိုင်အား။ ဆံစများကို မျက်နှာသုတ်ပဝါ နောက်တစ်ထည်နှင့် ဖွဖွညင်သာ ပွပ်သပ်ခြောက်သွေ့နေစေသည်။ ဆံစ များကို ဖွတတလှုပ်ခါလိုက်သည့် အခါမှာ ရေစက်ရေပေါက် အချို့နှင့်အတူ ဆံစကို ငုတ်တိလေးများပါ ကျလာတတ် သည်။ နောက်ထုတ်လိုက် သည့် မျက်နှာသုတ်ပဝါထဲမှ ဖြစ်မည်။
ဆံပင်အလှပြင်ဆိုင်တစ်ဆိုင်၏မျက်နှာသုတ်ပဝါများအားလုံးမှာ ဆံစ တိုငုတ်တိလေးများ ကပ်ငြိနေနိုင်ပြီး ဆံပင်လျှော်သူများအတွက် သီးသန့် မျက်နှာသုတ်ပဝါမထားတတ်ကြောင်း အတွေ့အကြုံအရ သိထားခဲ့ပြီ။ သို့ စင်လျက် သည်ဆံစတိုငုတ်တိလေးများနှင့်နွှယ်၍ အမျိုးသမီးကို စိတ်ကွက် ကာ မျက်နှာသုတ်ပဝါ လှယ်ပေးရေး တောင်းဆိုဖို့ကတော့ အားနာစရာ။
သည်လိုပင်။ ဆံစတိုငုတ်တိလေးများပါသည့် ဆူးလုံးလိုဘီးကို မသုံး ရေး တောင်းဆိုဖို့ အားနာစရာ။
အားနာစရာကောင်းသမျှ တွေးနေချိန်မှာ အမျိုးသမီးက ဆူးလုံးဘီးကို အကျကိုင်ကာ ဆံပင်ကို ပုံဖော်ခြောက်သွေ့နေစေပြီ။ ဆံစခြောက်သွေ့ စက်၏ အပူငွေ့များကို ဆူးလုံးဘီးနှင့် ရစ်နွှယ်နေသည့် ဆံစများပေါ်  ကျ ရောက်ထိတွေ့နေစေပြီ။
မျက်နှာသုတ်ပဝါကြောင့် မစိုရွှဲတော့သည့်ဆံစများသည် ဆူးလုံးဘီး ၏ ကွေ့ဝိုက်ကော့ပြန်လိမ်ခေါက် ဆွဲရာနောက် အလိုက်သင့်ပါရင်း ခြောက် သွေ့စပြုပြီ။ သို့သော် ဘယ်တစ်ခြမ်းတည်း။
ခြောက်သွေ့သွားသည့် ခေါင်းတစ်ခြမ်းက နေလို့ရှင်းသလောက် အေး စက်နေသေးသော ခေါင်းတစ်ခြမ်း ကဖြင့် ယားယံစပြုနေပြီ။
အမျိုးသမီးကတော့ ဘယ်ခြမ်းက ဆံနွှယ်များကိုသာ အထပ်ထပ် အတွန့်တွန့်ဖြီးသင်၍ရအောင် ဆူးလုံးဘီး၊ ဆံစခြောက်သွေ့စက်တို့အကူ ဖြင့် လက်ကစားဆဲ။ မှန်ထဲက ခေါင်းမှာ တစ်ခြမ်းစိုစွတ်၊ ဆံနွယ်စိုအချောင်း အမျှင်များ ကပ်တချို့ ထောင်တချို့၊ ကျန်တခြမ်းက ဆူးလုံးဘီးဒဏ်အရ ရှုပ်ပွကွေ့ကောက် ကော့လန်၊ ဖွာဆန်။
ပုံကျပန်းက ခေါင်းတစ်လုံး ဖြစ်ကျန်ဖို့ထက် ခြေက်သွေ့ သပ်ရပ်ခေါင်း တစ်လုံးကိုသာ မျှော်လင့်ကြောင်း၊ ထို့ကြောင့် ခပ်မြန်မြန် ခြောက်သွေ့စေ ကာ သာမန်ဘီးကျဲနှင့် ရိုးရိုးရှင်းရှင်းဖြီးသင်ပေးစေလိုကြောင်း။ သို့သော်...
ဗိုလ်ချုပ်ဈေးလိုနေရာမျိုးမှာ...။ အပြိုင်အဆိုင်...။ ပညာ ပြခွင့်...။ ပရိသတ်ဖောက်သည်ခေါ်ခွင့်...။ ကြိုးစားမှုကို အသိအမှတ် ပြုပေးသင့်ခြင်း...။ ထို့ကြောင့်...။
အားနာစရာကောင်းတာတွေ မပြောနှင့်တော့။
x x x
မျက်စိရှေ့မှာတင် ဆံနွှယ်တို့သည် ခေါင်းမလျှော်ခင်က အနေအထား အတိုင်း မဟုတ်တော့ ရှုပ်ပြွ<ွကရောင်းလာသည်။ ဘယ်ညာခွဲကြောင်းအစ မှာ ဘယ်ဘက်ကို ဆံနွှယ်များများသိမ်းပြီး ခပ်မောက်မောက်၊ နောက်မှ လျောစင်းပြေပျော့။ ညာဘက်ကို အထပ်ထပ်ကော့ကွေ့။ ချိုစောင်းနားမှာ ရှုပ်ပွေပွေ ကောက်ခွေခွေ။ နောက်ဘက်မှာ ဘယ်ညာဆံနွှယ်တွေ ယှက်သန်း ထပ်ပြု။
ဘီးကြဲကို အမျိုးသမီး ကိုင်လိုက်သည်။ ရှင်းပေးတော့မည် ထင်ပါရဲ့။
မဟုတ်။ ဟိုသည် ဆက်ဖွကာ ဘယ်မောက်ပြေလျော၊ ညာကွေ့ဝိုက် ဝန်း၊ နောက်ဘက် အထပ်ထပ်ယှက်နွှယ်။ သည်ပုံကိုပင် အပေါ်က မထိ ရက် မကိုင်ရက်သလို တို့တို့တိတိ ဖြီးပေးလိုက်သည်။
ဗုဒ္ဓေါ၊ အားနာစရာ...။ မဟုတ်ဘူး၊ ကျန်တာထား။ သည်မောက် မောက်ထောင်ထောင်ကြီး။
''ဟို... ဒီအမောက်ကြီး မလိုချင်ဘူး၊ နဖူးပေါ် ခပ်ဝဲဝဲပဲ ဖြစ်တာ ကောင်းမယ်ထင်တယ်၊ နို့မဟုတ်ဆို နဖူးက ရှင်းပြောင်ပြောင် အမောက် က ထောင်ထောင် ရယ်စရာကောင်းနေသလားလို့...''
အားနာပါးနာပေမဲ့ တစ်ခွန်းတော့ ဆိုဖြစ်သွားသည်။ သို့သော် အားနာ သည်ကတော့ အမှန်။
@@@@
နိုင်လွန်ပိုက်ကွန်စတစ်ခုက ခေါင်းပေါ်ရောက်လာသည်။
ဘာလုပ်မယ်မှန်းမသိပေမဲ့ ထပ်ငြင်းဖို့ရော၊ ထပ်တောင်းဆိုဖို့ရော မ ကောင်းသေးဘူး ထင်သည်။ ခဏခဏ များ ဖြစ်နေမလား။ ဒါဆို အားနာ စရာ။
ရွှီး..ရွှီး..အသံနှင့်အတူ ပလပ်စတစ်ဘူးငယ်ထဲက အရည်အချို့ ဆံပင်ပေါ် ပိုက်ကွန်ပေါ် ကျလာသည်။
''ကော်ဆိုလို့ သတိရတယ်'' ဟု အစချီကာ အပ်ချုပ်ဆိုင်အလုပ်တွေ လုပ်နေသည့် မျက်မှန်နှင့် အမျိုးသမီးကို စကားလှမ်းပြောမှ ခေါင်းပေါ်ကအရည်တွေသည် ကော်ရည်တွေမှန်း သိရသည်။
အားနာနာနှင့်ရော၊ ပြီးသွားပြီမို့ရော စိတ်လျော့လိုက်ဖို့ဆုံးဖြတ်သည်။
ပိုက်ကွန်ပေါ် လက်အသာတင်ကာ ဆံစခြောက်သွေ့စက်နှင့်အပူငွေ့ ပေးသည်။ ဆံနွယ်တွေနဖူးပေါ် ကပ်ကာ ဝဲပျံသွားသည်။
ကော်တွေနှင့် တောင့်ရောင့်မျှင်တန်းနေသည့် ဆံနွယ်တွေသည် အား မနာခြင်း၊ အားနာခြင်းတို့၏ ရလဒ်အဖြစ် ကျန်ရစ်သည်။
x x x
ကျသင့်ငွေပေးစဉ်မှာ 'ကော်' မုန်းသည့်အတွင်းစိတ်မပေါ်အောင် ခေါင်းထပ်လျှော်ချင်သည့် အတွေးမပေါ်အောင် သတိထားရသည်။ ပေါ်လွင် သွားလျှင် အားနာနေရဦးမည်။
''ကျေးဇူးတင်ပါတယ်'' ဟု သူက ဆိုတော့ ''နောက်လည်း ခေါင်းလျှော် ချင်ရင် လာဦးလေ'' ဟု မခေါ်မီမှာပင် ''ကျေးဇူးတင်ပါတယ်'' ဟု အားနာ စွာ နှုတ်ဆက်ခဲ့တော့သည်။
မသီတာ(စမ်းချောင်း)

Tuesday, 1 November 2011

စိတ်ချရသော အနတ္တ

ဆက်မထွက်တော့ဘဲ ဂိတ်ထိုးရပ်နားမည့်ကားလေလားဟု ကားပေါ် မှ စိတ်အေးလက်အေးဟန်နှင့် ထိုင်နေသည့် အမျိုးသမီး၊ ကားဂိတ်ရုံနားမှာ ရှင်းလင်းကျဲတောက်နေသော လူအနေအထားနှင့် ကားဂိတ်ညောင်ပင် အောက် လက်ဖက်ရည်ဆိုင်၏ ရှင်းနေသော စားပွဲဝိုင်းကို ကျောခိုင်းထိုင် ရင်း ကားစောင့်တတ်သောသူအရေအတွက်အနည်းငယ်တို့ကို အကဲခတ် ရင်း တွေးလိုက်မိသည်။
''ကဲ...ကဲ ရွှေတိဂုံ... ရွှေတိဂုံ...ထွက်မယ်နော်၊ ထွက်မယ်၊ တက်ထားကြ၊ တက်ထားကြ''
လက်ဖက်ရည်စားပွဲဝိုင်းတစ်ခုမှ ထွက်ပေါ်လာသောအသံကြောင့် အမြင်အားဖြင့် အားမရှိလှသည့် ကားလေးပေါ်သို့ တက်ကာထိုင်လိုက် သည်။ ဘယ်သူမှလည်း ထပ်တက်မလာကြသေး။ ကိုးထပ်ကြီးဂိတ်ဆီမှ လည်း ဂိတ်ပြန်ထိုးမည့်ကား ထွက်လာသည်ကို မတွေ့ရသေး။ ကားက လေး ဘီးလုံး ရပ်၊ စက်သတ်ရုံမက ကားမောင်းသူရော လက်မှတ်ရောင်းပါ ရေ နွေကြမ်းမော့နေကြတုန်းဆိုတော့ တကယ့်ကို အေးအေးဆေးဆေးစီးရမည့် ကားဟု သဘောပေါက်မိသည်။ လော စရာအကြောင်း လည်းမရှိလှ၍ရတောင့်ရခဲနေရာ ရထားခိုက် နေရာအရသာခံ ရင်း တောင်တောင်မြောက် မြောက် ငေးမော ကြည့်နေမိသည်။
''ဟင်... ဟိုမှာ မီးခိုးလုံးကြီးတွေ''
''ဟာ... ဟုတ်တယ်ဟေ့၊ မီးလောင်နေတာ ထင်တယ်''
ဆင်မလိုက်မှာတဲ့''
''တော်တော်ကြာနေပြီဆိုပဲ၊ မီးခိုးတွေကလည်း ပိုပိုများလာသလိုပဲ''
''မီး တဲ့၊ မီး တဲ့၊ မီး...''
x x x
ရန်သူမျိုးငါးပါးအနက် အဆိုးဝါးဆုံးရန်သူ။ ပစ္စည်းရှိသူ၊ မရှိသူ၊ ပညာ ရှိသူ၊ မရှိသူ၊ မည်သူမည်ဝါရယ်ဟူ၍ ထောက်ညှာခြင်း အလျဉ်းမရှိသည့် ထိုရန်သူ။ ထိုရန်သူနှင့်ကြုံရလျှင်...။
မီးခိုးလုံးတွေက စမ်းချောင်းဘက်က တက်လာတာဆိုရင်ရော၊ ခုနက ဈေးသည်ကလေး လမ်းကြားထဲက ခပ်သုတ်သုတ် ထွက်လာပြီး ဆိုက်ကား ငှားစီးသွားသည့် အမျိုးသမီးထက် ပိုပြီး ဣနြေ္ဒရရ အိမ်ပြန်ဖြစ်မှာလား၊ ဘယ်လိုနေမိမည်လဲ။
''အိမ်'တဲ့၊ ပစ္စက္ခကာလမှာ သက်မဲ့တွေထဲ တန်ဖိုးအထားနေရဆုံး အရာဟာ သည် 'အိမ်'ပဲ ဖြစ်နေသည်။ ခုတလော အသစ်အသစ် ပေါ်ပေါ် လာသည့် အိမ်ခန်းတွေ၊ အိမ်တွေကိုကြည့်ရင်း စိတ်တိုင်းကျ သပ်သပ်ရပ် ရပ်၊ လုံလုံခြုံခြုံ၊ သိုက်သိုက်ဝန်းဝန်း၊ ကျစ်ကျစ်လျစ်လျစ်ရှိမည့် အိမ်လေး တစ်လုံးကို တောင့်တနေ တတ်သည်။ လက်ရှိနေနေရသည့် အိမ်ကို တယ် ဘဝင်မကျချင်တော့။ သည်အိမ်နေရာမှာ စိတ်တိုင်းကျ အိမ်လေးတစ်လုံး ဖြစ်လာစေလိုစိတ်တွေကလည်း ရှိနေပြန်သည်။
သို့သော်...။
ခုလို... ခုလို ခေတ်မမီတော့ရုံ၊ သက်တမ်းရှည်ရုံ ဘဝင်မကျတော့ ရုံနှင့် လက်ရှိမပျက်စီး၊ မယိုယွင်းသည့်အိမ်ကလေး မျက်စိရှေ့မှာ ဘာဆို ဘာမှ မတတ်နိုင်ဘဲ ယိုယွင်းပျက်စီးပျောက်ဆုံးသွားပြီးမှ အိမ်သစ်တစ်လုံး ပြန်ရမည်ဆိုသည့် အဖြစ်မျိုးကိုတော့ လက်မခံနိုင်။ လက်ခံရန် အင်အား မရှိ။ ထိုအခါမှာ ပြန်ရမည့် အိမ်သစ်ဆိုသည်ကရော စိတ်တိုင်းကျ အိမ် လေးတစ်လုံး ဖြစ်လာမှတဲ့လား။ ဘယ်သူက ဘာမခံနိုင်မှာတဲ့လဲ။
အို... မီးခိုးလုံးတွေမှ အရောင်မဖျော့၊ ထုထည်မလျော့ခင် ဘာ ကြောင့် နောက်ထပ် အိမ်အသစ်လေးတစ်လုံး ဆိုသည်ထိ အတွေးနယ်ချဲ့ နေမိရသလဲ။
ခုချိန်မှာ အဲသည်မီးဘေးသင့်လူထုကဖြင့် ခိုကိုးရာမဲ့၊ ကြံရာမဲ့နှင့် ဗျာများယောက်ယက်ခတ်နေလေရော့မည်။
သူတို့ဘယ်နှစ်နှစ်၊ ဘယ်နှစ်လက ဘယ်မျှ ကျားကုတ်ကျားခဲ စုဆောင်း ရှာဖွေ တည်ဆောက်ခဲ့ရသည့် အိမ်ကလေးတွေလဲ၊ သူတို့ သူတို့၏ ဘယ် ရွေ့ဘယ်မျှ အစားထိုးမရနိုင်အောင် တန်ဖိုးကြီးသံယောဇဉ်ရှိ ရသည့် အိမ် လေးတွေလဲ။
ခုတော့ သည်အိမ်ကလေးတွေဟာ နာရီပိုင်းမှာတင် ပျောက်ဆုံးသွား ပေါ့။ ပျက်စီးသွားပေါ့၊ ထင်းဖြစ်နေတဲ့အိမ်တိုင်၊ သံချောင်းဖြစ်သွားတဲ့ တံခါး၊ မီးသင့်အုတ်ဖြစ်နေတဲ့ နံရံ၊ အမှုန်အမွှားဖြစ်သွားတဲ့ အိမ်မိုးဓနိ၊ တစ်ပိုင်း တစ်စ ပျက်စီးနေတဲ့ ပရိဘောဂတချို့၊ မီးရှိန်အပူ၊ စားရေးဝတ်ရေးထက် ခက်ခဲတဲ့နေရေးအတွက် တွေးပူတဲ့အပူ။ မီးငြိမ်းရေလုံးများ၊ သောကငွေ့ပျံ မျက်ရည်ပူလုံးများ။
အားလုံးပြီးသွားတဲ့အခါ ကမ္ဘာပျက်ပြီးစ မြေပြင်မှာလို ဖရိုဖရဲ မီးကျွမ်း မြေကြီးပေါ်မှာ ကမန်းကတန်း ရသလိုထုပ်ပိုးသိမ်းဆည်းရယူထားတဲ့ ပရိ ဘောဂ အသုံးအဆောင်ပစ္စည်းအချို့အဝက်နှင့် မိသားစုဝင်တွေ သို့မဟုတ် ကျန်ရစ်သူမိသားစုများ ဘယ်မှာလဲ အိမ်။ ဘယ်မှာလဲ မြေ။ ဘာကို ယုံ ကြည်ရမလဲ။ ဘာကို မျှော်လင့်ရမလဲ။
အနတ္တ။ အစိုးမရခြင်းတဲ့။ သည်အနိစ္စမျိုးက မြန်သလောက် သည် ဒုက္ခကလည်း ကြီးလှချည့်။
မကြုံဖူးသည့် အတွေ့အကြုံတစ်ခုကို စိတ်ကူးပုံဖော်ကြည့်သည့်အခါ မှာတောင် သည်မျှကျောချမ်းဖို့ကောင်းနေပြီဆိုတော့။ ကိုယ်ချင်းစာပါသည် လို့လည်း သုံးမရနိုင်။ ကိုယ်ချင်းစာတတ်ဖို့ကိုလည်း အကျောက်အကန် ငြင်း ပါရစေ။
တစ်ခါက ရေးခဲ့ဖူးသော 'မြေ' ဝတ္ထုထဲမှ စာပိုဒ်တစ်ပိုက်ကို သတိရ သွားမိသည်။
'မိမိ၏ ရင်းမြစ်စိတ်ကပင် ရေထဲမှာ၊ လေထဲမှာ နေရခြင်းကို ဝမ်းနည်း အားငယ်တတ်ပြီး မြေပေါ်မှာ ခြေချရသည်နှင့် ကြည်နူးစိတ်ဖြင့် လုံခြုံ အားတက်နေပြန်လေသည်' တဲ့။
ခုလို အဖြစ်မျိုးနှင့် ကြုံနေရသည့် သို့မဟုတ် ကြုံခဲ့ပြီးသည့်အချိန်မျိုး မှာ ရေးဖြစ်ခဲ့လျှင်တော့ ခုလိုမှ ရေးဖြစ်ပါဦးမည်လား။
'လုံခြုံမှု' တဲ့။ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးရာအရပ်သည် လုံ ခြုံရာအရပ်ဟု ဆိုခဲ့လျှင် ကမ်းနားရပ်ကွက်က လူတွေကဖြင့် မီးသင့်တဲ့ အချိန်မှာ သူတို့ဘဝလုံခြုံရေးအတွက် ဘယ်ကိုသွားကြမှာလဲ။
'ရေ' ။ 'ရေ'နှင့်အနီးလေးမို့ ရသမျှရေထဲရှိလှေထဲကို ပြေးကြမည်လား။ ဒါဆို သူတို့အဖို့ 'မြေ'ဟာ ရေလောက် စိတ်မချရပြီပေါ့။ မှားယွင်းခဲ့သည် လား။ မြေကို စိတ်ချယုံကြည်ခဲ့ခြင်းဟာ မှားယွင်းနေပြီလား။
အို... 'ရေ'ဆိုတာရော ဘယ်လောက်ထိ စိတ်ချယုံကြည်ရမှာတဲ့လဲ။ ဒါဖြင့် ကာတွန်းထဲကလို မိုးပျံပူဖောင်းချိတ်ထားတဲ့ အိမ်နဲ့ နေမယ်ဆိုရင် ရော ဘယ်လောက်ထိ လုံခြုံစိတ်ချနိုင်ရမှာတဲ့လဲ။ 'လေ' ထဲမှာ နှုတ်သီးနဲ့ ငှက်တွေနေတတ်တာပဲ။
ရယ်ချင်မိပြန်သည်။ ဘာဖြစ်နေတာလဲ။ ဘာကိုမှ မယုံကြည်စိတ်မချ နိုင်နဲ့။ အတွေးတွေကိုသာ ဟောဟိုက မီးခိုးလုံးတွေ၊ မီးတောက်ကြီးတွေ ကြားက လူတွေကြားလျှင် ငိုချင်သည့်ကြားကပင် ရယ်ချင်မည်လား။ လည် ပင်းပဲ ဝိုင်းညှစ်ကြမည်လား။
တကယ်တော့လည်း အရာရာဟာ ဘယ်မှာလာပြီး လုံခြုံနိုင်မှာတဲ့လဲ။ဒါကြောင့်လည်း...။
အင်းလေ...စိတ်မချတတ်တဲ့။ မယုံကြည်တတ်တဲ့ ဒီÓဉ်တွေကို ဖျောက်တန် သလောက် ဖျောက်ရဦး မှာပါလေ။
ဒါဆို ''ဘာကိုမှ စိတ်မချ၊ မယုံကြည်၊ မလုံခြုံသလို တွေးတတ်နေခြင်း မှာ အသားကျနေပြီဖြစ်သည့် 'မြေ'ကိုလည်း 'ရေ'နှင့် 'လေ'နည်းတူသာ ယုံကြည်တတ်နေပြီဖြစ်ကြောင်း၊ သို့သော်လည်း...'' စသဖြင့် ဝတ္ထုတစ် ပုဒ်လောက် ထပ်ရေးရလျှင်ရော...။
x x x
ကားပေါ်မှာ လူတော်တော်များနေပြီ။ ထွက်သင့်ပြီပဲ။
''ကဲ... ကဲ၊ လိုက်မယ်ဆိုမြန်မြန်လေး... သွားတော့မယ်''
လက်မှတ်ရောင်းထံမှ နှိုးဆော်သံကြားရပြီ၊ ထွက်ခါနီးပြီဟု စိတ်ချစွာ ကျေနပ်သွားသည်။
''ကဲ... ယောက်ျားလေးတွေ လုပ်အားပေးပါဦးဗျာ၊ ခဏလောက် ဆင်းလိုက်ပါဦး၊ တွန်းလိုက်ရအောင်''
ဘာကြောင့်ရယ်မသိ၊ ရယ်ချင်လာပြန်လေသည်။
မသီတာ(စမ်းချောင်း)

Monday, 31 October 2011

ဒုလ္လဘပေမဲ့

''ကဲ... နောက်ကော လူနာကို ဘာအကြံဉာဏ်ပေးဦးမလဲ၊ ဘာမှာ ချင်သေးလဲ''
''သွေးထပ်ဆင်းရင် ဆေးရုံကို အမြန်ပြန်လာပါ၊ နားနားနေနေ နေပါ''
''လေးလေးပင်ပင်တွေ မမပါနဲ့''
''ဟဲ့- မေးပဲကြည့်ပါဦး၊ဘာလုပ်ရတယ်ဆိုတာ ကလေးက ငါးယောက် ကိုယ်ခွဲလည်းမရှိဘူး၊ မုန့်ဟင်းခါးကလည်း ရောင်းနေရတယ်၊ ဘယ်လိုလုပ် နားနားနေနေ နေလို့ရမှာလဲ''
''ဟို... တတ်နိုင်သမျှ နားဖို့...''
စာနှင့်ဦးနှောက် ဝေးခဲ့သည်မှာ အတန်ကြာပြီမို့ ရောဂါနှင့်ပတ်သက် သည့် အထူးအထွေပြဿနာများကို သတိမရတော့၊ အထွေထွေဗဟုသုတ ကိုသာ ဖြီးဖြန်းရတော့သည်။
''ဟင်း... ဟင်း... ကဲလေ ထားပါတော့၊ ဘာအကြံဉာဏ်ပေးချင် လဲ၊ ကိုယ်ဝန်က ခုနစ်ခါဆောင်ဖူးတယ်၊ ပရာတီဖိုက်ပလပ်စ်တူး... ငါး ယောက်မွေးတယ်၊ နှစ်ယောက်ပျက်ကျတယ်၊ အရင်ကလေးမွေးတုန်းက လည်း ခုလိုပဲ မွေးဖွားပြီး မီးတွင်းသွေးသွန်ဖူးတယ်၊ အဲဒါ နောက် အတွက်...''
တိတ်ဆိတ်နေကြပြန်သည်။ ကြားဖူးနားဝ မှတ်မိသမျှစာတွေက ဦး နှောက်ထဲမှာ ပြန့်ကြဲကာ ဘာကိုမှ မတွေးတတ်တော့၊ မမှတ်မိတော့သလို၊ စိတ်ထဲမှာလည်း သိသမျှတတ်သမျှ ကုသနည်း၊ ကုသပြီး ထပ်မံကြည့်ရှု ပြုစုကုသခြင်းတွေကုန်အောင် ပြောပြီးပြီဟု ထင်သည်။ ခုတော့ အကြံဉာဏ် တဲ့...။ အကြံဉာဏ်...။
''သြော် တွေးနေလိုက်ကြတာ... စတာရီလိုင်ဇေးရှင်း Sterilization ပေါ့ဟဲ့၊ မပြောချင်ကြဘူးလား၊ ကဲ ဒေါ်ခင်မေဦး၊ ရှင့်ကို ကလေးတွေက ပြောနေတယ်၊ နောက် ကိုယ်ဝန်တွေမှာလည်း ခုလို မီးတွင်းသွေးသွန်တာ တွေ ဖြစ်နိုင်တယ်၊ ဒီတော့ ရှင်လည်း ကလေးငါးယောက်ရှိနေပြီပဲ၊ သား ကြောမဖြတ်ချင်ဘူးလားတဲ့...''
''ဟုတ်ကဲ့၊ ဖြတ်ချင်ပါတယ် လျှောက်လွှာတင်ပါ့မယ်''
Sterilization ပဋိသန္ဓေတားခြင်း၊ အရပ်ခေါ် သားကြောဖြတ်ခြင်း။
ဆရာမထံမှ သည်ဝေါဟာရကိုကြားရစဉ်က သည်မျှ စိုးစင်းလွယ်ကူ သည့်အကြောင်းအရာကို မတွေးမိလေခြင်းဟု ရှက်ရယ်ရယ်မိကြသည်။ သို့ သော် လူနာ့ထံမှ ခပ်သွက်သွက် အဖြေကို ကြားရတော့ 'သြော်...' ဟု လွှတ်ခနဲ အာမေဋိတ်ပြုမိရပြန်သည်။
အမှန်တော့ အံ့သြစရာမဟုတ်တော့။ သို့သော် အံ့သြနေမိပြန်သည်။
သည်ဆေးရုံကို ရောက်ကတည်းက သည်ဝေါဟာရသည် စိုးစင်းစွာ ကြားနေကျဝေါဟာရသာ ဖြစ်သည်။
'ဘာဖြစ်လို့ ဒီဆေးရုံကို ရောက်လာတာလဲဟင် အစ်မ' ရယ်လို့ ပြုရိုး ပြုစဉ်ရောဂါရာဇဝင်မေးခွန်းလွှာအစကို မေးမိရင်ပဲ ခပ်တည်တည်တစ်မျိုး၊ ရှက်သလိုတစ်သွယ်၊ ငြီးငွေ့ဟန်တစ်ပုံစံနှင့် 'သားကြောဖြတ်ဖို့'လို့ ပြန်ဖြေ တတ်သည့် အစ်မတွေ မနည်းလှ။
တစ်ခါ''ဟဲ့... နင့်ဟာ တော်တော့၊ များလည်းများလှပြီ၊ နင့် ယောက်ျားရော နင်ရော မှတ်ပုံတင်ရှိတယ်မဟုတ်လား၊ သန်းခေါင်စာရင်း ရော ၊ အေး- ဒါဆို လျှောက်လွှာလာယူတော့'' ၊ ''သမီး၊ သမီး ကျန်းမာ ရေးအခြေအနေနဲ့ နောက်တစ်ခါ ကိုယ်ဝန်ဆောင်ဖို့က မကောင်းတော့ဘူး သမီးရယ်၊ အဲဒီတော့ သမီး ဒီတစ်ခါ ဆေးရုံကဆင်းပြီးရင် သားကြောဖြတ် လျှောက်လွှာတင်ဖို့ လုပ်တော့နော်'' ဆိုကာ သည်အမှုအတွက် အကြံÓဏ် ပေးကြသည်ကို ကြေားရပေါင်းလည်း မကျဲလှ။
အံ့သြစရာမဟုတ်သော်လည်း အံ့သြနေမိသည်။ အို... လွယ်လိုက် ကြတာ။
စဉ်းစားကြည့်ပြန်တော့လည်း...၊ လူနေမှုဘဝအဆင့်အတန်း၊ စီးပွား ရေးအခြေအနေ၊ ပညာအခြေခံ၊ အပြိုင်းအရိုင်းဖူးပွင့်စကလေးတစ်ပြုံတစ်မ အထွေထွေကျန်းမာရေး ချွတ်ချုံကျမှု။ သားဖွားမီးယပ်ရောဂါမျိုးစုံ။ သည် ကြားထဲမှ နောက်ထပ်ဖဝါးလက်နှစ်လုံး၊ ပုခုံးလက်နှစ်သစ်ကလေးတွေ အတွက်...။ အို... ခဲယဉ်းလိုက်တာ။
သည်လိုနှင့် သည်ဝေါဟာရသည် နှုတ်ဖျားတွင် လျောလျောရှူရှူ အသားကျလာသည်။ သို့သော်... ဆရာမ၏ ဘာအကြံဉာဏ်ပေးမလဲ ဟု မေးလာသည့်အခါတွင်သာ ဖြစ်သည်။ ကိုယ်တိုင်အကြံဉာဏ်ပေးဖို့ကို ဖြင့် နှုတ်လျှာမသွက်နိုင်သေး။

''သမီးရယ်... နှလုံးရောဂါကြီးနဲ့ လျှောက်သွားနေတော့ မောမှာပေါ့၊ ဘာလို့လျှောက်သွားရတာလဲ၊ လာ...လာ၊ ကိုယ့်ကုတင်မှာ ကိုယ်နားနား နေနေ နေချည်ဦး၊ ပြီးတော့ ဒီဆရာဝန်တွေ ဆရာမတွေမေးတာ ဖြေပေး လိုက်ဦးနောက် ဟုတ်ပလား''
မြင့်မြင့်ဦးတဲ့။ အသက်လေးဆယ်၊ နှလုံးရောဂါသည်၊ လေးဘက်နာ ခေါ် ရူမက်တစ်နှလုံးဝေဒနာရှင်၊ (Rheumatic Heart Disease)။ နှလုံး ဘယ်ဘက်ခန်းအဆို့ရှင်တွေ ကျဉ်းလိုက်၊ ကျယ်လိုက်နှင့် ပျက်စီးနေပြီမို့ သိသိသာသာကြီး မောဟိုက်နွမ်းလျနေသည့် ကိုယ်ဝန်ဆောင်မိခင်။
''အစ်မ ဒီကိုယ်ဝန်က ဘယ်နှယောက်မြောက်လဲ''
''ဆယ်ယောက်''
''ဟင်...''
အားလုံးအံ့အားသင့်နေမိသည်။ အသက်လေးဆယ်၊ ကလေးကိုး ယောက်နှင့် တစ်ဗိုက်။
''ဘယ်တုန်းက အိမ်ထောင်ကျတာလဲ''
''ဆယ့်ခုနစ်နှစ်''
''ကလေးကိုးယောက်လုံး ရှိလား အစ်မ''
''နှစ်ယောက်က ပျက်ကျတာ၊ တစ်ယောက်က ခုနစ်နှစ်သားမှာ ကား တိုက်လို့ ဆုံးသွားတယ်''
ပါးပြင်သို့ကျလာသော မျက်ရည်တချို့နှင့်အတူ မမြင့်မြင့်ဦး၏ အသက် ရှူနှုန်းက သိသိသာသာကြီး မြန်လာသည်။
''မငိုပါနဲ့အစ်မရယ်၊ ဘာလဲ ဝမ်းနည်းလို့လား၊ ကလေးတွေ သတိရလို့ လား၊ မငိုနဲ့လေ... ပိုမောမှာပေါ့''
''အငယ်လေးနှစ်ယောက်ထဲ ဟိုဘက်အိမ်မှာ ထားခဲ့ရတာ၊ ဆေးရုံလာ ခါနီး နေမကောင်းလို့ အကြော်မရောင်းနိုင်တော့ ဘာမှပေးမထားခဲ့ရဘူး''
''ဟဲ့... ဒီမှာ ရေးထားတာ ဆိုင်ကိုးဆစ် Psychosis လည်း ရဖူး တာပဲ''
''ဟုတ်လား၊ နေပါဦး သူ့ဟာ့တ် Heart က တော်တော်ဆိုးနေပြီပဲ၊ ခု မှ ဖြစ်တာတော့ မဖြစ်နိုင်ဘူး၊ တော်တော်ကြာကတည်းက ဖြစ်မှာ၊ မေး ကြည့်ပါဦး''
အစ်မ... အစ်မမှာ နှလုံးရောဂါရှိတယ်ဆိုတာ ဘယ်တုန်းက စသိ တာလဲ''
''အင်း... ဒုတိယတစ်ခါ ကိုယ်ဝန်ရှိကတည်းက စသိတာပဲ''
အားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ အံ့ သြစွာ မတွေးတတ်စွာ။ မမြင့်မြင့်ဦးကတော့ မောနေသော်လည်း တည်ငြိမ် စွာနှင့်ပင်။
''အဲ... နောက်ပိုင်း ကလေးအားလုံးမွေးတော့ အစ်မ ဘာမှ မဖြစ် ဘူးလား၊ ရိုးရိုးပဲ မွေးတာပဲလား၊ ညှပ်ဆွဲမွေးတာတို့ ခွဲမွေးတာတို့...''
''ဟင့်အင်း... အားလုံး ရိုးရိုးပဲ မွေးတာပဲ၊ မောတာတော့ တအား မောတာပေါ့''
ဘုရား...ဘုရား...။ သည်မျှဝေဒနာနှင့် သည်မျှကလေးတွေကို အကူအညီမဲ့စွာ မွေးဖွားပေးနိုင်ခဲ့သတဲ့။ သတ္တိရှိလှချည်လား။
သတ္တိ။ ပညာနှင့်ယှဉ်သော သတ္တိမျိုး မဟုတ်ဟု သိနေမိပြန်သည်။ မိမိ၏ဝေဒနာ အတိမ်အနက်နှင့်တကွ ဝေဒနာ၏အကျိုးဆက်၊ သန္ဓေအပေါ် အကျိုးသက်ရောက်ပုံတို့ကို စိုးစဉ်းမျှ နားမလည်သော ပကတိပညာအခြေ ခံ နုံနဲ့သော သည်အမျိုးသမီးအတွက် သည်မျှကလေးတွေ မွေးဖွားခဲ့ခြင်း သည် အသိမဲ့သတ္တိသာ။ သို့ဆိုလျှင် အသိပညာရှင်တစ်ဦး တလေမျှရော သည်အမျိုးသမီး၏ဝေဒနာကို မသိခဲ့ကြလေသလော။ သည်အမျိုးသမီး အတွက် သည်လောကမှာ ရိုးစင်းနေပြီဖြစ်သည့် သားကြောဖြတ်ပဋိသန္ဓေ တားခြင်းဟူသည့် အသင့်တော်အထိုက်တန်ဆုံး ကျန်းမာရေးပညာပေး၊ အိမ် ထောင်ရေး၊ အကြံဉာဏ်ပေးခြင်းကို ထိုထိုသော ကျန်းမာရေးပညာရှင်တစ် ဦးတလေကမျှ မပြုခဲ့ကြဘဲ သည်ပညာမဲ့အမျိုးသမီးထက်ပင် သတ္တိကောင်း စွာ တစ်နည်း လစ်လျူရှုရက်စွာ ကူညီမွေးဖွားသန့်စင်ပေးခဲ့ကြသည်လား။
မဖြစ်နိုင်၊ မဖြစ်နိုင်။ မည်သည့်ကျန်းမာရေးပညာရှင်ကမျှ သည် လောက် လက်လွတ်စပယ်ပြုမည်မထင်။ သည်ပညာကို တတ်ကျွမ်းနား လည်သည်နှင့်အမျှ သည်ပညာပေးကို ပေးဖြစ်ကြပါလိမ့်မည်။ မနေနိုင် တော့။
''အစ်မ ကလေးတွေကို အစ်မဘာသာ အိမ်မှာပဲ လက်သည်နဲ့ မွေးခဲ့ တာပေါ့နော်''
သည်အဖြေကို စိတ်သေလက်ချ ရည်ရွယ်တေးမှတ်မိပြီမို့ 'နော်' ဟု စကားခေါ်မေး မေးလိုက်မိသည်။
''ဟင့်အင်း... အားလုံး ... မှာ မွေးတာ''
''ဟင်...''
အားလုံးပင် ဒုတိယပိုထိတ်လန့်အံ့သြမိပြန်ပါသည်။ မမြင့်မြင့်ဦး ပြော သည့်နေရာက သီးသန့်အဖွဲ့ အစည်းတစ်ခု ၏ သီးသန့်ရပ်ကွက်တစ်ခု။
အို... ဒါပေမဲ့ သည်လိုနေရာမျိုးမှာဆိုပေမဲ့ အလုပ်ကူတွေလို ကျန်း မာရေးပညာနည်းပါးသူတွေ မွေးပေး တာလည်း ဖြစ်နိုင်သေးသည်ပဲ။
''ဘယ်သူတွေ မွေးပေးတာလဲ''
''....တွေပေါ့''
အို... သည်လို ရာထူးအဆင့်ရှိသည့် ကျန်းမာရေးအသိပညာရှင်တွေ က သည်လိုဝေဒနာသည်ကို ဘာမှ မပြောကြတော့ဘူးလား။
''သူ... သူတို့က အစ်မကို အဲဒီကလေးသုံးယောက်လောက်ကတည်း က သားကြောဖြတ်ဖို့ မပြောကြဘူးလား''
''မပြောပါဘူး၊ သိမှမသိဘဲ သမီးရယ်၊ ဒီလိုဒုက္ခရောက်မှန်းသိရင် အစ်မ ဖြတ်တာပေါ့၊ ခုတော့...၊ အင်း... အစ်မ အိမ်ပြန်ချင်တယ်၊ ကလေးနှစ်ယောက်ထဲရယ်၊ ဟိုမှာ...''
သူ့သက်ပြင်းချသံက အားလုံး၏ သက်ပြင်းရှိုက်သံအောက်တွင် နစ်မြုပ် သွားတော့သည်။ အို... မကျေနပ်ချင်စရာကောင်းလိုက်တာ။ အချိန်တွေ နှောင်းလှချည့်။ ခုတော့ နေ့စေ့လစေ့ကိုယ်ဝန်ကြီးနှင့် စကားများများပြော လျှင်ပဲ ဟောဟဲလိုက်ကာ မောနေသည့်မိခင်ကို သူတစ်ပါးလက်မှနေပြီး အားငယ်ဝမ်းနည်းစွာ မျှော်နေရှာမည့် ကလေးတွေ...။
''ဒါနဲ့ အစ်မ ယောက်ျားကရော ဘယ်သွားနေလို့လဲ''
''ကျ... ဆုံးသွားပြီ''
ဟင်...''
သိတတ်နားလည်သည်ဟု ယူဆရသူတွေ မပြောခဲ့သည့် ပဋိသန္ဓေ တား၊ သားကြောဖြတ်ရန် အကြံÓဏ်ပညာပေးစကား ပြောဆိုဖို့တွေးထား ခဲ့သည်မှာ နှောင်းပေပြီ။ တကယ်တော့ သည်စကားပြောဆိုခဲ့ကြဖို့ နှောင်း ခဲ့သည်မှာပင် အတော် နှောင်းနေခဲ့သည် မဟုတ်ပါလား။
သူ့ဝေဒနာ၊ သူ့ဘဝအခြေအနေနှင့် သည်စကားပြောဖို့ ထပ်မံမနှောင်း နိုင်တော့ဟု သိသဖြင့် လည်းကောင်း၊ သိတတ်အားနာစွာလည်းကောင်း၊ နှုတ်လျှာမသွက်ခဲ့သော ဝေါဟာရကို ထုံးစံအတိုင်း အားမရှိကာ မရွတ်ဖြစ် လေတော့...။

''အစ်မ ခွဲပြီးပြီ ထင်ပါရဲ့၊ ဘာဖြစ်လို့လဲဟင်''
''အူမှာ သန္ဓေတည်လို့''
တနင်္လာမနက်မို့ သောကြာ၊ စနေ၊ တနင်္ဂနွေအတွင်းက တက်ခဲ့သော လူနာသစ်တွေကို မေးစမ်းရင်း စိတ်ဝင်စားလျှင် ရောဂါရာဇဝင်မေးမည် ဟု စိတ်ကူးနှင့် စမေးလိုက်သည့် လူနာကပင် စိတ်ဝင်စားဖို့ ကောင်းနေ တော့သည်။ လူနာမှတ်တမ်းလှန်ကြည့်တော့ သူပြောသလို အူသန္ဓေ မဟုတ် ဘဲ ဥအိမ်သန္ဓေမှန်းသိရသည်။
''ဟုတ်လား၊ ပြောပါဦး၊ ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ၊ သွေးထိန် တာ ဘယ်နှလလဲ၊ သွေးဆင်းတာ များလား၊ ဗိုက်ရောနာလား၊ သတိရော လစ်သွားသေးလား''
''သွေးထိန်တာ နှစ်လကျော်ကျော်ပဲရှိသေးတယ်၊ ဒီလိုပဲ ကိုယ်ဝန်ရှိ တာပဲဆိုပြီး နေရင်းက ဗိုက်တအားအောင့်ပြီး သွေးတွေဆင်းတာ အရမ်း များတာပဲ၊ ဘာလီပုံးတစ်ဝက်လောက်ရှိမယ်၊ နောက် သတိလစ်သွားတာ ပေါ့''
''ကလေး ဘယ်နှယောက်ရှိလဲ''
''လေးယောက်၊ ဖြစ်ချင်တာ ဒီလိုပဲ ပထမနဲ့ တတိယကိုယ်ဝန်တုန်းက ဆိုရင် ကျွန်မတို့အိမ် မီးလောင်တာ ကျွန်မဆို မီးကြားထဲ ပြေးထွက်ရတာ ပဲ၊ ဘာမှကို ပြန်မရပါဘူး၊ အဲလိုပဲ ဒုတိယကိုယ်ဝန်သာ ဘာမှမဖြစ်တာ ကျန်တဲ့ကိုယ်ဝန်တွေတုန်းက အစုံဖြစ်တာပဲ၊ ဒါပေမဲ့ ရိုးရိုးပဲ မွေးတယ်၊ နောက် တတိယကိုယ်ဝန်နဲ့ မီးလောင်ပြီးတော့ ကျွန်မတို့ နေရာပျောက် ပြန်ရော၊ နေရာပြန်ချထားပေးတော့ အငယ်ဆုံးကောင် မွေးပြီး မကြာခင် ပေါ့၊ ဒီကြားထဲတော့ ခယ်မရှိတဲ့ ကမာရွတ်ထဲမှာပဲ အိမ်ခန်းအဖီလေးငှား နေတယ်လေ၊ ယောက်ျားကတော့ လက်သမားဆရာပဲ၊ ကျွန်မကတော့ ဘာ မှ မလုပ်ဘူး၊ အဲဒီမှာငှားနေရင်းနဲ့ အငယ်ဆုံးကောင် အခါလည်လောက် မှာ မြေပြန်ရတယ်၊ လှိုင်သာယာမှာ ယောက်ျားက တဲလေးဆောက်တာ ပေါ့၊ ကျွန်မတို့ပြောင်းနေကြတာပဲ၊ အဲဒါ ပြောရဦးမယ်၊ အဲဒီတုန်းကလည်း အငယ်ဆုံးကောင်လေးပိုက်ပြီး ရေနစ်သေးတယ်၊ မသေလို့ ကံကောင်းပေါ့၊ ခုတစ်ခါလည်း မသေလို့ ကံကောင်းတာပဲ၊ ဆရာဝန်မတွေက ပြောတာပဲ၊ အချိန်မီလို့တဲ့၊ ကျွန်မကတော့ သတိလစ်နေတာပဲ၊ ဘယ်...တစ်ခါထဲနဲ့ ကြောက်သွားတာပဲ၊ တော်ပြီ၊ နောက် ဒါမျိုးဖြစ်မှာ သိပ်ကြောက်တာပဲ၊ တစ် ခါတည်းချက်ချင်း ကျွန်မကို ခွဲစိတ်ကြတာ သားအိမ်တော့ မထုတ်ဘူးတဲ့၊ ဘာဆိုလဲမသိဘူး၊ အဲဒါတော့ ထုတ်ပစ်လိုက်ကြတယ်''
လူနာမှတ်တမ်းအရ ဥပြွန်နှင့် ဥအိမ်တစ်ဖက်ကို ထုတ်ထားသည်ဟု သိရသည်။ ကျန်ရှိသည့် ဥပြွန်နှင့် ဥအိမ်က အကောင်းပေမို့ နောက်ထပ် တစ်ဖန် သားအိမ်အန္ဓေသော်လည်းကောင်း၊ သားအိမ်မှအပ နေရာများ တွင်တည်သည့် သန္ဓေသော်လည်းကောင်း ရနိုင်ပေသေးသည်။
ကလေးလေးယောက်။ မီးနှစ်ခါလောင်ဖူးသော အိမ်ထောင်။ သူကိုယ် တိုင်က နောက်တစ်ခါ ကိုယ်ဝန်ဆောင်ဖို့ကို စိတ်မဝင်စားတော့။
သည်တစ်ခါဖြင့် နှုတ်လျှာမသွက်ခဲ့ရသည့် ဝေါဟာရကို ပြောလိုက်ဦး မည်ဟု စိတ်ကူးသည်။ မမြင့်မြင့်ဦးလို နောက်မကျသေးဟု တွေးသည်။ ပြောလည်း ပြောသင့်သည်ဟု စဉ်းစားသည်။ မီးနှစ်ခါလောင်ဖူး၊ ကလေး လေးယောက်ရှိဆဲအပြင် သားအိမ်ပြင်ပသန္ဓေဟူသည့် ပြဿနာရာဇဝင် လည်း ရှိသည်ပဲ။ လိုးဆိုရှီယိုအီကိုနောမစ် Low Socio Economic  ဆိုသည့် ရောဂါတစ်ခုတည်းနှင့် မဟုတ်ဘဲ တားသင့်တာပေါ့။ ပြောသင့်တာပေါ့။ ကိုယ့်ကိုယ်ကို အားပေးလိုက်သည်။
''အစ်မ''
''ဟင်''
''ဟိုလေ... အဲ၊ ရေနစ်ဖူးတယ်ဆို...''
တွန့်ဆုတ်တိန်းရှောင်မိပြန်သည်။
''အင်းပေါ့၊ လှိုင်သာယာမှာနေတုန်းကလေ၊ ဒါကြောင့် ခု ကမာရွတ် ပြန်ပြောင်းနေရတာ၊ ဖြစ်သလိုပေါ့၊ နစ်တာမှ ဟိုးအောက်ထဲထိ ကျသွား တာ၊ ဘယ်... ကျွန်မဆို သေပြီပဲ အောက်မေ့တာ၊ အငယ်ဆုံးကောင် ကို လက်တစ်ဖက်က ပိုက်ထားရက်ရယ်၊ နောက်၊ သူ့ဟာသူပဲ ရေပေါ်ပြန် ရောက်လာတာ၊ ဝဋ်မကုန်တာပဲ ဖြစ်မှာပဲ၊ ရေပေါ်ရောက်တော့ ကြောက် အားလန့်အားနဲ့ လှမ်းဆွဲတာ ဇက်သင်္ဘောရဲ့ ဘောင်ပျဉ်ပြားကြီးဖြစ်နေ တယ်လေ၊ ကလေးကလည်း ကျွန်မလက်ထဲမှာ ချီလျက်ပဲ၊ ဆုပ်ထားတာမှ တင်းနေတာပဲ၊ ဘာဆိုဘာမှ မဖြစ်ကြဘူး''
''ဘာဖြစ်လို့ နစ်တာလဲ''
''သမ္ဗာန်မှောက်တာလေ၊ မှောက်မှာပေါ့ ညီမရယ်၊ သမ္ဗာန်လှော်နေတဲ့ လူတွေက တတ်လို့ လှော်နေကြတာမှ မဟုတ်တာ''
'တတ်လို့လှော်နေကြတာမှ မဟုတ်တာ' တဲ့၊ ဒါဆို ဘာလို့ လှော်နေ ကြတာလဲ။
'ဟုတ်ကဲ့၊ ဖြတ်ချင်ပါတယ်' ဆိုသည့်အဖြေကို ခပ်သွက်သွက် ဖြေ ခဲ့သော ဒေါ်ခင်မေဦးကို သတိရသည်။ သူ...သူ... သူသည် အဖြေ ကို ခပ်လွယ်လွယ်ပေးခဲ့တာ သူသိလို့ တတ်လို့လား၊ ဒါမှမဟုတ်...။
မောဟိုက်နွမ်းလျသည့် ဝေဒနာနှင့် နေ့စေ့လစေ့ကိုယ်ဝန်လွယ်ထား ရသည်ကို လက်ဗလာနှင့် ကျန်ရစ်သည့် ကလေးတွေမျက်နှာလောက်မှ မ ထောက်၊ ဆေးရုံက ခိုးဆင်းသွားခဲ့သော မမြင့်မြင့်ဦးကို သတိရသည်။ သူ့ ဝေဒနာအတွက် သည်ဆေးရုံသည်သာ စိတ်အချရဆုံး ဖြစ်မှန်သိလျက် သူ့ကိုယ်ဝန်အတွက် သူဘာမျှမလုပ်တတ်သည်ကိုသိလျက် သူဆေးရုံက ခိုး ဆင်းသွားခဲ့ခြင်းကတော့...။
''အစ်မ ကလေးယူဖို့ စိတ်ကူးသေးလားဟင်''
စောစောက တင်းထားသော အားတွေ ဘယ်ရောက်ကုန်ပြီမသိတော့။ ပြန်ဖြေလာမည့်အဖြေကိုသာ သိနေနှင့်တော့သည်။
မသီတာ(စမ်းချောင်း)