Thursday 3 November 2011

ရေခဲလိပ်ပြာကို ထုဆစ်ခြင်း

ရေမလာဘုံဘိုင်နှင့် ရေမရပ်ဘုံဘိုင်တို့မှအပဖြစ်သော ဘုံဘိုင်ခေါင်း ကို မိမိရရဖွင့်ချလိုက်သည်။ ရေက ထင်မှတ်ထားသည်ထက် အရှိန်အဟုန် နှင့် ထွက်ကျလာသည်။ လန့်သွားရတာပါပဲ။
လက်ချောင်း၊ လက်ဖဝါး၊ လက်ခုံ၊ လက်ကောက်ဝတ်၊ လက်ဖျံ၊ တ တောင်ဆစ်၊ လက်မောင်း...။ အားလုံး ရေစိုသွားကာမှ ငါးကျပ်တန် ခဲ ဖျက်အရွယ် ကာဘောလစ်ဆပ်ပြာခဲကို လှမ်းယူလိုက်သည်။ ဓားကောင်း ကောင်းနှင့် စိတ်ရှည်လက်ရှည် အဲ... စိတ်ရှည်လက်တို (တွန့်တိုစွာ) လှီးဖြတ်ထားသည့် ဆပ်ပြာခဲက အရေပြားပေါ်မှာ လူးလှိမ့်လုံးပါးပါး လို့...။
အရေပြားတွေ နီမြန်းအေးခဲချွဲကျိလာတော့ ပိုးသန့်စင်ဆေးဝါရည်ထဲ က ဘရပ်ခ်ျနှင့် မရှိမဲ့ရှိမဲ့ လက်သည်းခွံကြားတွေအနှံ့...။ နောက် အရေ ပြားပေါ် ခပ်ကြမ်းကြမ်း လွန်းထိုးပွတ်တိုက်။ ပြီးတော့ ရေအလျဉ်အောက် ကို လက်ထိုးခံလိုက်...။ ရှင်းသန့်သင့်သလောက် ရှင်းသွားပြီပေါ့...။
သုံးကျပ်တန်ခဲဖျက်ခန့်သာ ကျန်ရစ်သည့် ဆပ်ပြာခဲနှင့် လက်နှစ်ဖက် လုံးကို ထပ်မံပွတ်တိုက်။ ပြီးမှ နံရံကပ် ပက်ဗဒင်း Pevidine ပိုးသပ်ဆေး ရည်ဘူးဖုံး အဖိပေါ် တံတောင်နှင့် နှစ်ချက် သုံးချက် ဆင့်တွက်လို့ လက်ခုံ ထဲ ဆေးရည်တွေကျစေ...။ သည်မှာ ဆပ်ပြာမြှုပ်တွေ ရောနှော သွား...။ သည်လိုနှင့် အရေပြားတွေ နီမြန်းအေးခဲချွဲကျိရှင်းသန့်ပြောင်စင် လာတော့မှ ရေအလျဥအောက် လက်ချောင်း၊ လက်ဖဝါး၊ လက်ခုံ၊ လက် ကောက်ဝတ်၊ လက်ဖျံ၊ တံတောင်ဆစ်၊ လက်မောင်းများ။ အစီအစဉ်အတိုင်း လက်ကို မြှောက်ဆေး။ နောက် တံတောင်ဆစ်နှင့် ဘုံဘိုင်ခေါင်းကို ရေမကျ တော့သည်အထိ ပိတ်လိုက်။ ရှင်းသန့်စိုနူးနေသည့် လက်ဖဝါးနှစ်ဖက် ပူး ကပ်ပြီး လက်ချောင်းအချင်းချင်း အံဝင်ချိတ်ဆက် လို့ မြှောက်လျက်ထောင် ထား...။
ဒါဟာ အသက်ဇီဝရှိတဲ့လူသားရဲ့ဝေဒနာ ဒါမှမဟုတ် လိုအပ်ချက် ကို ပျောက်ကင်းဖြည့်ဆည်းပေးဖို့ ကြိုးစားအားထုတ်မှုအတွက် လက်ဆေး နေခြင်းပဲ ဖြစ်သည်။
ရှင်းသန့်နေသော လက်များသည် သန့်ရှင်းသော ကာယကံကို ပြုနိုင် မည်ဟု မနောကံမှာ ရှင်းလင်းပီသ ယုံကြည်ထားလေသည်။
x x x
အသွားပါသည့် ညှပ်ကို ချက်တိုင်ညာဘက် တစ်လက်မအောက်နား ဆီ ခပ်ဖိဖိညှပ်ဆွဲလိုက်သော်လည်း လူနာက မသိကျိုးကျွံ။ အောက်ဘက် တစ်လက်မစီနှစ်နေရာထိ ထပ်ဆွဲသည်ထိ လူနာကနာကြောင်း မတုံ့ပြန်။ ခါးအောက်ပိုင် ထုံသွားပြီ။
ဓားသွားတလျှောက် သွေးစတွေ စွန်းထင်းနေသည့်အဆီပြင်က နက် ပုံရသည်။ အိုဂျီက အရေပြားကိုနောက် တစ်ကျော့ ထပ်လှီးလိုက်သည်။ နောက်ကြွက်သားမြှေး၊ ကြွက်သားမျှင်၊ ကြွက်သားမြှေး၊ ဝမ်းခေါင်းကာ အမြှေးပါး။ မိန်းမများစွာ၏ ကွဲပြားလှစွာသော ဗိုက်များစွာကို ဖွင့်ချခဲ့ဖူး သည့် အိုဂျီနှင့် ပထမလက်ထောက်ဆရာဝန်မမတို့ကတော့ တစ်လွှာပြီး တစ်လွှာ၊ တစ်ထပ်ပြီးတစ်ထပ်၊ လှီးတန် လှီး၊ ဖြတ်တန်ဖြတ်၊ ဘေးဖယ်တန်ဖယ်၊ မတော်တဆပေါက်သွားသည့်သွေးကြော မျှင်တွေ ကို သွေးကြော ပိတ် ညှပ်နှင့် ဖမ်းတန်ဖမ်း၊ ကြိုးနှင့်ချည်ပစ်တန်ချည်ပစ်။ သမားရိုးကျ အဆင့် တစ်ခုပဲ။
အသားမကျသေးသည့်ပြင် ပစ္စည်းမလုံလောက်မှုကြောင့် ရရာစွပ်ထား ရသည့် လက်အိတ်နံပါတ် ၆က မခြောက်တခြောက်ရေနှင့် ပိုးသန့်စင် ပေါင်ဒါမှုန့်အချို့တို့ကြောင့် လက်ကိုပိုပြီးကျပ်တည်းနေစေတော့သည်။ သည်တော့ ခွဲစိတ်အကူအဖြစ် ဝင်နေရခိုက် သမားရိုးကျလုပ်ရတတ်သော ဝမ်းဗိုက်အရေပြားဆွဲဖွင့် ထိန်းချုပ်ကိရိယာလက်ကိုင်ကို ခွဲစိတ်အသင်း ခေါင်းဆောင် အိုဂျီအလိုကျ ခပ်တင်းတင်းနှင့် နေရာတကျ ဆွဲထားရသည့် အလုပ်ကိုပင် အတော့်ကို အာရုံစိုက်ထားရသည်။
''ဆရာမ... နည်းနည်းနာတာလား၊ သိတာလား မသိဘူး၊ ဖြည်းဖြည်း လုပ်ပါနော်၊ ဒါပြီးရင် ကလေး ရတော့မှာပေါ့နော်''
မေ့ဆေးမပေးထားသည်မို့ လူနာက သူအာရုံရှိရာသူပြောနေလေသည်။ တကယ်တာ့ သူက လူနာလို့ခေါ်ရခက်သည့်လူနာမျိုး။ သူ့မှာ ကာယိက၊ စိတ္တဝေနာရယ်လို့ မရှိချေ။ သူ့မှာ စိတ္တဆန္ဒသာရှိသည်။ ကလေးလိုချင် သည်။
''သမီး... အဲဒီအူတွေကိုပါ ဆွဲထိန်းထားလိုက်ပါ၊ ဒီမွှာကဘန သားဥ ပြွန်၊ ရှာရခက်နေလို့ သြော်... ဒုက္ခပါပဲ၊ လိုချင်တာ၊ ရှာချင်တာ မတွေ့ ရသေးဘဲ ဒီအူတွေက ရှုပ်ရှုပ်နေပြီ၊ ကဲ... သမီးရေ မညှစ်နဲ့နော်၊ အ သက်မှန်မှန်ရှူ၊ ဒီမှာ ဆရာမတို့လုပ်ရတာ လွယ်သွားအောင် ဟုတ်လား၊ စကားမများနဲ့ အိပ်နေ''
သုံးလက်မ မပြည့်တပြည့် ဝမ်းဗိုက်အပေါက်လေးမှာ ပတ်လည်ထိန်း ထား၊ ညှပ်ထား၊ ဆွဲထားသည့် ညှပ်အပါအဝင် ကိရိယာများစွာ၊ အိုဂျီ၏ လက်၊ အူခွေအချို့တို့နှင့် ကြပ်သိပ်သွားပြန်သည်။ လူနာက လိုချင်တောင့်တ မှုအတွက် ရည်ရွယ်သည်ထင့်။ စိတ်တိုသွားပြန်သည်။
လူနာ။ သည်လူနာက အသက်သုံးဆယ့်ငါးပင် မပြည့်တတ်သေး။ သကိုစတွေ့ရသည်က ဓာတ်မှန်ဌာနမှာ၊ သားအိမ်အတွင်း ဆေးသွင်းဓာတ်မှန် ရိုက်ခြင်း Hysterosalpingogram  အတွက် ပြင်ပလူနာဌာန က ညွှန်းစာနှင့် အတူ ရောက်လာစဉ်က သည်စမ်းသပ်မှုပြုရသူတွေလိုပင် အိမ်ထောင် သက် ကြာလာသည် အထိ ကလေးမရ သဖြင့် သားအိမ်လမ်းကြောင်း စစ် ဆေးလို၍ဟု အကြမ်းဖျင်း သိထားခဲ့သော်လည်း သူက သည်လိုမဟုတ်။
သူက သည်လိုသာ ဖြစ်သည်။ ပထမအိမ်ထောင်နှင့် ကိုယ်ဝန်ရဖူး သော်လည်း အကြောင်းအားလျော်စွာ ပျက်ကျသွားခဲ့သည်။ သည်မှာ သူ နှင့် သူ့အိမ်ထောင်ဘက်တို့ ကွဲကွာသွားကြသည်။ သူ့အပြောအရ သူတို့ချင်း နှစ်ဦးသဘောတူ ယူစဉ်က သူ့အမေက သဘောမတူခဲ့။ သူ အိမ်ထောင် ပျက်တော့ သူ့အမေနှင့် ပြန်နေသည်။ သည်အထိ သူ့ဘဝက ဆင်းဆင်း ရဲရဲနွမ်းနွမ်းပါးပါး။
''ဟင်... သူက အဆီများသား၊ ထင်ထားတာထက်တောင် ပိုများ နေသေးတယ်၊ ရှာရခက်လိုက်တာနော်၊  ဟော တွေ့ပြီ၊ ပေး Bebkock နောက်တစ်ချောင်းပေးဦး၊ သမီး ဟိုဘက်နည်းနည်းရွှေ့ကိုင်ပေး၊ အဲ... အရမ်းမဆွဲနဲ့နော် သူငယ်ချင်း၊  ပြတ်မသွားဘူးလို့ မပြောနိုင်ဘူး။ ဟုတ်ပြီ၊ ကဲ နေနေ နည်းနည်းရှင်းဦးမှ၊
Tube (သားဥပြွန်) ဟုတ် မဟုတ်လည်း Confirm (သေချင်အောင်) က လုပ်ရဦးမယ်။ မှန်း... တွေ့လား... ဒီမှာ Fimbrial End (သစ်ခက်ဖြာသလို နူးညံ့ဖွာအိ အဆုံးသတ်) အိုကေ... ဘာ Abnormacity (ပုံမှန်မဟုတ်မှု) မှ မတွေ့ဘူး။ ကဲ... သူငယ်ချင်းက လျော့မယ်၊ နာ့စ်ညီမလေး အစ်မကို စားပေးမယ် ဟုတ်ပြီ''
ဓားဖျားက လက်သန်းလုံးတစ်ဝက်စာ သားဥပြွန်၏လုံးပတ်တစ်စိတ်ခန့်ပေါ် တိတိရိရိပြတ်ရှသွား သည်။ Swab ပတ်တီးစနှင့် တို့ပေး။ ဟော... အထဲမှာ အခေါင်းရှိပုံပဲ။
''ညီမလေး အစ်မကို Probe  အသေးပေးပါဦး''
အိုဂျီက သံချောင်းမျှင်နှင့် သားဥပြွန်ခေါင်းပေါက်ဆီ ထောက်လိုက် သည်။ ပြီးမှ သားအိမ်ဘက်ဆီက ထွက်လာသော ပြွန်ခေါင်းဘက် သံချောင်း မျှင်ကို တိုးချလိုက်သည်။ ခပ်ဖွဖွ၊ ခပ်မာမာ၊ ညင်ညင်သာသာ၊ သပ်သပ် ရပ်ရပ်၊ တစ်ခါ ဥအိမ်အောက်မှာ ဥတွေအကြွေကို ငံ့လင့်လက်ခံရသည့် သားဥပြွန်အဆုံး ဖျားဘက်ဆီ သံချောင်းမျှင်ကို ခပ်ဖွဖွထိုးလိုက်သည်။ တစ်ခါ၊ နှစ်ခါ၊ သုံးခါ။ သားဥပြွန် အခေါင်းရှိတာသေချာသွားပြီ။ တစ်နည်း အားဖြင့် ဥအိမ်က ကြွေကျလာမည့် ဥမလေးတွေ လျော ဆင်းရာလမ်း ကြောင်းမှာ အနှောင့်အယှက် အဟန့်အတားဆူးညှောင့်ခလုတ်တစ်စုံတစ် ရာ မရှိ။
''ကဲ... ချုပ်မယ်''
အပ်ပုစိကွေးက သားဥပြွန်ခေါင်းအတွင်းနံရံကနေ အပြင်နံရံ၏အတွင်း သားဆီ ဖြည်းနှေးသပ်ရပ် စွာ လျောဝင်လျှိုထွက်ရင်း သားဥပြွန်ခေါင်းကို မသိမသာ ချဲ့လိုက်သည်။ ညင်သာသလောက် သပ်ရပ်သော၊ ဟိုလျှိုသည် ထွက် ရှုပ်ယှက်ခတ်သလောက် ဘယ်တန်ဆာပလာကိုမှ မငြိမထိသွားသော ညီညာလှပသည့် ချုပ်ရိုးချုပ်ချက်ချုပ်ဟန်တွေကြောင့် ဝမ်းဗိုက်အရေပြား ဆွဲဆန့်ထိန်းချုပ်သည့် ကိရိယာကို ကိုင်ထားသောလက်တွေသည် လျော ကျအားငယ်သွားကြသည်။
 ဒါဟာ Operation  တစ်ခုလေ။ ခွဲစိတ်ကုသခြင်း (သို့မဟုတ်) ခွဲစိတ် တိုက်ပွဲ။ ဒါဟာ တိုက်ပွဲတစ်ခု။
သားဥပြွန်ခေါင်း အတွင်းနံရံတစ်လျှောက် ဖူးရာမှ အာလာသည့် စပယ် ငုံလို ပွင့်လာပြီးချိန်မှာ ဓားရာတစ်လျှောက် ပြန်ပိတ်ခြင်းဖြင့် သားဥပြွန် ခေါင်းကို နဂိုပုံဟန်မပျက် ပြန်ပြုပြင်ပေးရဦးမည်။ ဒါမှလည်း လက်၏ အချိန်အဆ၊ အတွေ့အကြုံ၏ အတိုင်းအတာ၊ အသိဉာဏ်၏အဆုံးအဖြတ်။
''ဆရာမ... တစ်ဖက်ပြီးပြီလားဟင်၊ နှစ်ဖက်လုံး လုပ်ရမှာဆို...''
သည်လူနာက ဆန္ဒစောနေပြန်သည်။ လက်တွေ့လှုပ်ရှားနေကြသည့် တိုက်ပွဲဝင် လက်တွေက လူပိန်းပြောပြောရမည့် ပြွန်ဖွင့်၊ ပြွန်ဆက် အလုပ် ကိုပင် လေအေးစက်အခန်းထဲမှာ ချွေးတစို့စို့ လုပ်နေကြရ သည်။ ဒါဟာ ရေပိုက်ပြင်နေတာ မဟုတ်။ သက်မဲ့ပစ္စည်းတစ်ခုကို ပြုပြင်နေတာမဟုတ်။ ဒါဟာ သိပ်ကို သေးငယ် သည့် အစိတ်အပိုင်းတစ်ခုအတွက် သိပ်ကို ကြီး လေးသည့် သမာဓိ၊ ပညာများနှင့် တည်ဆောက်နေခြင်း သာ ဖြစ်သည်။
သေသပ်လှပသော ဒဏ်ရာနှင့် သားဥပြွန်ကို နေရာတကျပြန်ထည့် လိုက်အပြီးမှာ ကျန်သားဥပြွန်တစ်ဖက် ရှိရာဘက် မျက်နှာမူလိုက်ကြပြန် သည်။ ဝမ်းဗိုက်အရေပြားဆွဲဆန့်ကိရိယာအရွေ့မှာ မြင်ရသည့်အဆီပြင် ကို ကြည့်ပြီး လူနာအကြောင်းက ခေါင်းထဲရောက်လာပြန်သည်။
ပထမအိမ်ထောင်နှင့် နွမ်းနွမ်းပါးပါးနေရစဉ်က သည်လိုအဆီပြင် လက်သန်းလုံးလောက်ရှိမှာ မဟုတ်တာ သေချာသည်။ ဒါပေါ့။ ပျက်စီးသွား ခြင်းမှာ အကောင်းထက် အဆိုးသာအဖတ်တင်ပေမည်။ အိမ်ထောင်တစ်ခု ပျက်စီးသွားခြင်း။ သန္ဓေသား ပျက်စီးသွားခြင်း။ မိခင်၏ယုံကြည် ယုယမှု လျော့နည်းသွားခြင်း။ သည်လိုအခြေအနေကနေ အဆီပြင်လက်သန်း လုံး၊ ရွှေလက်ကောက် အပြား၊ ရွှေဆွဲကြိုး နန်းလုံး၊ ဇာအင်္ကျီ၊ ဘီဘဲလ်လုံချည် နှင့် ဖြစ်လာဖို့အတွက် သူသည် အိမ်ထောင်တစ်ခုကို ထပ်မံတည်ဆောက် ခဲ့ပြန်သည်။ သည်တစ်ခါ သူ့မိခင်၏သဘောတူညီမှုဖြင့် ထပ်မံတည် ဆောက်ခဲ့သည်။ သည်မှာ သူသည် မိန်းမပီသစွာ တည်ဆောက်လိုသူသာ ဖြစ်ပြီး ပျက်စီ်းလိုသူ၊ ဖျက်ဆီးသူ မဖြစ်ချင်ခဲ့။ သည်လိုနှင့် သူသည် သူ့ အိမ်ထောင်တည်မြဲရေးအတွက် 'ကလေး' ကို လိုချင်လာခဲ့သည်။ သည်မှာ ကလေးက ရသင့်ချိန်တိုင် မရလာခဲ့။ သည်လိုနှင့် သူသည် ခွဲခန်းထဲ ရောက် ရသည်။ သူသည် လူနာမဟုတ်။ သူသည် ကလေးလိုချင်သူသာ ဖြစ်သည်။ သူသည် ရောဂါဖြစ်ခန္ဓာအစိတ်အပိုင်းကို ဖျက်စီးပစ်ရန်ရောက်လာခြင်း  မဟုတ်။ သူသည် ဘဝတစ်ခု၊ သတ္တဝါတစ်ဦးကို အခြေခံ၍ မိသားစုတစ်ခု၊ ပျိုးဆက်တစ်ဆက်ကို တည်ဆောက်ရန် သည်ခွဲစိတ်ကုသခြင်းကို ခံယူခဲ့ သူ ဖြစ်သည်။ တစ်နည်းအားဖြင့် သူသည် တည်ဆောက်ရန် သည်တိုက်ပွဲ ကို ဝင်ခဲ့သည်။
အတွေးစရှည်လျားစဉ်မှာ 'ဗိုက်ပိတ်မယ်' ဟု နှိုးဆော်သံကြောင့် ကျန် သားဥပြွန်တစ်ဖက်ကိုပါ ပြုပြင်တည်ဆောက်ပြီးသွားပြီဟု သိလိုက်သည်။ သွေးစအနည်းငယ် စွန်းထင်းနေသော လက်အိတ်ပိုင်ရှင်လက်များသည် တိုက်ပွဲအဆုံးသတ်အတွက် ဆက်လက်ပြင်ဆင် လှုပ်ရှားနေ ကြပေသည်။ အိုဂျီမမ၊ လက်ထောက်ဆရာဝန်မမ၊ သူနာပြုဆရာမများအလုပ်သင်တာဝန် နှင့် မိမိ၊ ကုတင်ပေါ်ကလူနာမဟုတ်သော လူနာ၊ မိန်းမသားတွေသာ ဖြစ် သည်။
''မိန်းမများသည် တည်ဆောက်သူများဖြစ်ကြပြီး ယောက်ျားများသည် ဖျက်ဆီသူများ ဖြစ်ကြသည်' တဲ့...။
ခွဲစိတ်ခြင်းအောင်မြင်စွာ ပြီးစီးခဲ့ပြီ။ မိန်းမတို့၏တည်ဆောက်ခြင်း တိုက်ပွဲ။
x x x
တစ်လက်မ မပြည့်တပြည့်အရေပြားအပေါက်လေးထဲ ဝင်သွားသည့် လက်အိတ်ဝတ်လက်ညှိုး၊ လက်ခလယ်နှစ်ချောင်းသည် အချိန်အနည်းငယ် အတွင်းမှာပင် သားဥပြွန်တစ်ဖက်ကို ဖိညှပ်လျက် အရေပြားအပေါက်ဝဆီ ပြန်ရောက်လာသည့် Bebkock  ခေါ် သားဥပြွန်ကိုင် ကိရိယာနှစ်ခုကို သူ ငယ်ချင်းက သားဥပြွန်၏ သားအိမ်ဘက်နားတစ်နေရာ၊ အဆုံးဖျားဘက် တစ်နေရာ တစ်လက်မသာ သာခွာ၍ ကိုင်ညှပ်လိုက်သည်။ ပြွန်တစ်လျှောက် တွယ်နေသည့် အမြှေးပါး အတွင်း သွေးကြော လွတ်ရာကို မှန်း၍ လက်ထောက် ဆရာဝန်မမက အပ်နှင့်ထိုးဖောက်လိုက်သည်။ နောက် အပ်ချည်နှင့် သား အိမ်ဘက်ပြွန်ကို ခပ်တင်းတင်း နှစ်ချက်ဆင့်ချည်လိုက်သည်။ တစ်ခါ အဖျား ဘက်ပြွန်ကိုပါ တစ်ဆက်တည်း ချည်လိုက်ပြန်သည်။ ကြိုးချည်ရာနှစ်ခု ကြားမှာ သားဥပြွန်သည် သံလိုက်အိမ်မြှောင်၏ ကိုယ်ထည် သဖွယ်ဖြစ်နေ ပြီး ကြိုးချည်ရာနှစ်ခုကတော့ သံလိုက်အိမ်မြှောင်၏တောင်စွန်းနှင့် မြောက် စွန်းနှစ်ခုကို ဆွဲစေ့ထားသလို ဖြစ်နေသည်။
သည်မှာ 'ဂ'ငယ်ခုံးပြွန်ခေါင်းကို ခွလျက်သား ညှပ်တစ်ခုနှင့် ညှပ် လိုက်သည်။ Bebkock နှင့် ဆွဲမထားသည့် ပြွန်ခေါင်းခွေအသားနှင့် ညှပ် ကြားကို ခပ်ကွေးကွေး ကပ်ကြေးတစ်လက်ရောက်လာသည်။ Bebkock  ၏ ခြင်းပုံ အညှပ်ထိပ်မှာ ပြွန်အပိုင်းအစ ကပ်ပါသွားပြီ။ ညှပ်အပေါ် ပြွန် ခေါင်းအကျန် ကို သွေးထွက်တိတ်အောင် တို့သုတ်၊ နောက် ညှပ်အောက် ကနေ ပြွန်ခေါင်းအထုံးနှစ်ခုကို ထပ်ချည်။ ဗိုက်ထဲက ဖြတ်တောက်ကြွင်း ကျန် သားဥပြွန်ကို ပြန်ထည့်။ တစ်ခါ ကျန်သားဥပြွန်တစ်ဖက်ကို ထုတ်ယူ ဖို့ ကြိုးစား။
ဒါဟာ သားကြောဖြတ်ခြင်း Sterilization ခွဲစိတ်ခြင်းပဲ ဖြစ်သည်။ အလျင်အမြန် အသွက်အလက် လှုပ်ရှားနေသော လက်အစုံတို့သည် ပင် ပန်းဟန်မရှိ။ ပကတိ ပေါ့ပါးလျက်၊ သွက်လက်လျက်။ ဒါဟာ ဖျက်ဆီးဖို့ တက်ကြွနေခြင်းလား။ မဖြစ်နိုင်။ သည်လူနာသည် တတိယလူနာ။ သူ့ နောက်မှာ ခုနစ်ယောက်ကျန်သည်။ သည်နေ့အဖို့ သားကြောဖြတ်မည့် လူ နာ ဆယ်ဦး။ သည်တော့ အချိန်လည်း မရှိ။ နောက်... နောက်... တည် ဆောက်တာမဟုတ်လို့ အချိန်မကြာတာလား။ ဖျက်ဆီးတာမို့လို့ လွယ်ကူ တာလား။ ပူစရာမလိုတာလား။ သည်လိုပဲလား။ တစ်နေ့တစ်နေ့ ဖျက်ဆီး သူတွေများများလာနေပြီလား။
ဟင့်အင်း...။ ဒါဟာ ကာကွယ်တာမဟုတ်ဘူးလား၊ လူဦးရေတိုးနှုန်း ကို ဟန့်တားတာ။ စာနပ်ရိက္ခာဖူလုံရေး ကို ကာကွယ်တာ။ ဒါဟာ ကာကွယ် တာလား။ ဒီလိုပြောရင် တရားပါ့မလား။ ဒါဆင်ခြေလား။ မဟုတ်ဘူး။ ဒါ ဟာ ဖျက်ဆီးတာမဟုတ်ဘူး။ ဒါဟာ ကိုယ်ဝန်ဖျက်ချတာ မဟုတ်ဘူး။ ဒါ ဟာ သားကြောဖြတ်တာပဲ။ ဘယ်လိုပဲ လွယ်ကူနေပစေ။ ဘယ်လိုပဲ များ ပြားနေပစေ။ ဒါဟာ လိုအပ်လို့ ကာကွယ်ရတာပဲ ဖြစ်သည်။
''အစ်မ ကလေးဘယ်နှယောက်ရှိလို့လဲ''
''ခုနစ်ယောက်''
''အံမလေး၊ သုံးယောက်တုန်းက မဖြတ်ဘဲ ဘာလို့ ခုမှဖြတ်ရတာလဲ အစ်မရယ်''
''သြော်... ဆရာမရယ်၊ ကျွန်မတို့က နယ်ကလေ၊ လူကြီးတွေက လည်း မကြိုက်ဘူး မဟုတ်လား၊ ကျွန်မကလည်း ဒီလိုလုပ်လို့ရမယ်မှန်း မသိတာရော၊ သိရတော့လည်း ဝဋ်တွေဘာတွေကြောက်သေး တာနဲ့...''
''သြော်... ဒါက သန္ဓေကို တားရုံတားတာပါ၊ သားကြောဖြတ်တယ် ဆိုတာ ကလေးရယ်လို့ကို မဖြစ်ရအောင် ကြိုးစားတာ၊ ဟို ဖျက်ချတာက မှ ကလေးရယ်လို့ဖြစ်ပြီးမှ ငရဲကျအောင် လုပ်တာပေါ့၊ ခုဟာက တားရုံ တားတာလေ၊ ဒါက ဘယ်လိုပြောမလဲ သားကြောကို ဖြတ်ပစ်လိုက်ပေမဲ့ ကလေးကို ဖျက်ပစ်လိုက်တာနဲ့ မတူဘူးလေ၊ ဒါက ဖြတ်တာ၊ ဟိုဟာက ဖျက်တာ... အဲ... ဟင်း...ဟင်း''
သူငယ်ချင်းက အဆီပြင်မရှိသလောက်ဖြစ်သော ဝမ်းဗိုက်အရေပြား ကို တစ်လွှာချင်းချုပ်နေရာမှ လူနာကို အသေအချာရှင်းပြနေသော်လည်း သူ ရှင်းလေ၊ လူနာရှုပ်လေ ဖြစ်နေတော့သည်။
တကယ်တော့လည်း တွေးစရာတွေက အပုံအပင်။ လိုချင်သူက ရ အောင် ကြိုးစားနေချိန်မှာ မလိုချင်တော့သူတွေက အကြောင်းကြောင်း ကြောင့် လိုချင်ကြသလို၊ မလိုချင်သူတွေမှာလည်း အကြောင်းကြောင်းတွေ နှင့်။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစသည့်ပြဿနာတွေက မကုန်နိုင် မခန်းနိုင်။
နောက် လိုချင်၍မရသူတွေက နည်းပြီး မလိုချင်ဘဲ သို့မဟုတ် မလို ချင်သင့်တော့ဘဲ ရနေသူတွေက များနေပြန်သည်။ သည်မှာ ကျန်းမာရေး ပညာခေါင်းပါးတာတစ်မျိုး၊ ကိုးကွယ်ယုံကြည်မှုအယူအဆ အစွဲအလန်းကြီး တာက တစ်မျိုးနှင့် မလိုချင်သင့်တော့မှန်း မသိသူတွေများနေခြင်းကြောင့် မလိုချင်ဘဲ ရသူ၊ တစ်နည်း သားကြောဖြတ်သူဦးရေ များနေရတာလား။ ဒါမှမဟုတ် မိန်းမတို့သဘာဝအရ တည်ဆောက်ရန်ဖြစ်တည်ထားရသူများ ပီပီ တည်ဆောက်ခွင့်ရသူတွေများပြီး တည်ဆောက်ခွင့်မရသူတွေ နည်းပါး သည့်အတွက် လိုချင်သော်လည်း မရသူ၊ တစ်နည်း သားဥပြွန်ပြုပြင်ရသူ ဦးရေတွေ နည်းနေရသူလား။
ဒါဖြင့် သူငယ်ချင်းပြောနေသလို ဖျက်ဆီးနေတာမဟုတ်ဘဲ ကာကွယ် နေတာသာ ဖြစ်သည်ပေါ့။
''ဟေ့ ဘာငေး ဘာတွေးနေတာလဲ Salpingostony (သားဥပြွန်ပြုပြင် ခြင်း) ဝင်ပြီး ထွက်လာကတည်းက ငူငူငေါင်ငေါင်နဲ့၊ ပြီးတော့ လက်မဆေး ဘဲ ဒီမှာလာရပ်ကြည့်ပြီး ဘာတွေ တွေးနေတာလဲ ဥစနမအေငသည နှစ်ခု ဆန့် ကျင်ဘက်ဆိုပြီး အတွေးခေါင်နေပြန်ပလား။ လာ... လာ၊ လက်အရင် ဆေး၊ ပြီးမှ တွေး၊ ဘာပဲဖြစ်ဖြစ် ခုခွဲစိတ်ခြင်း နှစ်မျိုးလုံးက လူနာတွေရဲ့ ကျန်းမာရေးအတွက် လုပ်တာချည်းပဲနော်၊ ဘယ်တစ်ခုကမှာ မကောင်းတဲ့ အဖျက်အမှောင့်အလုပ်မဟုတ်ဘူး၊ ဒါဆို နင် လက်ဆေးလို့ဖြစ်ပြီမဟုတ် လား၊ လာ...လာ... လက်အိတ်မှာ သွေးတွေ ခြောက်ကုန်ရင် ဆေးရ ခက်တယ်''
သူငယ်ချင်းက ပျံ့လွင့်နေသော မိမိ၏ အာရုံများကို ပြန်လည် တည် ဆောက်ပေးသွားသည်။
x x x
ဘုံဘိုင်ရေတွေက သွေးစွန်းသည့်လက်အိတ်ပေါ်ကို တဖွားဖွား။ ရေ စစ်ထဲမှာ သွေးရည်ကြဲတွေ စီးမျော။ ဒါဟာရော သွေးရဲ့ပျက်စီးခြင်းပဲလား။
အို... မဟုတ်ဘူး။ မဟုတ်ဘူး။ တော်ပါတော့။ မတွေးချင်တော့။
တကယ်တော့ ကလေးရအောင်ပဲလုပ်လုပ်၊ ကလေးမရအောင်ပဲ လုပ် လုပ်၊ လက်ရှိ ရှိနှင့်ပြီးသော ကလေးတွေ၏ အနာဂတ် ကံကြမ္မာကို အ ကောင်းဆုံး တည်ဆောက်ပေးသွားကြဖို့ကသာ...။
ဆပ်ပြာခဲက လက်အိတ်ပေါ်မှာ တွယ်ကပ်နေသည့် သွေးစသွေးနတွေ ကို တွန်းထိုးဖယ်ရှားနေသည်။ ခါတိုင်းသာမန်ကာလျှံကာ ဆေးပြီး ချွတ်ပစ် ခဲ့သော လက်အိတ်ကို သည်နေ့သေချာသန့်စင် သည်ထိ ဆေးနေ မိသည်။
လက်အိတ်ချွတ်ပြီး ပေါင်ဒါမှုန့်အချို့ပေနေသည့်လက်ကို ရေအလျဉ် အောက် ထိုးခံလိုက်ပြန်သည်။ ခါတိုင်း ဆပ်ပြာနှင့် တစ်ထပ်တည်းပြန်ဆေး နေကျပေမဲ့ သည်နေ့လက်ဖျံထိတိုင် ခွဲခန်းမဝင်ခင်ကလို ပြန်ဆေးနေမိ သည်။ ဆပ်ပြာမြှုပ်တွေနှင့် အရေပြားတွေ နီမြန်းအေးခဲချွဲကျိရှင်းသန့် ပြောင်စင် လာတော့မှ ရေ အလျဉ်အောက် လက်ချောင်း၊ လက်ဖဝါး၊ လက်ခုံ၊ လက်ကောက်ဝတ်၊ လက်ဖျံ၊ ဘုံဘိုင်ခေါင်းကို တံတောင်ဆစ်နှင့်ပင် ပြန် ပိတ်လိုက်သည်။ ရှင်းသန့်စိုနူးနေသည့် လက်ဖဝါး၊ လက်ချောင်းတွေကို မညစ်ပတ်စေလိုတော့။
ရှင်းသန့်နေသော လက်များသည်သာ သန့်ရှင်းသော ကာယကံများကို ပြုပြင်နိုင်မည်ဟု မနောကံက ပို၍ရှင်းသန့်ပီသစွာ ယုံကြည်သထက် ယုံ ကြည်နေမိလေသည်။
မသီတာ(စမ်းချောင်း)
စံပယ်ဖြူမဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၁၉၉၁။

No comments:

Post a Comment