Monday 21 November 2011

သွေးစကား

''ဟဲ့... နင်တို့တွေကို ဘယ်သူက အထဲဝင်ခိုင်းလို့ ဝင်လာကြတာ လဲ၊ သွား... သွား... အပြင်မှာ သွားနေကြစမ်း၊ တကတဲ ကုလားအုတ် မျိုးတွေ၊ အပေါက်ဝမှာ ပြူတစ်ပြူတစ်နဲ့၊ တစ်ခါတစ်လှမ်း တစ်လှမ်းတိုးရင်း ငါးအခန်းထဲ ရောက်လာကြပြီ၊ ဟူး... ပူရအိုက်ရတဲ့အထဲ နင်တို့မြင်ရ တာ စိတ်ပါအိုက်တယ်၊ သွားကြစမ်း၊ တစ်ယောက်မှလည်း ကြည့်ချင်စရာ မရှိဘူး''
သား ခေါင်းကို ငုံ့သထက်ငုံ့ပြီး တွေးနေလိုက်တယ်။ ဒီအသံကို သား မွန်းတယ်။ ပြီးတော့ ကြောက်တယ်။ အသံကကျယ်ပြီး စူးလိုက်တာ။ မေမေ့ ဗိုက်သားတွေရယ်၊ ရေအိတ်ရယ်ကို ဖြတ်ပြီးမှ သားနားထဲကို ရောက်လာ ပေမဲ့ သားရဲ့နားထဲမှာ အရမ်းကို ကျယ်ပြီး စိမ့်သွားတာပဲ။ ဒီနေရာကို ရောက်လာပြန်ပြီဆိုတာ သား သိလိုက်ရတယ်။ ဒီအသံကို သားငယ်ငယ် ကတည်းက ကြားခဲ့ရတာ။ တစ်ခါမှ နားထောင်လို့မကောင်းဘူး။ ဒါပေမဲ့ မေမေက ဒီကိုပဲ ခဏခဏလာရတယ်။ မလာလို့လဲ မရဘူး။ တစ်ခါက တော်တော်ကြီးကြာမှ လာလို့ အဲဒီအသံ၊ အဲဒီဆရာဝန်မဆိုတဲ့အသံက အော်ပြန်ရော။ ''နင်တို့ဟာလေ နင်တို့ကို ငါက တွေ့ချင်မြင်ချင်လွန်းလို့ အလှကြည့်ဖို့ခေါ်တာမဟုတ်ဘူးဟဲ့၊ နင်တို့ကပဲ အလာနိုင်ဘူးရှိရသေးလား၊ အေး... ငါကသာတောင်ကြိုက်သေးတယ်၊ မလာကြနဲ့၊ ငါ့ဘာသာငါ အေး လို့၊ ပင်ပန်းရတာတောင် သက်သာသေး၊ အေးပေါ့ စားဝတ်နေရေးပေါ့၊ နင် တို့ အဲဒါပဲလုပ်ပေါ့၊ ပြီးတော့ နင်တို့ပဲ တြ>ွပတ်ြ>ွပတ်မွေး ဟုတ်လား၊ ငါပြော လိုက်ရင် မကောင်းဘူး၊ အလကားဟာတွေ၊ နင်တို့ပဲ အလုပ်ရှုပ်ကြ၊ အလုပ် ဖြစ်ကြ၊ ပြီးတော့ ငါတို့ဆီ ဖြစ်ချင်ရာဖြစ်ပြီး ရောက်လာကြ၊ တော်တော့၊ စေတနာကို မရှိဘူး၊ နင်တို့မလာရင် အေးတာပဲ၊ အချိန်တန် ငါ့လခ ငါရ မှာပဲ'' ဒါနဲ့ပဲ မေမေလည်း သားလိုပဲ ကြောက်တာထင်တယ်။ ဒီနေရာကို ရောက်ရောက်လာရတာပေါ့။ မလာဘဲလည်း နေလို့မှ မရတာကိုး။ သားက ရှိသေးတယ်လေ။ သား လူဖြစ်ရဦးမယ်။
သား လူဖြစ်ချင်လှပြီ။ မေမေ့ဗိုက်ထဲက ထွက်ချင်လှပြီ။ အပြင်လောက ကြီးကို သားရင်ဆိုင်ချင်လှပြီ။ အပြင်လောကကြီးရဲ့ လွတ်လပ်မှုကို သား လိုချင်လှပြီ။ ခုတော့ မေမေ့ဗိုက်ကျဉ်းကျဉ်းလေးထဲမှာ သားဟာ ခွေခေါက် လို့ တစ်ယောက်တည်းနေရတာ ကြာလှပြီ။
သား မှတ်မိသလောက် သားကိုယ်သား မေမေ့ဗိုက်ထဲမှာ မေမေ့သား အဖြစ် တစ်ယောက်တည်း ခွေခေါက်ကျပ်တည်းရောက်နေတာမှန်းသိတာ ငါးလလောက်ရှိနေပြီ။ သားကိုယ်သား မေမေ့သားမှန်း လူကလေးမှန်း မသိ ဘဲ မေမေ့ဗိုက်ထဲ ရောက်နေတာနဲ့ဆို သားဟာ ကိုးလလောက် ရှိနေပြီ။ မေမေ့ဗိုက်ထဲ ရောက်နေတာလေ။ ဒါမေဲ့ သားကိုယ်သား သိတဲ့ငါးလကိုပဲ သားသိတယ်။ အဲဒီငါးလအတွင်းမှာ သား ဒီအသံကို ကြားရတယ်။ ကြား ရတိုင်း သား စိတ်ညစ်တယ်။
မေမေ ဘာဖြစ်လို့ ဒီကိုလာခဲ့တယ် မသိဘူး။
''မေပါဦး၊ နင့်ကြည့်ရတာလည်း ဖြူဖွေးနေတာပဲ၊ သွေးကို မရှိဘူး၊ နေ...၊ နင် ဘာစားလဲ...၊ ဟဲ့... အားဆေးမေးတာ၊ အေး... မစား ရင် ခုက စစားတော့၊ ယူသွား၊ အရေးကြီးတာကတော့ အစားအသောက် ဂရုစိုက်၊ နင့်အိမ်ရှေ့စံကြီးနဲ့ အပြင်က ဟာလေးတွေအတွက်ပဲ လုပ်မနေနဲ့၊ နင်လည်း စား၊ နင်က စားရင် နှစ်ယောက်စာစားရမှာ၊ ကြားလား၊ စားဆို တိုင်း နင်က ဘာစားမှာလဲ၊ အသားဓာတ်များများပါတာစား၊ သံဓာတ်များ များပါတာစား၊ အံမယ် ဆင်ခြေပေးဖို့ ပါးစပ်မပြင်နဲ့၊ ငါ သိတယ်၊ ကြက် သား၊ ဝက်သား၊ အမဲသား၊ ငါလည်း မစားနိုင်ဘူး၊ နင် မပြောနဲ့၊ ငါလည်း မစားနိုင်ဘူး၊ လူတိုင်း မစားနိုင်ဘူးဟဲ့၊ ရယ်မနေနဲ့ ငါပြောတာ နားထောင်၊ နင် မုန့်ဟင်းခါးတော့ ဝယ်စားနိုင်တယ် မဟုတ်လား၊ အေး... ဘူးသီး ကြော်ထည့်မစားနဲ့၊ စားရင် ပဲကြော်ထည့်စား၊ အဲဒါလည်း အသားဓာတ်ပဲ၊ သံဓာတ်အတွက်တော့ ငါတို့ ဒီကထိုးဆေးစားဆေး ပေးနိုင်လှ တစ်ခါနှစ်ခါ ပဲရမယ်၊ အဲဒီတော့ ကန်စွန်းရွက်စား၊ ဟင်းနုနွယ်စား၊ ကြားလား''
တကယ်တော့ မေမေ့အဖို့ ဒီအသံက ကျယ်ပေမဲ့ ဒါမျိုးတွေ ပြောတော့ သိရလို့ ဖြစ်မယ်၊ ခုဆို သားစားချင်တဲ့ ဘူးသီးကြော်တောင် မေမေက သိပ် မစားတော့ဘူး၊ အဲဒီအသံပြောနေတဲ့ပဲကြော်ပဲ စားစားနေတယ်လေ။
''ဟေ့- ယူတို့ မှတ်ထားနော်၊ ယူတို့ ဘုတ်အုပ်ကြီးထဲကဟာတွေ ရွတ် ပြမနေနဲ့၊ လုပ်နိုင်တာပဲ ပြော၊ မလုပ်နိုင်တာ လာမပြောနဲ့၊ တွေ့လား... ပေတံ၊ ကောက်ပေါက်လိုက်မယ်၊ နင့်ကို ပြောတာ ဟဲ့ကောင်မလေးရဲ့၊ နင့် ကို ဘာလဲ၊ ပညာပေးအကြောင်း ပြောတာမဟုတ်ဘူး၊ နင်လက်ဆေးနေတာ မပြီးနိုင်လို့၊ ဒီမှာ ရေရှားတယ်ဆိုတာ နင်မသိဘူးလားဟဲ့၊ ဆယ်နာရီဆို ဘုံဘိုင်ခေါင်းပွင့်လို့ကတော့ လေပဲလာမယ်၊ အဲဒီစဥ့်အိုးတစ်အိုးပဲ ရေရှိ တာနော်၊ နင့်လို ရေသုံးကြမ်းလို့ကတော့ နင့်ဘကြီးတွေခေါ်ပြီး ရေဖြည့် ခိုင်းတော့၊ ဒါ ဆေးရုံ၊ ကန်တော်ကြီး မဟုတ်ဘူး၊ အင်းလျားမဟုတ်ဘူး၊ ရေမရှိဘူးဟဲ့၊ နားလည်လား၊ သူများတကာဖို့ချန်ဦး''
အဲဒီအသံဟာ ဒီနေရာမှာတော့ သိပ်ကျယ်ပြီး ဒီတစ်သံပဲရှိတာလား မသိဘူး။ ဒီအသံကိုပဲ ကြားနေရတယ်။ ကြားတိုင်းလည်း နားကျဉ်သွား တာပဲ။ သားတော့ ပြန်စေချင်ပြီ။ မေမေ့အလှည့်ကလည်း ကြာလိုက်တာ။ သားလေ မေမေ့ဗိုက်ထဲကနေပြီး ပြင်ပလောကထဲထွက်ဖို့ စောင့်နေရတာ ကြာလို့ ပျင်းတာထက် ခုလိုမေမေ့အလှည့်ရောက်အောင် စောင့်နေရလို့ စိတ်ညစ်တာက ပိုဆိုးတယ် ထင်တာပဲ။ ဒါပေမဲ့ သားက ဘာတတ်နိုင်ဦး မှာလဲ။ မေမေတောင် ဘာမှမတတ်နိုင်တာပဲလေ။ ဟုတ်တယ်။ သားမှာက အချင်းတစ်ခုပဲ အားကိုးရာအဖော်ရှိတာ။ မေမေ့လို ပြင်ပကမ္ဘာကြီးထဲမှာ အားကိုးရာတွေ အများကြီးရှိတဲ့ လွတ်လပ်တဲ့သူကတောင် ဘာမှ မတတ် နိုင်တာဆိုတော့ သားက ဘာတတ်နိုင်မှာလဲ။
သားခေါင်းကိုရော ကိုယ်ကိုပါ ကွေးသထက် ကွေးပြီး ငြိမ်နေရာကနေ ခြေဆန့်လက်ဆန့် လှုပ်လိုက်တယ်။ သား အပြင်ကို ထွက်ရတော့မှာပါ။ ခုဆို သားနေနေတဲ့ ရေအိတ်ထဲမှာလည်း ရေက သိပ်မရှိတော့ဘူး။ အချင်း လည်း အိုလာပြီ သားလည်း ကြီးလာပြီ။ သား အပြင်ထွက်ရဖို့ပဲ စိတ်စော နေမိတယ်။
''ဟဲ့... ပြော၊ နင်စမ်းပြီးပြီ မဟုတ်လား၊ ဘာလဲ၊ ဘာ... ဒါလား၊ ခေါင်းက ဖွားမှာ၊ ကဲ- ပေးစမ်းလက်၊ ရော့ ဒီမှာ သေချာစမ်းကြည့်၊ နင့် လက်ထဲကဟာက ဘာလဲ ဒါ မမေ့ရင်ညွန့်၊ ဒီမှာ ချက်၊ ကဲ- ဒီကြားမှာ ဒီ လုံးလုံးဝိုင်းဝိုင်း မာမာလှုပ်လှုပ်ဟာ ဘာလဲ၊ ခေါင်းပေါ့ဟဲ့၊ အေး- အောက် မှာ ပြန်စမ်းကြည့်ပါဦး၊ ဆီခုံရိုးအထက်မှာလေ၊ ကဲ- ပျော့စိစိပဲ မဟုတ် လား၊ အေး- သိပ်မညီဘူး၊ အင်း... အဲဒါ ဘာလဲ...၊ အေးပေါ့ဟဲ့၊ ဖင် ပေါ့၊ အေး- ဒီတော့ ဆုံဖွားပေါ့ဟဲ့၊ အေးနော်၊ နင်တို့ ဒါလေးမှ မှာလို့ မဖြစ် ဘူးနော်၊ ဒါမှားရင်တော့ သွားပြီ၊ ကဲ- ပြောစမ်းပါဦး၊ ခေါင်းကဖွားနဲ့ ဆုံက ဖွားမှာ မွေးပေးရတာချင်း ဘာကွာလဲ''
အဲဒီအသံက အော်ပြန်ပြီ။ ဒါပေမဲ့ သားစဉ်းစားတယ်။ ဆုံဖွားတဲ့။ သားလိုပဲပေါ့။ သားလည်း မေမေ့ဗိုက်ထဲမှာနေတော့ ခေါင်းငိုက်စိုက်နဲ့ ကျုံ့ ကွေးနေရမှာ စိတ်ကျဉ်းကျပ်တယ်လေ။ ဒီကျဉ်းကျဉ်းလေးထဲမှာ ခေါင်းငိုက် စိုက်နဲ့မနေချင်လို့မို့ သားကတော့ ခပ်တည့်တည့်ပဲ နေဖြစ်တယ်။ ဒီတော့ ဆုံဖွားပေါ့။
''ဟဲ့- ဘာပြောတယ်၊ ဆုံဖွားဆိုတိုင်း ခွဲမွေးရမယ်လို့ နင့်ဘယ်သူ သင် ထားလဲ၊ ဘယ်မှာ မှတ်ထားဖူးလဲ၊ ကဲ- ငါခေါက်လိုက်ရလို့ သေတော့မယ်၊ ဘာပြဿနာမှ တွဲမလာဘဲနဲ့ ရိုးရိုးဆုံဖွားဆို နင်က ရက်ရက်စက်စက် ခွဲ မွေးမလို့လား၊ အလကားနေရင်း ဓားပြင်ချင်တဲ့ကောင် လာခဲ့၊ ငါဖြင့် စိတ်ညစ်ရတဲ့အထဲ''
အဲဒီအသံကတော့ စိတ်ညစ်တယ်ချည်း ပြောတာပဲ၊ တကယ်တော့ ဘာ မဆို သူချည်းပြောနေတာပဲလေ။ သူချည်းပြော သူချည်းအော်နဲ့။
''ဟဲ့- ကလေးအမေ၊ နင့်ဗိုက်က ဒဏ်ရာတွေက ဘာလဲ၊ ဟင်... နှစ်ခါခွဲမွေးထားတာ ဟုတ်လား၊ နေဦး၊ နင့်အရပ်က လေးပေကိုးလက်မ နော်၊ အေး...ညှပ်ရိုးကျဉ်းလို့ခွဲမွေးထားတာ၊ ဒါနဲ့ နင် နောက်ဆုံးရာသီ လာတဲ့နေ့က ဘယ်နေ့လဲ၊ အံမယ်လေး နင့်ဟာက ရက်ပဲ လွန်တော့မယ်၊ ကြည့်စမ်း၊ နင့်ဟာက ရေတောင်မရှိချင်တော့ဘူး၊ ကလေးပဲ စမ်းလို့ရတော့ တယ်၊ အင်း... အရေးထဲ ဆုံဖွား၊ ဟင်း...''
ဟင်... သူက ဆုံဖွားမို့ စိတ်ညစ်တယ်တဲ့၊ မေမေတို့ကတော့ ခြေက ဖွားရင် ထက်လို့ဆိုပြီး ပျော်နေကြရဲ့။
''ဟဲ့... နင့်ကို မေးနေတယ်လေ၊ နင် ဒီနေ့ ဆေးရုံတက်မှာလား မ တက်ဘူးလား၊ အချိန်က မရှိဘူးနော်၊ ငါ နင့်ကို ရှင်းရှင်းပဲ ပြောလိုက်မယ်၊ နင်ဟာက ရက်လွန်ခါနီးနေပြီ၊ နင်ဒီနေ့တက်မှ တနင်္လာနေ့ ခွဲတဲ့ထဲပါမှာ၊ ဒါတောင် နောက်ကျနေပြီ၊ အေး- ဒီထက်နောက်ကျသွားလို့ကတော့ အရင် က ခွဲဖူးတဲ့ နင့်သားအိမ်ချုပ်ရိုးကတော့ ဖြန်းဖြန်းကွဲပြီး နင်ရော ကလေးရော ကြံတောရောက်သွားလိမ့်မယ်၊ ကြားလား၊ ကဲ- ဘယ်လိုလဲ၊ နင် ဒီနေ့တက် မလား၊ နင် အရင်လို ပြန်လာခဲ့မယ်ဆိုပြီး အိမ်ပြန်ပြီး ပျောက်သွားလို့ မရ တော့ဘူး၊ ခုဟာ နေ့စေ့လစေ့ဖြစ်နေပြီ၊ အေး- နင်ပြန်မလာလို့ရှိရင်တော့ နော် ငါတာဝန်မယူဘူး၊ နင့်ဗိုက်ကြီး ကွဲထွက်ပြီးလာလို့ကတော့ နင်နဲ့ နင့် ကလေး ကြံတောရောက်သွားမယ်၊ အေး နင်ဗိုက်ကွဲတာ နင်တို့ကြံတော ရောက်တာ အရေးမကြီးဘူး၊ ငါ ဆံပင်ဖြူလိမ့်မယ်၊ အဲဒါ အရေးကြီးတယ်၊ ငါတော့ ဆံပင်အဖြူမခံနိုင်ဘူး၊ နားလည်လား၊ ကဲ... ဆင်းတော့''
အဲဒီ ပြောခံရတဲ့သူတွေတော့ ဘယ်လောက် အားငယ်မလဲ၊ ကြောက် မလဲ မသိဘူးနော်၊ မေမေကတော့ ကြောက်နေပြီလေ။ သားသိတာပေါ့။ ဒီလောကကြီးထဲမှာ မေမေ့အကြောင်း သားက အသိဆုံးပါ မေမေ။ မေမေ ကြောက်နေပါပြီ။ သားတောင် နေရခက်နေတယ်လေ။ မေမေ သိပ်ကြောက် နေပြီပေါ့။ ဟုတ်တယ်လေ။ ကြောက်စရာကြီးရယ်၊ မခွဲဘဲ ပေါက်သွားရင် သူဆံပင်ဖြူမှာက အရေးကြီးတယ်တဲ့။ ကလေးတွေ အမေတွေ သေတာက အရေးမကြီးဘူးတဲ့၊ မခွဲဘဲ ပေါက်သွားရင်...။
တကယ်လို့ မေမေ့ကို ခွဲမွေးရရင်ရော မေမေ့ဗိုက်ကြီးကို အဲဒီအသံနဲ့ ဆရာမက ဓားကြီးနဲ့ခွဲပြီး သားကိုစွေ့ခနဲဆွဲထုတ်သွားမှာလား။ ဟင့် အင်း... ဟင့်အင်း၊ မေမေ နာမှာပေါ့။ မေမေ နာမှာကို သားမလိုလား ဘူး။ သားမကြိုက်ဘူး။ မေမေ မနာစေရဘူး။
ဟုတ်တယ်။ မေမေ မနာစေရဘူး။ သားက မေမေကလည်း သားကို ပြင်ပလောကထဲ ထွက်စေချင်ပြီဆိုတဲ့ အချိန်မှာ မေမေနဲ့သား တူတူကြိုး စားပြီး သား ပြင်ပလောကထဲရောက်အောင် လုပ်ကြနော်၊ သားလေ သား။
မေမေ့ကို အားကိုးပြီးတော့မှ ပြင်ပလောကကြီးဆီ ထွက်လာချင်တာ။
''ကဲ... တက်၊ အင်း... နေဦး၊ အေး... ဒီတစ်ယောက်လည်း ဆုံဖွားပဲဟဲ့၊ ကဲ ကောင်မလေးတွေ ဒီတစ်ခါတော့ နင်တို့အလှည့်ပဲ၊ နင်တို့ မေးကြ၊ ပြောကြ၊ စမ်းကြ ဟုတ်လား၊ ပြီးရင် ငါ့ပြန်ပြောကြ ဟုတ်ပြီလား၊ သေချာမေးနော်၊ ပြီးရင် တစ်ခါတည်း ဘယ်လိုမွေးမလဲ၊ ဘယ်တော့မွေးပေး မလဲ၊ စဉ်းစားထား၊ ငါပြန်မေးမယ် ဟုတ်လား၊ နင်တို့ကို ငါက မေးမှာနော်၊ နင်တို့ ငါ့ကို ပြန်မေးမယ်များ မကြံကြနဲ့''
မေမေ့အလှည့်က ခုမှပဲ ရောက်တော့တယ်။ ဘယ်လိုမွေးစေမလဲ။ ဘယ်တော့ မွေးပေးမလဲဆိုတာ သိရမတဲ့။ မေမေ ရင်တွေခုန်နေတယ်။ သားလည်း ရင်ခုန်လာတယ်။
''ကျွန်မကို ခွဲမွေးမှာလားဟင်'' တဲ့။ မေမေ့အသံ။အို...ဘာမှ မကြောက်ပါနဲ့ မေမေ။ မေမေ မကြောက်ပါနဲ့။ ဆုံဖွား တိုင်း ခွဲမွေးရတာမှ မဟုတ်ဘဲ မေမေရဲ့။ ခုနက ပြောသွားတယ်လေ။ ပြီး တော့ ခွဲမွေးလို့ မေမေနာမှာကို သားမလိုလားပါဘူး မေမေရယ်။ ပြီးတော့ ဓားကြီးနဲ့ မေမေ့ဗိုက်ကို ခွဲ၊ သားကို ဆွဲထုတ်တဲ့အခါ ခေါင်းအငိုက်သားနဲ့ စွေ့ခနဲထွက်လာ။ အဲလို ထွက်လာရမှာကိုလည်း သားမလိုချင်ဘူး။
သားကလေ အမြန်ဆုံး ပြင်ပလောကထဲ ထွက်လာမယ်နော်။ သားက မေမေ့သား။ မေမေ့ကို ယုံတယ်။ မေမေရဲ့ မိဘမေတ္တာ၊ မိခင်စွမ်းအားကို ယုံတယ်။ နောက် သားကိုယ်သား ယုံတယ်။ သားရဲ့မေမေ့အပေါ်ထားတဲ့ မေတ္တာနဲ့ သားရဲ့ခွန်အားကို ယုံတယ်။ မေမေရဲ့အားနဲ့ သားရဲ့အား ပေါင်း ရင် မေမေဟာ ဘာလို့ ခွဲမွေးရမှာကို ကြောက်နေရဦးမှာလဲ။ မေမေနဲ့ သား တို့ရဲ့ အားနဲ့ သားဟာ မေမေ့ဝမ်းကြာတိုက်ထဲကနေ ပြင်ပလောကကြီးထဲ ကို ရှောရှူချောမောစွာပဲ ခြေစုံကန်ပြီး ဝင်လာမှာပေါ့ မေမေရဲ့။ သား ခြေ စုံကန်ပြီး ဝင်လာခဲ့မယ် မေမေ။ မေမေက သားကို ပြုံးပြီးကြိုနေပေါ့။ ဟုတ်လား။ မေမေ ပြုံးနေနော်။
မသီတာ(စမ်းချောင်း)

No comments:

Post a Comment