Tuesday 22 November 2011

အားကျစရာ လူသားဆန်တဲ့ တာဝန်ယူစိတ်

 

“လူသားဆန်မှု အတွက် အကောင်းဆုံး ဆရာတွေ ကတော့ ကြီးကျယ် မြင့်မြတ်သူ တွေရဲ့ ဘ၀ ဇာတ်ကြောင်းတွေပါပဲ”လို့ ဖော့ဘ်စ်မဂ္ဂဇင်း (Forbes Magazine)ရဲ့
ဖခင်ကြီး ဘီစီဖော့ဘ်စ် (၁၈၈၀-၁၉၅၄)က ပြောခဲ့ဖူးပါတယ်။ တကယ်တော့ အများစု ဖြစ်တဲ့ သာမန်လူတွေ အနေနဲ့ အားကျ အတုယူစရာ စံပြပုဂိ္ဂုလ် တွေရဲ့ ဘ၀ဇာတ်ကြောင်းကို ကြားသိရတဲ့ အခါ အားကျ ကြရတာ ဖြစ်တတ်တဲ့ သဘာဝပါ။ အများအားဖြင့်တော့ ကြီးကျယ်မြင့်မြတ်သူ တွေရဲ့ ဘ၀ ဇာတ်ကြောင်းကို ကြားသိရတဲ့ အခါ စိတ်ထဲမှာ နှစ်ထောင်း အားရဖြစ်ကာ သူက အနစ်နာခံသူ ဆိုရင် ကိုယ်ကလည်း တစ်နေရာရာမှာ တစ်ခုခုအတွက် အနစ်နာခံလို စိတ်တွေ ဖြစ်လာတတ် ကြတာမျိုးလည်း ရှိပါတယ်။

ဒီလို ကိုယ်ကပါ လိုက်ပြီး ပေးဆပ်ချင် စိတ်တွေ ဖြစ်လာတာဟာ အင်မတန် လူသားဆန်တဲ့ စိတ်ဖြစ်ပြီး အားကျစိတ်ပေါ်မှာ အရင်းခံပါတယ်။ တစ်စုံတစ်ယောက် အပေါ် အားကျစိတ် မဖြစ်မချင်း အဲဒီ တစ်စုံတစ်ယောက် ပြုမူ ကျင့်ကြံတဲ့ အတိုင်း ပေးဆပ် အနစ်နာခံဖို့ အတွေး မရောက်နိုင်ပါဘူး။ အားကျစိတ် ဆိုတာ တကယ်တော့ ကြီးကျယ် မြင့်မြတ်တဲ့ သူအပေါ်မှာမှ မဟုတ်ဘဲ ဘယ်သူ့ အပေါ်မှာ မဆို ဖြစ်နိုင် နေပါတယ်။ ဆိုပါတော့။ သူခိုး တစ်ယောက်ကို အားကျ နေတာမျိုးလည်း ဖြစ်နိုင် နေတာကိုး။ သူ့လို ထွန်းထွန်းပေါက်ပေါက်နဲ့ ပိပိရိရိ ခိုးနိုင်ပြီး တစ်သက်လုံး ဇိမ်ခံ သွားရရင် ကောင်းမှာပဲလို့ အားကျနေတာ မျိုးလည်း ဖြစ်နိုင်သေးတာကိုး။

ဒါကြောင့်လည်း ဖော့ဘ်စ်က လူသား ဆန်ချင်တယ် ဆိုရင်တော့ ကြီးကျယ် မြင့်မြတ်သူ တွေရဲ့ ဘ၀ကိုသာ ဆရာတင်ပါ။ အားကျပါ။ လေ့လာပါလို့ ဆိုချင်ခဲ့တာ ဖြစ်မှာပါ။ ဒီတော့ အားကျစရာ၊ စံပြုစရာ လူတွေအကြောင်း အတွေး ပွားလိုက်မိပါတယ်။

ဘယ်လို လူမျိုးတွေကို အားကျမလဲ။ အားကျစရာ လူတွေက ဘယ်လို လူမျိုးတွေလဲ။ ဒီအမေးအတွက် အဖြေတွေ အမျိုးမျိုး ကွဲပြားမယ် ထင်ပါ တယ်။ သူရဲကောင်းတွေနဲ့ ကြီးကျယ် မြင့်မြတ်သူတွေဟာ တူတူပဲလား။ ကြီးကျယ် မြင့်မြတ်သူတွေ ဆိုတာရော ဘယ်သူတွေလဲ။ သူရဲကောင်း ဆိုတာ ဘယ်လိုလူလဲ။ စံပြု အားကျစရာ လူဆိုတာကရော ဘယ်သူ များပါလိမ့်။ အားလုံးဟာ လူသိထင်ရှား ကျော်ကြားသူတွေ ချည်းပဲလား။ တွေးစရာတွေ ရှိလာပါတယ်။

အီတလီ နိုင်ငံရေး ပညာရှင်နဲ့ စာရေးဆရာ နီကိုလီမာခီရာဗယ်လီ (၁၄၆၉-၁၅၂၇) ကတော့-
“သူရဲကောင်းတွေ မရှိရင် ကျွန်တော်တို့လို ခပ်ရိုးရိုးစင်းစင်း လူမျိုးတွေက ကိုယ် ဘယ်လောက်ထိ တာသွားအောင် စွမ်းနိုင်တယ် ဆိုတာ မသိနိုင်ကြပါဘူး”
လို့ ဆိုဖူးပါတယ်။

ဒီစကားကို သေသေချာချာ သရုပ်ခွဲ လိုက်တော့ သူရဲကောင်း ဆိုတာ ခပ်ရိုးရိုး စင်းစင်းတွေကို ကိုယ့်အစွမ်းနဲ့ ပတ်သက်ပြီး သဘော ပေါက်သွားအောင် သင်ပြပေးနိုင်တယ် ဆိုတဲ့ အဖြေမျိုး ထွက်လာပါတယ်။ သူ့အနက် အရတော့ သူရဲကောင်းဆိုတာ ခပ်ရိုးရိုးစင်းစင်း လူတွေကို သင်ကြားပြသ ဦးဆောင်တာမျိုး မလုပ်ပါဘူး။ ဒါပေမဲ့ ခပ်ရိုးရိုးစင်းစင်း လူတွေ အနေနဲ့ သူရဲကောင်းတွေ လုပ်ခဲ့သမျှ အလုပ်တွေကို ကြည့်ပြီး-
“သြော် လူတစ်ယောက် အနေနဲ့ ဒီလောက်ထိတောင် စွမ်းနိုင် လုပ်နိုင်တာကိုး။ ငါတို့လည်း လူပဲ။ ငါတို့က ခပ်ရိုးရိုးစင်းစင်း သမားတွေ ဆိုတော့ ကိုယ့်ဘာသာကိုယ် ဘယ်လောက် လုပ်နိုင်လို့ လုပ်နိုင်မှန်း မသိခဲ့ကြဘူးလေ။ ခုတော့ ငါတို့တွေ အားထုတ်မယ် ဆိုရင် လူသား တစ်ဦး အနေနဲ့ ဘယ်လိုမျိုးနဲ့ ဘယ်လောက်ထိ စွမ်းနိုင်မယ် ဆိုတာကို သိကြရပါပြီ”
လို့ တွေးတော မိလာ တတ်တာပါ။ တစ်နည်းအားဖြင့်တော့ ခပ်ရိုးရိုး စင်းစင်းလူတွေ အတွက် သူတို့ အစွမ်းကို သူတို့ သိသွားဖို့ အတွက် သူရဲကောင်းတွေ လိုပါတယ်။ အားကျရမယ့် သူတွေ လိုပါတယ်။ ကြီးကျယ် မြင့်မြတ်တဲ့ သူတွေ လိုပါတယ်။ တကယ်တော့ ခပ်ရိုးရိုးစင်းစင်း လူတွေ အနေနဲ့ သူတို့မှာသာ ဆန္ဒနဲ့ အားထုတ်မှု ရှိမယ်ဆိုရင် သူတို့ကိုယ်တိုင် သူရဲကောင်း ဖြစ်လာနိုင်မယ်၊ ကြီးကျယ် မြင့်မြတ်သူတွေ ဖြစ်လာနိုင်မယ်လို့ တွေးကြစေချင်ပါတယ်။ အားကျစရာလူ ဆိုတာ ခေါင်းနှစ်လုံး၊ ခြေငါးဖက် ရှိနေတဲ့ လူထူးလူဆန်းမျိုး မဟုတ်ဘဲ အစွမ်းအစ ထူးခြားပြီး ကိုယ် ယုံကြည်ရာကို စိုက်လိုက်မတ်တတ် လုပ်တတ်သူတွေပါ။ သူတို့ကို အများစုက အားကျရတယ် ဆိုတာ သူတို့ရဲ့ အစွမ်းဟာ အရမ်း အရမ်းကြီး ထူးချွန် ပြောင်မြောက်နေလို့ မဟုတ်ဘဲ သူများနဲ့ မတူကွဲပြား နေလို့သာ ဖြစ်ပါတယ်။

ဒါကြောင့် အားကျရသူတွေ ဆိုတာ အောင်မြင်ကျော်ကြား ထူးချွန်ထင်ရှား နေကြသူတွေထက် အများစုကြီး တွေးသလို မတွေး၊ လုပ်သလို မလုပ်ကြဘဲ ကွဲပြား ခြားနားတဲ့ အတွေးနဲ့ အလုပ်တွေကို တွေးတောကြံဆ လုပ်ကိုင်ကြသူတွေသာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုပဲ အောင်မြင်ကျော် ကြားသူဖြစ်ပါစေ၊ လူတကာက အားကျချင်မှ အားကျကြပါတယ်။ ဘယ်လောက်ပဲ အညတရ မှေးမှိန်နေသူ ဖြစ်ပါစေ၊ လူတော်တော် များများက လေးစား အားကျချင် အားကျတတ်တာမျိုးပါ။ သူရဲကောင်း ဆိုတာ သမိုင်း မှတ်တမ်းမှာ မှတ်ကျောက်တင် ခံရပြီး လူတကာသိမှ သူရဲကောင်း မဟုတ်တာကို သတိ ပြုကြစေချင်ပါတယ်။ ဘယ်မှတ်တမ်းမှာမှ ရှာမတွေ့နိုင်မယ့် အညတရ သူရဲ ကောင်းတွေ ကမ္ဘာမှာ အများကြီး ရှိပါတယ်။ အညတရ ကြီးကျယ် မြင့်မြတ်သူတွေလည်း အများကြီးပါပဲ။ အဲဒီလူတွေ အားလုံးကို တခြား လူတွေက စိတ်ထဲမှာ ကျိတ်ပြီး အားကျနေတတ် ပါတယ်။ မီဒီယာတွေ ပေါ်မှာ ထင်ပေါ် မနေပေမယ့် လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ကို အနစ်နာ ခံပြီး စိုက်လိုက်မတ်တတ် လုပ်နေကြသူတွေကို သူတို့အကြောင်း သိသူတွေ၊ လေ့လာမိ သူတွေက တိတ်တိတ်ကျိတ်ပြီး အားကျ လေးစားနေရတာ မျိုးတွေကို ကြုံဖူးကြမှာပါ။

ဒီတော့ အားကျစရာလူ ဆိုတာ သူရဲကောင်းကြီးတွေ၊ ကြီးကျယ် မြင့်မြတ်သူတွေ ဖြစ်ချင်မှ ဖြစ်ပေမယ့် အဲဒီလူတွေ လုပ်တဲ့ အလုပ်မျိုးကို အောင်မြင် ကျော်ကြားမှု မရှိဘဲ၊ လူတွေရဲ့ လက်ခုပ်သံကို မရနိုင်ဘဲ လုပ်နေသူတွေလို့ ပြောနိုင်မှာပါ။ ဒီတော့ အားကျခံတွေနဲ့ အားကျကြသူတွေ ကြားမှာ နယ်ခြားမျဉ်းဟာ ကျဉ်းသွားသလိုပါ။ မာခီယာဗယ်လီ့ အဆိုအရလည်း ခပ်ရိုးရိုး စင်းစင်း လူတွေ အနေနနဲ့ သူတို့ဘယ်လောက်ထိ စွမ်းနိုင် တာကို သူရဲကောင်းတွေဆီကနေ လေ့လာပြီး သူတို့ ကိုယ်တိုင်ရဲ့အစွမ်းကို ထုတ်သုံးကြမယ် ဆိုရင်၊ ဒါမှမဟုတ် ဖော့ဘ်စ် ပြောသလို ကြီးကျယ် မြင့်မြတ်သူတွေရဲ့ဘ၀ကို လေ့လာပြီး လူ သားဆန်ချင်လာကြတဲ့အတွက် ကိုယ်တိုင်က အားထုတ် လာကြမယ် ဆိုရင် လူတိုင်းလိုလိုဟာ အစွမ်းရှိသူတွေ ဖြစ်လာမှာပါ။ လူတိုင်းရဲ့ အစွမ်း တွေဟာ တစ်ထပ်တည်း မကျနိုင်တဲ့ အတွက်လည်း လောကရဲ့ အရာတော်တော်များများကို စွမ်းသူတွေ များလာတာ အပေါင်း လက္ခဏာပေါ့။

ဒီလိုနဲ့ အများစုကလည်း စွမ်းလာတာမို့ ကျန်နေသေးတဲ့ လူတွေ အတွက် သူတို့ကိုယ်တိုင် အားကျ ခံဘ၀ကို ရောက်လာမှာ ဖြစ်ပါတယ်။ အများစုကြီးကိုက အားကျစရာ အစွမ်းတွေ ရှိနေရင် အားကျခံဆိုတာ သီးခြား လူတန်းစား မဖြစ်နိုင်တော့ဘဲ လူ့ဘောင်မှာ ရှိသမျှ လူတွေဟာ ကိုယ့်မှာ မရှိတဲ့ သူ့အစွမ်း အတွက် အားကျလိုက်၊ သူ့မှာမရှိတဲ့ ကိုယ့်အစွမ်း အတွက် အားကျလိုက်နဲ့ အပြန်အလှန် အားကျခွင့်တွေလည်း ရလာကြမှာပါ။

“အများစုကြီး ဖြစ်တဲ့ လူထုကြီး အနေနဲ့ လူတစ်ယောက်နဲ့ တစ်ယောက်၊ အချင်းချင်းရဲ့ အကျိုးစီးပွားကို တာဝန်ယူရမယ် ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ မပြည့်ဝ သေးမချင်း လူမှုရေးရာ တရားမျှတမှု ဆိုတာ မရနိုင်ဘူး” လို့ အမေရိကန် စာရေးဆရာ ကလဲရင့်စ်ဘတ်ဒင်တန်ကီလန်ဒ် (၁၈၈၁-၁၉၆၄) ဆိုသူက ပြောဖူးပါတယ်။ သူ့စကားကို သေချာတွေးရင် လူသားတစ်ဦးနဲ့ တစ်ဦးကြား အပြန်အလှန် အားကျကြဖို့နဲ့ အားထုတ်ကြဖို့ ဘယ်လောက်ထိ အရေးကြီးတယ် ဆိုတာကို သတိ ထားမိမှာပါ။ တရားမျှတမှု ဆိုတာ အားကျခံတွေရော အားကျ ကြသူတွေပါ လိုလားတဲ့ အရာပါ။ တရား မျှတမှု အတွက် တာဝန်ယူစိတ်က အရေးကြီး တယ်လို့ ဆိုရင် လူသား ဆန်ချင်သူတွေ အနေနဲ့ တရား မျှတဖို့ သူရဲ ကောင်းတွေ၊ ကြီးကျယ် မြင့်မြတ်သူတွေ အကြောင်း လေ့လာရုံနဲ့ မရတော့ဘဲ ကိုယ့်ကိုယ်ကိုယ် လူသား အချင်းချင်းရဲ့ အကျိုးစီးပွား အတွက် တာဝန်ယူတတ် သူဖြစ်အောင် အားထုတ်ကြရမှာပါ။

အားလုံးကို ပြန်တွေးကြည့်ရင် မာခီယာဗယ်လီက သူရဲကောင်းကို အားကျဖို့ထိလောက်ပဲ ပြောခဲ့ပြီး အားကိုးဖို့ထိ မပြောခဲ့တာကိုလည်း တွေ့ရမှာပါ။ ဖော့ဘ်စ်ကလည်း ကြီးကျယ်မြင့်မြတ်သူတွေကို ဆရာ တင်ခိုင်းတာထက် သူတို့ရဲ့ဘ၀ကို သင်ခန်းစာ တစ်ခုလို လေ့လာစေချင်တာ ဖြစ်ကြောင်း တွေ့ရမှာပါ။ လူမှုရေး တရားမျှမှု အကြောင်းပြောတဲ့ ကီလန်ဒ်ကလည်း လူတိုင်းရဲ့တစ်ဦး ပေါ်တစ်ဦး တာဝန်ယူ စိတ်ကိုပဲ အလေးအနက် ပြောခဲ့ပါတယ်။ ဒီတော့ အားကျစရာ လူတွေကို အားကျတာ ကောင်းပေမယ့် ကိုယ့်တာဝန်ကို ကိုယ်ယူနိုင်အောင် ကြိုးစားတာက ပိုမှန်ပေမပေါ့။ မျက်မမြင် နားမကြား တစ်ယောက် ဆိုရင် လူအများက မသန်မစွမ်းလို့ သတ်မှတ် တတ်ကြပါတယ်။

ဒါပေမဲ့ အဲဒီလို ကိုယ်ခန္ဓာ မသန်သူတွေတိုင်း မစွမ်းကြတာတော့ မဟုတ်ပါဘူး။ အဲဒါကို အမေရိကန် စာရေး ဆရာမ ဟဲလင်ကဲလားက သက်သေ ထူခဲ့ဖူးပါတယ်။ မွေးရာပါ မျက်မမြင် နားမကြားပေမယ့် တက္ကသိုလ်က ဘွဲ့တွေ ရခဲ့သလို အောင်မြင်တဲ့ စာရေး ဆရာမလည်း ဖြစ်ခဲ့သူပါ။

သူက “ကျွန်မတို့ အနေနဲ့ နောက်မျိုးဆက်က ကလေးတွေကို သူတို့ရဲ့ဘ၀အစ ပထမနေ့မှာကတည်းက သူတို့ဘ၀ အတွက် သူတို့ကပဲ တာဝန် ယူရမယ် ဆိုတာ သင်ပေးရမယ်”လို့ လက်တွေ့ကျပြီး မှန်ကန်တဲ့ စကားကို ပြောခဲ့ပါတယ်။

ကိုယ့်ဘ၀ အတွက် ဘယ်သူ့ကိုမှ အားကိုးလို့ မဖြစ်တာကို သိစေချင်ခဲ့ တာပါ။ ကိုယ့်ဘ၀ အတွက် ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရမယ် ဆိုတဲ့ ရိုးစင်းတဲ့ အတွေးပါ။ ဒါပေမဲ့ အဲဒီလို အတွေးအတွက် ကိုယ်ခန္ဓာမသန်တဲ့ ဟဲလင်ကဲလားဟာ သူများကို အားမကိုးဘဲ သူ့ကိုယ်သူ တာဝန် ယူနိုင်အောင် ကြိုးစားခဲ့ရာမှာ အောင်မြင် လွန်းတာမို့ သူရဲကောင်း တစ်ယောက်လို၊ ကြီးကျယ် မြင့်မြတ်သူ တစ်ယောက်လို အားကျခံ ဘ၀ကို ရောက်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် အားကျတဲ့ အခါ လူသားဆန် စိတ်လေး မွေးပြီး လူသားဆန်လာတဲ့ အခါ တာဝန်ယူ စိတ်လေး မွေးကာ ကိုယ့်လူမှု ဘ၀ ၀န်းကျင်မှာ တရား မျှတမှု ထွန်းကားရေး အတွက် လူတိုင်းက အားထုတ် ကြပါစို့လို့သာ တိုက်တွန်း လိုက်ချင်ပါတယ်။

မသီတာ၊စမ်းချောင်း၊
(Teen မဂ္ဂဇင်း၊မေလ ၂၀၁၁)

No comments:

Post a Comment