Sunday 16 October 2011

အမျိုးသားနေ့သို့


လတ်တလော ဆယ်စုနှစ် တစ်စုစာ ကာလ အတွင်းမှာ စီးပွားဖြစ် ကျောင်း ကြော်ငြာတွေ ကို တွေ့လာရ သည်။
မူကြိုကျောင်း၊ နေ့ကလေး ထိန်းကျောင်း၊ စာကျက်ဝိုင်း၊ ဘော်ဒါဆောင်ကဲ့သို့ ပြည်တွင်း ပညာရေး ၀န်ဆောင်မှု ကြော်ငြာတွေ ခေတ်ကောင်းလာသကဲ့သို့ အိမ်နီးချင်း နိုင်ငံများ အပါအ၀င် အနောက် နိုင်ငံများမှ တက္ကသိုလ် အသီးသီးကလည်း ကြော်ငြာလာသည်။ ကလေး သူငယ်မှသည် ဖူးငုံ လူငယ်များ သာမက လူလတ်ပိုင်းများ အထိ ကျောင်းပေါင်းစုံကို နေရာ ပေါင်းစုံမှာ တက်နိုင်ရေး တွေးတော လာကြသည့် ခေတ်ကို ရောက်လာခဲ့ပြီ။

အတတ်ပညာ ပေါင်းစုံကို ဆည်းပူးနိုင်ရေး အတွက် နည်းလမ်းပေါင်းစုံကို သုံးပြီး ကြိုးစား ကြသည်။ ထိုနည်းလမ်း အများစုမှာ ဘာသာရပ် အသီးသီးတွင် ရလဒ် ကောင်းကောင်းဖြင့် အောင်မြင်ရေး၊ ပညာသင် ဆုကြေး လျှောက်ထားရေးတို့ကဲ့သို့ တစ်ကိုယ်တော် အစွမ်း အစများကို အသုံးချရေးသာ ဖြစ်ကြသည်။ သည်ကနေ့ ကလေးသူငယ်၊ ဖူးငုံ လူငယ်များ အတွက် ကျောင်းတက်နိုင်ရေး၊ ပညာ သင်ကြားနိုင်ရေးသည် ပုဂ္ဂလိက ရေးရာ ပိုဆန်လာသည်။ တစ်ခေတ် တစ်ခါကရော။ တစ်ခေတ် တစ်ခါက မြန်မာ့မြေပေါ်က တိုင်းရင်းသား လူငယ်တွေ အတွက် တတ်အပ်သော ပညာသင်ကြား နိုင်ရေးနှင့် တတ်အပ်သော ကျောင်းရှိနိုင်ရေးတို့သည် လွယ်လွယ်ကူကူ မဖြစ်ခဲ့မူဘဲ အမျိုးသားရေး အရပင် အရင်း အနှီးကြီးခဲ့သည်ဟု ဆိုလျှင် သင် အံ့သြလေမလား။

သူ့ကျွန်ဘ၀ မရောက်မီက တိုင်းရင်းသားများ အတွက် ပညာရေးသည် ဘုန်းကြီး ကျောင်းများတွင် မှီတည်နေခဲ့သည်။ ဘုန်းကြီးကျောင်း ပညာရေးနှင့် ပတ်သက်ပြီး မြန်မာ့ ပညာရေး ပါရဂူ တစ်ဦးဖြစ်သူ ပညာမင်းကြီး ဦးကောင်းက “ဘုန်းကြီးကျောင်း ပညာရေးသည် စာရိတ္တတည် ဆောက်ရေးနှင့် မြန်မာ့ယဉ်ကျေးမှု အခြေခံ ပျိုးထောင်ရေး အတွက် သင့်လျော်သည့် ပညာရေးပင် ဖြစ်သည်“၊ “ဘုန်းကြီးကျောင်း ပညာရေး၏ ရည်ရွယ်ချက်မှာ ဘာသာရေးပင် ဖြစ်သည်။


သို့သော် မြန်မာ့ လူ့ဘောင်တွင် လောကီနှင့် လောကုတ္တရာ ဟူသည် ဆက်စပ်နေရကား ဘုန်းကြီးကျောင်း ပညာရေးကို အမျိုးသား ပညာရေးဟူ၍လည်း ခေါ်သင့်ပေတော့သည်။ ဘုန်းကြီးကျောင်း ပညာရေးသည် စာပေပညာကို လည်းကောင်း၊ စာရိတ္တ ကောင်းမွန်မှုကို လည်းကောင်း ပြုစု ပျိုးထောင်ရာတွင် အောင်မြင်ခဲ့သည်။ သို့သော် နိုင်ငံခြားသားများ လက်အောက်သို့ ရောက်ခဲ့ရသော အခါတွင် အမျိုးသား ပညာရေး၏ အနှစ်သာရ သဘော တရားများ ပျောက်ကွယ်ခဲ့ရသည်” ဟု ဆိုခဲ့ဖူးသည်။


ကိုလိုနီ ပညာရေး စနစ်မှာ စာရေး၊ စာချီနှင့် အောက်တန်း အရာရှိများ ရရှိရေးကိုသာ အဓိကထားကာ အသက်မွေး ၀မ်းကျောင်း ပညာရပ်များ သင်ကြားပေး ရေးကို လျစ်လျူ ရှုထားခဲ့သည်။ ယခုခေတ် လက်ထောက် ကျန်းမာရေးမှူး ကျောင်းအဆင့်နှင့် ညီသည့် ကျောင်းမျှသာဖြစ်သော ဆေးကျောင်း တစ်ကျောင်း ကို ကျွန်ပြုပြီး အနှစ် ၂၀ ကျော်အကြာ ၁၉၀၇ ခုနှစ် ဇန်န၀ါရီလတွင်မှ ရန်ကုန်၌ ဖွင့်လှစ်ခဲ့သည်။ ၁၉၁၂ ခုနှစ် ပညာရေး အစီရင်ခံစာ အရ ထိုကျောင်း ကို တက်ရောက်သူ ကျောင်းသား ၄၄ ယောက်သာ ရှိပြီး ယင်းတို့အနက် တစ်ဝက်ကျော်ကျော်မှာ မြန်မာ တိုင်းရင်းသားများ မဟုတ်ပေ။ ထို့ပြင် ကျောင်း သင်ဘာသာ ရပ်များကိုလည်း တိုင်းရင်းသားများ အကျိုးရှိမည့် ဘာသာရပ်များကို ဦးစားပေး သင်ကြားခဲ့ခြင်း မရှိပေ။ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် အထက်တန်း ကျောင်းများ၏ သင်ရိုး ညွှန်းတမ်းတွင် စိုက်ပျိုးရေး ဘာသာရပ်ကို ၁၈၉၆ ခုနှစ်မှစ၍ ထည့်သွင်းခဲ့သော်လည်း ၁၉၁၄ ခုနှစ်အထိ ကျောင်း များတွင် စိုက်ပျိုးရေး ဘာသာရပ်ကို အမှန်တကယ် သင်ကြားခြင်း မရှိခဲ့ချေ။


ထို့အတူ ရန်ကုန်ကောလိပ်၌ ရူပဗေဒ ဘာသာရပ်ကို ၁၉၁၅ ခုနှစ်ကျမှ သင်ကြားသည်။ သတ္တဗေဒဘာသာကိုမူ လုံးဝ မသင်ကြားခဲ့ချေ။ ထို့ပြင် စီးပွား ရေးဘာသာရပ်ကိုလည်း ကျောင်းသားတို့ သင်ခွင့်မရ။ ထို့ကြောင့် ခေတ်သစ် ကမ္ဘာကြီး၏ စီးပွားရေး ဖြစ်ပေါ် တိုးတက်မှုကို ကျောင်းသားတို့ လေ့လာခွင့် မရဘဲ ရှိခဲ့ကြသည်။ “ရန်ကုန် ကောလိပ်မှ ထွက်လာသည့် ဘီအေဘွဲ့ ရများမှာ အင်္ဂလိပ် ဘာသာ၌ ကျွမ်းကျင်ပါ၏။ သို့သော် ကောလိပ်မြေကို စွန့်ခွာသည်နှင့် ပြင်ပ၌ ဖတ်စရာ စာအုပ်မှာ ရှားပါးလှသည်။ ထိုစဉ်က ရန်ကုန်မြို့ ကြီး၌ပင် စာအုပ်ဆိုင် ဟူ၍ မရှိ၊ ပြတိုက်ဟူ၍ မရှိ၊ ပန်းချီအနု ပညာပြခန်း ဟူ၍ မရှိ၊ ကပွဲရုံဟူ၍ မရှိ”ဟု ကိုလိုနီပညာရေး စနစ်၏ သရုပ်သကန်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ သုတေသန အသင်းကို ဦးဆောင် တည်ထောင်ခဲ့သူ ဖာနီဗယ်က ထုတ်ဖော် ဝေဖန်ခဲ့ပေသည်။ အသက်မွေး ၀မ်းကျောင်း ပညာကို သင်ကြားပေးသည့် ကျောင်းများတွင်လည်း မြန်မာနှင့် တိုင်းရင်းသား ကျောင်းသား အရေအတွက်မှာ အခြား ကျောင်းသားများ အရေအတွက်နှင့် စာလျှင် သိသိသာသာ နည်းနေခဲ့သည်။ ဥပမာ- အင်းစိန် အစိုးရ စက်မှု လက်မှု သင်တန်းကျောင်းကို ၁၈၉၅ ခုနှစ်တွင်စတင် တည်ထောင်ပြီး ၁၉၀၇ ခုနှစ်၌ သင် တန်းသားပေါင်း ၆၃ ယောက် ရှိရာ ကပြား ၉ ယောက်၊ ကုလား အယောက် ၄၀၊ မြန်မာနှင့်ကရင် ၁၄ ယောက်ဖြစ်သည်။


အမှန်တော့ ကောလိပ် ပညာရေးသည် ၁၈၇၈ ခုနှစ်ကတည်း က ရန်ကုန် အစိုးရ အထက်တန်း ကျောင်း၌ စတင်ခဲ့သည်ဟု ဆိုနိုင်သည်။ အကြောင်းမှာ ကာလကတ္တား တက္ကသိုလ်က ကျင်းပသည့် ဥပစာတန်း စာမေးပွဲကို ၀င်မည့် ကျောင်းသားများအား သင်ကြားပေးရန် အတွက် ဆရာများကို စတင် ခန့်ထားကာ တိုင်းရင်းသား ကျောင်းသားများ အတွက် ကောလိပ် ပညာရေးကို စတင် မိတ်ဆက် ပေးခဲ့သည်။  ၁၈၈၃ ခုနှစ်တွင် ရန်ကုန် ကောလိပ်ကို ကာလကတ္တား တက္ကသိုလ် အောက်မှ တက္ကသိုလ် အဖြစ် စတင် ထားရှိခဲ့သည်။


သို့သော် ၁၈၈၅ ခုနှစ် နယ်ချဲ့ လက်အောက် ကျရောက်ပြီး နောက်တွင်မှ ရန်ကုန် ကောလိပ်ကို မြန်မာနိုင်ငံပညာရေး စင်ဒီကိတ်၏ ကြီးကြပ် ကွပ်ကဲမှု အောက်၌ ထားရှိလာပြီး ဘီအေဒီဂရီ ကောလိပ်အဖြစ် ကာလကတ္တား တက္ကသိုလ်က အသိ အမှတ်ပြုကာ ရန်ကုန် ကောလိပ်ဟု တရားဝင် ခေါ်တွင်ခဲ့သည်။ သို့သော် နောက် ၇ နှစ်ခန့် ကြာပြီးနောက် ၁၈၉၂ ခုနှစ်တွင် ရန်ကုန်မြို့၌ သီးခြား တက္ကသိုလ် တစ်ရပ် တည်ထောင်ပေးရန် တောင်းဆိုချက်များ စတင် ပေါ်ထွက်လာသည်။ ၁၉၁၀-၁၁ ခုနှစ်တွင် ပညာရေး စင်ဒီကိတ်က ရန်ကုန် ကောလိပ်နှင့် ရန်ကုန် အထက်တန်း ကျောင်းကို ခွဲပေးရန် အဆိုပြုခဲ့သည်။   


ထိုအချိန်တွင် နိုင်ငံတွင်းမှာလည်း နိုင်ငံခြားသားများနှင့် နိုင်ငံခြားသား ကျောင်းသား အရေအတွက်က သိသိသာသာ တိုးပွား လာခဲ့သည်။ အမျိုးသားနေ့နှင့် အမျိုးသား ပညာရေး လှုပ်ရှားမှု သမိုင်းအကျဉ်း စာအုပ်တွင် ထိုကိစ္စနှင့် ပတ်သက်ပြီး “၁၉၀၁ ခုနှစ်တွင် ကုလားဦးရေသည် ၆ ရာခိုင်နှုန်းနီးပါးရှိ၍ ၁၉၂၁ ခုနှစ်တွင် ၇ ရာခိုင်နှုန်း နီးပါး ဖြစ်လာသည်။ ၁၉၁၈ ခုနှစ် ကစ၍ တစ်နှစ်လျှင် ၀င်သည့် ကုလား ဦးရေမှာ ၃ သိန်းမျှ ရှိခဲ့သည်။


ထိုစဉ်အခါက ရန်ကုန်မြို့သည် အမေရိကန်ပြည် နယူးယောက်မြို့မှ လွဲလျှင် ကမ္ဘာတွင် နိုင်ငံခြားသား အများဆုံး ၀င်ရောက် နေထိုင်သောမြို့ပင် ဖြစ်သည်”ဟု ဖော်ပြထား သည်ကို တွေ့ရသည်။ ထို့ကြောင့် ထိုအချိန်က နိုင်ငံခြားသားများနှင့် ၄င်းတို့၏ ပညာရေး ကိစ္စသည် အမျိုးသား ပညာရေး လိုအပ်ချက်နှင့် အပြိုင် သဘောဖြစ်လာသည်။


နယ်ချဲ့ဗြိတိသျှတို့က အမျိုးသား ပညာရေး ကိုသာ လျစ်လျူ ရှုထားသော်လည်း မျက်နှာဖြူများ ပညာသင် စရိတ် ထောက်ပံ့ကြေးဘုတ် အဖွဲ့ဟူ၍ ၁၉၀၄ ခုနှစ်ကတည်းက မြန်မာ့ ပညာရေး ကိုဓဥပဒေ အခန်း ၁၁ အရ ဖွဲ့စည်း ပေးခဲ့သလို မျက်နှာဖြူများ နွေရာသီ အပန်းဖြေ အဖြစ် သတ်မှတ်သည့် ပြင်ဦးလွင်မြို့၌ မျက်နှာဖြူ သားသမီးများ အတွက် ဗဟို အစိုးရကျောင်း တစ်ကျောင်းကို ၁၉၀၅ ခုနှစ်တွင် ဖွင့်လှစ် ပေးခဲ့သည်။ ထိုသို့သော အခြေအနေမျိုးတွင် ၁၉၁၂ခုနှစ်၌ ရန်ကုန် ကောလိပ်ကို တက္ကသိုလ် အဆင့်သို့ တိုးမြှင့်ပေးရန် တောင်းဆိုမှုများ ပိုမိုများပြားလာခဲ့ပြီး ထိုနှစ်က ကျောင်းသား ၃၂၄ ယောက်အထိ တိုးတက်လာသည်။


သို့သော် နိုင်ငံ၏ အခြား ဒေသများတွင် ပညာ သင်ကြားရန် အခြေအနေ နည်းပါးသည့် အတွက် မှုခင်း ထူထပ်လာသည်ဟု ဆိုနိုင်လာတော့သည်။ ၁၉၁၃ ခုနှစ်တွင် အိနိ္ဒယ နိုင်ငံရှိ ပြည်နယ်အားလုံး အနက် မည်သည့်ပြည်နယ်၏ ရာဇ၀တ်မှုခင်း အရေအတွက်ထက် မဆို မြန်မာ နိုင်ငံတွင်း၌ ဖြစ်ပွားသော ရာဇ၀တ်မှုခင်း အရေအတွက်က ၃ ဆ၊ ၄ ဆမျှ ပိုမိုများပြား နေလေသည်။ ထိုအခြေအနေမျိုးတွင် ၁၉၁၆ ခုနှစ်၌ ဗြိတိသျှ အစိုးရသည် တိုင်းရင်းသား ပညာရေး အတွက် ကုန်ကျ စရိတ်ကို ဒေသန္တရ အဖွဲ့အစည်းများက လုံးဝ ကျခံရမည်ဟူ၍ ဆုံးဖြတ်လိုက် ခြင်းဖြင့် တိုင်းရင်းသား မူလတန်း ကျောင်းသားများ၏ ပညာရေးကို အစိုးရက တာဝန် မယူတော့ချေ။ သို့ဖြင့် နယ်ချဲ့ အစိုးရသည် မျက်နှာဖြူနှင့် ကပြား ကျောင်းသားများ၏ ပညာရေးကို သီးခြား ဥပဒေထုတ်ပြန်ကာ တိုင်းရင်းသား ပညာရေးနှင့် ခွဲခြား၍ အခွင့်ထူးခံ ပညာရေး အဖြစ် ဖန်တီးခဲ့သည်မှာ ဒုတိယ ကမ္ဘာစစ် မဖြစ်မီ  ၁၉၄၂ ခုနှစ်၊ ၄င်းတို့ မြန်မာနိုင်ငံမှ ဆုတ်ခွာရသည့် အချိန် အထိ ဖြစ်လေသည်။


မျက်နှာဖြူ အစိုးရက မျက်နှာဖြူများ ပညာရေးကို ကြိုးပမ်း နေချိန်တွင် မြန်မာ တိုင်းရင်းသားများကလည်း အမျိုးသား ပညာရေးကိုသာမက နိုင်ငံရေး၊ ဘာသာရေး ကြိုးပမ်းမှုများကိုပါ ဆောင်ရွက် လာခဲ့သည်။ အနောက် နိုင်ငံများ၌ ခရစ်ယာန် ဘာသာဝင်တို့၏ အကျိုး၊ ခရစ်ယာန် ဘာသာ၏ အကျိုးတို့ကို ဆောင် ရွက်သော ခရစ်ယာန် ကလျာဏယုဝ အသင်းများ (၀ိုင်အမ်စီအေ)ကို နမူနာ ယူကာ မြန်မာ အမျိုးသားတို့၏ အကျိုးစီးပွား၊ ဗုဒ္ဓ သာသနာတော်၏ အကျိုးစီးပွား တိုးတက် ဖြစ်ထွန်းစေရန် ရည်ရွယ်ချက်ဖြင့် ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း (၀ိုင်အမ်ဘီအေ)ကို ရန်ကုန်ကောလိပ် ကျောင်းသားများ ဖြစ်ကြသည့် ဦးဘဘေ၊ ဦးဘဒွန်း၊ ဦးစိန်လှအောင်၊ ဦးလှဖေ၊ ဦးဘရင်၊ ဦးမောင်ကြီးတို့က ၁၉၀၆ ခုနှစ်တွင် တည်ထောင် ဖွင့်လှစ်ခဲ့သည်။


ဝိုင်အမ်ဘီအေ အသင်းကြီး၏ ၁၉၁၀ ပြည့်နှစ်တွင် ကျင်းပသည့် အစည်းအဝေး၌ နယ်အသီးသီးတို့တွင်လည်း ၀ိုင်အမ်ဘီအေ အသင်းများ ဖွဲ့ရန်နှင့် အခြား အလားတူ အသင်းများကို စုပေါင်း ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့ဖြင့် ၁၉၁၀ ပြည့်နှစ်လယ်သို့ ရောက်သောအခါ ၀ိုင်အမ်ဘီအေ အသင်းခွဲများသည်  ၁၁ သင်းအထိ ရှိလာသည်။ ထို့ကြောင့် ၁၉၁၀ ပြည့်နှစ်သည် ၀ိုင်အမ်ဘီအေအသင်းများ ခေတ်စားလာသော နှစ်ပင် ဖြစ်သည်။ ထိုနှစ် မတ်လ ၂၀ ရက် နေ့တွင် အသင်းပေါင်းစုံ အစည်းအဝေးကို ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး ထိုအစည်းအဝေးတွင် အသင်း ပေါင်းစုံမှ ကိုယ်စားလှယ်များ၏ သဘောတူညီချက် အရ အသင်းချုပ်ကြီး တစ်သင်းကို ဖွဲ့စည်းခဲ့ကြသည်။ ၀ိုင်အမ်ဘီအေနှင့် အလားတူ အသင်းများ၏ အသင်းချုပ်ကြီးဟု အမည်ပေးခဲ့သည်။


ထိုကဲ့သို့ အမျိုးသား ပညာရေး၊ နိုင်ငံရေးနှင့် ဘာသာရေး အသိ စိတ်ဓာတ်များ နိုးကြားနေသည့်အခိုက် ၁၉၂၀ ပြည့်နှစ်၌ ကျောင်းများတွင် အမျိုးသား သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများကို မထားရ၊ မဖတ်ရဟု ပညာရေး ဌာနက တားမြစ် ချုပ်ချယ်လိုက်သကဲ့သို့ ပညာမင်းကြီးကလည်း ကျောင်း ဆရာများနှင့် ကျောင်းသားများအား လူထု စည်းဝေးပွဲများတွင် မပါဝင်ရဟု တားမြစ်လိုက်လေသည်။ ထို့အပြင် ရန်ကုန် အစိုးရ အထက်တန်းကျောင်း ကြော်ငြာစာများ ကပ်သည့် နေရာတွင် ရန်ကုန်ဂေဇက်၊ အိနိ္ဒယတိုင်း၊ ရန်ကုန် တိုင်း၊ ဒေလီးမီရာ အစရှိသော အစိုးရ ခွင့်ပြုသည့် သတင်းစာ ၁၂စောင် မှလွဲ၍ အခြား သတင်းစာများကို ကျောင်းဝင်း အတွင်းသို့ ယူဆောင်လာခြင်း မပြုရဟု တားမြစ်သည့် ပညာမင်းကြီး၏ အမိန့် ကြော်ငြာကို ကပ်ထားပြန်သည်။


ထိုကိစ္စနှင့် ပတ်သက်ပြီး ၁၉၂၀ ပြည့်နှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ဂျူဗလီဟော၌ ကျင်းပသည့် ရန်ကုန် တက္ကသိုလ် ဥပဒေကြမ်းကို ကန့်ကွက်ပွဲ တွင် လက်ပံတန်း ဦးလူကြီးက “ပညာမင်းကြီး မစ္စတာ မတ်ဟန်းတားသည် အချို့ အမျိုးသား သတင်းစာများကို ကျောင်းများတွင် မဖတ်ရန် အမိန့်စာများ ထုတ်၍ တားမြစ်သည့်အပြင် ကျောင်းဆရာမများနှင့် ကျောင်းသားများကိုလည်း နိုင်ငံရေး အစည်းအဝေးများသို့ မတက်ကြရန် တားမြစ်ကြောင်း၊ ပညာရေးနှင့် နိုင်ငံရေးမှာ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဖြစ်၍ ခွဲခြား မရနိုင်သောကြောင့် ခွဲခြားရန် ကြိုးပမ်းခြင်းသည် အချည်းနှီးသာ ဖြစ်ကြောင်း” ဝေဖန်ခဲ့သည်။


ထို့နောက်တွင် ဗြိတိသျှ အစိုးရက ဝေဖန်မှု အပေါင်းကို လျစ်လျူရှုကာ ရန်ကုန် တက္ကသိုလ် ဥပဒေကို အတည်ပြုခဲ့သည်။ ထိုဥပဒေကို ၁၉၂၀ ပြည့်နှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ပညာမင်းကြီး မတ်ဟန်းတားက တင်သွင်းပြီး ဥပဒေပြု ကောင်စီက အတည်ပြုခဲ့ခြင်း ဖြစ်သည်။ စက်တင်ဘာလ ၂၆ ရက် နေ့တွင် ဒု-ဘုရင်ခံက သဘောတူ၍ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဘုရင်ခံချုပ်က သဘောတူလိုက်သည်။ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဥပဒေ အာဏာတည်သည်။ ဥပဒေအာဏာ တည်လျှင် တည်ချင်းပင် တက္ကသိုလ် အဖွဲ့ အသီးသီးကို ဖွဲ့စည်းရန် စတင် ဆောင်ရွက်သည်။ တက္ကသိုလ် ဆီးနိတ်ကို ဖွဲ့စည်းပြီး ပါမောက္ခများကို ခန့်အပ်ခြင်း၊ ဆီးနိတ်က ခွင့်ပြုသော အဖွဲ့များကို  ဖွဲ့စည်းခြင်း၊ စာပေ သင်ကြားရေး၊ စာမေးပွဲ စစ်ဆေးရေး စသည့် လုပ်ငန်းများကို ချက်ချင်း ဆောင်ရွက်တော့သည်။


ထိုအခါ ရန်ကုန်ကောလိပ် ကျောင်းသားကြီးတို့က ဥပဒေပင် ရှိနေလင့်ကစား ကျောင်းသား မရှိသော ကျောင်း သည် အချည်းနှီးပင် ဖြစ်၍ ကျောင်းကို သပိတ် မှောက်ကြရန် အကြံရကြသည်။ ထိုအချိန်တွင် နိုင်ငံရေး၊ ဘာသာရေး အသင်းကြီး ဖြစ်သည့် ၀ိုင်အမ် ဘီအေအသင်းမှလည်း အသင်း၏ လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင် လာခဲ့သည်။ ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ပြည်မြို့၌ ကျင်းပသော အဋ္ဌမအကြိမ်မြောက် ၀ိုင်အမ်ဘီအေနှင့် အလားတူ အသင်းများ၏ အစည်း အဝေးကြီးမှ မြန်မာအသင်းများ၏ မြန်မာ အသင်းချုပ်ကြီးခေါ် ဂျီစီဘီအေ (General Council of Burmese Association) ပေါ်ထွက်လာသည်။ ကျောင်းသားခေါင်းဆောင် များ၏ သပိတ်မှောက်ရန် အကြံအတွက် လျှို့ဝှက် အစည်းအဝေးကို ၁၂၈၂ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၈ ရက် (ဒီဇင်ဘာလ ၃ ရက်နေ့) နေ့လယ်တွင် ရန်ကုန်ကောလိပ်မှ ကျောင်းသား ကြီး ၁၁ ဦးတို့က ရွှေတိဂုံ ကုန်းတော်ပေါ် စနေထောင့်တွင် ပြုလုပ် တိုင်ပင်ခဲ့ကြသည်။ သပိတ် မှောက်ကျောင်းသား ၁၁ ဦးမှာ ၁။ ကိုဘရှင်၊  ၂။ ကိုညီပိတ်၊ ၃။ ကိုဖိုးကွန်း၊ ၄။ ကိုအေး၊ ၅။ ကိုလှတင်၊ ၆။ ကိုဖေသိန်း၊ ၇။ ကိုထွန်းဝင်း၊ ၈။ ကိုဘရှင်၊ ၉။ ကိုဘခင်၊ ၁၀။ ကိုအောင်ဒင်၊ ၁၁။ ကိုဘဦးတို့ ဖြစ်ကြသည်။


ထိုအစည်းအဝေးမှ (၁) ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၇ရက် အင်္ဂါနေ့တွင် မြန်မာနိုင်ငံ ဒုတိယ ဘုရင်ခံ ရန်ကုန် ကောလိပ်ကျောင်းသို့ လာရောက်ပြီး မြန်မာနိုင်ငံတွင် ရန်ကုန် တက္ကသိုလ် ဖွင့်လှစ်ကြောင်း ကြေညာသောအခါ ကောလိပ် ကျောင်းနှစ်ကျောင်းရှိ ကျောင်းသားကြီးများသည်  မိမိတို့ စာအုပ်များကို ပိုက်၍ “ရန်ကုန် တက္ကသိုလ်ကို သပိတ်မှောက်ပြီ“ဟု အော်ကာ ကျောင်းများမှ ထွက်လာရန်။ (၂) သပိတ်မှောက် ပြီးမှ ထိုရန်ကုန် တက္ကသိုလ်ဥပဒေသည် မြန်မာများ အထက်တန်း ပညာ သင်ကြားရေး အတွက် နစ်နာအောင် ချုပ်ချယ်သည့် ဥပဒေသများ ဖြစ်၍ ယင်းတို့ကို ပြုပြင်ပေးရန် အင်္ဂလိပ် ဗျူရိုကရက် အစိုးရ သို့ အရေး ဆိုရန်နှင့်။ (၃) ပြုပြင်ပေးရန် တောင်း ဆိုသော အချက်များကို ပြုပြင်၍ မပေးသမျှ ကာလပတ်လုံး ကျောင်းပြန်၍ မတက်ရန် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြသည်။


ထို့နောက် ဒီဇင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပသည့် ရန်ကုန်ကောလိပ်နှင့် ယုဒသန် ကောလိပ်ကျောင်း သားများ၏ စကား အချေအတင် ပြောပွဲအပြီး ညနေ ၃ နာရီခွဲတွင် ကောလိပ် နှစ်ရပ်လုံးမှ ကျောင်းသားပေါင်း ၆၀၀ ခန့်က ဗဟန်းရပ် ဦးအရိယ ကျောင်းတိုက်တွင် စုဝေး ရောက်ရှိလာ ကြသည်။ ကျောင်းသားကြီးများက “အမျိုးကို ချစ်ခင်ကြပါ၊ နိုးကြားကြပါ”ဟု လှုံ့ဆော်ခဲ့ကြပြီး ၁၂၈၂ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်၊ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်တွင် ဗဟန်းသို့ နည်းအမျိုးမျိုးဖြင့် သွားရောက်ခဲ့ကြကာ သပိတ်ကို စတင်ခဲ့ကြသည်။


ညနေ ၄ နာရီ တွင် ဗဟန်းရွှေကျင် ကျောင်းတိုက် တစ်ခုလုံး ကျောင်းသားများဖြင့် ပြည့်လျှံသွားခဲ့သည်။ သပိတ်မှောက် ခေါင်းဆောင်တို့က သပိတ်စခန်း တစ်ခုလုံး၌ “ယူနီဗာစီတီအက်ဥပဒေ ပျက်စီးပါ စေ”၊ “ဆာရယ်ဂျီနယ် ကရက်ဒေါက် ပြန်သွား” အစရှိသည့် စာများနှင့် အတူ ကျောင်းသားများ ကျောင်းမတက်ရန် လှုံ့ဆော်သည့် ကြော်ငြာစာ များကိုပါ မြို့တွင်းအနှံ့ ကပ်ထားကြကာ သပိတ်ကို အရှိန်မြှင့်ခဲ့သည်။ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန်မြို့ပေါ်ရှိ စိန်ဂျွန်း၊ စိန်ပေါ၊ မက်သဒစ် အစိုးရ ဟိုက်စကူး၊ ကူရှင်အစ ရှိသော ယောက်ျား လေးကျောင်းမှ ကျောင်းသားများသည် မိမိတို့၏ ကျောင်းအသီးသီးကို တညီတညွတ်တည်း သပိတ်မှောက်၍ ဗဟန်းသို့ စုရုံး ရောက်ရှိလာကြပြန်သည်။


ထိုသို့ကျောင်းသား ငယ်များ ပူးပေါင်း ပါဝင်လာသော အခါ တစ်ရက်၊ နှစ်ရက်အတွင်း ဗဟန်း သပိတ်စခန်းတွင် ကျောင်းသားပေါင်း ၂၀၀၀ ကျော်မျှ ဖြစ်လာ၏။ သပိတ်မှောက် ကျောင်းသားများ၏ နေရေး၊ ထိုင်ရေး၊ စားသောက်ရေးများ အတွက် ပွဲစားကြီး သူဌေးဦးဖိုးခိုင် ကြီးမှူးသော မျိုးချစ်စိတ် ရှိသည့် ရပ်မိရပ်ဖများက သပိတ်မှောက် ကျောင်းသား စောင့်ရှောက်ရေး အဖွဲ့ကို ဖွဲ့စည်းကာ ဆောင်ရွက် ပေးခဲ့ကြသည်။ ကျန်းမာရေး ကိစ္စများကို ဆရာဝန် ဦးမောင်ကလေး၊ ဦးစော ညွန့်၊ ဒေါက်တာဘရင် အစရှိသော ဆရာဝန်ကြီးများက တာဝန် ယူပေးခဲ့ကြသည်။


ထို့ပြင် အမျိုးသမီးကျောင်းများဖြစ်သော စိန်မေရီကျောင်း၊ အေဘီ အမ်ကျောင်း၊ မက်သဒစ်မိန်းကလေးကျောင်း စသော ကျောင်းများမှ ကျောင်း သူခေါင်းဆောင်များကလည်း သပိတ် မှောက်လာကြ၏။ စိန်မေရီကျောင်း သူများကို ခေါင်းဆောင်လာသူကား မစီနှင့် မနှင်းမယ်တို့ဖြစ်ပြီး အေဘီအမ် ကျောင်းသူများကို မလှရွှေ၊ မက်သဒစ်ကျောင်းသူများကို မခင်လေး၊ မခင်ခင် ကြီး စသည့် ခေါင်းဆောင်များက တာဝန်ယူ ခေါင်းဆောင်လာကြသည်။ ရန်ကုန်ကောလိပ် အမျိုးသမီး သပိတ်မှောက် ကျောင်းသူများကိုကား မမြသိန်းက ခေါင်းဆောင်ခဲ့သည်။ ရန်ကုန်မြို့ပေါ်ရှိ အစိုးရကျောင်းများ၊ အထောက် အပံ့ခံ ကျောင်းများနှင့် အစိုးရ အစောင့်ရှောက်ခံ ကျောင်းများ အားလုံးက သပိတ် မှောက်ကြသောကြောင့် ရန်ကုန် တက္ကသိုလ်သပိတ်သည် ရန်ကုန် ကျောင်းပေါင်းစုံ ပါဝင်သော သပိတ်အထိ ကျယ်ပြန့် လာခဲ့တော့သည်။


ရန်ကုန်တက္ကသိုလ်ဥပဒေကို ပြည်သူတို့၏ ဆန္ဒနှင့် ဆန့်ကျင်လျက် နယ်ချဲ့ အစိုးရမှ အဓမ္မ အတည်ပြုခဲ့သည့်အကြောင်းကို နယ်ချဲ့အလိုတော်ရိ သတင်းစာဖြစ်သော “ရန်ကုန်တိုင်း” အင်္ဂလိပ် သတင်းစာကြီးကပင် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၇ ရက်နေ့ထုတ် ခေါင်းကြီးပိုင်း၌ “မြန်မာ ပြည်သူပြည်သားတို့ တညီတညာတည်း နေရာတကျ စဉ်းစား ဆင်ခြင်ပြီး သကာလ ရန်ကုန် ယူနီဗာစီတီအက်ဥပဒေကို ကန့်ကွက် ပါသော်လည်း ပြည်သူ ပြည်သားတို့ တောင်းဆိုကြသည့် အချက် တစ်ချက်ကိုမျှ ခွင့်မပြုဘဲ အဆိုပါယူနီဗာစီတီ အက်ဥပဒေကို အစိုးရမင်းတို့က အတည်ပြု ပြုလုပ်ကြသည်”ဟု ရေးသားခဲ့ ပြန်သည်။ ထိုစဉ်က လူထုမှာလည်း သပိတ်ကို မထောက်ခံသူများကို ဆန့်ကျင်ကြသည်ထိ သပိတ်တွင် ပူးပေါင်း ပါဝင်ခဲ့ကြသည်။ နမူနာအားဖြင့် ပြရလျှင် ကုန်သည်ဒေါ်တင်ဦး၊ ပိုးကုန်သည် ဦးတေတို့က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မန္တလေးမြို့ ဒါးတန်းသို့ ရောက်နေသော မင်းသား ဦးဖိုးစိန်ထံသို့ သပိတ်မှောက် ကျောင်းသား ရန်ပုံငွေအတွက် အလှူခံ ၀င်ရောက်ကြသည်။


ဦးဖိုးစိန်က မချေမငံပြော၍ အလှူငွေ အနည်းအကျဉ်းသာ ထည့်ခဲ့ရာ မန္တလေး သပိတ်မှောက် ကျောင်းသားတို့က မကျေမနပ်ဖြစ်ပြီး ဦးဖိုးစိန်၏ ကပွဲကို  အများပြည်သူ မကြည့်ရှုကြရန် လှုံ့ဆော်၍ သပိတ်တားသည်။ ဦးဖိုးစိန်၏ ပရိသတ်များကလည်း သဘောတူကာ မြို့ရွာတိုင်း၌ မင်းသားကြီး ဦးဖိုးစိန် အား သပိတ် မှောက်ခဲ့ကြသည်။ နောက်ဆုံးတွင် သခင် ကိုယ်တော်မှိုင်း အစ ရှိသော ခေါင်းဆောင်ကြီးများက မေတ္တာရပ်ခံ ပေးရပြီး မင်းသားကြီး ဦးဖိုးစိန် ကိုယ်တိုင်ကလည်း သပိတ်မှောက် ကျောင်းသားများနှင့် မန္တလေးမြို့ မိမြို့ ဖများကို မြို့လှည့်ဝန်ချ တောင်းပန်ကာ သပိတ်မှောက် ကျောင်းသား ရန်ပုံငွေ အတွက် အလှူပွဲ ကပြ၍ ကူညီ အားပေးခဲ့ရလေသည်။ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ အရေးတော်ပုံ ၁၀ ရက်ကာလ အတွင်း မန္တလေး၊ မော်လမြိုင်၊ ပြည်၊ ပုသိမ်၊ ပဲခူး၊ လက်ပံတန်း၊ သာယာဝတီ၊ ညောင်တုန်း၊ သထုံ၊ ပျဉ်းမနား၊ စစ်ကိုင်း၊ ရွှေတောင်၊ မြင်းခြံ၊ ဟင်္သာတ၊ သုံးခွ၊ မင်းဘူး၊ မြန်အောင် မြို့များသို့ သပိတ် အရေးတော်ပုံ ကူးစက်သွားကာ အစိုးရကျောင်း၊ ခရစ်ယာန် သာသနာပြုကျောင်း၊ အထောက်အပံ့ ခံကျောင်း၊ အစောင့်ရှောက် ခံကျောင်း၊ တိုင်းရင်းသားကျောင်း၊ ၀ိုင်အမ်ဘီအေ အသင်းများက တည်ထောင်ထားသော ကျောင်း၊ ဗုဒ္ဓဘာသာကျောင်း စသည့် ကျောင်းပေါင်း ၄၄ ကျောင်း သပိတ် မှောက်လိုက်ကြလေတော့သည်။


ထိုသို့ သပိတ် အရေးတော်ပုံ အရှိန်မြင့်လာ ချိန်တွင် ဗြိတိသျှ အာဏာပိုင်တို့က ရန်ကုန်ပုလိပ်အက် ဥပဒေပုဒ်မ ၄၀ အရ “ရန်ကုန်မြို့အတွင်း အများ ပြည်သူတို့၏ လမ်းများ၌ စီတန်း လှည့်လည်ခြင်း၊ အစည်းအဝေး ပြုလုပ်ခြင်းများကို အသုဘ အခမ်းအနားမှ တစ်ပါး ၇၂ နာရီ ကြိုတင်၍ ပုလိပ်မင်းကြီးထံ အကြောင်း မကြားဘဲ မပြုလုပ်ရ”ဟူ၍ ပိတ်ပင် တားဆီး လာတော့သည်။ ထို့ပြင် ဗြိတိသျှ အာဏာပိုင်တို့က နယ်များရှိ သပိတ်မှောက် ကျောင်းသား များကိုဖြိုခွဲခဲ့ကြသည်။ ပုသိမ်မြို့၌ သပိတ်မှောက် ကျောင်းသား ၄၀၀ ကျော်ကို ကျောင်းမှ ထုတ်ပယ်ပစ်ခဲ့သည်။ သပိတ်မှောက် ကျောင်းသားတို့ ကလည်း သပိတ်ကို အရှိန် မလျှော့ဘဲ ဒီဇင်ဘာလ ၁၉ရက်နေ့တွင် မိမိတို့၏ လိုလားချက်များကို တောင်းဆိုသည့် တောင်းဆိုလွှာကို ရန်ကုန် တက္ကသိုလ် အဓိပတိထံသို့ တရားဝင် ပေးပို့လိုက်သည်။ သို့သော် ဘာမျှထူးခြား မလာခဲ့ချေ။


သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်များနှင့် လူထုက တက္ကသိုလ် ဥပဒေကို ဗြိတိသျှ အစိုးရက မပြင်ဆင်ပေးလျှင်လည်း နေစေတော့။ မိမိတို့၏ အင်အား အစစ်အမှန်ဖြင့်ပင် တိုင်းရင်းသား ကောလိပ်သိပံ္ပကျောင်းကြီးနှင့် တိုင်းရင်းသား ကျောင်းများကို တည်ထောင်ရန် ကြိုးစားခဲ့ကြသည်။ အိနိ္ဒယ လူမျိုး ခေါင်းဆောင် တစ်ဦးဖြစ်သော မစ္စတာ အဘစ်ထရပ်ဂျီကလည်း သပိတ်စခန်းသို့ လာရောက်၍ ကျောင်းသားများ အချိန် အလဟဿ မဖြစ်စေရန် အမျိုးသား ကျောင်းများ စတင် တည်ထောင်ရေးကို တိုက်တွန်းသည်။ စိတ်အား ထက်သန်လှသော ပုဂ်္ဂိုလ်များ ကလည်း သပိတ်စခန်းရှိ ကျောင်းသားများထံ လာရောက်၍ စာပေသင်ကြားပေး ကြသည်။ ဒီဇင်ဘာ ၁၃ ရက်နေ့ကတည်းကပင် ဗဟန်းဥပသကာ ဇရပ်ကြီး၌ စာသင်ခန်းများကို ဖွင့်လှစ်ထားသည်။ သပိတ်မှောက် ကောင်စီခေါင်းဆောင်များ ကလည်း ဒီဇင်ဘာလ ၁၇ ရက်နေ့မှ စ၍ ဗဟန်းရှိ အားလပ်သည့် ဇရပ်တိုင်းတွင် ပထမတန်းမှ ဒသမတန်းအထိ ကျောင်းသား များအတွက် အတန်းစဉ်များ ခွဲကာ စတင်၍ ကျောင်းဖွင့်လေသည်။


နယ်အသီးသီးရှိ သပိတ်မှောက် ကျောင်းသားများထံသို့လည်း ကျောင်းများဖွင့်၍ စာသင်ကြရန် ညွှန်ကြား ခဲ့ကြသည်။ ဂျီစီဘီအေ ခေါင်းဆောင်ကြီးများ၊ ပြည်သူပြည်သားများနှင့် သပိတ်မှောက် ကျောင်းသား အားလုံးတို့က ဒီဇင်ဘာလ ၁၉ ရက်နေ့တွင်  ရွှေတိဂုံဘုရား မြောက်ဘက် စောင်းတန်း၌ ပြည်လုံးကျွတ် အစည်းအဝေးကြီးကို ပြုလုပ်ကာ မြန်မာနိုင်ငံ တိုင်းရင်းသား ယူနီဗာစီတီ သိပံ္ပ ကျောင်းတော်ကြီးကို မဖြစ်မနေ တည်ထောင်ကြရန် တစ်ခဲနက် ဆုံးဖြတ်ကြသည်။


ထိုအချိန်တွင် အာဏာပိုင်တို့က သပိတ်မှောက် ကျောင်းသား ကျောင်းသူများသည် ရန်ကုန် တက္ကသိုလ်သို့ ဒီဇင်ဘာလ ၂၃ ရက်နေ့ နောက်ဆုံးထား၍ ကျောင်းပြန် တက်ရမည်။ ထိုနေ့အထိ ကျောင်းပြန် မတက်သူများကို ကျောင်းမှ ထုတ်ပစ်မည် ဖြစ်ကြောင်း ကြေညာလာတော့သည်။ ကျောင်းသားများက ဆက်လက်သပိတ် မှောက်ကြဆဲဖြစ်သဖြင့် ကျောင်းပြန်တက်ရန် နေ့ကို ၁၉၂၁ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့သို့ ရွှေ့လိုက်သည်။


သို့သော် ကျောင်းသား အများစုက သပိတ် ဆက်မှောက်ကြဆဲ ဖြစ်သည်။ “ရန်ကုန်ယူနီဗာစီတီ ကောလိပ်ကျောင်းတွင် ကျောင်းသား ၈၀၀ ခန့် ရှိသည့်အနက် ၁၉၂၁ ခုနှစ် ဇန်န၀ါရီလ ၅ ရက် ဗုဒ္ဓဟူးနေ့တွင် ကျောင်းတက်သော ကျောင်းသားအရေ အတွက်မှာ ၁၄၀-၁၅၀ ခန့် ရှိသည်။ ယင်း ကျောင်းသားများမှာ အင်္ဂလိပ်ကပြားများနှင့် မြန်မာအနည်းငယ်ဖြစ်သည်။ ယုဒသန် ကောလိပ်ကျောင်းတွင်မူ ကျောင်းသား ၁၅၀ ခန့်မျှ ရှိသည့်အနက် ၇၀-၈၀ ခန့်မျှ ပြန် တက်ကြသည်။ ယင်းကျောင်းသားများမှာ ခရစ်ယာန် ဘာသာဝင်များသာ များလေ သည်”ဟူ၍ ဇန်န၀ါရီလ ၆ ရက်နေ့ သူရိယ သတင်းစာတွင် ထုတ်ပြန် ကြေညာခဲ့သည်ကို တွေ့ရသည်။


သို့ဖြင့် သပိတ်မှာ မြန်မာ့ နိုင်ငံရေး၏ အခန်းကဏ္ဍ တစ်ခု ဖြစ်လာခဲ့သည်။ သပိတ်ကြောင့် တစ်နိုင်ငံလုံး စည်းလုံး ညီညွတ် လာခဲ့သည်။ အသင်းအဖွဲ့များ အနေနှင့် စည်းလုံး လာရုံမျှမက လိုလားချက်၊ တောင်းဆိုချက်များတွင်ပါ တစ်စိတ်တည်း တစ်ဝမ်းတည်း ဖြစ်လာ ကြသည်။ ထို့ကြောင့်ပင် ထိုစဉ်က“သံလက်သီး” ဟူ၍ ကျော်ကြားလှသော ကရက်ဒေါက်ကအိနိ္ဒယ နိုင်ငံ ဘုရင်ခံချုပ်ကြီးထံသို့ ၁၄ ရက် တစ်ပတ် အစီရင်ခံစာ ပေးပို့ရာ၌ “ရန်ကုန် တက္ကသိုလ် သပိတ်မှောက်သည့် အရေးကို ထိထိရောက်ရောက် မနှိမ်နင်းနိုင်လျှင် မြန်မာနိုင်ငံသည် အင်္ဂလိပ်လက် အောက်က လွတ်မြောက်သွားရန် အကြောင်းရှိ သည်” ဟု ၁၉၂၁ခုနှစ် ဇန်န၀ါရီ လကုန်ခန့်တွင် အစီရင်ခံခဲ့သည်။


သပိတ်ကြောင့် နယ်ချဲ့ အစိုးရက ရန်ကုန် တက္ကသိုလ် ဥပဒေကို ပြုပြင်မပေးဘဲ တင်းခံခဲ့ရာ သပိတ်မှာ ကာလရှည် ကြာလာခဲ့သည်။ သပိတ် မှောက် အရေးတော်ပုံ တစ်နှစ်ပြည့်သော အခါ သပိတ်မှောက် ကျောင်းသား ကောင်စီက အရပ်ရပ် သပိတ်မှောက် ကျောင်းသားများနှင့် တိုင်းရင်းသား ကျောင်းများသို့ နှစ်ပတ်လည် အထိမ်းအမှတ် ပွဲများကို ကျင်းပရန် တိုက်တွန်းပြီး ကမကထ ပြုကာ အစီအစဉ်များ ရေးဆွဲကြသည်။ ၁၉၂၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက်၊ သရက်တော ကျောင်းတိုက်မှာ တိုင်းရင်းသား ကျောင်းသားနှင့် ပရိသတ် ၃၅၀၀ ကျော် စုဝေးပြီး ပင်နီသားဖြင့် ချုပ်ထားသော ဒေါင်းအလံများကို လွှင့်ထူကာ ဒေါင်း အလံများ အလယ်မှာ “သူရဲကြီးအောင်လံ“ကို လွှင့်ခဲ့သည်။ “သူရဲကြီး အောင်လံ”သည် ရှေးမြန်မာ ဘုရင့်နန်းတော် ဥကင်ရာဇ ပလ္လင်ရှေ့၌ စိုက်ထူ ထားလေ့ရှိသည့် အလျား ၇ တောင်၊ အနံ ၃ တောင်၊ အမြီး ၃ ခွရှိသော မင်းခန်းဝင် အလံကြီး ဖြစ်သည်။


သခင် ကိုယ်တော်မှိုင်း၊ ၀က်မစွပ် ၀န် ထောက်မင်း၊ ရွှေတိုက်စိုးမင်းစသည့် ပညာရှိများ တိုင်ပင်ပြီး ကိုင်ဆောင်ခဲ့ခြင်း ဖြစ်သည်။ စီတန်း လှည့်လည်ရာတွင် ကိုင်ဆောင်သည့် ဆိုင်းဘုတ် များ၌ “ကျွန်ပညာသည် ကြေပျက်စေသော်”၊ “အမျိုးသား ပညာရေးကို အားပေးကြပါ”၊ “အမျိုး သားကို ချစ်ခင်ကြပါ”၊ “နွားကွဲကျားကိုက် သည်”၊ A struggle for Liberty, Down with Slave Mentality, Own With Slave Education, Freedom - Our Birth Right  ဟု ရေးထားကြသည်။


ထို့ပြင် သပိတ်မှောက် ကောင်စီမှ နယ်များသို့ လွှတ်လိုက်သည့် စည်းရုံးရေးမှူးများက အမျိုးသား ပညာရေး အကြောင်းများကို ဟောပြောကြရာ မြန်မာနိုင်ငံ တစ်ဝန်းတွင် အမျိုးသား ကျောင်းများ မှိုပေါက်သလို ပေါ်ပေါက်လာခဲ့သည်။ အမျိုးသား ကျောင်းများ၏ ရည်ရွယ်ချက် များမှာ “အမိမြန်မာနိုင်ငံကို ချစ်ရန်၊ အမိမြန်မာ နိုင်ငံအတွက် အရေးကြီးသော ကိစ္စများတွင် ကိုယ်ကျိုးကို စွန့်ရန်၊ ရှေ့တွင် ကြီးကျယ်၍ မြင့်မြတ်သော တာဝန်ကြီး တစ်ရပ်ရှိလေရာ ယင်းတာ ၀န်ကြီးကို အားလုံးက မဖြစ်မနေ ထမ်းဆောင် ရွက်ရန်၊ အမျိုးကို ချစ်သော စိတ်ဓာတ်ဖြင့် သေနိုင်ရန်နှင့် အမျိုးသား လွတ်မြောက်ရေး ရရန်”တို့ ဖြစ်ကြသည်။


သို့ဖြင့် အမျိုးသား ကောလိပ် ကျောင်းကြီးကို ၁၂၈၃ ခုနှစ် ၀ါခေါင်လဆန်း ၁၁ ရက် (၁၉၂၁ ခုနှစ် သြဂုတ်လ ၁၄ ရက်) နေ့တွင် ရန်ကုန် ဗဟန်းရပ် ရွှေကျင်ကျောင်းတိုက် ကြီးအတွင်းတွင် ဖွင့်လှစ်နိုင်ခဲ့သည်။ သို့ရာတွင် မျှော်မှန်း ထားသကဲ့သို့ တဖြည်းဖြည်း စည်ကား မလာဘဲ အားနည်း၍လာခဲ့သည်။ ဆရာများမှာ လခမှန်မှန် မရကြသဖြင့် အလုပ်ထွက်လေ့ ရှိကြရာ ဇွဲကောင်းကောင်းဖြင့် ကျန်ရစ်သော ဆရာများမှာ ဆရာဦးစံညွန့်၊ ဆရာဦးလူဖေ၀င်း၊ ဆရာ ဦးဘချို၊ မစ္စတာဘနာဂျီ၊ မစ္စတာအာယားနှင့် ဆရာလွန်းတို့ ဖြစ်သည်။ အထူးသဖြင့် အမျိုးသား ကောလိပ်ကျောင်းကြီး ပျက်စီးရန်အကြောင်းဖန် လာသည်မှာ ၁၉၁၉ ခုနှစ် အိနိ္ဒယ အက်ဥပဒေ အရ ပေးအပ်သော ဒိုင်အာခီ အုပ်ချုပ်ရေးကို လက်ခံရေး၊ လက်မခံရေးနှင့် ပတ်သက်၍ ၀ံသာနုများ သဘောကွဲခြင်းက အစပြုလေသည်။ အမျိုးသား ကောလိပ်ကြီး တည်တံ့နေခြင်းသည် ၀ံသာနု အဖွဲ့ကြီး၏ အားပေးမှု၊ ပြည်သူတို့၏ အားပေးမှုကြောင့် တည်တံ့နေခြင်း ဖြစ်သည်။


ဒိုင်အာခီနှင့် ဟုမ်းရူး ပြဿနာကို အမှီပြု၍ ဂျီစီဘီအေ ၀ံသာနု အဖွဲ့ချုပ်ကြီး ကွဲပြဲလာသော အခါ အမျိုးသား ပညာရေးမှာ များစွာ ထိခိုက်ခဲ့ရသည်။ အမျိုးသား ကောလိပ်များကို သီးခြား ခွဲထောင်ရန် စီစဉ် ရုံမျှမက အမျိုးသား ကျောင်းများကိုလည်း ခွဲထောင်ရန် ဦးဥတ္တမ ခေါင်းဆောင်သော အဖွဲ့က စီစဉ်ခဲ့သည်။


ခွဲထောင်မည့် အမျိုးသား ကျောင်းများကို သံဃာ့ သမဂ္ဂီနှင့် ဂျီစီဘီအေ အသင်းချုပ်၏ အုပ်ချုပ်မှု အောက်၌ထားရန် စီစဉ်ကြပြန်သည်။ ဆရာတော် ဦးဥတ္တမ အမှူးပြု၍ သရက်မြို့ တိုင်းရင်းသား ကျောင်းကြီး၏ ကျောင်းအုပ် ဆရာတော် ဦးဝိမ လဗုဒ္ဓတို့ ကိုယ်တိုင် တိုင်းရင်းသား ပညာရေး စီမံကိန်း တစ်ခုကို ရေးဆွဲခဲ့ကြသည်။

သို့သော် ဂျီစီဘီအေ အဖွဲ့ကြီး၏ တိုင်းရင်းသား ပညာရေး စီမံကိန်းသည် အကောင်အထည် ပေါ်မလာခဲ့ဘဲ ပညာရေးဝန်ကြီးချုပ် အမ်အေဦး မောင်ကြီးက အမျိုးသား ပညာရေးကောင်စီအား အမျိုးသား ကောလိပ်ကို ဖျက်သိမ်းရန် သတိပေး စာပို့ လာခဲ့သည်။ နောက်ဆုံး အမျိုးသား ကောလိပ်ကျောင်းကို ဖျက်သိမ်းရန် ဆုံးဖြတ်သည့်အခြေ ဆိုက်တော့သည်။ သို့သော် အမျိုးသားကျောင်းများ ဆက်လက် ရှိနေပြီး အစိုးရ အထောက်အပံ့ကို ယူ၊ မယူ သဘော ကွဲလွဲကြပြန်သည်။ အစိုးရ အထောက်အပံ့ကို မယူသော ကျောင်းများမှာ ရေရှည်တွင် ဆက်လက် မရပ်တည်နိုင်ခဲ့ကြချေ။ မည်သို့ပင်ဖြစ်စေ ၁၉၂၀ ပြည့်နှစ် ယူနီဗာစီတီ ကောလိပ်ကျောင်းသပိတ်ကြီးသည် အိပ်မောကျ နေသော မြန်မာ အမျိုးသားများအား သူ့ကျွန်ဘ၀ တွင် နေရသည်ထက် “သေသော်မှတည့် သြော် ကောင်း၏”ဟူသော အမျိုးသားစိတ်၊ အမျိုးသား မာန်များ ပြန်လည်နိုးကြားတက်ကြွစေရန် လှုံ့ ဆော်ပေးခဲ့ကြောင်း ထင်ရှားလှသည်။


ထို့ကြောင့် သပိတ်ကြီး စတင်ပေါ်ပေါက် ခဲ့သည့်နေ့ကို နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်၍ အမှတ်တရ ဂုဏ်ပြုရန် အကြံပြုလာကြသည်။  ၁၉၂၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ကျင်းပသော မြန်မာနိုင်ငံလုံး ဆိုင်ရာ သပိတ်မှောက် ကျောင်းသားများ၏ ကွန်ဖရင့်က တန်ဆောင်မုန်း လပြည့်ကျော် ၁၀ရက် (ရန်ကုန်ကောလိပ်နှင့် ယုဒသန် ကောလိပ်ကျောင်းသားများ သပိတ်မှောက် ထွက်လာသောနေ့)ကို အမှတ်တရဂုဏ်ပြု သည့်အနေဖြင့် အမျိုးသား ကျောင်းများနှင့် အမျိုးသား ကောလိပ်တို့ကို ပိတ်ပေးရန် အမျိုးသား ပညာရေး အဖွဲ့ချုပ်သို့ တောင်းဆိုသင့်ကြောင်း အဆိုတစ်ရပ် တင်သွင်းဆုံးဖြတ် အတည်ပြုခဲ့ သည်။


တစ်ဖန် ထိုနှစ်အောက်တိုဘာလ အတွင်း မန္တလေးမြို့၌ ကျင်းပသော န၀မအကြိမ်မြောက် ဂျီစီဘီအေ ကွန်ဖရင့် အစည်းအဝေးကြီးတွင် ကန်ကြီးဒေါင့် မြို့မှ ဦးဘသော်က မြန်မာ အမျိုးသားတို့သည် အမျိုး၊ ဘာသာ၊ သာသနာကို ချစ်ကြည်လေးမြတ်သော စိတ်ထားရှိကြသည်ကို ခိုင်လုံအောင် နေရှင်နယ်ဒေး ခေါ် အမျိုးသားတို့ အတွက် နေ့ထူးနေ့မြတ် တစ်ရက် သတ်မှတ် ထားသင့်ကြောင်း အဆိုတင်သွင်းရာ ဦးဘစိန်က ထောက်ခံသည်။ ထိုအခါ ကျောင်း သားခေါင်းဆောင် တစ်ဦးဖြစ်သော ကိုယ်စားလှယ် ဦးမြင့်က ဗြိတိသျှ ကိုလိုနီ ပညာရေးစနစ်ကို တော်လှန်ပုန်ကန်သော သဘောဖြင့် ယူနီဗာစီတီ သိပံ္ပကျောင်း ကြီးကို ညီညွတ်စွာ သပိတ် မှောက်ခဲ့သော တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ကို နေရှင်နယ်ဒေးခေါ် အမျိုးသား နေ့ထူးနေ့မြတ်ကြီး အဖြစ် သတ် မှတ်ရန် အဆိုတင် သွင်းပြန်သည်။ အချို့ကလည်း ဦးဥတ္တမ ထောင်မှ လွတ်သောနေ့၊ အပြစ် ပေးခံရသောနေ့၊ သီပေါမင်း ပါတော်မူသောနေ့ စသဖြင့် နေ့များကို အမျိုးသားနေ့ အဖြစ် သတ်မှတ်ရန် အဆိုပြုခဲ့ကြပြန်သည်။


ထို့နောက် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ ရန်ကုန်မြို့ ဂျူဗလီဟောရုံကြီး၌ ကျင်းပသော ဂျီစီဘီအေ အသင်းချုပ်ကြီး ကွန်ဖရင့်တွင် အုတ်ဖိုမြို့ ၀ိုင်အမ်ဘီအေ အသင်းမှ ကိုဟန်ဆိုသူက အစိုးရနှင့် အစိုးရ အထောက်ပံ့ခံ ကျောင်းများမှ ကျောင်းသား ကလေးများထွက်၍ အမျိုးသား ကျောင်းများ ဖြစ်မြောက်အောင် ဆောင်ရွက် သည့်နေ့ဖြစ်သော တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ကို နေရှင်နယ်ဒေးခေါ် အမျိုးသားနေ့ထူး ဟူ၍ ဆုံးဖြတ်ရန် သင့်ကြောင်း အဆို တင်သွင်းရာ ကွမ်းခြံကုန်းမြို့နှင့် နတ်တလင်းမြို့များမှ အသင်း ကိုယ်စားလှယ်များက ထောက်ခံသဖြင့် ထိုအဆိုများကို အများ သဘောတူ ဆုံးဖြတ်လိုက်လေသည်။ သို့ဖြင့် နောက်ဆုံးတွင် နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြလေသည်။


လတ်တလောမှာ မူကြိုမှသည် ဘွဲ့လွန်အထိ ကျောင်းတွေ၊ သင်တန်းတွေ မှိုလိုပေါများနေပြီ ဖြစ်သည်။ လူပုဂိ္ဂုလ်တစ်ဦးတစ်ယောက်ချင်းနှင့် မိသားစုတစ်ဦးချင်းအတွက် ကျောင်းတွေ၊ သင်တန်းတွေကို စိတ်တိုင်းကျ ရွေးတက်နိုင်ကြသူတွေလည်း ဒုနဲ့ဒေး။ မူကြိုနှင့် မူလတန်းကိုပင် မသီနိုင်သူ တွေလည်း မနည်း။ မူလတန်း မပြီးလိုက်ရဘဲ ကျောင်းထွက်သွားကြသည့် ကလေးတွေလည်း ရှိနေသေးသည်။ သို့သော် တတ်အပ်သော ပညာသင် ကြားနိုင်ရေးအတွက် တတ်အပ်သော ကျောင်းကဖြင့် ရှိနေပြီ ဖြစ်သည်။ ထိုကဲ့သို့ တက်စရာ ကျောင်းနှင့် တတ်စရာ ပညာရပ်များကို မြန်မာ့တိုင်းရင်း သားများ ရနိုင်စေရန် ကိုလိုနီခေတ် ကျောင်းသား ခေါင်းဆောင်များ အပါအ၀င် ကျောင်းသားထုနှင့် ပြည်သူလူထု တစ်ရပ်လုံး မည်မျှပင်ပန်းဆင်းရဲခံခဲ့ကြရ သည်ကိုဖြင့် “အမျိုးသားနေ့“သမိုင်းက သက်သေခံခဲ့ပြီ ဖြစ်ပါသည်။   


မသီတာ၊စမ်းချောင်း၊
ရည်ညွှန်း။ ။အမျိုးသားနေ့နှင့် အမျိုးသား ပညာရေး လှုပ်ရှားမှု သမိုင်းအကျဉ်း (အမျိုးသားနေ့ ရွှေရတုသဘင် အထူးထုတ်စာအုပ်)မှ

No comments:

Post a Comment